အခန်း (၅၉၆-၆၀၀)
Vol. 33 Ch. 596-600
Chapter 596
အကြီးအကဲယုရှစ်၏ခြေလှမ်းများ အနည်းငယ်တွန့်ဆုတ်သွားပြီး လုယွီအား ခြေဆုံးခေါင်းဆုံးကြည့်လိုက်၏။
"သဘာဝလွန်စွမ်းအင်နယ်ပယ် အလယ်ပိုင်းအဆင့်နဲ့များ...ငါ ရှေ့မှာလာပြီးမောက်မာဝံ့တယ်ပေါ့"
အကြီးအကဲယုရှစ်၏ခန္ဓာကိုယ်မှ စွမ်းအင်လှိုင်းများထွက်ပေါ်လာပြီးနောက် သူ၏အပေါ်ဝတ်ရုံလွင့်ထွက်သွားပြီး အတွင်းရှိပိုးထည်ဝတ်စုံ ထွက်ပေါ်လာခဲ့သည်။
ပိုးထည်ဝတ်စုံပေါ်၌ ရွှေရောင်ဖြင့် 'လု' ဟူသောစာလုံးကို ပန်းထိုးထားသည်။အကြီးအကဲယုရှစ်သည် လုမိသားစုမှ အကြီးအကဲတစ်ယောက်ဖြစ်ပေ၏။
ထိုအကြီးအကဲများ၏မျိုးရိုးနာမည်သည် 'လု'မဟုတ်သော်လည်း သူတို့အား လုမိသားစု၏ဧည့်အကြီးအကဲများအဖြစ် သတ်မှတ်ထားသဖြင့် သာမာန်တပည့်များထက် အဆင့်အတန်းမြင့်သည်။
လုမိသားစု ထပ်မံဖြစ်နေပြန်သလော....
လုယွီက မျက်မှောင်ကြုတ်နေပေ၏။
"ကျန်းတာအိုစီက ကျုပ် ကြားရသလောက်တော့ ကျန်းလျန်အာက လုမိသားစုနဲ့လက်မထပ်ချင်ဘူးဆိုပဲ....ဘာလဲ...ခင်ဗျားတို့က သူခိုးဓားပြဆန်လှချည်လား"
အကြီးအကဲယုရှစ်က လုယွီအား အထင်အမြင်သေးပုံဖြင့် ကြည့်လိုက်သည်။
"ငါတို့လုမိသားစု လုပ်တဲ့ကိစ္စ...မင်းကို ရှင်းပြစရာမလိုဘူးထင်တယ်"
နံဘေးဘက်မှ ကျန်းမင်ကလည်း သူ၏မကျေနပ်ချက်ကို ထုတ်ဖော်ပြောဆိုလေသည်။
"လျန်အာက ငါတို့ကျန်းမိသားစုကလူ...မင်းကိုယ်မင်း ဘာထင်နေတာလဲ...မင်းက ငါတို့ကျန်းမိသားစုကိစ္စကို ဝင်ပြီးစွက်ဖက်ပိုင်ခွင့်ရှိတယ်လို့ထင်နေတာလား"
"သောက်ရေးမပါတာတွေ...မင်းတို့ကောင်တွေက လျန်အာကို ပစ္စည်းတစ်ခုလို အသုံးချနေကြတာ...လုကျောက ဘာနတ်ဆိုးနည်းစနစ်ကို ကျင့်ကြံနေတယ်ဆိုတာ မင်းတို့ မသိကြဘူးလား...သူက မိန်းကလေးသုံးယောက်ကို လူသားဆေးပြင်းဖိုအဖြစ်အသုံးပြုချင်နေတာ...မင်းတို့က လျန်အာကို မီးပုံထဲ တွန်းပို့နေတာပဲ"
ကျန်းမင်က ရယ်မောလိုက်၏။
"ဒါက ဘာဖြစ်လို့လဲ...လျန်အာက နိမ့်ကျတဲ့သူကမွေးဖွားလာသူတစ်ယောက်....သူမရဲ့စင်ကြယ်မှုကိုအသုံးပြုပြီး မိသားစုကိုအကျိုးအမြတ်ရစေတယ်လေ"
"ခွေးမသား...ငါ မင်းကို အရင်ဆုံးသတ်ပစ်မယ်"
ကျန်းတာအိုက အနက်ရောင်သံတုတ်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ပြီး ကျန်းမင်အားဦးတည်၍ ရိုက်နှက်လေသည်။
ကျန်းမင်ကလည်း ပြန်လည်တိုက်ခိုက်ရန် သူ၏ဓားရှည်အား ဆွဲထုတ်လိုက်သည်။
ဤနေရာသည် လင်ရှောင်းမြို့၏လူစည်ကားသော နေရာဖြစ်ပေ၏။ထို့ကြောင့် မှော်စွမ်းအင်များ သုံးစွဲခြင်းကို ခွင့်ပြုခြင်းမရှိချေ။
မည်သို့ပင်ဆိုစေကာမူ ကျန်းမင်၏ကျင့်ကြံဆင့်နယ်ပယ်မှာ ကျန်းတာအိုထက် ပို၍မြင့်သည်။ထို့ကြောင့် ကျန်းမင်က သူသည် ကျန်းတာအိုအား အနိုင်ယူနိုင်မည်ဟု အခိုင်အမာယုံကြည်ထားသည်။
ဓားရှည်နှင့်သံတုတ်တို့ ရိုက်ခတ်မိလေပြီ။
ဘန်း...
ကျန်းမင်သည် သူ၏ဓားရှည်မှတဆင့် ဝင်ရောက်လာသည့် တောင်ကြီးတစ်လုံးကဲ့သို့ လေးလံသောဖိအားလှိုင်းကို ရုတ်တရက်ခံစားမိသည်။သူ၏မျက်နှာအမူအယာ ချက်ချင်းပင် ပျက်ယွင်းသွားပေ၏။သူက ဓားရှည်ကိုလွှက်လိုက်သော်လည်း ရုတ်တရက် သူ၏ပါးစပ်ထောင့်မှသွေးများ ယိုစီးကျလာခဲ့သည်။
ဘုန်း...
ဓားရှည်က မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်နှင့် ကြေးမုံမှန်တစ်ချပ်မြေပြင်ပေါ်ပြုတ်ကျသွားသကဲ့သို့ အစိတ်စ်တ်အမွှာမွှာကျိုးပဲ့သွားတော့သည်။
"ငါရဲ့စိတ်ဝိညာဥ်ချိတ်ဆက်ခြင်းအဆင့်မှော်လက်နက်...မင်း ဘာနည်းလမ်းတွေ သုံးနေတာလဲ"
ကျန်းမင်က အလွန်ဒေါသထွက်နေပေ၏။ထိုဓားရှည်အတွင်း၌ နှစ်တစ်ရာသက်တမ်းရှိသော မြစ်နတ်ဆိုး၏စိတ်ဝိညာဥ်ကို ချိပ်ပိတ်ထားခြင်းဖြစ်သည်။ဓားရှည်အား အသုံးပြုသည်နှင့် လေထုအတွင်း၌ ရေခဲစီးကြောင်းများထွက်ပေါ်လာပြီး ပြိုင်ဘက်အား အလစ်အငိုက်ဖမ်း၍ ဒဏ်ရါအပြင်းအထန်ရရှိစေပေမည်။
ပြန်တွေးကြည့်လျှင် ထိုဓားကိုရရှိရန်အတွက် ကျန်းမင်သည် အချိန်အတော်ကြာကြိုးစားခဲ့ရသည်။သို့ရာတွင် ဤနေရာမျိုး၌ သူ၏ဓားရှည် ကျိုးပဲ့သွားမည်ဟု သူ မျှော်လင့်မထားမိချေ။
"ငါမင်းကို အသက်ရှင်ရက်မိအောင်ဖမ်းပြီး အရှင်လတ်လတ်အရေခွံခွါပစ်မယ်"
ကျန်းမင်၏မျက်လုံးများက အေးစက်နေပြီး သူ၏လက်ကိုဝှေ့ယမ်းလိုက်ရာတွင် သူ့နောက်မှလူတစ်စု ထွက်ပေါ်လာခဲ့သည်။
ထိုလူများအားလုံးသည် ထက်ရှသောမှော်လက်နက်များကို ကိုင်ဆောင်ထားပြီး မည်သည့်အပိုစကားမျှမဆိုဘဲ ကျန်းတာအိုထံပြေးဝင်၍ အပြင်းအထန်တိုက်ခိုက်ကြတော့သည်။
"လာကြစမ်း...ငါ မင်းတို့ကို ကြောက်မယ်လို့ ထင်နေတာလား"
ကျန်းတာအိုက ကျယ်လောင်စွာအော်ဟစ်ပြီး သူ၏လက်မှသံတုတ်ကိုကိုင်မြှောက်ကာ တရကြမ်းပြေးဝင်သွားပေ၏။
တိုက်ခိုက်နေကြသော နှစ်ဖက်စလုံးသည် တာအိုဒုတိယဆင့်ကျင့်ကြံသူများဖြစ်သော်လည်း လင်ရှောင်းမြို့၏တားမြစ်နယ်မြေအတွင်း ဖြစ်နေသဖြင့် မည်သူကမျှမှော်စွမ်းအားများ အသုံးမပြုဝံ့ကြချေ။
ဘန်း...ဘန်း...ဘန်း...
ကျန်းတာအိုသည် လူအုပ်ကြီးထံသို့ တောင်ပေါ်မှဒုန်းစိုင်းဆင်းသော ကျားတစ်ကောင်ကဲ့သို့ တရကြမ်းတိုးဝင်သွားရာ မည်သူကမျှ သူ့အား မတားဆီးဝံ့ကြချေ။
ကျန်းတာအို၏အနက်ရောင်သံတုတ်နှင့် ထိတွေ့မိသော မှော်လက်နက်များအားလုံး စက္ကူတစ်ချပ်ကဲ့သို့ ကြေမွပျက်စီးသွားသည်။
"အာ...သူရဲ့လက်ထဲက မှော်လက်နက်က မဆိုးဘူးပဲ"
အကြီးအကဲယုရှစ်က ရုတ်တရက် အံ့အားတသင့်ရေရွတ်ပြီး ချက်ချင်းပင် ကျန်းတာအို၏ရှေ့သို့ ရောက်ရှိလာသည်။
"ထွက်သွားကြစမ်း"
ကျန်းတာအိုက အနက်ရောင်သံတုတ်ကို ဝှေ့ယမ်း၍တိုက်ခိုက်နေပေ၏။
အကြီးအကဲယုရှစ်က သံတုတ်ကို အထင်အမြင်သေးပုံဖြင့် တစ်ချက်ကြည့်ပြီး ကျန်းတာအိုထံဦးတည်၍ သူ၏လက်ညှိုးအား ညင်သာစွာတောက်လိုက်သည်။
ကျန်းတာအိုက ချက်ချင်းဆိုသလို သူ့အား လျှပ်စီးဖြင့်ရိုက်ခတ်ခံရသကဲ့သို့ ခံစားမိသည်။သူ၏လက်မှကိုင်ဆောင်ထားသော အနက်ရောင်သံတုတ်လည်း လွတ်ကျသွားသည်။ထိုသံတုတ်သည် အကြီးအကဲယုရှစ်၏လက်အတွင်းသို့ ကျရောက်သွားပေ၏။
"ဒီပစ္စည်းက တကယ့်ကို သိုင်းပညာသူတော်စင်တစ်ယောက်ရဲ့အကြွင်းအကျန်ပဲ...အံ့အားသင့်စရာမရှိတော့ဘူး"
အကြီးအကဲယုရှစ်က သံတုတ်ကိုကိုင်ဆောင်ထားရင်းမှ တီးတိုးရေရွတ်လိုက်သည်။
"ဒါက ငါ့ဆရာရဲ့ပစ္စည်း...အခုပြန်ပေးစမ်း"
ကျန်းတာအိုက အကြီးအကဲယုရှစ်ထံသို့ အလျင်စလို ပြေးဝင်သွားပေ၏။
ဘန်း...
အကြီးအကဲယုရှစ်၏သာမာန်ကာလျှံကာ ထိုးနှက်လိုက်သော လက်သီးတစ်ချက်က ကျန်းတာအိုအား မြေပြင်ပေါ်သို့ လွင့်စင်သွားစေသည်။
"မင်းရဲ့အဆင့်နဲ့များ...မင်းက သင်္ချိုင်းဂူဖောတ်တဲ့ကောင်လေ...ဒီပစ္စည်းကလည်း တစ်ယောက်ယောက်ရဲ့သင်္ချိုင်းဂူကို ဖောက်ထွင်းပြီးရလာတာပဲဖြစ်မှာ"
အကြီးအကဲယုရှစ်၏လက်အတွင်းမှ အနက်ရောင်သံတုတ်ကို စူးစိုက်ကြည့်နေသော ကျန်းမင်၏မျက်လုံးများသည် မီးဝင်းဝင်းတောက်နေပေ၏။
Chapter 597
"ဒီလိုပစ္စည်းမျိုးက အကျင့်သီလကောင်းမွန်တဲ့သူပဲ ပိုင်ဆိုင်သင့်တယ်...မင်းလို သင်္ချိုင်းဂူဖောတ်တဲ့သူမျိုးက ဒီရတနာနဲ့မထိုက်တန်ဘူး"
ကျန်းမင်သည် ရေနစ်နေသောခွေးကို ချောင်ပိတ်ရိုက်သကဲ့သို့ သူ၏လူများဖြင့် ကျန်းတာအိုကို ဝိုင်းထားလေသည်။
အဆုံးသတ်၌ ကျန်းတာအိုသည် တစ်ယောက်တည်းသာဖြစ်ပေ၏။သူ၏လက်သီးနှစ်ဖက်ဖြင့် လူအများကို ဖက်ပြိုင်တိုက်ခိုက်နိုင်ခြင်းမရှိသဖြင့် နောက်ဆုံး၌ သူ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
"အဖိုးကြီး...တကယ်လို့ ခင်ဗျားက ကျုပ်တို့မိသားစုရဲ့ရတနာကို လုယူဝံ့တာလား...ကျုပ် ခင်ဗျားကိုသတ်မယ်"
ကျန်းတာအိုသည် သူ့အားဝိုင်းထားသော လူစုထံမှ အပြင်းအထန်ရုန်းကန်နေသည်။
အကြီးအကဲယုရှစ်က မျက်မှောင်ကြုတ်ထားပေ၏။သူက ကျန်းတာအို၏ခြိမ်းခြောက်စကားကို အရေးစိုက်ပုံမရချေ။စိတ်ဝိညာဥ်မှော်ရတနာများကို ထိတွေ့ရုံဖြင့် ပျက်စီးသွားစေနိုင်သော အနက်ရောင်သံတုတ်သည် သာမာန်မဟုတ်သောရတနာဖြစ်သည်။ဤသည်က ဒဏ္ဍာရီလာအင်ပါယာအဆင့်မှော်လက်နက်ပင် ဖြစ်ကောင်းဖြစ်နိုင်သည်။မည်သည့်ကိစ္စများဖြစ်ပွါးသည်ဖြစ်စေ သူ ဤရတနာအား လက်မလွှက်နိုင်ပေ။
အကြီးအကဲယုရှစ်က ပြောဆိုလိုက်၏။
"ငါက သူကို ရင်ဆိုင်ပေးပြီးပြီ...သူကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမယ်ဆိုတာတော့ မင်းတို့ကောင်တွေပဲ ဆုံးဖြတ်ကြ...ငါက ဝင်ပြီးစွက်ဖက်မှာမဟုတ်ဘူး"
သူ လင်ရှောင်းမြို့အတွင်း၌ တိုက်ခိုက်လိုက်ပါက...အကယ်၍ သူက တခြားသူ၏ကျင့်ကြံဆင့်ကို ဖျက်ဆီးလိုက်လျှင်ပင် လင်ရှောင်းဂိုဏ်းမှလူများသိရှိသွားပါက သူ စစ်ဆေးမေးမြန်းခံရပေမည်။အကြီးအကဲယုရှစ်သည် ထိုကဲ့သို့ပြဿနာမျိုးကို ဖြေရှင်းလိုစိတ်မရှိချေ။ဤယုတ်ညံသောကိစ္စမျိုးအား ကျန်းမင်ကိုသာ ရင်ဆိုင်ဖြေရှင်းခိုင်းရပေမည်။
ကျန်းမင်၏မျက်နှာအမူအယာကမူ ပြောင်းလဲသွားခြင်းမရှိဘဲ သူက မျက်နှာချိုသွေးသောအပြုံးမျိုးကို ထိန်းသိမ်းထားဆဲပင်။
"ဒီကိစ္စလောက်တော့ အကြီးအကဲယုရှစ်က ကျွန်တော်ကို လက်လွှဲထားလို့ရတယ်"
"ကောင်းပြီ...ဒါတွေက ကျန်းလျန်အာက လုမိသားစုကို လက်ထပ်ဖို့ပြင်ဆင်ထားတော့...ငါက မင်းတို့ကိုအချိန်အများကြီးပေးထားတာ ကျန်းမိသားစုရဲ့မျက်နှာကြောင့်ပဲ...တကယ်လို့ ဒီလိုအမှားမျိုးထပ်ဖြစ်မယ်ဆိုရင်...မင်းလည်း ဖြေရှင်းနိုင်မှာမဟုတ်ဘူး"
အကြီးအကဲယုရှစ်က မောက်မာစွာပြောဆိုလိုက်၏။
"ဟုတ်ကဲ့...ဟုတ်ကဲ့...ဟုတ်ကဲ့ပါ"
ကျန်းမင်သည် ပြုံးရင်းမှ အကြီးအကဲယုရှစ်ထံသို့ တိုးကပ်သွားပြီး ရုတ်တရက် သူ၏လက်မှဓားဖြင့် ထိုးစိုက်လေသည်။
ဓားက အကြီးအကဲယုရှစ်၏ခန္ဓာကိုယ်အတွင်းဝင်ရောက်သွားလေ၏။ ထို့နောက် ကျန်းမင်က အကြီးအကဲယုရှစ်အား အသေသတ်ရန်ရည်ရွယ်ပြီး နောက်ထပ်ဓားချက်သုံးချက် ထပ်မံထိုးစိုက်လိုက်သည်။
"မင်း...ခွေးမသား"
အကြီးအကဲယုရှစ်က အံ့အားသင့်ထိတ်လန့်စွာဖြင့် အော်ဟစ်ပြီး ကျန်းမင်အား လှည့်ကြည့်လိုက်၏။
သို့ရာတွင် ကျန်းမင်က အချိန်အတော်ကြာ ကြိုတင်ကြံစည်ထားပုံရသည်။သူက အကြီးအကဲယုရှစ်အား လက်သီးဖြင့်ထိုးနှက်ပြီး ပြန်ကန်အားကိုအသုံးပြုကာ နောက်သို့ဆုတ်သွားခဲ့သည်။
ဘုန်း...
အကြီးအကဲယုရှစ်သည် နောက်သို့ခြေသုံးလှမ်းဆက်တိုက်ဆုတ်လိုက်ရပြီး သူ၏ခြေလှမ်းများသည် မတည်ငြိမ်ချေ။သူက မြေပြင်ပေါ်သို့ ဖင်ထိုင်ရက်လဲကျသွားပေ၏။
အကြီးအကဲယုရှစ်၏မျက်နှာတွင် အံ့အားသင့်နေသောအရိပ်အယောင်များဖြင့် ပြည့်နေသည်။သူက ဥာဏ်အလင်းပွင့်နယ်ပယ် ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။အကယ်၍ သူ့အား ဓားသုံးချောင်းဖြင့်ထိုးစိုက်ထားလျှင်ပင် သူ ပြန်လည်တိုက်ခိုက်နိုင်ပေသည်။
"ဖူး...ဒါက မြွေပြွေးအဆိပ်ပဲ...မင်း..."
အကြီးအကဲယုရှစ်က အဆိပ်ဖြေရန် သူ၏စွမ်းအားများကို အသုံးပြုလိုသော်လည်း ရုတ်တရက် သူ့ပါးစပ်မှသွေးတစ်လုတ် အန်ထွက်လာခဲ့သည်။
မြေပြင်ပေါ်သို့ သွေးမည်းများ ဖြာကျလာပြီးနောက် တရှဲရှဲအသံများထွက်ပေါ်လာကာ ထိုမြေပြင်နေရာသည် တမြည့်မြည့်ယိုယွင်းပျက်စီးသွားသည်။
"ကျုပ် ပြောခဲ့သလိုပဲ...ဒီပစ္စည်းက အကျင့်သီလပြည့်စုံတဲ့သူနဲ့ပဲ ထိုက်တန်တာ...ကျုပ် ထင်တာတော့...ကျုပ်နဲ့ပိုပြီးထိုက်တန်တယ်လို့ပဲ"
ကျန်းမင်က အကြီးအကဲယုရှစ်၏လက်အတွင်းရှိ အနက်ရောင်တုတ်ကို ဆွဲယူပြီး သူက အေးစက်စက်အပြုံးနှင့်ပြောဆိုလေ၏။
"ဒီလို ရတနာမျိုးအတွက်နဲ့...မင်းက ငါ့ကိုသတ်ဝံ့တယ်ပေါ့"
အကြီးအကဲယုရှစ်က မယုံကြည်နိုင်သောအမူအယာဖြင့် မေးမြန်းလိုက်သည်။
ကျန်းမင်က ရုတ်တရက် ကျယ်လောင်စွာအော်ဟစ်ရယ်မောနေပေ၏။
"ခင်ဗျားက တော်တော်တုံးတာပဲ...လုကျောလိုအမှိုက်တစ်ကောင်ကို ကျုပ်က အောက်ကျို့ခံပြီးဆက်ဆံနေတာ ခင်ဗျားတို့လုမိသားစုကို မှီခိုချင်လို့လို့ထင်နေတာလား...တော်တော်ရယ်စရာကောင်းတာပဲ"
ကျန်းမင်က အကြီးအကဲယုရှစ်၏နဖူးပေါ်သို့ သူ၏လက်ကိုတင်ပြီး ပြောဆိုလိုက်သည်။
"ခင်ဗျားတို့လုမိသားစုက အစွမ်းထက်တဲ့အင်အားစုကြီးဖြစ်ပေမယ့်...ခင်ဗျားလိုတုံးအတဲ့သူရှိနေမယ်လို့ ကျုပ်ထင်မထားမိဘူး...ခင်ဗျားသေသွားရတဲ့အကြောင်းရင်းကို သူတို့သိလိမ့်မယ်လို့ ခင်ဗျားတွေးမထားနဲ့"
အကြီးအကဲယုရှစ်မိထားသောအဆိပ်သည် အလွန်ပြင်းထန်သဖြင့် သူက ကျန်းမင်အား မည်သို့မျှခုခံတိုက်ခိုက်နိုင်စွမ်း မရှိချေ။ကျန်းမင်က သူ၏နဖူးအား ထိုးနှက်လိုက်ရာတွင် အကြီးအကဲယုရှစ်၏ခေါင်းတစ်ခုလုံး အစိတ်စိတ်အမွှာမွှာကွဲထွက်သွားသည်။
"အဲ့ဒီဖက်တီးကောင်ကို မြို့ပြင်ကိုခေါ်ထုတ်သွားပြီး သတ်ပစ်လိုက်ကြစမ်း"
"အကြီးအကဲယုရှစ်ကို မြို့အနောက်ဘက်ခြမ်းက ခေါင်းတလားဆိုင်ကိုပို့လိုက်...သူရဲ့စိတ်ဝိညာဥ်ကို စိတ်ဝိညာဥ်ဖိနှိပ်ခြင်းသံနဲ့ထိုးစိုက်ထားကြ...ပြီးတာနဲ့ မြို့ပြင်ကိုထုတ်ပြီး ညတွင်းချင်းမီးသဂြိုလ်ပစ်...သေသေသပ်သပ်လုပ်ကြ...တကယ်လို့ မင်းတို့ကိုဖမ်းမိသွားရင်...မင်းတို့ဘာလုပ်ရမယ်ဆိုတာ သိကြတယ်မလား"
ကျန်းမင်က အမိန့်ပေးလိုက်၏။
ကျန်းမင်၏နောက်မှ သူ၏နောက်လိုက်များသည် ဤအခြေအနေကို ကွက်ကွက်ကွင်းကွင်း မြင်တွေ့နေရသော်လည်း အံ့အားသင့်သွားပုံမရချေ။ကျန်းမင်၏အမိန့်ကိုကြားသည်နှင့် သူတို့က စတင်လုပ်ဆောင်ရန် ပြင်ဆင်လိုက်ကြသည်။
ကျန်းမင်၏နောက်လိုက်တစ်ယောက်က သူ၏ပုဆိန်ကိုကိုင်မြှောက်ပြီး ကျန်းတာအို၏ညာဘက်လက်အား ဖြတ်တောက်ရန်ချိန်ရွယ်ထားပေ၏။
ဘန်း...ဘန်း...ဘန်း...
ရုတ်ချည်းဆိုသလိုပင် အနက်ရောင်လူရိပ်တစ်ရိပ် တိုးဝင်လာပြီး ကျန်းမင်၏နောက်လိုက်များ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
"ငါ မရှိတော့ဘူးလို့ မင်းက ထင်နေတာလား"
လုယွီက သူ၏လက်ကောက်ဝတ်ကိုလှုပ်ရှားပြီး ကျန်းမင်အား အေးစက်စက်စိုက်ကြည့်နေပေ၏။
Chapter 598
ကျန်းမင်က အံ့အားသင့်သွားပုံဖြင့် လုယွီအား ကြည့်လိုက်၏။
"မင်းရဲ့အနီးကပ်တိုက်ခိုက်မှုကတော့မဆိုးဘူး...ဒါပေမယ့် ငါ့ကို မင်းက တိုက်ခိုက်နိုင်မှာလား"
လုယွီက ကျန်းမင်၏နောက်လိုက်များအနက်မှ နောက်ဆုံးကျန်နေသောသူကို မြေပြင်ပေါ်သို့ကန်ပစ်လေသည်။
"ဒီလူတွေအားလုံးကို မင်း ထိန်းချုပ်ထားတာမလား"
လုယွီက တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်သည်။
ကျန်းမင်၏အကြည့်က အေးစက်တင်းမာသွားပေသည်။
"မင်း ဘာပြောတာလဲ"
"မင်းတို့ကောင်တွေက ကောင်းကင်ဘုံနယ်မြေမှာရှိတဲ့ ရှေးဟောင်းနတ်ဆိုးတွေရဲ့လှည့်ကွက်တွေကို အသုံးပြုခဲ့တာလေ...မင်းတို့လုပ်နေတာတွေ ငါမသိဘူးလို့ ထင်နေတာလား"
လုယွီက သရော်တော်တော် ပြောဆိုလေသည်။
ဤနေရာပတ်ဝန်းကျင်၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ချက်ချင်းမြင့်တက်လာသည်။
ကျန်းမင်က အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်၏။
"ငါရဲ့သရုပ်မှန်အကြောင်း...မင်းကို ဘယ်သူပြောတာလဲ"
ကျန်းမင်၏အသံသည် အက်ရှရှဖြစ်စပြုလာသည်။သူ၏မူလနူးညံသောအရေပြားအောက်မှနေ၍ အနက်ရောင်အမှတ်အသားများ ထွက်ပေါ်လာပေ၏။
ထိုအမှတ်အသားများသည် အထူးပုံစံတစ်ခုအဖြစ်စုဝေးနေပြီး နောက်ဆုံး၌ ကျန်းမင်၏နဖူးပေါ်၌ ပေါင်းစည်းသွားလေသည်။
"ငါ့ရဲ့လျှို့ဝှက်ချက်ကိုသိသွားတဲ့ဘယ်သူမဆို...ငါ သနားညှာတာနေမှာမဟုတ်ဘူး...မင်း သေရမယ်"
ကျန်းမင်၏ပါးစပ်ဟလိုက်ချိန်တွင် သူ၏သွားများသည် မှော်သားရဲများကဲ့သို့ ထက်ရှချွန်တက်နေပေ၏။
လုယွီ၏အမူအယာက တည်ငြိမ်နေဆဲပင်။
"မင်းက ပုစွန်ဆိတ်သေးသေးလေးတစ်ကောင်ပဲ...ဒါပေမယ့် မင်းရဲ့နောက်မှာ မင်းကိုထိန်းချုပ်နေတဲ့ ငါးကြီးကြီးတစ်ကောင်ရှိပုံပဲ"
"မင်း သေချင်နေတာလား"
ကျန်းမင်ထံမှ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများသည် ပို၍ပြင်းထန်လာပြီး သူက လုယွီထံသို့ အပြေးဝင်လာပေ၏။သူ၏လက်က အနက်ရောင်သံတုတ်ကိုကိုင်ဆောင်ထားပြီး လုယွီထံဦးတည်၍ လွှဲယမ်းလိုက်သည်။
"ညီအကို....ဒီနေရာက ထွက်သွားတော့...ဒါက ငါတို့ကျန်းမိသားစုရဲ့တန်ဖိုးအထားဆုံး အလောင်းကောင်အပြစ်ဒဏ်တုတ်ပဲ....ဒီတုတ်က အစွမ်းအထက်ဆုံးသွေးအလောင်းကောင်တွေကိုတောင် ချိုးဖျက်ပစ်နိုင်တယ်...သွားတော့...သူနဲ့ထိပ်တိုက်မရင်ဆိုင်နဲ့"
ကျန်းမင်က အလျင်စလို လုယွီအား သတိပေးလေ၏။
လုယွီက ပြောဆိုလိုက်၏။
"ဒါဆိုရင်...ဒီအလောင်းကောင်အပြစ်ပေးတုတ်ရဲ့ အစစ်အမှန်အသုံးပြုပုံကို မင်းရဲ့ဆရာက မင်းကိုပြောမထားဘူးလား"
"ဘာ"
ကျန်းမင်က အနည်းငယ် အံ့အားသင့်တုန်လှုပ်သွားသည်။
"ဒါက လူတွေကိုရိုက်နှက်လို့ကောင်းတဲ့ တုတ်တစ်ချောင်း မဟုတ်ဘူးလား...ငါက အလောင်းကောင်တွေကနေ အသွင်ပြောင်းသွားတဲ့ သွေးအလောင်းကောင်တွေကို ရိုက်နှက်တဲ့နေရာမှာ ဒီတုတ်ကို အရင်ကအသုံးပြုခဲ့တာ"
လုယွီသည် ဤတစ်ကြိမ်တွင်တော့ ကူကယ်ရာမဲ့သကဲ့သို့ ခံစားမိသည်။သူ၏အတိတ်ဘဝတုန်းက လူတစ်ယောက်နှင့် ဆုံတွေ့ခဲ့ဖူးသည်။
ထိုလူသည် ကျန်းတာအိုနှင့်တူညီစွာ သင်္ချိုင်းဂူဖောတ်ထွင်းသူဖြစ်သော်လည်း သူက တောင်များကိုပင်ရွှေ့ပြောင်းနိုင်သော တာအိုသခင်တစ်ယောက်ဖြစ်သည်။သူ၏ခန္ဓာကိုယ်တစ်ခုလုံး ကျိန်စာတစ်ခု၏ညှင်းပန်းနှိပ်စက်မှုကို ခံစားနေရသဖြင့် သူသည် မြောက်များစွာသောရှေးဟောင်းသင်္ချိုင်းဂူများကို ခိုးဝင်ကာ ကျိန်စာဖယ်ရှားနိုင်သည့်နည်းလမ်းကို ရှာဖွေခဲ့သည်။
သူသည် တာအိုသခင်တစ်ယောက်ဖြစ်သော်လည်း သင်္ချိုင်းသူခိုးမိသားစုလေးစုလုံး၏အမွေအနှစ်များကို သင်ယူခဲ့သည်။
ဤကိစ္စက ကောင်းကင်ဘုံနယ်မြေ၌ပင် ပြောစမှတ်တွင်ခဲ့သည်။
ကျန်းတာအိုသည် ဤကဲ့သို့အားကောင်းသော အမွေအနှစ်ကို ဆက်ခံထားသော်လည်း ယခုကဲ့သို့ပုံစံမျိုးနှင့် နေထိုင်နေပေ၏။
"သေချာကြည့်ထား...ငါ မင်းကို အလောင်းကောင်အပြစ်ပေးတုတ်ရဲ့စွမ်းရည်အစစ်အမှန်ကို ပြပေးမယ်"
လုယွီက အလောင်းကောင်အပြစ်ပေးတုတ်အား လက်ညှိုးညွှန်လိုက်၏။
ရုတ်ချည်းဆိုသလိုပင် အနက်ရောင်သံတုတ်သည် ခြစ်ခြစ်တောက်ပူပြင်းပြီး နီရဲလာပေ၏။
ကျန်းမင်က စူးစူးဝါးဝါးအော်ဟစ်ပြီး အလောင်းကောင်အပြစ်ပေးတုတ်ကို လွှက်ချလိုက်ရသည်။
"ဒီနေရာက လင်ရှောင်းမြို့ရဲ့မြို့လယ်ကောင်...မှော်စွမ်းအားကို အသုံးပြုခွင့်ပေးမထားဘူး...မင်းက သေချင်နေတာလား"
ကျန်းမင်က အော်ဟစ်လိုက်၏။
လုယွီက သရော်တော်တော်လေသံဖြင့် ပြောဆိုလေသည်။
"ငါက ဘာမှော်စွမ်းအားကိုမှ သုံးမထားဘူး...ဒါက ဒီအလောင်းကောင်အပြစ်ပေးတုတ်က မင်းကို သတ်ချင်နေတာ"
လုယွီ၏ပါးစပ်မှနေ၍ ရုတ်တရက် မန္တန်တစ်ပုဒ်ရွတ်ဆိုသံ ထွက်ပေါ်လာခဲ့သည်။အလောင်းကောင်အပြစ်ပေးတုတ်ပေါ်ရှိ ဆေးအနက်ရောင်များ တစတစပြယ်လွင့်လာပြီး ၎င်းမှ ပြင်းထန်သောယင်ချီအော်ရာများ ထုတ်လွှက်လာခဲ့သည်။
သံတုတ်ပေါ်၌ စာကြောင်းတစ်ကြောင်း ထွက်ပေါ်လာပေ၏။
"ကောင်းကင်ဘုံရဲ့ကောင်းချီးမင်္ဂလာကို....ဆန့်ကျင်တိုက်ခိုက်နိုင်သူမရှိဘူး"
ဘုန်း...
အလောင်းကောင်အပြစ်ပေးတုတ်သည် အညှာအတာကင်းမဲ့စွာဖြင့် ကျန်းမင်၏ခေါင်းအား ပြင်းပြင်းထန်ထန်ရိုက်နှက်လိုက်သည်။
စွပ်....
ကျန်းမင်သည် ကြက်သေသေနေသကဲ့သို့ မှင်သက်နေပြီးနောက် ချက်ချင်းပင် သူ၏ခေါင်းပွင့်ထွက်သွားပေ၏။သူ၏ခန္ဓာကိုယ်မှ အနက်ရောင်မြူခိုးများထွက်လာပြီး စူးရှရှအော်ဟစ်ကာ ထွက်ပြေးရန် ကြံရွယ်နေလေသည်။
"မင်းက ပြေးချင်သေးတာလား"
လုယွီက အေးစက်စက်ကြည့်ပြီးနောက် အလောင်းကောင်အပြစ်ပေးတုတ်ကိုထိန်းချုပ်ကာ အနက်ရောင်မြူခိုးများပေါ်သို့ ကျဆင်းသွားစေသည်။
သို့သော် ထိုအချိန်မှာပင် အားကောင်းသောအောိရာများသည် အဝေးတနေရာမှနေ၍ သူတို့ထံသို့ အလျှင်အမြန်ချဥ်းကပ်လာပေ၏။
ကျန်းတာအို၏မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။
"မကောင်းတော့ဘူး...လင်ရှောင်းဂိုဏ်းကလူတွေရောက်လာပြီ"
လင်ရှောင်းဂိုဏ်းသည် မြို့အနှံ့အပြား၌ ကင်းထောက်များကို ဖြန့်ကျက်ထားသည်။တစ်စုံတစ်ယောက်က မှော်စွမ်းအင်ကိုအသုံးပြုသည်နှင့် သူတို့ကချက်ချင်းသိရှိနိုင်ပေသည်။
"သွားမယ်"
လုယွီက ကျန်းတာအိုကို ဖမ်းဆွဲပြီးနောက် အချိန်တခဏအတွင်းမှာပင် လမ်းကျဥ်းလေးအတွင်းမှ သူတို့နှစ်ယောက်လုံး ပျောက်ကွယ်သွားတော့သည်။
အသက်ရှုချိန်သုံးကြိမ်စာ ကြာပြီးနောက်....
လမ်းကျဥ်းလေးအတွင်းသို့ ခရမ်းရောင်ဝတ်စုံဖြင့်လူများ ဖျတ်ခနဲရောက်ရှိလာပြသည်။
"လူတွေ အသတ်ခံထားရတယ်"
"သူတို့ထဲကတစ်ယောက်က လုမိသားစုရဲ့မျိုးရိုးမတူတဲ့ အကြီးအကဲ...နောက်တစ်ယောက်က ကျန်းမိသားစုရဲ့သခင်လေး....ကျန်တဲ့လူတွေကတော့ ကျန်းမိသားစုနောက်လိုက်တွေ"
"သူတို့အားလုံးက တချိန်တည်းအသတ်ခံလိုက်ရတာ...ဘယ်သူမှာ ဒီလိုစွမ်းရည်မျိုး ရှိနေတာလဲ"
"ဒီနေရာပတ်ဝန်းကျင်ကို ပိတ်ထားလိုက်....ပြစ်မှုကျူးလွန်တဲ့သူတွေကို လွတ်မသွားစေနဲ့"
Chapter 599
လမ်းကျဥ်းလေး၏တစ်ခြားတစ်ဖက်ခြမ်း၌...
လုယွီနှင့်ကျန်းတာအိုသည် ဆိတ်ငြိမ်သောထောင့်တစ်နေရာရောက်သည်အထိ တလျှောက်လုံးပျံဝဲလာပြီး နောက်ဆုံးမှသာ သူတို့နှစ်ယောက်လုံး သက်ပြင်းရှိုက်လိုက်ကြသည်။
"ခုဏက...ကျန်းမင်ရဲ့ခန္ဓာကိုယ်ထဲက ဘာကြီးထွက်လာတာလဲ"
ကျန်းမင်က ယခုချိန်ထိတိုင် ထိတ်လန့်ကြောက်ရွံနေဆဲပင်။
လုယွီက အချိန်တခဏကြာ တွေဝေသွားပြီးမှ ပြောဆိုလေ၏။
"အဲ့ဒီအကြောင်းကို မင်း သိစရာမလိုဘူး...ကောင်းကင်နန်းတော်ပြိုင်ပွဲက စတင်တော့မယ်...မင်း နေရာတစ်ခုကို အရင်ဆုံးရှာပြီး လေ့ကျင့်သင့်တယ်....ကျန်တဲ့ကိစ္စတွေကို ဘာမှစိုးရိမ်မနေနဲ့"
ကျန်းတာအိုက ခေါင်းခါပြသည်။
"ငါ ဘယ်လိုလုပ် အေးအေးဆေးဆေး လေ့ကျင့်နိုင်မှာလဲ....လျန်အာမှာအန္တရာယ်ရှိနေပြီ....ငါ လျစ်လျူရှုမထားနိုင်ဘူး"
"ငါ ကျန်းအိမ်တော်ကို သွားစရာကိစ္စရှိတယ်...ရှေးဟောင်းနတ်ဆိုးတွေက ဘာကိစ္စပဲလုပ်လုပ် အမြဲတမ်းရည်ရွယ်ချက်ရှိတယ်....သူတို့က ကျန်းလျန်အာနဲ့လုမိသားစုကြားကို မိတ်ဖွဲ့ချင်နေတာ....သူတို့မှာ တခြားအစီအစဥ်ရှိနိုင်တယ်...ငါ အဲ့ဒီကိစ္စကို ဖြေရှင်းလိုက်မယ်...တကယ်လို့ မင်းသွားလို့ရှိရင် ပိုပြီးဖရိုဖရဲဖြစ်ကုန်မယ်"
လုယွီက ပြောဆိုလိုက်၏။
ကျန်းတာအိုက ကျယ်လောင်စွာအော်ဟစ်လေသည်။
"မင်းက ကျန်းအိမ်တော်ကို သွားမလို့လား....ဘာလို့ ဒီလိုလုပ်မှာလဲ...ငါ ကျန်းတာအိုက စွမ်းအားမကောင်းပေမယ့် သေမှာကြောက်တဲ့ကောင်မဟုတ်ဘူး"
လုယွီက ကျန်းတာအို၏ပခုံးအား ပုတ်လိုက်၏။
"မင်း သွားလိုက်တာနဲ့...အခြေအနေတွေ ပိုရှုပ်ကုန်လိမ့်မယ်...ဘာမှစိုးရိမ်မနေနဲ့...ဒါက ပြဿနာကြီးမဟုတ်ဘူး"
လုယွီက ကျန်းမိသားစုအား အသိပေးအကြောင်းကြားရပေမည်။ကျန်းမိသားစုကဲ့သို့ ဂုဏ်သိက္ခာမြင့်မားသော ကျင့်ကြံခြင်းမိသားစုကို ရှေးဟောင်းနတ်ဆိုးများက ဤအတိုင်းအတာထိ လွှမ်းမိုးထားနိုင်ပေသည်။ကျန်းမိသားစုသခင်လေး၏ခန္ဓာကိုယ်အား ရှေးဟောင်းနတ်ဆိုးက အပိုင်စီးထားခြင်းကို ကျန်းမိသားစုကမသိရှိသလော။
လုယွီက ကျန်းမိသားစုခေါင်းဆောင်ကို ဤအကြောင်းများအား ပြောဆိုလိုက်ပါက ထိုသူသည် သူမည်သို့ဆောင်ရွက်ရမည်ကို သိရှိပေလိမ့်မည်။
တစ်နာရီခန့်ကြာပြီးနောက်....
လုယွီသည် ကျန်းအိမ်တော်တံခါးဝသို့ ရောက်ရှိလာသည်။
လင်ရှောင်းမြို့အတွင်းရှိ တခြားကျင့်ကြံခြင်းမိသားစုများနည်းတူ ကျန်းမိသားစုသည်လည်း ကျယ်ဝန်းသောမြေကို ပိုင်ဆိုင်ထားသည်။ကျန်းအိမ်တော်ခြံဝန်းသည် တခြားအိမ်တော်များနှင့် ဝေးကွာပြီးသီးခြားဖြစ်နေကာ ခြံဝန်းတစ်ခုလုံးကို အားကောင်းသောမှော်စွမ်းအင်လှိုင်းများဖြင့် လွှမ်းခြုံထားသည်။
ဤအချိန်တွင် ကျန်းအိမ်တော်တံခါးရှေ့၌ လူအမြောက်အများရှိနေသည်။လူအများစုသည် သူတို့၏နောက်၌ အခြံအရံများပါရှိပြီး မြောက်များစွာသောလက်ဆောင်များနှင့် ဂုဏ်ပြုစာတမ်းများကို သယ်ဆောင်လာကြ၏။
"အပြာရောင်မိသားစုရဲ့မိသားစုခေါင်းဆောင် လန်ယွမ်....မိန်းကလေးကျန်းရဲ့စေ့စပ်မင်္ဂလာပွဲအတွက် ဂုဏ်ပြုပါတယ်"
"မူလဒသမကျောင်းတော်ရဲ့ကျောင်းအုပ် ရှန်းခိုင်ချမ်...ကျန်းမိသားစုနဲ့လုမိသားစုရဲ့ ပေါင်းစည်းခြင်းမင်္ဂလာအတွက် ဂုဏ်ပြုပါတယ်"
တံခါးပြင်ပ၌ရပ်နေသော အိမ်တော်ထိန်းတစ်ယောက်က ဂုဏ်ပြုစာတမ်းများကို ကျယ်လောင်စွာအော်ဟစ်သီကျူးနေသည်။
လုယွီ၏အမြင်အာရုံသည် စူးရှပေ၏။သူက တစ်ချက်ကြည့်လိုက်သည်နှင့် ဂုဏ်ပြုစာတမ်းပေါ်တွင်ရေးထားသည်မှာ ကျန်းလျန်အာမဟုတ်ဘဲ ကျန်းယုချင်ဖြစ်နေခြင်းကို တွေ့မြင်မိသည်။
ပြန်တွေးကြည့်လျှင် မြေအောက်အကန့်အသတ်မဲ့နန်းတော်အတွင်း၌ လုယွီသည် ကျန်းယုချင်၏စကားလုံးခုနစ်လုံးကျိန်စာအား ဖယ်ရှားပေးခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ သူတို့နှစ်ယောက်သည် ကံကြမ္မာရေစက်အရ အမှတ်မထင်ဆုံတွေ့ခဲ့ခြင်းပင်။
လုယွီက ဂုဏ်ပြုစာတမ်း၏တခြားတစ်ဖက်ခြမ်းကို ကြည့်လိုက်သည်။
လုမိသားစု...လုဝူယာ...
လုမိသားစု၏လုဝူယာသည် လျှို့ဝှက်နဂါးစာရင်း၏ဒုတိယနေရာ၌ ရှိနေသူဖြစ်သည်။
မြေအောက်လောကဟူသော တာအိုအမည်ပိုင်ရှင်သာထွက်ပေါ်မလာပါက လုဝူယာသည် ပထမနေရာ၌ရပ်တည်နိုင်ပေမည်။
"လုမိသားစု ထပ်ဖြစ်ပြန်ပြီလား"
လုယွီက မျက်မှောင်ကြုတ်နေပေ၏။ဤလုမိသားစုသည် တိုက်ရိုက်မျိုးဆက်မဟုတ်ဘဲ မိသားစုခွဲသာဖြစ်ခြင်းကို သူ ကောင်းစွာသိရှိထားသည်။
လင်ရှောင်းလုမိသားစုခွဲသည် လျှို့ဝှက်ဆန်းကြယ်မှုများနှင့် ပြည့်နေပေ၏။သို့သော် လုယွီ၏စိတ်အတွင်း၌ ဤလုမိသားစုရှိမနေချေ။
လုယွီက ယခုလက်ရှိချိန်တွင် ကျန်းမိသားစုဘိုးဘေး ကျန်းထျန်းရှုံးကို သူ၏မိသားစုဝင်များ၏ခန္ဓာကိုယ်အား ရှေးဟောင်းနတ်ဆိုးများက အပိုင်စီးထားသောကိစ္စကိုသာ အသိပေးလိုသည်။
"ဟိတ်...မင်း...ဒီတံခါးက အစေခံတွေ ဝင်လို့မရဘူး...တံခါးငယ်က ဖြတ်သွားစမ်း"
ရုတ်တရက် တံခါးစောင့်တစ်ယောက်က လုယွီအား ဟန့်တားလိုက်၏။
တံခါးစောင့်လမ်းညွှန်သောနေရာတွင် လုယွီက တံခါးငယ်တစ်ခုကို တွေ့မြင်မိသည်။ထိုတံခါးသည် အလွန်သေးငယ်ပြီး မှော်သားရဲများ ဝင်ရောက်ရန်အတွက် အထူးပြုလုပ်ထားပုံရသည်။
တချို့အစေခံများသည် တံခါးငယ်အားဖြတ်သန်းဝင်နိုင်ရန် ဒူးထောက်ပြီးတွားသွားဝင်ရ၏။
လုယွီသည် လက်ဆောင်များ မပါရှိသည့်အပြင် ဂုဏ်ပြုမှတ်တမ်းလည်း ကိုင်ဆောင်မထားသည့်အတွက် တံခါးစောင့်များက သူကို အစေခံဟု ယူဆလိုက်ခြင်းဖြစ်သည်။
"ထွက်သွားစမ်း"
လုယွီ၏မျက်လုံးများ အေးစက်တင်းမာသွားပြီး လေသံမာမာဖြင့် အော်ဟစ်လိုက်၏။သူက ဤနေရာ၌ အချိန်အနည်းငယ်မျှ ဖြုန်းတီးလိုစိတ်မရှိချေ။
ကျန်းမိသားစုအား အကြောင်းကြားရန်ကိစ္စအပြင် လုယွီသည် ကျန်းထျန်းရှုံးထံမှ ထိပ်တန်းအဆင့်စိတ်ဝိညာဥ်ကျောက်တုံးသန်းတစ်ရာ အကြွေးတောင်းယူရပေမည်။
"မင်းက တော်တော်အတင့်ရဲလှချည်လား....ကျန်းအိမ်တော့ရှေ့မှာလာပြီး ရိုင်းပျဝံ့တယ်...မင်းက ဘယ်သူရဲ့ခွေးအစေခံလဲ...ကြည့်ရတာတော့ ငါ မင်းကို သင်ခန်းစာပေးရမယ့်ပုံပဲ"
တံခါးစောင့်က လုယွီအားအင်္ကျီဂုတ်မှဆောင့်ဆွဲရန် ဟန်ပြင်လိုက်၏။
Chapter 600
လုယွီ၏မျက်လုံးအကြည့်က အေးစက်တင်းမာနေပေ၏။
တံခါးစောင့်ကသာ ဆက်လက်၍ရန်လိုနေပါက လုယွီက သူ့အားအလွတ်ပေးမည်မဟုတ်ချေ။
"ထားလိုက်တော့...ဒီနေ့ အိမ်တော်ကို ဧည့်သည်တွေအများကြီးလာနေတာ...တခြားသူတွေအမြင်မှာ ရယ်စရာမဖြစ်စေနဲ့...သူက စားသောက်ချင်လို့ လာတာနေမှာပေါ့...သူကို ဝင်ခွင့်ပေးလိုက်"
အိမ်တော်ထိန်းက သူ၏လက်ကိုဝှေ့ယမ်းပြီး စိတ်မရှည်စွာပြောဆိုလိုက်၏။
တံခါးစောင့်၏လက် ချက်ချင်းရပ်တန့်သွားပြီး ခနဲ့တဲ့တဲ့ပြောလေသည်။
"ကောင်လေး...မင်းအသက်ရှင်ခွင့်ရသွားပြီ...တကယ်လို့ ငါရဲ့လက်သီးချက်သာ မင်းပေါ်ရောက်သွားရင်....မင်း တစ်ခါတည်းသေသွားလိမ့်မယ်"
လုယွီက ဤကဲ့သို့အဆင့်နိမ့်ပါးသူများ၏ရန်စစကားကို လျစ်လျူရှုထားသည်။သူက ကျန်းအိမ်တော်အတွင်းသို့ ခြေချပြီးသည်နှင့် ခြံဝန်းအတွင်းသို့ တန်းတန်းမတ်မတ်ဝင်သွားခဲ့သည်။
လုယွီတွင် ဂုဏ်ပြုစာတမ်းမပါရှိသည့်အပြင် ဖိတ်ကြားထားသော ဧည့်သည်တော်လည်းမဟုတ်သဖြင့် မည်သူကမျှ သူ့အား လမ်းပြခြင်းမရှိချေ။
ဤအချိန်တွင် ကျန်းအိမ်တော်အတွင်း၌ စားသောက်ဧည့်ခံပွဲကြီးကျင်းပနေပြီး ဂုဏ်ပြုစကားပြောကြားရန် ရောက်ရှိလာသောဧည့်သည့်များကို ကြိုဆိုနေကြ၏။
မည်သို့ပင်ဆိုစေကာမူ လုယွီသည်လည်း ကျန်းအိမ်တော်သို့ ဝိုင်အရက်လာသောက်ခြင်း မဟုတ်ပေ။
"ရှေးဟောင်းနတ်ဆိုးတွေရဲ့အော်ရာတွေက ကျန်းအိမ်တော်ရဲ့ချောင်ကျတဲ့နေရာတွေမှာ ပုန်းအောင်းနေတယ်...ပြီးတော့ နေရာတစ်နေရာထက်ပိုရှိပုံပဲ"
လုယွီက ကျန်းအိမ်တော်ခြံဝန်းအတွင်းသို့ ခြေချလိုက်သည်နှင့် သူက နတ်ဆိုးအော်ရာများကို အာရုံခံမိသည်။
ထိုအော်ရာများကို သာမာန်ကျင့်ကြံသူများ သတိပြုမိမည်မဟုတ်ချေ။ကျင့်ကြံဆင့်နယ်ပယ်မြင့်မားသူများပင် ယခင်ကရှေးဟောင်းနတ်ဆိုးများဖြင့် ဆုံတွေ့ဖူးခြင်းမရှိပါက ခွဲခြားနိုင်ရန် လွန်စွာခက်ခဲပေမည်။
ယခင်တုန်းက ကောင်းကင်ဘုံနယ်မြေတွင် ရှေးဟောင်းနတ်ဆိုးများသည် အထူးလျှို့ဝှက်နည်းလမ်းများကိုအသုံးပြု၍ ထိပ်သီးကျင့်ကြံသူများအား လှည့်စားခဲ့ကြသည်။
"အခြေအနေကိုအရင်သွားကြည့်တာ ကောင်းမယ်"
လုယွီက တွေးတောပြီးနောက် ခြံဝန်းအတွင်းသို့ ဝင်သွားခဲ့သည်။
ယနေ့တွင် ကျန်းမိသားစုနှင့်လုမိသားစုကြား စေ့စပ်မင်္ဂလာပွဲ ကျင်းပနေပေ၏။စေ့စပ်သည့်နှစ်ယောက်လုံးသည် သူတို့မိသားစုများ၏ပါရမီရှင်များဖြစ်သဖြင့် လူအများက မျက်နှာလုပ်လိုကြသည်။ဤသည်က တရားဝင်လက်ထပ်ပွဲမဟုတ်သည့်တိုင် ကြီးကျယ်ခမ်းနားပေသည်။ထို့ပြင် လူအမြောက်အများကလည်း ဂုဏ်ပြုစကားပြောဆိုရန် ကျန်းအိမ်တော်သို့ ရောက်ရှိနေကြ၏။
လုယွီက အနောက်ဘက်ခြံဝန်းအတွင်းသို့ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် တိတ်တဆိတ်ချောင်းမြောင်းသွားနေပေ၏။ထိုခြံဝန်းအတွင်းမှ ရှေးဟောင်းနတ်ဆိုး၏အော်ရာ ထွက်ပေါ်နေသည်။အနောက်ဘက်ခြံဝန်း၏နက်ရှိုင်းသောနေရာတွင် တိတ်ဆိတ်ငြိမ်သက်သော ဝါးတောအုပ်တစ်ခုရှိနေသည်။ဝါးတောအုပ်၏အနောက်တွင် သပ်ရပ်ကျနသော အပန်းဖြေအိမ်တော်တစ်ခုရှိနေပြီး ဇီသာတေးသံသည် ထိုနေရာမှထွက်ပေါ်နေသည်။
"ဒီနေရာကို စောင့်ကြပ်နေတဲ့သူတွေ ရှိနေပါလား"
လုယွီက သစ်တောအုပ်အတွင်းမှအော်ရာများကို ခံစားမိသည်နှင့် သူက မျက်မှောင်ကြုတ်လိုက်မိသည်။
ဝါးတောအုပ်အတွင်းတွင် ကျင့်ကြံသူတချို့ ပုန်းအောင်းနေသည်။ရှေးဟောင်းနတ်ဆိုးအော်ရာများသည် ထိုကျင့်ကြံသူများထံမှ ထွက်ပေါ်နေခြင်းပင်။ထိုကျင့်ကြံသူများ၏ခန္ဓာကိုယ်များအား ရှေးဟောင်းနတ်ဆိုးများက အပိုင်စီးထားခြင်းဖြစ်မည်မှာ သိသာထင်ရှားပေသည်။
"ကောင်းကင်ဘုံနယ်မြေမှာရှိတဲ့ ရှေးဟောင်းနတ်ဆိုးတွေက တခြားသူတွေရှာတွေ့မှာကြောက်ရွံတာကြောင့် သူတို့ရဲ့အော်ရာတွေကို ဖုံးကွယ်ထားကြတယ်....ဒီလူတွေကတော့ သူတို့ကိုဘယ်သူမှ ရှာမတွေ့နိုင်ဘူးဆိုပြီး မောက်မာနေကြတယ်"
လုယွီ၏မျက်လုံးအကြည့်များက အေးစက်တင်းမာနေပေသည်။
ဝှစ်...
လုယွီက ဖျတ်ခနဲလှုပ်ရှားလိုက်ပြီး ဝါးတောအုပ်အတွင်းရှိ ကျင့်ကြံသူတစ်ယောက်၏ရှေ့၌ ထွက်ပေါ်လာသည်။
"ဘယ်သူလဲ"
ထိုကျင့်ကြံသူသည် အလွန်သတိရှိပေ၏။လုယွီ၏ပုံရိပ်ထွက်ပေါ်လာသော အချိန်အခိုက်အတန့်တွင် သူ၏မျက်လုံးများတောက်ပသွားသည်။ထို့နောက် သူ၏ဓားဖြင့် လုယွီအားခုတ်ပိုင်းလိုက်သည်။
သို့ရာတွင် သူ၏ဓားချက်သည် တစ်ဝက်ခန့်သာ ခုတ်ပိုင်းနိုင်ခဲ့သည်။
လုယွီ၏ခေါင်းဖြတ်ဓားသည် သူ၏သိုလှောင်အိတ်အတွင်းမှ ပျံဝဲထွက်လာပြီး ထိုကျင့်ကြံသူ၏ဦးခေါင်းအား ဖြတ်တောက်ပစ်လေသည်။
လုယွီက ထပ်မံ၍ပျောက်ကွယ်သွားပြီး တခြားကျင့်ကြံသူတစ်ယောက်ရှေ့၌ ထွက်ပေါ်လာပြန်၏။
ဝှစ်....ဝှစ်...ဝှစ်...
သရဲတစ္ဆေတစ်ကောင်သည် လူသားများကို အမဲလိုက်နေသကဲ့သို့ သစ်တောအုပ်အတွင်း၌ပုန်းအောင်းနေသော ကျင့်ကြံသူများအားလုံး အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်မပြည့်မီမှာပင် လုယွီ၏သတ်ဖြတ်ခြင်း ခံကြရသည်။
ထိုကျင့်ကြံသူများ သေဆုံးသွားပြီးနောက် သူတို့၏ခန္ဓာကိုယ်အရေပြားများ ပေါတ်ကွဲသွားရာတွင် သူတို့၏နက်မှောင်နေသောနှလုံးများအား မြင်တွေ့ရသည်။ထိုသူတို့က သေဆုံးသွားသည့်တိုင် သူတို့၏နှလုံးသားကမူ ခုန်နေဆဲပင်။
"ရှေးဟောင်းနတ်ဆိုးတွေရဲ့အသက်စွမ်းအင်က တကယ့်ကို ကြံခိုင်တာပဲ"
လုယွီက သူ၏ဓားဖြင့် ခုန်ပေါတ်နေသောနှလုံးသားများအား အစိတ်စိတ်အမွှာမွှာခုတ်ပိုင်းပစ်လိုက်သည်။
ထို့နောက် လုယွီက အပန်းဖြေအိမ်တော်အတွင်းသို့ ဝင်သွားခဲ့သည်။
အပန်းဖြေအိမ်တော်အတွင်း၌ ပျံလွင့်နေသော ဇီသာတေးသံသည် စိတ်လှုပ်ရှားဖွယ်ဖြစ်ပြီး မြူးကြွပေသည်။ထို့နောက် ကြားဖြတ်နှောက်ယှက်ခြင်းခံရပုံဖြင့် ကြိုးတစ်ချောင်းပြတ်တောက်သွားသံနှင့်အတူ ဇီသာတေးသံရပ်တန့်သွားသည်။
"ကျွန်မ အရင်ကတည်းက ပြောပြီးသား...ကျွန်မ လုဝူယာကို ဘယ်တော့မှလက်မထပ်နိုင်ဘူး...ရှင်တို့တွေ ကျွန်မပြောတာကို နားမလည်ကြဘူးလား"
အပန်းဖြေအိမ်တော်အတွင်းမှ ကျန်းယုချင်၏အံကြိတ်ပြောဆိုသံ ထွက်ပေါ်နေသည်။