အခန်း (၆၃၆-၆၄၀)
Vol. 35 Ch. 636-640
Chapter 636
လုယွီက သူ၏လက်ချောင်းများကို လှုပ်ခတ်ခဲ့ရုံသာဖြစ်သော်လည်း ကျန်းယွမ်ကမူ လွင့်ထွက်သွားခဲ့သည်။
ကျန်းအိမ်တော်ပင်မခန်းမတစ်ခုလုံး ဤအချိန်တခဏတွင် တိတ်ဆိတ်ငြိမ်သက်နေပေ၏။
ယခင်က မောက်မာရိုင်းစိုင်းနေကြသော ကျန်းမိသားစုခွဲမှလူငယ်များသည် တစ်ချိန်တည်းမှာပင် ကြက်သေသေသွားကြပြီး လုယွီအား မိန်းမောတွေဝေမှုများနှင့် ကြည့်နေကြသည်။
ကျန်းယွမ်သည် သူတို့လူငယ်များကြားတွင် အသန်မာဆုံးသူဟု ယူဆနိုင်သည်။ကျန်းယွမ်သည် ဓမ္မရုပ်ထုနယ်ပယ်အလယ်ဆင့်ဖြစ်ပြီး နှောင်းပိုင်းအဆင့်သို့ရောက်ရန် ခြေတစ်လှမ်းသာလိုတော့၏။
နောက်ကွယ်မှနေ၍ ခိုးကြောင်ခိုးဝှက်တိုက်ခိုက်ခဲ့သည့်တိုင် ကျန်းယွမ်သည် လုယွီ၏ပြိုင်ဘက် မဟုတ်ခဲ့ချေ။
လုယွီအားသင်ခန်းစာပေးရန် ကြံစည်နေကြသော လူငယ်တချို့သည်လည်း တိတ်ဆိတ်ငြိမ်သက်သွားပေ၏။
ဝုန်း....
ကျောက်တုံးတချို့လွင့်ပျံထွက်လာခြင်းနှင့်အတူ လူပုံစံကျင်းကြီးအတွင်းမှ ကျန်းယွမ်က နီမြန်းနေသောမျက်လုံးများနှင့် မတ်တတ်ထရပ်နေသည်။
သူ၏ခန္ဓာကိုယ်တစ်ခုလုံး ညစ်ပတ်ပေပွနေပြီး အလွန်စိတ်ပျက်ဖွယ်ကောင်းနေပေ၏။သူ၏နဂိုမူလ တည်ငြိမ်အေးဆေးဟန်များလည်း ပျောက်ကွယ်သွားလေပြီ။
"ခွေးမသား...မင်းက ဘယ်လိုမျိုးနတ်ဆိုးနည်းစနစ်တွေ အသုံးပြုပြီး ငါ့ကိုတိုက်ခိုက်တာလဲ"
ကျန်းယွမ်က ဒေါသတကြီး အော်ဟစ်လိုက်၏။
လုယွီအား နောက်ကျောမှနေ၍ ခိုးကြောင်ခိုးဝှက်တိုက်ခိုက်သည်မှာ ကျန်းယွမ်ဖြစ်ကြောင်း လူအားလုံးတွေ့မြင်ကြသည်။သို့သော် သူက လုယွီ၏ရိုက်နှက်ခြင်းကိုခံရချိန်တွင် လုယွီအား ပြစ်တင်စကားပြောဆိုနေပြန်၏။
လုယွီ၏မျက်လုံးများက အေးစက်စက်တောက်ပနေသည်။
"ငါက မင်းအသက်ကိုချမ်းသာပေးထားတာ...ကြည့်ရတာတော့ မင်းက တန်ဖိုးမထားပုံပဲ"
လုယွီ၏မျက်လုံးများကို စိုက်ကြည့်မိသော ကျန်းယွမ်သည် သူ၏စိတ်နှလုံးသားတစ်ခုလုံး ဗလောင်ဆူသွားသကဲ့သို့ ခံစားမိသည်။ဤကဲ့သို့ခံစားချက်မျိုးက လူအများထိတ်လန့်ကြောက်ရွံရသော နတ်ဆိုးသားရဲတစ်ကောင်၏စောင့်ကြည့်ခံနေရခြင်းနှင့် တူညီလှ၏။
ကျန်းယွမ်က ဆုံးဖြတ်ချက်ချပြီး သူ၏ပါးစပ်ကို ပိတ်ထားလိုက်တော့သည်။အကယ်၍ သူသာ စကားတစ်ခွန်းထပ်ဆိုဝံ့ပါက နေ့မကူးဘဲသူအသက်ပျောက်ရပေမည်ဟု ခံစားနေရ၏။
ဘန်း...
ရုတ်တရက် တစ်စုံတစ်ယောက်က စားပွဲခုံကို ရိုက်ပုတ်လိုက်သည်။
လူအများက လှည့်ကြည့်လိုက်ရာတွင် တတိယအကြီးအကဲဖြစ်နေခြင်းကို တွေ့မြင်မိကြသည်။
တတိယအကြီးအကဲက ဒေါသတကြီး ပြောဆိုလိုက်၏။
"ဘယ်လိုတောင် မောက်မာရိုင်းစိုင်းနေတဲ့ကောင်လဲ....မင်းက မင်းကိုယ်မင်းအရမ်းထူးချွန်နေပြီလို့ ထင်နေတာလား"
သူ ဒေါသထွက်နေချိန်တွင် ခန်းမအတွင်းရှိလူများအားလုံး တိတ်ဆိတ်ငြိမ်သက်သွားကြသည်။
ဤသည်က စွမ်းအားဆုံချက်အားဖြည့်နယ်ပယ်ကျင့်ကြံသူတစ်ယောက်၏ဒေါသဖြစ်သည်။
ကျင့်ကြံသူတချို့သည် သူတို့၏ဘဝတသက်တာလုံး ကျင့်ကြံခဲ့ကြသော်လည်း ဤကျင့်ကြံဆင့်နယ်ပယ်အား ရောက်ရှိခြင်းမရှိပေ။
လုယွီက တည်ငြိမ်စွာ ပြောဆိုလိုက်သည်။
"ဒါက အမှန်ပဲလေ..ခင်ဗျားကို ခင်ဗျားရော ဘာထင်နေလဲ"
"မင်းက ငါရှေ့မှာလာပြီး ဆူဆူပူပူလုပ်ဝံ့တယ်...မင်းကိုလူငယ်တစ်ယောက်ဆိုပြီး ငါက အသက်ရှင်ရက်လွှက်ပေးဖို့ တွေးနေတာ...ခုတော့ မင်း အသက်ကိုချန်ထားခဲ့တော့"
လုယွီက တတိယအကြီးအကဲအား စူးစိုက်၍ကြည့်နေပေ၏။
"ဒါပေမယ့် တချို့လူတွေကတော့ အသက်ကြီးနေတာတောင် ဘယ်ချိန်ရှေ့တိုးရမယ်...ဘယ်ချိန်နောက်ဆုတ်ရမယ်ဆိုတာကိုမသိကြဘူး...ကျုပ်ကပဲ သင်ကြားပေးရမှာပေါ့"
လုယွီ၏မျက်လုံးများမှ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများကို ထုတ်လွှက်ထားပေသည်။
ကျန်းယုချင်က ဖြောင့်ဖျစကား ဝင်ရောက်ပြောဆိုလေ၏။
"တတိယအကြီးအကဲ...လုယွီက ကျွန်မတို့ကျန်းမိသားစုရဲ့မြင့်မြတ်တဲ့ဧည့်သည်ပဲ...ရှင် ခုလိုခြိမ်းခြောက်နေတာ မသင့်တော်ဘူး"
"ငါလုပ်တာ သင့်တော်တယ် မသင့်တော်ဘူးဆိုတာ မင်း ပြောဖို့မလိုအပ်ဘူး...မင်းက ဂျူနီယာတစ်ယောက်အဆင့်ပဲရှိတာ...ဒါတေါင်မှ မင်းက အပြင်လူကိုပဲအရေးပေးနေတယ်...ငါ မင်းနဲ့ နောက်မှဖြေရှင်းမယ်"
တတိယအကြီးအကဲက ကျန်းယုချင်အား ဒေါသတကြီးအော်ငေါက်နေလေသည်။
တတိယအကြီးအကဲက လုယွီအားကြည့်ပြီး ပြောဆိုလိုက်၏။
"ငါ မင်းနဲ့ အဓိပ္ပါယ်မရှိတဲ့စကားတွေ ထပ်မပြောတော့ဘူး....မင်းက ကျန်းမိသားစုကိုလိမ်လည်လှည့်ဖျားပြီး ထိပ်တန်းအဆင့်စိတ်ဝိညာဥ်ကျောက်တုံးသန်းတစ်ရာကို ယူဆောင်ခဲ့တယ်...ဒါပြင် ငါတို့မိသားစုရဲ့ လူငယ်ပါရမီရှင်ကိုတောင် ထိခိုက်ဒဏ်ရါရအောင် မင်း တိုက်ခိုက်ခဲ့တယ်...အခု မင်းရဲ့ကျင့်ကြံဆင့်ကို မင်းဟာမင်းဖျက်ဆီးပြီး ငါနဲ့ကျန်းယွမ်ကို သုံးကြိမ်အရိုအသေပြုစမ်း...ဒိလိုဆိုရင် ငါ မင်းကို ထွက်သွားခွင့်ပြုမယ်"
ဤသည်က ထိလွယ်ရှလွယ်သော အနေအထားတစ်ရပ်ပင်။
လုယွီက မြင့်မြတ်သောသူတော်စင်တစ်ယောက် မဟုတ်ပေ။
သူ သည်းခံနိုင်သည်ဆိုမှာလည်း အတိုင်းအတာရှိသည်။မည်သို့ပင်ဆိုစေကာမူ သူသည်မြေအောက်လောက၏အုပ်ချုပ်သူ တာအိုသခင်ဖြစ်ပေ၏။ကောင်းကင်ဘုံနယ်မြေ၏မြောက်များစွာသော ထိပ်သီးကျင့်ကြံသူများအမြင်တွင် လုယွီက သွေးဆာနေသောနတ်ဆိုးတစ်ကောင်ဖြစ်သည်။
"ကိစ္စက ဒီလိုဖြစ်လာမှတော့....ကျုပ်က ကျန်းမိသားစုမှာ ဆက်ပြီးနေနေစရာ အကြောင်းမရှိတော့ဘူး"
လုယွီက အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်၏။
"ဘာလဲ...မင်းက ခုထိထွက်သွားချင်တုန်းပဲလား"
တတိယအကြီးအကဲက သူ၏လက်ကိုမြှောက်၍ လုယွီအား ဟန့်တားလေသည်။သူ လှုပ်ရှားလိုက်သည်နှင့် စွမ်းအားဆုံချက်အားဖြည့်နယ်ပယ်၏ပြင်းထန်သော အော်ရာလှိုင်းများက ချက်ချင်းပင် ထွက်ပေါ်လာသည်။
"သေလမ်းရှာနေတာပဲ"
လုယွီ၏မျက်လုံးများက အေးစက်စက်တောက်ပလာပေ၏။
အနက်ရောင်လိပ်မင်းခန်းမ၏စမ်းသပ်စစ်ဆေးခန်းအတွင်း၌ သူသည် စွမ်းအားဆုံချက်အားဖြည့်နယ်ပယ် ကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်ခဲ့၏။
လုယွီ၏အမြင်၌ တတိယအကြီးအကဲကဲ့သို့ ကျင့်ကြံဆင့်နယ်ပယ်မြင့်မားမှုကိုအခွင့်ကောင်းယူပြီး တခြားသူများအားဖိနှိပ်အနိုင်ကျင့်လိုသူများသည် သေလမ်းရှာဖွေနေကြသူများသာဖြစ်သည်။
ထိုအချိန်မှာပင် လူရိပ်တစ်ရိပ်က သူတို့နှစ်ယောက်၏ကြားသို့ ရောက်ရှိလာသည်။ထိုလူရိပ်က ကျန်းယုချင်ဖြစ်ပေ၏။
ကျန်းယုချင်က လူနှစ်ယောက်၏ကြား၌ မတ်တတ်ရပ်ပြီး အံတင်းတင်းကြိတ်ကာ ပြောဆိုလိုက်သည်။
"တတိယအကြီးအကဲ...တကယ်လို့ ရှင်က ကျွန်မကို ဒီမိသားစုရဲ့ခေါင်းဆောင်အဖြစ် ရှင်ရဲ့မျက်လုံးထဲမှာ ထည့်ထားသေးတယ်ဆိုရင် လုယွီကိုသွားခွင့်ပြုလိုက်ပါ"
ကျန်းယုချင်က မိသားစုခေါင်းဆောင်စည်းတံဆိပ်ကို ကိုင်မြှောက်လေ၏။
တတိယအကြီးအကဲ၏မျက်နှာပေါ်တွင် ဝေခွဲရခက်သောအရိပ်အယောင်များထင်ဟပ်နေပြီး နောက်ဆုံး၌ သူက တဖြည်းဖြည်း သူ၏လက်ကိုအောက်ချလိုက်၏။
"မင်း ကံကောင်းသွားတယ်"
တတိယအကြီးအကဲက သူ၏ထိုင်ခုံနေရာသို့ ပြန်သွားလိုက်တော့သည်။
လုယွီသည် ဤနေရာ၌ အချိန်တခဏခန့်ပင် မနေလိုတော့ခြင်းကြောင့် နောက်ပြန်လှည့်ပြီးထွက်ခွါခဲ့လေသည်။
"တတိယအကြီးအကဲ...ကျွန်မက လုယွီကို ကျွန်မတို့ကျန်းမိသားစုရဲ့ကိုယ်စားပြုအဖြစ် ကောင်းကင်နန်းတော်ပြိုင်ပွဲမှာပါဝင်ယှဥ်ပြိုင်ခိုင်းဖို့ စီစဥ်ထားခဲ့တာ....ဒါပေမယ့် ခုကတော့...."
ကျန်းယုချင်၏လေသံတွင် နောင်တရနေမှုများ ပေါ်လွင်နေသည်။
တတိယအကြီးအကဲက မကျေမချမ်း ပြောဆိုလေသည်။
"ငါတို့မိသားစုခွဲမှာ လူငယ်ပါရမီရှင်တွေ အများကြီး ရှိတယ်...အဲ့ဒီကောင်လေးက နတ်ဆိုးနည်းစနစ်တချို့ကို တတ်ကျွမ်းထားရုံပဲရှိတာ...သူရဲ့စွမ်းအားအစစ်အမှန်က သဘာဝလွန်စွမ်းအင်နယ်ပယ်ပဲရှိတာ..ဘာမှ အရေးပါတဲ့ကောင်မဟုတ်ဘူး"
ထိုအချိန်မှာပင်...
"တတိယအကြီးအကဲ...လင်ရှောင်းဂိုဏ်းရဲ့အနက်ရောငမလိပ်မင်းခန်းမသခင်က အိမ်တော်ကိုရောက်လာပါတယ်"
အစေခံတစ်ယောက်က ခန်းမအတွင်းသို့ အလျှင်စလိုပြေးဝင်လာပြီး အံ့အားသင့်နေသောလေသံဖြင့် သတင်းပို့လေသည်။
Chapter 637
လင်ရှောင်းဂိုဏ်းဟုဆိုသလော....။
တတိယအကြီးအကဲသည် ချက်ချင်းပင် သူ၏ထိုင်ခုံပေါ်မှ မတ်တတ်ထရပ်လိုက်၏။
"အနက်ရောင်လိပ်မင်းခန်းမသခင်က လင်ရှောင်းဂိုဏ်းမှာ အရေးပါတဲ့လူတစ်ယောက်...သူလိုလူမျိုးက ဒီနေရာကို ဘာလာလုပ်တာပါလိမ့်"
အစေခံက အချိန်တခဏကြာတုံ့ဆိုင်းနေပြီးမှ ပြောဆိုလိုက်၏။
"သူက ကျွန်တော်တို့ကို လာရင်းကိစ္စမပြောဘူး..ဒါပေမယ့် ကျွန်တော်ကြားသိရသလောက်တော့ သူက သာမာန်ထက်ထူးကဲတဲ့ပါရမီရှင်တစ်ယောက်ကိုတွေ့လို့ လာရှာတာလို့ဆိုတယ်"
ထိုစကားထွက်ပေါ်လာသည်နှင့် ခန်းမအတွင်းရှိ လူတိုင်း၏မျက်လုံးများ မီးဝင်းဝင်းတောက်လာသည်။
ကျန်းမိသားစုဝင်လူငယ်များ၏အတွေးများ ချက်ချင်းပင် လှုပ်ခတ်သွားသည်။
ကျန်းမိသားစုကဲ့သို့ ထိပ်သီးမိသားစုကြီးတွင်ကြီးပြင်းလာပြီးနောက် အနက်ရောင်လိပ်မင်းခန်းမသို့သာ ဝင်ရောက်ခွင့်ရပါက နောင်တစ်ချိန်တွင် သူတို့၏အနာဂတ်သည် ထွန်းလင်းတောင်ပနေပေမည်။
သူတို့၏စိတ်နှလုံးသားများအတွင်းတွင် သူတို့ကိုယ်သူတို့ ပါရမီရှင်များဟုသာ တွေးတောနေကြ၏။
တတိယအကြီးအကဲက စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းလေသည်။
"အဲ့ဒီပါရမီရှင်ဘယ်သူလဲဆိုတာရော သူ ပြောလား"
အစေခံက အချိန်တခဏကြာ တွေးတောနေပြီးမှ ပြောဆိုလိုက်သည်။
"ကျွန်တော်ကြားမိတာတော့ လျှို့ဝှက်နဂါးစာရင်းက လူတစ်ယောက်လို့ထင်တယ်...ပြီးတော့ ကျွန်တော် အဲ့ဒီနာမည်ကို အရင်တုန်းက မကြားဖူးဘူး"
လျှို့ဝှက်နဂါးစာရင်းဟုကြားသည်နှင့် လူအားလုံး၏အကြည့်များက ကျန်းယွမ်ပေါ်သို့ ကျရောက်လာသည်။
ကျန်းမိသားစုတွင် ထူးချွန်သောလူငယ်ပါရမီရှင်အမြောက်အများရှိသော်လည်း လျှို့ဝှက်နဂါးစာရင်း၌ပါဝင်သူမှာ ကျန်းယွမ်တစ်ယောက်သာရှိသည်။
ကျန်းယွမ်သည် လျှို့ဝှက်နဂါးစာရင်း၏နံပါတ်တစ်ရာ့ငါးပင်။လျှို့ဝှက်နဂါးစာရင်းတွင် လူပေါင်းတစ်ရာ့ရှစ်ယောက်သာရှိရာ ကျန်းယွမ်သည် နောက်ဆုံးအဆင့်ဟုပင် သတ်မှတ်နိုင်သည်။
မည်သို့ပင်ဆိုစေကာမူ လျှို့ဝှက်နဂါးတွင်ပါဝင်သည်ကပင် ကျန်းယွမ်၏သာမာန်ထက်ထူးချွန်သော အရည်အချင်းကို ပြသနေသည်။
တတိယအကြီးအကဲက ရယ်မောလိုက်၏။
"ယွမ်အာ...ကြည့်ရတာတော့ သူတို့က မင်းကိုလာရှာပုံပဲ"
ကျန်းယွမ်သည် သူ၏မြေးအရင်းဖြစ်ပေ၏။
လင်ရှောင်းဂိုဏ်းသည်အလယ်ပိုင်းကုန်းမြေ၌ နံပါတ်တစ်ဂိုဏ်းဖြစ်သည်။အကယ်၍ ကျန်းယွမ်သာ လင်ရှောင်းဂိုဏ်းသို့ဝင်ရောက်ရန် အရည်အချင်းပြည့်မီပါက သူ၏အနာဂတ်သည် အကန့်အသတ်ရှိမည်မဟုတ်သည်မှာ သေချာပေ၏။
ကျန်းယွမ်က ဝမ်းသာလုံးဆို့နေသည်။
လုယွီအား ရှုံးနိမ့်ခဲ့သဖြင့် သူခံစားနေရသော နာကျည်းမုန်းတီးမှုများလည်း ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။
"မြန်မြန်...အနက်ရောင်လိပ်မင်းခန်းမသခင်ကို ဧည့်ခန်းမဆီကြွရောက်ဖို့ ဖိတ်ကြားလိုက်ကြစမ်း"
တတိယအကြီးအကဲက လောဆော်လိုက်၏။
ရုတ်တရက် တတိယအကြီးအကဲ၏မျက်လုံးအကြည့်က စုတ်ပြတ်နေသောကျန်းယွမ်ထံသို့ ကျရောက်သွားသည်။
"တကယ်လို့ မင်းကိုယ်မင်း မြန်မြန်သပ်ရပ်အောင်မလုပ်ဘူးဆိုရင်....အနက်ရောင်လိပ်မင်းခန်းမသခင်ရဲ့အထင်အမြင်ကောင်းကို မင်းရမှာမဟုတ်ဘူး"
တတိယအကြီးအကဲက ကျန်းယွမ်အား အော်ငေါက်လိုက်၏။
ဤအချိန်တွင် ကျန်းအိမ်တော်မှ လုယွီထွက်ခွါသွားသည်မှာ အချိန်အတော်လင့်နေလေပြီ။
ယခုလက်ရှိအချိန်တွင် မည်သူကမျှ လုယွီအကြောင်းသတိမရတော့ချေ။
တတိယအကြီးအကဲကမူ လုယွီထွက်ခွါသွားစဥ်ကတည်းက သူ၏လက်အောက်ငယ်သားတချို့ကို လျှို့ဝှက်လက်သင်္ကေတပြ၍ နောက်မှလိုက်ပါခိုင်းပြီးဖြစ်သည်။သူ၌ ဤကဲ့သို့ကိစ္စငယ်တစ်ခုအား အာရုံစိုက်ရန် အချိန်မရှိချေ။
ယခုလက်ရှိအချိန်တွင် သူ၏မြေး လင်ရှောင်းဂိုဏ်းသို့ ဝင်ခွင့်ရရန်ထက် ပို၍အရေးကြီးသောကိစ္စမရှိချေ။
ကျန်းအိမ်တော်....ဧည့်ခန်းမ...
အနက်ရောင်လိပ်မင်းခန်းမသခင်နှင့်လင်ရှောင်းဂိုဏ်းမှကျင့်ကြံသူတစ်စုသည် ဤနေရာ၌ စောင့်ဆိုင်းနေကြ၏။
သူတို့ စောင့်ဆိုင်းနေခြင်းသည် အချိန်ကြာမြင့်နေသော်လည်း သူတို့၏မျက်နှာပေါ်၌ စိတ်မရှည်မှုများရှိမနေချေ။ထိုအစား သူတို့၏မျက်နှာပေါ်၌ စိတ်လှုပ်ရှားနေသော အရိပ်အယောင်များသာရှိနေသည်။
"ငါတို့လင်ရှောင်းဂိုဏ်းရဲ့သတင်းပေးတွေကို နေရာအနှံ့ဖြန့်ကျက်ထားတာကိုပဲ ကျေးဇူးတင်ရမယ်...နောက်ဆုံးတော့ သူ ကျန်းမိသားစုဆီမှာရှိတယ်ဆိုတာ ငါတို့ သိခဲ့ရတယ်"
အနက်ရောင်လိပ်မင်းခန်းမသခင်က စိတ်လှုပ်ရှားစွာ ပြောဆိုလိုက်၏။
ဤသည်က လျှို့ဝှက်နဂါးစာရင်း၏နံပါတ်တစ်နေရာ၌ရှိနေသော ကျင့်ကြံသူဖြစ်သည်။
ရှေးအချိန်များကတည်းက လျှို့ဝှက်နဂါးစာရင်း၏နံပါတ်တစ်နေရာရသော ကျင့်ကြံသူသည် အစွမ်းထက်သောထိပ်သီးစွမ်းအားစုအဖြစ် ရပ်တည်နိုင်ခဲ့ကြပေ၏။
အကယ်၍ သူသာ ထိုကျင့်ကြံသူနှင့် ဆက်သွယ်မှုတစ်ခုကို တည်ဆောက်နိုင်ပါက လင်ရှောင်းဂိုဏ်း၌ အနက်ရောင်လိပ်မင်းခန်းမသခင်ထက် ပို၍မြင့်မားသောအဆင့်အတန်းကို သူ ရရှိနိုင်ပေမည်။
"ဟား ဟား ဟား..ခန်းမသခင်လျို...ကျုပ် ခင်ဗျားကို အချိန်အကြာကြီး စောင့်ခိုင်းမိသွားတယ်"
တတိယအကြီးအကဲက ကျန်းမိသားစုဝင်လူငယ်များကို ဦးဆောင်ပြီး အပြုံးနှင့် ဧည့်ခန်းမအတွင်းသို့ ဝင်ရောက်လာသည်။
ထိုလူငယ်များအားလုံးသည် သူတို့၏အော်ရာများကို ထုတ်လွှက်ထားသည်။သူတို့က အနက်ရောင်လိပ်မင်းခန်းမသခင်၏အာရုံစူးစိုက်မှုကို ခံယူလိုခြင်းမှာ သိသာထင်ရှားပေ၏။
ခန်းမသခင်လျှိုက ယဥ်ကျေးသိမ်မွေ့စွာ တုံ့ပြန်နှုတ်ဆက်လေသည်။
"အကြီးအကဲ ကျန်း"
သူတို့နှစ်ယောက်က အချင်းချင်း နှုတ်ဆက်လိုက်ကြပြီး သူတို့၏ထိုင်ခုံများတွင် ထိုင်လိုက်ကြတော့သည်။
ခန်းမသခင်လျှိုက လူငယ်အားလုံး၏မျက်နှာများကို ဝေ့ဝိုက်ကြည့်ပြီးနောက် သူက မျက်မှောင်ကြုတ်ပြီး ပြောဆိုလိုက်သည်။
"အကြီးအကဲကျန်း...ကျုပ်ရဲ့ရိုင်းပျမှုကို ခွင့်လွှက်ပေးပါ...ဒီလူငယ်တွေအပြင် ခင်ဗျားရဲ့မိသားစုမှာ နောက်ထပ်ပါရမီရှင်လူငယ်ကျန်သေးလား"
တတိယအကြီးအကဲ၏မျက်နှာ နီမြန်းသွားပြီး သူ၏မုတ်ဆိတ်မွှေးများကိုပွတ်သပ်နေရင်းမှ အပြုံးနှင့် ပြောဆိုလေသည်။
"အနက်ရောင်လိပ်မင်းခန်းမသခင်က သူ့ကိုလာတွေ့တယ်ဆိုတာ သူ သိထားတယ်...ဒါကြောင့် သူက ရေမိုးချိုးပြီးအဝတ်အစားလဲနေတာပါ...သူက ခန်ူမသခင်လျိုကိုတွေ့ဖို့ ဒီနေရာကိုလာပါလိမ့်မယ်"
"အရမ်းယဥ်ကျေးလွန်းမနေဘူးလား"
ခန်းမသခင်လျှိုက ပြန်လည်တွေးတောနေပေ၏။ထိုပုဂ္ဂိုလ်သည် ခန်းမသခင်ချန်ကျန်းကိုပင် အချိန်တခဏအတွင်း သတ်ဖြတ်ခဲ့သူဖြစ်သည်။ထိုကဲ့သို့လူစားမျိုးက သူ့အားလာရောက်တွေ့ဆုံရန် ရေချိုးအဝတ်အစားလဲနေသလော။
"မသင့်လျော်ဘူး...မသင့်လျော်ပါဘူး...သူက ဘယ်နေရာမှာလဲ...ကျုပ် အခုချက်ချင်း သူကိုသွားတွေ့မယ်"
ခန်းမသခင်လျိုက ချက်ချင်း မတ်တတ်ထရပ်လိုက်၏။
တတိယအကြီးအကဲက ခန်းမပြင်ပကို တစ်ချက်ကြည့်ပြီး အပြုံးနှင့်ပြောဆိုလေသည်။
"သူ ရောက်နေပြီ"
ဧည့်ခန်းမတံခါးက ကျွီခနဲပွင့်လာသည်။
ခန်းမအတွင်းသို့ ကျန်းယွမ်က အပြုံးနှင့်ဝင်လာလေ၏။
ဤအချိန်တွင် ကျန်းယွမ်၏ခန္ဓာကိုယ်တစ်ခုလုံး သန့်ရှင်းသပ်ရပ်နေပြီး လုယွီ၏ရိုက်နှက်ခြင်းခံထားရသော အရိပ်အယောင်ဟူ၍ တစိုးတစိမျှ မကျန်ရှိတော့ပေ။
Chapter 638
ခန်းမသခင်လျိုက ကျန်းယွမ်ကို အံအားသင့်စွာဖြင့် ကြည့်နေပေ၏။သူသည် ဒဏ္ဍာရီလူသားမြေအောက်လောကကို မည်သည့်အချိန်ကမျှ မမြင်တွေ့ဖူးချေ။ဤသည်က သူရှေ့ကလူငယ်ဖြစ်နေသလော။
လင်ရှောင်းဂိုဏ်း၏သတင်းပေးများအဆိုအရ မြေအောက်လောကသည် အသက်နှစ်ဆယ်မပြည့်သေးသောလူငယ်တစ်ယောက်ဟု သူသိထားသည်။သို့ရာတွင် သူရှေ့မှလူငယ်ကမူ အသက်အနည်းငယ်ကြီးပုံ ပေါတ်နေသည်။
"တာအိုမိတ်ဆွေလေးရဲ့နာမည်ကို သိခွင့်ရှိမလား"
အနက်ရောင်လိပ်မင်းခန်းမသခင်က အလွန်သတိထား၍ စကားပြောဆိုနေပေ၏။မည်သို့ပင်ဆိုစေကာမူ ပါရမီရှင်အများစုသည် ထူးဆန်းသောစိတ်နေစိတ်ထားများ ရှိတက်သည်။သူက တိုက်ရိုက်မမေးမြန်းဝံ့ချေ။
အနက်ရောင်လိပ်မင်းခန်းမသခင်က ကျန်းယွမ်ကို တာအိုမိတ်ဆွေလေးဟု ခေါ်လိုက်သလော။
ကျန်းမိသားစုမှလူငယ်များက ကျန်းယွမ်ကို မနာလိုအားကျသောအကြည့်များဖြင့် ကြည့်ရှုနေကြ၏။
ဤအခြင်းအရာကိုကြည့်ခြင်းဖြင့် အနက်ရောင်လိပ်မင်းခန်းမသခင်သည် ကျန်းယွမ်ကို သူနှင့်အဆင့်အတန်းတူသူအဖြစ်သတ်မှတ်ထားခြင်းမှာ သိသာထင်ရှားလှသည်။
ကျန်းယွမ်က ပို၍ပင်ပျော်ရွှင်သွားပေ၏။သူ၏မျက်နှာပေါ်တွင် စိတ်ကြီးဝင်နေသောအရိပ်အယောင်များ အထင်းသားထင်ဟပ်နေသည်။
"ကျွန်တော်က ကျန်းမိသားစုရဲ့တတိယမိသားစုခွဲက ကျန်းယွမ်ပါ...အနက်ရောင်လိပ်မင်းခန်းမသခင်က ယဥ်ကျေးလွန်းနေပြီ...ကျေးဇူးပြုပြီး ထိုင်ပါအုံး"
ကျန်းယွမ်က ခန်းမသခင်လျိုနှင့် မျက်နှာချင်းဆိုင်ထိုင်ခုံတွင် ဝင်ထိုင်လိုက်၏။
"ခန်းမသခင်က ကျန်းမိသားစုကိုလာပြီး ကျွန်တော်ကိုရှာတာ ဘာကိစ္စများရှိလို့လဲ"
ကျန်းယွမ်က မေးမြန်းလေသည်။
ခန်းမသခင်လျိုက အပြုံးနှင့် ပြောဆိုလိုက်၏။
"ကျန်းမိသားစုရဲ့သခင်လေးက အရမ်းအရည်အချင်းရှိတယ်လို့ ငါ ကြားထားတယ်...ဒီလေါက်ထိ သန်မာလိမ့်မယ်လို့တော့ ငါ မျှော်လင့်မထားမိဘူး...ငါတို့လင်ရှောင်းဂိုဏ်းက မင်းလိုအရောင်မတင်ရသေးတဲ့ကျောက်စိမ်းတစ်တုံးကို ဘာလို့ရှာမတွေ့ခဲ့တာလဲဆိုတာ ငါ အံ့အားသင့်မိတယ်..မင်းက မိသားစုခွဲမှာပဲ ဇာတ်မြုပ်ကျင့်ကြံနေတယ်ဆိုတာ ငါ ခုမှသိရတယ်"
ကျန်းယွမ်က ရယ်ကာမောကာဖြင့် ပြောဆိုလေသည်။
"ခန်းမသခင်လျိုက ကျွန်တော်ကိုသိတာလား"
သူသည် လျှို့ဝှက်နဂါးစာရင်းတွင် ပါဝင်သောထိပ်သီးကျင့်ကြံသူတစ်ယောက်ပင်။သူကသာ အင်မကျန်းမိသားစုတွင်မွေးဖွားလာပါက မိသားစု၏အပြည့်အဝထောက်ပံမှုကို ရရှိပေမည်။သို့သော်လည်း သူသည်မိသားစုခွဲတွင်မွေးဖွားလာခဲ့၍ နည်းပါးသောကျင့်ကြံခြင်းအရင်းအမြစ်များကိုသာ ရရှိခဲ့သည်။ဤသည်က သူကို အလွန်အမင်းမပျော်မရွှင်ဖြစ်စေသည်။
ခန်းမသခင်လျိုက ပြောဆိုလေ၏။
"ဒါဆိုရင် ငါ အဓိကအချက်ကိုပဲတဲ့တိုးပြောတော့မယ်...သခင်လေးကျန်းယွမ်...မင်း လင်ရှောင်းဂိုဏ်းမှာလေ့ကျင့်ချင်လား...ငါတို့လင်ရှောင်းဂိုဏ်းက မင်းကိုအတွင်းစည်းတပည့်အဆင့်အတန်းပေးမယ်"
ကျန်းမိသားစုဝင်လူငယ်များ၏မနာလိုအားကျသော အကြည့်များက ကျန်းယွမ်ထံသို့ စူးစိုက်၍ကျရောက်လာသည်။
အလယ်ပိုင်းကုန်းမြေ၏နံပါတ်တစ်ဂိုဏ်းဖြစ်သော လင်ရှောင်းဂိုဏ်းအား တပည့်အဖြစ်ဝင်ရောက်နိုင်ရန် မလွယ်ကူပေ။
လင်ရှောင်းဂိုဏ်းသို့ဝင်ရောက်ချင်သောလူငယ်များသည် မည်မျှပင် ထူးချွန်ထက်မြက်နေပါစေ အစေခံတပည့်အဖြစ် အရင်ဆုံးဝင်ရောက်ရသည်။
သုံးနှစ်လျှင်တစ်ကြိမ် ထိုအစေခံတပည့်များအနက်မှ လက်ရွေးစင်အဖြစ်ရွေးချယ်ခံရသူများသာ အပြင်စည်းတပည့်ဖြစ်လာသည်။
အပြင်စည်းတပည့်များသည် အတွင်းစည်းတပည့်ဖြစ်ရန်အတွက် ဂိုဏ်းအကျိုးဆောင်ရမှတ်များကို အလုံအလောက်ရသည်အထိစုဆောင်းရန် လိုအပ်သည်။
ဂိုဏ်းအကျိုးဆောင်ရမှတ်များသည် စိတ်ဝိညာဥ်ကျောက်တုံးများထက်ပင် ရရှိရန်ပိုခက်ပေ၏။အပြင်စည်းဂိုဏ်းသားတစ်ယောက်သည် လုံလောက်သောဂိုဏ်းအကျိုးဆောင်ရမှတ်ကိုရရှိရန် ဂိုဏ်းမှတာဝန်အမြောက်အများကို လုပ်ဆောင်ရသည်။
ကျန်းယွမ်သည် လင်ရှောင်းဂိုဏ်းအား အတွင်းစည်းတပည့်အဆင့်အတန်းဖြင့် တိုက်ရိုက်ဝင်ခွင့်ရခဲ့သည်။ဤသည်က သူ့အတွက် ကံကြမ္မာကောင်းပင်။
ကျန်းယွမ်က စိတ်အတွင်းမှနေ၍ လှောင်ပြောင်သရော်နေပေ၏။သူက အမြင့်ဆုံးအား ရည်မှန်းထားသူဖြစ်သည်။ယခင်ကတည်းကမှ ကျန်းယွမ်သည် မောက်မာသူဖြစ်ပေရာ ခန်းမသခင်လျိုက ကိုယ်တိုင်ကိုယ်ကျ လာရောက်ဖိတ်ခေါ်ခြင်းကို ခံရချိန်တွင်မူ သူကိုယ်သူ ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက်ဟု ခံစားမိစေသည်။
"ကျွန်တော်က လင်ရှောင်းဂိုဏ်းကို ဝင်ရောက်နိုင်ပါတယ်...ဒါပေမယ့် ကျွန်တော်က စိတ်ဝိညာဥ်နယ်ပယ်ကို အမြန်ဆုံးချိုးဖျက်ဝင်ရောက်ချင်တာမို့ ဂိုဏ်းရဲ့ပင်မတပည့်ဖြစ်ချင်တယ်.. ပြီးတော့ ကျွန်တော်ရဲ့ဆရာသခင်အဖြစ် သိုင်းသူတော်စင်အဆင့်ကျင့်ကြံသူကို လိုချင်တယ်"
ကျန်းယွမ်က စိတ်ကြီးဝင်နေသောလေသံဖြင့် တောင်းဆိုလိုက်၏။
ခန်စမသခင်လျိုသည် သူ နားကြားများမှားနေသလောဟုပင် တွေးတောနေမိသည်။သူက မတ်တတ်ထရပ်လိုက်၏။
"မင်း ပင်မတပည့်ဖြစ်ချင်တာကတော့ ငါ ဂိုဏ်းကလူတွေနဲ့ တိုင်ပင်ဆွေးနွေးလို့ရတယ်...ဒါပေမယ့် မင်းက သိုင်းသူတော်စင်နယ်ပယ်ကျင့်ကြံသူကို ဆရာသခင်အဖြစ်တင်မြှောက်ချင်တယ်ဆိုတာကတော့...ငါ ကူညီနိုင်တဲ့ကိစ္စမဟုတ်ဘူး"
ခန်းမသခင်လျှို၏မျက်နှာအမူအယာက မကောင်စလှချေ။
ကျန်းယွမ်ဟူသောကောင်က ဤတောင်းဆိုချက်မျိုးကို မည်သည့်ယုံကြည်မှုနှင့်ပြုလုပ်ဝံ့သနည်း။
အကယ်၍ သူသည် လျှို့ဝှက်နဂါးစာရင်း၏နံပါတ်တစ်ဖြစ်နေလျှင်ပင် သိုင်းသူတော်စင်တစ်ယောက်က တပည့်အဖြစ်လက်ခံရန်ဆန္ဒမရှိပါက မည်သူမျှဖိအားပေးဝံ့မည်မဟုတ်ပေ။
ကျန်းယွမ်၏မျက်နှာပေါ်မှ ဂုဏ်ယူဝင့်ကြွားနေသော အပြုံးကမူ ပျောက်ကွယ်သွားခြင်း မရှိပေ။
"ဒါက ပြဿနာမရှိပါဘူး...ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်က ပါရမီရှင်တစ်ယောက်လေ...သိုင်းသူတော်စင်နယ်ပယ်ဆရာသခင်တစ်ယောက်ရဲ့ လမ်းညွှန်မှုကိုမရရင်တောင်...ကျွန်တော်က ကြီးမားတဲ့အောင်မြင်မှုရမှာသေချာတယ်...လင်ရှောင်းဂိုဏ်းရဲ့ချမ်းသာကြွယ်ဝမှုက အလယ်ပိုင်းကုန်းမြေမှာထိပ်ဆုံးကရပ်တည်နေတယ်လို့ ကျွန်တော်ကြားထားတယ်...လင်ရှောင်းဂိုဏ်းက ကျွန်တော်ကျင့်ကြံနိုင်ဖို့ စိတ်ဝိညာဥ်ကျောက်တုံးသန်းတစ်ရာကို နှစ်တိုင်းထောက်ပံပေးနိုင်မလား"
ခန်းမသခင်လျို၏မျက်လုံးများအတွင်းတွင် ဒေါသအရိပ်အယောင်များ ထင်ဟပ်လာသည်။ဤမြေအောက်လောကဆိုသူသည် သူ့အတွက် မည်သည့်အရာကကောင်းမွန်သည်ကို သိရှိပုံမရချေ။
ထိပ်တန်းအဆင့်စိတ်ဝိညာဥ်ကျောက်တုံးသန်းတစ်ရာသည် လင်ရှောင်းဂိုဏ်းတက်နိုင်သော ပမာဏဖြစ်သည်။အမှန်အားဖြင့် ဤပမာဏသည် လင်ရှောင်းဂိုဏ်းအတွက် ပင်လယ်သမုဒ္ဓရါအတွင်းမှရေတစ်စက်သာ ဖြစ်ပေ၏။
သို့ရာတွင် ကျန်းယွင်၏စိတ်နေစိတ်ထားက ခန်းမသခင်လျိုအား အလွန်ပင်စိတ်မကျေမနပ်ဖြစ်စေသည်။
"ခန်းမသခင်...ဂိုဏ်းကကင်းထောက်တစ်ယောက်ဆီကနေ သတင်းပို့စာလွှာရောက်လာပါတယ်"
လင်ရှောင်းဂိုဏ်းမှကျင့်ကြံသူတစ်ယောက်က ရုတ်တရက် ခန်းမသခင်လျို၏ခေါင်းအနီးသို့ချဥ်းကပ်လာပြီး တီးတိုးပြောဆိုလိုက်၏။
Chapter 639
"ဘာ...ကျန်းယွမ်က လျှို့ဝှက်နဂါးစာရင်းကိုဝင်တာ အချိန်ကြာနေပြီ...နံပါတ်တစ်ရာ့ငါးဟုတ်လား"
ခန်းမသခင်လျိုက ချက်ချင်းပင် သူ၏မှော်စွမ်းအားများကို လှည့်ပတ်ပြီး လုယွီ၏လက်အတွင်းရှိ နံပါတ်တံဆိပ်ပြားကို အာရုံခံလိုက်ချိန်တွင် ကျန်းအိမ်တော်မှထွက်ခွါသွားပြီဖြစ်ကြောင်းကို သိရှိလိုက်ရ၏။
ခန်းမသခင်လျို၏မျက်နှာအမူအယာ ပြောင်းလဲသွားသည်ကိုကြည့်ပြီး တတိယအကြီးအကဲက အခြေအနေမကောင်းတော့ခြင်းကို ရိပ်စားမိသည်။
ဤသည်က ကျန်းယွမ်သည် မောက်မာလွန်းအားကြီးပြီး တောင်းဆိုချက်များများပြားနေ၍လော။
တတိယအကြီးအကဲက ကျန်းယွမ်အား စူးစိုက်ကြည့်ပြီး အလွန်အကျွံမတောင်းဆိုရန် အချက်ပြလိုက်၏။
"ခန်းမသခင်လျို...ဘာတွေဖြစ်နေတာလဲဆိုတာ ကျုပ် သိခွင့်ရှိမလား"
တတိယအကြီးအကဲက အခြေအနေအား စုံစမ်းမေးမြန်းရန် ကြိုးစားလေသည်။
"အော်...ဒါက ပြောလို့ရပါတယ်...ကျုပ်ရဲ့လက်အောက်ငယ်သားတစ်ယောက်က ကျုပ်ကိုသတင်းတစ်ခု လာပို့တာပါ"
ခန်းမသခင်လျို၏လေသံသည် အလွန်တည်ငြိမ်အေးဆေးနေပေ၏။သူ၏မျက်နှာပေါ်တွင် ယခင်ကအပြုံးမျိုးလည်း မရှိတော့ချေ။
ထိုအချိန်မှာပင် စာပို့ခိုတစ်ကောင်က ပြင်ပမှဝင်ရောက်လာသည်။
ခန်းမသခင်လျိုသည် စာပို့ခို၏ခြေထောက်မှစာရွက်အပိုင်းအစတစ်ခုကို ဆွဲဖြုတ်ပြီး ဖြည်းညှင်းစွာဖွင့်လိုက်၏။
"အကြီးအကဲကျန်းက ဒီလူကို မှတ်မိလားမသိဘူး"
စာရွက်ပေါ်တွင် လူငယ်တစ်ယောက်၏ချောမောခန့်ညားသောရုပ်ပုံက ကွက်ကွက်ကွင်းကွင်းပေါ်လွင်နေသည်။
တတိယအကြီးအကဲသည် စာရွက်ပေါ်မှရုပ်ပုံသည် အစောပိုင်းကမှ ကျန်းအိမ်တော်မှထွက်ခွါသွားသော လုယွီ၏ရုပ်ပုံဖြစ်ခြင်းကို ချက်ချင်းပင်တွေ့မြင်မိသည်။
'ဖြစ်နိုင်တာတော့ ခန်းမသခင်လျိုက ဒီကောင်လေးနဲ့ရန်ငြိုးရှိတာပဲဖြစ်မယ်'
တတိယအကြီးအကဲက တွေးတောနေပေ၏။သူပို၍ တွေးတောလေလေ သူတွေးသောကိစ္စမှန်ကန်သည်ဟု ပို၍အထင်ရောက်လေလေပင်။
မည်သို့ပင်ဆိုစေကာမူ ထိုကောင်လေးသည် လိမ်လည်လှည့်စားရာ၌ ကျွမ်းကျင်သူဖြစ်သည်။ထိုကောင်လေးသည် ကျန်းမိသားစုခေါင်းဆောင်ကိုပင် လှည့်၀ားခဲ့ပေရာ လင်ရှောင်းဂိုဏ်းကိုရန်စစော်ကားထားသည်မှာလည်း ဖြစ်နိုင်ချေများပေ၏။
အကယ်၍ သူကသာ လုယွီအား ဖမ်းဆီးရန် ကူညီပေးနိုင်ပါက လင်ရှောင်းဂိုဏ်းနှင့်ဆက်သွယ်မှုကောင်းတစ်ခု တည်ဆောက်နိုင်ပေမည်။
တတိယအကြီးအကဲ၏စိတ်နှလုံးသားတစ်ခုလုံး ပျော်ရွှင်မှုများနှင့် ပြည့်နှက်နေပေ၏။
သူသည် ယခုမှသာ လင်ရှောင်းမြို့သို့ရောက်လာသူဖြစ်၍ သူ၏နေရာအဆင့်အတန်းသည် တည်ငြိမ်မှုမရှိပေ။အကယ်၍ သူကသာ လင်ရှောင်းဂိုဏ်းဟူသော သစ်ပင်ကြီးကို တွယ်တက်ပြီးအမှီသဟဲပြုနိုင်ပါက နောင်တစ်ချိန်တွင် သူ့အတွက်အကျိုးကျေးဇူးများပေမည်။
"ခန်းမသခင်လျိုက အဲ့ဒီကောင်လေးနဲ့ ရန်စရှိလို့လား...အဲ့ဒီကောင်က ကျုပ်တို့ရဲ့မိသားစုခေါင်းဆောင်ကို လိမ်လည်လှည့်ဖျားသွားတာ...ဒါပေမယ့် ကျုပ်က သူရဲ့လှည့်ကွက်တွေကို သိပြီးသားလေ...ဒါကြောင့်မို့ ကျုပ် သူကို မောင်းထုတ်လိုက်တယ်"
တတိယအကြီးအကဲက တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်၏။
ခန်းမသခင်လျိုက မေးမြန်းလေသည်။
"အော်...ဒါဆို သူက ဘယ်ကိုထွက်သွားတာလဲ"
တတိယအကြီးအကဲက ယုံကြည်ချက်ခိုင်မာသောလေသံဖြင့် ပြောဆိုသည်။
"ခန်းမသခင်လျို...ဘာမှစိုးရိမ်မနေပါနဲ့...ကျုပ်ရဲ့လက်အောက်ငယ်သားတွေထဲက သန်မာတဲ့လူတချို့ကို သူကိုသတ်ဖို့စေလွှက်ပြီးပြီ...အဲ့ဒီကောင်လေး မလွတ်မြောက်နိုင်ဘူး"
ဘန်း...
အနက်ရောင်ခန်းမသခင်က လဖက်ရည်ခွက်ကို စားပွဲပေါ်သို့ ဆောင့်ချပြီး သူ၏အင်္ကျီလက်ကိုခါကာ ထွက်ခွါသွားတော့သည်။လင်ရှောင်းဂိုဏ်းမှ တခြားကျင့်ကြံသူများကလည်း ခန်းမသခင်လျို၏နောက်မှလိုက်၍ ထွက်ခွါသွားပေ၏။
တတိယအကြီးအကဲက ထိတ်ထိတ်ပျာပျာဖြစ်သွားသည်။
"ခန်းမသခင်လျို...ဒါက....."
ခန်းမသခင်လျိုက အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်သည်။
"အကြီးအကဲကျန်း...ကျုပ်က ခင်ဗျားဆီမှာ အရေးကြီးပုဂ္ဂိုလ်တစ်ယောက်ရှိနေတယ်လို့ ထင်ခဲ့တာ...ကြည့်ရတာတော့ ကျန်းမိသားစုခေါင်းဆောင်မှာတော့ အမြင်ကောင်းရှိပုံပဲ...ခင်ဗျားက ဝေးလံခေါင်သီတဲ့မြို့မှာ ပျော်ပျော်ရွှင်ရွှင်နေတာပဲ ပိုကောင်းမယ်ထင်တယ်"
ခန်းမသခင်လျိုက ကျန်းမိသားစုဝင်များကို ကြည့်လိုက်လေ၏။
"အစောပိုင်းက ငါတို့လင်ရှောင်းဂိုဏ်းရဲ့ကင်းထောက်က သတင်းတစ်ခုပို့ခဲ့တယ်...မင်းတို့ကျန်းမိသားစုကပြဿနာအကြီးအကျယ်တက်ခဲ့ပြီး ကောင်လေးတစ်ယောက်က ကူညီခဲ့တယ်ဆိုပဲ...တကယ်လို့ အဲ့ဒီလူငယ်ရဲ့အကူအညီသာမရခဲ့ဘူးဆိုရင် မင်းတို့ကျန်းမိသားစုပြိုလဲနေလောက်ပြီ"
ခန်းမသခင်လျို၏စကားသံ ဆက်လက်ထွက်ပေါ်လာသည်နှင့်အမျှ ဒေါသထွက်နေခြင်းက ထင်ရှားလာသည်။
"မင်းတို့က အမှိုက်တစ်စုပဲ...မင်းတို့ရှေ့မှာ ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက် ရောက်နေတာတောင် တန်ဖိုးထားရကောင်းမှန်းမသိဘဲ စွန့်ပစ်ခဲ့တယ်..ဒါလည်းကောင်းပါတယ်....ဒီလိုပါရမီရှင်မျိုးက ငါတို့လင်ရှောင်းဂိုဏ်းနဲ့ပဲ ပိုပြီးသင့်တော်တယ်...တောက်ပလာမယ့်ပုလဲတစ်လုံးကို မင်းတို့ကျန်းမိသားစုရဲ့ဖုန်တောထဲ ပစ်မထားနိုင်ဘူး"
မည်သို့ ဖြစ်သွားသနည်း။
ထိုကောင်လေးက ပါရမီရှင်တစ်ယောက် ဖြစ်နေသလော။
ကျန်းမိသားစုအား အမှန်တကယ်ကိုပင် ထိုကောင်လေးက ကယ်တင်ခဲ့သလော။
မည်သို့ဖြစ်နိုင်မည်နည်း။
ခန်းမသခင်လျို ထွက်ခွါသွားသည်ကိုမြင်သော ကျန်းယွမ်က အလျင်စလိုပြေးလိုက်သွားပေ၏။
"ခန်းမသခင်လျို...ဒါက နားလည်မှုလွဲမှားတာ တစ်ခုခုဖြစ်နေမှာ ကျွန်တော်စိုးရိမ်မိတယ်...ကျွန်တော်က လင်ရှောင်းဂိုဏ်းကို ဝင်မလို့လေ"
ခန်းမသခင်လျိုက ကျန်းယွမ်အား လှောင်ပြောင်သရော်လိုသောအပြုံးဖြင့် ကြည့်နေလေသည်။
"သခင်လေးကျန်းယွမ်...မင်းက ကိုယ့်အကန့်အသတ်ကိုကိုယ်သိသင့်တယ်"
"စိတ်ဝိညာဥ်နယ်ပယ်ကျင့်ကြံသူတွေက သူတို့ရဲ့ကျင့်ကြံဆင့်နယ်ပယ်ကိုချိုးဖျက်ပြီး ကောင်းကင်ဘုံနယ်မြေကို တက်လှမ်းနိုင်ဖို့ ကြိုးစားနေတယ်..သူတို့က တာအိုသဘောတရား ဘယ်လောက်များများလိုအပ်တယ်ဆိုတာ မင်းသိလား"
"သူတို့က တပည့်တစ်ယောက်ကို သင်ပေးချိန်တိုင်းမှာ..သူတို့ရဲ့စွမ်းအားတွေ အများကြီးကုန်ဆုံးတယ်....ဒါတေါင်မှ စိတ်ဝိညာဥ်နယ်ပယ်ကျင့်ကြံသူတစ်ယောက်က မင်းကို ကိုယ်တိုင်ကိုယ်ကျသင်ကြားပေးဖို့ မင်း ဘယ်လိုမျက်နှာနဲ့တောင်းဆိုဝံ့တာလဲ"
ကျန်းယွမ်က မခံမရပ်နိုင်ခံစားမိပြီး ပြောဆိုလိုက်သည်။
"အနည်းဆုံးတော့ ကျွန်တော်က ဟိုကောင်ထက်ပိုသာတယ်"
"ဟား ဟား ဟား ဟား"
ခန်းမသခင်လျိုက အားပါးတရ ရယ်မောနေလေ၏။
"မင်းက လျို့ဝှက်နဂါးစာရင်းမှာပါဝင်နေမှတော့ အရည်အချင်းနည်းနည်းရှိပုံပဲ...မင်း ငါတို့လင်ရှောင်းဂိုဏ်းကိုလာချင်ရင် အစေခံတပည့်အနေနဲ့စဝင်ရောက်လို့ရတယ်"
Chapter 640
လင်ရှောင်းမြို့....လမ်းကြိုလမ်းကြားတစ်နေရာ..
လုယွီနှင့်ကျန်းတာအိုသည် ကျန်းအိမ်တော်မှထွက်ခွါလာပြီးနောက် ဤနေရာသို့ရောက်ရှိလာကြသည်။
ဤနောက်ဖေးလမ်းကြားသည် အလွန်တိတ်ဆိတ်ပြီး လမ်းပေါ်တွင် လမ်းသွားလမ်းလာအနည်းငယ်သာရှိသည်။အကယ်၍ လမ်းပေါ်၌ကျင့်ကြံသူများအား မြင်တွေ့ရလျှင်ပင် သူတို့အားလုံးက နှုတ်ဆိတ်နေပြီး မည်သည့်စကားတစ်လုံးမျှမဆိုကြချေ။
"ညီအကိုလု...ငါက ကျန်းမိသားစုပင်မခန်းမရှေ့မှာ ရပ်စောင့်နေတုန်းက မင်း သူတို့နဲ့ ဘာတွေပြောခဲ့လဲ...မင်းကို သူတို့က ကျေးဇူးတင်စကားတောင် ပြောလိုက်ရဲ့လား"
ကျန်းတာအိုက စပ်စုချင်ပုံဖြင့် မေးမြန်းနေပေ၏။
လုယွီက ခပ်ပေါ့ပေါ့လေသံဖြင့်သာ ပြောဆိုလိုက်သည်။
"ဒါက အရေးမပါတော့ဘူး...ငါနဲ့ကျန်းမိသားစုနဲ့ နောင်အနာဂတ်မှာ ပတ်သက်စရာအကြောင်းမရှိတော့ဘူး"
သူတို့က တိတ်ဆိတ်ငြိမ်သက်နေသော အိမ်တစ်လုံး၏ရှေ့၌ ရပ်တန့်လိုက်ကြသည်။
"ညီအကိုလု....မင်း ငါ့ကို ဘာလုပ်ဖို့ ဒီနေရာခေါ်လာတာလဲ"
လုယွီက ခြံဝင်းတံခါးအား တွန်းဖွင့်လိုက်၏။ခြံဝင်းအတွင်း၌ အံ့အားသင့်ဖွယ်ကောင်းလောက်အောင် အလွန်အမင်းပိန်ပါးသော အမျိုးသမီးတစ်ယောက် ထိုင်နေသည်။
ထိုအမျိုးသမီးကိုကြည့်ရသည်မှာ နူးညံသိမ်မွေ့ပြီး အားနည်းနေပုံရသော်လည်း သူမ၏မျက်လုံးများကမူ တင်းမာပြတ်သားမှုကိုပြသနေလေ၏။တံခါးဖွင့်လိုက်သည်ကိုမြင်ချိန်တွင် သူမက မျှော်လင့်နေသောမျက်လုံးများဖြင့် စူးရှရှကြည့်နေပေသည်။
"လျန်..အာ..."
ကျန်းတာအို၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားပြီး သူက အပြေးသွားကာ သူရှေ့ရှိအမျိုးသမီးအား တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်၏။
သူသည် ခြေသလုံးအိမ်တိုင်ကုန်သည်တစ်ယောက်ဖြစ်သည့်အပြင် သင်္ချိုင်းသူခိုးတစ်ယောက်လည်းဖြစ်သည်။သူ့အတွက် အိမ်ဆိုသည်မှာ နေရာအတည်တကျမရှိဘဲ လောကကြီးတစ်ခွင်လုံးရှိနေရာတိုင်းသည် သူ၏အိမ်သာဖြစ်ပေ၏။
သို့ရာတွင် သူရှေ့ရှိမိန်းကလေးအား တွေ့မိချိန်မှစ၍ သူ၏စိတ်နှလုံးသားအတွင်းရှိ နှလုံးသားနတ်ဆိုးကို ထိန်းချုပ်နိုင်ရန် ခက်ခဲခဲ့သည်။
ဤသည်က သူ လွတ်မြောက်အောင်မစွမ်းဆောင်နိုင်သော ဘေးကပ်ဆိုးတစ်ခုဖြစ်ပေ၏။
လုယွီက ပြောဆိုလိုက်သည်။
"တကယ်လို့ သူကသာ ကျန်းမိသားစုမှာ ဆက်ပြီးနေနေရင် တူညီတဲ့ကံကြမ္မာမျိုးထပ်ဖြစ်အုံးမှာပဲ...ဒါပေမယ့် သူက ကျန်းမိသားစုကဆိုတဲ့အဆင့်အတန်းကို စွန့်လွှက်ပြီး မင်းရဲ့နောက်ကိုလိုက်ဖို့ရွေးချယ်ခဲ့တယ်"
ကျန်းတာအိုက လုယွီကို ဦးညွှတ်၍အရိုအသေပြုပြီး ပြောဆိုလေသည်။
"ညီအကိုလု....ငါ မင်းကို ဘယ်လိုပြန်ပြီးပေးဆပ်ရမလဲဆိုတာကို ငါ မသိတော့ဘူး"
လုယွီက သူ၏လက်ကို ဝှေ့ယမ်းပြလိုက်၏။
"မလိုအပ်ပါဘူး...မင်းနဲ့ငါက မိတ်ဆွေတွေပဲ...ဒါက ပြောနေစရာမလိုတဲ့ကိစ္စပါ"
လုယွီက ကျန်းတာအိုအား ကြည့်လိုက်သည်။
"မင်းမှာ အခု ဘာအစီအစဥ်ရှိလဲ"
ကျန်းတာအိုက ကျန်းလျန်အာကိုကြည့်ပြီး ပြောဆိုလေသည်။
"ငါ ကောင်းကင်နန်းတော်ပြိုင်ပွဲကို ဝင်ပြီးမယှဥ်ပြိုင်တော့ဘူး...ကောင်းကင်ဘုံနယ်မြေက ထိပ်သီးကျင့်ကြံသူတစ်ယောက်ရဲ့တပည့်အဖြစ် ရွေးချယ်ခံရမှာက ကောင်းတဲ့ကိစ္စတစ်ခုပါ...ဒါပေမယ့် ငါချစ်ရတဲ့သူနဲ့ တကွဲတပြားစီနေရမယ်ဆိုရင်..ငါ ထာဝရအသက်ကိုလည်း မလိုချင်တော့ဘူး"
ကျန်းတာအိုက သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။
"မနက်ဖြန်ကျရင် ငါ လျန်အာနဲ့အတူ လင်ရှောင်းမြို့က ထွက်သွားတော့မယ်...တိတ်ဆိတ်ငြိမ်သက်တဲ့နေရာတစ်ခုကိုရှာပြီး ငါတို့ရဲ့ကျန်နေတဲ့ဘဝသက်တမ်းကို ဘေးကင်းလုံခြုံစွာနဲ့ ဖြတ်သန်းတော့မယ်"
လုယွီက ကျန်းတာအို၏တာအိုနှလုံးသား ခိုင်မာမှုမရှိတော့ခြင်းကို ခံစားမိသည်။တာအိုနှလုံးသားခိုင်မာမှုမရှိတော့သည်နှင့်အမျှ ကျန်းတာအို၏လက်ရဲဇက်ရဲနိုင်သောစိတ်ဝိညာဥ်သည်လည်း ပျောက်ကွယ်သွားသည်။
ကျန်းတာအို၏ခန္ဓာကိုယ်မှ ပြင်းထန်သောစိတ်ဝိညာဥ်စွမ်းအားလှိုင်းများ လှုပ်ခတ်လာခြင်းကို လုယွီက ရုတ်တရက် အာရုံခံမိသည်။
ခရက်...ခရက်...
သံကြိုးကြီးများပြတ်တောက်သံကဲ့သို့ အသံသဲ့သဲ့က လေထုအတွင်း၌ ထွက်ပေါ်လာသည်။
ထို့နောက် ကျန်းတာအို၏ကျင့်ကြံခြင်းနယ်ပယ်သည် အလျှင်အမြန်မြင့်တက်လာပေ၏။
ရုတ်ချည်းဆိုသလိုပင် ကျန်းတာအိုသည် အဆင့်ငယ်သုံးဆင့်ကို ဆက်တိုက်ကျော်ဖြတ်ပြီး ဓမ္မရုပ်ထုနယ်ပယ်နှောင်းပိုင်းအဆင့်သို့ ရောက်ရှိသွားသည်။
"ဒါဆို...ဒါက ဆရာသခင် ငါ့အတွက်ချန်ထားခဲ့တဲ့ စမ်းသပ်ချက်လား"
ကျန်းတာအိုက တီးတိုးရေရွတ်လိုက်၏။
ကျန်းတာအို၏ဆရာသခင်သည် တခြားသူများ၏ဂူသင်္ချိုင်းများကို တူးဖော်ဖောက်ထွင်းချိန်တွင် ကျိန်စာတစ်ခုမိခဲ့ပြီး သူ၏မျိုးဆက်များထိပင် ခံစားရသည်။ထို့ကြောင့် သူ၏ဘဝတွင် မည်သည့်မျိုးဆက်မျှ မကျန်ရှိခဲ့ချေ။သူက ကျန်းတာအိုအား ဤကျိန်စာအား ကျော်လွှားနိုင်ရန် အလိုရှိခဲ့သည်။
"ညီအကိုလု...ငါဆီမှာ ဘာအဖိုးတန်တဲ့ ရတနာပစ္စည်းမှမရှိဘူး...ငါရဲ့ဆရာသခင်က ငါ့အတွက် အလောင်းကောင်အပြစ်ပေးတုတ်ကိုပဲ ချန်ထားခဲ့တယ်...ငါ သေချာစဥ်းစားကြည့်ပြီးပြီ...ငါ့မှာ ဒီပစ္စည်းတစ်ခုပဲ ညီအကိုလုကို ပေးစရာရှိတယ်"
ကျန်းတာအိုက ရုတ်တရက် ရွှေရောင်ကျောက်တုံးတစ်တုံးကို ထုတ်ယူလိုက်၏။
ဤရွှေရောင်ကျောက်တုံးသည် အလွန်လေးလံပုံရပြီး ရိုးရှင်းကာ သာမာန်ဆန်ပေသည်။ရွှေချောင်းတစ်ချောင်းက ကျောက်တုံးအတွင်းနစ်မြုပ်နေလေ၏။ရွှေချောင်း၏တစ်ဖက်ခြမ်းကသာလျှင် ကျောက်တုံးမှထွက်ပေါ်နေသည်။
သို့ရာတွင် ထွက်ပေါ်နေသောတစ်ဖက်ခြမ်းမျက်နှာပြင်ပေါ်တွင် စည်းတံဆိပ်သင်္ကေတတစ်ခုကို ရေးထွင်းထားပြီး ၎င်းမှရွှေရောင်အလင်းတန်းများ ဖြာထွက်နေသည်။
လုယွီက အံ့အားသင့်စွာဖြင့် ထိုရွှေရောင်ကျောက်တုံးကို ယူလိုက်၏။ရွှေရောင်ကျောက်တုံးကို အချိန်တခဏကြာ စေ့စေ့စပ်စပ်ကြည့်ပြီးနောက် လုယွီက တည်ကြည်လေးနက်စွာ ပြောဆိုလေသည်။
"ကောင်းပြီလေ...ငါ ဒါကို ယူလိုက်မယ်"
ကျန်းတာအိုက စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။
"ငါ့ဘဝမှာ မင်းနဲ့မိတ်ဆွေဖြစ်ရတာ ဂုဏ်ယူရဆုံးအရာပဲ"
လုယွီသည် ခြံဝင်းမှထွက်ခွါခဲ့ပြီးနောက် အိမ်အတွင်း၌ ကျန်းတာအိုတို့နှစ်ယောက် ကျန်ရစ်တော့သည်။
နောက်ဖေးလမ်းကြားအတွင်းမှ ထွက်ခွါခဲ့ပြီးနောက် အချိန်တခဏအကြာတွင် လုယွီက ရုတ်တရက် ရပ်တန့်လိုက်သည်။
"ဘာလဲ...မင်းတို့က ဆက်ပြီးပုန်းနေအုံးမှာလား"
လုယွီက အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်၏။
နောက်ဖေးလမ်းကြား၏ထောင့်တစ်နေရာမှ ကျန်းမိသားစုမှလူငယ်ကျင့်ကြံသူများ ထွက်လာသည်။
"ကောင်လေး လိမ်လိမ်မာမာနဲ့ ငါတို့နောက် ပြန်လိုက်ခဲ့စမ်း...ဒါဆိုရင် ငါတို့လည်းကြမ်းကြမ်းတမ်းတမ်းလုပ်စရာ မလိုတော့ဘူး"
ကျန်းမိသားစုဝင်လူငယ်များက လောဘတက်နေသောမျက်လုံးများဖြင့် လုယွီအား ကြည့်ရှုနေကြ၏။