← Chapters

အခန်း (၁၈၁၅+၁၈၁၆)

Vol. 122 Ch. 1815+1816

အခန်း (၁၈၁၅+၁၈၁၆)

Vol. 122 Ch. 1815+1816

အခန်း(၁၈၁၅)

“၂နာရီလား..”

ကျန်းချန်၏ စကားကိုကြားလျှင် ချင်းရှန့်နှင့် အကဲဖြတ်စစ်ဆေးမှုတွင် ပါဝင်သော အခြားအဂ္ဂိရတ် သခင်များသာမက အောက်ဘက်မှ စောင့်ကြည့်နေသူများပင် တုန်လှုပ်သွားခဲ့ကြသည်။

ထိုကောင်လေးသည် အဂ္ဂိရတ် အကဲဖြတ်စစ်ဆေးမှုကို ၂နာရီအတွင်း အောင်မြင်မည်ဟု အခိုင်အမာ ပြောဆိုနေခဲ့သည် မဟုတ်ပါလော။

အဂ္ဂိရတ်ပညာရပ်ကို နားမလည်သူများပင် အဂ္ဂိရတ် ပညာရပ်က အလွန်တရာ ရှုပ်ထွေးသော လုပ်ငန်းစဥ်တစ်ခု ဖြစ်ကြောင်း သိထားကြသည်။

ယေဘုယျအားဖြင့် စတုတ္ထအဆင့် နတ်အဂ္ဂိရတ်သခင် တစ်ဦးသည် စတုတ္ထအဆင့် နတ်ဆေးလုံးတစ်လုံးကို သန့်စင်ရန်အတွက် အနည်းဆုံး ၁နာရီ သို့မဟုတ် ၂နာရီခန့် အချိန်ယူရ၏။

ထို့အပြင် ဤတစ်ကြိမ် အဂ္ဂိရတ် အကဲဖြတ်စစ်ဆေးမှုသည် မီးတိမ်တိုက် ဆေးလုံး ၆လုံးကို သန့်စင်ရန် ဖြစ်သည်။

ထိုကောင်လေးသည် မီးတိမ်တိုက်ဆေးလုံး ၆လုံးကို ၂နာရီအတွင်း အပြီးသန့်စင်လိုနေခြင်းသည် ပေါက်လွှတ်ပဲစား ပြောနေခြင်းနှင့် အတူတူပင် မဟုတ်ပါလော။

“ဟမ့်.. စကားကြီးစကားကျယ်တွေ ပြောနေတာ လျှာခေါက်မှာ မကြောက်ဘူးလား”

ဒုတိယမြောက် မီးတိမ်တိုက်ဆေးလုံးကို သန့်စင်နေသော လုဟုန်မင်က မထီမဲ့မြင် လှောင်ပြောင်ကာ ရေရွတ်လိုက်သည်။

သူ့လို ပဉ္စမအဆင့် နတ်အဂ္ဂိရတ်သခင် တစ်ဦး၏ ခွန်အားဖြင့်ပင် မီးတိမ်တိုက်ဆေးလုံးကို သန့်စင်ရန်အတွက် ၁နာရီခန့် ကြာမြင့်သည်။

၂နာရီဆိုလျှင် အများဆုံးအနေဖြင့် မီးတိမ်တိုက် ဆေးလုံး ၂လုံးကိုသာ သန့်စင်နိုင်လိမ့်မည် ဖြစ်၏။

ယင်းအတွက်ကြောင့် ထိုကောင်လေးက ၂နာရီအတွင်း မီးတိမ်တိုက် ဆေးလုံး၆လုံးကို သန့်စင်လိုနေခြင်းမှာ လုံးဝမဖြစ်နိုင်ပေ။

“၂နာရီအတွင်း မီးတိမ်တိုက်ဆေးလုံး ၆လုံးကို သန့်စင်မှာလား.. တကယ်ကို စိတ်ဝင်စားစရာပဲ”

ကုန်းစွန်းယန်၏ ကျန်းချန်ကို ကြည့်နေသော အကြည့်တွင် မျှော်လင့်ချက် အရိပ်အယောင်များ ပို၍ပင် ပြင်းထန်လာခဲ့သည်။

ဟန်ယွဲ့နန်းတော်၏ အဂ္ဂိရတ်ခန်းမ အကြီးအကဲ တစ်ဦးအနေဖြင့် ကုန်းစွန်းယန်သည် သတ္တမအဆင့် နတ်အဂ္ဂိရတ်သခင်တစ်ဦး ဖြစ်ပြီး သူ၏ အဂ္ဂိရတ်ပညာရပ်ဆိုင်ရာ အသိပညာသည် သာမန် အဂ္ဂိရတ်သခင်များထက် ပို၍ ကြွယ်ဝသည်။

ထို့ကြောင့် အဂ္ဂိရတ်လမ်းစဥ်ပေါ်တွင် အဂ္ဂိရတ်ပညာရပ်၏ စွမ်း‌ဆောင်ရည်ကို အကြီးအကျယ် မြှင့်တင်ပေးနိုင်သည့် အထူးနည်းစနစ် တချို့ရှိမှန်း သဘာဝကျစွာပင် သိထားခဲ့သည်။

ဥပမာအားဖြင့် သူတတ်မြောက်ထားသော ဆေးလုံးခွဲနည်းစနစ်သည် ဆေးမီးဖိုတစ်ခု အတွင်း ဆေးလုံး၂လုံးမှ ၃လုံးအထိ သန့်စင်နိုင်စွမ်း ရှိသည်။

သို့သော်လည်း ထိုကဲ့သို့ အထူးနည်းစနစ်များတွင် သိသာထင်ရှားသော အားနည်းချက်များလည်း ရှိ၏။

အလောတကြီး လုပ်ဆောင်ခြင်းသည် ပျက်စီးတတ်သည်ဟူသော စကားပုံအတိုင်းပင် အဂ္ဂိရတ်လုပ်ငန်းစဥ်၏ အရှိန်အဟုန်ကို မြှင့်တင်ခြင်းသည် အောင်မြင်မှုနှုန်းကို သဘာဝကျစွာပင် အကြီးအကျယ် လျော့ကျစေလိမ့်မည် ဖြစ်သည်။

ထို့ကြောင့် ကျန်းချန်က ၂နာရီအတွင်း မီးတိမ်တိုက် ဆေးလုံး ၆လုံးကို သန့်စင်လိုနေခြင်းသည် ဆေးလုံးသန့်စင်ရန် အများဆုံး အခွင့်အရေး ၂ကြိမ်သာ ရနိုင်ပြီး ဆေးမီးဖို တစ်ခုတွင် ဆေးလုံး၃လုံးကို မဖြစ်မနေ သန့်စင်ရလိမ့်မည် ဖြစ်၏။

သတ္တမအဆင့် နတ်အဂ္ဂိရတ်သခင် ဖြစ်သည့် ကုန်းစွန်းယန်ပင်လျှင် ဆေးလုံးခွဲ နည်းစနစ်ကို အသုံးပြုသည့်တိုင် ၂ကြိမ်ဆက်တိုက် အောင်မြင်မည်ဟု သေချာပေါက် မပြောနိုင်ပေ။

ထိုကောင်လေးက စကားကြီးစကားကျယ် ပြောနေခြင်း မဟုတ်ဘဲ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ရာကောင်းသော အဂ္ဂိရတ်စွမ်းရည်ကို ပိုင်ဆိုင်ထားမထား ကုန်းစွန်းယန် အမှန်တကယ်ပင် သိချင်မိသည်။

ကျန်းချန်က ပတ်ဝန်းကျင်မှ လူတိုင်း၏ မထီမဲ့မြင်လှောင်ပြောင်မှုများကို လျစ်လျူရှုထားခဲ့သည်။

ဆေးမီးဖိုကို အပူပေးပြီးသည်နှင့် သူ၏ လက်များက ရေအလျင်ကဲ့သို့ အဆက်မပြတ် လှုပ်ရှားနေခဲ့၏။

သူက အလွန်လျင်မြန်စွာပင် ဆေးမီးဖိုထဲသို့ ဆေးပစ္စည်းများ ထည့်သည့် အဆင့်သို့ ရောက်ရှိလာခဲ့သည်။

ကျန်းချန်က လုံးဝ တုံ့ဆိုင်းမနေဘဲ မီးတိမ်တိုက်ဆေးလုံး ၃စုံစာကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ ဆေးမီးဖိုထဲသို့ ပစ်ထည့်လိုက်သည်။

“လခွမ်း.. သူက ဆေးပစ္စည်း၃စုံစာလုံးကို ဆေးမီးဖိုထဲ တစ်ခါတည်း ပစ်ထည့်လိုက်တယ်ဟ”

“ဆေးမီးဖိုတစ်ခုတည်းမှာ ဆေးလုံး ၁လုံးထက်မက သန့်စင်နိုင်တဲ့ လျှို့ဝှက်နည်းစနစ်တွေ ရှိတယ်လို့ ဆိုကြတယ်.. ဒီကောင်လေးက အဲဒီနည်းစနစ်ကို ကျွမ်းကျင်ထားတဲ့ပုံပဲ.. ဒီကောင်လေး လေလုံးထွားရဲတာ အံ့သြစရာ မဟုတ်တော့ဘူး.. လက်စသတ်တော့ ဒီကောင်လေးက အထူး လျှို့ဝှက်နည်းစနစ်ကို ကျွမ်းကျင်ထားတာကိုး”

“...........”

ဤအချိန်တွင် ကျန်းချန်သည် ဆေးလုံးခွဲ နည်းစနစ်ကို စတင်ပြုလုပ်နေခဲ့သည်။

ကျန်းချန်၏ လုပ်ဆောင်မှုများကိုမြင်လျှင် လူတိုင်း၏ မျက်ဝန်းထဲ၌ မယုံကြည်နိုင်လောက်အောင် အံ့အားသင့်သော အရိပ်အယောင်များ ပြည့်နှက်နေခဲ့၏။

“ဒါက တကယ်ကို ဆေးလုံးခွဲနည်းစနစ်ပဲ”

ကုန်းစွန်းယန်၏ အိုမင်းသော မျက်ဝန်းများက လင်းလက်သွားခဲ့သည်။

သူက အလွန်တရာပင် စိတ်လှုပ်ရှားနေခဲ့၏။

သူက ဟန်ယွဲ့နန်းတော်၏ အဂ္ဂိရတ်ခန်းမ အတွက် ဧည့်အရာရှိ အကဲဖြတ် စစ်ဆေးမှုကို နှစ်ပေါင်းများစွာ ဦးဆောင်ကျင်းပခဲ့ပြီးမှ ယခုအခါတွင် အဂ္ဂိရတ်လမ်းစဥ်၌ အကြီးအကျယ် ပေါက်မြောက်အောင်မြင်နေသော ပါရမီရှင်တစ်ဦးကို ရှားရှားပါးပါး တွေ့ကြုံနေရပြီ ဖြစ်၏။

ထိုကောင်လေးသည် ဤကဲ့သို့ ငယ်ရွယ်သော အသက်အရွယ်မှာပင် ဆေးလုံးခွဲ နည်းစနစ်ကို ကျွမ်းကျင်နေခဲ့သည်ဖြစ်ရာ ထိုကောင်လေး၏ အဂ္ဂိရတ်လမ်းစဥ်ပေါ်ရှိ ပါရမီသည် သံသယဖြစ်ဖွယ်ရာမရှိ ကြောက်မက်ဖွယ်ရာကောင်းသော အဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်၏။

“ဆေးလုံးခွဲနည်းစနစ်နဲ့ ဆေးမီးဖို တစ်ခုမှာ ဆေးလုံး ၃လုံးကို သန့်စင်တာက ဆေးလုံးဖြစ်တည်နိုင်ခြေ ရာခိုင်နှုန်းကို ၃ဆကျော်လောက် လျော့နည်းစေတယ်.. ဒီကောင်လေး အောင်အောင်မြင်မြင် သန့်စင်နိုင်ပါ့မလား”

ကုန်းစွန်းယန်က အသက်ကို ခပ်ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ၏ အကြည့်ကို ကျန်းချန်ပေါ်တွင်သာ အာရုံစူးစိုက်ထားလိုက်သည်။

သူ၏ရှေ့မှ ကောင်လေးသာ အမှန်တကယ် အောင်မြင်စွာ သန့်စင်နိုင်ခဲ့လျှင် ထိုကောင်လေး၏ ပါရမီသည် ဟန်ယွဲ့နန်းတော်၏ အထူးချွန်ဆုံး အဂ္ဂိရတ်ပါရမီရှင်ထက် မနိမ့်ကျနိုင်တော့ပေ။

မှန်ပါသည်။ ဤအချိန်တွင် ကုန်းစွန်းယန်သာမက အားလုံး၏ အကြည့်သည် ကျန်းချန်အပေါ်တွင်သာ စုပြုံ၍ ကျရောက်နေခဲ့သည်။

အောက်ဘက်မှ အကဲဖြတ်စစ်ဆေးမှုကို ပါဝင်ရန် စောင့်ဆိုင်းနေသော လူများဖြစ်စေ၊ စင်မြင့်ပေါ်မှ အကဲဖြတ်စစ်ဆေးမှုတွင် ပါဝင်နေသော အဂ္ဂိရတ်သခင်များ ဖြစ်စေ၊ ၎င်းတို့အားလုံးသည် ကျန်းချန်၏ အံ့အားသင့်ဖွယ် လုပ်ဆောင်မှုများကြောင့် ဆွဲ‌ဆောင်ခံနေရသည်။

အဂ္ဂိရတ်သခင်နှစ်ဦး ဆိုလျှင် ကျန်းချန်အပေါ်တွင် အာရုံစူးစိုက်မိနေသောကြောင့် ဆေးလုံးသန့်စင်ရာတွင် ချွတ်ချော်သွားခဲ့ပြီး ဆေးလုံးသန့်စင်ခြင်းကို ကျရှုံးခဲ့သည်။

လုဟုန်မင် ပင်လျှင် ဆေးဖက်ဝင်ပစ္စည်း၂မျိုးကို နှေးကွေးစွာ ထည့်သွင်းမိခဲ့၍ ဆေးမီးဖိုးထဲမှ စွမ်းရည်များ မတည်မငြိမ်ဖြစ်ကာ “ဝုန်းခနဲ”အသံဖြင့် ပေါက်ကွဲထွက်သွားခဲ့သည်။

“မဖြစ်နိုင်ဘူး.. ဒီကောင်က ဆေးမီးဖို တစ်ခုထဲမှာ ဆေးလုံး၃လုံး သန့်စင်တဲ့ အထူးနည်းစနစ်ကို ဘယ်လိုလုပ်ပြီး ကျွမ်းကျင်နေရတာလဲ”

လုဟုန်မင်က စိတ်နှလုံးထဲတွင် မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။

စင်စစ် လုဟုန်မင်သည်လည်း ဆေးလုံးခွဲနည်းစနစ်ကို စမ်းသပ်ခဲ့ဖူးသည်။

သို့သော်လည်း သူ၏စွမ်းရည်ဖြင့်ပင် ဆေးမီးဖို တစ်ခုထဲတွင် ဆေးလုံး တစ်လုံးထက်မက သန့်စင်ရန် ခက်ခဲနေခဲ့၏။

ဆိုရလျှင် သူသည် ဆေးလုံးခွဲနည်းစနစ်ကို အသုံးပြုကာ ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် ဆေးလုံးကို သန့်စင်ရန်အတွက် ဆေးမီးဖိုတစ်ခုထဲတွင် ဆေးလုံး၂လုံး သန့်စင်ရန် စမ်းသပ်ခဲ့ဖူးသည်။

သို့ရာတွင် ၁၀ကြိမ်ကျော် စမ်းသပ်ခဲ့သည့်တိုင် ၁ကြိမ်သာလျှင် အောင်မြင်ခဲ့ပြီး အောင်မြင်မှု ရာခိုင်နှုန်းသည် ၁၀ပုံ၁ပုံအောက်ပင် ရောက်ရှိခဲ့သည်။

သို့ဖြစ်ရာ ဆေးမီးဖို တစ်ခုတည်းတွင် ဆေးလုံး၃လုံး သန့်စင်ရန်သည် ပို၍ပင် အောင်မြင်ရန် အခွင့်အရေး နည်းပါးပေလိမ့်မည် မဟုတ်ပါလော။

ထိုကောင်လေးက ဆေးမီးဖို တစ်ခုတည်းတွင် မီးတိမ်တိုက်ဆေးလုံး၃လုံးကို အမှန်တကယ် သန့်စင်နိုင်လိမ့်မည်ဟု လုဟုန်မင် လုံးဝ မယုံကြည်ခဲ့ပေ။

ကျန်းချန်က ပတ်ဝန်းကျင်မှ အခြေအနေများကို လျစ်လျူရှုထားခဲ့သည်။

သူက အဆင့်မြင့် ဆေးလုံးခွဲနည်းစနစ်ကို အသုံးပြုခဲ့ပြီး သူ၏ရှေ့မှ ဆေးမီးဖိုကို အပြည့်အဝပင် ထိန်းချုပ်ခဲ့သည်။

အစမှအဆုံးတိုင် ကျန်းချန်၏ ဆေးမီးဖိုသည် ပုံမှန်မဟုတ်သော အတက်အကျများ လုံးဝမရှိဘဲ အလွန်တရာပင် တည်ငြိမ်နေခဲ့၏။

“ဒီကလေးက ရေအလျင်လို အဆက်မပြတ် လှုပ်ရှားနိုင်ပြီး အပြစ်ဆိုစရာ တစ်စက်ကလေးမှ မရှိဘူး.. ဒါ့အပြင် သူအသုံးပြုတဲ့ ဆေးလုံးခွဲနည်းစနစ်က အတော်လေး အဆင့်မြင့်တဲ့နည်းစနစ် ဖြစ်ပုံရတယ် ၂နာရီအတွင်း အကဲဖြတ်စစ်ဆေးမှုကို အောင်မြင်မယ်လို့ ယုံကြည်မှုရှိနေတာ အံ့သြစရာမဟုတ်တော့ဘူး”

ကုန်းစွန်းယန်က အတော်လေး အံ့အားသင့်နေခဲ့သည်။

သူ၏ မြင်နိုင်စွမ်းအရ ကျန်းချန်၏ လှုပ်ရှားမှုမှ တစ်ဆင့် ကျန်းချန်၏ အဂ္ဂိရတ်လမ်းစဥ်ပေါ်တွင် ပေါက်မြောက်အောင်မြင်မှုက မည်မျှအထိ ရောက်ရှိနေပြီလဲ ဆိုသည်ကို ကောင်းစွာ သိမြင်နိုင်ခဲ့သည်။

ဆိုရလျှင် ဤတစ်ကြိမ် အကဲဖြတ်စစ်ဆေးမှုတွင် ကျန်းချန်သည် အောင်မြင်နိုင်ခြေ အလွန်တရာ များ၏။

လူတိုင်း၏ အကြည့်အောက်မှာပင် ၁နာရီဟူသော အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။

ကျန်းချန်၏ ဆေးမီးဖိုထဲရှိ ဆေးဘက်ဝင်ပစ္စည်း ၃စုံစာသည်ပင် သန့်စင်လုနီးပါး အခြေအနေသို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။

သိပ်မကြာခင်မှာပင် သူက ဆေးလုံးသိပ်သည်းခြင်း နည်းစနစ်ကို လျင်မြန်စွာ လုပ်ဆောင်လိုက်၏။

ခဏကြာပြီးနောက်တွင် ပြင်းထန်သော ဆေးရနံ့သည် အကဲဖြတ်စစ်ဆေးမှု စင်မြင့်ကနေ ပျံ့နှံ့သွားခဲ့သည်။

ကျန်းချန်က ဆေးမီးဖို အဖုံးကို ဖွင့်လိုက်ပြီး မီးတိမ်တိုက်ဆေးလုံး ၃လုံးကို ထုတ်ယူလိုက်သည်။

“အောင်မြင်သွားတယ်လား”

ကျန်းချန်၏ လက်ထဲမှ ဆေးလုံး၃လုံးကို မြင်လျှင် လူတိုင်းသည် မှင်တက်သွားခဲ့ပြီး ပြန်လည် အသိဝင်လာရန် အချိန်အတော်ယူခဲ့ရသည်။

ကြီးမားသော ရင်ပြင်တစ်ခုလုံးသည် ချက်ချင်းဆိုသလိုပင် တစပြင်နှယ် တိတ်ဆိတ်သွားခဲ့၏။

ကျန်းချန်က ဆေးမီးဖို တစ်ခုတည်းတွင် မီးတိမ်တိုက်ဆေးလုံး ၃လုံးကို တစ်ပြိုင်နက်တည်း သန့်စင်နိုင်လိမ့်မည်ဟု သူတို့ တစ်ခါမှ မတွေးမိခဲ့ပေ။

တစ်နည်းအားဖြင့် ကျန်းချန်သည် ဟန်ယွဲ့နန်းတော်၏ အဂ္ဂိရတ်ခန်းမ၏ ဧည့်သည်အရာရှိ အကဲဖြတ်စစ်ဆေးမှုကို အောင်မြင်ရန်အတွက် နောက်ထပ် ဆေးလုံး၃လုံးကို အောင်မြင်အောင် သန့်စင်နိုင်ရန်သာ လိုအပ်တော့၏။

ဤအချိန်တွင် လူတိုင်းသည် ကျန်းချန်က ၂နာရီအတွင်း အကဲဖြတ် စစ်ဆေးမှုကို အောင်မြင်မည်ဟု ပြောခဲ့ခြင်းမှာ လေလုံးထွားနေခြင်း မဟုတ်ဘဲ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ရာကောင်းသော အဂ္ဂိရတ်စွမ်းရည်ကို ပိုင်ဆိုင်ထား၍ ဖြစ်မှန်း အဆုံးသတ်၌ နားလည်သွားခဲ့သည်။

အခန်း(၁၈၁၆)

“ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

လုဟုန်မင်၏ မျက်နှာက ဖြူဖျော့နေခဲ့သည်။

သူ၏ပုံစံက တိုက်ပွဲတွင် ရှုံးနိမ့်သွားသော ကြက်ဖတစ်ကောင်နှင့်ပင် ဆင်တူနေခဲ့၏။

ဤအဂ္ဂိရတ် စစ်ဆေးမှုတွင် သူက တစ်ဦးတည်းသော ပဉ္စမအဆင့် နတ်အဂ္ဂိရတ်သခင် တစ်ဦး ဖြစ်၍ ဟန်ယွဲ့နန်းတော်၏ ဧည့်အရာရှိတစ်ဦး ဖြစ်လာရန် အမျှော်လင့်နိုင်ဆုံးဟု မူလက ထင်မှတ်ခဲ့သည်။

သို့သော်လည်း သူလုံးဝ မတွေးခဲ့မိသည်မှာ သူ အလေးအနက် မထားခဲ့သည့် သူ၏ ရှေ့မှ မလောက်လေး မလောက်စားကောင်လေးသည် ဆေးမီးဖိုတစ်ခုတည်းတွင် ဆေးလုံး၃လုံးကို တစ်ပြိုင်နက် သန့်စင်လိုက်ပြီး သူ့ကို ချက်ချင်းဆိုသလိုပင် အမှိုက်အဖြစ်သို့ ပြောင်းလဲလိုက်ခြင်းပင်။

“ဆေးမီးဖိုတစ်ခုထဲမှာ ဆေးလုံး ၃လုံးကိုတောင် သန့်စင်နိုင်တယ် ဆိုတော့ ညီနောင်ကျန်းချန်ရဲ့ အဂ္ဂိရတ်စွမ်းရည်က တကယ်ကို ကြောက်စရာပဲ”

ချင်းရှန့်က အံ့သြရာကနေ သတိပြန်ဝင်လာပြီးနောက်တွင် ကျန်းချန်ကို တအံ့တသြ ချီးကျူးလိုက်သည်။

ချင်းရှန့်သည် ကျန်းချန်အပေါ်တွင် အစကတည်းက ကောင်းမွန်သောအမြင် ရှိခဲ့၍ လုဟုန်မင်က ကျန်းချန်ကို အရှက်ရစေရန် လုပ်ဆောင်ခြင်းတွင် အကူအညီပေးခဲ့ခြင်းသာ။

သို့ရာတွင် သူ မထင်မှတ်ထားသည်မှာ သူ့ထက်ပင် များစွာ အသက်ငယ်ရွယ်ပုံရသည့် ကျန်းချန်သည် အဂ္ဂိရတ်ပညာရပ်တွင် ကြောက်မက်ဖွယ်ရာ အဆင့်အထိ ပေါက်မြောက်အောင်မြင်ထားခြင်းပင်။

ကျန်းချန်က အနည်းငယ် လမ်းညွှန်ပေးလိုက်ရုံဖြင့်ပင် သူက ပထမဆုံးသော မီးတိမ်တိုက်ဆေးလုံးကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့သည် မဟုတ်ပါလား။

ဤတစ်ကြိမ်တွင်မူ ကျန်းချန်သည် ဆေးမီးဖိုထဲတွင် ဆေးလုံး၃လုံးကို တစ်ပြိုင်တည်း သန့်စင်နိုင်ခဲ့၏။

“ဒီတစ်ကြိမ်တော့ ငါထူးကဲတဲ့ ပါရမီရှင်တစ်ယောက်နဲ့ ဆုံတွေ့ခွင့်ရခဲ့ပြီ”

ချင်းရှန့်က အလွန်တရာပင် စိတ်လှုပ်ရှားနေခဲ့၏။

အကြောင်းရင်းမှာ သူက ဤကဲ့သို့ ပြိုင်ဘက်ကင်း အဂ္ဂိရတ် ပါရမီရှင်၏ မျက်နှာသာပေးမှုကို ရရှိခဲ့ခြင်းကြောင့်ပင်။

ကျန်းချန်၏ လမ်းညွှန်ပေးမှုဖြင့် ဆိုလျှင် ဤတစ်ကြိမ်အကဲဖြတ် စစ်ဆေးမှုကို ကျော်ဖြတ်နိုင်ကာ ဟန်ယွဲ့နန်းတော်၏ ဧည့်အရာရှိပင် ဖြစ်လာနိုင်ဖွယ် ရှိသည်။

အကယ်၍ ဟန်ယွဲ့နန်းတော်သို့ ဝင်ရောက်ရန် မအောင်မြင်ခဲ့လျှင်ပင် ဤကဲ့သို့ ပါရမီရှင်နှင့် သိကျွမ်းရခြင်းသည် သူ့အတွက် အလွန်ပင် တန်ဖိုးရှိလှသည် မဟုတ်ပါလား။

တစ်ချိန်တည်းမှာပင် ရင်ပြင်အထက်ရှိ လေထုထဲတွင် ကျင်ကြံသူ တချို့သည် ခန့်ညားစွာ ရပ်နေခဲ့ကြပြီး အောက်ဘက်မှအခြေအနေကို စိတ်ဝင်တစား ကြည့်ရှုနေခဲ့ကြသည်။

“ဟန်ယွဲ့မြို့တော်မှာ တကယ်ပဲ ဒီလို အဂ္ဂိရတ်ပါရမီရှင် တစ်ယောက် ရှိနေလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး”

“အမှန်ပဲ ဒီကလေးရဲ့ အဂ္ဂိရတ်ပါရမီက ဟန်ယွဲ့နန်းတော်က နံပါတ်(၁) အဂ္ဂိရတ်ပါရမီရှင် ရှချင်းမင်ရဲ့ပါရမီထက် လုံးဝ မနိမ့်ဘူး”

ဟန်ယွဲ့နန်းတော်၏ အကြီးအကဲ ဝတ်စုံကို ဝတ်ဆင်ထားသောအမျိုးသား နှစ်ဦးက တအံ့တသြ ရေရွတ်လိုက်ကြသည်။

“အကြီးအကဲ နှစ်ပါးက ဒီကလေးကို အတော်လေး အထင်ကြီးလွန်းနေပြီ ထင်တယ်.. ဒီကလေးက အဂ္ဂိရတ်ပညာရပ်မှာ ထူးခြားတဲ့ပါရမီ ရှိပေမဲ့ ဟန်ယွဲ့နန်းတော်ရဲ့ နံပါတ်(၁) အဂ္ဂိရတ် ပါရမီရှင်ကို ဘယ်လိုလုပ်ပြီး ယှဥ်နိုင်မှာလဲ”

အကြီးအကဲနှစ်ဦး စကာားပြောဆိုနေစဥ်မှာပင် ခန့်ညားသောအသွင်အပြင် ရှိပြီး ခန္ဓာကိုယ် ကြံ့ခိုင်တောင့်တင်းသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ဝင်ရောက်ပြောဆိုလိုက်သည်။

ထိုခန္ဓာကိုယ် ကြံ့ခိုင်တောင့်တင်းသော လူလတ်ပိုင်းအရွယ်အမျိုးသားမှာ တခြားသူ မဟုတ်ဘဲ ဟန်ယွဲ့မြို့တော်၏ မြို့စား ဝူထျန်းကျီပင် ဖြစ်၏။

“မြို့စားဝူ.. ငါက အဂ္ဂိရတ်သခင် မဟုတ်ပေမဲ့ ငါ့ရဲ့ ဒီမျက်လုံးတစ်စုံက အဲဒီလောက်အထိ မကန်းသေးပါဘူး”

ဟန်ယွဲ့နန်းတော်မှ အကြီးအကဲ တစ်ပါးက အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ကာ အလေးအနက် ပြောလိုက်သည်။

“ဆေးလုံးခွဲနည်းစနစ်ကို ရှချင်းမင် အသုံးပြုတာ ငါမြင်တွေ့ဖူးတယ်.. ဒါပေမဲ့ ရှချင်းမင်က ဒီကလေးလောက် အလွယ်တကူ မလုပ်ဆောင်နိုင်ခဲ့ဘူး”

ထိုစကားကိုကြားလျှင် ဝူထျန်းကျီ၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

ထိုကောင်လေး၏ အဂ္ဂိရတ်ပါရမီသည် ရှချင်းမင်နှင့် အမှန်တကယ်ပင် နှိုင်းယှဥ်နိုင်မည်ဆိုလျှင် မိတ်ဆွေဖွဲ့ရန် ထိုက်တန်သည် မဟုတ်ပါလား။

ကျန်းချန်က လူတိုင်း၏ အံ့သြထိတ်လန့်နေသော အမူအရာများကို လျစ်လျူရှုထားခဲ့သည်။

သူက မီးတိမ်တိုက်ဆေးလုံး သန့်စင်ရန်အတွက် ပစ္စည်း၃စုံစာကို ထုတ်ယူကာ မီးလျှံများကို လက်ဖဝါးတွင် ထပ်မံ စုစည်း၍ ဒုတိယအသုတ်ကို စတင်ရန် ပြင်ဆင်ခဲ့သည်။

ဤတစ်ကြိမ်တွင်လည်း ကျန်းချန်သည် အဆင့်မြင့် ဆေးလုံးခွဲနည်းစနစ်ကိုပင် ဆက်လက် အသုံးပြုကာ ဆေးမီးဖို တစ်ခုထဲတွင် ဆေးလုံး၃လုံးကို တစ်ပြိုင်နက်တည်း သန့်စင်ရန် ဆုံးဖြတ်ခဲ့၏။

အဆ ၁၀၀ စနစ်ကြောင့် ကျန်းချန်သည် အဂ္ဂိရတ်လုပ်ဆောင်ရာတွင် အလွန်တရာပင် တိကျမှု ရှိနေခဲ့သည်။

ထိုအကြောင်းကြောင့်လည်း ကျန်းချန်၏ ဒုတိယအသုတ်ဆေးဝါး သန့်စင်ရာတွင် မည်သည့် အမှားအယွင်းမှ မရှိခဲ့ပေ။

၁နာရီခန့် ကြာပြီးနောက်တွင် ကျန်းချန်သည် ဒုတိယအသုတ် ဖြစ်သည့် ဆေးလုံး၃လုံးကို သန့်စင်ပြီးစီးခဲ့သည်။

“ထပ်ပြီး အောင်မြင်သွားပြန်ပြီလား”

ကျန်းချန်က ဆေးမီးဖိုကို ၂ကြိမ်သာ အသုံးပြုခဲ့ပြီး မီးတိမ်တိုက် ဆေးလုံး၆လုံးကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့ကာ ဟန်ယွဲ့နန်းတော်၏ အကဲဖြတ်စစ်ဆေးမှုကို ကျော်ဖြတ်နိုင်ခဲ့ချေပြီ။

“ဒါက တကယ်ကို မယုံနိုင်စရာပဲ.. ဧည့်အရာရှိ အကဲဖြတ်စစ်ဆေးမှုရဲ့ မေးခွန်းက ရိုးရှင်းသွားတယ်လို့ ငါဘာကြောင့် ရုတ်တရက် ခံစားမိရတာလဲ”

“အကဲဖြတ်စစ်ဆေးမှု မေးခွန်းက ဘယ်နေရာမှာ ရိုးရှင်းတာလဲ.. တကယ်တော့ ဒီကောင်လေးက အဂ္ဂိရတ်ပညာရပ်မှာ တအားကို ထူးချွန်လွန်းနေလို့ပဲ”

“..............”

လူတိုင်းက အဂ္ဂိရတ်ပြုလုပ်သည့် စင်မြင့်ပေါ်မှ ကျန်းချန်ကိုကြည့်ကာ မှင်တက်ရာကနေ ပြန်လည် အသိဝင်လာရန် အချိန်အတော်ကြာယူခဲ့ရသည်။

“ကျန်းချန် မင်းက ဆေးမီးဖိုကို ၂ကြိမ် အသုံးပြုပြီး မီးတိမ်တိုက် ဆေးလုံး၆လုံးကို သန့်စင်နိုင်ခဲ့တယ်.. ဒါ့အပြင် ၂နာရီခန့်ပဲ ကြာမြင့်ခဲ့ပြီး ရရှိလာတဲ့ ဆေးလုံး၆လုံးကလည်း ထိပ်တန်းအဆင့်မှာ ရှိတယ်”

ထိုအချိန်တွင် ကုန်းစွန်းယန်သည် ကျန်းချန်၏ ရှေ့တွင် လျှပ်တစ်ပြက် ပေါ်ပေါက်လာခဲ့သည်။

သူက ကျန်းချန် သန့်စင်ထားသော ဆေးလုံး ၆လုံးကို စစ်ဆေးလိုက်ပြီးနောက်တွင် ပြုံးရွှင်စွာဖြင့် ကြေညာလိုက်၏။

“ကောင်လေး.. မင်းရဲ့အကဲဖြတ်စစ်ဆေးမှု အဆင့်သတ်မှတ်ချက်က ထိပ်တန်းအဆင့်ပဲ.. ဂုဏ်ပြုပါတယ်.. မင်းက အခု ဟန်ယွဲ့နန်းတော်ရဲ့ အဆင့်မြင့်ဧည့်အရာရှိ ဖြစ်သွားခဲ့ပြီ”

“ဒီကောင်လေးက ဟန်ယွဲ့နန်းတော်ရဲ့ အဆင့်မြင့်ဧည့်အရာရှိ ဖြစ်သွားတာလား”

ကုန်းစွန်းယန်၏ ရလဒ်ကြေညာချက်ကို ကြားလျှင် လူတိုင်းက လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့သည်။

အဆင့်မြင့် ဧည့်အရာရှိသည် ဟန်ယွဲ့နန်းတော်တွင် အလွန်မြင့်မားသော အဆင့်အတန်း ရှိပြီး အကြီးအကဲ အဆင့်အတန်းနှင့် တန်းတူနီးပါးပင်။

ဤအချိန်တွင် လူအများသည် ကျန်းချန်ကို မနာလိုအားကျသော မျက်ဝန်းများဖြင့် ကြည့်နေခဲ့ကြ၏။

“ကျေးဇူးတင်ပါတယ် အကြီးအကဲ”

ကျန်းချန်က ကုန်းစွန်းယန်ကို အရိုအသေပေးကာ ပြောလိုက်သည်။

ကျန်းချန်က သူ့အနေဖြင့် အဆင့်မြင့်ဧည့်အရာရှိ ရာထူး ရယူနိုင်ခဲ့သည်ကို အံ့သြခြင်းမရှိခဲ့ပေ။

ဤတစ်ကြိမ်တွင် သူက အဆင့်မြင့် ဆေးလုံးခွဲနည်းစနစ်ကို ၂ကြိမ်ဆက်တိုက် အသုံးပြုကာ မီးတိမ်တိုက် ဆေးလုံး ၆လုံးကို အလွယ်တကူ သန့်စင်ပြခဲ့ခြင်းမှာ ဟန်ယွဲ့နန်းတော်မှ အဂ္ဂိရတ်ခန်းမ အကြီးအကဲ၏ မျက်နှာသာကို ရယူလိုခြင်းကြောင့်ပင်။

အဆုံးသတ်ပြောရလျှင် ဟန်ယွဲ့နန်းတော်တွင် ရာထူးမြင့်လေ အခွင့်အာဏာ ပိုမိုများပြားလေလေ ဖြစ်သည်။

သူက ဤတစ်ကြိမ်တွင် သူ၏ အမေကို ရှာဖွေရန်အတွက် ဟန်ယွဲ့နန်းတော်သို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်ရာ သူ၏ ရာထူးသာ ပိုမြင့်ခဲ့လျှင် သံသယဖြစ်စရာမရှိ ပိုမို အဆင်ပြေသွားပေလိမ့်မည်။

“အားနာနေစရာ မလိုပါဘူး.. မင်းရဲ့အဂ္ဂိရတ်စွမ်းရည်နဲ့ ဆိုရင် အဆင့်မြင့်ဧည့်အရာရှိ ဖြစ်ဖို့ အပြည့်အဝ အရည်အချင်း ပြည့်မီပါတယ်”

ကုန်းစွန်းယန်က သူ၏ လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။

ထို့နောက်တွင် သူ၏ အကြည့်သည် ချက်ချင်းဆိုသလို ကျောက်စင်မြင့်ထက်မှ အဂ္ဂိရတ်သခင်များ ဆီသို့ ရောက်ရှိသွားခဲ့သည်။

“ဟန်ယွဲ့နန်းတော်ထဲ ဝင်ချင်ရင် အစွမ်းအစနဲ့ပဲ စကားပြောကြပါ.. အခြားသူတွေကို မနာလိုဖြစ်နေမဲ့အစား ကိုယ့်ကံကြမ္မာကို ကိုယ်တိုင် ဖန်တီးတာ အကောင်းဆုံးပဲ”

ကုန်းစွန်းယန်၏ စကားကိုကြားလျှင် ကျောက်စင်မြင့်ထက်မှ အဂ္ဂိရတ်သခင်များသည် ပြန်လည်၍ အသိဝင်လာခဲ့ကြပြီး အဂ္ဂိရတ် လုပ်ငန်းစဥ်များကို ဆက်လက် လုပ်ဆောင်ခဲ့ကြသည်။

လုဟုန်မင်သည်လည်း တတိယမြောက် မီးတိမ်တိုက် ဆေးလုံးကို စတင် သန့်စင်ခဲ့သည်။

မည်သို့ပင်ဖြစ်စေကာမူ ဟန်ယွဲ့နန်းတော်၏ ဧည့်အရာရှိ ဖြစ်လာရန်အတွက် သူသည်လည်း မီးတိမ်တိုက်ဆေးလုံး ၆လုံးကို သန့်စင်ရလိမ့်မည်ပင်။

“မင်းလည်း ဆေးလုံးသန့်စင်ဖို့ စတင်သင့်ပြီ.. ငါဘေးကနေ မင်းကို ညွှန်ပြပေးမယ်”

လူတိုင်းက အဂ္ဂိရတ် လုပ်ဆောင်နေကြသည်ကို မြင်လျှင် ကျန်းချန်သည် နံဘေးမှ ချင်းရှန့်ကို တိုက်ရိုက်ပင် ပြောကြားလိုက်သည်။

ဤမြင်ကွင်းကို ကုန်းစွန်းယန်က စိတ်ဝင်တစား စောင့်ကြည့်နေခဲ့ပြီး ဝင်ရောက် မတားမြစ်ခဲ့ပေ။

စင်စစ် ဟန်ယွဲ့နန်းတော်၏ ဧည့်အရာရှိ ခွဲတမ်း အရေအတွက်သည် လုံးဝ အ‌ရေးမပါပေ။

ကျန်းချန်က ချင်းရှန့်အား အကဲဖြတ်စစ်ဆေးမှုကို ကျော်ဖြတ်နိုင်စေရန် ကူညီပေးခဲ့လျှင်လည်း ဟန်ယွဲ့နန်းတော် အတွက် ထိခိုက်မှု မရှိနိုင်ချေ။

ပထမအကြိမ်က ကဲ့သို့ပင် ချင်းရှန့်အား ဆေးလုံးသန့်စင်ရာတွင် အောင်မြင်စေရန်အတွက် အလွန်အမင်း ထိရောက်သည့် တိကျသော လမ်းညွှန်မှုများကို ကျန်းချန်က လမ်းညွှန်ပြသပေးနိုင်မလား သူ သိချင်နေခဲ့သည်။

“ကောင်းပြီ ညီနောင်ကျန်းချန်.. မင်း ဘေးကနေ ညွှန်ပြမယ်ဆိုမှတော့ ငါအဂ္ဂိရတ်ကို စတင်လိုက်တော့မယ်”

ချင်းရှန့်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီး ချက်ချင်းဆိုသလိုပင် ကျန်းချန်၏ ညွှန်ကြားပြသမှုအောက်တွင် ဒုတိယမြောက် မီးတိမ်တိုက်ဆေးလုံးကို သန့်စင်ရန် စတင်ခဲ့သည်။

၁နာရီကျော် ကြာပြီးနောက်တွင် ချင်းရှန့်သည် အဆုံးသတ်၌ အခက်အခဲများကို ကျော်လွန်ကာ ဒုတိယမြောက် မီးတိမ်တိုက်ဆေးလုံးကို သန့်စင်နိုင်ခဲ့၏။

သို့သော်လည်း ချင်းရှန့်သည် စတုတ္ထအဆင့် နတ်အဂ္ဂိရတ်သခင် အစောပိုင်းအဆင့်သာ ရှိသောကြောင့် မီးတိမ်တိုက်ဆေးလုံးကို သန့်စင်ရာတွင် အနည်းငယ် ခက်ခဲမှု ရှိနေခဲ့သည်။

ကျန်းချန်၏ တိကျသော လမ်းညွှန်မှုဖြင့်ပင် ချင်းရှန့်သည် ဆေးလုံး သန့်စင်ရာတွင် မ‌အောင်မြင်ဘဲ အဆုံးသတ်ခဲ့ရသည့် အခိုက်အတန့်များလည်း ရှိခဲ့သည်။

မှန်ပါသည်။ အောင်မြင်မှုမရရှိခဲ့သည့် အခေါက်များတွင် ချင်းရှန့်၏ ဆေးလုံး ဖြစ်တည်မှုနှုန်းသည် သာမန် စတုတ္ထအဆင့် နတ်အဂ္ဂိရတ်သခင်တစ်ဦး၏ နှုန်းထက်ပင် များစွာမြင့်မားနေခဲ့၏။

အဆုံးသတ်တွင်မူ ချင်းရှန့်သည် ၉ကြိမ်မြောက်တွင် မီးတိမ်တိုက် ဆေးလုံး ၆လုံးကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့ပြီး ဟန်ယွဲ့နန်းတော်၏ ဧည့်အရာရှိ စစ်ဆေးမှုကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့တော့သည်။

All Chapters