← Chapters

အင်မော်တယ်ဘုရင် ယန်ယန်း

Vol. 209 Ch. 3132

အင်မော်တယ်ဘုရင် ယန်ယန်း

Vol. 209 Ch. 3132

ဆူဇီမိုသည် အဲဒါနှင့်ပတ်သက်၍ များစွာစဉ်းစားမနေဘဲ အပြုံးနှင့်အတူ ခေါင်းညိတ်ပြပြီး ပန်းချီကားကို သိမ်းဆည်းလိုက်၏။

သူသည် မိုချင်နှင့် အခြားသူများကို ဖြတ်ကျော်ကာ ကြည့်ရှုနေပြီး တစ်စုံတစ်ရာကို ရှာဖွေနေသည့်အလားပင်။

သိပ်မကြာခင် ဆူဇီမိုသည် ခေါင်းငုံ့ထားသည့် အမာရွတ်မျက်နှာနှင့် အမျိုးသားတစ်ဦးကို တွေ့မြင်သွား၏။

အခြားသူများသည် သူ့ကို မှတ်မိချင်မှ မှတ်မိနိုင်မည်ဖြစ်သော်လည်း ဆူဇီမိုသည် တစ်ချက်ကြည့်ရုံနှင့် ထိုသူက ရှဲ့ချင်းချန်ဖြစ်သည်ကို ပြောနိုင်လေသည်။

အရင်တုန်းက နတ်မိမယ်များစွာပင် မနာလိုအားကျရသော ရက်ရက်စက်စက် ချောမောလှပသည့် အမျိုးသားက သူ၏ သရုပ်သကန်ကို ဖုံးကွယ်ပြီး တက္ကသိုလ်မှာ ကျင့်ကြံဖို့အတွက် သူ့မျက်နှာကိုသူ ဤမျှအတိုင်းအတာအထိ ဖျက်ဆီးထားလေသည်။

ဤမျှအထိ ရက်စက်ကြမ်းတမ်းနိုင်အောင် သူသည် မည်မျှပြင်းထန်များပြားသည့် နာကျင်မှုများကို တွေ့ကြုံခံစားထားရသလဲ မသိရပေ။

ရှဲ့ချင်းချန်က သူ၏ ခေါင်းကို ငုံ့ထား၏။

သူသည် ဆူဇီမို၏ အကြည့်ကို ခံစားမိပုံရသော်လည်း သူက သူနှင့် မျက်နှာချင်းမဆိုင်ရဲပေ။

အဲဒါက သူ၏ ရုပ်ရည်သွင်ပြင်ကြောင့် မဟုတ်ဘဲ အင်မော်တယ်ဘုရင်ယန်ယန်းသည် အရင်တုန်းက ဆူဇီမိုကို ဝိုင်းပတ်ပိတ်ဆို့ခဲ့သူများထဲမှာ ပါဝင်ခဲ့သောကြောင့်ဖြစ်သည်။

ဆူဇီမို အဆင်ပြေသည်ကို သိရသည့်အတွက် သူက ဝမ်းသာမိလေသည်။ သို့သော်လည်း သူသည် ထိုကိစ္စကြောင့် အလွန်တရာ မလုံမလဲ ခံစားနေရ၏။

“နင်တို့နှစ်ယောက် အဲဒီမှာ ရပ်နေကြစမ်း”

ဓားအင်မော်တယ် ဝူရှုနှင့် ပကတိအင်မော်တယ် ရွှမ်ဖုန့်သည် အခြေအနေမကောင်းတော့သည်ကို တွေ့မြင်သောအခါ သူတို့သည် တိတ်တဆိတ် ထွက်ခွာသွားလိုကြ၏။ သို့သော်လည်း သူတို့ကို နတ်မိမယ်သက်တံနီက တားဆီးလိုက်လေသည်။

နတ်မိမယ်သက်တံနီက ပြောလိုက်၏။

“စီနီယာအစ်ကိုဆူ... သူတို့နှစ်ယောက်က စောစောတုန်းက ရှဲ့ယွီနဲ့ တခြားသူတွေ ကျွန်မတို့ကို အနိုင်ကျင့်တာကို ကူညီပေးခဲ့တယ်… သူက ကျွန်မကိုတောင် ယန်ယန်းအင်မော်တယ်နိုင်ငံကို ဖမ်းဆီးပြီးတော့ ခေါ်သွားချင်သေးတယ်… လေမီးဘုရားကျောင်းနဲ့ လေဟာနယ်ထိုးဖောက်နန်းတော်က မကြာသေးခင်နှစ်တွေထဲမှာ မြင့်မားတိုးတက်လာတဲ့ ကောင်းကင်အဆင့်အဖွဲ့အစည်းနှစ်ခုပဲ”

ဆူဇီမို၏ အကြည့်က ရွေ့လျားသွား၏။

ဓားအင်မော်တယ် ဝူရှုနှင့် ပကတိအင်မော်တယ် ရွှမ်ဖုန့်သည် အရိုးခိုက်အေးစက်မှုတစ်ခုကို ချက်ချင်းပင် ခံစားလိုက်ရ၏။ သူတို့နှစ်ယောက်က ထွက်ပြေးဖို့နေနေသာသာ လှုပ်ရှားရဲခြင်းပင် မရှိပေ။

“ဆရာ… ကျုပ်ကို ကယ်ပါဦး”

ဓားအင်မော်တယ် ဝူရှုက လေဟာနယ်ထိုးဖောက်နန်းတော်မှ အင်မော်တယ်ဘုရင်တစ်ဦးကိုကြည့်နေပြီး သူ၏ အသံက တုန်ယင်နေ၏။

လေဟာနယ်ထိုးဖောက်နန်းတော်နှင့် လေမီးဘုရားကျောင်းမှ အင်မော်တယ်ဘုရင်များက အကြည့်ချင်းဖလှယ်ပြီးနောက် အရဲစွန့်ကာ ရှေ့သို့ထွက်လာကြ၏။ သူတို့က လက်နှစ်ဖက်ကိုယှက်ပြီး ဆူဇီမိုကို ပြုံးပြလိုက်၏။

“တာအိုရောင်းရင်းဆူ… နားလည်မှုလွဲစရာတစ်ခု ဖြစ်သွားတာနေမှာပါ… ကျုပ်က…”

“မင်းတို့တွေ သူတို့အတွက် ရပ်တည်ပေးချင်လို့လား”

သူတို့၏ စကားမဆုံးသေးခင် ဆူဇီမိုက မှင်သေသေဖြင့် ဖြတ်မေးလိုက်၏။

သူ့လေသံက တည်ငြိမ်နေပြီး သတ်ဖြတ်လိုစိတ် မပါဝင်ပေ။

သို့သော်လည်း ဘာကြောင့်ရယ်မသိ အင်မော်တယ်ဘုရင်နှစ်ဦးက ခေါင်းနားပန်းကြီးလာခဲ့၏။

အင်မော်တယ်ဘုရင်နှစ်ဦးသည် ခဏမျှ နှုတ်ဆိတ်ပြီးနောက် တိတ်တဆိတ် နောက်သို့ပြန်ဆုတ်သွားကြ၏။

ဘုရင်ကျင်းနှင့် ဘုရင်ထျန်ရှင်းပင်လျှင် သတ်ဖြတ်ခံခဲ့ရလေသည်။

ကွပ်မျက်ဆေဘာသည် ဆူဇီမို၏ လက်ဗလာဖြင့် ခြေမွှဖျက်ဆီးခြင်း ခံလိုက်ရ၏။ သူတို့ထဲ ဘယ်သူက အဲဒါကို ခံနိုင်ရည်ရှိမှာလဲ။

ဒါ့အပြင် ဆူဇီမိုဘက်မှာ ယက္ခိုသ်ဘုရင်ဆယ်ဦးကျော်ကျော်၊ ဧကရာဇ်တစ်ပိုင်းယက္ခတစ်ဦးနှင့် လင်းကျန့်လို လူတချို့ပင် သူ့ဘေးမှာ ရှိနေ၏။

သူတို့က အတူတကွ တိုက်ခိုက်မည်ဆိုလျှင် ဤနေရာမှာရှိသော လူတိုင်းကို အမှုန်အမွှားပင် မကျန်အောင် ချက်ချင်းသတ်ဖြတ်နိုင်ပေလိမ့်မည်။

အင်မော်တယ်ဘုရင်များ၏ အပြုအမူကို တွေ့မြင်သောအခါ ဓားအင်မော်တယ် ဝူရှုနှင့် ပကတိအင်မော်တယ် ရွှမ်ဖုန့်၏ မျက်လုံးထဲတွင် စိတ်ပျက်အားငယ်မှုက ပေါ်ထွက်လာ၏။

“ဆူဇီမို….”

ပကတိအင်မော်တယ် ရွှမ်ဖုန့်က စိတ်ပိုင်းဖြတ်ပြီး ရုတ်တရက်ပြောလိုက်၏။

“မင်းက အင်မော်တယ်ဘုရင်တစ်ပါးပဲ… ငါတို့တွေကတော့ ပကတိအင်မော်တယ်နယ်ပယ်မှာပဲ ရှိသေးတယ်… စောစောက တိုက်ပွဲက ပကတိအင်မော်တယ်တွေကြားက ရန်ပွဲတစ်ခုသာသာပဲ… မင်း အားနည်းတဲ့သူကို အနိုင်ကျင့်လို့မရဘူး”

“မင်းတို့တွေက ငါတိုက်ခိုက်ရအောင် ထိုက်တန်လို့လား”

ဆူဇီမိုက သူတို့နှစ်ယောက်ကို လှည့်ပင်မကြည့်ဘဲ မှင်သေသေဖြင့်သာ ပြန်ပြောလိုက်၏။

ထို့နောက် သူက လှမ်းခေါ်လိုက်လေသည်။

“ပေမင်…”

ပေမင်ရွှယ်က နားလည်သဘောပေါက်ပြီး သူမ၏ ဓားကို ကိုင်စွဲကာ ပကတိအင်မော်တယ် ရွှမ်ဖုန့်နှင့် ဓားအင်မော်တယ် ဝူရှုရှိရာသို့ လျှောက်လှမ်းသွား၏။

“အခွင့်အရေး..”

ပကတိအင်မော်တယ် ရွှမ်ဖုန့်နှင့် ဓားအင်မော်တယ် ဝူရှုက ပေမင်ရွှယ်၏ ကျင့်ကြံမှုနယ်ပယ်ကို အာရုံခံမိသွားပြီး တစ်ဖက်သူက ကောင်းကင်လိုဏ်ဂူနယ်ပယ်သို့ မရောက်ရှိသေးကြောင်း သိရှိလိုက်၏။

အဲဒါက ပကတိစိတ်ဝိညာဉ်များကြား တိုက်ပွဲတစ်ခုဖြစ်နေသရွေ့ သူတို့မှာ အနိုင်ရဖို့အခွင့်အရေး သုံးဆယ်ရာခိုင်နှုန်းရှိလေသည်။

သူတို့နှစ်ယောက်က ပူးပေါင်းထားမည်ဆိုလျှင် သူတို့အနိုင်ရဖို့အခွင့်အရေးက ခုနစ်ဆယ်ရာခိုင်နှုန်းအထိ ရောက်ရှိလာနိုင်၏။

ဇီ…

ဓားအင်မော်တယ် ဝူရှုက တိုက်ခိုက်လိုက်၏။

ရွှစ်….

ပကတိအင်မော်တယ် ရွှမ်ဖုန့်ကလည်း တစ်ချိန်တည်းမှာ တိုက်ခိုက်ပြီး သူတို့နှစ်ယောက်က ပေမင်ရွှယ်ကို ပူးပေါင်းတိုက်ခိုက်လိုက်ကြလေသည်။

“ညီအစ်ကိုရှဲ့… မင်း ငါ့ကို နှုတ်မဆက်တော့ဘူးလား”

ဆူဇီမိုက တစ်ဖက်မှာရှိသော တိုက်ပွဲအခြေအနေကို ကြည့်မနေပေ။ သူက လူအုပ်ကြားထဲရှိ လူတစ်ယောက်၏ မျက်နှာကိုသာ ကြည့်ပြီး ဖြည်းဖြည်းချင်းမေးလိုက်၏။

ရှဲ့ချင်းချန်က ဆတ်ခနဲတုန်ယင်သွားပြီး မော့ကြည့်လာခဲ့၏။

သူသည် ရှဲ့ချင်းချန်၏ စိတ်ကို ဖတ်မိနိုင်သည့်အလား ဆူဇီမိုက ပြောလိုက်၏။

“အဲဒီကိစ္စအတွက် မင်းကို အပြစ်တင်လို့မှ မရတာ… ညီအစ်ကိုရှဲ့… မင်း အဲဒါအတွက် မင်းကိုယ်မင်း အပြစ်တင်နေစရာ မလိုဘူး… ဒါပေမဲ့ ငါက…”

ဆူဇီမို၏ စကားမဆုံးသေးခင် ရှဲ့ချင်းချန်က လွှတ်ခနဲ ပြောလိုက်၏။

“ညီအစ်ကိုဆူ... ဘာမှ စိုးရိမ်နေစရာမလိုဘူး… ငါလည်း သူ့ကို မေးစရာရှိတယ်”

“ကောင်းပြီလေ”

ဆူဇီမိုက ခေါင်းညိတ်လိုက်၏။

သူတို့နှစ်ယောက် အပြန်အလှန်စကားပြောဆိုနေစဉ် တစ်ဖက်မှာရှိသောတိုက်ပွဲက အဆုံးသတ်သွားခဲ့ပြီဖြစ်၏။

အသက်ရှူချိန်အနည်းငယ်မကြာခင်မှာပင် ပေမင်ရွှယ်က သူမ၏ ဓားကို သိမ်းပြီး ပြန်လျှောက်လာခဲ့၏။

ဓားအင်မော်တယ် ဝူရှုနှင့် ပကတိအင်မော်တယ် ရွှမ်ဖုန့်က ပြူးကျယ်နေသော မျက်လုံးများဖြင့် ထိတ်လန့်တကြားအမူအရာနှင့်အတူ လမ်းမရှည်ထက်မှာ လဲကျသွား၏။ သူတို့၏ အပေါ်ယံမှာ မည်သည့်ဒဏ်ရာမှ မရှိသော်လည်း သူတို့၏ ခန္ဓာကိုယ်များထဲမှာ အသက်ဓာတ် မရှိတော့ပေ။

ခဏနေပြီးနောက် မသိသာမထင်ရှားသော ဓားဒဏ်ရာတစ်ခုက သူတို့၏ မျက်ခုံးနှစ်ဖက်ကြားမှာ ပေါ်ထွက်လာပြီး သွေးစတချို့က စိမ့်ကျလာ၏။ ပေမင်ရွှယ်က သူတို့၏ နှာရောင်များကို ထိုးဖောက်ခဲ့ပြီးပြီဖြစ်သည်။

ပေမင်ရွှယ်၏ ဓားနည်းစနစ်က အရမ်းကို မြန်ဆန်ပြီး လျင်မြန်စွာ ပြန်လည်ပိတ်ဆို့ကာ သိသာထင်ရှားမှု မရှိသလောက်နီးပါးပင်။

သူတို့နှစ်ယောက်က သေဆုံးသွားပြီး သူတို့၏ သွေးလည်ပတ်မှု ရပ်တန့်သွားမှသာ ဒဏ်ရာများက ပေါ်ထွက်လာ၏။

ပေမင်ရွှယ်သည် ပကတိအစစ်အမှန်သိုင်းနယ်ပယ်အထိ ကျင့်ကြံထားခဲ့ပြီဖြစ်ပြီး အနှိုင်းမဲ့နတ်ဘုရားစွမ်းအားနှစ်ခုကို နားလည်ဆင်ခြင်ထားလေသည်။

အနှိုင်းမဲ့နတ်ဘုရားစွမ်းအားများကို အသုံးပြုခြင်းမရှိလျှင်တောင် သူမ၏ ဓားချက်ကို ခုခံနိုင်သော ပကတိစိတ်ဝိညာဉ် များစွာမရှိပေ။

နတ်မိမယ်သက်တံနီက မလှမ်းမကမ်းမှာရှိသော ရှဲ့ယွီကို ကြည့်ပြီး လှောင်ရယ်လိုက်၏။

“ရှဲ့ယွီ… နင် ငါ့ကို ဖမ်းဆီးချင်သေးလား… ငါ နင့်ကို ပြောလိုက်မယ်… အစ်ကိုချင်းချန်နဲ့ငါ နှစ်ယောက်စလုံး ဒီမှာရှိနေတယ်… နင် တိုက်ခိုက်ရဲလား”

“ရှဲ့ချင်းချန်လား”

ရှဲ့ယွီ၏ အမူအရာက ပြောင်းလဲသွား၏။ ထို့နောက် တစ်စုံတစ်ရာကို တွေးမိသွားသည့်အလား သူက အမာရွတ်မျက်နှာနှင့် အမျိုးသားကို နက်ရှိုင်းစွာကြည့်ပြီး ပြောလိုက်၏။

“သွားကြမယ်”

သူက မမိုက်မဲပေ။

ယခုအချိန်မှာ ဆူဇီမိုသည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ဘက်ကနေ ရပ်တည်ပေးနေ၏။ သူက ရှေ့သို့တက်လှမ်းသွားမည်ဆိုလျှင် ကျောက်တုံးကို ကြက်ဥနှင့် ပေါက်ခြင်းနှင့် တူနေပေလိမ့်မည်။

သူသည် ဤကိစ္စကို သူ့အဖေထံ တင်ပြပြီးမှ ဆုံးဖြတ်ချက်ချရပေမည်။

“ပြန်သွားစရာ မလိုတော့ဘူး”

ဆူဇီမိုက ပြောလိုက်၏။

“မင်းက အင်မော်တယ်ဘုရင် ယန်ယန်းကို တွေ့ချင်နေတာမလား… မင်းအတွက် ငါ သူ့ကို ခေါ်ပေးမယ်”

ထိုသို့ သူပြောလိုက်သည့်ခဏမှာပင် မလှမ်းမကမ်းမှာရှိသော လေဟာနယ်က ပွင့်ထွက်သွားပြီး သွေးသံရဲရဲလူတစ်ယောက်က လိမ့်ကျလာ၏။ သူက မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပစ်ကျသွားပြီး သူ၏ ဆံပင်များက ဖိုသီဖတ်သီဖြစ်၍ ဆိုးဆိုးဝါးဝါးအခြေအနေမှာ ကျရောက်နေ၏။

ထို့နောက် ချက်ချင်းပင် ယက္ခိုသ်တစ္ဆေတစ်ဦးက ကြောက်စရာကောင်းသော အော်ရာနှင့်အတူ ပေါ်ထွက်လာလေသည်။ ထိုသူက ဧကရာဇ်တစ်ပိုင်းပညာရှင်တစ်ဦး ဖြစ်၏။

ယက္ခိုသ်တစ္ဆေက ဆူဇီမို၏ ရှေ့သို့ ရောက်ရှိလာပြီး မကောင်းဆိုးဝါးဆန်ဆန် ပြုံးလိုက်၏။

“ဒီလူက အန္တရာယ်ကို အာရုံခံမိပြီး ထွက်ပြေးချင်နေတာ… ဒါပေမဲ့ ငါ သူ့ကိုဖမ်းဆီးပြီး သူ့ကို ဒုက္ခိတဖြစ်အောင် လုပ်ထားပြီ”

ထိုသူက လှုပ်ရှားရုန်းကန်၍ မတ်တတ်ထရပ်ချင်၏။ သို့သော်လည်း သူက သွေးချီအမြောက်အများကို ဆုံးရှုံးထားပြီး မတ်မတ်ပင် မရပ်နိုင်ပေ။

ဘေးပတ်ဝန်းကျင်မှာရှိသော ကျင့်ကြံသူများက အာရုံစိုက်၍ ကြည့်ရှုပြီးနောက် ပင့်သက်ကိုရှိုက်လိုက်၏။

“အင်မော်တယ်ဘုရင် ယန်ယန်း…”

အင်မော်တယ်ဘုရင် ယန်ယန်းကလည်း ဖမ်းဆီးခံထားရပြီဖြစ်၏။

“အဖေ…”

ရှဲ့ယွီ၏ အမူအရာက ရုတ်ခြည်းပြောင်းလဲသွား၏။

အင်မော်တယ်ဘုရင် ယန်ယန်းက သူ၏ နောက်ဆုံးမှီခိုအားထားရာ ဖြစ်လေသည်။

ယခု ထိုမှီခိုအားထားရာက အသုံးမချနိုင်ခင်မှာပင် ပျက်စီးနေပြီဖြစ်၏။

“အရင်တုန်းက ဆူဇီမိုကို ဝိုင်းပတ်ပိတ်ဆို့ပြီး သူ့ရဲ့ဖန်တီးခြင်းကြာပဒုမ္မာခန္ဓာကိုယ်ကို လိုချင်ခဲ့တဲ့သူတွေထဲမှာ အင်မော်တယ်ဘုရင် ယန်ယန်းလည်း ပါတယ်လို့ ငါကြားထားတယ်… ကြည့်ရတာတော့ အဲဒီလူတွေထဲ ဘယ်သူကမှ မလွတ်မြောက်နိုင်တော့ဘူးပဲ”

သူတို့ထဲမှတစ်ယောက်က သူ၏ ခေါင်းကို ခါယမ်းပြီး သက်ပြင်းချလိုက်၏။

“ဆူဇီမိုရဲ့ နောက်ခံက ဘာပါလိမ့်… ဧကရာဇ်တစ်ပိုင်း ယက္ခိုသ်အပြစ်သားစိတ်ဝိညာဉ်တစ်ဦးကတောင် သူ့အမိန့်ကို နာခံရတယ်”

“ဘယ်သူသိမှာလဲ… သူက ဒီတစ်ခေါက် လက်စားချေဖို့အတွက် ယက္ခိုသ်အပြစ်သားစိတ်ဝိညာဉ်တွေနဲ့ ပူးပေါင်းထားတာနေမှာပေါ့…. သူက လက်စားချေနိုင်မယ်ဆိုရင်တောင် သူကလည်း သိပ်ကြာကြာ အသက်ရှင်နိုင်မှာ မဟုတ်ဘူး”

“ယက္ခိုသ်အပြစ်သားစိတ်ဝိညာဉ်တွေနဲ့ ပူးပေါင်းတာက ကျားတစ်ကောင်ဆီကနေ ကျားသားရေသွားတောင်းတာနဲ့ သိပ်မကွာခြားဘူး… နောက်ပြီး မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကလည်း သူ့ကို အလွတ်ပေးမှာ မဟုတ်ဘူး”

ကျင့်ကြံသူတချို့က တီးတိုးဆွေးနွေးပြောဆိုလိုက်ကြ၏။

ရှဲ့ချင်းချန်က မလှမ်းမကမ်းမှာရှိသော အင်မော်တယ်ဘုရင်ယန်ယန်းကို တွေဝေရှုပ်ထွေးသော အမူအရာနှင့် သူ့မျက်လုံးထဲရှိ နက်ရှိုင်းသော မုန်းတီးမှုနှင့်အတူကြည့်ပြီး ဖြည်းဖြည်းချင်း လျှောက်လှမ်းလာ၏။

အင်မော်တယ်ဘုရင် ယန်ယန်းသည် ဘုရင်ကျင်း၏ ဆိုးဆိုးဝါးဝါးသေဆုံးမှုနှင့် ဆူဇီမို၏ လက်ထဲရှိ ဘုရင်ယွင်ယို၏ ဦးခေါင်းကို တွေ့မြင်သောအခါ သူက အရာရာတိုင်းကို နားလည်သဘောပေါက်သွား၏။

ထို့နောက် အမာရွတ်မျက်နှာနှင့် အမျိုးသားတစ်ယောက်က လက်သီးဆုပ်ကာ သူ့ထံသို့ လျှောက်လှမ်းလာသည်ကို တွေ့မြင်လိုက်ရ၏။ သူ့မျက်လုံးထဲကနေ မီးတောက်များက လျှံထွက်လာတော့မည်ဟု ထင်ရလေသည်။

သူက အရမ်းကို စိတ်လှုပ်ရှားနေသည့်အလား ထိုလူ၏ မျက်နှာပေါ်ရှိ အမာရွတ်များက တွန့်လိမ်သွားပြီး သူ့ကို တစ်မူထူးခြားစွာ မကောင်းဆိုးဝါးဆန်လာစေ၏။

“မင်း ဘယ်သူလဲ”

တိုင်းပြည်တစ်ပြည်၏ ဘုရင်တစ်ပါးအနေဖြင့် ဤကဲ့သို့သော အခြေအနေသို့ ကျဆင်းသွားသည့်တိုင်အောင် အင်မော်တယ်ဘုရင် ယန်ယန်းသည် အင်မော်တယ်ဘုရင်တစ်ပါး၏ မောက်မာခက်ထန်မှု ရှိနေဆဲဖြစ်ပြီး အေးစက်စွာ မေးလိုက်လေသည်။

All Chapters