လေယာဉ်တင်သင်္ဘောတစ်စီးကို တကယ်ဖျက်ဆီးပစ်ခဲ့တာ
Vol. 37 Ch. 545
ယုတ္တိမတန်လှသော ဝမ်လင်၏ဈေးမြှင့်မှုကြောင့် ရုပ်ရှင်ရုံတိုင်းက သူ့အား ချစ်တီးတစ်ယောက်နှယ် ဆဲဆိုမိမတတ်ပင်။
'သုံးကိုယ်ပွား'စာအုပ်များက အလွန်ရောင်းအားကောင်းခဲ့သည်မှာ မှန်သော်ငြား ထိုရုပ်ရှင်အတွက်မူ ဈေးကွက်ထဲတွင် စမ်းသပ်မှုများ မလုပ်ရသေးပေ။ လက်မှတ်ရောင်းရပါ့မလားဆိုသည်ကို မည်သူကများ သိနိုင်မည်နည်း။ ဤမျှအထိ မြင့်မားလှသော လိုင်စင်ကြေးပေးထားပြီးမှ ဘယ်သူကမှ မကြည့်ခဲ့လျှင် သူတို့လည်း ကုန်ကျစရိတ်များကို ပြန်ရနိုင်မည်မဟုတ်ချေ။
ထို့ပြင် 'သုံးကိုယ်ပွား'နှင့် ရင်းနှီးကျွမ်းဝင်သူများက ၎င်း၏လောကအမြင်က မည်မျှကျယ်ပြောသလဲဆိုသည်ကို ကောင်းကောင်းသိထားကြသည်။ လူသားများက ယနေ့အချိန်အထိ ဒုတိယ သို့မဟုတ် စတုတ္ထစကြဝဠာနှင့် မထိတွေ့ဖူးပေ။ သို့ဆိုပါက နောက်ပိုင်းမှာ ဆက်လာမည့် အကြောင်းအရာများကို မည်သို့ဆက်လက်ရိုက်ကူးနိုင်မည်နည်း။
ပထမပိုင်းတွင် အလွန်ကြီးကျယ်ခမ်းနားလှသော မြင်ကွင်းမျိုးကို မလိုအပ်လျှင်ပင် သရုပ်ဆောင်များ၊ ရိုက်ကူးရေးလုပ်ငန်းစဉ်များ၊ နည်းပညာနှင့် ထုတ်လုပ်ရေးပိုင်းဆိုင်ရာ တောင်းဆိုချက်များမှာ အလွန်ကြီးမားလှသော စိန်ခေါ်မှုတစ်ရပ် ဖြစ်လာမည်မှာ မလွဲမသွေပင်။
ကောင်းကောင်းဖန်တီးနိုင်ခဲ့လျှင်တော့ လက်ရာမြောက်ဖန်တီးမှုတစ်ခု ဖြစ်လာနိုင်သည်။
မဟုတ်ပါက 'သို့ချီ၏မြင်းရုပ်အသွင်းပြောင်းခြင်း"နှင့် "ဉာဏ်ရည်မသန်စွမ်းသူများ၏ခံတပ်"နှင့် ဘာမှမကွာတော့ပေ။ ထိုအခါ ပြင်းထန်လှသော ဝေဖန်ရှုံ့ချမှုများကို ရင်ဆိုင်ရရုံသာမက အမြတ်အစွန်းနှင့်ပတ်သက်သော ကိစ္စများတွင်လည်း ကပ်ဘေးကျရောက်နိုင်သည်။
သို့သော် ဤကဲ့သို့သောသဘောတူညီမှုမျိုးနှင့် ရင်ဆိုင်ရချိန်မှာမူ သူတို့လည်း မတတ်နိုင်ပေ။ သူတို့က ဘာများတတ်နိုင်မည်နည်း။
အဆုံးတွင်မူ ရုပ်ရှင်ရုံတစ်ခုပြီးတစ်ခုက ဤရုပ်ရှင်များ၏ မူပိုင်ခွင့်အတွက် အခကြေးငွေအမြောက်အများကို ပေးချေခဲ့ကြရပြီး ဝမ်လင်၏တောင်းဆိုမှုအတိုင်း 'သုံးကိုယ်ပွား'ရုပ်ရှင်ကိုလည်း ပြသချိန်အများဆုံးဖြင့် ရုံတင်ပြသရန် အစီအစဉ်ဆွဲကြရသည်။
အလွန်အကျွံများပြားလှသော လိုင်စင်ကြေးများကြောင့် 'သုံးကိုယ်ပွား
ရုပ်ရှင်၏ လက်မှတ်ဈေးနှုန်းက အခြားရုပ်ရှင်များထက် နှစ်ဆပိုမြင့်သွားခဲ့ပေသည်။ သူတို့ဟာ အမြတ်ရနိုင်မည့် မျှော်လင့်ချက်ကို စွန့်လွှတ်လိုက်ကြပြီး အခြားနာမည်ကြီးရုပ်ရှင်များမှ ရရှိမည့် ရုံတင်ငွေက ဤလိုင်စင်ကြေးများကို ကာမိရန်သာ မျှော်လင့်နေကြလေသည်။
သူတို့၏ရင်းနှီးမြှုပ်နှံမှုအတွက် စိတ်မပျက်ခဲ့ရပေ။ တစ်ပတ်ကျော်ကြာအောင် ဖိနှိပ်ထားခဲ့ရသော ရုပ်ရှင်ချစ်ပရိသတ်များ၏ စိတ်အားထက်သန်မှုက အလွန်ကြောက်မက်ဖွယ်ကောင်းလှပေသည်။ ပြသချိန်များများပေးထားသည့်အတွက် အကြိုလက်မှတ်ဝယ်ယူမှုမှာ ပုံမှန်ထက် နှစ်ဆပိုများခဲ့သဖြင့် ရုပ်ရှင်ရုံပိုင်ရှင်များမှာ စိတ်သက်သာရာရသွားကြသည်။
အကြိုရောင်းအားက ယခင်ဖြန့်ချီခဲ့သည့် ရုပ်ရှင်များထက် သုံးဆယ်ရာခိုင်နှုန်း ပိုများလာခဲ့ပြီး တိုးတက်မှုနှုန်းကလည်း အလွန်စိတ်ကျေနပ်ဖွယ်ကောင်းလှသည်။
အကြိုလက်မှတ် မဝယ်နိုင်ခဲ့သူများအဖို့တော့ ဤသို့သာ တွေးမိကြသည်။
ဒီလူတွေ ရူးနေကြတာလား? နာမည်ကြီးရုပ်ရှင်တွေကို ပြသချိန်တိုးပေးသင့်တာလေ။ အဲဒါကို ဟွာရှားထုတ်ရုပ်ရှင်တစ်ကားကိုမှ ပြသချိန်အများဆုံးပေးထားရတယ်လို့….
ဟွာရှားလူမျိုးများက သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်များကို ရိုက်နိုင်လေသလား။
နိုင်ငံခြားသားအများစု၏ အမြင်မှာမူ ဟွာရှားနိုင်ငံ၏ ရုပ်ရှင်ထုတ်လုပ်မှုက ဘတ်ဂျက်အများစုကို သရုပ်ဆောင်များအတွက် သုံးစွဲပြီး အထူးပြုလုပ်ျခက်များအတွက် ငွေနည်းနည်းသာ ချန်ထားတတ်သည်ဟု ဝေဖန်ခံနေရတာ ကြာလှလေပြီ။
အစောပိုင်းတုန်းက ဝမ်လင်၏ခြိမ်းခြောက်မှုများကြောင့် ဤလူများက နာမည်ကျော်ရုပ်ရှင်များ ရုံတင်ချိန်နောက်ကျရခြင်းမှာ 'သုံးကိုယ်ပွား'ရုပ်ရှင်ကို နိုင်ငံခြားဈေးကွက်မှ လက်ခံလာအောင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း မသိကြပေ။
"ဒါက လက်ရာမြောက်ရုပ်ရှင်တစ်ခုများလား။ မဟုတ်ရင် ဒီလောက်ထင်ပေါ်တဲ့အနေအထားမှာ ဘယ်လိုလုပ်ထားရဲမှာလဲ"
စောင့်ဆိုင်းနေကြရသူ အများအပြားက ဤရုပ်ရှင်ကို စမ်းကြည့်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။
မကြည့်ပါက အဆင်ပြေသေးသော်ငြား ကြည့်လိုက်မိသည်နှင့် ကမ္ဘာသစ်တစ်ခု၏ တံခါးများကို ဖွင့်လိုက်သည့်အလားပင်။
ကျန်းမုန့်လောင်က ဤရုပ်ရှင်အတွက် သရုပ်ဆောင်ရွေးချယ်ရာတွင် အလွန်အားထုတ်ထားသည့်အပြင် အနီရောင်ကမ်းခြေအခြေစိုက်စခန်းကဲ့သို့သော ပရောဂျက်ကြီးတစ်ခုကို တည်ဆောက်ရာတွင်လည်း ငွေအမြောက်အများ ရင်းနှီးမြှုပ်နှံခဲ့သည်။
နောက်ဆုံးရိုက်ကူးမှုနှင့် အထူးပြုလုပ်ချက်အဖွဲ့ကလည်း ထိပ်တန်းအဆင့်ဖြစ်ပြီး စည်းမျဉ်းတစ်ခုကို သူ လိုက်နာခဲ့သည်။
အထူးပြုလုပ်ချက်မပါဘဲ လုပ်နိုင်လျှင် မသုံးဘဲ နေလိုက်မည်ဟုပင်။
အရေးအကြီးဆုံးမှာ ကျန်းမုန့်လောင်က မူရင်းစာသားများကို လုံးဝနီးပါး မပြောင်းလဲခဲ့ပေ။ ဤသည်မှာ ရုပ်ရှင်အဖြစ် အသက်သွင်းချိန်မျိုးတွင် လုံးဝမဖြစ်နိုင်သော ကိစ္စတစ်ခုပင်။
ယခုလိုလုပ်ခဲ့သည့်အတွက် ရုပ်ရှင်ပြသချိန်မှာ လေးနာရီအထိ ရောက်သွားခဲ့သည်။ အဆုံးသတ်အထူးပြုလုပ်ချက်များမှာ ရင်သပ်ရှုမောဖွယ်ကောင်းလှပေသည်။ လေးနာရီလုံးလုံး ပျင်းဖို့ပင်အချိန်မရဘဲ ဟွာရှားနိုင်ငံ၏စိတ်ကူးစိတ်သန်းကောင်းမှုနှင့် ထုတ်လုပ်ရေးအဖွဲ့၏ ထူးချွန်မှုတို့ကြောင့် ရင်သပ်ရှုမောဖွယ်ကောင်းခဲ့လေသည်။
ပထမအုပ်စုက ကြည့်မိသွားလျှင် ဒုတိယအုပ်စုလည်း ရှိလာသည်။ တစ်ဆင့်စကား တစ်ဆင့်နားသို့ ရောက်သွားခြင်း၏ သက်ရောက်မှုကား အလွန်ထိရောက်ပေသည်။ ဈေးနှုန်းက မြင့်နေသော်ငြား ရုပ်ရှင်ကြာချိန်ကလည်း ပုံမှန်နာမည်ကြီးရုပ်ရှင်များထက် နှစ်ဆပိုရှည်နေသောကြောင့် လက်မခံနိုင်စရာတော့ မရှိပေ။
ပထမနေ့တွင် လူအယောက်ငါးဆယ်ဆံ့သော ရုပ်ရှင်ရုံတစ်ခုမှာ လူခုနစ်ယောက်ရှစ်ယောက်ခန့်သာ လာခဲ့ကြသည်။
ဒုတိယနေ့တွင်မူ အံ့ဩဖို့ကောင်းလောက်အောင်ပင် ငါးဆယ်ရာခိုင်နှုန်းအထိ ရောက်လာခဲ့ကြသည်။
တတိယနေ့မှာတော့ ရုံပြည့်ရုံလျှံဖြစ်သွားခဲ့သည်။
'သုံးကိုယ်ပွား'ရုပ်ရှင်မှာ ကမ္ဘာတစ်ဝန်း၌ ဗိုင်းရပ်ပိုးတစ်ခုအလား ပျံ့နှံ့သွားခဲ့ပြီး ကျယ်ပြောလှသော စကြဝဠာအပြင် လူသားသဘာဝနှင့်ပတ်သက်၍ နက်နက်နဲနဲခွဲခြမ်းစိတ်ဖြာထားပြီး သိပ္ပံသဘောတရားများကို အခြေခံထားသောကြောင့် ပရိသတ်များကို ဆွဲဆောင်ဖမ်းစားနိုင်ခဲ့သည်။
တစ်ပတ်အကြာတွင် 'သုံးကိုယ်ပွား'ရုပ်ရှင်က ရုံတင်ငွေတွင် 'The Avengers'ကိုပင် ကျော်တက်သွားခဲ့ပြီး ရုပ်ရှင်လောကအတွင်း၌ အံ့ဖွယ်ဖြစ်ရပ်တစ်ခုကို ဖန်တီးခဲ့သည်။
"ပြသချိန် ထပ်တိုးပေးပါ။ ပြသချိန်ထပ်တိုးပေးပါ"
စီးပွားရေးသမားများက အမြတ်အစွန်းနောက်ကို လိုက်ကြခြင်းသာ။ ယဉ်ကျေးမှုဌာန၏ ကန့်သတ်မှုများ မရှိတော့သည့်အခါ ရုပ်ရှင်ရုံပိုင်ရှင်များကလည်း "ငွေ"ဟူသော ယုံကြည်မှုတစ်ခုတည်းသာ ရှိ၏။
သူတို့ကိုယ်သူတို့ ငတုံးများနှယ် ခံစားနေမိသည်။ ဝမ်လင်က အစတုန်းက သူတို့ကို ဤရုပ်ရှင်အား အလကားနီးနီးပေးခဲ့ပြီး ရုံတင်ငွေမှရသော အမြတ်အစွန်း၏နှစ်ရာခိုင်နှုန်းကိုသာ တောင်းခံခဲ့သည်။ သူတို့ကတော့ ငြင်းပယ်ခဲ့ကြသည်သာ။
ယခုမူ လိုင်စင်ကြေးက အလွန်ဈေးကြီးလှသလို ရုံတင်ငွေခွဲဝေမှုကလည်း အလွန်မြင့်လွန်းလှ၏။ တစ်နိုင်ငံလုံးရှိ စုစုပေါင်းရုံတင်ငွေကို တွက်ကြည့်ပါက အနည်းဆုံး အမေရိကန်ဒေါ်လာဘီလီယံပေါင်းများစွာ နစ်နာခဲ့ရသည်။
ယခုလိုဖြစ်လာမည်ဟုသာ ကြိုသိခဲ့ပါက ယဉ်ကျေးမှုဌာနက တားမြစ်ထားလျှင်ပင် သူတို့ကတော့ ဤရုပ်ရှင်ကို ပြသခဲ့မိမည်သာ။
'သုံးကိုယ်ပွား'ရုပ်ရှင်၏ ရုံတင်ငွေမြင့်တက်မှုက ပြည်တွင်းဈေးကွက်တွင် သိပ္ပံစိတ်ကူးယဉ်ဆိုင်ရာ လှိုင်းလုံးများကို တစ်ခုပြီးတစ်ခုပေါ်ပေါက်လာစေခဲ့ပြီး ရင်းနှီးမြှုပ်နှံသူများဖြစ်သည့် ကျန်းမုန့်လောင်နှင့် ဝမ်လင်တို့ကိုလည်း တိုက်ရိုက်ထုတ်လွှင့်မှု အင်တာဗျူးအစီအစဉ်တစ်ခုက ဖိတ်ကြားခဲ့ကြသည်။
"မစ္စတာကျန်း ထပ်တွေ့ကြပြန်ပြီနော်"
အစီအစဉ်တင်ဆက်သူက ယခင်ကတွေ့ဖူးသည့် ဆာရှီနင်ဖြစ်နေပြန်သည်။
"ဟုတ်ပါရဲ့။ ထပ်တွေ့ကြပြန်ပြီ"
ကျန်းမုန့်လောင်က ယဉ်ယဉ်ကျေးကျေးပြန်ပြောလိုက်သည်။
"ခင်ဗျား ရူပဗေဒနိုဘယ်ဆုကို ရတုန်းက ကျွန်တော်တို့ နောက်ဆုံးတွေ့ခဲ့ကြတာနော်။ အခု တစ်လတောင် မပြည့်သေးခင်မှာပဲ တခြားနယ်ပယ်တစ်ခုဖြစ်တဲ့ ရုပ်ရှင်လောကထဲမှာ ထပ်တွေ့ရပြန်ပြီ။ ခင်ဗျား ပြောချင်တာတစ်ခုခုများရှိလား"
"ထွေထွေထူးထူးတော့မရှိပါဘူး"
ကျန်းမုန့်လောင်က ပြောလိုက်၏။
"ကျွန်တော်က ငွေရှာဖို့အတွက် ရုပ်ရည်ကို အားကိုးနေရတဲ့လူမဟုတ်ဘူးဆိုတာလေးပဲ သိစေချင်တာပါ။ ကျွန်တော်က အရည်အချင်းကို မှီခိုပြီး ငွေရှာနေတာလေ"
"ဟားဟားဟား အရည်အချင်းတဲ့လား။ ဒါမှမဟုတ် ငွေကြေးအင်အားကိုများ ပြောချင်တာလား"
အမှန်အတိုင်းပြောရုရင် ငွေရှိရင်တောင် ရူပဗေဒနိုဘယ်ဆုကို ရနိုင်လို့လား။ အဆင့်မြင့်ရုပ်ရှင်တွေကို ဖန်တီးနိုင်လို့လား"
"အမှန်ပါပဲ။ မစ္စတာကျန်းက ရုပ်ရည်ရော အရည်အချင်းမှာပါ ကျွန်တော့်ထက် ပိုသာတယ်ဆိုတာ ကျွန်တော် ဝန်ခံပါတယ်"
...
"တကယ်တော့ ဒီရုပ်ရှင်ထဲမှာ အချိန်ယူပြီး ဖြည်းဖြည်းချင်းခွဲခြမ်းစိတ်ဖြာရမဲ့ အသေးစိတ်အချက်အလက်တွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ အစီအစဉ်တင်ဆက်သူတစ်ယောက်အနေနဲ့ မစ္စတာကျန်းကို မေးချင်တဲ့ ကိုယ်ရေးကိုယ်တာမေးခွန်းလေးတစ်ခုရှိပါတယ်"
"မေးပါ ဆရာဆာ.."
ကျန်းမုန့်လောင်က ပြောလိုက်၏။
"ကုချင်ပရောဂျက်ပါတဲ့ ရိုက်ကွက်ကို ခင်ဗျား ဘယ်လိုရိုက်ခဲ့တာလဲ"
ကုချင်ပရောဂျက်ဟုခေါ်သော ဇာတ်ကွက်ကား ပထမရုပ်ရှင်မှ နာမည်ကြီးဇာတ်ကွက်ပင်။
စီရင်ချက်ချသောနေ့တွင် သုံးကိုယ်ပွားအဖွဲ့အစည်းETO၏ ပင်လယ်ပြင်တပ်ဖွဲ့အခြေစိုက်စခန်းမှာ ပနားမားတူးမြောင်းကို ဖြတ်ကျော်နေစဉ် နာနိုကုန်ကြမ်းပစ္စည်းဖြင့် ပြုလုပ်ထားသော ဓားပျံဖြင့် ငါးဆယ်စင်တီမီတာရှိသော သံမဏိအတုံးလေးများအဖြစ် ပိုင်းဖြတ်ခံခဲ့ရသည်။
ETOအဖွဲ့သားများအားလုံး ခါးအလယ်မှ နှစ်ပိုင်းပြတ်သွားခဲ့ပြီး သင်္ဘောတစ်စင်းလုံးလည်း ကွဲသွားခဲ့သည်။
ရုပ်ရှင်ထဲတွင် ဤဇာတ်ကွက်က အလွန်လက်တွေ့ဆန်လွန်းလှသဖြင့် လူတွေကို ကြက်သီးတဖြန်းဖြန်းထစေသည်။
"ခင်ဗျား အဲဒီရိုက်ကွင်းအတွက် အထူးပြုလုပ်ချက်ပစ္စည်းကိရိယာအသစ်တစ်ခုကိုများ သုံးခဲ့တာလား။ 'တိုက်တန်းနစ်သင်္ဘော'မြုပ်တဲ့ ဇာတ်ကွက်လိုမျိုး နည်းလမ်းကို သုံးခဲ့တာလား"
ဆာရှီနင်က မေးလိုက်လေသည်။
တိုက်တန်းနစ်ကို ဖန်တီးစဉ်က တစ်ပုံစံတည်းတူသော သင်္ဘောပုံစံတူငယ်လေးတစ်စင်းကို တည်ဆောက်ခဲ့ခြင်းဖြစ်လေရာ ဤတစ်ခေါက်တွင်လည်း သူက ထိုသို့သောနည်းလမ်းမျိုးကို ထုတ်သုံးခဲ့သည်ဟု ထင်နေကြခြင်းပင်။
"ဪ အဲဒီဇာတ်ကွက်လား။ အဲဒါကို အထူးပြုလုပ်ချက်နဲ့ လုပ်ထားတာမဟုတ်ပါဘူး။ ကျွန်တော် လေယာဉ်တင်သင်္ဘောတစ်စင်းကို တကယ်ဖြတ်တောက်ပစ်ခဲ့တာ"
ကျန်းမုန့်လောင်က အလွန်သာမန်ဆန်လှသော ကိစ္စတစ်ခုကို ပြောနေသည့်အလား ပြောနေချေသည်။
ဆာရှီနင် : ≡;°д°)
ပရိသတ်A : "သောက်ကျိုးနည်း"
ပရိသတ်B : "ကျန်းကျယ်ရဲ့ကျိန်ဆဲစကား"
ပရိသတ်C : "မက်ဂျစ်မြို့တော်ရဲ့ကျိန်ဆဲစကား"
ပရိသတ်D : "အရှေ့မြောက်ပိုင်းရဲ့ ကျိန်ဆဲစကား"
"ဒါ.. ဒါက စိတ်တောင်မကူးကြည့်မိတဲ့ကိစ္စပဲ"
ဆာရှီနင်က မျက်လုံးပြူး၍ ပါးစပ်အဟောင်းသားဖြင့် ပြောလာလေသည်။
"အဲဒီဓားပျံက ကျန်းနန်သိပ္ပံနဲ့နည်းပညာတက္ကသိုလ်က ထုတ်လုပ်ထားတဲ့ အထူးခိုင်ခံ့တဲ့ ဂရက်ဖိုက်ကုန်ကြမ်းပစ္စည်းတစ်ခုလေ။ သူ့ရဲ့ပါးလွှာမှုက မူရင်းစာသားထဲမှာပါတဲ့ ဓားပျံထက်တောင် ဆယ်ဆပိုသေးပြီး လေးဆလောက် ပိုခိုင်ခံ့တယ်။ ဒါပေမဲ့ ပနားမားတူမြောင်းမှာ ဒီဇာတ်ကွက်အတွက် ခွင့်ပြုချက်ရဖို့ တော်တော်ကြိုးစားခဲ့ရတာ"
"ခင်ဗျားတို့ကြည့်ခဲ့ရတဲ့ စီရင်ချက်ချတဲ့နေ့က ကျွန်တော်ဝယ်ပြီး ပြန်ပြင်ထားတဲ့ အငြိမ်းစားလေယာဉ်တင်သင်္ဘောတစ်စင်းလေ။ အမေရိကန်ဒေါ်လာငါးဘီလီယံလောက် ကုန်ကျခဲ့တာ"
"ငါနော်"
"သောက်ကျိုးနည်း"
******************