← Chapters

အခန်း (၅၅၆-၅၆၀)

Vol. 31 Ch. 556-560

အခန်း (၅၅၆-၅၆၀)

Vol. 31 Ch. 556-560

Chapter 556

"နတ်ဆိုးချိပ်ပိတ်သူ....အဲ့ဒီ ကောင်စုတ်လေးလား"

လုယွီ၏မျက်လုံးများအတွင်း၌ အနည်းငယ်စိတ်သက်သာရာရသွားသော အရိပ်အယောင်များ ထင်ဟပ်လာသည်။

အကယ်၍ ထိုကိစ္စသာဖြစ်ခဲ့လျှင် တာအိုသခင်တစ်ယောက်သည် စိတ်ဝိညာဥ်စွမ်းအင်များကျဲပါးသော ဤကြယ်နယ်မြေပေါ်၌ လာရောက်စတည်းချရသည့် အကြောင်းအရင်းက ရှင်းလင်းသွားပေသည်။

အကြောင်းအရင်းက အလွန်ရိုးရှင်းပေ၏။ဖြစ်နိုင်သည်က ဤရှေးဟောင်းနတ်ဆိုးကို ဖိနှိပ်ရန်အတွက် သူက ဤနေရာ၌ တစ်ချိန်လုံးနေနေခြင်းဖြစ်ပေမည်။

သူ၏အတိတ်ဘဝတုန်းက လုယွီနှင့်နတ်ဆိုးချိပ်ပိတ်သူသည် တစ်ကြိမ်ဆုံတွေ့ခဲ့ဖူးသည်။

နတ်ဆိုးချိပ်ပိတ်သူဟူသောအမည်ဖြင့် ကျော်ကြားမလာမီကတည်းက သူသည် နတ်ဆိုးများ၏ ရက်ရက်စက်စက် လိုက်လံသတ်ဖြတ်ခံခဲ့သူဖြစ်သည်။

ထိုအချိန်တုန်းက နတ်ဆိုးချိပ်ပိတ်သူသည် သိုင်းပညာသူတော်စင်အဆင့်သာရှိပြီး နတ်ဆိုးများ၏ပြိုင်ဘက်မဟုတ်ခဲ့ချေ။သူ့အား နတ်ဆိုးများက လိုက်လံသတ်ဖြတ်နေခြင်းကို သိရှိပြီးနောက်တွင် ထာဝရအသက်လမ်းစဥ်ကိုစွန့်လွှက်ပြီး ရက်စက်ကြမ်းကြုတ်ဆုံးနည်းလမ်းများဖြင့် သူ၏ကိုယ်ပိုင်စွမ်းအားကိုမြှင့်တင်ကာ အလွန်လျှင်မြန်သောနှုန်းဖြင့် တာအိုသခင်အဆင့်သို့ ချိူးဖျက်နိုင်ခဲ့သည်။

ကောလဟာလများအရ နတ်ဆိုးချိပ်ပိတ်သူသည် တာအိုကိုရရှိပြီးနောက်တွင် နတ်ဆိုးများ၏ခြေ လက်များကိုဖြတ်တောက်ပြီး သူ၏ကိုယ်ပိုင်ကမ္ဘာငယ်အတွင်း၌လှောင်ပိတ်ကာ နေ့နေ့ညညနှိပ်စက်ညှင်းပန်းခဲ့သည်။

ထိုအချိန်မှစ၍ သူသည် နတ်ဆိုးကျင့်ကြံသူများနှင့်ယုတ်မာသောနတ်ဆိုးများကို ရှာဖွေ၍ ဖိနှိပ်တော့သည်။

အကန့်အသတ်မဲ့စကြာဝဠာအတွင်း၌ အသက်ရှင်သန်နိုင်ရန်မှာ အစွမ်းထက်ဆုံးမှော်ပညာရပ်များကို တက်မြောက်ထားရန်လိုအပ်သည်။တစ်ချို့လူများသည် ရှင်သန်နိုင်ရန်အတွက် နတ်ဆိုးလမ်းစဥ်ကို ရွေးချယ်ခဲ့ကြသော်လည်း တာအိုသခင်များ၏လိုက်လံဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံရပေသည်။

လုယွီသည် နတ်ဆိုးကျင့်ကြံသူတစ်ယောက်၏ခြုံခိုတိုက်ခိုက်ခြင်းကို ခံရစဥ်က နတ်ဆိုးချိပ်ပိတ်သူရောက်ရှိလာပြီး သူ့အားလွတ်မြောက်ရန်ကူညီခဲ့ဖူးသည်။

နတ်ဆိုးချိပ်ပိတ်သူက လုယွီအား ကယ်တင်ခဲ့သည့် အကြောင်းအရင်းမှာ သူသည်လည်း နတ်ဆိုးကျင့်ကြံသူများအား လိုက်လံသတ်ဖြတ်နေခြင်းကြောင့်ဟု ပြောခဲ့သည်။

အကယ်၍ လုယွီကသာ တခြားကျင့်ကြံနည်းစနစ်ကိုအသုံးပြုသူနှင့် တိုက်ခိုက်နေပါက နတ်ဆိုးချိပ်ပိတ်သူက ဘေးထွက်နေရန်မည်ဖြစ်ပြီး ဝင်ရောက်စွက်ဖက်မည်လည်းမဟုတ်ချေ။

ထိုကိစ္စအတွက်ကြောင့် လုယွီက နတ်ဆိုးချိပ်ပိတ်သူကို ဝိုင်အရက်ဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး သူတို့နှစ်ယောက်က အကြိမ်ပေါင်းများစွာ ထပ်မံတွေ့ဆုံခဲ့ကြ၏။

ရုတ်တရက် ယဇ်ပလ္လင်ပေါ်မှလူကြီး၏မျက်လုံးများက အေးစက်စက်တောက်ပလာခဲ့သည်။

"ကောင်စုတ်လေး ဟုတ်လား...မင်းက ငါရဲ့အရှင်သခင်ကို မလေးမစားခေါ်ဆိုဝံ့တာလား"

လုယွီက ပြောသည်။

"ခင်ဗျားက တကယ့်ကို နတ်ဆိုးချိပ်ပိတ်သူရဲ့တပည့်တစ်ယောက်ပဲ...သူက ခင်ဗျားလိုရူးသွပ်မိုက်မဲတဲ့သူတွေကိုပဲ သင်ကြားပေးခဲ့တာလို့ ကျုပ် ခန့်မှန်းနိုင်တယ်"

လူကြီး၏စူးရှနေသောမျက်လုံးများ ဝေဝါးသွားပေသည်။

"ဘုရားကျောင်းအတွင်းမှာ...မြေအောက်လောကရဲ့တာအိုရှိတယ်...ငါ့အရှင်သခင်ရဲ့ နာမည်အပြည့်အစုံကို မင်း ခေါ်ဆိုဝံ့တာတောင်...ဘုရားကျောင်းက ပြစ်ဒဏ်ခတ်မိုးကြိုးက ကျဆင်းမလာခဲ့ဘူး...ကြည့်ရတာတော့ မင်းက ငါရဲ့အရှင်သခင်နဲ့အဆင့်တူ ကျင့်ကြံသူတစ်ယောက်ဖြစ်ပုံပဲ"

ရုတ်ချည်းဆိုသလိုပင် လူကြီးက သူ၏ခေါင်းကိုနှိမ့်ချပြီး တောင်းပန်ပြောဆိုလိုက်၏။

"မင်းမှာ ဒီရှေးဟောင်းနတ်ဆိုးကိုဖြေရှင်းဖို့ နည်းလမ်းရှိနိုင်တယ်...ကျေးဇူးပြုပြီး ငါ့ကိုကူညီပေးပါ...ငါ ဒီရှေးဟောင်းနတ်ဆိုးကို ဆက်ပြီးထိန်းမထားနိုင်တော့ဘူး"

စကားပြောဆိုနေမှာပင် ထိုလူကြီး မတ်တတ်ရပ်နေသော မြေပြင်နေရာသည် တုန်ခါလာပေ၏။

ရုတ်ချည်းဆိုသလိုပင် တောက်ပနေဆဲဖြစ်သော မိုးကောင်းကင်စိတ်ဝိညာဥ်သလင်းကျောက်များ စတင်၍ပြိုကျလာပြီး ပေါတ်ကွဲသွားတော့သည်။

သလင်းကျောက်အစအနများသည် တိုက်ခတ်လာသော လေပြင်းနှင့်အတူ လှိုဏ်ဂူပြင်ပသို့ လွင့်ပါသွားလေသည်။

"ရှေးဟောင်းနတ်ဆိုးက ချိပ်ပိတ်တာကို ချိုးဖျက်နိုင်တော့မယ်...တကယ်လို့ မင်း မကူညီနိုင်ဘူးဆိုရင်လည်း...ငါရဲ့အစစ်အမှန်သွေးစက်စွန်းထင်နေတဲ့ ဒီဓားကိုယူပြီး အက်ကွဲကြောင်းထဲကိုထိုးစိုက်ပေးပါ...ဒါက သူကို အချိန်တခဏတော့ဖိနှိပ်ထားနိုင်လိမ့်မယ်"

လူကြီးက အော်ဟစ်ပြောဆိုလိုက်သည်။

လုယွီက ထိုလူကြီး၏ပခုံးအား သူ၏လက်ဖြင့် ပုတ်လိုက်လေ၏။

"ငါ သိပြီ"

သူက အက်ကွဲကြောင်းထံသို့ လျှောက်လှမ်းသွားခဲ့သည်။အမှန်တကယ်ကိုပင် လှိုဏ်ဂူ၏နက်ရှိုင်းသောနေရာ၌ အက်ကွဲကြောင်းကြီးရှိနေသည်။

ထိုအက်ကွဲကြောင်းအတွင်း၌ မှောင်မည်းနေပြီး နတ်ဆိုးချီများကလည်း အဆက်မပြတ်ထွက်ပေါ်နေခဲ့သည်။

အက်ကွဲကြောင်းမှနေ၍ မျက်လုံးတစ်လုံးက ရုတ်တရက် ထွက်ပေါ်လာပေ၏။

ထိုမျက်လုံးထွက်ပေါ်လာသော အချိန်တခဏတွင် ပတ်ဝန်းကျင်ရှိ အရာရာတိုင်း ခြောက်သွေ့ညှိုးနွမ်းသွားလေသည်။

မျက်လုံး၏သူငယ်အိမ်မှနေ၍ မှန်းဆမရနိုင်သည်အထိ ညှို့ယူနိုင်သည့်စွမ်းအားများထွက်ပေါ်နေခဲ့သည်။အကယ်၍ တစ်စုံတစ်ယောက်သည် ထိုမျက်လုံးအား စိုက်ကြည့်မိပါက ပုံရိပ်ယောက်ကမ္ဘာအတွင်းသို့ ဝင်ရောက်သွားပေမည်။

"ငါကို လွှက်ပေးပါ...ငါ မင်းကို ထာဝရအသက် ပေးနိုင်တယ်"

သာယာနာပျော်ဖွယ်အသံတစ်သံက အက်ကွဲကြောင်းထံမှ ထွက်ပေါ်လာခဲ့သည်။

လုယွီက အေးစက်စက်နှာမှုတ်ပြီးနောက် သူ၏လက်ချောင်းများအား လှုပ်ခတ်လိုက်ရာတွင် မြေအောက်လောကနတ်ဘုရားပုံရိပ်ကြီးက သူ့နောက်၌ ချက်ချင်းထွက်ပေါ်လာခဲ့သည်။

"အပြင်ထွက်ချင်တာလား...မင်းက ဒီနေရာမှာပဲ သေတဲ့အထိ တသက်လုံးနေရမှာ"

လုယွီက လက်ညှိုးညွှန်လိုက်ရာတွင် သူ၏နောက်ရှိ မြေအောက်လောကနတ်ဘုရားပုံရိပ်ကြီး၏လက်ဝါးသည် အက်ကွဲကြောင်းပေါ်သို့ ကျရောက်သွားတော့သည်။

"အားးး...မြေအောက်လောက တာအိုသခင်...မင်း ဘာလို့ ဒီနေရာကိုရောက်နေတာလဲ"

အက်ကွဲကြောင်းထံမှ ကြေကွဲဝမ်းနည်းစွာဖြင့်အော်ဟစ်သံတစ်သံ ထွက်ပေါ်လာလေ၏။ထို့နောက် အက်ကွဲကြောင်းသည် ချက်ချင်းပင် စေ့သွားပြီး ထိုပေါ်သို့ သွေးစက်တစ်စက်ကျသွားပေသည်။

လှိုဏ်ဂူတစ်ဂူလုံး တိတ်ဆိတ်ငြိမ်သက်နေပြီး မည်သည့်အသံမျှထွက်ပေါ်လာခြင်းမရှိတော့ချေ။

Chapter 557

ရှေးဟောင်းနတ်ဆိုးအား ချိပ်ပိတ်ပြီးလေပြီ။

သို့ရာတွင် လုယွီ၏မျက်နှာအမူအယာသည် စိတ်သက်သာရာရသွားပုံမရဘဲ ပို၍တည်ကြည်လေးနက်လာခဲ့သည်။

သူက နတ်ဆိုးတစ်ကောင်ကို ချိပ်ပိတ်ခဲ့သည့်အပြင် ထိုနတ်ဆိုးက ရှေးဟောင်းနတ်ဆိုးတစ်ကောင်ဖြစ်နေသည်။

ထို့ပြင် ရှေးဟောင်းနတ်ဆိုး၏နတ်ဆိုးအော်ရာကို ကြည့်ရှုပါက နတ်ဆိုးအင်ပါယာအဆင့်သို့ရောက်ရှိနေပေ၏။

ရှေးဟောင်းနတ်ဆိုးများတွင် ကွဲပြားခြားနားသောအဆင့်များရှိသည်။နတ်ဆိုးအင်ပါယာအဆင့်သည် လူသားကျင့်ကြံသူများ၏လူသားဦးသျှောင်နယ်ပယ်နှင့်တူညီပြီး အနည်းငယ်ပို၍အစွမ်းထက်ကောင်းထက်ပေမည်။

ဤကဲ့သို့ရှေးဟောင်းနတ်ဆိုးသည် အစွမ်းထက်သည်မှာမှန်သော်လည်း ဤနေရာ၌ ရုတ်ရုတ်သဲသဲကိစ္စများကို ဖန်တီးပြီး ဘုရားကျောင်းတစ်ခုတည်ဆောက်ထားရန်မလိုအပ်ချေ။

လုယွီက ယဇ်ပလ္လင်ထံသို့ ပြန်သွားလိုက်ရာတွင် လူကြီး၏အခြေအနေ များစွာတိုးတက်ကောင်းမွန်လာခြင်းမှာ သိသာထင်ရှားပေ၏။

"မင်းရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်"

လူကြီးက ကျေးဇူးတင်စကားပြောသည်။

လုယွီက သူ၏လက်ကိုဝှေ့ယမ်းပြီး ပြောလေ၏။

"အခု...ခင်ဗျား ကျုပ်ကို အမှန်တရားပြောသင့်နေပြီ"

လူကြီး၏မျက်နှာပေါ်၌ တွန့်ဆုတ်နေသောအရိပ်အယောင် တစိုးတစိထင်ဟပ်လာခဲ့သည်။

"မင်း မြင်တဲ့အတိုင်းပဲလေ...ရှေးဟောင်းနတ်ဆိုးရဲ့အော်ရာက ပိုပိုပြီးပြင်းထန်လာခဲ့တယ်..သူက နတ်ဆိုးအင်ပါယာအဆင့်မို့ ငါရဲ့အရှိန်အဝါကြောင့် မလှုပ်ရှားဝံ့ဘူး...ဒါပေမယ့် သူခွန်အားပြည့် အသုံးပြုမယ်ဆိုရင် ငါ တားဆီးနိုင်ဖို့ခက်ခဲလိမ့်မယ်"

"တကယ်လို့ ခင်ဗျား အဖြစ်မှန်အတိုင်းကိုမပြောဘဲ အချိန်ဖြုန်းနေမယ်ဆိုရင် ကျုပ် ဘာမှမတက်နိုင်ဘူး...ကျုပ်ကို ပြော...ဒီအေါက်မှာ အမှန်တကယ်ချပ်ပိတ်ထားတာကဘာလဲ"

လုယွီက မေးလိုက်၏။

လူကြီးက သက်ပြင်းတစ်ချက်ရှိုက်ပြီး နောက်ဆုံး၌ ပြောဆိုလေသည်။

"ဒီအေါက်မှာ...ကောင်းကင်ဘုံနတ်ဆိုးဘိုးဘေးရဲ့ အကြွင်းအကျန်စိတ်ဝိညာဥ်အမျှင်တစ်မျှင်ရှိနေတယ်"

"လွန်ခဲ့တဲ့ နှစ်သုံးဆယ်အချိန်တုန်းက...ငါရဲ့အရှင်သခင်က ကောင်းကင်ဘုံနတ်ဆိုးဘိုးဘေးရဲ့အနီးစပ်ဆုံးတည်နေရာကို ခြေရာခံမိတယ်...နောက်ဆုံးတော့ သူက ဒီကျိုးပျက်နေတဲ့ကြယ်နယ်မြေမှာ ပြန်ဝင်စားဖို့ကြံစည်ခဲ့တာကို တွေ့ရှိခဲ့တယ်"

"ငါရဲ့အရှင်သခင် မူလစီစဥ်ထားခဲ့တာက ကောင်းကင်ဘုံနတ်ဆိုးဘိုးဘေး ပြန်ဝင်စားတဲ့အချိန်မှာသတ်ဖြတ်ဖို့ပဲ...ဒါပေမယ့် သူ ပြန်ဝင်စားနိုင်ခဲ့တဲ့အတွက် ဒီနေရာကိုချိပ်ပိတ်ပြီး ထာဝရဖိနှိပ်ထားဖို့ စီစဥ်ခဲ့တယ်...ကောင်းကင်ဘုံနတ်ဆိုးဘိုးဘေးက သူဖိနှိပ်ခံထားရတဲ့ အချိန်အတောအတွင်းမှာ အချက်ပြသင်္ကေတတွေထုတ်လွှင့်ပြီး သူကိုကယ်တင်ဖို့ နတ်ဆိုးအင်ပါယာအဆင့်တွေကို ဆင့်ခေါ်ခဲ့တယ်"

လူကြီးက ခါးသီးသောမျက်နှာအမူအယာဖြင့် ဆက်လက်ပြောဆိုလေသည်။

"ငါက ဒီနေရာမှာ နတ်ဆိုးအင်ပါယာကိုဖိနှိပ်ရတဲ့အပြင် ကောင်းကင်ဘုံနတ်ဆိုးဘိုးဘေးရဲ့ပြန်ဝင်စားမှုကိုလည်း ကာကွယ်တားဆီးရတယ်...မဟုတ်လို့ရှိရင် နတ်ဆိုးအင်ပါယာအဆင့်လောတ်က ငါ့ကိုအခက်အခဲတွေ့စေမှာမဟုတ်ဘူး"

ကောင်းကင်ဘုံနတ်ဆိုးဘိုးဘေး...

လုယွီ၏အမူအယာသည် ယခင်ကထက် ပို၍တည်ကြည်လေးနက်သွားသည်။ဤသူသည် ကောင်းကင်ဘုံအင်ပါယာ၏ပြိုင်ဘက်ဖြစ်ရုံသာမက အစွမ်းထက်သောသူလည်းဖြစ်သည်။

လုယွီက ထိုသူနှင့် ရင်ဆိုင်ဖူးခြင်းမရှိသော်လည်း ကောင်းကင်ဘုံနတ်ဆိုးဘိုးဘေးသည် တာအိုသခင်အမြောက်အများနှင့်တိုက်ခိုက်သည့်တိုင် ထိခိုက်ဒဏ်ရါရရှိခဲ့ခြင်းမရှိဟု ကြားခဲ့ဖူးသည်။

ထို့ပြင် ပို၍ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသောအချက်မှာ ကောင်းကင်ဘုံနတ်ဆိုးဘိုးဘေး၏အသက်သည် အလွန်အိုမင်းနေပြီဖြစ်သည်။

ကောင်းကင်ဘုံ၏မြောက်များလှသော နယ်မြေများတွင်ပင် ကောင်းကင်ဘုံနတ်ဆိုးဘိုးဘေးထက် အသက်ကြီးသူမှာ လူအနည်းငယ်သာရှိပေသည်။

ရှေးဟောင်းခေတ်အချိန်သည် အလွန်လျှို့ဝှက်ဆန်းကြယ်ပေ၏။

ခေတ်အဆက်ဆက် အသက်ရှင်နေထိုင်လာကြသော ထိုမွန်းစတားအိုကြီးများ၏အခြေခံနှင့် စွမ်းဆောင်ရည်များကို လုယွီကဲ့သို့ တောက်ပစလူငယ်ကြယ်ပွင့်များ ယှဥ်ပြိုင်နိုင်မည့်အရာမျိုးမဟုတ်ချေ။

"ခင်ဗျားက ဘာလို့ ဒီနေရာမှာတစ်ယောက်တည်းစောင့်ကြပ်နေရတာလဲ....ကောင်းကင်ဘုံနတ်ဆိုးဘိုးဘေးက ခင်ဗျားရဲ့ပြိုင်ဘက်ဘယ်လိုမှမဖြစ်နိုင်တာကြီးကို..."

လုယွီက မေးလေ၏။

လူကြီး၏မျက်နှာပေါ်တွင် ကြေကွဲဝမ်းနည်းမှုအရိပ်အယောင်များ ထင်ဟပ်လာခဲ့သည်။

"ငါရဲ့အရှင်သခင်က အပြင်းအထန်ဒဏ်ရါရရှိထားချိန်မှာ ကောင်းကင်ဘုံနတ်ဆိုးဘိုးဘေးရဲ့အကြွင်းအကျန်စိတ်ဝိညာဥ်နဲ့ တိုက်ခိုက်ခဲ့ရတယ်...အဲဒါကြောင့် သူရဲ့စိတ်ဝိညာဥ်ပြိုကွဲပြီး သေဆုံးသွားခဲ့တယ်"

လုယွီက မျက်မှောင်ကြုတ်နေပေ၏။

"သူက ဒဏ်ရါအပြင်းအထန်ရရှိထားတာလား...ဘယ်သူက သူ့ကို ဒဏ်ရါရရှိအောင်လုပ်ထားတာလဲ"

"အရှင်သခင်ရဲ့မိတ်ဆွေဟောင်း မြေအောက်လောကတာအိုသခင်ကို တာယွီအင်ပါယာက လူတွေက ရှေးဟောင်းနတ်ဆိုးတွေရဲ့နတ်ဆိုးစိတ်ဝိညာဥ်တွေကို ပြင်ပကမ္ဘာလောကကိုပို့ဆောင်ဖို့ပူးပေါင်းကြံစည်နေတယ်လို့ စွပ်စွဲခဲ့ကြတယ်...အရှင်သခင်က အဲ့ဒီကိစ္စကိုလက်ခံဖို့ငြင်းပယ်ခဲ့ပြီး တာယွီအင်ပါယာကလူတွေကို သတ်ဖြတ်ခဲ့တယ်...ဒါပေမယ့် တာယွီအင်ပါယာက ထိပ်တန်းကျင့်ကြံသူတွေက တိမ်တိုက်တွေလိုပဲ ပေါများတာကြောင့်....ငါရဲ့အရှင်သခင်မှာ နတ်ဘုရားလိုစွမ်းရည်တွေရှိတာတောင် အပြင်းအထန်ဒဏ်ရါရရှိပြီးပြန်လာခဲ့တယ်"

လူကြီးက ပူဆွေးဝမ်းနည်းသောလေသံဖြင့် မြည်တမ်းနေလေသည်။

လုယွီက အချိန်အတော်ကြာသည်အထိ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

"ငါ အတင့်ရဲစွာနဲ့ပဲ တစ်ခုလောက်တောင်းဆိုပါရစေ"

လူကြီးက သက်ပြင်းချနေပေ၏။

"ပြောပါ"

"မင်းက ငါ့အတွက်တော့ ကျေးဇူးရှင်တစ်ယောက်ပါ...ဒီဘုရားကျောင်းက အမှန်တကယ်တော့ ငါ့အရှင်သခင်ရဲ့ဂူသင်္ချိုင်းပဲ...အရှင်သခင်ရဲ့အိပ်စက်အနားယူနေတာကို တခြားသူတွေနှောင့်ယှက်ဖို့ ငါ ခွင့်မပြုချင်ဘူး...ဒါပေမယ့် အရင်အချိန်တွေတုန်းက ရှေးဟောင်းနတ်ဆိုးလှုပ်ရှားမှုတချို့ကိုပြုလုပ်ခဲ့တာကြောင့်...ပြင်ပကအန္တရာယ်ပေးနိုင်သူတွေရောက်လာခဲ့တယ်...ကျေးဇူးပြုပြီး သူတို့ကို အမြစ်ပြတ်သုတ်သင်ပေးပါလို့ ငါ တောင်းဆိုချင်တယ်...ငါ့ခန္ဓာကိုယ်ခွန်အား ပြန်လည်ကောင်းမွန်လာတဲ့အချိန်ကျရင်...ငါ မင်း ပြင်ပလောကကိုပြန်သွားနိုင်ဖို့ ကူညီပေးမယ်"

လူကြီးက တောင်းဆိုနေလေသည်။

သူက လျှို့ဝှက်နည်းစနစ်တစ်ခုကိုအသုံးပြု၍ ဤနေရာ၌ နှစ်ပေါင်းသုံးဆယ်ကြာသည်အထိ ထိုင်နေခဲ့ခြင်းဖြစ်သည်။

သူ၏ခန္ဓာကိုယ်ရှိအကြောများသေသွားသည်မှာ အချိန်အတော်ကြာမြင့်ခဲ့လေပြီ။သူ၏ခွန်အား အပြည့်အဝပြန်လည်ကောင်းမွန်လာစေရန် စိတ်ဝိညာဥ်စွမ်းအင်အမြောက်အများလိုအပ်ပေသည်။

Chapter 558

"ဒါက ကျုပ် လုပ်သင့်တဲ့ကိစ္စပါ"

လုယွီက အလျှင်အမြန်ပင် သဘောတူညီလိုက်၏။

သူ သေဆုံးသွားပြီးနောက် တာယွီအင်ပါယာမှလူများကို သွားရောက်သတ်ဖြတ်ခဲ့သူမှာ နတ်ဆိုးအင်ပါယာဖြစ်မည်ဟု လုယွီက မျှော်လင့်မထားမိချေ။

လုယွီနှင့်နတ်ဆိုးချိပ်ပိတ်သူကြား ဆက်နွယ်ချက်သည် ရေတမျှပါးလျှပ်ပေသည်။ပြန်တွေးကြည့်လျှင် လုယွီ၌ မိတ်ဆွေများစွာရှိခဲ့သည်။သို့သော် သူ သေဆုံးပြီးနောက် ရှန်လင်းလုံသည် ကောင်းကင်ဘုံအင်ပါယာဖြစ်လာပြီး မြေအောက်လောကတစ်ဆယ့်ရှစ်နယ်မြေကို ထိန်းချုပ်ခဲ့သည်။ကြည့်ရသည်မှာ ရှန်လင်းလုံသည် မည်သည့်အတားအဆီးအနှောက်အယှက်မျှ ကြုံတွေ့ရပုံမပေါ်ချေ။

သို့ရာတွင် သူနှင့်အပေါ်ယံပတ်သတ်မှုသာရှိသော နတ်ဆိုးချိပ်ပိတ်သူသည် သူ့အတွက်နှင့် တာယွီအင်ပါယာကိုသွားရောက်ပြီး တိုက်ခိုက်ခဲ့သည်။

"နတ်ဆိုးချိပ်ပိတ်သူ...ငါ မင်းကို မှတ်ထားပါ့မယ်"

လုယွီက သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ တိတ်တဆိတ်ပြောဆိုလိုက်၏။

လုယွီက ယဇ်ပလ္လင်ပေါ်ရှိလူကြီးကို စူးစိုက်ကြည့်ပြီး ပြောဆိုလေသည်။

"ဟန်လျန့်...ခင်ဗျားမှာမိန်းမရှိလား"

လူကြီးက ထိတ်လန့်တုန်လှုပ်သွားပေ၏။

"မင်း ဘယ်လိုလုပ်ပြီး...ငါ့ရဲ့နာမည်ကိုသိတာလဲ"

လုယွီက သူ အပြင်ဘက်၌တွေ့ခဲ့သော အနီရောင်ဆံပင်နှင့်အမျိုးသမီးအကြောင်းကို ပြောပြလိုက်သည်။

အစကဏဦး ယဇ်ပလ္လင်ပေါ်မှလူကြီးကို ပထမဆုံးစတွေ့ချိန်ကပင် အနီရောင်ဆံပင်နှင့်အမျိုးသမီး၏ခင်ပွန်းဖြစ်သည်ကို လုယွီက ခန့်မှန်းမိသည်။

ဟန်လျန့်က ခေါင်းခါယမ်းပြီး ပြောဆိုလိုက်၏။

"ဒါက ငါ့နာမည်တော့ဟုတ်တယ်...ဒါပေမယ့် ငါရဲ့ဘဝတလျှောက်လုံး နတ်ဆိုးတွေကို သုတ်သင်ဖို့ကိုပဲ စိတ်ပိုင်းဖြတ်ထားခဲ့တာ...တခါမှ လက်မထပ်ဖူးဘူး..ဒီမိန်းကလေးက ဘယ်လိုလုပ်ပြီး ငါ့မိန်းမဖြစ်နိုင်မှာလဲ...ဒါပြင် သူက တခြားသူတွေရဲ့ဝိညာဥ်တွေကိုစုပ်ယူပြီး ရက်စက်ကြမ်းကြုတ်တဲ့နည်းလမ်းနဲ့ ယင်စစ်သားတွေ ဖန်တီးခဲ့တယ်...တကယ်လို့ ငါ သူနဲ့ဆုံတွေ့ခဲ့ရင်တောင်...ငါ သူ့ကို သတ်ပစ်မိမှာသေချာတယ်"

လုယွီက ခေါင်းညိတ်ပြပြီးနောက် သူက ထိုကိစ္စအား ကြားဝင်စွက်ဖက်လိုစိတ်မရှိတော့ချေ။

အကယ်၍ လုယွီ၏ခန့်မှန်းချက်သာမှားယွင်းမှုမရှိပါက ဟန်လျန့်သည် တာအိုတတိယဆင့်ကျင့်ကြံသူဖြစ်ပေမည်။

သို့ရာတွင် ဤကြယ်နယ်မြေပေါ်၌ လူအားလုံး၏ကျင့်ကြံဆင့်နယ်ပယ်များကို ကျစ်ကျွမ်းနယ်ပယ်(နောက်အပိုင်းတွေမှမြန်မာလိုပြန်ပေးပါ့မယ် ခုကတရုတ်နာမည်ပဲပါလို့ပါ)ထက်ကျော်လွန်၍မရအောင် ဖိနှိပ်ခြင်းခံထားရသည်။

လုယွီ၏လက်ရှိ ကျင့်ကြံဆင့်နယ်ပယ်သည် မြင့်မားခြင်းမရှိချေ။သူထက်အဆင့်အနည်းငယ်မြင့်မားသော ရန်သူတချို့အား သတ်ဖြတ်နိုင်လျှင်ပင် အစစ်အမှန်အစွမ်းထက်သူနှင့် ရင်ဆိုင်တွေ့ပါက သူ ဒုက္ခရောက်ပေမည်။

ထို့ကြောင့် ယခုလက်ရှိအချိန်တွင် သူအတွက် အစွမ်းထက်တိုက်ခိုက်သူတစ်ယောက် အမှန်တကယ်ပင် လိုအပ်နေခဲ့သည်။ဟန်လျန့်သည် ထိုနေရာအတွက် သင့်တော်ပေ၏။

"နတ်ဆိုးချုပ်နှောင်အတားအဆီးရဲ့တည်နေရာ ကျုပ်ကိုပြော...ကျုပ် ကိုယ်တိုင် သွားပြီးစစ်ဆေးလိုက်မယ်"

လုယွီက လမ်းကြောင်းကို မေးမြန်းပြီးသည်နှင့် လှိုဏ်ဂူအတွင်းမှ ပျံဝဲထွက်လာခဲ့တော့သည်။

လှိုဏ်ဂူအတွင်းမှ ထွက်ပြီးသည်နှင့် အနီးပတ်ဝန်းကျင်၌ ကျင့်ကြံသူဆယ်ယောက်ခန့်ရှိနေခြင်းကို လုယွီက တွေ့မြင်မိသည်။

ဤအချိန်တွင် လှိုဏ်ဂူအဝရှိ မိုးကောင်းကင်စိတ်ဝိညာဥ်သလင်းကျောက်များက ထိုလူအုပ်စုအား ဆွဲဆောင်ထားနိုင်ခြင်းဖြစ်ပေမည်။

"ဒီနေရာမှာ တခြားလူတစ်ယောက်ရှိနေတယ်"

"ဒီကောင်လေးက မိုးကောင်းကင်စိတ်ဝိညာဥ်သလင်းကျောက်ကို နက်နက်ရှိုင်းရှိုင်းတူးထားပုံပဲ...သူကိုသတ်ပြီး သူစီက မိုးကောင်းကင်စိတ်ဝိညာဥ်သလင်းကျောက်တွေကို လုယူကြမယ်"

ကျင့်ကြံသူတစ်ယောက်က ကျယ်လောင်စွာအော်ဟစ်လိုက်၏။

လုယွီက ထိုသူတို့ကိုတစ်ချက်ကြည့်လိုက်ရာတွင် မိသားစုကြီးများမှမဟုတ်ဘဲ မူလက အမြှောက်စာအဖြစ်အသုံးချခြင်းခံခဲ့ရသော ကျင့်ကြံသူအုပ်စုဖြစ်ခြင်းကို တွေ့ရှိမိသည်။

သူတို့က ဘုရားကျောင်းအတွင်းရှိလျှို့ဝှက်အတားအဆီးများအောက်တွင် သေဆုံးခဲ့ခြင်းမရှိဘဲ ကံကောင်းထောက်မစွာဖြင့် မိုးကောင်းကင်သလင်းကျောက်မိုင်းတွင်းအား တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။

သို့ရာတွင် လုယွီသည် ယခုလက်ရှိအချိန်၌ ထိုသူတို့ကို အာရုံစူးစိုက်လိုစိတ်ရှိမနေချေ။

"ငါ စိတ်ကောင်းဝင်မနေဘူးနော်...မင်းတို့ ငါ့ကို ရန်မစတာ ပိုကောင်းလိမ့်မယ်"

လုယွီ၏အသံက အေးစက်တင်းမာနေသည်။

"ဟား ဟား ဟား...လေကြီးလိုက်တာ...မင်းက ဟန်ဆောင်နေတုန်းပဲကိုး...ငါတို့ မင်းကို မမှတ်မိဘူးလို့ထင်နေတာလား"

"ဘာလဲ...မင်းလိုသဘာဝလွန်စွမ်းအင်နယ်ပယ်ကျင့်ကြံသူတစ်ယောက်ကိုများ...ငါတို့က လူအများကြီးပဲ...မင်းကို ခွေးတစ်ကောင်သတ်သလို သတ်ပစ်လို့ရတယ်"

ထိုကျင့်ကြံသူအများစုသည် အဝိုင်းကြီးနယ်ပယ်ကျင့်ကြံသူများဖြစ်ပြီး တစ်ချို့လူများကသာ ဓမ္မရုပ်ထုနယ်ပယ်အစောပိုင်းအဆင့်ကျင့်ကြံသူများဖြစ်ပေရာ သူတို့က စိတ်ကြီးဝင်နေကြ၏။

သူတို့၌ တိုက်ခိုက်နိုင်သော လူအင်အားအမြောက်အများရှိခြင်းကြောင့်ပင်။

အကယ်၍ သာမာန်သဘာဝလွန်စွမ်းအင်နယ်ပယ်အလယ်ဆင့်ကျင့်ကြံသူသာ ဤလူအုပ်စုနှင့်ရင်ဆိုင်ရပါက ထိုသူသည် လူအများအပြား၏လက်ချက်ကြောင့် အသက်ထွက်သွားနိုင်သည်။

"သူကို စကားပြောမနေနဲ့...သတ်ကြ"

ကျင့်ကြံသူတစ်ယောက်က အော်ဟစ်လိုက်၏။

ရုတ်ချည်းဆိုသလိုပင် မြောက်များစွာသောမှော်လက်နက်များက နေရာအနှံ့အပြားမှ ပေါ်ထွက်လာခဲ့သည်။

မြောက်များစွာသောဓားပျံများက ပြင်းထန်သည့်သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကိုသယ်ဆောင်ပြီး လုယွီထံသို့ ဦးတည်ပျံဝဲလာခဲ့သည်။

လုယွီသည် နေရာ၌ပင် မတ်တတ်ရပ်နေပြီး သူ၏စိတ်နှလုံးသားအောက်ခြေမှနေ၍ ဆို့နင့်ကြေကွဲနေဆဲပင်။

အကြောင်းအရင်းမှာ လူအများက သူကိုဝိုင်းရံထားခြင်းကြောင့်မဟုတ်ဘဲ သူရဲကောင်းတစ်ယောက်၏ကျဆုံးသွားမှုကြောင့် သူ ဝမ်းနည်းမှုကိုခံစားနေရသည်။

နတ်ဆိုးချိပ်ပိတ်သူက ကောင်းကင်ဘုံနတ်ဆိုးဘိုးဘေး၏အကြွင်းအကျန်စိတ်ဝိညာဥ်အမျှင်တန်းကို ဖိနှိပ်ထားခြင်းမှာ လူအမြောက်အများထိခိုက်နစ်နာမှုမှ ကင်းဝေးစေရန်ဖြစ်သည်။

ယခုမူကား ထိုသူတို့သည် နတ်ဆိုးချိပ်ပိတ်သူ၏ဂူသင်္ချိုင်းကို ဖျက်ဆီးမည့်သူများဖြစ်နေသည်။

"ဒီနေရာက ထွက်သွားကြစမ်း"

လုယွီက လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်သည်နှင့် ပြင်းထန်သောစွမ်းအားလှိုင်းက ဘက်ပေါင်းစုံသို့ပျံ့နှံ့သွားပြီး မှော်လက်နက်များအားလုံးကိုဖျက်ဆီးပစ်တော့သည်။

Chapter 559

လုယွီက ခုခံကာကွယ်မှုအလျှင်းမရှိဘဲ အတင့်ရဲသောလှုပ်ရှားမှုကို ပြုလုပ်ခြင်းဖြစ်သည်။

အလင်းရောင်တလက်လက်တောက်ပနေသောမှော်လက်နက်များအားလုံးသည် လုယွီ၏ကြီးမားသောစွမ်းအားအောက်တွင် ချက်ချင်း ပြာပုံအဖြစ်သို့ပြောင်းလဲလွင့်စင်သွားကြသည်။

ကျင့်ကြံသူတစ်ယောက်ပြီးတစ်ယောက်ထံမှ မှော်နည်းစနစ်အမျိူးမျိုးနှင့် တိုက်ခိုက်လာသော်လည်း လုယွီက ထိခိုက်နာကျင်မှုမရှိဘဲ တိုက်ခိုက်မှုများအားလုံးကို ပိတ်ဆို့ထားနိုင်ပေ၏။

ဖူး....ဖူး..

မှော်လက်နက်များ ပျက်စီးသွားလေပြီ။လူအများအပြားသည် မှော်လက်နက်များကို သူတို့၏စိတ်ဝိညာဥ်နှင့် ချိတ်ဆက်ထားခြင်းကြောင့် သွေးများအန်ထွက်လာကြသည်။

"မဖြစ်နိုင်ဘူး...ငါတို့က လူအများကြီးလေ...ဘယ်လိုလုပ်ပြီး ဒီကောင်လေးတစ်ယောက်ကိုတောင် ကိုင်တွယ်လို့မရတာလဲ...မကြောက်ကြနဲ့...မင်းတို့ရဲ့မှော်နည်းစနစ်တွေ အစွမ်းကုန်ထုတ်သုံးပြီးတိုက်ခိုက်ကြ...ငါတို့ လုပ်နိုင်ပါတယ်...အား...အား...."

လူအုပ်ကြီး၏နောက်၌ရှိနေသော ကျင့်ကြံသူတစ်ယောက်က စတင်၍အော်ဟစ်လိုက်၏။သို့သော် သူ ပြောဆိုနေစဥ်မှာပင် တစ်ဝက်တစ်ပျက်၌ ရပ်တန့်သွားခဲ့သည်။

လုယွီက ထိုသူ၏ရှေ့၌ထွက်ပေါ်လာပြီး လက်တစ်ဖက်တည်းဖြင့် သူအားလည်ပင်းမှ ဆွဲမြှောက်ထားခဲ့သည်။

"ဆူလိုက်တာ"

လုယွီ၏လက်လှုပ်ရှားလိုက်မှုနှင့်အတူ ထိုသူ၏လည်ပင်း ချက်ချင်းပင်ကျိူးသွားတော့သည်။

လုယွီ၏အနီးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများအားလုံး အလျှင်အမြန်နောက်ဆုတ်လိုက်ကြပြီး သူတို့၏မျက်လုံးများအတွင်းတွင် ထိတ်လန့်ကြောက်ရွံမှုများရှိနေသည်။

"ငါ မင်းတို့ကို အမွှေးတိုင်တစ်တိုင်စာ အချိန်ပေးမယ်...တကယ်လို့ ဒီဘုရားကျောင်းထဲမှာ မင်းတို့ကိုထပ်ပြီးမြင်ရအုံးမယ်ဆို...ငါက ဘာသနားညှာတာမှုမှမရှိတော့ဘဲ မင်းတို့ကိုသတ်ပစ်မယ်"

လုယွီ၏အသံက အေးစက်တင်းမာနေပေ၏။သူ၏စိတ်အခြေအနေက ဆိုးရွားနေခဲ့သည်။အကယ်၍ သူ၏အတိက်ဘဝကသာ ဤဖြစ်ရပ်မျိုးဖြစ်ခဲ့ပါက ထိုသူများအားလုံးသေဆုံးပြီးဖြစ်ပေမည်။

မည်သို့ပင်ဆိုစေကာမူ လုယွီ၏စိတ်နှလုံးသားက နတ်ဆိုးချိပ်ပိတ်သူ၏သေဆုံးခြင်းတွင်သာ နစ်မြုပ်နေပြီး ထိုသူများနှင့်အချိန်ဖြုန်းလိုစိတ်ရှိမနေချေ။

ဘုရားကျောင်း၏အလယ်ဗဟိုတွင် ခမ်းနားထည်ဝါသောခန်းမကြီးတစ်ခုရှိနေသည်။ထိုနေရာတွင် နတ်ဆိုးချိပ်ပိတ်သူ၏ခေါင်းတလားရှိပေ၏။

လေပြင်းများကြောင့် ဤနေရာသို့ရောက်ရှိလာသူတိုင်းသည် ခပ်သဲ့သဲ့အသံတစ်သံ၏ဆွဲဆောင်ခံရခြင်းကြောင့် ဤနေရာသို့စုရုံးရောက်ရှိနေကြသည်။

"လူကြီးမင်းတို့....ဒီနေရာက ဘုရားကျောင်းရဲ့ရတနာတွေရှိတဲ့နေရာဖြစ်နိုင်တယ်...မင်းတို့ မခံစားမိဘူးလား...ဒီနေရာပတ်ဝန်းကျင်က လေပြင်းက အပြင်ထက်အများကြီးအားပျော့တယ်...ဖြစ်နိုင်တာက ဒီနေရာမှာ ထွက်ပေါက်ရှိနေတာပဲ"

လူအုပ်ကြီး၏ကြားမှနေ၍ ဒေလီယာဘုန်းကြီးက ပြောဆိုလိုက်၏။

ဘုရားကျောင်းခန်းမမှနေ၍ သိပ်သည်းသောစိတ်ဝိညာဥ်စွမ်းအင်လှိုင်းများက ချက်ချင်းပင်ပျံ့နှံ့လာခဲ့သည်။

ထိုစိတ်ဝိညာဥ်စွမ်းအင်များကို အနည်းငယ်စုပ်ယူမိသည်နှင့် လူများက သူတို့၏ခန္ဓာကိုယ်တစ်ခုလုံး သက်တောင့်သက်သာဖြစ်လာမှုကို ခံစားမိပေ၏။သူတို့၏ကျင့်ကြံမှုပင် အနည်းငယ်တိုးတက်လာသယောင် ထင်မြင်ရသည်။

"ကြည့်ကြအုံး...ငါရဲ့စိတ်ဝိညာဥ်သားရဲ..."

ကျင့်ကြံသူတစ်ယောက်က မြေပြင်ကိုလက်ညှိုးညွှန်ပြီး စူးစူးဝါးဝါးအော်ဟစ်လိုက်၏။

သူ လက်ညှိုးညွှန်နေသောနေရာတွင် စိတ်ဝိညာဥ်သားရဲယုန်တစ်ကောင်ရှိနေသည်။ထိုယုန်သားရဲသည် ဒဏ်ရါတချို့ရရှိထားပုံရသော်လည်း ဘုရားကျောင်းခန်းမအတွင်းသို့ခုန်တက်ပြီးသည်နှင့် အပြည့်အဝပြန်လည်ကောင်းမွန်သွားခဲ့သည်။

ယုန်သားရဲပေါ်မှဒဏ်ရါများပင် တဖြည်းဖြည်း မှိန်ပျပျအနက်ရောင်အစင်းကြောင်းများအဖြစ်သာ ကျန်ရစ်တော့သည်။ယုန်သားရဲ၏ခန္ဓာကိုယ်တစ်ခုလုံး ပို၍ကြီးထွားလာပြီး ၎င်း၏အော်ရာသည်လည်း ပို၍ပြင်းထန်လာပေ၏။

"ဒီနေရာမှာ ထာဝရအသက်ရဲ့လျှို့ဝှက်ချက်ရှိတယ်လို့ ငါကြားဖူးတယ်....အရင်ကတော့ ငါ မယုံကြည်ခဲ့ဘူး...အခုကြည့်ရတာ တကယ်ဖြစ်နေပုံပဲ"

လူတိုင်း၏မျက်လုံးအကြည့်များက ဝင်းလက်တောက်ပလာပေ၏။

ထာဝရအသက်...

ဤသည်က ကျင့်ကြံသူများအားလုံး၏ ရည်မှန်းချက်ပန်းတိုင်ဖြစ်သည်။

"ဘာဖြစ်ဖြစ်...ငါ အရင်ဆုံးသွားမယ်"

ဒေလီယာဘုန်းကြီးက မအောင့်အည်းနိုင်တော့ဘဲ ဘုရားကျောင်းခန်းမအတွင်းသို့ တဟုန်ထိုးပြေးဝင်သွားတော့သည်။

ကြွင်းကျန်နေသော လူများကလည်း အပြေးဝင်လိုက်ကြ၏။ဤနေရာ၌ အန္တရာယ်များသည်မှာမှန်သော်လည်း ထာဝရအသက်၏လျှို့ဝှက်ချက်ကိုသာ ရရှိခဲ့ပါက ထိုက်တန်ပေသည်။

ဒေလီယာဘုန်းကြီးက ဘုရားကျောင်းခန်းမအတွင်းသို့ ခြေချလိုက်၏။

"မင်း...မင်း ငါနောက်ကိုလိုက်ပြီး ချပ်ပိတ်ထားတဲ့လမ်းကြောင်းကိုရှာဖွေပြီးတော့ နတ်ဆိုးတွေကိုထာဝရဖိနှိပ်ဖို့ ဆန္ဒရှိလား"

သာယာနာပျော်ဖွယ်အသံတစ်သံက ဒေလီယာဘုန်းကြီး၏စိတ်အတွင်း၌ ထွက်ပေါ်လာခဲ့သည်။

ဒေလီယာဘုန်းကြီးသည် အချိန်တခဏကြာ ကြက်သေသေသွားပြီးမှ တီးတိုးပြောဆိုလိုက်သည်။

"မင်း ဘယ်သူလဲ...မင်း ဘာပြောတာလဲ"

ဘန်း...

အဝေးတနေရာမှ အားလှိုင်းတစ်လှိုင်းက ဒေလီယာဘုန်းကြီးအား လာရောက်ရိုက်ခတ်ပြီး သူက မြေပြင်ပေါ်သို့ အပြင်းအထန်လဲကျသွားတော့သည်။

ဒေလီယာဘုန်းကြီး၏ဒဏ်ရါများသည် နည်းပါးခြင်းမရှိချေ။သူက မြေပြင်နှင့်ရိုက်ခတ်မိသည်နှင့် ချောင်းဆိုးပြီး သူ၏ပါးစပ်မှသွေးများ အန်ထွက်လာခဲ့သည်။

သူ၏ဆိုးရွားသောအခြေအနေအား တခြားသူများကလည်း တွေ့မြင်မိကြ၏။

ကျစ်မြောင်ကိုယ်တော်က ထိုအခြေအနေကိုမြင်သည့်တိုင် ခန်းမအတွင်းသို့ ခြေလှမ်းချလိုက်သည်။

"မင်း...မင်း ငါနောက်ကိုလိုက်ပြီး ချပ်ပိတ်ထားတဲ့လမ်းကြောင်းကိုရှာဖွေပြီးတော့ နတ်ဆိုးတွေကိုထာဝရဖိနှိပ်ဖို့ ဆန္ဒရှိလား"

အသံတစ်သံက သူ၏စိတ်အတွင်း၌ ထွက်ပေါ်လာခဲ့၏။ကျစ်မြောင်ကိုယ်တော်က တုံဆိုင်းခြင်းမရှိချေ။

"ကျွန်တော်က စီနီယာရဲ့နောက်ကိုလိုက်ပြီး...နတ်ဆိုးတွေကို ထာဝရဖိနှိပ်ဖို့ဆန္ဒရှိပါတယ်"

မည်သည့်တွန်းကန်အားမှမရှိဘဲ ကျစ်မြောင်ကိုယ်တော်သည် ခန်းမအတွင်းသို့ ချောချောမွေ့မွေ့ဝင်သွားနိုင်ခဲ့သည်။သူ၏စိတ်နှလုံးသားအတွင်း၌ ပီတိများဖုံးလွှမ်းနေပြီး အဆက်မပြတ်သွေးအန်နေဆဲဖြစ်သော ဒေလီယာဘုန်းကြီးအား အထင်အမြင်သေးစွာဖြင့် ကြည့်လိုက်၏။ရုတ်တရက် သူ၏မျက်လုံးအကြည့်များက တည်ကြည်လေးနက်သွားခဲ့သည်။

"ဘာလို့ ဟိုကောင်လေးက ဒီနေရာကိုရောက်နေတာလဲ"

ကျစ်မြောင်ကိုယ်တော်က မျက်မှောင်ကြုတ်လိုက်မိသည်။သူက လုယွီအား တွေ့မြင်မိခြင်းဖြစ်ပေ၏။

Chapter 560

လုယွီ ခန်းမအနီးသို့ရောက်ရှိလာချိန်တွင် လူအမြောက်အများကလည်း ဝင်ရောက်လာခဲ့သည်။

ဒေလီယာဘုန်းကြီးကဲ့သို့ တုံပြန်မှုနောက်ကျသည့်လူများသည် ခန်းမအတွင်းမှတွန်းထုတ်ခံရမှုကြောင့် အပြင်းအထန်ဒဏ်ရါရရှိသွားကြ၏။

သို့သော် အနည်းငယ်လိမ္မာပါးနပ်သူတချို့ကမူ လူအုပ်ကြီးနှင့် ရောနှောပြီး အောင်မြင်စွာဖြင့်ခန်းမအတွင်းသို့ ဝင်ရောက်လာနိုင်ခဲ့သည်။

"ပြန်တွေးကြည့်တော့မှ ဒီခန်းမထဲမှာ တားမြစ်ကန့်သတ်ချက်တစ်ခုရှိနေတာပဲ"

"ကံဆိုးလိုက်တာ..ငါသာ လျှင်လျှင်မြန်မြန်တုံပြန်နိုင်ခဲ့မယ်ဆို ငါလည်းပဲခန်းမထဲကိုဝင်နိုင်မှာ"

"ငါတို့မှာ အခွင့်အရေးရှိသေးလားလို့ ကြိုးစားကြည့်ရအောင်"

တစ်စုံတစ်ယောက်က ရုတ်တရက်အော်ဟစ်လိုက်၏။

ထိုအသံကြားသည်နှင့် သူတို့က အလျှင်အမြန်အသိဝင်လာကြပြီး ခန်းမထံသို့တဟုန်ထိုး ပြေးဝင်သွားကြသည်။

အစောပိုင်းက သွေးအန်နေသောဒေလီယာဘုန်းကြီးပင်လျှင် ခန်းမထံသို့ အလျှင်အမြန်ပြေးသွားလေ၏။

ခန်းမအတွင်း၌ မှန်းဆမရနိုင်သော ရတနာသိုက်ကြီးရှိနေနိုင်သည်။

မည်သူထံတွင်မှ တခြားသူများ ရတနာများကိုရရှိသွားစေလိုစိတ်ရှိမနေချေ။

လူတိုင်းက ခန်းမထံသို့ တရကြမ်းပြေးဝင်နေကြသော်လည်း ထိုအချိန်မှာပင် ခန်းမအတွင်းမှ ကျယ်လောင်သောအော်ဟစ်ကြုံးဝါးသံကြီး ထွက်ပေါ်လာခဲ့သည်။

ခန်းမ၏နက်ရှိုင်းသောနေရာမှ လေလှိုင်းများထွက်ပေါ်လာပြီး ပြင်းထန်သောဖိအားလှိုင်းက ပတ်ဝန်းကျင်နေရာတစ်ခုလုံးအား ချက်ချင်းပင် ဖိစီးလာပေ၏။

ပထမအဆင့်ကိုဖြတ်ကျော်နိုင်ခြင်းမရှိသောလူများသည် ခန်းမအတွင်းသို့ဝင်ရောက်နိုင်ရန် အရည်အချင်းစစ်ရာ၌ ကျရှုံးသွားခဲ့ရသည်။

"သေစမ်း...သေစမ်းကွာ"

နောက်ဆုံး၌ ဒေလီယာဘုန်းကြီးသည် သွေးများအဆက်မပြတ်အန်ထွက်လာရင်း မြေပြင်ပေါ်သို့ ပြန်လဲကျသွားတော့သည်။

မည်သူကမျှ သူ့အား ငုံကြည့်ခြင်းပင်မပြုကြချေ။ခန်းမပြင်ပရှိလူတိုင်း စိတ်ဓာတ်ကျဆင်းမှုကိုသာ ခံစားနေရသည်။

ဤသည်က လူတစ်ယောက်၏ခွန်အားကို စမ်းသပ်ခြင်းမဟုတ်ဘဲ ထိုးထွင်းသိမြင်နိုင်စွမ်းကိုစမ်းသပ်ခြင်းပင်။တုံပြန်မှုလျှင်မြန်သူသည် ဤစမ်းသပ်ချက်အား အောင်မြင်နိုင်ပေမည်။

ဤအချိန်တွင် လုယွီက လူအုပ်ကြီး၏ရှေ့၌ ရောက်ရှိနေခဲ့သည်။

"ဒါက တကယ့်ကို နတ်ဆိုးချိပ်ပိတ်သူရဲ့အော်ရာပဲ"

လုယွီ၏မျက်လုံးများက တောက်ပသွားပေ၏။

တစ်ချိန်တုန်းက သူတို့နှစ်ယောက်သည် ဝိုင်အရက်များအတူတူသောက်ခဲ့သော ပျော်ရွှင်ဖွယ်ကာလကို ဖြတ်သန်းခဲ့ဖူးသည်။

ယခုလက်ရှိချိန်တွင်မူ နတ်ဆိုးချိပ်ပိတ်သူက ဤနေရာ၌ လဲလျောင်းနေလေပြီ။

"သူက ငါ့လိုမျိုး အကြွင်းအကျန်စိတ်ဝိညာဥ် ကြိုတင်ချန်ထားဖို့ ငါ မျှော်လင့်တယ်...တကယ်လို့ သူရဲ့အကြွင်းအကျန်စိတ်ဝိညာဥ်သာရှိနေရင် ငါ သူ ပြန်ရှင်သန်နိုင်အောင် သေချာပေါတ်ကူညီပေးမယ်"

လုယွီ၏မျက်လုံးများက တလက်လက်တောက်ပနေပေသည်။

နောက်ဆုံး၌ လုယွီက ခန်းမအတွင်းသို့ ခြေချလိုက်၏။

"မင်း...မင်း ငါနောက်ကိုလိုက်ပြီး ချပ်ပိတ်ထားတဲ့လမ်းကြောင်းကိုရှာဖွေပြီးတော့ နတ်ဆိုးတွေကိုထာဝရဖိနှိပ်ဖို့ ဆန္ဒရှိလား"

သာယာနာပျော်ဖွယ်အသံတစ်သံက လုယွီ၏စိတ်အတွင်းသို့ တိုးဝင်လာခဲ့သည်။

လုယွီက ထိုအသံသည် နတ်ဆိုးချိပ်ပိတ်သူ၏အသံဖြစ်ကြောင်း သူ သိရှိလိုက်၏။

"ငါ မင်းနောက်ကိုမလိုက်နိုင်ဘူး...ဒါပေမယ့် အနာဂတ်မှာ မင်း ဒုက္ခရောက်နေမယ်ဆိုရင်...ငါ အကောင်းဆုံးကြိုးစားပြီး မင်းကိုကူညီပေးမယ်"

လုယွီက ကျယ်လောင်စွာ အော်ဟစ်ပြောဆိုလေသည်။

လုယွီ၏စကားသံမှ လျှို့ဝှက်ဆန်းကြယ်သောစွမ်းအားတစ်ရပ် စီးမျောနေပေသည်။

ဤသည်က လုယွီ ကျင့်ကြံခဲ့သော မြေအောက်လောကမဟာတာအိုလမ်းကြောင်းနှင့် နတ်ဆိုးချိပ်ပိတ်သူ၏နတ်ဆိုးဖိနှိပ်ခြင်းမဟာတာအိုလမ်းကြောင်းတို့ ရောယှက်ရာမှ ပဲ့တင်ထပ်ထွက်ပေါ်လာခြင်းဖြစ်သည်။

ဝုန်း....ဝုန်း...

ပတ်ဝန်းကျင်၌ တုန်ခါနေသောအသံများ မြည်ဟီးလာပြီးနောက် လုယွီ၏အမြင်အာရုံတစ်ခုလုံး ဝေဝါးသွားပြီး သူက တခြားလေဟာနယ်နယ်မြေတစ်ခုအတွင်းသို့ ချက်ချင်းရောက်ရှိသွားခဲ့သည်။

ထိုနေရာက နံရံများပေါ်တွင် မရေမတွက်နိုင်သည့်ဦးခေါင်းပြတ်များ ချိတ်ဆွဲထားသော မည်းမှောင်နေသည့်အိမ်တစ်လုံးပင်။

နတ်ဆိုးများသည် ကွဲပြားခြားနားသောပုံပန်းသွင်အြင်ရှိသော်လည်း သူတို့အားလုံး၌ ရှည်လျားသောဦးချိုများပါရှိကြသည်။အစွယ်များပြူးထွက်နေသော နတ်ဆိုးစိတ်ဝိညာဥ်ပုံသဏ္ဏာန်များအပြင် တချို့နတ်ဆိုးများသည် ညှို့ငင်နိုင်စွမ်းရှိသောမိန်းမပျိုလေးများအသွင်ရှိပေသည်။

သို့ရာတွင် သူတို့အား နတ်ဆိုးဟုသတ်မှတ်နိုင်သည့် တစ်ခုတည်းသောအချက်မှာ သူတို့၏ခေါင်းထက်ရှိ ဦးချိုများဖြစ်သည်။

လုယွီက ထိုဦးခေါင်းပြတ်များကို တစ်ခုပြီးတစ်ခုကြည့်ပြီးနောက် ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းရှိုက်လိုက်မိသည်။

ဦးခေါင်းပြတ်များ၏ပိုင်ရှင်များသည် တချိန်က နယ်မြေများကိုအုပ်စိုးခဲ့ကြသော နတ်ဆိုးအရှင်သခင်များဖြစ်ပေ၏။

တချို့နတ်ဆိုးများဆိုလျှင် ကြယ်နယ်မြေများမှ သက်ရှိမျိုးနွယ်များကို သူတို့၏အစေခံများအဖြစ်ပင် ထားခဲ့ကြသူများဖြစ်သည်။

ထိုသက်ရှိမျိုးနွယ်များသည် နတ်ဆိုး၏ထာဝရကျွန်ပြုခြင်းကိုခံရပြီး လွတ်မြောက်နိုင်ရန်အတွက် အခွင့်အရေးမရှိကြချေ။

အကယ်၍ နတ်ဆိုးများ၏ပုံပန်းသွင်ပြင်ကြောင့်သာ မဟုတ်ပါက သက်ရှိမျိုးနွယ်များ၏အထက်၌ ရပ်တည်နိုင်သောအခွင့်အရေးရှိမည်မဟုတ်ပေ။

အိမ်အတွင်းရှိ အခန်း၏အစွန်ဘက်တွင် လူတစ်ယောက်က မတ်တတ်ရပ်နေသည်။

သူ၏ခန္ဓာကိုယ်သည် ကိုင်းညွတ်နေပြီး သူ၏ခေါင်းပြောင်ပြောင်ပေါ်၌ ​ရှုပ်ထွေးသော အဆောင်သင်္ကေတများ ဂါထာမန္တန်များနှင့် ပြည့်နှက်နေပေ၏။

သူ၏နောက်ဘက်တွင်မူ မြောက်များစွာသော မှော်ရတနာများနှင့် မှော်လက်နက်များရှိနေသည်။

"နတ်ဆိုးချိပ်ပိတ်သူ....ငါတို့ ပြန်ဆုံတွေ့ကြပြီ"

လုယွီက သက်ပြင်းရှိုက်နေပေ၏။တစ်ချိန်တုန်းက လုယွီသည် သူ၏မိတ်ဆွေဟောင်းများနှင့် ပြန်လည်ဆုံတွေ့ရတော့မည်မဟုတ်ဟု တွေးထင်ခဲ့ဖူးသည်။

သို့သော် ဤကြယ်နယ်မြေပေါ်တွင် လုယွီက သူ၏မိတ်ဟောင်းဆွေဟောင်းများကို တစ်ယောက်ပြီးတစ်ယောက် ပြန်လည်ဆုံတွေ့နေရသည်။

သူတို့အားလုံးက လုယွီကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သည်။

"မြေအောက်လောက...ဟီး ဟီး...မင်း သေမှာမဟုတ်ဘူးဆိုတာ ငါ သိသားပဲ"

နတ်ဆိုးချိပ်ပိတ်သူက အပြုံးနှင့် ပြောဆိုလိုက်၏။သူ ခေါင်းမော့လိုက်ချိန်၌ သူ၏မျက်နှာပေါ်တွင် အရေးအကြောင်းများဖြင့် ပြည့်နှက်နေပေသည်။

All Chapters