အဲ့ဒါကို အခု ကြည့်ခွင့်မရှိဘူး
Vol. 209 Ch. 3131
“ဖုန့်စန်းထျန်က…”
ဘုရင်ကျင်းက သူ့ခန္ဓာကိုယ်ထဲရှိ နာကျင်မှုကို တောင့်ခံပြီး အံကိုကြိတ်ကာ ပြောလိုက်၏။
“မင်း ငါ့ကိုသတ်မယ်ဆိုရင်တောင် မင်းတို့ နိမ့်ကျသက်ရှိတွေက ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး”
“အင်မော်တယ်ဧကရာဇ် ဂမ္ဘီရမိုးကောင်းကင် ရှိနေသရွေ့ မင်းတို့တွေက ကောင်းကင်ဘုံကမ္ဘာရဲ့ စည်းမျဉ်းစည်းကမ်းကို ချိုးဖောက်ချင်တိုင်း ချိုးဖောက်နေတာ သူက သေချာပေါက် သည်းခံမှာ မဟုတ်ဘူး”
ဘုရင်ကျင်းသည် သူ မသေခင် ရုန်းကန်နေရုံမျှသာ ဖြစ်သည်ဟု ထင်ရသော်လည်း သူ၏ စကားက စဉ်းလဲသော ရည်ရွယ်ချက်များဖြင့် ပြည့်နှက်နေ၏။
သူသည် ဖုန့်စန်းထျန်ကို ဂမ္ဘီရမိုးကောင်းကင်နန်းတော်သို့ သွားရောက်ပြီး အင်မော်တယ်ဧကရာဇ် ဂမ္ဘီရမိုးကောင်းကင်နှင့် တိုက်ခိုက်စေချင်ရုံသာ ဖြစ်သည်။
ထိုအခိုက်အတန့်မှာ အင်မော်တယ်ဧကရာဇ် ဂမ္ဘီရမိုးကောင်းကင်တစ်ဦးတည်းသာ ဂမ္ဘီရမိုးကောင်းကင် နန်းတော်မှာ ရှိနေသည် မဟုတ်ပေ။ အဲဒီမှာ အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာလည်း ရှိနေ၏။ ဖုန့်စန်းထျန်က ထိုနေရာကို ခြေချရဲသည်နှင့် သူက သေချာပေါက် သေရပေလိမ့်မည်။ ဤသည်ကား ဘုရင်ကျင်း၏ နောက်ဆုံးတန်ပြန်တိုက်ခိုက်မှု ဖြစ်၏။
“ငါတို့တွေ ဘာဆက်ဖြစ်မလဲဆိုတာ မင်းမှာ မြင်တွေ့ရဖို့ အခွင့်အရေး မရှိတော့ဘူး”
ဖုန့်စန်းထျန်က လှောင်ရယ်လိုက်၏။
“မင်းဘဝမှာ မင်းနောက်ဆုံးတွေ့မြင်သွားရမယ့်အရာကတော့ မဟာကျင်းအင်မော်တယ်နိုင်ငံက ဖျက်ဆီးခံလိုက်ရပြီ ဆိုတာပဲ”
ဝုန်း…
ဖုန့်စန်းထျန်က သူ့လက်ထဲရှိ နတ်ဆိုးနှိမ်နင်းလှံကို ပစ်ထုတ်လိုက်လေသည်။ ၎င်းသည် မိုးကြိုးလျှပ်စီးကြောင်းတစ်ခုအသွင် ပြောင်းလဲပြီး ဘုရင်ကျင်း၏ ဦးခေါင်းကို ထိုးဖောက်သွား၏။ ၎င်းက ချက်ချင်းပင် ပေါက်ကွဲထွက်ပြီး လေထဲမှာ သွေးများက ပြန့်ကျဲသွား၏။
ဘုရင်ကျင်းက သေဆုံးသွားသည်။
ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေ၏ အမျိုးမျိုးသော အဖွဲ့အစည်းများသည် ဤနေရာမှာ စုရုံးရောက်ရှိနေကြ၏။ မရေမတွက်နိုင်သော ကျင့်ကြံသူများက သိပ်သည်းများပြားစွာဖြင့် စုဝေးရောက်ရှိနေကြသော်လည်း တစ်မူထူးခြားစွာ တိတ်ဆိတ်ငြိမ်သက်နေကြလေသည်။
မဟာကျင်းမြို့တော်မှာ နေထိုင်သော ကျင့်ကြံသူတချို့က ထွက်ပြေးသွားကြပြီဖြစ်၏။
ဖုန့်စန်းထျန် စကားပြောလိုက်စဉ်မှာပင် မဟာကျင်းအင်မော်တယ်နိုင်ငံက ပြီးဆုံးသွားပြီဖြစ်သည်။ ဘုရင်ထျန်ရှင်း၏ ရလဒ်နှင့်ယှဉ်လျှင် ဘုရင်ကျင်းက များစွာပိုမိုမကောင်းမွန်ခဲ့ပေ။ ဘုရင်ကျင်းသည် အောက်ဘုံလောကများ၏ ကျင့်ကြံသူများကို လူသားများအဖြစ် ဘယ်တုန်းကမှ မဆက်ဆံခဲ့ပေ။ သူ မသေခင် သူ၏ခြေလက်များသည် ယက္ခိုသ်ဘုရင် ဆယ်ဦးကျော်ကျော်၏ ဖြတ်တောက်ခြင်းခံရပြီး လေထဲမှာ အရုပ်တစ်ရုပ်လို ကစားခံရကာ သူ၏ ဂုဏ်သိက္ခာများ အားလုံးကို ဆုံးရှုံးခဲ့ရ၏။
သွေးများ ပေကျံနေသော ခွေးသေကောင်တစ်ကောင်ကဲ့သို့ သူသည် လမ်းမရှည်ထက်မှာ သာမန်ကာလျှံကာ စွန့်ပစ်ခံလိုက်ရ၏။
အဲ့ဒါသည် အရင်တုန်းက အောက်ဘုံလောကမှ သက်ရှိများစွာကို သူပြုမူဆက်ဆံခဲ့သည့် ပုံစံအတိုင်းပင် ဖြစ်၏။
ဤသည်ကား ကမ္မစက်ဝန်းတစ်ခုနှင့် တူလေသည်။
ဘုရင်ယွင်ယိုသည် ဖြစ်ပျက်ခဲ့သည့်အရာအားလုံးကို တွေ့မြင်သောအခါ သူ၏ ရင်ထဲရှိ အကြောက်တရားက ပို၍ပင် နက်ရှိုင်းလာ၏။
ဘုရင်ထျန်ရှင်းက သေဆုံးသွားပြီဖြစ်သည်။
ဘုရင်ကျင်းကလည်း သေလေပြီ။
သို့သော်လည်း သူက အသက်ရှင်နေဆဲဖြစ်၏။
ယခုအချိန်ထိ ဆူဇီမိုက သူ့ကို မသတ်ဖြတ်ရသေးပေ။
ဆူဇီမိုသည် သူ့ကို ဘယ်လိုကိုင်တွယ်ဦးမလဲ သူ မသိပေ။
အဲ့ဒါသည် ဘုရင်ထျန်ရှင်း၏ ညှဉ်းပန်းနှိပ်စက်မှုများထက် ပို၍ ကြောက်စရာကောင်းနေမလား။
သူသည် ဘုရင်ကျင်းထက်ပင် ပို၍ဆိုးဆိုးရွားရွားနှင့် ပို၍ဂုဏ်သိက္ခာမဲ့စွာ သေရမှာလား။
ထိုကဲ့သို့သော အတွေးတစ်ခု ပေါ်ထွက်လာသည်နှင့် အဲ့ဒါကို ထိန်းချုပ်၍ မရနိုင်တော့ပေ။
အသက်တစ်ရှိုက်စာချင်းစီက ဘုရင်ယွင်ယိုအတွက် ကြီးမားသော ညှဉ်းပန်းနှိပ်စက်မှု ဖြစ်လာခဲ့၏။
ဆူဇီမိုက သူ့ကို မသတ်ဖြတ်သေးသရွေ့ သူသည် တစ်ချိန်လုံး ဘာမှန်းမသိရသော အကြောက်တရားဖြင့် ရှင်သန်နေရလိမ့်မည် ဖြစ်လေသည်။ သူသည် သေမင်းတံခါးဝမှာ ရုန်းကန်ရင်း ကြောက်ရွံ့မှုဖြင့် တုန်ယင်နေရပေလိမ့်မည်။
ရုတ်တရက်ဆိုသလို…
ဘုရင်ယွင်ယိုသည် ရုပ်ဆိုးအကျည်းတန်သော ယက္ခိုသ်တစ္ဆေအုပ်စုကို ကြည့်ပြီး သူ၏ စိတ်ထဲမှာ အတွေးတစ်ခု ဖျတ်ခနဲ ပေါ်ထွက်လာ၏။
သူက ယနေ့ မရှင်သန်နိုင်တော့ဘူးဆိုသော်လည်း ဆူဇီမိုကလည်း ကောင်းကောင်းမွန်မွန်နေရဖို့ကို အိပ်မက်သာ မက်နေရပေမည်။
“ဟား ဟား ဟား”
ရုတ်တရက် ဘုရင်ယွင်ယိုက ဟားတိုက်ရယ်မောလိုက်၏။
“ဆူဇီမို… ယက္ခိုသ်အပြစ်သားကုန်းမြေက ဖျက်ဆီးခံရပြီး ယက္ခိုသ်တစ္ဆေအုပ်စုက ပျောက်ကွယ်သွားခဲ့တယ်… လက်စသတ်တော့ သူတို့က မင်းဆီ ရောက်နေတာကိုး”
“မင်းက ခွင့်ပြုချက်မရှိဘဲ ယက္ခိုသ်အပြစ်သား စိတ်ဝိညာဉ်တွေကို ခေါ်ယူထားတယ်… မွန်မြတ်ကောင်းကင်ဘုံကမ္ဘာက အပြစ်ပေးလာမှာကို စောင့်သာနေလိုက်တော့”
အစက တိတ်ဆိတ်ငြိမ်သက်နေသော လူအုပ်ကြီးက ထိုစကားကို ကြားသောအခါ အုန်းအုန်းကျက်ကျက် အသံများက ပေါက်ကွဲထွက်ပေါ်လာ၏။ အရင်တုန်းက မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသည် အမဲလိုက်အမိန့်တစ်ခုကို ထုတ်ပြန်ပြီး အလယ်အလတ်ကမ္ဘာတစ်ထောင်လောကတစ်ဝှမ်း ပျံ့နှံ့စေကာ ကျင့်ကြံသူများစွာက ထိုအကြောင်းကို သိရှိထား၏။ သို့သော်လည်း ယခုအချိန်ထိကို အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ယက္ခိုသ်အပြစ်သား စိတ်ဝိညာဉ်များ၏ အရိပ်အယောင်ကို မတွေ့မြင်ရပေ။
ယခု သူတို့ထဲမှ ဆယ်ဦးကျော်ကျော်သည် ဆူဇီမိုနှင့် အခြားသူများ၏ ဘက်မှာ ပြန်လည်ပေါ်ထွက်လာခဲ့လေသည်။ တကယ်တော့ ဆူဇီမိုတို့အုပ်စုသည် ယက္ခိုသ်အပြစ်သားကုန်းမြေ ဖျက်ဆီးခံရခြင်းနှင့် တစ်နည်းတစ်ဖုံ ပတ်သက်နေမည်ဟု တွေးရလောက်အောင် ကျင့်ကြံသူများစွာက မနုံအကြပေ။ သို့သော်လည်း သူတို့ဘက်မှာ ယက္ခိုသ်ဘုရင် ဆယ်ဦးကျော်ကျော် ပေါ်ထွက်လာခြင်းနှင့်အတူ အဲ့ဒါကို ရှင်းပြဖို့ ခဲယဉ်းသွားပေလိမ့်မည်။ ဤသတင်းက မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသို့ ပျံ့နှံ့သွားသည်နှင့် အောက်ဘုံလောကမှ သက်ရှိများအတွက် ကပ်ဘေးတစ်ခု သေချာပေါက် ကျရောက်လာပေလိမ့်မည်။
ဘုရင်ယွင်ယိုက ဟားတိုက်ရယ်မောလိုက်၏။
“ဒီနေရာမှာ စုဝေးရောက်ရှိနေတဲ့ ကျင့်ကြံသူတွေ မရေမတွက်နိုင်အောင် ရှိတယ်… မင်းက အခုအချိန်မှာ ငါ့ကိုသတ်မယ်ဆိုရင်တောင် မင်းက ဒီကိစ္စကို ဖုံးကွယ်နိုင်မှာ မဟုတ်တော့ဘူး… ဆူဇီမို မင်းကတော့ သွားပြီ”
ဆူဇီမို၏ အမူအရာက ဂရုမစိုက်သည့်ဟန်ဖြင့်ရှိနေပြီး ဘုရင်ဘုရင်ယွင်ယို၏ စကားကို ဖြတ်မပြောပေ။ တကယ်ဆို လူတိုင်းစောင့်ကြည့်နေစဉ်မှာတောင် ဆူဇီမိုသည် မည်သည့်စကားကိုမှ မကြားသည့်အလား ဘုရင်ယွင်ယို၏ ခြိမ်းခြောက်စကားကို ဂရုစိုက်ပုံမရပေ။
ဆူဇီမိုက တက္ကသိုလ်မှ လူတိုင်းရှေ့သို့ ရောက်ရှိလာပြီး ယန်လောရှု၊ နတ်မိမယ် သက်တံနီနှင့် အခြားသူများကို ပြုံးစစဖြင့် ကြည့်လိုက်၏။
“အားလုံးပဲ… မင်းတို့တွေ ဘယ်လိုနေကြလဲ”
“ဂျူနီယာညီဆူ…”
ယန်လောရှုက စကားပြောလိုက်သည့် ခဏမှာပင် သူက သူ၏ ခေါင်းကို ခါယမ်းပြီး ပြုံးလိုက်၏။
“မဟုတ်သေးပါဘူး…. ငါ မင်းကို ဂျူနီယာဆူလို့ အခုခေါ်လို့မရတော့ဘူး… မင်းက အခု အင်မော်တယ်ဘုရင်တစ်ပါးဖြစ်လာခဲ့ပြီပဲ… တကယ်ဆို ငါက မင်းကို တန်းတူရည်တူဆက်ဆံဖို့တောင် အဆင့်မမီတော့ဘူး”
“အစ်ကိုယန်… ခင်ဗျားလည်း တက္ကသိုလ်ရဲ့ ဂိုဏ်းချုပ်တစ်ဦးပဲ… ကျုပ်က ခင်ဗျားကိုတောင် မယှဉ်နိုင်ပါဘူး”
ဆူဇီမိုက ပြုံး၍ ပြန်ဖြေလိုက်၏။
တကယ်တော့ သူတို့နှစ်ယောက်ကြားရှိ ဆက်ဆံရေးက ဂိုဏ်းသားရောင်းရင်းဟူသော ဆက်ဆံရေးထက် ပိုလေသည်။
တက္ကသိုလ်မှာတုန်းက ယန်လောရှုသည် သိပ်သည်းပြင်းထန်သော ဖိအားကို တောင့်ခံပြီး ဆူဇီမိုအတွက် အကြိမ်များစွာ ပေါ်ထွက်ပေးခဲ့ဖူး၏။
ဆူဇီမိုကလည်း ယန်လောရှုကို ကယ်တင်ဖို့အတွက် အဝီစိသို့ သွားရောက်ကာ အသောကသစ်သီးကို ပြန်ယူလာပေးခဲ့ဖူးလေသည်။
နတ်မိမယ် သက်တံနီက ပြုံးလိုက်၏။
“စီနီယာအစ်ကိုဆူ… ရှင်က အခုတော့ အရမ်းကို စွမ်းအားကြီးမားနေပြီပဲ… ကျွန်မ ရှင့်ကို မမှတ်မိနိုင်သလောက်နီးပါးပဲ… အရင်တုန်းက ကျွန်မတို့တွေ အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲမှာ အတူပါဝင်ခဲ့ကြတယ်… ဒါပေမဲ့ အခုတော့…”
နှစ်တစ်သောင်းကျော်ကြာပြီးနောက် သူတို့နှစ်ယောက်ကြား ကွာဟချက်က ပို၍ပို၍ ကျယ်ပြန့်သွားခဲ့ပြီဖြစ်၏။
ဆူဇီမို၏ အကြည့်က မိုချင်၏ ချောမောလှပသော မျက်နှာပေါ်သို့ ဆင်းသက်သွားပြီး သူမ၏ ကြည်လင်နေသော မျက်လုံးများနှင့် ဆုံမိသွား၏။ ရုတ်တရက် သူက မလုံမလဲ ခံစားလာရလေသည်။
ပွင့်ပွင့်လင်းလင်းပြောရလျှင် စီနီယာအစ်မ မိုချင်သည် တက္ကသိုလ်မှာ သူရှိခဲ့သည့်အချိန်အတွင်း သူ့ကို အများကြီး ကူညီပေးခဲ့ဖူးလေသည်။
စီနီယာအစ်မ မိုချင်သည် တိုက်ခိုက်ရသည်ကို သဘောမကျဘဲ သူမ၏ လိုဏ်ဂူခန်းဝါထဲကနေ ထွက်လာခဲ၏။ အရင်တုန်းက သူ့ထံမှ စကားတစ်ခွန်းကြောင့် ဖုန့်ကျစ်ရီကို ကယ်တင်ရန် သူမသည် စန်းယွင်တောင်ကြောရိုးသို့ သူမ၏ အပျော်စီးယာဉ်ပျံဖြင့် ကိုယ်တိုင်လိုက်ပါပို့ဆောင်ပေးခဲ့ဖူးလေသည်။
တကယ်ဆို သူမသည် မဟာကျင်းအင်မော်တယ်နိုင်ငံမှ ပကတိအင်မော်တယ်တစ်ဦးကိုပင် သတ်ဖြတ်ပေးခဲ့လေသည်။
တကယ်တော့ စီနီယာအစ်မ မိုချင်သည် သူက အထီးကျန်သိုင်းသခင်နှင့် အတော်လေး ရင်းနှီးမှုရှိသောကြောင့် ထိုသို့ပြုလုပ်ပေးခဲ့ပုံရသည်ကို သူသိရှိထားလေသည်။
သို့သော်လည်း ထိုအချက်ကပင် ဆူဇီမိုကို မလုံမလဲ ခံစားရစေသည့်အချက်ဖြစ်၏။
သူက မည်သို့ပင်ဆိုစေ အထီးကျန်သိုင်းသခင် ဖြစ်နေ၏။
အရင်က စီနီယာအစ်မ မိုချင်သည် အထီးကျန်သိုင်းသခင်ထံသို့ သူ့နှင့် ပန်းချီကားတစ်ချပ်ကို ထည့်ပေးခဲ့ဖူးလေသည်။ ထိုပန်းချီကားက သူ၏ သိုလှောင်အိတ်ထဲမှာ ယခုအချိန်ထိ ရှိနေဆဲဖြစ်၏။
ဒါ့အပြင် စီနီယာအစ်မ မိုချင်သည် သူပြန်ရောက်ရှိလာပြီးနောက် သူ့ကို ထူးဆန်းစွာ ကြည့်နေပုံရသည်ကို သူက အလိုလို ခံစားနေရ၏။
ဆူဇီမိုက ပြုံးပြီး ခေါင်းညိတ်ပြကာ အကြည့်လွှဲလိုက်၏။ သူက မိုချင်နှင့် အလ္လာပသလ္လာပ ပြောဆိုနေဖို့ စိတ်ကူးမရှိပေ။
“ဂျူနီယာမောင်ဆူ…”
သို့သော်လည်း မိုချင်က ရုတ်တရက် စကားပြောပြီး ရှေ့သို့လျှောက်လှမ်းလာ၏။ သူမက သူမ၏ သိုလှောင်အိတ်ထဲကနေ ပန်းချီကားတစ်ချပ်ကို ဆွဲထုတ်ပြီး ကမ်းပေးလိုက်၏။
ဆူဇီမိုက ကမ်းပေးလိုက်သော ပန်းချီကားကို ကြည့်ပြီး ညင်သာစွာ ချောင်းဟန့်လိုက်၏။
“ခင်ဗျား အဲ့ဒါကို ကျုပ်နဲ့ ထည့်ပေးချင်…”
သူ့စကား မဆုံးသေးခင် မိုချင်က ခေါင်းခါပြလိုက်၏။
“ဒါက မင်းအတွက်ပဲ”
တက္ကသိုလ်မှလူတိုင်းက ထိုသည်ကို တွေ့မြင်သောအခါ ထူးဆန်းသောအသံများ ထွက်ပေါ်လာပြီး သူတို့နှစ်ယောက်ကိုကြည့်ရင်း သူတို့က အော်ဟစ်အားပေးနေကြ၏။
“လခွမ်းတဲ့မှ”
လင်းရွှမ်ကျီက ရှေ့သို့ခုန်ထွက်လာပြီး စောဒကတက်လိုက်၏။
“တာအိုရောင်းရင်းမိုချင်… ငါ မင်းကို လေးငါးခါ တောင်းပန်ခဲ့တာတောင် မင်း ငါ့ကို ပန်းချီကားတစ်ချပ်တောင် မပေးခဲ့ဘူး”
ထို့နောက် သူက မိုချင်ကို ဒေါသတကြီး စိုက်ကြည့်လိုက်၏။
“နောက်ပြီး မင်းက သက်ရှိလူသားတွေအတွက် ဘယ်တော့မှ ပန်းချီဆွဲမပေးဘူးလို့တောင် ငါ့ကို ပြောခဲ့တယ် မဟုတ်ဘူးလား”
မိုချင်က တိတ်တဆိတ်ဖြင့် သူမ၏ ခေါင်းကို ငုံ့လိုက်၏။
တကယ်တော့ အဲ့ဒါက သူမ၏ အကြောင်းပြချက်တစ်ခုမျှသာ ဖြစ်၏။
လက်ရှိလူတိုင်းကလည်း ပြောနိုင်ကြလေသည်။
လင်းရွှမ်ကျီက သူ၏ မေးကိုပွတ်ပြီး မျက်လုံးစွေကြည့်ကာ လေးနက်သောအသံဖြင့် ပြောလိုက်၏။
“အခုတော့ ငါ နားလည်သွားပြီ… မင်းက ဆူဇီမိုကို လူတစ်ယောက်အဖြစ် မသတ်မှတ်ထားဘူးပဲ”
ထိုသို့ပြောရင်း လင်းရွှမ်ကျီက အော်ဟစ်ရယ်မောကာ အဝေးသို့ ပြေးထွက်သွား၏။
ဆူဇီမိုကလည်း ရယ်မောလိုက်လေသည်။
ထျန်ဟွမ်ကုန်းမြေတိုက်မှ သူတို့မိတ်ဆွေဟောင်းများသည် လောကဓံမုန်တိုင်းများစွာကို အတူတကွ ဖြတ်ကျော်ခဲ့ကြဖူးလေသည်။ သူတို့သည် မည်သည့်အငြိုးအတေးမှ မရှိဘဲ တစ်ယောက်ကိုတစ်ယောက် နောက်ပြောင်ကျီစယ်နိုင်ကြလေသည်။
ဆူဇီမိုက မိုချင်ကို အံ့အားသင့်စွာဖြင့် ကြည့်ပြီး သူမက သူ့ကို ဘာကြောင့် ပန်းချီကားတစ်ချပ် ပေးလာသလဲ စဉ်းစားနေ၏။
ပန်းချီကားထဲမှာ ဘာရေးဆွဲထားသည်ကိုလည်း သူ မသိရှိပေ။
ဆူဇီမိုက ပန်းချီကားကို ဖွင့်ကြည့်တော့မည့်ဆဲဆဲမှာပင် မိုချင်က ရုတ်တရက် လက်လှမ်းပြီး အဲ့ဒါကို ဖိချလိုက်၏။ သူမက သူမ၏ ခေါင်းကို ညင်သာစွာ ခါပြပြီး ပြုံးစစဖြင့် ပြောလိုက်၏။
“မင်း အဲ့ဒါကို အခုအချိန်မှာ ကြည့်ခွင့်မရှိသေးဘူး… မင်းအားမှ အဲ့ဒါကို ကြည့်လို့ရတယ်။”