အယ်လ်ထရာမန်းအသွင်ပြောင်းကိရိယာအကြောင်း နားလည်ခြင်း
Vol. 37 Ch. 548
"ကောထန်.. သာမန်လူတစ်ယောက်ကို ကျောင်းထဲခေါ်ဖို့အတွက် လိုအပ်ချက်တွေက ဘာရှိလဲ"
"မဖြစ်နိုင်ပါဘူး"
ကောထန်က ခပ်ပြတ်ပြတ်ပင် ငြင်းဆန်လိုက်သည်။
"ထူးရှယ်နတ်ဘုရားကျောင်းတော်က အရမ်းထူးခြားတဲ့နေရာလွတ်တစ်ခုဖြစ်တာကြောင့် အလားအလာညွှန်ကိန်းကို သတ်မှတ်ထားတဲ့အဆင့်တစ်ခုအထိ ရောက်ထားတဲ့လူတွေပဲ ဝင်ခွင့်ရှိပါတယ်"
"သာမန်လူတစ်ယောက်ရဲ့ အလားအလာညွှန်ကိန်းကို မြှင့်တင်နိုင်မဲ့နည်းလမ်းတစ်ခုခုများ မရှိဘူးလား"
"ရှိပါတယ်"
ကောထန် ပြန်ဖြေလိုက်၏။
"ဆရာယောင်ချန်းဖော်စပ်ထားတဲ့ ဝိညာဉ်ဖောက်ထွင်းရေးဆေးလုံးလို့ခေါ်တဲ့ ပြဒါးရှင်လုံးက သူတို့ရဲ့အလားအလာညွှန်ကိန်းကို မြှင့်တင်ပေးနိုင်ပါတယ်"
"ဒါဆို ကောင်းပြီလေ"
သူ့ကိုယ်သူ သက်သေပြရန်အတွက် ကျန်းမုန့်လောင်လည်း ဝမ်လင့်ရှေ့မှာပင် ဧည့်ခန်းထဲက ပျောက်သွားပြီးနောက် ထူးရှယ်နတ်ဘုရားကျောင်းတော်ထဲရှိ ယောင်ချန်းဆီမှ ပြဒါးရှင်လုံးများကို ယူလာပြီးသည်နှင့် ပြန်လာခဲ့လိုက်သည်။
"မင်း..မင်း.."
ဝမ်လင်က ကျန်းမုန့်လောင်ကို လက်ညှိုးတထိုးထိုးနှင့် စကားမပြောနိုင်လောက်အောင် အံ့ဩနေချေသည်။
"မင်း အခုလေးတင် အဲဒီတံခါး.. မင်းက ဂြိုလ်သားမလား"
"ဒါက ငါ့ကျောင်းရဲ့ဝင်ပေါက်ပဲ"
ကျန်းမုန့်လောင်က ထူးခြားဆန်းကြယ်စွာ ပြောလိုက်လေသည်။
"အဲဒါက မင်းအတွက် ကမ္ဘာသစ်တစ်ခုကို ဝင်ရောက်နိုင်မဲ့ တံခါးပေါက်ပဲ"
"မြန်မြန်ဖွင့်လိုက်။ ငါ တစ်ချက်လောက်ဝင်ကြည့်ချင်တယ်"
ဝမ်လင်က စိတ်မရှည်လက်မရှည် ပြောလိုက်သည်။
"လာမနောက်နဲ့။ မင်း မှော်အစွမ်းတွေထုတ်သုံးတာကို ငါ့မျက်စိနဲ့ တပ်အပ်မမမြင်ရမချင်း လုံးဝယုံမှာမဟုတ်ဘူး"
"ချီးကိုမှော်အစွမ်းလား။ သိပ္ပံပညာရဲ့အလွန်က ဘာသာဗေဒရှိတယ်ဆိုတာ မကြားဖူးဘူးလား။ ဒါလည်း သိပ္ပံပညာပဲ"
ကျန်းမုန့်လောင်က ပြောလိုက်၏။
"ဒါပေမဲ့ မင်း အထဲကိုမဝင်ခင် လုပ်စရာတစ်ခုရှိတယ်"
"ဘာလဲ"
"ငါ့ကျောင်းက ဘယ်သူမဆို ဝင်ချင်တိုင်းဝင်လို့ရတဲ့ နေရာတစ်ခုမဟုတ်ဘူး။ မင်းရဲ့ရုပ်ပိုင်းဆိုင်ရာအခြေအနေက သတ်မှတ်ထားတဲ့စံနှုန်းကို မပြည့်မီဘူးဆိုရင် အထဲကိုဝင်သွားတာနဲ့ သေမှာပဲ"
"သေမည်"ဟူသော စကားကို ကြားသောအခါ ဝမ်လင်ခမျာ ကြောက်ဒူးတုန်သွားလေသည်။
"ဒါဆို ဘယ်လိုလုပ်ကြမလဲ"
ကျန်းမုန့်လောင်က ဝိညာဉ်ဖောက်ထွင်းရေးဆေးလုံးများအတွက် ပါဝင်ပစ္စည်းတချို့ကို သာမန်ကာလျှံကာထုတ်လိုက်ပြီးနောက် "ဆေးဖော်စပ်မယ်"ဟု ပြောလိုက်၏။
"သေစမ်း! မင်း ငါ့ရှေ့မှာ ကျင့်ကြံရေးအကွက်တွေ လာခင်းပြနေတာလား"
ဝမ်လင်က သူ့နဖူးထက်ရှိ ချွေးများကို သုတ်လိုက်သည်။
"လုပ်စမ်းပါ။ စလိုက်တော့"
"ခဏလေး"
ကျန်းမုန့်လောင်က မီးဖိုချောင်ထဲသို့ အမြန်ပြေးသွားပြီးနောက် ပေါင်းအိုးတစ်လုံးကို ရှာလာခဲ့သည်။
"မင်းက ဒါကို ဆေးဖော်စပ်တာလို့ လာပြောနေတာလား။ ဒါက ဟင်းရည်ချက်ဖို့မဟုတ်ဘူးလား"
ဝမ်လင်ခမျာ အော်ရယ်မိမတတ်ပင်။
"မင်း 'ကောင်းကင်ဘုံတိုက်ပွဲ'ကို မကြည့်ဖူးဘူးလား။ တကယ်လို့ မင်း ပြဒါးရှင်လုံးဖော်စပ်မယ်ဆိုရင်လည်း ငါ့အတွက် ဆေးကျိုအိုးလေးတစ်လုံးတော့ ထုတ်ပေးစမ်းပါဦး"
"အရှုံးသမားတွေကပဲ ဆေးကျိုအိုးကိုသုံးတာ"
ကျန်းမုန့်လောင်က ပါဝင်ပစ္စည်းများကို ပေါင်းအိုးထဲသို့ ထည့်လိုက်ပြီးနောက် အဖုံးကို ကျွမ်းကျွမ်းကျင်ကျင်ပိတ်လိုက်သည်။
"အချိန်မရှိတာကြောင့်သာမဟုတ်ရင် ငါ မင်းအတွက် သယ်သွားလို့ရတဲ့ပြဒါးရှင်လုံးဖော်စပ်ရေးထမင်းပေါင်းအိုးတစ်လုံးကို ဖန်တီးပေးမှာ"
"ခေတ်တွေက တကယ်ပြောင်းသွားပြီပဲ"
"ဝှစ်!"
ကျန်းမုန့်လောင်၏လက်ဖဝါးထက်တွင် အရိုးစိမ့်အောင်အေးစေနိုင်သည့် မီးတောက်တစ်ခု တောက်လောင်လာသည်။ ပတ်ပတ်လည်ရှိ လေထုက ကျောချမ်းဖွယ်ကောင်းအောင် အေးစိမ့်သွားသဖြင့် လှောင်ပြောင်ရယ်မောနေသော ဝမ်လင်၏အမူအရာမှာ ချက်ချင်းပျောက်ကွယ်သွားသည်။ စိုစွတ်နေသော သူ့ဆံပင်များပင် ရေခဲမှုန်များကပ်ငြိလာသလိုပင်။
"အေးလိုက်တဲ့မီးတောက်"
ဝမ်လင်မှာ မယုံကြည်နိုင်ဟန်ဖြင့် ပြောလိုက်ချေသည်။
"ဒါက ထူးဆန်းတဲ့မီးစာရင်းထဲမှာပါတဲ့ အရိုးစိမ့်အောင်အေးတဲ့မီးလို့တော့ မပြောနဲ့နော်"
"မင်း သဘောပေါက်သားပဲ"
ကျန်းမုန့်လောင်က အရိုးစိမ့်အောင်အေးသောမီးတောက်ဖြင့် ပေါင်းအိုးကို လွှမ်းခြုံထားလိုက်ပြီးနောက် လေထဲမှာ ပေါလောပေါ်ပြီး လည်နေစေသည်။
"အား"
ဝမ်လင်မှာ သူ့ကိုယ်သူ ခပ်နာနာလေး ရိုက်ချလိုက်သည်။
"ဒါဆို အခု မင်းရဲ့အဆင့်က ဘယ်လောက်လဲ။ တိုက်ခိုက်ရေးဘုရင်လား။ ဒါမှမဟုတ် တိုက်ခိုက်ရေးဧကရာဇ်လား"
သူ့ကိုယ်သူ ယခုလိုမေးခွန်းမျိုး မေးနေမိတာကိုပင် မယုံနိုင်ချေ။ အခြားလူတစ်ယောက်ရှေ့မှာသာ သွားမေးမိပါက စိတ်ရောဂါကုဆေးရုံကို တန်းပို့ခံရနိုင်သည်။
"ငါလည်း သေချာမသိဘူး"
သူက နေ့တိုင်းကြွားလုံးထုတ်နေပါသော်ငြား ကျင့်ကြံရေးအတွက်တော့ အချိန်များများစားစားမပေးချေ။ သို့သော် သူ့တွင် ကြွယ်ဝလှသော အရင်းအမြစ်များရှိ၏။ အထူးသဖြင့် ရှုန်းပါ့၏ ဒြပ်စင်သုံးပါးပေါင်စည်းရေးမှ ယောင်ချန်းပေးထားသော မီးတောက်သိုင်းကို ပြောင်းလဲလေ့ကျင့်ပြီးနောက် သိုင်းပညာမှ ကျင့်ကြံရေးသို့ ကူးပြောင်းလာခဲ့သည်။
ယခုဆိုလျှင် ကောင်းကင်ဘုံဖျားအဆင့်ကိုပင် ရောက်ရှိနေပြီး လွတ်လွတ်လပ်လပ်ပျံသန်းနိုင်နေပြီဖြစ်သောကြောင့် အနည်းဆုံးတော့ တိုက်ခိုက်ရေးဘုရင်အဆင့်ကို ရောက်သင့်နေပြီမဟုတ်လား။
တကယ်တမ်းတွင် သူက ပိုအင်အားကြီးနေနိုင်သည်။ အကယ်၍ သူသာ ရှောင်ယန်ကို အိပ်မောကျနေရာမှ နှိုးနိုင်ပြီး ထူးဆန်းသောမီးတောက်အားလုံးကို ရယူနိုင်မည်ဆိုပါက မီးတောက်သိုင်းကို ကောင်းကင်ဘုံအဆင့်ကျင့်စဉ်တစ်ခုအဖြစ် အဆင့်မြှင့်တင်နိုင်မည်။ သို့သော် သူ့ကံက ညံ့ဖျင်းနေသောကြောင့် မီးတောက်သိုင်း၏အဆင့်က ရွှမ်းအဆင့်မှာပင် ရပ်နေပြီး ဆက်တိုးတက်အောင် မလုပ်နိုင်သေးချေ။
သူသည် Thorထံမှ နတ်ဘုရားကိုယ်ထည်ကို ဆက်ခံထားပြီး အူခီဟာအီတာ့ချိထံမှ ဆူဆာနိုကဲ့သို့သော နည်းဗျူဟာများကို သင်ယူထားသောကြောင့် အခြားလူများအကြားတွင်မူ သူ့ခွန်အားက စင်စစ်ကြောက်မက်ဖွယ်ကောင်းလှသည်။
"မွှေးလိုက်တာ"
ထိုအချိန်မှာပင် ညအိပ်ဝတ်စုံဝတ်ထားသော လုရီယောင်က အခန်းထဲမှ ထွက်လာလေသည်။
"နင် ညလယ်စာလုပ်နေတာလား"
လုရီယောင်က ဘာတွေဖြစ်နေသလဲဆိုသည်ကို မြင်သောအခါ မျက်လုံးအပြူးသားဖြစ်သွားချေသည်။ သူ(မ)က အိပ်မှုန်စုန်မွှားဖြစ်နေသော မျက်လုံးများကို ပွတ်သပ်လိုက်သည်။ မည်သို့ပင်ဖြစ်စေ ငွေရှာနိုင်သော သူ့အစွမ်းကလွဲလျှင် ကျန်းမုန့်လောင်က သူ(မ)ရှေ့တွင် ဘယ်ထူးခြားစွမ်းရည်ကိုမှ ထုတ်မပြခဲ့ဖူးပေ။
"ငါ တော်တော်မူးနေတာပဲဖြစ်မယ်"
လုရီယောင်က ရှုပ်ပွနေသော ဆံပင်များကို တကုတ်ကုတ်လုပ်၍ အခန်းထဲသို့ ပြန်သွားလေတော့သည်။
ကျန်းမုန့်လောင်လည်း ကူကယ်ရာမဲ့စွာ ရယ်မောလိုက်မိသည်။ မည်သို့ပင်ဖြစ်စေ ဤဆေးများမှာ တစ်လုံးနှစ်လုံးတည်းသာ ရနိုင်မည်မဟုတ်။ လုရီယောင်လည်း ထူးရှယ်နတ်ဘုရားကျောင်းတော်ထဲသို့ ဝင်ချိန်တန်လေပြီ။ အစွမ်းထက်လာဖို့အတွက် မဟုတ်လျှင်ပင် အနည်းဆုံးတော့ သူ(မ)၏နုပျိုမှုကို ထာဝရထိန်းသိမ်းထားနိုင်ရန်အတွက်ပင်။
မကြာခင်မှာပင် ပြင်းထန်လှသော ဆေးအနံ့က အခန်းတစ်ခန်းလုံးကို လွှမ်းခြုံသွားသည်။ ကျန်းမုန့်လောင်လည်း အရိုးစိမ့်အောင်အေးသော မီးတောက်ကို ဖြည်းဖြည်းချင်းပြန်သိမ်းလိုက်သည်။ ဝိညာဉ်ဖောက်ထွင်းရေးဆေးလုံးမှာ အလွန်အဆင့်မြင့်သော ဆေးမျိုးမဟုတ်ချေ။ ထိုစိတ်ကူးယဉ်ကမ္ဘာထဲတွင် ဤသည်မှာ မွေးရာပါအလားအလာကို မြှင့်တင်ပေးနိုင်သော ဆေးတစ်မျိုးသာဖြစ်၏။ ရှားပါးသော်ငြား ကောင်းကင်ဘုံကိုအံတုပြီး ကံကြမ္မာကိုပြောင်းလဲနိုင်သည့်အပြင် သေသူများကိုပင် ပြန်ရှင်စေနိုင်သည့် ပြဒါးရှင်လုံးများနှင့်ယှဉ်ပါက အလွန်နိမ့်ကျနေသေးသည်။
ပေါင်းအိုးအဖုံးကို ဖွင့်လိုက်ပြီးနောက် ကျန်းမုန့်လောင်က ငုံးဥတစ်လုံးအရွယ်ထက် သုံးဆလောက်ကြီးသော မည်းနက်နေသည့် ဆေးလုံးသုံးလုံးကို ထုတ်ယူလိုက်သည်။
"ဒါကြီးကို စားလို့ရောရရဲ့လား"
ဝမ်လင်က ဆေးတစ်လုံးကို ကောက်ကိုင်လိုက်၏။
"ဒါကို မျိုချလိုက်ရင် သေအောင်နင်မနေဘူးလား။ ဝါးစားလို့ရလား။ ဆေးစွမ်းပြယ်မသွားနိုင်ပါဘူးနော်"
"မင်း ဘာလို့ မေးခွန်းတွေ တအားများနေရတာလဲ"
အမှန်အတိုင်းပြောရလျှင် ကျန်းမုန့်လောင်လည်း ပထမဆုံးအကြိမ်ဆေးသောက်တုန်းက ယခုလိုမေးခွန်းမျိုး မေးခဲ့ဖူးသော်ငြား ပညာရှင်ဆန်အောင် ဟန်ဆောင်ရသေးသည်။
သူက ထိုဆေးလုံးကို ဝမ်လင့်ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။
"အဟွတ် အဟွတ်"
ဝမ်လင်၏မျက်နှာမှာ ချက်ချင်းဆိုသလို ဝက်အသည်း၏အရောင်သို့ ပြောင်းလဲသွားပြိးနောက် ပြန်သက်သာလာဖို့ အချိန်ခဏလောက်ယူလိုက်ရသည်။
"သေစမ်း။ ငါ ဝမ်းလျှောတော့မယ်ထင်တယ်"
ဝမ်လင်၏ဗိုက်ထဲမှာ တကြုတ်ကြုတ်မြည်သံတစ်သံ ထွက်လာပြီးနောက် သူ့ချွေးပေါက်များမှ အနက်ရောင်အညစ်အကြေးများ စိမ့်ထွက်လာသည်။
"ဒါက မင်းရဲ့ခန္ဓာကိုယ်နဲ့ အလားအလာကို ပြောင်းလဲပေးလိမ့်မယ်။ မင်း စိတ်ကူးယဉ်ဝတ္ထုတွေကို ကောင်းကောင်းမဖတ်ဖူးဘူးပဲ"
"သေစမ်း။ ဖယ်ဦး။ ငါ အိမ်သာသွားမှဖြစ်မယ်"
...
နာရီဝက်ခန့် ဒုက္ခခံပြီးနောက်တွင်မူ ဝမ်လင်ခမျာ လုံးဝပင်ပန်းနွမ်းနယ်နေသော ပုံစံဖြင့် သန့်စင်ခန်းထဲမှ ထွက်လာခဲ့သည်။ အားနည်းနေသလို ခံစားရသော်ငြား သူ့ခန္ဓာကိုယ်က ပြန်လည်အားပြည့်လာသလို ခံစားရပြီး သူ့အတွေးများကလည်း အလွန်ရှင်းလင်းနေသည်။ သူ့စိတ်က သူ့အပိုင်မဟုတ်တော့သလိုပင်။
"အလားအလာညွှန်ကိန်း ၁၄မှတ်ဖြစ်သွားပြီ။ မဆိုးပါဘူး"
ကျန်းမုန့်လောင်က ကျောင်းအုပ်လက်စွပ်ကိုသုံးပြီး ဝမ်လင်၏အလားအလာညွှန်ကိန်းကို စစ်ဆေးကြည့်လိုက်လေရာ ၆မှတ်မှ ၁၄မှတ်အထိ ခုန်တက်သွားလေသည်။ ဤမျှအထိ တန်ဖိုးမရှိဘူးဟု သတ်မှတ်ထားသော ဆေးလုံးတစ်လုံးကြောင့် ယခုလိုဖြစ်သွားသည့်အတွက် သူ အလွန်အံ့အားသင့်နေချေသည်။
"ကဲ ငါ့ကျောင်းကို သွားကြည့်ရအောင်"
ကျန်းမုန့်လောင်က အရှေ့မှဦးဆောင်၍ အလင်းလိုက်ကာထဲသို့ ဝင်သွားလိုက်၏။
ဝမ်လင်ကမူ ခဏမျှတွေဝေနေပြီးနောက် သူ့အနောက်မှ ကပ်လိုက်သွားလေတော့သည်။
သူ့ထက်အရင် ထူးရှယ်နတ်ဘုရားကျောင်းတော်ထဲသို့ ခြေချဖူးသူများကဲ့သို့ပင် ဝမ်လင်၏အကြည့်များမှာ နေရာတိုင်းကို စူးစိုက်ကြည့်နေလေသည်။
"ယူနီကွန်းနိုးထရေးစနစ်"
"လေအမြောက်"
… ဒါက အလိုအလျောက်မောင်းနှင်ရေးကျောင်းတော်ပဲ
"လိပ်ကျောင်းချီကုန်"
"မဟာအနိဋ္ဌာရုံအကျဉ်းချကောင်းကင်ဘုံလက်ညှိုး"
"တုကုဓားကိုးလက်"
..ဒါက သိုင်းပညာကျောင်းတော်ပဲ
"မြန်မြန်လုပ်.. ဒီပုံသေနည်းကိုတွက်ပေးဦး။ ကွေးညွတ်အင်ဂျင်အတွက် ပါရာမီတာတစ်ခုက မှားသွားတယ်ထင်တယ်"
"ဟားဟားဟား.. နောက်ဆုံးတော့ ထိန်းချုပ်နျူကလီးယားပေါင်းစည်းဓာတ်ပေါင်းဖိုကို တည်ဆောက်နိုင်ခဲ့ပြီ"
ဤသည်မှာ ရူပဗေဒကျောင်းတော်ပင်။
"ဟားဟားဟား အချောလေး.. မပြန်သေးနဲ့ဦးလေ"
"နျဲ့ရှောင်ချန်း.. မင်း ကျောင်းသားသစ်တွေကို ထပ်မြူဆွယ်နေပြန်ပြီလား"
ဤသည်မှာ အပနှင်ရေးကျောင်းတော်ပင်။
"ဒီကျောင်းက..ပုံမှန်ကျောင်းရော ဟုတ်ရဲ့လား"
အတန်ကြာအောင် လှည့်ပတ်ကြည့်ရှုပြီးနောက် ဝမ်လင်မှာ ထိုသို့မေးလိုက်မိတော့သည်။
"ဒါပေါ့။ ဒီနေရာမှာ အကုန်သင်ပေးတယ်"
ကျန်းမုန့်လောင်က ခဏမျှတွေးတောကြည့်လိုက်သည်။
"မင်း အချိန်တိုအတွင် လက်စားချေနိုင်အောင် ဘာသင်ပေးရမလဲလို့ ငါစဉ်းစားနေတာ။ သိုင်းပညာလမ်းစဉ်က တအားနှေးလွန်းတယ်။ နှစ်ပေါင်းများစွာသင်ယူမှုမရှိဘဲ တခြားလူတွေကို အနိုင်ယူနိုင်မှာမဟုတ်ဘူး။ ကြည့်ရတာ ငါတို့ သိပ္ပံစိတ်ကူးယဉ်လမ်းကြောင်းကို လျှောက်ရမယ်ထင်တယ်"
ကျန်းမုန့်လောင်က အမတအလင်းလှံတံတစ်ချောင်းကို အသာထုတ်ယူလိုက်သည်။
"မင်း အလင်းဖြစ်ချင်လား။ အယ်လ်ထရာမန်းအသွင်ပြောင်းကိရိယာအကြောင်း ကြားဖူးလား"
*******************