← Chapters

အခန်း ၃၁၄၀

Vol. 209 Ch. 3140

အခန်း ၃၁၄၀

Vol. 209 Ch. 3140

နှင်းလေတောင်ကြောရိုး၏ အစောင့်များထံမှ မည်သည့်သတိပေးမှုမှ ရှိမလာခဲ့ပေ။

အပြင်ဘက်မှ ဤလူအုပ်စုသည် နှင်းလေတောင်ကြောရိုး၏ ကောင်းကင်ထက်ကနေ ရုတ်တရက် ဆင်းသက်လာပုံရပြီး သူတို့၏ ဆွေးနွေးပြောဆိုသံများကို အတိုင်းသား ကြားနေရ၏။

အသံများထဲမှ တစ်သံက ရင်းနှီးနေပုံရှိပြီး ယွဲ့ဟောက်၊ ရှချင်းယင်နှင့် အခြားသူများက တုပ်လှုပ်သွားသော်လည်း သူတို့သည် စဉ်းစားနေဖို့ အချိန်မရဘဲ တစ်ယောက်ပြီးတစ်ယောက် မတ်တတ်ထရပ်ကာ ခန်းမ၏ အပြင်ဘက်သို့ လျှောက်လှမ်းထွက်လိုက်ကြ၏။

လေထဲမှာ လူများစွာက မတ်တတ်ရပ်ပြီး လှည့်ပတ်ကြည့်ရှုနေ၏။

ဤလူအုပ်စုမှာ အမျိုးသားများ၊ အမျိုးသမီးများ၊ လူအိုများနှင့် လူငယ်များ ပါဝင်နေသည်။ အမျိုးသမီးတချို့က ဖော်မပြတတ်လောက်အောင်ပင် အရမ်းကို ချောမောလှပလွန်းနေသည်။ သူတို့သည် မော်တယ်လောကနှင့် သက်ဆိုင်မှုမရှိသော နတ်မိမယ်များနှင့် တကယ်ပင် တူနေသည်။

ပညာရှင်တချို့သည် စွမ်းအားကြီးမားသော သားရဲချီများကို ထုတ်ဖော်ထားပြီး သားရဲဦးခေါင်းများ ရှိနေကြ၏။ သူတို့က လူသားမျိုးနွယ်မှ လုံးဝမဟုတ်ပေ။

ဆင်တူနေသည့် တစ်ခုတည်းသောအရာမှာ သူတို့၏ ကျင့်ကြံမှုအဆင့်များက အရမ်းကို မြင့်မားနေခြင်းပင်။

သူတို့က အရမ်းကို မြင့်မားလွန်းပြီး နှင်းလေတောင်ကြောရိုးမှာ မည်သူကမှ သူတို့ကို မထောက်လှမ်းနိုင်ကြပေ။

ပုဂ္ဂိုလ်သုံးဦးက သူတို့အုပ်စု၏ ရှေ့မှာ မတ်တတ်ရပ်နေ၏။ ဘယ်ဘက်မှာ ရှိသောလူ၏ အသံက ကျယ်လောင်ပြီး မိုးကြိုးထစ်ချုန်းသံကဲ့သို့ ရှင်းလင်းနေ၏။ သူက စကားပြောရင်း ရယ်မောရင်း လွတ်လပ်ပေါ့ပါးစွာဖြင့် ချုပ်တည်းထားမှု မရှိပေ။ သို့သော်လည်း သူ၏ အကြည့်က ရွေ့လျားသွားစဉ် လျှပ်စီးက တဖျပ်ဖျပ်လက်ပြီး မည်သူကမှ သူ့ကို တည့်တည့်မကြည့်နိုင်ပေ။

ညာဘက်မှာ ရှိနေသောလူက တည်ကြည်သော သွင်ပြင်ဟန်ပန်နှင့် အရပ်အမောင်းမြင့်မားပြီး တုတ်ခိုင်သန်မာလေသည်။ သူပြုလုပ်လိုက်သော လှုပ်ရှားမှုတိုင်းမှာ သြဇာအာဏာကို အချိန်ကာလကြာမြင့်စွာ ပိုင်ဆိုင်ထားသူတစ်ယောက်၏ ခံ့ညားမှု ပါဝင်နေ၏။ သူက ရင်းနှီးနေသည့်ပုံရှိပြီး သူတို့သည် သူ့ကို တစ်နေရာမှာ တွေ့မြင်ခဲ့ဖူးပုံရလေသည်။

အလယ်မှာရှိသောလူမှာ အနက်ရောင်ဆံပင်ရှိပြီး အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထား၏။ သူ့မှာ ကြော့ရှင်းသန့်ပြန့်သော သွင်ပြင်များရှိပြီး ဣန္ဒြေကြီးမားသော စာပေပညာရှင်တစ်ဦးနှင့် တူနေလေသည်။

“အာစရိ… အာစရိဆူလား…”

သွမ့်ထျန်လန်က တစ်စုံတစ်ရာကို ရှာဖွေတွေ့ရှိသွားပုံရပြီး သူ၏ အသံက စိတ်လှုပ်ရှားတက်ကြွမှုဖြင့် တုန်ယင်နေ၏။

ယွဲ့ဟောက်၏ မျက်လုံးကလည်း ပြူးကျယ်သွား၏။ သူက ဦးဆောင်လာသော အစိမ်းရောင်ဝတ်ကျင့်ကြံသူကို ကြည့်ပြီး အံ့အားသင့်စွာဖြင့် ဝမ်းသာအားရ ပြောလိုက်၏။

“ချင်းယင်… ကြည့်ပါဦး… အဲဒီလူကို ကြည့်ရတာ…”

ထိုအခိုက်အတန့်မှာ ရှချင်းယင်က သူ၏ လှပသော မျက်လုံးများထဲရှိ မယုံကြည်နိုင်မှုနှင့်အတူ ထိုသူကို ငေးငိုင်စွာဖြင့် ကြည့်နေ၏။

ရှန်ဖေး၊ ကူဝမ်ကျွင်းနှင့် အခြားသူများကလည်း အစိမ်းရောင်ဝတ်အမျိုးသားကို သတိထားမိသွားပြီး နေရာမှာတင် မှင်တက်နေကြ၏။

လူတိုင်းသည် သူ့ကို မှတ်မိသည်ဆိုလျှင်တောင် သူက အဆင့်မြင့်အင်မော်တယ်များစွာ ခြံရံပြီး စကားပြောဆိုနေစဉ် သူတို့က သူ့ကို မဆင်မခြင်မခေါ်ရဲပေ။

ထိုခံစားချက်သည် နှစ်ပေါင်းများစွာကြာပြီးနောက် ကလေးဘဝ ကစားဖော်နှစ်ဦး ပြန်လည်တွေ့ဆုံချိန်မှာ တစ်ဖက်သူက မြင့်မားသော အဆင့်အတန်းနှင့် အရာရှိတစ်ဦး ဖြစ်လာသည်ကို တွေ့မြင်လိုက်ရသည်နှင့် တူနေ၏။

ထိုအကွာအဝေးကို ဖော်ပြ၍ မရနိုင်အောင်ပင်။

ထိုစဉ်မှာပင် အစိမ်းရောင်ဝတ်ကျင့်ကြံသူကလည်း တစ်ဖက်သို့ လှည့်လာပြီး နှင်းလေတောင်ကြောရိုးမှ လူတိုင်းကို တွေ့မြင်သွားလေသည်။

သူက အောက်သို့ ဆင်းသက်ပြီး လူတိုင်းထံသို့ လျှောက်လှမ်းကာ လက်နှစ်ဖက်ကို ညင်သာစွာ ယှက်ပြလိုက်၏။

“အားလုံးပဲ ကျန်းမာကြရဲ့လား”

“ညီအစ်ကိုဆူ… အဲ… အဆင့်မြင့်အင်မော်တယ်ဆူ… တကယ်ပဲ ခင်ဗျားလား”

ယွဲ့ဟောက်က စကားစပြောပြီးနောက် သူ၏ စကားကို အလောတကြီး ပြောင်းလဲကာ ဂရုတစိုက် မေးမြန်းလိုက်၏။

ဆူဇီမိုက လက်ကာပြီး ပြုံးပြလိုက်၏။

“အဆင့်မြင့်အင်မော်တယ်လား… ကျုပ်တို့ကြားမှာ ဒီလိုမျိုး ဘာမဟုတ်တဲ့ ဝါစဉ်အနိမ့်အမြင့်တွေ ထားစရာမလိုပါဘူး”

ရင်းနှီးနေကျ ထိုလေသံကို ကြားသောအခါ သွမ့်ထျန်လန်က နောက်ဆုံးမှာ တိကျသေချာသွားပြီး စိတ်လှုပ်ရှားစွာဖြင့် အော်ခေါ်လိုက်၏။

“အာစရိဆူ… တကယ်ပဲ ခင်ဗျားကိုး… နှစ်တစ်သောင်းလောက်ကြာရုံနဲ့ ခင်ဗျားက တကယ်ပဲ ဒီလောက်ထိ ပြောင်းလဲသွားပြီလား”

လင်းကျန့်၊ ဖုန့်စန်းထျန်၊ ညဝိညာဉ်၊ ကျား၊ နန်းကြည်၊ ရှောင်းနင်နှင့် နတ်ဆိုးမကျိတို့က တစ်ယောက်ပြီးတစ်ယောက် ဆင်းသက်ရောက်ရှိလာကြ၏။ သူတို့က တဲ့တိုးဆန်သော ထိုစကားကို ကြားသောအခါ လူတိုင်းက ရယ်မောလိုက်ကြလေသည်။

“ဒါပေါ့”

ဆူဇီမိုကလည်း ရယ်မောလိုက်၏။

ရှန်ဖေး၊ ကူဝမ်ကျွင်းနှင့် အခြားသူများက သူ့ကို နှုတ်ဆက်ဖို့အတွက် ရှေ့သို့ အလောတကြီး တက်လှမ်းလာကြ၏။

သို့သော်လည်း သူတို့ပြန်လည်ဆုံဆည်းမိချိန်မှာ စိတ်လှုပ်ရှားနေခြင်းအပြင် နှင်းလေတောင်ကြောရိုးမှ လူတိုင်းသည် အနည်းငယ် ဝန်လေးနေပြီး အိုးတိုးအမ်းတမ်း ဖြစ်နေကြ၏။

“အမေ… သူက ဘယ်သူလဲ”

ရှချင်းယင်၏ ဘေးမှာ ပူးကပ်တိုးဝှေ့နေသော ကလေးငယ်က သူ၏ တက်ကြွသော မျက်လုံးများကို ပုတ်ခတ်ပြီး ဆူဇီမိုကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်ကာ မေးမြန်းလိုက်၏။

“သူလား…”

ရှချင်းယင်၏ မျက်လုံးက နီမြန်းလာပြီး ခပ်တိုးတိုးပြောလိုက်၏။

“သူက သားကို အမေပြောနေတဲ့ ဦးလေးဆူပေါ့… ငါတို့ နှင်းလေတောင်ကြောရိုးကို အခက်အခဲများစွာ ကျော်ဖြတ်နိုင်အောင် ကူညီပေးခဲ့တဲ့သူပဲ”

“အမ်…”

ကလေးငယ်က အံ့အားတသင့်ရေရွတ်ပြီး တဖျပ်ဖျပ်လက်နေသော မျက်လုံးများနှင့် ဆူဇီမိုကို ကြည့်နေ၏။

ရှချင်းယင်က အဆုံးမဲ့စိတ်ခံစားချက်များနှင့် တွေဝေရှုပ်ထွေးသော အမူအရာနှင့်အတူ ဆူဇီမိုကို ကြည့်နေ၏။

လွန်ခဲ့သည့် နှစ်တစ်သောင်းကျော်က မတော်တဆ ဖြစ်ရပ်တစ်ခုကြောင့်သာ ဤလူသည် နဂါးအသူတရာချောက်နက်ကြယ်သို့ လမ်းမှားပြီး ရောက်လာသည့် နဂါးတစ်ကောင်ဖြစ်ကြောင်း သူမက သိရှိခဲ့လေသည်။

တစ်နေ့မှာ ဤလူက ထွက်ခွာသွားလေသည်။

သူတို့မှာ နောက်တစ်ဖန် ပြန်လည်ဆုံတွေ့ခွင့် ရှိလိမ့်မည်ဟု သူမ ဘယ်တုန်းကမှ မတွေးမိခဲ့ပေ။

နှင်းလေတောင်ကြောရိုးမှ လူတိုင်းအတွက် နှစ်တစ်သောင်းကျော်ကျော်က မသိလိုက်မသိဘာသာ ကုန်ဆုံးသွားပြီး များစွာပြောင်းလဲမှု မရှိခဲ့ပေ။

သို့သော်လည်း သူတို့က ဆူဇီမိုကို တွေ့မြင်သည့်ခဏမှာပင် လူတိုင်းသည် ဝေးကွာလွန်းသော ခံစားချက်တစ်ခုကို ရရှိလိုက်၏။

နှစ်တစ်သောင်းကျော် ကြာပြီးနောက် ထိုလူသည် ကျင့်ကြံခြင်းလမ်းခရီးမှာ အလွန်တရာ ဝေးကွာစွာ ခရီးရောက်သွားခဲ့ပြီဖြစ်၏။

ဆူဇီမို၏ အကြည့်က ကလေးငယ်ပေါ်သို့ ဆင်းသက်သွားပြီး ပြုံး၍လက်ပြလိုက်၏။ နှင်းလေတောင်ကြောရိုးမှ မိတ်ဆွေဟောင်းတချို့ပင်လျှင် ဆူဇီမိုရှေ့မှာ အနည်းငယ် အိုးတိုးအမ်းတမ်း ဖြစ်နေကြ၏။

သို့သော်လည်း ကလေးငယ်က မည်သည့်ကြောက်ရွံ့မှုကိုမှ မပြသပေ။ ဆူဇီမိုက လက်ပြနေသည်ကို တွေ့မြင်သောအခါ သူက စိတ်လှုပ်ရှားစွာဖြင့် ပြေးသွားပြီး ဆူဇီမိုကို မော့ကြည့်လိုက်၏။

“မင်းနာမည် ဘယ်လိုခေါ်လဲ”

ဆူဇီမိုက ပြုံး၍ မေးလိုက်၏။

“ယီမင်… ယွဲ့ယီမင်”

ကလေးငယ်၏ မျက်လုံးက ဝင်းလက်သွားပြီး ခပ်ဆတ်ဆတ်ဖြင့် ပြန်ဖြေလိုက်၏။

ဆူဇီမိုက ပြုံး၍ ကလေးငယ်၏ ဦးခေါင်းကို လက်ဖြင့် ညင်သာစွာ သပ်ပေးလိုက်၏။

ကလေးငယ်က မျက်တောင်ကို တဖျပ်ဖျပ်ခတ်နေ၏။

ဤသည်က အလွန်တရာ သာမန်ဆန်သော အပြုအမူတစ်ခုသာ ဖြစ်၏။

သူ၏ မိဘများနှင့် သူ၏ ဦးလေးများက သူ့ကို မကြာခဏ ဤကဲ့သို့ ပြုမူဆက်ဆံတတ်လေသည်။

သို့သော်လည်း ဘာကြောင့်ရယ်မသိ ဦးလေးဆူ၏ လက်ဖဝါးက သူ၏ ဦးခေါင်းပေါ်သို့ ဆင်းသက်လာသောအခါ သူသည် နွေးထွေးသော စီးကြောင်းတစ်ခု သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပြီး သူ၏ ခြေလက်များနှင့် အရိုးများဆီသို့ စီးဆင်းသွားသည်ဟု ခံစားလိုက်ရ၏။

သူ၏ ခန္ဓာကိုယ်က ပူနွေးလာပြီး သက်တောင့်သက်သာ ရှိနေသည်ဟု ခံစားရလေသည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ မွေးညင်းပေါက်များက ပွင့်ထွက်သွားပုံရ၏။

ကလေးငယ်က အိပ်ငိုက်လာပြီး သူ၏ မျက်ခွံက တဖြည်းဖြည်း လေးလံလာခဲ့လေသည်။ သူက ငေးငိုင်စွာဖြင့် သူ့ကို သူ့အမေ ဖတ်ပြဖူးသည့် ကဗျာတစ်ပုဒ်ကို အမှတ်ရသွား၏။

“သူ အိပ်ပျော်သွားရုံပဲ… ဘာမှမပူနဲ့”

ဆူဇီမိုက ပြုံး၍ ပြောလိုက်၏။

သူက ခြောက်နှစ်အရွယ် ကလေးငယ်တစ်ဦးသာ ဖြစ်၏။ သူ့ခန္ဓာကိုယ်သည် ဤကဲ့သို့ ကြီးမားသော အသွင်ပြောင်းလဲမှုတစ်ရပ်ကို ရုတ်တရက် လက်ခံရရှိလိုက်သည့်အတွက် သူက အဲဒါကို ဆက်လက်၍ မခံယူနိုင်တော့ပေ။ ထို့ကြောင့်ပင် သူက ပြောင်းလဲမှုကို တဖြည်းဖြည်း ချေဖျက်ရန် အိပ်မောကျသွားခြင်းဖြစ်၏။

အစကတော့ ယွဲ့ဟောက်နှင့် ရှချင်းယင်က အနည်းငယ် စိုးရိမ်ပူပန်နေခဲ့၏။

သို့သော်လည်း သိပ်မကြာခင် သူတို့၏ မျက်လုံးများက ပြူးကျယ်သွားလေသည်။

သူတို့၏ ကလေးက အိပ်ပျော်နေရင်း တိတ်တဆိတ် အဆင့်ချိုးဖျက်တက်လှမ်းနေ၏။

အဆင့်သုံးဆင့်ကို တစ်ခါတည်း ချိုးဖျက်တက်လှမ်းပြီးနောက် သူက အဆင့်-၄ မဟူရာအင်မော်တယ်တစ်ဦး ဖြစ်လာခဲ့လေသည်။

ယွဲ့ဟောက်နှင့် ရှချင်းယင်က အံ့အားသင့်စွာဖြင့် ကျေနပ်သဘောကျသွား၏။

ဆူဇီမိုသည် သူတို့၏ ကလေးကို အခွင့်အလမ်းတစ်ခု ပေးနေသည်မှာ သိသာလေသည်။

တစ်ခဏချင်းမှာပင် သူက ကျင့်ကြံမှုနယ်ပယ်သုံးခုကို တစ်ခါတည်း ချိုးဖျက်တက်လှမ်းသွား၏။

နဂါးအသူတရာချောက်နက်ကြယ်မှာ ကျင့်ကြံမှုနယ်ပယ်တစ်ခု ချိုးဖျက်တက်လှမ်းရခြင်းကပင် ကောင်းကင်ဘုံကို တက်လှမ်းရသလောက် ခဲယဉ်းလေသည်။

ယခု ဆူဇီမို ပြသလိုက်သော နည်းလမ်းများသည် သူတို့နှစ်ယောက်အတွက် တကယ့်ကို ထူးခြားအံ့မခန်း ဖြစ်နေ၏။

တကယ်တော့ ယွဲ့ဟောက်နှင့် ရှချင်းယင်၏ ကျင့်ကြံမှုနယ်ပယ်များအရ ကလေးကို ဆူဇီမို ပေးလိုက်သည့် အခွင့်အလမ်းကို သူတို့က လုံးဝမပြောနိုင်ပေ။

ကျင့်ကြံမှုနယ်ပယ်သုံးခု ချိုးဖျက်တက်လှမ်းခြင်းက အပေါ်ယံအကျဆုံး ပြောင်းလဲမှုတစ်ရပ်မျှသာ ဖြစ်၏။

ကလေးကို ဆူဇီမို ပေးလိုက်သည့် အကြီးမားဆုံး အခွင့်အလမ်းမှာ သူက အရွတ်အသွင်ပြောင်းလဲခြင်းနှင့် ခြင်ဆီရှင်းလင်းခြင်းကို တွေ့ကြုံဖြတ်ကျော်ဖို့အတွက် ဖန်တီးခြင်းကြာပဒုမ္မာ၏ စွမ်းအားကို အသုံးချပေးလိုက်ခြင်း ဖြစ်၏။ သူသည် ပြန်လည်မွေးဖွားလာပြီး သူ၏ မော်တယ်ခန္ဓာကို ခွာချကာ သူ၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးက သဘာဝအလျောက် အသွင်ပြောင်းလဲမှုတစ်ရပ်ကို ဖြတ်ကျော်ပြီး သူ၏ ကျင့်ကြံမှုအတွက် အခြေခံအုတ်မြစ်တစ်ခုကို ရရှိလာပေလိမ့်မည်။

ဤကလေးသည် အနာဂတ် သူ၏ ကျင့်ကြံမှုလမ်းကြောင်းမှာ သူ့အားထုတ်မှု၏ နှစ်ဆအကျိုးကို ရရှိလာပေလိမ့်မည်။

ဆူဇီမို၏ အကြည့်က ရွေ့လျားသွားပြီး ကလေးငယ်၏ လက်ကောက်ဝတ်ပေါ်ရှိ ကျောက်စိမ်းလက်ကောက်ပေါ်ကို ရောက်ရှိသွား၏။ သူက သူ၏ လက်ချောင်းထိပ်ကို ဖောက်ပြီး ကျောက်စိမ်းလက်ကောက်ပေါ်သို့ သွေးတစ်စက် ချပေးလိုက်၏။ သူက သူ၏ စိတ်ဝိညာဉ်အသိစိတ်နှင့် အဲဒါကို သန့်စင်ပြီး ကျောက်စိမ်းလက်ကောက်ထဲသို့ သွေးစက်ကို ပေါင်းစည်းကာ ၎င်းပေါ်တွင် ကြော့ရှင်းလှပသော သွေးရောင်အကွက်အပြောက်များကို ဖြစ်ပေါ်လာစေ၏။

နှင်းလေတောင်ကြောရိုးမှ လူတိုင်းသည် အဲဒါနှင့်ပတ်သက်သည့် မည်သည့်အရာကိုမှ ပုံမဖော်နိုင်ပေ။ သို့သော်လည်း အဲဒါက သွေးတစ်စက်သာ ဖြစ်သော်လည်း ၎င်းသည် အဆင့်-၁၂ ဖန်တီးခြင်းကြာပဒုမ္မာ၏ အမြုတေသွေး ဖြစ်သည်ကို ဖုန့်စန်းထျန်နှင့် အခြားသူများက သိရှိကြလေသည်။

ဤကလေးက ပကတိဧကနယ်ပယ်အထိ ကျင့်ကြံနိုင်ခဲ့သည်ဆိုလျှင်တောင် ဤကျောက်စိမ်းလက်ကောက်က သူ့အတွက် ကြီးမားစွာ အသုံးဝင်နေဦးမည် ဖြစ်သည်။

All Chapters