အခန်း (၆၈၁-၆၈၅)
Vol. 37 Ch. 681-685
Chapter 681
"မင်း....ဟူး...."
ယုဝေက သက်ပြင်းချလိုက်၏။
ဤနေရာသို့ သူ ရောက်မလာမီတုန်းက သူ၏ဆရာသခင်သည် အပြင်စည်းတပည့်တစ်ယောက်ကို မည်သည်ကြောင့် တပည့်အဖြစ်လက်ခံလိုသည်ကို အံ့အားသင့်နေမိသော်လည်း သူ့ဆရာသခင်၏ဆန္ဒကို ဖြည့်ဆည်းပေးရန်သာ ကြံရွယ်ခဲ့သည်။
သူ ဤနေရာသို့ရောက်လာပြီးနောက် ဆရာသခင်က တပည့်အဖြစ် လက်ခံမည်ဟူသော အမိန့်ကိုဖတ်ကြားပြီးသည်နှင့် ထိုအပြင်စည်းတပည့်သည် ချက်ချင်း သဘောတူညီလိုက်မည်ဟုသာ တွေးထင်ခဲ့၏။
သို့ရာတွင် သူ ငြင်းဆန်ခံရမည်ဟု မည်သည့်အချိန်ကမျှ တွေးထင်မထားခဲ့ချေ။
ဂုဏ်သိက္ခာကြီးမြင့်သော အဆင့်မြင့်အကြီးအကဲတစ်ယောက်၏ တပည့်ဖြစ်ရန်ကို ငြင်းဆန်သည့် တစ်စုံတစ်ယောက်က အမှန်တကယ်ကို ရှိနေသည်။အကယ်၍ သူ တခြားသူများကို ပြောပြပါက မည်သူမျှ ယုံကြည်မည်မဟုတ်ချေ။
သို့သော် ယခုလက်ရှိအချိန်တွင်မူ ဤကိစ္စက လူအများရှေ့၌ ဖြစ်ပွါးခဲ့ခြင်းဖြစ်သည်။
ယုဝေက သူ၏ခေါင်းကို ခါယမ်းလိုက်၏။
"မင်းက ခေါင်းမာနေမှတော့...ငါ ဘာမှ ထပ်မပြောလိုတော့ဘူး...မင်းသိလား...မင်း အနာဂတ်မှာ အတော်ဆုံးတစ်ယောက်ဖြစ်ပါစေလို့ ငါ ဆုတောင်းပေးတယ်"
ယုဝေ၏စိတ်နှလုံးသားကမူ အနည်းငယ်မသက်မသာ ခံစားနေရ၏။သို့ရာတွင် လုယွီသည် နတ်ဘုရားအဆင့်ဝင်္ကပါပညာရှင်၏ကမ်းလှမ်းမှုကိုပင် ငြင်းဆန်ခဲ့လေရာ ယုဝေက များစွာမခံစားရတော့ချေ။
"မိုက်မဲလိုက်တာ....ငါ အနာဂတ်ကို စောင့်ကြည့်အုံးမယ်....အဆင့်မတူညီတဲ့သူတွေရဲ့သင်ကြားမှုမှာ ကွာဟချက်ဘယ်လောက်ကြီးမားတယ်ဆိုတာ မင်း သိလာလိမ့်မယ်"
ယုဝေက သူ၏ခေါင်းကိုခါယမ်းပြီး လုယွီအကြောင်းအား မေ့ပစ်လိုက်တော့သည်။
သူတို့နှစ်ယောက်ကြားတွင် ထပ်မံ၍ ဆက်ဆံစရာအကြောင်းမရှိတော့သည်မှာ သိသာထင်ရှားပေ၏။
စုန့်ဟန်က နောက်ဆုံးမှသာ အသက်ဝဝရှုနိုင်တော့သည်။အစောပိုင်းက သူ ကြောက်ရွံနေခဲ့သော်လည်း ယခုလက်ရှိအချိန်၌မူ သူ၌ ကြောက်ရွံစိတ်မရှိတော့ချေ။
လုယွီက ပိုင်ဆုချင်နှင့် မည်သို့သိကျွမ်းခဲ့သည်ကို သူ မသိသော်လည်း သူ ဂရုမစိုက်ချေ။
ပိုင်ဆုချင်သည် အတွင်းစည်းအကြီးအကဲအသစ်တစ်ယောက်သာဖြစ်ပြီး သူ၏ဖခင် အပြစ်ပေးခန်းမအကြီးအကဲ၏အဆင့်အားမီရန် အလှမ်းကွာဝေးပေသည်။မည်သို့ပင်ဆိုစေကာမူ သူ လုယွီအား နှိမ့်ချခွင့်ရပေမည်။
"ကောင်းလိုက်တာ...နိမ့်ကျတဲ့ကောင်ကတော့ ဘယ်လိုပဲနေနေ နိမ့်ကျတဲ့ကောင်ပဲဖြစ်နေမှာပဲ...အခွင့်အရေးကြီးက မင်း ရှေ့ကိုရောက်လာတာတောင် တန်ဖိုးထားရကောင်းမှန်းမသိဘူး"
စုန့်ဟန်က သရော်တော်တော် ပြောဆိုလိုက်၏။
ယခုလက်ရှိချိန်တွင် လုယွီက နတ်ဘုရားအရှင်သခင်နှင့်မဟာအကြီးအကဲတို့၏ ကမ်းလှမ်းချက်ကို ငြင်းပယ်ထားခဲ့သည်။သူက အခွင့်အရေးကောင်းကြီးများကို လက်လွှက်လိုက်ရုံသာမက ထိုအင်အားစုနှစ်စုနှင့် ရန်ဘက်ဖြစ်သွားစေရန်လည်း သူကိုယ်သူဖန်တီးခဲ့ခြင်းဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ အကြီးအကဲနှစ်ယောက်အား လူအများရှေ့တွင် ငြင်းပယ်လိုက်ခြင်းက သူတို့အား ပါးဖြတ်ရိုက်လိုက်သည်နှင့် တူညီပေ၏။
အပြင်စည်းတပည့်တစ်ယောက်က ချောင်းတစ်ချက်ဟန့်ပြီး ပြောဆိုလေသည်။
"မင်းတို့အားလုံးမှာ သွားစရာနေရာကိုယ်စီရှိနေမှတော့....ကျေးဇူးပြုပြီး အတွင်းစည်းတပည့်တွေနောက် လိုက်သွားပေးပါ"
စုန့်ဟန်က အချိန်တခဏကြာတွေဝေနေပြီးမှ လုယွီအား ရန်စလိုသောအကြည့်ဖြင့် ကြည့်လိုက်သည်။
"ထားလိုက်တော့မယ်...နောက်ပိုင်းကျရင် ငါ မင်းကိုသတ်ဖို့ အခွင့်အရေးရှိလာမှာပါ...ဒီနေ့တော့ ငါ မင်းကို အလွတ်ပေးလိုက်မယ်"
လုယွီက ရုတ်တရက် စုန့်ဟန်ထံသို့ လျှောက်လှမ်းသွားလေသည်။
"ဘာလဲ...ပြဿနာရှိလို့လား"
စုန့်ဟန်က အထင်သေးသောလေသံဖြင့် ပြောဆိုလိုက်၏။
ရုတ်ချည်းဆိုသလိုပင် စုန့်ဟန်က လေထဲမြောက်တက်သွားခြင်းကို ခံစားမိသည်။
လုယွီက စုန့်ဟန်အားအင်္ကျီဂုတ်မှဆွဲ၍ အေးစက်တင်းမာသောလေသံဖြင့် ပြောဆိုလေသည်။
"ငါ့ကိုလာပြီး အနှောက်အယှက်မပေးနဲ့လို့ မင်းကိုငါ ပြောမထားဘူးလား"
"ငါ့ကို လွှက်ပေးစမ်း"
စုန့်ဟန်က အသည်းအသန်ရုန်းကန်နေသော်လည်း လုယွီ၏လက်အတွင်းမှ လွတ်မြောက်နိုင်ခြင်းမရှိချေ။
"ကောင်းတယ်...ကောင်းတယ်...မင်းလို သဘာဝလွန်စွမ်းအင်နယ်ပယ်အမှိုက်ကောင်ကများ....ငါရှေ့မှာလာပြီး ရိုင်းပျဝံ့တယ်ပေါ့...မင်း သေချင်နေတာလား"
ရုတ်ချည်းဆိုသလိုပင် စုန့်ဟန်၏နောက်မှနေ၍ အလွန်ကြီးမားသောဓမ္မရုပ်ထုပုံရိပ်ကြီး ထွက်ပေါ်လာခဲ့သည်။
ထိုဓမ္မရုပ်ထုကြီး၏လက်အတွင်း၌ ဓားရှည်တစ်ချောင်းကို ကိုင်ဆောင်ထားပြီး 'ဝှစ်'ဟူသောအသံနှင့်အတူ လုယွီအား ခုတ်ပိုင်းလိုက်၏။
"ငရဲကိုသွားစမ်း"
စုန့်ဟန်၏ဓမ္မရုပ်ထုကြီးမှ ဓားချက်သည် လုယွီထံသို့ ကျရောက်လုဆဲဆဲပင်။
ထိုအချိန်မှာပင်...
လုယွီက သူ၏တခြားလက်တစ်ဖက်ကိုဆန့်ထုတ်ပြီး သူထံဝင်လာသောဓားရှည်ကို သူ့လက်ချောင်းနှစ်ချောင်းကြား၌ ညှပ်ထားလိုက်၏။
"ဘာ..."
စုန့်ဟန်၏စိတ်နှလုံးသားတစ်ခုလုံး တုန်ရီသွားသည်။
သူက ကျီးချန်ယွီအား ဓားဖြင့်ခုတ်ပိုင်းလိုက်ချိန်တွင် လုယွီက သူ၏ဓမ္မရုပ်ထုမှဓားရှည်ကို ဖျက်ဆီးပစ်ခဲ့ခြင်းကို ချက်ချင်းပင် သူ အမှတ်ရသွားခဲ့သည်။
ဘန်း...
လုယွီ၏အသာအယာ အားစိုက်လိုက်မှုနှင့်အတူ စုန့်ဟန်၏ဓမ္မရုပ်ထုမှဓားရှည်သည် ရုတ်တရက် ပေါက်ကွဲသွားတော့သည်။
ထို့နောက် လုယွီက စုန့်ဟန်၏ရင်အုပ်အား အသာအယာရိုက်ပုတ်လိုက်၏။
စုန့်ဟန်၏ရင်အုပ်မှ ခပ်အုပ်အုပ်အသံတစ်သံ ထွက်ပေါ်လာသည်။
စုန့်ဟန်က နောက်သို့လွင့်ထွက်သွားပြီး မြေပြင်နှင့် အပြင်းအထန်ရိုက်ခတ်မိရာတွင် မြေပြင်၌နက်ရှိုင်းသောကျင်းကြီး ဖြစ်ပေါ်သွားပေ၏။
လုယွီက ခြေလှမ်းရှေ့တိုးပြီး သူ၏ခြေထောက်ကို စုန့်ဟန်၏ဝမ်းဗိုက်ပေါ်သို့ တင်လိုက်သည်။စုန့်ဟန်က ပြင်းထန်သောခွန်အားဒဏ်အါး တောင့်ခံနိုင်စွမ်းမရှိချေ။
"ဖူး..."
သူ၏ပါးစပ်မှနေ၍ သွေးတစ်လုတ် ပန်းထွက်လာပေသည်။
"မင်းရဲ့အရည်အချင်းတွေအားလုံးကို မင်းက ပါးစပ်နဲ့ပဲ အသုံးချတက်တာလား"
လုယွီက တည်ငြိမ်စွာ ပြောဆိုလေသည်။
Chapter 682
တွင်းနက်ကြီးအတွင်းမှစုန့်ဟန်သည် အထက်သို့ပြန်မတက်နိုင်သဖြင့် သူ့အား နိုင်ထက်စီးနင်းပြုမူခံရသကဲ့သို့ ခံစားမိသည်။သူက အော်ဟစ်ကြုံးဝါးပြီး တွင်းနက်ကြီးအတွင်းမှ ထွက်လိုသော်လည်း လုယွီ၏ခွန်အားသည် တောင်ကြီးတစ်လုံးကဲ့သို့ သူအပေါ်ဖိထားသဖြင့် သူ မလှုပ်ရှားနိုင်ချေ။
"မင်း သေချင်နေတာလား"
စုန့်ဟန်၏အသံသည် မိုးခြိမ်းသံတမျှ ကျယ်လောင်လှ၏။
ဘန်း...
လုယွီ၏ခြေထောက် ထပ်မံ၍ကျဆင်းသွားပြီးနောက် စုန့်ဟန်က သွေးတစ်လုတ်အန်ထုတ်လိုက်ရသည်။
ဤနေရာပတ်ဝန်းကျင်၌ ယခုကိစ္စကို စောင့်ကြည့်နေသော လူအမြောက်အများရှိနေသည်။
စုန့်ဟန်သည် သူကိုယ်သူ ပါရမီရှင်တစ်ယောက်ဟုဆိုကာ သွေးနားထင်ရောက်နေသူဖြစ်သည်။သူနှင့်မျိုးဆက်တူလူငယ်များအနက်တွင် သူ့အားယှဥ်ပြိုင်နိုင်သောလူဟူ၍ အနည်းစုသာရှိပေသည်။သို့သော် ယခုလက်ရှိချိန်တွင်မူ လုယွီက သူ့အား ခြေဖြင့်ကန်ကျောက်ထားမှုကြောင့် သူ မတ်တတ်ပင်ရပ်နိုင်စွမ်းမရှိချေ။
"ငါ...."
ဘန်း...ဘန်း...ဘန်း...
"ရပ်တော့....ရပ်လိုက်ပါတော့"
စုန့်ဟန်သည် သူ၏နတ်ဘုရားစမ်းရေအိုင် အက်ကွဲစပြုလာခြင်းကို ခံစားမိသည့်အတွက် သူက ထိတ်လန့်တကြား အော်ဟစ်လိုက်၏။
ယခုလက်ရှိအချိန်၌ သူ၏ပုံပန်းသွင်ပြင်က အလွန်ဆိုးရွားနေသည်။သူ၏ကိုယ်တွင်းကလီစာများမှလည်း လုယွီ၏ခြေကန်ချက်ကြောင့် သွေးများယိုစီးနေကာ မြေပြင်ပေါ်၌ လူးလှိမ့်နေရ၏။
ဤနေရာရှိ လူအများက လုယွီကိုကြည့်ပြီး အနည်းငယ်ကြောက်ရွံစိတ်ဝင်နေကြသည်။
သို့ရာတွင် ဟယ်ချင်းချင်းတို့လူစုကမူ မည်သို့မျှမခံစားရချေ။
"စုန့်ဟန်က စိတ်ကြီးဝင်ဖို့ပဲသိတဲ့ကောင်...တကယ်တမ်းတော့ သူ့ရဲ့အခြေခံက မခိုင်မာဘူး...ဟိုကောင်လေးက စုန့်ဟန်ကို လွယ်လွယ်ကူကူရိုက်နှက်နိုင်မှတော့ အရည်အချင်းရှိတယ်လို့ ပြောလို့တော့ရတယ်...ဒါပေမယ့် သိက်အထင်ကြီးစရာမရှိပါဘူး"
ဟယ်ချင်းချင်းတို့လူစုက သူတို့ရှေ့ရှိမြင်ကွင်းကို အထင်အမြင်သေးပုံဖြင့် ကြည့်နေကြ၏။
သူတို့အားလုံးသည် ဓမ္မရုပ်ထုနယ်ပယ်ကျင့်ကြံသူများဖြစ်သော်လည်း သူတို့က စုန့်ဟန်နှင့်မတူညီဘဲ မြောက်များစွာသောတိုက်ပွဲအတွေ့အကြုံများကို ဖြတ်သန်းခဲ့ရသည်။
"နောက်တစ်ခါ ငါနဲ့တွေ့ရင်...မင်း ပါးစပ်ကိုပိတ်ထား"
လုယွီက သူ၏ခြေထောက်ကိုပြန်ရုတ်သိမ်းပြီး ကျီးချန်ယွီနှင့်အတူ ထွက်ခွါခဲ့တော့၏။
လူအုပ်ကြီးသည်လည်း လူစုကွဲသွားလေပြီ။
ဟယ်ချင်းချင်းတို့လူစုသည် သူတို့နှင့်သက်ဆိုင်ရာ တောင်များဆီသို့ သတင်းပို့ရန်အလုပ်ရှုပ်နေကြ၏။မည်သူကမျှ တွင်းနက်ကြီးအတွင်းရှိ စုန့်ဟန်အား အာရုံမစူးစိုက်ကြချေ။
အချိန်အတော်ကြာမှသာလျှင် တွင်းနက်ကြီးအတွင်းမှ စုန့်ဟန်က မတ်တတ်ထရပ်နိုင်ခဲ့သည်။
"ကောင်လေး...ငါ မင်းကို ပြင်းပြင်းထန်ထန်နှိပ်စက်ချင်တယ်...ဒီလေါကကြီးထဲမှာ အသက်ရှင်နေရတာကိုတောင် မင်း နောင်တရအောင် ငါ လုပ်ပြမယ်"
စုန့်ဟန်၏အမူအယာသည် ရှုံမဲ့နေပြီး သူ၏မျက်လုံးများ၌ နာကျည်းမုန်းတီးမှုအရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။
.....
အပြင်စည်းခန်းမ၏ပြင်ပ၌...
လုယွီသည် ကျီးချန်ယွီအား နှုတ်ဆက်ပြီးနောက် ပိုင်ဆုချင်၏နေရာဖြစ်သော အဖြူရောင်ကြိုးကြာတောင်ထိပ်၏တည်နေရာကို မေးမြန်းစုံစမ်းလိုက်၏။
လင်ရှောင်းဂိုဏ်းသည် တောင်တန်းများအကြား၌ တည်ရှိသည်။နတ်ဘုရားအဆင့်ဝင်္ကပါပညာရှင်သည် လင်ရှောင်းဂိုဏ်း၏ကျယ်ပြန့်သောနယ်မြေဧရိယာကို အသေးစိတ်ခွဲခြမ်းထားပေ၏။
လင်ရှောင်းဂိုဏ်း၌ အတွင်းစည်းအကြီးအကဲများ အပိုင်စားရသော တောင်ထိပ်ရာပေါင်းများစွာရှိသည်။အကယ်၍ အတွင်းစည်းတပည့်တစ်ယောက်သည် ပင်မတပည့်ဖြစ်လာပါက သူတို့က သက်ဆိုင်ရာတောင်ထိပ်သို့သွား၍ ကျင့်ကြံနိုင်ပေသည်။
လုယွီက ကြိုးကြာဖြူတောင်ခြေသို့ရောက်သည်နှင့် ဤနေရာရှိစိတ်ဝိညာဥ်စွမ်းအင်များသည် အလွန်ထူထပ်သိပ်သည်းကြောင်းကို ခံစားမိသည်။
လင်ရှောင်းဂိုဏ်း၏တောင်ခြေရှိ အစေခံတပည့်များနေရာမှ စိတ်ဝိညာဥ်စွမ်းအင်များသည် ဤနေရာနှင့်နှိုင်းယှဥ်ပါက အဆပေါင်းတစ်ရာမက ပို၍နည်းပါးပေသည်။
ကျင့်ကြံမှုအရှိန်နှုန်းအား အဆတစ်ရာမြန်ဆန်စေမည်ဖြစ်သဖြင့် မြောက်များစွာသောတပည့်များသည် ပင်မတပည့်ဖြစ်လိုကြခြင်းပင်။
"ရပ်လိုက်စမ်း...ဒီနေရာက ကြိုးကြာဖြူတောင်...ဘယ်သူကိုမှ ဝင်ခွင့်မပြုဘူး"
လုယွီက တောင်ပေါ်သို့တက်လိုက်သည်နှင့် ကလေးမလေးတစ်ယောက်၏တားဆီးခြင်းကို ခံလိုက်ရသည်။
လုယွီက ထိုကလေးမလေးအား စိတ်ဝင်တစားကြည့်ရှုလိုက်၏။
ကလေးမလေးသည် ကျစ်ဆံမြှီးနှစ်ဖက်ခွဲကျစ်ထားပြီး သူမ၏ပြူးကျယ်ဝိုင်းစက်နေသော မျက်လုံးများဖြင့် လုယွီအား စူးစူးဝါးဝါးစိုက်ကြည့်နေပေသည်။သူမက သူမကိုယ်သူမ ကြောက်မက်ဖွယ်ကောင်းပုံပေါက်အောင် ကြိုးစားနေသော်လည်း သူမ၏ချစ်စဖွယ်အသွင်အပြင်က ရယ်စရာကောင်းနေသည်။
လုယွီက ခပ်သဲ့သဲ့အပြုံးနှင့် ပြောဆိုလိုက်၏။
"ငါက အကြီးအကဲပိုင်ဆုချင်ရဲ့တပည့်အသစ်ပါ...ကျေးဇူးပြုပြီး အကြောင်းကြားပေးပါအုံး"
"လှည့်ကွက်အဟောင်းကြီး လာပြန်ပြီလား...ငါ နင်ကိုပြောမယ်...ဒီလှည့်ကွက်ကြီးက ခေတ်နောက်ကျနေပြီ"
ကလေးမလေး၏နှုတ်ခမ်းက ဆူပုတ်နေပြီး သူမက လုယွီအား ယုံကြည်ပုံမရချေ။
ဟမ်...
လုယွီက အနည်းငယ်အံ့အားသင့်သွားပေ၏။ခေတ်နောက်ကျနေပြီဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။
"ချီအာ...နင် ကောင်းကောင်းမလေ့ကျင့်ပြန်ဘူးလား...ဘာလို့ တောင်အောက်ကိုဆင်းနေတာတုန်း"
နူးညံညင်သာသော မိန်းကလေးသံတစ်သံ ထွက်ပေါ်လာသည်။
ကလေးမလေးက ချက်ချင်းပင် ကြောင်ကိုတွေ့သွားသော ကြွက်တစ်ကောင်ကဲ့သို့ ကျယ်လောင်စွာအော်ဟစ်လိုက်၏။
"မကောင်းတော့ဘူး...အမရှို့ယွင် ငါ့ကိုရှာတွေ့သွားပြီ"
သူမက ချက်ချင်းပင် လုယွီအား စူးစိုက်ကြည့်နေပေသည်။
"အကုန်လုံး နင့်အပြစ်တွေချည်းပဲ...ငါ နင်ကို ပြောပြီးသားလေ...ငါတို့ကြိုးကြာဖြူတောင်ထိပ်ပေါ်ကို ယော်ကျားလေးတွေတက်လို့မရဘူးဆိုတာကို"
"ချီအာ..."
သွယ်လျလျလက်တစ်စုံက ကလေးမလေး၏နောက်မှ ရုတ်တရက်ထွက်ပေါ်လာပြီး သူမ၏မျက်နှာလေးအား ဖိထားလေ၏။
"အမရှို့ယွင်...ကျွန်မက အပြင်ကို ခဏလမ်းလျှောက်ထွက်တာပါ"
ကလေးမလေးက ဖမ်းဆီးထားခြင်းခံရသဖြင့် စိတ်မကြည်မသာဖြစ်နေပုံရသည်။
သူမက လုယွီအား ထပ်မံ၍စိုက်ကြည့်လိုက်၏။
"ဒါတွေအကုန်လုံးက သူကြောင့်ပဲ...သူက ကြိုးကြာဖြူတောင်ကတပည့်ယောင်ဆောင်ပြီး တောင်ပေါ်တက်ချင်နေတာ...အမရှို့ယွင်...သူ့ကိုသင်ခန်းစာပေးပေးပါ"
Chapter 683
လုယွီရှေ့ရှိမိန်းကလေးသည် ရိုးရှင်းပြီးတင့်တယ်သော အဝတ်အစားများကို ဝတ်ဆင်ထားပေ၏။
သူမ၏မျက်ခုံးများက တွန့်ကွေးနေပြီး လေသံသဲ့သဲ့ဖြင့် ပြောဆိုလေသည်။
"ဒီကတပည့်...ဒီနေရာက ကြိုးကြာဖြူတောင်ပါ...ငါတို့တောင်က ဘယ်တော့မှ အမျိုးသားတပည့်လက်မခံဘူး...ကျေးဇူးပြုပြီး တခြားနေရာကိုသွားပါ"
ထိုမိန်းကလေး၏အသံသည် အလွန်နူးညံညင်သာပြီး ကြားရသူအား စိတ်အေးချမ်းစေသောခံစားချက်မျိုး ပေးစွမ်းနိုင်သည်။
လုယွီက သူ့အားကောင်းမွန်စွာပြောဆိုဆက်ဆံသူများကို ယဥ်ကျေးသိမ်မွေ့စွာတုံ့ပြန်တက်သူဖြစ်သည်။သူက သူ့အင်္ကျီလက်မောင်းကြားရှိ အမိန့်စာကိုထုတ်ယူပြီး ပြောဆိုလိုက်၏။
"ဒါက အကြီးအကဲပိုင်ဆုချင်ရဲ့အမိန့်စာပါ"
"ဟင်...ဒါက ဆရာသခင်ရဲ့အမိန့်စာအစစ်လား...မဖြစ်နိုင်ဘူး...သူ အတုလုပ်ထားတာပဲဖြစ်မယ်"
ချီအာက လေးနက်သောအမူအယာဖြင့် ပြောဆိုလေသည်။
"ဘေးဖယ်...စကားမပြောစမ်းနဲ့"
မိန်းကလေးက ဒေါသတကြီးအော်ငေါက်ပြီး လုယွီ၏လက်အတွင်းမှ အမိန့်စာကိုယူကာ ဂရုတစိုက်ဖတ်ရှုလိုက်၏။
"ခုဏက ငါ ရိုင်းပျမိသွားတယ်...နင်က ကြိုးကြာဖြူတောင်ရဲ့အစစ်အမှန်တပည့်တစ်ယောက်ဖြစ်နေမယ်လို့ ငါ ထင်မထားခဲ့ဘူး...ငါရဲ့နာမည်က ဖန်ရှို့ယွင်...ဂျူနီယာမောင်လေးလုယွီ...ငါ့နောက်ကို လိုက်ခဲ့ပါ"
ဖန်ရှို့ယွင်က နူးညံသိမ်မွေ့စွာ ပြောဆိုလေသည်။
ချီအာ၏မျက်လုံးများက ပြူးကျယ်နေပေ၏။
"အမရှို့ယွင်...အမ မှားများမှားနေလား...ဘယ်လိုလုပ်ပြီး ဆရာသခင်က အမျိုးသားတပည့်လက်ခံမှာလဲ"
ကြိုးကြာဖြူတောင်သည် လင်ရှောင်းဂိုဏ်းအတွင်း၌ ကျော်ကြားသောနေရာတစ်နေရာဖြစ်သည်။တောင်တစ်ခုလုံးတွင်ရှိသော အကြီးအကဲများမှအစပြု၍ သာမာန်တပည့်များအထိ အမျိုးသမီးများသာဖြစ်ပေ၏။
ထို့ပြင် တောင်ပေါ်ရှိအမျိုးသမီးတိုင်းလိုလို ရုပ်ရည်ချောမောပြေပြစ်သူများဖြစ်သည့်အပြင် ပါရမီမြင့်မားသူများလည်းဖြစ်သည်။ထိုအခြင်းအရာကြောင့် အမျိုးသားတပည့်များက ကြိုးကြာဖြူတောင်မှတပည့်မများအား တွေ့ရှိခွင့်ရရန် အစွမ်းကုန်ကြိုးစားအားထုတ်ကြ၏။
ဖန်ရှို့ယွင်က ချီအာအား ပြစ်တင်စကားပြောဆိုလေသည်။
"ပြဿနာမရှာစမ်းနဲ့"
ဖန်ရှို့ယွင်နှင့်ချီအာက လုယွီကိုခေါ်ဆောင်ပြီး ကြိုးကြာဖြူတောင်ပေါ်သို့ တက်သွားကြသည်။
ဤနေရာရှိစိတ်ဝိညာဥ်စွမ်းအင်များသည် ပြင်ပလောကထက် ပို၍ထူထပ်သိပ်သည်းပေသည်။
လုယွီက ဤတောင်ပေါ်ရှိ စိတ်ဝိညာဥ်စွမ်းအင်များအား ပြင်ပသို့ယိုစိမ့်မသွားစေရန် တောင်တစ်ခုလုံးအားရစ်သိုင်းထားသော ဧရာမဝင်္ကပါကြီးတစ်ခုရှိနေခြင်းကို သတိပြုမိသည်။
အချိန်အတော်ကြာလမ်းလျှောက်ပြီးနောက် ကောင်းကင်ဘုံ၏ဥယျာဥ်အလား နေရာတစ်နေရာက သူ၏မျက်လုံးရှေ့၌ ထွက်ပေါ်လာပေ၏။
ဤနေရာရှိ ရှုမျှော်ခင်းများသည် အလွန်ပင်လှပသည်။တောင်တန်းကြီးများပေါ်၌ စိမ်းလန်းစိုပြေသော သစ်ပင်ကြီးများက မျက်စိတဆုံးပေါက်ရောက်နေသည်။ထို့ပြင် မျက်စိအာရုံကိုဖမ်းစားနိုင်သော ပန်းပွင့်ပင်လယ်ကြီးက လမ်းဘေးဝဲယာ၌ မြင်တွေ့နိုင်သည်။
ဖန်ရှို့ယွင်က ပြောဆိုလိုက်၏။
"ကြိုးကြာဖြူတောင်ပေါ်မှာ ပင်မတပည့် ခုနစ်ဆယ့်ကိုးယောက်ရှိတယ်...ငါတို့က နင်ကိုထည့်တွက်မယ်ဆိုရင် အယောက်ရှစ်ဆယ်အတိအကျပဲ...တပည့်တိုင်းလိုလို သူတို့ရဲ့ကိုယ်ပိုင်ခြံဝန်းထဲမှာပဲ ကျင့်ကြံကြတယ်"
ဖန်ရှို့ယွင်က သမင်ဖြူတောင်အတွင်းရှိ အိမ်တော်ကြီးငယ်များကို လက်ညှိုးညွှန်ပြီး လုယွီအား ရှင်းပြလေသည်။
ထိုအိမ်များသည် အလွန်အမင်းငြိမ်းချမ်းပုံရပြီး တိတ်ဆိတ်ငြိမ်သက်နေပေ၏။သို့ရာတွင် တချို့တပည့်မများက အိမ်များအတွင်းမှထွက်လာကြပြီး လုယွီအား စပ်စုချင်ဟန်ဖြင့် ကြည့်နေကြသည်။
"ကြိုးကြာဖြူတောင်ကို စတည်ထောင်ကတည်းက ဂိုဏ်းခေါင်းဆောင် တစ်ကြိမ်လာဖူးတာကလွဲရင် ဒီနေရာကို ဘယ်အမျိုးသားတပည့်မှ လာခွင့်မရှိဘူး...လူတွေက အရမ်းစပ်စုချင်ကြတယ်...မင်း ဂရုစိုက်နေပါ...ဒီနေရာမှာ မိန်းကလေးတွေကများပြီး ယော်ကျားသားဆိုလို့ မင်းတစ်ယောက်တည်းပဲရှိမှာ...ဘာကိုမှမဆင်မခြင်မလုပ်နဲ့"
ဖန်ရှို့ယွင်က ရယ်သွမ်းသွေးရင်းမှ ပြောဆိုလိုက်၏။
လုယွီက ခေါင်းညိမ့်ပြလေသည်။သူက ဤနေရာသို့ ကျင့်ကြံရန်အတွက် လာရောက်ခြင်းဖြစ်ပြီး တခြားကိစ္စများအတွက်မဟုတ်ချေ။သို့ရာတွင် လုယွီက သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းလိုက်သည်။
"အကြီးအကဲပိုင်ဆုချင်က ငါ့လိုယော်ကျားလေးတစ်ယောက်ကို တပည့်အဖြစ်ဘာလို့လက်ခံတာလဲလို့ မင်း မမေးဘူးလား"
ဖန်ရှို့ယွင်က ခေါင်းခါပြလေသည်။
"ငါက ဆရာသခင်ကိုယုံကြည်တယ်...သူက မှားယွင်းတဲ့ရွေးချယ်မှုကို ဘယ်တော့မှလုပ်မှာမဟုတ်ဘူး"
သူတို့က အလွန်လျှင်မြန်စွာဖြင့် ခန်းမကြီးတစ်ခုရှေ့သို့ ရောက်ရှိလာကြသည်။
ဤနေရာသည် ကြိုးကြာဖြူတောင်တစ်တောင်လုံး၏ အမြင့်မားဆုံးနေရာဖြစ်သည်။ယခုနေရာမှကြည့်လျှင် ကြိုးကြာဖြူတောင်တစ်တောင်လုံးအား ကွက်ကွက်ကွင်းကွင်း မြင်နိုင်ပေ၏။
ဖန်ရှို့ယွင်က ခန်းမရှေ့ရှိ ကြိုးကြာဖြူတစ်ကောင်၏ခေါင်းကိုပုတ်ပြီး ပြောဆိုလိုက်သည်။
"တပည့်တွေအားလုံးကို ခန်းမထဲမှာစုစည်းခိုင်းလိုက်...ငါတို့မှာ ဂျူနီယာမောင်လေးအသစ်တစ်ယောက်ရှိတယ်"
"တောင်ပေါ်မှာ ယော်ကျားလေးတပည့် လက်ခံတာလား...သူက တကယ်ယော်ကျားလေးလား"
ကြိုးကြာဖြူ၏ပါးစပ်ဖွင့်ဟပြီး ပြောဆိုလိုက်သောစကားသံသည် ကြည်လင်ပြတ်သားပြီး ချိုသာနေပေ၏။သူက လုယွီကို တစ်ချက်ကြည့်ပြီးသည်နှင့် သူ၏အတောင်ပံများကိုခတ်ကာ အဝေးသို့ပျံသန်းသွားတော့သည်။
"စိတ်ဝိညာဥ်သားရဲလား"
လုယွီက ကြိုးကြာဖြူအား ထပ်မံ၍ကြည့်လိုက်မိ၏။
ဤကဲ့သို့စိတ်ဝိညာဥ်သားရဲများသည် အလွန်အမင်းဥာဏ်ရည်မြင့်မားပြီး လူသားမျိုးနွယ်၏ဘာသာစကားကိုလည်း ပြောဆိုနိုင်ပေသည်။
ဖန်ရှို့ယွင်က ပြောဆိုလိုက်၏။
"ဒါက ဆရာသခင် မွေးမြူထားတာ...ဒါပေမယ့် သူက ချီအာနဲ့အနေများတယ်"
အမွှေးတိုင်တစ်တိုင်စာအချိန်မတိုင်မီမှာပင် ခန်းမကြီးတစ်ခုလုံး တပည့်များဖြင့် ပြည့်နှက်သွားတော့သည်။
ထိုတပည့်များအားလုံးသည် အမျိုးသမီးသာဖြစ်ပြီး တစုတစည်းတည်းရှိနေကြရာတွင် သူမတို့၏စိတ်လှုပ်ရှားမှုနှင့် ကျည်ကျည်ကျာကျာပြောဆိုနေသံများက ခန်းမတစ်ခုလုံးဆူညံနေသည်။
တပည့်မများ၏မျက်လုံးအကြည့်များက လုယွီပေါ်တွင်သာ အခိုင်အမာကျရောက်နေကြ၏။
"ဒါက ဆရာသခင်လက်ခံလိုက်တဲ့ အမျိုးသားတပည့်လား...သူကို ကြည့်ရတာ အရည်အချင်းရှိပုံလည်းမရဘူး"
ခရမ်းရောင်ဝတ်စုံဝတ်ဆင်ထားသော တပည့်မတစ်ယောက်က ပြောဆိုလိုက်သည်။
Chapter 684
ခရမ်းရောင်ဝတ်စုံနှင့်မိန်းကလေးက လုယွီအား ခြေဆုံးခေါင်းဆုံးကြည့်ရင်း..
"နင်ရဲ့ကျင့်ကြံဆင့်နယ်ပယ်က ဘယ်အဆင့်လဲ...ဘယ်လိုလုပ်ပြီး နင်ဆီမှာ ဘာစိတ်ဝိညာဥ်စွမ်းအင်လှုပ်ခတ်မှုမှ ရှိမနေတာလဲ"
လုယွီ၏မှော်စွမ်းအင်ထိန်းချုပ်မှုနည်းလမ်းသည် အလွန်ကောင်းမွန်သည်။ဥာဏ်အလင်းပွင့်နယ်ပယ်ကျင့်ကြံသူများပင်လျှင် လုယွီ၏ကျင့်ကြံဆင့်နယ်ပယ်အား ထွင်းဖောက်၍မြင်နိုင်မည်မဟုတ်ချေ။ထို့ပြင် လုယွီရှေ့ရှိ ခရမ်းရောင်ဝတ်စုံဝတ်မိန်းကလေး၏ကျင့်ကြံဆင့်နယ်ပယ်သည် ဓမ္မရုပ်ထုနယ်ပယ်ဖြစ်သည်။
"သဘာဝလွန်စွမ်းအင်နယ်ပယ်"
လုယွီက အမှန်အတိုင်းပြောဆိုလိုက်၏။
ခရမ်းရောင်ဝတ်စုံနှင့်မိန်းမပျို၏ မျက်လုံးများအတွင်း၌ အထင်အမြင်သေးသောအရိပ်အယောင်များ ထင်ဟပ်သွားသည်။
"သဘာဝလွန်စွမ်းအင်နယ်ပယ်ကျင့်ကြံဆင့်နဲ့များ....ငါတို့ကြိုးကြာဖြူတောင်ကိုလာပြီး စ်တ်ဝိညာဥ်စွမ်းအင်တွေကို နင်က ဝေစုယူချင်သေးတာလား"
ဖန်ရှို့ယွင်က မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
"ဂျူနီယာမောင်လေးက အခုမှရောက်လာတဲ့သူ...ရွှင်းယွင်...မရိုင်းပျနဲ့"
"အမှန်တော့ ကျွန်မက ရိုင်းပျတာမဟုတ်ပါဘူး...ဘယ်လိုပဲဖြစ်ဖြစ် ဒါက ဆရာသခင်ရဲ့ဆုံးဖြတ်ချက်လေ...ဒါပေမယ့် ကောင်းကင်နန်းတော်ပြိုင်ပွဲကြီးက မကြာခင်ကျင်းပတော့မယ်...စီနီယာအမ နင် သိရဲ့လား...ဒီတကြိမ်မှာ ငါတို့အောင်မြင်ခဲ့ရင် ကောင်းကင်ဘုံနယ်မြေကို သွားနိုင်လိမ့်မယ်"
ဝူရွှင်းယွင်က ဆက်လက်ပြောဆိုလေသည်။
"ကျွန်မတို့ရဲ့ကြိုးကြာဖြူတောင်မှာ စိတ်ဝိညာဥ်စွမ်းအင်တွေက အဖိုးတန်ရှားပါးတယ်...ပြီးတော့ ကျွန်မက ဓမ္မရုပ်ထုနယ်ပယ်အလယ်ဆင့်ကို မကြာခင်ဖြတ်ကျော်နိုင်တော့မှာ...ကျွန်မအတွက် စိတ်ဝိညာဥ်စွမ်းအင် အလုံအလောက်ရရှိဖို့က အရမ်းအရေးပါတယ်"
ဖန်ရှို့ယွင်က ထိုစကားကိုကြားချိန်တွင် အပျော်လွန်သွားပုံရသည်။
"ရွှင်းယွင်....နင်က ဓမ္မရုပ်ထုနယ်ပယ်နှောင်းပိုင်းအဆင့်ကို ရောက်တော့မှာလား"
တခြားမိန်းကလေးများကလည်း ဝူရွှင်းယွင်အား ကြည့်နေကြ၏။
ဤနေရာရှိလူအများစုသည် ဓမ္မရုပ်ထုနယ်ပယ်အလယ်ဆင့်ကျင့်ကြံသူများ ဖြစ်ပေ၏။
အကယ်၍သာ ဝူရွှင်းယွင်သည် ဓမ္မရုပ်ထုနယ်ပယ်နှောင်းပိုင်းအဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်ပါက သူမအား သက်တူရွယ်တူများကြား၌ ပါရမီရှင်တစ်ယောက်ဟု ယူဆနိုင်သည်။
ဝူရွှင်းယွင်က ခေါင်းမော့ပြီး စိတ်ကြီးဝင်နေသောလေသံဖြင့် ပြောဆိုလိုက်၏။
"ဒါက သာမာန်ပါပဲ...နောက်တစ်ပတ်လောက်ဆိုရင် ကျွန်မက ဓမ္မရုပ်ထုနယ်ပယ်နှောင်းပိုင်းအဆင့်ကို ချိုးဖျက်ဝင်ရောက်နိုင်ပြီ"
ဖန်ရှို့ယွင်က အချိန်တခဏကြာ တွေဝေသွားပြီးမှ သူမက ပြောဆိုလိုက်၏။
"ဒါဆိုရင် ဂျူနီယာမောင်လေးလုက ငါရဲ့လှိုဏ်ဂူကိုသွားပြီးလေ့ကျင့်ပါ...ငါလှိုဏ်ဂူက စိတ်ဝိညာဥ်စွမ်းအင်တွေနဲ့ နင် လေ့ကျင့်လို့ရတယ်"
"ဘာ....."
ချီအာက ကျယ်လောင်စွာ အော်ဟစ်ပြောဆိုလေသည်။
"စီနီယာအမ...သူက ယော်ကျားလေးတစ်ယောက်လေ...ဘယ်လိုလုပ်ပြီး သူက စီနီယာအမနဲ့အတူနေလို့ရမှာလဲ"
ဖန်ရှို့ယွင်က တည်ငြိမ်စွာ ပြောဆိုလိုက်၏။
"ဘယ်လိုပဲဖြစ်ဖြစ် ဒါက ကောင်းကင်နန်းတော်ပြိုင်ပွဲလေ...အခုလိုအချိန်မှာ ငါတို့ကြိုးကြာဖြူတောင်ရဲ့စိတ်ဝိညာဥ်စွမ်းအင်တွေက အဖိုးတန်ရှားပါးတယ်လို့ ယူဆနိုင်တယ်...ငါက ဓမ္မရုပ်ထုနယ်ပယ်နှောင်းပိုင်းအဆင့်ကိုရောက်နေတာ အချိန်အတော်ကြာနေပြီ....ပြီးတော့ ဥာဏ်အလင်းပွင့်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်နိုင်ဖို့ဆိုတာကလည်း လအနည်းငယ်အတွင်းမှာ ငါ့အတွက်မဖြစ်နိုင်သေးဘူး...ဒီစိတ်ဝိညာဥ်စွမ်းအင်တွေကို ငါ ဖြုန်းတီးမပစ်ဘဲနဲ့ ဂျူနီယာမောင်လေး ကျင့်ကြံဖို့အတွက်ပေးတာက ပိုကောင်းတယ်"
ချီအာက ဒေါသတကြီးဖြင့် လုယွီအား စူးစူးဝါးဝါးစိုက်ကြည့်နေသည်။
"ဒါတွေအားလုံးက နင်ရဲ့အပြစ်ပဲ...စီနီယာအမရှို့ယွင်က သူအသုံးပြုရမယ့် စိတ်ဝိညာဥ်စွမ်းအင်တွေ နင့်ကိုပေးရတော့မယ်"
ဝူရွှင်းယွင်က အေးစက်စက်နှာမှုတ်လိုက်သော်လည်း သူမက ထပ်မံ၍ငြင်းခုန်ခြင်းမပြုတော့ချေ။မည်သို့ပင်ဆိုစေကာမူ ဖန်ရှို့ယွင်၏စိတ်ဝိညာဥ်စွမ်းအင်များ ကုန်ဆုံးခြင်းသည် သူမနှင့် မည်သို့မျှမသက်ဆိုင်ပေ။
"မေ့လိုက်ကြတော့...ငါ ဒီနေရာကိုလာတာ စိတ်ဝိညာဥ်စွမ်းအင်တွေလိုချင်လို့ မဟုတ်ဘူး"
လုယွီက တည်ငြိမ်စွာဖြင့် ပြောဆိုလေ၏။
အစောပိုင်းက သူ လင်ရှောင်းဂိုဏ်းသို့ လာရသည့်အကြောင်းရင်းမှာ စိတ်ဝိညာဥ်စွမ်းအင်များလိုအပ်သောကြောင့်ဖြစ်သော်လည်း ယခုလက်ရှိအချိန်၌မူ သူ့အတွက် ကြိုးကြာဖြူတောင်မှ စိတ်ဝိညာဥ်စွမ်းအင်များ မလိုအပ်ချေ။
သူထံတွင် အကြီးအကဲရှင်းပေးအပ်ခဲ့သော ရေခဲလှိုဏ်ဂူအတွင်း၌ လေ့ကျင့်ခွင့်ရသော တံဆိပ်ပြားရှိနေသည်။ယခင်တုန်းက အနက်ရောင်လိပ်မင်းခန်းမသခင်သည် လင်ရှောင်းဂိုဏ်းအတွင်းမှ ရေခဲလှိုဏ်ဂူ၌စိတ်ဝိညာဥ်စွမ်းအင်များ ထူထပ်သိပ်သည်းမှုသည် တခြားတောင်ထိပ်များထက် အဆပေါင်းများစွာသာလွန်ကြောင်း လုယွီအား ပြောပြထားပြီးဖြစ်သည်။
ရေခဲလှိုဏ်ဂူအတွင်း၌ သူ ကျင့်ကြံသည်က ဤနေရာထက် ပို၍ကောင်းမည်မှာ သိသာထင်ရှားပေ၏။
ဝူရွှင်းယွင်က အေးစက်စက်နှာမှုတ်လိုက်၏။
"အနည်းဆုံးတော့ နင်က သဘောပေါက်လွယ်သားပဲ"
ဖန်ရှို့ယွင်က မျက်မှောင်အနည်းငယ်ကြုတ်ပြီး တည်ကြည်လေးနက်သောလေသံဖြင့် ပြောဆိုလေသည်။
"ဂျူနီယာမောင်လေး...နင်ရဲ့ကျင့်ကြံဆင့်က နည်းနည်းတော့နိမ့်ပါးနေတယ်...ကောင်းကင်နန်းတော်ပြိုင်ပွဲမတိုင်မီ နင်ရဲ့ကျင့်ကြံဆင့်နယ်ပယ်ကို တိုးတက်အောင်လုပ်ဖို့ နင်က အပြင်းအထန်ကြိုးစားသင့်တယ်"
လုယွီက တည်ငြိမ်စွာဖြင့် ပြောဆိုလေ၏။
"စီနီယာအမရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်...ဒါပေမယ့် ကျွန်တော် ကျင့်ကြံဖို့အတွက် နေရာကောင်းတစ်ခုရှိပြီးသားပါ"
"ဟမ့်...နင်မှာ တခြားသွားစရာနေရာရှိလို့လား...ငါ နင့်ကိုပြောမယ်...ငါတို့ကြိုးကြာဖြူတောင်မှာရှိတဲ့ စိတ်ဝိညာဥ်စွမ်းအင်တွေက အရမ်းအဖိုးတန်ရှားပါးတယ်...နင်က ယော်ကျားတစ်ယောက်ဖြစ်နေပြီး ရိုးရိုးသားသားနေတာ ပိုကောင်းလိမ့်မယ်...ဘာလှည့်ကွက်မှသုံးဖို့ မကြိုးစားနဲ့"
ဝူရွှင်းယွင်က ခနဲ့တဲ့တဲ့စကားကို ပြောဆိုလိုက်သည်။
လုယွီ၏မျက်နှာ သုန်မှုန်သွားသည်။ထိုမိန်းကလေးက အမှန်တကယ်ကိုပင် မောက်မာရိုင်းစိုင်းပေ၏။
"ငါ ဒီနေရာကို ရောက်ချိန်ကတည်းက...မင်းက စကားအရမ်းများတာပဲ...ငါ မင်းကို မေးပါရစေ...ကြိုးကြာဖြူတောင်ရဲ့စည်းမျဥ်းတွေကို မင်း ချမှတ်ထားတာလား"
လုယွီက သာမာန်ကာလျှံကာလေသံဖြင့် မေးမြန်းလေသည်။
ဝူရွှင်းယွင်က ခွန်းတုံ့ပြန်လိုသော်လည်း သူမက ရုတ်တရက် မည်သို့ပြောဆိုရမည်အား မသိရှိတော့ချေ။
လင်ရှောင်းဂိုဏ်းရှိ တောင်များအားလုံးမှစည်းမျဥ်းများကို အကြီးအကဲများက ချမှတ်ထားခြင်းဖြစ်သည်။ထိုကိစ္စများအားစွက်ဖက်ရန် သူမ၌ အရည်အချင်းမရှိချေ။
"ဒီနေရာမှာရှိတဲ့လူတွေက စိတ်ဝိညာဥ်စွမ်းအင်တွေ နင့်ထက်ပိုပြီးလိုအပ်တယ်ဆိုတာကို ငါ နင်ကိုသတိပေးချင်တာ...လူတွေက ကိုယ့်အကန့်အသတ်ကို ကိုယ်သိရတယ်"
"တကယ်လို့ ဒီနေရာက စည်းမျဥ်းက မင်း ချမှတ်ထားတာမဟုတ်ရင်...မင်းရဲ့ပါးစပ်ကိုပိတ်ထားလိုက်တော့"
လုယွီ၏အေးစက်စက်အသံက ထွက်ပေါ်လာပေ၏။
Chapter 685
"နင် ငါကို ဘယ်လိုမျိုးစကားပြောနေတာလဲ"
ဝူရွှင်းယွင်က လုယွီအား ဒေါသတကြီးဖြင့် စူးစူးဝါးဝါးစိုက်ကြည့်လိုက်သည်။
သူမက လင်ရှောင်ဂိုဏ်းအတွင်း၌ နှစ်ပေါင်းအတော်ကြာ နေထိုင်ပြီးသူဖြစ်ကာ ဂုဏ်သတင်းတချို့ရှိသူဖြစ်သည်။သို့ရာတွင် ဤနေရာ၌ ဂျူနီယာတစ်ယောက်၏အော်ငေါက်ခြင်း ခံရမည်ဟု သူမ မည်သည့်အချိန်ကမျှ မျှော်လင့်မထားခဲ့ချေ။
ဖန်ရှို့ယွင်က ချက်ချင်းပင် ကြားဝင်၍ဖျန်ဖြေလေ၏။
"မေ့လိုက်ကြတော့...ဒီကိစ္စကို ဒီမှါတင်ရပ်လိုက်ရအောင်...ဒီနေ့ ငါ နင်တို့ကို ခေါ်လိုက်ရတဲ့အကြောင်းရင်းက ဂျူနီယာမောင်လေးကို ကြိုဆိုဖို့ပဲ...ရွှင်းယွင်...နင် စကားကိုထိန်းပြောပါ"
လုယွီက နောက်ပြန်လှည့်ပြီး ခန်းမအတွင်းမှ ထွက်ခွါခဲ့တော့၏။သူ ဤနေရာ၌ ကြာရှည်နေလိုစိတ်မရှိချေ။
မည်သို့ပင်ဆိုစေကာမူ သူ၌ ရေခဲလှိုဏ်ဂူကဲ့သို့သော အလွန်ကောင်းမွန်သည့် ကျင့်ကြံခြင်းနေရာရှိနေသဖြင့် ဤနေရာတွင် သူ ဆက်လက်၍နေထိုင်ရန် အကြောင်းမရှိချေ။
"ဟင့်...ကျင့်ကြံဖို့နေရာမရှိဘဲနဲ့....နင့်လို သဘာဝလွန်စွမ်းအင်နယ်ပယ်ကျင့်ကြံသူတစ်ယောက်က ဘယ်လိုလုပ်ပြီး အောင်မြင်မှုရမှာလဲ"
ဝူရွှင်းယွင်က ခနဲ့တဲ့တဲ့စကားဆိုလေ၏။
ထိုအချိန်မှာပင် ဖန်ရှို့ယွင်၏မျက်လုံးများအတွင်း၌ စိတ်ရှုပ်ထွေးသောအရိပ်အယောင်များ ထင်ဟပ်လာပြီး သူက လုယွီထံသို့ လျှောက်လှမ်းသွားလေသည်။
"ဂျူနီယာမောင်လေး...ခဏစောင့်ပါဦး"
ဖန်ရှို့ယွင်က ရုတ်တရက် လုယွီအား တားဆီးလိုက်သည်။
လုယွီက နောက်သို့ပြန်လှည့်ကြည့်လိုက်၏။
"စီနီယာအမ....ဘာကိစ္စရှိလို့လဲ"
ဖန်ရှို့ယွင်က သူမ၏အင်္ကျီလက်မောင်းကြားမှ တံဆိပ်ပြားတစ်ခုကို ထုတ်ယူလေသည်။
"ဒီတံဆိပ်ပြားထဲမှာ ဂိုဏ်းအကျိုးဆောင်ရမှတ် တစ်သောင်းရှိတယ်....နင် ရေခဲလှိုဏ်ဂူမှာ ရက်နည်းနည်းလောက် လေ့ကျင့်ဖို့အတွက်လုံလောက်မှာပါ...ဒါကို အရင်ဆုံးယူထားလိုက်...ဘယ်လိုပဲဖြစ်ဖြစ် နင်ရဲ့လက်ရှိကျင့်ကြံဆင့်နယ်ပယ်က နိမ့်ပါးသေးတယ်...နင်ရဲ့ကျင့်ကြံဆင့်နယ်ပယ်တိုးတက်ဖို့အတွက် အချိန်ကိုအသုံးချတက်ဖို့ အရေးကြီးတယ်"
ပတ်ဝန်းကျင်နေရာတစ်ခုလေး၌ လေအေးတစ်ချက်ရှိုက်သွင်းလိုက်သော အသံများဖြင့် ပြည့်နှက်သွားသည်။
ဤှသည်က ဂိုဏ်းအကျိုးဆောင်ရမှတ်တစ်သောင်း ဖြစ်ပေ၏။
သူတို့ကဲ့သို့ ပင်မတပည့်များပင်လျှင် ဤမျှများပြားသော ဂိုဏ်းအကျိုးဆောင်ရမှတ်များကိုရရှိရန် အရေးကြီးသောဂိုဏ်းတာဝန်များကို ထမ်းဆောင်၍ အချိန်အတော်ကြာ စုဆောင်းရပေမည်။ဂိုဏ်းအကျိုးဆောင်ရမှတ်တိုင်းသည် တပည့်တိုင်းအတွက် အဖိုးတန်ရှားပါးပေ၏။
ဤကဲ့သို့အရေးပါသောအရာကို စီနီယာအမရှို့ယွင်က ယခုမှရောက်ရှိလာသောလူစိမ်းတစ်ယောက်ကို မည်သည်ကြောင့်ပေးလိုက်သနည်း။
လုယွီက တံဆိပ်ပြားကို တစ်ချက်ကြည့်လိုက်ရာတွင် သူက အနည်းငယ်အံ့အားသင့်သွားသည်။
ထိုတံဆိပ်ပြားသည် အကြီးအကဲရှင်း သူ့အားပေးထားသောတံဆိပ်ပြားနှင့် ဆင်သယောင်ရှိသည်။သို့ရာတွင် အကြီးအကဲရှင်း၏တံဆိပ်ပြားသည် အဖြူရောင်ကျောက်စိမ်းဖြင့်ပြုလုပ်ထားပြီး ၎င်းပေါ်ရှိအမှတ်အသားများသည် ပို၍ခမ်းနားထည်ဝါပြီးအနုစိတ်ဆန်ပေသည်။
လင်ရှောင်းဂိုဏ်းအတွင်းသို့မဝင်ရောက်မီ အနက်ရောင်လိပ်မင်းခန်းမသခင်က လုယွီအား ဂိုဏ်းအကျိုးဆောင်ရမှတ်များ တန်ဖိုးရှိကြောင်းကို ပြောပြထားပြီးဖြစ်သည်။
သာမာန်ပင်မတပည့်တစ်ယောက်အနေဖြင့် ဂိုဏ်းအကျိုးဆောင်ရမှတ်တစ်ထောင်ပြည့်ရန်ပင် မလွယ်ကူချေ။ဂိုဏ်းအကျိုးဆောင်ရမှတ်တစ်သောင်းဆိုလျှင် မည်မျှထိစုဆောင်းရမည်အား ထည့်ပြောရန်ပင်မလိုတော့ချေ။
ချီအာက မယုံကြည်နိုင်သောလေသံဖြင့် ပြောဆိုလိုက်၏။
"အမရှို့ယွင်...ဒါတွေကို သူ့ကို အမ ပေးပစ်လို့မရဘူးလေ...ဒီအမှတ်တွေနဲ့ အမရဲ့ကျင့်ကြံဆင့်တိုးတက်အောင် လေ့ကျင့်လို့ရတယ်"
"စကားထပ်မပြောနဲ့တော့"
ဖန်ရှို့ယွင်က ခေါင်းခါယမ်းပြလေသည်။
"အခုလက်ရှိချိန်မှာ ဂျူနီယာမောင်လေးက ငါ့ထက်ပိုပြီး ဂိုဏ်းအကျိုးဆောင်ရမှတ်တွေလိုအပ်တယ်"
ချီအာသည် ငိုကြွေးစပြုနေလေပြီ။ဖန်ရှို့ယွင်၏အကျင့်စရိုက်ကို သူမက ကောင်းစွာသိရှိထားသဖြင့် ဝူရွှင်းယွင်ဘက်သို့လှည့်၍ ပြောဆိုလိုက်သည်။
"အမရွှင်းယွင်....သူ့ကို တောင်ပေါ်မှာပဲ လေ့ကျင့်ခွင့်ပြုလိုက်ပါလား"
ဝူရွှင်းယွင်ကိုကြည့်ရသည်မှာ ဤကဲ့သို့အခြေအနေအား မျှော်လင့်ထားပုံမရချေ။
"သူဘာသူ ဘယ်နေရာမှာပဲ သွားပြီးလေ့ကျင့်နေပါစေ...ဒါက ငါနဲ့မဆိုင်ဘူး"
သူမက လုယွီကို အထင်အမြင်သေးဟန်ဖြင့်ကြည့်ရှုပြီး နောက်သို့ပြန်လှည့်ကာ ထွက်ခွါသွားတော့သည်။
လုယွီက ဤအချိန်၌ စိတ်ရှုပ်ထွေးလာသကဲ့သို့ ခံစားနေမိ၏။သူက တံဆိပ်ပြားကို ဖန်ရှို့ယွင်၏လက်အတွင်းသို့ပြန်ပေးပြီး တည်ကြည်စွာဖြင့် ပြောဆိုလိုက်၏။
"စီနီယာအမ...ဘာမှစိတ်မပူပါနဲ့...လင်ရှောင်းဂိုဏ်းထဲမှာ ကျွန်တော်ကို ကူညီမယ့်သူရှိပြီးသားပါ...ကျင့်ကြံဖို့ နေရာမရှိမှာကို စိုးရိမ်စရာမရှိပါဘူး"
သူ့အား ကူညီမည့်လူသည် အကြီးအကဲရှင်းဖြစ်ပေ၏။သို့ရာတွင် လုယွီက ဤကိစ္စကို လူအများကြား၌ ထုတ်ဖော်ပြောဆိုရန် ရည်ရွယ်ချက်မရှိပေ။
ဖန်ရှို့ယွင်က လုယွီအား ထပ်မံ၍ဖြောင့်ဖျပြောဆိုလိုသော်လည်း လုယွီက သူ၏မှော်လက်နက်အား ထိန်းချုပ်ကာ လေထုအတွင်းသို့ပျံဝဲ၍ ထွက်ခွါသွားပြီသာဖြစ်သည်။
ချီအာက အေးစက်စက်နှာမှုတ်လိုက်သည်။
"ဒီလူကြီးက တကယ်ကို ယဥ်ကျေးမှုမရှိတာပဲ...သူက နှုတ်တောင်ဆက်မသွားဘူး...ဒါပေမယ့် သူ ဘယ်တော့မှ ပြန်မလာတာပိုကောင်းလိမ့်မယ်...ကျွန်မက ကြိုးကြာဖြူတောင်ပေါ်မှာ ဘယ်ယော်ကျားသားကိုမှ မမြင်ချင်ဘူး"
လေထုအတွင်း၌ပျံဝဲနေသော လုယွီ၏မျက်နှာ၌ ပဟေဋ္ဌိဆန်သောအရိပ်အယောင်များ ထင်ဟပ်နေသည်။
လုယွီ ရုတ်တရက်ထွက်ခွါလာခဲ့ရသောအကြောင်းရင်းသည် သူ၏ခန္ဓာကိုယ်မှ လျှို့ဝှက်ဆန်းကြယ်သောထိုက်ကျိအမှတ်အသား တုန်ခါလာခြင်းကြောင့်ပင်။
ဤကဲ့သို့ကိစ္စမျိုးကို သူ၏အတိတ်ဘဝ၌ပင် မကြုံတွေ့ဘူးသဖြင့် သူ မည်ကဲ့သို့ထိန်းချုပ်ရမည်အား မသိချေ။
"ငါရဲ့ခန္ဓာကိုယ်က မှော်စွမ်းအင်တွေက အထွက်အထိပ်အခြေအနေကိုရောက်နေပြီ...ဒီအချိန်က အဆင့်ချိုးဖျက်ရမယ့်အချိန်ပဲ"
သူ အဆင့်ချိုးဖျက်နိုင်ရန်အတွက် စိတ်ဝိညာဥ်စွမ်းအင် ထူထပ်သိပ်သည်းသောနေရာတစ်နေရာလိုအပ်သည်။
ရေခဲလှိုဏ်ဂူသည် သူ သွားသင့်သောနေရာကောင်းတစ်ခုဖြစ်ပေ၏။
Thank For Reading.