← Chapters

အခန်း (၁၈၇-၁၈၉)

Vol. 13 Ch. 187-189

အခန်း (၁၈၇-၁၈၉)

Vol. 13 Ch. 187-189

Chapter 187: ခြေတည်ဝိညာဉ်အဆင့်ကို တိုက်ခိုက်ရန် အခြားခြေတည်ဝိညာဉ် ပေါ်လာခြင်း

ချိုင့်ဝှမ်းတွင် မြက်ပင်များ၊ သစ်ပင်များ ပေါက်ရောက်နေပြီး ပန်းမာန်တို့၏ မွှေးရနံ့၊ ကျေးငှက်တို့၏ တွန်ကျူးသံတို့ကြောင့် ပိုသာယာနေသည်။

ကျောက်စပါးအုံးမြွေကြီးမှာ လိုဏ်ဂူထဲ လဲလျောင်းလျက် ပတ်ဝန်းကျင်ကို စောင့်ကြည့်နေသည်။

ချိုင့်ဝှမ်းအလယ်၌ လူငယ်လေးတစ်ဦးမှာ ရတနာများကို မွမ်းမံလျက် ရှိ၏။

အနန္တပန်း၏ ဆေးစွမ်းမှာ လူငယ်လေး၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်ကာ ပုံရိပ်ငယ်ထဲအထိ စိမ့်ဝင်သွားသည်။

တာအိုအခြေခံပေါ်၌ ကြာပွင့် (၈) လွှာ ကြီးထွားနေသည်။

ပုံစံမှာ အလွန်ခမ်းနားမြင့်မြတ်ပြီး တစ်ချိန်တည်းတွင် ထူးခြားအံ့ဩဖွယ်ရာ အရှိန်အဝါမျိုး ခံစားရသည်။

…

လဝက်ခန့်အချိန်မှာ တမဟုတ်ချင်း ကုန်ဆုံးသွား၏။

နတ်ဓားမြို့။

နတ်ဓားဂိုဏ်းမှ အကြီးအကဲများ၊ တပည့်များမှာ ပုံမှန်အတိုင်း သွားလာလှုပ်ရှား အလုပ်များနေကြသည်။

သို့သော် ဂိုဏ်းအတွင်း စိတ်ဖိစီးစရာအခြေအနေမှာတော့ ကြီးစိုးနေ၏။

ထိုအခြေအနေမှာ ရှန်မိုကြောင့် သူတို့ခေါင်းဆောင် လောင်ချောင်ထျန်း အပြင်းအထန် ထိခိုက်သွားချိန်မှ စလေသည်။

အရင်က ကျင့်ကြံသူတိုင်း နတ်ဓားဂိုဏ်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ရသည်ကို ဂုဏ်ယူကြသော်လည်း ယခုတော့ သံသယများရှိလာသည်။

နတ်ဓားဂိုဏ်းက ချင်းရွှမ်ဂိုဏ်းကို ခုခံနိုင်ပါ့မလား။

လောင်ချောင်ထျန်းနှင့် ဝူယန်ကန်တို့မှာ ထိုသို့ ခုခံနိုင်မည့်နေ့ကို စောင့်နေ၏။ သို့သော် အချိန်မကျသေးဘဲ ကြိုမပြောနိုင်ပေ။

ထိုအချိန်တွင် ခေါင်းဆောင်၏ ခြံထဲ၌။

လောင်ချောင်ထျန်း၊ ဝူယန်ကန်နှင့် အခြား မြုတေဖွဲ့စည်းခြင်း အကြီးအကဲများ တိတ်ဆိတ်စွာ ကျင့်ကြံရင်း တစ်ခုခုကို စောင့်နေကြသည်။

လောင်ချောင်ထျန်းမျက်နှာမှာ ဖြူဖျော့နေဆဲဖြစ်ပြီး ဒဏ်ရာများလည်း အပြည့်အဝ မပျောက်ကင်းသေးချေ။

ထို့အပြင် ကြာပွင့်တစ်ခု အသုံးချလိုက်၍ ဒဏ်ရာမှာ ပိုကြီးသွားသည်။

သူ့အခြေခံအထိ ထိခိုက်သွား၏။

သို့သော် လောင်ချောင်ထျန်းမှာ စိတ်ပျက်အားငယ်ခြင်း မရှိဘဲ အခြားသူများနှင့်အတူ ထိုအရာကို စောင့်နေသည်။

ခဏအကြာ၌ အနက်ရောင်တွင်းပေါက်တစ်ခု ပေါ်လာပြီး စိတ်ဝိညာဉ်စွမ်းအင်များကို စုပ်ယူသွားသည်။

လောင်ချောင်ထျန်းမှ အရင်ဆုံး မျက်လုံးဖွင့်ကြည့်၏။

ထို့နောက် ဝူယန်ကန်တို့ပါ တစ်ယောက်ပြီးတစ်ယောက် နိုးလာသည်။ အချင်းချင်း အကြည့်ဆုံသောအခါ ပို၍ပင် ဝမ်းသာနေ၏။

နတ်ဓားဂိုဏ်းမှ အခြားကျင့်ကြံသူများလည်း အံ့ဩနေကြသည်။

စိတ်ဝိညာဉ်စွမ်းအင် နည်းနည်းသာရှိ၍ နေရခက်နေ၏။

ငါးကို ရေထဲမှ ထုတ်လိုက်သကဲ့သို့ ဒီထက်ဆိုးလျှင် သာမာန်သေမျိုးကဲ့သို့ ဖြစ်သွားနိုင်သည်။

နတ်ဓားဂိုဏ်းတစ်ခုလုံး ဝရုန်းသုန်းကားဖြင့် ရှုပ်ထွေးကာ နားမလည်နိုင် ဖြစ်နေကြသည်။

ထို့နောက် ဓားအရှိန်အဝါများ ပေါ်ထွက်လာပြီး တိမ်ယံများအထိ ထိုးဖောက်သွား၏။

ကြောက်စရာအင်အားကြောင့် မြို့ထဲမှ အချို့ပြည်သူများ လန့်ဖျပ်ကာ ဒူးထောက် အရိုအသေပေးကြသည်။

သူတို့အတွက် နတ်ဘုရားကဲ့သို့ အရှိန်အဝါမျိုး ဖြစ်နေ၏။

ထိုအရှိန်အဝါမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားသည်။

မိုင်ပေါင်းထောင်ချီဝေးသော ကျန်းတီနှင့် ကျင်ရှန်ဒေသအထိပါ ကြီးမားသောဖိအားကို ခံစားရ၏။

ကျင့်ကြံသူတိုင်း လုပ်လက်စကို ရပ်၍ ထိုအရပ်ကို လှမ်းကြည့်မိကြသည်။

“ခြေတည်ဝိညာဉ်အဆင့်ပဲ…”

ကျင့်ကြံသူများ အချင်းချင်း ရေရွတ်ပြောဆိုကြ၏။

ခြေတည်ဝိညာဉ်အဆင့်သာ အရှိန်အဝါကို ကျယ်ပြန့်စွာ ဖြန့်နိုင်သည်။

နတ်ဓားမြို့တွင် ကျင့်ကြံသူများနှင့် သာမာန်ပြည်သူများစွာရှိပြီး ထိုအဆောက်အဦကိုသာ အံ့ဩတကြီး ငေးကြည့်နေကြသည်။

ထိုအခါ လူတစ်ယောက်ကို တွေ့ရ၏။

ထိုလူမှာ လေထဲတွင် ဝဲလျက် နေရောင်ခြည်ကို ကွယ်ထားသောကြောင့် မျက််နှာကို သေချာမမြင်ရချေ။

ကောင်းကင်မှ ဆင်းသက်လာသည့် သူတော်စင်၊ နတ်ဘုရားကဲ့သို့ အရှိန်အဝါမျိုး ခံစားရလေသည်။

လောင်ချောင်ထျန်း၊ ဝူယန်ကန်တို့အဖွဲ့မှာ ရိုသေစွာ ဒူးထောက်လျက်

“ဘိုးဘေးကို ကြိုဆိုပါတယ်”

ထိုအသံကြားသောအခါ နတ်ဓားဂိုဏ်းမှ ကျင့်ကြံသူများအားလုံး အတူ လိုက်အော်ကြ၏။

“ဘိုးဘေးကို ကြိုဆိုပါတယ်”

ထိုလူမှာ ဖြည်းဖြည်းချင်း ဆင်းလာပြီး နတ်ဓားအဆောက်အဦထိပ်၌ ရပ်လေ၏။

သက်လတ်ပိုင်းအရွယ်ဖြစ်သော်လည်း လောင်ချောင်ထျန်းထက် နုပျိုသည်။

သို့သော် ခြေတည်ဝိညာဉ်အဆင့်မရောက်မီကတော့ ထိုပုံစံ မဟုတ်ပေ။

ဆံပင်ဖြူများဖွေး၍ ခန္ဓာကိုယ်မှာလည်း ပိန်ခြောက်ရှုံ့တွကာ လေတိုက်လျှင်ပင် လွင့်ပါသွားနိုင်သည်။

ခြေတည်ဝိညာဉ်အဆင့်ရောက်မှ ရုတ်တရက် သက်တမ်း (၁) ထောင်ကျော် ပြန်တိုးလာခြင်း ဖြစ်သည်။

“တပည့် ဒီကိုလာပါဦး”

လောင်ချောင်ထျန်း သူ့ဘေးသို့ ပျံသွားပြီး ဒူးထောက် အရိုအသေပေး၏။

“ဆရာ နောက်ဆုံးတော့…”

လောင်ချောင်ထျန်း မျက်ရည်များဝဲ၍ အလွန်ပျော်နေ၏။

ဘိုးဘေးမှာ ပြုံး၍

“ငါ ယောက်ယွန်းလောင်လည်း ဒီနေ့ကို စောင့်နေခဲ့ရတာ”

လောင်ချောင်ထျန်းမှ

“ဆရာ့အတွက် အနန္တပန်း မရခဲ့တာကို တောင်းပန်ပါတယ်နော်”

ယောက်ယွန်းလောင် ပြုံးလျက်

“ကံပဲပေါ့… မင်းအပြစ်မဟုတ်ပါဘူးကွာ”

“အခု သတင်းလွှင့်လိုက်တော့ လဝက်အကြာဆိုရင် ငါ ခြေတည်ဝိညာဉ်တက်ပွဲလုပ်မှာမို့လို့ ရွှမ်ကျန်းဒေသရဲ့ ဂိုဏ်းခေါင်းဆောင်အားလုံးကို ဖိတ်ပါတယ်လို့”

“ပွဲမတက်တဲ့သူက ငါ့ကို စော်ကားတဲ့ အဓိပ္ပာယ်ပဲလို့”

လောင်ချောင်ထျန်း မျက်ရည်များသုတ်၍ ပြန်ဖြေလိုက်၏။

“ဟုတ်ကဲ့ပါ”

…

ချင်းရွှမ်ဂိုဏ်း။

အစည်းအဝေးခန်း။

မူယုံးယွဲ့နှင့် အကြီးအကဲများ စုဝေးကာ စိတ်ပျက်လက်ပျက် ဖြစ်နေကြသည်။

ယောက်ယွန်းလောင်၏ ဖိတ်ကြားမှုကို ကြားထားပြီး ဖြစ်၏။

မြုတေဖွဲ့စည်းခြင်းအဆင့် မည်မျှ အရေအတွက် များပါစေ ခြေတည်ဝိညာဉ်အဆင့်ကိုတော့ မယှဉ်နိုင်ပေ။

အချိန်လဝက်ဖြင့် ဘာမှလည်း မပြင်ဆင်နိုင်တော့။

ချင်းရွှမ်နှင့် အဆိပ်နွယ်ဂိုဏ်းတို့ ဖျက်ဆီးခံရတော့မည်လား။

ခြေတည်ဝိညာဉ်တစ်ဦးအတွက်တော့ လက်ဖျောက်တစ်ချက်တီးရုံဖြင့် ဖြစ်နိုင်ပါသည်။

“ခေါင်းဆောင်ငယ်ရော ဒီလောက်အရေးကြီးနေတဲ့အချိန်မှာ ဘယ်ပျောက်နေတာလဲ”

လျှိုယွမ်ဖုန်မှ သတိထားမိကာ အပြစ်တင်၏။

မူယုံးယွဲ့ မျက်နှာထားတင်းတင်းဖြင့်

“ခေါင်းဆောင်ငယ်က အခန်းပိတ် ကျင့်ကြံနေပါတယ်”

“အစီအစဉ်ကို ကျွန်မတို့ဘာသာပဲ ကြည့်လုပ်တာပေါ့… ဘယ်လို တုံ့ပြန်ကြမလဲ”

ဝေ့ရှောင်းထီမှ

“ဒါက သေချာပေါက် ထောင်ချောက်ပဲ”

“ကျွန်တော်တို့ကို ရှင်းပစ်ချင်နေတာ”

လျှိုယွမ်ဖုန် သက်ပြင်းချကာ

“ထောင်ချောက်ဆိုပေမဲ့ မသွားရင်လည်း သေမှာပဲလေ… ဘယ်လို ရွေးချယ်ရမှာလဲ”

အကြီးအကဲများအားလုံး တိတ်ဆိတ်သွားကြ၏။

မူယုံးယွဲ့လည်း မျက်နှာပျက်လျက်

“နောက်နေ့… နောက်နေ့မှ ဆက်ဆွေးနွေးတာပေါ့”

ချင်းရွှမ်ဂိုဏ်း မည်မျှ ကြိုးစားပါစေ ခြေတည်ဝိညာဉ်အဆင့် အခြားတစ်ဦး ပေါ်လာသည်မှ လွဲ၍ အဖြေမှာ မထူးချေ။

သို့ရာတွင် ဂိုဏ်း၌ အဆင့်အမြင့်ဆုံးမှာ သူဖြစ်ပြီး သူကိုယ်တိုင်လည်း အဆင့်တက်ရန် အလှမ်းဝေးသေးကြောင်း နားလည်၏။

ယောက်ယွန်းလောင်၏ ကျင့်ကြံမှုသက်တမ်းကို မည်သို့မျှ မမှီနိုင်ချေ။

ရလဒ်မှာ သတ်မှတ်ထားပြီး ဖြစ်ပါသည်။

Chapter 188: ဘယ်လိုဘိုးဘေးက ခြေတည်ဝိညာဉ်အဆင့် တက်သွားတာလဲ

ချင်းကန်တောင်တန်း၊ တိတ်ဆိတ်သော ချိုင့်ဝှမ်း။

ရှန်မို ဖြည်းဖြည်းချင်း မျက်လုံးပွင့်လာပြီး မဖော်ပြနိုင်သော အရှိန်အဝါတစ်ခုမှ ဘေးတွင် ရစ်ဝဲနေ၏။ တစ်ခါတစ်ရံ သူ့နောက်ဆုံးနေ့ရက်များ ရောက်နေသည့် အဘိုးကြီးနှင့်တူပြီး တစ်ခါတစ်ရံ ဆံနွယ်နုများပေါက်ခါစ ကလေးငယ်လေးနှင့် တူသည်။

အနန္တပန်း၏ သက်ရောက်မှုကြောင့် ဖြစ်လေသည်။

ထိုပန်းမှာ သက်တမ်းကို ရှည်စေနိုင်၏။

ရှန်မို လတ်ဆတ်သော လေကိုရှူရှိုက်၍ အလွန် ပျော်ရွှင်နေသည်။

နေမီးတောက်ပန်းဝတ်မှုန်ကို မွမ်းမံရန်ပြင်စဉ် ပြင်းထန်သော ဖိအားတစ်ခုကို ခံစားမိလိုက်သည်။

“ခြေတည်ဝိညာဉ်အဆင့် အရှိန်အဝါပဲ”

ရှန်မို ကြက်သီးများပင် ထသွား၏။

အဆင့်မြင့်ကျင့်ကြံသူနှင့် ကြုံသည့်အခါ ဖြစ်တတ်သော ခံစားချက်မျိုး ဖြစ်ပါသည်။

သို့သော် ရှန်မို ချက်ချင်း စိတ်တည်ငြိမ်အောင် ကြိုးစားလိုက်သည်။

သူ့အဆင့်မှာလည်း သာမာန်မဟုတ်၍ အခြားသူများထက် ပိုမိုလျင်မြန်စွာ တည်ငြိမ်သွား၏။

ထို့နောက် မျက်မှောင်ကြုတ်ကာ ရေရွတ်မိလေသည်။

“နတ်ဓားဂိုဏ်း ခေါင်းဆောင်ဟောင်း ယောက်ယွန်းလောင် ကြာပွင့် (၆) လွှာရပြီး ခြေတည်ဝိညာဉ်အဆင့် တက်သွားပြီထင်တယ်”

“ငါ အချိန်ဖြုန်းနေလို့ မဖြစ်တော့ဘူး… နေမီးတောက် ပန်းဝတ်မှုန် မြန်မြန် မွမ်းမံပြီး ခြေတည်ဝိညာဉ်အဆင့် မြန်မြန်ရောက်အောင် လုပ်ရမယ်”

“ငရဲမီးတောက် ဖျက်ဆီးခြင်းကျင့်စဉ်က ခြေတည်ဝိညာဉ် ကျင့်စဉ်ကိုပါ နားလည်သွားစေလိမ့်မယ်”

“ဒီလိုကျင့်စဉ်ကို တစ်ယောက်ပဲ ရနိုင်ပြီး ထပ်ရရင်တောင် တူမှာမဟုတ်ဘူး”

“အနန္တပန်းကို မွမ်းမံတာထက်တော့ မြန်မှာပါ”

သူ ထိုလုပ်ငန်းစဉ်အတွက် (၆) ရက်သာ ကြာလိုက်၏။

(၆) ရက်ပြီးနောက် သူ့ပုံရိပ်ငယ်အား စစ်ဆေးကြည့်လိုက်သည်။

ထိုအခါ တာအိုအခြေခံပေါ်တွင် ကြာပွင့် (၉) လွှာ လှပစွာ လည်ပတ်နေသည်ကို တွေ့ရလေ၏။

ရတနာ (၉) ပါးဖြင့် တည်ဆောက်ထားသော ကြာပွင့် (၉) လွှာမှာ ပြီးပြည့်စုံလွန်းသည်။

“အားလုံး အဆင်သင့်ပဲ… ခြေတည်ဝိညာဉ် တည်ဆောက်ရမယ့်အချိန် ရောက်ပြီ”

ရှန်မို သက်ပြင်းချကာ ပုံရိပ်ငယ်ကို အာရုံစိုက်လိုက်၏။

တစ်ရက်လုံး ကြိုးစားစုစည်းရင်း ပုံပေါ်လာသည်။

နောက် (၂) ရက်၊ (၃) ရက်…

မီးတောက်ရွှေအမြုတေမှာလည်း အက်ကွဲကြောင်းများ ပေါ်လာပြီး တောက်ပသည့် အရှိန်အဝါများ ထွက်နေ၏။

ရွှေအမြုတေကြီးထဲမှ ဘဝအသစ် ပေါက်လာတော့မလို ထင်ရသည်။

နောက်ဆုံး အက်ကွဲကြောင်းတောက်လျှောက် ကွဲကာ အနီရောင်တစ်ခုခု ထွက်လာသည်ဟု အာရုံထဲ မြင်ရ၏။

ထိုအနီရောင်မှာ လက် (၂) ဖက်၊ ခြေထောက် (၂) ဖက်နှင့် ခေါင်းတစ်လုံးတို့ ပါရှိသည်။

သို့သော် မျက်နှာသွင်ပြင်မှာ မထင်မရှားဖြစ်ပြီး ဖျတ်ခနဲကြည့်လျှင် ကြောက်စရာပင် ကောင်း၏။

မွေးကင်းစကလေးလေးကဲ့သို့ ဖြစ်နေသည်။

ရှန်မို စိတ်တည်ငြိမ်အောင် ထပ်ထိန်းလိုက်သည်။

နောက်ဆုံးအဆင့် ရောက်နေပြီဖြစ်၏။

စိတ်ဝိညာဉ်ကြိုး ဆက်သွယ်၍ ခြေတည်ဝိညာဉ် တည်ဆောက်ရတော့မည်။

ယခုနောက်ဆုံးအဆင့်တွင် အောင်မြင်ခြင်း၊ ကျရှုံးခြင်းက အရေးကြီး၏။

မြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူများစွာလည်း ထိုအဆင့်တွင် ကျရှုံးကြသည်။

ခဏခဏ ကျရှုံးသောအခါ စိတ်ဝိညာဉ် ထိခိုက်ပြီး ယုံကြည်ချက်ကျကာ အဆင့်လုံးဝ မတတ်နိုင်ဘဲ ဖြစ်သွား၏။

ရှန်မို သက်ပြင်းချ၍ စိတ်တည်ငြိမ်စွာဖြင့် အာရုံစိုက်လိုက်သည်။

ထိုအခါ ခုနက ဝေဝါးနေသော အခြေအနေများ ကြည်လင်လာသည်။

မျက်လုံး၊ နှာခေါင်း၊ ပါးစပ် စသဖြင့် ထင်ရှားလာ၏။

ပထမဆုံး ကြိုးစားရုံဖြင့် အောင်မြင်သည့်သဘောပင်။

ရှန်မို ဖြည်းဖြည်းချင်း မျက်လုံးပွင့်လာကာ အင်အား စမ်းသပ်ရန် ပြင်လေသည်။

ရုတ်တရက် ထူးဆန်းသော အလင်းနက်မှာ စိတ်ထဲတွင် ဖျတ်ခနဲ ဖြစ်သွားပြီး ဆုပ်ကိုင်ရန် ခက်ခဲနေ၏။

ရှန်မို မှင်တက်သွားသည်။

ထူးဆန်းသောတစ်ခုခုကို ထိနေရသလို ဖြစ်၏။

စက္ကန့်ပိုင်းမျှအကြာတွင် ရှန်မို လောကကြီးထဲ သတိပြန်ဝင်လာသည်။

“နေအလင်းရောင်”

“တစ်ခေါက်ရတာနဲ့ သိုင်းစဉ်အင်အားကို (၂) ဆ တိုးစေတယ်… မီးစွမ်းအင်သာဆိုရင် (၃) ဆ ဖြစ်ပြီ”

“(၃) ရက်တစ်ကြိမ်ပဲ သုံးနိုင်ပြီး အများကြီး သုံးမိရင် သက်တမ်းကုန်လိမ့်မယ်”

ရှန်မို မျက်လုံးပြူးသွား၏။

ထိုကဲ့သို့ ကျင့်စဉ်မျိုးကို တတ်မြောက်နိုင်မည်ဟု တစ်ခါမှ မတွေးဖူးပေ။

သူ အလွန် ကျေနပ်သွား၏။

အင်အားရှိခြင်းမှာ ယုံကြည်ချက်၏ အခြေခံပင်။

“ခြေတည်ဝိညာဉ်အဆင့်ပဲ”

ရှန်မို ဖြည်းဖြည်းချင်း မတ်တပ်ထရပ်လိုက်ပြီး သူ့ပတ်ဝန်းကျင်မှ အရှိန်အဝါကြောင့် ကောင်းကင်ယံအထိ မီးတောက်များ လင်းလက်နေသည်။

သစ်ပင်များ၊ မြက်ပင်များမှာလည်း ချက်ချင်း ပြာကျသွား၏။

တိမ်ယံများပင် ရေငွေ့ဖွဲ့နေသည်။

ခြေတည်ဝိညာဉ် ကျင့်ကြံသူ၏ အရှိန်အဝါသည် နေရာအနှံ့ ပျံ့သွားသည်။

ချင်းကန်တောင်တန်းတစ်လျှောက် ကျင့်ကြံသူများ အံ့ဩတကြီး ငေးကြည့်နေ၏။

ရွှမ်ကျန်းဒေသသာမက ကျန်းတီနှင့် ကျင််ရှန်တို့အထိ ပျံ့နေလေပြီ။

ရှန်မို မျက်ခုံးပင့်မိ၏။

ယခုလိုအခြေအနေဖြင့် လူတိုင်း သတိထားမိသွားနိုင်၏။

သူ ခပ်တိုးတိုး လှမ်းခေါ်လိုက်သည်။

“အားဝူ စောင့်ရှောက်ပေးတာ ကျေးဇူးနော်… လူတွေ အများကြီး ရောက်လာတော့မယ်… မင်း ပြန်တော့… ငါလည်း သွားတော့မယ်”

ကျောက်စပါးအုံးမြွေကြီးမှာ တရှူးရှူးမှုတ်လျက် ထွက်သွားလေ၏။

ရှန်မိုလည်း သက်သေများဖျောက်ကာ အမြန်ပြန်တော့သည်။

မကြာမီ မူယုံးယွဲ့နှင့် အကြီးအကဲများ ရောက်လာ၏။

တွေ့ရသော အခြေအနေကြောင့် အားလုံး စွံ့အနေကြသည်။

ရှန်မိုလည်း ပြန်လှည့်လာပြီး လူအုပ်နှင့် ရော၍ အံ့ဩတကြီးဖြင့်

“ဘယ်လိုဘိုးဘေးက ခြေတည်ဝိညာဉ်အဆင့် တက်သွားတာလဲ”

Chapter 189: ဘာပဲဖြစ်ဖြစ် ပြဿနာရှာဖို့ပဲ

လျှိုယွမ်ဖုန် မီးတောက်အလင်းကိုကြည့်ရင်း ရင်တဒိတ်ဒိတ် ခုန်လာ၏။

“အလွတ်တန်းကျင့်ကြံသူ တစ်ယောက်ယောက် ထင်တယ်… အကြာကြီး ပုန်းနေရင်း ရတနာတွေ တွေ့ပြီး အဆင့်တက်သွားနိုင်တာ ဖြစ်မယ်”

ဝေ့ရှောင်းထီတို့ ခေါင်းတငြိမ့်ငြိမ့်ဖြင့် ထောက်ခံမိသည်။

တွေ့ရသော သိုင်းစဉ်အရ ရွှမ်ကျန်းထိပ်တန်း (၅) ဂိုဏ်းမှ မဟုတ်ပေ။

ထို့ကြောင့် အလွတ်တန်းကျင့်ကြံသူဟု ထင်ခြင်း ဖြစ်သည်။

မူယုံးယွဲ့ မျက်လုံးအရောင်လေးများလက်၍

“သူ့ကိုရှာကြ… ကျွန်မတို့ သူ့ကို ရှာမှဖြစ်မယ်”

“သူသာ ကျွန်မတို့ဂိုဏ်းကို ကူညီပေးရင် နတ်ဓားဂိုဏ်းကို စိုးရိမ်စရာ မလိုတော့ဘူး”

ဝေ့ရှောင်းထီ၊ အကြီးအကဲလီတို့လည်း ထောက်ခံကြ၏။

မှန်ပါသည်။

ခြေတည်ဝိညာဉ်အဆင့်သာ ခြေတည်ဝိညာဉ်အဆင့်ကို ယှဉ်နိုင်သည်။

“သူ့ကို ရှာမှဖြစ်မယ်”

“သူကပဲ နတ်ဓားဂိုဏ်းကို ရင်ဆိုင်နိုင်မယ့် မျှော်လင့်ချက်ပဲ”

ဤသို့ဖြင့် မူယုံးယွဲ့အမိန့်ကြောင့် ချင်းရွှမ်မှ တပည့်များ အလောတကြီး ကျယ်ပြန့်စွာ ရှာဖွေကြလေသည်။

(၃) ရက်အကြာတွင်။

ထိုနေရာသို့ လူများစွာ ရောက်လာကြ၏။

ထိုထဲတွင် ယောက်ယွန်းလောင်လည်း ပါဝင်သည်။

သူ့ပုံစံမှာ အသားဖြူဖျော့ဖျော့ဖြင့် မုတ်ဆိတ်မွေးမရှိဘဲ ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ နုဖက်၍ တောက်ပသော အရှိန်အဝါ ရှိလေသည်။

“အကြီးအကဲစု ဒါ ခြေတည်ဝိညာဉ်အဆင့် တက်သွားတဲ့ အလွတ်တန်းကျင့်ကြံသူ ရှိခဲ့တဲ့နေရာပဲ… ဒါပေမဲ့ ကျွန်တော်တို့ မရောက်ခင် ပျောက်သွားတယ်”

ယောက်ယွန်းလောင်မှ ဆို၏။

“လွန်ခဲ့တဲ့ (၃) ရက်တည်းက နတ်ဓားဂိုဏ်းကို ဝင်ချင်ရင် လာဆက်သွယ်ပါလို့ သတင်းလွှင့်လိုက်သေးတယ်… ဒါပေမဲ့ မထူးခြားသေးဘူး”

အကြီးအကဲစု တောက်ခေါက်လျက်

“အဆင့်တက်တာ (၃) ရက်လောက်ရှိပြီကို အခုထိ အရှိန်အဝါတွေ ကျန်တုန်းပဲနော်”

“အဲ့နေ့ကဆို ဘယ်လောက်တောင် ခမ်းနားနေလိုက်မလဲ မသိဘူး… အဆင့်ကတော့ ကြာပွင့် (၆) လွှာလောက် အနည်းဆုံးရှိမယ် ထင်တယ်”

“လာမဆက်သွယ်သေးတာ ဆိုးတာပဲ… မဟုတ်ရင် အကြီးအကဲယောက်နဲ့အတူတူ သန့်စင်ခြင်းဂိုဏ်း သွားလို့ရတယ်”

“ဒါပေမဲ့ ကြာပွင့် (၆) လွှာဆို အရမ်းမရှားပါဘူး”

အကြီးအကဲစုမှ ဆိုသည်။

“မဆက်သွယ်လည်း နေပါစေပေါ့”

“ကဲ သွားကြတာပေါ့ အကြီးအကဲယောက်ရဲ့ ဂုဏ်ပြုပွဲက နောက် (၂) ရက်ဆို စပြီ… ကြိုပြင်ထားမှပဲ”

ယောက်ယွန်းလောင် ရယ်မော၍

“အကြီးအကဲစုရယ် ကျွန်တော် အကုန် ပြင်ပြီးပါပြီ”

ထိုစဉ် တစ်ခုခုကို ခံစားမိကာ ကောင်းကင်သို့ မော့ကြည့်လိုက်သည်။

အလင်းတန်းတစ်ခု ပေါ်လာပြီး လေတစ်ချက်အဝှေ့တွင် အရက်နံ့ထောင်းခနဲ ထွက်လာ၏။

အကြီးအကဲစု နှာခေါင်းရှုံ့၍ လက်ဖြင့် ကာထားလိုက်သည်။ ဖုန်များ မဝင်စေရန် ဖြစ်၏။

မကြာမီ ဖုန်များရှင်းသောအခါ လူတစ်ယောက်ကို တွေ့ရလေသည်။

ထိုလူမှာ မုတ်ဆိတ်မွေးများပြည့်၍ ခပ်ကြမ်းကြမ်း ခန္ဓာကိုယ်ရှိ၏။

ခရမ်းရောင်အကြီးအကဲဝတ်စုံကို ဖရိုဖရဲဝတ်ထားပြီး ရင်ဘက်ကိုပင် မြင်နေရသည်။

သူ့ပုံစံမှာ ကျင့်ကြံသူထက် လယ်သမားကြီးနှင့် ပိုတူ၏။

“လုတုံရွှမ် မင်းလား”

အကြီးအကဲစုမှ အံ့ဩဒေါသဖြင့် ပြောမိသည်။

“မင်း ငါ့ကို သိတာလား… ငါကတော့ မသိဘူး”

ထိုလူမှ အရက်တစ်ကျိုက်မော့ကာ ပြောသည်။

အကြီးအကဲစု နှာခေါင်းရှုံ့၍

“ငါက စုချန်းချင်းလေ… သန့်စင်ခြင်းဂိုဏ်းက ခြေတည်ဝိညာဉ်အဆင့် အကြီးအကဲပဲ”

လုတုံရွှမ် ခေါင်းကုတ်လျက်

“ဪ စုပိုင်ဖုန်ဆိုတာက မင်းနဲ့ ဘာတော်လဲ”

“သူက ငါ့ဒုတိယဦးလေး… သန့်စင်ခြင်းဂိုဏ်းရဲ့ (၁၀) အဆင့် အကြီးအကဲပဲ”

လုတုံရွှမ် ရယ်မောကာ

“ဟုတ်ပါပြီ ရယ်ရသားပဲ… ဒီကို မလာခင် ငါ သူ့ကို ကောင်းကောင်း တီးပေးခဲ့တယ်… ဒီဝိုင်လည်း သူ့ဆီက လုလာတာ”

စုချန်းချင်း ဒေါသထွက်ကာ

“မင်း”

လုတုံရွှမ် လက်ယမ်းပြလျက်

“သွားစမ်းပါကွာ… ငါ အရက်ရထားလို့ စိတ်ကြည်နေတယ်… မင်းတို့နဲ့ စိတ်မရှုပ်ချင်ဘူး”

ယောက်ယွန်းလောင် မျက်မှောင်ကြုတ်ကာ ဝင်ပြောရန် ပြင်လိုက်စဉ် စုချန်းချင်းမှ ဝင်တား၏။

“လုတုံရွှမ် တစ်နေ့ မင်းကို နေရာမှန် ပြန်ပို့မယ့်သူ ရောက်လာလိမ့်မယ်”

“ငါတို့ သွားပြီ”

“နေဦး”

လုတုံရွှမ် ခပ်အေးအေး လှမ်းပြောသည်။

စုချန်းချင်း တုံ့သွား၏။

လုတုံရွှမ် နားကိုကလော်၍

“ခုနက ဂုဏ်ပြုပွဲဆိုလား ကြားခဲ့သေးတယ်”

စုချန်းချင်း ပြန်မဖြေပေ။

“ငါက ပွဲတွေ ကြိုက်တယ်… နောက် (၂) ရက်ဆို စမှာမလား… ငါလည်း လာပြီး ဂုဏ်ပြုပေးမယ်လေ”

“ကောင်းပါပြီ သဘောပါ”

“သွားရအောင်”

စုချန်းချင်း လက်ပြလိုက်သောအခါ နတ်ဓားဂိုဏ်းအဖွဲ့လည်း အနောက်မှ အမြန်လိုက်လာ၏။

ချင်းကန်တောင်နှင့် ဝေးမှ ယောက်ယွန်းလောင် စ၍

“အကြီးအကဲစု သူက ဘယ်သူလဲ… ကြည့်ရတာ နည်းနည်း…”

စုချန်းချင်း မျက်နှာပျက်လျက်

“သူက ကျောက်စိမ်းဂိုဏ်းရဲ့ အင်အားအကြီးဆုံး ခြေတည်ဝိညာဉ်အဆင့်လေ”

“သန့်စင်ခြင်းဂိုဏ်းက ကျင့်ကြံသူတွေကို အကုန် နိုင်ခဲ့တာ”

“ကျွန်တော့် ဒုတိယဦးလေးရောပေါ့”

စုချန်းချင်း ပြောနေရင်း အလွန်ရှက်လွန်း၍ ပုန်းသာနေလိုက်ချင်သည်။

ယောက်ယွန်းလောင် နေရခက်စွာဖြင့်

“ကိစ္စမရှိပါဘူး… အခု သန့်စင်ခြင်းဂိုဏ်းမှာ အင်အားရှိလာပြီပဲ”

စုချန်းချင်း ခေါင်းငြိမ့်ပြ၍

“ဒါပေါ့ တဖြည်းဖြည်း မှီလာမှာပါ”

“အခု ပြန်ကြတာပေါ့… ဂိုဏ်းထဲရောက်ရင် ကိုယ်တိုင် တွေ့ပါလိမ့်မယ်”

…

ချိုင့်ဝှမ်းလိုဏ်ဂူနားတွင်။

လုတုံရွှမ် မြေကြီးကို အနည်းငယ် ယူလျက်ကြည့်၍

“မဆိုးပါဘူး… အနည်းဆုံး ကြာပွင့် (၆) လွှာ ရှိလောက်တယ်”

“စုချန်းချင်းလည်း ခေါ်ထားချင်လို့ ဒီအထိ ရောက်လာတာပဲ”

“အဆင့်တက်တဲ့သူလူကလည်း သူတို့ကိုတောင် မဆက်သွယ်တာ စိတ်ဝင်စားစရာကောင်းတယ်”

“ငါလည်း ကျောက်စိမ်းဂိုဏ်းအတွက် ခေါ်ချင်တာ… နှမျောစရာပဲ”

သူ ထိုင်နေရင်း တစ်ခုခု တွေးမိသွား၏။

“ဟင်… စုချန်းချင်း ငါ့ကိုကြောက်ပြီး အရက်တွေ အများကြီး လုပ်ထားရင် ဘယ်လိုလုပ်မလဲ… စစ်ဆေးစရာတွေ ရှိသေးတာကို”

“အင်း… ပြင်ပေးထားလည်း အပေါစားတွေလို့ ပြောလိုက်မယ်”

“ဒါပေမဲ့ အကောင်းစား ပြင်ထားရင်ရော… အဲ့ဒါဆို အရံဟင်းတွေ မကောင်းဘူးပြောမယ်”

“ပြဿနာရှာနိုင်ရင် ပြီးတာပဲ”

သူ ရယ်မော၍ အလင်းတန်းအဖြစ် ပျောက်ကွယ်သွားတော့သည်။

All Chapters