← Chapters

နေရာဟောင်းကို ပြန်လည်ရောက်ရှိလာခြင်း

Vol. 209 Ch. 3139

နေရာဟောင်းကို ပြန်လည်ရောက်ရှိလာခြင်း

Vol. 209 Ch. 3139

နဂါးအသူတရာချောက်နက်ကြယ်…

၎င်းသည် ကောင်းကင်ဘုံကမ္ဘာ၏ အပြင်ဘက်တွင် လှည့်ပတ်နေသော ကြယ်တစ်စင်းဖြစ်ပြီး တည်ဆောက်သူသစ်ပင်၏ အားဖြည့်ထောက်ပံ့မှုကို မရရှိနိုင်ပေ။ ထို့သို့ဖြင့် ဤနေရာမှာရှိသော ကောင်းကင်နှင့်မြေကြီးအမြုတေချီက ပါးလွှာနေ၏။

ဤနေရာမှာ စုဝေးရောက်ရှိနေသော သက်ရှိများအားလုံးနီးပါးသည် အောက်ဘုံလောကများမှ ဖြစ်ကြလေသည်။

အထက်ဘုံလောကရှိ မည်သည့်ဒေသခံအင်မော်တယ်ကမှ ဤနေရာသို့ ရောက်ရှိမလာလိုကြပေ။ လွန်ခဲ့သည့် နှစ်တစ်သောင်းကျော်ကျော်ကသာ နဂါးအသူတရာချောက်နက်ကြယ်၏ အသူတရာချောက်နက်ထဲမှာ ရတနာတစ်ခု ပေါ်ထွက်လာခြင်း ဖြစ်ရပ်တစ်ခု ရှိခဲ့ဖူးလေသည်။

ထိုစဉ်တုန်းက အဆင့်မြင့်အင်မော်တယ်များစွာကို ဆွဲဆောင်မိခဲ့ပြီး ဤနေရာမှာ ကမ္ဘာတုန်လောက်ဖွယ်ရာ တိုက်ပွဲတစ်ခု ဖြစ်ပေါ်ခဲ့၏။ ထို့သို့ဖြင့် နဂါးအသူတရာချောက်နက်ကြယ်ပေါ်ရှိ အောက်ဘုံလောကမှ သက်ရှိများကို အသိအမြင်ကျယ်သွားစေခဲ့လေသည်။

ထိုဖြစ်ရပ်ကလွဲလျှင် နဂါးအသူတရာချောက်နက်ကြယ်သည် အမြဲတမ်းလိုလို အတော်လေး တည်ငြိမ်နေခဲ့သည်။

ကောင်းကင်ဘုံကမ္ဘာက ဝရုန်းသုန်းကား ဖြစ်လာ၏။ သို့သော်လည်း မည်သူကမှ အမြုတေချီ ပါးလွှာသော ဤကြယ်ကို မတပ်မက်ကြပေ။ စစ်မီးတောက်များကလည်း ဤနေရာမှာ လောင်ကျွမ်းမလာခဲ့ပေ။

မည်သို့ပင်ဆိုစေ နဂါးအသူတရာချောက်နက်ကြယ်ကို မဟာကျင်းအင်မော်တယ်နိုင်ငံ၏ လက်အောက်၊ အစိမ်းရောင်တိမ်စိုင်တိုင်းပြည်၏ ပိုင်နက်နယ်မြေထဲရှိ အရေးမပါအရာမရောက်သော ကြယ်တစ်စင်းဟုသာ ဆိုနိုင်လေသည်။

မကြာသေးခင်အချိန်များမှာ ပို၍ပို၍များပြားလာသော ကောင်းကင်ဘုံကမ္ဘာမှ ပညာရှင်များက ဤနေရာကို ဆင်းသက်ရောက်ရှိလာကြ၏။

သို့သော်လည်း ဤတစ်ခေါက် ဆင်းသက်ရောက်ရှိလာသော အစုအဖွဲ့နှင့် အတိုင်းအတာက လွန်ခဲ့သည့် နှစ်တစ်သောင်းကထက် များစွာပိုမို ကြောက်စရာကောင်းနေသည်။

ပညာရှင်တချို့ အမှတ်တမဲ့ထုတ်ဖော်လိုက်သော အော်ရာသည် နဂါးအသူတရာချောက်နက်ကြယ်ပေါ်မှ သက်ရှိများစွာကို ကြီးမားသော ဖိအားအောက် ကျရောက်စေပြီး မသက်မသာ ခံစားရစေလေသည်။

နဂါးအသူတရာချောက်နက်ကြယ်ပေါ်ရှိ အမြုတေချီက ပါးလွှာပြီး အရင်းအမြစ်များက ရှားပါးနေ၏။

ဤနေရာမှာ အဆင့်-၉ မဟူရာအင်မော်တယ်များ ဖြစ်သည်အထိ ကျင့်ကြံထားနိုင်သောသူများကို တစ်မူထူးခြားသော ပါရမီအရည်အချင်းနှင့် ပုဂ္ဂိုလ်များဖြစ်သည်ဟု ဆိုနိုင်လေသည်။

ထိုအဆင့်အရောက်မှာ လူတစ်ယောက်က အစွမ်းအစရှိသည်နှင့် သူသည် ပိုမိုကောင်းမွန်သော ကျင့်ကြံရေးပတ်ဝန်းကျင်ကို ရှာဖွေရန် ကောင်းကင်ဘုံကမ္ဘာ၏ ပင်မကုန်းမြေတိုက်တစ်ခုစီသို့ ဦးတည်ဖို့ ရွေးချယ်ကြပေလိမ့်မည်။

ထို့ကြောင့် အရင်တုန်းက နဂါးအသူတရာချောက်နက်ကြယ်မှာ အဆင့်-၁ ကမ္ဘာမြေအင်မော်တယ်များကပင် မရှိသလောက်နီးပါးဖြစ်သည်။

သို့သော်လည်း ဤနေရာမှာ ယခု ကောင်းကင်ဘုံကမ္ဘာ၏ ပင်မကုန်းမြေမှ ပညာရှင်များစွာက စုဝေးရောက်ရှိလာကြ၏။ အောက်ဘုံလောကမှ သက်ရှိများသည် ဘာတွေဖြစ်ပျက်နေသည်ကို မသိကြရပေ။

သက်ရှိများစွာကို စိတ်သက်သာရာရစေသည့် တစ်ခုတည်းသောအရာမှာ ပြီးခဲ့သည့်အချိန်အတွင်း ကောင်းကင်ဘုံကမ္ဘာ၏ ပင်မကုန်းမြေတိုက်မှ ဤပညာရှင်များသည် နဂါးအသူတရာချောက်နက်ကြယ်ပေါ်ရှိ မည်သူ့ကိုမှ ထိခိုက်အောင် မလုပ်ခဲ့ကြပေ။

သူတို့သည် လောလောဆယ်မှာ အခြေချနေထိုင်ဖို့အတွက် နဂါးအသူတရာချောက်နက်ကြယ်ပေါ်တွင် လူသူကင်းမဲ့သောနေရာတချို့ကို ရှာဖွေထားကြရုံသာဖြစ်၏။

ပို၍ပင် ထူးဆန်းသည့်အရာမှာ ဤကောင်းကင်ဘုံကမ္ဘာပညာရှင်များသည် တစ်သုတ်ပြီးတစ်သုတ်ခွဲ၍ ရောက်ရှိလာကြ၏။ သူတို့၏ ဝတ်စားဆင်ယင်ပုံအရ သူတို့သည် မတူညီသော အဖွဲ့အစည်းများမှ ဖြစ်သည်မှာ သိသာနေ၏။

သို့သော်လည်း ဤပညာရှင်များသည် တစ်ယောက်နှင့်တစ်ယောက် အတော်လေး ရင်းနှီးဖော်ရွေမှုရှိပြီး မည်သည့် ပဋိပက္ခမှ ရှိမလာခဲ့ပေ။

နှင်းလေတောင်ကြောရိုးမှာ…

လွန်ခဲ့သည့် နှစ်တစ်သောင်းကျော်က နှင်းလေတောင်ကြောရိုးကို နဂါးအသူတရာချောက်နက်ကြယ်ပေါ်ရှိ စွမ်းအားကြီးမားသော အဖွဲ့အစည်းတစ်ခုဟု မဆိုနိုင်ခဲ့ပေ။

သို့သော်လည်း နောက်ပိုင်း အောက်ဘုံလောကမှ သက်ရှိတစ်ဦး ဆင်းသက်လာပြီးနောက် သူသည် နှင်းလေတောင်ကြောရိုးသို့ ဆင်းသက်ကာ နှစ်တစ်ရာကျော်မျှနှင့် နဂါးအသူတရာချောက်နက်ကြယ်တစ်ခုလုံး၏ ဖွဲ့စည်းပုံနှင့် ပိုင်နက်နယ်မြေများကို ပြောင်းလဲပေးခဲ့၏။

သူသည် နှင်းလေတောင်ကြောရိုးကို နဂါးအသူတရာချောက်နက်ကြယ်ပေါ်မှာ အကြီးမားဆုံး အဖွဲ့အစည်းများထဲမှ တစ်ခုဖြစ်လာရန် ကူညီပေးခဲ့လေသည်။

သို့သော်လည်း အောက်ဘုံလောကမှ ထိုသက်ရှိက နဂါးအသူတရာချောက်နက်ကြယ်ကနေ နောက်ပိုင်းထွက်ခွာသွားပြီးနောက် သူ့ထံမှ မည်သည့်သတင်းမှ ရောက်ရှိမလာတော့ပေ။

ဤနှစ်များအားလုံးမှာ တောင်ကြောရိုးအရှင် ယွဲ့ဟောက်နှင့် ရှချင်းယင်၏ ကိုင်တွယ်ထိန်းချုပ်မှုများအောက်မှာ နှင်းလေတောင်ကြောရိုးသည် ခပ်မှန်မှန် ဖွံ့ဖြိုးတိုးတက်လာခဲ့၏။ သူတို့သည် စစ်ပွဲတချို့ကို တွေ့ကြုံခဲ့ရသော်လည်း သူတို့က ဘေးကင်းလုံခြုံနေခဲ့လေသည်။

နှင်းလေတောင်ကြောရိုး၏ ခန်းမထဲမှာ…

ရှချင်းယင်၊ သွမ့်ထျန်လျန့်၊ ရှန်ဖေး၊ ကူဝမ်ကျွင်းနှင့် အခြားသူများသည် စုဝေးရောက်ရှိနေကြ၏။ တောင်ကြောရိုးအရှင် ယွဲ့ဟောက်ကတော့ ရှိမနေပေ။

ရှချင်းယင်က အောက်မေ့သတိရသော အမူအရာတစ်ခုနှင့်အတူ ခန်းမထဲရှိ ပင်မထိုင်ခုံမှာထိုင်ပြီး သူမဘေးရှိ ခြောက်နှစ်အရွယ် ကလေးငယ်ကို အတိတ်အကြောင်း ပြန်ပြောင်းပြောပြနေ၏။

သွမ့်ထျန်လျန့်နှင့် အခြားသူများက ရံဖန်ရံခါကာ ဝင်ရောက်ပြောဆိုတတ်ကြလေသည်။

အဲ့ဒါက ရှည်လျားသော ဇာတ်လမ်းတစ်ခု မဟုတ်ပေ။

ရှချင်းယင်က အခက်တွေ့နေပုံရ၏။ ထို့သို့ဖြင့် သူမက အသေးစိတ်ရှင်းပြမနေဘဲ သိပ်မကြာခင် အဆုံးသတ်လိုက်၏။

ကလေးငယ်၏ မျက်လုံးများက အသက်ဝင်နေပြီး သူက ဇာတ်လမ်းကို နားထောင်နေစဉ်မှာသာ ငြိမ်သက်နေလေသည်။

ထိုအခိုက်အတန့်မှာ သူက ခေါင်းအနည်းငယ်မော့ပြီး ရှချင်းယင်ကိုကြည့်ကာ စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်၏။

“အမေ… အဲဒါပြီးတော့ ဘာဖြစ်သွားလဲ”

ရှချင်းယင်က ပြုံးပြလိုက်၏။

“အဲ့ဒါပြီးတဲ့နောက် မင်းရဲ့ဦးလေးဆူက နဂါးအသူတရာချောက်နက်ကြယ်ကနေ ထွက်ခွာပြီး စွန့်စားခန်းတွေကို ရှာဖွေဖို့အတွက် ကောင်းကင်ဘုံကမ္ဘာရဲ့ ပင်မကုန်းမြေဆီ ဦးတည်သွားတယ်”

သွမ့်ထျန်လျန့်က ပြောလိုက်၏။

“အာစရိဆူရဲ့ အစွမ်းအစနဲ့ဆို သူက ကောင်းကင်ဘုံကမ္ဘာရဲ့ ပင်မကုန်းမြေမှာရှိတဲ့ အဲ့ဒီပြိုင်စံရှားတွေထက် သေချာပေါက် နိမ့်ကျမှာမဟုတ်ဘူး… အခု နှစ်တစ်သောင်းကြာသွားခဲ့ပြီဆိုတော့ သူက ထိပ်တန်းကမ္ဘာမြေအင်မော်တယ်တစ်ဦး ဒါမှမဟုတ် ကောင်းကင်အင်မော်တယ်တစ်ဦးတောင် ဖြစ်နေလောက်ပြီ”

ရှန်ဖေးက သက်ပြင်းချလိုက်၏။

“ပြောရမယ်ဆိုရင် အရင်တုန်းက တာအိုရောင်းရင်းဆူက သူ မထွက်ခွာခင် အမြုတေစိတ်ဝိညာဉ်ကျောက်တုံးတွေနဲ့ တခြားအရင်းအမြစ်တွေ အများကြီးကို ချန်ထားပေးခဲ့လို့သာ ငါတို့တွေက နှစ်တစ်သောင်းလောက်နဲ့ ဒီလောက်အတိုင်းအတာထိ ကျင့်ကြံနိုင်ခဲ့ကြတာ”

ခန်းမထဲရှိ လူတိုင်းနီးပါးသည် အဆင့်-၈နှင့် အဆင့်-၉ အင်မော်တယ်များဖြစ်သည်အထိ ကျင့်ကြံထားကြပြီဖြစ်၏။

ထိုကျင့်ကြံမှုနယ်ပယ်သည် နဂါးအသူတရာချောက်နက်ကြယ်မှာ အထွတ်အထိပ်နီးပါး ဖြစ်လေသည်။

ဤနှစ်များအားလုံးမှာ ယွဲ့ဟောက်တစ်ယောက်သာ လွန်ခဲ့သည့် နှစ်တစ်ထောင်က ကမ္ဘာမြေအင်မော်တယ်နယ်ပယ်အထိ တက်လှမ်းနိုင်ခဲ့လေသည်။

သို့သော်လည်း ညံ့ဖျင်းသော ကျင့်ကြံရေးပတ်ဝန်းကျင်နှင့် ရှားပါးသော အရင်းအမြစ်များကြောင့် ယွဲ့ဟောက်သည် အဆင့်-၁ ကမ္ဘာမြေအင်မော်တယ်တစ်ဦးသာ ဖြစ်နေသေးပြီး မည်သည့်တိုးတက်မှုမှ ဆက်ရှိမလာခဲ့ပေ။

အစကတော့ လူတိုင်းသည် ကောင်းကင်ဘုံကမ္ဘာ၏ ပင်မကုန်းမြေတိုက်သို့ စူးစမ်းရှာဖွေရန်နှင့် အစိမ်းရောင်တိမ်စိုင်တိုင်းပြည်၏ ကျယ်ပြောသော ပိုင်နက်နယ်မြေကို သွားရောက်ကြည့်ရှုရန် ရည်ရွယ်ထားကြလေသည်။

သို့သော်လည်း ဤမျှများပြားသော ပညာရှင်များက နဂါးအသူတရာချောက်နက်ကြယ်မှာ ရုတ်တရက်ပေါ်ထွက်လာခြင်းနှင့်အတူ ယွဲ့ဟောက်သည် ကောင်းကင်ဘုံကမ္ဘာမှာ ကြီးကြီးမားမားကိစ္စတစ်ခု ဖြစ်နေပြီကို ခန့်မှန်းမိလိုက်၏။

နဂါးအသူတရာချောက်နက်ကြယ်သည် ကောင်းကင်ဘုံကမ္ဘာ၏ ပင်မကုန်းမြေတိုက် အပြင်ဘက်မှာရှိပြီး အပြင်လောက၏ သတင်းအချက်အလက်များနှင့် ပိုင်းခြားခံထားရ၏။ ထို့ကြောင့် ယွဲ့ဟောက်သည် ကောင်းကင်ဘုံကမ္ဘာ၏ ပင်မကုန်းမြေတိုက် အစိမ်းရောင်တိမ်စိုင်တိုင်းပြည်သို့ သွားရောက်စုံစမ်းဖို့ ဆုံးဖြတ်ချက်ချခဲ့လေသည်။

ဤအချိန်အတောအတွင်း ပညာရှင်နှစ်ဦးက အလည်အပတ်ရောက်ရှိလာခဲ့၏။

ရှချင်းယင်နှင့် အခြားသူများသည် အလည်အပတ်ရောက်ရှိလာသော ထိုလူများ၏ ကျင့်ကြံမှုနယ်ပယ်များကို ထွင်းဖောက်မမြင်နိုင်ခဲ့ပေ။

ထို့ကြောင့် သူတို့သည် အနည်းဆုံး ကောင်းကင်အင်မော်တယ်များ ဖြစ်ရပေမည်။

သို့သော်လည်း ပညာရှင်နှစ်ဦးသည် သူတို့ကို ထိခိုက်အောင် ဘာမှမလုပ်ခဲ့ပေ။ ထို့အစား သူတို့သည် ကမ္ဘာသစ်တစ်ခုကို အတူတကွ တည်ထောင်ရန် ဘယ်မှန်းမသိရသော နေရာတစ်ခုဆီ သူတို့ကို ဖိတ်ခေါ်ခဲ့လေသည်။

ရှချင်းယင်က မေးလိုက်၏။

“အားလုံးပဲ… ဟိုအဆင့်မြင့်အင်မော်တယ်နှစ်ဦး လင်းလေနဲ့ လင်းလောကို ရှင်တို့တွေ ဘယ်လိုမြင်လဲ”

“ငါတို့က သူတို့အကြောင်း သိပ်ပြီးမသိရဘူး”

သွမ့်ထျန်လျန့်က သူ၏ မေးကို လက်ဖြင့်ပွတ်သပ်ကာ ပြောလိုက်၏။

“အဆင့်မြင့်အင်မော်တယ်နှစ်ဦး ပြောပုံအရဆို သူတို့တွေက သူတို့သွားရမယ့်နေရာကိုတောင်မှ မသိကြဘူး… အဲ့ဒါက ယုံကြည်စိတ်ချလို့ မရဘူး”

“အဆင့်မြင့်အင်မော်တယ်နှစ်ဦးက လူကောင်းတွေဖြစ်တယ်လို့တော့ ငါခံစားရတယ်… သူတို့က စကားပြောတဲ့နေရာမှာ ပွင့်လင်းတယ်… သူတို့က ငါတို့အပေါ်မှာလည်း ဘာမကောင်းတဲ့ရည်ရွယ်ချက်မှ မရှိခဲ့ဘူး”

ကူဝမ်ကျွင်းက ပြောလိုက်၏။

ရှန်ဖေးက နှုတ်ခမ်းကိုမဲ့ကာ ပြောလိုက်၏။

“မျက်နှာဖုံးကိုကြည့်ပြီး စာအုပ်တစ်အုပ်ကို ဆုံးဖြတ်လို့မရဘူး… ဒီဆုံးဖြတ်ချက်က နှင်းလေတောင်ကြောရိုးက ငါတို့ရဲ့ ညီအစ်ကိုပေါင်းများစွာရဲ့ ဘဝတွေနဲ့ သက်ဆိုင်နေတယ်… ငါတို့ သတိထားမှရမယ်”

“ငါ့ယောက်ျား ပြန်လာတဲ့အထိ စောင့်ကြတာပေါ့… သူ သတင်းတစ်ခုခု ရလာမလား မသိဘူး”

ရှချင်းယင်က ညင်သာစွာ သက်ပြင်းချလိုက်၏။

ယွဲ့ဟောက် ထွက်ခွာသွားသည်မှာ ရက်အနည်းငယ် ကြာသွားခဲ့ပြီဖြစ်ပြီး သူ့ထံမှ မည်သည့်သတင်းမှ ရောက်ရှိမလာသေးပေ။ သူမက စိုးရိမ်ပူပန်နေမိ၏။

ထိုစဉ်မှာပင် အပြင်ဘက်ကနေ အဝတ်စ လှုပ်ရှားသံ တဖျပ်ဖျပ် ထွက်ပေါ်လာ၏။ လူတိုင်းက လှည့်ကြည့်လိုက်ပြီး အသည်းအသန်ရောက်ရှိလာသော ခရီးပန်းနေသည့် လူတစ်ဦးကို တွေ့မြင်လိုက်ရ၏။ ထိုသူကား ယွဲ့ဟောက်ဖြစ်လေသည်။

လူတိုင်းက မတ်တတ်ထရပ်လိုက်ကြ၏။

“ကောင်းကင်ဘုံကမ္ဘာမှာ တကယ်ပဲ တစ်ခုခုဖြစ်ပွားနေတယ်”

ယွဲ့ဟောက်က ခန်းမထဲသို့ ရောက်ရှိလာသောအခါ ပြောလိုက်၏။

“အဲဒီမှာ အကုန်လုံးက ရှုပ်ထွေးနေပြီ… ငါက သိပ်ဝေးဝေးမသွားရဲဘူး… သတင်းအချက်အလက်တချို့ကိုပဲ နားထောင်ခဲ့ရတယ်… မဟာကျင်းအင်မော်တယ်နိုင်ငံက ဖျက်ဆီးခံလိုက်ရပြီ”

“အား...”

လူတိုင်းက အံ့အားတသင့် ရေရွတ်လိုက်၏။

ယွဲ့ဟောက်က ပြောလိုက်၏။

“မဟာကျင်းအင်မော်တယ်နိုင်ငံရဲ့ဘုရင်ကို မိစ္ဆာမဟာနယ်မြေက မိစ္ဆာဘုရင် ကောင်းကင်ဘုံအမျက်ဒေါသလို့ခေါ်တဲ့ လူတစ်ယောက်က သတ်ဖြတ်လိုက်တယ်လို့ ငါကြားတယ်… နောက်ထပ် အင်မော်တယ်နိုင်ငံတစ်ခုရဲ့ ဘုရင်ကိုလည်း ယက္ခိုသ်တစ္ဆေတချို့က သတ်ဖြတ်လိုက်တယ်”

“အဲဒီမှာ အရမ်းကို ရုန်းရင်းဆန်ခတ် ဖြစ်နေကြပြီ…. ဆရာကြီးတွေက တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာကြတယ်… အင်မော်တယ်ဘုရင်ဖန်တီးခြင်းတဲ့၊ တိုက်ပွဲဘုရင်တဲ့… သူတို့တွေက ငါတို့တစ်ခါမှမကြားဖူးတဲ့ အနှိုင်းမဲ့ပညာရှင်တွေပဲ”

“အဖေ… အဲ့ဒီမိစ္ဆာဘုရင်တွေနဲ့ အင်မော်တယ်ဘုရင်တွေရဲ့ နာမည်တွေက ဘာတွေလဲ”

ကလေးငယ်က ဝင်ရောက်မေးမြန်းလိုက်၏။

ယွဲ့ဟောက်က ပြုံးပြလိုက်၏။

“ယီမင်ရယ်… ငါက အဲ့ဒီအနှိုင်းမဲ့ပညာရှင်တွေရဲ့ နာမည်တွေကို ဘယ်လိုလုပ် သိခဲ့ရပါ့မလဲ… ငါက သူတို့ရဲ့အကြောင်းကိုတောင်မှ မဆင်မခြင် မမေးမြန်းရဲဘူး”

အဆင့်မြင့်အင်မော်တယ်နှစ်ဦး အလည်အပတ်ရောက်ရှိလာပြီး နှင်းလေတောင်ကြောရိုးမှ လူတိုင်းကို ဘယ်မှန်းမသိရသော နေရာတစ်ခုဆီ ထွက်ခွာဖို့ ဖိတ်ခေါ်ခဲ့ကြောင်း ရှချင်းယင်က အကြမ်းဖျင်းရှင်းပြလိုက်၏။

“ယောက်ျား… ရှင်ဘယ်လိုထင်လဲ”

ရှချင်းယင်က မေးလိုက်၏။

ယွဲ့ဟောက်က အတန်ကြာအောင် စဉ်းစားပြီးနောက် ဖြည်းဖြည်းချင်းပြောလိုက်၏။

“ငါတို့တွေ ဆက်ပြီးတော့ စောင့်ကြည့်ရမယ်လို့ ထင်တယ်… ငါတို့ရဲ့ အခြေခံအုတ်မြစ်က ဒီနေရာမှာ ရှိနေတယ်… ငါတို့က ရွှေ့ပြောင်းချင်တယ်ဆိုရင် ဒီနှစ်တွေထဲ ငါတို့တည်ဆောက်ထားတဲ့ အရာရာတိုင်းကို စွန့်လွှတ်ခဲ့ရမယ်ဆိုတဲ့ သဘောပဲ”

“နောက်ပြီး အဲဒီနေရာက ဘယ်မှာရှိတယ်၊ ဘယ်လိုပုံစံရှိတယ်ဆိုတာကို ဘယ်သူမှ သိရတာမဟုတ်ဘူး… အဲဒီမှာရှိတဲ့ ကျင့်ကြံရေးပတ်ဝန်းကျင်က နဂါးအသူတရာချောက်နက်ကြယ်ထက် ပိုပြီးနိမ့်ကျနေတာလည်း ဖြစ်နိုင်တယ်”

“ညီကိုဆူ… ဒါက မင်းတက်လှမ်းလာခဲ့တဲ့ နေရာပေါ့လေ”

“ဟုတ်တယ်… ကျုပ် မထွက်ခွာခင် ဒီနေရာမှာ နှစ် ၁၀၀ကျော် နေခဲ့တယ်”

“ဟားဟား… မင်းက ဒီနေရာမှာ ငါတို့ကို စုဝေးခိုင်းထားတာ အံ့ဩစရာ မရှိတော့ဘူး… မင်းက အဲ့ဒီတုန်းက ရှိခဲ့တဲ့ မိတ်ဆွေဟောင်းတချို့ကို သတိရနေသေးတာ ဖြစ်ရမယ်… ဟုတ်တယ်မလား”

ထိုစဉ်မှာပင် အပြင်ဘက်ကနေ အပြန်အလှန် စကားပြောဆိုသံက ထွက်ပေါ်လာ၏။

ထိုအသံက ခန်းမထဲရှိ လူတိုင်းနှင့် ရင်းနှီးနေပုံရလေသည်။

All Chapters