← Chapters

ကမ္ဘာသစ်

Vol. 209 Ch. 3134

ကမ္ဘာသစ်

Vol. 209 Ch. 3134

တကယ်တမ်းမှာ ထိုသတင်းပို့အဆောင်သည် ဆူဇီမိုအတွက် များစွာအသုံးမဝင်တော့ပေ။

သို့သော်လည်း ထိုအရာသည် မည်သို့ပင်ဆိုစေ သံသရဖူဆောင်းအဘိုးအို၏ စိတ်ကောင်းစေတနာဖြစ်သည်ဆိုမှတော့ သူက ငြင်းပယ်မနေပေ။

ဧကရာဇ် မြောက်ပိုင်းခွန်နှင့် ဧကရာဇ် တောင်ပိုင်းဖန်းက ထွက်ခွာဖို့ ရည်ရွယ်ထားခဲ့ပြီဖြစ်သည်။ ကောင်းကင်ဘုံကမ္ဘာမှာ အရာရာတိုင်းက အစီအစဉ်တကျဖြစ်သွားသည်ကို သူတို့တွေ့မြင်သောအခါ သူတို့သည် ရှောင်းယောင်ကိုခေါ်ပြီး ခွန်ဖန်းကမ္ဘာသို့ ပြန်သွားဖို့ ပြင်လိုက်၏။

ဤတစ်ခေါက်မှာ ရှောင်းယောင်သည် အကြောင်းပြချက်မပေးနိုင်ဘဲ လောကအရှင်နှစ်ဦးနှင့်အတူ နာခံစွာ ထွက်ခွာသွားရလေသည်။

သံသရဖူဆောင်းအဘိုးအိုကလည်း ပေမင်ရွှယ်ကို ဓားကမ္ဘာသို့ ပြန်ခေါ်သွားဖို့ ပြင်ထား၏။

ပေမင်ရွှယ်နှင့် ရှောင်းယောင်ကိုတော့ ဆူဇီမိုက စိုးရိမ်မနေပေ။ ဓားကမ္ဘာနှင့် ခွန်ဖန်းကမ္ဘာက သူတို့ကို ကာကွယ်ပေးထားမည်ဖြစ်သည်။ သူ့အနေဖြင့် သူတို့နှစ်ယောက်ကို သူ့ဘေးမှာ ခေါ်ထားဖို့ မလိုအပ်ပေ။

ဒါ့အပြင် ပေမင်ရွှယ်သည် ဓားကမ္ဘာ၏ တောင်ထွတ်သခင်တစ်ဦးဖြစ်၏။

ရှောင်းယောင်သည် ခွန်ဖန်းကမ္ဘာ၏ သခင်လေးဖြစ်ပြီး ကမ္ဘာနှစ်ခုကို ပေါင်းစည်းစေသည့် အဓိကဇာတ်ကောင် ဖြစ်လေသည်။ သူ့ကို ဆူဇီမိုက ခေါ်သွားမည်ဆိုလျှင် ထိုကမ္ဘာနှစ်ခုက အလွယ်တကူ ခွာပြဲသွားနိုင်၏။

မထွက်ခွာခင် သံသရဖူဆောင်းအဘိုးအိုက သတိပေးလိုက်၏။

“ဇီမို… ဒီကိစ္စပြီးသွားရင် တတ်နိုင်သမျှ မြန်မြန်ထွက်သွား… ဂမ္ဘီရမိုးကောင်းကင်နန်းတော်ကို မသွားနဲ့တော့”

“အင်မော်တယ်ဧကရာဇ် မိုးကောင်းကကိုးလွှာက ဒီလိုအခြေအနေမှာတောင်မှ ပေါ်ထွက်မလာသေးဘူး… သူ့မှာ ကိစ္စတစ်ခုခု ရှိနေတာ ဒါမှမဟုတ် တစ်ယောက်ယောက်က သူ့ကို ဟန့်တားထားတာ ဖြစ်နိုင်တယ်”

“ဒီအခွင့်အလမ်းကို အသုံးချပြီး မလိုအပ်တဲ့ ပြဿနာကို ရှောင်လို့ရအောင် တတ်နိုင်သမျှ မြန်မြန်ထွက်သွား”

ဆူဇီမိုက ပြုံး၍ ခေါင်းညိတ်ပြီး ကန့်ကွက်ခြင်းမရှိပေ။

လုံရန်ကတော့ သူသည် နဂါးကမ္ဘာသို့ ပြန်သွားဖို့ စိတ်ကူးမရှိပေ။ ထိုအစား သူက ဆူဇီမိုနှင့်အတူ ကမ္ဘာသစ်သို့ လိုက်ပါမည်ဖြစ်သည်။

နဂါးဧကရီ ဆီးနှင်းနှင့် နဂါးဘုရင်မ ဦးချိုမဲ့သည် နဂါးကမ္ဘာသို့ ပြန်သွားသည့်အခါ သူတို့သည် လုံလီကို ချန်ထားခဲ့ပြီး လုံရန်နှင့်အတူ ကမ္ဘာသစ်ဆီသို့ အလည်အပတ်လိုက်ခိုင်းထားလေသည်။

မျောက်၊ ကျား၊ ချင်ချင်နှင့် အခြားသူများသည် မဟာအရိုင်းကမ္ဘာသို့ ပြန်သွားဖို့ စိတ်ကူးမရှိကြပေ။

ဤညီအစ်ကိုမောင်နှမများသည် ထျန်ဟွမ်ကုန်းမြေတိုက်မှာ အတူတကွ တိုက်ခိုက်ခဲ့ကြ၏။ ယခု သူတို့က ဆုံစည်းမိပြီး မခွဲခွာလိုကြပေ။

ဆူဇီမိုသည် သူ၏ အတွေးများနှင့် ပတ်သက်ပြီး လင်းကျန့်နှင့် အင်မော်တယ်ဘုရင်မ လင်းလုံကိုလည်း ပြောပြထားပြီး သူတို့ကို ကမ္ဘာတစ်ခုတည်ထောင်ရန်နှင့် ကောင်းကင်ဘုံကမ္ဘာကနေ ထွက်ခွာဖို့ ဖိတ်ခေါ်ထားလေသည်။

“ဇီမို… မင်းသွားဖို့ သတ်မှတ်ထားတဲ့ နေရာတစ်ခုရှိလား”

လင်းကျန့်က မေးလိုက်၏။

ဆူဇီမိုက ခေါင်းခါပြလိုက်၏။

“ကျုပ်မှာ အကြမ်းဖျင်း ဦးတည်ဘက်တစ်ခုတော့ ရှိတယ်… ကျုပ်က အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကနေ တတ်နိုင်သမျှဝေးဝေး ထွက်သွားမယ်… ဒါပေမဲ့ နေရာအတိအကျကိုတော့ အခုချိန်ထိ မရွေးချယ်ရသေးဘူး”

“အဲ့လိုဆိုမှတော့ အဲ့ဒါကို ကောင်းကင်ဘုံကမ္ဘာမှာ လုပ်ပါလား”

လင်းကျန့်က ခဏမျှစဉ်းစားပြီး ပြောလိုက်၏။

“အခု အစိမ်းရောင်မိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေက ပိုင်ရှင်မဲ့သွားပြီ… ငါတို့တွေက အစိမ်းရောင်မိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှာ အဖွဲ့အစည်းတစ်ခု တည်ထောင်ပြီး ကောင်းကင်ဘုံကမ္ဘာက သက်ရှိတွေ အတော်များများကို ဆွဲဆောင်နိုင်တယ်”

တိုက်ပွဲနိုင်ငံကဲ့သို့ နိုင်ငံတစ်ခုအနေဖြင့် တည်နေရာရွှေ့ပြောင်းရမည့် အတိုင်းအတာက အတော်လေးကြီးမားလေသည်။

ကျင့်ကြံသူများစွာသည် အစိမ်းရောင်မိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေနှင့် အသားကျနေပြီးသားဖြစ်၏။ သူတို့က ဘာမှန်းမသိရသော နေရာတစ်ခုဆီ လင်းကျန့်နှင့် အခြားသူများနှင့်အတူ ထွက်ခွာရမည်ဆိုလျှင် တွေဝေရှုပ်ထွေးမှုကို လူများစွာက ခံစားရပေလိမ့်မည်။

ကမ္ဘာသစ်၏ တည်နေရာကိုလည်း ယခုအချိန်ထိ မသိရသေးပေ။

ထိုနေရာမှာ အခြေခံအုတ်မြစ်လည်း မရှိပေ။

ကမ္ဘာသစ်နှင့်ပတ်သက်သည့် အရာရာတိုင်းက ဘာမှန်းမသိရဟု ဆိုနိုင်သည်။

ဤကဲ့သို့သော အန္တရာယ်တစ်ခုကို စွန့်စားလိုသည့်လူ များစွာမရှိပေ။

ကောင်းကင်ဘုံကမ္ဘာမှာ အနည်းဆုံးတော့ ကောင်းကင်နှင့်မြေကြီးအမြုတေချီသည် အတော်လေးကြွယ်ဝပြီး အတိုင်းအတာတစ်ခုအထိ အာမခံချက်ရှိကာ ကျင့်ကြံမှုက ကန့်သတ်ခံထားရလိမ့်မည် မဟုတ်ပေ။

ကမ္ဘာသစ်မှာ ဘာဖြစ်မည်ကို ဘယ်သူက သိမှာလဲ။

ဒါ့အပြင် အဲ့ဒါသည် အလယ်အလတ်ကမ္ဘာတစ်ထောင်နှင့် အဝေးဆုံးမှာရှိမည်ဟု ဆူဇီမိုက ယခုတင် ပြောဆိုထားသည်။

အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ ဝေးကွာသွားခြင်းသည် ကောင်းကင်နှင့်မြေကြီးအမြုတေချီက ပါးလျသွားမည်ဟု ဆိုလိုလေသည်။

သူတို့သည် ကမ္ဘာသစ်သို့ ရောက်ရှိသွားပြီးနောက် ထိုနေရာမှာ တစ်နှစ်ကြာ ကျင့်ကြံရခြင်းသည် ကောင်းကင်ဘုံကမ္ဘာမှာ တစ်ရက်တာ ကျင့်ကြံခြင်းကိုပင် မယှဉ်နိုင်ဘူးဆိုပါက ဘယ်သူကများ သူတို့၏ မိသားစုတစ်ခုလုံးကို ရွှေ့ပြောင်းပြီး ကီလိုမီတာထောင်ပေါင်းများစွာ ဝေးကွာသော ထိုနေရာသို့ သွားရောက်လိုမှာလဲ။

“အဲ့ဒါက မသင့်လျော်ဘူး”

ဆူဇီမိုက ဂမ္ဘီရမိုးကောင်းကင်နန်းတော်ကို ကြည့်ပြီး ခေါင်းခါပြလိုက်၏။

“ကောင်းကင်ဘုံကမ္ဘာက နေရာကောင်းတစ်ခု မဟုတ်တော့ဘူး… ကျုပ်တို့ ဒီမှာနေမယ်ဆိုရင် ကပ်ဘေးတစ်ခု အချိန်မရွေးကျရောက်လာနိုင်တယ်”

ဆူဇီမိုသည် အဲ့ဒါကို ရှင်းရှင်းလင်းလင်း မပြောဆိုသော်လည်း လင်းကျန့်နှင့် အင်မော်တယ်ဘုရင်မ လင်းလုံသည် သူ့စကား၏ နောက်ကွယ်မှ အန္တရာယ်ကို အာရုံခံမိနိုင်ကြ၏။

ဆူဇီမို သို့မဟုတ် ဧကရာဇ်အထီးကျိန်သိုင်းသခင်ပင်လျှင် စိုးရိမ်ပူပန်ရသော ကပ်ဘေးတစ်ခုကို သူတို့က သေချာပေါက် ကိုင်တွယ်နိုင်လိမ့်မည် မဟုတ်ပေ။

“ငါနားလည်ပြီ”

လင်းကျန့်က ခေါင်းညိတ်ပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။

“ငါ အခုပဲ တိုက်ပွဲနိုင်ငံကိုသွားပြီး အတူတကွ ထွက်ခွာဖို့အတွက် ကျင့်ကြံသူတွေကို တတ်နိုင်သလောက်များများ စုစည်းလိုက်မယ်”

အင်မော်တယ်ဘုရင်မ လင်းလုံက မေးလိုက်၏။

“ငါတို့ အဆင်သင့်ဖြစ်ရင် ဘယ်နေရာမှာ စုဝေးကြမလဲ”

ဆူဇီမိုက ခဏမျှစဉ်းစားပြီး ပြောလိုက်၏။

“ကောင်းကင်ဘုံကမ္ဘာရဲ့ အပြင်ဘက်မှာ နဂါးအသူတရာချောက်နက်ကြယ် ရှိတယ်… အဲ့ဒီမှာ စုဝေးကြတာပေါ့”

“ဟုတ်ပြီလေ”

လင်းကျန့်နှင့် အခြားသူများက သဘောတူပြီး အရင်ဆုံး ထွက်ခွာသွားကြ၏။

ဖုန့်စန်းထျန်က ပြောလိုက်၏။

“ငါ အခုပဲ ထျန်ဟွမ်ဂိုဏ်းကိုသွားပြီး အတူတကွ ထွက်ခွာလိုတဲ့လူ ဘယ်လောက်များများရှိလဲ သွားကြည့်လိုက်မယ်”

“ဒီကိစ္စကို တခြားသူတွေနဲ့ လွှဲလိုက်”

ဆူဇီမိုက ပြောလိုက်၏။

“အစ်ကိုဖုန့်… ဂမ္ဘီရမိုးကောင်းကင်နန်းတော်ကို တစ်ချက်လောက် သွားကြည့်ရအောင်”

သူက ထိုစကားကို ကြားသောအခါ ဘုရင်ယွင်ယို၏ မျက်လုံးက ဝင်းလက်သွား၏။

သူသည် အစက ယနေ့မှာ သေချာပေါက် သေရတော့မည်ဟု မှတ်ယူထားလေသည်။

ယခု ဆူဇီမိုသည် သေချင်နေပြီး ဂမ္ဘီရမိုးကောင်းကင်နန်းတော်သို့ ကိုယ်တိုင်သွားရောက်လိုနေ၏။

ဘုရင်ကျင်း မသေခင်ပြောခဲ့သောစကားက အလုပ်ဖြစ်လာပုံရလေသည်။

သို့သော်လည်း ပြန်လည်စဉ်းစားရင်း အမျိုးမျိုးသော ကမ္ဘာများမှ ဧကရာဇ်ပညာရှင်များက ထွက်ခွာသွားခဲ့ပြီကို ဘုရင်ယွင်ယိုက နားလည်သိရှိလိုက်၏။ ဆူဇီမိုတို့ အုပ်စုကြားမှာ အသန်မာဆုံးသူများက လင်းကျန့်၊ ယက္ခဘုရင်အကြောက်တရားနှင့် ဧကရာဇ်တစ်ပိုင်းတချို့သာ ဖြစ်လေသည်။

သူက ဖုန့်စန်းထျန်တို့ အုပ်စုမျှနှင့် ဂမ္ဘီရမိုးကောင်းကင်နန်းတော်သို့ သွားရောက်ရဲသည်ဆိုမှတော့ သူ့မှာ တခြားနောက်ချန်အစီအစဉ်တွေများ ရှိနေမလား။

ဆူဇီမိုသည် အင်မော်တယ်ဧကရာဇ် ဂမ္ဘီရမိုးကောင်းကင်နှင့် စာရင်းရှင်းဖို့အတွက် ဂမ္ဘီရမိုးကောင်းကင်နန်းတော်သို့ သူ့ကိုခေါ်ယူသွားလိုကြောင်း ဖုန့်စန်းထျန်က သိလေသည်။

“အဲ့ဒီကိုသွားရင် ပြဿနာရှိမှာလား”

ဖုန့်စန်းထျန်က မေးလိုက်၏။

“အဆင်ပြေပါတယ်”

ဆူဇီမိုက ညင်သာစွာ ပြုံးပြလိုက်၏။

သူသည် အင်မော်တယ်ဧကရာဇ် ဂမ္ဘီရမိုးကောင်းကင်အတွက်သာ ဂမ္ဘီရမိုးကောင်းကင်နန်းတော်သို့ သွားရောက်မည် မဟုတ်ပေ။ ထိုနေရာမှာ သူကိုင်တွယ်ရမည့် လူတချို့လည်း ရှိနေလေသည်။

မထွက်ခွာခင် ဆူဇီမိုက ယန်လောရှုနှင့် တက္ကသိုလ်မှ တခြားသော တပည့်များကို ကြည့်လိုက်၏။

“အစ်ကိုယန်၊ တာအိုရောင်းရင်း မိုချင်… ခင်ဗျားတို့တွေရော ကမ္ဘာသစ်ကို ကျုပ်နဲ့ မလိုက်ချင်ကြဘူးလား… ကျုပ်တို့တွေ အဲ့ဒီမှာ တက္ကသိုလ်ကို တည်ထောင်ပြီး တက္ကသိုလ်ရဲ့ဓမ္မတာအိုကို ဆက်ပြီးသင်ကြားပေးလို့ရတယ်”

“ဘယ်လို…”

ယန်လောရှုက တွေးဝေတုံ့ဆိုင်းနေ၏။

သူသည် လက်ရှိတက္ကသိုလ်၏ ဂိုဏ်းချုပ်ဖြစ်သော်လည်း ဤကိစ္စသည် တက္ကသိုလ်မှလူတိုင်းနှင့် ပတ်သက်နေပြီး လောလောဆယ်မှာ သူဘာသာသူ ဆုံးဖြတ်ချက်မချနိုင်ပေ။

“ရတယ်လေ”

တွေးဝေတုံ့ဆိုင်းခြင်း မရှိသလောက်နီးပါးဖြင့် မိုချင်က သဘောတူစွာ ခေါင်းညိတ်လိုက်၏။

ဆူဇီမိုက မှင်တက်သွားသည်။

မိုချင်က ချက်ချင်းပင် သဘောတူလိမ့်မည်ဟု သူက ထင်မှတ်မထားခဲ့ပေ။

ကမ္ဘာသစ်မှာ ဘာမှန်းမသိရသော အရာများစွာ ရှိနေ၏။

သူ့ကို အကြွင်းမဲ့ယုံကြည်ထားသောသူများသာလျှင် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သဘောတူလက်ခံပေလိမ့်မည်။

ယန်လောရှုက ခဏမျှစဉ်းစားပြီး ခေါင်းညိတ်ကာ ပြောလိုက်၏။

“ဟုတ်ပြီ ညီအစ်ကိုဆူ… တခြားသူတွေ ငါတို့နဲ့ လိုက်လိုသလားဆိုတာ ငါ တက္ကသိုလ်က တပည့်ဂိုဏ်းသားတွေကို သွားပြန်မေးကြည့်လိုက်ဦးမယ်…. ငါ ပြီးရင် သူတို့ကို မင်းဆီခေါ်လာခဲ့မယ်”

ဆူဇီမိုက ခဏမျှစဉ်းစားပြီးနောက် ယွင်ကျူးကို ကြည့်လိုက်၏။

သူစကားမပြောရသေးခင် ယွင်ကျူးက သူမ၏ ခေါင်းကို ခါယမ်းပြီး ခါးသီးစွာ ပြုံးလိုက်၏။

“ငါ ကမ္ဘာသစ်ကို တစ်ချက်လောက် လိုက်ကြည့်ချင်တယ်… ဒါပေမဲ့ ငါ့အဖေအကြောင်းကို ငါသိတယ်… သူက ရှင်ပြောတဲ့ကိစ္စကြောင့်နဲ့ တိုင်းပြည်တစ်ခုလုံးကို ရွှေ့ပြောင်းမှာ မဟုတ်ဘူး”

ဆူဇီမိုက ခေါင်းညိတ်လိုက်၏။

သူက ယွင်ကျူး၏ စကားကို နားလည်လေသည်။

ကျိရွှမ်အင်မော်တယ်နိုင်ငံကို ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှာ နှစ်ပေါင်းများစွာကြာအောင် တည်ထောင်ထားပြီး နက်ရှိုင်းသော အခြေခံအုတ်မြစ်တစ်ခု ရှိနေ၏။ အရင်းအမြစ်များနှင့် အခြေခံအုတ်မြစ်များ အားလုံးနီးပါးက ထိုနေရာမှာ ရှိနေ၏။

လင်းကျန့်နှင့် ထျန်ဟွမ်ကုန်းမြေတိုက်မှ အခြားသော မိတ်ဆွေဟောင်းများက လွဲလျှင် သူ့ထံမှ စကားတချို့မျှနှင့် ဘယ်သူက အိုးပစ်အိမ်ပစ် ထွက်ခွာလိုမှာလဲ။

“ကောင်းကင်ဘုံကမ္ဘာမှာ တစ်ခုခုဖြစ်လာတော့မှာလား”

ယွင်ကျူးက ဆူဇီမိုကိုကြည့်ပြီး ညင်သာစွာ မေးလိုက်၏။

ဆူဇီမိုက များစွာရှင်းပြခြင်း မရှိလျှင်တောင် ယွင်ကျူး အကြမ်းဖျင်းခန့်မှန်းမိနိုင်သော ကိစ္စတချို့ ရှိနေလေသည်။

ဆူဇီမိုသည် ဤမျှအထိ လူများစွာကို စုစည်းပြီး ကောင်းကင်ဘုံကမ္ဘာမှာ ကပ်ဘေးတစ်ခု ကျရောက်လာနိုင်သည်ဟုပင် ဆိုထားသည့်အတွက် ထိုစကားက အပိုချဲ့ကားပြောဆိုခြင်း သေချာပေါက် မဟုတ်လောက်ပေ။

သို့သော်လည်း သူမသည် ဤကဲ့သို့သော အကျပ်အတည်း၏ အရင်းအမြစ်နှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်းမသိရပေ။

“ဖြစ်ဖို့များတယ်”

ဆူဇီမိုက တည်တံ့သော အမူအရာဖြင့် ခေါင်းညိတ်လိုက်၏။

“တကယ်ပဲ တစ်ခုခုဖြစ်လာမယ်ဆိုရင် ငါ အဲ့ဒါကိုတားဖို့ အတတ်နိုင်ဆုံး ကြိုးစားမှာ… ဒါပေမဲ့ ရလဒ်က ဘာဖြစ်လာမယ်ဆိုတာကို ငါသေချာမပြောနိုင်ဘူး”

“ရောင်းရင်းဆူ ကျေးဇူးတင်ပါတယ်”

ယွင်ကျူးက လက်နှစ်ဖက်ကိုယှက်ပြီး လွတ်လပ်ပေါ့ပါးသော အမူအရာဖြင့် ပြုံးပြလိုက်၏။

“ငါကသာ မင်းကို ကျေးဇူးတင်ရမှာပါ”

ဆူဇီမိုက တည်တံ့သော အမူအရာဖြင့် ပြောလိုက်၏။

“ဒီနှစ်တွေထဲ ထောင်ယောင်နဲ့ လျှိုဖျင်ကို ဂရုစိုက်ပေးပြီး ရှောင်းနင်ကို တိတ်တဆိတ် ကာကွယ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်… အဲ့ဒါကြောင့်ပဲ ငါ့ညီမနဲ့ငါ ပြန်လည်ဆုံစည်းနိုင်ခဲ့တာ”

ဆူရှောင်းနင်ကလည်း ရှေ့သို့လျှောက်လှမ်းလာပြီး ယွင်ကျူးကို ကျေးဇူးတင်စွာဖြင့် ဦးညွှတ်လိုက်၏။

“ငါတို့တွေ တစ်ယောက်နဲ့တစ်ယောက် ဒီလိုမျိုး ကျေးဇူးတင်နေမယ်ဆိုရင် နည်းနည်းစိမ်းသလို ဖြစ်နေလိမ့်မယ်”

ယွင်ကျူးက ပြုံးပြလိုက်၏။

“နင် ကမ္ဘာသစ်ရှာပြီးရင်သာ ငါ့ကိုပြောဖို့မမေ့နဲ့… နင်ဖန်တီးတဲ့ကမ္ဘာကို ငါလည်း တစ်ချက်လိုက်ကြည့်မယ်”

“ဒါပေါ့”

ဆူဇီမိုက ပြောလိုက်၏။

ယွင်ကျူးက သူ၏ လက်ဖဝါးကိုမြှောက်ပြီး ဆူဇီမိုကို ပြုံး၍ကြည့်နေ၏။

ဆူဇီမိုက နားလည်သွားပြီး သူ့လက်ဖဝါးကို မြှောက်ကာ ယွင်ကျူးကို ညင်သာစွာ ရိုက်လိုက်၏။

သူတို့နှစ်ယောက်က အကြည့်ချင်းဖလှယ်ပြီး ပြုံးလိုက်ကြ၏။

All Chapters