အခန်း (၅၄၆-၅၅၀)
Vol. 31 Ch. 546-550
Chapter 546
ကျစ်မြောင်ကိုယ်တော်၏ခန္ဓာကိုယ်ပေါ်ရှိ သင်္ကန်းပင် အတော်များများစုတ်ပြဲနေပြီး သူ့ကိုကြည့်ရသည်မှာ အလွန်အမင်းစိတ်ပျက်ဖွယ်ပင်။
လေပြင်းကြောင့် သူသည် ကုန်းပတ်ပေါ်မှ လွင့်စင်ကျလာသော်လည်း အသက်ရှင်နေပေ၏။
"စီနီယာ...ဒီကောင်က ကျွန်တော်ရဲ့ ကောင်းကင်ဘုံနဲ့ဗုဒ္ဓပေါင်းစည်းခြင်းနည်းစနစ်ကို အကြည့်တစ်ချက်နဲ့မြင်နိုင်ခဲ့တယ်...သူက စီနီယာရဲ့ကျင့်ကြံမှုကိုလည်းမြင်နိုင်မှာပဲ....သူကို အလွတ်မပေးနဲ့"
ကျစ်မြောင်ကိုယ်တော်က ဒေလီယာဘုန်းကြီးအား တီးတိုးပြောဆိုနေလေသည်။
ဒေလီယာဘုန်းကြီးသည် ငြိမ်နေသော်လည်း သူ၏မျက်လုံးများအတွင်းရှိ အေးစက်စက်အလင်းရောင်က ပို၍သိသာထင်ရှားလာခဲ့သည်။
"မင်း...ရှေ့ကိုသွား"
ဒေလီယာဘုန်းကြီးက လုယွီကို လက်ညှိုးထိုးပြီး အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်၏။
လုယွီကို ကြည့်ရသည်မှာ မကြားသကဲ့သို့ပင်။သူက မလှမ်းမကမ်းအကွာအဝေးရှိ ဘုရားကျောင်းကိုသာ စူးစိုက်၍ကြည့်နေခဲ့သည်။
အချိန်တခဏကြာစူးစိုက်ကြည့်ပြီးနောက်တွင် လုယွီက သူ၏ကိုယ်ပိုင်ဥပဒေသများ အနည်းငယ်လှုပ်ခတ်သွားသည်ကို ခံစားမိပေ၏။
ဤနေရာ၌ သူနှင့် အဆင့်တူပုဂ္ဂိုလ်တစ်ယောက်ရှိနေပြီး တစ်ယောက်နှင့်တစ်ယောက်နီးကပ်နေသဖြင့် အာရုံခံနိုင်ခြင်းဖြစ်သည်။
ဘုရားကျောင်းအတွင်း၌ တာအိုသခင်အဆင့် ကျင့်ကြံသူတစ်ယောက်ရှိနေပေ၏။
"မင်း ငါပြောတာမကြားဘူးလား....မင်းကို ရှေ့သွားခိုင်းနေတာလေ"
ဒေလီယာဘုန်းကြီးက အော်ငေါက်လိုက်သည်။
"အရမ်း နားညီးတာပဲ"
လုယွီက ပတ်ဝန်းကျင်အားလှည့်ကြည့်ပြီးနောက် သူထံမှ ဆေဘာဓားချီလှိုင်းများ ထွက်ပေါ်လာခဲ့သည်။
ပတ်ဝန်းကျင်ရှိ ကျောက်တုံးများသည် ထိုဓားချီလှိုင်းနှင့် ထိခတ်မိသောကြောင့် အမှုန့်များအဖြစ်လွင့်စစ်သွားပေ၏။
"ဟား ဟား ဟား...သဘာဝလွန်စွမ်းအင်နယ်ပယ် ငချွတ်တစ်ကောင်ကများ...ဗုဒ္ဓရဲ့ရှေ့မှာလာပြီး ရိုင်းပျဝံ့တယ်ပေါ့"
ဒေလီယာဘုန်းကြီးက လုယွီ၏ကျင့်ကြံဆင့်နယ်ပယ်ကို သတိပြုမိသွားပြီး ပြက်ရယ်ပြုလိုက်သည်။
ဒေလီယာဘုန်းကြီး၏နောက်တွင် ပေဝက်ခန့်မြင့်သောဗုဒ္ဓဆင်းတုတော် ပုံရိပ်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်နှင့်ရောယှက်၍ လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်သည်။
သူ၏အနီးအနား၌ရှိနေသူများသည် သူထံမှဖြာထွက်နေသော ရွှေရောင်အလင်းတန်းများကို ခံစားမိသည်။မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် လုယွီ၏ဆေဘာဓားချီက ဒေလီယာဘုန်းကြီး၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာခဲ့သည်။
"ဗုဒ္ဓရဲ့ခန္ဓာကိုယ်အကာအကွယ်က မကျိုးပျက်နိုင်ဘူး...မင်းက အရမ်းစိတ်ကြီးဝင်နေတဲ့ကောင်ပဲ"
ဒေလီယာဘုန်းကြီးက လှောင်ပြောင်သရော်နေပေ၏။
ရွှေရောင်အလင်းတန်းများကြားမှ သူ၏ရယ်မောသံသည် ရုတ်တရက်ရပ်တန့်သွားခဲ့သည်။
လုယွီသည် မည်သည့်အချိန်ကမှန်းမသိဘဲ ဒေလီယာဘုန်းကြီး၏နောက်သို့ ရောက်ရှိနေပေ၏။
ဝှစ်...
လုယွီ၏ပုံရိပ်သည် အလွန်လျှင်မြန်ပေသည်။လူများသည် သူတို့အားဖြတ်ကျော်သွားသော အနက်ရောင်အရိပ်ကိုသာမြင်တွေ့ရပြီးနောက် လုယွီ၏ခြေဖဝါးက ဒေလီယာဘုန်းကြီး၏ဝမ်းဗိုက်သို့ အပြင်းအထန်တိုးဝင်သွားခဲ့သည်။
ဘန်းဟူသော ကျယ်လောင်သည့်အသံကြီးနှင့်အတူ ဒေလီယာဘုန်းကြီးသည် ကာကွယ်တားဆီးခဲ့သော်လည်း ပြင်းထန်သောအင်အားကြောင့် သူ လွင့်စင်ထွက်သွားပေ၏။သူ ကျရောက်သွားသော မြေပြင်တွင် သုံးမီတာခန့်နက်သောကျင်းကြီးတစ်ကျင်း ဖြစ်ပေါ်သွားခဲ့သည်။
"ဒီလေါက်တောင် ပြင်းထန်တဲ့အင်အား..."
"ဒါက မွေးရာပါနတ်ဘုရားစွမ်းအား ဖြစ်နိုင်တယ်...ဒီလိုခွန်အားမျိုးက ငါတို့မိသားစုမှာဆို သာမာန်ပါပဲ...ဘာမှ ထူးဆန်းတဲ့ကိစ္စမဟုတ်ဘူး"
"ခဏကြာရင်...ဒေလီယာဘုန်းကြီးက သူရဲ့မှော်နည်းစနစ်တွေ ထုတ်သုံးတဲ့အချိန်ကျမှ...အဲ့ဒီကောင်လေး သေလိမ့်မယ်"
လုယွီတို့နှင့် မလှမ်းမကမ်းအကွာအဝေးရှိ လူငယ်အုပ်စုများက ပြောဆိုဆွေးနွေးနေကြ၏။
"မင်းက ငါ့ကို ချောင်းမြောင်းပြီးတိုက်ခိုက်ရဲတယ်ပေါ့...တကယ်လို့ မင်းမှာသတ္တိရှိရင် ငါနဲ့ထိပ်တိုက်လာပြီး ရင်ဆိုင်စမ်း"
ဒေလီယာဘုန်းကြီး၏ခန္ဓာကိုယ်တွင် ရွှေရောင်အလင်းတန်းများပြည့်နှက်နေပြီး သူ၏နောက်ရှိ ပေဝက်ခန့်မြင့်သောဗုဒ္ဓဆင်းတုတော်ပုံရိပ်သည်လည်း ကြီးမားလာပြီး ဆယ်ပေခန့်အမြင့်ထိရောက်ရှိလာခဲ့သည်။
ဗုဒ္ဓဆင်းတုတော်ပုံရိပ်က လုယွီအားလွင့်ထွက်သွားစေချင်ပုံဖြင့် ရှေ့သို့တရကြမ်းတိုးဝင်လာလေ၏။
လုယွီ၏မျက်လုံးများက အေးစက်စက်တောက်ပနေပေသည်။သူ၏ရှေ့ရှိလူသည် သေလမ်းကိုရှာဖွေနေခြင်းကြောင့် သူအား အပြစ်မတင်ကြလေနှင့်...။
လုယွီလက်ဝါး၏အလယ်ဗဟိုတွင် ယိုကျွမ်းဓားကို သိပ်သည်းထားပြီး ပစ်မှတ်သည် ဒေလီယာဘုန်းကြီး၏မျက်ခုံးနှစ်ခုကြား အလယ်တည့်တည့်ဖြစ်သည်။
အကယ်၍ ဒေလီယာဘုန်းကြီးသာ လှုပ်ရှားဝံ့ပါက လုယွီ၏ယိုကျွင်းဓားက သူ့အား ချက်ချင်းသတ်ဖြတ်ပစ်ပေမည်။
ထိုအချိန်မှာပင် ဘုရားကျောင်းထံမှ ရုတ်တရက် တုန်ခါနေသောအသံတစ်သံ မြည်ဟီးလာခဲ့သည်။
မြောက်များစွာသောအလင်းရောင်တန်းများက ဗုဒ္ဓ၏ဂါထာမန္တန်တော်ရွတ်ဖတ်သံများနှင့်အတူ ကျဆင်းလာခဲ့သည်။ထောင်သောင်းချီသောလူစု၏ သံပြိုင်ရွတ်ဆိုမှုကြောင့် ကြားရသောလူများအား တွေဝေမိန်းမောမှုများကို ဖြစ်ပေါ်စေသည်။
"မဟာတာအိုရဲ့အသံလား"
လုယွီက သတိကြီးစွာထား၍ နောက်သို့ဆုတ်လိုက်ပြီး သူ၏နားနှစ်ဖက်ကို သဘာဝလွန်စွမ်းအင်များနှင့် ကာကွယ်ထားလေ၏။
လုယွီ၏စိတ်ဝိညာဥ်သည် အလွန်အစွမ်းထက်ပေသည်။ထို့ကြောင့် သူက အချိန်တခဏသာ တွေဝေသွားပြီးနောက် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။
တခြားသူများကမူ မဟာတာအို၏အသံအတွင်းတွင် အပြည့်အဝနစ်မြုပ်နေလေသည်။တချို့သူများဆိုလျှင် တွေဝေမိန်းမောနေရာမှ နှစ်ခြိုက်စွာအိပ်မောကျသွားကြ၏။
မဟာတာအို၏အသံသည် အချိန်တခဏသာ ထွက်ပေါ်ခဲ့ပြီး တဒင်္ဂအတွင်းမှာပင် ပျောက်ကွယ်သွားခဲ့သည်။
သို့ရာတွင် မဟာတာအို၏အသံ ပျောက်ကွယ်သွားပြီးနောက် ဘုရားကျောင်းရှေ့ရှိတံခါးမကြီးက ဖြည်းဖြည်းချင်းပွင့်လာခဲ့သည်။
"ဒီဘုရားကျောင်းက ဆယ်ရက်ကိုတစ်ခါဖွင့်တာ...အခု ဆယ်ရက်ကုန်ဆုံးသွားပြီဆိုတော့ တံခါးမကြီးက ပွင့်လာပြီ"
"အမြှောက်စာတွေကို အရင်လွှက်လိုက်...ငါတို့ နောက်မှဝင်ကြမယ်"
လူငယ်အုပ်စုက သူတို့၏အမြှောက်စာများကို ဘုရားကျောင်းအတွင်းသို့ အားချင်းစေလွှက်နေပေ၏။
"ကောင်လေး...မင်း ကံကောင်းသွားတယ်...ဗုဒ္ဓက မင်းကိုဒီတကြိမ်တော့ အသက်ချမ်းသာပေးလိုက်မယ်"
ဒေလီယာဘုန်းကြီးက လုယွီအား အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်၏။
(အမြှောက်စာ=ထိုးကျွေးခံရသူ)
Chapter 547
ဒေလီယာဘုန်းကြီးက စကားဆုံးသည်နှင့် သူက နောက်သို့လှည့်ကာ ဒေါသတကြီးအော်ငေါက်လိုက်သည်။
"မင်းတို့ အမှိုက်ကောင်တွေ...ဘုရားကျောင်းတံခါးကပွင့်နေပြီ...မြန်မြန်မလှုပ်ရှားကြသေးဘူးလား"
သူ၏နံဘေးရှိ ကျစ်မြောင်ကိုယ်တော်က ပြောဆိုလေ၏။
"စီနီယာ..ဟိုကောင်လေးကို သတ်မပစ်ဘူးလား"
"ပါးစပ်ပိတ်ထားစမ်း...အဓိပ္ပါယ်မရှိတာတွေ ပြောမနေစမ်းနဲ့...မင်းလည်း အမြှောက်စာဖြစ်သွားမယ်"
ဒေလီယာဘုန်းကြီးက ဒေါသတကြီးဖြင့် အော်ဟစ်လိုက်တော့သည်။
ကျစ်မြောင်ကိုယ်တော်သည် အလျှင်အမြန်ပင် သူ၏ပါးစပ်ကိုပိတ်လိုက်ပြီး မည်သည့်စကားတစ်လုံးမျှ ထပ်မဆိုဝံ့တော့ချေ။
ဒေလီယာဘုန်းကြီးက မလှမ်းမကမ်းအကွာအဝေးရှိ ဘုရားကျောင်းအား စူးစိုက်၍ကြည့်နေခဲ့သည်။
"နဂါးအကျဥ်းထောင်တောင်တန်းက အရမ်းထူးဆန်းပြီး အပြောင်းအလဲမြန်တယ်....ဒီနေရာကို ဖြတ်သန်းသွားတဲ့ ယင်စစ်သားတွေအားလုံးတောင် သေလုနီးပါးခံခဲ့ရတာ...ငါတို့ တက်နိုင်သမျှမြန်မြန် ထွက်ပေါက်ရှာတွေ့မှဖြစ်မယ်"
"မင်းတို့ဘာတွေ တွေဝေနေကြတာလဲ....မြန်မြန်မသွားကြသေးဘူးလား"
ဒေလီယာဘုန်းကြီးက ထပ်မံ၍ အော်ငေါက်လေသည်။
ဤနေရာသို့ အမြှောက်စာအဖြစ် ရောက်ရှိနေရသော ကျင့်ကြံသူများသည် ဘုရားကျောင်းအတွင်းသို့ ပထမဆုံးဝင်ရောက်ရမည့်သူများဖြစ်သည်။
ဒေလီယာဘုန်းကြီးသည် ဤနေရာ၌ ခြိမ်းခြောက်နိုင်သောအာဏာရှိသူဖြစ်ကြောင်း သိသာထင်ရှားပေ၏။သူ၏အသံထွက်ပေါ်လာသည်နှင့် လူအများအပြား တုန်ရီသွားကြသည်။
မြောက်များစွာသော ကျင့်ကြံသူများသည် ဘုရားကျောင်း၏တံခါးမကြီးထံသို့ ပြေးဝင်သွားကြသဖြင့် လုယွီက ထိုလူအုပ်၏နောက်မှ လိုက်ပါသွားခဲ့သည်။
ဘုရားကျောင်း၏ရှေ့၌ မြင့်မားသောလှေကားထစ်များရှိနေပေ၏။
ဘုရားကျောင်းတံခါးမကြီး၏ဘေးနှစ်ဖက်စလုံးတွင် ဧရာမရုပ်ထုကြီးတစ်ခုစီက မားမားမတ်မတ်တည်ရှိနေသည်။သို့ရာတွင် ထိုကျောက်တုံးရုပ်ထုကြီးများ၏ဦးခေါင်းပိုင်းများက ပျောက်ဆုံးနေပြီး သူတို့၏လက်များက ဓားများကိုကိုင်ဆောင်ထားသော ခန္ဓာကိုယ်ပိုင်းကသာလျှင် ကျန်ရှိနေပေသည်။
"မင်း အရင်ဆုံးသွားလိုက်...မြန်မြန်သွားစမ်း"
ဒေလီယာဘုန်းကြီး၏ စိတ်မရှည်တော့သော တိုက်တွန်းသံ ထွက်ပေါ်လာခဲ့သည်။
ထိုကျင့်ကြံသူသည် ဖိအားပေးခြင်းခံရသဖြင့် သူကိုယ်သူသတ္တိမွေး၍ ဘုရားကျောင်းအတွင်းသို့ လျှောက်လှမ်းသွားလိုက်၏။
ကျင့်ကြံသူတိုင်းက သူတို့၏အစွမ်းထက်ဆုံးသော အကာအကွယ်နည်းစနစ်များကို အသုံးပြု၍ ရုတ်တရက်ထွက်ပေါ်လာနိုင်သော အန္တရာယ်ကို ကာကွယ်ထားကြသည်။
"ကောင်လေး...မင်း အထဲကိုရောက်တာနဲ့ ..သေရမယ်"
အသံတစ်သံက လုယွီ၏နားအတွင်းသို့ ဝင်ရောက်လာခဲ့သည်။
လုယွီက နောက်လှည့်ကြည့်လိုက်ရာတွင် သူ့အားကောက်ကျစ်ယုတ်မာသည့်အပြုံးမျိုးဖြင့် စိုက်ကြည့်နေသော ကျစ်မြောင်ကိုယ်တော်အား တွေ့မြင်မိ၏။
"ခင်ဗျားကိုယ်ခင်ဗျားသာ ဂရုစိုက်စမ်းပါ...ကျုပ်နဲ့မတွေ့ခင် ခင်ဗျားမသေစေနဲ့"
လုယွီ၏အသံက ပဲ့တင်ထပ်နေပေသည်။
ထိုပဲ့တင်သံတွင် လုယွီ စိတ်ဝိညာဥ်၏စွမ်းအား တစိုးတစိပါဝင်နေခဲ့သည်။
ကျစ်မြောင်ကိုယ်တော်သည် သူ၏ခေါင်း ညီးစီစီဖြစ်လာမှုကို ခံစားမိသည်။သူက တောင့်မခံနိုင်တော့ဘဲ နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ရပြီး သူ၏နားများမှ သွေးများယိုစီးကျလာပေ၏။
ကျစ်မြောင်ကိုယ်တော်၏မျက်လုံးများအတွင်းတွင် ကြောက်ရွံထိတ်လန့်မှုအရိပ်အယောင်များ ထင်ဟပ်လာပြီး သူက ထပ်မံ၍စကားမဆိုဝံ့တော့ချေ။သို့ရာတွင် သူ၏မျက်လုံးများကမူ လုယွီအား စူးစူးဝါးဝါးစိုက်ကြည့်နေပေ၏။
လုယွီက ကျစ်မြောင်ကိုယ်တော်အား ထပ်မံ၍ အာရုံစူးစိုက်ခြင်း မရှိတော့ချေ။
အနီရောင်ဆံပင်နှအမျိုးသမီးပေးလိုက်သော မြေပုံပေါ်၌ရှိနေသော ရတနာများ၏တည်နေရာများကို လုယွီက ဝိုးတဝါးမှတ်မိနေဆဲပင်။
သို့ရာတွင် လုယွီက ထိုရတနာများကို အရင်ဆုံးသွားရောက်ရှာဖွေရန် ရည်ရွယ်ချက်မရှိပေ။
ထိုအချိန်မှာပင် အဝေးတနေရာမှ အော်သံကြီးတစ်သံ ထွက်ပေါ်လာခဲ့သည်။
အမြှောက်စာအဖြစ် ရှေ့ဆုံးမှသွားသော ကျင့်ကြံသူများသည် ဘုရားကျောင်းအတွင်းရှိ ကန့်သတ်ချက်တစ်ခုနှင့် ကြုံတွေ့ခဲ့ခြင်းဖြစ်သည်။
တစ်စုံတစ်ယောက်သည် ဘုရားကျောင်းရှိ ဝင်္ကပါတစ်ခုကို ထိတွေ့မိပုံရပြီး နံရံတစ်ချပ်က ရုတ်တရက်ပြိုလဲကျသွားခဲ့သည်။ထိုနံရံမှနေ၍ ချွန်ထက်သောမြှားများ အမြောက်အများထွက်ပေါ်လာပြီး ကျင့်ကြံသူများပေါ်သို့ ကျရောက်လာခဲ့သည်။
မြှားများတွင် စိတ်ဝိညာဥ်စွမ်းအင်အရိပ်အယောင်များ ပါဝင်နေပြီး ကျင့်ကြံသူတို့၏အကာအကွယ်များကို ဖောတ်ထွင်း၍ဝင်ရောက်သွားပေ၏။ရုတ်ချည်းဆိုသလိုပင် လူအများအပြား မြေပြင်ပေါ်သို့ လဲကျသွားကြပြီး သူတို့၏ခန္ဓာကိုယ်များတွင် သွေးများစိုရွှဲနေတော့သည်။
ဒေလီယာဘုန်းကြီးက အော်ဟစ်ပြောဆိုလိုက်၏။
"လူတိုင်းပဲ...ငါတို့အားလုံး မီတာတစ်ရာလောက်ကိုရောက်နေပြီ... ခဏရပ်လိုက်ကြရအောင်.. ငါတို့ လူစုခွဲပြီး ထွက်ပေါက်ကိုရှာကြမယ်...ဘယ်သူက ကံကောင်းတဲ့သူဖြစ်မလဲဆိုတာ ငါတို့ကြည့်ကြရအောင်"
တခြားကျင့်ကြံသူများကလည်း သဘောတူညီလိုက်ကြပြီး အချိန်တခဏအကြာမှာပင် လူအုပ်ကြီးက ပြန့်ကျဲသွားပေ၏။
လုယွီက မျက်မှောင်ကြုတ်နေပေသည်။ဤနေရာ၌ ထွက်ပေါက်ရှိသည်ဟု သူ မခံစားမိချေ။
ဤနေရာ၌ လျှို့ဝှက်ဖုံးကွယ်ပြီးနေနေသော တာအိုသခင်၏အတွေးများကို သူ မသိနိုင်ချေ။သို့ရာတွင် လေပြင်းများသည် မတော်တဆဖြစ်ရပ်တစ်ခုမဟုတ်ခြင်းကို သူ အတည်ပြုနိုင်ပေသည်။ကြည့်ရသည်မှာ ထိုလေပြင်းများကို တာအိုသခင်က ကိုယ်တိုင်ကိုယ်ကျ ဖန်တီးထားပုံရသည်။
"ဒီလို သေးငယ်တဲ့ကြယ်မျိုးမှာ ဘာလို့အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်က ပုန်းအောင်းပြီးနေနေတာလဲ....ကြည့်ရတာတော့ ပြဿနာတချို့ရှိနေပုံရတယ်"
လုယွီက တီးတိုးရေရွတ်နေပေ၏။
သူသည်လည်း တစ်ချိန်က ကောင်းကင်ဘုံနယ်မြေတွင် အစွမ်းထက်သောတာအိုသခင်တစ်ယောက်ဖြစ်ခဲ့သည်။
အကယ်၍ သူနှင့်အဆင့်တူ တာအိုသခင်များနှင့် ရင်ဆိုင်တိုက်ခိုက်ရလျှင်ပင် ကောင်းကင်ဘုံအင်ပါယာကဲ့သို့သောသူမျိုးကိုပင် သူ မကြောက်မရွံစိန်ခေါ်ခဲ့သည်။
သို့ရာတွင် ယခုလက်ရှိအချိန်၌ လုယွီသည် သဘာဝလွန်စွမ်းအင်နယ်ပယ် ကျင့်ကြံသူတစ်ယောက်သာ ဖြစ်ပေ၏။
အားအနည်းဆုံးတာအိုသခင်ပင်လျှင် ယခုအချိန်၌ လုယွီအား လွယ်လင့်တကူသတ်နိုင်ပေသည်။
"ငါ သတိထားနေတာ ပိုကောင်းလိမ့်မယ်...ဘာဖြစ်ဖြစ် အဲ့ဒီလူကိုအရင်သွားရှာကြည့်မယ်"
လုယွီက ပတ်ဝန်းကျင်ကို သတိကြီးစွာထား၍ကြည့်နေရင်းမှ သူ၏နတ်ဘုရားစိတ်အာရုံကိုအသုံးမပြုဘဲ သူ့မှတ်ဥာဏ်အတွင်းမှလမ်းကြောင်းအတိုင်း ပျံဝဲ၍ထွက်ခွါခဲ့တော့သည်။
Chapter 548
ဘုရားကျောင်း၏အရှေ့ဘက်ခြမ်း၌....
မြေပုံအရ ဤနေရာ၌ တောင်ကြားတစ်ခုလုံး၏ထွက်ပေါက်ရှိပုံရသည်။
ထိုမြေပုံသည် အလွန်အမင်းအသေးစိတ်ကျပြီး ၎င်းအား သင်္ချိုင်းလုယက်ဂိုဏ်းထံမှ အနီရောင်ဝတ်စုံနှင့်အမျိုးသမီးက ရရှိခဲ့ခြင်းဖြစ်မည်ဟု လုယွီက ကောက်ချက်ချထားခဲ့သည်။
ဥပမာဆိုရလျှင် ယခင်က မြေအောက်လောကအကန့်အသတ်မဲ့နန်းတော်၌ လုယွီနှင့်ဆုံတွေ့ခဲ့သော ဖက်တီးကျန်းသည် သင်္ချိုင်းလုယက်ဂိုဏ်းဝင်ဖြစ်သည်။ထိုဂိုဏ်းသားများသည် ရတနာများနှင့်လျှို့ဝှက်နယ်မြေများကိုရှာဖွေရန် မှော်စွမ်းရည်တချို့ကို မကြာခဏအသုံးပြုလေ့ရှိပြီး သူတို့က အမှန်တကယ်လည်း ရှာဖွေတွေ့ရှိနိုင်ကြ၏။
အကယ်၍ သူသည် တာအိုသခင်တစ်ယောက်နှင့် တွေ့ဆုံလျှင်မူ သူ ထွက်ပြေးရန်နည်းလမ်းကိုလည်းကြိုတင်စဥ်းစားထားခဲ့သည်။
ဤသည်က လုယွီ၏အစီအစဥ်ဖြစ်သည်။
နံဘေးပတ်ဝန်းကျင်၌လည်း မည်သူမျှရှိမနေချေ။လုယွီက လှည့်ပတ်ကြည့်ရှုပြီးနောက် လျှို့ဝှက်ဆန်းကြယ်သော တာအိုသခင်၏အော်ရာကို စူးစမ်းရှာဖွေနေမိ၏။
"ဒီလိုမျိုး မဟာတာအိုဥပဒေသက တော်တော်တော့ထူးဆန်းနေတယ်...ငါ ဘယ်တုန်းကမှ မကြုံတွေ့ဖူးဘူး"
လုယွီက အနည်းငယ်မျက်မှောင်ကြုတ်နေပေသည်။
တာအိုသခင်များသည် ကျင့်ကြံဆင့်နယ်ပယ်တစ်ခုတွင် ဆရာသခင်မြောက်တက်ကျွမ်းပြီးသူများဖြစ်၍ ပုန်းအောင်းနေလေ့မရှိဘဲ နေရာအတည်တကျနေထိုင်ခြင်းမျိုးလည်းမရှိကြချေ။
သို့ရာတွင် ဤနေရာရှိစိတ်ဝိညာဥ်စွမ်းအင်များသည် တာအိုသခင်အဆင့်ကျင့်ကြံသူတစ်ယောက်အတွက် အားကောင်းခြင်းမရှိချေ။မည်သည်ကြောင့် ထိုသို့သောသူက ယခုကဲ့သို့နေရာမျိုးတွင် သီးခြားကျင့်ကြံနေသနည်း။
အဆောက်အအုံတချို့ကိုဖြတ်သန်းပြီးနောက် လုယွီက ကြီးမားကျယ်ပြန့်သောတောင်ကြားတစ်ခုအတွင်းသို့ ရောက်ရှိလာခဲ့သည်။
ထိုတောင်ကြားသည် မြင့်မားသောတောင်နှစ်လုံးကြားတွင်တည်ရှိပြီး တောင်များပေါ်တွင် ရှေးဟောင်းအဆောက်အအုံတချို့ရှိနေသည်။
ရုတ်တရက် စိတ်ဝိညာဥ်စွမ်းအင်လှိုင်းဖြာထွက်နေမှုကို လုယွီက အာရုံခံမိသည်။
"အဲ့ဒီနေရာမှာ တစ်ခုခုရှိနေတယ်"
လုယွီက တောင်ကြားအတွင်းသို့ဝင်သွားပြီး စိတ်ဝိညာဥ်စွမ်းအင်လှိုင်းများ ဖြာထွက်နေသောနေရာသို့ ပျံဝဲသွားလိုက်သည်။
အမွှေးတိုင်တစ်တိုင်စာလောင်ကျွမ်းချိန်ခန့်ကြာပြီးနောက်...
လုယွီက လှိုဏ်ဂူတစ်လုံး၏ရှေ့၌ ရပ်တန့်လိုက်၏။
လှိုဏ်ဂူအတွင်း၌ ကြီးမားသော ကျင်းကြီးတစ်ကျင်းရှိနေသည်။ထိုကျင်းသည် ပြန့်ပြူးပြားချပ်နေပြီး တစ်စုံတစ်ယောက်က ဖန်တီးထားသကဲ့သို့ပင်။
အရေးအကြီးဆုံးအချက်မှာ ထိုကျင်းကြီးအတွင်း၌ ခရမ်းရောင်သလင်းကျောက်တချို့ရှိနေခြင်းဖြစ်သည်။
"မိုးကောင်းကင်စိတ်ဝိညာဥ်သလင်းကျောက်တွေပါလား...ဒါက သလင်းကျောက်မိုင်းတွင်းရဲ့အပိုင်းအစတစ်ခုဖြစ်နိုင်တယ်"
လုယွီက သူ့စိတ်သူမထိန်းချုပ်နိုင်တော့ဘဲ အပျော်လွန်သွားခဲ့၏။
သာမာန်လူများသည် မှော်ရတနာများကိုပြုပြင်ရာတွင် သေမျိုးစိတ်ဝိညာဥ်သလင်းကျောက်များကို အသုံးပြုကြသည်။ထို့ထက်သာလွန်သောပစ္စည်းများကို ပြုပြင်ရန်တွင်မူ မြေကမ္ဘာစိတ်ဝိညာဥ်သလင်းကျောက်ကိုအသုံးပြုလေ့ရှိသော်လည်း အဖိုးတန်အရှားပါးဆုံးမှာ မိုးကောင်းကင်စိတ်ဝိညာဥ်သလင်းကျောက်ဖြစ်သည်။
မိုးကောင်းကင်စိတ်ဝိညာဥ်သလင်းကျောက်များကို ဝယ်ယူရန်ဆိုသည်မှာလည်း လွန်စွာခက်ခဲပေသည်။အကယ်၍ သလင်းကျောက်တစ်တုံးရှိခဲ့လျှင်ပင် ကြီးမားသောစျေးနှုန်းဖြင့် လေလံတင်ရောင်းချကြပေမည်။
လုယွီ၌ ထိုမိုးကောင်းကင်စိတ်ဝိညာဥ်သလင်းကျောက်နှင့် ပြုပြင်ရန်လိုအပ်သော ဆေဘာဓားသုံးချောင်းရှိနေသည်။
"တကယ်လို့ ငါ့မှာသာ နဂါးစိတ်ဝိညာဥ်သလင်းကျောက်ရှိရင်...ငါ့မှော်လက်နက်တွေရဲ့စွမ်းအားက ပိုပြီးမြင့်မားတဲ့အဆင့်တစ်ခုကို ရောက်ရှိသွားလိမ့်မယ်"
လုယွီက သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ ရေရွတ်နေမိသည်။
သို့ရာတွင် နဂါးစိတ်ဝိညာဥ်သလင်းကျောက်သည် လွန်စွာရှားပါးပြီး ကမ္ဘာတစ်သောင်းနယ်မြေတွင်ပင် တွေ့ရှိရန်လွန်စွာခက်ခဲခြင်းကို လုယွီက ကောင်းစွာတွေ့ရှိထားခဲ့သည်။
"သွားကြစို့"
"သတိထားကြ...အဲ့ဒီကောင်က အရမ်းအစွမ်းထက်တယ်...မင်းတို့နှစ်ယောက်က သူကို အချိန်ခဏလေးပဲထိန်းထားကြ...ငါက ဝမ်းကွဲလုကျောစီကို အမြန်သတင်းသွားပို့လိုက်မယ်"
သူနှင့်မလှမ်းမကမ်းအကွာအဝေးမှ ရုတ်တရက် ဆူညံသောစကားပြောဆိုသံများ ထွက်ပေါ်လာခဲ့သည်။
လုယွီက ထိုအသံကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။သူက အလျှင်အမြန်ပင် မြင့်မားသောနေရာတစ်နေရာသို့ ခုန်တက်ပြီး အသံကြားရာနေရာအား စူးစမ်းလေ့လာလိုက်၏။
ဤအချိန်တွင် လုယွီနှင့်မလှမ်းမကမ်းအကွာအဝေး၌ ကျင့်ကြံသူတချို့သည် အနက်ရောင်ပုံရိပ်တစ်ခုနှင့် တိုက်ခိုက်နေကြ၏။
အနက်ရောင်ပုံရိပ်သည် အနီရောင်တောက်ပနေသောမျက်လုံးသူငယ်အိမ်များရှိသည့် သက်ရှိအလောင်းကောင်ဖြစ်နေသည်။ထိုသက်ရှိအလောင်းကောင်၏လက်မောင်းနှစ်ဖက်လုံးတွင် လေးလံသောသံကြိုးကြီးများနှင့် ချည်နှောင်ထားပြီး ရိုင်းပျစွာအော်ဟစ်မြည်တမ်းနေပေ၏။
သက်ရှိအလောင်းကောင်သည် အလွန်အစွမ်းထက်ပုံရပြီး သူ၏လက်မှသံကြိုးကြီးများကို ပစ်လွှဲလိုက်သည်နှင့် ကျင့်ကြံသူတစ်ယောက်၏ဦးခေါင်းကို ထိခတ်သွားခဲ့သည်။
ဤအချိန်တခဏတွင် သွေးများက ဒီရေအလားကျဆင်းလာပြီး မြေပြင်ပေါ်သို့ဖြာကနဲ ကျဆင်းလာပေ၏။
လုယွီက ဝင်ရောက်စွက်ဖက်လိုစ်တ်မရှိသော်လည်း ထိုကျင့်ကြံသူများအားလုံးသည် လုမိသားစုဝင်များဖြစ်ခြင်းကို သူ တွေ့ရှိလိုက်မိသည်။
သူတို့အားလုံး၏အဝတ်အစားများပေါ်တွင် 'လု'ဟူသော စာလုံးကိုခတ်နှိပ်ထားလေသည်။
"ဝမ်းကွဲလုကျော လာနေပြီ...ငါတို့သူကို အချိန်ခဏပဲ ထိန်းထားရတော့မှာ"
ကျင့်ကြံသူများအနက်မှ တစ်ယောက်က အော်ဟစ်လိုက်၏။
ကံဆိုးစွာဖြင့် လက်ရှိနေရာမှလူအများစုသည် သဘာဝလွန်စွမ်းအင်နယ်ပယ်ကျင့်ကြံသူများဖြစ်ပြီး သက်ရှိအလောင်းကောင်သည် ဓမ္မရုပ်ထုနယ်ပယ်ဖြစ်နိုင်ချေရှိပေသည်။
လုယွီ၏မျက်လုံးများသည် ရုတ်တရက်ဝေဝါးသွားပြီး ထိုသက်ရှိအလောင်းကောင်၏ခန္ဓာကိုယ်အတွင်း၌ ထိတ်လန့်တုန်လှုပ်ဖွယ်အင်အားတစ်ရပ်ရှိနေခြင်းကို သတိပြုမိသွားသည်။
ဤအင်အားမျိုးသည် ဥာဏ်အလင်းပွင့်နယ်ပယ်သို့ ရောက်ရှိပြီးသည့်စွမ်းအားမျိုးဖြစ်ပေ၏။
Chapter 549
ဥာဏ်အလင်းပွင့်နယ်ပယ်သည် ဓမ္မရုပ်ထုနယ်ပယ်၏နောက်တွင်ရှိသော ကျင့်ကြံဆင့်နယ်ပယ်ဖြစ်သည်။
အကယ်၍ ထိုသက်ရှိအလောင်းကောင်သာ ထိုစွမ်းအားအလုံးစုံကို ထုတ်လွှက်လိုက်ပါက ငါးမိုင်ပတ်လည်အတွင်းရှိ လူအားလုံးသေဆုံးရပေမည်။
လုယွီက ဤကိစ္စကို ဝင်ရောက်စွက်ဖက်လိုစိတ်လည်းရှိမနေချေ။
ယခင်က လုယွီသည် လုမိသားဝင်တစ်ယောက်နှင့် သမားတော်ဖန်၏အိမ်တော်၌ ဆုံတွေ့ခဲ့ဘူးသည်။
ယခုလက်ရှိလုမိသားစုကို သူ၏သွေးမျိုးဆက်အရ သွားရမည်ဖြစ်သော်လည်း လုယွီ၌ ခံစားချက်ကောင်းရှိမနေသည်မှာ သိသာထင်ရှားပေ၏။
"ညီအကိုတို့...သက်ရှိအလောင်းကောင်ကိုကြည့်ရတာ တောင့်မခံနိုင်လောတ်တော့ဘူး...သူကိုသတ်ကြရအောင်...သူရဲ့အလောင်းကောင်ပုလဲက ပစ္စည်းကောင်းတစ်ခုပဲ"
ကျင့်ကြံသူတစ်ယောက်က အပျော်လွန်သွားပြီး အော်ဟစ်လိုက်သည်။
လူအားလုံး၏အမြင်အောက်တွင် ထိုသက်ရှိအလောင်းကောင်သည် ယခင်ကဲ့သို့ အစွမ်းထက်ခြင်းမရှိတော့သည်မှာ သိသာထင်ရှားနေပေသည်။
သက်ရှိအလောင်းကောင်၏လှုပ်ရှားမှုများပင် ပို၍နှေးကွေးလာခဲ့သည်။သူ၏ခန္ဓာကိုယ်အားလည်း မြောက်များစွာသောမှော်ရတနာများ၏ခုတ်ဖြတ်ခြင်း ခံထားရပေ၏။ဒဏ်ရါများက သူ၏ခန္ဓာကိုယ်နေရာအနှံ့တွင်ရှိနေပြီး သွေးများကယိုစီးထွက်နေခဲ့သည်။
လုမိသားစုဝင်များ၏စိတ်ဓာတ်များ တက်ကြွလာပြီး သက်ရှိအလောင်းကောင်အား သူတို့၏အစွမ်းထက်ဆုံးမှော်နည်းစနစ်များဖြင့် စုပေါင်း၍တိုက်ခိုက်ကြတော့သည်။
လုယွီက ထိုသက်ရှိအလောင်းကောင်သည် ခွန်အားများစုဆောင်းနေခြင်းကို သတိပြုမိသွားသည်။သက်ရှိအလောင်းကောင်၏ခြေဖဝါးအောက်တွင် နေရာအနှံ့အပြားမှယင်ချီများကိုစုစည်းနေပြီး သူ၏ခန္ဓာကိုယ်အတွင်း၌ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော မှော်စွမ်းအင်လှိုင်းများကို ဖွဲ့စည်းနေပေသည်။
"ဒီနေရာက ထွက်သွားကြစမ်း...အန္တရာယ်ရှိတယ်"
လုယွီက အဝေးမှနေ၍ အော်ဟစ်သတိပေးလိုက်သည်။
လုယွီက အော်ဟစ်လိုက်ချိန်တွင် သူ၏မှော်စွမ်းအားများကို အသုံးပြုထားပေ၏။သူ၏အသံက မိုးခြိမ်းသံကဲ့သို့ လုမိသားစုဝင်များထံ ကျရောက်သွားပေသည်။
တချို့ကျင့်ကြံသူများသည် ထိုအသံ မည်သည့်နေရာမှ ထွက်ပေါ်လာခြင်းကို မှန်းဆနိုင်ခြင်းမရှိချေ။သူတို့က ယာယီအားဖြင့် ကြက်သေသေသွားကြပြီး သက်ရှိအလောင်းကောင်၏သံကြိုးကြီးများဖြင့် ရိုက်ခတ်ခံရလုနီးပါးဖြစ်သွားကြသည်။
"ဘယ်သူလဲ"
"ဒါက ဟိုကောင်လေးပဲ"
"ငါ သူကိုသိတယ်...ပြန်တွေးကြည့်တော့ သူက အမြှောက်စာအဖြစ်ခံဖို့ ခြိမ်းခြောက်ခံနေရတဲ့ကောင်လေးလေ...သူကို စိုးရိမ်နေစရာမလိုဘူး..အဲ့ကောင်က သူရဲဘောကြောင်တဲ့ကောင်...ငါတို့လုမိသားစုမှာက ကြောက်တက်တဲ့သူတစ်ယောက်မှမရှိဘူး"
လုမိသားစုဝင်တစ်ယောက်က ပြက်ရယ်ပြုနေပေ၏။တစ်ခြားသူများ၏မျက်နှာများပေါ်တွင်လည်း သရော်တော်တော်အပြုံးများ တပြိုင်နက်တည်း ထွက်ပေါ်လာခဲ့သည်။
သူတို့အားလုံးက သက်ရှိအလောင်းကောင်၏အော်ရာ တစတစအားနည်းလာခြင်းကို ခံစားမိသည်။အချိန်တခဏအကြာမှာပင် သူတို့က သွေးအလောင်းကောင်အား သတ်ဖြတ်နိုင်မည်မှာ သေချာပေ၏။
အကယ်၍ သူတို့သာ သက်ရှိအလောင်းကောင်၏အလောင်းကောင်ပုလဲကို မိသားစုထံသို့ ယူဆောင်သွားနိုင်ပါက ကြီးမားသောအောင်မြင်မှုကြီးရရှိနိုင်ပေမည်။
"သူက ခွန်အားတွေကိုစုစည်းနေတာ...မင်းတို့ မမြင်ကြဘူးလား"
လုယွီ၏အေးစက်စက်အသံက ထပ်မံ၍ထွက်ပေါ်လာပြန်၏။
သို့ရာတွင် လုမိသားစုဝင်များက လုယွီ၏စကားကို ယုံကြည်ခြင်းမရှိကြချေ။
"ဘာမှမသိတဲ့ကောင်တစ်ကောင်ကများ....ငါတို့လုမိသားစု ဘယ်လောက်အစွမ်းထက်တယ်ဆိုတာရော သူသိရဲ့လား...လာကြစမ်း...ငါတို့ ဝင်္ကပါဖွဲ့စည်းပြီး ဒီသက်ရှိအလောင်းကောင်ကိုသတ်ကြရအောင်"
"အဲ့ဒီကောင် တော်တော်ကိုနားညီးစရာပါလား...ငါ သူ့ကိုဖမ်းပြီး အမြှောက်စာလုပ်ပစ်မယ်"
လုမိသားစုဝင်ကျင့်ကြံသူများသည် တပြိုင်နက်တည်းလှုပ်ရှားပြီး ဝင်္ကပါတစ်ခုကို ဖွဲ့စည်းလိုက်ကြ၏။သူတို့အားလုံး၏စွမ်းအားများ စုစည်းလိုက်သည်တွင် ဓမ္မရုပ်ထုနယ်ပယ်စွမ်းအားထွက်ပေါ်လာပြီး မြင့်မားသောဓမ္မရုပ်ထုကြီးက လေထုအလယ်၌ထွက်ပေါ်လာခဲ့သည်။ထိုဓမ္မရုပ်ထုကြီးသည် စက်ဝိုင်းပုံလှည့်ပတ်ပြီး သက်ရှိအလောင်းကောင်အား ပိတ်လှောင်ထားပေ၏။
"သေစမ်း"
လူအမြောက်အများက တချိန်တည်းမှာပင် သံပြိုင်အော်ဟစ်လိုက်ကြပြီးနောက် သူတို့အားလုံး၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများသည် ထက်ရှသောဓားတစ်ချောင်းအသွင် သိပ်သည်းသွားပြီး သက်ရှိအလောင်းကောင်အားထိုးဖောတ်ရန် တဟုန်ထိုးဝင်သွားလေသည်။
"ယုတ်ညံတဲ့ သတ္တဝါကောင်...သေစမ်း"
လုမိသားစုမှကျင့်ကြံသူတစ်ယောက်က အော်ဟစ်လိုက်၏။
ရုတ်တရက် သက်ရှိအလောင်းကောင်ထံမှ အော်ဟစ်ကြုံးဝါးသံတစ်သံ ထွက်ပေါ်လာပြီးနောက် သူ့ပတ်ဝန်းကျင်ရှိမြေပြင်က ချက်ချင်းပင်နိမ့်ဝင်သွားပေသည်။
ထို့နောက်တွင်မူ ကြောက်မက်ဖွယ်ကောင်းပုံရသောဓားသည် သက်ရှိအလောင်းကောင်၏ဖမ်းခြင်းကို ခံလိုက်ရတော့သည်။
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ထိုဓားသည် သက်ရှိအလောင်းကောင်၏လက်အတွင်း၌ ကျိုးပဲ့သွားတော့သည်။
ထို့နောက်တွင်မူ သက်ရှိအလောင်းကောင်က ရုတ်တရက် လေပေါ်သို့ခုန်တက်လိုက်ပြီး သူ၏နံဘေးရှိကျင့်ကြံသူများအား ကန်ကျောက်လေသည်။
ကျင့်ကြံသူများသည် ဓမ္မရုပ်ထုကိုကိုထိန်းချုပ်နေရသဖြင့် သက်ရှိအလောင်းကောင်၏တိုက်ခိုက်မှုကို ခုခံနိုင်စွမ်းမရှိချေ။ဆောင်းဦးလေသည် သစ်ရွက်များကိုကြွေလွင့်သွားစေသကဲ့သို့ သူတို့အားလုံးသည်လည်း ကန်ကျောက်ခံရခြင်းကြောင့် မြေပြင်ပေါ်သို့ တစ်ယောက်ပြီးတစ်ယောက်လဲကျသွားတော့သည်။
"ဒါက ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ...သူက ငါတို့ကိုတောင် ပြန်ပြီးဖိနှိပ်နေပါလား"
လုမိသားစုဝင်လူငယ်များ၏ခေါင်းဆောင်သည် သူ၏လည်မြိုမှထိုးတက်လာသော သွေးများကိုဖိအားပေး၍တောင့်ခံပြီး မယုံကြည်နိုင်သောလေသံဖြင့် ပြောဆိုလိုက်၏။
သက်ရှိအလောင်းကောင်သည် ခြေလှမ်းကျဲကြီးများဖြင့် လုယွီထံသို့ ဦးတည်၍သွားနေပေသည်။သူ၏မျက်လုံးများအတွင်း၌ မုန်းတီးမှုအရိပ်အယောင်များ ထင်ဟပ်နေသည်။အကယ်၍ လုယွီသာ မရှိပါက သူရှေ့ရှိလူများအားလုံးကို သူ သတ်ဖြတ်ပြီးဖြစ်ပေမည်။
"မကောင်းတော့ဘူး...သက်ရှိအလောင်းကောင် ဒီနေရာကနေထွက်ခွါသွားပြီ"
"သူက ဟိုကောင်လေးစီ ဦးတည်ပြီးသွားနေတာပဲ"
လုမိသားစုဝင်များသည် အော်ဟစ်နေကြသော်လည်း မည်သူကမျှရှေ့ထွက်ပြီး သက်ရှိအလောင်းကောင်အား ဟန့်တားခြင်းမပြုကြချေ။
လုမိသားစုဝင်လူငယ်များ၏ခေါင်းဆောင်ဖြစ်သူက သရော်တော်တော်ပင် ပြောဆိုလိုက်၏။
"ထားလိုက်တော့...သက်ရှိအလောင်းကောင်ကို အဲ့ဒီကောင်လေးကို သတ်ခွင့်ပြုလိုက်...ဒါက ငါတို့ရဲ့စီနီယာအကို လာမယ့်အချိန်ထိ အချိန်ဆွဲထားဖို့အခွင့်ကောင်းပဲ"
Chapter 550
လုမိသားစုဝင်များသည် စောင့်ကြည့်ရန်သာရွေးချယ်ခဲ့ကြပြီး မည်သူကမျှ ဝင်ရောက်ကူညီရန်ရည်ရွယ်ချက်မရှိကြချေ။
သက်ရှိအလောင်းကောင်သည် အလွန်လျှင်မြန်ပြီး အချိန်တခဏအတွင်းမှာပင် ငါးမိုင်ခန့်အကွာအဝေးအား ဖြတ်သန်း၍ပြေးလွှားလာခဲ့သည်။
ဂူး...ဂရါး....
သက်ရှိအလောင်းကောင်သည် သွေးညှီနံပြင်းသောအော်ရာကို ထုတ်လွှက်လိုက်၏။သူ၏ပါးစပ်ထောင့်နားတွင် သွေးစသွေးနများရှိနေပေရာ သူကိုကြည့်ရသည်မှာ အလွန်အမင်းကြမ်းကြုတ်ရက်စက်ပုံ ပေါတ်နေပေသည်။
"ဒီသက်ရှိအလောင်းကောင်ရဲ့ပုံပန်းသွင်ပြင်ကိုကြည့်ရတာ....အစွမ်းထက်တဲ့ကျင့်ကြံသူတစ်ယောက်က သူရဲ့ခန္ဓာကိုယ်ထဲက မထွက်နိုင်သေးခင်မှာပဲ အသတ်ခံလိုက်ရပုံပဲ...သူကို သေသွားစေတဲ့ထိုးနှက်ချက်က သူ့ခန္ဓာကိုယ်မှာ ခုထိရှိနေတုန်းပဲ"
လုယွီက သက်ရှိအလောင်းကောင်၏အခြေအနေကို ချက်ချင်းပင် သိရှိသွားပေ၏။သို့ရာတွင် လုယွီက ကြောက်ရွံထိတ်လန့်နေခြင်း မရှိချေ။
"ဓမ္မရုပ်ထုနယ်ပယ် သက်ရှိအလောင်းကောင်ကို ငါ လေ့ကျင့်တဲ့နေရာမှာအသုံးပြုရင်တော့ တော်တော်ကောင်းမှာပဲ"
လုယွီ၏မျက်လုံးများက အေးစက်စက်တောက်ပနေပေသည်။
လုယွီသည် သူ၏ယခုလက်ရှိ ကျင့်ကြံဆင့်နယ်ပယ်စွမ်းအားကို သိရှိချင်နေမိသည်။
စစ်ထူကွမ်ယွီနှင့်တိုက်ပွဲစတင်စဥ်အချိန်တုန်းက လုယွီသည် မှော်သံလိုက်အိမ်မြှောင်ကိုသာ အသုံးပြုခဲ့ပြီး သူ၏အစစ်အမှန်ခွန်အားကို အသုံးပြုခဲ့ခြင်းမရှိချေ။
အကြောင်းအရင်းမှာ စစ်ထူကွမ်ယွီသည် အလွန်အားနည်းသောသူဖြစ်ခြင်းကြောင့်ပင်။
အကယ်၍ လုယွီကသာ သူ၏ခွန်အားအကုန်အစင်ကို အသုံးပြုခဲ့ပါက စစ်ထူကွမ်ယွီသည် မည်သည့်နည်းနှင့်မျှ သူ၏ပြိုင်ဘက်မဖြစ်နိုင်ချေ။
"သက်ရှိအလောင်းကောင်က နာကျင်မှုကိုခံစားရမှာမဟုတ်ဘူး...ငါ အရင်တိုက်မှဖြစ်မယ်"
အနက်ရောင်အရိပ်တစ်ခု ဖျတ်ခနဲလှုပ်ရှားသွားခြင်းနှင့်အတူ လုယွီက သက်ရှိအလောင်းကောင်ထံသို့ အံ့အားသင့်ဖွယ်အရှိန်နှုန်းဖြင့် တဟုန်ထိုးပြေးဝင်သွားခဲ့သည်။
မျက်တောင်တခတ်စာအချိန်အတွင်းမှာပင် သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် ထိပ်တိုက်ရင်ဆိုင်မိပြီး တိုက်ခိုက်ကြတော့သည်။
ဘုန်း....
ပင်လယ်ရေနက်ဗုံးတစ်လုံးက ပင်လယ်၏အောက်ခြေတွင် ပေါတ်ကွဲသွားသကဲ့သို့ မြေပြင်သည် မြောက်များစွာသောအက်ကွဲကြောင်းများအဖြစ်ကွဲအက်လာပြီး ပတ်ဝန်းကျင်ရှိကုန်းမြေပင် ကျွံကျသွားပေ၏။
"ဂရါး...."
သက်ရှိအလောင်းကောင်သည် အော်ဟစ်ကြုံးဝါးပြီး သူ၏ထက်ရှသောလက်သည်းများဖြင့် လုယွီထံဦးတည်၍ ဆွဲကုပ်လိုက်သည်။
သို့ရာတွင် လုယွီ၏အရှိန်နှုန်းက ပို၍လျှင်မြန်ပေသည်။သက်ရှိအလောင်းကောင်၏လက် သူ့အနီးသို့ချဥ်းကပ်လာသည်နှင့် လုယွီက လက်ကောက်ဝတ်မှဖမ်းဆုပ်ကာ မြေပြင်ပေါ်သို့တွန်းလှဲချလိုက်၏။
သို့ရာတွင် ထိုကိစ္စက အဆုံးသတ်မဟုတ်သေးချေ။
လုယွီသည် သက်ရှိအလောင်းကောင်အား လက်ကောက်ဝတ်မှဆွဲကိုင်၍ ကြိုးတစ်ချောင်းအားရှေ့နောက်လွှဲယမ်းနေသကဲ့သို့ မြေပြင်နှင့်ကိုင်ရိုက်နေလေသည်။
ဘုန်း...ဘုန်း...ဘုန်း...
သက်ရှိအလောင်းကောင်သည် မြေပြင်နှင့်အပြင်းအထန် ရိုက်ခတ်မိသဖြင့် သူ၏အရေပြားများ စုတ်ပြဲနေပြီး သွေးများယိုစီးကျနေခဲ့သည်။
"ခွန်အား...ငါက ပိုသာတယ်"
ရုတ်ချည်းဆိုသလိုပင် လုယွီ၏ခန္ဓာကိုယ်ပတ်လည်မှ လေစိမ်းများတိုက်လာပြီး သူ၏အဝတ်အစားများ ဖောင်းကားလာပေ၏။
လုယွီ၏ရင်ဘက်ပေါ်တွင် နဂါးနက်အမှတ်အသားတစ်ခုရှိနေသည်။ထိုအမှတ်အသားက နဂါးနက်သုံးကောင်ရစ်ခွေနေသောပုံဖြစ်ပေ၏။နဂါးနက်သုံးကောင်သည် အိပ်မောကျနေပုံရသော်လည်း ထိတ်လန့်တုန်လှုပ်ဖွယ်စွမ်းအားတစ်ရပ်က ခိုအောင်းနေလေသည်။
"ဂရါး...."
သက်ရှိအလောင်းကောင်သည် မကျေမချမ်းဖြင့် အော်ဟစ်ရုန်းကန်နေပေ၏။သို့သော် သူ မည်မျှထိရုန်းကန်နေပါစေ လုယွီ၏ထိန်းချုပ်ထားမှုမှ လွတ်မြောက်နိုင်ခြင်းမရှိချေ။
နဂါးသုံးကောင်၏စွမ်းအား....
လုယွီသည် နဂါးကိုးကောင်ခန္ဓာကိုယ်နည်းစနစ်ကို လျှို့ဝှက်ဆန်းကြယ်သောထိုက်ကျိအမှတ်အသားနှင့် ရောယှက်ထားသော်လည်း ၎င်းကပျောက်ကွယ်သွားခြင်းမရှိသည့်အပြင် ယခင်ထက်ပင်အစွမ်းပိုထက်လာခဲ့သည်။
လုယွီက သူ၏ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ခွန်အားသည် ဓမ္မရုပ်ထုနယ်ပယ်ကျင့်ကြံသူတစ်ချို့၏ခန္ဓာကိုယ်ခွန်အားထက် ပို၍သာလွန်သည်ကို သိရှိပြီးဖြစ်သည်။
သက်ရှိအလောင်းကောင်သည် မြေပြင်နှင့်အဆက်မပြတ်ရိုက်နှက်ခံနေရသည့်ကြားမှ ရုတ်တရက် သူ၏ပါးစပ်ကြီးကိုဖွင့်ဟပြီး ပတ်ဝန်းကျင်ရှိယင်ချီများကို ရှိုက်သွင်းလိုက်၏။
"အချုပ်အနှောင်ချိုးဖျက်နည်းစနစ်..."
လုယွီက အံ့အားသင့်သွားပြီး သွေးအလောင်းကောင်သည် နောက်ဆုံးလှည့်စားမှုကို အသုံးပြုတော့မည်ဖြစ်ကြောင်း ရိပ်မိသွားခဲ့သည်။
လုယွီနှင့်သက်ရှိအလောင်းကောင်ကြားတွင် ကျင့်ကြံဆင့်နယ်ပယ်ကလည်း ကြီးကြီးမားမားကွာဟချက်ရှိနေပေသည်။
"မင်းမှာ အခွင့်အရေးမရှိတော့ဘူး"
လုယွီ၏မျက်လုံးများက အေးစက်စက်တောက်ပလာပြီးနောက် သူ၏လက်အတွင်း၌ အနက်ရောင်ဆေဘာဓားတစ်ချောင်းထွက်ပေါ်လာခဲ့သည်။
ထိုဆေဘာဓားသည် ယိုကျွင်းဓားမှအပ အခြားမဟုတ်ပေ။
ဝှစ်....
ခပ်အုပ်အုပ်အသံတစ်သံနှင့်အတူ သွေးစို့ရာပေါက်တစ်ခု ထွက်ပေါ်လာခဲ့သည်။
သက်ရှိအလောင်းကောင်၏ခန္ဓာကိုယ်သည် အချိန်တခဏကြာယမ်းခါသွားပြီးနောက် မြေပြင်ပေါ်သို့ပြိုလဲကျသွားတော့သည်။
သက်ရှိအလောင်းကောင်အား ထိုးဖောက်ပြီးသည်နှင့် ယိုကျွင်းဓားသည် လေထုအလယ်တွင်ပျံဝဲပြီး လုယွီထံသို့ ပြန်လည်ရောက်ရှိလာပေ၏။
"ငါရဲ့ဆေဘာဓားသုံးချောင်းကို တက်နိုင်သလောတ်မြန်မြန်ပြုပြင်ရမယ်...မဟုတ်ရင် ငါ တခါအသုံးပြုတိုင်း ငါ့ဓားတွေတစ်ကြိမ်ထိခိုက်ပျက်စီးတယ်"
ထိုအချိန်မှာပင် သက်ရှိအလောင်းကောင်၏ခန္ဓာကိုယ်မှ အနီရောင်ပုလဲတစ်လုံး ထွက်ပေါ်လာခဲ့သည်။
ထိုပုလဲလုံးသည် လှုပ်ခတ်နေရာမှ မျက်တောင်တခတ်စာအချိန်အတွင်းမှာပင် လုယွီ၏ရှေ့သို့ ရောက်ရှိလာပေ၏။
"အလောင်းကောင်ပုလဲလား"
လုယွီက ထိုပုလဲလုံးကို ဆုပ်ကိုင်လိုက်သည်။
ထိုအချိန်မှာပင် အေးစက်စက်အသံတစ်သံက လုယွီနှင့် မလှမ်းမကမ်းအကွာအဝေးမှနေ၍ ထွက်ပေါ်လာခဲ့သည်။
"ကောင်လေး...မင်း လက်ထဲကပစ္စည်း ငါ့ကိုပေးစမ်း"