ဟန်ဆောင်မနေတော့ဘူး အစွယ်ထုတ်ပြတော့မယ်
Vol. 37 Ch. 547
"မင်း ငါ့ကို ဒီလောက်တောင် အယုံအကြည်မရှိတာလား"
ကျန်းမုန့်လောင်က ဝမ်လင်၏ပခုံးကို ပုတ်လိုက်လေရာ အသက်ဓာတ်စွမ်းအင်များဖြင့် ပြည့်နှက်နေသည့် စွမ်းအင်တစ်ခုက ဝမ်လင်၏ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားခဲ့သည်။
သူ့ဒဏ်ရာများကလည်း မျက်စိရှေ့မှာတင် သိသိသာသာပျောက်ကင်းသွားပြီး အညိုအမည်းစွဲနေသည့် ဒဏ်ချက်များကလည်း အလျင်အမြန်ပျောက်သွားလေသည်။ စက္ကန့်ပိုင်းအတွင်းမှာပင် သူ့အရေပြားပေါ်၌ အနာဖေးတချို့သာ ကျန်ရစ်ခဲ့ပြီး ဒဏ်ရာရထားသည့် လက္ခဏာတစ်စုံတစ်ရာပင် မရှိတော့ပေ။
"ဝိုး မိုက်လိုက်တာ"
ဝမ်လင်ခမျာ သူ့ခန္ဓာကိုယ်ကိုကြည့်ပြီး ကိုယ့်မျက်လုံးကိုပင် မယုံကြည်နိုင်လောက်အောင် ဖြစ်နေချေသည်။ အစောတုန်းက သူခံစားခဲ့ရသည့် ပြင်းထန်လှသော နာကျင်မှုများမှာ လုံးဝပျောက်ကွယ်သွားလေပြီ။
"မင်းမှာ ဒီလိုအစွမ်းမျိုးရှိမှန်း ငါမသိခဲ့ဘူး"
"ငါ့အစွမ်းတွေက မင်းထင်ထားတာထက် အများကြီးပိုသာတယ်"
ကျန်းမုန့်လောင်က ရယ်မောလိုက်၏။
"မင်း ငါ့ကို သူငယ်ချင်းတစ်ယောက်လို့ရော သဘောထားရဲ့လား?"
"ဒါပေါ့။ ဘယ်သူကများ ဘော့စ်ကျန်းရဲ့ခြေသလုံးကို ဖက်မထားဘဲ နေချင်မှာလဲ"
"ဒါဆို ငါ့ကို ဖြစ်စဉ်အစအဆုံး အကုန်ပြောပြ"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"မင်း မပြောပြလည်း ငါ့ဘာသာ နည်းလမ်းရှာပြီး သိအောင်လုပ်မှာပဲ။ ဒီကမ္ဘာပေါ်မှာ ငါစုံစမ်းလို့မရနိုင်တဲ့ အရာဆိုတာ မရှိဘူး"
"သေချာလား?"
"စတာလည်းမဟုတ်သလို လိမ်နေတာလည်းမဟုတ်ဘူး။ ငါ့မိသားစုသာ ဒီကမ္ဘာကြီးကို ပေါင်းစည်းချင်ခဲ့တယ်ဆိုရင် လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာကတည်းက ဒီကမ္ဘာကြီးက ကျန်းမျိုးနွယ်စုရဲ့လက်အောက်ကို ရောက်နေလောက်ပြီ။ ဒါပေမဲ့ အခုလည်း သိပ်မထူးပါဘူး။ မင်း ငါ့ကို ကမ္ဘာမြေရဲ့မြို့တော်ဝန်လို့ ခေါ်လို့ရတယ်"
ကျန်းမုန့်လောင်က စနောက်လိုက်သည်။
"ဒါဆို မင်းက ငါတို့ရဲ့မြေရှင်ပေါ့။ ကျွန်တော် အမြင်ကျဉ်းခဲ့မိတဲ့အတွက် ခွင့်လွှတ်ပေးပါ"
"ကဲ နောက်နေတာတွေ ရပ်လိုက်တော့။ ဘယ်သူက ဒီလောက်အထိ ရက်စက်ရတာလဲဆိုတာရယ်၊ ကျန်းချီယွမ်က ဘယ်သူလဲဆိုတာရယ် ပြောပြစမ်းပါဦး"
"ငါ ဘာလို့ ရည်းစားတွေကို ထည်လဲတွဲခဲ့တာလဲဆိုတာ မင်းသိလား?"
ဝမ်လင်က ရုတ်တရက်ကြီး လေးနက်သွားလေသည်။
"ကျန်းချီယွမ်ကြောင့်လို့တော့ ပြောမလို့မဟုတ်ဘူးမလား"
"ဟုတ်တယ်"
ဝမ်လင်က ပြောလိုက်၏။
"တကယ်တော့ သူနဲ့ ငါက ငယ်သူငယ်ချင်းတွေ။ ဒါပေမဲ့ သူ့မိသားစုနောက်ခံက နည်းနည်းထူးခြားတယ်။ သူက တက္ကသိုလ်မတက်ခင်မှာပဲ ရုတ်တရက်ကြီး ပျောက်သွားသလိုမျိုး ခြေရာလက်ရာတောင်မကျန်ဘဲ ပျောက်သွားခဲ့တာ"
"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?"
ကျန်းမုန့်လောင် အံ့အားသင့်သွားရသည်။ ယနေ့ခေတ်ကြီးတွင် လူတစ်ယောက်ကို ရှာရသည်မှာ အလွန်လွယ်ကူလှသည်။ ဝမ်လင့်ကဲ့သို့ လူချမ်းသာမိသားစုတစ်ခုအဖို့ လူတစ်ယောက်ကို မရှာနိုင်ခြင်းမှာ လုံးဝမဖြစ်နိုင်ပေ။
"သူတစ်ယောက်တည်း မဟုတ်ဘူး။ သူ့မိသားစုတစ်ခုလုံးပါ ပျောက်သွားတာ။ သူတို့နေခဲ့တဲ့ အိမ်ကြီးကလည်း အလွတ်ကြီးဖြစ်သွားခဲ့တာ။ လွန်ခဲ့တဲ့တစ်လလောက်ကမှ သူ ပြန်ပေါ်လာတယ်။ နောက်မှ ငါသိလိုက်ရတာက သူက သာမန်လူတွေမသိတဲ့ ကမ္ဘာတစ်ခုက လာတာတဲ့"
"ရှေးဟောင်းသိုင်းပညာမိသားစုတွေလား?"
"မင်း ဘယ်လိုလုပ်သိတာလဲ?"
ဝမ်လင်၏မျက်နှာထက်ဝယ် အံ့သြရိပ်တစ်ချက် ဖြတ်ပြေးသွားသော်လည်း ချက်ချင်းပင် ပြန်ထိန်းလိုက်သည်။ ကျန်းမုန့်လောင်တွင် ထိုလူများနှင့်ဆင်တူသော စွမ်းရည်များ ရှိနေသည်ဖြစ်ရာ ရှေးဟောင်းသိုင်းပညာမိသားစုများအကြောင်း သိနေခြင်းမှာ သိပ်တော့မထူးဆန်းလှချေ။
"အဲဒီရှေးဟောင်းသိုင်းပညာမိသားစုတွေကို တစ်ယောက်မကျန် ငါ တိုက်ခိုက်ခဲ့ဖူးတယ်"
ကျန်းမုန့်လောင်က ပြောလိုက်လေသည်။
"ရှေးဟောင်းသိုင်းပညာလောကရဲ့ သိုင်းနတ်ဘုရားလို့ သမုတ်ခံထားရတဲ့လူတောင်မှ ငါ လမ်းညွှန်ပေးလိုက်မှ ငါ့ရဲ့ ကိုယ်ရံတော်အဆင့်လောက်ပဲ ရောက်သေးတာ"
"ဝိုး တော်တော်မိုက်တာပဲ!"
ဝမ်လင်က မျက်ဆန်လည်လိုက်မိသော်ငြား ဘာကြောင့်မှန်းမသိပါဘဲ သူ့မသိစိတ်ထဲတွင် ကျန်းမုန့်လောင်၏စကားများမှာ အမှန်ဖြစ်ကြောင်း ယုံကြည်နေမိသည်။
"ဒါပေမဲ့ သူ့မိသားစုက ရှေးဟောင်းသိုင်းပညာရှင်မိသားစုတွေထဲမှာ နည်းနည်းထူးခြားတယ်လို့တော့ သိထားတယ်"
ဝမ်လင်က ဆက်ပြောလေသည်။
"သူခဏပျောက်သွားရတဲ့ အကြောင်းအရင်းက သူ့ခန္ဓာကိုယ်က ထူးခြားလို့ ရှေးဟောင်းသိုင်းပညာကမ္ဘာမှာရှိတဲ့ နိဗ္ဗာန်ကျွန်းဆိုတဲ့နေရာကနေ ရွေးချယ်ခံခဲ့ရလို့တဲ့။ သူက အဲဒီနေရာမှာ ရှစ်နှစ်လောက်နေပြီး မဟာသခင်အဆင့်ကိုရောက်မှ လွတ်လွတ်လပ်လပ်သွားလာနိုင်တယ်တဲ့"
"မဟာသခင်တဲ့လား။ ဒါဆို ကျန်းချီယွမ်က အခု မဟာသခင်အဆင့်ကို ရောက်နေပြီလား"
"ငါ သိပ်တော့နားမလည်ပါဘူး။ ဒါပေမဲ့ သူပြောသလိုဆိုရင်တော့ ရောက်ပြီပဲ"
"သူက အသက်နှစ်ဆယ့်ခြောက် နှစ်ဆယ့်ခုနစ်နှစ်လောက်ပဲ ရှိသေးတယ်မလား"
ကျန်းမုန့်လောင် တိတ်ဆိတ်သွားလေသည်။ လက်ရှိရှေးဟောင်းသိုင်းပညာကမ္ဘာအကြောင်း သူ နားလည်ထားသလောက်ဆိုလျှင် မဟာသခင်အဆင့်ကိုရောက်ဖို့အတွက် အနည်းဆုံး နှစ်လေးဆယ် သို့မဟုတ် နှစ်ငါးဆယ်လောက် အချိန်ယူရလေ့ရှိ၏။ အသက်နှစ်ဆယ့်ခြောက် နှစ်ဆယ့်ခုနစ်အရွယ် မဟာသခင်အဆင့်သိုင်းပညာရှင်တစ်ယောက်ဆိုသည်မှာ ပါရမီရှင်များအကြားရှိ ပါရမီရှင်တစ်ယောက်ဟု သတ်မှတ်ရမည်သာ။
"ဟုန်းရီ.. ငါးမိနစ်အတွင်း နိဗ္ဗာန်ကျွန်းဆိုတဲ့ နေရာအကြောင်း စုံစမ်းပေး"
ကျန်းမုန့်လောင်က ဟုန်းရီထံသို့ ချက်ချင်းမက်ဆေ့ချ်ပို့လိုက်သည်။
ဝမ်လင် ယခုလိုပုံစံမျိုးဖြစ်နေတာကို မြင်သောအခါ ကျန်းမုန့်လောင်လည်း သူ့အိမ်သို့ ခေါ်လာခဲ့လိုက်သည်။ သူ ရေချိုးနေစဉ် ကျန်းမုန့်လောင်က ဟုန်းရီစုံစမ်းပေးထားသော အချက်အလက်များကို ဖွင့်ကြည့်လိုက်၏။
ဤ"နိဗ္ဗာန်ကျွန်း"မှာ အမှန်တကယ်ပင် ကျွန်းတစ်ကျွန်းဖြစ်၏။ သို့သော် ထူးခြားလွန်းလှသော နေရာတစ်ခုပင်။ ၎င်းမှာ ပစိဖိတ်သမုဒ္ဒရာ၏ အများပိုင်ရေပိုင်နက်ထဲမှာ တည်ရှိပြီး သူ့ထူးခြားချက်မှာ လွတ်လပ်သော အာကာသနယ်ပယ်တွင် တည်ရှိနေခြင်းပင်။ ၎င်းကို သာမန်လူများမမြင်နိုင်ပါဘဲ တိကျသောအနေအထားမှတစ်ဆင့်သာ ရှာတွေ့နိုင်သည်။
လက်ရှိတွင် ဤသည်မှာ အချိန်-အာကာသနှစ်ခု၏ ထပ်တူကျမှုကြောင့် ထွက်ပေါ်လာသော အထူးနယ်မြေတစ်ခုဖြစ်၏။ သို့မဟုတ် လွန်ခဲ့သည့်နှစ်ထောင်ပေါင်းများစွာတုန်းက အခြားလူမျိုးစုတစ်ခု ချန်ထားရစ်ခဲ့သော အထူးနေရာလွတ်အကြွင်းအကျန်အမွေအနှစ်တစ်ခုဖြစ်နိုင်သည်။
နိဗ္ဗာန်ကျွန်းဟာ မည်သည့်နိုင်ငံနှင့်မှ မသက်ဆိုင်သော်ငြား နိုင်ငံအသီးသီးမှ လူများကို ဆွဲဆောင်နေသည်။ ဒုတိယကမ္ဘာရှိ ကမ္ဘာ့အဖွဲ့အစည်းများမှတစ်ဆင့် နိဗ္ဗာန်ကျွန်းက ထူးကဲလှသော ပါရမီရှင်များကို ကာလအပိုင်းအခြားအလိုက် စုဆောင်းလေ့ရှိသည်။ ဤသည်မှာ ဝေးခေါင်သော အမတဘုံနှင့်ဆင်တူပြီး ကျွန်းပေါ်ရှိ လူတွေကလွဲ၍ အခြားဘယ်သူကမှ ဤကျွန်း၏တည်ရှိမှုကို မသိကြပေ။
ကျန်းမုန့်လောင်၏ လက်အောက်ငယ်သားများက ဤပင်လယ်ပြင်နားမှ ဖြတ်သန်းသွားတုန်းက မူမမှန်သောလှိုင်းအတက်အကျများကို အမှတ်မထင်ခံစားမိရာမှတစ်ဆင့် ဤနေရာကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်၏။
ဤနေရာတွင် စွမ်းအင်အရင်းအမြစ်များ ကြွယ်ဝပြီး ဤနေရာတွင် ရှေးဟောင်းသိုင်းပညာရှင်နှင့် သဘာဝလွန်စွမ်းရည်များကို ကျင့်ကြံအားထုတ်ပါက ပြင်ပကမ္ဘာတွင် ကျင့်ကြံအားထုတ်ခြင်းထက် အဆပေါင်းများစွာ ပိုမြန်လေသည်။ သို့သော် ဤနေရာရှိ အောက်စီဂျင်ပြင်းအားနှင့် ဆွဲငင်အားမှာ ပြင်ပကမ္ဘာနှင့် မတူညီသောကြောင့် လူတိုင်း ခံနိုင်ရည်ရှိမည်မဟုတ်။
ကျန်းမိသားစု၏ ကိုယ်ရံတော်များက ဤနေရာကို အကြမ်းဖျင်းစစ်ဆေးခဲ့ရုံသာ။ ဤနေရာရှိ အမြင့်ဆုံးစွမ်းအင်အဆင့်က ထျန်းယွမ်အဆင့်ဖြစ်သောကြောင့် သူတို့လည်း သိပ်အာရုံမထားခဲ့ချေ။
မည်သို့ပင်ဖြစ်စေ ထျန်းယွမ်အဆင့်ရှိသူများအဖို့ ကျန်းမုန့်လောင်ထံမှ လေတစ်ချက်လည်လိုက်ရုံမျှဖြင့် လူတစ်စုကို အသာလေးသတ်ပစ်နိုင်သောကြောင့်ပင်။
"ငါ့ကောင်ရေ..မင်းရဲ့ရေချိုးကန်နဲ့ အိမ်သာက စိန်တွေစီထားတာဟ။ မင်း ဘဝကို တကယ်စံနှုန်းမြင့်မြင့်နဲ့ နေထိုင်နေတာပဲ"
ဝမ်လင်က ရေချိုးခန်းထဲမှ ထွက်လာရင်း ဆဲဆိုနေချေသည်။
"ဒီနေ့အတွက် ကျေးဇူးပဲကွာ"
"ရွံစရာကောင်းအောင် လုပ်ပြမနေနဲ့။ တစ်ခုခုအရင်စားလိုက်ဦး။ မင်းကိုကြည့်ရတာ သရဲမြင်လိုက်ရသလိုပဲ"
ကျန်းမုန့်လောင်က ဆို၏။
"ငါ အခု နိဗ္ဗာန်ကျွန်းအကြောင်း နည်းနည်းနားလည်သွားပြီ။ ဒါပေမဲ့ မင်းကို ဘယ်သူကရိုက်နှက်ခဲ့တာလဲ"
"ငါ အဲဒီလူရဲ့ဇစ်မြစ်ကိုတော့ မသိဘူး။ ဒါပေမဲ့ ခန့်မှန်းကြည့်ရသလောက်တော့ သူလည်း နိဗ္ဗာန်ကျွန်းကပဲလို့ထင်တယ်"
ဝမ်လင်က ခန့်မှန်းလိုက်သည်။
"ချီယွမ်က အဲဒီနေရာမှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့တာဆိုတော့ သူနဲ့ပတ်သက်နေတဲ့လူတွေကလည်း အဲဒီနေရာကပဲ ဖြစ်မှာပဲ"
"အိုး? အချစ်ပြိုင်ဘက်များ ဖြစ်နေမလား"
ကျန်းမုန့်လောင်က လူယုတ်မာပြုံးပြုံးလျက် မေးလိုက်လေသည်။
ဝမ်လင်ကလည်း အချစ်ပြိုင်ဘက်ဖြစ်နေနိုင်သည့် ဖြစ်နိုင်ခြေကို လက်ခံဟန်တူသည်။
"ငါ ချီယွမ့်ကို ပထမဆုံးအကြိမ်ပြန်တွေ့တုန်းက သူလည်း ရှိတယ်။ အစတုန်းကတော့ ငါ့ကို ချီယွမ်နဲ့ဝေးဝေးနေဖို့ပဲ သတိပေးတာ။ ငါကတော့ သူ့ကို စောက်ရူးတစ်ကောင်လို့ပဲ ထင်ထားတာ။ ဒါပေမဲ့ ဒီနေ့ ချီယွမ့်ကို ငါ အိမ်ပြန်ပို့ပေးပြီး ပြန်တဲ့လမ်းမှာ ချုံခိုတိုက်ခိုက်ခံရတာပဲ။ ငါ့အက်စတွန်မာတင်ကားကိုတောင် ဖျက်ဆီးခဲ့သေးတယ်"
"ဒီတစ်ခေါက် မင်းမသေတာနဲ့တင် တော်တော်ကံကောင်းနေပြီ"
တိုက်ခိုက်သူဟာ အနည်းဆုံးတော့ မဟာသခင်အဆင့်ရှိကြောင်း ခန့်မှန်းကြည့်လိုက်သည်။ သို့ဖြစ်လေရာ ဝမ်လင့်ကို သတ်ပစ်ဖို့ဆိုသည်မှာ သူ့အတွက် အလွယ်လေးပင်။
"ပြီးတော့ သူကပြောသေးတယ်။ ဒါက နောက်ဆုံးတစ်ကြိမ်သတိပေးတာတဲ့"
ဝမ်လင်က သူ့နှာခေါင်းကို ပွတ်လိုက်လေသည်။
"ဒါပေမဲ့ ငါက ငကြောက်မို့လို့လား။ သူသာ တကယ်စွမ်းတယ်ဆိုရင် ငါ့ကိုသတ်ပစ်လိုက်လေ"
"ဟားဟားဟား.. ငါ မင်းကိုမေးပါဦးမယ်။ မင်း လက်စားချေချင်လား"
ကျန်းမုန့်လောင်က မေးလိုက်၏။
"ဒါပေါ့။ ငါက အရိုက်ခံနေရတာကို အသာခေါင်းငုံ့နေမယ်များ မှတ်နေလား"
ဝမ်လင်က သတ္တိရှိရှိ ပြောလိုက်လေသည်။
"ငါသာ သူတို့နဲ့ပြန်တွေ့ရင် သူ့အူတွေပြတ်ကျတဲ့အထိ ကန်ပစ်မယ်လို့ ကျိန်ရဲတယ်။ ငါ့အပိုင်မိန်းကလေးကိုများ လာလုရဲတယ်ပေါ့"
"ဟားဟားဟား"
ကျန်းမုန့်လောင် ရယ်မောလိုက်ချေသည်။
"မင်းမှာ အဲဒီစိတ်ဓာတ်မျိုးရှိနေသရွေ့ ငါ မင်းကို ကူညီပေးမယ်"
"မင်းက ကူညီပေးမှာလား"
ဝမ်လင်က အံ့အားသင့်သွားဟန်ပင်။
"အဲဒီလူပြောပုံအရတော့ သူမှာ နိဗ္ဗာန်ကျွန်းလို့ခေါ်တဲ့နေရာမှာ သူ့အင်အားစုတွေအများကြီးရှိပုံပဲ။ ငါက သူဌေးသားတစ်ယောက်သာသာပဲရှိတာလေ။ ဘာတတ်နိုင်မှာလဲ။ လူချမ်းသာတွေက နည်းပညာကို မှီခိုနေရတာ။ လူဆင်းရဲတွေကတော့ သန္ဓေပြောင်းလဲမှုကို မှီခိုရတယ်။ ငါ သန္ဓေပြောင်းမှုကို မှီခိုရမှာလား။ နည်းပညာကို မှီခိုရမှာလား"
"မင်းအဖေ ငါ့ကို အားကိုးလို့ရတယ်"
ကျန်းမုန့်လောင်က ရဲရဲကြေညာလိုက်၏။
"နိဗ္ဗာန်ကျွန်းပဲဖြစ်ဖြစ် ရှေးဟောင်းသိုင်းပညာရှင်မိသားစုပဲဖြစ်ဖြစ် မင်းသာဆန္ဒရှိရင် အဲဒီနိဗ္ဗာန်ကျွန်းကိုတောင် ဖျက်ဆီးပစ်ဖို့ ငါ ခေါ်သွားပေးမယ်"
"တစ်ညတည်းနဲ့ ငါ့ကို "စစ်နတ်ဘုရား"ဖြစ်အောင် လုပ်ပေးနိုင်မဲ့ အမတဆေးမျိုးရှိတယ်လို့ ပြောနေတာလား။ နန်ရှန်မှာရှိတဲ့ ဘိုးဘွားရိပ်သာကို လက်သီးတစ်ချက်နဲ့ထိုးပစ်ပြီး ပေ့ဟိုင်က မူကြိုကျောင်းကိုလည်း တစ်ချက်တည်းနဲ့ ကန်ပစ်လို့ရပြီပေါ့"
"ဟဲဟဲ"
ကျန်းမုန့်လောင်က ကောက်ကျစ်သော အပြုံးတစ်ပွင့်ကို လှစ်ဟပြသလိုက်သည်။
"ထပ်ပြီးဟန်ဆောင်မနေတော့ဘူး။ အစွယ်ထုတ်ပြတော့မယ်။ တကယ်တော့ ငါက တော်တော်ကြမ်းတဲ့ကျောင်းတစ်ကျောင်းရဲ့ ကျောင်းအုပ်ကြီးပဲ"
*******************