အခန်း (၉၇+၉၈+၉၉)
Vol. 7 Ch. 97+98+99
အပိုင်း (၉၇)
“ဧည့်သည်ဖြစ်တဲ့အတွက် ကျေးဇူးပြုပြီး အရင်စလိုက်ပါ” ဒိုင်က အံစာတုံးတွေနဲ့ လှုပ်တဲ့ခွက်ကို နောက်တစ်ကြိမ် ထပ်ကမ်းပေးလိုက်တယ်။
လင်းပိုင်ဖန်က ခပ်ဖွဖွလေး လှုပ်လိုက်ပြီး "အခုရပြီလား၊ အကြီးလား၊ အသေးလား မှန်းလိုက်" လို့ မေးလိုက်တယ်။
ဒိုင်က အသံကျယ်ကြီးနဲ့-"အကြီး၊ ကျွန်တော် ၁၀တေး လောင်းမယ်" လို့ ကြေညာလိုက်တယ်။
လင်းပိုင်ဖန်က မဲ့ပြုံးပြုံးလိုက်ပြီး- "ငွေ ၁၀ တေးပဲလား၊ ဒါက သူတောင်းစားကို အလှူပေးနေသလိုပဲ၊ ကစားချင်ရင်၊ ကြီးကြီးမားမား ကစားရမယ်"
ဒီလိုပြောပြီးနောက် သူဟာ ငွေတေး ၅၀၀ လောက်တန်တဲ့ ရွှေတုံးတွေကို ပစ်ချလိုက်တယ်။
"ကောင်းပြီ၊ ဒါဆို ငွေတေး ၅၀၀ လောင်းကြတာပေါ့" ဒိုင်က အတော်လေး ယုံကြည်မှု ရှိနေခဲ့သည်။
"ခင်ဗျားကိုယ်တိုင် အံစာကို လှုပ်တာ၊ ရှုံးရင် လိမ်တယ်လို့ စွပ်စွဲလို့ မရဘူးနော်" လင်းပိုင်ဖန်က ပြောလိုက်သည်။
ဒိုင်က အံစာခွက်ကို ကောက်ကိုင်ပြီး အောက်ကို ငုံ့ကြည့်လိုက်ရာ သူ့မျက်လုံးတွေ ပြူးကျယ်သွားပြီး- "တစ်၊ နှစ်၊ သုံး၊ ငါး၊ ခြောက်... အသေး"
လင်းပိုင်ဖန်က တဟားဟားရယ်လိုက်ပြီး- "ဒီတေး ၅၀၀ကို ငါယူလိုက်မယ်"
ပတ်ဝန်းကျင်က လောင်းကစားသမားတွေက အံ့အားတကြီး အော်ဟစ်လိုက်ကြသည်။
"ဝိုး၊ အစမှာတင်ပဲ ၅၀၀ တေး နိုင်သွားတာပဲ၊ ကံကောင်းတဲ့အစပဲ"
"ဒီအဖိုးကြီး တကယ်ကံကောင်းတာပဲ"
"ငါသာ တေး ၅၀၀ ရမယ်ဆိုရင် ကစားပွဲကနေ ထွက်ပြီး လက်ဆေးလိုက်မှာ"
လူတိုင်းက မနာလိုစိတ်နဲ့ ပြည့်နှက်နေကြသည်။ ဘာပဲဖြစ်ဖြစ်၊ ငွေတေး ၅၀၀ ဆိုတာက လူအများစုအတွက် များပြားလှတဲ့ ပမာဏတစ်ခု ဖြစ်ပေသည်။
မဟာရှ နိုင်ငံမှာဆိုရင် အဲဒီပမာဏနဲ့ ဘိလပ်မြေအိမ် အလုံး ၂၀ ဝယ်လို့ရသည်။
ကစားပွဲက အစမှာ အနည်းငယ် အဆင်မပြေမှုတွေ ရှိခဲ့ပေမဲ့ ဒိုင်က တည်ငြိမ်ပြီး အေးဆေးနေဆဲပါပဲ- "ဂုဏ်သရေရှိ ဧည့်သည်ကြီး၊ အခု အံစာလှုပ်ဖို့ ကျွန်တော့် အလှည့်ပဲ။ အကြီးလား အသေးလား မှန်းချင်ပါသလား"
"ဆက်လုပ်ပါ" လင်းပိုင်ဖန်က ဂရုမစိုက်ဟန်နဲ့ ပြောလိုက်သည်။
ဒိုင်က အံစာခွက်ကို ကောက်ကိုင်ပြီး ပုံစံမျိုးစုံနဲ့ လှုပ်ခါလိုက်တယ်။ အံစာတုံးတွေ တိုက်မိတဲ့ အသံဟာ အရမ်းမြန်ဆန်ပြီး ပျားတွေ တဝီဝီနဲ့ ပျံသန်းနေသလိုပဲ၊ ဘာမှ ခန့်မှန်းလို့မရနိုင်ပေ။
နောက်ဆုံးတော့ ဒုန်း ဆိုတဲ့ အသံနဲ့ စားပွဲပေါ် ချလိုက်သည်။
"ကျေးဇူးပြုပြီး လောင်းကြေးချပါခင်ဗျား"
လင်းပိုင်ဖန်က ချီတုံချတုံမရှိဘဲ ငွေတေး ၁၀၀၀ကို ပစ်ချလိုက်ကာ- "ငါ အသေးကို လောင်းမယ်"
ဒိုင့်မျက်လုံးတွေထဲမှာ ထိတ်လန့်မှု ဖြတ်ပြေးသွားပေမဲ့ သူက တည်ငြိမ်တဲ့ဟန်ကို ထိန်းလိုက်ပြီး- "ဂုဏ်သရေရှိ ဧည့်သည်ကြီး၊ ခင်ဗျား အသေးကို လောင်းဖို့ သေချာပါပြီလား၊ ရှုံးရင် ငွေတေး ၁၀၀၀ ဆုံးရှုံးသွားမှာနော်" လို့ ပြောလိုက်သည်။
"ဟုတ်တယ်၊ ဒီအဖိုးကြီးက ငွေတေး ၁၀၀၀ ကို လောင်းတာပဲ၊ ဆက်လုပ်၊ မတွေဝေနဲ့တော့" လင်းပိုင်ဖန်က ပြုံးပြီး ပြောလိုက်တယ်။
"အဖုံးဖွင့်"
"အဖုံးဖွင့်"
လူတိုင်းက ဝိုင်းပြီး အော်ဟစ်လာကြသည်။
ဒိုင်က ခဏတာ တွေဝေသွားပေမဲ့ နောက်ဆုံးမှာ အံစာခွက်ရဲ့ အဖုံးကို မလိုက်သည်။
"တစ်၊ တစ်၊ နှစ်၊ သုံး၊ ခြောက်... အသေး"
ဒီလိုနဲ့ လင်းပိုင်ဖန်ဟာ အောင်ပွဲတစ်ခုပြီးတစ်ခု ဆက်တိုက် ရရှိခဲ့သည်။ တစ်ဖက်လူက အံစာလှုပ်သည်ဖြစ်စေ၊ သူကိုယ်တိုင် လှုပ်သည်ဖြစ်စေ၊ နောက်ဆုံးမှာ လင်းပိုင်ဖန်သာ အနိုင်ရခဲ့သည်။
ဒါကြောင့် အမွှေးတိုင် တစ်ဝက်စာလောက် အချိန်တောင် မကြာခင်မှာပဲ သူယူလာတဲ့ ပိုက်ဆံဟာ နှစ်ဆ ဖြစ်သွားခဲ့သည်။
လင်းပိုင်ဖန် အလွယ်တကူ ငွေတေး ၅၀၀၀ နိုင်သွားတာကို ကြည့်ပြီး ချိုင်ယွီရှင်းက အရမ်းစိတ်လှုပ်ရှားပြီး ပျော်ရွှင်နေခဲ့သည်။ လင်းပိုင်ဖန်ရဲ့ လက်ကို ဖက်ပြီး "မင်း ထပ်နိုင်ပြန်ပြီ၊ ဘယ်တုန်းက လောင်းကစားကို သင်ပြီး ဒီလောက်တော်သွားတာလဲ" လို့ မေးလိုက်သည်။
လင်းပိုင်ဖန်က သူ့ကိုယ်သူ သဘောကျစွာ ရယ်လိုက်သည်။ သင်ယူစရာ လိုသေးလို့လား။
အင်ပါယာ မြေပုံကို ဖွင့်လိုက်တာနဲ့ အံစာတုံးက ဘာဖြစ်မလဲဆိုတာ သူပြောနိုင်သည်။ လိမ်ချင်ရင်လည်း နတ်ဘုရားရဲ့လက်ကို သုံးလိုက်ရုံပင်၊ အရမ်းလွယ်သည်။
ဒါပေမဲ့ ဒီအကြောင်းတော့ ပြောလို့မရဘူးပေါ့။
လင်းပိုင်ဖန်က တည်ငြိမ်စွာ ရှင်းပြလိုက်သည်- "ဒါက အခြေခံအဆင့်လေးပါပဲ၊ ထွေထွေထူးထူး မရှိပါဘူး"
ချိုင်ယွီရှင်းက ရှုပ်ထွေးသွားပြီး- "မင်း ဘာကို ဆိုလိုတာလဲ"
လင်းပိုင်ဖန်က မာနထောင်လွားစွာဖြင့် ပြောလိုက်သည်- "ဒါက အခြေခံလှုပ်ရှားမှု တစ်ခုပဲ၊ ငါ့အတွက် ဘာမှ မဟုတ်ဘူးလို့ ဆိုလိုတာ။ ငါ့ကို အထင်မကြီးနဲ့၊ ငါက ဒီထက်တောင်မှ တော်သေးတယ်”
ချိုင်ယွီရှင်း- “ ....”
တစ်ဖက်မှာတော့ ဒိုင်က ချွေးတွေ သုတ်နေရပြီဖြစ်သည်။
မျက်နှာအပြည့် အမာရွတ်တွေရှိတဲ့ အမျိုးသားက ခပ်တိုးတိုး လေသံနဲ့ ပြောလိုက်တယ်- "မင်း ဘာဖြစ်နေတာလဲ၊ နိုင်ရမှာ မဟုတ်ဘူးလား၊ ဘာလို့ သူ့ကို ဆက်တိုက် ပေးနေရတာလဲ၊ ငွေတေး ၅၀၀၀ တောင် ပေးပြီးပြီ၊ ငါတို့ စဖွင့်ကတည်းက အဲဒီလောက်ထိ ပိုက်ဆံ မရှာရသေးဘူး"
"ခေါင်းဆောင်၊ ကျွန်တော်တို့ ဆရာတစ်ယောက်နဲ့ တွေ့မိပုံရတယ်။ သူက ကျွန်တော့်ထက် သာနေတယ်" ဒိုင်က ရှင်းပြလိုက်သည်။
"ငါ သိပါတယ်။ ပြန်တိုက်ခိုက်ဖို့ အခွင့်အရေးလေးတောင် မရဘဲ မင်းရှုံးနေတာ" မျက်နှာအပြည့် အမာရွတ်ရှိနေတဲ့ အမျိုးသားက စိတ်တိုစွာ ပြောလိုက်တယ်။
"ဒါဆို အခု ဘာလုပ်ကြမလဲ"
"ရှုံးတယ်လို့ ဝန်ခံပြီး သူတို့ကို အပြင်ထွက်ဖို့ ဖိတ်ခေါ်ရုံပဲ၊ ပြီးရင် လူနည်းသွားတဲ့အခါ..." သူ့မျက်လုံးတွေထဲမှာ ရက်စက်ကြမ်းကြုတ်မှု တစ်ချက် လင်းလက်သွားခဲ့သည်။
ဒိုင်က ခေါင်းအသာညိတ်လိုက်တယ်။ သူတို့ ဒီလိုမျိုး အကြိမ်ရေများစွာ လုပ်ဖူးပြီးသား ဖြစ်သည်။
"ဂုဏ်သရေရှိ ဧည့်သည်တော်တို့၊ ခင်ဗျားတို့ တော်တော်လေး နိုင်ခဲ့ပြီးပြီ၊ ထွက်သွားဖို့ အချိန်တန်ပြီ မဟုတ်ဘူးလား"
လင်းပိုင်ဖန်က သူ့ပိုက်ဆံတွေကို သိမ်းရင်း လှောင်ပြုံးပြုံးလိုက်ကာ- "ဘာလဲ၊ ကစားပွဲကို မနိုင်တော့လို့ လူတွေကို မောင်းထုတ်ဖို့ စဥ်းစားနေတာလား"
"မဟုတ်ပါဘူး၊ ခင်ဗျားတို့ ဘယ်ချိန် ရပ်ရမယ်ဆိုတာ သိဖို့ပဲ မျှော်လင့်တာပါ။ လောင်းကစားရုံရဲ့ စည်းကမ်းတွေကို ခင်ဗျား နားလည်သင့်ပါတယ်။ ကျွန်တော်တို့ကို ခက်ခဲအောင် မလုပ်ပါနဲ့" မျက်နှာအပြည့် အမာရွတ်ရှိတဲ့ အမျိုးသားက အတင်းအဓမ္မ ပြုံးကာ ပြောလိုက်သည်။
"မစိုးရိမ်ပါနဲ့၊ ငါ နည်းနည်းလေး ထပ်ကစားဖို့ စီစဥ်ထားတယ်" လင်းပိုင်ဖန်က ပြုံးပြီး ပြောလိုက်တယ်။
"ဟုတ်တယ်၊ အဖိုးကြီး၊ ထွက်သွားဖို့ မလောပါနဲ့အုံး"
"နည်းနည်းလေး ထပ်ကစားရအောင်"
"ခင်ဗျား ဘာကစားချင်ချင်၊ ကျွန်တော်တို့ လိုက်ကစားပေးမယ်"
လူတိုင်းက သူ့နောက်ကနေ တစ်ယောက်ပြီး တစ်ယောက် ပြောဆိုလာကြတယ်။ သူတို့အားလုံး လင်းပိုင်ဖန်နဲ့အတူ ပိုက်ဆံ ဆက်ရှာချင်ကြသေးသည်။
လူတိုင်းကသာ ပိုက်ဆံနိုင်နေတယ်ဆိုရင်၊ ရှုံးတာက လောင်းကစားရုံပဲ ရှိသည်။
ဒီအခြေအနေကို အနုနည်းနဲ့ ဖြေရှင်းလို့ မရနိုင်တော့ဘူးဆိုတာ သိလိုက်တဲ့အခါ မျက်နှာအပြည့် အမာရွတ်ရှိတဲ့ ထိုခန္ဓာကိုယ် တောင့်တောင့် အမျိုးသားက အော်ဟစ်လိုက်သည်- "ငါ့ စီဖန်း လောင်းကစားရုံကို လာပြီး ပြဿနာရှာဖို့ မင်းရဲတင်းနေတယ်ပေါ့၊ အသက်ရှင်ရတာ ငြီးငွေ့နေပုံရတယ်။ တိုက်ကြ"
လက်နက်ကိုင်ထားတဲ့ လူမိုက်အုပ်စုက ပြေးဝင်လာပြီး လင်းပိုင်ဖန်နဲ့ သူ့အဖော်တွေကို ဝိုင်းရံလိုက်ကြတယ်။
မိန်းမစိုးလျှူက ရှေ့ထွက်ပြီး အော်လိုက်တယ်- "အရှင်မင်းကြီး ဒီမှာ ရှိနေတယ်။ ဘယ်သူ လှုပ်ရှားရဲလဲဆိုတာ ငါကြည့်ချင်တယ်"
"အရှင်မင်းကြီး၊ ဘယ်သူလဲ"
"ဘယ်မှာလဲ"
လင်းပိုင်ဖန်က သူ့အယောင်ဆောင်ထားတာကို ဆွဲဖြဲလိုက်ပြီး သူ့ရဲ့ တကယ့်မျက်နှာကို ဖော်ထုတ်လိုက်တယ်။
လင်းပိုင်ဖန်မှာ ထူးခြားတဲ့ ရုပ်ရည်ရှိပြီး မြို့တော်က သာမန်လူအများစုက သူ့ကို မှတ်မိကြသည်။ ဒါကြောင့် လင်းပိုင်ဖန်ရဲ့ မျက်နှာကို မြင်တာနဲ့ တစ်ပြိုင်နက် ထိတ်လန့်တုန်လှုပ်စွာ ဒူးထောက်လိုက်ကြသည်။
"အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ၊ အရှင်မင်းကြီး သက်တော်တစ်သောင်း ရှည်ပါစေ"
မိန်းမစိုးလျှူက စီဖန်း လောင်းကစားရုံက လူတွေကို လက်ညှိုးထိုးပြီး ခပ်တင်းတင်း အော်လိုက်သည်- "သူတို့က အရှင်မင်းကြီးကို လုပ်ကြံဖို့ ကြိုးစားရဲတယ်၊ ရိုင်းစိုင်းတဲ့ ပြစ်မှုကို ကျူးလွန်လိုက်ကြပြီ၊ သူတို့ကို ငါ့အတွက် ဖမ်းလိုက်ကြ"
"ဟုတ်ကဲ့" လင်းပိုင်ဖန်ရဲ့ နောက်က လူတွေဟာ သူတို့ရဲ့ အယောင်ဆောင်ထားတာတွေကို ဆွဲဖြဲလိုက်ကြတယ်။ သူတို့အားလုံးဟာ တော်ဝင်အစောင့်တပ်ဖွဲ့ရဲ့ အထူး ကျွမ်းကျင်တဲ့ အဖွဲ့ဝင်တွေ ဖြစ်ကြသည်။
လောင်းကစားရုံက လူတွေဟာ အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားကြပေမဲ့ သူတို့ရဲ့ ကြောက်ရွံ့မှုကို ဖုံးကွယ်ရင်း ပြောလိုက်သည်- "ငါတို့က ပိုက်ဆံဂိုဏ်းကပဲ၊ ငါတို့ကို ထိရဲလား"
"ပိုက်ဆံဂိုဏ်းလား၊ ကောင်းကင်ဘုရင်ကိုယ်တိုင် လာရင်တောင်မှ အသုံးမဝင်ဘူး"
လင်းပိုင်ဖန်က လက်ကို ဝှေ့ယမ်းလိုက်ပြီး "သူတို့အားလုံးကို သတ်၊ တစ်ယောက်မှ အရှင် မထားခဲ့နဲ့"
"အမိန့်တော်အတိုင်းပါ၊ အရှင်မင်းကြီး" တော်ဝင်အစောင့်တပ်ဖွဲ့က တုံ့ဆိုင်းခြင်းမရှိဘဲ တိုက်ခိုက်လိုက်ကြသည်။
ခဏအကြာတွင် လောင်းကစားရုံထဲက လူတိုင်း သေဆုံးသွားပြီး၊ အဆောက်အအုံကို ရိုက်ချိုးပစ်ကာ လောင်းကစားသမားအားလုံး ထွက်ပြေးကုန်ကြသည်။
လောင်းကစားရုံကို ရှင်းလင်းပြီးနောက် လင်းပိုင်ဖန်က ပန်းပေါင်းတစ်ရာ စံအိမ် အနားက ဖြတ်သွားရင်း နောက်ထပ် အမိန့်တစ်ခု ထပ်ပေးလိုက်သည်- "ဒီ ပြည့်တန်ဆာရုံကိုလည်း ငါ့အတွက် ဖျက်ဆီးပစ်လိုက်"
လူအုပ်က အနည်းငယ် နားမလည်သလို ဖြစ်သွားပြီး- "ဘာလို့ ပြည့်တန်ဆာရုံကိုပါ ဖျက်ဆီးပစ်ရတာလဲ၊ သူတို့က အရှင့်ကို စော်ကားထားတာ ရှိပုံမရဘူးနော်"
"ဘာဖြစ်လို့လဲဆိုတော့ ဒါတွေဟာ လူတွေကို အကြီးအကျယ် ထိခိုက်စေတဲ့ အရာတွေ ဖြစ်လို့ပဲ"
လင်းပိုင်ဖန်က မျက်နှာအေးစက်စွာဖြင့် ပြောလိုက်သည်၊ "လူတွေဟာ အမြဲတမ်း ကြီးကြီးမားမား ရဖို့အတွက် အနည်းငယ်လောက်နဲ့ စွန့်စားရတာကို ကြိုက်ကြတယ်၊ တစ်ညချင်း ချမ်းသာလာဖို့ အိပ်မက်မက်ကြတယ်။ ဒါကြောင့် သူတို့ လောင်းကစားကို စွဲလမ်းသွားကြတာပဲ။ အသေးစား လောင်းတာက ပြဿနာမရှိဘူး၊ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ စွဲလမ်းသွားရင် တာဝန်တွေ ပျက်ကွက်ပြီး အသိဉာဏ်တွေ ပျောက်ဆုံးသွားလိမ့်မယ်။ နောက်ဆုံးမှာ မိသားစုတွေ ပျက်စီးပြီး ဘဝတွေပါ ပျက်သွားရတာပဲ"
"ပြည့်တန်ဆာရုံတွေကလည်း အတူတူပဲ၊ အလှအပထဲမှာ အရမ်းနှစ်မြုပ်နေရင် လူတစ်ယောက်ကို ကျော့ကွင်းမိစေပြီး တဖြည်းဖြည်း ယုတ်ညံ့မှုထဲကို နစ်မြုပ်သွားစေနိုင်တယ်"
"ဝယ်တာ၊ ရောင်းတာတွေ မရှိတဲ့အတွက် ဘာထိခိုက်မှုမှ မရှိဘူးလို့ ထင်ရပေမဲ့ ပြည့်တန်ဆာရုံတွေ ဖွံ့ဖြိုးလာရင် လူကောင်းတွေ အများကြီး လမ်းမှားရောက်စေမှာဖြစ်ပြီး နိုင်ငံတော်နဲ့ ပြည်သူတွေအတွက် မကောင်းဘူး"
"ဒါကြောင့် မဟာရှရဲ့ ငြိမ်းချမ်းရေးအတွက်၊ မဟာရှနိုင်ငံ ထာဝရ တည်တံ့ဖို့အတွက်၊ သူတို့ ပြည်သူတွေကို ဆက်ပြီး ထိခိုက်စေတာကို တားဆီးဖို့ သူတို့အားလုံးကို ဖျက်စီးပစ်တာ အကောင်းဆုံးပဲ"
"မှန်လှပါ၊ အရှင်မင်းကြီးရဲ့ စကားတော်ဟာ အလွန်ကို ထိုးထွင်းဉာဏ် ရှိလှပါတယ်" လူအုပ်က ခေါင်းညှိတ်ကာ သဘောတူလိုက်ကြသည်။
တကယ်တော့ နောက်ထပ် အရေးကြီးတဲ့ အကြောင်းရင်းတစ်ခု ရှိသေးသည်၊ ဒီလုပ်ငန်းနှစ်ခုဟာ သူ့ရဲ့ပိုက်ဆံတွေကို အပြိုင်အဆိုင် ယူနေကြတာဖြစ်သည်။
သူဟာ သူရဲ့ ကြွယ်ဝမှုကို လူတွေကြားမှာ ဝှက်ထားပြီး သာမန်ပြည်သူတွေ ချမ်းသာစေတယ်။
ဒါပေမဲ့ ဒီလုပ်ငန်းနှစ်ခုက ဘာအရင်းအနှီးမှ မထည့်ဘဲ အကျိုးအမြတ် ရှာနေကြတာဖြစ်သည်။
တစ်ခုက လိမ်လည်လှည့်ဖြားပြီး ယူနေတယ်၊ နောက်တစ်ခုက ပေါင်ကို ဖြဲပေးလိုက်ရုံနဲ့ ကြီးမားတဲ့ တန်ဖိုးပေးစရာမလိုဘဲ သူ့ရဲ့ ပြည်သူတွေလက်ထဲကနေ သူ့ပိုက်ဆံတွေကို အလွယ်တကူ ယူနေတာဖြစ်သည်။
ဒီလိုဆက်သွားရင် သူ့နိုင်ငံရဲ့ ကြွယ်ဝမှုဟာ မလွဲမသွေ လျော့နည်းလာမှာဖြစ်သည်။
ကြွယ်ဝမှု လျော့နည်းလာရင်၊ နိုင်ငံတော်ရဲ့ အင်အား အားနည်းလာပေမည်။
နိုင်ငံတော် အင်အား အားနည်းလာတာနဲ့ သူ့ရဲ့ စွမ်းအားကိုပါ မထိခိုက်စေဘူးလား?။
ဒါဆို လင်းပိုင်ဖန် သူတို့ကို ဘယ်လိုလုပ် ချမ်းသာပေးနိုင်မှာလဲ?။
"ငါ့ရဲ့ အမိန့်ကို ဖြန့်လိုက်၊ အခုကစပြီး မည်သူ၊ မည်သည့်အင်အားစုမှ မဟာရှ နယ်မြေအတွင်းမှာ လောင်းကစားရုံတွေနဲ့ ပြည့်တန်ဆာရုံတွေကို ဖွင့်ခွင့်မပြုရ၊ အမိန့်ကို မနာခံသူတွေကို ရက်ရက်စက်စက် ကွပ်မျက်ပစ်" လင်းပိုင်ဖန်က အသံကျယ်လောင်စွာနဲ့ ကြေညာလိုက်တယ်။
"အမိန့်တော်အတိုင်းပါ၊ အရှင်မင်းကြီး" လူအုပ်က ပြန်ဖြေလိုက်ပြီး အမိန့်ကို လက်ခံလိုက်ကြသည်။
အပိုင်း (၉၈)
မဟာရှ နိုင်ငံတော်တွင် လင်းပိုင်ဖန်၏ အမိန့်သည် အမြင့်မြတ်ဆုံး ဖြစ်သည့်အတွက်၊ သူ၏ အမိန့်တော် ထုတ်ပြန်လိုက်သည့်အခါ လောင်းကစားရုံများနှင့် ပြည့်တန်ဆာအိမ်များအားလုံး ထိခိုက်နစ်နာသွားခဲ့သည်။ အတွင်းမှ လူအားလုံးကို မောင်းထုတ်ပြီး အဆောက်အအုံများကိုလည်း ပိတ်ပစ်ခဲ့သည်။
သို့သော် ထိုအချိန်တွင် လင်းပိုင်ဖန် သည် ဝမ်ရှန်ကျန်း သက်ပြင်းချနေသည်ကို တွေ့လိုက်ရသည်။
“အကျွန်ုပ်၏ ချစ်လှစွာသော မိဖုရား၊ အဘယ်ကြောင့် သက်ပြင်းချနေရတာလဲ” ဟု လင်းပိုင်ဖန် က မေးလိုက်သည်။
“အရှင်မင်းကြီး၊ အရှင်မင်းကြီး ခုနက ထုတ်ပြန်လိုက်တဲ့ အမိန့်တော်ကြောင့် ကျွန်မ အချို့အရေးကိစ္စတွေကို သတိရမိသွားလို့ပါ”
“ဘယ်လို အရေးကိစ္စတွေလဲ” ဟု လင်းပိုင်ဖန် က စူးစမ်းမေးမြန်းလိုက်သည်။
ဝမ်ရှန်ကျန်း က ခါးသီးစွာ ပြုံးလျက်-အရှင်မင်းကြီး၊ ဒီကမ္ဘာမှာ သာမန်လူတွေက ဆင်းရဲဒုက္ခ ရောက်နေကြပေမဲ့၊ အမျိုးသမီးတွေကတော့ ပိုပြီးတော့တောင် ဆင်းရဲဒုက္ခ ရောက်ကြရပါတယ်။ အမျိုးသမီးတွေအတွက် သူတို့ရဲ့ ဘဝတွေကို တိုးတက်စေဖို့ အကောင်းဆုံးနည်းလမ်းကတော့ မိသားစု ကောင်းကောင်း တစ်ခုကို လက်ထပ်ပြီး၊ ခင်ပွန်းနဲ့ သားသမီးတွေအတွက် ဘဝကို ပေးဆပ်ဖို့ပါပဲ”
“ဒါပေမဲ့ ခင်ပွန်းသေဆုံးပြီး သားသမီးတွေလည်း ဆုံးရှုံးသွားပြီဆိုရင်တော့ အရာအားလုံးက အစက ပြန်စရသလို ဖြစ်သွားတာပဲ။ စစ်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတဲ့ ဒီခေတ်ကြီးထဲမှာ အဲဒီလို အခြေအနေတွေက မရှားပါဘူး။ ဒါကြောင့် အမျိုးသမီး အများအပြားဟာ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းမှု နည်းလမ်းတွေ ဆုံးရှုံးပြီး ဘဝကို ခက်ခဲကြမ်းတမ်းစွာ ဖြတ်သန်းနေကြရပါတယ်”
လင်းပိုင်ဖန် နှင့် အခြားသူများက စိတ်ဝင်တစား နားထောင်ရင်း မသိစိတ်ကနေ သဘောတူညီစွာ ခေါင်းညှိတ်လိုက်ကြသည်။
“အသက်ရှင်သန်ဖို့အတွက် အမျိုးသမီး အများအပြားဟာ ငွေအတွက် ခန္ဓာကိုယ်ကို ရောင်းစားနေရတဲ့ အလုပ်ကိုပဲ ရွေးချယ်စရာ ရှိပါတော့တယ်။ ဒါပေမဲ့ ရွေးချယ်ခွင့်သာ ရှိမယ်ဆိုရင် ဘယ်လို ဂုဏ်သိက္ခာရှိတဲ့ အမျိုးသမီးကမှ ဒီလိုဘဝမျိုးကို လိုချင်ပါ့မလဲ။ သူတို့က လုံးဝ လိုအပ်ေနလို့သာ လုပ်နေရတာပါ”
ဝမ်ရှန်ကျန်း က လင်းပိုင်ဖန် ဘက်သို့ လှည့်ပြီး- “အရှင်မင်းကြီးက ပြည့်တန်ဆာအိမ်တွေကို ပိတ်လိုက်တာဟာ ကောင်းတဲ့ အလုပ်တစ်ခုပါပဲ။ ဒါပေမဲ့ ပြည့်တန်ဆာအိမ်တွေ မရှိတော့ဘူးဆိုရင် ဒီအမျိုးသမီးတွေ ဘယ်သွားကြမလဲ။ သူတို့တွေ အသက်ရှင်သန်ဖို့ တခြားနည်းလမ်းတွေ ရှိပါ့မလား”
အမျိုးသမီးတစ်ဦးအနေဖြင့် ချိုင်ယွီရှင်း မှာလည်း သက်ပြင်းမချဘဲ မနေနိုင်ခဲ့ပေ။
အမျိုးသမီးတစ်ဦးအနေဖြင့် သူမသည် အမျိုးသမီးများကို အကောင်းဆုံး နားလည်သည်။
သူမက အောက်ခြေက အမျိုးသမီးများ၏ ဒုက္ခကို မြင်နိုင်သော်လည်း ကူညီရန် စွမ်းအားမရှိဘဲ ဖြစ်နေသည်။
အမျိုးသမီးများသည် လယ်ယာလုပ်ခြင်း၊ အလုပ်ကြမ်းလုပ်ခြင်း သို့မဟုတ် တိုက်ခိုက်ခြင်းတို့တွင် အမျိုးသားများကဲ့သို့ မသင့်တော်ပေ။
အမျိုးသားများအတွက်ပင် ဘဝသည် ခက်ခဲနေပါက အမျိုးသမီးများအတွက် ဘယ်လောက်တောင် ဆိုးလိုက်မလဲ။
“အရှင်မင်းကြီး၊ ဖြစ်နိုင်ရင် သူတို့ကို ကူညီပေးပါဦး။ ဘာပဲဖြစ်ဖြစ် သူတို့ဘဝတွေက မလွယ်ကူနေဘူး”
“မိဖုရား ပြောတာ မှန်တယ်။ တကယ်တော့ ငါ့မှာ အဖြေတစ်ခု ရှိနေတာ ကြာပြီ။ အခုတော့ အကောင်အထည်ဖော်ဖို့ အချိန်တန်ပြီ” ဟု လင်းပိုင်ဖန် က ပြောလိုက်သည်။
“အဖြေက ဘာလဲ” ဟု အမျိုးသမီးနှစ်ဦးလုံးက တစ်ပြိုင်နက်တည်း မေးလိုက်သည်။
“အမျိုးသမီးတိုင်းမှာ အပ်ချုပ်အတတ်ပညာကို တတ်မြောက်ကြမယ်လို့ ထင်တယ်။ ဒါကြောင့် ငါကိုယ်တော်က အထည်အလိပ်လုပ်ငန်းကို ဖွင့်လှစ်ဖို့ စီစဉ်ထားတယ်။ နိုင်ငံတစ်ဝန်းမှာ ရှိတဲ့ အမျိုးသမီးတွေကို စည်းရုံးပြီး ပိုးစာပင် စိုက်ပျိုးဖို့၊ ပိုးကောင် မွေးမြူဖို့၊ အထည်ရက်လုပ်ဖို့နဲ့ အဝတ်ချုပ်ဖို့ စီစဉ်ထားတယ်။ အလုပ်ရှိလာပြီဆိုရင် သူတို့ကိုယ်သူတို့ ထောက်ပံ့နိုင်ကြလိမ့်မယ်” ဟု လင်းပိုင်ဖန် က ပြုံးလျက် ပြောလိုက်သည်။
“အရှင်မင်းကြီးရဲ့ ဉာဏ်ပညာ ကြီးမားလှပါပေတယ်” ဟု အမျိုးသမီးနှစ်ဦးလုံးက တစ်ပြိုင်နက်တည်း မြှောက်ပင့်လိုက်ကြသည်။
နန်းတော်သို့ ပြန်ရောက်သောအခါ လင်းပိုင်ဖန်က အထည်အလိပ်လုပ်ငန်း ဖွင့်လှစ်ရန် ချက်ချင်း အမိန့်ထုတ်ပြန်ခဲ့ပြီး၊ အမျိုးသမီး အလုပ်သမားများအား ပိုးစာပင် စိုက်ပျိုးရန်၊ ပိုးကောင် မွေးမြူရန်၊ အထည်ရက်လုပ်ရန်နှင့် အဝတ်ချုပ်ရန် ခေါ်ယူခဲ့သည်။
ပိုးမွေးမြူရေး လုပ်ငန်းကို လုပ်ကိုင်သရွေ့ ဧကရာဇ်နန်းတော်မှ ထောက်ပံ့ကြေးကို လက်ခံရရှိမည်ဖြစ်သည်။
အထည်ရက်လုပ်ပြီး အဝတ်ချုပ်နိုင်သရွေ့ ဧကရာဇ်နန်းတော်မှ ထုတ်လုပ်သမျှကို ပေါက်ဈေးအတိုင်း ကန့်သတ်ချက်မရှိဘဲ ဝယ်ယူမည်ဖြစ်သည်။
ကိရိယာများ မရှိပါက ဧကရာဇ်နန်းတော်မှ တည်ထောင်ထားသော အထည်အလိပ် စက်ရုံတွင်လည်း အလုပ်လုပ်နိုင်သည်။
အခြေခံသဘောတရားကတော့ အတူတူပဲဖြစ်သည်။ ပိုလုပ်လေ၊ ပိုရလေဖြစ်သည်။
လုပ်ခများကလည်း မနိမ့်ကျပေ။ ပုံမှန်အတိုင်း လုပ်မယ်ဆိုရင် တစ်လတွင် ဝမ် ၂၀၀ ဝင်ငွေရနိုင်သည်။
ပိုကောင်းအောင် လုပ်ကိုင်နိုင်ရင်လည်း ကော်မရှင်ခတွေပါ ရှိသေးသည်။
ဧကရာဇ်အမိန့် ထုတ်ပြန်လိုက်တဲ့အခါ မဟာရှနိုင်ငံတော်က အမျိုးသမီးတွေ စိတ်လှုပ်ရှား လာခဲ့ကြသည်။
ဘယ်သူက ပိုက်ဆံ မရှာချင်ဘဲ နေမှာလဲ။
ဘယ်သူက ဘဝကို ပိုကောင်းအောင် မကြိုးစားချင်ဘဲ နေမှာလဲ။
အခုလို ရှားပါးတဲ့ အခွင့်အရေး ရောက်လာတော့ အမျိုးသမီး အများအပြားက စာရင်းပေးခဲ့ကြသည်။
အမျိုးသားရှိတဲ့ အမျိုးသမီး အများအပြားကလည်း တခြားအမျိုးသမီးတွေကို ပိုက်ဆံ ပိုရှာနိုင်ဖို့အတွက် စာရင်းပေးသွင်းဖို့ တိုက်တွန်းခဲ့ကြသည်။
ဒါကြောင့် ဒီကိစ္စဟာ မဟာရှနိုင်ငံတော် တစ်ဝန်းလုံးမှာ စိတ်လှုပ်ရှားစရာ ဖြစ်ရပ်တစ်ခု ဖြစ်လာခဲ့သည်။
ဒါပေမဲ့ လူအများအပြားကတော့ ဒီကိစ္စကို လှောင်ပြောင်နေခဲ့သည်။
“အဲဒီ မိုက်မဲတဲ့ ဧကရာဇ်မှာ နောက်ထပ် အဓိပ္ပာယ်မရှိတဲ့ အကြံတစ်ခု ထွက်ပေါ်လာပြန်ပြီ။ အမျိုးသမီးတွေကို အလုပ်ရှိဖို့ အထည်အလိပ် လုပ်ငန်းကို ဖွင့်လိုက်တယ်”
“ငါ ကြားတာကတော့ စာရင်းပေးထားတဲ့ အမျိုးသမီး ၅၀၀,၀၀၀ ရှိနေပြီတဲ့”
“ပြီးတော့ လုပ်ခတွေကလည်း အရမ်းမြင့်တယ်။ တစ်လကို စုစုပေါင်း ငွေတေး ၁၀၀,၀၀၀ ပေးနေရတယ်တဲ့။ အရမ်းကို အလေအလွင့် များတာပဲ။ ဘယ်ဧကရာဇ်ကများ ဒီလိုလုပ်ရဲလို့လဲ။ သူ့ကိုယ်သူ ဖျက်စီးပစ်လိုက်သလို ဖြစ်သွားမှာကို မကြောက်ဘူးလား”
“ငါ ကြားတာကတော့ သူက မိဖုရားတစ်ပါးရဲ့ ပြောစကားကို နားထောင်ပြီး ဒီလို ရူးသွပ်တဲ့ ဆုံးဖြတ်ချက်ကို ချလိုက်တာတဲ့”
“ဟုတ်တာပေါ့၊ သူက နိုင်ငံတော်ထက် မိန်းမလှကို ပိုချစ်တဲ့ မိုက်မဲတဲ့ ဧကရာဇ်ပဲလေ”
“ငါ့မှာ မေးခွန်းတစ်ခုပဲ ရှိတယ်၊ သူ အခု ထုတ်လုပ်နေတဲ့ အဲ့ဒီအဝတ်အစားတွေ အားလုံးကို ဘာလုပ်ဖို့ ရည်ရွယ်ထားတာလဲ”
အလွန်အမင်း ရေပန်းစားလာမှုကြောင့် အခြေအနေက အနည်းငယ် ထိန်းမနိုင်သိမ်းမရ ဖြစ်သွားပြီး တာဝန်ရှိ အရာရှိ ဟီရှန်း က လင်းပိုင်ဖန် ထံ အစီရင်ခံရန် ရောက်လာခဲ့သည်။
“အရှင်မင်းကြီး၊ စာရင်းပေးသွင်းထားတဲ့ အမျိုးသမီး အရေအတွက်က ၅၀၀,၀၀၀ ကျော်သွားပါပြီ။ ဒါက နည်းတဲ့ အရေအတွက် မဟုတ်ပါဘူး။ ကျွန်တော်မျိုးတို့ တစ်လကို ပေးရတဲ့ လုပ်ခတွေက ငွေးတေး ၁၀၀,၀၀၀ ကျော်နေပါတယ်။ တစ်နှစ်ကိုဆိုရင် ငွေတေး ၁.၂ သန်း ဖြစ်သွားပါလိမ့်မယ်။ ကျွန်တော်မျိုးတို့မှာ ငွေလိုအပ်တဲ့ တခြားစီမံကိန်းတွေ အများကြီး ရှိသေးပြီးတော့၊ နိုင်ငံတော်ဘဏ္ဍာတိုက်ကလည်း ဖိအားတွေ ရှိနေပါတယ်။ ကျွန်တော်မျိုးတို့ ဒါကို ရပ်လိုက်သင့်ပါသလား”
လင်းပိုင်ဖန်က လက်ကို ဝှေ့ယမ်းလိုက်ပြီး- “ရပ်ဖို့ မလိုဘူး။ ဆက်ပြီး ခေါ်ယူနေပါ။ လာသမျှကို ငါတို့ လက်ခံမယ်”
ဟီရှန်း က စိုးရိမ်တကြီးဖြင့်- “ဒါပေမဲ့ အရှင်မင်းကြီး၊ မရပ်ဘူးဆိုရင် စာရင်းသွင်းတဲ့သူ အရေအတွက်က တိုးလာနေမှာပါ။ ကျွန်တော်မျိုး ခန့်မှန်းရတာကတော့ နောက်ဆုံးမှာ ၁ သန်းကျော်သွားနိုင်ပါတယ်။ နိုင်ငံတော်ရဲ့ ဘဏ္ဍာက အဲ့လောက်ထိ တကယ် မတတ်နိုင်ပါဘူး”
လင်းပိုင်ဖန် ယုံကြည်ချက်ရှိစွာြဖင့်- “ဘယ်သူက မတတ်နိုင်ဘူးလို့ ပြောလဲ။ ငါကိုယ်တော်မှာ ပိုက်ဆံ အများကြီး ရှိတယ်။ ငါကိုယ်တော် ဒီကိစ္စမှာ သုံးမယ်လို့ စိတ်ကူးတယ်။ ငါ့ကိုယ်ပိုင် ငွေတွေနဲ့ ကမ္ဘာပေါ်က အမျိုးသမီး အားလုံးကို ထောက်ပံ့ချင်တယ်”
ဟီရှန်းခင်ဗျာ စိုးရိမ်လွန်ပြီး ချွေးများ တပြိုင်နက်တည်း ကျလာခဲ့သည်- “ဒါပေမဲ့ အဝတ်အစားတွေ အများကြီး ထုတ်လုပ်ပြီး ဘာအကျိုးရှိမှာလဲ။ ကျွန်တော်မျိုးတို့ နန်းတော်က အဲဒီလောက် အများကြီး မလိုပါဘူး”
“အရေးမကြီးဘူး။ လိုအပ်ရင် နှစ်သစ်ကူးကာလမှာ သာမန်ပြည်သူတွေကို ငါကိုယ်တော်က ပေးတဲ့ လက်ဆောင်အဖြစ်၊ မဟာရှ နိုင်ငံသားတွေအတွက် လူမှုဖူလုံရေး လက်ဆောင်အဖြစ် ဝေငှပေးလိုက်လို့ ရတာပဲ” ဟု လင်းပိုင်ဖန်က ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။
ဟီရှန်း- “F**k”
သူ့ခင်ဗျာ လုံးဝ စိတ်ပျက်သွားခဲ့သည်။
အရင်က သတ္တုတွေ တူးဖော်ခြင်း၊ မြေရိုင်းတွေ ပြန်လည်ရယူခြင်းနဲ့ တူးမြောင်းများ တူးဖော်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ဘဏ္ဍာရေး ပြဿနာတွေကို ဘိလပ်မြေအိမ်တွေ ဆောက်လုပ်ပြီး အနိုင်နိုင် ဖြေရှင်းခဲ့ရပြီး၊ အခုတော့ နောက်ထပ် သေစေလောက်တဲ့ လှုပ်ရှားမှုတစ်ခုကို လုပ်ချလိုက်ပြန်ပြီ။
အရှင်မင်းကြီးဟာ မဟာရှ နိုင်ငံတော်ကို ဓားနဲ့ထိုးနေတာ မဟုတ်ဘဲ၊ သူ့ရဲ့ နှလုံးသားကို ထိုးနေတာဖြစ်သည်။
ဘယ်ဧကရာဇ်ကများ ဒီလိုမျိုး ပိုက်ဆံတွေကို ပေါပေါလောလော သုံးဖြုန်းတဲ့ အလုပ်မျိုး လုပ်ပါ့မလဲ။
ကျွန်တော် ဟီရှန်းရဲ့ ဘဝက ဘာလို့ ဒီလို ဧကရာဇ်မျိုးနဲ့မှ လာကြုံရတာလဲ။
ထိုအချိန်တွင် လင်းပိုင်ဖန်က လက်ကိုဝှေ့ယမ်းလိုက်ပြီး– “အမတ်ကြီး၊ ဆက်လုပ်ပါ။ ငါကိုယ်တော် မောင်မင်းရဲ့ စွမ်းရည်ကို ယုံကြည်တယ်”
ဟီရှန်းက ရုန်းကန်ပြောဆိုလိုက်သည်- “အရှင်မင်းကြီး၊ ဒီကိစ္စကို နည်းနည်းလောက် ထပ်ဆွေးနွေးလို့ရမလား”
“ထပ်ဆွေးနွေးဖို့ မလိုဘူး။ ဒါက ဆုံးဖြတ်ချက်ပဲ။ ငါကိုယ်တော် မိဖုရားကို သွားတွေ့တော့မယ်။ မောင်မင်း ပြန်လို့ရပြီ”
ဟီရှန်း-“….”
အထည်အလိပ်စက်ရုံတွင် အလုပ်များဖြင့် ရှုပ်ယှက်ခက်နေခဲ့သည်။ ဟီရှန်းခင်ဗျာ မြေကို မထိနိုင်လောက်အောင်ပင် အလုပ်များနေချိန်တွင် လင်းပိုင်ဖန်ကတော့ သူ၏ မိဖုရားနှင့်အတူ အားကျစရာကောင်းသော ဘဝကို ဖြတ်သန်းနေသည်။
အဲ့ဒီအချိန်တွင် ချိုင်ယွီရှင်း ရောက်လာပြီး- “အရှင်မင်းကြီး၊ တိုင်ပင်စရာ တစ်ခု ရှိပါတယ်”
“ဘာကိစ္စလဲ” ဟု လင်းပိုင်ဖန် က မေးလိုက်သည်။
“အရှင်မင်းကြီး၊ ကြည့်ပါဦး။ အမျိုးသမီးတွေတောင် အလုပ်စလုပ်နေကြပြီဆိုတော့ ကျွန်မတို့ စစ်တပ်က အမျိုးသမီး စစ်သားတွေကိုပါ စဉ်းစားပြီး ခေါ်ယူသင့်တယ် မဟုတ်လား။ ဒါက အောက်ခြေက အမျိုးသမီးတွေအတွက် နောက်ထပ် အသက်မွေးဝမ်းကျောင်းမှု တစ်ခုကို ပေးနိုင်ပါလိမ့်မယ်” ဟု ချိုင်ယွီရှင်း က သူမ၏ မျက်လုံးကြီးများကို မျှော်လင့်ချက် အပြည့်ဖြင့် မျက်တောင် တဖျက်ဖျက်ခပ်ပြလိုက်သည်။
လင်းပိုင်ဖန်ခင်ဗျာ အံ့သြသွားပြီး- “မင်းက အမျိုးသမီး စစ်သားတွေကို ခေါ်ယူချင်တာလား”
“ခေါ်ယူလို့ မရဘူးလား၊ အရှင်မင်းကြီး” ချိုင်ယွီရှင်း က လင်းပိုင်ဖန် ၏ လက်မောင်းတစ်ဖက်ကို တွယ်ကပ်ပြီး နူးညံ့သောအသံဖြင့် မေးလိုက်သည်။
လင်းပိုင်ဖန်က ခေါင်းခါလိုက်ကာ- “မရဘူး။ အမျိုးသမီးတွေက အမျိုးသားတွေလောက် တိုက်ပွဲအတွက် မသင့်တော်ဘူး။ မင်းလိုမျိုး သိုင်းပညာရှင် မဟုတ်ရင် အမျိုးသမီးသုံးယောက်က အမျိုးသားတစ်ယောက်ကိုတောင် အနိုင်ယူနိုင်မှာ မဟုတ်ဘူး။ အမျိုးသမီး စစ်သားတွေ ခေါ်ယူတာက ဟာသတစ်ခု ဖြစ်သွားလိမ့်မယ်။ ရှေးခေတ်ကနေ ယခုအချိန်အထိ အမျိုးသမီး စစ်သားတွေရဲ့ စံနမူနာ မရှိခဲ့ဖူးဘူး”
“ဘာလို့ မရနိုင်ရမှာလဲ။ ငါ့ကို ကြည့်ပါဦး၊ ဗိုလ်ချုပ်ဖြစ်မလာဘူးလား” ဟု ချိုင်ယုရှင်း က ပြန်ပြောလိုက်သည်။
“ဒါက မင်းမှာ ချီဖွဲ့တည်ခြင်းအဆင့် ခွန်အားရှိလို့ပဲ၊ ပြီးတော့ မင်းရဲ့ ဖခင်က လက်ရှိ စစ်သူကြီးချုပ် ဖြစ်နေတာနဲ့၊ ငါ့ရဲ့ အထောက်အပံ့ ရှိနေလို့ မင်း ဒီရာထူးကို ရနိုင်တာ။ ဒီလိုမှ မဟုတ်ရင် တခြားသူနဲ့ လဲပြီး စမ်းကြည့်လိုက်ပါလား” ဟု လင်းပိုင်ဖန် က ပြောလိုက်သည်။
“ခွန်အားနဲ့ ပတ်သတ်တဲ့ ပြဿနာအတွက်တော့ စိတ်မပူပါနဲ့။ ငါက သိုင်းပညာ ပါရမီပါတဲ့ အမျိုးသမီးတွေကို ရွေးချယ်ပြီး သူတို့ကို အသက်ရှုခြင်းနဲ့ စွမ်းအင်လည်ပတ်ခြင်း နည်းစနစ်တွေကို သင်ပေးလိုက်မယ်။ လေ့ကျင့်ပြီးရင် သူတို့က အမျိုးသားတွေထက် မည်သည့်နည်းနှင့်မျှ မညံ့ဘဲ ပိုတောင် သန်မာလာနိုင်သေးတယ်”
“ဘယ်လိုမှ အလုပ်ဖြစ်မှာ မဟုတ်ဘူး။ ငါ့ရဲ့ နိုင်ငံနဲ့ ပတ်သတ်ပြီး ငါ ဟာသလုပ်မှာ မဟုတ်ဘူး” လင်းပိုင်ဖန် က ခေါင်းခါလိုက်သည်။
ချိုင်ယွီရှင်း ၏ အကြည့်က ပိုမို ပြင်းထန်လာပြီး အန္တရာယ်များဖြင့် ပြည့်နှက်လာခဲ့သည်။ သူမက “တကယ်ကြီး ငြင်းဆန်တော့မှာလား” ဟု မေးလိုက်သည်။
“ငါ တကယ် ငြင်းဆန်တယ်” ဟု လင်းပိုင်ဖန် က ပြောလိုက်သည်။
ချိုင်ယွီရှင်းသည် ဒေါသများဖြင့် တုန်ယင်လာပြီး-“ငါ့ကို အတင်းအကျပ် လက်ပါလာအောင် မလုပ်နဲ့”
လင်းပိုင်ဖန်က မထီမဲ့မြင် ပြန်ပြောလိုက်သည်- “လက်ပါရင်တောင် ငါ ကြောက်မှာမဟုတ်ဘူး”
ချိုင်ယွီရှင်းက ဒေါသဖြင့် တုန်ယင်သွားပြီး- “ကောင်းပြီ။ မှတ်ထား၊ ဒါကို မင်း တောင်းဆိုတာပဲ”
ထိုသို့ပြောပြီး သူမသည် လင်းပိုင်ဖန် ကို သစ်တောငယ်ထဲသို့ ဆွဲခေါ်သွားလိုက်သည်။
လက်ဖက်ရည်တစ်ခွက် သောက်ချိန်ခန့် ကြာပြီးနောက် သူတို့နှစ်ဦးလုံး ပြန်ထွက်လာကြသည်။
လင်းပိုင်ဖန်၏ မျက်နှာသည် သွေးများ စီးကျနေသကဲ့သို့ နီရဲနေပြီး နှုတ်ခမ်းနီ အမှတ်အသားများဖြင့် ဖုံးလွှမ်းနေသည်။
ချိုင်ယွီရှင်း ၏ မျက်နှာသည်လည်း အလားတူ နီရဲနေပြီး ရှက်ရွံ့မှုတို့ဖြင့် ပြည့်နှက်နေသည်။
“အရှင်မင်းကြီး ကတိပေးပြီးသားနော်၊ စကားကို ပြန်မရုတ်သိမ်းရဘူး”
“စိတ်ချပါ။ ငါက နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာပိုင်ပဲ။ ငါ့စကားက ရွှေလို တန်ဖိုးရှိပြီး ကျောက်စိမ်းလို လှပတယ်။ ငါ လုံးဝ ကတိကို ဖျက်မှာမဟုတ်ဘူး”
အပိုင်း (၉၉)
နီရဲနေသော မျက်နှာဖြင့် လင်းပိုင်ဖန်က လေးနက်စွာ ပြောလိုက်သည်- " ငါသဘောတူလိုက်ပေမယ့်လည်း ပြည်သူလူထုဘက်မှ သိသိသာသာ ဆန့်ကျင်မှုတွေ ရှိလာနိုင်တယ်။ ဒါ့ကြောင့် ငါ့အနေနဲ့ အခြေအနေ တစ်ချို့ကို သတ်မှတ်မှရမယ်၊ ဒါကို နားလည်ပေးလိမ့်မယ်လို့ မျှော်လင့်တယ်"
ချိုင်ယွီရှင်းက- "နားလည်ပါတယ်၊ ဆက်ပြောပါ" ဟု လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
"ပထမအချက်၊ ဒါက ပထမဆုံး စမ်းသပ်မှု ဖြစ်တဲ့အတွက် တိုက်ခိုက်ရေးစွမ်းရည်က ဘယ်လိုရှိမလဲဆိုတာ မသိနိုင်သေးဘူး။ ဒါကြောင့် ပထမအကြိမ်အနေနဲ့ တပ်သား ၃,၀၀၀ သာ စုဆောင်းနိုင်တယ်။ နောင်အနာဂတ်မှာ အမျိုးသမီး စစ်သည်တွေရဲ့ အရေအတွက်က အခြေအနေတွေ အပေါ်ပဲ မူတည်လိမ့်မယ်"
ချိုင်ယွီရှင်းက တွေဝေခြင်းမရှိဘဲ "ကောင်းပြီ၊ ၃,၀၀၀ ပဲ စုဆောင်းမယ်" ဟု တုံ့ပြန်လိုက်သည်။
"ဒုတိယအချက်၊ အိမ်ထောင်သည် အမျိုးသမီးတွေကို မစုဆောင်းရဘူး။ သူတို့က သားသမီးတွေကို မွေးထုတ်ပေးရဦးမယ်"
ချိုင်ယွီရှင်းက ထပ်မံခေါင်းညှိတ်လိုက်သည်။ "ပြဿနာမရှိဘူး"
"တတိယအချက်၊ အသက်ငယ်တဲ့ သူတွေကို စုဆောင်းတာ အကောင်းဆုံးပဲ။ အမျိုးသမီးတွေရဲ့ တိုက်ခိုက်ရေးစွမ်းအားက အရင်းခံအားဖြင့် အားနည်းတယ်၊ အသက်ကြီးတဲ့ သူတွေကို စုဆောင်းရင် တိုက်ခိုက်နိုင်စွမ်းက ပိုနည်းလိမ့်မယ်"
ချိုင်ယွီရှင်းက "အဲဒါကို ကျွန်မကို ပြောစရာမလိုပါဘူး၊ ကျွန်မသိပြီးသားပါ" ဟု ဆိုလိုက်သည်။
"စတုတ္ထအချက်၊ လှပတဲ့ သူတွေကို စုဆောင်းတာ အကောင်းဆုံးပဲ"
ချိုင်ယွီရှင်း- “…..”
"ဒီလိုဆိုရင် စစ်မြေပြင်ကို မသွားနိုင်ရင်တောင်မှ နန်းတော်ကို စောင့်ရှောက်ဖို့ ခန့်အပ်ထားနိုင်တယ်" ဟု လင်းပိုင်ဖန်၏ မျက်လုံးများက အရောင်တောက်ပလာကာ ပြောလိုက်သည်။
ချိုင်ယွီရှင်း ဒေါသထွက်သွားပြီး-" ရှင်က အမျိုးသမီးစစ်သည်တွေ စုဆောင်းနေတာလား၊ ဒါမှမဟုတ် ရှင့်အတွက် မိဖုရားတွေ ရှာနေတာလား။ ပယ်ချတယ်"
လင်းပိုင်ဖန်၏ ခွင့်ပြုချက်ကို ရရှိပြီးနောက် ချိုင်ယွီရှင်း သည် စိတ်လှုပ်ရှားစွာဖြင့် တော်ဝင်အမိန့်ကို ထုတ်ပြန်ရန် ထွက်ခွာသွားခဲ့သည်။
ထိုအချိန်တွင် လူတိုင်း အံ့အားသင့်သွားခဲ့ကြသည်။
"ဒီ မိုက်မဲတဲ့ဧကရာဇ်က တကယ်ကြီးကို အမျိုးသမီးစစ်သည်တွေ စုဆောင်းနေတာလား"
"အဲ့ဒီအမျိုးသမီးတွေက ဘယ်လိုလုပ် စစ်ပွဲတွေကို တိုက်နိုင်မှာလဲ၊ သူတို့က လက်နက်တောင်မှ ကိုင်နိုင်ပါ့မလား၊ သံချပ်ဝတ်စုံနဲ့ရော ကိုက်ညီပါ့မလား။ သူတို့က အိမ်မှာနေပြီး ခင်ပွန်းကို ထောက်ပံ့၊ သားသမီးတွေကို ဆုံးမတာက ပိုကောင်းဦးမယ်"
"ဟုတ်တယ်! အမျိုးသမီးတွေ စစ်တိုက်တဲ့ အစဉ်အလာ တစ်ခါမှ မရှိခဲ့ဘူး။ ဒီ မိုက်မဲတဲ့ ဧကရာဇ်က ပေါက်ကရတွေကို ဆက်တိုက် လုပ်နေတာပဲ"
"မိုက်မဲတဲ့ ဧကရာဇ်က ချိုင်ယွီရှင်းကို စိတ်ကျေနပ်အောင်လို့ အမျိုးသမီးစစ်သည်တွေ စုဆောင်းဖို့ သဘောတူခဲ့တာလို့ ကြားတယ်"
"သိသားပဲ၊ မိုက်မဲတဲ့ ဧကရာဇ်ပဲ ဒီလိုလုပ်မှာ"
လူအများစုက ဒီကိစ္စကို ဟာသ အဖြစ်သာ သဘောထားခဲ့ကြသည်။
ဒါ့အပြင် အမျိုးသမီး အရေအတွက်က အလွန် နည်းပါးတာကြောင့် လက်မှတ်ထိုး စာရင်းပေးသွင်းသူ လုံးဝနီးပါး မရှိသလောက်ပင်ဖြစ်သည်။
နောက်ဆုံးတွင်၊ စစ်ပွဲတွင် တိုက်ခိုက်ခြင်းက ယောက်ျားသားများ၏ ကိစ္စသာ ဖြစ်ပြီး အမျိုးသမီးများနှင့် မသက်ဆိုင်ဟူသော အစဉ်အလာ အယူအဆက ရှေးကတည်းက ရှိခဲ့တာ ဖြစ်သည်။ သူတို့တွင်လည်း အလုပ်အကိုင် ကောင်းများ ရှိနေကြပြီဖြစ်၍ ငွေအတွက် အန္တရာယ်ကြားတဲ့ ဝင်ရန် မလိုအပ်ပေ။
စိတ်အားထက်သန်နေသော ချိုင်ယွီရှင်းခင်ဗျာ ရေခဲရေပုံးနှင့် လောင်းချခံလိုက်ရသလို ခံစားလိုက်ရသည်။
သို့သော်လည်း သူမသည် အလွယ်တကူ အရှုံးမပေးဘဲ လင်းပိုင်ဖန်ထံ သွားရောက်ကာ "နည်းလမ်းလေးများ မရှိဘူးလား" ဟု မေးခဲ့သည်။
"ငါ့မှာ ဘာနည်းလမ်း ရှိနိုင်မှာလဲ" ဟု လင်းပိုင်ဖန်က လက်ဖက်ရည် သောက်ရင်း ပြောလိုက်သည်။
‘ခေတ်သစ်လူ့အဖွဲ့အစည်းမှာတောင် တန်းတူညီမျှမှုက တွင်ကျယ်နေပြီး လူထု့ရဲ့ အတွေးအခေါ်တွေက တိုးတက်နေသော်လည်းပဲ အမျိုးသမီးစစ်သည်တွေက အမျိုးသားစစ်သည်တွေထက် အများကြီး နည်းပါးနေဆဲပါပဲ’
‘အမျိုးသမီးတွေက စစ်ပွဲအတွက် တကယ်ကို အဆင်မပြေပေ"
"တကယ်ပဲ နည်းလမ်းမရှိတော့ဘူးလား" ဟု ချိုင်ယွီရှင်းက အရှုံးမပေးသေးဘဲ မေးလိုက်သည်။
"နည်းလမ်းတော့ရှိတယ်။ ဒါပေမယ့် ငါက အလွယ်တကူ ပြောပြမယ်လို့ ထင်လား" ဟု လင်းပိုင်ဖန်က ပြုံးကာ မေးလိုက်သည်။
ချိုင်ယွီရှင်းက ဒေါသထွက်လာပြီး- "တော်လောက်ပြီ၊ ငါ့ကို လက်ပါလာအောင် မလုပ်နဲ့"
လင်းပိုင်ဖန်လည်း ဒေါသထွက်လာကာ- "လာခဲ့လေ၊ ငါက မင်းကို ကြောက်မယ်ထင်နေလား"
ခဏအကြာတွင် မျက်နှာနီမြန်းနေသော လင်းပိုင်ဖန်က တည်ငြိမ်စွာဖြင့် "တကယ်တော့ အမျိုးသမီးစစ်သည် စုဆောင်းတာက မခက်ပါဘူး။ ငါ့မှာ နည်းဗျူဟာ သုံးမျိုး ရှိတယ်- အမြင့်ဆုံး၊ အလယ်အလတ်၊ အနိမ့်ဆုံး ဆိုပြီးရှိတယ်"
ချိုင်ယွီရှင်းက အံ့အားသင့်သွားပြီး နည်းလမ်း သုံးခု တောင် ရှိနေတာလား။
သူမက စိတ်လှုပ်ရှားစွာဖြင့် "မြန်မြန်ပြောပါ" ဟု မေးလိုက်သည်။
"ပထမအချက်က အမြင့်ဆုံး နည်းဗျူဟာပဲ။ ဒီနည်းက အရှင်းဆုံး၊ အလက်တွေ့အကျဆုံးနဲ့ ချက်ချင်းကို အကျိုးသက်ရောက်မှု ရှိတယ်"
ချိုင်ယွီရှင်းက ပို၍ပင် စိတ်လှုပ်ရှားလာပြီး- "အင်း၊ အင်း၊ ဆက်ပြောပါ"
လင်းပိုင်ဖန်က လက်ညှိုးကို ထောင်လိုက်ပြီး အနည်းငယ် ပြုံးကာ- "မင်းလုပ်ရမှာက ဒီတစ်ကြိမ်စုဆောင်းတဲ့ အမျိုးသမီးစစ်သည်တွေက ဧကရာဇ်ရဲ့ သီးသန့်အစောင့်တွေ ဖြစ်ပြီး၊ အရှင်မင်းကြီးကိုယ်တိုင် စိစစ်အတည်ပြုမယ်လို့ ကြေညာလိုက်ပါ။ သူတို့ထဲက တစ်ယောက်ယောက်ကို အရှင်မင်းကြီးက သဘောကျရင် နန်းတော်ထဲဝင်ပြီး မိဖုရားဖြစ်ခွင့် ရနိုင်မယ်"
ချိုင်ယွီရှင်း- “…”
လင်းပိုင်ဖန်က "ဒီလိုဆိုရင် ငါ့ရဲ့ မိဖုရားဖြစ်ခွင့်ရဖို့ အခွင့်အရေးအတွက် ပိုးဖလံတွေ မီးကို တိုးသလိုမျိုး၊ တားမရဆီးမရ၊ အစုလိုက်အပြုံလိုက် စာရင်းပေးကြလိမ့်မယ်၊ ဟား…ဟား" ဟု ဂုဏ်ယူစွာ ရယ်မောလိုက်သည်။
ချိုင်ယွီရှင်း- “….”
ခဏအကြာ-
လင်းပိုင်ဖန်- "အား…နာတယ်"
ချိုင်ယွီရှင်းသည် စိတ်အနှောက်အယှက် ဖြစ်လာပြီး " အရေးကြီးတဲ့ ကိစ္စကို ပြောပါ" ဟု ဆိုလိုက်သည်။
"ကောင်းပြီ၊ ဒါဆို အလယ်အလတ် နည်းဗျူဟာကို ဆွေးနွေးကြစို့"
လင်းပိုင်ဖန်က ချောင်းဟန့်လိုက်ပြီး- "သူတို့ကို သွားပြောပါ။ စစ်တပ်ထဲဝင်ပြီး စစ်တိုက်ရင်၊ အရာရှိအဖြစ် နန်းတော်ထဲဝင်ခွင့် ရနိုင်မယ်၊ သာမန်ပြည်သူတွေကိုယ်စား အသနားခံနိုင်မယ်၊ ပြီးတော့ ကံကောင်းထောက်မစွာ အရှင်မင်းကြီး သတိထားမိရင် ကြင်ယာတော်ဖြစ်ခွင့်၊ ဧကရာဇ်နဲ့ အိပ်ရာကို မျှဝေခွင့်နဲ့ တော်ဝင်သားတော်၊ သမီးတော် မွေးဖွားခွင့်တောင် ရနိုင်မယ်လို့"
ချိုင်ယွီရှင်း- “….”
လင်းပိုင်ဖန်က "ဒီလိုဆိုရင် ငါနဲ့အတူ နေဖို့ အခွင့်အရေးအတွက် ပိုးဖလံတွေ မီးကို တိုးသလိုမျိုး၊ တားမရဆီးမရ၊ အစုလိုက်အပြုံလိုက် စာရင်းပေးကြလိမ့်မယ်၊ ဟား…ဟား" ဟု ဂုဏ်ယူစွာ ရယ်မောလိုက်သည်။
ချိုင်ယွီရှင်း- “…..”
ခဏအကြာ
လင်းပိုင်ဖန်- "အား…နာတယ်"
ချိုင်ယွီရှင်းခင်ဗျာ ဒေါသထွက်လာခဲ့သည်။ "ငါက အရေးကြီးတဲ့ ကိစ္စ ပြောခိုင်းတာ၊ ဘာလို့ ရှင်က ဘယ်တော့မှ အလေးအနက် မရှိနေတာလဲ"
လင်းပိုင်ဖန်က မတရားသလို ခံစားလိုက်ရသည်။ "ငါက ဘာလို့ အလေးအနက် မရှိရမှာလဲ၊ မင်းအတွက် ငါ့ရဲ့ သန့်ရှင်းစင်ကြယ်မှုကို နှစ်ကြိမ်တောင် စတေးခဲ့ပြီးပြီ၊ ကမ္ဘာပေါ်မှာ ဘယ်ဧကရာဇ်က ငါ့လောက် ကိုယ်ကျိုးမဖက်ပဲ ပေးဆပ်နိုင်မှာလဲ"
ချိုင်ယွီရှင်း- “…..”
"မင်းက ကျွန်ုပ်ကို နားမလည်ရုံသာမက ဆူပူကြိမ်းမောင်းပြီး ဆွဲလိမ်သေးတယ်"
ချိုင်ယွီရှင်းက စိတ်ကုန်လက်ပျက်ဖြစ်ကာ နဖူးကို ပွတ်လိုက်သည်။ "ကောင်းပြီ၊ ကောင်းပြီ၊ ငါမှားပါတယ်၊ ငါပဲ တောင်းပန်ပါတယ်။ အခု အဆင်ပြေပြီလား၊ ကျေးဇူးပြုပြီး ရှင့်ရဲ့ ခန္ဓာကိုယ်ကို အသုံးမပြုရတဲ့ နည်းလမ်းတစ်ခု ဆက်ပြီး အကြံပေးပါ"
လင်းပိုင်ဖန်က သူ့ရင်ဘတ်ကို ဖက်ထားလိုက်ပြီး ဝမ်းနည်းတဲ့ လေသံနဲ့ " ငါ နောက်ထပ် စကား မပြောချင်တော့ဘူး။ ကျွန်ုပ် နာကျင်ခဲ့ရတယ်၊ ကျွန်ုပ်ရဲ့ နှလုံးသားက အေးခဲသွားပြီ”
ချိုင်ယွီရှင်း ဒေါသထွက်လာပြီး " ရှင် ပြောမှာလား၊ မပြောဘူးလား၊ ကျွန်မကို လက်ပါလာအောင် ဖိအားမပေးနဲ့"
လင်းပိုင်ဖန်က "မပြောဘူး" ဟု ပြန်ပြောလိုက်ပြီး " မင်း အစွမ်းရှိရင် ငါ့ရဲ့ နှလုံးသားလေးကို အရင် နွေးထွေးအောင် လုပ်ပြီးမှ စကားပြောမယ်"
ချိုင်ယွီရှင်းလည်း ဒေါသထွက်လာြပီး- "ရှင့် စကားကို မှတ်ထား"
လက်ဖက်ရည်တစ်ခွက် သောက်ချိန် ကြာပြီးနောက် လင်းပိုင်ဖန်၏ နှလုံးသားလေးသည် နွေးထွေးသွားခဲ့ပြီး သူ အလွန်ကို အားရကျေနပ်သွားခဲ့သည်။ သူ သက်ပြင်းချလိုက်ကာ "အခုတော့ ငါတို့မှာ နောက်ဆုံး နည်းဗျူဟာပဲ ကျန်တော့တယ်" ဟု ဆိုလိုက်သည်။
ချိုင်ယွီရှင်း၏ လက်များက အချိန်မရွေး ဆွဲလိမ်ရန် အသင့်ဖြစ်နေသည်။
"မဆင်မခြင် မလုပ်နဲ့၊ ဒီတစ်ခါတော့ ငါ အလေးအနက် ပြောနေတာ"
"ဒါဆို မြန်မြန်ပြော"
လင်းပိုင်ဖန်က သက်ပြင်းချကာ "တကယ်တော့၊ အမျိုးသမီးစစ်သည်တွေ စုဆောင်းချင်ရင် အပူအပင် ကင်းရှင်းပြီး ဒုက္ခပေါင်းများစွာကို ကြုံတွေ့ဖူးတဲ့ အမျိုးသမီးတွေကိုသာ ရှာဖွေရမယ်၊ သူတို့ကို ယုံကြည်မှုတွေနဲ့ မျှော်လင့်ချက်တွေ ပေးလိုက်တာနဲ့ မင်းအမိန့်ကို လိုက်နာပြီး အားသွန်ခွန်စိုက် လုပ်ပေးကြလိမ့်မယ်"
ချိုင်ယွီရှင်းသည် လိုအပ်သော အမျိုးသမီး စစ်သည်များကို စုဆောင်းရန်အတွက် ဈေးသို့ စဉ်းစားခန်းဝင်ကာ ထွက်ခွာသွားခဲ့သည်။
ထိုအချိန်တွင်၊ မဟာရှနိုင်ငံမှ မိုင်ပေါင်း တစ်ထောင်အကွာတွင် ဖန်း နိုင်ငံ ဟုခေါ်သော နိုင်ငံငယ်လေးတစ်ခုရှိသည်။
ဤနိုင်ငံသည် နယ်မြေအကျယ်အဝန်း စတုရန်း ကီလိုမီတာ ၂၀၀,၀၀၀ အောက် နှင့် လူဦးရေ ၂ သန်းအောက် သာ ရှိသည်။ ၎င်းသည် နိုင်ငံငယ်များထဲမှ နိုင်ငံငယ်တစ်ခု ဖြစ်သော်လည်း နှစ်ပေါင်းတစ်ရာကျော်ကြာ တည်တံ့ခဲ့သော မင်းဆက်တစ်ခု ရှိသည်။
၎င်း၏ ရေရှည်တည်တံ့မှု၏ အကြောင်းရင်းမှာ ငွေဂိုဏ်း၏ ရုံးချုပ်ကို ထိုနေရာတွင် တည်ထောင်ထားသောကြောင့် ဖြစ်သည်။
ဤနိုင်ငံငယ်လေးသည် ငွေဂိုဏ်း၏ လှိုက်စားခြင်းကို ခံရကာ ရုပ်သေးနိုင်ငံအဖြစ် ပြောင်းလဲသွားခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။
နိုင်ငံက သေးငယ်သော်လည်း ငွေဂိုဏ်းက အားကောင်းနေသောကြောင့် တည်တံ့နေခြင်း ဖြစ်သည်။
သို့သော် ယခုအခါ စိုးရိမ်စရာ သတင်းအချို့ကို ရရှိလိုက်သည်။
"ခေါင်းဆောင်၊ မဟာရှနိုင်ငံမှာရှိတဲ့ ကျွန်တော်တို့ရဲ့ လောင်းကစားရုံကို မဟာရှ ဧကရာဇ်ရဲ့ တပ်တွေက ဝင်ရောက်စီးနင်း ဖျက်ဆီးလိုက်ပါပြီ။ ဒါ့အပြင် အခုကစပြီး မဟာရှ နယ်မြေအတွင်းမှာ လောင်းကစားရုံတွေ ဖွင့်ခွင့်ပြုတော့မှာ မဟုတ်ပါဘူး။ ဖွင့်ခဲ့ရင် သေဒဏ် ပေးမယ်လို့ အမိန့်ထုတ်ပြန်လိုက်ပါပြီ"
"ဘာ၊ ဒီလိုကိစ္စမျိုးက တကယ်ကြီးလား"
ငွေဂိုဏ်း ခေါင်းဆောင်က မယုံကြည်နိုင်စွာ မေးသည်။ "သူတို့က စီဖန်း လောင်းကစားရုံကို ငါတို့ ငွေဂိုဏ်းက ကျောထောက်နောက်ခံ ပေးထားတာကို မသိဘူးလား"
"ခေါင်းဆောင်၊ အဲဒီ မိုက်မဲတဲ့ ဧကရာဇ်က သိသိကြီးနဲ့ကို ဖျက်ဆီးခဲ့တာပါ"
"ရိုင်းစိုင်းလိုက်တာ" ငွေဂိုဏ်းခေါင်းဆောင်၏ မျက်နှာသည် ချက်ချင်း မည်းမှောင်သွားခဲ့သည်။
အခြား အကြီးအကဲများနှင့် ခန်းမမှူးများကလည်း အလွန်ဒေါသထွက်ခဲ့ကြသည်။
"သိသိကြီးနဲ့ကို ဖျက်ဆီးရဲတယ်၊ သူတို့က ကျွန်တော်တို့ ငွေဂိုဏ်းကို လေးစားမှု လုံးဝ မရှိတာ ရှင်းနေတာပဲ"
"ခေါင်းဆောင်၊ ကျွန်တော်တို့ ဒီအတိုင်း လက်ပိုက်ပြီး ကြည့်မနေနိုင်ပါဘူး၊ ကျဆုံးသွားတဲ့ ညီအစ်ကိုတွေအတွက် တရားမျှတမှုကို ရှာဖွေပေးရပါမယ်"
"ကျွန်တော်တို့ ပြင်းပြင်းထန်ထန် လက်တုံ့ပြန်ရမယ်၊ မဟုတ်ရင် ဒီအရှက်ကွဲတာကို ကျွန်တော်တို့ မမျိုချနိုင်ပါဘူး"
သူတို့အားလုံးသည် သူတို့ကသာ အနိုင်ကျင့်နေမှုကို အကျင့်ရနေကြပြီး အခြားသူများ၏ အနိုင်ကျင့်မှုကို မခံနိုင်ကြပေ။
အကြီးအကဲများထဲမှ ပိုပြီးတည်ငြိမ်သူ တစ်ဦးက ပြောလိုက်သည်။ "ခေါင်းဆောင်နဲ့ အကြီးအကဲတို့၊ ဒီကိစ္စကို သေချာစဉ်းစားသင့်တယ်လို့ ကျွန်တော် ယုံကြည်တယ်။ ဘာပဲဖြစ်ဖြစ် မဟာရှက ကြီးမားတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး သူတို့ကို စော်ကားတာ မကောင်းဘူး"
နောက်ထပ် အကြီးအကဲတစ်ဦးက ဒေါသတကြီးဖြင့် မတ်တပ်ထရပ်လိုက်ပြီး- "သူတို့ကို စော်ကားလို့ မရဘူးဆိုရင် ငါတို့ကို အလွယ်တကူ အနိုင်ကျင့်နိုင်တယ်လို့ ဆိုလိုတာလား၊ ခေါင်းဆောင်၊ သိုင်းလောကထဲက လူတိုင်းက ကျွန်တော်တို့ရဲ့ တုံ့ပြန်မှုကို စောင့်ကြည့်နေကြတာပါ။ ကျွန်တော်တို့ ဘာမှမလုပ်ရင် သိုင်းလောကထဲက လူတွေက လှောင်ပြောင်ရယ်မောကြပါလိမ့်မယ်"
"ဟုတ်ပါတယ်၊ ခေါင်းဆောင်၊ ကျွန်တော်တို့က ငွေဂိုဏ်းပါ။ ကျွန်တော်တို့ကသာ သူများကို အနိုင်ကျင့်ရမှာပါ၊ သူများက ကျွန်တော်တို့ကို အနိုင်ကျင့်ရမှာ မဟုတ်ပါဘူး။ ကျေးဇူးပြုပြီး ခေါင်းဆောင်၊ အရေးယူဆောင်ရွက်ပြီး သူတို့ကို မမေ့နိုင်မယ့် သင်ခန်းစာ ပေးလိုက်ပါ"
"ကျေးဇူးပြုပြီး ခေါင်းဆောင်၊ အရေးယူဆောင်ရွက်ပါ" ဟု လူအုပ်က သံပြိုင်ပြောဆိုခဲ့ကြသည်။
စာပို- အားလုံးပဲခင်ဗျာ၊ ကျွန်တော် နောက်လမှာ စာမေးပွဲရှိတဲ့အတွက် စာစဥ်က ထွက်တာနှေးသွားမှာ ဖြစ်တဲ့အတွက် ကြိုတင်တောင်းပန်တာပါ၊ နှေးပဲ နှေးသွားမှာပါ၊ မရပ်သွားပါဘူး။ နောက်လ စာမေးပွဲပြီးတာနဲ့ ပုံမှန်ပြန်တင်ပေးသွားမှာပါ၊ အားပေးမှုအတွက် ကျေးဇူးအများကြီး တင်ပါတယ်။