← Chapters

စစ်နတ်ဘုရားမ

Vol. 3 Ch. 173

စစ်နတ်ဘုရားမ

Vol. 3 Ch. 173

ဆားဗီးရပ်ရဲ့လက်ရှိခွန်အားအဆင့်က အယ်ဒါတွေ ထဲမှာတောင်မှ စွမ်းပါပေ့ဆိုတဲ့ လူတွေထက်ကို ကျော်လွန်သွားခဲ့ပါပြီ။ နက်ဆန်နဲ့မော်လီတို့က သာမန်အယ်ဒါတွေထက် အစွမ်းထက်တဲ့သူတွေလို့ ပြောနိုင်ပါတယ်။ ဒါ့အပြင် သူတို့နဲ့အတူတူ တခြား အဖွဲ့ဝင်တွေလည်းရှိနေခဲ့ပြီး သူတို့တွေက အယ်ဒါတွေမဟုတ်ဘူးဆိုပေမဲ့ သူတို့အဆင့်နဲ့သူတို့ စွမ်းအားကြီးကြသူတွေပါ။

ဒါပေမဲ့ အခွင့်အရေးနည်းနည်းလေးတောင် မရခဲ့ပါဘူး။

“ပစ်ကြ ဆက်ပစ်နေကြ....” နက်ဆန်က သေဆုံး သွားတဲ့ဆယ်ဗီရဲ့ခန္ဓာကိုယ်ကိုကြည့်ရင်း ကမ္ဘာပျက်နေတဲ့အချိန်မှာ ပါစီဗယ်ကတော့ သူ့မှာရှိသမျှအရာအားလုံးနဲ့ တိုက်ခိုက်ဖို့အတွက် ကြိုးစားနေတယ်။

ဂရိတပ်ရင်းတစ်ခုလုံးရဲ့လက်နက်ကြီး လက်နက်ငယ်တွေက ဆားဗီးရပ်အပေါ်ကို ကျရောက်နေခဲ့ပေမဲ့...

“ပျင်းစရာကောင်းလိုက်တာ....”

ရွှမ်း...

ဆားဗီးရပ်က ဓားကိုဝေ့ယမ်းလိုက်တယ်။ ပြင်းထန်တဲ့စွမ်းအင်လှိုင်းတွေကြောင့် ပက်တီးပတ် တပ်သားတွေတစ်စစီဖြစ်သွားပြီး ဆားဗီးရပ်ဟာ ပါစီဗယ်ရှေ့မှာ ပေါ်လာခဲ့ပါပြီ။

“မင်းရဲ့အစွမ်းက ဖြုတ်ကိုက်သလောက်ပဲရှိတယ်။”

ဆားဗီးရပ်က ပါစီဗယ်ရဲ့လည်မျိုကို ဖမ်းကိုင်ပြီး မြေပြင်နဲ့ရိုက်ချလိုက်တယ်။ ပါစီဗယ်က မြူစွမ်းအား သုံးပြီး လွတ်မြောက်နိုင်စွမ်းရှိပေမဲ့ ဆားဗီးရပ်အဖို့ စျေးပေါတဲ့လှည့်စားမှုတွေက အသုံးမဝင်ပါဘူး။

ဘုန်း....

မြေပြင်နဲ့ရိုက်မိပြီးတဲ့နောက် ပါစီဗယ်ရဲ့ခန္ဓာကိုယ်က လေအိတ်တစ်ခုလိုမျိုးလေလျော့သွားပြီး သာမန် အသုံးမဝင်တဲ့ တေးဂီတသေတ္တာလေးအဖြစ်ကို ပြန်ကူးသွားခဲ့ပါပြီ။ အဆိုးဆုံးကတော့ ဓာတ်ပြား မျက်နှာပြင်မှာ အက်ကြောင်းတွေပေါ်နေခဲ့တာပဲ။

“ကဲ... မင်းမှာ တိုက်ခိုက်လိုစိတ် မရှိတော့ဘူးဆိုရင် သတ်ရလိမ့်မယ်။”

ဆားဗီးရပ်က ဓားကိုမြှောက်လိုက်ပြီး နက်ဆန်ရဲ့ လည်ပင်းကို ရွယ်လိုက်တယ်။ နက်ဆန်ကတော့ သူ့ရှေ့က မြင်ကွင်းတွေကို မယုံနိုင်ဘဲ ကြည့်နေဆဲပါ။

“နင်ဘာလုပ်လိုက်တာလဲသိလား....” ရုတ်တရက် သူ့နောက်ကနေ အသံတစ်သံထွက်လာတယ်။

“ ငါ့ပြိုင်ဖက်ကိုငါ သတ်မလို့လုပ်နေတာလေ”

ဆားဗီးရပ်က ရယ်ကျဲကျဲနဲ့ပြောလိုက်ပြီး နက်ဆန်ကို အဆုံးသတ်ဖို့အတွက် ကြိုးစားလိုက်ပါတယ်။ ဒါပေမဲ့ သူ့လက်ကို တစ်ယောက်ယောက်က ဖမ်းကိုင် ထားတယ်လို့ ခံစားလိုက်မိလို့ လှည့်ကြည့်လိုက်တဲ့ အချိန်မှာတော့...

“ဟေး... နိမ့်ကျတဲ့ လူသား။ တစ်ယောက်ယောက်က နင့်ကိုမေးရင် မျက်နှာချင်းဆိုင်ပြီး ပြန်ဖြေရမှာ ယဥ်ကျေးမှုမဟုတ်ဘူးလား။”

ချွတ်....

“အား.....” ဆားဗီးရပ်ရဲ့လက်ကနေ အရိုးကျိုးသံ ထွက်လာပြီး ဓားလက်ထဲက လွတ်ကျသွားတယ်။ နောက်တော့ တစ်ဖက်ကို ဆွဲလှည့်ခံလိုက်ရပါပြီ။ နောက်တော့ အမျိုးသမီးတစ်ယောက်နဲ့ မျက်လုံးချင်း ဆုံမိသွားတယ်။

“မင်း... မင်းက....”

ဆားဗီးရပ်ရဲ့မျက်လုံးတွေ ပြူးကျယ်သွားတယ်။ သူ့လက်ကိုချိုးပစ်လိုက်သူက တခြားမဟုတ်ဘဲ လွန်ခဲ့တဲ့စက္ကန့်အနည်းငယ်က သွေးအိုင်ထဲမှာ လဲကျနေခဲ့တဲ့ ဆယ်ဗီကိုယ်တိုင်ပါပဲ။ အခုတော့ ဒီမိန်းကလေးရဲ့မျက်လုံးတွေက နီလာရောင် ပြောင်းနေပြီဖြစ်ပြီး ခန္ဓာကိုယ်ပေါ်မှာ ခြင်္သေ့ကိုယ်ရုံ၊ ခြေလက်အဆင်တန်ဆာတွေနဲ့ ကြေးခါးပတ်တို့ကို ဝတ်ဆင်ထားပြီး ကြောက်ခမန်းလိလိ အရှိန်အဝါတွေကို ထုတ်လွှတ်နေပါတယ်။

“ဒီအရှင်မရဲ့တခြားတစ်ဖက်ခြမ်းကို ဓားနဲ့ထိုးရဲတာ မင်းလား။ ကြည့်ရတာ အတော်သတ္တိရှိနေတဲ့ ပုံပဲ။”

ဘုန်း...

ဆယ်ဗီက လွတ်နေတဲ့ညာဘက်လက်သီးနဲ့ ဆားဗီးရပ်ရဲ့ဝမ်းဗိုက်ကို အားကုန်ထိုးချလိုက်တယ်။

လက်သီးက အသားအလွှာအဆင့်ဆင့်ကိုချိုးဖျက်ပြီး ကျောနောက်ကနေ သွေးသံရဲရဲနဲ့ပြန်ထွက်လာတယ်။

“ဝေါ့....” ဆားဗီးရပ်ရဲ့ခါး ရှေ့ကိုကိုင်းကျသွားချိန် ဆယ်ဗီက ဆားဗီးရပ်ရဲ့ခေါင်းကိုဆုပ်ကိုင်လိုက်ပြီး နဖူးနဲ့တိုက်လိုက်တယ်။

ခွက်....

ဆားဗီးရပ်ရဲ့နဖူးကနေ သွေးတွေအများကြီး စီးကျလာပြီး ခေါင်းချိုင့်ဝင်သွားတာကို သေချာမြင်နိုင်တယ်။

“မိုက်မဲတဲ့လူသားတွေကို ခွင့်မလွှတ်နိုင်ဘူး။”

ဝှစ်....

ဆယ်ဗီက ဆားဗီးရပ်ကို နပန်းပွဲတွေထဲကအတိုင်း ပခုံးပေါ်မြှောက်တင်လိုက်ပြီး ချာခနဲလည်အောင် လှည့်လိုက်ကာ အဝေးကို ပစ်ထုတ်လိုက်ပါတယ်။ လေထုပေါက်ကွဲသံနဲ့အတူ ဆားဗီးရပ်ရဲ့ခန္ဓာကိုယ် မီတာရာနဲ့ချီလွင့်ထွက်သွားပြီး ကြားထဲမှာရှိနေတဲ့ အဆောက်အဦးအဆင့်ဆင့်ကို ဝင်တိုက်မိကာ အားလုံးပြိုပျက်ကျကုန်တယ်။

ဘုန်း... ဘုန်း... ဘုန်း...

စက္ကန့်အနည်းငယ်အတွင်းမှာပဲ ဆားဗီးရပ်က အုတ်ပုံထဲရောက်သွားတယ်။ ဆယ်ဗီကတော့ ဆားဗီးရပ်ရဲ့ဓားကို ကောက်ကိုင်လိုက်တယ်။ ဓားက ဆယ်ဗီကိုကြောက်ရွံနေတဲ့အလား တဆတ်ဆတ်တုန်ယင်လို့။

“ယာဝေရဲ့ကစားစရာလက်နက်လေးခုထဲက တစ်ခုရထားရုံနဲ့ ကိုယ့်ကိုယ်ကိုယ်ဟုတ်လှပြီ ထင်နေတဲ့ပုံပဲ။”

နောက်တော့ ဆယ်ဗီက နေရာကနေ ပျောက်သွားပြီး အုတ်ပုံတစ်ပုံရှေ့မှာ ပြန်ပေါ်လာတယ်။ သေလုဆဲဆဲ ဆားဗီးရပ်လက်ထဲကို ဓားပြန်ထည့်ပေးပြီးနောက်..

“နင့်အနားမှာ ဓားမရှိရင် ဓားအစွမ်းတွေကို နင်သုံးလို့မရဘူးမဟုတ်လား။ ဒီလောက် လွယ်လွယ်လေးနဲ့ နင့်ကိုအသေခံစရာလား။”

ဆယ်ဗီကအခုလိုပြောလိုက်ပြီး နှုတ်ခမ်းပေါ်မှာ တင်ကျန်နေတဲ့ ဆားဗီးရပ်ရဲ့သွေးကို လျှာနဲ့လျက်လိုက်ပါတယ်။

အားဟားဟား... အားဟားဟား...

တစ်ဖက်မှာတော့ ဆားဗီးရပ်က မျက်စိရှေ့မှာတင် ဒဏ်ရာတွေပြန်ကောင်းလာပြီး ဒယိမ်းဒယိုင်နဲ့ ထလာပါတယ်။ သူ့ပုံစံက ဆိုးဆိုးဝါးဝါး ရိုက်နှက်ခံလိုက်ရလို့ ကြောက်လန့်နေပုံမရဘဲ ပိုတောင်တက်ကြွလာသေးတယ်။

သူက ခေါင်းကိုဆုပ်ကိုင်ထားလိုက်ရင်း သွေးရူး သွေးတန်းနဲ့အော်ဟစ်လိုက်ပါပြီ။

“ကောင်းတယ်... ကောင်းတယ်... ကောင်းတယ်... ဒီလောက်စွမ်းအားကြီးတဲ့ပြိုင်ဘက်နဲ့ မရင်ဆိုင်ရတာ ကြာပြီပဲ။ ဒါမျိုးကိုမှ တကယ့်တိုက်ပွဲလို့ခေါ်နိုင်တာ။”

ဆားဗီးရပ်က အရူးတစ်ယောက်လိုမျိုးရယ်မော နေရင်းနဲ့ သူ့ဓားကိုစတင်ဝေ့ယမ်းပါတယ်။ ပင်လယ်ပြင်ကို ပိုင်းဖြတ်နိုင်တဲ့ဓားချက်တွေကို ဆယ်ဗီကသာသာယာယာရှောင်ရှားနေပြီးတော့ ခြေတစ်လှမ်းမှတောင်မဆုတ်ပါဘူး။ ရှောင်လို့မရတဲ့ ဓားချက်တွေကိုတော့ အသာအယာပဲလက်နဲ့ခုခံပြီး ချေဖျက်ပစ်လိုက်တယ်။

“ဒီလောက်ပဲလား လူသား....”

ဆယ်ဗီက လက်သီးဆုပ်လိုက်တယ်။ ဆားဗီးရပ်က အလိုင်ဂျက်နဲ့အဇင့်ခီကိုပေါင်းသုံးပြီး ပြင်းအား ကောင်းမွန်တဲ့လက်သီးကနေ ရှောင်ထွက်ဖို့လုပ်ပေမဲ့ သူမရှောင်ရသေးခင်မှာပဲ လက်သီးက မျက်နှာပေါ် ပြုတ်ကျလာပြီး ခန္ဓာကိုယ်က လေပေါ်မြောက်တက် သွားပါလေရော။

ဘုန်း...

ဒါပေမဲ့ ဆယ်ဗီရဲ့လက်သီးအရှိန်အဟုန်က ကုန်ဆုံး မသွားခဲ့ဘဲ လေနီကြမ်းလို သက်ရောက်အားလှိုင်း များစွာက တစ်လမ်းလုံးမှာရှိနေတဲ့ ကားတွေနဲ့ အဆောက်အဦးတွေကို လေပေါ်မြောက်တက် သွားစေခဲ့ပါပြီ။

ဆယ်ဗီက ဒီလောက်နဲ့တင်မရပ်သေးဘဲ သူ့ရဲ့သိမ်းငှက်အတောင်ပံတွေကို ဖွင့်လိုက်ပြီး နောက်ကနေလိုက်တယ်။ နက်ဆန်ကလည်း ထိခိုက်ပျက်စီးနေတဲ့ မြို့ကိုကြည့်လိုက်ရင်း နောက်ကနေပျံသန်းလိုက်လာခဲ့ပါပြီ။

“ဆယ်ဗီ၊ ရပ်လိုက်တော့။ အပြစ်မဲ့သူတွေကို ထိခိုက်စေလိမ့်မယ်။”

ဆယ်ဗီကတော့ နက်ဆန်ကိုတစ်ချက်တောင်မှ လှည့်ကြည့်ဘဲ လေထဲမျောလွင့်နေတဲ့ ဆားဗီးရပ် နောက်ကိုလိုက်ပါတယ်။ နက်ဆန်မှာလည်း အတောင်ပံတွေရှိပေမဲ့ ဆယ်ဗီထက်အများကြီး နှေးကွေးလို့နေတယ်။

“နင့်ကို တစစီဖြစ်အောင်လုပ်လိုက်ရင် အဲဒီလက်နက်က နင့်ကိုပြန်ရှင်လာအောင် လုပ်နိုင်ဦးမလား ကြည့်ရအောင်။”

ဆယ်ဗီက ဆားဗီးရပ်ကို လိုက်မီသွားပြီး ခေါင်းကို ဖမ်းကိုင်လိုက်ကာ ရောမမြို့သစ်ပိုင်းထဲမှာရှိနေတဲ့ အထပ်မြင့်တိုက်တွေနဲ့သူ့မျက်နှာကို လိုက်မိတ်ဆက် ပေးနေပါပြီ။

ဘုန်း.... ဘုန်း.... ဘုန်း....

....

“မြို့ထဲက ဂတ်စ်ပိုက်လိုင်းတွေ ပေါက်ကွဲနိုင်တဲ့ အ​ခြေအနေရှိတာမလို့ ရောမတစ်မြို့လုံးကို ဆုတ်ခွာဖို့ အထက်ကအမိန့်ထုတ်ထားပါတယ်။ ကျွန်တော်တို့ နောက်ကိုလိုက်ခဲ့ပေးပါ။”

EUOC ယူနီဖောင်းဝတ်ထားတဲ့ အရာရှိက တိုက်တွေပေါ်မှာရှိနေတဲ့ သာမန်ပြည်သူတွေကို လမ်းပေါ်ကိုဆင်းခိုင်းပြီး အခြေအနေကိုရှင်းပြ နေခဲ့ပါတယ်။ သာဘာဝလွန်တည်ရှိမှုတွေက လျှို့ဝှက်ထားတဲ့အရာဖြစ်တာမလို့ သူကသာမန်လူတွေ နားလည်နိုင်မယ့် အဖြစ်အပျက်တစ်ခုအဖြစ် ပုံဖျက်ပြောနေတာပါ။

ရှင်းပြပြီးတဲ့နောက် သူက အနားမှာရှိနေတဲ့ လက်ထောက်အရာရှိကို တီးတိုးပြောလိုက်တယ်။ “ သူတို့ကားပေါ်တက်တာနဲ့ မှတ်ဉာဏ်ဖျောက်ပစ်ဖို့ မမေ့လိုက်နဲ့။ သတင်းအတုတွေ ဘယ်လောက်ထုတ်ထုတ် ဒီလောက်ကြီးတဲ့ ရွေ့ပြောင်းမှုကြီးက ဂတ်စ်ပိုက်လိုင်းပေါက်တာ မဟုတ်မှန်းသတိထားမိမှာပဲ။”

လက်ထောက်က ခေါင်းညိတ်လိုက်တယ်။

ဘုန်း...

အဲဒီအချိန်မှာပဲ ပေါက်ကွဲသံကြီးတစ်ခုနဲ့အတူ ပြည်သူတွေဆီကနေ ကြောက်လန့်တကြားအော်သံတွေ ထွက်ပေါ်လာတယ်။ အရာရှိလည်းအသံကြားရာကို ကြည့်လိုက်တော့ တိုက်ကြီးတစ်လုံးပြိုကျနေတာကို မြင်လိုက်ရပြီး ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ပါပြီ။

....

နက်ဆန်ကတော့ သူ့မျက်စိရှေ့မှာတင် တိုက်တွေ ပြိုကျနေပြီး လမ်းတွေပေါ်မှာ ထွက်ပြေးနေတဲ့ သာမန်လူတွေကို မြင်လိုက်ရချိန်မှာတော့ တုန်လှုပ် သွားခဲ့ပါတယ်။

“မဖြစ်သေးဘူး....”

နက်ဆန်ရဲ့အနက်ရောင်နတ်ဘုရားခန္ဓာကိုယ်က အရိပ်ပေါင်းများစွာအဖြစ်ကိုခွဲထွက်သွားပြီး သာမန်လူတွေကို ပြိုကျနေတဲ့တိုက်တွေကနေ ဝေးရာကို အရိပ်ခရီးသွားနည်းနဲ့ ပြောင်းရွှေ့ ပေးလိုက်တယ်။ ဒါပေမဲ့ အဲဒီအတွက် သူ့မျက်နှာက ဖြူဖျော့သွားပြီး လက်ကျန်စွမ်းအားအများစုကို သုံးလိုက်ရမှန်း သိသာတယ်။

တစ်ဖက်မှာတော့ ဆယ်ဗီက ပျင်းရိသွားတဲ့ပုံစံနဲ့ လူရုပ်တောင်မပေါ်တော့တဲ့ ဆားဗီးရပ်ကို အက်ကွဲနေတဲ့ ကတ္တရာလမ်းမကြီးပေါ်ကို ပစ်ချလိုက်ပါပြီ။ ဆားဗီးရပ်ရဲ့ခေါင်းပေါ်မှာ ဆူးခတ်သရဖူရှိနေပေမဲ့ ဆယ်ဗီကတော့ တန်ပြန်ဒဏ်ရာတွေ ရနေတာမျိုးမရှိဘူး။

အဟွက်... အဟွက်...

ဆားဗီးရပ်က သွေးချောင်းဆိုးလိုက်ပြီး ပြန်ထ ထိုင်လိုက်တယ်။ ဒဏ်ရာတွေပြန်ကောင်းလာပြီ ဆိုပေမဲ့ ပြန်တိုက်နိုင်လောက်အောင်တော့ မရှိသေးပါဘူး။

“ခင်ဗျားက ဘာကြောင့် တန်ပြန်ဒဏ်မခံရတာလဲ...” ဆားဗီးရပ်က တုန်ယင်နေတဲ့အသံနဲ့မေးလိုက်တော့ ဆယ်ဗီက ပြုံးလိုက်ပါပြီ။

“လူသားတစ်ယောက်ရဲ့သေလုမတတ်ထိခိုက်မှုက နတ်ဘုရားတစ်ပါးအတွက် အပ်စူးသလောက် နာကျင်မှုပဲရှိလို့လေ။”

ဖြောင်း...

ဆယ်ဗီက ပြောပြောဆိုဆိုနဲ့ ဆားဗီးရပ်ရဲ့မျက်နှာကို ဖြတ်ကန်လိုက်ပြီး လဲကျသွားတဲ့အခါ သူ့ခေါင်းကို သူနာပြုဒေါက်ဖိနပ်နဲ့နင်းထားလိုက်တယ်။

“ကိုယ်တိုင်စွမ်းအားမရှိဘဲ ပြင်ပအရာတစ်ခုရဲ့ စွမ်းအားကိုအားကိုးပြီး လူတွင်ကျယ်လုပ်တဲ့သူတွေကို ဒီအရှင်မ အမုန်းဆုံးပဲ။”

ဆယ်ဗီက ဆားဗီးရပ်ရဲ့အထွတ်အမြတ်ဓားကို ကောက်ယူလိုက်ပြီး လက်နှစ်ဖက်နဲ့ကိုင်ကာ ထက်ဝက်ပိုင်း ချိုးချပစ်လိုက်တယ်။

“မလုပ်နဲ့....”

ဆားဗီးရပ်ဆီကနေ မခံချင်စွာအော်ဟစ်လိုက်သံ ထွက်ပေါ်လာခဲ့ပေမဲ့ သူက နည်းနည်းလေးမှ ဆယ်ဗီကို မဆန့်ကျင်နိုင်ခဲ့ဘူး။

ချွမ်.... ချလွမ်....

ဆယ်ဗီက ဓားကိုအမှိုက်တစ်ခုလို လမ်းပေါ်ကို ပစ်ချလိုက်တယ်။ ဆားဗီးရပ်က သူ့ဓားဆီကို လက်လှမ်းဖို့လုပ်ပေမဲ့ အနည်းငယ်လှမ်းနေပြီး သူ့လက်က အဲဒီကိုမရောက်နိုင်ဘူးဖြစ်လို့ရယ်။

“မင်းက စစ်သည်တော်တစ်ယောက်မဟုတ်ဘူး။ ဒီအတိုင်း ဓားကိုင်ထားတဲ့ ကလေးတစ်ယောက်ပဲ။”

ဆယ်ဗီက အခုလိုကောက်ချက်ချလိုက်ချိန်မှာတော့ ဆားဗီးရပ်ရဲ့မျက်လုံးထဲက တောက်ပမှုတွေဟာ မှေးမှိန်သွားခဲ့တယ်။

“သေလိုက်တော့....”

ဆယ်ဗီက ဆားဗီးရပ်ကိုအပြီးသတ်ဖို့အတွက် ညာလက်သီးကိုဆုပ်ပြီး မြှောက်လိုက်တယ်။ ဒါပေမဲ့ နက်ဆန်က အနားကိုရောက်လာနေပြီဖြစ်ပြီး နောက်ကနေ လက်ကိုဖမ်းဆွဲထားလိုက်လေရဲ့။

“ဆယ်ဗီ၊ ကိုယ်မင်းကို လူသတ်ခွင့်မပေးနိုင်ဘူး။”

ဆယ်ဗီက အေးစက်နေတဲ့ မျက်လုံးတွေနဲ့ နက်ဆန်ကို ပြန်ကြည့်တယ်။ အဲဒီနောက်တော့ ထူးမခြားနားတဲ့လေသံနဲ့...

“လူသား၊ ကိုယ့်ကိုယ်ကိုယ် ဘယ်သူ့လက်ကို လာကိုင်နေတယ်ထင်လဲ။”

ဘုန်း...

ဆယ်ဗီက နည်းနည်းလေးရုန်းလိုက်တာနဲ့ နက်ဆန့် ခန္ဓာကိုယ် လေပေါ်မြောက်တက်သွားပြီး ပြန်ရိုက်ချ ခံလိုက်ရတော့တာပဲ။

“အဟွက်... အဟွက်...” နက်ဆန် လမ်းမပေါ် ပြုတ်ကျသွားပြီး တစ်ကိုယ်လုံးကိုင်ရိုက်ခံရသလို နာကျင်မှုကိုခံစားလိုက်ရပါပြီ။

“ရပ်လိုက်တော့.... မင်းသူ့ကို သတ်လိုက်လို့မရဘူး။ အဲဒီလိုဆိုရင် မင်းလူသတ်သမားဖြစ်သွားလိမ့်မယ်။”

နက်ဆန်က ပြန်ရုန်းထလိုက်ပြီး ဆယ်ဗီနဲ့ဆားဗီးရပ် ကြားမှာဝင်ရပ်လိုက်တယ်။ သူ့ပုံစံက ဆယ်ဗီကို တားဆီးဖို့အတွက် အသင့်ဖြစ်နေသလိုပဲ။ ဆယ်ဗီက သူ့ပုံစံကိုကြည့်ရင်းနဲ့ ကျယ်လောင်စွာရယ်မော လိုက်ပါတယ်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး သိမ့်သိမ့်တုန်လို့...

“ဟားဟားဟား... ဒီအရှင်မ နားကြားမှားတာလား ကောင်လေး။ နင်က စစ်နတ်ဘုရားမကို လူမသတ်ဖို့ ဖျောင်းဖျနေတာလား။ ဒီအရှင်မက ဘာကြောင့် ဒီလူကိုသတ်ဖို့လုပ်နေရတာလဲ နင်သိရဲ့လား။”

“အစ်....”

ဆယ်ဗီက နက်ဆန်ရဲ့လည်မျိုကို ဖမ်းဆုပ်လိုက်ပြီး အေးစက်စွာနဲ့ပြောလိုက်ပါပြီ။

“ဒီအရှင်မရဲ့တခြားတစ်ဖက်ခြမ်းကို နင်ကာကွယ်ဖို့ အကြိမ်ကြိမ်ကျရှုံးခဲ့လို့လေ။”

....

EUOC ဌာနချုပ်။

စစ်ဆင်ရေးကွပ်ကဲရေးစင်တာမှာတော့ စောင့်ကြည့်နေတဲ့ လူတွေက အခြေအနေကို အလျင်အမြန်တင်ပြနေပါတယ်။

အစည်းအဝေးခန်းထဲမှာလည်း အမှုဆောင်တွေနဲ့ ကောင်မရှင်နာလည်း ပြန်ရောက်နေပါပြီ။

“ရောမမြို့မှာ မဟာအဆင့် နတ်ဘုရားတစ်ပါး ပေါ်လာပါပြီ။ HK အဆင့် ကပ်ဘေးအဖြစ် ကျုပ်တို့ အတည်ပြုပါတယ်။ အနီအနားမြို့တွေကို ဆက်ပြီး မဖျက်ဆီးနိုင်အောင် နျူလက်နက်တွေသုံးဖို့ လိုမလိုဆွေးနွေးကြရအောင်။”

အမှုဆောင်တွေထဲက တစ်ယောက်ကပြောတယ်။ ဒါပေမဲ့ကောင်မရှင်နာက ချက်ချင်းပယ်ချလိုက်ပြီး

“မင်းတို့နျူလက်နက်တွေက နတ်ဘုရားတစ်ပါးကို တကယ်သတ်နိုင်မနိုင် ကျိန်းသေတာမဟုတ်ဘူး။ သွားစသလိုဖြစ်နေရင် ပိုဆိုးသွားလိမ့်မယ်။”

“ဒီတော့ ခင်ဗျားက ဘယ်လိုလုပ်ချင်တာလဲ။” အမှုဆောင်က ပြန်မေးလိုက်တော့...

“ငါကိုယ်တိုင် သွားတားမယ်။”

All Chapters