← Chapters

အခန်း (၉၄+၉၅+၉၆)

Vol. 7 Ch. 94+95+96

အခန်း (၉၄+၉၅+၉၆)

Vol. 7 Ch. 94+95+96

အပိုင်း (၉၄)

တပ်များကို မိုင်ထောင်ချီ ဦးဆောင်ကာ တိုက်ခိုက်ခဲ့သော်လည်း ရွှေ၊ ငွေ၊ ကျောက်မျက် ရတနာများ ကို မဟာရှနိုင်ငံက လုယူသွားခဲ့သည်။

ရိက္ခာတွေကိုလည်း မဟာရှနိုင်ငံ က ယူသွားခဲ့သည်။

ရှန်နိုင်ငံ ဧကရာဇ် နှင့် ဘဏ္ဍာပစ္စည်းများကိုလည်း မဟာရှနိုင်ငံကပင် သိမ်းယူသွားခဲ့သည်။

သယံဇာတများလည်း ကုန်ခန်းသွားသည်။

မြေဆီလွှာ ဆုံးရှုံးပြီး သီးနှံများလည်း မစိုက်ပျိုးနိုင်တော့ပေ။

အခုဆိုရင် သူ၏ ကိုယ်ပိုင်ငွေတောင် လိမ်ယူခံလိုက်ရပြီး စစ်သည်တွေလည်း အသတ်ခံလိုက်ရပြီ ဖြစ်သည်။

‘ချီးလိုပဲ၊ လူတစ်ယောက်ကို အနိုင်ကျင့်တာကလည်း ကန့်သတ်ချက်တော့ ရှိရမှာပေါ့’

စစ်သူကြီးကျောက်သည် တွေးရင်း တွေးရင်း ပို၍ ဝမ်းနည်းပြီး ဒေါသထွက်လာကာ စစ်စခန်းမှ ထွက်ပြေးပြီး မလှမ်းမကမ်းရှိ မဟာရှနိုင်ငံစခန်း မြောက်ပိုင်းတပ် သို့ ဦးတည်သွားခဲ့လေသည်။

“အန်လုရှန်၊ ထွက်လာပြီး ငါ့ကို ရင်ဆိုင်စမ်း”

သူ့အသံသည် စစ်တပ်တစ်ခုလုံးကို ပဲ့တင်ထပ်သွားသည်။

ထိုအချိန်တွင် အန်လုရှန်မှာလည်း ဒေါသထွက်နေပြီး အနည်းငယ် မူးယစ်နေသည်။ ထိုစကားများကို ကြားသောအခါ ချက်ချင်းဆိုသလို အပြင်သို့ အပြေးထွက်လာပြီး- “ဘယ်က ခွေးကောင်က ငါ့နာမည်ကို အဲဒီလောက် မလေးမစား ခေါ်ဝံ့တာလဲ။ သေချင်နေပြီလား၊ မင်းဆန္ဒကို ငါဖြည့်ပေးမယ်!” ဟု အော်လိုက်သည်။

“ခေါ်လိုက်တာ မင်းရဲ့ အဘိုး ငါပဲ” ဟု စစ်သူကြီးကျောက်က ဒေါသတကြီး ပြန်အော်ဟစ်လိုက်သည်။

“ မင်းပဲလား၊ လူလိမ်ကောင်”

အန်လုရှန် သည် အနည်းငယ် သတိပြန်ဝင်လာပြီး လိမ်လည်ခံလိုက်ရသည့် အတွေ့အကြုံကို သတိရလိုက်ကာ ပို၍ပင် ဒေါသထွက်လာပြီး ဓားရှည်ကို ဝှေ့ယမ်းလိုက်ပြီး- “ကျောက်မျိုးရိုး၊ မင်း ဒီကို ဘာလာလုပ်တာလဲ” ဟု အော်လိုက်သည်။

စစ်သူကြီးကျောက်မှာ ဒေါသတကြီး တုန်ယင်နေပြီး အန်လုရှန် ကို လက်ညှိုးထိုးကာ ပြင်းပြင်းထန်ထန် ဆဲဆိုလိုက်သည်- “မင်း ငါ့ကို ဘာလုပ်ဖို့ လာတာလဲလို့ မေးရဲသေးတာပေါ့! ငါ ဘာလာလုပ်လဲဆိုတာ မင်း နားမလည်ဘူးလား”

“ဘာကို နားလည်ရမှာလဲ” အန်လုရှန် က အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။

စစ်သူကြီးကျောက်က ဒေါသတကြီး ခါးသက်စွာ ရယ်မောလိုက်သည်- “ကောင်းလိုက်တဲ့ အန်လုရှန်၊ အပြင်ပန်းက ရိုးသားဖြောင့်မတ်သလိုနဲ့ အတွင်းစိတ်က လှည့်ဖြားတတ်တဲ့သူပဲ။ ဒီအချိန်မှာတောင် ဟန်ဆောင်နေသေးတာလား၊ ငါ မင်းကို မေးမယ်၊ မင်း ငါ့တပ်တွေကို ဘာလုပ်လိုက်လဲ”

အန်လုရှန် က ပို၍ပင် နားမလည် ဖြစ်သွားပြီး- “မင်းရဲ့ တပ်တွေက ဘာဖြစ်လို့လဲ၊ ဒါ ငါနဲ့ ဘာဆိုင်လဲ”

“ဆက်ပြီး ဟန်ဆောင်နေတုန်းပဲလား၊ ကောင်းပြီ၊ ဒါဆို ငါ မင်းကို ပြောပြမယ်”

စစ်သူကြီးကျောက်က ကျယ်လောင်စွာ ပြောလိုက်သည်- “ငါ မင်းကို မေးမယ် အန်လုရှန်၊ မင်းကို ငါ့ရဲ့စစ်သားတွေကို ဖြတ်သွားခွင့် ပြုဖို့အတွက် ငါ ငွေတေး ၅၀,၀၀၀ ပေးပြီး လာဘ်ထိုးခဲ့တာ၊ အခု အခြေအနေက ဘယ်လိုလဲ”

အန်လုရှန် ရုတ်တရက် တုန်လှုပ်သွားခဲ့သည်။ သူ လာခဲ့သည်မှာ ထိုကိစ္စအတွက်ပင်။

သို့သော် ဒီကိစ္စကို လူသိရှင်ကြား ပြောလို့ရပါ့မလား။

ဒါ့အပြင် မင်းက ငါ့ကို ဖြတ်သန်းခွင့်အတွက် အမှိုက်တွေနဲ့ လာဘ်ထိုးခဲ့တာလေ၊ မင်း အတော်လေးကို အမြတ်ရနေတာကို။

ငါကတောင် မင်းကို အပြစ်တင်ဖို့ မလာသေးဘူး၊ အခုကျတော့ မင်းက ငါ့ဆီကို တံခါးလာခေါက်ပြီး ရှင်းပြခိုင်းနေတာလား။

မင်း ငါ့ကို သေတွင်းထဲ တွန်းပို့ချင်နေတာပဲ။

ဒါက မတရားဘူး။

အနိုင်ကျင့်တာကလည်း ကန့်သတ်ချက်ရှိရမယ်။

အန်လုရှန်ခင်ဗျာ လွန်စွာ နာကြည်းခံစားလိုက်ရပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်- “မင်း ဘာကို ဆိုလိုတာလဲ၊ ငါ ဘယ်တုန်းက သူတို့ကို ဖြတ်သွားခွင့်ပြုခဲ့လို့လဲ?၊ငါ အန်လုရှန်က သစ္စာရှိပြီး ဖြောင့်မတ်သူဖြစ်တယ်၊ အရှင်မင်းကြီး နဲ့ မဟာရှနိုင်ငံကို သစ္စာရှိတယ်။ ဒီလိုလုပ်ရပ်မျိုး ဘယ်လိုလုပ် လုပ်နိုင်ပါ့မလဲ၊ ငါ့ကို စွပ်စွဲနေတာ ရပ်စမ်း”

စစ်သူကြီးကျောက်သည် အတိုင်းအဆမရှိ ဒေါသထွက်သွားခဲ့သည်- “အခုထိ မင်း ဝန်မခံသေးဘူးလား”

“ငါ မလုပ်ခဲ့တဲ့ကိစ္စကို ဘာလို့ ဝန်ခံရမှာလဲ”

အန်လုရှန် ကလည်း အလားတူ ဒေါသထွက်နေခဲ့သည်။ ထို့နောက် စိတ်မရှည်သော အမူအရာဖြင့်- “ကောင်းပြီ၊ ငါ လုပ်ခဲ့တယ် ဆိုရင်တောင်၊ သူတို့ကို တိတ်တဆိတ် သတ်ပစ်လိုက်မှာ” ဟု ပြောလိုက်သည်။

စစ်သူကြီးကျောက်က ဒေါသဖြင့် အော်လိုက်သည်- “ကောင်းပြီ၊ နောက်ဆုံးတော့ မင်း ဝန်ခံလိုက်ပြီပေါ့၊ ငါ့ညီအစ်ကိုတွေအတွက် လက်စားချေရမယ်”

ထိုစကားနှင့်အတူ၊ သူ့တစ်ကိုယ်လုံးမှ အစစ်အမှန်ချီ များ ပေါက်ကွဲထွက်လာပြီး ကောင်းကင်ကို ဖုံးလွှမ်းနိုင်သည့် အရှိန်အဝါဖြင့် အန်လုရှန် ထံသို့ ဝင်ရောက်တိုက်ခိုက်လိုက်သည်။

အန်လုရှန် အနည်းငယ် ကြောက်ရွံ့သွားသော်လည်း တိုက်ပွဲရှုံးသည်ထက် မျက်နှာပျက်သည်က ပိုဆိုးမှန်း သူသိနေသည်။

လူအများကြီးက သူ့ကို စောင့်ကြည့်နေတာ ဖြစ်သည်။ တိုက်ပွဲမစခင် ထွက်ပြေးလိုက်ရင် ဂုဏ်သိက္ခာ ဆုံးရှုံးရုံသာမက ဗိုလ်ချုပ်ကြီး ဖြစ်ဖို့ အခွင့်အရေးပါ ဆုံးရှုံးသွားနိုင်သည်။

“ကျောက်မျိုးရိုး၊ ငါ့ဓားကို ရင်ဆိုင်လိုက်စမ်း” အန်လုရှန် က ဓားကို မြှောက်ကာ တိုက်ခိုက်လိုက်သွားသည်။

နှစ်ဦးသား အလျင်အမြန် တိုက်ခိုက်နေကြသည်။

သို့သော် အန်လုရှန်က ပထမတန်းစား ကျွမ်းကျင်သူ အဆင့်သာ ရှိသောကြောင့် တိုက်ကွက် အနည်းငယ် ဖလှယ်ပြီးနောက် လျင်မြန်စွာ အရေးနိမ့်ကာ သွေးများအန်ထွက်ပြီး ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့သည်။

“အစ်ကိုကြီး၊ ကျွန်တော် လာကူမယ်” ရှီစစ်မင်သည်လည်း လက်နက်ကို ဝှေ့ယမ်းကာ တိုက်ပွဲထဲသို့ အလောတကြီး ဝင်ရောက်လာသည်။

သူတို့ နှစ်ဦးသည်လည်း အနည်းငယ်မျှပင် မခံနိုင်ဘဲ အရေးနိမ့်ကာ တိုက်ပွဲမှ ဆုတ်ခွာလိုက်ရသည်။

စစ်သူကြီးကျောက်က အန်လုရှန် နှင့် သူ့အဖော်ကို သတ်တော့မည့် ဆဲဆဲတွင် သူ၏လက်ကို ရပ်တန့်လိုက်သည်။

သူတို့နှစ်ဦးက သာမန် ခွန်အားသာ ရှိသော်လည်း မဟာရှနိုင်ငံ၏ ဗိုလ်ချုပ်များ ဖြစ်ကြပြီး ရာထူးကြီး၊ အာဏာရှိသူများဖြစ်ကာ မဟာရှနိုင်ငံ ၏ မျက်နှာ ကို ကိုယ်စားပြုနေသည်။

သူတို့ကို ဒဏ်ရာရစေတာက လက်ခံနိုင်ပေမယ့် သတ်လိုက်မယ်ဆိုရင် မဟာရှနိုင်ငံ ရဲ့ ဒေါသကို ဆွမိမှာဖြစ်ပြီး သူနဲ့ ရင်ဆိုင်ဖို့အတွက် ချီဖွဲ့တည်ခြင်းအဆင့် ကျွမ်းကျင်သူတွေကို စေလွှတ်မည်မှာ သေချာသည်။

သူကိုယ်တိုင်က မကြောက်ပေမယ့် သူ့စစ်သားတွေက ဒီလိုရန်သူကို မခုခံနိုင်ပေ။

နိုင်ငံနှစ်ခုကြား စစ်ပွဲက အချိန်မတိုင်မီ စတင်ပြီး ပိုမို ကြီးထွားလာပါက အကျိုးဆက်များက ခန့်မှန်းရခက်ပေလိမ့်မည်။

“ ဒီနေ့က မင်းတို့အတွက် သင်ခန်းစာပဲ၊ ဒီအမုန်းတရားကို ခဏ မှတ်ထားမယ်၊ နောက်မှ ပြန်ရှင်းကြတာပေါ့”

အန်လုရှန်နှင့် သူ့ညီတို့က တခြားသူ ပြန်သွားသည်ကိုသာ ကူကယ်ရာမဲ့ ကြည့်နေကြရသည်။

ထိုသတင်းသည် နန်းတော်သို့ လျင်မြန်စွာ ရောက်ရှိသွားသည်။

လင်းပိုင်ဖန်က အတွင်းစိတ်မှ ရယ်လိုက်မိသည်။ ထိုသူတို့ကို သတ်လိုက်တာက သူဖြစ်နေပြီး၊ ပိုက်ဆံတွေကို ယူလိုက်သူကလည်း သူဖြစ်နေသည်။ သို့သော်လည်း အပြစ်ကိုမူ အန်လုရှန်တို့က သူအစား ခံလိုက်ရသည်။

“ဒီလူယုတ်မာတွေက ငါ့ရဲ့ အင်ပါယာ ကို နေ့ရော ညပါ ချောင်းနေကြတယ်”

“သူတို့ကသာ ငါ့အတွက် အသုံးမဝင်တော့ဘူးဆိုရင် အစောကတည်းက ရှင်းပစ်လိုက်ပြီ”

“စစ်သူကြီး အန်လုရှန် နဲ့ ရှီစစ်မင် တို့ဟာ သူတို့ရဲ့ သစ္စာစောင့်သိမှု နဲ့ ရဲစွမ်းသတ္တိ အတွက် ချီးကျူးထိုက်ပြီး နိုင်ငံတော်ကို ကာကွယ်ရာမှာ အထောက်အကူပြုခဲ့တယ်။ သူတို့ တစ်ဦးစီကို နှစ်သိမ့်မှု အဖြစ် ငွေတေး ၁,၀၀၀ စီ ဆုချလိုက်တယ်”

လင်းပိုင်ဖန်က ငွေတေး ၅၀,၀၀၀ ထဲမှ ၂,၀၀၀ ကို ယူကာ သူတို့ကို ဆုချလိုက်သည်။

ဒီကိစ္စသည် ယာယီအားဖြင့် ပြေလည်သွားသော်လည်း စစ်တပ်နှစ်ခုကြားတွင် ရန်လိုမှုများ ရှိလာပြီး နယ်စပ်သည် လွန်စွာ တင်းမာလာခဲ့သည်။

သို့သော် ဤအချိန်တွင် နှစ်ဖက်စလုံးက အခြေအနေ မကြီးထွားလာစေရန် အစွမ်းကုန် ထိန်းချုပ်ဖို့ ကြိုးပမ်းခဲ့ကြသည်။

အဘယ်ကြောင့်ဆိုသော် မဟာယွဲ့နိုင်ငံ သည် ရှန်နိုင်ငံ ကို အနိုင်ယူထားပြီး ကောင်းစွာ ပေါင်းစပ်နိုင်ရန် လုပ်ဆောင်နေသောကြောင့် ဖြစ်သည်။ လင်းပိုင်ဖန် ကလည်း စီးပွားရေး ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ခြင်းနှင့် တိုင်းပြည်အင်အား ကို ခိုင်မာအောင် လုပ်ဆောင်ခြင်းတို့ဖြင့် အလုပ်ရှုပ်နေသောကြောင့် စစ်ပွဲဆင်နွှဲရန် စိတ်မဝင်စားပေ။

မည်သို့ပင်ဆိုစေ အန်လုရှန် နှင့် သူ၏ညီသည် စစ်သူကြီးကျောက်က ထပ်မံတိုက်ခိုက်လာမည်ကို အမြဲတစေ ကြောက်ရွံ့နေကြပြီး စစ်တပ်စခန်းတွင် ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင် ကို ထားရှိပေးရန် လင်းပိုင်ဖန် အား အကြိမ်ကြိမ် တောင်းဆိုခဲ့ကြသည်။

လင်းပိုင်ဖန်က သူတို့၏ တောင်းဆိုမှုများကို အကြိမ်ကြိမ် ငြင်းပယ်ခဲ့ပြီး သူတို့ ကြောက်ရွံ့စိုးရိမ်မှုတို့ဖြင့် နေထိုင်နေရသည်ကို ပျော်ရွှင်စွာ ကြည့်နေခဲ့သည်။

“ဘာတွေ စဉ်းစားနေတာလဲ၊ ဘာလို့ ဒီလောက် လူယုတ်မာ အပြုံး နဲ့ ပြုံးနေတာလဲ”

လင်းပိုင်ဖန်- “….”

စကားတစ်ခွန်းမှ မပြောဘဲ လင်းပိုင်ဖန်က ခေါင်းကို လှည့်လိုက်ပြီး- “ချိုင်ယွီရှင်း၊ မင်း ငါ့ကို ဒီလို စကားပြောရလား၊ ငါကိုယ်တော်က ယခုခေတ်ရဲ့ အမြင့်ဆုံး အုပ်ချုပ်သူပဲ၊ ကောင်းကင်အောက်မှာ ရှိတဲ့ အလုံးစုံသော သူတို့ရဲ့ အရှင်သခင် ဖြစ်တယ်။ မင်း ချက်ချင်း တောင်းပန် လိုက်ပါ၊ မဟုတ်ရင် ငါ မင်းကို ဘယ်လို ကိုင်တွယ်မလဲဆိုတာ စောင့်ကြည့်လိုက်”

သူ စကားမဆုံးခင်မှာပဲ၊ အခြားသူက သူ့ပါးစပ်ထဲကို တစ်ခုခု ထိုးထည့်လိုက်သည်။

ချိုင်ယွီရှင်း က “အရသာရှိလား” ဟု မေးလိုက်သည်။

လင်းပိုင်ဖန် က ဝါးရင်းနဲ့ ခေါင်းညိတ်သည်- “အရသာရှိတယ်”

“အရသာရှိရင် များများလေး ပိုစား”

ချိုင်ယွီရှင်းက ရယ်မောလိုက်ပြီး- “စစ်တပ်စခန်းကနေ ငါပြန်လာတာ ရှားတယ်၊ မြို့တော်မှာ ဒီလောက် ကြီးမားတဲ့ ပြောင်းလဲမှုတွေ ဖြစ်နေတာ အခုမှပဲ သတိထားမိတယ် အိမ်အသစ်တွေ အများကြီးပဲ၊ လမ်းတွေက အရမ်း စည်ကားလာပြီး၊ အစားအသောက်ကောင်းတွေ နဲ့ ပျော်စရာကောင်းတာတွေ အများကြီး ပိုများလာတယ်”

“တကယ်လား” လင်းပိုင်ဖန် က မေးလိုက်သည်။

“ဟုတ်တာပေါ့။ ငါ ဘာလို့ မင်းကို လိမ်ရမှာလဲ၊ ပြန်ရောက်တုန်း အစားအသောက်လမ်း ကို သွားပြီး အရသာရှိတာ အကုန်စားမယ်” ဟု ချိုင်ယွီရှင်း က ပြုံးရွှင်စွာ ပြောလိုက်သည်။

လင်းပိုင်ဖန် သည် ခဏတာ စဉ်းစားပြီး “ဒီလိုဆိုရင် ငါ မင်းနဲ့ လိုက်ခဲ့မယ်” ဟု ပြောလိုက်သည်။

ချိုင်ယွီရှင်းလည်း အံ့သြသွားပြီး- “မင်းလည်း လိုက်မှာလား”

“လိုက်မယ်၊ ငါ့မှာ လောလောဆယ် အရေးကြီးကိစ္စတွေ မရှိဘူး၊ ငါ့ရဲ့ပြည်သူတွေ ဘယ်လို နေထိုင်ကြလဲ၊ စားဝတ်နေရေး ပြည့်စုံရဲ့လားဆိုတာ သိဖို့ အယောင်ဆောင်ကာ သွားရောက်လေ့လာဖို့ စီစဉ်ထားတယ်” ဟု လင်းပိုင်ဖန် က ၁၀၀%ရှိတဲ့ ဂရုဏာတရားတွေဖြင့် ပြောလိုက်သည်။

“တကယ်လား”

ချိုင်ယွီရှင်း က ခေါင်းကို စောင်းပြီး- “မင်းက ပျော်ချင်လို့ သွားတာ မဟုတ်ဘူးဆိုတာ သေချာလား”

လင်းပိုင်ဖန်- “….”

အမွှေးတိုင်တစ်တိုင်စာ လောင်ကျွမ်းချိန် ကြာပြီးနောက်။

လင်းပိုင်ဖန်သည် သူဌေးမျိုးရိုး မှ လူငယ်သခင်လေး တစ်ယောက်၏ အဝတ်အစားကို ပြောင်းလဲဝတ်ဆင်လိုက်သည်။ နှင်းထက် ဖြူစင်ပြီး၊ အစွန်းအထင်းမရှိသော အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ကာ၊ စက္ကူယပ်တောင်ကို အနည်းငယ် ထူးထူးခြားခြားဖြင့် ကိုင်ထားသည်။ လမ်းလျှောက်ရင်းနှင့် ယပ်တောင်ကို ခပ်နေသည်။

သူသည် ပန်းချီကားတစ်ချပ်မှ ထွက်လာသည့်အတိုင်း ဖြစ်နေပြီး၊ လမ်းမပေါ်တွင် ကျောက်စိမ်းကဲ့သို့သော လူကြီးလူကောင်း တစ်ယောက်၏ ပုံရိပ်အသွင် ပေါ်လွင်နေကာ ဤလောကတွင် ပြိုင်ဘက်မရှိသည့်ပုံ ဖြစ်နေသည်။

လင်းပိုင်ဖန် က လက်နှစ်ဖက်ကို ဖြန့်ကာ ဂုဏ်ယူစွာဖြင့်- “ဘယ်လိုလဲ၊ ဘယ်သူမှ ငါ့ကို မှတ်မိနိုင်တော့မှာ မဟုတ်ဘူး ထင်တယ်၊ ဟုတ်တယ်မလား”

ချိုင်ယွီရှင်း က ခေါင်းခါလိုက်ပြီး- “မဟုတ်ဘူး၊ ခုထိ သိသာ နေတုန်းပဲ။ မင်းရဲ့ မျက်နှာက အရမ်းကို မှတ်မိလွယ်လွန်းတယ်။ မြို့တော်မှာ လူ ရှစ်ဆယ် ရာခိုင်နှုန်းကျော် က မင်းရဲ့မျက်နှာကို မှတ်မိနိုင်တယ်”

လင်းပိုင်ဖန်က စိတ်ပျက်စွာဖြင့် ခါးသက်သော အပြုံးဖြင့် သက်ပြင်းချလိုက်သည်- “မတတ်နိုင်ဘူးလေ၊ ငါက တတ်နိုင်သမျှ ရိုးရှင်းအောင် ကြိုးစားထားတာပဲ၊ ဒါပေမယ့် ငါ့လို ခန့်ညားတဲ့ အမျိုးသား တစ်ယောက်က ဘယ်သွားသွား ထင်ပေါ်နေတာပဲ၊ မှောင်မိုက်တဲ့ ညမှာရှိတဲ့ ပိုးစုန်းကြူး တစ်ကောင်လို အရမ်း ထင်ရှားပြီး ထူးခြားနေတာ”

ချိုင်ယွီရှင်းက “မပြောနဲ့တော့၊ မင်းရဲ့ မရှက်မရှိတဲ့ လေသံ နဲ့တင် မင်းက ရာနှုန်းပြည့် ကိုယ့်ကိုယ်ကိုယ် ဖော်ထုတ်နေပြီ” ဟု ပြောလိုက်သည်။

လင်းပိုင်ဖန်- “….”

သူတို့ဘေးတွင်ရှိသော ဝမ်ရှန်ကျန်းက ပါးစပ်ကို အုပ်ကာ ရယ်လိုက်သည်။

“လာ၊ ငါ ပြင်ဆင်ပေးမယ်”

“အရှင်မင်းကြီး၊ ဒီက မိဖုရားက ကူညီပါရစေ”

အမျိုးသမီးနှစ်ဦး၏ ကြိုးပမ်းမှုဖြင့် လင်းပိုင်ဖန် သည် ချမ်းသာသော ကုန်သည်တစ်ဦးအတွက် သင့်လျော်သည့် သာမန်ဝတ်စုံကို ပြောင်းလဲ ဝတ်ဆင်လိုက်သည်။ ဦးထုပ်ကို လေးလံစွာ ဆောင်းထားပြီး သူ့မျက်နှာသည် ရာသီဥတုဒဏ် ခံထားရသည့် ပုံပေါက်ကာ ပို၍ အသားမည်း လာသည်။ မုတ်ဆိတ်မွှေး အနည်းငယ်က သူ့ကို အသက် လေးဆယ် အရွယ် လူတစ်ဦးနှင့် တူစေသည်။

သူ့လက်ထဲမှ ယပ်တောင်က ပျောက်သွားပြီး သူ့လက်ထဲတွင် လည့်နေသော သစ်ကြားသီး နှစ်လုံးဖြင့် အစားထိုးလိုက်သည်။

ချိုင်ယွီရှင်း က ကျေနပ်သွားပြီး- “ဒီလို အသွင်ပြောင်း မှုနဲ့ဆိုရင် ဘယ်သူမှ မှတ်မိနိုင်တော့မှာ မဟုတ်ဘူး”

ထို့နောက် ချိုင်ယွီရှင်း နှင့် ဝမ်ရှန်ကျန်း တို့သည်လည်း သာမန်အမျိုးသမီး အဝတ်အစားများကို ပြောင်းလဲ ဝတ်ဆင်လိုက်ကြပြီး အလွန် နုပျို လှပ နေကြသည်။

သို့သော် သူတို့သည်လည်းပဲ နာမည်ကျော်များ ဖြစ်သောကြောင့် သူတို့၏ အလှကို ဖုံးကွယ်ရန် မျက်နှာဖုံးများဖြင့် မျက်နှာများကို ဖုံးအုပ်ထားကြသည်။

“အခု သွားလို့ရပြီ၊ သွားကြစို့” ဟု ချိုင်ယွီရှင်း က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

လင်းပိုင်ဖန်က- “ခဏလေး၊ ငါတို့ တစ်ခုခု ကျန်သေးတယ်”

“ဘာ ကျန်သေးတာလဲ” ချိုင်ယွီရှင်း က ရှုပ်ထွေးစွာ မေးလိုက်သည်။

လင်းပိုင်ဖန်က လက်နှစ်ဖက်ကို ဆန့်တန်းကာ သူတို့ကို စိတ်အားထက်သန်စွာ ကြည့်လိုက်သည်။

“အရှင်မင်းကြီး” ဝမ်ရှန်ကျန်း က ရှက်ရွံ့စွာ လျှောက်လာပြီး လင်းပိုင်ဖန်၏ လက်တစ်ဖက်ကို ကိုင်လိုက်သည်။

ချိုင်ယွီရှင်း ၏ မျက်နှာ နီရဲလာပြီး သူ၏ ကျန်လက်တစ်ဖက်ကို ပွေ့ဖက်လိုက်ပြီး အံကြိတ်ကာ တိုးတိုးလေး ပြောလိုက်သည်- “ရှင် အမြတ်ထုတ်ဖို့ကိုတော့ မမေ့ဘူး၊ လူယုတ်မာ”

အပိုင်း (၉၅)

ထို့ကြောင့် သူတို့သုံးယောက်သည် နန်းတော်၏ နောက်ဖေးတံခါးမှ ပျော်ရွှင်စွာဖြင့် ခိုးထွက်လာခဲ့ကြသည်။

ဟုတ်ပါတယ်၊ မိန်းမစိုးလျှူ လည်း အယောင်ဆောင်ပြီး နောက်က လိုက်လာခဲ့သည်။

လင်းပိုင်ဖန်ကို ဝိုင်းရံပြီး လျှို့ဝှက်စွာ ကာကွယ်ပေးနေသော ကျွမ်းကျင်သူ အများအပြားလည်း ရှိနေသည်။

ခရီးတစ်လျှောက်တွင် သူတို့သည် ဆိုင်များစွာကို လျှောက်လည်ကြ၊ ပတ်ဝန်းကျင်အနှံ့ ဆူဆူညံညံ ဖြစ်အောင်လုပ်ကြ၊ မြို့တော်လမ်းမများ၏ စည်ကားလှုပ်ရှားမှုကို ခံစားနေခဲ့ကြသည်။

လင်းပိုင်ဖန် နှင့် သူ၏ အဖော်နှစ်ဦးတို့သည် သတိရှိရှိဖြင့် အနေအထိုင် တိတ်တဆိတ် နေခဲ့ကြသော်လည်း လူအများ၏ အာရုံစိုက်မှုကို ခံခဲ့ရသည်။

လင်းပိုင်ဖန် ကိုယ်တိုင်မှာတော့ ရိုးရိုးသာမန် ပုံပန်းသဏ္ဌာန် ရှိပြီး မည်သူမျှ သူ့ကို မမှတ်မိကြပေ။

သို့သော် သူနှင့်အတူရှိသော အမျိုးသမီး နှစ်ဦးကတော့ ထူးခြားနေခဲ့သည်။

သူတို့သည် မျက်နှာများကို ဖုံးကွယ်ထားသော်လည်း ဘေးကကြည့်ရှုသူများကိုမူ အထင်ကြီးလေးစားမှု မဖြစ်လာအောင် တားဆီးနိုင်ခြင်း မရှိပေ။

အမျိုးသမီးများက အကြောင်းပြချက် နှစ်ခုထဲက တစ်ခုခုကြောင့်သာ မျက်နှာကို ဖုံးလေ့ရှိသည်- တစ်ခုမှာ အရမ်းရုပ်ဆိုးကာ ကြောက်စရာ ကောင်းလောက်အောင် ဖြစ်နေခြင်း၊ သို့မဟုတ် အရမ်းလှပပြီး အသက်ရှူမှားလောက်အောင် လှနေခြင်းတို့ပင်ဖြစ်သည်။

ထိုအမျိုးသမီးနှစ်ဦး၏ လှပကျော့ရှင်းသော ကိုယ်ဟန်အနေအထားကို ကြည့်ခြင်းအားဖြင့် ဒုတိယအချက်သာ ဖြစ်နိုင်ပေသည်။

သို့သော်လည်း လူတိုင်းကို စိတ်မချမ်းမသာ ဖြစ်စေသည်မှာ ဤရင်သပ်ရှုမောဖွယ် အလှလေးနှစ်ဦးစလုံးသည် အိုမင်းရုပ်ဆိုးသော သူဌေးကြီးတစ်ဦး၏ လက်မောင်းကို ကိုင်ထားခြင်း ဖြစ်သည်။

တစ်စုံတစ်ယောက်က တိုးတိတ်စွာ ညည်းတွားလိုက်သည်- “ပိုက်ဆံရှိတာက အဲဒီလောက်တောင် အရေးကြီးလား”

လင်းပိုင်ဖန်က ဒီစကားကို ကြားလိုက်ရပြီး ခေါင်းလှည့်ကာ လူကြီးတစ်ယောက်၏ ဟန်ပန်ဖြင့် ပြောလိုက်သည်- “လူငယ်လေး၊ ပိုက်ဆံရှိတာက အရေးမကြီးချင်နေမယ်၊ ဒါပေမဲ့ အရမ်း ချမ်းသာတာကတော့ အရေးကြီးတဲ့ ကိစ္စပဲ။ သူဌေးတစ်ယောက်ရဲ့ ပျော်ရွှင်မှုတွေကို မင်းရဲ့ စိတ်ကူးထဲမှာတောင် ယဥ်နိုင်မှာမဟုတ်ဘူး။ ဟား…ဟား”

ထိုလူငယ်လေးက ချက်ချင်းပဲ ပြန်ချေပလိုက်သည်- “ဂုဏ်ယူစရာ ဘာရှိလဲ၊ နောက်ကျရင် ငါလည်း ပိုက်ဆံအများကြီး ရှာနိုင်ပြီး ဇနီးအများကြီး ယူမှာ။ သူတို့က ခင်ဗျား မိန်းမတွေထက် ပိုငယ်ပြီး ပိုလှလိမ့်မယ်”

ဝမ်ရှန်ကျန်းကတော့ ဘာတုံ့ပြန်မှု သိပ်မရှိပေ၊ သူမက လင်းပိုင်ဖန် ၏ ဇနီး ဖြစ်နှင့်ပြီးသားမို့ ဖြစ်သည်။

ချိုင်ယွီရှင်း၏ မျက်နှာကတော့ တစ်မျိုး ပြောင်းလဲသွားသည်။

သို့သော် အတွင်းစိတ်ထဲမှာတော့ ဆန့်ကျင်လိုသည့် လက္ခဏာ လုံးဝမပြချေ။

“ဟိုဘက်ကို သွားကြည့်ရအောင်”

လူအုပ်ကြီး စုဝေးနေသည့် နေရာတစ်ခု ရှိနေသည်။

အနီးကပ် ကြည့်လိုက်သောအခါ ပညာတတ် တစ်ဦးကဲ့သို့ ဝတ်ဆင်ထားသော လူငယ်တစ်ဦးသည် ကြည့်ရှုသူများရှေ့တွင် စုတ်တံဖြင့် အလျင်အမြန် ပုံဆွဲနေသည်ကို တွေ့လိုက်ရသည်။ သူ၏ ပုံများသည် ပုံသဏ္ဌာန်ရော ဝိညာဉ်ကိုပါ ဖမ်းယူထားနိုင်ပြီး အသက်ဝင် လှုပ်ရှားနေသည်။

ပုံဆွဲပြီးသောအခါ လူတိုင်းက လက်ခုပ်တီးပြီး အားပေးခဲ့ကြသည်။

“ကောင်းတယ်၊ ကောင်းတယ်”

“နောက်တစ်ပုံ ထပ်ဆွဲပါဦး”

ပရိသတ်က အလွန်ကျေနပ်ကြပြီး ပုံဆွဲခိုင်းသူကလည်း အလွန်ပျော်ရွှင်သဖြင့် ငွေကို အလွယ်တကူ ပေးချေလိုက်သည်။

အဲ့ဒီအချိန်မှာပဲ ထိုလူက လင်းပိုင်ဖန် နဲ့ အဖော်များကို သတိပြုမိသွားသည်။ သူ၏ မျက်လုံးများ အရောင်တောက်ပလာပြီး သူတို့ကို လက်ဟန်ခြေဟန်ဖြင့် ပြလိုက်သည်- “ဟိုဘက်က ဂုဏ်သရေရှိ ဧည့်သည်များခင်ဗျာ၊ ဒီဘက်ကို ကြွခဲ့ပါ၊ ခင်ဗျားတို့အတွက် ပုံတူကို အခမဲ့ ဆွဲပေးပါ့မယ်၊ ငွေပေးစရာ မလိုပါဘူး”

စိတ်ဝင်စားသွားသော လင်းပိုင်ဖန် နှင့် အခြားသူများက လျှောက်လာကြပြီး ချိုင်ယွီရှင်း က “ဘာလို့ ကျွန်မတို့ကို အလကား ဆွဲပေးမယ်လို့ ကမ်းလှမ်းတာလဲ” ဟု မေးလိုက်သည်။

ထိုလူက ပြုံးလိုက်ပြီး- “အရာရာတိုင်းမှာ ကံကြမ္မာဆိုတာရှိတယ်၊ အထူးသဖြင့် မိန်းကလေးကို ကြည့်လိုက်တာနဲ့ သာမန် နောက်ခံက မဟုတ်မှန်း သိသာတယ်၊ မိန်းကလေးက အမျိုးသမီး ဖြစ်သော်ငြားလည်း အမျိုးသားကဲ့သို့ ဝတ်ဆင်ထားပြီး စစ်မြေပြင်မှာ မြင်းကို အပြေးအလွှား စီးနင်းမယ့် သူရဲကောင်း ဖြစ်လာဖို့ ကံကြမ္မာက ဖန်တီးထားတယ်”

ထိုသို့ပြောပြီးနောက် သူသည် လက်နှစ်ဖက်ကို ယှက်ကာ အရိုအသေပေးလိုက်ပြီး- “ဒါကြောင့် ဒီနေရာမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်ချင်လို့ပါ”

ချိုင်ယွီရှင်း ၏ မျက်နှာက အပြုံးဖြင့် ဝင်းပသွားပြီး- “ကောင်းလိုက်တဲ့ စကား၊ မင်းကို ဆုချရမယ်” ဟု ပြောလိုက်သည်။

ဤသို့ပြောကာ သူမသည် အိတ်ထဲမှ ငွေတုံးတစ်တုံးကို ထုတ်ယူ၍ ပစ်ပေးလိုက်သည်။

ထိုလူက ရှက်ရွံ့သွားပြီး- “မိန်းကလေး၊ ကျွန်ုပ် ငွေမယူပါရစေနဲ့…”

“ယူလိုက်ပါ၊ ကျွန်မနဲ့ ယဉ်ကျေးနေစရာ မလိုပါဘူး၊ မဟုတ်ရင် ကျွန်မ စိတ်ဆိုးရလိမ့်မယ်” ဟု ချိုင်ယွီရှင်း က ပြတ်ပြတ်သားသား ပြောလိုက်သည်။

“ကောင်းပါပြီ၊ ကျေးဇူးအများကြီးတင်ပါတယ် မိန်းကလေး”

ထိုလူက ပျော်ရွှင်စွာဖြင့် ငွေကို လက်ခံလိုက်ပြီး လင်းပိုင်ဖန် ဘေးမှ ဝမ်ရှန်ကျန်းဘက်သို့ လှည့်ကာ ပြုံးကာ ပြောလိုက်သည်- “ဒီဘက်က မိန်းကလေးလည်း ထူးခြားပါတယ်၊ သူမက တစ်ကိုယ်တည်းသမား ဘဝနဲ့ နေထိုင်ခဲ့ရပြီး မကောင်းတဲ့ နာမည်ဆိုးကို ခံယူခဲ့ရပေမယ့်လည်း သူမရဲ့ ဘဝနှောင်းပိုင်းမှာတော့ မှန်ကန်တဲ့ အားကိုးရာ တစ်ခုကို တွေ့ရှိခဲ့ပြီး ကံကြမ္မာကို ဆန့်ကျင်ကာ ပြောင်းလဲနိုင်ခဲ့တယ်၊ သူမဟာ နောက်ပိုင်းမှာ ပျော်ရွှင်လာရမှာ သေချာနေတယ်”

ဝမ်ရှန်ကျန်းလည်း ဝမ်းသာသွားပြီး- “ကောင်းလိုက်တဲ့ စကား၊ ဆုချဖို့ ထိုက်တန်တယ်” ဟု ချီးကျူးလိုက်သည်။

သူမ၏ အခြွေအရံ တစ်ဦးအား ငွေတစ်တေးကို ဆုအဖြစ် ပေးရန် အမိန့်ပေးလိုက်သည်။

ထိုလူသည်လည်း ဝမ်းသာအားရ ငွေကို လက်ခံလိုက်သည်- “ကျေးဇူးတင်ပါတယ် မိန်းကလေး၊ မိန်းကလေးဟာ ကောင်းမွန်တဲ့သူ ဖြစ်တဲ့အတွက်၊ ကောင်းတဲ့သူတွေဟာ ကောင်းတဲ့ ကံကြမ္မာကို ရရှိမှာ သေချာပါတယ်”

“ဒါပေမယ့်လည်း မိန်းကလေးတို့ နှစ်ယောက်က ကံကောင်းပေမဲ့ ဒီက လူကြီးမင်းလောက်တော့ ကံမကောင်းဘူး”

ထို့နောက် ထိုလူက လင်းပိုင်ဖန်အား ဦးညွတ်၍ “လူကြီးမင်းခင်ဗျာ၊ ပထမတစ်ချက် ကြည့်လိုက်ရင် ရိုးရိုးသာမန်လို့ ထင်ရပေမဲ့ ဖုန်မှုန့်တွေ ဖုံးလွှမ်းနေတဲ့ ပုလဲဆိုတာ ရှင်းရှင်းလင်းလင်း သိသာနေပါတယ်၊ သူရဲ့ အရောင်အဝါတွေကို ဖုံးကွယ်ထားတာပါ၊ သန့်ရှင်းလိုက်တာနဲ့ တောက်ပတဲ့ အလင်းနဲ့ ထွန်းလင်းလာပြီး တစ်လောကလုံးကို လင်းလက်စေမှာ သေချာပါတယ်၊ ဒါကို သက်သေပြဖို့ ကဗျာတစ်ပုဒ် ရှိပါတယ်”

“နားထောင်စမ်းမယ်” ဟု လင်းပိုင်ဖန် က ဆိုလိုက်သည်။

ထိုလူက ထရပ်လိုက်ကာ လမ်းလျှောက်ရင်း ကဗျာကို ရွတ်ဆိုလိုက်သည်- “ကျွန်ုပ်မှာ အလွန်တောက်ပတဲ့ ပုလဲတစ်လုံးကို ပိုင်ဆိုင်ထားတယ်၊ ကာလကြာရှည်စွာ ဖုံတွေနဲ့ ဖုံးကွယ်နေခဲ့တယ်၊ ဒါပေမယ့် ဖုန်မှုန့်တွေ ကင်းစင်သွားတဲ့အခါ သူ့ရဲ့ အလင်းရောင်က ရောင်ခြည်ဖြာ ထွက်လာပြီး မြစ်ချောင်းတွေနဲ့ တောင်တန်းတွေကို တောက်ပတဲ့ အလင်းအဖြစ် လင်းလက်စေလိမ့်မယ်”

လင်းပိုင်ဖန်က နှစ်သက်စွာ နားထောင်နေပြီး သူ၏ မျက်နှာသည် အပြုံးများဖြင့် လင်းလက်သွားသည်- “ကောင်းလိုက်တဲ့ စကား၊ ဆုချဖို့ ထိုက်တန်တယ်”

ငွေ ဆယ်တေးသည် ပညာတတ်၏ လက်ထဲသို့ ရောက်ရှိသွားသည်။

“ရက်ရောတဲ့ လက်ဆောင်အတွက် အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ”

ရယ်မောသံများ တိတ်ဆိတ်သွားပြီးနောက် လင်းပိုင်ဖန် က စိတ်ဝင်တစား မေးလိုက်သည်- “မင်းက အရမ်းအတိအကျ ပြောနိုင်တာပဲ၊ ကံကြမ္မာကို ဖတ်နိုင်တဲ့သူလား”

ပညာတတ်က ခေါင်းခါကာ- “မဟုတ်ပါဘူး၊ ကျွန်ုပ်က လူတွေကို ဖတ်တာပါ”

လင်းပိုင်ဖန်က အပြုံးဖြင့် ဆက်လက် မေးမြန်းလိုက်သည်- “ဒါဆို မင်း နောက်ထပ် ဘာတွေ မြင်သေးလဲ”

ပညာတတ်က လေးလေးစားစား ဦးညွတ်ကာ- “လူကြီးမင်းအား လျှောက်တင်ပါသည်၊ ဒီကျောင်းသားမှာ ပြောစရာတွေ အများကြီး ရှိပါတယ်၊ ဒါပေမဲ့ ဒီနေရာက လူများပြီး ဆူညံနေပါတယ်၊ စကားပြောဖို့ သင့်တော်တဲ့ နေရာ မဟုတ်ပါဘူး။ လူကြီးမင်း၊ ကျွန်တော်တို့ ပိုပြီး တိတ်ဆိတ်တဲ့ နေရာကို သွားကြရအောင်ပါ။ အရှင် သိချင်တဲ့ အရာမှန်သမျှကို အသေးစိတ် ရှင်းပြပါ့မယ်”

“ကောင်းပြီ” လင်းပိုင်ဖန် က ခေါင်းညှိတ်လိုက်သည်။

ထိုအဖွဲ့သည် လူသူကင်းမဲ့သော လမ်းကြားလေး တစ်ခုသို့ သွားလိုက်ကြသည်။

ထိုနေရာတွင် လူငယ်က ရုတ်တရက် လင်းပိုင်ဖန် ရှေ့တွင် ဒူးထောက်လိုက်သည်။

“ဒီကျေးကျွန်က အရှင်မင်းကြီးအား ဂါရဝပြုပါတယ်၊ အရှင်မင်းကြီး သက်တော် ရာကျော် ရှည်ပါစေ”

လင်းပိုင်ဖန် အံ့ဩသွားပြီး- “ငါကိုယ်တော် ဒီလို အယောင်ဆောင်ထားတာတောင် မောင်မင်း ဘယ်လို သိတာလဲ”

ထိုလူငယ်က အသံကျယ်လောင်စွာဖြင့် လျှောက်တင်လိုက်သည်- “အရှင်မင်းကြီးအား လျှောက်တင်ပါသည်၊ အရှင်မင်းကြီး ခုနက ရောက်လာတုန်းက အဝေးကနေ ကြည့်လိုက်တာနဲ့ ခမ်းနားထည်ဝါတဲ့ ခရမ်းရောင် အရှိန်အဝါက ကောင်းကင်မှ ဆင်းသက်လာသည်ကို မြင်လိုက်ရပါတယ်၊ အလွန် မြင့်မြတ်လွန်းလို့ ဖော်ပြလို့တောင် မရနိုင်ပါဘူး! ဒါဟာ ကောင်းကင်ဘုံက ဆင်းသက်လာတဲ့ ဧကရာဇ် ဖြစ်တယ်ဆိုတာ သေချာပါတယ်၊ ဒီလို အံ့သြဖွယ် မြင်ကွင်းကို ဖန်တီးနိုင်တာဟာ ဒီလောကမှာ အရှင်မင်းကြီး တစ်ဦးတည်းသာလျှင် ဒီလို နတ်ဘုရားတို့၏ ဖြစ်စဉ်ကို ဖြစ်ပေါ်စေနိုင်ပါတယ်”

(မှတ်ချက်။ အင်ပါယာကြယ် ( Ziwei star ) သည် တရုတ်ယဉ်ကျေးမှုတွင် နန်းတွင်းအာဏာနှင့် ကံကြမ္မာကို ကိုယ်စားပြုပြီး ဧကရာဇ် သို့မဟုတ် အလွန်ကြီးမားသော စွမ်းအားနှင့် ဘုန်းကံရှိသူကို ရည်ညွှန်းလေ့ရှိသည်)

လင်းပိုင်ဖန်ဟာ စိတ်ပါလက်ပါ ရယ်မောလိုက်ပြီး- “ကောင်းလိုက်တဲ့ စကား၊ မောင်မင်းမှာ ဒီလို စကားပြောဆိုနိုင်တဲ့ အစွမ်းရှိရင် ပိုပြောပါ၊ ငါကိုယ်တော် အားလုံးကို နားထောင်ဖို့ အသင့်ပဲ”

ထိုသူက ဆက်လက်၍ “အရှင်မင်းကြီးရဲ့ ကိုယ်ပိုင်လက္ခဏာကို အတည်ပြုပြီးတဲ့နောက်၊ အရှင်ဘေးနားက အမျိုးသမီး နှစ်ဦးရဲ့ ကိုယ်ပိုင်လက္ခဏာကို ခန့်မှန်းဖို့ မခက်တော့ပါဘူး၊ တစ်ဦးကတော့ သူရဲကောင်းဆန်တဲ့ အရှိန်အဝါနဲ့၊ စစ်မြေပြင်မှာ မြင်းစီးပြီး စစ်သည် ၅၀၀,၀၀၀ ကို အမိန့်ပေးနေတဲ့ သတ္တိရှိတဲ့ စစ်သူကြီး ချိုင်ယွီရှင်း ဖြစ်ရပါမယ်”

“နောက်တစ်ဦးကတော့ သင်းပျံ့တဲ့ ရနံ့ကို ထုတ်လွှတ်ပြီး နိုင်ငံရဲ့ မိန်းမလှလေးလို့ ကျယ်ပြန့်စွာ နာမည်ကျော်ကြားတဲ့ မိဖုရား ဝမ်ရှန်ကျန်း ဖြစ်ရပါမယ်”

“ဒီလို ဉာဏ်ပညာရှိပြီး ဘုန်းကံကြီးမားတဲ့ ဧကရာဇ်ဘေးမှာ ရပ်တည်ဖို့အတွက် ဒီနှစ်ယောက်သာ ထိုက်တန်ပါတယ်”

“ကောင်းလိုက်တဲ့ စကား” လင်းပိုင်ဖန် နှင့် အမျိုးသမီးနှစ်ဦးစလုံးသည် ပျော်ရွှင်စွာ ရယ်မောလိုက်ကြသည်။

ချိုင်ယွီရှင်းက ရှက်ရွံ့စွာဖြင့်- “မင်း တစ်ခုတော့ မှားသွားတယ်၊ ငါက သူ့ရဲ့ မိဖုရား မဖြစ်သေးဘူး” ဟု ဆိုလိုက်သည်။

ထိုလူငယ်က ရယ်မောလိုက်ပြီး “စစ်သူကြီး ချိုင်၊ အခု မဟုတ်သေးပေမဲ့ နောင်တစ်ချိန်မှာ သေချာပေါက် ဖြစ်လာမှာပါ၊ ဘာဖြစ်လို့လဲဆိုတော့ တစ်ချက်က ငယ်ချစ်ဆိုတာက ရွှေထက်တောင် ပိုတန်ဖိုးရှိတဲ့ ချစ်ခြင်းမေတ္တာပဲ၊ ဒါ့ကြောင့် အရှင်မင်းကြီးက စစ်သူကြီးအတွက် အရပ်ဘက်နဲ့ စစ်ဘက် အရာရှိအားလုံးရဲ့ ဆန့်ကျင်မှုကို ဂရုမစိုက်ခဲ့ဘဲ၊ ပြီးတော့ မိုက်မဲတဲ့ ဧကရာဇ်ဆိုတဲ့ နာမည်ကို ခံယူဖို့ မကြောက်ခဲ့ဘဲ စစ်သူကြီးကို စစ်သူကြီးအဖြစ် ခန့်အပ်ပြီး မဟာရှ နယ်မြေရဲ့ တပ်ဖွဲ့တွေကို အမိန့်ပေးစေခဲ့တယ်”

“ဒါ့အပြင် စစ်သူကြီးဟာ အန္တရာယ်ကြီးမားတဲ့ အခြေအနေမှာ ရှိနေတယ်ဆိုတာကို သိတာနဲ့၊ အရှင်မင်းကြီးကိုယ်တိုင် ချက်ချင်း တပ်တွေကို ဦးဆောင်ပြီး အန္တရာယ်မှန်သမျှကို ရင်ဆိုင်ကာ ရှန်နိုင်ငံထဲကို ဝင်ရောက်ခဲ့တယ်။ ပြောပါဦး၊ ဒီလို စိတ်အားထက်သန်ပြီး ဖြောင့်မတ်တဲ့ လူတစ်ယောက်ကို လက်လွှတ်ဖို့ စစ်သူကြီးအနေနဲ့ စိတ်ရှိပါ့မလား”

လင်းပိုင်ဖန် က “မှန်တယ်၊ မင်း ငါ့ကို လက်လွှတ်နိုင်ပါ့မလား” ဟု ရုတ်တရက် မေးလိုက်သည်။

“ဟွန့်” ချိုင်ယွီရှင်း က ပြန်မဖြေဘဲ မာနတစ်စွန်းတစ်စ ပါနေပြီး၊ ရှက်ရွံ့သော အမူအရာဖြင့် ခေါင်းကို လှည့်လိုက်သည်။

သို့သော် သူမ၏ လက်ကမူ လင်းပိုင်ဖန် ကို ပိုမို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။

လင်းပိုင်ဖန်က သူ့ရှေ့က လူငယ်လေးဘက်သို့ လှည့်ကြည့်ပြီး ဖော်ရွေစွာ ပြုံးကာ မေးလိုက်သည်- “မောင်မင်း နာမည်က ဘယ်သူလဲ၊ မောင်မင်းရဲ့ နောက်ခံက ဘာလဲ၊ မောင်မင်းရဲ့ လူတွေနဲ့ အရာဝတ္ထုတွေကို ဆုံးဖြတ်နိုင်တဲ့ စွမ်းရည်က ထိပ်တန်း ဖြစ်ပြီး စကားပြောကလည်း ကောင်းမွန်နေတယ်။ မောင်မင်းက အရေးမပါတဲ့သူ မဟုတ်ဘူး ထင်တယ်”

ထိုလူငယ်က လက်နှစ်ဖက်ကို ယှက်ကာ အရိုအသေပေးလိုက်ပြီး ပြုံးကာ- “အရှင်မင်းကြီးအား လျှောက်တင်ပါသည်၊ အရှင်က ဒီကျေးကျွန်ကို အထင်ကြီးလွန်းနေပုံပါပဲ၊ ဒီကျေးကျွန်၊ ယန်စန်း ဟာ ပုံတွေရောင်းပြီး အသက်မွေးဝမ်းကျောင်းပြုနေတဲ့ သာမန်လူတစ်ယောက်သာ ဖြစ်ပါတယ်”

လင်းပိုင်ဖန်၏ မျက်လုံးတွေ မှေးကျဥ်းသွားပြီ- “မောင်မင်းနာမည်က ယန်စန်း လို့ ပြောလိုက်တာလား”

လင်းပိုင်ဖန် သတိရမိလိုက်သည်မှာ မင်မင်းဆက်တွင် ယန်စန်း လို့ အမည်ရတဲ့ သစ္စာဖောက် အရာရှိတစ်ဦး ရှိခဲ့တယ်၊ သူဟာ အလွန် ထူးချွန်ပြီး ဝန်ကြီးချုပ်ရာထူးအထိ တက်လှမ်းနိုင်ခဲ့ပြီး အထက်လူကြီးတွေကို နှစ်သက်အောင်လုပ်ရာမှာ အထူးကျွမ်းကျင်သည်။

သူဟာ ဧကရာဇ်ရဲ့ ဆန္ဒကို ကောင်းကောင်း သိမြင်နိုင်ပြီး ဧကရာဇ်ရဲ့ စိုးရိမ်မှုတွေကို သက်သာစေနိုင်တဲ့အတွက် ဧကရာဇ် ရဲ့ အလွန်ယုံကြည်မှုကို ခံခဲ့ရသည်။

သူ့ရှေ့က လူက အဲဒီလူပဲ ဖြစ်နေမလား….။

ဟီရှန်း, အန်လုရှန် , ရှီစစ်မင်, လီလင်းဖူ။ ဒီလို အကျင့်ပျက် အရာရှိတွေနဲ့ သစ္စာဖောက် ဝန်ကြီးတွေ အားလုံး ပေါ်လာခဲ့ပြီဖြစ်ည်၊ နောက်ထပ် ယန်စန်း တစ်ယောက် ထပ်ပေါ်လာတာကလည်း ထူးဆန်းတဲ့ ကိစ္စတော့ မဟုတ်ပေ။

(မှတ်ချက်- တရုတ်သမိုင်းမှာ ရှိခဲ့တဲ့ နာမည်တွေ ဖြစ်တဲ့အတွက် နာမည်တွေကို အတတ်နိုင်ဆုံး တူအောင် ဘာသာပြန်ထားပါတယ်၊ ကွဲလွဲနေတာကို တွေ့ခဲ့ရင်လည်း သည်းခံပေးပါလို့ တောင်းပန်အပ်ပါတယ် )

အပိုင်း (၉၆)

လင်းပိုင်ဖန်၏ အကြည့်အောက်တွင် ယန်စန်းက ထိတ်လန့်တကြား ဖြစ်သွားပြီး- “အရှင်မင်းကြီး၊ ဒီနာမည်မှာ တစ်ခုခုမှားနေလို့လား”

“မမှားပါဘူး။ ဒီနာမည်က ကောင်းပါတယ်၊ အလွန်မင်္ဂလာရှိတဲ့ နာမည်ပဲ” ဟု လင်းပိုင်ဖန်က ပြုံးလျက် ပြောလိုက်သည်။

ထို့နောက် လင်းပိုင်ဖန်က သူ့ကို စမ်းသပ်ရန်အတွက် မေးခွန်းများစွာ မေးမြန်းခဲ့သည်။

တစ်ဖက်လူက မေးခွန်းတစ်ခုချင်းစီကို ကျွမ်းကျင်ပိုင်နိုင်စွာနှင့် အနှစ်သာရရှိရှိ ဖြေဆိုနိုင်သဖြင့် စွမ်းရည်ရှိသူ အစစ်အမှန်ဖြစ်ကြောင်း သက်သေပြခဲ့သည်။

လင်းပိုင်ဖန်မှာ အလွန်ကျေနပ်သွားပြီး- “မောင်မင်းရဲ့ အရည်အချင်းကို ငါကိုယ်တော် လေးစားတယ်။ ငါကိုယ်တော်ကို အမှုထမ်းဖို့ အရာရှိအဖြစ် ခန့်အပ်ချင်တယ်။ မောင်မင်း ဆန္ဒရှိပါသလား”

ဒါက ကောင်းကင်ဘုံက ကျလာတဲ့ မယုံနိုင်စရာ ကံကောင်းခြင်းတစ်ရပ်ဖြစ်သည်။

ပညာတတ်တစ်ယောက်အနေနဲ့၊ ဘယ်သူက အရာရှိရာထူးကို မလိုချင်ဘဲ၊ နိုင်ငံတော်ကို အမှုမထမ်းချင်ဘဲ ရှိပါ့မလဲ။

ဘယ်သူက မိမိတို့ရဲ့ ပညာရပ်ကို အကျိုးရှိရှိ အသုံးမချချင်ဘဲ နေပါ့မလဲ။

အခုဆိုရင် အခွင့်အရေး ရောက်လာခဲ့ပြီ။

ယန်စန်းသည် ဝမ်းသာအားရဖြစ်ကာ ဦးညွှတ်အရိုအသေပြုလျက် “အရှင်မင်းကြီးက ကျေးဇူးတော်ကို ချီးမြှင့်လိုက်တာကို ဒီက ကျွန်တော်မျိုးက ဘယ်လိုလုပ် မနာခံဘဲ နေပါ့မလဲ” ဟု ပြန်လည်ဖြေကြားလိုက်သည်။

“ကောင်းပြီ၊ မောင်မင်းမှာ လူတွေရဲ့ အရည်အချင်းကို သိမြင်နိုင်တဲ့ စွမ်းရည်ရှိလို့၊ မောင်မင်းကို ပြည်သူ့ဝန်ထမ်း ဝန်ကြီးဌာနကို လေ့ကျင့်ရေးအတွက် စေလွှတ်ဖို့ ငါ စီစဉ်ထားတယ်။ ကြီးကြပ်ရေးမှူး အနေနဲ့ စတင်ရမယ်၊ အကယ်၍ မောင်မင်းသာ စွမ်းဆောင်ရည်ကောင်းပြီး ထူးချွန်ရင်၊ ပြည်သူ့ဝန်ထမ်း ဝန်ကြီးဌာနရဲ့ ဝန်ကြီး ရာထူးက မောင်မင်းအပိုင် ဖြစ်လာလိမ့်မယ်” ဟု လင်းပိုင်ဖန်က ပြုံးလျက် ပြောလိုက်သည်။

ယန်စန်းခင်ဗျာ အတိုင်းမသိ ဝမ်းသာပီတိ ဖြစ်သွားခဲ့သည်၊ ပြည်သူ့ဝန်ထမ်း ဝန်ကြီးဌာန၏ ကြီးကြပ်ရေးမှူးသည် ပဉ္စမအဆင့် အရာရှိရာထူး ဖြစ်သည်။

အကယ်၍ တော်ဝင် စာမေးပွဲကို ချောမွေ့စွာ အောင်မြင်ပြီး ပထမ ရခဲ့ရင်တောင်မှ ဆဋ္ဌမအဆင့် အရာရှိသာ ဖြစ်လာနိုင်သည်။

အခုတော့ သူသည် ပဉ္စမအဆင့် အရာရှိအဖြစ် တိုက်ရိုက် စတင်ခဲ့သည်၊ ထို့ပြင် ပြည်သူ့ဝန်ထမ်း ဝန်ကြီးဌာန အတွင်းတွင် အရာရှိရာထူး ရလိုက်သဖြင့် အချိန်တွေ ဘယ်လောက်ထိ သက်သာသွားသည်ကို ဘယ်သူ သိနိုင်မည်နည်း။

အရှင်မင်းကြီး၏ ကျေးဇူးတော်က ဤမျှ ကြီးမားလှသည်တကား။

“အရှင်မင်းကြီးကို ကျေးဇူးတင်ပါသည်။ ကျွန်တော်မျိုး၏ အသက်မသေမချင်း မိမိ၏ ကိုယ်ခန္ဓာကို နိုင်ငံအတွက် အသုံးပြုပြီး နောက်မဆုတ်တမ်း ဆောင်ရွက်ပါမည်” ဟု ယန်စန်းက သူ၏ စိတ်ပိုင်းဖြတ်မှုကို ကျယ်လောင်စွာ ကြေညာလိုက်သည်။

“ကောင်းပြီ၊ အခုအချိန်မှာတော့ အရေးကြီးတာ မရှိသေးဘူး၊ ဒါကြောင့် ငါကိုယ်တော်နဲ့အတူ လမ်းလျှောက်လိုက်ခဲ့ဦး” ဟု လင်းပိုင်ဖန်က ပြုံးလျက် ပြောလိုက်သည်။

“ကျွန်တော်မျိုး နာခံလျှက်ပါ” ဟု ယန်စန်းက လက်နှစ်ဖက်ကို ယှက်၍ အရိုအသေပြုလိုက်သည်။

ထို့နောက် ယန်စန်းသည် လင်းပိုင်ဖန်၏ နောက်မှ ကပ်၍ လိုက်ပါခဲ့သည်။

စကား ပြောခြင်းမရှိဘဲ၊ သူသည် မမြင်ရသော ပုဂ္ဂိုလ်တစ်ဦးနှင့် တူနေသည်။

သို့သော်လည်း လင်းပိုင်ဖန် အကူအညီ လိုအပ်သည့်အခါတိုင်း၊ သူသည် လင်းပိုင်ဖန်၏ စိုးရိမ်ပူပန်မှုများကို ချက်ချင်း ဝင်ရောက် ဖြေရှင်းပေးရန် ပေါ်ထွက်လာလေ့ရှိသည်။

အခြေအနေနှင့် အချက်အလက်များစွာကို နားလည်နိုင်သော သူ၏ စွမ်းရည်မှာ အလွန် ထူးခြားလှသည်။

ထိုအချိန်တွင် လင်းပိုင်ဖန်နှင့် သူ၏ အပေါင်းအပါများသည် မသိလိုက်ဘဲ လူစည်ကားသော လမ်းမတစ်ခုသို့ ရောက်ရှိလာခဲ့သည်။

လမ်းမကို ပန်းပုထွင်းထားသော လက်ရန်းများနှင့် ဆေးခြယ်ထားသော အမိုးများဖြင့် အလှဆင်ထားသည်။ ရွှေရောင်ဆိုင်းဘုတ်များကို မြင့်မားစွာ ချိတ်ဆွဲထားပြီး၊ အနီရောင် မီးပုံးများကိုလည်း ချိတ်ဆွဲထားသဖြင့် ကြွယ်ဝချမ်းသာမှုနှင့် မြင့်မြတ်မှုတို့၏ အရိပ်အယောင်များကို ဖော်ပြနေသည်။ လမ်း၏ ဘေးတစ်ဖက်တစ်ချက်စီတွင် အဝတ်အစား နည်းပါးစွာ ဝတ်ဆင်ထားသော ပြည့်တန်ဆာမများ သည် ဧည့်သည်များကို ဆွဲဆောင်နေကြသည်။

“သခင်လေး၊ လာပါ၊ ပျော်ပါးသွားပါဦး၊ ရှောင်ယွီက သခင်လေးကိုကို လွမ်းနေတာ”

“လူငယ်လေး၊ ဒီလောက် မြန်မြန် မသွားပါနဲ့ဦး၊ ရှောင်လီကို မေ့နေပြီလား”

“သခင် လျူ၊ ကျွန်မတို့ မတွေ့တာ ရက်အနည်းငယ်ပဲ ရှိသေးပေမယ့် နှစ်ပေါင်းများစွာ ဝေးနေသလို ခံစားရတယ်။ ဝင်ပါဦးရှင်”

လင်းပိုင်ဖန်၏ အကြည့်က နက်ရှိုင်းသွားပြီး အဝေးကို ကြည့်လိုက်ကာ- “ဒီနေရာက ပြည့်တန်ဆာအိမ် ဖြစ်ပုံရတယ်။ အရင်က ဒီလို မဟုတ်ဘူးဆိုတာ ငါ မှတ်မိပါတယ်”

“အရှင်မင်းကြီးအား သတင်းပို့ပါသည်။ အရင်က ဒီလို မဟုတ်ပါဘူး”

ယန်စန်းက တိုးတိုးလေး ရှင်းပြလိုက်သည်- “အရင်က ဒီနေရာဟာ သာမန်လူနေအိမ်တစ်ခုသာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘေးက အစားအသောက်လမ်းက လူသိများလာပြီးကတည်းက၊ ဒီနေရာကို ချမ်းသာတဲ့ ကုန်သည်တစ်ဦးက ဝယ်ယူပြီး ပြန်လည် ပြင်ဆင်ခဲ့ပါတယ်။ အဲဒီနောက် ပန်းပေါင်းတစ်ရာ စံအိမ် လို့ နာမည်ပေးခဲ့တယ်။ ဖွင့်တာ လဝက်လောက်ပဲ ရှိသေးပေမယ့် ဧည့်သည်တွေ အများအပြားကို ချက်ချင်း ဆွဲဆောင်နိုင်ခဲ့ပြီး စည်ကားလာခဲ့ပါတယ်”

“လမ်းမတစ်ခုလုံးကို ဝယ်ယူထားတယ်ဆိုတော့ ဒီကုန်သည်က အတော်လေး အင်အားကြီးပုံရတယ်” ဟု လင်းပိုင်ဖန်က အေးစက်စွာ မှတ်ချက်ပြုလိုက်သည်။

“အရှင်မင်းကြီး၊ သူ့နောက်မှာ မြင့်မြတ်တဲ့ မိသားစု တစ်ခုရဲ့ ထောက်ခံမှု ရှိတယ်လို့ ဆိုကြပါတယ်။ ဒါကြောင့် ဒီလောက်ထိ များပြားလှတဲ့ ငွေကြေးအရင်းအနှီး ရှိနေတာပါ” ဟု ယန်စန်းက ပြောလိုက်သည်။

“သြော်… ဒါဆို အဲဒါကြောင့်ကိုး”

အကြောင်းတစ်ခုခုကြောင့်၊ ပြည့်တန်ဆာအိမ် အကြောင်း စပြောသည့်အခါ လင်းပိုင်ဖန်၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်ကို သူ သတိပြုမိလိုက်သည်။ ဉာဏ်ပညာရှိရှိဖြင့် သူသည် နောက်သို့ ဆုတ်ကာ မထင်မရှားအဖြစ် ဆက်ရှိနေခဲ့သည်။

ထိုအချိန်တွင်၊ ပြည့်တန်ဆာမများသည် လင်းပိုင်ဖန်နှင့် သူ၏ အပေါင်းအပါများကို မြင်လိုက်ကြရာ သူတို့၏ မျက်လုံးများ အရောင်တောက်သွားပြီး သူတို့ဆီသို့ ဝိုင်းရံလာကြသည်။

“အရှင်၊ ကျွန်မတို့ ပန်းပေါင်းတစ်ရာ စံအိမ် ကို လာလည်ပါဦး။ ဒီမှာ မိန်းကလေးတွေ အများကြီး ရှိပါတယ်”

“အရှင် လိုချင်တဲ့ မိန်းကလေး အမျိုးအစား ဘယ်လိုပဲဖြစ်ဖြစ်၊ ကျွန်မတို့ဆီမှာ အကုန်ရှိပါတယ်။ အခုမှ ဖွင့်တာမို့ ကျွန်မတို့ရဲ့ ဈေးနှုန်းတွေကလည်း ဆွဲဆောင်မှု ရှိလှပါတယ်”

“သခင်၊ ကျွန်မတို့ရဲ့ နူးညံ့လှပတဲ့ ရှောင်ယွီကို ပိုကြိုက်တာလား၊ ရင့်ကျက်ပြီး ပြည့်ဖြိုးလှတဲ့ အစ်မလီလီကို ပိုကြိုက်တာလား”

“ရှောင်ယွီ၊ မင်းက တကယ်ပဲ စည်းကမ်းမသိတာပဲ။ ဒီလို ချမ်းသာကြွယ်ဝပြီး အာဏာရှိတဲ့ သခင်ကြီးက သူတို့အကုန်လုံးကို လိုချင်မှာပေါ့”

“အစ်မ ပြောတာ မှန်ပါတယ်၊ သခင်ကြီး၊ ဝင်ပါဦးရှင်”

လင်းပိုင်ဖန်သည် မည်သည့် တုံ့ပြန်မှုမှ မပြခဲ့သော်လည်း ချိုင်ယွီရှင်း၏ မျက်နှာသည် ရေခဲကဲ့သို့ အေးစက်သွားပြီး သူမက- “မင်းတို့ အားလုံး သွားကြစမ်း၊ မိန်းမသားတွေ ဖြစ်ပါလျက်နဲ့ တခြားသူတွေကို ရဲရဲတင်းတင်း ဖြားယောင်းနေတာ၊ မင်းတို့မှာ ရှက်ရကောင်းမှန်း မသိဘူးလား”

ချုင်ယွီရှင်းတို့သည် မျက်နှာကို ပဝါဖြင့် ဖုံးအုပ်ထားသော်လည်း သူတို့၏ လှပသော အသွင်အပြင်သည် အခြားသူများကို မနာလိုစိတ်ဖြင့် ရူးသွားစေလောက်သည်။

ထို့ကြောင့် ညစ်ညမ်းလှတဲ့ စော်ကားမှုများ စတင် ထွက်ပေါ်လာတော့သည်။

“မာန်တွေ တက်နေတာလား၊ သခင်ကြီးကို ငါတို့ထက် စောပြီး ဆွဲဆောင်ထားတာလေးကိုများ”

“ငါတို့အားလုံး မိန်းမတွေပဲလေ၊ ဘယ်သူက ပိုပြီး မြင့်မြတ်တယ်လို့ ပြောနိုင်လဲ”

“ မျက်နှာကို ပဝါနဲ့ ဖုံးထားတာက နင့်ရဲ့ မျက်နှာက အရမ်း ရုပ်ဆိုးလို့ မပြဝံ့တာလား”

“နင် အခု ငါတို့ကို တားနေတာက နင့်ရဲ့ ဆွဲဆောင်မှု ပျောက်သွားမှာကို စိုးရိမ်ပြီး၊ သခင်ကြီးက ငါတို့ရဲ့ ဖြားယောင်းမှုကို ခံရမှာကို ကြောက်နေတာလား”

ချိုင်ယွီရှင်း၏ မျက်နှာအမူအရာသည် ပို၍ပင် အေးစက်သွားခဲ့သည်။

သို့သော်လည်း သူမ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းထားပြီး ထိုကဲ့သို့ ဂုဏ်သိက္ခာမဲ့သော မိန်းမများနှင့် အငြင်းမပွားလိုဘဲ သူတို့၏ အဆင့်သို့ ကျဆင်းမသွားလိုပေ။

ဒါကြောင့် သူမသည် လင်းပိုင်ဖန်ကို အလျင်အမြန်ပဲ ဆွဲခေါ်သွားလိုက်သည်။

လမ်းလျှောက်ရင်း သူမသည် လင်းပိုင်ဖန်ကို လေးနက်စွာ သတိပေးလိုက်သည်- “ ငါ ပြောမယ်၊ မင်းက နိုင်ငံတစ်နိုင်ငံရဲ့ အုပ်စိုးရှင်၊ ကောင်းကင်အောက်မှာရှိတဲ့ လူ အားလုံးရဲ့ အရှင်သခင်ဖြစ်ပြီး မင်းရဲ့ ဂုဏ်ဒြပ်က အလွန် မြင့်မြတ်တယ်။ ဒီလို ညစ်ပတ်တဲ့ နေရာမျိုးကို ဘယ်တော့မှ မလာနဲ့။ အကယ်၍ မင်း တစ်ခုခု လိုအပ်တယ်ဆိုရင် ရှန်ကျန်းဆီ တိုက်ရိုက် သွားလိုက်”

လင်းပိုင်ဖန်က သူ၏ ရင်ဘတ်ကို ပုတ်လျက် အာမခံလိုက်သည်- “ယွီရှင်း၊ စိတ်ချပါ။ ငါ တစ်ယောက်ယောက်ကို ရှာရင်တောင် သူတို့ မဖြစ်စေရဘူး”

“ဒါပဲ ဖြစ်သင့်တယ်” ချိုင်ယွီရှင်းက ခေါင်းညိတ်လိုက်သော်လည်း နောက်တစ်စက္ကန့်တွင် တစ်ခုခု မှားယွင်းနေသည်ကို သတိပြုမိလိုက်သည်။

နောက်တစ်စက္ကန့်တွင်-

“ကောင်စုတ်လေး၊ မင်း ငါ့ကို အဲ့ဒီမိန်းမတွေနဲ့ နှိုင်းရဲတယ်”

လင်းပိုင်ဖန်- “အား…နာတယ်”

သူတို့ ပတ်ဝန်းကျင်မှ လူများသည် မမြင်ချင်ယောင် ဆောင်ကာ သူတို့၏ ခေါင်းများကို ဘေးသို့ လှည့်ပစ်လိုက်ကြသည်။

ပန်းပေါင်းတစ်ရာ စံအိမ်မှ ထွက်ခွာပြီးနောက် သူတို့သည် မသိလိုက်ဘဲ အခြားလမ်းမတစ်ခုသို့ ရောက်ရှိလာခဲ့ကြသည်။

ဤလမ်းမသည်လည်း လှုပ်ရှား စည်ကားနေသည်ကို လူအုပ်က သတိပြုမိလိုက်သည်။

သို့သော်လည်း လမ်းသွားလမ်းလာ အများစုမှာ အမျိုးသားများ ဖြစ်ကြပြီး၊ အများစုမှာ ဝမ်းမြောက်ဝမ်းသာဖြင့် ဝင်ရောက်လာကြပြီး စိတ်ပျက်အားငယ်စွာ ခေါင်းငိုက်စိုက်လျက် ထွက်ခွာသွားကြသည်။

“ဒါ ဘယ်နေရာလဲ၊ သူတို့ ဘာတွေ လုပ်နေကြတာလဲ” ဟု လင်းပိုင်ဖန်က မေးလိုက်သည်။

“အရှင်မင်းကြီး၊ ဒီလမ်းအတိုင်း ဆက်လျှောက်သွားရင် မကြာသေးခင်ကမှ ဖွင့်လှစ်ထားတဲ့ စီဖန်း လောင်းကစားရုံ ကို ရောက်ပါလိမ့်မယ်။ အဲဒီလူတွေအားလုံး လောင်းကစားဖို့ ဒီကို လာကြတာပါ!” ဟု ယန်စန်းက ချက်ချင်း ရှင်းပြလိုက်သည်။

“ဒါဆို ဒါက လောင်းကစားရုံပေါ့။ အတော်လေး ကြီးမားတဲ့ အရွယ်အစား ရှိပုံရတယ်” ဟု လင်းပိုင်ဖန်က စဉ်းစားဟန်ဖြင့် မှတ်ချက်ပြုလိုက်သည်။

“အရှင်မင်းကြီး၊ ကျွန်တော်မျိုး ကြားသိရသည်မှာ စီဖန်း လောင်းကစားရုံကို ငွေဂိုဏ်းလို့ ခေါ်တဲ့ အဖွဲ့အစည်းတစ်ခုက စီမံခန့်ခွဲပါတယ်။ သူတို့က နိုင်ငံပေါင်းများစွာမှာ လောင်းကစားရုံတွေ ဖွင့်လှစ်ထားပြီး စီးပွားရေး ကောင်းတဲ့ နေရာတိုင်းမှာ နေရာယူထားပါတယ်။ သူတို့က သိုင်းလောကမှာ အတွေ့အကြုံရှိတဲ့ ကစားသမားဟောင်းတွေ ဖြစ်ပြီး အဖွဲ့ဝင် တစ်သိန်းကျော် ရှိပါတယ်။ နိုင်ငံ အတော်များများက သူတို့ကို မထိရဲကြပါဘူး” ဟု ယန်စန်းက ပြောလိုက်သည်။

“တခြားသူတွေက မထိရဲရင်ပေမယ့် ငါကတော့ စမ်းကြည့်ချင်စိတ် ပြင်းပြနေပြီ” လင်းပိုင်ဖန်က သူ၏ အဖွဲ့ကို ဦးဆောင်ပြီး တံခါးကို ဖြိုခွဲကာ ဝင်ရောက်လိုက်သည်။

လင်းပိုင်ဖန်က လူအုပ်ကြီးနှင့်အတူ ဝင်လာသည်ကို မြင်လိုက်ရသောအခါ လောင်းကစားရုံမှ လူများသည် လန့်သွားကြသည်။ သူတို့က လူမိုက်တစ်အုပ်နှင့်အတူ လျင်မြန်စွာ ရောက်လာပြီး “မင်းတို့ ဘယ်သူတွေလဲ၊ ဘာလုပ်ဖို့ လာတာလဲ” ဟု မေးမြန်းလိုက်သည်။

လင်းပိုင်ဖန်က ရယ်မောလိုက်ပြီး- “ငါတို့က လောင်းကစားဖို့ လာတာကလွဲပြီး တခြား ဘာအတွက် လာရမှာလဲ”

သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ မိန်းမစိုးလျှူက ငွေ၊ ရွှေနှင့် ငွေစက္ကူများ ပါဝင်သော ပိုက်ဆံအိတ်တစ်လုံးကို ချက်ချင်း ထုတ်ယူလိုက်ပြီး၊ စုစုပေါင်း ငွေတန်ဖိုးအားဖြင့် ငွေတေး ၅,၀၀၀ ကျော် ရှိသည်။

လောင်းကစားရုံရှိ ဝန်ထမ်းများက ချက်ချင်း ပြုံးလိုက်ကြပြီး- “ဒါဆိုရင် မင်းတို့ ကစားဖို့ ရောက်လာတာပေါ့၊ ကြိုဆိုပါတယ်၊ အလွန်ကို ဝမ်းမြောက်စွာ ကြိုဆိုပါတယ်”

“ဒီကသခင်ကြီး၊ ဘာကစားချင်ပါသလဲ၊ သခင်ကြီးကို အဖော်ပြုဖို့ တစ်ယောက်ယောက်ကို ရှာပေးရမလား”

သူတို့ စကားပြောနေစဉ် လောင်းကစားရုံ ဝန်ထမ်းများက မျက်စိဖြင့် အချက်ပြကာ ဤ ငွေအိတ်ကြီးကို ဤနေရာ၌သာ ထားရှိရန် အချက်ပေးနေကြသည်။

လင်းပိုင်ဖန်က ပြုံးလိုက်ပြီး- “ငါက အသက်ကြီးလာပြီ၊ ရှုပ်ထွေးတဲ့ ဂိမ်းတွေက ငါနဲ့ မကိုက်တော့ဘူး။ ငါက ရိုးရှင်းတဲ့ အကြီးအသေး လောင်းတာကိုပဲ ကြိုက်တယ်”

အသက်ကြီးလာပြီး ရှုပ်ထွေးတဲ့ ဂိမ်းတွေ မကစားနိုင်တော့ဘူးလား။

လောင်းကစားရုံမှ လူများသည် ဤစကားကို ကြားသောအခါ ပို၍ပင် ဝမ်းသာသွားကြသည်- “ ဘာပြဿနာမှ မရှိပါဘူး။ သခင်ကြီးက အထူးဧည့်သည်ဖြစ်ပါတယ်။ သခင်ကြီးအတွက် သီးသန့်စားပွဲတစ်ခု စီစဉ်ပေးပါမယ်၊ ဘယ်လိုလဲ”

“ကောင်းပြီ၊ ဒီလို ဝန်ဆောင်မှုကို ငါ တကယ် ကျေနပ်တယ်” လင်းပိုင်ဖန်က လက်ဖျောက်တစ်ချက် တီးလိုက်သည်။

ဤသို့ဖြင့် လောင်းကစား စားပွဲအသစ်တစ်ခုကို ဖန်တီးလိုက်သည်။

ဤစားပွဲ၌ လင်းပိုင်ဖန်နှင့် သူ၏ အပေါင်းအပါများမှလွဲ၍ ဒိုင် တစ်ဦးတည်းသာ ရှိသည်။ ဆိုလိုသည်မှာ လင်းပိုင်ဖန်သည် လောင်းကစားရုံနှင့် တိုက်ရိုက် လောင်းနေခြင်း ဖြစ်သည်။

“သခင်ကြီး၊ စစ်ကြည့်ပါ” ဒိုင်က အန်စာတုံးနှင့် ခွက်ကို ပေးလိုက်ပြီး သူ မလိမ်လည်ထားကြောင်း ပြသလိုက်သည်။

လင်းပိုင်ဖန်က လှည့်တောင် မကြည့်လိုက်ဘဲ- “အချိန် မဆွဲနဲ့၊ စတင်လိုက်ပါ”

“ကောင်းပါပြီ၊ အထူးဧည့်သည်တော်ကြီး တရားမျှတမှု ရှိစေရန်အတွက် ကျွန်တော်တို့ရဲ့ ဂိမ်းက ဒီလို အလုပ်လုပ်ပါတယ်။ သင်က တစ်ခါ လှိမ့်၊ ကျွန်တော်က တစ်ခါ လှိမ့်ပြီး၊ ကျွန်တော်တို့က အကြီး ဒါမှမဟုတ် အသေး ရလဒ်ပေါ်မှာ အလှည့်ကျ လောင်းကြတာပါ။ မှန်ကန်စွာ ခန့်မှန်းနိုင်ရင် ငွေရမယ်၊ မှားယွင်းစွာ ခန့်မှန်းရင် ငွေရှုံးမယ်။ ဘယ်လိုလဲ”

လင်းပိုင်ဖန်က ခေါင်းညှိတ်လိုက်ပြီး- “ကောင်းပြီ၊ အဲဒီအတိုင်း လုပ်ကြစို့”

လောင်းကြေး မြင့်မားမှုကြောင့် သူတို့ကစားပွဲသည် လောင်းကစားသမားများ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်ခဲ့သည်။

All Chapters