← Chapters

စိုးရိမ်ပူပန်စရာများ

Vol. 209 Ch. 3135

စိုးရိမ်ပူပန်စရာများ

Vol. 209 Ch. 3135

ဂမ္ဘီရမိုးကောင်းကင် နန်းတော်မှာ…

လူတစ်ယောက်က ပျာပျာသလဲ အမူအရာဖြင့် ပြေးလွှားလာနေ၏။ သူက ခန်းမ၏ အပြင်ဘက်မှာ စောင့်ကြပ်နေသော အင်မော်တယ်ဧကရာဇ်သုံးဦးကို တွေ့မြင်သောအခါ မှင်တက်သွားလေသည်။

“ဆရာ… မဟာကျင်းနဲ့ ယန်ယန်းမှာ ကိစ္စကြီးတစ်ခု ဖြစ်ပွားနေပြီ”

ထိုလူ၏ လေသံက စိတ်မရှည်နိုင်မှုနှင့် စိုးရိမ်ပူပန်မှုဖြင့် ပြည့်နှက်နေ၏။

“မင်း ဘာတွေကြောက်နေတာလဲ”

အင်မော်တယ်ဧကရာဇ် ဂမ္ဘီရမိုးကောင်းကင်က မျက်မှောင်အနည်းငယ်ကြုတ်ပြီး သူ့ကိုတစ်ချက်ကြည့်ကာ အော်ငေါက်လိုက်၏။

ထိုသူက စိတ်ထဲကနေ ညည်းတွားရေရွတ်လိုက်၏။

တက္ကသိုလ်ဂိုဏ်းချုပ်ကလွဲလျှင် အရင်တုန်းက ဆူဇီမိုကို ဝိုင်းပတ်ပိတ်ဆို့ခဲ့သော အင်မော်တယ်ဘုရင်တချို့က ပျောက်ကွယ်သွားကြပြီး သူတို့က သေသလား၊ ရှင်သလား မသိရပေ။

ဘုရင်ကျင်းနှင့် အင်မော်တယ်ဘုရင် ယန်ယန်းက သေဆုံးသွားပြီဖြစ်၏။ ဘုရင်ယွင်ယို၏ ဦးခေါင်းသည် ခုတ်ဖြတ်ခံထားရပြီး သူက အချိန်မရွေး သေဆုံးသွားနိုင်သည်ဟု ဆိုလေသည်။

ဤတစ်ခေါက် ကောင်းကင်ဘုံကမ္ဘာသို့ ဆူဇီမို၏ ပြန်လည်ရောက်ရှိလာမှုက လက်စားချေဖို့အတွက်ဆိုသည်မှာ သိသာနေ၏။

သို့သော်လည်း ယခု သူတစ်ယောက်တည်းသာလျှင် ကျန်တော့လေသည်။

အင်မော်တယ်ဘုရင် ချင်းယန်က ဘယ်လိုလုပ် မထိတ်လန့်ဘဲ နေပါ့မလဲ။

တကယ်တော့ ဤကဲ့သို့သော အကြောင်းပြချက်တစ်ခုကို ပေးဖို့က ခဲယဉ်းလေသည်။

အင်မော်တယ်ဘုရင် ချင်းယန်က ပြောလိုက်၏။

“ဆရာ… ဖုန့်စန်းထျန်မှာ မကောင်းတဲ့ရည်ရွယ်ချက်တွေ ရှိနေတယ်… သူက အရင်တုန်းက ကိစ္စအတွက် လက်စားချေလိုတယ်ဆိုတာ သိသာနေတယ်”

“သူက ဘုရင်ကျင်းနဲ့ ဘုရင်ထျန်ရှင်းကို သတ်ရတာ အားမရသေးဘူးလို့ ကျုပ်ကြားတယ်… သူက ခင်ဗျားကိုပါ လက်စားချေချင်နေတာဖြစ်မယ်”

“ဟမ့်…”

အင်မော်တယ်ဧကရာဇ် ဂမ္ဘီရမိုးကောင်းကင်က လှောင်ရယ်လိုက်၏။

“သူက ဂမ္ဘီရမိုးကောင်းကင်နန်းတော်ကို ရောက်လာရဲမယ်ဆိုရင် သက်သက်အသေလာခံတာပဲ ဖြစ်လိမ့်မယ်”

“ဒါပေမဲ့ မဟာကျင်းအင်မော်တယ်နိုင်ငံနဲ့ ယန်ယန်းအင်မော်တယ်နိုင်ငံက... သူတို့က…”

အင်မော်တယ်ဘုရင် ချင်းယန်က တွေဝေတုံ့ဆိုင်းစွာဖြင့် ပြောလိုက်၏။

“ဘာမှမဖြစ်ဘူး”

အင်မော်တယ်ဧကရာဇ် ဂမ္ဘီရမိုးကောင်းကင်က ဂရုမစိုက်သော အမူအရာဖြင့် လက်ကာပြလိုက်၏။

“အခု အလယ်အလတ်ကမ္ဘာ့တစ်ထောင်လောကက ဝရုန်းသုန်းကား ဖြစ်နေပြီ… ကောင်းကင်ဘုံကမ္ဘာရဲ့ တည်ဆောက်ပုံကလည်း သိသိသာသာ ပြောင်းလဲသွားလိမ့်မယ်… ဒီလိုမျိုး အင်မော်တယ်နိုင်ငံတွေရဲ့ ကျဆင်းမှု၊ ဖျက်ဆီးခံရမှုက ဘာမှပြောပလောက်စရာ မဟုတ်ဘူး”

သူရှိနေသရွေ့ နောက်ထပ် မဟာကျင်းအင်မော်တယ်နိုင်ငံကို အချိန်မရွေး ပြန်လည်တည်ထောင်နိုင်လေသည်။

ဂမ္ဘီရမိုးကောင်းကင် ခန်းမထဲမှာ…

လူနှစ်ယောက်က တုတ်ဆွဲဓားဆွဲအခြေအနေဖြင့် တစ်ယောက်ကိုတစ်ယောက် မျက်နှာချင်းဆိုင်ပြီး ရှောင်တိမ်းခြင်းမရှိဘဲ သူတို့၏ အကြည့်များက လေထဲမှာ ပွတ်တိုက်နေ၏။

ခန်းမသည် ကြမ်းကြုတ်ခက်ထန်သော အော်ရာဖြင့် ပြည့်နှက်နေပြီး အလွန်တရာ သိပ်သည်းလေးလံနေ၏။

ဤလောကမှာ သိုင်းတာအိုပင်မခန္ဓာ၏ ဖိအားနှင့် ရင်ဆိုင်ရချိန်မှာ အကြောက်အလန့်မရှိဘဲ ရပ်တည်နိုင်သောသူ များစွာမရှိပေ။

တစ်ချိန်တည်းမှာပင် ရှေးဟောင်းခေတ်အဆက်ဆက်ကတည်းက တမလွန်ဘုံကို ထိန်းချုပ်ထားသော မဟာဧကရာဇ် ဖုန့်တူနှင့် ထိပ်တိုက်ရင်ဆိုင်ရဲသောလူ များစွာမရှိပေ။

သိုင်းတာအိုပင်မခန္ဓာ၏ စကားလုံးများသည် ဖုန့်တူက အစစ်အမှန်မဟာဧကရာဇ်တစ်ပါး မဟုတ်ဟု ထောက်ပြလိုက်ရုံသာမက သူသည် သည်ဘက်မျိုးဆက်မှာ သူ၏ အကောက်ကြံမှုများကိုပါ ထွင်းဖောက်မြင်ခဲ့လေသည်။

သူတို့နှစ်ယောက်က အချိန်မရွေး တိုက်ခိုက်နိုင်ကြသည်။

သို့သော်လည်း တစ်ချိန်တည်းမှာပင် သူတို့မှာ ကိုယ့်စီငဲ့ကွက်ထိန်ချန်စရာများ ရှိနေကြ၏။

သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ထိပ်တိုက်ရင်ဆိုင်နေရင်း သူတို့၏ စိတ်ထဲမှာ အကျိုးအပြစ်များကို ချိန်ဆနေကြ၏။

တကယ်တော့ သိုင်းတာအိုပင်မခန္ဓာသည် ဤအခိုက်အတန့်မှာ မဟာဧကရာဇ် ကောင်းကင်ဘုံသင်္ချိုင်းနှင့် တိုက်ခိုက်ဖို့ စိတ်ကူးမရှိသေးပေ။

တစ်ဖက်မှာတော့ အင်မော်တယ်ဧကရာဇ် အရုဏ်ဆည်းဆာသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို ကယ်တင်ပေးခဲ့ဖူးလေသည်။

အရင်တုန်းက အင်မော်တယ်ဧကရာဇ် အရုဏ်ဆည်းဆာသည် ဧကရာဇ်ဂူသင်္ချိုင်းကို ထိန်းချုပ်ကာ ရုတ်တရက်ပေါ်ထွက်လာခြင်း မရှိခဲ့လျှင် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက တက္ကသိုလ်ဂိုဏ်းချုပ်၏ သတ်ဖြတ်ခြင်းကို ခံရလိမ့်မည်ဖြစ်ပြီး ဖန်တီးခြင်းကြာပဒုမ္မာကလည်း တက္ကသိုလ်ဂိုဏ်းချုပ်၏ လက်ထဲသို့ ကျဆင်းသွားပေလိမ့်မည်။

ထိုအချိန်တုန်းက အင်မော်တယ်ဧကရာဇ် အရုဏ်ဆည်းဆာက ပြန်လည်ရှင်သန်လာခဲ့၏။

တစ်နည်းအားဖြင့်ဆိုသော် မဟာဧကရာဇ် ဖုန့်တူ၏ အသိစိတ်က သူ၏ ခန္ဓာကိုယ်ထဲမှာ စတင်နိုးထလာနေခဲ့၏။

တက္ကသိုလ်ဂိုဏ်းချုပ်သည် ကောင်းကင်ဘုံလျှို့ဝှက်ချက်များကို ထွင်းဖောက်မြင်ပြီး ဟာကွက်မဲ့သော တွက်ချက်မှုများကို ပြုလုပ်နိုင်လေသည်။ သို့သော်လည်း သူသည် အဲဒါက မဟာဧကရာဇ်ဖုန့်တူဖြစ်သည်ဆိုတာကို ကောက်ချက်မချနိုင်ခဲ့ပေ။ ထို့ကြောင့်ပင် ဤကဲ့သို့သော ကြီးမားသည့်အပြောင်းအလဲတစ်ခု ဖြစ်ပွားလာခဲ့ခြင်းပင်။

တစ်ခြားတစ်ဖက်မှာတော့ ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲကို ယခုအချိန်ထိ မစတင်ရသေးပေ။

သူက မဟာဧကရာဇ် ဖုန့်တူနှင့် ယခုအချိန်မှာ တိုက်ခိုက်မည်ဆိုလျှင် အချိန်မတန်သေးပေ။

မည်သူအနိုင်ရရှိသည်ဖြစ်စေ ရှုံးသည်ဖြစ်စေ အဲဒါသည် ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲအတွက် အကျိုးရှိလိမ့်မည် မဟုတ်ပေ။

အရေးကြီးဆုံးမှာ ယခုအချိန်တွင် ကောင်းကင်ဘုံကမ္ဘာမှာ ရှိနေသူများသည် မဟာဧကရာဇ်ဖုန့်တူ ခွဲထုတ်ထားသည့် အလောင်းသုံးလောင်းသာ ဖြစ်လေသည်။

သူ၏ ပင်မခန္ဓာက တစ်ချိန်လုံး ပေါ်ထွက်မလာခဲ့ပေ။

သို့သော်လည်း အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာ၊ လင်းကျန့်၊ ဖုန့်စန်းထျန်နှင့် ထျန်ဟွမ်ကုန်းမြေတိုက်မှ သူ၏မိတ်ဆွေဟောင်းများက ယခု အင်မော်တယ်မဟာနယ်မြေမှာ ရောက်ရှိနေ၏။

သိုင်းတာအိုပင်မခန္ဓာသည် အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာ၊ ဧကရာဇ် ပိုရွှင်းနှင့် မိစ္ဆာဧကရာဇ် ကမ္ဘာဖျက်ကပ်ဘေးတို့ကို ကြောက်ခမန်းလိလိ နည်းလမ်းများနှင့်အတူ ဖိနှိမ်နိုင်မည်ဆိုလျှင်တောင် မဟာဧကရာဇ် ဖုန့်တူ၏ ပင်မခန္ဓာက ဝင်ရောက်တိုက်ခိုက်ပြီး အလောင်းသုံးလောင်း၏ ကြောက်မက်ဖွယ်ရာကောင်းမှုနှင့် ပေါင်းစည်းလိုက်ပါက သိုင်းတာအိုပင်မခန္ဓာက လူတိုင်းကို ကာကွယ်ပေးနိုင်တော့မည် မဟုတ်ပေ။

ဖုန့်တူမှာ မဟာဧကရာဇ်ခန္ဓာ မရှိလျှင်တောင် သူ့မှာ မဟာဧကရာဇ်တစ်ပါး၏ အမြုတေစိတ်ဝိညာဉ် ရှိနေ၏။

ဤသည်ကား ကိုင်တွယ်ရအခက်ခဲဆုံးအပိုင်း ဖြစ်လေသည်။

အမြုတေသိုင်းလောကကို အသုံးပြုခြင်းမရှိလျှင် သိုင်းတာအိုပင်မခန္ဓာပင် အာရုံစိုက်ကာ သတိကပ်ထားရပေလိမ့်မည်။

ဒါ့အပြင် သူတို့နှစ်ယောက် တိုက်ခိုက်သည်နှင့် ဤနေရာမှာရှိသော ရုတ်ရုတ်သဲသဲ အခြေအနေက ကောင်းကင်ဘုံခုံရုံးနှင့် အခြားသော တာအိုလေးခုကို သေချာပေါက် သတိထားမိသွားစေပေလိမ့်မည်။

ကောင်းကင်ဘုံခုံရုံးသည် သေချာပေါက် ဘာမှမလုပ်ဘဲ ရပ်ကြည့်နေပေလိမ့်မည်။

သို့သော်လည်း တာအိုလေးခုမှ ဟိုလူသုံးယောက်က ဘယ်လိုစဉ်းစားကြမလဲ။

အဝီစိမှာ ဖိနှိမ်ခံထားရသည့် ငရဲအရှင်ကလွဲလျှင် ဆာလောင်တစ္ဆေတာအို၊ တောကောင်တာအိုနှင့် အဆူရာတာအိုတို့သည် တမလွန်ဘုံနှင့် အရမ်းကို ရင်းရင်းနှီးနှီး ပတ်သက်ဆက်စပ်မှု ရှိနေ၏။

သူတို့သည် ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲတိုင်းမှာ အတူပူးပေါင်းခဲ့ကြသူများ ဖြစ်လေသည်။

ဗြဟ္မာမိခင်၊ ဆိုးယုတ်ဧကရီနှင့် မိစ္ဆာအရှင်တို့အနေဖြင့် သူ့ဘက်မှာ ရပ်တည်ပေးဖို့က မဖြစ်နိုင်ပေ။

သူတို့သုံးယောက်က ဘေးကနေ စောင့်ကြည့်နေမည်ဆိုလျှင်တောင် အကောင်းဆုံးအနေအထား ဖြစ်နေလေပြီ။

သူတို့သုံးယောက်ထဲမှ တစ်ယောက်ယောက်က ဖုန့်တူဘက်မှာ ရပ်တည်ပေးလာမည်ဆိုလျှင် အခြေအနေက ထိန်းချုပ်မှုအောက်ကနေ ချက်ချင်းလွတ်ထွက်သွားပေလိမ့်မည်။

သူတို့နှစ်ယောက်က မည်သည့်စကားမှမဆိုဘဲ ဤကဲ့သို့ပင် တစ်ယောက်နှင့်တစ်ယောက် အတန်ကြာသည်အထိ မျက်နှာချင်းဆိုင်ရပ်နေကြ၏။

သို့သော်လည်း သူတို့၏ အတွေးများက လျင်မြန်စွာ လှည့်ပတ်နေကြသည်။

လွန်ခဲ့သည့်အချိန်များတုန်းက သိုင်းတာအိုပင်မခန္ဓာသည် သူက တမလွန်ဘုံ၏ အရှင်နှင့် ဆုံတွေ့ခွင့်ရမည်ဆိုလျှင် ဆူဟုန်၊ ယောင်ရွှယ်နှင့် သူ့မိတ်ဆွေဟောင်းများ၏ ဝိညာဉ်များ ရောက်ရှိနေသည့်နေရာနှင့်ပတ်သက်၍ မေးမြန်းမည်ဟု တွေးထားခဲ့လေသည်။

သို့သော်လည်း ဖုန့်တူ၏ နည်းလမ်းများကို မြင်တွေ့ရပြီးနောက် သူက ထိုအတွေးများကို ဘေးဖယ်ထားလိုက်လေသည်။

သူက ထိုသူများအကြောင်း မေးမြန်းမည်ဆိုလျှင် ဖုန့်တူထံ သူ၏ အားနည်းချက်ကို ထုတ်ဖော်ပြသရာပင် ရောက်သွားပေလိမ့်မည်။

တကယ်တော့ ထိုအရာများသည် သိုင်းတာအိုပင်မခန္ဓာ၏ စိတ်ထဲမှာ ပေါ်ထွက်လာသော အတွေးများသာဖြစ်၏။

ဖုန့်တူက ထိုအခိုက်အတန့်မှာ တကယ်တမ်း တိုက်ခိုက်ချင်သည်ဆိုလျှင် သူက အသေအကြေတိုက်ခိုက်ဖို့ ကြိုတင်ပြင်ဆင်ထားပေလိမ့်မည်။

“ဟီးဟီးဟီး...”

အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာက ရုတ်တရက် ရယ်မောလိုက်၏။

ထိုရယ်သံက သူတို့နှစ်ယောက်ကြား သတ်ဖြတ်လိုစိတ်ကို သိသိသာသာ လျော့ကျသွားစေ၏။

“ငါတို့နှစ်ယောက်ကြားမှာ ဒီလိုမျိုးလုပ်စရာမလိုပါဘူး… မင်းရော ဘယ်လိုထင်လဲ”

အံ့အားသင့်ဖို့ကောင်းစွာပင် အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာက အလျှော့ပေးပြီး အပြုံးနှင့်အတူ မေးလိုက်၏။

သိုင်းတာအိုပင်မခန္ဓာ၏ အကြည့်က တည်ငြိမ်နေပြီး ကန့်ကွက်ခြင်းမရှိပေ။

တကယ်တော့ သိုင်းတာအိုပင်မခန္ဓာက သတိထားနေသော်လည်း မဟာဧကရာဇ် ဖုန့်တူကလည်း သူ့ကို အတော်လေး စိုးရိမ်ပူပန်နေ၏။

သူက သူ့အသက်အန္တရာယ် ကျရောက်မည်ကို စိုးရိမ်နေခြင်း မဟုတ်ပေ။

သိုင်းတာအိုပင်မခန္ဓာအနေဖြင့် သူ့ကိုသတ်ဖြတ်ဖို့က မဖြစ်နိုင်ပေ။

သို့သော်လည်း သူ ခွဲထုတ်ထားသည့် အလောင်းသုံးလောင်းသည် သိုင်းတာအိုပင်မခန္ဓာ၏ ဖျက်ဆီးခြင်းခံရပြီး သူ၏ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်မှုများက အချည်းနှီးဖြစ်သွားမည်ကို ကောင်းကင်ဘုံသင်္ချိုင်းက စိုးရိမ်နေခြင်းဖြစ်၏။

သည်ဘက်မျိုးဆက်မှာ သူခွဲထုတ်ထားသော အလောင်းသုံးလောင်းသည် အထွတ်အထိပ်ဧကရာဇ်နယ်ပယ်အထိ ကျင့်ကြံထားကြပြီဖြစ်၏။ ဤနှစ်များအားလုံးမှာ များပြားလှစွာသော သေဆုံးဝိညာဉ်များ၏ ယဇ်ပူဇော်မှုနှင့်အတူ သူက သူ၏ နောက်ဆုံးအစီအစဉ်ကို အကောင်အထည်ဖော်ဖို့ ခြေတစ်လှမ်းသာ လိုတော့လေသည်။

သူ့အနေဖြင့် အစစ်အမှန်မဟာဧကရာဇ်တစ်ပါး ဖြစ်လာဖို့က မလွယ်ကူပေ။

သိုင်းတာအိုပင်မခန္ဓာ ပြောသည်မှာ မှန်လေသည်။ သူ့မှာ ကိုယ်ကာယခန္ဓာတစ်ခု မရှိပေ။

သူက မဟာဧကရာဇ်တစ်ပါး ဖြစ်လာချင်သည်ဆိုလျှင် သူက အခြားသော လမ်းကြောင်းတစ်ခုကိုသာ ရွေးချယ်နိုင်လေသည်။

သူ့မှာ မဟာဧကရာဇ်အမြုတေစိတ်ဝိညာဉ်တစ်ခုရှိပြီး သူက မဟာဧကရာဇ်ခန္ဓာတစ်ခုကို ရှာတွေ့နိုင်သည်နှင့် ထိုနှစ်ခုကို ပေါင်းစည်းကာ အစစ်အမှန်မဟာဧကရာဇ်တစ်ပါး ချက်ချင်းဖြစ်လာလိမ့်မည်ဟု မဆိုလိုပေ။

ကိစ္စများက ထိုမျှလောက် မရိုးရှင်းပေ။

ထိုသို့ဆိုလျှင် သူ့ကိုယ်သူ အလောင်းသုံးလောင်းအဖြစ် ခွဲထုတ်ပြီး မဟာဧကရာဇ် ဂူသင်္ချိုင်းများနှင့်အတူ သူတို့ကို ပြန်လည်အသက်သွင်းရအောင် ကြိုးစားပမ်းစား အားထုတ်နေခဲ့စရာ လိုလိမ့်မည် မဟုတ်ပေ။

မဟာဧကရာဇ်ခန္ဓာတစ်ခုနှင့်ပင် အသားနှင့်သွေးတစ်စက်ချင်းစီမှာ ထိုမဟာဧကရာဇ်၏ ဓမ္မတာအို ပါဝင်နေရမည်ဖြစ်၏။ မဟုတ်ပါက အမြုတေစိတ်ဝိညာဉ်သည် ထိုခန္ဓာနှင့် ပြီးပြည့်စုံစွာ ကိုက်ညီမှုရှိလိမ့်မည် မဟုတ်ပေ။

အမြုတေစိတ်ဝိညာဉ်၊ ကိုယ်ကာယခန္ဓာနှင့် မျိုးဆက်သွေးကြားမှာ ပဋိပက္ခတစ်ခုခု ရှိလာသည်နှင့်အမျှ ဓမ္မတာအိုက ပြီးပြည့်စုံမှု ရှိနိုင်တော့မည် မဟုတ်ပေ။

သူကလည်း အစစ်အမှန်မဟာဧကရာဇ်တစ်ပါး ဖြစ်လာတော့မည် မဟုတ်ပေ။

သူ၏ ကောင်းမွန်၊ ဆိုးယုတ်နှင့် အတ္တအလောင်းများက မဟာဧကရာဇ်များဖြစ်လာပြီး အထူးတကွပေါင်းစည်းမှသာ သူက ပြီးပြည့်စုံသော ပေါင်းစပ်မှုတစ်ခုကို ရရှိနိုင်မည် ဖြစ်လေသည်။

ကောင်းမွန်၊ ဆိုးယုတ်နှင့် အတ္တအလောင်းများက သူ့ကိုယ်တိုင်ပင် ဖြစ်သောကြောင့်ပင်။

ထိုဖြစ်စဉ်တစ်ခုလုံးက ဖြတ်တောက်ထားသော ကိုယ်လက်အင်္ဂါများကို ပြန်ဆက်ခြင်းနှင့် တူပေမည်။

“ငါတို့တွေက ဒီအဆင့်အထိ ကျင့်ကြံခဲ့ကြပြီးပြီပဲ… ငါတို့ရဲ့နေရာကနေ အပြင်ဘက်မှာရှိတဲ့ အဲဒီသက်ရှိတွေကို ကြည့်လိုက်”

အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာက အပြင်ဘက်ကို လက်ညှိုးထိုးပြီး သူ၏ အကြည့်က ကောင်းကင်ဘုံကမ္ဘာတစ်ခုလုံးကို ဖုံးလွှမ်းသွားပုံရ၏။

“တကယ်တော့ ငါတို့ရဲ့မျက်လုံးထဲမှာ သူတို့တွေက ပုရွက်ဆိတ်တွေပဲ… မင်းအနေနဲ့ သူတို့ကို ဂရုစိုက်နေစရာမလိုဘူး”

“ခန်းမရဲ့ အပြင်ဘက်မှာ ရပ်နေတဲ့ လူတချို့ကတောင် နည်းနည်း အကောင်ပိုကြီးတဲ့ ပုရွက်ဆိတ်တွေပဲ”

“အထီးကျန်သိုင်းသခင်… ငါ မင်းနဲ့ ရန်သူမဖြစ်ချင်ဘူး”

အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာက ပြုံးပြီး ပြောလိုက်၏။

“မင်းက သူတို့နဲ့ ရန်ငြိုးရန်စတချို့ ရှိထားပုံရတယ်… ငါ့ရဲ့ စိတ်ရင်းမှန်ကန်မှုကို ပြသတဲ့အနေနဲ့ ငါ မင်းဆီ သူတို့ကို လွှဲပေးမယ်… ဘယ်လိုသဘောရလဲ။”

All Chapters