အခန်း (၁၈၁၇+၁၈၁၈)
Vol. 122 Ch. 1817+1818
အခန်း(၁၈၁၇)
“ဟန်ယွဲ့နန်းတော်ရဲ့ ဧည့်အရာရှိ စစ်ဆေးမှုကို ငါကျော်ဖြတ်နိုင်ခဲ့ပြီလား”
သူသန့်စင်ထားသော မီးတိမ်တိုက်ဆေးလုံး ၆လုံးကို ကြည့်ရင်း ချင်းရှန့်သည် အိပ်မက်မက်နေသလို ခံစားနေခဲ့ရသည်။
ဤတစ်ကြိမ် အကဲဖြတ် စစ်ဆေးမှုတွင် ပါဝင်လာရသည့် အဓိက အကြောင်းအရင်းမှာ သူနှင့် ဟန်ယွဲ့နန်းတော်၏ ဧည့်အရာရှိ အဆင့်က မည်မျှ ကွာဟနေသည်ကို သိရှိရန်အတွက်သာ ဖြစ်သည်။
ဆိုရလျှင် ချင်းရှန့်သည် ဟန်ယွဲ့နန်းတော်သို့ ဝင်ရောက်ရန်အတွက် မျှော်လင့်ချက်များစွာ မထားရှိခဲ့ပေ။
သို့သော်လည်း ချင်းရှန့်သည် ဤအကဲဖြတ်စမ်းသပ်မှုတွင် ကောင်းကင်ကိုပင် ဆန့်ကျင်နေသော ကျန်းချန်ကဲ့သို့ ပါရမီရှင်တစ်ဦးနှင့် ရင်းနှီးကာ မဖြစ်နိုင်သည့် အခြေအနေကို ဖြစ်နိုင်ခြေ အဖြစ်သို့ ပြောင်းလဲနိုင်ခဲ့ပြီး ဟန်ယွဲ့နန်းတော်၏ ဧည့်အရာရှိ စစ်ဆေးမှုကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သည်။
“ဒီကောင်လေးရဲ့ အဂ္ဂိရတ်ပါရမီက တကယ်ကို မွန်းစတားဆန်လွန်းတာပဲ”
ကျန်းချန်၏ လမ်းညွှန်ပြသမှုအောက်တွင် ချင်းရှန့်က အကဲဖြတ် စစ်ဆေးမှုတွင် အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သည်ကို မြင်လျှင် ကုန်းစွန်းယန်သည် တအံ့တသြ ရေရွတ်လိုက်သည်။
သူ၏ မျက်စိဖြင့်သာ ကိုယ်တိုင် မမြင်တွေ့ခဲ့ရလျှင် တစ်စုံတစ်ယောက်က အသေးစိတ် အချက်အလက်များအထိ အတိအကျ ညွှန်ကြားပြသနိုင်သော ကြောက်မက်ဖွယ်ရာကောင်းသည့် အဆင့်သို့ ရောက်ရှိနေမည်ဟု ကုန်းစွန်းယန် အမှန်တကယ် ယုံကြည်မည် မဟုတ်ချေ။
လုပ်ငန်းစဥ် တစ်ခုလုံးတွင် ကျန်းချန်သည် ချင်းရှန့်ကို မီးတိမ်တိုက်ဆေးလုံးအား သန့်စင်ရန်အတွက် ညွှန်ကြားပြသခဲ့ပြီး အကြိမ်တိုင်း နီးပါးတွင် အတိအကျ မှန်ကန်နေခဲ့သည်။
ချင်းရှန့်က ၉ကြိမ်တွင် ၃ကြိမ် ကျရှုံးခဲ့သည်မှာ ချင်းရှန့်သည် စတုတ္ထအဆင့် နတ်အဂ္ဂိရတ်သခင် အစောပိုင်းအဆင့်တွင်သာ ရှိသေးသောကြောင့်လည်း ပါဝင်၏။
ထို့ကြောင့် မီးတိမ်တိုက်ဆေးလုံးကို သန့်စင်ရာတွင် အနည်းငယ် နှေးကွေးနေခဲ့ပြီး ကျန်းချန်၏ ညွှန်ကြားချက်များကို အချိန်မီ မလိုက်နာနိုင်ခဲ့ပေ။
အကယ်၍သာ ချင်းရှန့်၏နေရာတွင် စတုတ္ထအဆင့် အဆင့်မြင့် နတ်အဂ္ဂိရတ်သခင် တစ်ဦးနှင့် အစားထိုးခဲ့လျှင် ကျန်းချန်၏ လမ်းညွှန်ပြသမှုအောက်၌ ဆေးလုံး၏ အောင်မြင်မှု ရာခိုင်နှုန်းသည် ၁၀၀ ရာခိုင်နှုန်း မရသည့်တိုင် အနည်းဆုံး ၉၀ ရာခိုင်နှုန်းအထိ ရောက်ရှိနိုင်ပေလိမ့်မည်။
အခြား အဂ္ဂိရတ်ပညာရှင်ကို ဆေးလုံးသန့်စင်ရန် အတွက် ညွှန်ကြားပြသသည်ကပင် ဤကဲ့သို့ အောင်မြင်မှုနှုန်းထား အထိ ရရှိနေခဲ့သည် ဖြစ်ရာ ကိုယ်တိုင်သာ ဆေးလုံးသန့်စင်မည်ဆိုလျှင် မည်မျှအထိ ကြောက်မက်ဖွယ်ရာကောင်းမည်ကို ကုန်းစွန်းယန် စိတ်ပင် မကူးနိုင်တော့ပေ။
ကျန်းချန် ဟူသော ကောင်လေးသည် ဆေးလုံး၃လုံးကို ၂ကြိမ်ဆက်တိုက် တစ်ပြိုင်နက် သန့်စင်နိုင်ခဲ့သည်မှာ အံ့သြစရာမရှိတော့ချေ။
ထိုကောင်လေးသည် ဒဏ္ဍာရီလာ သဘာဝဆေးလုံး ခန္ဓာကိုယ်ပိုင်ရှင်ဖြစ်ရန် အလွန်ပင် ဖြစ်နိုင်ခြေရှိ၏။
အကြောင်းရင်းမှာ ထိုကောင်လေးသည် အဂ္ဂိရတ်လုပ်ငန်းစဥ်၏ အသေးစိတ် အချက်အလက်များကို အလွန်စူးရှစွာ မြင်နိုင်စွမ်း ရှိပြီး ဆေးလုံး၏ အောင်မြင်မှုရာခိုင်နှုန်းကို အလွန်ကြောက်မက်ဖွယ်ရာကောင်းသော အဆင့်အထိ ရောက်ရှိစေခဲ့သောကြောင့်ပင်။
“ဒီကောင်လေးကို ဟန်ယွဲ့နန်းတော်ထဲမှာ ရှိနေဖို့အတွက် နည်းလမ်း ရှာဖွေရမယ်”
ကုန်းစွန်းယန်က သူ့ဘာသာသူ တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။
သူ၏ အိုမင်းသော မျက်ဝန်းထဲတွင် အလင်းတန်းတစ်ခု ဖျတ်ခနဲ လင်းလက်သွားခဲ့၏။
ထိုကောင်လေး၏ ပါရမီဖြင့်သာဆိုလျှင် ဟန်ယွဲ့နန်းတော်သာ အစွမ်းကုန် ပြုစုပျိုးထောင်ပေးလိုက်သည်နှင့် အနာဂတ်တွင် အနည်းဆုံး နဝမအဆင့် နတ်အဂ္ဂိရတ်သခင် ဖြစ်လာနိုင်၏။
နဝမအဆင့် နတ်အဂ္ဂိရတ်သခင်အဆင့်ကို ကျော်ဖြတ်ပြီး ဒသမအဆင့် နတ်အဂ္ဂိရတ်သခင် ဖြစ်လာရန်ပင် မဖြစ်နိုင်ဟု ဆို၍မရပေ။
ကုန်းစွန်းယန်က ကျန်းချန်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များနှင့် ဇာစ်မြစ်များကို လုံးဝ စိတ်မဝင်စားခဲ့ပေ။
ပုံမှန်အားဖြင့် ကျန်းချန်ကဲ့သို့ ပြိုင်ဘက်ကင်း အဂ္ဂိရတ်ပါရမီရှင် တစ်ဦးသည် နယ်မြေနတ်ဘုရား အင်အားစုများ၏ ရတနာတစ်ပါးအဖြစ် သဘောထားခြင်းကို ခံယူရလိမ့်မည် ဖြစ်သည်။
ထိုအတိုင်းသာ အမှန်တကယ် ဖြစ်ခဲ့လျှင် ကျန်းချန်သည် ဟန်ယွဲ့နန်းတော်၏ ဧည့်အရာရှိအဖြစ် အကဲဖြတ်မှုကို ခံယူရန်လာရောက်စရာ အကြောင်းမရှိပေ။
ကျန်းချန်သာ အခြားသော နယ်မြေနတ်ဘုရား အင်အားစုများမှ မဟုတ်သရွေ့ သူက ကျန်းချန်ကို အစွမ်းကုန် သိမ်းသွင်းလိမ့်မည်သာ။
ကျန်းချန်က ချင်းရှန့်ကို အဂ္ဂိရတ် အကဲဖြတ်စစ်ဆေးမှုအား ကျော်ဖြတ်ရန် ညွှန်ကြားပေးပြီး သိပ်မကြာမီမှာပင် အဂ္ဂိရတ်အကဲဖြတ် စစ်ဆေးမှုသည် ပြီးဆုံးသွားခဲ့သည်။
အကဲဖြတ် စစ်ဆေးမှုတွင် ပါဝင်ခဲ့ကြသော ကျန်ရှိသည့်အဂ္ဂိရတ်သခင်များတွင် လုဟုန်မင်မှ လွဲ၍ ကျန်လူများသည် မအောင်မြင်ဘဲ အဆုံးသတ်သွားခဲ့ကြသည်။
ဤသို့ဖြင့် အဂ္ဂိရတ် အကဲဖြတ်စစ်ဆေးမှုသည် ပြီးဆုံးသွားခဲ့သည်။
နောက်တစ်ဆင့်မှာ အစီအရင် အကဲဖြတ်စစ်ဆေးမှု ဖြစ်၏။
ဟန်ယွဲ့နန်းတော်မှ အစီအရင်တွင် ကျွမ်းကျင်သည့်အကြီးအကဲ တစ်ပါး၏ ဦးဆောင်မှုအောက်တွင် အစီအရင်အကဲဖြတ် စစ်ဆေးမှုများကို စတင်ခဲ့ကြသည်။
အစီအရင် အကဲဖြတ်စစ်ဆေးမှုတွင် ပါဝင်သူ အရေအတွက်သည် အဂ္ဂိရတ် အကဲဖြတ်စစ်ဆေးမှုတွင် ပါဝင်သောအရေအတွက်ထက် နည်းပါးသည်။
အဆုံးသတ်တွင် ၎င်းတို့ထဲမှ တစ်ဦးတည်းသာ စစ်ဆေးမှုကို ခက်ခက်ခဲခဲ ကျော်ဖြတ်နိုင်ခဲ့သည်။
နောက်ဆုံးတစ်ခုမှာ လူအများဆုံး ပါဝင်ကြသည့် ကိုယ်ခံပညာရပ် အကဲဖြတ်စစ်ဆေးမှုပင် ဖြစ်သည်။
ကိုယ်ခံပညာရပ် အကဲဖြတ်စစ်ဆေးမှုတွင် ပါဝင်ကြမည့် အရေအတွက်သည် အလွန်တရာ များပြားသည့်အပြင် အယောက်၂၀ကျော် ရှိသောကြောင့် အကဲဖြတ်စစ်ဆေးမှု စည်းမျဥ်းသည် ပို၍ပင် တင်းကျပ်ခဲ့သည်။
ကိုယ်ခံပညာ အကဲဖြတ်စစ်ဆေးမှုတွင် ပါဝင်ခဲ့ကြသော အယောက်၂၀ကျော်သည် စင်မြင့်ထက်တွင် ပြင်းထန်သောတိုက်ပွဲကို ဆင်နွှဲကြရလိမ့်မည် ဖြစ်သည်။
စင်မြင့်ပေါ်တွင် နောက်ဆုံး ကျန်ရှိခဲ့သည့် ၃ဦးသာလျှင် စစ်ဆေးမှုကို ကျော်ဖြတ်နိုင်မည် ဖြစ်ကာ ဟန်ယွဲ့နန်းတော်၏ ဧည့်အရာရှိ ဖြစ်လာနိုင်ပေလိမ့်မည်။
ဟန်ယွဲ့နန်းတော်၏ ဆဋ္ဌမအဆင့် ကောင်းကင်နတ်ဘုရားတစ်ပါး ဦးဆောင်မှုအောက်တွင် ကိုယ်ခံပညာရပ် အကဲဖြတ် စစ်ဆေးမှုတွင် ပါဝင်ခဲ့ကြသော အယောက်၂၀ကျော် တို့သည် ပြင်းထန်သော တိုက်ပွဲများကို ဆင်နွှဲခဲ့ကြကာ အဆုံးသတ်တွင် စစ်ဆေးမှုကို ကျော်ဖြတ်နိုင်သည့် အနိုင်ရရှိသူ ၃ဦး ပေါ်ထွက်လာခဲ့သည်။
ထို၃ဦးအနက် ၁ဦးမှာ ဆဋ္ဌမအဆင့် ကောင်းကင်နတ်ဘုရား ဖြစ်သည့် ကုန်းစွန်းရှို့ ဖြစ်သည်။
ကုန်းစွန်းရှို့ အပြင် အကဲဖြတ်စစ်ဆေးမှုကို ကျော်ဖြတ်နိုင်ခဲ့သော လူလတ်ပိုင်းအရွယ် အမျိုးသား၂ဦးသည် ပဉ္စမအဆင့်ကောင်းကင်နတ်ဘုရားအဆင့်ကို ရောက်ရှိနေသော အစွမ်းထက် ကျင့်ကြံသူများ ဖြစ်ကြသည်။
ကိုယ်ခံပညာရပ် အကဲဖြတ်စစ်ဆေးမှု ပြီးဆုံးသွားသည်နှင့် ဟန်ယွဲ့နန်းတော်၏ ဧည့်အရာရှိ အကဲဖြတ်စစ်ဆေးမှုသည်လည်း လုံးဝကို ပြီးဆုံးသွားခဲ့သည်။
စစ်ဆေးပြီးနောက်တွင် ကျန်းချန်နှင့်စစ်ဆေးမှုကို ကျော်ဖြတ်နိုင်ခဲ့ကြသော အခြားလူ ၇ဦးအား မြို့စားစံအိမ် အတွင်း နေထိုင်နိုင်ရန် စီစဥ်ပေးခဲ့သည်။
ထုံးစံအရ ဟန်ယွဲ့နန်းတော်၏ ဧည့်အရာရှိ အကဲဖြတ်စစ်ဆေးမှု ပြီးဆုံးတိုင်းတွင် အသစ်ခန့်အပ်ခံရသော ဧည့်အရာရှိများအတွက် မြို့စားစံအိမ်တွင် ညစာစားပွဲ ကျင်းပပေးလေ့ရှိသည်။
ညစာစားပွဲကို တက်ရောက်ပြီး နောက်တစ်ရက်တွင် ကျန်းချန်တို့သည် ဟန်ယွဲ့နန်းတော် ဆီသို့ တရားဝင် ဝင်ရောက်နိုင်ကြမည် ဖြစ်၏။
----------------------
မြို့စားစံအိမ်၏ ခြံဝန်းတစ်ခုထဲတွင် ကျန်းချန်က ထိုင်နေခဲ့ပြီး သူ၏ ရှေ့မှ လက်ဖက်ရည်ခွက်ကို တစ်ငုံ မော့သောက်ကာ စဥ်းစားခန်း ဝင်နေခဲ့သည်။
ယခုအခါတွင် သူက ဟန်ယွဲ့နန်းတော်သို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ပြီ ဖြစ်ရာ နောက်တစ်ဆင့်မှာ ဟန်ယွဲ့နန်းတော်တွင် သူ၏ မိခင်ကို ရှာဖွေရန် ဖြစ်၏။
ထျန်းကျီမျှော်စင်မှ ပေးသော သတင်းအချက်အလက် အရ သူ၏ မိခင်သည် ဟန်ယွဲ့နန်းတော်တွင် သေချာပေါက်ရှိနေခဲ့သည်။
သို့ရာတွင် ဖုန်းမိသားစုက ဟန်ယွဲ့နန်းတော်တွင် သူ့မိခင်၏ အကြောင်းကို စုံစမ်းပေးခဲ့သော်လည်း ဘာသတင်းမှ မရရှိခဲ့ချေ။
ဤသည်က ဟန်ယွဲ့နန်းတော်တွင် သူ၏မိခင်ကို ရှာဖွေသော အလုပ်မှာ လွယ်ကူသောအလုပ် မဟုတ်မှန်း သိသာနေခဲ့၏။
“ငါ့အမေနဲ့ ပတ်သက်တဲ့ သဲလွန်စကို လုံးဝ မရရှိသေးဘူးဆိုတော့ ငါ့အနေနဲ့ တစ်လှမ်းချင်းစီပဲ သွားပြီး မီးစင်ကြည့်ကရတော့မယ် ထင်တယ်”
ကျန်းချန်က သက်ပြင်းချကာ ခေါင်းကို ခါရမ်းလိုက်သည်။
ဤအချိန်တွင် သူ့အနေဖြင့် ဟန်ယွဲ့နန်းတော်ထဲကို အရင်ဝင်ရောက်ပြီးမှသာ နောက်ထပ် အစီအစဥ်များကို ဆောင်ရွက်ရမည် ဖြစ်သည်။
“ညီနောင်ကျန်းချန်”
ထိုအချိန်မှာပင် ခြံဝန်းအပြင်ဘက်မှ အနည်းငယ် ရင်းနှီးသော အသံတစ်သံသည် ကျန်းချန်၏ အတွေးစများကို ပြတ်တောက်သွားစေခဲ့သည်။
ကျန်းချန်က အသံလာရာဆီသို့ လှမ်းကြည့်လိုက်ရာ ခြံဝန်းအပြင်ဘက်ကနေ လျှောက်ဝင်လာသည့် ချင်းရှန့်ကို တွေ့လိုက်ရသည်။
ချင်းရှန့်ကိုမြင်လျှင် ကျန်းချန်က အနည်းငယ်မျက်မှောင်ကြုတ်သွားခဲ့သည်။
“ညီနောင်ချင်းရှန့် ဘာကိစ္စရှိလို့လဲ”
“ညီနောင်ကျန်းချန်က ဟန်ယွဲ့နန်းတော်ရဲ့ အကဲဖြတ်စစ်ဆေးမှုကို ကျော်ဖြတ်နိုင်အောင် ကူညီပေးခဲ့တဲ့အတွက် ချင်းရှန့်က ကျေးဇူးတင်တဲ့ အနေနဲ့ အထူးတလှယ် လာရောက်ဂါဝရပြုတာပါ.. နောင်အခါ ညီနောင်ကျန်းချန် လိုအပ်တယ်ဆိုရင် ချင်းရှန့်ကို အချိန်မရွေး အမိန့်သာ ပေးလိုက်ပါ.. ချင်းရှန့် တတ်နိုင်သရွေ့ မျက်ခုံးတစ်ချက် မတွန့်စေရဘူး”
ချင်းရှန့်က ကျန်းချန်အား ကျေးဇူးတင်စကားကို အလေးအနက်ပင် ပြောကြားလိုက်သည်။
မှန်ပါသည်။ ကျေးဇူးတင်ရန် လာရောက်ခြင်းအပြင် ချင်းရှန့်သည် ကျန်းချန်၏ပေါင်ကို သဘာဝကျစွာပင် ဖက်တွယ်လိုခဲ့သည်။
ဟန်ယွဲ့နန်းတော်ထဲတွင် ပြိုင်ဆိုင်မှုများသည် ရက်စက် ကြမ်းကြုတ်လွန်း၏။
အမှန်စင်စစ် သူက အရည်အချင်း မပြည့်ဝဘဲ ကျန်းချန်၏ ကူညီမှုကြောင့်သာ ဟန်ယွဲ့နန်းတော်၏ ဧည့်အရာရှိ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။
သူ၏စွမ်းရည်ဖြင့်သာ ဆိုလျှင် ဟန်ယွဲ့နန်းတော်၌ အသက်ရှင်ရပ်တည်ရန် ခက်ခဲမည်ကို စိုးရိမ်နေမိ၏။
ယခုအခါ သူ့ရှေ့တွင် ကြီးမားသော ပေါင်တစ်ဖက် ရှိနေခဲ့ပြီဖြစ်ရာ အဘယ်ကဲ့သို့ ဖက်တွယ်မထားဘဲ နေနိုင်ပါအံ့နည်း။
ချင်းရှန့်၏ စကားကိုကြားလျှင် ကျန်းချန်သည် အတွေးတစ်ချက်ကို ရုတ်တရက် ရရှိလိုက်သည်။
“ချင်းရှန့် မင်းငါ့ကို ကျေးဇူးတင်စရာမလိုပါဘူး.. ဒါနဲ့ ငါမင်းကို မေးရဦးမယ်.. ဟန်ယွဲ့နန်းတော်အကြောင်းကို မင်းဘယ်လောက်အထိသိလဲ.. ဟန်ယွဲ့နန်းတော်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် တချို့ကို ငါသိချင်တယ်”
ချင်းရှန့်က ဟန်ယွဲ့မြို့တော်မှ ဖြစ်ပြီး အဆင့်အတန်းမနိမ့်ပေ။
သို့ဖြစ်ရာ သာမန်လူများထက် ဟန်ယွဲ့နန်းတော်၏ အကြောင်းကို ပိုမိုနားလည်နိုင်ခြေရှိ၏။
ချင်းရှန့်ထံမှတစ်ဆင့် သဲလွန်စ အချို့ကို သူရှာတွေ့ကောင်း ရှာတွေ့နိုင်မည် မဟုတ်ပါလော။
ကျန်းချန်၏ စကားကိုကြားလျှင် ချင်းရှန့်က ခဏမျှ အံ့အားသင့်သွားခဲ့သည်။
“ညီနောင်ကျန်းချန်.. ငါတို့ ချင်းမိသားစု ကုန်သည်အသင်းက ဟန်ယွဲ့မြို့မှာ နှစ်ပေါင်းငါးသန်းကျော် သမိုင်းကြောင်းရှိတဲ့ အတွက် ဟန်ယွဲ့နန်းတော်နဲ့ ပတ်သက်ပြီး အတော်လေးတော့ သိထားပါတယ်”
“ကောင်းပြီ”
ကျန်းချန်က ချက်ချင်းဆိုသလို ခေါင်းညိတ်လိုက်ပြီး ချင်းရှန့်အား သူ၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်ရန် ညွှန်ပြလိုက်သည်။
“ဒါဆိုလည်း ငါ့ကို ပြောပြစမ်းပါဦး.. လွန်ခဲ့တဲ့၁၀နှစ်အတွင်း ဟန်ယွဲ့နန်းတော်မှာ ထင်ရှားတဲ့ အဖြစ်အပျက် တစ်စုံတစ်ရာများ ဖြစ်ပျက်ခဲ့ဖူးလား”
အခန်း(၁၈၁၈)
သူ၏ မိခင်က ဟန်ယွဲ့နန်းတော်တွင် ပျောက်ဆုံးသွားခြင်းမှာ သာမန် မဟုတ်ကြောင်း ကျန်းချန် ကောင်းစွာ သိရှိခဲ့သည်။
သူ နတ်ဘုရားနယ်မြေသို့ ရောက်ရှိလာသောအချိန်နှင့် တွက်ချက်ကြည့်လျှင် သူ၏ မိခင်နှင့် အခြားသူများ နတ်ဘုရားနယ်မြေသို့ ဝင်ရောက်ခဲ့သည့် အချိန်ကာလသည် ၁၀နှစ်ထက် ကျော်လွန်မည် မဟုတ်ချေ။
ထို့ကြောင့်ပင် ကျန်းချန်သည် လွန်ခဲ့သည့် ၁၀နှစ်အတွင်း ဟန်ယွဲ့နန်းတော်တွင် ထူးခြားသော ဖြစ်စဥ် တစ်စုံတစ်ရာ ရှိမရှိကို သိရှိလိုခဲ့ပြီး ထိုအထဲမှ သဲလွန်စကို ရှာဖွေရန် ဆန္ဒရှိခဲ့သည်။
ကျန်းချန်၏ မေးခွန်းကို ကြားလျှင် ချင်းရှန့်သည် အံ့အားသင့်သွားခဲ့၏။
သို့သော်လည်း ချင်းရှန့်သည် များစွာ စဥ်းစားမနေခဲ့ပေ။
သူက ခဏမျှ စဥ်းစားလိုက်ပြီးနောက်တွင် လေးနက်စွာ ပြောလိုက်၏။
“ညီနောင်ကျန်းချန်.. လွန်ခဲ့တဲ့၅နှစ်က ဟန်ယွဲ့နန်းတော်မှာ ကိစ္စကြီးတစ်ခု တကယ်ပဲ ဖြစ်ပွားခဲ့တယ်.. ဒီကိစ္စကြောင့် ဟန်ယွဲ့နန်းတော်က အတွင်းပိုင်း ပြဿနာတွေ ဖြစ်ပွားခဲ့ရတယ်”
ထိုစကားကိုကြားလျှင် ကျန်းချန်၏ မျက်လုံးများက လင်းလက်သွားခဲ့သည်။
“မင်းသိထားသမျှ တစ်လုံးမကျန် ငါ့ကို ပြောပြစမ်းပါ”
“ကောင်းပြီ”
ချင်းရှန့်က ခေါင်းညိတ်လိုက်ပြီး လွန်ခဲ့သော ၅နှစ်က ဟန်ယွဲ့နန်းတော်တွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို အလျင်အမြန်ပင် ရှင်းပြလိုက်သည်။
ဟန်ယွဲ့နန်းတော်သည် မဟာမြေရိုင်းနယ်မြေတွင် ရှည်ကြာသော သမိုင်းကြောင်း ရှိသည့် နယ်မြေနတ်ဘုရား အင်အားစုဖြစ်ပြီး မဟာမြေရိုင်း နယ်မြေတစ်ခုလုံးမှာပင် ကျော်ကြားသော အဖွဲ့အစည်း ဖြစ်သည်။
ထို့အပြင် ဟန်ယွဲ့နန်းတော်တွင် နယ်မြေနတ်ဘုရား သုံးပါးလည်း ရှိ၏။
သို့သော်လည်း လွန်ခဲ့သော ၅နှစ်ခန့်က အကြီးအကဲချုပ်ဖြစ်သည့် နယ်မြေနတ်ဘုရားသည် သူ မကွယ်လွန်မီ ပြင်ပကနေ တပည့် တစ်ဦးကို ခေါ်လာခဲ့ပြီး နယ်မြေနတ်ဘုရား သလင်းကျောက်ကို ထိုတပည့်အား လက်ဆင့်ကမ်းပေးခဲ့သည်။
ဤဖြစ်ရပ်သည် အဆုံးသတ်တွင် ဟန်ယွဲ့နန်းတော်မှ ဝါရင့်အကြီးအကဲများကို မကျေနပ်မှုများ ဖြစ်ပေါ်စေကာ ထိုတပည့်အား ဆန့်ကျင်တိုက်ခိုက်လု နီးပါး ဖြစ်ခဲ့ကြ၏။
အဆုံးသတ်တွင် ထိုကိစ္စကို ကျန်ရှိသည့် နယ်မြေနတ်ဘုရားနှစ်ပါးက ဝင်ရောက် ထိန်းချုပ်ခဲ့ကြရ၏။
ချင်းရှန့်ထံမှ ထိုအကြောင်းများကို ကျန်းချန်၏ မျက်ဝန်းများသည် လင်းလက်လာခဲ့သည်။
သူ့အမေ ကျီဝူရွှယ်သည် အဆင့်နိမ့်နယ်မြေတွင် အင်ပါယာတစ်ပိုင်း အဆင့်အထိ ကျင့်ကြံနိုင်ခဲ့ပြီး သူ့ဖခင် ကျန်းဝူရ မရှိသည့်အချိန်၌ ရွှယ်လင်ကုန်းမြေတိုက်ရှိ လူသားမျိုးနွယ်စုကို တစ်ဦးတည်း အင်အားဖြင့် ဦးဆောင်နိုင်ခဲ့သည် ဖြစ်ရာ သူ့အမေ၏ ပါရမီသည် ထူးခြားသည်ဟု ဆို၍ရ၏။
ထို့အပြင် လွန်ခဲ့သော ၅နှစ် ဟူသော အချိန်ကာလသည် သူ့မိခင်နှင့် အခြားသူများ နတ်ဘုရားနယ်မြေသို့ ရောက်ရှိလာသည့် အချိန်နှင့်လည်း ကိုက်ညီမှုရှိသည်။
သို့ဆိုလျှင် ဟန်ယွဲ့နန်းတော်မှ အကြီးအကဲချုပ် ပြင်ပကနေ ခေါ်လာခဲ့သည့် တပည့်သည် သူ့အမေ ကျီဝူရွှယ် ဖြစ်နိုင်ပါသလော။
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီး အလျင်အမြန်ပင် မေးမြန်းလိုက်သည်။
“ဒီကိစ္စက ဘယ်လိုဆက်ဖြစ်သွားလဲ.. အကြီးအကဲချုပ်ရဲ့တပည့်က အခုဘယ်မှာလဲ”
“တောင်းပန်ပါတယ် ညီနောင်ကျန်းချန်.. အဲဒါတော့ ငါလည်းမသိဘူး”
ချင်းရှန့်က ခေါင်းခါရမ်းကာ ပြန်ဖြေလိုက်သည်။
“ဒီကိစ္စက ဟန်ယွဲ့နန်းတော်ရဲ့ လျှို့ဝှက်ချက်လို ဖြစ်နေတော့ ဟန်ယွဲ့နန်းတော်ရဲ့ အဆင့်မြင့်ပုဂ္ဂိုလ် အနည်းငယ်လောက်ပဲသိရှိကြတယ်”
ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် တဖျပ်ဖျပ် လင်းလက်လာခဲ့သည်။
ချင်းရှန့်သည် ဤကိစ္စ၏ အခြေအနေကို အသေးစိတ် မသိရှိသော်လည်း သူ့ကို လမ်းညွှန်မှု ပေးနိုင်ခဲ့သည်။
သူက လွန်ခဲ့သည့် ၅နှစ်က ဖြစ်ခဲ့သည့် အမှန်တရားကို ရှာဖွေတွေ့ရှိနိုင်သရွေ့ သူ့အမေ၏ သတင်းကို ရရှိနိုင်ဖွယ်ရှိ၏။
“ညီနောင်ကျန်းချန်.. ငါတို့ ချင်းမိသားစု ကုန်သည်အသင်းက ဟန်ယွဲ့နန်းတော်ရဲ့ အဆင့်မြင့် အကြီးအကဲတစ်ပါးနဲ့ ဆက်ဆံရေးကောင်းတွေ ရှိတယ်.. ဒီအကြောင်းကို ညီနောင်ကျန်းချန် အမှန်တကယ် သိချင်တယ်ဆိုရင် ဟန်ယွဲ့နန်းတော်ထဲ ဝင်ရောက်ပြီးတာနဲ့ ညီနောင်ကျန်းချန် အတွက် ငါစုံစမ်းပေးပါ့မယ်”
ဤအချိန်တွင် ချင်းရှန့်သည် ဆုံးဖြတ်ချက်ကြီး တစ်ခုကို ချမှတ်ခဲ့သည့်အလား လေးနက်သော အမူအရာဖြင့် ကျန်းချန်ကို ကြည့်ကာ ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ်”
ကျန်းချန်က ချင်းရှန့်၏ ပခုံးကို ပုတ်လိုက်ပြီး ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
“သွားစို့.. အချိန်သိပ်မလိုတော့ဘူး.. ညစာစားပွဲကို ငါတို့သွားဖို့သင့်ပြီထင်တယ်”
ကျန်းချန်နှင့် ချင်းရှန့်တို့ စကားပြောနေစဥ်တွင် ဟန်ယွဲ့မြို့ရှိ လှပသော ခြံဝန်းတစ်ခု၌ ဝတ်စုံဖြူကို ဝတ်ဆင်ထားသော ခန့်ညားချောမောသည့် လူငယ်တစ်ဦးသည် ခြံဝန်းအလယ်တွင် ရပ်နေခဲ့သည်။
ထိုဝတ်စုံဖြူဝတ် လူငယ်မှာ ပိုင်မိသားစု၏ သခင်လေး ပိုင်ရှင်းကျန့်ပင် ဖြစ်၏။
သူ၏အနောက်တွင် ဆဋ္ဌမအဆင့်ကောင်းကင်နတ်ဘုရားဖြစ်သည့် ဦးလေးဟဲ ရှိနေခဲ့သည်။
ပိုင်ရှင်းကျန့်က ရုတ်တရက် နောက်သို့လှည့်ကာ ဦးလေးဟဲကို မေးလိုက်သည်။
“ဦးလေးဟဲ စုံစမ်းခိုင်းထားတဲ့ကိစ္စ အခြေအနေ ဘယ်လိုရှိလဲ”
ဦးလေးဟဲက အလျင်အမြန်ပင် ပြန်ဖြေလိုက်၏။
“သခင်လေး အဲဒီကောင်လေးရဲ့ နာမည်က ကျန်းချန်လို့ သိရတယ်.. သူက လေအေးမြို့တော်က ဖုန်းမိသားစုရဲ့ထောက်ခံချက်နဲ့ ဟန်ယွဲ့နန်းတော်ရဲ့ ဧည့်အရာရှိ အကဲဖြတ်စစ်ဆေးမှုမှာ ပါဝင်ခဲ့တယ်”
ထိုစကားကိုကြားလျှင် ပိုင်ရှင်းကျန့်၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးညွတ်သွားခဲ့သည်။
“ဟန်ယွဲ့နန်းတော်ရဲ့ ဧည့်အရာရှိ အကဲဖြတ်စစ်ဆေးမှုက ပြီးသွားပြီမဟုတ်လား.. ဟန်ယွဲ့နန်းတော်ရဲ့ဧည့်အရာရှိအကဲဖြတ်စစ်ဆေးမှုက ပြီးသွားလောက်ပြီဆိုတော့ ဒီကောင်လေးက စစ်ဆေးမှုကို ကျော်ဖြတ်နိုင်ခဲ့လား”
“လောလောဆယ်တော့ မသိရသေးဘူး...ဒါပေမဲ့ ဒီကောင်လေးရဲ့ အစွမ်းအစနဲ့ ဧည့်အရာရှိ အကဲဖြတ်စစ်ဆေးမှုကို အောင်မြင်ဖို့က ပြဿနာ ကြီးကြီးမားမားရှိမှာ မဟုတ်ဘူး.. သခင်လေး သိချင်တယ်ဆိုရင် မြို့စားစံအိမ်က တစ်ယောက်ယောက်ကို သွားမေးလိုက်ရမလား”
“မလိုတော့ဘူး.. မြို့စားဝူက ငါ့ကို ညစာစားပွဲ ဖိတ်ထားခဲ့တယ်.. ငါတို့ ညစာစားပွဲကို တက်လိုက်ရင် အဖြေကို သိရမှာပဲမဟုတ်လား”
စကားဆုံးသည်နှင့် ပိုင်ရှင်းကျန့်သည် ခြံဝန်းအပြင်ဘက်သို့ ထွက်သွားခဲ့သည်။
-----------------
မြို့စားစံအိမ်၏ အလယ်ဗဟိုရှိ ၁၀မိုင်အကျယ်အဝန်းရှိသော ခမ်းနားထည်ဝါသည့် ခန်းမကြီး တစ်ခုတွင် ဂုဏ်သရေရှိ ဧည့်ပရိတ်သတ်များဖြင့် စည်ကားနေခဲ့သည်။
ကျန်းချန်က ချင်းရှန့်နှင့်အတူ ထိုနေရာသို့ ရောက်လာခဲ့၏။
ခန်းမ၏ ဝင်ပေါက်တွင် ကြိုဆိုရေးအတွက် တာဝန်ယူထားသူမှာ အိမ်တော်ထိန်း ကွမ်ကျွမ် ဖြစ်သည်။
ကွမ်ကျွမ်က ကျန်းချန်ကို မြင်လျှင် ချက်ချင်းဆိုသလို ပြုံးရွှင်စွာ နှုတ်ဆက်လိုက်သည်။
“ဆရာကျန်းချန်.. ဟန်ယွဲ့နန်းတော်ရဲ့ အဆင့်မြင့်ဧည့်အရာရှိဖြစ်လာတဲ့အတွက် ဂုဏ်ပြုပါတယ်.. အထဲကိုကြွပါ”
ဟန်ယွဲ့နန်းတော်၏ အဆင့်မြင့်ဧည့်အရာရှိသည် ဟန်ယွဲ့နန်းတော်တွင် အလွန်မြင့်မားသော အဆင့်အတန်းရှိပြီး အကြီးအကဲများနှင့် တန်းတူ ဖြစ်သည်။
ထို့အပြင် ကျန်းချန်၏ အဂ္ဂိရတ်ပါရမီသည် မွန်းစတားဆန်လွန်းပြီး သူတို့၏ မြို့စားပင်လျှင် မိတ်ဆွေဖွဲ့ရန် ရည်ရွယ်ချက် ရှိ၏။
သို့ဖြစ်ရာ သူကဲ့သို့ မြို့စားစံအိမ်၏ အိမ်တော်ထိန်းသည် ကျန်းချန်၏ ရှေ့တွင် ယဥ်ကျေးစွာ ပြောဆိုရမည်မှာ သဘာဝကျပေသည်။
ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး ခန်းမထဲသို့ ဝင်ရောက်ရန် ပြင်ဆင်လိုက်စဥ်မှာပင် သူ၏ အနောက်ဘက်ကနေ အေးစက်စက် အသံတစ်သံသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
“ကျန်းချန် မင်းကို ထိပ်တန်းအဆင့် နယ်မြေနတ်ဘုရားအင်အားစုကလို့ ငါထင်နေခဲ့တာ.. လက်စသတ်တော့ မင်းက ဟန်ယွဲ့နန်းတော်ရဲ့ ဧည့်အရာရှိစစ်ဆေးမှုကို ပါဝင်ဖို့ လာခဲ့တာကိုး”
ထိုအသံကိုကြားလျှင် ကျန်းချန်က မျက်မှောင်ကြုတ်သွားခဲ့ပြီး အသံလာရာဆီသို့ ကြည့်လိုက်ရာ သူနှင့် ရင်းနှီးသောပုံရိပ် နှစ်ခုကို တွေ့လိုက်ရသည်။
“သခင်လေးပိုင်တို့လည်း ရောက်လာကြပြီလား”
ပိုင်ရှင်းကျန့် ရောက်ရှိလာသည်ကိုမြင်လျှင် ကွမ်ကျွမ်သည် လေးစားသော အမူအရာဖြင့် နှုတ်ဆက်လိုက်သည်။
“သခင်လေးပိုင်က ညစာစားပွဲကို တက်ရောက်ပေးတာ ကျွန်တော်တို့ မြို့စားစံအိမ်အတွက် တကယ်ကို ဂုဏ်ယူစရာပါပဲ.. ကျေးဇူးပြုပြီး အထဲကို ကြွပါ”
သို့သော်လည်း ပိုင်ရှင်းကျန့်သည် ကွမ်ကျွမ်ကို လှည့်၍ပင် မကြည့်ခဲ့ပေ။
သူက ကျန်းချန်ကိုသာ စူးစိုက်ကြည့်လိုက်ပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။
“ကျန်းချန်.. ငါတို့ဒီလောက်အထိ မြန်မြန်ဆန်ဆန် ဆုံတွေ့ရလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့မိဘူး”
“ငါလည်း မမျှော်လင့်ခဲ့ဘူး.. ဘာလဲ.. မင်းက ငါနဲ့ဒီမှာ တိုက်ခိုက်ချင်လို့လား”
ကျန်းချန်က ပိုင်ရှင်းကျန့်အား မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“စိတ်မပူပါနဲ့ ဒါက မြို့စားစံအိမ်တော်ပဲ.. ငါက မြို့စားဝူရဲ့မျက်နှာကိုထောက်ပြီး မင်းကို ဘာမှလုပ်မှာမဟုတ်ဘူး”
ထိုစကားကို ပြောရင်း ပိုင်ရှင်းကျန့်၏ မျက်ဝန်းများသည် အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
“ဒါပေမဲ့ ဟန်ယွဲ့နန်းတော်ထဲ မင်းဝင်ရောက်ဖို့ကတော့ ဒီလောက်အထိ မလွယ်ဘူးလို့ ငါသတိပေးချင်တယ်”
ဟန်ယွဲ့နန်းတော်၏ ထိပ်တန်းပါရမီရှင်တစ်ဦး အနေဖြင့် ပိုင်ရှင်းကျန့်သည် ဟန်ယွဲ့နန်းတော်တွင် မြင့်မားသောအဆင့်အတန်း ရှိသည်။
သူက ကျန်းချန်ကို ဟန်ယွဲ့နန်းတော်၏ ဧည့်အရာရှိ ရာထူးအား ဆုံးရှုံးစေလိုခဲ့၏။
ပိုင်ရှင်းကျန့်၏ စကားကိုကြားလျှင် ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
“မင်းက ငါ့ကို ဟန်ယွဲ့နန်းတော်ထဲ မဝင်နိုင်အောင် တားမယ်ဆိုတော့ မင်းမှာ အဲဒီ စွမ်းရည်ရှိမရှိ ကြည့်ရသေးတာပေါ့”
ကျန်းချန်နှင့် ပိုင်ရှင်းကျန့်တို့ ကြားမှ တင်းမာမှုကိုမြင်လျှင် ကွမ်ကျွမ်သည် စိတ်ထဲကနေ ခါးသီးစွာ ပြုံးလိုက်သည်။
သူ့ရှေ့မှ နှစ်ဦးတွင် တစ်ဦးမှာ အဂ္ဂိရတ်ပညာရပ်တွင် ပြိုင်ဘက်ကင်းပြီး ဟန်ယွဲ့နန်းတော်သို့ ဝင်ရောက်သည်နှင့် အဆင့်မြင့် ဧည့်အရာရှိ အဆင့်အတန်းကို ရရှိခဲ့သည်။
အခြားတစ်ဦးမှာ အင်အားကြီးမိသားစုမှ သခင်လေးဖြစ်ပြီး နယ်မြေနတ်ဘုရားတစ်ပါး ဖြစ်သည့် ဟန်ယွဲ့နန်းတော်သခင်၏ တပည့်လည်း ဖြစ်သည်။
ပိုင်ရှင်းကျန့်က ဟန်ယွဲ့နန်းတော်၏ ပြိုင်ဘက်ကင်း ပါရမီရှင် အနည်းငယ်ထဲမှ တစ်ဦးဖြစ်ရာ သူတို့ မြို့စားပင်လျှင် ယဥ်ကျေးစွာ ဆက်ဆံရပေလိမ့်မည်။
ဆိုရလျှင် ထိုနှစ်ဦးစလုံးသည် သူ၏ အဆင့်အတန်းဖြင့် မလေးမစား ပြုမူ၍ ရသည့်လူများ လုံးဝ မဟုတ်ပေ။