မြေချောက်နက်ပန်းချီကား
Vol. 209 Ch. 3126
ပကတိအင်မော်တယ်ငါးဦးကြားမှာ နှစ်ဦးသည် သုခဘုံလေဟာနယ်နယ်ပယ်မှာ ရှိလေသည်။
ယန်လောရှုသည် အစစ်အမှန်သိုင်းနယ်ပယ်သို့ ရောက်ရှိထားခါစဖြစ်ပြီး သူ၏ အစစ်အမှန်သိုင်းတာအိုခန္ဓာကို စဦးကျွမ်းကျင်မှုအထိသာ ကျင်ကြံထားရသေးလေသည်။
သူသည် ပေါင်းစည်းခြင်းပကတိအင်မော်တယ်တစ်ဦးနှင့်တိုက်ခိုက်မည်ဆိုလျှင် သူက သေချာပေါက်အနိုင်ရရှိပေလိမ့်မည်။
သူသည် အာကာသသက်ရှိနယ်ပယ်မှာရှိသော သူများနှင့်ပင် ဆန့်ကျင်တိုက်ခိုက်နိုင်၏။ သို့သော်လည်း သူသည် သုခဘုံလေဟာနယ်ပကတိအင်မော်တယ်နှစ်ဦးကိုမပြောနှင့် ဗလာနယ်ဝိညာဉ်နယ်ပယ်မှာရှိသောသူများနှင့် ရင်ဆိုင်ရလျှင်ပင် ခုခံနိုင်မည်မဟုတ်ပေ။
နှစ်ဦးနှစ်ဖက် တိုက်ခိုက်ဖလှယ်လိုက်သည့်ချက်ချင်းနီးပါးမှာပင် ယန်လောရှုက အရေးနိမ့်သွားပြီး ထပ်တလဲလဲအန္တရာယ်ကျရောက်ကာ တစ်လှမ်းပြီးတစ်လှမ်း နောက်ကို ဆုတ်ပေးနေရ၏။
မင်းသမီးသက်တံနီက ယခုအချိန်ထိ ပကတိဧကနယ်ပယ်သို့ မတက်လှမ်းနိုင်သေးဘဲ သူမက ဤကဲ့သို့သောအခြေအနေမှာ ဘာမှမတတ်နိုင်ပေ။
“ဟဲဟဲ… မင်းရဲ့ ကန့်သတ်ထားတဲ့ အစွမ်းအစနဲ့များ ရှေ့ကိုထွက်လာရဲသေးတယ်ပေါ့”
ပကတိအင်မော်တယ်ရွှမ်ဖုန်းက နှုတ်ခမ်းမဲ့ကာ ပြောလိုက်၏။
ဓားအင်မော်တယ်ဝူရှုက ပြောလိုက်၏။
“ဟေး… ဘာပဲပြောပြော သူက ဂိုဏ်းချုပ်တစ်ဦးပဲ… သူက ရပ်တည်နိုင်မယ်မလား”
ရှဲ့ယွီက ရယ်မောကာ ပြောလိုက်၏။
“ငါ့အထင်တော့ သူက ဆက်ပြီးရပ်တည်နိုင်မှာမဟုတ်တော့ဘူး… သူက မြေတွင်းထဲကိုတောင်မှ ကျဆင်းသွားနိုင်တယ်”
“အာ…”
ထိုစဉ်မှာပင် တက္ကသိုလ်၏ လူအုပ်ကြားထဲကနေ ညင်သာသော သက်ပြင်းချသံတစ်သံ ထွက်ပေါ်လာ၏။
ထိုအသံက ရုန်းရင်းဆန်ခတ်ဖြစ်နေသော တိုက်ပွဲနယ်မြေမှာ သိသာထင်ရှားမှုမရှိသလောက်နီးပါးပင်။
ချောမောလှပသော အမျိုးသမီးတစ်ဦးက လူအုပ်ကြားထဲကနေ ထွက်ပြီး တိုက်ပွဲနယ်မြေသို့ဝင်ရောက်ကာ မရေမတွက်နိုင်သော အကြည့်များကို ဆွဲဆောင်မိသွားသည်။
အမျိုးသမီးက လှုပ်ရှားမှုများစွာမရှိပေ။ သူမက သူမ၏ သိုလှောင်အိတ်ထဲကနေ စုတ်တံတစ်ချောင်းကို ထုတ်ယူပြီး သူမ၏ ရှေ့မှာ မင်အဖြစ် သူမ၏ အစစ်အမှန်အမြုတေကို သုံးကာ ညင်သာစွာရေးဆွဲလိုက်ရုံသာဖြစ်၏။
ဝေါ…
ချက်ချင်းပင် လှပသော စာလုံးတစ်လုံးက လူတိုင်း၏ မြင်ကွင်းရှေ့မှာ ပေါ်ထွက်လာပြီး ခံ့ညား၍ တုန်လှုပ်စရာကောင်းသော ပန်းချီကားတစ်ချပ်ကို ဖြစ်ပေါ်စေကာ ယန်ယန်းအင်မော်တယ်နိုင်ငံ၏ ပကတိအင်မော်တယ်ငါးဦးကို ဖိနှိမ်လိုက်၏။
အန္တိမနတ်ဘုရားစွမ်းအား၊ မျက်စိပသာဒသဘာဝရှုခင်း…
တိုက်ခိုက်လိုက်သူက မဟာနတ်မိမယ်သုံးပါးထဲမှာတစ်ပါး ပန်းချီအင်မော်တယ်မိုချင်ဖြစ်သည်။
လမ်းမရှည်ထက်မှာ စုဝေးရောက်ရှိလာသော ကျင့်ကြံသူများက အတော်လေးများပြားနေခဲ့ပြီဖြစ်၏။
သည့်ယခင်က လူများစွာသည် ပန်းချီအင်မော်တယ်တိုက်ခိုက်သည်ကို တွေ့မြင်ဖူးဖို့နေနေသာ သူမကိုပင် အတော်များများက မမြင်ဖူးခဲ့ကြပေ။
ထိုအခိုက်အတန့်မှသာ မဟာနတ်မိမယ်သုံးပါးထဲမှ တစ်ပါးအဖြစ် မိုချင်၏ နာမည်ဂုဏ်သတင်းသည် သူမ၏ ပန်းချီတာအိုနှင့် ရုပ်ရည်ချောမောမှုကြောင့်သာမဟုတ်သည်ကို ကျင့်ကြံသူများစွာက နားလည်သဘောပေါက်သွားကြသည်။
အဲဒါထက် တိုက်ခိုက်ရည်ခွန်အားမှာ မိုချင်သည် ပကတိဧကနယ်ပယ်တွင် အထွတ်အထိပ်မှာရှိနေ၏။
သူမသည် နတ်ဘုရားတစ္ဆေ အင်မော်တယ်မိစ္ဆာပန်းချီကားချပ်ကို ရရှိခဲ့ပြီးကတည်းက မိုချင်၏ ပန်ချီတာအိုအပေါ် နားလည်သဘောပေါက်မှုက ပိုမိုနက်ရှိုင်းလာခဲ့လေသည်။
အထီးကျန်သိုင်းသခင်၏ အစစ်အမှန်ရုပ်ရည်သွင်ပြင်ကို ရေးဆွဲပြီးနောက် သူမ၏ ရင်ထဲရှိ အထုံးတစ်ခုက ရုတ်တရက် ပြေလျော့သွားပုံရပြီး သူမသည် ပန်းချီတာအိုမှာ ရှေ့သို့နောက်ထပ် ခြေတစ်လှမ်းယူလာနိုင်ခဲ့၏။
သူမ၏ မျက်စိပသာဒသဘာဝရှုခင်းသက်သက်ကပင် ယန်ယန်းအင်မော်တယ်နိုင်ငံ၏ ပကတိအင်မော်တယ်ငါးဦးကို ခေါင်းမဖော်နိုင်အောင် ဖိနှိမ်နိုင်နေပြီဖြစ်သည်။
ထိုသည်ကိုတွေ့မြင်သောအခါ ရှဲ့ယွီ၏ အမူအရာက သုန်မှုန်သွား၏။
စောစောက တိုက်ခိုက်လိုက်သော သုခဘုံလေဟာနယ်ပကတိအင်မော်တယ်နှစ်ဦး၏ တိုက်ခိုက်ရည်ခွန်အားသည် ယန်ယန်းအင်မော်တယ်နိုင်ငံ၏ ပကတိအင်မော်တယ်များကြားမှာ ထိပ်ဆုံးအဆင့်မှာ ရပ်တည်နိုင်နေပြီဖြစ်၏။
ယခု သူတို့သည် ပန်းချီအင်မော်တယ်မိုချင်ထံမှ သာမန်ကာလျှံကာ စုတ်ချက်တစ်ချက်ဖြင့် ဖိနှိမ်ခံလိုက်ရလေပြီ။
အစက ပန်းချီအင်မော်တယ်မိုချင်၏ တိုက်ခိုက်ရည်ခွန်အားက သာမန်သာဖြစ်သည်ဟု သူက ကြားဖူးထားသည်။
သို့သော်လည်း တိုက်ခိုက်ရာမှာ သူမကို ကူညီရန် ပန်းချီကားထဲမှ ပညာရှင်များစွာကို အချိန်မရွေးဆင့်ခေါ်နိုင်သည့် ပန်ချီစာအုပ်တစ်အုပ်ရှိသည်ဟု ဆိုလေသည်။
ယခု သူမသည် ပြင်ပပစ္စည်းများ၏ အကူအညီမရှိဘဲနှင့်တောင် ပန်းချီအင်မော်တယ်မိုချင်၏ တိုက်ခိုက်ရည်ခွန်အားက သာလွန်ထူးခြားနေဆဲဖြစ်၏။
“ကောင်းလိုက်တဲ့လှုပ်ရှားကွက်… နတ်မိမယ်မိုချင် မင်းက ငါ့ဆီကနေ တိုက်ခိုက်ကွက်ဘယ်လောက်များများကို ခံနိုင်ရည်ရှိမလဲ ကြည့်ရသေးတာပေါ့”
သူ့စကားမဆုံးခင် ဓားအင်မော်တယ်ဝူရှုက တိုက်ခိုက်လိုက်ပြီဖြစ်၏။
ဓားအလင်းက ဖျတ်ခနဲလက်သွားသည်။
ဇီ…
အဲဒါက ရင်သပ်ရှုမောဖွယ်ရာကောင်းသော ဓားချက်တစ်ချက်ဖြစ်၏။
ဓားအလင်းပေါ်ထွက်လာသည့်ခဏမှာပင် မျက်စိပသာဒသဘာဝရှုခင်းပန်းချီကားသည် ကြေမွတော့မည့်လက္ခဏာများပြသလာခဲ့၏။
၎င်းသည် ထက်ရှသောဓားချီကို ခံနိုင်ရည်မရှိသည့်အလားပင်။
“မြေအကျဉ်းထောင်ပန်းချီကား”
မိုချင်၏ အမူအရာက ပြောင်းလဲသွားခြင်းမရှိဘဲ သူမ၏ ဖြူဖွေးသောလက်ကောက်ဝတ်ကို ညင်သာစွာလှုပ်ခါပြီး ဓားအင်မော်တယ်ဝူရှု၏ ခြေရင်းမှာ စုတ်ချက်တစ်ချက်ကို ရေးဆွဲလိုက်၏။
ချက်ချင်းပင် ဧရာမအနက်ရောင်အကျဉ်းထောင်တစ်ခုက ဓားအင်မော်တယ်ဝူရှု၏ ဘေးပတ်လည်မှာ ပေါ်ထွက်လာပြီး သူ့ကို ပိတ်လှောင်လိုက်၏။
တကယ်ဆို ဤအကျဉ်းထောင်သည် သူ၏ စိတ်ဝိညာဉ်အသိစိတ်နှင့် အစစ်အမှန်အမြုတေကိုပင် အကျဉ်းချထားနိုင်လေသည်။
သူ၏ စိတ်ဝိညာဉ်အသိစိတ်နှင့် အစစ်အမှန်အမြုတေ၏ အားဖြည့်ထောက်ပံ့မှုမရှိဘဲ ဓားအလင်း၏ စွမ်းအားက လျော့ကျသွားသည်။
မျက်စိပသာဒသဘာဝရှုခင်းပန်းချီကားက နောက်တစ်ဖန် တည်ငြိမ်လာခဲ့၏။
ချွင်… ချွင်.. ချွင်…
ဓားအင်မော်တယ်ဝူရှုက မျက်မှောင်အနည်းငယ်ကြုတ်ပြီး အဆက်မပြတ်တိုက်ခိုက်လိုက်၏။ သူသည် ဓားတာအိုနတ်ဘုရားစွမ်းအားတချို့ကိုပင် ထုတ်ဖော်ပြီး ဘေးပတ်လည်မှာရှိသော အနက်ရောင်အကျဉ်းထောင်ကို ခုတ်ပိုင်းလိုက်လေသည်။ သို့သော်လည်း သူက အကျဉ်းထောင်ထဲကနေ ရုန်းမထွက်နိုင်ပေ။
“ပန်းချီအင်မော်တယ်က တကယ်ပဲ အဲလောက်တောင်သန်မာတာလား”
ဓားအင်မော်တယ်ဝူရှုက တိတ်တဆိတ်တုန်လှုပ်သွား၏။
ရှဲ့ယွီက မလှမ်းမကမ်းမှာရှိသော ပကတိအင်မော်တယ်ရွှမ်ဖုန့်ကိုကြည့်ပြီး သူ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် အသံတစ်ခုကို အလောတကြီးပို့လွှတ်လိုက်၏။
“တာအိုရောင်းရင်းရွှမ်ဖုန့်… ကျေးဇူးပြုပြီး တိုက်ခိုက်ပေးပါဦး… နောက်ပြီးကျရင် ကျုပ်ခင်ဗျားကို သေချာပေါက် ကောင်းကောင်းဆုချီးမြှင့်ပါမယ်”
“ပန်းချီအင်မော်တယ်… မင်းရဲ့နာမည်ဂုဏ်သတင်းကို ငါကြားဖူးထားတာကြာပြီ… မင်းက တကယ့်ကို သာလွန်ထူးခြားပါပေတယ်”
ပကတိအင်မော်တယ်ရွှမ်ဖုန့်က ရယ်မောပြောဆိုပြီး အသံကိုမြှင့်ကာ ပြောလိုက်၏။
“ငါတို့ အခုလို တွေ့ဆုံရတာ ရှားရှားပါးပါးအခွင့်အရေးဆိုမှတော့ ငါတို့ ပညာတချို့တိုက်ခိုက်ဖလှယ်ကြတောပေါ့”
သူက သူ၏ တာအိုသစ်သီးကို လှည့်ပတ်လိုက်ပြီး သူ၏ ဦးခေါင်းနောက်ဘက်မှာ ရောင်လျှံစက်ဝန်းများပေါ်ထွက်လာ၏။ သူက သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို စုဖွဲ့ပြီး လက်ဟန်ချိပ်စည်းများကို ဆင့်ခေါ်လိုက်၏။ သူက အဝေးကနေ မိုချင်ရှိရာကိုလက်ညှိုးထိုးပြီး ညင်သာစွာအော်လိုက်၏။
“ဟာရီကိန်းကပ်ဘေး”
ဧရာမအနက်ရောင်ဟာရီကိန်းတစ်ခုက ပေါ်ထွက်လာပြီး အလွန်တရာကြောက်စရာကောင်းသော သတ်ဖြတ်ခြင်းစွမ်းအားတစ်ခုကို ထုတ်ဖော်လာခဲ့၏။
တစ္ဆေသရဲညည်းတွားသံများက အထဲကနေ ထွက်ပေါ်လာပြီး မိုင်ပေါင်းထောင်ချီကို တိုက်ခတ်သွားလေသည်။
အရင်တုန်းက နှစ်တစ်သောင်းတွေ့ဆုံပွဲမှာ ပြန်ဝင်စားအင်မော်တယ်ဖုန့်ယင်သည် ဆူဇီမိုနှင့်တိုက်ခိုက်စဉ် ထိုအန္တိမနတ်ဘုရားစွမ်းအားကို ထုတ်ဖော်ခဲ့ဖူးသည်။
ထိုနတ်ဘုရားစွမ်းအား၏ သတ်ဖြတ်ခြင်းစွမ်းအားက အလွန်တရာသန်မာလေသည်။
အရင်တုန်းက ဆူဇီမိုသည် ဝိဇ္ဇာထွက်ရပ်သုတ္တန်၏ အနိစ္စချိပ်စည်းကို အသုံးချကာ အဲဒါကို ဖြေရှင်းခဲ့လေသည်။
ယခုအချိန်မှာ ပကတိအင်မော်တယ်ရွှမ်ဖုန့်ထုတ်ဖော်လိုက်သော ဤနတ်ဘုရားစွမ်းအား၏ စွမ်းပကားက ပို၍ပင်ကြောက်စရာကောင်းနေ၏။
မိုချင်က သူမ၏ ဓမ္မပညာရပ်ကို ထုတ်ဖော်လိုက်သည့်အခဏမှာပင် လူတိုင်း၏ ရှေ့မှာ သူမခင်းကျင်းပြသထားသည့် ခံ့ညားသောပန်းချီကားက စတင်၍ ဝေဝါးပြီး တွန့်လိမ်လာခဲ့၏။
၎င်းက အချိန်မရွေးဆုတ်ဖြဲခံရနိုင်သည့်အလားပင်။
ပကတိအင်မော်တယ်ရွှမ်ဖုန့်သည် ပညာချင်းဖလှယ်လိုသည်ဟု ပြောဆိုခဲ့သော်လည်း သူက တိုက်ခိုက်လိုက်သည့်ခဏမှာ ထိန်ချန်မှုမရှိပေ။
တကယ်ဆို ထိုဟာရီကိန်းကပ်ဘေးမှာ အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခု၏ အော်ရာတစ်စွန်းတစ်စပင်ပါဝင်နေ၏။
“ဘယ်လောက်တောင်အရှက်မဲ့လိုက်လဲ… သူတို့တွေက အရေအတွက်အားကိုးနဲ့ အနိုင်ကျင့်နေကြတာပဲ”
“နတ်မိမယ်မိုချင်က တကယ့်ကိုစွမ်းအားကြီးမားတာပဲ… သူက အားနည်းတဲ့ပုံပေါ်ပေမယ့် တကယ့်ကို သန်မာလွန်းတယ်”
ကျင့်ကြံသူများစွာက တိတ်တဆိတ်ဆွေးနွေးပြောဆိုလိုက်ကြ၏။
သို့သော်လည်း ပကတိအင်မော်တယ်ရွှမ်ဖုန့်၏ တိုက်ခိုက်မှုက မိုချင်ကို ဒေါသထွက်သွားစေပုံရ၏။ သူမက မျက်မှောင်အနည်းငယ်ကြုတ်ပြီး အေးစက်စွာမေးလိုက်၏။
“နင်တို့တွေ… ပြီးပြီလား”
ပန်းချီအင်မော်တယ်သည် တိုက်ခိုက်မှုကို သဘောမကျရုံသာဖြစ်၏။
သို့သော်လည်း သူမ တကယ်တမ်းတိုက်ခိုက်မည်ဆိုလျှင် သူမ၏ နှလုံးသားက နူးညံ့ပျော့ပျောင်းနေလိမ့်မည်မဟုတ်ပေ။
ဆန်းကြယ်တောင်ကြောရိုးမှာတုန်းက ပန်းချီအင်မော်တယ်သည် ယန်လောရှုနှင့်ဆူဇီမိုကို ကာကွယ်ပေးလိုသောအခါ သူမကို မဟာကျင်းမှပကတိအင်မော်တယ်တစ်ဦးက လှောင်ပြောင်သရော်ခဲ့လေသည်။ သူမက တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်းပင်တိုက်ခိုက်ပြီး ထိုပကတိအင်မော်တယ်ကို နေရာမှာပင် သေဆုံးသွားစေခဲ့၏။
သူမက သတ်ဖြတ်ကွက်များကို မထုတ်ဖော်ဘဲ တခြားမှာရှိသော ပကတိအင်မော်တယ်များက ဆက်လက်၍ လွန်ကဲလာမည်ဆိုလျှင် အခြေအနေက ပို၍ပင် ရုန်းရင်းဆန်ခတ်ဖြစ်လာပြီး ထိန်းချုပ်မှုကနေပင် လွတ်ထွက်သွားနိုင်သည်။
ရုတ်တရက် မိုချင်၏ ဦးခေါင်းနောက်ဘက်မှာ ရောင်လျှံစက်ဝန်းများပေါ်ထွက်လာ၏။ သူမက သူမ၏ စုတ်တံကို ဝေ့ယမ်းပြီး ပကတိအင်မော်တယ်ရွှမ်ဖုန့်၊ ဓားအင်မော်တယ်ဝူရှုနှင့် အခြားသောပကတိအင်မော်တယ်ငါးဦး၏ အောက်ဘက်မှာ နက်မှောင်နေသောမျဉ်းတစ်ကြောင်းကို ရေးဆွဲလိုက်၏။
“မြေချောက်နက်ပန်းချီကား”
မိုချင်သည် သူမ၏ ချယ်ရီရောင်နှုတ်ခမ်းကို အနည်းငယ်ဖွင့်ဟပြီး ထိုစကားသံက ထွက်ပေါ်လာ၏။
ချောက်ချားစရာကောင်းသောအော်ရာက ရုတ်တရက်ပေါက်ကွဲထွက်ပေါ်လာ၏။ ပကတိအင်မော်တယ်ရွှမ်ဖုန့်နှင့် အခြားသူများ၏ အောက်ဘက်ခြေရင်းမှာ သာမန်သာဖြစ်ပုံရသော အနက်ရောင်မျဉ်းက ရုတ်တရက်ချောက်နက်တစ်ခုအဖြစ် ပြောင်းလဲသွား၏။
ရှေးဟောင်းသတ္တဝါတစ်ကောင်က ၎င်း၏ သွေးသံရဲရဲပါးစပ်ပေါက်ကို ဖွင့်ဟပြိး အရာရာတိုင်းကို ဝါးမျိုဆုတ်ဖြဲပစ်ချင်နေသည့်အလားပင်။
ဤနတ်ဘုရားစွမ်းအား၏ စွမ်းအားနှင့်အော်ရာသည် စောစောက အန္တိမနတ်ဘုရားစွမ်းအားများ၏ အတိုင်းအတာကို ကျော်လွန်နေခဲ့ပြီဖြစ်၏။
“အနှိုင်းမဲ့နတ်ဘုရားစွမ်းအား”
ပကတိအင်မော်တယ်ရွှမ်ဖုန့်၏ အမူအရာကပြောင်းလဲသွားပြီး အံ့အားတသင့်ရေရွတ်လိုက်၏။
ထိုစကားလုံးက အုန်းအုန်းကျက်ကျက်ဖြစ်သွားစေ၏။
ပန်းချီအင်မော်တယ်သည် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုကို တကယ်ပင်နားလည်ဆင်ခြင်ထားလေသည်။
ဓားအင်မော်တယ်ဝူရှုက တုန်လှုပ်သွား၏။
သူသည် အဆက်မပြတ်တိုက်ခိုက်ခဲ့ပြီးလျှင်တောင် ပန်းချီအင်မော်တယ် သာမန်ကာလျှံကာ ရေးဆွဲလိုက်သော လှောင်ချိုင့်ထဲကနေ ရုန်းမထွက်နိုင်သည်မှာ မထူးဆန်းတော့ပေ။
အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုကို နားလည်ဆင်ခြင်ပြီးနောက် လူတစ်ယောက်၏ ခန္ဓာကိုယ်၊ မျိုးဆက်သွေး၊ အမြုတေစိတ်ဝိညာဉ်၊ တာအိုသစ်သီးနှင့် အစစ်အမှန်အမြုတေတို့ကပင် သိသာထင်ရှားသော အသွင်ပြောင်းလဲမှုတစ်ရပ်ကို ဖြတ်ကျော်ပြီး သူတို့၏ တိုက်ခိုက်ရည်ခွန်အားက ကြီးမားစွာမြင့်တက်လာပေလိမ့်မည်။
ပကတိအင်မော်တယ်ရွှမ်ဖုန့်၊ ဓားအင်မော်တယ်ဝူရှုနှင့် အခြားသူများက လုံးဝမခုခံနိုင်ဘဲ ကူကယ်ရာမဲ့စွာကြည့်နေရ၏။ သူတို့၏ ခြေရင်းမှာ နက်မှောင်နေသောချောက်နက်က သူတို့၏ ခန္ဓာကိုယ်များကို အမှောင်ထုထဲသို့ တစ်စတစ်စဆွဲယူသွင်းနေသည့်အလားပင်။
“မလုပ်ပါနဲ့”
“ပန်းချီအင်မော်တယ်… ကျေးဇူးပြုပြီး ကျုပ်အသက်ကို ချမ်းသာပေးပါ”
ချောက်နက်ထဲကနေ အော်ဟစ်သံတချို့ ထွက်ပေါ်လာ၏။
“ဟမ့်…”
ထိုစဉ်မှာပင် အမျက်ဒေါသနှင့် ခံ့ညားထည်ဝါမှုရောယှက်နေသော အသံတစ်သံက ရုတ်တရက်ထွက်ပေါ်လာ၏။
ထိုနှာမှုတ်သံနှင့်အတူ မိုချင်၏ အနှိုင်းမဲ့နတ်ဘုရားစွမ်းအားက ချက်ချင်းပင်ပျက်ပြယ်သွားသည်။
ပကတိအင်မော်တယ်ရွှမ်ဖုန့်၊ ဓားအင်မော်တယ်ဝူရှုနှင့် အခြားလူငါးယောက်က နက်မှောင်နေသောချောက်နက်ထဲကနေ ပြန်ထွက်လာကြ၏။ ယန်ယန်းအင်မော်တယ်နိုင်ငံမှ ပကတိအင်မော်တယ်နှစ်ဦးက ဆက်လက်၍ အသက်မရှုကြတော့ပေ။
ပကတိအင်မော်တယ်ရွှမ်ဖုန့်နှင့် ဓားအင်မော်တယ်ဝူရှုအပါအဝင် အခြားသောလူငါးဦး၏ မျက်နှာအမူအရာက ဖြူဖပ်ဖြူရော်ဖြစ်နေပြီး သူတို့က ဆိုးဆိုးဝါးဝါးအခြေအနေမှာ ကျရောက်နေ၏။ သူတို့က လိပ်ပြာလွင့်မတတ်အခြေအနေမှာကျရောက်နေကြလေသည်။