ဝမ်လင် အရိုက်ခံရခြင်း
Vol. 37 Ch. 546
"ရုပ်ရှင်ပြသချိန်က မိနစ်ပိုင်းလေးပဲရှိတာကို အမေရိကန်ဒေါ်လာငါးဆယ်ဘီလီယံတောင် ရင်းထားတာဆိုတော့ မစ္စတာကျန်းရဲ့ရင်းနှီးမြှုပ်နှံမှုအတွက် ငါ ခဏခဏကြည့်ပေးမှဖြစ်မယ်"
"ညီအစ်ကိုတို့.. ဒုတိယတစ်ခေါက်နဲ့ တတိယတစ်ခေါက် ပြန်သွားကြည့်ကြရအောင်"
ဤအစီအစဉ်ကို ထုတ်လွှင့်ပြသလိုက်သည်နှင့် 'သုံးကိုယ်ပွား'၏ရုံတင်ငွေက မမျှော်လင့်ထားဘဲ မြင့်တက်လာခဲ့သည်။ ဤသည်မှာ လှည့်စားမှုတစ်ခုဟု ထင်ပြီး ဖော်ထုတ်ရန် ရောက်လာကြသူများကပါ ပြုံတိုးနေသောကြောင့် ရုပ်ရှင်၏ဝင်ငွေထဲသို့ နောက်ထပ်လှိုင်းလုံးတစ်လုံး ထပ်တိုးပေးလိုက်သလို ဖြစ်သွားသည်။
ယခုအချိန်တွင် "သုံးကိုယ်ပွား"ရုပ်ရှင်၏ ကမ္ဘာလုံးဆိုင်ရာ ရုံတင်ငွေက မမျှော်လင့်ထားပါဘဲ အမေရိကန်ဒေါ်လာငါးဆယ်ဘီလီယံကျော်သွားခဲ့ပြီး စံချိန်ဟောင်းထက် နှစ်ဆနီးပါးရရှိခဲ့သည်။
ထို့ပြင် ကျန်းမုန့်လောင် ယခင်ကတည်းက ငွေကြေးအမြောက်အများ ထောက်ပံ့ထားခဲ့သည့် အနီရောင်ကမ်းခြေအခြေစိုက်စခန်းကလည်း ရုတ်တရက်ဆိုသလို တစ်ကမ္ဘာလုံးအတွက် ခရီးသွားဆွဲဆောင်ရာနေရာတစ်ခု ဖြစ်လာခဲ့သည်။
မယုံနိုင်စရာအကောင်းဆုံးကတော့ "စီရင်ချက်ချသောနေ့"၏ အပျက်အစီးအကြွင်းအကျန်များကို ဤအနီရောင်ကမ်းခြေအခြေစိုက်စခန်းပန်းခြံထဲကို ရွှေ့ပြောင်းထားခြင်းပင်။ ဤသည်မှာ သွားပုပ်လေလွင့်ပြောနေကြသူများ၏ ပါးစပ်ပေါက်ကို ပိတ်ပစ်လိုက်သလိုပင်။
ဝမ်လင့်အဖေ ခန့်မှန်းထားခဲ့သည့်အတိုင်း ဤပရောဂျက်က အစပိုင်းမှာ ရန်ပုံငွေအများအပြား လိုအပ်သော်ငြား အောင်မြင်သွားသည်နှင့်အမျှ ကုန်ကျစရိတ်များကို အမြန်ပြန်ရခဲ့သည်။ လက်ရှိနေ့စဉ်ဝင်ငွေကို အခြေခံပြီး တွက်ကြည့်မည်ဆိုပါက ကျန်းမုန့်လောင်သုံးစွဲခဲ့သည့် ပိုက်ဆံအားလုံးကို တစ်နှစ်ခွဲအတွင်း ပြန်ရမည်ဖြစ်ပြီး နောက်ပိုင်းတွင် ထပ်ရမည့်ငွေများကတော့ အသားတင်အမြတ်ငွေပင်။
ထို့နောက် ဝမ်လင်က ဤအရှိန်အဟုန်ကို အခွင့်ကောင်းယူပြီး "သုံးကိုယ်ပွား ၂: အမှောင်တောအုပ်"ရုပ်ရှင်ကို တစ်ပတ်အတွင်း စတင်ရိုက်ကူးတော့မည်ဟု ကြေညာခဲ့သည်။ အဓိကဇာတ်ဆောင်များအားလုံးလည်း ပြန်ပါဝင်မည်ဖြစ်၏။
ဤသတင်းထွက်လာသည်နှင့်တစ်ပြိုင်နက် ကမ္ဘာတစ်ဝှမ်းရှိ ရုပ်ရှင်ပရိသတ်များမှာ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ဒုတိယမြောက်လက်ရာ ထွက်ရှိလာဖို့ မျှော်လင့်နေကြသည်။
ရုံတင်ငွေရှယ်ယာများ၊ ရုပ်ရှင်အခြေစိုက်စခန်းရှယ်ယာများနှင့် ဆက်စပ်ပစ္စည်းရှယ်ယာများကြောင့် ဝမ်လင်မှာ ငွေကြေးအမြောက်အမြား ရရှိခဲ့သည်။ ကျန်းမုန့်လောင်၏ ဦးဆောင်မှုနောက်ကို လိုက်ရသည်မှာ အသားစားရခြင်းထက် အများကြီးပိုသာသည်။ ဤသည်မှာ စင်စစ်အမြတ်များလှပေသည်။
ချင်းဖန်နှင့်အတူ ထိုပြိုင်ကားအရောင်းဆိုင်ထဲသို့ဝင်ပြီး ကျန်းမုန့်လောင်နှင့် တွေ့ဆုံခဲ့ရခြင်းမှာ ကံကောင်းလွန်းလှသည်ဟု သူ မတွေးဘဲမနေနိုင်ပေ။ မဟုတ်ပါက ယခုကဲ့သို့ ထွန်းတောက်နေခြင်းမျိုးမရှိဘဲ နာမည်သိပ်မရှိသော အင်တာနက်ဆယ်လီများနှင့် အဆင့်နိမ့်သော တိုက်ရိုက်ထုတ်လွှင့်မှုများကိုသာ လုပ်နေရမည်ဖြစ်၏။
"အချစ်ရေ.. ဒီည ကိုယ် အကြောဆေးသွင်းဖို့ လိုနေပြီ။ ဘာအကြောဆေးလဲဆိုတော့ မင်းအကြောင်းမတွေးမိစေမဲ့ဆေးလေ"
"ဘေဘီ..ဒီနေ့ ကိုယ် မင်းကို စာတစ်စောင်ရေးပေးချင်တယ်။ ဘာစာလဲဆိုတော့ ယုံနိုင်စရာမရှိတဲ့ ရည်းစားစာပေါ့"
"ဘေဘီ..ဒီနေ့ ကိုယ် ပညာရှင်ဝမ်ကျီကျန်းရဲ့ကဗျာတွေကို ဖတ်ထားတယ်။ ဘယ်ကျီကျန်းလဲတဲ့လား။ မင်းအပေါ်ထားတဲ့ ကိုယ့်အချစ်က နေ့နဲ့ညလို ကြည်လင်ပြတ်သားနေတာလေ"
.....
"သုံးကိုယ်ပွား"ရုပ်ရှင်၏မျက်နှာကြောင့် ဝမ်လင်မှာ ဤကာလအတွင်း ပြိုင်ဘက်ကင်းလောက်အောင် ရေပန်းစားနေချေသည်။
သို့သော် တစ်နေ့မှာတော့ အလွန်ရေပန်းစားသော အကြောင်းအရာတစ်ခုက အွန်လိုင်းမှာ ရုတ်တရက်ပေါက်ကွဲလာသည်။
ဤသည်မှာ ဝမ်လင်နှင့် အင်တာနက်ဆယ်လီအမျိုးသမီးတစ်ယောက်၏ စကားပြောမှတ်တမ်းဖြစ်ပြီး ယခင်က ထိပ်တန်းအဆင့် သူဌေးသားတစ်ဦးဖြစ်သည့် ဝမ်လင်က ဤအင်တာနက်ဆယ်လီအမျိုးသမီးကို အူယားစရာကောင်းသည့် ချစ်စကားမျိုးစုံပြောထားခြင်းပင်။
ဤမက်ဆေ့ချ်ကြောင့် လူမှုအသိုင်းအဝိုင်း၏ လေလှိုင်းက ရုတ်တရက်ပြောင်းလဲသွားပြီး ဆဲဆိုမှုများကလည်း ဆက်တိုက်ပေါ်ပေါက်လာခဲ့သည်။
"နောက်ဆုံးတော့ ခွေးအိုကြီးကို လှည့်ကွက်အသစ်တစ်ခု သင်ပေးလို့မရဘူးဆိုတဲ့အတိုင်းပဲ။ ဈေးညှိတာ အဆင်မပြေဘူးထင်တယ်"
"ဟားဟားဟား...ဥက္ကဋ္ဌဝမ်တောင် ဒီလောက်ဖားယားတတ်တယ်ဆိုရင် ငါတို့က ဖားတတ်တဲ့လူတွေကို ဘာလို့အထင်သေးရမှာလဲ"
"ချမ်းသာတဲ့လူတွေလည်း မိန်းမကိစ္စနဲ့ပတ်သက်လာရင် အတူတူပဲဆိုတာ ပေါ်သွားပြီ"
"ဥက္ကဋ္ဌဝမ်က စာအိတ်နီတစ်ခုပို့ပြီး စကားတစ်ခွန်းလောက်ပဲပြောမယ်။ ပြီးရင် စာအိတ်နီနောက်တစ်ခု ထပ်ပို့ပြီး နောက်ထပ်စကားတစ်ခွန်းပြောမယ်လို့ ငါ ထင်ထားခဲ့တာ။ ငါ အထင်မှားနေတာဖြစ်မယ်။ ဒီလူချမ်းသာတွေကို အထင်ကြီးလွန်းသွားတာပဲ"
"ဘာတွေဖြစ်နေတာလဲ"
တခြားလူများက နားမလည်ကြသော်ငြား ကျန်းမုန့်လောင်ကတော့ ကောင်းကောင်းသိသည်။
မကြာသေးမီကပင် ဝမ်လင်က ကျန်းချီယွမ်ဟုခေါ်သော မိန်းကလေးတစ်ယောက်ကို လုံးလုံးလျားလျားအာရုံစိုက်နေခဲ့ပြီး ထမင်းစားချိန်တိုင်းမှာ ဤမိန်းကလေးက သူ့ဘေးတွင် အမြဲလိုလိုရှိနေတတ်သည်။
ထို့ပြင် လူယုတ်မာများကို ခွဲခြားရာမှာ ကျွမ်းကျင်သူတစ်ဦးဖြစ်သည့် ကျန်းမုန့်လောင်က ဤတစ်ကြိမ်မှာတော့ ဝမ်လင်က စိတ်ရင်းအမှန်ဖြင့် ချစ်မိနေခြင်းဖြစ်ကြောင်း အတပ်သိသည်။
စကားလုံးများနှင့် လုပ်ရပ်များက လှည့်စားနိုင်သော်လည်း မျက်လုံးများကတော့ လှည့်စား၍မရပေ။ ဝမ်လင်က အနှစ်သာရမရှိသောစကားများကို ပြောနေချိန်တွင် သူ့စိတ်စွမ်းအင်က အတက်အကျမရှိကြောင်း ကျန်းမုန့်လောင် ခံစားမိ၏။ အဓိပ္ပာယ်မှာ သူပြောသည့်စကားများမှာ သူ့နှလုံးသားကို အမှန်တကယ်ထင်ဟပ်နေသည်ဟုပင်။
သို့ဆိုပါက သူ ယခု အင်တာနက်ဆယ်လီတစ်ယောက်နှင့် ပတ်သက်နေလေသလား။ လွန်ခဲ့တဲ့လအနည်းငယ်ခန့်ကသာ ယခုလိုပြောလာပါက ကျန်းမုန့်လောင်ယုံမိမည်သာ။ အကြောင်းမှာ သူ့အတွက်တော့ ရည်းစားထည်လဲတွဲခြင်းဟာ မျက်လှည့်ပြသလို လွယ်ကူလွန်းလှပြီး ဖော်လံဖားတစ်ယောက် ဟုတ်မဟုတ်ဆိုခြင်းမှာမူ သူ့ကိုယ်ပိုင်ရွေးချယ်မှုပင်။
သို့သော် ယခုမူ တစ်ခုခု ထူးဆန်းနေချေသည်။ ဤအင်တာနက်ဆယ်လီအမျိုးသမီးက ဝမ်လင်၏အရှိန်အဝါကို ကုပ်ခွစီးပြီး လူသိများလာအောင် လှုံ့ဆော်ချင်နေတာများလား။ မည်သို့ပင်ဖြစ်စေ ယခုလိုကိစ္စမျိုးမှာ ပထမဆုံးအကြိမ်မဟုတ်တော့ပေ။ ကျန်းမုန့်လောင်လည်း အသားကျနေလေပြီ။
သို့သော် ကျန်းမုန့်လောင်ကတော့ သိပ်ဂရုမစိုက်ပေ။ ဝမ်လင်က စွပ်စွဲခံထားရလျှင် အသာငြိမ်နေမည့်လူစားမျိုး မဟုတ်ပါချေ။ ဤကိစ္စကြောင့်သာမဟုတ်ပါက သူက အခြားလူများထက် ပိုစိုးရိမ်နေမိမည်ဖြစ်သောကြောင့် ကျန်းမုန့်လောင်ကတော့ အပျော်သက်သက်သာ စောင့်ကြည့်နေခဲ့သည်။
"မင်းက ပင်လယ်လေရဲ့ ငန်ကျိကျိရနံ့ကို ကြိုက်သူ..."
ကျန်းမုန့်လောင်၏ ဖုန်းထဲမှ Phoenix Legend၏ "ပင်လယ်ပြင်အောက်"သီချင်းသံ ထွက်ပေါ်လာသည်။ ကျန်းမုန့်လောင်က သူ့ဖုန်းသံကို တစ်ခါမှ အာရုံမစိုက်ခဲ့ဖူးပေ။ ထို့ကြောင့် ရိုးရိုးလေးသာ မှတ်ချက်ချလိုက်သည်။
"အရင်တုန်းက yoyoစာသားနှစ်ပိုဒ်လောက် ဆိုတာနဲ့ ပိုက်ဆံတစ်ဝက်လောက် ခွဲယူလို့ရနေပြီ။ အခု စာသားတွေ ပိုများလာပြီဆိုတော့ ဆရာကျန့်ရီအတွက် ပိုက်ဆံရှာဖို့ ပိုခက်လာပြီ"
"ဝမ်လင်လား"
ကျန်းမုန့်လောင်က ဖုန်းနံပါတ်ကို ကြည့်လိုက်ပြီးနောက် တိုက်ဆိုင်သည်ဟု တွေးမိလိုက်သည်။ သူ ဝမ်လင်နှင့်ပတ်သက်သည့် မက်ဆေ့ချ်တစ်စောင်ကို လောလောလတ်လတ်ကမှ မြင်ထားသည်။ ယခုတော့ သူက ဖုန်းခေါ်လာလေပြီ။ သူတို့က စိတ်ချင်းဆက်နေကြတာများလား။
"အော့ ရွံစရာကောင်းလိုက်တာ"
ကျန်းမုန့်လောင်က ရွံစရာကောင်းသည့် အတွေးကို ချက်ချင်း ဖယ်ရှားလိုက်သည်။
"မင်းကိုပြောမယ်နော် သခင်လေးဝမ်..မင်း ဘယ်လို သတင်းခေါင်းစဉ်ကြီးနဲ့ ပွက်လောရိုက်အောင် လုပ်လိုက်တာလဲ။ မင်းရဲ့အီစီကလီစကားလုံးတွေက အွန်လိုင်းပေါ်မှာ ရှယ်ပျံ့နေပြီနော်"
"ဘေဘီရေ.. ဒီည ကိုယ် အကြောဆေးသွင်းဖို့လိုနေပြီ..."
ကျန်းမုန့်လောင်က လှောင်ပြောင်သရော်လိုက်ချေသည်။
"လစ်စမ်းပါ"
ဝမ်လင်က ဒေါသထွက်နေသောလေသံဖြင့် ဆဲဆိုလိုက်သည်။
"တခြားလူတွေကတော့ ငါခြေငြိမ်သွားပြီဆိုတာ မသိချင် မသိဘဲနေမယ်။ မင်းကရော မသိဘူးလား။ တစ်ယောက်ယောက်က ငါ့ကို ဒုက္ခပေးဖို့ကြိုးစားနေတယ်ကွ"
"မင်း ဘယ်သူ့ကို အပြစ်ပြုမိထားတာလဲ"
ကျန်းမုန့်လောင်က ရယ်မောလိုက်သည်။
"ဘယ်သူကများ မင်းကို ဒုက္ခပေးရဲမှာလဲ ဥက္ကဋ္ဌဝမ်ရဲ့... တစ်နိုင်ငံလုံးမှာ အများကြီးတော့ မရှိနိုင်လောက်ဘူးမဟုတ်လား"
"လျှောက်ပြောမနေနဲ့တော့။ ငါ့ကို လာကယ်ဦး။ လူယုတ်မာတချို့က ငါ့ကို ချန်းထန်မြစ်ထဲ ပစ်ချလိုက်လို့"
"ဘာ!"
ကျန်းမုန့်လောင် ကြောင်အသွားသည်။
"ဘာဖြစ်တာလဲ"
"နောက်မှပြောပြမယ်။ မင်း အခုချက်ချင်း ငါ့ကိုလာမကယ်ရင် ငါ ငါးစာဖြစ်တော့မယ်"
ဝမ်လင်က ပြောသည်။
"မင်းရဲ့တည်နေရာကို ပို့လိုက်!"
ကျန်းမုန့်လောင်လည်း ကုတ်အင်္ကျီ အမြန်ဝတ်လိုက်သည်။
"ရီရီ..ငါ အရူးတစ်ယောက်ကို ချန်းထန်မြစ်ထဲကနေ သွားဆယ်ပေးလိုက်ဦးမယ်!"
သူ့ဗီလာက မြစ်ကမ်းနံဘေးနှင့် လေးကီလိုမီတာပင် မဝေးချေ။ ထို့ကြောင့် မိနစ်ပိုင်းအတွင်းမှာပင် ရောက်လာခဲ့သည်။
ည၁၁နာရီနီးပါး ရှိနေပြီဖြစ်သောကြောင့် မြစ်ကမ်းဘေးတွင် လူသူကင်းမဲ့နေသည်။ သူစိတ်စွမ်းအင်ဖြင့် တစ်ချက်ဝေ့ကြည့်လိုက်သောအခါ ဝမ်လင်က မြစ်ကမ်းပါး အောက်တွင် တကယ်ရှိနေကြောင်း တွေ့လိုက်ရသည်။
မြစ်ကမ်းပါး၏ အက်ကွဲကြောင်းတစ်ခုကို တင်းတင်းဆုပ်ကိုင်ထားချိန်၌ မြစ်ကမ်းဘေးရှိ ညပိုင်းလေပြည်ကပါ သူ့ကို အသက်ရှူမဝအောင် စွမ်းဆောင်နေသည်။ ဆယ်မီတာနီးပါးမြင့်ပြီး ရေတိုက်စားမှုကြောင့် အလွန်ပြောင်ချောနေသော မြစ်ကမ်းပါးကို သာမန်လူတစ်ယောက်တက်ဖို့ဆိုသည်မှာ မဖြစ်နိုင်ပေ။ ဝမ်လင့်ခမျာ အကူအညီမရှိပါဘဲ အမှန်တကယ် အသက်အန္တရာယ်ကြုံနေခဲ့ရခြင်းပင်။
ထိုအချိန်မှာ ကျန်းမုန့်လောင်လည်း စိတ်မထိန်းနိုင်တော့ပေ။ သူ့အတွင်းအားများမှာ ရုတ်တရက်စိမ့်ထွက်လာပြီးနောက် မြစ်ကမ်းဘေးရှိ အစိတ်အပိုင်းသေးသေးလေးတစ်ခုကို ချက်ချင်းအေးခဲသွားအောင် လုပ်လိုက်သည်။ ထို့နောက် ဝမ်လင့်ကို တစ်ခါတည်းဆွဲထုတ်လိုက်၏။
"မင်း..."
ဝမ်လင်မှာ ဤမြင်ကွင်းမျိုးကို ယခင်ကလည်း မြင်ဖူးသည်။ နောက်ဆုံးတစ်ခေါက်တုန်းက ဥရောပမှာ ယဲ့ရင်က စူပါလူသားစွမ်းအားကို ထုတ်ပြခဲ့စဉ် ကြည့်ခဲ့ရခြင်းပင်။ ယခုမူ ကျန်းမုန့်လောင်လည်း မကောင်းဆိုးဝါးတစ်ကောင် ဖြစ်လာခဲ့လေပြီ။
အမှိုက်နံ့များ နံဟောင်နေသည့် ဝမ်လင်က ကျန်းမုန့်လောင်ဆီက ကုတ်အင်္ကျီတစ်ထည်ကို အမြန်ဆွဲယူလိုက်သည်။
"ဒီသောက်ကျိုးနည်းကောင်.. တစ်ယောက်ယောက်က ငါ့ကို သတ်ချင်နေတာ!"
ကျန်းမုန့်လောင်က စကားမပြောချေ။ ဝမ်လင်၏မျက်နှာပေါ်မှာ ဒဏ်ရာအနည်းငယ်ရှိပြီး အဝတ်အစားများ စုတ်ပြဲကာ ခြေထောက်မှာလည်း ဒဏ်ရာခပ်နက်နက်တစ်ခု ရှိနေကြောင်း သတိထားမိလိုက်သည်။
"မင်း အရိုက်ခံထားရတာလား"
ကျန်းမုန့်လောင်က မျက်လုံးကို မှေးကျဉ်းလိုက်၏။
"ဘယ်သူလဲ။ အဲဒီအင်တာနက်ဆယ်လီနဲ့ ပတ်သက်နေတာလား"
ဝမ်လင်ကလည်း ခေါင်းညိတ်ပြသည်။
"ဒါက ငါ့ကိစ္စ။ မင်း ဝင်မပါနဲ့။ မင်းကို ဒီကိစ္စထဲ ဆွဲမထည့်ချင်ဘူး"
"ငါ့ကို ဆွဲထည့်တာတဲ့လား"
ကျန်းမုန့်လောင်က ပိုအံ့ဩသွားလေသည်။
"မင်း လာနောက်နေတာလား။ ဘာကများ ငါ့ကို ဆွဲထည့်နိုင်မှာလဲ"
"မင်း ခုနက မြစ်ကို ခဲအောင်လုပ်ပစ်လိုက်တာလား"
ဝမ်လင် မေးလိုက်သည်။
"ငါအမြင်မှားတာလို့တော့ မပြောနဲ့နော်။ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက မင်းရဲ့ကိုယ်ရံတော်လည်း ဒီလိုမျိုးလုပ်ခဲ့ဖူးတယ်။ ငါ့ကို အရူးတစ်ယောက်လို လာမဆက်ဆံနဲ့"
"ဟုတ်တယ်"
ကျန်းမုန့်လောင်ကလည်း ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်သည်။
"အဲဒီလူတွေမှာလည်း ဒီလိုစွမ်းရည်မျိုးတွေ ရှိတယ်"
ဝမ်လင်က ပြောလိုက်သည်။
"ပြီးတော့ သူတို့က မင်းနဲ့ယဲ့ရင်ထက်တောင် ပိုတော်ချင်တော်နေကြမှာ။ သူတို့ လူသတ်ကြလိမ့်မယ်!"
********************