အခန်း (၆၁၁-၆၁၅)
Vol. 34 Ch. 611-615
Chapter 611
"မင်း သေချင်နေတာလား"
ကျန်းလင်က ဓားဖြင့်ထိုးစိုက်ခံရပြီးသည်နှင့် ချက်ချင်းပင် သူက တုံပြန်သည့်အနေဖြင့် လူလတ်ပိုင်းကြီးအား လက်ဝါးဖြင့်ရိုက်ထုတ်လိုက်သည်။
သူက ဥာဏ်အလင်းပွင့်နယ်ပယ် ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး သူ၏မှော်စွမ်းအားကို ပြီးပြည့်စုံခြင်းအဆင့်ထိ လေ့ကျင့်ထားသည်။အကယ်၍ သူ အပြင်းအထန်ဒဏ်ရါရရှိခဲ့လျှင်ပင် သူရှေ့ရှိလူအား လွယ်လင့်တကူ သတ်ဖြတ်နိုင်ပေသည်။
သို့ရာတွင် သူ၏လက်ဝါး လမ်းတစ်ဝက်ခန့်အရောက်မှာပင် သူ မူလက ကျစ်လျစ်သိပ်သည်းထားသောမှော်စွမ်းအင်များ ပြယ်လွင့်သွားသည်။
ကျန်းလင်၏ခန္ဓာကိုယ်တစ်ခုလုံး ရုတ်တရက်ဆိုသလို ထုံကျင်သွားပြီး သူက မြေပြင်ပေါ်သို့ပြိုလဲကျသွားတော့သည်။
"ရုန်းကန်မနေနဲ့တော့...မင်းက ဥာဏ်အလင်းပွင့်နယ်ပယ်ကျင့်ကြံသူတစ်ယောက်ဆိုတာ ငါသိပြီးသား...မင်းအတွက် ငါက အကောင်းဆုံးအရိုးပျော်ဝင်ဆေးမှုန့်ကို အထူးအသုံးပြုထားတာ...အသက်ရှုချိန်သုံးကြိမ်စာအတွင်းမှာပဲ မင်း အဆိပ်မိပြီး သွေးအိုင်အဖြစ်ပြောင်းလဲသွားတော့မှာ"
လူလတ်ပိုင်းကြီးက တည်ငြိမ်အေးဆေးစွာဖြင့် ပြောဆိုလိုက်၏။
ကျန်းလင်က သူ၏ခေါင်းကို ခက်ခက်ခဲခဲအားယူမော့လိုက်ပြီး သူက ရက်စက်ကြမ်းကြုတ်သောမျက်နှာအမူအယာဖြင့် ပြောဆိုလေသည်။
"တကယ်လို့ မင်း ငါကို သတ်နိုင်ရင်တောင်...ဒီနေရာကနေ မင်း အသက်ရှင်ရက်ထွက်သွားနိုင်ဖို့ မစဥ်းစားနဲ့"
လူလတ်ပိုင်းကြီးက ကျန်းလင်အား အထင်အမြင်သေးဟန်ဖြင့် ကြည့်နေပေ၏။
"ငါက မိသားစုခွဲတစ်ခုရဲ့ခေါင်းဆောင်ဖြစ်ပြီးတော့ မင်းနဲ့ အဆင့်အတန်းခြင်း အတူတူပဲ...တကယ်လို့ ငါ မင်းကို သတ်လိုက်ရင်တောင် အကာအကွယ်ဝင်္ကပါက ကြားဝင်စွက်ဖက်မှာမဟုတ်ဘူး"
ကျန်းလင်၏မျက်လုံးများအတွင်းရှိ နာကျည်းမုန်းတီးမှုများနှင့်စိတ်မကျေမနပ်ဖြစ်နေမှုများသည် စိတ်ဓာတ်ကျဆင်းမှုအဖြစ်သို့ ပြောင်းလဲသွားသည်။သူ၏ကြွက်သားနှင့်အရိုးများ အရည်ပျော်စဖြစ်နေပြီကို သူ ခံစားမိပေသည်။
အကယ်၍ သူသာ လူလတ်ပိုင်းကြီးနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရပါက သူနှင့်နီးကပ်ရန်ပင် ထိုလူအခွင့်အရေးရမည်မဟုတ်ချေ။
ထို့ပြင် လူလတ်ပိုင်းကြီးသည် သူ့အား မည်သည်ကြောင့် သတ်ဖြတ်ချင်နေမှန်းကိုလည်း ကျန်းလင် မသိရှိပေ။
"တကယ်လို့ ငါ သေသွားရင်တောင်...မင်းကိုပါ အတူဆွဲခေါ်သွားမယ်"
ကျန်းလင်၏မျက်လုံးများတွင် ရုတ်တရက် နာကျည်းမုန်းတီးမှုအရိပ်အယောင်များ ထင်ဟပ်လာသည်။
ဝှစ်....
ကျန်းလင်၏မျက်ခုံးများကြားမှ အနက်ရောင်အရိပ်တစ်ခု ရုတ်တရက်ထွက်ပေါ်လာပြီး ကြမ်းကြုတ်ရက်စက်သောပုံဖြင့် လူလတ်ပိုင်းကြီးထံသို့ တိုးဝင်သွားခဲ့သည်။
ထိုအနက်ရောင်လူရိပ်သည် အမှန်တကယ်ကိုပင် ကျန်းလင်နှင့်ပုံပန်းသွင်ပြင် တူညီပေ၏။သို့ရာတွင် လူရိပ်သည် ထင်ယောင်ထင်မှားနှင့်ဝိုးတဝါးပုံရိပ်မျှသာဖြစ်သည်။
"သူရဲ့စိတ်ဝိညာဥ်ကို သူ့ခန္ဓာကိုယ်ထဲကနေ ထုတ်လိူက်ပြီပဲ...တကယ်ကို ဥာဏ်အလင်းပွင့်နယ်ပယ်ကျင့်ကြံသူလို့ ခေါ်ဝေါ်ထိုက်တယ်"
လူလတ်ပိုင်းကြီးက ကျန်းလင်၏ခန္ဓာကိုယ်အား တန်ဖိုးထားပုံဖြင့် တစိမ့်စိမ့်ကြည့်နေပေ၏။
ရုတ်ချည်းဆိုသလိုပင် လူလတ်ပိုင်းကြီး၏နဖူး၌ အက်ကွဲကြောင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ထိုအက်ကွဲကြောင်းသည် တစတစကွဲထွက်လာပြီး နောက်ဆုံး၌ လူလတ်ပိုင်းကြီး၏ခေါင်းတစ်ခေါင်းလုံး နှစ်ခြမ်းကွဲသွားတော့သည်။
လူလတ်ပိုင်းကြီး၏ခေါင်း ကွဲထွက်သွားပြီးနောက် ကြမ်းကြုတ်ရက်စက်ပုံရသော အနက်ရောင်သရဲတစ္ဆေတစ်ကောင် ထွက်လာသည်။ထိုသရဲတစ္ဆေ၌ လက်ခြောက်ဖက်ပါရှိပြီး သူ၏သွားစွယ်များကို လှစ်ဟထားကာသူ၏ခြေစွယ်လက်စွယ်များအား ဝှေ့ယမ်းနေပေ၏။သူ၏မျက်နှာသည် နှစ်ခြမ်းကွဲနေပြီး တစ်ခြမ်းက ငိုကြွေးဝမ်းနည်းနေကာ ကျန်တစ်ခြမ်းက ပြုံးရယ်နေပေသည်။
"မင်းက ကျန်းဖူမဟုတ်ဘူး...မင်း ဘယ်သူလဲ"
ကျန်းလင်၏စိတ်ဝိညာဥ် တုန်ရီသွားပြီး သူက နောက်ပြန်လှည့်ပြီးထွက်ပြေးလေ၏။
"ငါတို့ရှေးဟောင်းနတ်ဆိုးတွေက ဒီကိစ္စကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာ အကြာကတည်းက စီစဥ်ထားခဲ့တာ...ဘယ်ကရောက်လာမှန်းမသိတဲ့ ကောင်လေးတစ်ယောက်က ဒီကိစ္စကိုသိသွားမယ်လို့ ငါ မျှော်လင့်မထားမိဘူး...ကိစ္စက ဒီလိုဖြစ်လာမှတော့...မင်း ဆက်ပြီးအသက်ရှင်နေစရာ အကြောင်းမရှိတော့ဘူး"
သရဲတစ္ဆေကောင်သည် ကောက်ကျစ်ယုတ်မာဟန် ရယ်မောနေပေ၏။
"ဘာ...ရှေးဟောင်းနတ်ဆိုး"
ကျန်းလင်၏စိတ်ဝိညာဥ် တုန်ခါသွားပေ၏။
မည်သည်ကြောင့် ထိုကောင်လေး ပြောဆိုသွားသည်များက အမှန်ဖြစ်နေသနည်း။
"မင်းက ဒီနေရာကိုရောက်လာမှတော့ ထွက်မသွားနဲ့တော့"
သရဲတစ္ဆေက သူ၏အစွယ်ပြူးပြူးပါးစပ်ကြီးကို ဖွင့်ဟကာ ကျန်းလင်၏စိတ်ဝိညာဥ်အား ဝါးမြိုလိုက်၏။
ဂျွတ်...ဂျွတ်...
မှောင်မိုက်သောထောင့်တစ်နေရာ၌ ကြားရသူတစ်ယောက်၏စိတ်နှလုံးသားကို တုန်လှုပ်သွားစေနိုင်သော ဂျိုးဂျိုးဂျွတ်ဂျွတ်ဝါးမြိုသံများ ထွက်ပေါ်နေသည်။
ကျန်းလင်၏အရိုးများအားလုံးလည်း အရည်ပျော်သွားလေပြီ။သွေးအိုင်အတွင်းမှနေ၍ ကျန်းလင်၏ခန္ဓာကိုယ်အရေပြားလွှာက တဖြည်းဖြည်းရွေ့လျားလာသည်။နောက်ဆုံး၌ ထိုအရေပြားလွှာသည် ကျန်းဖူ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။ထို့နောက် ယိမ်းယိုင်နေသောအနက်ရောင်အရိပ်က တဖြေးဖြေးတည်ငြိမ်လာသည်။
ခရက်...ခရက်....
ညသန်းခေါင်ယံတွင် ဌက်များအော်မြည်နေသကဲ့သို့ အရိုးကျိုးပဲ့သံများ ထွက်ပေါ်လာပေ၏။
"ဘယ်သူလဲ"
ကျန်းမိသားစုမှအစေခံများသည် အသံထွက်ပေါ်နေခြင်းကိုသတိပြုမိသွားပြီး သူတို့က မီးအိမ်များကိုင်ဆောင်လာကာ ဤနေရာသို့ ရောက်ရှိလာကြ၏။
"ငါပါ...."
အမှောင်ထုအတွင်းမှ လူကြီးတစ်ယောက် ထွက်လာပေသည်။
အစေခံများက ကြမ်းပြင်ပေါ်၌ အလျှင်အမြန် ဒူးထောက်လိုက်ကြ၏။
"ကျွန်တော်တို့က အကြီးအကဲကျန်းလင်မှန်စမသိလို့ပါ...ကျွန်တော်တို့ အနှောက်အယှက်ပြုမိသွားတယ်"
"ငါက လမ်းလျှောက်ထွက်ရုံသက်သက်ပါ...မင်းတို့ သွားကြတော့"
ကျန်းလင်က သူ၏လက်ကို ဝှေ့ယမ်းပြလေသည်။
အစေခံများအားလုံးထွက်ခွါသွားချိန်တွင် ကျန်းလင်က နောက်ပြန်လှည့်ပြီး မီးတောက်တစ်ခုအား ပစ်လွှက်လိုက်သည်။
ထိုမီးတောက်ကျဆင်းသွားသည်နှင့် တပြိုင်နက်တည်း အစောပိုင်းက ကြမ်းပြင်ပေါ်၌ စွန်းထင်းနေသောသွေးကွက်များအားလုံး ပျောက်ကွယ်သွားသည်အထိ လောင်ကျွမ်းသွားစေသည်။
"ကောင်လေး...မင်းက ငါရဲ့အစီအစဥ်တွေကို ဝင်ပြီးနှောက်ယှက်ရဲတယ်...မိသားစုခေါင်းဆောင်စည်းတံဆိပ်ကို လက်လွှဲပေးပြီးတာနဲ့...မင်း သေပြီသာမှတ်တော့"
ကျန်းလင်က သူ၏စိတ်အတွင်းမှနေ၍ မကျေမချမ်းကြုံးဝါးနေပေ၏။
Chapter 612
လုယွီက အိပ်ယာပေါ်၌ ရဟန်းအိုတစ်ပါး တရားကျင့်ကြံနေသကဲ့သို့ထိုင်နေပြီး လှုပ်ရှားခြင်းမရှိပေ။
သို့ရာတွင် အကယ်၍တစ်စုံတစ်ယောက်က ဂရုတစိုက်ကြည့်ရှုပါက လုယွီ၏နဖူးတွင် ချွေးများစိုရွှဲနေခြင်းကို တွေ့မြင်ရပေမည်။
လုယွီ၏ခေါင်းအထက်မှ အခိုးအငွေ့များကလည်း တလူလူထွက်ပေါ်နေလေ၏။ပကတိမျက်စိအမြင်ဖြင့်ကြည့်လျှင်ပင် လုယွီ၏ခန္ဓာကိုယ်အတွင်းသို့ စိတ်ဝိညာဥ်စွမ်းအင်များ တလိမ့်လိမ့်စီးဝင်နေခြင်းကို တွေ့မြင်နိုင်သည်။
ဒုတ်...ဒုတ်...ဒုတ်...
ဤအချိန်တွင် လုယွီ၏နှလုံးခုန်သံသည် တည်ငြိမ်နေသည်။သူ၏နှလုံးတစ်ချက်ခုန်လိုက်တိုင်း မြောက်များစွာသည့်မြစ် ချောင်းများရှိ တုန်လှုပ်ဖွယ်ရေလှိုင်းများက ကမ္ဘာလောကကြီးတစ်ခုလုံးအား ဖုံးလွှမ်းသွားသကဲ့သို့ပင်။
ဤအချိန်တခဏတွင် လုယွီ၏နတ်ဘုရားစမ်းရေအိုင်သည်လည်း ပြောင်းလဲမှုတစ်ချို့နှင့် ကြုံတွေ့နေရ၏။
နတ်ဘုရားစမ်းရေအိုင်၏အလယ်ဗဟိုရှိ လုံကျင်းမြို့တော်က စတင်၍ကျယ်ပြန့်လာသည်။မူလက အသက်မဲ့ပြီးတိတ်ဆိတ်နေသော မြို့အတွင်း၌ သစ်ပင်တချို့ ထွက်ပေါ်လာပေ၏။
ထိုသစ်ပင်များသည် အလျှင်အမြန်ကြီးထွားနေပြီး သစ်ကိုင်းများကလည်း ဘေးပတ်ဝန်းကျင်သို့ ပြန့်ကားလာသည်။
ဝီ...ဝီ...
လုယွီက အပြောင်းအလဲများကို အာရုံခံမိသဖြင့် သူ၏မျက်လုံးများကိုဖွင့်လိုက်သည်။
ဤအချိန်တခဏတွင် လုယွီ၏ခန္ဓာကိုယ်မှ ပြင်းထန်သောစွမ်းအားလှိုင်းများ ထွက်ပေါ်နေပေရာ အခန်းအတွင်းရှိ ဖယောင်းတိုင်များပင် မီးငြိမ်းသွားသည်။
အမှောင်ထုက လွှမ်းခြုံနေသော်လည်း လုယွီ၏မျက်လုံးများကမူ တောက်ပနေသည်။
"သာလွန်အဆင့်စိတ်ဝိညာဥ်ကျောက်တုံး သန်းတစ်ရာ...ငါ သဘာဝလွန်စွမ်းအင်နယ်ပယ်နှောင်းပိုင်းအဆင့်ကို ရောက်သင့်တယ်"
အစောပိုင်းက သူ အသုံးပြုခဲ့သော စိတ်ဝိညာဥ်ကျောက်တုံးပမာဏကိုတွေးတောမိချိန်တွင် လုယွီက သူ၏နှလုံးသားအတွင်းမှ ကူကယ်ရာမဲ့စွာဖြင့် နာကျင်လာမှုကို ခံစားနေရသည်။
နတ်ဆိုးချိပ်ပိတ်သူပင်လျှင် သူ ချန်ထားခဲ့သော စိတ်ဝိညာဥ်ကျောက်တုံးများကို လုယွီက အလွန်လျှင်မြန်သောအရှိန်ဖြင့် ကုန်ဆုံးစေမည်ဟု မျှော်လင့်မိမည်မဟုတ်ချေ။
သူ၏ကျင့်ကြံမှုအခြေခံ ကျစ်လျစ်သိပ်သည်းစေရန်အတွက် သူ အသုံးပြုခဲ့သော ကျင့်ကြံမှုအရင်းအမြစ်များကို ကောင်းကင်ဘုံနယ်မြေရှိ ရှေးဟောင်းကလန်တချို့မှလူများပင် ယှဥ်နိုင်ရန်ခက်ခဲပေသည်။
"အခု ငါရဲ့လက်ရှိ သဘာဝလွန်စွမ်းအင်နယ်ပယ်ကျင့်ကြံဆင့်မှာရှိတဲ့ စွမ်းအားက ယခင်ဘဝကထက် အနည်းဆုံးဆယ်ဆမကပိုများတယ်...ငါက ပိုပြီးတောင် သန်မာလာပြီ"
လုယွီက သူ၏လက်သီးကို ဝှေ့ယမ်းလိုက်၏။
သူ၏လက်သီးက လေထုအားထိုးနှက်မိသည်နှင့် မိုးခြိမ်းသံတမျှကျယ်လောင်သောအသံ ထွက်ပေါ်လာသည်။
"နဂါးကိုးကောင်အာဏာရှင်နည်းစနစ်...အတိက်ဘဝတုန်းက ငါ အဲ့ဒီနည်းစနစ်ကို ခရမ်းရွှေရောင်နဂါးကိုးကောင်ဆင့်ခေါ်နိုင်တဲ့အထိ လေ့ကျင့်နိုင်ခဲ့တယ်...ငါရဲ့ဓားတစ်ချက်နဲ့ ကြယ်နယ်မြေတစ်ခုကို ဖျက်ဆီးနိုင်တယ်...ဒီကမ္ဘာလောကမှာတော့ အဲ့ဒီအဆင့်ကိုရောက်ဖို့ ငါ အဝေးကြီးလျှောက်လှမ်းရအုံးမယ်"
လုယွီ၏စိတ်နှလုံးသားအတွင်း၌ သူရဲကောင်းဆန်သောစိတ်ဝိညာဥ် နိုးထလာသည်။အချိန်တခဏကြာမှသာလျှင် လုယွီက သူ၏စိတ်ကို တည်ငြိမ်အောင် ထိန်းညှိနိုင်ခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ သူသည် ယခုမှ ကျင့်ကြံခြင်းလမ်းကြောင်းကို စတင်လျှောက်လှမ်းသော လူငယ်လေးတစ်ယောက်မဟုတ်ချေ။
သူ၏လက်ရှိကျင့်ကြံဆင့်နယ်ပယ်ဖြင့် ကောင်းကင်ဘုံအင်ပါယာ၏ရှေ့၌ သူ မတ်တတ်သွားရပ်ရန်ပင် မဖြစ်နိုင်ချေ။
"ဟမ့်"
လုယွီက သူ၏ကျင့်ကြံမှုကို ကျစ်လျစ်သိပ်သည်းစေရန် အားထုတ်နေချိန်တွင် ရုတ်တရက် တစ်စုံတစ်ခုကို အာရုံခံစားမိသဖြင့် သူက မျက်မှောင်ကြုတ်လိုက်မိသည်။
လုယွီက သူ၏နံဘေးရှိအလှပန်းအိုးပင်မှ သစ်ရွက်တစ်ရွက်ကို ခူးဆွတ်ပြီး အိမ်တော်နံဘေးတစ်နေရာသို့ ပစ်လွှက်လိုက်၏။
ဒေါင်...
ထိုသစ်ရွက်သည် သံချောင်းတစ်ချောင်းကဲ့သို့ နံရံအတွင်း ဖောတ်ဝင်သွားသည်။
"ဘယ်သူလဲ...ထွက်ခဲ့စမ်း"
လုယွီက အေးစက်စက်လေသံဖြင့် အော်ငေါက်လိုက်၏။
"နင် မတိုက်ခိုက်နဲ့တော့...ငါပါ"
ပြတင်းပေါက်တံခါးပွင့်သွားပြီး အခန်းအတွင်းသို့ လူရိပ်တစ်ရိပ် ကျဆင်းလာသည်။
ထိုလူရိပ်သည် ကျန်းယုချင်သာ ဖြစ်ပေ၏။ကျန်းယုချင်သည် ယခုအချိန်ထိ အနားယူရသေးပုံမရဘဲ သူမ၏လှပချောမောသောမျက်နှာလေးက ဖြူရော်နေပေသည်။
ကျန်းယုချင်က ပါးလွှာသောပိတ်ပါးအင်္ကျီကို ဝတ်ဆင်ထားပြီး အနားယူရန်ပြင်ဆင်နေခဲ့သည်။သို့ရာတွင် သူမ၏စိတ်အတွင်း၌ တစ်စုံတစ်ရာခံစားနေရသဖြင့် ဤနေရာသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
လုယွီ၏အကြည့်ကို ခံစားမိသော ကျန်းယုချင်၏လှပချောမောသော မျက်နှာလေးသည် နီမြန်းသွားပေ၏။
"ငါ....ငါ အိပ်မပျော်ဘူး....ငါ ဒီနေရာမှာနေပြီး နင်နဲ့ တစ်ညလောက် အတူတူအိပ်လို့ရမလား"
ကျန်းယုချင်က စကားဆုံးသည်နှင့် သူမ၏မျက်နှာ လောင်ကျွမ်းနေသကဲ့သို့ ခံစားမိသည်။
နတ်ဘုရားများ...သူမ မည်သည့်အရာကို ဆိုလိုချင်သနည်း။
ညသန်းခေါင်အမှောင်ယံအောက်ရှိ အခန်းအတွင်း၌ လူနှစ်ယောက်က မျက်နှာချင်းဆိုင်ရပ်နေပေ၏။
လုယွီက ပါးစပ်ဟလိုက်သော်လည်း သူ၏စကားလုံးများကို ပြန်မျိုသိပ်လိုက်သည်။
သူကျင့်ကြံနေစဥ်တွင် မည်သူကိုမျှနှောက်ယှက်ခွင့် မပြုနိုင်ချေ။သို့သော် သူ၏ကျင့်ကြံဆင့်သည် အစောပိုင်းကပင် ချိုးဖျက်ခဲ့ပြီးဖြစ်၍ သူမအား တစ်ညတာမျှအတူရှိနေပေးရန် ပြဿနာမရှိပေ။
"ငါက အဆင်ပြေပါတယ်...ဒါပေမယ့် မင်းလို မကြာခင်လက်ထပ်တော့မယ့် မိန်းကလေးတစ်ယောက်က ဒီနေရာမှာ ငါနဲ့အတူတူနေချင်တာ သေချာရဲ့လား"
လုယွီက မေးမြန်းလိုက်၏။
ကျန်းယုချင်က အေးစက်စက်လေသံဖြင့် ပြောဆိုလေသည်။
"လုဝူယာက မဆိုးပါဘူး...ဒါပေမယ့် ငါက သူရဲ့မြောက်များစွာတဲ့ဇနီးမယားတွေထဲက တစ်ယောက်မဖြစ်ချင်ဘူး"
ကျန်းယုချင်သည် သူမ၏မကျေနပ်ချက်များကို ဖွင့်ဟရန် လူတစ်ယောက်ကိုတွေ့ရှိသွားပုံဖြင့် လုယွီအား သူမစိတ်အတွင်းရှိ အရာရာတိုင်းကို ပြောဆိုနေတော့သည်။
လုမိသားစုမှလူများသည် အမှန်တကယ်အားဖြင့် ယုတ်ညံသောနည်းစနစ်များကို လေ့ကျင့်နေကြသူများဖြစ်သည်။
သူတို့က မိန်းကလေးများနှင့် ယင်ယန်နှစ်မွှာကျင့်စဥ်ကို လေ့ကျင့်ပြီး သူတို့၏ကိုယ်ပိုင်စွမ်းအားအဖြစ် ပြန်လည်သန့်စင်ကြသည်။
လုမိသားစု၌လက်ရင်းတပည့် ရာပေါင်းများစွာရှိပြီး ထိုသူတစ်ယောက်ခြင်းစီတွင် ဇနီးမယားများအနည်းဆုံး ဆယ်ယောက်ကျော်ခန့်ရှိပေ၏။
"လုမိသားစုက ငါ့ကို လုဝူယာရဲ့ တတိယဇနီးဖြစ်စေရမယ်လို့ ကတိပေးထားတယ်...အပြန်အလှန်အနေနဲ့ ကျန်းမိသားစုက လုမိသားစုနယ်မြေမှာရှိတဲ့ လုပ်ငန်းပေါင်းသုံးဆယ်ကို ပြန်ရမယ်"
ကျန်းယုချင်က အခန်းနံရံကို သူမ၏လက်ဝါးဖြင့် ပြင်းပြင်းထန်ထန် ရိုက်ပုတ်လိုက်၏။
"ငါတို့မိသားစုကလူတွေက...ငါ့ကို ပစ္စည်းတစ်ခုလိုသဘောထားနေကြတာ"
Chapter 613
လုယွီက ကျန်းယုချင်၏စကားများကို တိတ်ဆိတ်ငြိမ်သက်စွာ နားထောင်နေသော်လည်း သူ၏မျက်ခုံးများကမူ တဖြည်းဖြည်းတွန့်ချိုးလာသည်။
အကယ်၍ လုယွီ၏ခန့်မှန်းချက်သာ မှားယွင်းမှုမရှိပါက လုမိသားစုဝင်များ၏ကျင့်ကြံနည်းစနစ်သည် စွမ်းအားဖြည့်နည်းစနစ်ဖြစ်ပေမည်။
ကောင်းကင်ဘုံနယ်မြေတွင် စွမ်းအားဖြည့်နည်းစနစ်ကိုလေ့ကျင့်သော 'သဟဇာတပျော်ရွှင်ခြင်း' 'ယဇ်မူးပေါင်းဖက်ခြင်း' 'ပန်းရေအိုင်' နှင့်တခြားဂိုဏ်းအများအပြားရှိသည်။
သို့ရာတွင် ထိုဂိုဏ်းများသည် နှစ်မြွှာကျင့်စဥ်ကို နေ့တိုင်းလေ့ကျင့်ကြသော်လည်း တပည့်တစ်ယောက်သည် တာအိုလက်တွဲဖော်ရရှိသွားပါက ထိုသူ့အပေါ်တွင် အပြည့်အဝသစ္စာရှိရပေသည်။
ယင်နှင့်ယန် အချင်းချင်းအားဖြည့်ပြီး နှစ်ဘက်စလုံး၏ကျင့်ကြံမှုအရှိန်နှုန်းကို လျှင်မြန်စေသည်။ ပြန်ပြောင်းပြောရလျှင် ဘိုးဘေးဟွားချီနှင့်သူ၏လက်တွဲဖော်တို့ အတူယှဥ်တွဲ၍တိုက်ခိုက်ရာတွင် တာအိုသခင်တစ်ယောက်ကိုပင် လွယ်လင့်တကူ သတ်ဖြတ်နိုင်ခဲ့သည်။
ဤသည်က အကောင်းဆုံးကျင့်ကြံနည်းစနစ်များအနက်မှ တစ်ခုဖြစ်သည်။
သို့ရာတွင် တချို့အဆင့်နိမ့်စွမ်းအားဖြည့်နည်းစနစ်များမှာမူ လေ့ကျင့်သူ၏စွမ်းအားကို အလျှင်အမြန်တိုးတက်စေသော်လည်း ကျင့်ကြံမှုအခြေခံမတည်မငြိမ်ဖြစ်စေကာ သူတို့၏အနာဂတ်ကျင့်ကြံမှုတွင် အနှောက်အယှက်ဖြစ်စေသည်။
ထို့ပြင် သူတို့နှင့်အတူဆက်ဆံပြီးသော မိန်းကလေးများအားလုံးသည် အလွန်အားနည်းသွားကြ၏။မိန်းကလေးများက အနည်းငယ်သတိလက်လွတ်နေမိသည်နှင့် သေဆုံးသည်အထိဆိုးကျိုးကို ခံစားစေနိုင်သည်။
ထို့နောက်တွင်မူ ထိုလူယုတ်မာများသည် သူတို့၏လူသားဆေးပြင်းဖိုအဖြစ် အသုံးပြုရန် တခြားမိန်းကလေးများကို ဆက်လက်၍ရှာဖွေတော့သည်။
လုယွီ၏မျက်လုံးအကြည့်များက အေးစက်တင်းမာသွားပေသည်။
"မင်း...ဒီလိုယုတ်ညံတဲ့နည်းစနစ်ကို မလေ့ကျင့်ရဖို့ ငါ မျှော်လင့်ပါတယ်"
လုယွီ၏အတိတ်ဘဝတုန်းက သူ၏မိတ်ဆွေကောင်းတစ်ယောက်ထံတွင် သမီးတစ်ယောက်ရှိသည်။ထိုမိန်းကလေးသည် နတ်ဆိုးဂိုဏ်းတစ်ဂိုဏ်းမှကျင့်ကြံသူတစ်ယောက်၏ လှည့်စားခြင်းကိုခံရပြီး စွမ်းအားဖြည့်နည်းစနစ်ကြောင့် အသက်ဆုံးရှုံးခဲ့ရသည်။
သူ မြေအောက်လောကတာအိုသခင်အဖြစ် ကျော်ကြားလာခြင်း မရှိမီအချိန်မှာပင် ထိုမိတ်ဆွေသည် စစ်ပွဲတစ်ခုအတွင်း၌ သေဆုံးခဲ့ပြီးဖြစ်သည်။
လုယွီသည် အလွန်အမင်း ဒေါသထွက်သွားသဖြင့် မြေအောက်လောကတစ်ဆယ့်ရှစ်နယ်မြေတစ်ခုလုံးအား အမိန့်တစ်ခု ချက်ချင်းထုတ်ပြန်ခဲ့သည်။ထိုအမိန့်တွင် သူ၏လက်အောက်ခံကြယ်နယ်မြေများရှိ နတ်ဆိုးဂိုဏ်းများအားလုံးကို မောင်းထုတ်ပစ်ရန်နှင့် ထိုဂိုဏ်းသားများအား တွေ့သည့်နေရာတွင်သတ်ဖြတ်ပစ်ရန် ပါဝင်သည်။
ထိုအချိန်တုန်းက နတ်ဆိုးဂိုဏ်းသန်းပေါင်းများစွာ ဖျက်ဆီးခံရပြီး ယုတ်ညံသောကျင့်ကြံနည်းစနစ်များလည်း ဖယ်ရှားခံရ၏။
"နင်က ဘယ်လိုလုပ်ပြီး ဒီနေရာကိုရောက်လာတာလဲ...ဟုတ်ပါတယ်လေ...နင်က တောင်ပိုင်းစွန့်ပစ်ကုန်းမြေမှာ အစွမ်းထက်တဲ့ကျင့်ကြံသူတစ်ယောက်ပဲဟာကို...နင်က အထီးကျန်နတ်ဘုရားလှေကို စီးနင်းဖို့ အရည်အချင်းပြည့်မီမှာပေါ့"
ကျန်းယုချင်က ရုတ်တရက် လုယွီအား ခြေဆုံးခေါင်းဆုံး ကြည့်နေပေ၏။
"လေဟာနယ်စွန့်ပစ်နယ်မြေမှာ နင်နဲ့ နောက်ဆုံးအကြိမ်တွေ့တုန်းက...ယင်လော့နန်းတော်သခင်တစ်ယောက်တောင် နင်ရဲ့ပြိုင်ဘက် မဟုတ်ခဲ့ဘူး...နင် ဘယ်လိုလုပ်လိုက်တာလဲ"
လုယွီက အချိန်တခဏကြာ စဥ်းစားပြီးမှ ပြောဆိုလိုက်၏။
"ငါက အဲ့ဒီနေရာမှာရှိတဲ့ ဝင်္ကပါကို တွေ့သွားလို့ပါ"
"အဲ့ဒီလိုလား"
ကျန်းယုချင်၏အကြည့်က လုယွီထံမှ ဖယ်ခွါမသွားသေးချေ။
"ကံဆိုးတာတစ်ခုကတော့ အလယ်ပိုင်းကုန်းမြေက တောင်ပိုင်းစွန့်ပစ်ကုန်းမြေနဲ့ မတူဘူး...ဒီနေရာမှာ မရေမတွက်နိုင်တဲ့ ပါရမီရှင်တွေရှိတယ်...နင် လင်ရှောင်းမြို့ကိုလာတာက...ကောင်းကင်နန်းတော်ပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့လား"
လုယွီက ခေါင်းညိတ်ပြလိုက်၏။
"အမှန်ပဲ"
ကျန်းယုချင်က ရယ်မောနေပေ၏။
"နင် လျှို့ဝှက်နဂါးစာရင်းအကြောင်းကိုသိလား....ဒီတကြိမ် ကောင်းကင်နန်းတော်ပြိုင်ပွဲမှာ လျှို့ဝှက်နဂါးစာရင်းကလူတွေလည်း ပါဝင်လာနိုင်တယ်...အဲ့ဒီအချိန်ကျရင် လောကကြီးကိုတုန်ခါသွားစေတဲ့ တိုက်ပွဲကြီးတွေဖြစ်လာမှာပဲ"
ကျန်းယုချင်က ထပ်မံ၍တွေးတောပြီး ပြောဆိုလိုက်သည်။
"ဘာပဲဖြစ်ဖြစ် နင် ဝင်ပြိုင်တာကောင်းပါတယ်...အနည်းဆုံးတော့ အတွေ့အကြုံရတာပေါ့"
လုယွီက မေးမြန်းလေ၏။
"ဒီတစ်ကြိမ် ကောင်းကင်နန်းတော်ပြိုင်ပွဲမှာ ဝင်ပြီးယှဥ်ပြိုင်မယ့် အစွမ်းထက်တဲ့ကျင့်ကြံသူတွေရှိလား"
"ရှိတာပေါ့...လျှို့ဝှက်နဂါးစာရင်းရဲ့ထိပ်သီးဆယ်ယောက်လုံးက လူတွေကြားထဲက နဂါးတွေပဲလေ...တခြားအင်အားစုတွေမှာလည်း လျှို့ဝှက်ထားတဲ့ ထိပ်သီးကျင့်ကြံသူတွေရှိတက်တယ်..ဒါကြောင့် ကောင်းကင်နန်းတော်ပြိုင်ပွဲကျင်းပချိန်တိုင်း ဖျက်မြင်း(လူမသိသူမသိထူးချွန်သူ)တွေထွက်လာတက်တယ်"
လုယွီက ထပ်မံ၍ မေးမြန်းပြန်သည်။
"ကောင်းကင်နန်းတော်ပြိုင်ပွဲရဲ့ဆုက...ကောင်းကင်ဘုံနယ်မြေမှာရှိတဲ့ ထိပ်သီးကျင့်ကြံသူရဲ့တပည့်တစ်ယောက် ဖြစ်လာရုံပဲလား"
ကျန်းယုချင်၏မျက်လုံးများ ပြူးကျယ်သွားပေသည်။
"ဒါက မလုံလောတ်သေးဘူးလား"
လုယွီ၏မတုန်မလှုပ်ပုံပန်းသွင်ပြင်ကိုကြည့်ပြီး ကျန်းယုချင်က သူမရှေ့မှလူ၏အတွေးများကို ဖမ်းဆုပ်နိုင်ရန် ခက်ခဲလှသည်ဟု စဥ်းစားနေမိ၏။
"တကယ်လို့ နင်သာ ကောင်းကင်ဘုံနယ်မြေကထိပ်သီးကျင့်ကြံသူတစ်ယောက်ရဲ့ တပည့်ဖြစ်သွားပြီဆိုရင်....ကောင်းကင်ဘုံလမ်းကြောင်းပွင့်လာတာနဲ့ နင်က တခြားသူတွေနဲ့ယှဥ်ပြိုင်တိုက်ခိုက်စရာမလိုတော့ဘဲ အဲ့ဒီလူက နင့်ကို ကောင်းကင်ဘုံနယ်မြေဆီကို တိုက်ရိုက်ခေါ်သွားလိမ့်မယ်"
"ကောင်းကင်ဘုံလမ်းကြောင်းအတွက် တိုက်ပွဲက အရမ်းခက်ခဲကြမ်းတမ်းတယ်...ထိပ်သီးအင်အားစုတချို့တောင် ရှုံးနိမ့်ခဲ့ကြတာ...ဒါကြောင့် ဒီပြိုင်ပွဲက ငါတို့လိုလူငယ်တွေအတွက် အခွင့်အရေးကောင်းပဲ"
လုယွီက သူ၏စိတ်အတွင်းမှနေ၍ တွေးတောနေမိသည်။အကယ်၍ သူသာ ကောင်းကင်ဘုံနယ်မြေသို့ ခေါ်ဆောင်သွားခြင်းခံရပါက သူရရှိမည့် ကျင့်ကြံခြင်းအရင်းအမြစ်များသည် ဤစွန့်ပစ်ကြယ်နယ်မြေက နှိုင်းယှဥ်နိုင်မည့်အရာမျိုး မဟုတ်ချေ။
ထိုအချိန်မှာပင် အိမ်တော်တံခါးပြင်ပမှနေ၍ အလျှင်အမြန်ပြေးလွှားနေသော ခြေလှမ်းသံများကို ကြားနေရသည်။
ညအမှောင်ယံအတွင်း၌ ကျန်းအိမ်တော်၏အထက်ကောင်းကင်ယံတွင် မီးတောက်တစ်ခုက ထွန်းလင်းတောက်ပလာသည်။
"ဘာတွေဖြစ်နေတာလဲ"
ကျန်းယုချင်က အံ့အားသင့်နေပေ၏။
လုယွီက သူမ၏ပါးစပ်ကိုပိတ်လိုက်ချိန်တွင် သူ၏မျက်နှာကမူ သုန်မှုန်နေလေသည်။
"တိတ်တိတ်နေ"
Chapter 614
ညအမှောင်ကောင်းကင်ယံအောက်တွင် ရုတ်တရက် အလျှင်စလိုအော်ဟစ်သံများ ထွက်ပေါ်လာသည်။
လုယွီ၏စိတ်နှလုံးသား တုန်ခါသွားပေ၏။ဤအချိန်တခဏတွင် သူ၏စိတ်ဝိညာဥ်သည် ရှေးဟောင်းနတ်ဆိုးအမြောက်အများ၏အော်ရာများကို ခံစားမိသည်။
ရှေးဟောင်းနတ်ဆိုးအော်ရာများသည် တစ်စုံတစ်ခုကို အာရုံခံမိသွားပုံဖြင့် ချက်ချင်းပင် အရိပ်အယောင်မကျန်ဘဲ ပျောက်ကွယ်သွားတော့သည်။
"အပြင်မှာ ဘာတွေဖြစ်နေတာလဲ"
ကျန်းယုချင်က သူမ၏အသံကို အလွန်တိုးညှင်းသည်အထိ ထိန်းချုပ်ပြီး မေးမြန်းလိုက်သည်။
လုယွီက ပြောဆိုလေ၏။
"ရှေးဟောင်းနတ်ဆိုးတွေက သူတို့ရှိနေတာကို ငါသိသွားတာမို့...သူတို့က လက်ဦးအောင်တစ်ခုခုလုပ်ဖို့ ကြံစည်နေကြတာ"
ဝုန်း...ဝုန်း...
ထိုအချိန်မှာပင် သူတို့နှစ်ယောက်နောက်ရှိ တံခါးနှင့်ပြတင်းပေါက်သည် ပြင်းပြင်းထန်ထန်ရိုက်ချိုးခြင်းခံလိုက်ရသည်။
လက်နက်များကိုင်ဆွဲထားသော လူသုံးယောက်က ပြင်ပမှနေ၍ အခန်းအတွင်းသို့ ဝင်လာလေ၏။
"ဒီနေရာက ထွက်သွားစမ်း"
လုယွီက လက်သီးနှစ်ချက်ဆင့်၍ အနက်ရောင်လူရိပ်များအား ထိုးနှက်လိုက်သည်။
"ကောင်းကင်မိုးကြိုးပြောင်းလဲမှု"
ကျန်းယုချင်ကလည်း တုံ့ပြန်လိုက်ရာတွင် သူမ၏လက်ညှိုးထိပ်မှ မှော်စွမ်းအားများတလိမ့်လိမ့်ထွက်လာပြီး လေထုအတွင်း၌ ဇီသာတေးသံများ ထွက်ပေါ်လာသည်။
ဇီသာတေးသံသည် လေထုအတွင်း၌ သံစဥ်နိမ့်ချည် မြင့်ချည် ပျံ့လွင့်နေသည်။ပတ်ဝန်းကျင်ရှိ ပရိဘောဂပစ္စည်းများသည် ဇီသာတေးသံကြောင့် ပြတ်တောက်သွားပြီး မြေပြင်ပေါ်သို့ပြုတ်ကျသွားပေသည်။
ဇီသာတေးသံသည် အခန်းအတွင်းသို့ ပထမဆုံးဝင်လာသောလူရိပ်တချို့ကို သွေးများဖြာထွက်သွားစေသည်။
မီးရောင်၏အကူအညီဖြင့် ကျန်းယုချင်က ထိုလူများ၏မျက်နှာများကို တွေ့မြင်မိချိန်တွင် သူမက ဒေါသတကြီးပြောဆိုလိုက်၏။
"သူတို့က ကျန်းမိသားစုကတပည့်တွေ...ဘာလို့ ငါတို့ကို သတ်ချင်နေတာလဲမသိဘူး"
လုယွီက မျက်မှောင်ကြုတ်လိုက်မိ၏။
သူက ရှေးဟောင်းနတ်ဆိုးများသည် လက်စားချေရန်အတွက် သူထံလာကြခြင်းဖြစ်သည်ဟု တွေးမိသော်လည်း သာမာန်လူများဖြစ်နေမည်ကိုတော့ သူ မျှော်လင့်မထားမိချေ။
"မနက်ဖြန်ကျရင် ငါ ဒေါ်လေးကိုသွားတွေ့မယ်...ဒီလူတွေက ကျန်းအိမ်တော်ခြံဝန်းထဲမှာနေနေတဲ့ဧည့်သည်ကိုတောင် လာပြီးလုပ်ကြံရဲတယ်"
ကျန်းယုချင်က ကြမ်းပြင်ပေါ် ခြေဆောင့်နင်းပြီး တံခါးမှနေ၍ အပြင်သို့ထွက်သွားလေသည်။
ထိုအချိန်မှာပင် စူးရှချွန်ထက်သောဓားနှစ်လက်က ကျန်းယုချင်ထံ ဦးတည်၍တိုးဝင်သွားခဲ့သည်။
ဝှစ်...ဝှစ်...
ထိုဓားနှစ်လက်ကိုကြည့်ရသည်မှာ ကျန်းယုချင်၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာလုနီးနီးပင်။
ရုတ်ချည်းဆိုသလိုပင် လုယွီက သူ၏လက်တစ်ဖက်ဖြင့် ကျန်းယုချင်၏လက်မောင်းကို ဖမ်းဆွဲပြီး သူမအား နောက်ကျောမှနေ၍ ထွေးပွေ့လိုက်၏။
ဓားနှစ်လက်က လေထုကိုသာ ထွင်းဖောက်သွားပေသည်။
"ကောင်လေး...မင်းရဲ့တုံ့ပြန်မှုက မြန်သားပဲ...ကံဆိုးချင်တော့ မင်းရဲ့လမ်းကြောင်းကမှားနေတယ်....မင်းက ငါတို့ကျန်းမိသားစုကို ပြဿနာလာရှာရဲမှတော့ မင်း သေသင့်တယ်"
လူနှစ်ယောက်က တံခါးအားဖြတ်၍ အခန်းအတွင်းသို့ ဝင်လာသည်။
သူတို့နှစ်ယောက်ထံမှ ဓမ္မစွမ်းအားများ ထွက်ပေါ်နေပြီး ကြောက်မက်ဖွယ်ဓမ္မရုပ်ထုကြီးတစ်ခုစီကလည်း ထိုလူနှစ်ယောက်၏နောက်ဘက်ရှိ လေထုအတွင်း၌ မျောလွင့်နေသည်။သူတို့ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း မြေပြင်တစ်ခုလုံး တုန်ခါသွားပေ၏။
"ကျန်းယု...ကျန်းလန်...လုယွီမှာ မိသားစုခေါင်းဆောင်စည်းတံဆိပ်ရှိတယ်...မင်းတို့က သူကို တိုက်ခိုက်ရဲတယ်ပေါ့"
ကျန်းယုချင်က အော်ငေါက်လေသည်။
ထိုလူနှစ်ယောက်က သူမ၏စကားကို အလေးမထားဟန်ဖြင့် အခန်းအတွင်းသို့ ဝင်လာပေသည်။
ဖြောက်...
သူတို့အနက်မှတစ်ယောက်က မီးတိုင်အားထိန်းညှိလိုက်ရာတွင် အခန်းတစ်ခန်းလုံး လင်းထိန်သွားသည်။
"ဒါက သခင်မလေးပဲ....ဒီလေါက် နောက်ကျနေပြီ..မင်းက အပန်းဖြေအိမ်တော်မှာ ရှိနေရမှာမဟုတ်လား...ဘာလို့ ဒီကောင်ရဲ့အခန်းထဲကို ရောက်နေတာလဲ"
ကျန်းယုက သရော်တော်တော် ပြောဆိုလိုက်၏။
ကျန်းလန်ကလည်း အခြေအနေကို သဘောပေါက်နားလည်ပုံဖြင့် ရယ်မောနေပေသည်။
"ဟား ဟား ဟား...ညသန်းခေါင်ကြီးမှာ အခန်းတစ်ခန်းထဲ ယော်ကျားနဲ့မိန်းမနှစ်ယောက်တည်း အတူတူရှိနေကြတယ်...ကံကောင်းချင်တော့ ငါတို့က ဒီခွေးစုံတွဲကို လက်ပူးလက်ကြပ်မိတာပဲ...ကျန်းယုချင် မင်း စောင့်နေ...ဒီကိစ္စကို မနက်ဖြန်ကျရင် ငါ လုမိသားစုကို ပြောရလိမ့်မယ်...မင်းကတော့ လုမိသားစုက ပြင်းထန်တဲ့အပြစ်ဒဏ်ခတ်မှာကို စောင့်နေပေတော့"
လုမိသားစုသည် သူတို့၏မိသားစုဝင် အမျိုးသမီးတပည့်များပေါ်တွင် သာမာန်ထက်ပို၍ တင်းကြပ်စွာထိန်းချုပ်ထားသည်။
ယခင်က လုမိသားစုတပည့်တစ်ယောက်၏ဇနီးသည် သည်းမခံနိုင်တော့သဖြင့် ခွင့်ပြုချက်မရှိဘဲ ပြင်ပသို့ထွက်ပြေးခဲ့သည်။သို့ရာတွင် ထိုအမျိုးသမီးသည် လုမိသားစု၏ပြန်လည်ဖမ်းဆီးခြင်းကို ခံလိုက်ရ၏။
လုမိသားစုသည် တခြားအမျိုးသမီးများရှေ့၌ ထွက်ပြေးသောအမျိုးသမီး၏ခြေလက်များ အားလုံးကို ရိုက်ချိုးပစ်လေသည်။ထို့နောက် သူမ၏အရေခွံအားခွါဆုတ်ကာ သွေးသံရဲရဲအသားများပေါ်တွင် ပုရွတ်ဆိတ်များကိုချပေးပြီး သေသည်အထိ ညှင်းပန်းနှိပ်စက်ခဲ့သည်။
ထိုအမျိုးသမီး၏နောက်ခံသည် အစွမ်းထက်သော ကလန်တစ်ခုဖြစ်သော်လည်း လုမိသားစုရှေ့တွင် သူမက အံ့ကြိတ်ခံရုံသာတက်နိုင်ပေ၏။
လုမိသားစုသည် သူတို့၏နာမည်ဂုဏ်သတင်းကို မည်သူမျှ ညစ်နွမ်းအောင်လုပ်ခွင့်မပြုချေ။
ကျန်းယုချင်က အံတင်းတင်းကြိတ်ပြီး ပြောဆိုလိုက်သည်။
"နင်တို့က ပေါက်ကရစကားတွေ အရမ်းပြောတာပဲ...ငါက လုဝူယာကိုလက်ထပ်မယ်လို့ ဘယ်တုန်းကမှ ကတိပေးမထားခဲ့ဘူး"
ရုတ်တရက် လုယွီက ကျန်းယုချင်အား ဆွဲကိုင်ပြီး သူ၏နောက်သို့ပို့လိုက်၏။
"မင်း ဘာမှစိုးရိမ်မနေနဲ့...သူတို့က သေလူတွေ"
လုယွီက နူးညံညင်သာစွာ ပြောဆိုလေသည်။
"ကောင်လေး...မိသားစုခေါင်းဆောင်စည်းတံဆိပ် မင်းရဲ့လက်ထဲမှာရှိတာနဲ့ လုပ်ချင်တာလုပ်လို့ရပြီလို့ မင်း ထင်နေတာလား...ဒီနေ့ ငါတို့က မင်းကိုလာပြီးလုပ်ကြံတာ...ဒါပေမယ့် အခုတော့ ငါတို့မလိုလောက်တော့ဘူး...လုမိသားစုကလူတွေလာပြီး မင်းကို ဂရုစိုက်လိမ့်မယ်"
ကျန်းယုနှင့်ကျန်းလန်က နောက်ပြန်လှည့်ပြီး ထွက်ခွါသွားတော့သည်။
"သူတို့ကို ထွက်မသွားစေနဲ့"
ကျန်းယုချင်က အလျှင်စလို ပြောဆိုလိုက်၏။
သူတို့က လုမိသားစုအား ကုန်းချောလိုက်လျှင် သူမက မြစ်ဝါမြစ်အတွင်းသို့ ခုန်ဆင်းလျှင်ပင် သူမ၏ဖြူစင်မှုကို ပြန်လည်သန့်စင်စေတော့မည်မဟုတ်ချေ။
လုယွီက အမူအယာကင်းမဲ့စွာ ပြောဆိုလိုက်၏။
"စိတ်အေးအေးထားပါ...သူတို့ ထွက်မသွားနိုင်ပါဘူး"
Chapter 615
ကျန်းယုချင်က မျက်မှောင်အနည်းငယ်ကြုတ်နေပေ၏။ သူမက စိုးရိမ်ပူပန်နေဆဲဖြစ်သော်လည်း သူမက လုယွီ၏စကားကိုနားထောင်လိုက်သည်။
ကျန်းယုတို့နှစ်ယောက်ကမူ သရော်တော်တော်အပြုံးမျိုး ပြုံးနေပေသည်။
"ငါ မျှော်လင့်ထားသလိုပဲ...မင်းက ကံကောင်းတဲ့ကောင် သက်သက်ပါ...မင်းလို ကြွက်စုတ်တစ်ကောင်ကများ ငါတို့နှစ်ယောက်ကို ဆန့်ကျင်ဖို့ သတ္တိရှိတယ်ပေါ့"
မည်သို့ပင်ဆိုစေကာမူ သူတို့က လုယွီ၏လက်အတွင်းရှိ မိသားစုခေါင်းဆောင်စည်းတံဆိပ်ကို ကြောက်ရွံနေကြ၏။
မိသားစုခေါင်းဆောင်စည်းတံဆိပ်၏စွမ်းအားကိုသာ အကုန်အစင်ထုတ်လွှက်လိုက်ပါက မိသားစုအတွင်းမှအကြီးအကဲများပင် တောင့်ခံနိုင်မည်မဟုတ်ပေ။
သူတို့နှစ်ယောက် ထွက်ခွါးသွားသည်ကိုကြည့်ပြီး ကျန်းယုချင်က မကျေမချမ်းဖြစ်နေပေ၏။
"အဲ့ဒီလူနှစ်ယောက်က ငါတို့ကျန်းမိသားစုရဲ့မိသားစုခွဲကလူတွေ...သူတို့က လူတစ်ယောက်ကို သွားပုပ်လေလွင့်ပြောတက်ပြီး ပြဿနာအရမ်းရှာတက်ကြတယ်...တကယ်လို့ သူတို့ကိုသာ ခုကိစ္စကို အပြင်မှာပြန်ပွါးခွင့်ပေးလိုက်မယ်ဆိုရင်...လုမိသားစုက နင်ကို ပြဿနာလာရှာမှာသေချာတယ်"
လုယွီက တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်သည်။
"သူတို့မှာ ဒီသတင်းကို ပြန့်သွားအောင်လုပ်ဖို့ အခွင့်အရေးမရှိဘူး"
"ဘာလို့လဲ...."
ကျန်းယုချင်၏မယုံသင်္ကာဖြစ်နေသော စကားသံမဆုံးသေးမီမှာပင် အိမ်တော်တံခါးပြင်ပမှနေ၍ စူးရှနာကျင်စွာ အော်ဟစ်သံနှစ်သံ ထွက်ပေါ်လာသည်။
ထိုအော်သံများသည် အလွန်စူးရှပြီး ကြားရသူ၏စိတ်နှလုံးသားများကို တုန်ခါသွားစေသည်။
ကျန်းယုချင်၏ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ်တုန်ရီနေပေ၏။
"အပြင်ကကြားနေရတာ ဘာအသံလဲ"
ဤသည်က ကျန်းအိမ်တော်ခြံဝန်းအတွင်း၌ဖြစ်ပြီး ဥာဏ်အလင်းပွင့်နယ်ပယ်ကျင့်ကြံသူများ နေရာအနှံ့၌ ရှိနေပေသည်။မည်သည်ကြောင့် ဤကဲ့သို့ ထိတ်လန့်ကြောက်ရွံဖွယ်ကောင်းသော အော်သံများ ထွက်ပေါ်နေသနည်း။
ဂလောက်...ဂလောက်...ဂလောက်...
မှောင်မိုက်သောကောင်းကင်ယံအောက်တွင် ခြေလှမ်းလှမ်းနေသံများက ပဲ့တင်ထပ်နေပေ၏။
တွန့်လိမ်နေသောပုံရိပ်နှစ်ရိပ်သည် ပြင်းထန်သောခြေလှမ်းသံများအောက်မှနေ၍ အထက်သို့မြင့်တက်လာသည်။
ကျန်းယုချင်၏မျက်လုံးသူငယ်အိမ်များ ကျဥ်းမြောင်းသွားပြီးနောက် သူမက ခြံဝန်းအတွင်းသို့ စူးစိုက်၍ကြည့်နေပေ၏။
ဤသည်က လူသားအရေခွံနှစ်ခုပင်။
ထိုအရေခွံနှစ်ခုသည် ကျန်းယုနှင့်ကျန်းလန်တို့မှတပါး တခြားသူမဟုတ်ပေ။
အမှောင်ထုအတွင်းမှ အရိပ်နှစ်ရိပ်ထွက်ပေါ်လာပြီးနောက် ထိုအရေခွံနှစ်ခုနှင့် ပေါင်းစည်းလိုက်သည်။သာမာန်မျက်စိဖြင့်မြင်နိုင်သောအရှိန်နှင့်ပင် ပုံရိပ်နှစ်ရိပ်လုံးအား အရေခွံနှစ်ခုကအပြည့်အဝ လွှမ်းခြုံသွားပြီး လူသားနှစ်ယောက်အသွင် ထွက်ပေါ်လာပေ၏။
ထိုအချိန်မှာပင် ကျန်းယုနှင့်ကျန်းလန်တို့၏ခေါင်းများ ပြန်လှည့်လာပြီး လုယွီတို့အခန်းအားကြည့်ကာ သူတို့က ကို့ရို့ကားယားဆန်သောအပြုံးမျိုး ပြုံးနေသည်။
လုယွီက ပြောဆိုလိုက်၏။
"အခုမြင်နေရတဲ့ အဲ့ဒိလူနှစ်ယောက်စလုံးက သေပြီးသားသူတွေ"
ကျန်းယုချင်က တုန်လှုပ်နေဆဲဖြစ်သည်ကိုကြည့်ပြီး လုယွီက ဆက်လက်ပြောဆိုလေသည်။
"သူတို့ရဲ့ခန္ဓာကိုယ်တွေကို ရှေးဟောင်းနတ်ဆိုးတွေက အပိုင်စီးထားပြီးပြီ...တခြားတနည်းပြောရရင် အဲ့ဒီလူနှစ်ယောက်က ခန္ဓာကိုယ်အခွံသက်သက်ပဲ...အခု သူတို့က ရှေးဟောင်းနတ်ဆိုးတွေပဲ"
ကျန်းရီချင်က ထိတ်လန့်တုန်လှုပ်နေပေသည်။လုယွီ၏မှတ်ဥာဏ်များမှတဆင့် ရှေးဟောင်းနတ်ဆိုးများ၏ကြောက်မက်ဖွယ်ကောင်းပုံကို သူမက တွေ့မြင်ခဲ့ရသည်။
ဘန်း...ဘန်း...ဘန်း...
လေအေးများတိုက်ခတ်လာပြီးနောက် လုယွီတို့အခန်းရှိ ပြတင်းပေါက်နှင့်တံခါးပေါက်များအားလုံး ပွင့်ထွက်သွားပေသည်။
ဤအချိန်တခဏတွင် ခြံဝန်းအတွင်းရှိ အကာအကွယ်ဝင်္ကပါသည်လည်း သက်ဝင်လှုပ်ရှားပုံမရချေ။
"မင်း...သေဖို့အချိန်ကျပြီ"
ကျန်းယုထံမှ ထွက်ပေါ်လာသောအသံသည် အက်ရှရှဖြစ်နေပေသည်။
တစ်ချိန်တည်းမှာပင် ကျန်းလန်ကလည်း လုယွီထံသို့ တိုးဝင်လာသည်။
သူတို့နှစ်ယောက်လုံးသည် အလွန်လျှင်မြန်သဖြင့် လေထုအတွင်း၌ နောက်ချန်ပုံရိပ်များချန်ထားပြီးသည်နှင့် လုယွီ၏ရှေ့သို့ ရောက်ရှိလာပေ၏။
ထိုသူနှစ်ယောက်သည် မူလကတည်းက ဓမ္မရုပ်ထုနယ်ပယ်ကျင့်ကြံသူများဖြစ်သည်။
ရှေးဟောင်းနတ်ဆိုးများ၏ထိန်းချုပ်ခြင်းကို ခံရပြီးနောက် သူတို့နှစ်ယောက်လုံးသည် သွေးဆာသောအရူးများ ဖြစ်စပြုလာသည်။ထို့နောက် သူတို့က လျှို့ဝှက်နည်းစနစ်တစ်ခုကိုအသုံးပြုပြီး သူတို့၏အသက်စွမ်းအင်များကို လောင်ကျွမ်းစေကာ လုယွီထံသို့ တဟုန်ထိုးပြေးဝင်လာကြသည်။
ရှေးဟောင်းနတ်ဆိုးများ၏ ထိန်းချုပ်ခြင်းခံရသော လူများသည် သူတို့၏အသက် သေခြင်းရှင်ခြင်းကို ဂရုမစိုက်ကြချေ။
ကြည့်နေရင်းမှပင် ထိုလူနှစ်ယောက်၏လက်သီးချက်များသည် လုယွီပေါ်သို့ ကျရောက်လာခဲ့သည်။
"ကောင်းပြီလေ"
လုယွီ၏ပါးစပ်မှနေ၍ ရုတ်တရက် မန္တန်တစ်ပုဒ်ရွတ်ဆိုသံ ထွက်ပေါ်လာသည်။
ခြံဝန်းတစ်ခုလုံးအနှံ့ ဖုံးလွှမ်းနေသော အနက်ရောင်မြူခိုးများ ချက်ချင်းပင်လွင့်ပြယ်သွားပေ၏။
ရှေးဟောင်းနတ်ဆိုးများ၏ ထိန်းချုပ်ခြင်းခံထားရသော လူနှစ်ယောက်သည် တပြိုင်နက်တည်းရပ်တန့်သွားပြီး လုယွီ၏လက်နှစ်ဖက်ဖြင့် ဆွဲမထားခြင်းခံလိုက်ရသည်။
"မင်းတို့က ငါနဲ့မှ လာတွေ့ရတဲ့အတွက် စိတ်မကောင်းပါဘူး"
လုယွီက သူတို့၏လည်ပင်းများကို လိမ်ချိုးလိုက်၏။
ခရက်...ခရက်....
ကျန်းယုတို့နှစ်ယောက်၏လည်ပင်းရိုးများ ကျိုးသွားသည်နှင့် ချက်ချင်းပင် သူတို့၏အရေပြားများ ကွဲအက်လာသည်။
ထိုအက်ကွဲကြောင်းမှ အနက်ရောင်ပုံရိပ်ထွက်လာပြီး ထွက်ပြေးရန်ဟန်ပြင်နေပေ၏။အနက်ရောင်ပုံရိပ်နှစ်ရိပ်က နံဘေးတစ်ဖက်ဆီသို့ လူခွဲပြေးရန် ကြံရွယ်နေကြပုံပင်။
လုယွီ၏အမြင်အာရုံသည် စူးရှပြီး သူ၏လက်များကလည်း လျှင်မြန်ပေသည်။သူက ခေါင်းဖြတ်ဓားနှင့်ယိုကျွင်းဓားနှစ်လက်လုံးကို ဆင့်ခေါ်ပြီး တပြိုင်နက်တည်း အနက်ရောင်အရိပ်နှစ်ရိပ်လုံးအား ထိုးဖောက်လိုက်သည်။
ဘန်း...
ထိုအချိန်မှာပင် ခြံဝန်းတံခါးသည် ရိုက်ချိုးခြင်းခံရသဖြင့် ပွင့်လာပေ၏။
ကျန်းမိသားစုအကြီးအကဲများသည် ခြံဝန်းအတွင်းသို့ အပြေးဝင်လာကြ၏။လုယွီနှင့်မြေပြင်ပေါ်ရှိ အလောင်းများကိုကြည့်ပြီး သူတို့က သည်းမခံနိုင်တော့ပုံဖြင့် မကျေမချမ်းပြောဆိုလိုက်သည်။
"မင်းက ငါတို့ ကျန်းမိသားစုဝင်တွေကို ထပ်ပြီးသတ်ပြန်ပြီလား...မင်းစီမှာ မိသားစုခေါင်းဆောင်စည်းတံဆိပ် ရှိနေတာနဲ့ပဲ မင်း လုပ်ချင်တာလုပ်လို့ရပြီလို့ ထင်နေတာလား"