← Chapters

အခုချက်ချင်းဈေးနှုန်းထပ်တိုးလိုက်

Vol. 37 Ch. 544

အခုချက်ချင်းဈေးနှုန်းထပ်တိုးလိုက်

Vol. 37 Ch. 544

"မင်းကို မင်းရဲ့တော်ဝင်ပညာရှင်ယွမ်က တအားတွေကျွေးမွေးထားလို့ အစည်းအဝေးမှာ အခုလိုအရှုပ်ထုပ်တွေဖြစ်အောင် လုပ်တာလား"

"ငွေကြေးပြတ်လပ်နေတဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ငါတွေ့ဖူးပါတယ်။ ဒါပေမဲ့ ဒီလောက်အထိတော့ မကြုံဖူးဘူး။ သေလိုက်ပါတော့.. အမေရိကန်ဒေါ်လာနှစ်ရာဘီလီယံကို အမှိုက်လိုလွှင့်ပစ်ရဲတဲ့လူစားမျိုး မင်းတို့ မြင်ဖူးလား။ မင်းတို့မိသားစုက ငွေစက္ကူတွေထုတ်နေတယ်ဆိုရင်တောင် ဒီလိုဖြုန်းတီးမှုကြီးကိုတော့ တောင့်ခံနိုင်မှာမဟုတ်ဘူးကွ"

"မင်းက ဒီလောက်တောင်တော်နေတာလား။ ဒီအကြောင်းကို မင်းတို့ဆွေမျိုးတွေတောင် သိရဲ့လား။ မင်းလိုလူတွေက သေချာပေါက်စိတ်ရောဂါဖြစ်နေတာပဲ"

"မစ္စတာဝမ်.. ဒီလုပ်ရပ်ရဲ့အကျိုးဆက်တွေကို ခင်ဗျားတွေးပြီးပြီလား"

လာဘ်ထိုးခြင်းက အဆင်မပြေကြောင်း မြင်လိုက်ရသောအခါ အာရီရက်က ကမ္ဘာလုံးဆိုင်ရာပြည်သူများအကြောင်း စတင်ထုတ်ဖော်လာလေသည်။

"ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ လူသန်းပေါင်းဘယ်လောက်များများက ဒီရုပ်ရှင်ကို စောင့်မျှော်နေကြလဲဆိုတာ ခင်ဗျားသိလား။ ဟွာရှားပြည်သူတွေက ကြည့်ပြီးပြီဆိုပေမဲ့ တခြားနိုင်ငံတွေကရော။ သူတို့ရဲ့တုံ့ပြန်မှုကို ခင်ဗျား မစိုးရိမ်ဘူးလား"

"ကျုပ်က လွယ်လွယ်နဲ့ကြောက်လိမ့်မယ်လို့ ခင်ဗျားထင်လား"

ဝမ်လင်ကလည်း ထေ့ငေါ့လိုက်သည်။

"ကျုပ်ကို ကိုယ်ကျင့်တရားနဲ့အကျပ်ကိုင်ချင်နေတာလား။ ကျုပ်ပြောလိုက်မယ်။ ကျုပ်က ကိုယ့်ကျင့်တရားဆိုတာမျိုး မရှိတဲ့အတွက် ဘယ်သူကမှ ကျုပ်ကို ကိုယ်ကျင့်တရားနဲ့ လာခြိမ်းခြောက်လို့မရဘူး။ လွန်ခဲ့တဲ့နှစ်ရာပေါင်းများစွာတုန်းကတောင် လူသားတွေက ရုပ်ရှင်တွေမရှိဘဲ ကိုယ့်အလုပ်ကိုယ်လုပ်နေကြသေးတာပဲ မဟုတ်လား။ ရုပ်ရှင်တွေမရှိရင် အသက်မဆက်နိုင်ဘူးလား"

"မင်းက ဂန္တဝင်လက်ရာတစ်ခုကို ဖျက်ဆီးနေတာပဲ"

"အဲဒါက ဂန္တဝင်လက်ရာတစ်ခုဆိုတာတော့ မငြင်းပါဘူး။ ဒါပေမဲ့ ဒီကမ္ဘာပေါ်မှာ ပိုကောင်းတဲ့လက်ရာတွေ အများကြီးရှိသေးတယ်။ အဲဒီစာရေးဆရာတွေကတောင် ဘာတစ်ခွန်းမှမဟသေးဘူးလေ။ ခင်ဗျားတို့က ဘာတွေအာချောင်နေတာလဲ"

"တစ်ကမ္ဘာလုံးက ဝိုင်းရှုတ်ချကြမှာကို မစိုးရိမ်ဘူးလား"

"ဟားဟားဟား..ခင်ဗျားက ကျုပ်ရဲ့ခွန်အားကို လာစိန်ခေါ်နေတာလား"

ဝမ်လင်က ဆိုလေသည်။

"ဟွာရှားနိုင်ငံက တခြားကိစ္စတွေမှာသာ မကြွယ်ဝချင်မကြွယ်ဝမယ်။ ကီးဘုတ်ဖိုက်တာတွေကတော့ ပေါသလားမမေးနဲ့။ ငွေလေးနည်းနည်းပေးလိုက်တာနဲ့ ကျွမ်းကျင်ပညာရှင်တွေ အယောက်တစ်သောင်းလောက် ငှားလိုက်လို့ရတယ်။ ခင်ဗျားမိဘတွေသာ သက်ရှိထင်ရှားရှိနေဦးမယ်ဆိုရင် ဟွာရှားနိုင်ငံကိုလာပြီး ဝေဖန်ပေးဖို့ ဖိတ်ခေါ်ပါတယ်"

ဝမ်လင်ပြောချင်သည့် အဓိပ္ပာယ်ကို အာရီရက်ကတော့ နားမလည်ပေ။ ထိုကဲ့သို့သော ကျွမ်းယဉ်ကျေးမှုမျိုးကို ဟွာရှားလူမျိုးများသာ နားလည်နိုင်သည်။

"မစ္စတာဝမ်.. ပါရာမောင့်ထုတ်လုပ်ရေးက ကမ္ဘာတစ်ဝန်းမှာ ပိုင်ဆိုင်မှုတွေအများကြီးရှိတယ်ဆိုတာ မမေ့ပါနဲ့။ ခင်ဗျားတို့က မူပိုင်ခွင့်တွေကိုဝယ်ယူပြီး ပြသခွင့်ကို တင်းကျပ်ထားတယ်ဆိုတာကိုသာ ပရိသတ်တွေသိသွားရင် အကျိုးဆက်က ကျုပ်တို့ ဗီးနပ်မီဒီယာပေါ်မှာပဲ သက်ရောက်မှာမဟုတ်ဘူး။ ကျုပ် ရေရှည်အတွက်ပြောနေတာ။ ဒီတော့ ကျုပ်တို့တွေ ညှိနှိုင်းဆွေးနွေးနေတယ်လို့ လူသိရှင်ကြားကြေညာလိုက်ရင်ရော ဘယ်လိုလဲ"

"ပြောလိုက်လေ။ ပြောသာပြောလိုက်စမ်းပါ"

ဝမ်လင်က ဆို၏။

"ကျုပ်ကိုလာခြိမ်းခြောက်ရင် အရမ်းသဘောကျတာ။ ကျုပ် ပြောမယ်။ ပထမအချက်အနေနဲ့ ကျုပ်က ရုပ်ရှင်ရုံအသေးစားလေးနည်းနည်းလောက်ကို ဖျက်ဆီးပစ်ရမှာ ကြောက်မနေဘူး။ အမေရိကန်ဒေါ်လာနှစ်ရာဘီလီယံကိုတောင် သုံးထားပြီးပြီ။ ရုပ်ရှင်ရုံနည်းနည်းလောက်ကို ဖျက်ဆီးပစ်ဖို့ ကြောက်မှာတဲ့လား"

"ဒုတိယအချက်အနေနဲ့ ဟွာရှားလူမျိုးတွေရဲ့ပိုင်ဆိုင်မှုကို ပေါ့သေးသေးလာဆက်ဆံလို့မရဘူး။ ကျုပ်တို့နိုင်ငံရဲ့လက်နက်ပညာရှင် မစ္စတာကျန်းမုန့်လောင်က သိပ်မကြာခင်ကမှ ပုဂ္ဂလိကပိုင်ဆိုင်မှုကာကွယ်ရေးနဲ့ပတ်သက်ပြီး တော်တော်စိတ်ဝင်စားနေတာ။ သီးသန့်နယ်ပယ်တွေကို ကာကွယ်ဖို့အတွက် လုံခြုံရေးစနစ်တစ်ခုကိုတောင် တီထွင်ထားတယ်။ ကျုပ်သာ အမှတ်မမှားဘူးဆိုရင် ခင်ဗျားတို့ဥပဒေက ပုဂ္ဂလိကပိုင်ဆိုင်မှုမှာ လူတစ်ယောက်က ပြစ်မှုကျူးလွန်ရင် သတ်မိန့်ပေးထားတယ်မလား"

"အိုး..စကားမစပ် ကျုပ်တို့ဟွာရှားလူမျိုးတွေက သိပ်စိတ်မရှည်တတ်ဘူးလို့ နာမည်ကြီးတယ်နော်"

ဝမ်လင်က အပြုံးလေးဖြင့်‌ ပြောလိုက်၏။

"ခင်ဗျား ကြမ်းပြလို့လည်းရတယ်။ ဒါပေမဲ့ ခင်ဗျား ကြမ်းပြလေလေ ကျုပ်တို့ကလည်း ပိုစိတ်လှုပ်ရှားလေလေပဲ"

ဝမ်လင်၏စကားများကြောင့် အာရီရက်ခမျာ ကြက်သေသေသွားရသည်။ အစတုန်းကတော့ ဝမ်လင့်ကို နည်းနည်းပါးပါးလေ့လာပြီး လျှောက်ကလိနေသော ဒုတိယမျိုးဆက်လူချမ်းသာတစ်ယောက်ဟုသာ ထင်ခဲ့မိသည်။ သို့သော် ယခုမူ ဤလူက လုံးဝအရူးတစ်ယောက်ဖြစ်ကြောင်း သိလိုက်ရသည်။

ရုပ်ရှင်ထုတ်လုပ်ရေးက ကျုပ်တို့လက်ထဲမှာရှိတယ်။ ကျုပ်တို့ရောင်းချင်ရင်ရောင်းမယ်။ မရောင်းချင်ရင် မရောင်းဘူးပဲ!

ခင်ဗျားအနေနဲ့ ကျုပ်တို့ကို စိတ်တိုင်းကျဝေဖန်နိုင်တယ်။ ထရိုးစစ်တပ်တစ်တပ်ကိုငှားပြီး ကျုပ်တို့ကို လက်တုံ့ပြန်နိုင်တယ်။ ဒီကမ္ဘာပေါ်မှာ ဘယ်သူကမှ ပိုက်ဆံမရှိဘဲ မရှင်သန်နိုင်ဘူး။

ခင်ဗျား ကျုပ်တို့ရုပ်ရှင်ရုံတွေကို ဖျက်ဆီးပစ်ချင်တယ်ဆိုရင် ကျုပ်တို့ကလည်း ခင်ဗျားတို့ဘက်က နာရေးလုပ်ငန်းတွေက လုပ်ငန်းတိုးချဲ့ဖို့ အစီအစဉ်ရှိလားဆိုတာကို စဉ်းစားကြည့်ရမှာပဲ…

ဤသည်မှာ ရက်စက်ကြမ်းကြုတ်ပြီး တည့်တိုးနိုင်လှသည်။

"ခင်ဗျားဘက်က ဘာလိုချင်တာလဲဆိုတာသာ ပြောလိုက်ပါ"

အာရီရက်က သက်ပြင်းချလိုက်လေသည်။ ဤဟွာရှားလူမျိုးက အလွန်လက်ပေါက်ကပ်လှသည်ဖြစ်ရာ အခြားညှိနှိုင်းရေးနည်းလမ်းများအားလုံးမှာ အသုံးမဝင်ချေ။ သူ့စည်းမျဉ်းက 'ငါက ချမ်းသာကြွယ်ဝတာမို့ ငါလုပ်ချင်တာလုပ်မယ်'ဟူသော စည်းမျဉ်းမျိုးကို လက်ကိုင်ထားသူပင်။

"ကျုပ်တို့ဘက်က သတ်မှတ်ချက်ကတော့ ရိုးရိုးလေးပါ"

ဝမ်လင်က ပြောလိုက်လေသည်။

"ခင်ဗျား ဒီရုပ်ရှင်တွေရဲ့ပြသခွင့်ကို လိုချင်တယ်ဆိုရင်လည်း အဆင်ပြေပါတယ်။ ဒါပေမဲ့ 'သုံးကိုယ်ပွား'ရုပ်ရှင်ကိုလည်း ပြသခွင့်ပေးရမယ်။ ပြသခွင့်ရှယ်ယာကလည်း တခြားရုပ်ရှင်တွေထက် နည်းလို့မရဘူး။ 'သုံးကိုယ်ပွား'ရဲ့လိုင်စင်ကြေးက တခြားရုပ်ရှင်တွေထက် နှစ်ဆပိုများနေရမယ်"

"မဖြစ််နိုင်တာ"

အာရီရက်က ခပ်ပြတ်ပြတ်ငြင်းဆန်လိုက်သည်။

ယဉ်ကျေးမှုထိန်းသိမ်းသူများကို 'သုံးကိုယ်ပွား'ရုပ်ရှင်ပြသခွင့်အတွက် သဘောတူလာအောင် ဖျောင့်ဖျဖို့ကို အသာထား။ အကယ်၍ သူတို့ဘက်က သဘောတူလိုက်သည်ဆိုလျှင်ပင် ပြသခွင့်အကြိမ်ရေကို သေချာပေါက်ထိန်းချုပ်ထားကြလိမ့်မည်။

ထို့ပြင် 'သုံးကိုယ်ပွား'ရုပ်ရှင်ကို သူ ကြားဖူးပါသော်ငြား ဤသည်မှာ ဟွာရှားထုတ်လုပ်ရေးတစ်ခုဖြစ်သဖြင့် ဈေးကွက်အလားအလာက မသေချာသေးပေ။ ထိုကဲ့သို့သော ရုပ်ရှင်မျိုးအတွက် အခြားရုပ်ရှင်များထက် နှစ်ဆပိုများသော ကုန်ကျစရိတ်ဖြင့် ရုံတင်ရမည်ဆိုပါက ဆုံးရှုံးနစ်နာမှုများစွာ ရှိလာနိုင်သည်။

"ဒါဆို ကျုပ် ခင်ဗျားကို စကားလေးခွန်းတည်းပြောလိုက်မယ်။ လစ်လိုက်တော့"

ဝမ်လင်က ဖုန်းချပစ်လိုက်လေတော့သည်။

"ငါ့ရှေ့မှာ လာမောက်မာပြနေတာလား။ ငါ့ကိုများ လာခြိမ်းခြောက်နေတာလား။ ဘယ်သူက ဘယ်သူ့ကိုလိုအပ်နေလဲဆိုတာ သူတို့ နားမလည်သေးဘူးပဲ"

"ကိစ္စမရှိပါဘူး"

ကျန်းမုန့်လောင်က ဖျောင့်ဖျလိုက်ချေသည်။

"သူတို့ကို ရက်နည်းနည်းလောက် အချိန်ပေးလိုက်ဦး။ အဲဒီအချိန်ကျရင် ကူကယ်ရာမဲ့တယ်ဆိုတာ ဘာမှန်း သိသွားလိမ့်မယ်"

"မင်းက အဲဒီလောက်တောင် ယုံကြည်မှုရှိနေတာလား"

"စိတ်ချထားလိုက်။ ဒါက ဈေးကွက်အခြေအနေစစ်စစ်ဆိုပေမဲ့ အနေအထားတစ်ခုကို ရောက်သွားတာနဲ့ လူမှုရေးမျှခြေကိုပါ သက်ရောက်မှုရှိလာလိမ့်မယ်။ အဲဒီနိုင်ငံရဲ့ အဆင့်မြင့်အရာရှိတွေကလည်း ရုပ်ရှင်လေးနည်းနည်းကြောင့်နဲ့ သူတို့ရဲ့လူမှုအဖွဲ့အစည်းကြီး ပရမ်းပတာဖြစ်နေတာကို အသာထိုင်ကြည့်နေမှာမဟုတ်ဘူး။ နောက်ဆုံးကျရင် သူတို့ဘက်က အလျှော့ပေးလာကြမှာပဲ"

"'သုံးကိုယ်ပွား'ရုပ်ရှင်ကို ကြည့်ပြီးတာနဲ့ ဟွာရှားသိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းရဲ့ ဆွဲဆောင်မှုကို နားလည်သွားလိမ့်မယ်။ အဲဒီအချိန်ကျရင် သူတို့ ရပ်တန့်ချင်ရင်တောင်မှ ရပ်တန့်လို့ရမှာမဟုတ်တော့ဘူး"

"စကားမစပ်.. အဲဒီရုပ်ရှင်ရုံတွေမှာ မှတ်တမ်းယူတာကို တားမြစ်ဖို့အတွက် အစီအမံတွေလုပ်ထားရဲ့လား"

ဝမ်လင်က မေးလိုက်ချေသည်။

"တကယ်လို့ ခိုးရိုက်ဗားရှင်းသာ ထွက်လာရင် ငါတို့အစီအစဉ်ရဲ့အကျိုးသက်ရောက်မှုလည်း သိသိသာသာလျော့ကျသွားလိမ့်မယ်"

"အဲဒီအတွက် မပူပါနဲ့"

ကျန်းမုန့်လောင်က ဆို၏။

"ငါ ဉာဏ်ရည်တုဆော့ဖ်ဝဲတစ်ခု ရေးထားပြီးပြီ။ ခိုးရိုက်လင့်ခ်တစ်ခုခုပေါ်လာလို့ နှိပ်လိုက်တာနဲ့ မင်းရဲ့ကွန်ပျူတာထဲမှာ 'သိုးနဲ့ဝံပုလွေ'ဗီဒီယိုကို နှစ်ဆယ့်လေးနာရီလုံး မရပ်မနားပြနေလိမ့်မယ်"

"ဟားဟားဟား ကြမ်းလိုက်တာဟေ့။ ဒီလိုဆိုရင်တော့ သိပ်အားကောင်းတဲ့ ယဉ်ကျေးမှုလွှမ်းမိုးနိုင်စွမ်းတစ်ရပ် ဖြစ်လာတော့မှာပဲ"

"ဟားဟားဟား"

...

ထိုနေ့တုန်းက ကမ္ဘာတစ်ဝှမ်းရှိ ရုပ်ရှင်ကုမ္ပဏီများက ဝမ်လင့်ကို ဖုန်းခေါ်ခဲ့ကြသည်။ အမြင့်ဆုံးကမ်းလှမ်းချက်က ငါးဆယ်ရာခိုင်နှုန်းဖြစ်၏။ သို့သော် ငါးဆယ်ရာခိုင်နှုန်းပင်ဖြစ်စေ ငါးရာရာခိုင်နှုန်းပင်ဖြစ်စေ ဝမ်လင်ကတော့ လုံးဝစိတ်မဝင်စားချေ။

မူပိုင်ခွင့်လိုချင်တာလား? ရတယ်လေ..ကျုပ်ရဲ့သတ်မှတ်ချက်တွေကို အရင်သဘောတူလိုက်။ မဟုတ်လို့ကတော့ ဘာမှဆွေးနွေးနေစရာမလိုဘူး..

သို့သော် ညိနှိုင်းဆွေးနွေးသူတစ်ယောက်ကမှ ထိုကဲ့သို့သော သတ်မှတ်ချက်များကို လက်မခံပေးနိုင်ကြပေ။

"ငါတို့ရဲ့နိုင်ငံခြားရောက်မိတ်ဆွေတွေကို အကျိုးအမြတ်လေးတစ်ခုလောက် ပေးလိုက်ရအောင်"

ကျန်းမုန့်လောင်က မီးထဲသို့ လောင်စာထပ်ဖြည့်လိုက်သည်။

"ဟွာရှားနိုင်ငံသားခံယူထားတဲ့လူတိုင်း 4K Blu-rayကို ထောက်ပံ့ရေးလက်ဆောင်အဖြစ် အခမဲ့ကြည့်ရှုနိုင်တယ်"

နိုင်ငံခြားတွင် ပညာသင်နေကြသော ကျောင်းသားများမှာ မွန်းကျပ်နေကြလေသည်။ သူတို့အနေနှင့် အိမ်ပြန်ပြီး မကြည့်နိုင်တာမျိုးတော့ မဟုတ်သော်ငြား ပြန်ရောက်ရောက်ချင်း နှစ်ပတ်ကွာရန်တင်းဝင်ရမည့်ကိစ္စမှာ မဖြစ်မနေလိုက်နာရမည်ဖြစ်လေရာ ထိုမျှအထိ သူတို့ အချိန်အကုန်မခံနိုင်ချေ။

သို့သော် သူတို့အမိမြေထံမှ နွေးထွေးမှုကြောင့် စိတ်လှုပ်ရှားသွားရသည်။

နိုင်ငံခြားသားများ ကြည့်ပင်မကြည့်ရသေးသော ရုပ်ရှင်အကြောင်းအရာများကို လမ်းပေါ်တွင် ဆွေးနွေးကြသည့်အချိန်မှာမူ နောက်ဆုံးမီးပွားကို တောက်လောင်စေခဲ့သည်။

"သံမဏိလူသားခေါင်းစွပ်ကို စွပ်ထားပြီး သက်ဆိုင်ရာအရင်းအမြစ်တွေကို မြန်မြန်ရယူပေးဖို့ အစိုးရကို တောင်းဆိုနေကြတဲ့ ပြည်သူအယောက်သုံးရာက လမ်းမပေါ်မှာ အကြီးအကျယ်ဆန္ဒပြနေတာကို တွေခဲ့ရတယ်"

"မနေ့ညတုန်းက အမေရိကတိုက်မှာရှိတဲ့ ရုပ်ရှင်ရုံ၂၇ရုံ တိုက်ခိုက်ခံခဲ့ရပြီး ဥရောပမှာရှိတဲ့ ရုပ်ရှင်ရုံ၁၉ခုလည်း ပျက်စီးဆုံးရှုံးခဲ့ရတယ်..."

"xxxကုမ္ပဏီက ဆန္ဒပြပွဲ စတင်လိုက်ပြီ။ 'The Avengers'ကို မပြသဘူးဆိုရင် ကုမ္ပဏီကလည်း အလုပ်မလုပ်ဘူးတဲ့"

...

သုံးရက်အကြာတွင် တရိပ်ရိပ်တိုးပွားလာသော ပြည်သူလူထုထံမှ ဖုန်းခေါ်ဆိုမှုများအကြား အမေရိကန်နိုင်ငံရှိ ယဉ်ကျေးမှုဌာနဘက်က အရင်ဦးစွာအလျှော့ပေးလာလေသည်။

'သုံးကိုယ်ပွား'ရုပ်ရှင်ကို နိုင်ငံထဲတွင် ပြသခွင့်ပြုလိုက်ရသည့်အတွက် ပြည်တွင်းယဉ်ကျေးမှုအပေါ် အကြီးအကျယ်သက်ရောက်မှုရှိနိုင်သော်ငြား သူတို့သာ မလှုပ်ရှားပါက နိုင်ငံတော်စီးပွား၇ေးနှင့် လူမှုရေးဟန်ချက်ညီမှုကို ထိခိုက်လာတော့မည်ဖြစ်၏။ ထိုဆုံးရှုံးမှုနှင့်ယှဉ်လျှင် ယဉ်ကျေးမှုလွှမ်းမိုးခြင်းကိုသာ ခံလိုက်မည်ဖြစ်၏။

ရုပ်ရှင်ထွက်လာခဲ့လျှင်ပင် ကြည့်ရှုသူများကို ဆွဲဆောင်နိုင်ခြင်းမရှိဘဲ ယဉ်ကျေးမှုဆိုင်ရာ သက်ရောက်မှုက ရာစုနှစ်ပေါင်းများစွာ အခိုင်အမာအမြစ်တွယ်လာခဲ့သော စူပါဟီးရိုးစီးရီးများကို ကျော်တက်မသွားဖို့ မျှော်လင့်မိသည်။

ရုပ်ရှင်ထုတ်လွှင့်ခွင့်ရလိုက်သော ကုမ္ပဏီများမှာ လွတ်ငြိမ်းချမ်းသာခွင့်ရလိုက်သလို ခံစားကြရသည်ဖြစ်ရာ ပါရာမောင့်ထုတ်လုပ်ရေးကို ဆက်သွယ်ကြပါတော့သည်။

"ဥက္ကဋ္ဌဝမ်.. ကျုပ်တို့အကြီးတန်းအရာရှိတွေ ဆွေးနွေးပြီးတဲ့နောက်မှာ ခင်ဗျားရဲ့သတ်မှတ်ချက်တွေကို လက်ခံဖို့ ဆုံးဖြတ်လိုက်ပါပြီ"

ဗီးနပ်က ဝမ်လင်ကို ပထမဆုံးဆက်သွယ်လာသူပင်။ သူတို့က လုပ်ငန်းကြီးတစ်ခုဖြစ်သောကြောင့် ရင်ဆိုင်ရသည့် ဖိအားများကလည်း များပြားလှ၏။

"အဲဒီလိုလား။ ဒါပေမဲ့ စိတ်မကောင်းပါဘူး။ အခုလတ်တလော ငွေကြေးဖောင်းပွမှုကြောင့် ကျုပ်တို့ရဲ့လိုင်စင်ကြေးက ထပ်တက်သွားပြန်ပြီ"

***************

All Chapters