← Chapters

ဂမ္ဘီရမိုးကောင်းကင်၏ သေဆုံးမှု

Vol. 209 Ch. 3136

ဂမ္ဘီရမိုးကောင်းကင်၏ သေဆုံးမှု

Vol. 209 Ch. 3136

အပြင်ဘက်မှာ စောင့်ကြပ်နေသော လူလေးယောက်ထဲမှ သုံးယောက်က ဧကရာဇ်ပညာရှင်များ ဖြစ်ကြသည်။

သို့သော်လည်း မဟာဧကရာဇ် ကောင်းကင်ဘုံသင်္ချိုင်း၏ မျက်လုံးထဲမှာ ထိုဧကရာဇ်ပညာရှင်များသည် အနည်းငယ် အကောင်ပိုကြီးသော ပုရွက်ဆိတ်များသာ ဖြစ်လေသည်။

ဧကရာဇ်သုံးဦးသည် သူ့ထံမှာ အညံ့ခံထားခဲ့ပြီးဖြစ်လျှင်တောင် အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာသည် သူတို့၏ အသက်များကို ဂရုစိုက်ခြင်းမရှိဘဲ သူတို့ကို သိုင်းတာအိုပင်မခန္ဓာထံ သာမန်ကာလျှံကာ လွှဲပေးနိုင်လေသည်။

တကယ်တော့ အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာက သူတို့ကို လွှဲပေးသည်ဖြစ်စေ၊ မလွှဲပေးသည်ဖြစ်စေ သိုင်းတာအိုပင်မခန္ဓာက သူတို့ကို သေချာပေါက် သတ်ဖြတ်ပေလိမ့်မည်။

အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာ၏ အပြုအမူက အခန့်သင့် မျက်နှာသာရယူလိုက်ခြင်းထက် မပိုပေ။

“မင်းတို့တွေ ဝင်လာခဲ့ကြ”

သိုင်းတာအိုပင်မခန္ဓာက မပြောရသေးခင် အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာက အသံကိုမြှင့်ကာ လှမ်းပြောလိုက်၏။

ဂမ္ဘီရမိုးကောင်းကင်ခန်းမ အပြင်ဘက်မှာ...

အင်မော်တယ်ဧကရာဇ် ဂမ္ဘီရမိုးကောင်းကင်၊ အင်မော်တယ်ဧကရာဇ် နတ်ဆေးမိုးကောင်းကင်နှင့် အင်မော်တယ်ဧကရာဇ် အဖြူရောင်မိုးကောင်းကင်တို့သည် အတန်ကြာသည်အထိ ခါးသက်စွာ စောင့်ဆိုင်းနေခဲ့ကြရ၏။ ယခု သူတို့သည် အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာ၏ အသံကို ကြားလိုက်ရပြီး သူတို့က ဝမ်းသာအားရ ဖြစ်ကာ ဂမ္ဘီရမိုးကောင်းကင်ခန်းမထဲသို့ အလောတကြီး လျှောက်လှမ်းဝင်ရောက်လာကြ၏။

အင်မော်တယ်ဘုရင်ချင်းယန်က တံတွေးကို အလျင်စလို မျိုချပြီး အင်မော်တယ်ဧကရာဇ်သုံးဦး၏ နောက်ကနေ လိုက်ပါလာ၏။

ပုံမှန်အခြေအနေမှာဆိုလျှင် သူသည် အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာနှင့် တွေ့ဆုံခွင့် လုံးဝမရှိပေ။

ယခု သူသည် ဤအခွင့်အရေးကို အသုံးချကာ အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာနှင့် သိကျွမ်းခွင့် ရနိုင်မည်ဖြစ်လေသည်။

အင်မော်တယ်ဧကရာဇ် ဂမ္ဘီရမိုးကောင်းကင်၊ အင်မော်တယ်ဧကရာဇ် အဖြူရောင်မိုးကောင်းကင်နှင့် အင်မော်တယ်ဧကရာဇ် နတ်ဆေးမိုးကောင်းကင်တို့သည် ဂမ္ဘီရမိုးကောင်းကင်ခန်းမထဲသို့ လှမ်းဝင်လာကြပြီးနောက် သူတို့က မော့ကြည့်ကာ မှင်တက်သွားကြ၏။

အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာ၏ ရှေ့တည့်တည့်မှာ ရပ်နေသောသူက ကောင်းကင်အရှင် ဆဗြဟ္မ သို့မဟုတ် မိစ္ဆာဧကရာဇ် ကမ္ဘာဖျက်ကပ်ဘေး မဟုတ်ပေ။

ထိုအစား ငွေရောင်မျက်နှာဖုံးတစ်ခု တပ်ထားသည့် ခရမ်းရောင်ဝတ်ကျင့်ကြံသူတစ်ဦး ဖြစ်လေသည်။

ဒီဝတ်စားဆင်ယင်ပုံက...

တစ်ချိန်တည်းနီးပါးမှာပင် ဧကရာဇ်သုံးဦးက လူတစ်ယောက်ကို တွေးမိသွားကြ၏။

ဧကရာဇ် အထီးကျန်သိုင်းသခင်….

အင်မော်တယ်ဧကရာဇ်သုံးဦး၏ ရင်ထဲမှာ လှုပ်ခတ်သွားလေသည်။

ဧကရာဇ်အထီးကျန်သိုင်းသခင်သည် ကောင်းကင်ဘုံကမ္ဘာသို့ အမှန်တကယ်ပင် ဆင်းသက်လာခဲ့ပြီး ခန်းမထဲမှာ အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာနှင့် ဤမျကြာသည်အထိ အတူရှိနေခဲ့လေသည်။

အင်မော်တယ်ဧကရာဇ်သုံးဦးသည် အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာနှင့် အင်မော်တယ်ဧကရာဇ် အထီးကျန်သိုင်းသခင်မှာ ကောင်းမွန်သောဆက်ဆံရေး ရှိပုံမရသည်ကို ခပ်ရေးရေး ခန့်မှန်းမိနိုင်ကြ၏။

စောစောက ခန်းမ၏ အပြင်ဘက်မှာ သူတို့ စောင့်ကြပ်နေစဉ် သူတို့သည် စိမ့်ထွက်လာသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒတချို့ကို အာရုံခံမိခဲ့လေသည်။

ထိုသို့ဆိုလေ အင်မော်တယ်ဧကရာဇ်သုံးဦးက ပို၍ပင် တည်ငြိမ်လာလေဖြစ်သည်။

ကြည့်ရသည်မှာ အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာသည် ဧကရာဇ်အထီးကျန်သိုင်းသခင်နှင့်ပင် ရင်ဘောင်တန်း ရပ်တည်နိုင်သော ကြောက်စရာကောင်းသည့် ပညာရှင်တစ်ဦး ဖြစ်နေလေသည်။

ဤအချက်သည် အရင်တုန်းက အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာထံ ချက်ချင်းပင် အညံ့ခံဖို့ ရွေးချယ်ခဲ့သော သူတို့၏ ရွေးချယ်မှုများက မှန်ကန်ခဲ့ကြောင်း သက်သေပြပေးနေ၏။

အင်မော်တယ်ဧကရာဇ် ဂမ္ဘီရမိုးကောင်းကင်က သူ့ကိုယ်သူ ကံကောင်းလှသည်ဟု တွေးလိုက်သည်။

ကံကောင်းထောက်မစွာဖြင့် သူသည် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ပြီး အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာ၏ အရိပ်အာဝါသကို ခိုလှုံခဲ့လေသည်။

မဟုတ်ပါက ဖုန့်စန်းထျန်၏ ကြောက်စရာကောင်းသော စိတ်သဘောထားနှင့် ဧကရာဇ်အထီးကျန်သိုင်းသခင်၏ ပေါ်ထွက်လာမှုအရ သူ့အနေဖြင့် ဤကပ်ဘေးကနေ ရှင်သန်နိုင်ဖို့ မလွယ်ကူပေ။

“မင်္ဂလာပါ သခင်”

အင်မော်တယ်ဧကရာဇ် ဂမ္ဘီရမိုးကောင်းကင်နှင့် အခြားနှစ်ယောက်က ရှေ့သို့တက်လှမ်းပြီး ဒူးထောက်ချလိုက်ကြ၏။

ပုံမှန်အခြေအနေအောက်မှာဆိုလျှင် ဧကရာဇ်ပညာရှင်များအနေဖြင့် သူတို့က ဒူးထောက်ဦးညွှတ်စရာ မလိုအပ်ပေ။

မဟာဧကရာဇ်ပညာရှင်များပင်လျှင် သူတို့ကို ထိုသို့ပြုလုပ်စေဖို့ မလိုအပ်ပေ။

သို့သော်လည်း ဤနှစ်များအားလုံးမှာ အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာ၏ ကြောက်စရာကောင်းသော နည်းလမ်းများအောက်မှာ အင်မော်တယ်ဧကရာဇ်များပင်လျှင် သူ့ရှေ့မှာ ဒူးထောက်ဦးညွှတ်ရလေသည်။

အင်မော်တယ်ဧကရာဇ် ချင်းယန်ကလည်း အလောတကြီး ဒူးထောက်ချလိုက်၏။

“ထကြ”

အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာက ပြုံး၍ ပြောလိုက်၏။

ဧကရာဇ်သုံးဦးနှင့် အင်မော်တယ်ဘုရင် ချင်းယန်က မတ်တတ်ထရပ်လိုက်၏။

“ဒါက ဧကရာဇ် အထီးကျန်သိုင်းသခင်ပဲ ဖြစ်ရမယ်… ဟုတ်တယ်မလား”

အင်မော်တယ်ဧကရာဇ် ဂမ္ဘီရမိုးကောင်းကင်က သိုင်းတာအိုပင်မခန္ဓာကို ကြည့်ပြီး တည်တံ့စွာဖြင့် ပြောလိုက်၏။

“ဖုန့်စန်းထျန်က ဒီလောက်ထိ အကြောက်အလန့်ကင်းမဲ့နိုင်ပြီး ငါ့ရဲ့အင်မော်တယ် မဟာနယ်မြေပိုင်နက်ထဲကို ရောက်လာပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခုကို စတင်ရဲတာ မထူးဆန်းတော့ဘူး”

“ဧကရာဇ် အထီးကျန်သိုင်းသခင်... ခင်ဗျားသိမှာ မဟုတ်သေးတဲ့ ကိစ္စတချို့ ရှိတယ်”

“အခုချိန်မှာ ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေကို တာဝန်ယူထိန်းသိမ်းနေတဲ့သူက ကျုပ်မဟုတ်ဘူး… ဂမ္ဘီရမိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေ တစ်ခုလုံးက သခင့်ရဲ့ အုပ်ချုပ်မှုအောက်မှာ စုစည်းသွားပြီ”

အင်မော်တယ်ဧကရာဇ် ဂမ္ဘီရမိုးကောင်းကင်၏ စကားလုံးများသည် သိုင်းတာအိုပင်မခန္ဓာကို မေးခွန်းထုတ်နေခြင်း ဖြစ်ပုံရသော်လည်း သူက သူ၏ ရပ်တည်ချက်ကို ဖော်ပြနေခြင်း ဖြစ်လေသည်။ တစ်ချိန်တည်းမှာပင် သူက အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာ၏ အမည်ကို ထုတ်ဖော်ပြောဆိုလိုက်၏။

သိုင်းတာအိုပင်မခန္ဓာက တစ်စုံတစ်ရာပြောဆိုခြင်းမရှိဘဲ အင်မော်တယ်ဧကရာဇ် ဂမ္ဘီရမိုးကောင်းကင်ကို လှည့်ပင် မကြည့်ပေ။

အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာက ပြုံးပြီး တစ်စုံတစ်ရာ မပြောဆိုပေ။

“ဆရာ... ဖုန့်စန်းထျန်နဲ့ တခြားသူတွေ ဒီကိုရောက်လာကြပြီ”

ထိုစဉ်မှာပင် အင်မော်တယ်ဘုရင် ချင်းယန်က ညင်သာစွာ ပြောလိုက်၏။

“ဟမ်…”

အင်မော်တယ်ဧကရာဇ် ဂမ္ဘီရမိုးကောင်းကင်နှင့် အခြားနှစ်ယောက်က သူတို့၏ စိတ်ဝိညာဉ်အသိစိတ်များကို ဖြန့်ကြက်လိုက်ပြီး ဆူဇီမိုနှင့် ဖုန့်စန်းထျန်သည် ဂမ္ဘီရမိုးကောင်းကင်နန်းတော်အထက်သို့ ရောက်ရှိလာပြီဖြစ်ကာ ခန်းမထဲသို့ လျှောက်လှမ်းဝင်ရောက်လာနေသည်ကို တွေ့မြင်လိုက်ရ၏။

အင်မော်တယ်ဧကရာဇ် ဂမ္ဘီရမိုးကောင်းကင်က ထိုသည်ကို တွေ့မြင်သောအခါ လှောင်ရယ်လိုက်၏။

ဖုန့်စန်းထျန်သည် ဤနေရာသို့ ရောက်ရှိလာရဲသည့် အကြောင်းအရင်းမှာ သူ့ကို ဧကရာဇ်အထီးကျန်သိုင်းသခင်က နောက်ခံပေးထားသောကြောင့် ဖြစ်လေသည်။

သို့သော် သူ့ကိုလည်း အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာက ကာကွယ်ပေးထားလေသည်။

ဖုန့်စန်းထျန်သည် သူ့ကို လက်စားချေလိုသည်ဆိုလျှင် သူသည် အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာထံမှ ခွင့်ပြုချက်တောင်းရပေလိမ့်မည်။

ဖုန့်စန်းထျန်က မည်သို့ပင်ဆိုစေ အင်မော်တယ်ဘုရင်တစ်ပါးသာ ဖြစ်သည်။ သူက ဧကရာဇ်အထီးကျန်သိုင်းသခင်အတွက် ဘယ်လောက်ထိ အရေးပါနိုင်မှာလဲ။

ဧကရာဇ်အထီးကျန်သိုင်းသခင်သည် အင်မော်တယ်ဘုရင်တစ်ပါးအတွက်နှင့် အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာနှင့် ဆန့်ကျင်တိုက်ခိုက်နိုင်မှာလား။

သူကတော့ အရေးပါအရာရောက်သော ဧကရာဇ်ပညာရှင်တစ်ဦး ဖြစ်လေသည်။

အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာအနေဖြင့် သူ့လိုမျိုး ထိပ်တန်းအဆင့်လက်ထောက်တစ်ဦးကို အလွယ်တကူ လက်လွှတ်ခံစရာ အကြောင်းမရှိပေ။

တစ်ခဏချင်းမှာပင် ဆူဇီမိုနှင့် ဖုန့်စန်းထျန်က ခန်းမထဲသို့ ရောက်ရှိလာကြပြီဖြစ်၏။

အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာက အခြေအနေကို ထိန်းသိမ်းပေးထားစဉ် ဖုန့်စန်းထျန်က ခန်းမထဲသို့ ဝင်ရောက်လာသည်ကို အင်မော်တယ်ဧကရာဇ် ဂမ္ဘီရမိုးကောင်းကင် တွေ့မြင်သောအခါ သူက သူ၏ လွှမ်းမိုးနိုင်စွမ်းကို ထုတ်ဖော်ဖို့ ပြင်ဆင်ပြီး ရုတ်တရက်အော်ပြောလိုက်၏။

“နိမ့်ကျသက်ရှိတွေ... မင်းတို့က အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာရဲ့ရှေ့မှာ ဘယ်လိုတောင် ဒူးမထောက်ဘဲ နေရဲတာလဲ”

“ငါက အောက်ဘုံလောကက လာပေမဲ့ ငါ့မှာ အဲ့လိုမျိုး အကျင့်မရှိဘူး… ငါက တခြားသူတွေရှေ့မှာ ဒူးထောက်ရတာကို သဘောကျတဲ့ မင်းတို့လို အထက်ဘုံလောကရဲ့ တော်ဝင်မျိုးဆက်သွေးကို ဘယ်ယှဉ်နိုင်ပါ့မလဲ”

ဖုန့်စန်းထျန်က အင်မော်တယ်ဧကရာဇ် ဂမ္ဘီရမိုးကောင်းကင်ကို တစ်ချက်ကြည့်ပြီး ဝင့်ကြွားစွာ မတ်တတ်ရပ်ကာ မှင်သေသေဖြင့် ပြောလိုက်၏။

အင်မော်တယ်ဧကရာဇ် ဂမ္ဘီရမိုးကောင်းကင်၏ အမူအရာက အေးစက်လာပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။

“မင်းက အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာရှေ့မှာ ဘယ်လိုတောင် မောက်မာရိုင်းစိုင်းရဲတာလဲ… မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေဆိုတာ မင်းတို့တွေ မောက်မာချင်တိုင်း မောက်မာလို့ရတဲ့ နေရာမဟုတ်ဘူး”

အင်မော်တယ်ဧကရာဇ် ဂမ္ဘီရမိုးကောင်းကင်၏ လေသံက ယိမ်းယိုင်ခြင်းမရှိပုံ ရသော်လည်း တကယ်တမ်းမှာတော့ သူသည် အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာ၏ အမည်ကို ထုတ်ဖော်ပြောဆိုနေခြင်းဖြစ်၏။

သူသည် ဖုန့်စန်းထျန်ကို ဖိနှိမ်ဖို့အတွက် အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာ၏ အဆင့်အတန်းကို အသုံးချလိုလေသည်။

“ဒီလူက စကားပြောတာ တော်တော် နားငြီးတာပဲ… ငါ မင်းအစား သူ့ကို ကူသတ်ပေးမယ်”

ထိုစဉ်မှာပင် အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာက ရုတ်တရက် စကားပြောလိုက်၏။

ခန်းမက ချက်ချင်းပင် တိတ်ဆိတ်ငြိမ်သက်သွားလေသည်။

အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာက ဧကရာဇ်အထီးကျန်သိုင်းသခင်ကို စကားပြောနေသည်မှာ သိသာလေသည်။

အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာက ဘယ်သူ့ကို သတ်ပေးချင်တာလဲ။

အင်မော်တယ်ဧကရာဇ် ဂမ္ဘီရမိုးကောင်းကင်သည် ရုတ်တရက် အရိုးခိုက်အေးစက်မှုတစ်ခုကို ခံစားလိုက်ရ၏။ သူက အမြင့်မှာ ရှိသော အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာကို ရုတ်တရက် လှည့်ကြည့်ပြီး ပြောလိုက်၏။

“သခင်... ကျုပ်က...”

အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာက သူ၏ လက်ညှိုးကို ဆန့်ထုတ်ပြီး လေဟာနယ်ထဲသို့ ညင်သာစွာ တောက်ထုတ်လိုက်၏။

ဒုံ...

အင်မော်တယ်ဧကရာဇ် ဂမ္ဘီရမိုးကောင်းကင်သည် အဝေးကနေလာသော ဗုံသံတစ်သံကို ရုတ်တရက် ကြားလိုက်ရ၏။

အစကတော့ ထိုအသံက ဝေးကွာနေဆဲဖြစ်၏။ သို့သော်လည်း တစ်ခဏချင်းမှာပင် သူ့နားဘေးသို့ ရောက်ရှိလာခဲ့လေသည်။

အင်မော်တယ်ဧကရာဇ် ဂမ္ဘီရမိုးကောင်းကင်၏ ဆံပင်များက ရုတ်တရက် ဖြူဖွေးသွားပြီး သူ၏ မျက်နှာက ညှိုးခြောက်သွားလေသည်။ သူက ဘဝသက်တမ်းကုန်ဆုံးသည့် အခြေအနေသို့ ချက်ချင်းပင် ရောက်ရှိသွား၏။

ထိုအခိုက်အတန့်မှာ အင်မော်တယ်ဧကရာဇ် ဂမ္ဘီရမိုးကောင်းကင်၏ မျက်လုံးထဲတွင် တွေဝေရှုပ်ထွေးမှု၊ လက်မခံလိုမှုနှင့် ကြောက်ရွံ့မှုတို့က ပေါ်ထွက်လာ၏။ နောက်ဆုံးမှာတော့ သူသည် ပိန်လှီနေသော အရိုးခြောက်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ခန်းမထဲမှာ လဲကျကာ သေဆုံးသွားလေသည်။

နှစ်ပေါင်းသန်းချီကြာအောင် ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေကို အုပ်စိုးလာခဲ့သည့် ဤဧကရာဇ်ပညာရှင်သည် သူ၏ လက်နှင့် တည်ထောင်ခဲ့သော ဤနန်းတော်ထဲမှာပင် သေဆုံးသွားရသည်။

ဖုန့်စန်းထျန်က ထိုသည်ကို တွေ့မြင်သောအခါ သူ့ခေါင်းကို ခါယမ်းပြီး သက်ပြင်းချလိုက်၏။

အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာက သူ၏ လက်ချောင်းကို မြှောက်လိုက်ရုံသာဖြစ်ပြီး အသက်တစ်ရှိုက်စာမကြာခင် ဧကရာဇ်ပညာရှင်တစ်ဦးက သေဆုံးသွားရ၏။

အင်မော်တယ်ဧကရာဇ် ချင်းယန်သည် ကြောက်လန့်သွားပြီး သူ၏ မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်လာခဲ့၏။ သူ၏ ခြေထောက်များက ပျော့ခွေလာပြီး မတ်တတ်ပင် ကောင်းကောင်း မရပ်နိုင်တော့ပေ။

သူ၏ ပကတိကောင်းကင်လိုဏ်ဂူနယ်ပယ်အရ သူက ဤကဲ့သို့သော အခြေအနေမှာ ရှိမနေသင့်ပေ။

သို့သော်လည်း ယနေ့ ခန်းမထဲမှာ ရှိနေသော ပုဂ္ဂိုလ်နှစ်ယောက်က အရမ်းကို ကြောက်စရာကောင်းနေ၏။

အင်မော်တယ်ဧကရာဇ် ဂမ္ဘီရမိုးကောင်းကင်ပင်လျှင် အသက်တစ်ရှိုက်စာထက် ပိုတောင့်မခံနိုင်ခဲ့ပေ။

သူက ထိုပုဂ္ဂိုလ်နှစ်ယောက်၏ ရှေ့မှာ ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ဖြစ်နေ၏။

သူ့မပြောနှင့်… အင်မော်တယ်ဧကရာဇ် အဖြူရောင်မိုးကောင်းကင်နှင့် အင်မော်တယ်ဧကရာဇ် နတ်ဆေးမိုးကောင်းကင်တို့ကလည်း တုန်လှုပ်နေပြီး သူတို့၏ အမူအရာများက သိသိသာသာ ပြောင်းလဲသွား၏။ သူတို့က ထိတ်လန့်တကြားနှင့် ပူပန်သောကများလာခဲ့လေသည်။

အင်မော်တယ်ဧကရာဇ် ဂမ္ဘီရမိုးကောင်းကင်၏ သေဆုံးမှုသည် အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာနှင့် ဧကရာဇ် အထီးကျန်သိုင်းသခင်ကြား ဆက်ဆံရေးသည် စစချင်း သူတို့တွေးထင်ထားသည်နှင့် ကွာခြားနေပုံရသည်ကို သူတို့နှစ်ယောက်ကို နားလည်သဘောပေါက်သွားစေ၏။

အနည်းဆုံးတော့ အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာသည် ဧကရာဇ်ပညာရှင်တစ်ဦးကြောင့် ဧကရာဇ် အထီးကျန်သိုင်းသခင်နှင့် ရန်သူများ ဖြစ်မလာလိုပေ။

“ဒါဆို မင်းတို့သုံးယောက်ကရော ဘာပြောချင်လို့လဲ”

အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာက သူတို့သုံးယောက်ကိုကြည့်ပြီး ပြုံး၍မေးလိုက်၏။

အင်မော်တယ်ဧကရာဇ် အဖြူရောင်မိုးကောင်းကင်နှင့် အခြားနှစ်ယောက်က အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာ၏ အပြုံးကိုကြည့်ပြီး သူတို့၏ သွေးများ အေးခဲသွားသည်ဟု ခံစားလိုက်ရ၏။

“ကျုပ်... ကျုပ်က အင်မော်တယ်ဧကရာဇ် ဂမ္ဘီရမိုးကောင်းကင်နဲ့ ဘာပတ်သက်မှုမှ မရှိဘူး… ကျုပ်နဲ့ တာအိုရောင်းရင်း ဖုန့်စန်းထျန်ကြားမှာလည်း ဘာရန်ငြိုးရန်စမှ မရှိဘူး”

အင်မော်တယ်ဧကရာဇ် အဖြူရောင်မိုးကောင်းကင်က နားလည်မှုလွဲစရာများကို ရှောင်လွှဲရန်အတွက် ဤကိစ္စကို အလောတကြီး ရှင်းပြလိုက်၏။

အင်မော်တယ်ဧကရာဇ် ဂမ္ဘီရမိုးကောင်းကင်သည် ဖုန့်စန်းထျန်နှင့် အတိုက်အခံပြုလုပ်ခဲ့သောကြောင့် ယခုတင် သူ့အသက်ကို ဆုံးရှုံးခဲ့ရလေသည်။ ဘယ်သူက ထိုသူကို ရန်စရဲတော့မှာလဲ။

ထို့နောက် အင်မော်တယ်ဧကရာဇ် အဖြူရောင်မိုးကောင်းကင်က ဆူဇီမိုကို တစ်ချက်လှမ်းကြည့်ပြီးနောက် လေးနက်သောအသံဖြင့် ပြောလိုက်၏။

“သခင်... ကျုပ် ဒီကိုရောက်လာတဲ့ အကြောင်းအရင်းက အဲ့ဒီလူကြောင့်ပါပဲ”

All Chapters