အခန်း (၆၄၆-၆၅၀)
Vol. 36 Ch. 646-650
Chapter 646
လုယွီက လင်ရှောင်းဂိုဏ်းအတွင်း၌ ကျင့်ကြံနေစဥ်တွင် ပတ်ဝန်းကျင်လေထုအတွင်းမှစိတ်ဝိညာဥ်စွမ်းအားများက သူ၏ကိုယ်တွင်းအင်္ဂါများအတွင်းသို့ စီးဝင်လာခြင်းကို အာရုံခံမိသည်။
ဤနေရာရှိစိတ်ဝိညာဥ်စွမ်းအားများသည် သိပ်သည်းခြင်းမရှိသော်လည်း လင်ရှောင်းမြို့နင့်နှိုင်းယှဥ်ကြည့်ပါက များစွာပို၍သာလွန်ပေသည်။
"လူတွေအများကြီးက အစေခံတပည့်အဖြစ်နဲ့ လင်ရှောင်းဂိုဏ်းကိုဝင်ချင်နေတာ အံ့အားသင့်စရာမရှိတော့ဘူး...ကြည့်ရတာတော့ လင်ရှောင်းဂိုဏ်းကအစေခံတပည့်တွေရဲ့ကျင့်ကြံမှုက ပြင်ပကကျင့်ကြံသူတွေထက်တော့ ပိုသာပုံပဲ"
လုယွီက သူ၏စိတ်ကို တည်ငြိမ်အောင်ပြုလုပ်ပြီး သူ၏ခန္ဓာကိုယ်အတွင်းရှိ မှော်စွမ်းအားများကို လှည့်ပတ်လိုက်သည်။
သူ၏နတ်ဘုရားစမ်းရေအိုင်အတွင်း၌ အဆောက်အအုံတစ်ခုပြီးတစ်ခု ထွက်ပေါ်နေပြီး နိုင်ငံငယ်တစ်ခုစာပင် ရှိနေလေပြီ။
စကြာဝဋ္ဌာအတွင်းရှိ ဘုံ နယ်မြေများအားလုံးတွင် ခန္ဓာကိုယ်အတွင်း၌ ကမ္ဘာလောကတစ်ခုကိုတည်ဆောက်ထားသော ထိပ်သီးကျင့်ကြံသူတစ်ယောက်ရှိခဲ့ဖူးသည်။ထိုကျင့်ကြံသူသည် သူ ဖန်တီးထားသောကမ္ဘာလောက၏အရှင်သခင်ဖြစ်သည်။
ကောလဟာလများအရ ဗုဒ္ဓနယ်မြေအတွင်းရှိ တချို့အစွမ်းထက်တည်ရှိမှုကြီးများ၏ခန္ဓာကိုယ်အတွင်း၌ ဗုဒ္ဓရုပ်ပွါးတော်ပေါင်း သုံးထောင်ခန့်ရှိသော ကမ္ဘာလောကကြီးများရှိသည်ဟု သူ ကြားဖူးခဲ့သည်။ထိုကမ္ဘာလောကအတွင်းရှိလူများသည်ကံကြမ္မာကောင်းများပိုင်ဆိုင်စေရန် ရုပ်ပွါးတော်များကို အမွှေးနံသာများဖြင့် ပူဇော်ကြပြီး ကောင်းမှုကုသိုလ်စွမ်းအားများကို ထုတ်လွှက်ပေးကြသည်။
မည်သို့ပင်ဆိုစေကာမူ တာအိုတတိယဆင့်သို့ရောက်ရှိပြီးသော ကျင့်ကြံသူမှသာလျှင် ဤကဲ့သို့ကိစ္စမျိုးအား စွမ်းဆောင်နိုင်ပေမည်။
ယခုလက်ရှိချိန်၌ လုယွီသည် တာအိုဒုတိယဆင့်သာ ရောက်ရှိသေးသော်လည်း ကမ္ဘာငယ်တည်ခြင်းကို အစပျိုးထားနိုင်လေပြီ။
"တကယ်လို့ ငါ ဆက်ပြီးထိန်းသိမ်းသွားနိုင်မယ်ဆိုရင်...ငါ တာအိုသခင်နယ်ပယ်ကိုပြန်ရောက်ရင် ငါရဲ့ကမ္ဘာငယ်က ဘယ်လိုပုံစံဖြစ်နေမလဲ"
လုယွီက သက်ပြင်းတစ်ချက်ရှိုက်ပြီး သူ၏မျက်လုံးများကို ဖွင့်လိုက်၏။သူ၏မျက်လုံးများက ပို၍တောက်ပလာပြီး သူ၏ကျင့်ကြံမှုအခြေခံကလည်း ပို၍ကျစ်လျစ်သိပ်သည်းလာသည်။
လုယွီ၏နဂါးကိုးကောင်အာဏာရှင်နည်းစနစ်သည် ကောင်းကင်ဘုံအင်ပါယာ၏ကျင့်ကြံခြင်းနည်းစနစ်များနှင့် ရောယှက်သွားပြီးနောက် သူ့အား အချိန်တိုင်းလိုလို ကျင့်ကြံနိုင်ရန် ထောက်ပံပေးခဲ့သည်။
သူ အသက်တစ်ချက်ရှုလိုက်တိုင်း သူ့အားပို၍အားကောင်းလာစေသည်။
ဤအချင်းအရာကြောင့် သူ အချိန်ကြာမြင့်စွာ မရပ်မနားကျင့်ကြံဝံ့ခြင်းဖြစ်သည်။
"ဒါက အပြင်စည်းတပည့်ရွေးချယ်ပွဲ ကျင်းပတော့မယ့်အချိန်ရောက်နေပြီ"
လုယွီက မတ်တတ်ထရပ်ပြီး စုဝေးခန်းမထံသို့ ဦးတည်သွားလိုက်၏။
ယနေ့တွင် စုဝေးခန်းမအတွင်း၌ လူအမြောက်အများရှိနေသည်။မျက်စိတဆုံး လူပင်လယ်ကြီးကို မြင်နိုင်ပေ၏။
ဤနှစ်များအတွင်း လင်ရှောင်းဂိုဏ်း၌ အစေခံတပည့် မည်မျှထိရှိနေခြင်းကို မည်သူမျှမသိရှိနိုင်ပေ။
မည်သို့ပင်ဆိုစေကာမူ ဤကဲ့သို့ကြီးမားသောဂိုဏ်းကြီးတစ်ဂိုဏ်းကို ထောက်ပံပေးနိုင်ရန်အတွက် အခက်ခဲဆုံးနှင့်ပင်ပန်းကြမ်းတမ်းဆုံးအလုပ်များကို လုပ်ဆောင်နေရသော အစေခံတပည့်များက မရေမတွက်နိုင်သည်အထိ ရှိနေသည်။
သုံးနှစ်လျှင်တစ်ကြိမ်ကျင်းပသော အပြင်စည်းတပည့်ရွေးချယ်ပွဲကသာ သူတို့အတွက် တစ်ခုတည်းသောထွက်ပေါက်ဖြစ်သည်။
လုယွီသည် အပြင်စည်းတပည့်ရွေးချယ်ပွဲသို့လာရောက်သူများတွင် ဆံပင်များမီးခိုးရောင်သန်းနေပြီဖြစ်သော အစေခံတပည့်တချို့ကိုပင် တွေ့မြင်မိသည်။
"ဒီနေရာကို လာပြီးတန်းစီကြ...လူအားလုံး စာရင်းပေးပြီးတာနဲ့ ငါတို့က ရွေးချယ်ပွဲရဲ့ပထမအဆင့်ကို စတင်မယ်"
အပြင်စည်းတပည့်တစ်ယောက်က အော်ဟစ်ပြောဆိုလိုက်၏။
ထိုသူသည် အသံလှိုင်းမန္တန်ကို တတ်ကျွမ်းထားပုံရသည်။သူစကားပြောဆိုလိုက်ချိန်တွင် သူ၏အသံ၌ မှော်စွမ်းအားများပါဝင်နေပြီး လေထုအတွင်း၌ ပဲ့တင်ထပ်နေသည်။
လုယွီက လူအုပ်ကြီး၏နောက်မှလိုက်ပြီး တန်းစီလိုက်၏။ဤနေရာ၌ လူအမြောက်အများရှိနေသည်။လုယွီက စောစီးစွာလာခဲ့သည့်တိုင် သူရှေ့၌ လူရာပေါင်းများစွာ ရှိနေပေ၏။
အချိန်တစ်နာရီခန့်ကြာပြီးနောက် လုယွီက စာရင်းပေးသွင်းပြီးခဲ့သည်။သူရှေ့မှလူများ၏နောက်မှလိုက်ကာ မိုးကောင်းကင်စင်မြင့်တစ်ခုရှေ့သို့ ရောက်ရှိလာသည်။
ဤသည်က တောင်တန်းပေါ်ရှိ တိမ်မြူခိုးများကြားတွင် မတ်မတ်တည်ဆောက်ထားသော လှေကားရှည်ကြီးတစ်ခုဖြစ်ပြီး အဆုံးသတ်အားမမြင်နိုင်ပေ။
"အားလုံးနားထောင်ကြ...အခုချိန်ကစပြီး မွန်းလွဲပိုင်းမတိုင်မီ တောင်ထိပ်ပေါ်ကိုရောက်အောင် တက်နိုင်တဲ့သူတိုင်း ရွေးချယ်ပွဲရဲ့နောက်တစ်ဆင့်မှာပါဝင်ဖို့ အရည်အချင်းပြည့်မီတယ်"
တပည့်တစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
သူ၏အသံကိုကြားသည်နှင့် ဤရွေးချယ်ပွဲကို ပထမဆုံးအကြိမ်လာရောက်ယှဥ်ပြိုင်သော အစေခံတပည့်တချို့သည် သူတို့ကိုယ်သူတို့ ယုံကြည်ချက်ရှိပုံဖြင့် ပြုံးရယ်နေကြသည်။
ဤသည်က တောင်တက်ခြင်းသာ မဟုတ်လော။
သူတို့က စောင့်ဆိုင်းခြင်းမပြုနိုင်တော့ဘဲ လှေကားထစ်ပေါ်သို့ စတင်၍ခြေချလိုက်၏။
ဘုန်း...
ရုတ်ချည်းဆိုသလိုပင် လှေကားထစ်ပေါ်သို့ ပထမဆုံးတက်သွားသောသူသည် သူ၏ပခုံးပေါ်သို့ ပြင်းထန်သောဖိအားလှိုင်းတစ်ရပ် သက်ရောက်လာခြင်းကို ခံစားမိသည်။
ဤဖိအားလှိုင်းသည် တောင်ကြီးတစ်လုံး၏အလေးချိန်ကဲ့သို့ အလွန်လေးလံပြီး လှေကားထစ်ပေါ်မှလူအား အောက်သို့ဆွဲငင်နေပေ၏။
"ဖူး"
တချို့လူများသည် ပြင်းထန်သောဆွဲငင်အားလှိုင်းဒဏ်ကို တောင့်မခံနိုင်ကြတော့သဖြင့် သူတို့၏ပါးစပ်များမှ သွေးများအန်ထွက်လာသည်။
"ဟား ဟား ဟား...အရူးတသိုက်ပဲ...ဒါက မိုးကောင်းကင်စင်မြင့်ရဲ့ဆွဲငင်အားဝင်္ကပါဆိုတာတောင် မသိကြဘူး"
စုန့်ဟန်က လှောင်ပြောင်သရော်နေပေ၏။သူက ခေါက်ယပ်တောင်ကို အသာအယာလှုပ်ခတ်ပြီး လှေကားထစ်ပေါ်သို့ ခြေချလိုက်သည်။
ဝီ....ဝီ....
တုန်ခါနေသောမြည်ဟီးသံသဲ့သဲ့နှင့်အတူ ဆွဲငင်အားလှိုင်းက သူထံသို့ ဒီရေအလားတိုးဝင်လာသည်။
"ဟမ့်....ဒီထက်ပိုပြီး ဘာမှဖြစ်လာမှာမဟုတ်ဘူး"
စုန့်ဟန်က အေးစက်စက်နှာမှုတ်ပြီးနောက် သူက တောင်ပေါ်သို့ တက်သွားတော့သည်။
Chapter 647
လူအုပ်ကြီး၏ အံ့အားသင့်နေသောအကြည့်များအောက်တွင် စုန့်ဟန်က လှေထားထစ်အနည်းငယ်ကို မည်သည့်အခက်အခဲမျှမရှိဘဲ တက်သွားခဲ့သည်။
တချို့သူများက တီးတိုးပြောဆိုနေကြသော်လည်း စုန့်ဟန်၏အဆင့်အတန်းကို သိရှိထားသောသူများက ထိုသူများအားပြောပြလိုက်ချိန်တွင် ချက်ချင်းပင်နားလည်သဘောပေါတ်သွားကြသည်။
စုန့်ဟန်၏နောက်မှနေ၍ ထပ်ချက်မကွာ လှေကားထစ်များအားတက်နေသော လူတချို့လည်းရှိနေသည်။ထိုသူများအားလုံးသည် ယမန်နေ့ကမှ အစေခံတပည့်ရွေးချယ်ပွဲအား ပါဝင်ယှဥ်ပြိုင်ခဲ့ကြသူများဖြစ်သည်။
လင်ရှောင်းဂိုဏ်း၏တင်းကျပ်သောစည်းမျဥ်းများအရ အပြင်စည်းတပည့်ရွေးချယ်ပွဲ၌ ပါဝင်ယှဥ်ပြိုင်လိုသူသည် အစေခံတပည့်ဖြစ်နေရပေမည်။
သို့ရာတွင် အစေခံတပည့်ဟူသည်မှာ လင်ရှောင်းဂိုဏ်း၌ ပင်ပန်းကြမ်းတမ်းဆုံးအလုပ်များကို လုပ်ဆောင်ရသူများပင်။သူတို့၏အလုပ်ချိန်သည်် အချိန်ကိုဖြုန်းတီးနေခြင်းပင်။အရည်အချင်းရှိသော ကျင့်ကြံသူတချို့သည် ဤကဲ့သို့ပင်ပန်းဆင်းရဲသော အလုပ်များကို လုပ်ကိုင်လိုစိတ်မရှိချေ။
အကျိုးဆက်အနေဖြင့် စုန့်ဟန်ကဲ့သို့သောကျင့်ကြံသူများသည် အခွင့်အရေးကို စောင့်ဆိုင်းကြသည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် အစေခံတပည့်ရွေးချယ်ပွဲပြီး၍ တစ်ရက်အကြာတွင် အပြင်စည်းတပည့်ရွေးချယ်ပွဲကို ကျင်းပလေ့ရှိသည်။
ထို့ကြောင့် ကျင့်ကြံသူတချို့က နှစ်ရက်အတွင်း အပြင်စည်းတပည့်ဖြစ်လာနိုင်သော ဤအချိန်အခါကို စောင့်ဆိုင်းကြ၏။
စုန့်ဟန်နှင့်တခြားကျင့်ကြံသူတချို့က ကောင်းကင်စင်မြင့်လှေကားထစ်သို့ တရှိန်ထိုးပြေးတက်နေကြ၏။ထိုသူတို့၏ကျင့်ကြံဆင့်နယ်ပယ်သည် မြင့်မားသဖြင့် လှေကားထစ်ပေါ်ရှိဆွဲငင်အားလှိုင်းသည် သူတို့အား မည်သို့မျှအကျိုးသက်ရောက်မှုမရှိစေချေ။
"အကြီးအကဲတချို့တောင် ငါကိုလာကြည့်ကြတာ ငါ့အတွက်ဂုဏ်ယူစရာပဲ"
နံဘေးရှိတောင်ကုန်းတစ်ခုပေါ်တွင် အပြင်စည်းအကြီးအကဲတချို့က ယခုမှရောက်ရှိလာသောအကြီးအကဲများကို ရယ်ပြုံးပြီး အရိုအသေပြုနေကြသည်။
အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသော အကြီးအကဲဆယ်ယောက်ကျော်သည် တောင်ကုန်းပေါ်၌ မတ်တတ်ရပ်နေကြပြီး သူတို့တစ်ယောက်ခြင်းစီသည် လင်ရှောင်းဂိုဏ်း၏အစွမ်းထက်သော ထိပ်သီးအကြီးအကဲများ ဖြစ်ပေ၏။
သာမာန်အားဖြင့် အပြင်စည်းတပည့်ရွေးချယ်ပွဲကဲ့သို့ ကိစ္စမျိုးကို အပြင်စည်းအကြီးအကဲများကသာ ကြည့်ရှုစောင့်ကြပ်လေ့ရှိသည်။
သို့ရာတွင် ယနေ့ကမူ သာမာန်ထက်ထူးကဲသော နေ့တစ်နေ့ဖြစ်သည်။
"မင်း လုပ်စရာရှိတဲ့ကိစ္စကိုသာလုပ်ပါ...ငါတို့ကို စိတ်ထဲမထားနဲ့"
အပြစ်ပေးခန်းမခေါင်းဆောင်က တည်ငြိမ်စွာ ပြောဆိုလေ၏။
အပြင်စည်းအကြီးအကဲသည် တခြားထိပ်သီးအကြီးအကဲများရှိနေသောနေရာမှ ထွက်ခွါခဲ့တော့သည်။
"အပြစ်ပေးခန်းမအကြီးအကဲ....ဒီနှစ်တွေမှာ ခင်ဗျားရဲ့ခန်းမက အခြေအနေအတော်ကောင်းပုံပဲ...လူအုပ်ကြီးရဲ့ရှေ့ဆုံးက ဦးဆောင်နေတာ ခင်ဗျားရဲ့ခန်းမကလူတွေပဲရှိတယ်...ကျုပ် ခန့်မှန်းချက်အရတော့ အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်မတိုင်မီမှာပဲ တောင်ထိပ်ကိုရောက်မယ်ထင်တယ်"
အကြီးအကဲတစ်ယောက်က မြှောက်ပင့်ပြောဆိုလိုက်၏။
လူအုပ်ကြီး၏ရှေ့၌ ဦးဆောင်နေသော စုန့်ဟန်သည် လှေကားထစ်များကို တစ်ထစ်ပြီးတစ်ထစ် တည်ငြိမ်စွာတက်နေသည်။
အပြစ်ပေးခန်းမအကြီးအကဲက သူ၏မုတ်ဆိတ်များကို ပွတ်သပ်ပြီး အပြုံးနှင့်ပြောဆိုလေ၏။
"မင်းရဲ့တူ အရည်အချင်းကလည်း မဆိုးပါဘူး"
ဤနေရာသို့ ရောက်လာကြသော အကြီးအကဲများအားလုံးသည် သူတို့၏မျိုးဆက်များအတွက် လာရောက်ကြခြင်းဖြစ်သည်။
အကြီးအကဲများ၏မျိုးဆက်များသည် လင်ရှောင်းဂိုဏ်းအား ဝင်ရောက်လိုကြသဖြင့် အပြင်စည်းတပည့်ရွေးချယ်ပွဲကို ပါဝင်ယှဥ်ပြိုင်သည့်နည်းလမ်းကို ရွေးချယ်ခဲ့ကြခြင်းပင်။သူတို့အားလုံး၌ ထူးချွန်သောအပြင်စည်းတပည့်များကို အတွင်းစည်းတပည့်အဖြစ် တိုက်ရိုက်ခန့်အပ်နိုင်သော အခွင့်အာဏာများရှိသည်။
ဤလူစုသည် ယခုနေရာသို့ ရောက်ရှိလာခြင်းမှာ သူတို့၏မျိုးဆက်များကြောင့်ဟူသည်မှာ သိသာထင်ရှားလှ၏။
အချိန်များ ကုန်ဆုံးလာသည်နှင့်အမျှ လှေကားထစ်ပေါ်မှ လူအတော်များများ ပြုတ်ကျလာသည်။လှေကားထစ်မှ လွင့်ထွက်လာသူများသည် ထပ်မံတက်နိုင်ရန် အခွင့်အရေးမရှိတော့ဘဲ စိတ်ပျက်ညှိုးငယ်စွာဖြင့် ရွေးချယ်ပွဲမှ ထွက်ခွါခဲ့ရသည်။
အချိန်တခဏကြာပြီးနောက် လှေကားထစ်များ၏ခြေရင်းတွင် လုယွီတစ်ယောက်တည်းသာ ကျန်ရစ်တော့သည်။
အပြစ်ပေးခန်းမအကြီးအကဲက လုယွီကိုကြည့်ပြီး မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။
"ပထမဆုံးလှေကားထစ်ပေါ်ကိုတောင် ခြေမချဝံ့တဲ့သူ ရှိနေသေးတာလား"
တခြားအကြီးအကဲတစ်ယောက်က ပြောဆိုလေသည်။
"သူက တခြားသူတွေ လှေကားထစ်ရဲ့ဆွဲငင်အားဒဏ်ကို မခံနိုင်ဘဲ လွင့်ထွက်လာတာကို ကြည့်ပြီးကြောက်ရွံနေတာထင်တယ်...ဒါကြောင့် ရွေးချယ်ပွဲပြီးတဲ့အထိ ဒီနေရာမှာစောင့်နေပုံပဲ"
အပြစ်ပေးခန်းမအကြီးအကဲ၏မျက်မှောင်ကြုတ်နေခြင်းက ပို၍တင်းကြပ်သွားသည်။
"အချိန်ခဏကြာလို့ အပြင်စည်းတပည့်ရွေးချယ်ပွဲပြီးသွားတာနဲ့ သူ ဘယ်သူလဲဆိုတာရှာဖွေပြီး ဂိုဏ်းကနေမောင်းထုတ်လိုက်...လင်ရှောင်းဂိုဏ်းမှာ ဒီလိုသူရဲဘောကြောင်တဲ့ကောင်မျိုး မလိုအပ်ဘူး"
သူသည် အပြစ်ပေးခန်းမ၏အကြီးအကဲဖြစ်၍ သူ၏မျက်လုံးအတွင်း၌ မည်သည့်သဲတစ်မှုန်ကိုမျှ မြင်တွေ့လိုခြင်းမရှိချေ။
"ဟား ဟား ဟား...မင်းတို့က အစောကြီးရောက်နေမယ်လို့ ငါ ထင်မထားမိဘူး"
အဖိုးအိုတစ်ယောက်၏အသံက အကြီးအကဲအုပ်စု၏နောက်မှ ထွက်ပေါ်လာသည်။
အကြီးအကဲများက အလျှင်စလိုဖြင့် နောက်သို့ပြန်လှည့်ကြည့်လိုက်ကြ၏။
လျှော်တေဝတ်စုံကိုဝတ်ဆင်ထားသော အဖိုးအိုတစ်ယောက်က တောင်ဝှေးတစ်ချောင်းကိုကိုင်ဆောင်ပြီး တဖြည်းဖြည်းလမ်းလျှောက်လာခြင်းကို သူတို့အားလုံး တွေ့မြင်မိသည်။
"အကြီးအကဲ ရှင်း...ဘာလို့ဒီနေရာကို ရောက်လာတာလဲ"
လက်ရှိနေရာ၌ရှိနေသော အကြီးအကဲများအားလုံးက အဖိုးအိုအား ခရီးဦးကြိုပြုလိုက်ကြ၏။
အဖိုးအို၏အဆင့်အတန်းသည် ဤအကြီးအကဲများအားလုံးထက် ပို၍မြင့်မားခြင်းမှာ သိသာထင်ရှားပေသည်။
"အရေးကြီးတဲ့ကိစ္စတော့မဟုတ်ပါဘူး...ငါက ဒီနေရာကို မျိုးစေ့ကောင်းလေးတစ်ခုအတွက်လာခဲ့တာ"
အကြီးအကဲရှင်းက ရယ်ကာမောကာဖြင့် ပြောဆိုလိုက်၏။
Chapter 648
အကြီးအကဲရှင်းက ဤနေရာသို့ တပည့်အသစ်တစ်ယောက်လက်ခံရန် ရောက်လာခဲ့သလော။
အကြီးအကဲများ၏မျက်နှာအမူအယာများ ပြောင်းလဲသွားကြပြီး တစ်ချိန်တည်းမှာပင် သူတို့၏မျိုးဆက်များကို ကြည့်လိုက်ကြ၏။
အကယ်၍ သူတို့၏မျိူးဆက်များကသာ အကြီးအကဲရှင်း၏တပည့်ဖြစ်လာပါက ထိုလူငယ်၏အနာဂတ်ကျင့်ကြံမှုလမ်းကြောင်းသည် အထစ်အငေါ့ရှိမည်မဟုတ်ချေ။
မည်သို့ပင်ဆိုစေကာမူ သူတို့ရှေ့မှ အကြီးအကဲရှင်း၏တပည့်ဖြစ်ရခြင်းသည် လွန်စွာကောင်းမွန်သောအခွင့်အရေးကြီးတစ်ရပ်ပင်။
အပြစ်ပေးခန်းမအကြီးအကဲက မျှော်လင့်ချက်များဖြင့်ပြည့်နှက်နေသော မျက်နှာအမူအယာဖြင့် ပြောဆိုလိုက်သည်။
"အကြီးအကဲရှင်းတောင် မျက်စေ့ကျနေတဲ့ လူငယ်က ဘယ်သူများပါလိမ့်"
အကြီးအကဲရှင်းက ပြုံးရုံသာပြုံးနေလေ၏။
"အလျင်မလိုပါနဲ့...နောက်ကျ မင်းတို့သိရမှာပါ"
မိုးကောင်းကင်စင်မြင့်လှေကားထစ်များထက်၌...
ဤအချိန်တွင် ကောင်းကင်ယံရှိနေမင်းကြီးသည် အမြင့်ဆုံးအခါသမယသို့ ရောက်ရှိနေလေပြီ။
မွန်းလွဲချိန်ရောက်ရန် အချိန်တစ်နာရီပင် မလိုအပ်တော့ချေ။
လူအုပ်ကြီး၏ရှေ့ဆုံးမှ ဦးဆောင်နေသော စုန့်ဟန်ပင်လျင် သူ့ခန္ဓာကိုယ်တစ်ခုလုံး ချွေးများစိုရွှဲနေသည်။သူက လှေကားထစ်တစ်ခုပေါ်သို့ ခြေချပြီးတိုင်း နောက်ထပ်လှေကားတစ်ထစ်ပေါ်သို့တက်ရန် အချိန်ယူနေရ၏။
အပြစ်ပေးခန်းမအကြီးအကဲက အပြုံးနှင့်ပြောဆိုလိုက်သည်။
"အကြီးအကဲရှင်း ကိုယ်တိုင်ကိုယ်ကျ လာကြည့်တဲ့လူငယ်က ဘယ်လိုလူငယ်မျိုးလဲဆိုတာ ကျွန်တော် သိချင်မိတယ်"
သူက အလွန်ယုံကြည်ချက် ခိုင်မာနေပေသည်။အကြီးအကဲရှင်းက သူ၏သားအား တပည့်အဖြစ်လက်ခံရန် လာရောက်ခြင်းသာဖြစ်မည်။မည်သို့ပင်ဆိုစေကာမူ သူ၏သားစုန့်ဟန်သည် ယခုလက်ရှိချိန်၌ လူအုပ်ကြီး၏ရှေ့ဆုံးမှ ဦးဆောင်သွားနေသူဖြစ်သည်။
အကြီးအကဲရှင်းက ပြုံးနေပြီး အပြစ်ပေးခန်းမအကြီးအကဲ၏အမေးအား အဖြေပြန်ပေးခြင်းမရှိပေ။
သူက မည်သည့်စကားမျှမဆိုသော်လည်း အကြီးအကဲအုပ်စုကမူ စိတ်လှုပ်ရှားနေကြသည်။
အကြီးအကဲရှင်းသည် သီးခြားကျင့်ကြံနေသူဖြစ်ပြီး တပည့်သစ်တစ်ယောက် လက်မခံသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ယခုမှသာ သူ အပြင်ထွက်လာပြီး တပည့်တစ်ယောက်ရွေးချယ်မည်ဟု ပြောဆိုသည်မှာ မည်မျှထိ အံသြဖွယ်ကောင်းသော ကိစ္စဖြစ်သနည်း။
သူတို့၏ရှေ့ရှိအဖိုးအိုသည် လင်ရှောင်းဂိုဏ်းမှတခြားသူများကဲ့သို့ အကြီးအကဲရာထူးသာရှိသူဖြစ်သည်။သို့ရာတွင် အကြီးအကဲရှင်းသည် လက်ရှိလင်ရှောင်းဂိုဏ်းချုပ်၏ဆရာသခင်ဖြစ်ခဲ့ဖူးသူပင်။
အကြီးအကဲရှင်း၏လမ်းညွှန်မှုအောက်တွင် လင်ရှောင်းဂိုဏ်းမှ အစွမ်းထက်ဆုံးထိပ်သီးကျင့်ကြံသူသုံးယောက်ကို မွေးထုတ်ပေးနိုင်ခဲ့သည်။
"အကြီးအကဲရှင်းက တပည့်တစ်ယောက်လက်ခံမလို့တဲ့...ကောင်းကောင်းလုပ်ဆောင်ကြ"
"မင်းတို့ အကောင်းဆုံးကြိုးစားကြစမ်း...နောက်မှာကျန်မနေစေနဲ့"
တစ်ဆင့်စကား တစ်ဆင့်နားဖြင့် ထိုသတင်းသည် လှေကားထစ်ပေါ်ရှိသူတချို့ထံသို့ ရောက်ရှိသွားသည်။
ရုတ်ချည်းဆိုသလိုပင် တပည့်တချို့၏ခန္ဓာကိုယ်များ တုန်ရီသွားကြပြီး သူတို့က အကြီးအကဲများမတ်တတ်ရပ်နေသော နေရာသို့ မော့ကြည့်လိုက်ကြ၏။သူတို့၏မျက်လုံးများအတွင်းတွင် စိတ်လှုပ်ရှားမှုများက အထင်းသားထင်ဟပ်နေသည်။
တပည့်တချို့၏ခန္ဓာကိုယ်များမှ ပြင်းထန်သောအရှိန်အဟုန်များ ပွင့်အံထွက်လာပြီး သူတို့ရှေ့မှလူများကိုတွန်းဖယ်ကာ တောင်ပေါ်သို့တဟုန်ထိုးတက်သွားကြတော့သည်။
စုန့်ဟန်၏နံဘေးဘက်သို့ လူအမြောက်အများ ရောက်ရှိလာသည်။ထိုသူများ ဖြစ်သို့ဖြစ်ပျက်သွားသည်ကို နားမလည်နိုင်သဖြင့် စုန့်ဟန်က အံ့အားသင့်နေပေ၏။
"ဟန်အာ...မင်းရဲ့အစွမ်းကုန်သုံးပြီး တောင်ထိပ်ကို အမြန်ရောက်အောင်တက်တော့...အကြီးအကဲရှင်းက တပည့်ရွေးချယ်ဖို့ ရောက်နေတယ်"
အသံတစ်သံက စုန့်ဟန်၏နားအတွင်းသို့ ဝင်ရောက်လာသည်။
စုန့်ဟန်၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားပြီး သူ၏မျက်လုံးများ ချက်ချင်းပင်ပြူးကျယ်သွားပေ၏။ထို့နောက်မှ သူက စိတ်လှုပ်ရှားနေခြင်းကို တဖြည်းဖြည်းတည်ငြိမ်စေရန် ပြန်လည်ထိန်းသိမ်းလိုက်သည်။သူ၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ထွက်ပေါ်လာပေ၏။
"မင်းတို့က ငါ့ကိုဖြတ်ကျော်ချင်တာလား...စဥ်းတောင်မစဥ်းစားနဲ့"
စုန့်ဟန်က ချက်ချင်းပင်ရှေ့တက်လိုက်ရာ သူ၏ရင်ဘတ်အတွင်းမှ နားကွဲလုမတက်ကျယ်လောင်သော ဖီးနစ်အော်မြည်သံ ထွက်ပေါ်လာသည်။
သူက လှေကားထစ်သုံး လေးထစ်ကို ဆက်တိုက်တက်သွားခဲ့သည်။သူက မိုးကောင်းကင်စင်မြင့်လှေကားထစ်များ၏အဆုံးသတ်ကိုပင် မြင်နေရလေပြီ။
မည်သူကမျှ လုယွီအား အာရုံစူးစိုက်ခြင်း မပြုကြချေ။သူက လှုပ်ရှားခြင်းမရှိဘဲ လှေကားထစ်များ၏ခြေရင်းတွင် ဆက်လက်၍မတ်တတ်ရပ်နေဆဲဖြစ်သည်။
လုယွီ၏ညာဘက်ခြေဖဝါးက လှေကားထစ်ပေါ်သို့ ခြေချပြီးချိန်တွင် သူက မျက်လုံးစုံမှိတ်ပြီး အချိန်တခဏကြာမိန်းမောတွေဝေသွားပြီးနောက် ရုတ်တရက် သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားသည်။
သူ၏မျက်ခုံးနှစ်ခုကြားမှ အမှန်အသားတစ်ခု ထွက်ပေါ်လာခဲ့သော်လည်း ဖျတ်ခနဲပျောက်ကွယ်သွားပေ၏။
လုယွီက မျက်လုံးပြန်ဖွင့်လိုက်ချိန်တွင် သူ၏မျက်လုံးများအတွင်း၌ ဥာဏ်အလင်းပွင့်သွားသောတောက်ပမှုမျိုး ထင်ဟပ်နေသည်။
"ဒီဆွဲငင်အားဝင်္ကပါကို ခင်းကျင်းတဲ့သူက တကယ့်ကိုပါရမီရှင်တစ်ယောက်ပဲ...သူက ဒီလှေကားထစ်တွေကို တီထွင်ကြံဆပြီးတည်ဆောက်ထားတာ"
လုယွီက သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။
အစောပိုင်းက သူ လှေကားထစ်ပေါ်သို့ တက်တော့မည့်အချိန်တွင် မိုးကောင်းကင်စင်မြင့်အားထိန်းချုပ်ထားသော ဆွဲငင်အားဝင်္ကပါကို တစ်ချက်ကြည့်လိုက်မိသည်။သူက ထိုဝင်္ကပါကို စိတ်ဝင်စားသဖြင့် အချိန်တခဏကြာလေ့လာကြည့်ပြီးနောက် သူ သဘောပေါတ်နားလည်သွားခဲ့သည်။
ဤအချိန်တွင် လုယွီ၏နတ်ဘုရားစမ်းရေအိုင်ထိပ်၌ အမှတ်အသားအသစ်တစ်ခု ထွက်ပေါ်လာသည်။
ဤအမှတ်အသားသည် ဆွဲငင်အားနိယာမဖြစ်ပေ၏။ဆွဲငင်အားနိယာမသည် ရိုးစင်းသော်လည်း နားလည်ရန်အလွန်အမင်း ခက်ခဲသည်။
"ဝင်္ကပါဖွဲ့စည်းပုံကို လေ့လာတာတော့ ပြီးသွားပြီ...အခုချိန်က ရွေးချယ်ပွဲကို အဆုံးသတ်ဖို့အချိန်ပဲ"
လုယွီက မိုးကောင်းကင်စင်မြင့်လှေကားထစ်များ၏အဆုံးသတ်ကိုကြည့်ပြီး သူ၏ခြေထောက်များကို ညင်သာစွာလှုပ်ရှားလိုက်၏။
လုယွီ၏ခြေထောက်များ လှုပ်ရှားလာခြင်းကို မြင်သော လူတချို့က လှောင်ပြောင်သရော်လိုဟန်ဖြင့် သူတို့၏ခေါင်းများကို ခါယမ်းနေကြသည်။
"အခုချိန်မှ စလှုပ်ရှားတာကတော့ နောက်ကျလွန်းနေပြီ"
အကြီးအကဲတစ်ယောက်က လေသံတိုးတိုးဖြင့် ပြောဆိုလေသည်။
သို့ရာတွင် ထိုအကြီးအကဲ၏အသံက ချက်ချင်းပင် ရပ်တန့်သွားသည်။
လုယွီအား တောင်ပေါ်သို့တဟုန်ထိုးပြေးတက်သွားသော အနက်ရောင်အရိပ်အဖြစ်သာ တွေ့မြင်ရတော့သည်။
အသက်ရှုချိန်သုံးကြိမ်စာခန့်မှာပင် လုယွီက လှေကားထစ်ထောင်ပေါင်းများစွာကို ကျော်ဖြတ်ပြီး မိုးကောင်းကင်စင်မြင့်၏ထိပ်ဆုံးသို့ ရောက်ရှိသွားသည်။
Chapter 649
အပြင်စည်းတပည့်ရွေးချယ်ပွဲကို ကြည့်နေကြသော တချို့တပည့်များထံမှ အံ့အားသင့်သွားသောအသံများ ထွက်ပေါ်လာသည်။
အကြီးအကဲများပင်လျှင် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေကြ၏။
မည်သို့ဖြစ်ပျက်သွားသနည်း။
သူတို့ရှေ့ရှိကောင်လေးသည် အစောပိုင်းကပင် တောင်ခြေရင်း၌ မတ်တတ်ရပ်နေဆဲဖြစ်သည်။မည်သည်ကြောင့် သူက ချက်ချင်းကြီး တောင်ထိပ်သို့ရောက်ရှိသွားသနည်း။
အပြစ်ပေးခန်းမအကြီးအကဲ၏မျက်လုံးများ အပြင်ကိုခုန်ထွက်တော့မည်ကဲ့သို့ ပြူးကျယ်နေပြီး သူက အေးစက်တင်းမာသောလေသံဖြင့် ပြောဆိုလိုက်၏။
"သူက ကူးပြောင်းရေးအဆောင်လက်ဖွဲ့တစ်ခုကို အသုံးပြုလိုက်တာပဲဖြစ်မယ်...အပြင်စည်းတပည့်ရွေးချယ်ပွဲရဲ့တာဝန်ခံက ဘယ်သူလဲ...အဲ့ဒီကောင်ကို မြန်မြန်မဖမ်းသေးဘူးလား"
ရုတ်ချည်းဆိုသလိုပင် အပြင်စည်းအကြီးအကဲတစ်ယောက်က လုယွီအား ဖမ်းဆီးရန်ဟန်ပြင်လိုက်သည်။
အကြီးအကဲရှင်းက ချောင်းတစ်ချက်ဟန့်လေသည်။
"သူက ဘာစည်းမျဥ်းကိုမှ မချိုးဖောတ်ဘူး...မင်းတို့အားလုံး သူ့ကို အရေးယူစရာမလိုဘူး"
အကြီးအကဲရှင်းက ထိုစကားကိုပြောဆိုလိုက်ချိန်တွင် မည်သူမျှအထွန့်တက်ပြောဆိုခြင်းမရှိပေ။
အပြစ်ပေးခန်းမအကြီးအကဲက သူ၏လက်သီးကိုတင်းတင်းဆုပ်ပြီး လုယွီအား တစ်ချက်ကြည့်လိုက်၏။
သဘာဝလွန်စွမ်းအင်နယ်ပယ်ဖြစ်နေသလော။အပြစ်ပေးခန်းမအကြီးအကဲက အနည်းငယ်စိတ်သက်သာရာရသွားသည်။ဖြစ်နိုင်သည်က ထိုကောင်လေးသည် တောင်ထိပ်သို့ရောက်ရန် အထူးလှုပ်ရှားမှုနည်းစနစ်တစ်မျိုးကို အသုံးပြုသွားခြင်းသာဖြစ်ပေမည်။သို့သော် ဤသည်က သူအတွက် အရေးမကြီးချေ။မည်သို့ပင်ဆိုစေကာမူ သဘာဝလွန်စွမ်းအင်နယ်ပယ်ကျင့်ကြံသူတစ်ယောက်သည် သူ၏သားစုန့်ဟန်အတွက် အဟန့်အတားဖြစ်လာမည်မဟုတ်ပေ။
တောင်ထိပ်၌ဖြစ်ပျက်နေသောကိစ္စများကို လှေကားထစ်ပေါ်မှလူများ တွေ့မြင်နိုင်ခြင်းမရှိချေ။လှေကားထစ်များအားဆက်လက်တက်နေသော လူများက သူတို့၏မှ လေအေးတစ်ချက်ဖြတ်သန်းတိုက်ခတ်သွားသည်ကိုသာ ခံစားမိပြီး လုယွီ၏ပုံရိပ်ကိုမူ မြင်တွေ့ခဲ့ခြင်းမရှိကြပေ။
လုယွီ တောင်ထိပ်သို့ရောက်သွားသောအချိန်တွင် စုန့်ဟန်သည် တောင်ထိပ်နှင့်လှေကားထစ်ငါးထစ်ခန့်အကွာတွင်ရှိနေသည်။
သို့သော် သူ၏ရှေ့ အနည်းငယ်သာကွာဝေးသောနေရာတွင် ရုတ်တရက် တစ်စုံတစ်ယောက်ရောက်ရှိလာခြင်းကို သူ တွေ့မြင်မိသည်။
"ဒါက မင်းလား"
စုန့်ဟန်က လုယွီ၏မျက်နှာကို ရှင်းရှင်းလင်းလင်းမြင်ချိန်တွင် ချက်ချင်းပင်ဒေါသထွက်သွားပေ၏။
ယခင်က လုယွီသည် လှည့်ကွက်များသုံး၍ ဝင်ရောက်ယှဥ်ပြိုင်သည်ဟု သံသယဝင်ခံရပြီး အစေခံတပည့်ရွေးချယ်ပွဲမှ ထုတ်ပယ်ခြင်းခံရသည်။
သူ၏စိတ်မရှည်မှုကြောင့်သာလျှင် လုယွီက အစေခံတပည့်ဖြစ်လာခဲ့ခြင်းပင်။
"ခွေးမသား....မင်းက အပြင်စည်းတပည့်ရွေးချယ်ပွဲမှာတောင် လှည့်ကွက်တွေသုံးဝံ့သေးတယ်ပေါ့"
စုန့်ဟန်က အော်ဟစ်ကြုံးဝါးပြီးနောက် ရုတ်တရက် သူ၏ခန္ဓာကိုယ်မှမှော်စွမ်းအင်လှိုင်းများ ထွက်ပေါ်လာသည်။
စုန့်ဟန်၏ခန္ဓာကိုယ်နောက်တွင် ဧရာမတစ္ဆေပုံရိပ်ယောင်ကြီးက မျောလွင့်နေပေ၏။
ဘုန်း...ဘုန်း..
စုန့်ဟန်က လုယွီထံသို့ ဦးတည်၍ပြေးဝင်လာသည်။
တစ်ချိန်တည်းမှာပင် အကြီးအကဲများ၏မျိုးဆက်များသည်လည်း လှေကားထစ်များကို တဟုန်ထိုးပြေးတက်နေကြ၏။မိုးကောင်းကင်စင်မြင့်၏ထိပ်ဆုံးနေရာ၌ မတ်တတ်ရပ်နေသော လုယွီကိုမြင်ချိန်တွင် သူတို့၏မျက်နှာအမူအယာများ မကောင်းကြတော့ချေ။
သူတို့အားလုံးသည် ငယ်စဥ်ကလေးဘဝကတည်းက လင်ရှောင်းဂိုဏ်းမှအကြီးအကဲများ၏ သင်ကြားပေးခြင်းကို ခံယူခဲ့ရသူများဖြစ်သည်။ထို့ကြောင့် သူတို့၏ကိုယ်ပိုင်အရည်အချင်းအား အလွန်ပင်ဂုဏ်ယူဝင့်ကြွားခဲ့ကြ၏။
မည်သည်ကြောင့် ထိုကောင်လေးက သူတို့အား ဖြတ်ကျော်သွားနိုင်သနည်း။
"ပြောစမ်း...မင်း ဘယ်လိုနည်းလမ်းတွေကို အသုံးပြုခဲ့တာလဲ....အပြင်စည်းတပည့်ရွေးချယ်ပွဲမှာတောင် မင်းက မဆီလျော်တဲ့နည်းလမ်းမျိုး အသုံးပြုဝံ့တယ်ပေါ့"
စုန့်ဟန်က လုယွီ၏အင်္ကျီဂုတ်အားဆွဲကိုင်ရန် သူ၏လက်ကိုဆန့်တန်းလိုက်၏။
လုယွီက ပေါ့ပေါ့ပါးပါး ရှောင်တိမ်းပြီး စုန့်ဟန်၏ပခုံးအား သူ၏လက်ဖြင့်တစ်ချက်ပုတ်လိုက်သည်။
ဝုန်း...
စုန့်ဟန်သည် သူ၏ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်မှုကင်းမဲ့သွားပြီး မြေပြင်ပေါ်သို့ မျက်နှာအပ်၍ လဲကျသွားပေ၏။
လုယွီက တည်ငြိမ်စွာဖြင့် ပြောဆိုလေသည်။
"ငါ ဘာလုပ်လုပ်...မင်းနဲ့ဘာဆိုင်လဲ"
"ကောင်လေး...မင်း သေချင်နေတာလား"
စုန့်ဟန်က မြေပြင်ပေါ်မှနေ၍ မတ်တတ်ထရပ်လိုက်၏။သူ၏မျက်နှာတွင် ရွှံနွံတချို့ပေကျံနေပြီး သူ၏ခေါင်းအစ ခြေအဆုံး ပေရေစုတ်ပြတ်နေသည်။စုန့်ဟန်က အလွန်အမင်း ဒေါသထွက်နေပေ၏။
"ရပ်လိုက်စမ်း...တကယ်လို့ ထပ်ပြီးတိုက်ခိုက်ရဲတဲ့သူရှိမယ်ဆိုရင်...ငါ အဲ့ဒီကောင်ကို အောက်ကိုကန်ချမယ်"
ထိုအချိန်မှာပင် အပြင်စည်းအကြီးအကဲတစ်ယောက် ရောက်ရှိလာပြီး အေးစက်တင်းမာသောလေသံဖြင့် ပြောဆိုလေသည်။
စုန့်ဟန်က လုယွီကို လက်ညှိုးညွှန်ပြီး အော်ဟစ်လိုက်သည်။
"အဲ့ဒီကောင် ဘာနည်းလမ်းတွေကိုသုံးလို့ ထိပ်ဆုံူကို ချက်ချင်းရောက်သွားတာလဲ...ဂိုဏ်းအကြီးအကဲတွေက ဖြေရှင်းပေးဖို့ ကျွန်တော် တောင်းဆိုပါရစေ"
"ပါးစပ်ပိတ်ထားစမ်း...သူက ဒီစမ်းသပ်ချက်ကို ဖြတ်ကျော်နိုင်သွားပြီ...ထပ်ပြီးဆူဆူညံညံလုပ်တဲ့ ဘယ်သူမဆို ဒီစမ်းသပ်ချက်ရဲ့ရလဒ်ကို ဖယ်ရှားခံရမယ်"
အပြင်စည်းအကြီးအကဲက အေးစက်စက်လေသံဖြင့် ပြောဆိုလေ၏။
အကယ်၍ သာမာန်နေ့ရက်များသာဆိုလျှင် စုန့်ဟန်သည် အပြင်စည်းအကြီးအကဲအား ချေပပြောဆိုပေမည်။မည်သို့ပင်ဆိုစေကာမူ သူသည် အပြစ်ပေးခန်းမအကြီးအကဲ၏သားဖြစ်၍ အပြင်စည်းအကြီးအကဲတစ်ယောက်ကို ကြောက်ရွံရန်မလိုအပ်ချေ။
သို့ရာတွင် အကြီးအကဲရှင်းသည် ဤရွေးချယ်ပွဲအား စောင့်ကြည့်နေခြင်းကို သူသိထားသဖြင့် တွေးတောချိန်ဆနေရသည်။
"အပြင်စည်းတပည့်ရွေးချယ်ပွဲပြီးတာနဲ့...မင်း သေဖို့သာပြင်ထားတော့"
စုန့်ဟန်၏မျက်လုံးများက အေးစက်စက်တောက်ပနေပေ၏။သူက လူအများရှေ့တွင် လဲကျခဲ့ခြင်းဖြစ်ရာ ဤဖြစ်ရပ်က သူ့အားအရှက်ရစေသည်။
"မွန်းလွဲချိန်ရောက်ပြီ...တောင်ထိပ်ကိုမရောက်သေးတဲ့လူအားလုံး ထွက်ခွါသွားကြတော့....ကျန်တဲ့သူတွေက နောက်ထပ်စမ်းသပ်ချက်တစ်ခုကို ဆက်ပြီးယှဥ်ပြိုင်ရမယ်"
အပြင်စည်းတပည့်တစ်ယောက်က အော်ဟစ်၍ကြေငြာလိုက်၏။
Chapter 650
ယခုလက်ရှိချိန်၌ တောင်ထိပ်ပေါ်တွင်မတ်တတ်ရပ်နေသူများသည် လူနည်းစုသာဖြစ်ပြီး ယခင်က ရွေးချယ်ပွဲအားပါဝင်ရန် စာရင်းပေးသွင်းသူများနှင့် နှိုင်းယှဥ်လျှင် အလွန်လျော့ကျသွားသည်။
ဆွဲငင်အားဝင်္ကပါတစ်ခုတည်းကပင် လူတော်တော်များများအား ဖယ်ထုတ်နိုင်ခဲ့သည်။
စုန့်ဟန်က လုယွီအား မကျေမချမ်းအကြည့်ဖြင့် စူးစိုက်၍ကြည့်နေသည်။
"မင်း စောင့်ကြည့်နေ...နောက်ထပ်စမ်းသပ်ပွဲကျရင်...မင်းဆိုးဆိုးရွားရွားသေဆုံးရလိမ့်မယ်"
လုယွီက စုန့်ဟန်၏ခြိမ်းခြောက်စကားကို မကြားသကဲ့သို့သာ ပြုမူနေသည်။သူက ပတ်ဝန်းကျင်ရှိစိတ်ဝိညာဥ်စွမ်းအားများကိုစုပ်ယူပြီး အစောပိုင်းက သူ နားလည်သဘောပေါက်ခဲ့သော ဆွဲငင်အားနိယာမကို တိတ်တဆိတ်တွေးတောဆင်ခြင်နေပေသည်။
"အကြီးအကဲရှင်း....ဒီတပည့်အုပ်စုမှာ ဘယ်သူကအကောင်းဆုံးတစ်ယောက်ဖြစ်မလဲ"
အပြစ်ပေးခန်းမအကြီးအကဲက သွေးတိုးစမ်းသည့်သဘောဖြင့် မေးမြန်းလိုက်၏။
သူသည် အကြီးအကဲရှင်း၏စိတ်အာရုံကို ဆွဲဆောင်နိုင်သည်မှာ မည်သည့်ပါရမီရှင်ဖြစ်ကြောင်းကို အလွန်ပင် သိချင်စိတ်ပြင်းပြနေသည်။တောင်ထိပ်သို့ပထမဆုံးရောက်ရှိလာသော လုယွီကိုမူ သူက စာရင်းမှဖယ်ထုတ်ထားသည်။
ဤဝင်္ကပါကို လင်ရှောင်းမြို့၏နတ်ဘုရားအဆင့်ဝင်္ကပါပညာရှင်မှ ခင်းကျင်းထားခြင်းဖြစ်သည်။လှေကားထစ်ပေါ်သို့တက်ရောက်သည့် ကျင့်ကြံသူ၏ကျင့်ကြံဆင့် မြင့်မားသည်နှင့်အမျှ ဝင်္ကပါ၏ဆွဲငင်အားသည်လည်း ပို၍အားကောင်းလာသည်။
သူပင်လျှင် တောင်ထိပ်သို့ရောက်ရန် အချိန်အတော်ယူရပေမည်။
လုယွီက အသက်ရှုချိန်အနည်းငယ်အတွင်းမှာပင် တောင်ထိပ်သို့ ရောက်ရှိလာသည်။သူ၏အမြင်အရ လုယွီသည် လှည့်ကွက်တချို့ကိုအသုံးပြုပြီး ကူးပြောင်းခြင်းအဆောင်လက်လက်ဖွဲ့တချို့အား အသုံးပြုခဲ့ခြင်းပင်ဖြစ်ပေမည်။
အကြီးအကဲရှင်းက ရယ်ပြုံးရင်းပြောဆိုလိုက်၏။
"မင်း...ဒီအဖိုးကြီး လာရတဲ့ရည်ရွယ်ချက်ကို ခန့်မှန်းဖို့ မကြိုးစားစမ်းနဲ့"
အပြစ်ပေးခန်းမအကြီးအကဲသည် အချိန်တခဏကြာတွေဝေသွားပြီးနောက် သူ၏အကြည့်သည် တောင်ထိပ်ပေါ်၌ မတ်တတ်ရပ်နေသော တခြားအစေခံတပည့်များပေါ်သို့ ကျရောက်သွားသည်။
"ဖြစ်နိုင်တာတော့ တခြားအကြီးအကဲတွေရဲ့မျိုးဆက်တွေများ ဖြစ်နေမလား...မဖြစ်နိုင်ဘူး...ငါ့သားရဲ့အရည်အချင်းက သေချာပေါက် သူတို့အားလုံးရဲ့အထက်မှာရှိတယ်"
အပြစ်ပေးခန်းမအကြီးအကဲက တိတ်တဆိတ်တွေးတောနေပေ၏။
"နောက်ထပ်ပြိုင်ပွဲက....နတ်ဆိုးမှော်သားရဲအကဲဖြတ်ခြင်း"
အပြင်စည်းအကြီးအကဲက လက်ခုပ်တီးလိုက်ရာတွင် အစေခံတပည့်တချို့က လှောင်အိမ်များအပြည့်တင်ထားသော လှည်းများကိုတွန်း၍ရောက်ရှိလာသည်။
ထိုလှောင်အိမ်များသည်အလွန်လေးလံပုံရပြီး အစေခံတပည့်များသည် ကျင့်ကြံသူများဖြစ်နေသည့်တိုင် ၎င်းတို့ကို နှစ်ယောက်မပြီး အောက်သို့ချရသည်။
"ဒါတွေက အသူရာကြေးချွတ်သန့်စင်ဘုံက နတ်ဆိုးမှော်သားရဲတွေပဲ...မင်းတို့တစ်ယောက်ချင်းစီအတွက် လှောင်အိမ်တစ်လုံးစီ စီစဥ်ပေးထားတယ်...လှောင်အိမ်ထဲမှာ အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းစာအချိန်ထိနေနိုင်တာနဲ့...နောက်တစ်ဆင့်ကို မင်းတို့ တက်လှမ်းနိုင်ပြီ"
အစေခံတပည့်များက လှောင်အိမ်များအား ဖုံးလွှမ်းထားသော အနက်ရောင်အဝတ်စများကို ဆွဲချလိုက်ကြသည်။
အနက်ရောင်အဝတ်စများ ဖယ်ရှားပြီးသည်နှင့် နားအူလုမတက် ဟိန်းဟောက်သံများ ထွက်ပေါ်လာပေသည်။
လှောင်အိမ်များအတွင်း၌ ပိတ်လှောင်ခြင်းခံထားရသော ဧရာမနတ်ဆိုးသားရဲများရှိနေပြီး ၎င်းတို့က အစွယ်များကိုဖြဲကာ အဆက်မပြတ်ဟိန်းဟောက်နေကြ၏။
ထိုနတ်ဆိုးမှော်သားရဲများ၏မျက်လုံးများသည် နီမြန်းနေပြီး ၎င်းတို့၏အသက်ရှုသံများတွင် ဒေါသအငွေ့အသက်များပါဝင်နေသည်။
"ဒါက တကယ့်ကို အသူရာကြေးချွတ်သန့်စင်ဘုံက နတ်ဆိုးမှော်သားရဲတွေပဲ...ကောလဟာလတွေအရတော့ အဲ့ဒီသားရဲတွေက ငရဲစွမ်းအင်တွေရဲ့သက်ရောက်မှုဒဏ်ကို ခံခဲ့ရတဲ့အတွက်...သူတို့မှာ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းမရှိဘူးဆိုပဲ"
"ငါ အသူရာကြေးချွတ်သန့်စင်ဘုံကို တစ်ခါရောက်ဖူးတယ်...အဲ့ဒီနေရာက နတ်ဆိုးမှော်သားရဲတစ်ကောင်ဆိုရင် လူသားတွေရဲ့ဦးခေါင်းတွေကို စုဆောင်းရတာကို နှစ်သက်တယ်...သူက လူဦးခေါင်းခွံတွေနဲ့တောင်ကုန်းတစ်ကုန်းပုံစံလုပ်ထားတာကို ငါ့မျက်လုံးနဲ့ကိုယ်တိုင်မြင်တွေ့ခဲ့ရတယ်"
နတ်ဆိုးမှော်သားရဲများကို မြင်တွေ့ပြီးနောက် လူအများစု၏မျက်နှာများပေါ်တွင် ကြောက်ရွံသောအမူအယာမျိုး ထင်ဟပ်လာသည်။
"အမှတ်စဥ်အတိုင်းသွားမယ်...ပထမဆုံးတစ်ယောက်"
ထိုအသံနှင့်အတူ အစေခံတပည့်တစ်ယောက်က ကြောက်ရွံထိတ်လန့်နေသောပုံစံဖြင့် ထွက်လာပေသည်။
အနက်ရောင်အဝတ်စများကို ဖယ်ရှားပြီးဖြစ်သဖြင့် လှောင်အိမ်အတွင်း၌ မည်သို့ဖြစ်ပျက်နေသည်ကို လူအများက ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်ပေ၏။
လှောင်အိမ်အတွင်း၌ရှိနေသည်က ကြမ်းကြုတ်ရက်စက်ပုံရသော ကြိုးကြာရိုင်းတစ်ကောင်ပင်။သာမာန်ကြိုးကြာရိုင်းများနှင့်မတူညီသည်က ဤနတ်ဆိုးမှော်ကြိုးကြာရိုင်းသည် မတ်မတ်ရပ်လို၇်ချိန်တွင် သစ်ပင်တစ်ပင်မျှအရွယ်အစားရှိသည်။
၎င်း၏အမွှေးအတောင်များမှာ အဖြူဆွတ်ဆွတ်ဖြစ်ရမည့်အစား အနီရောင်အစင်းကြောင်းများ ရောယှက်နေရာ ကြမ်းကြုတ်ရက်စက်ပြီး ထိတ်လန့်ကြောက်ရွံဖွယ်ကောင်းသော ပုံပန်းသွင်ပြင်ကို ပေးစွမ်းနိုင်သည်။
"သာလွန်ဓားချီ...."
အစေခံတပည့်က အံ့တင်းတင်းကြိတ်ပြီး သူ၏ဓားကို ဆွဲထုတ်လိုက်သည်။သူက ဓားချီတစ်လှိုင်းကို နတ်ဆိုးမှော်ကြိုးကြာရိုင်းထံ ဦးတည်၍ ရိုက်ထုတ်လေ၏။
စွပ်ဟူသောအသံနှင့်အတူ ဓားချီလှိုင်းသည် နတ်ဆိုးမှော်ကြိုးကြာရိုင်း၏သားမွှေးကို ထိုးဖောတ်ဝင်သွားသော်လည်း ၎င်းအားနာကျင်စေပုံမရချေ။
"ဂီး...ဂီး..."
နတ်ဆိုးမှော်ကြိုးကြာရိုင်းသည် ဒေါသထွက်သွားပုံရသည်။၎င်းက အတောင်ပံများကို ပြင်းပြင်းထန်ထန်ခတ်ပြီး ၎င်း၏ပါးစပ်ကြီးကိုဖွင့်ဟကာ အစေခံတပည့်ထံသို့ ပြေးဝင်ပြီးတိုက်ခိုက်လေသည်။
အစေခံတပည့်၏ဓားချီလှိုင်းများသည် နတ်ဆိုးမှော်ကြိုးကြာရိုင်း၏ရှေ့တွင် အသုံးဝင်ပုံမရဘဲ တစ်ချက်ကိုက်ဖြတ်ခံရသည်နှင့် ပျယ်ပြယ်သွားပေ၏။
ခရက်....
အစေခံတပည့်၏စိတ်နှလုံးသား တုန်ရီသွားပြီး သူက ထိတ်လန့်တကြား အော်ဟစ်လိုက်၏။
"ငါ အရှုံးပေးတယ်"
ဝှစ်....
အနက်ရောင်လူရိပ်တစ်ရိပ်က သူ့အား လှောင်အိမ်အတွင်းမှ ဆွဲထုတ်သွားလေ၏။နတ်ဆိုးမှော်ကြိုးကြာရိုင်းသည် လေဟာနယ်ကိုသာခုန်အုပ်မိပြီးနောက် ရူးသွပ်လုနီးပါးဖြစ်နေကာ လှောင်အိမ်အား အပြင်းအထန်ရိုက်ခတ်နေတော့သည်။
"ငါ့....ငါ့ရဲ့လက်ကျိုးသွားပြီ"
ရုတ်ချည်းဆိုသလိုပင် ကယ်ထုတ်ခြင်းခံထားရသော အစေခံတပည့်က ထိတ်လန့်တကြားအော်ဟစ်လိုက်၏။
သူ၏ဓားကိုင်ထားသော ယာဘက်လက်သည် နတ်ဆိုးမှော်ကြိုးကြာရိုင်း၏အပြင်းအထန်ရိုက်ခတ်ခြင်းကို ခံရမှုကြောင့် သွေးများယိုစီးကျနေနေပေသည်။
တခြားသူများသည် ကူကယ်ရာမဲ့စွာဖြင့် သူတို့၏စိတ်နှလုံးသားအတွင်းမှ တုန်ရီလာမှုကို ခံစားနေရသည်။