သတ်….
Vol. 209 Ch. 3129
မရေမတွက်နိုင်သော အကြည့်များအောက်မှာ မဟာကျင်းအင်မော်တယ်နိုင်ငံ၏ သတ်ဖြတ်ခြင်းနှင့် အပြစ်ပေးခြင်းကို ကိုယ်စားပြုသော နတ်ဘုရားလက်နက်သည် ဆူဇီမို၏ လက်ဗလာဖြင့် ခြေမွှဖျက်ဆီးခြင်းခံရပြီး မြေပြင်ပေါ်သို့ ပြန့်ကျဲကျဆင်းသွား၏။
“ဘယ်လို....”
ကျင့်ကြံသူများစွာက ရုတ်ရုတ်သဲသဲ ဖြစ်သွားကြ၏။
ဒါက မည်ကဲ့သို့သော စွမ်းအားမျိုးလဲ။
ကွပ်မျက်ဆေဘာသည် မဟာကျင်းအင်မော်တယ်နိုင်ငံ၏ အမှတ်သင်္ကေတတစ်ခုဖြစ်၏။
ကွပ်မျက်ဆေဘာကို ခြေမွှဖျက်ဆီးလိုက်ခြင်းသည် မဟာကျင်းအင်မော်တယ်နိုင်ငံ၏ ကံကြမ္မာကို နိမိတ်ပြလိုက်ခြင်း ဖြစ်ပုံရသည်။
ဘုရင်ထျန်ရှင်းကလည်း တုန်လှုပ်သွားပြီး သူ၏ သူငယ်အိမ်နှစ်ဖက်က တင်းကျပ်သွားလေသည်။ သူက သူ့မျက်လုံးအနက်ပိုင်းထဲရှိ တုန်လှုပ်မှု တစ်စွန်းတစ်စနှင့်အတူ ဤမြင်ကွင်းကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေ၏။
ဆူဇီမိုသည် ကွပ်မျက်ဆေဘာကို ခြေမွှလိုက်ရုံမျှသာ မဟုတ်ပေ။
သူသည် ဘုရင်ထျန်ရှင်း၏ အော်ရာ၊ ယုံကြည်မှုနှင့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒကိုပါ ခြေမွှဖျက်ဆီးလိုက်ခြင်းလည်းဖြစ်၏။
ဤကွပ်မျက်ဆေဘာသည် ဖုန့်စန်းထျန်ကို ကျောက်တိုင်မှာ နှစ်လေးသိန်းတိတိကြာအောင် ထိုးစိုက်ထားခဲ့လေသည်။
ဤသည်မှာ ကွပ်မျက်ဆေဘာထဲတွင် ဖုန့်စန်းထျန် တစ်ချိန်လုံး ကြိတ်မှိတ်ခံစားခဲ့ရသည့် နာကျင်မှုနှင့် ညှင်းပန်းနှိပ်စက်ခံရမှုတို့ ပါဝင်နေခြင်းနှင့် တူလေသည်။
ဆူဇီမိုသည် ပကတိမိုးကြိုးမြို့တော်မှာ ဖုန့်စန်းထျန်ကို ကယ်တင်ခဲ့စဉ်က ဤကွပ်မျက်ဆေဘာသည် ငရဲဖိနှိမ်မီးဖိုနှင့်ပင် ဆန့်ကျင်တိုက်ခိုက်နိုင်ခဲ့လေသည်။
သို့သော် ယခုအချိန်မှာ ၎င်းသည် ဆူဇီမို၏ လက်ဗလာဖြင့် ခြေမွှဖျက်ဆီးခြင်း ခံလိုက်ရ၏။
“ကြည့်စမ်း… စာအုပ်အင်မော်တယ်ယွင်ကျူးကလည်း ဟိုမှာပဲ”
အမြင်အာရုံထက်ရှသော လူတချို့က လေဟာနယ်အက်ကွဲကြောင်းထဲကနေ တာအိုကလေးငယ်နှစ်ဦးနှင့်အတူ လျှောက်လှမ်းထွက်လာသည့် ယွင်ကျူးကို တွေ့မြင်သွား၏။
“အား… ရွှေရောင်ဆံပင်နဲ့အမျိုးသမီးက နတ်ဘုရားမျိုးနွယ်က ဖြစ်တဲ့ပုံပဲ… သူက နတ်ဘုရားဘုရင်နယ်ပယ်မှာတောင် ရှိနေပြီ”
“ဘယ်လောက်တောင် စွမ်းအားကြီးမားတဲ့ သားရဲချီလဲ…. ဒီလောက်များပြားတဲ့ သားရဲပညာရှင်တွေက ဘယ်ကနေ ရောက်လာကြတာလဲ… သူတို့တွေက မဟာအရိုင်းကမ္ဘာက ရောက်လာတာ ဖြစ်နိုင်မလား”
“အဲဒီမှာ ဓားကမ္ဘာက ဓားကျင့်ကြံသူတွေလည်း ပါတယ်”
“ခွန်ဖန်းကမ္ဘာက လူတချို့ရောပဲ”
“နဂါးကမ္ဘာ…”
ဆူဇီမို၏ နောက်ဘက်မှာ ပညာရှင်တစ်အုပ်စုက တစ်ယောက်ပြီးတစ်ယောက် လျှောက်လှမ်းထွက်လာကြ၏။ သူတို့မှာ အရေအတွက်များစွာ မပါဝင်သော်လည်း သူတို့အားလုံးက ထိပ်တန်းကမ္ဘာကြီးများမှ ဖြစ်လေသည်။
“ဒီလိုမျိုးအစုအဖွဲ့တစ်ခုက…”
ကျင့်ကြံသူများစွာက တိတ်တဆိတ် တုန်လှုပ်နေကြ၏။
နှစ်တစ်သောင်းတွေ့ဆုံပွဲကို မပြောနှင့်၊ ဂမ္ဘီရမိုးကောင်းကင်တွေ့ဆုံပွဲကပင်လျှင် ဤကဲ့သို့သော အခြေအနေတစ်ရပ်ကို ထိန်းချုပ်နိုင်မည်မဟုတ်ပေ။
“ကြည့်ရတာတော့ ဆူဇီမိုက ဒီတစ်ခေါက် အရင်တုန်းက အငြိုးအတေးတွေကို လက်စားချေဖို့အတွက် ပြန်လာတာပဲ”
“အရင်တုန်းက အင်မော်တယ်ဘုရင်တချို့က သူ့ရဲ့ခန္ဓာနဲ့ မျိုးဆက်သွေးကို လိုချင်ပြီး အကွက်ချကြံစည်ခဲ့တယ်လို့ ငါကြားထားတယ်… သူတို့တွေထဲက ဘယ်သူကမှ လွတ်မြောက်နိုင်မှာ မဟုတ်တော့ဘူးထင်တယ်”
“သူ့လက်ထဲက ခေါင်းကို ကြည့်ရတာ ရင်းနှီးနေသလိုပဲ… ငါ အဲဒါကို တစ်နေရာရာမှာ မြင်ဖူးခဲ့တဲ့အတိုင်းပဲ”
ထိုအခိုက်အတန့်မှာ ဘုရင်ထျန်ရှင်း၏ အမူအရာက ပျက်ယွင်းနေ၏။ သူ၏ အကြည့်က ရွေ့လျားသွားပြီး ဦးခေါင်းပြတ်ပေါ်သို့ ရောက်ရှိသွားလေသည်။
ထိုဦးခေါင်းသည် သွေးများဖြင့် ပေကျံနေပြီး သူ၏ ဆံပင်က ဖိုသီဖတ်သီ ဖြစ်နေ၏။ သူက ခဏကြာသည်အထိ အဲဒါကို မမှတ်မိနိုင်ပေ။
ထိုအခိုက်အတန့်မှာ အဲဒါကို သေသေချာချာ အကဲခတ်ကြည့်ပြီးနောက် သူ၏ အမူအရာက ပြောင်းလဲသွားပြီး အော်ပြောလိုက်၏။
“ဘုရင်ယွင်ယို…”
ဘုရင်ယွင်ယို၏ ဦးခေါင်းသည် ခုတ်ဖြတ်ခံထားရပြီး သူ၏ အမြုတေစိတ်ဝိညာဉ်က အထဲမှာ ချိပ်ပိတ်ခံထားရ၏။
သူသည် သူ့သဘောနှင့်သူ သေခြင်းရှင်ခြင်းကို မဆုံးဖြတ်နိုင်ဘဲ ဆူဇီမို၏ သယ်ဆောင်ခြင်းခံလာရ၏။ သူက ရှက်ရွံ့၍ ဒေါသချောင်းချောင်းထွက်နေပြီဖြစ်၏။
အင်မော်တယ်ဘုရင်တစ်ပါးအနေဖြင့် သူသည် ဤကဲ့သို့သော အရှက်ကွဲမှုနှင့် ဘယ်တုန်းကမှ မကြုံတွေ့ခဲ့ရဖူးပေ။
ဤနေရာမှာ ဤမျှများပြားသောလူများ စုဝေးရောက်ရှိနေခြင်းနှင့်အတူ ဘုရင်ယွင်ယိုသည် သူ့ကို မှတ်မိသွားမည်စိုးသောကြောင့် တစ်ချိန်လုံး နှုတ်ဆိတ်နေခဲ့၏။
ယခု ဘုရင်ထျန်ရှင်းက သူ့ကို အများသူငါရှေ့မှာ ဖော်ထုတ်လိုက်လေသည်။
“ဘုရင်ယွင်ယိုလား… အဖြူရောင်မိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေက တိုင်းပြည်တစ်ပြည်ရဲ့ အုပ်ချုပ်သူမလား”
“အဲဒါ သူပဲ… ငါတစ်ခါတုန်းက ကံကောင်းပြီး သူနဲ့တွေ့ဆုံခဲ့ဖူးတယ်… အခုသူက ဆူဇီမိုလက်ထဲမှာ ခေါင်းဖြတ်ခံထားရပြီး ဒီလိုအခြေအနေနဲ့ အဆုံးသတ်သွားပြီဆိုတော့…”
လူအုပ်ကြားထဲမှာ ဆွေးနွေးပြောဆိုသံများက ထွက်ပေါ်လာ၏။
ဘုရင်ယွင်ယိုသည် သူက ဆက်လက်၍ မဖုံးကွယ်နိုင်တော့ဘူးဆိုတာကို သိလိုက်ရသောအခါ သူက ရူးသွပ်ချောက်ချားစွာဖြင့် ရယ်မောလိုက်၏။
“ထျန်ရှင်း… မင်းလည်း မင်းရဲ့ကံကြမ္မာကို လက်ခံလိုက်တော့… ငါတို့တွေထဲ ဒီနေ့ဘယ်သူကမှ လွတ်မြောက်နိုင်မှာ မဟုတ်တော့ဘူး… ငါတို့အားလုံး အတူတူသေကြရတာပေါ့… ဟားဟားဟား”
ဘုရင်ထျန်ရှင်းက ထိုစကားကို ကြားသောအခါ သူ၏ အမူအရာက ပြောင်းလဲသွားပြီး ဖြည်းဖြည်းချင်းပြောလိုက်၏။
“ရလဒ်ကို အခုချိန်ထိ မသိရသေးဘူး… ထျန်ဟွမ်ဂိုဏ်းက အဲဒီလူတချို့က မဟာကျင်းနန်းတော်ကို လှဲချဖို့အတွက် မလုံလောက်ဘူး”
တစ်ဖက်မှာတော့ ဘုရင်ထျန်ရှင်းသည် ဘုရင်ကျင်းက သူ့ဘက်မှာ အနိုင်ရလဒ်ကို ဖော်ဆောင်ကာ အင်အားကူပေးလာမည်ကို စောင့်ဆိုင်းနေခြင်းဖြစ်သည်။
မည်သို့ပင်ဆိုစေ ဘုရင်ကျင်းဘေးမှာ ထိန်းသိမ်းစောင့်ရှောက်ပေးနေသော အင်မော်တယ်ဘုရင် တစ်ရာနီးပါးရှိနေသည်။
တစ်ဖက်မှာတော့ ဂမ္ဘီရမိုးကောင်းကင်နန်းတော် ထွက်ပေါ်လာသရွေ့ ဆူဇီမိုနှင့် အခြားသူများကို ကြောက်စရာ ဘာမှမရှိတော့ပေ။
သို့သော်လည်း ဘုရင်ထျန်ရှင်းက သူ့စကားကို ဆုံးအောင်မပြောရသေးခင် မဟာကျင်းနန်းတော်မှ တိုက်ပွဲ၏ ရလဒ်ကို ဆုံးဖြတ်ပြီးသွားပြီ ဖြစ်ပုံရ၏။
ထိုတိုက်ပွဲက လူတိုင်းတွေးထင်ထားသည်ထက်ပင် များစွာပိုမိုမြန်ဆန်နေ၏။
မဟာကျင်းနန်းတော်မှာ…
နတ်ဆိုးနှိမ်နင်းလှံက ကောင်းကင်ထက်ကနေ ဆင်းသက်လာပြီး နန်းတော်ခန်းမကို ထိုးဖောက်လိုက်၏။ အဆုံးမဲ့ မိုးကြိုးလျှပ်စီးပင်လယ်က ကမ္ဘာဖျက်အော်ရာတစ်ခုနှင့်အတူ သွန်းလောင်းကျဆင်းလာ၏။
“ဖုန့်စန်းထျန်… ဒီနေ့ကို ရောက်လာဖို့ ငါမျှော်လင့်ထားပြီးသားပဲ… ငါ မင်းကိုစောင့်နေတာ ကြာခဲ့ပြီ”
ဘုရင်ကျင်း၏ အသံက ထွက်ပေါ်လာ၏။
အရင်တုန်းက ဘုရင်ကျင်း၏ အမွေဆက်ခံသူက မိစ္ဆာမဟာနယ်မြေမှာ သတ်ဖြတ်ခံခဲ့ရပြီး သူ၏ဦးခေါင်းကို ဘုရင်ကျင်း၏ အခန်းအပြင်ဘက်မှာ ချိတ်ဆွဲထားခဲ့စဉ်က ဘုရင်ကျင်းသည် အန္တရာယ်အငွေ့အသက်ကို ခံစားမိခဲ့ပြီးပြီဖြစ်၏။
သူသည် ဤကပ်ဘေးကို ရှောင်လွှဲနိုင်စရာ အကြောင်းမရှိပေ။
ဒါ့အပြင် သူသည် ကောင်းကင်ဘုံကမ္ဘာကနေ ထွက်ပြေးပြီး သူ၏ သရုပ်သကန်ကို ဖုံးကွယ်ထားဖို့အတွက် သူ့မှာရှိသမျှအရာရာတိုင်း၊ သူ၏ သရုပ်သကန်နှင့် အဆင့်အတန်းတို့ကို စွန့်လွှတ်နိုင်ရက်ခြင်းမရှိပေ။
“တာအိုရောင်ရင်းတို့… ကျေးဇူးပြုပြီး ဒီလူကို ဝိုင်းဝန်းသတ်ဖြတ်ပေးပါ”
ဘုရင်ကျင်းက လေထဲသို့ ရောက်ရှိလာပြီး ဖုန့်စန်းထျန်နှင့် ထိပ်တိုက်ရင်ဆိုင်လိုက်၏။
သူ၏ အမိန့်နှင့်အတူ အင်မော်တယ်ဘုရင်ပညာရှင်တစ်ရာနီးပါးက ဖုန့်စန်းထျန်၏ ဘေးပတ်လည်ကို ချက်ချင်းပင် ရောက်ရှိလာကြ၏။ သူတို့တစ်ယောက်ချင်းစီက ကောင်းကင်လိုဏ်ဂူတစ်ခုစီကို မြှောက်တင်ပြီး ဖုန့်စန်းထျန်ကို ဝိုင်းပတ်ပိတ်ဆို့လိုက်၏။
ဖုန့်စန်းထျန်၏ နောက်ဘက်မှာ လင်းကျန့်နှင့် အင်မော်တယ်ဘုရင်မလင်းလုံက လျှောက်လှမ်းထွက်လာကြ၏။
သူတို့သုံးယောက်သည် ထျန်ဟွမ်ကုန်းမြေတိုက်၏ ယခင်မျိုးဆက် တက်လှမ်းလာသူများထဲမှာ ကျန်ရှိနေသောသူများသာ ဖြစ်လေသည်။
ဘုရင်ကျင်းက လှောင်ရယ်လိုက်၏။
“လက်စသတ်တော့ မင်းက အကူအဖြစ် တိုက်ပွဲဘုရင်နှင့် သူ့ဇနီးကို ခေါ်လာခဲ့တာကိုး… မင်းက ငါ့ရဲ့မဟာကျင်းနန်းတော်ကို တိုက်ခိုက်လာရဲတာ မထူးဆန်းတော့ဘူး”
“ဘုရင်ကျင်း… မင်း ဒီနေ့သေရမယ်”
လင်းကျန့်၏ အကြည့်က အေးစက်နေပြီး သိပ်သည်းပြင်းထန်သော တိုက်ပွဲဝင်စိတ်ဆန္ဒနှင့်အတူ သူ၏ လှံပုဆိန်ကို ကိုင်စွဲထား၏။
“ဟားဟားဟား’
ဘုရင်ကျင်းက ဟားတိုက်ရယ်မောလိုက်၏။
“မင်းတို့သုံးယောက်က ငါ့ကိုသတ်နိုင်ဖို့ အဝေးကြီးပဲ”
“ဖုန့်စန်းထျန်… ငါ မင်းကို တစ်ခါဖိနှိမ်နိုင်ရင် ဒုတိယအကြိမ် ဖိနှိမ်နိုင်တယ်”
ဘုရင်ကျင်းက အော်ပြောလိုက်၏။
“ဒါပေမဲ့ ဒီတစ်ခေါက် ငါ မင်းကို ဘာအခွင့်အရေးမှ ပေးမှာမဟုတ်တော့ဘူး…သေဖို့သာ ပြင်ထားပေတော့”
“လင်းကျန့်ကို ငါ့အတွက်ထားလိုက်… ခင်ဗျားတို့တွေက ဖုန့်စန်းထျန်နဲ့ အင်မော်တယ်ဘုရင်မလင်းလုံကို ခင်ဗျားတို့ရဲ့ အစွမ်းကုန်ထုတ်ပြီး တိုက်ခိုက်သတ်ဖြတ်ပေး”
ဘုရင်ကျင်းက ထိုသို့အမိန့်ပေးပြီးနောက် သူ၏ ကောင်းကင်လိုဏ်ဂူကို မြှောက်တင်လိုက်၏။
တကယ်ဆို သူ၏ ကောင်းကင်လိုဏ်ဂူမှာ လောကစွမ်းအားတစ်စွန်းတစ်စ ပါဝင်နေပြီဖြစ်၏။
ဘုရင်ကျင်းသည် ဧကရာဇ်တစ်ပိုင်းတစ်ဦး ဖြစ်လာခဲ့ပြီးလေပြီ။
ဤမြင်ကွင်းနှင့် ရင်ဆိုင်ရချိန်မှာ ဖုန့်စန်းထျန်၏ အမူအရာက ပြောင်းလဲသွားခြင်းမရှိပေ။ သူက သူ၏ လက်ကိုသာ ဝှေ့ယမ်းပြီး အေးစက်စွာ ပြောလိုက်၏။
“သတ်ကြ”
“ဟမ့်”
ဘုရင်ကျင်းက မျက်မှောင်ကြုတ်လိုက်၏။
ထိုအပြုအမူက အနည်းငယ်ထူးဆန်းနေသည်။
ဖုန့်စန်းထျန်၏ ဘေးမှာ လင်းကျန့်နှင့် အင်မော်တယ်ဘုရင်မလင်းလုံသာ ရှိလေသည်။ သို့သော်လည်း ဖုန့်စန်းထျန်သည် တစ်စုံတစ်ရာကို အမိန့်ပေးစေခိုင်းနေသည့်အလား ထင်ရ၏။
ဘုရင်ကျင်းက မတုံ့ပြန်နိုင်ခင် တိုက်ပွဲနယ်မြေရှိ လေဟာနယ်ထဲမှာ အက်ကွဲကြောင်းတစ်ခု ရုတ်တရက်ပေါ်ထွက်လာ၏။ ပုံရိပ်ဆယ်ခုကျော်က ခုန်ထွက်လာပြီး မဟာကျင်းဘက်မှ အင်မော်တယ်ဘုရင်ပညာရှင်များကို ခုန်အုပ်လိုက်လေသည်။
ထိုလူဆယ်ဦးကျော်ကျော်သည် အနီးအနားမှာ ဘယ်အချိန်ကတည်းက ပုန်းကွယ်နေသည် မသိရပေ။ အစကနေ ယခုအချိန်အထိ မည်သူကမှ သူတို့ကို သတိမထားမိခဲ့ပေ။
ဒါ့အပြင် ဘုရင်များကြားတိုက်ပွဲတစ်ခုမှာ ကောင်းကင်လိုဏ်ဂူများစွာကို ထုတ်ဖော်ထားသောကြောင့် ဘေးပတ်ဝန်းကျင်လေဟာနယ်က တွန့်လိမ်၍ အဆက်မပြတ်တုန်ခါနေ၏။ ထို့သို့ဖြင့် တည်နေရာခုန်ကူးဖို့ လုံးဝမဖြစ်နိုင်ပေ။
သို့သော်လည်း ထိုလူဆယ်ဦးကျော်ကျော်က ရုတ်တရက် လေထဲကနေ ဆင်းသက်လာပြီး တိုက်ပွဲနယ်မြေသို့ ဝင်ရောက်လာကြ၏။
ပို၍ပင် ကြောက်စရာကောင်းသည့်အရာမှာ ဤလူအုပ်စု၏ လှုပ်ရှားမှုနည်းစနစ်က အရမ်းကို မြန်ဆန်ပြီး သူတို့သည် တစ္ဆေသရဲများနှင့် တူနေ၏။ အင်မော်တယ်ဘုရင်များ တုံ့ပြန်နိုင်သည့်အချိန်မှာ သူတို့က အရမ်းကို နီးကပ်နေကြပြီဖြစ်သည်။
ပညာရှင်ဆယ်ဦးကျော်ကျော်က အလွန်တရာ ရုပ်ဆိုးအကျည်းတန်ပြီး စိမ်းဖန့်ဖန့်မျက်နှာများနှင့် သွားစွယ်များ ရှိလေသည်။ သူတို့၏ နောက်ကျောမှာ အသားပြားတောင်ပံတစ်စုံရှိပြီး သူတို့က စက်ဝန်းကဲ့သို့ ကွေးညွှတ်ထားသည့် ထက်ရှသော ဆေဘာကွေးများကို ကိုင်စွဲထားကြ၏။
“ယက္ခိုသ်တစ္ဆေတွေ…”
အင်မော်တယ်ဘုရင်များက ထိတ်လန့်တကြား အော်ဟစ်လိုက်ကြ၏။
ဟာ…
သွေးမြူများက ပျံ့နှံ့ထွက်ပေါ်လာ၏။
ချက်ချင်းပင် အင်မော်တယ်ဘုရင်ဆယ်ဦးကျော်ကျော်၏ ဦးခေါင်းများက မြေပြင်ပေါ်သို့ ကျဆင်းသွား၏။
ဤယက္ခိုသ်အုပ်စုက အထွတ်အထိပ်ဘုရင်များ ဖြစ်ကြလေသည်။
သူတို့၏ တစ္ဆေသရဲဆန်ဆန်နှင့် ကြောက်စရာကောင်းသော လှုပ်ရှားမှုနည်းစနစ်များနှင့်အတူ သူတို့သည် လူအုပ်ကြားထဲသို့ ပြေးဝင်ပြီး ပြင်းထန်သော ပျက်စီးထိခိုက်မှုကို ချက်ချင်းပင် ဖြစ်ပေါ်လာစေ၏။
ပို၍ပင် ကြောက်စရာကောင်းသည့်အရာမှာ ဦးဆောင်လာသူ ဗလတောင့်တောင့်နှင့် အရပ်အမောင်းမြင့်မားသူက လှုပ်ရှားမှုနည်းစနစ်များမှာ ပို၍ပင် မြန်ဆန်ပြီး ပို၍ပင် ကြမ်းကြုတ်ခက်ထန်သော နည်းလမ်းများကို ပိုင်ဆိုင်ထားလေသည်။ သူက တွေ့မြင်သမျှလူတိုင်းကို ကိုက်စားနေ၏။
အထွတ်အထိပ်အင်မော်တယ်ဘုရင်တစ်ဦးပင် သူ့ရှေ့မှာ တစ်ချီထက် ပိုမခံနိုင်ပေ။
တိုက်ပွဲနယ်မြေမှာ သူက အကြိမ်ရေအနည်းငယ် စုန်ချည်ဆန်ချည် လျှောက်သွားပြီးနောက် ပြတ်တောက်သွားသော ခြေလက်များနှင့် သွေးများက ပြန့်ကျဲနေခဲ့ပြီဖြစ်၏။
ရံဖန်ရံခါမှာ ထိုသူသည် သွေးအိုင်ထဲမှာ ခဏမျှရပ်တန့်ပြီး အားရပါးရကိုက်စားနေတတ်၏။
နီရဲနေသောသွေးများက သူ၏ ထက်ရှသော သွားကြားကနေ ဖြည်းဖြည်းချင်း စီးကျနေ၏။ သူ၏ ကြမ်းကြုတ်ခက်ထန်ပြီး ကြောက်စရာကောင်းသော မျက်နှာနှင့် ပြူထွက်နေသော မျက်လုံးများကြောင့် အင်မော်တယ်ဘုရင်များက ထိတ်လန့်တကြားဖြစ်နေပြီး တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထလာကြ၏။ သူတို့က ခေါင်းနားပန်းကြီးပြီး ကြောက်ရွံ့မှုဖြင့် သူတို့၏ လက်များက တုန်ယင်လာကြလေသည်။
“တစ္ဆေ…”
“အဲဒါ ယက္ခတစ္ဆေဘုရင်ပဲ”
အင်မော်တယ်ဘုရင်တချို့က ခံနိုင်ရည်မရှိတော့ဘဲ သူတို့၏ စိတ်များက လဲပြိုကျသွား၏။ သူတို့က စူးစူးဝါးဝါးအော်ဟစ်ပြီး လှည့်ထွက်ပြေးလိုက်ကြလေသည်။
အကြောက်တရားက ကူးစက်သွားပြီး ကျန်ရှိနေသော အင်မော်တယ်ဘုရင်များကလည်း တိုက်ခိုက်ရခြင်းမရှိဘဲ လဲပြိုကျသွား၏။