အခန်း (၁၈၁၉+၁၈၂၀)
Vol. 122 Ch. 1819+1820
အခန်း(၁၈၁၉)
“ဆရာကျန်းချန်နဲ့ သခင်လေးပိုင်.. ဒီနေ့က ကျွန်တော်တို့မြို့စားစံအိမ်ရဲ့ ညစာစားပွဲ ဆိုတော့ နှစ်ယောက်စလုံးက မြို့စားကို မျက်နှာသာပေးမယ်လို့ မျှော်လင့်ပါတယ်”
ကွမ်ကျွမ်က မချိပြုံး ပြုံးကာ ပြောလိုက်သည်။
ပိုင်ရှင်းကျန့်က ကွမ်ကျွမ်၏ စကားကိုကြားလျှင် စကားသိပ်မပြောတော့ဘဲ ခန်းမထဲသို့ တန်းဝင်သွားခဲ့သည်။
ဟန်ယွဲ့မြို့၏ မြို့စားသည် ဟန်ယွဲ့နန်းတော်တွင် ပြောရေးဆိုခွင့် ရှိသူတစ်ဦး ဖြစ်သည်။
ဆိုရလျှင် မြို့စားဝူသည် အလွန် အစွမ်းထက်သော ခွန်အားကို ပိုင်ဆိုင်ထားသည့် အပြင် ဟန်ယွဲ့နန်းတော်တွင်လည်း မြင့်မားသော အဆင့်အတန်း ရှိ၏။
မြို့စားဝူထျန်းကျီသည် နယ်မြေနတ်ဘုရား အဆင့်အောက်တွင် ပြိုင်ဘက်ကင်း အဖြစ်လည်း လူသိများသည်။
ထို့ကြောင့် ပိုင်ရှင်းကျန့်သည် မြို့စားဝူကို မဖြစ်မနေ မျက်နှာသာပေးခဲ့ရ၏။
“ကျန်းချန်.. ငါ့မှာ အဲဒီစွမ်းရည်ရှိမရှိ မကြာခင် မင်းသိလာပါလိမ့်မယ်”
ပိုင်ရှင်းကျန့်က ကျန်းချန်ကို ဖြတ်ကျော်သွားစဥ်တွင် သူ၏ ခြေလှမ်းကို အနည်းငယ်ရပ်တန့်ကာ လှောင်ပြောင်လိုက်ပြီးမှ ခန်းမထဲသို့ ဝင်ရောက်သွားခဲ့သည်။
“တကယ်လား ငါစောင့်ကြည့်နေမယ်”
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
သူက ပိုင်ရှင်းကျန့်၏ စကားများကို စိတ်ထဲမထားခဲ့ပေ။
သူပြသခဲ့သော အဂ္ဂိရတ်စွမ်းရည်ဖြင့် ဆိုလျှင် ဟန်ယွဲ့နန်းတော်ရှိ အဂ္ဂိရတ်ခန်းမသခင်သည် သူ့ကို တန်ဖိုးထားမည်မှာ သေချာ၏။
ဆိုရလျှင် ပိုင်ရှင်းကျန့် ပင်လျှင် ဟန်ယွဲ့နန်းတော်သို့ သူဝင်ရောက်ခြင်းအား တားဆီးရန်စွမ်းရည် ရှိမည် မဟုတ်ပေ။
ပြောနေစရာ မလိုလောက်အောင်ပင် သူက သူ၏ အမေကို ရှာဖွေရန် ဟန်ယွဲ့နန်းတော်သို့ ဝင်ရောက်ခဲ့ခြင်းသာ ဖြစ်သည်။
ဟန်ယွဲနန်းတော်သို့သာ မဝင်ရောက်နိုင်ခဲ့လျှင် တခြားနည်းလမ်းဖြင့် သူ့အမေ၏ သတင်းကို စုံစမ်းရန်မှာ အတော်လေး အခက်အခဲ ရှိလာပေလိမ့်မည်။
ထို့ကြောင့် ပိုင်ရှင်းကျန့်သာ သူ့အမေကို ရှာဖွေခြင်းအား ကဖျက်ဂယက် လုပ်ဆောင်ခဲ့လျှင် သူက ပိုင်ရှင်းကျန့်ကို ကြီးလေးသည့် အဖိုးအခတစ်ခုအား ပေးဆပ်စေလိမ့်မည် ဖြစ်၏။
“ညီနောင်ကျန်းချန် ပိုင်ရှင်းကျန့်က ဟန်ယွဲ့နန်းတော်ရဲ့ ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦး ဖြစ်တဲ့အပြင် ဟန်ယွဲ့နန်းတော်သခင်ရဲ့ တပည့်လည်း ဖြစ်တယ်.. သူ့ရဲ့စကားတွေက ဟန်ယွဲ့နန်းတော်မှာ အတော်လေး သက်ရောက်မှု ရှိတဲ့ အတွဥ် ညီနောင်ကျန်းချန် သတိထားမှ တော်ကာကျမယ်”
ပိုင်ရှင်းကျန့်၏ ကျောပြင်ကို ငေးကြည့်ရင်း ချင်းရှန့်က ကျန်းချန်ကို လေးနက်သော အမူအရာဖြင့် သတိပေးလိုက်သည်။
“ကိစ္စမရှိပါဘူး.. ငါတို့အထဲကို ဝင်ကြစို့”
ကျန်းချန်က တည်ငြိမ်သော အမူအရာဖြင့်ပင် ချင်းရှန့်နှင့်အတူ ခန်းမထဲသို့ လျှောက်ဝင်လာခဲ့သည်။
“မမျှော်လင့်ဘဲ ကျန်းချန်နဲ့ သခင်လေးပိုင်တို့ ကြားမှာ မကျေလည်မှုတွေ ရှိနေပုံရတယ်.. ဒီကိစ္စကို မြို့စားဆီ အမြန်ဆုံး သတင်းပို့မှပဲ”
ကွမ်ကျွမ်၏မျက်ဝန်းများက အနည်းငယ် တဖျပ်ဖျပ် လင်းလက်သွားခဲ့သည်။
ပိုင်ရှင်းကျန့်သည် အင်းအားကြီး မိသားစု၏ သခင်လေး ဖြစ်ရုံသာမက ဟန်ယွဲ့နန်းတော်သခင်၏ တပည့်တစ်ဦးလည်းဖြစ်သည်။
ထို့ကြောင့် ပိုင်ရှင်းကျန့်ကို ဟန်ယွဲ့နန်းတော်မှ အကြီးအကဲများပင်လျှင် ယဥ်ကျေးစွာ ဆက်ဆံရ၏။
ကျန်းချန်ကမူ အသစ် ရောက်ရှိလာသည့် ဧည့်အရာရှိတစ်ဦးသာ ဖြစ်သည်။
ကျန်းချန်၏ အဂ္ဂိရတ်ပါရမီက အလွန်တရာမြင့်မားသော်လည်း လက်ရှိအချိန်တွင် ပိုင်ရှင်းကျန့်နှင့် ယှဥ်ပြိုင်ရန် ခက်ခဲလိမ့်မည်မှာ သေချာ၏။
မြို့စားက ကျန်းချန်နှင့် မိတ်ဆွေဖြစ်လိုနေသည် ဖြစ်ရာ ပိုင်ရှင်းကျန့်သာ ကျန်းချန်ကို ပြဿနာရှာခဲ့လျှင် ကိစ္စများက ရှုပ်ထွေးသွားပေလိမ့်မည် မဟုတ်ပါလား။
ကွမ်ကျွမ်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ချက်ချင်းဆိုသလိုပင် အစောင့်တစ်ဦးကိုခေါ်ကာ စကားအနည်းငယ် ပြောကြားလိုက်သည်။
ထို့နောက်တွင် အစောင့်သည် အလျင်အမြန်ပင် အပြင်ဘက်သို့ ထွက်ခွာသွားခဲ့၏။
ခန်းမထဲသို့ ဝင်ရောက်လာပြီးနောက်တွင် ကျန်းချန်သည် ဧည့်အရာရှိ စစ်ဆေးမှုကို ကျော်ဖြတ်နိုင်ခဲ့သော လူအနည်းငယ်က ခန်းမထဲတွင် စောစောစီးစီး ရောက်ရှိနေကြသည်ကို တွေ့လိုက်ရသည်။
ကျန်းချန်က ခန်းမထဲကို အနည်းငယ် ဝေ့ကြည့်လိုက်ပြီးနောက်တွင် နေရာလွတ် တစ်ခု၌ ဝင်ရောက်ထိုင်လိုက်သည်။
ကျန်းချန်၏ နံဘေးတွင် ထိုင်နေသူမှာ တခြားသူ မဟုတ်ဘဲ ဆဋ္ဌမအဆင့် ကောင်းကင်နတ်ဘုရားတစ်ပါး ဖြစ်သည့် ကုန်းစွန်းရှို့ ဖြစ်သည်။
ကုန်းစွန်းရှို့က သူ၏နံဘေးမှ ကျန်းချန်ကို ပြုံးရွှင်စွာ နှုတ်ဆက်လိုက်၏။
“ညီနောင်ကျန်းချန်.. ဟန်ယွဲ့နန်းတော်ကို ရောက်ရင် ဂရုစိုက်ပေးဖို့ မျှော်လင့်ပါတယ်”
ဆဋ္ဌမအဆင့် ကောင်းကင်နတ်ဘုရား တစ်ပါး ဖြစ်သည့် ကုန်းစွန်းရှို့သည်လည်း ဟန်ယွဲ့နန်းတော်၏ အဆင့်မြင့်ဧည့်အရာရှိရာထူးကို ရရှိခဲ့သည်။
ကျန်းချန်သည် အဂ္ဂိရတ်ပညာရပ်တွင် ထူးခြားသော ပါရမီရှင်ဖြစ်ပြီး အသက် ငယ်ငယ်ရွယ်ရွယ်ဖြင့်ပင် အဆင့်မြင့် ဧည့်အရာရှိ ဖြစ်လာခဲ့သည်။
ထို့ကြောင့်လည်း ကုန်းစွန်းရှို့က ကျန်းချန်နှင့် မိတ်ဆွေ ဖွဲ့လိုနေခဲ့ခြင်းပင်။
“စီနီယာကုန်းစွန်းက ယဥ်ကျေးလွန်းနေပါပြီ”
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး ခေါင်းညိတ်ကာ တုံ့ပြန်ပြောဆိုလိုက်သည်။
ကျန်းချန်သည် ဆဋ္ဌမအဆင့် ကောင်းကင်နတ်ဘုရားတစ်ပါး ဖြစ်သည့် ကုန်းစွန်းရှို့ကို သိပ်အလေးအနက် မထားခဲ့ပေ။
ပြောနေစရာ မလိုလောက်အောင်ပင် ခဏအကြာတွင် ကုန်းစွန်းရှို့သည် သူနှင့် ပိုင်ရှင်းကျန့်တို့ ကြားမှ မကျေလည်မှုကို သိရှိခဲ့လျှင် သူ့ကို ပေါင်းသင်းရဲတော့မည် မဟုတ်ချေ။
ကျန်းချန်က သူ့ကို ဝတ်ကျေတမ်းကျေသာ နှုတ်ဆက်လိုက်သည်ကို မြင်လျှင် ကုန်းစွန်းရှို့သည် ဘာမှ ထပ်မပြောတော့ပေ။
ဆဋ္ဌမအဆင့် ကောင်းကင်နတ်ဘုရား တစ်ပါး အနေဖြင့် ကုန်းစွန်းရှို့သည်လည်း ကိုယ်ပိုင်မာန ရှိသည်။
သူက သူ၏မာနကို ခဝါချကာ ကျန်းချန်နှင့် မိတ်ဆွေဖွဲ့လိုခဲ့ခြင်းမှာ ကျန်းချန်ကို မျက်နှာသာပေးခဲ့ခြင်းပင်။
သို့သော်လည်း ကျန်းချန်က ဝတ်ကျေတမ်းကျေလောက်သာ ပြန်လည် နှုတ်ဆက်ခဲ့သည်ဖြစ်ရာ သူ့အနေဖြင့် စကားဆက်လက် ပြောဆိုမနေတော့ပေ။
ထိုအချိန်မှာပင် ခန်းမထဲတွင် ထိုင်နေသော ပိုင်ရှင်းကျန့်သည် သူ၏ နံဘေးမှ ပိုးဝတ်ရုံကို ဝတ်ဆင်ထားသော လူငယ်တစ်ဦးနှင့် တိတ်တဆိတ် စကားပြောဆိုနေခဲ့သည်။
သိပ်မကြာခင်မှာပင် ထိုပိုးဝတ်ရုံ ဝတ်ဆင်ထားသော လူငယ်က ကျန်းချန်ဆီသို့ တန်းတန်းမတ်မတ်ပင် လျှောက်လာခဲ့၏။
“မင်းက ကျန်းချန်လား.. မင်းရဲ့အဂ္ဂိရတ်ပညာရပ်က မဆိုးဘူးလို့ ငါကြားထားတယ်”
ပိုးဝတ်ရုံဝတ် လူငယ်က ကျန်းချန်ကို အထက်စီးဆန်စွာ ကြည့်၍ ပြောလိုက်သည်။
ပိုးဝတ်ရုံဝတ်လူငယ် စကားပြောလိုက်သည်နှင့် တစ်ပြိုင်နက် ခန်းမထဲရှိ လူတိုင်း၏ ပါးစပ်ပေါက်များက ပိတ်သွားခဲ့ကြသည်။
ကျန်းချန်နှင့် အတူ ဧည့်အရာရှိ အကဲဖြတ်စစ်ဆေးမှုကို ကျော်ဖြတ်နိုင်ခဲ့သော လူအနည်းငယ်သည် ကျန်းချန်နှင့် မိတ်ဆွေဖွဲ့ရန်အတွက် ရှေ့သို့ ထွက်လာခဲ့ကြသော်လည်း ဤအချိန်တွင် သူတို့သည် အလျင်အမြန်ပင် နောက်ဆုတ်သွားခဲ့ကြသည်။
“ညီနောင်ကျန်းချန်.. ဒီကောင်က မြို့စားဝူထျန်းကျီရဲ့ သား ဝူဟန်ပဲ.. ဟန်ယွဲ့နန်းတော်ရဲ့ နာမည်ကျော် အဂ္ဂိရတ်ပါရမီရှင်တစ်ဦးလည်း ဖြစ်တယ်”
သူ၏ရှေ့မှ ပိုးဝတ်ရုံဝတ်လူငယ်ကို မြင်လျှင် ကျန်းချန်၏ အနီးတွင် ထိုင်နေသော ချင်းရှန့်သည် မျက်နှာပျက်သွားခဲ့ပြီး လေသံတိုးတိုးဖြင့် ကျန်းချန်ကို ရှင်းပြလိုက်သည်။
ကျန်းချန်က သူ၏ရှေ့မှ လက်ဖက်ရည်ခွက်ကို တစ်ငုံသောက်လိုက်ပြီးနောက် ပေါ့ပါးစွာပင် ပြောလိုက်၏။
“ငါ့ရဲ့ အဂ္ဂိရတ်ပညာရပ်က ဘယ်လိုပဲဖြစ်နေပါစေ.. မင်းနဲ့ ဘာမှ မသက်ဆိုင်ဘူးထင်တယ်”
“မသက်ဆိုင်ဘူး ဆိုတာတော့အမှန်ပဲ.. ဒါပေမဲ့ မင်းအနေနဲ့ ဟန်ယွဲ့နန်းတော်ရဲ့ အဂ္ဂိရတ်ခန်းမထဲ ဝင်လာမယ် ဆိုရင်တော့ ငါနဲ့သက်ဆိုင်သွားပြီ.. အဂ္ဂိရတ်ခန်းမရဲ့ အဆင့်မြင့်ဧည့်အရာရှိတွေက အနည်းဆုံး ဆဋ္ဌမအဆင့် နတ်အဂ္ဂိရတ်သခင်တွေ ဖြစ်ကြပြီး အဂ္ဂိရတ်ခန်းမက တပည့်တွေကို လမ်းညွှန်ပြသရတဲ့ တာဝန်ကိုပါ ထမ်းဆောင်ရတယ်.. ငါက မင်းမှာ အဲဒီလိုစွမ်းရည်ရှိမရှိ ကြည့်ချင်တယ်.. အကယ်၍ မင်းမှာ စစ်မှန်တဲ့စွမ်းရည် မရှိဘူးဆိုရင် ဟန်ယွဲ့နန်းတော်ထဲကို မဝင်ဘဲ အရှက်မကွဲခင် အမြန်ဆုံး ထွက်သွားလိုက်ဖို့ ငါအကြံပေးချင်တယ်”
ဝူဟန်က မထီမဲ့မြင် ပြုံးကာ ပြောလိုက်သည်။
ပုံမှန်အားဖြင့် ဟန်ယွဲ့နန်းတော်၏ စစ်ဆေးမှုကို ကျော်ဖြတ်နိုင်ခဲ့သော အဆင့်မြင့် ဧည့်အရာရှိ တစ်ယောက်ကို ဝူဟန်က ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။
သို့သော်လည်း ပိုင်ရှင်းကျန့်နှင့် သူသည် ဆက်ဆံရေးကောင်းများ ရှိခဲ့ပြီး ပိုင်ရှင်းကျန့်သည် သူ့ကို ငြင်းပယ်၍ မရနိုင်သောအခြေအနေ တစ်ခုအား ကတိပေးခဲ့သည်။
ဆိုရလျှင် ကျန်းချန်ကို ဟန်ယွဲ့နန်းတော်ထဲ ဝင်ရောက်ခြင်းမှ တားဆီးနိုင်သရွေ့ သူနှင့် ပိုင်ရှင်းကျန့်၏ ဆက်ဆံရေးသည် ပိုမို တိုးတက်လာမည် ဖြစ်ပြီး ပိုင်ရှင်းကျန့်ထံမှ အကျိုးအမြတ်များကိုလည်း ရရှိလိမ့်မည် ဖြစ်၏။
ယင်းက ခဲတစ်လုံးတည်းဖြင့် ငှက်နှစ်ကောင်ကို ပစ်ချသည့်ကိစ္စမျိုး ဖြစ်ရာ သူ့အနေဖြင့် အဘယ်ကြောင့် မလုပ်ဆောင်ဘဲ နေရပါမည်နည်း။
“အဂ္ဂိရတ်ခန်းမရဲ့ တပည့်တွေက လမ်းညွှန်မှုကို တောင်းခံလာရင် အကြံဥာဏ်ပေးတာက ငါ့ရဲ့ကိစ္စပဲ.. မင်းနဲ့ ဘာမှမသက်ဆိုင်ဘူး.. မင်းငါ့ရဲ့လမ်းညွှန်မှုကို လိုချင်ရင် အဂ္ဂိရတ်ခန်းမဆီ ငါရောက်တဲ့အထိ စောင့်ပါ”
ကျန်းချန်က ဝူဟန်ကို စူးရှစွာ စိုက်ကြည့်၍ ပြောလိုက်သည်။
“အခုတော့ ငါ့ရှေ့ကနေ ကျက်သရေ တုံးမနေဘဲ ထွက်သွားလိုက်ပါ...မရိုးသားတဲ့ ရည်ရွယ်ချက်ရှိတဲ့ လူတစ်ယောက်ရဲ့ ခွေးတစ်ကောင်လို အသုံးချခံ မဖြစ်ပါစေနဲ့”
“မအေဘေး မင်းက ကိုယ့်သေလမ်း ကိုယ်ရှာနေတာပဲ”
ဝူဟန်၏ မျက်ဝန်းများက ပြူးကျယ်သွားခဲ့ပြီး ဒေါသများတလိပ်လိပ် တက်လာခဲ့သည်။
သူက ဟန်ယွဲ့မြို့တော်၏ သခင်လေးဖြစ်ပြီး ဟန်ယွဲ့နန်းတော်မှ အထူးချွန်ဆုံး အဂ္ဂိရတ်ပါရမီရှင်များ ထဲမှ တစ်ဦး ဖြစ်သည်။
သို့သော်လည်း ကျန်းချန်သည် သူ့ကို ပိုင်ရှင်းကျန့်၏ ခွေးအဖြစ် ခိုင်းနှိုင်းခဲ့သည်။
သို့ဖြစ်ရာ သူက အဘယ်ကြောင့်စိတ်မဆိုးဘဲ နေနိုင်ပါအံ့နည်း။
မီးတောင် ပေါက်ကွဲမှုကဲ့သို့ ကြောက်မက်ဖွယ် ပူပြင်းသော အရှိန်အဝါသည် ဝူဟန်၏ ခန္ဓာကိုယ်ကနေ လျင်မြန်စွာ ထွက်ပေါ်လာခဲ့သည်။
ထိုအရှိန်အဝါက မီးနဂါးတစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကျန်းချန်ကို ချက်ချင်းပင် မျိုချတော့မည့်အလား ဖြစ်နေခဲ့၏။
“ညီနောင်ကျန်းချန် သတိထား.. ဝူဟန်က ဟန်ယွဲ့နန်းတော်ရဲ့ အဂ္ဂိရတ် ပါရမီရှင်တစ်ဦး ဖြစ်တဲ့အပြင် ကိုယ်ခံပညာရပ်မှာလည်း ပါရမီရှင်တစ်ဦးပဲ.. သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က ကောင်းကင်နတ်ဘုရား တတိယအဆင့်ကိုတောင် ရောက်နေခဲ့ပြီ”
ထိုမြင်ကွင်းကိုမြင်လျှင် ချင်းရှန့်သည် ကျန်းချန်အတွက် စိုးရိမ်စွာဖြင့် သတိပေးလိုက်သည်။
ကျန်းချန်တွင် အလွန်မြင့်မားသော အဂ္ဂိရတ်ပါရမီ ရှိသော်လည်း ကိုယ်ခံပညာရပ်တွင် ဝူဟန်၏ပြိုင်ဘက် ဖြစ်မည်ဟု သူ မထင်ပေ။
“တတိယအဆင့် ကောင်းကင်နတ်ဘုရားလေးကများ ငါ့ရဲ့ရှေ့မှာ ရမ်းကားရဲတယ်”
ကျန်းချန်က အေးစက်စက် ကြုံးဝါးလိုက်ပြီး သူ၏လက်တစ်ဖက်ကို အသာအယာ မြှောက်လိုက်ရာ မမြင်နိုင်သောစွမ်းအားတစ်ခုသည် ဝူဟန်ထံသို့ သက်ရောက်သွားခဲ့ပြီး ဝူဟန်သည် မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားခဲ့သည်။
ဝူဟန်က မည်မျှပင် ရုန်းကန်နေပါစေ လှုပ်ရှားရန်ပင် ခက်ခဲနေခဲ့၏။
အခန်း(၁၈၂၀)
“ခွေးမသား.. ငါ့ကိုအမြန်လွှတ်ပေးစမ်း..မဟုတ်ရင် မြို့စားစံအိမ်ကနေ အသက်ရှင်လျက် မထွက်သွားနိုင်စေရဘူးလို့ ငါအာမခံတယ်”
ဝူဟန်၏ မျက်နှာက ရဲတွတ်နေခဲ့သည်။
သူက ဒေါသတကြီးဖြင့် ကျန်းချန်ကို အော်ဟစ်နေခဲ့သည်။
ကျန်းချန်က သာမန် အဂ္ဂိရတ်သခင်တစ်ဦးသာ ဖြစ်ပြီး ကိုယ်ခံပညာ စွမ်းအားတွင် ကောင်းမွန်လိမ့်မည်မဟုတ်ဟု မူလက သူ ထင်မှတ်ခဲ့သည်။
သူက အဂ္ဂိရတ်ပညာရပ်နှင့် ကိုယ်ခံပညာရပ် နှစ်မျိုးလုံးကို ကျင့်ကြံခဲ့ပြီး အဂ္ဂိရတ်ပညာရပ်တွင် စတုတ္ထအဆင့်နတ်အဂ္ဂိရတ်သခင် ဖြစ်သည့်အပြင် ကိုယ်ခံပညာရပ်တွင်လည်း ကောင်းကင်နတ်ဘုရား တတိယအဆင့်ကို ရောက်ရှိနေပြီဖြစ်၍ ကျန်းချန်ကို ရင်ဆိုင်ရန် လုံလောက်သည်ထက်ပင် ပိုနေပြီဟု ထင်မှတ်ခဲ့ခြင်း ဆိုလည်းမမှားပေ။
သို့ရာတွင် မမျှော်လင့်ဘဲ ကျန်းချန်၏ ခွန်အားက အလွန်တရာပင် ကြောက်မက်ဖွယ်ရာကောင်းပြီး ချက်ချင်းဆိုသလို ဖိအားပေးခံရလိမ့်မည်ဟု သူမမျှော်လင့်ခဲ့ပေ။
“ဒီကောင်လေးရဲ့ခွန်အားက ဒီလောက်တောင် သန်မာတယ်လား”
ခန်းမထဲရှိ အခြားလူများသည်လည်း သူတို့ရှေ့မှ မြင်ကွင်းကိုမြင်လျှင် အံ့အားသင့်သွားကြသည်။
ဆဋ္ဌမအဆင့် ကောင်းကင်နတ်ဘုရားဖြစ်သည့် ကုန်းစွန်းရှို့၏ အိုမင်းသော မျက်ဝန်းထဲတွင်ပင် အံ့အားသင့်သော အမူအရာများ ရှိနေခဲ့၏။
ကျန်းချန်က အဂ္ဂိရတ်ပညာရပ်တွင် ထူးချွန်ရုံသာမက ကိုယ်ခံပညာရပ်တွင်လည်း ထိုမျှအထိ အစွမ်းထက်သောအဆင့်အထိ ရောက်ရှိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
“ဝူဟန်.. ဒီငတုံးကောင်ကတော့လား”
ဝူဟန်က ဒေါသတကြီးဖြင့် ကျန်းချန်ကို စတင် တိုက်ခိုက်လိုက်သည်ကိုမြင်လျှင် ပိုင်ရှင်းကျန့်သည် စိတ်ထဲကနေ မကျိန်ဆဲဘဲ မနေနိုင်တော့ပေ။
ဝူဟန်သည် ဟန်ယွဲ့နန်းတော်၏ ထိပ်တန်း အဂ္ဂိရတ်ပါရမီရှင် ၃ဦးထဲမှ ၁ဦးဖြစ်သည်။
သူက ဝူဟန်ကို တောင်းဆိုခဲ့ခြင်းမှာ ဝူဟန်၏ အဂ္ဂိရတ်ပညာရပ်ကို အသုံးပြု၍ ကျန်းချန်ကို အရှက်ရစေရန် လုပ်ဆောင်လိုခြင်း ဖြစ်သည်။
ထိုအချိန်သို့ရောက်လျှင် သူက ကျန်းချန်ကို အရှက်ခွဲကာ မြို့စားစံအိမ်ကနေ ထွက်သွားစေရန်အတွက် လုပ်ဆောင်နိုင်လိမ့်မည် ဖြစ်၏။
သို့ရာတွင် ဝူဟန်သည် ကျန်းချန်၏ စကားအနည်းငယ်ဖြင့်ပင် ဒေါသထွက်ကာ ကျန်းချန်ကို တိုက်ခိုက်ရန် ရွေးချယ်လိမ့်မည်ဟု ပိုင်ရှင်းကျန့် မထင်ထားခဲ့ပေ။
သိထားရမည်မှာ ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်သည် ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့်သို့ ရောက်ရှိနေခဲ့ပြီး တိုက်ခိုက်ရေးစွမ်းအားသည် ဆဋ္ဌမအဆင့်ကောင်းကင်နတ်ဘုရားများထက်ပင် မနိမ့်ကျသော အချက်ပင်။
ထို့ကြောင့် ကောင်းကင်နတ်ဘုရား တတိယအဆင့် ဝူဟန်က ကျန်းချန်ကို စတင် တိုက်ခိုက်လိုက်ခြင်းမှာ ကိုယ့်ဒုက္ခကို ရှာခြင်းပင် မဟုတ်ပါလား။
“ကျန်းချန် မင်းက အတော်အတင့်ရဲတာပဲ.. မြို့စားစံအိမ်ရဲ့ ညစာစားပွဲမှာတောင် ရမ်းကားရဲတယ်.. ဝူဟန်ကို ချက်ချင်းလွှတ်ပေးစမ်း”
ပိုင်ရှင်းကျန့်က ထိုင်နေရာကနေ ထရပ်လိုက်ပြီး ကျန်းချန်ကို ဒေါသတကြီး အော်ငေါက်လိုက်သည်။
သူက ကျန်းချန်ကို ပြဿနာရှာဖွေရန် အတွက် ဝူဟန်ကို လှုံ့ဆော်ခဲ့ခြင်း ဖြစ်သည်။
အကယ်၍သာ ဝူဟန် တစ်စုံတစ်ရာ ဖြစ်သွားခဲ့လျှင် ဝူထျန်းကျီကို သူ့အနေဖြင့် ရှင်းပြရန် လွယ်ကူလိမ့်မည် မဟုတ်ချေ။
“ပိုင်ရှင်းကျန့်.. မင်းငါ့ကို မကျေနပ်ရင် ပွင့်ပွင့်လင်းလင်း ရင်ဆိုင်လို့ရပါတယ်.. ဘာလို့ မဆိုင်တဲ့လူတွေကို ပါဝင်ပတ်သက်စေရတာလဲ”
ထိုစကားကို ပြောပြီးသည်နှင့် ကျန်းချန်က သူ၏ လက်ဖဝါးကို ရုတ်သိမ်းလိုက်ပြီး ဝူဟန်ကို လွှတ်ပေးလိုက်သည်။
ထို့နောက် သူက ဝူဟန်ကို စူးစိုက်ကြည့်ကာ အေးစက်စက် ပြောလိုက်၏။
“မြို့စားဝူရဲ့ မျက်နှာကိုထောက်ပြီး မင်းကို ဒီတစ်ကြိမ်လွှတ်ပေးလိုက်မယ်.. မင်းသာ ထပ်ပြီးရိုင်းပြမယ် ဆိုရင်တော့ ငါ့ကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့”
“ကျန်းချန် ဒီနေ့ကိစ္စ အတွက် ငါဝူဟန် မင်းကို ကောင်းကောင်းကြီး မှတ်ထားမယ်”
ဝူဟန်က မတ်တတ် ထရပ်လိုက်ပြီးနောက်တွင် ကျန်းချန်ကို ကြုံးဝါးလိုက်သည်။
ကျန်းချန်က သူ့ကို လွှတ်ပေးခဲ့သော်လည်း သူက အနည်းငယ်မျှပင် ကျေးဇူးတင်ခြင်းမရှိခဲ့ပေ။
သူ၏အကြည့်သည် ယခင်ကထက်ပင် ပို၍ အေးစက်လာခဲ့၏။
သူက ဟန်ယွဲ့မြို့၏ သခင်လေး ဖြစ်သည့်အပြင် ဟန်ယွဲ့နန်းတော်၏ အဂ္ဂိရတ်ပါရမီရှင်တစ်ဦးလည်း ဖြစ်၍ အမြဲတစေမာနကြီးခဲ့သည်။
ယခုအခါတွင်မူ သူ၏ စံအိမ်မှာပင် ကျန်းချန်၏ လက်ချက်ဖြင့် လူအများရှေ့တွင် အရှက်ကွဲခဲ့ရ၏။
ထို့ကြောင့် မည်သို့ပင်ဖြစ်နေပါစေ၊ သူက ကျန်းချန်ထံကနေ အရှက်ကွဲခဲ့သမျှကို ယနေ့တွင် ၁၀ဆမက ပြန်လည်ရယူမည်ဟု ဆုံးဖြတ်လိုက်သည်။
“ဘာတွေဖြစ်နေတာလဲ”
ဝူဟန်က ထပ်မံ တိုက်ခိုက်တော့မည့် အချိန်မှာပင် ခန်းမ၏ ဝင်ပေါက်ကနေ ခန့်ညားသော အသံတစ်သံက ရုတ်တရက် ထွက်ပေါ်လာခဲ့၏။
မကြာမီမှာပင် လူတိုင်းသည် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး အဆုံးမဲ့ အရှိန်အဝါများကို ထုတ်လွှတ်နေသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ခန်းမထဲသို့ လျှောက်ဝင်လာသည်ကို မြင်လိုက်ရသည်။
လူလတ်ပိုင်းအရွယ် အမျိုးသားမှာ တခြားသူမဟုတ်ပေ။
ဟန်ယွဲ့မြို့၏ မြို့စားဖြစ်သည့် ဝူထျန်းကျီပင် ဖြစ်သည်။
ဝူထျန်းကျီနှင့်အတူ ဟန်ယွဲ့နန်းတော်၏ အကဲဖြတ်စစ်ဆေးမှုကို ဦးဆောင်ခဲ့သော အကြီးအကဲများလည်း လိုက်ပါလာကြသည်။
ဝူထျန်းကျီ ရောက်ရှိလာသည်ကိုမြင်လျှင် ကျန်းချန်ကို ကြည့်နေသော လူတိုင်း၏ အကြည့်တွင် ကရုဏာသက်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။
ကျန်းချန်သည် အဂ္ဂိရတ်ပညာရပ်တွင် ထူးချွန်သောပါရမီ ရှိပြီး ဟန်ယွဲ့နန်းတော်၏ အဆင့်မြင့် ဧည့်အရာရှိ အဖြစ် သတ်မှတ်ခံခဲ့ရသည်။
သို့သော် ယခုအခါတွင် ကျန်းချန်သည် ဟန်ယွဲ့မြို့စား အိမ်တော်ကို စော်ကားခဲ့ပြီ ဖြစ်ရာ ကောင်းမွန်သော ရလဒ်များကို ရရှိလိမ့်မည် မဟုတ်ပေ။
ပြောနေစရာ မလိုလောက်အောင်ပင် ကျန်းချန်သည် ဝူဟန်ကို ထိခိုက်စေရုံသာမက ဟန်ယွဲ့နန်းတော်၏ ထိပ်တန်းပါရမီရှင်ဖြစ်သည့် ပိုင်ရှင်းကျန့်နှင့်လည်း မကျေလည်မှုများစွာ ရှိနေပုံရ၏။
ဤအခြေအနေများအရ ယနေ့တွင် ကျန်းချန်သည် ဟန်ယွဲ့နန်းတော်၏ အဆင့်မြင့်ဧည့်အရာရှိ ရာထူးကို ဆုံးရှုံးရချေ ရှိပြီး မြို့စားစံအိမ်ကနေ အသက်ရှင်လျက် ထွက်သွားရန်ပင် ခက်ခဲလိမ့်မည် ဖြစ်သည်။
“အဖေ.. ဒီကောင် ကျန်းချန်က အရမ်းကို မောက်မာလွန်းတယ် သူက ညစာစားပွဲမှာတောင် ကျွန်တော့်ကို ထိခိုက်ဒဏ်ရာရအောင် လုပ်ဆောင်ခဲ့တယ်.. အဖေ သူ့ကို ချက်ချင်းဖမ်းဆီးပြီး အပြစ်ပေးလိုက်ပါ”
ဝူဟန်က ကျန်းချန်ကို ခါးသီးသောအမူအရာဖြင့် စူးစိုက်ကြည့်လိုက်ပြီးနောက်တွင် ဝူထျန်းကျီအား တိုင်ကြားလိုက်သည်။
“မြို့စားဝူ ကိစ္စအမှန်က အဲဒီလို မဟုတ်ဘူး”
ဝူဟန်၏ တိုင်တန်းသော စကားကိုကြားလျှင် ချင်းရှန့်၏ အမူအရာက ပြောင်းလဲသွားခဲ့ပြီး နေရာကနေ အလျင်အမြန်ထရပ်ကာ ဝူထျန်းကျီကို ဖြစ်ပျက်ခဲ့သည့် ကိစ္စများအား ရှင်းပြလိုက်သည်။
ချင်းရှန့်ထံမှ အဖြစ်အပျက် အမှန်များကို ကြားပြီးလျှင် ဝူထျန်းကျီ၏ မျက်နှာသည် သိပ်မကောင်းတော့ပေ။
သိပ်မကြာခင်က ဝူထျန်းကျီသည် ကွမ်ကျွန်၏ သတင်းပေးပို့မှုကနေ ကျန်းချန်နှင့် ပိုင်ရှင်းကျန့်တို့ မကျေမလည် ဖြစ်နေပုံရကြောင်း သိရှိခဲ့သည်။
ထို့ကြောင့် မတော်တဆဖြစ်ရပ်များ မဖြစ်ပွားစေရန် အတွက် ဟန်ယွဲ့နန်းတော်မှ အကြီးအကဲ တချို့နှင့် အတူ ချက်ချင်းဆိုသလို ရောက်လာခဲ့ခြင်းပင်။
သို့သော်လည်း သူ၏ သားမိုက်သည် ပိုင်ရှင်းကျန့်၏ အသုံးချမှုအောက်တွင် ကျန်းချန်နှင့် ပြဿနာတက်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
ဝူထျန်းကျီက စကားမပြောဘဲ ငြိမ်သက်နေသည်ကို မြင်လျှင် ဝူဟန်သည် စိတ်ထဲတွင် မကောင်းသော ခံစားချက် တစ်ခုကို ရရှိခဲ့သည်။
“အဖေ”
“တိတ်စမ်း.. မင်းက မြို့စားစံအိမ်ရဲ့ သခင်လေး ဖြစ်ပြီး ငါကျင်းပတဲ့ ညစာစားပွဲမှာ ငါ့ရဲ့ ဧည့်သည်တွေကို ရိုင်းပြရဲတယ် မင်းက မြို့စားဖြစ်တဲ့ ငါ့ရဲ့မျက်နှာကို အိုးမဲသုတ်တဲ့ကောင်ပဲ.. ချက်ချင်း ထွက်သွားစမ်း”
ဝူဟန်၏ စကားမဆုံးမီမှာပင် ဝူထျန်းကျီက ဝူဟန်ကို ကြိမ်းမောင်းလိုက်သည်။
ကျန်းချန်သည် ယခုအခါတွင် ဟန်ယွဲ့နန်းတော်၏ အဆင့်မြင့်ဧည့်အရာရှိ ဖြစ်ပြီး အဂ္ဂိရတ်ခန်းမ၏ အကြီးအကဲဖြစ်သည့် ကုန်းစွန်းယန်၏ မျက်နှာသာပေးမှုကိုလည်း ရရှိထားခဲ့သည်။
ပိုင်ရှင်းကျန့်သည် ဟန်ယွဲ့နန်းတော်တွင် မြင့်မားသော အဆင့်အတန်း ရှိသော်လည်း အဂ္ဂိရတ်ခန်းမသည် ဟန်ယွဲ့နန်းတော်တွင် ထူးခြားသော အဆင့်အတန်း ရှိသည်။
သူ၏ သားမိုက်သည် ပိုင်ရှင်းကျန့်၏ အသုံးချမှုအောက်တွင် မိုက်မဲစွာ အသုံးတော်ခံခဲ့ပြီး ကျန်းချန်ကို ပြဿနာရှာခဲ့သည်။
ပိုင်ရှင်းကျန့်က သူ၏ စံအိမ်တွင် သူ၏ သားကို အသုံးချခဲ့သည်အား တွေးမိလျှင် ဝူထျန်းကျီသည် ပိုင်ရှင်းကျန့် အပေါ်တွင် ပို၍ မကျေမနပ် ဖြစ်လာခဲ့သည်။
“မြို့စားဝူနဲ့ အကြီးအကဲတို့ အချိန်မီ ရောက်ရှိလာတာနဲ့အတော်ပဲ.. ဒီကျန်းချန်ဆိုတဲ့ ကောင်က မာနကြီးပြီး ရိုင်းပြလွန်းတယ်.. သူက ဘယ်သူ့ကိုမှ လေးစားမှုမရှိဘူး.. ဒါ့အပြင် အရေးအကြီးဆုံး အချက်က သူ့ရဲ့ဇာစ်မြစ်ကို ကျွန်တော်တို့မသိရသေးတာပဲ.. ဒီကောင်က ကျွန်တော်တို့ ဟန်ယွဲ့နန်းတော်ရဲ့ အဆင့်မြင့် ဧည့်အရာရှိဖြစ်ဖို့ အရည်အချင်း ပြည့်မီတယ်လို့ မထင်ဘူး”
ဝူထျန်းကျီက ပိုင်ရှင်းကျန့်ကို မကျေမနပ် ဖြစ်နေသောအချိန်မှာပင် ပိုင်ရှင်းကျန့်၏ စကားသံသည် ခန်းမထဲတွင် ထွက်ပေါ်လာခဲ့သည်။
ပိုင်ရှင်းကျန့်၏ မူလအစီအစဥ်မှာ ဝူဟန်၏ အဂ္ဂိရတ်ပညာရပ်ကို အသုံးချ၍ ကျန်းချန်ကို လူသိရှင်ကြား အရှက်ခွဲရန်ဖြစ်သည်။
ထို့နောက်တွင် သူက ကျန်းချန်၏ ဧည့်အရာရှိ ရာထူးကို ဖျက်သိမ်းပေးဖို့ တောင်းဆိုရန် ဆုံးဖြတ်ထားခဲ့သည်။
သို့သော်လည်း သူ၏ အစီအစဥ်များသည် မမျှော်လင့်ဘဲ အပြောင်းအလဲ ဖြစ်သွားခဲ့ပြီး ဤအခြေအနေအထိ ရောက်ရှိလာခဲ့သည်။
ယခုအခါတွင် သူက ဟန်ယွဲ့နန်းတော်သို့ ကျန်းချန် ဝင်ရောက်ခြင်းအား တားဆီးရန်အတွက် သူ၏ အဆင့်အတန်းကို အသုံးချရုံသာ တတ်နိုင်တော့သည်။
ဝူထျန်းကျီနှင့် ဟန်ယွဲ့နန်းတော်မှ အကြီးအကဲ တချို့သည် ကျန်းချန် အတွက်ဖြင့် သူကဲ့သို့ အထွတ်အထိပ် ပါရမီရှင်တစ်ဦးကို စော်ကားရဲလိမ့်မည်ဟု သူ မယုံကြည်ခဲ့ပေ။
ထိုသို့ ဖြစ်မလာခဲ့လျှင် ကျန်းချန်ကို ဟန်ယွဲ့နန်းတော်သို့ ဝင်ရောက်နိုင်မည် မဟုတ်ကြောင်း ခြိမ်းခြောက်ခဲ့ခြင်းသည် လှောင်ပြောင်စရာ ဖြစ်လာလိမ့်မည် မဟုတ်ပါလား။
“ဟမ့်.. ကျန်းချန်ရဲ့ အကဲဖြတ်စစ်ဆေးမှုကို ငါကိုယ်တိုင် အကဲဖြတ်ခဲ့တာပဲ.. မင်းက ငါ့ရဲ့အမြင်ကို မေးခွန်းထုတ်နေတာလား”
ကုန်းစွန်းယန်က အေးစက်စက် ရေရွတ်လိုက်ပြီး အထက်စီးဆန်စွာ ပြောကြားလိုက်သည်။
“ပိုင်ရှင်းကျန့်.. ငါက အဂ္ဂိရတ်ခန်းမရဲ့ အကဲဖြတ်စစ်ဆေးမှုကို တာဝန်ယူထားတဲ့ ကိုယ်စားလှယ်ပဲ.. ငါမင်းကို သတိပေးထားလိုက်မယ်.. ငါတို့ အဂ္ဂိရတ်ခန်းမရဲ့ကိစ္စတွေကို မင်းအနေနဲ့ ဝင်ရောက်စွက်ဖက်စရာ ဘာအကြောင်းမှ မရှိဘူး”