သံချပ်ကာတည်ဆောက်ခြင်း
Vol. 37 Ch. 549
"ဒုန်း ဒုန်း ဒုန်း"
နောက်တစ်နေ့မနက်စောစော အိပ်မက်လှလှလေးထဲ နစ်မြောနေစဉ်မှာပင် ကျန်းမုန့်လောင်၏အိမ်တံခါးကို အပြင်းအထန်ထုရိုက်နေသံများ ထွက်ပေါ်လာသည်။
"ဘာဖြစ်တာလဲ။ အိမ်ဖြိုနေတာလား"
အိပ်မှုန်စုန်မွှားဖြစ်နေသေးသော ကျန်းမုန့်လောင်က အိမ်ရှေ့ကိုထွက်လာသောအခါ ဗီလာ၏သတ္တုစပ်တံခါးထက်တွင် "ကွန်ဖူး"ရုပ်ရှင်ထဲက ဇာတ်ကွက်တစ်ခုကို ပြန်မြင်ယောင်မိစေသည့် လက်သီးရာများ အမြောက်အများပေါ်နေကြောင်း မြင်လိုက်ရသည်။
"တာသာဂါတာလက်ဝါးသိုင်းကို ကျင့်ကြံတဲ့လူလား"
ကျန်းမုန့်လောင် တံခါးဖွင့်လိုက်သောအခါ ကျန်းချီယွမ်က တံခါးဝတွင် စိုးရိမ်ပူပန်နေသော မျက်နှာထားဖြင့် ရပ်နေကြောင်း မြင်လိုက်ရ၏။
"ဝမ်လင် ဘယ်မှာလဲ။ သူ အဆင်ပြေရဲ့လား"
"ဒီမှာ ညီမရေ… မနက်စောစောစီးစီး လူကို ကောင်းကောင်းအိပ်ခွင့်မပေးနိုင်ဘူးလား။ မင်းကြောင့် ငါ့အိမ်တံခါး တစ်စစီဖြစ်တော့မလို့နော်"
ကျန်းမုန့်လောင်က တံခါးကိုကြည့်ရင်း ပြောစရာစကားမရှိတော့သဖြင့် ချက်ချင်းစောဒကတက်လိုက်သည်။
ငါ မင်းကို ဘာလုပ်ခဲ့မိလို့လဲ?
"ဝမ်လင် ဘယ်မှာလဲ"
ကျန်းချီယွမ်က ဆက်မေးလိုက်ပြန်သည်။
"အဆင်ပြေပါတယ်"
ကျန်းမုန့်လောင် အော်ခေါ်လိုက်လေသည်။
"ဝမ်လင်.. ကျန်းချီယွမ်က မင်းကိုလာရှာနေတယ်။ ပြီးရင်တော့ တံခါးအသစ်တစ်ချပ် ပြန်လျော်ပေးရမယ်နော်"
ဝမ်လင်က မနေ့ညတုန်းက ထိတ်လန့်အံ့ဩခဲ့ရလွန်းသဖြင့် မနက်နှစ်နာရီသုံးနာရီလောက်မှ အိပ်ပျော်ခဲ့သည်။ သို့သော် ရိုးတွင်းခြင်ဆီသန့်စင်ရေးနှင့် ခန္ဓာအဆင့်မြှင့်ရေးတို့ကို ကျင့်ကြံထားသည့်အတွက် ကျန်းချီယွမ်၏အသံကို ကြားလိုက်ရချိန်မှာ အိပ်ရာထဲမှ ခုန်ထလာခဲ့သည်။
"နိဗ္ဗာန်ကျွန်းသားနဲ့ပတ်သက်တဲ့ကိစ္စကို ကျွန်မကို ဘာလို့မပြောတာလဲ"
ကျန်းချီယွမ်က ဝမ်းနည်းရိပ်စွန်းထင်းနေသော လေသံဖြင့် မေးလာလေသည်။
"နိဗ္ဗာန်ကျွန်းသားလား"
ကျန်းမုန့်လောင်နှင့် ဝမ်လင်တို့နှစ်ယောက်စလုံး နားမလည်နိုင်ဖြစ်သွားကြသည်။
"ရှင့်ကိုထိခိုက်အောင် လုပ်ခဲ့တဲ့လူလေ"
ကျန်းချီယွမ်က စကားပြောဖို့ ဝန်လေးနေသည့်အလား ကျန်းမုန့်လောင်ကို တစ်ချက်ကြည့်လိုက်လေသည်။
"မုန့်လောင်က ငါတို့လူတွေထဲက တစ်ယောက်ပဲ။ ဘာပဲဖြစ်ဖြစ် ပြောသာပြောပါ"
ဝမ်လင်က ဆို၏။
"သူက နိဗ္ဗာန်ကျွန်းကိုအမွေဆက်ခံမဲ့လူလေ"
ကျန်းချီယွမ်က ဆက်ပြောလိုက်၏။
"သူ ဘယ်လောက်အစွမ်းထက်လဲဆိုတာ ရှင်မသိဘူးနော်။ ဒီနေ့ခေတ်နည်းပညာတွေကို ထူးခြားတယ်လို့ မထင်လိုက်နဲ့။ ဟွာရှားနိုင်ငံရဲ့ ရှေးဟောင်းသိုင်းပညာလောကထဲက အဆင့်တွေအရဆိုရင် သူက ဒဏ္ဍာရီလာအဆင့်ကိုရောက်နေပြီ။ ဒါက ဘာအဓိပ္ပာယ်လဲဆိုတာ ရှင် သိချင်မှသိလိမ့်မယ်။ ဒါပေမဲ့ သူက ကားတစ်စီးကိုတောင် လက်တစ်ဖက်တည်းနဲ့ ကျွမ်းထိုးမှောက်ခုံဖြစ်အောင်လုပ်နိုင်တယ်။ ကျည်ဆန်တွေ ဒုံးကျည်တွေကတောင် သူ့ကို အန္တရာယ်မဖြစ်စေနိုင်ဘူး။ သူက ဘယ်လောက်အန္တရာယ်များလဲဆိုတာ ရှင်နားလည်လား"
"ဟုတ်ပါပြီ"
ဝမ်လင်က ကျန်းချီယွမ်ကို သူ့ရင်ခွင်ထဲသို့ ရုတ်တရက်ဆွဲသွင်းလိုက်သည်။
"အခု ကိုယ် ဘာမှမဖြစ်ဘဲ အဆင်ပြေနေတယ်မဟုတ်လား"
ကျန်းချီယွမ်က အံတင်းတင်းကြိတ်လျက် တအံ့တဩဖြစ်နေသော ဝမ်လင့်အကြည့်အောက်မှာပင် တွန်းထုတ်လိုက်သည်။
"ကျွန်မတို့ အဆက်အသွယ်မလုပ်တော့တာ ပိုကောင်းမယ်ထင်တယ်"
သူ(မ)က အကြံပြုလိုက်သည်။
"ဘာလို့လဲ"
ဝမ်လင်က မယုံနိုင်လေဟန်ဖြင့် မေးလိုက်သည်။
"ရှစ်နှစ်တောင်ရှိပြီနော်။ နောက်ဆုံးမှာ ကိုယ် မင်းကိုပြန်တွေ့ခဲ့ပြီလေ။ အဲဒါကို မင်းက ကိုယ်တို့ အဆက်အသွယ်မလုပ်သင့်ဘူးလို့ ပြောနေတာလား"
"ရှင် နားမလည်ဘူးလား"
ကျန်းချီယွမ်က ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်၏။
"လောကီစည်းမျဉ်းတွေက သူတို့အပေါ် မသက်ရောက်ဘူး။ သူတို့ ရှင့်ကို တကယ်သတ်လိမ့်မယ်"
"ကိုယ် မင်းကို တစ်ခုပဲမေးချင်တယ်။ မင်း ကိုယ်နဲ့အတူနေဖို့ ဆန္ဒရှိလား"
ဝမ်လင်က စိတ်ရင်းအမှန်ဖြင့် မေးလိုက်လေသည်။
ကျန်းချီယွမ်မှာ တဒင်္ဂမျှတွေဝေသွားသည်။
"မင်းသာ ဆန္ဒရှိရင် ကိုယ်ကတော့ နိဗ္ဗာန်ကျွန်းသားတွေ ဘာတွေ ဂရုမစိုက်ဘူး။ ကိုယ့်လမ်းမှာ လာပိတ်နေတဲ့ ဘယ်သူမဆို အကုန်ရှင်းထုတ်ပစ်မှာ"
"မိုက်လိုက်တာ။ အားပေးလိုက်ပါဦး"
ကျန်းမုန့်လောင်လည်း ရဲဝံ့လှသော ဤစကားများကို ကြားသောအခါ လက်ခုပ်မတီးဘဲ မနေနိုင်တော့ချေ။
"ရှင် နားမလည်ပါဘူး"
နိဗ္ဗာန်ကျွန်းတွင် ရှစ်နှစ်ကြာအောင် ကျင့်ကြံခဲ့သည့် ကျန်းချီယွမ်က ထိုနိဗ္ဗာန်ကျွန်းက မည်မျှခွန်အားကြီးကြောင်း ကောင်းကောင်သိသည်။ ယခု ရှေးဟောင်းသိုင်းပညာရှင်လောကထဲတွင် သိုင်းနတ်ဘုရားတစ်ယောက်တည်းကသာ ကောင်းကင်ဘုံဖျားအဆင့်ကို ကျော်ဖြတ်ထားနိုင်သည်။ သို့သော် နိဗ္ဗာန်ကျွန်း၏အဆင့်ကမူ ကောင်းကင်ဘုံဖျားအဆင့်ကို လွန်ခဲ့သည့်ဆယ်စုနှစ်များကတည်းက ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ကျန်းချီယွမ် သိထားသည်။
ထို့ပြင် နိဗ္ဗာန်ကျွန်းပေါ်၌ ကောင်းကင်ဘုံဖျားအဆင့်သို့ တက်လှမ်းထားနိုင်သော ပညာရှင်များက တစ်ယောက်မကရှိ၏။
ထိုကဲ့သို့သော စွမ်းအားမျိုးဖြင့်ဆိုလျှင် လောကီအင်အားစုများမဆိုထားနှင့်။ ဒုတိယကမ္ဘာတစ်ခုလုံးကိုပင် ရှင်းပစ်နိုင်သည်။ ဝမ်လင်၏ အင်အားသေးသေးလေးက ထိုနိဗ္ဗာန်ကျွန်းကို မည်သို့ယှဉ်နိုင်မည်နည်း။
"ချီယွမ်.. ဘာမှနားမလည်တဲ့လူတစ်ယောက်ကို ဘာလို့ ဒါတွေသွားပြောနေတာလဲ"
ထိုအခိုက်ဝယ် လူငယ်တစ်ယောက်၏ အသံက ဗီလာအပြင်ဘက်မှ ထွက်လာလေသည်။
ကျန်းချီယွမ်၏အမူအရာကား ရုတ်ခြည်းပြောင်းလဲသွားသည်။
"ကျွန်းအရှင်လား။ ရှင် ဒီကို ဘယ်လိုလုပ်ပြီးရောက်လာတာလဲ"
သူ့ခွန်အားအစစ်နှင့် ကြီးမြတ်မှုကို သက်သေပြချင်သည့်အလား ကျွန်းအရှင်ဟုခေါ်သော ထိုလူက ဗီလာအပြင်ဘက်ရှိ သံမဏိတံခါးကိုကန်ထုတ်လိုက်လေရာ လွင့်ထွက်သွားချေသည်။
တံခါးဝက ဥက္ကာပျံတစ်ခုအလား မီတာတစ်ဒါဇင်လောက်အထိ လွင့်ထွက်သွားပြီး ကျန်းမုန့်လောင်၏ ကားဂိုဒေါင်ထဲတွင် ထိုးရပ်ထားသော Koenigseggကားကို တည့်တည့်သွားမှန်လေသည်။
ဤနာမည်က ထူးဆန်းကောင်းထူးဆန်းနိုင်သော်ငြား ဤလူငယ်၏ဝတ်စားဆင်ယင်မှုကတော့ သာမန်လူတစ်ယောက်နှင့် မခြားပေ။ အနက်ရောင်မျက်ဝန်းတစ်စုံနှင့် အသားအရောင်ဝင်းဝါနေကာ အာရှသားတစ်ယောက်၏ ပုံပန်းသဏ္ဍာန်ပါပင်။
"ဝမ်လင်.. မင်း ချီယွမ်နဲ့ နောက်တစ်ခါထပ်ပတ်သက်မယ်ဆိုရင် ငါ မင်းကို ဒီကမ္ဘာထဲက ပျောက်ကွယ်သွားအောင် လုပ်မယ်လို့ ပြောထားတယ်နော်။ ငါ မင်းကို အခွင့်အရေးနှစ်ခါ ပေးထားပြီးပြီ။ ဒါပေမဲ့ မင်းကတော့ ကိုယ့်အသက်ကိုယ် တန်ဖိုးထားပုံမရဘူး"
"မင်းကိုယ်မင်း ဘယ်သူလို့ထင်နေတာလဲ"
ကျန်းမုန့်လောင်က မျက်မှောင်ကြုတ်၍ သူ့ကားကို လှမ်းကြည့်လိုက်လေသည်။ ဤသည်မှာ Koenigseggတံဆိပ်ပင်။ ကုမ္ပဏီဘက်က သူ့အတွက် အထူးသီးသန့်ထုတ်ပေးထားခြင်းဖြစ်၏။ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း၁၂၀ရှိသည်။ သုံးရက်သာ မောင်းရသေးသော်ငြား ယခုတော့ လူတစ်ယောက်က ယခုလိုပုံစံဖြစ်သွားအောင် လုပ်လိုက်လေပြီ။
"အဆောက်အအုံပြုပြုင်စရိတ်က အမေရိကန်ဒေါ်လာ၂၀ဘီလီယံ၊ ကားပြင်စရိတ်က အမေရိကန်ဒေါ်လာ၂၀ဘီလီယံ၊ စိတ်ပိုင်းဆိုင်ရာနစ်နာကြေးက အမေရိကန်ဒေါ်လာ၂၀ဘီလီယံ။ ပိုက်ဆံပေးပြီးရင် လစ်လို့ရပြီ"
"မင်းက ဘာကောင်မို့လို့လဲ"
ကျွန်းအရှင်က ကျန်းမုန့်လောင်ကို ငတုံးတစ်ယောက်ကိုကြည့်သလို ကြည့်လိုက်လေသည်။
"မနေ့တုန်းက ငါ သူ့ကို ချန်းထန်မြစ်ထဲ ပစ်ချခဲ့တာ။ အခု သူက မင်းအိမ်ကိုရောက်နေတယ်ဆိုတော့ ကြည့်ရတာ မင်း သူ့ကိုကယ်ခဲ့တာထင်တယ်"
"အင်း"
"မင်းက နိဗ္ဗာန်ကျွန်းရဲ့ကိစ္စတွေမှာ ဝင်စွက်ဖက်ရဲတယ်ပေါ့။ သိပ်သတ္တိရှိနေတာပဲ"
"မင်းက ကျန်းမုန့်လောင်ရဲ့အိမ်ကိုတောင် လာဖျက်ဆီးရဲတယ်ဆိုတော့ အသက်ရှင်ရတာကို ပင်ပန်းနေပုံပဲ"
ကျန်းမုန့်လောင်ကလည်း ပြန်ပက်လိုက်သည်။
"မင်းက ကမ္ဘာ့အချမ်းသာဆုံးလူဆိုတာ ငါသိတယ်။ ဒါပေမဲ့ ငါတို့နိဗ္ဗာန်ကျွန်းသားတွေရဲ့ အမြင်မှာတော့ မင်းက ဘာမှမဟုတ်ဘူး။ ငါိတို့ မင်းကို အခွင့်အရေးတစ်ခု ပေးထားပြီးပြီနော်။ ဒီတော့ အခုမှ အဆိုးမဆိုနဲ့"
"ကျွန်းအရှင် မလုပ်ပါနဲ့.."
ကျန်းချီယွမ်က ထိုလူငယ်လေးရှေ့တွင် ချက်ချင်းဝင်ရပ်လိုက်သည်။
"ကျွန်မ ရှင်နဲ့အတူ အခုချက်ချင်း နိဗ္ဗာန်ကျွန်းကို လိုက်ခဲ့ပါ့မယ်။ ကျေးဇူးပြုပြီး သူတို့ကို ချမ်းသာပေးလိုက်ပါ"
"ချီယွမ်.. မင်း သူ့ကိုတောင်းဆိုနေစရာမလိုပါဘူး"
ဝမ်လင်က ကျန်းချီယွမ်ကို သူ့အနောက်သို့ ဆွဲခေါ်ထားလိုက်သည်။
"ဒီလူယုတ်မာက မနေ့တုန်းက ကိုယ့်ကိုရိုက်နှက်ထားတာ။ ဒီနေ့တော့ ကိုယ် ဒေါသထွက်နေတာနဲ့ လာတိုးနေပြီပဲ"
"ဟားဟားဟား"
ထိုလူငယ်က ဝမ်လင့်ကိုကြည့်ပြီး ရယ်မောလိုက်မိသည်။
"ကြည့်ရတာတော့ မင်းက ငါဘယ်လိုလူလဲဆိုတာ နားမလည်သေးဘူးထင်တယ်"
ပြင်းထန်လှသော စွမ်းအင်လှိုင်းတစ်ခုက ထိုလူငယ်၏ ခန္ဓာကိုယ်ထဲမှ ပျံ့နှံ့လာသည်။ ၎င်းမှာ သာမန်လူတစ်ယောက်၏ အတွင်းအားထက် အဆပေါင်းများစွာ ပိုသန့်စင်သည်။ သူ့အဆင့်မှာ ဒဏ္ဍာရီလာအဆင့်သုံးဝန်းကျင် ရှိနိုင်လောက်သည်။
"ဝမ်လင်.. သူရဲကောင်းလုပ်လို့ရမဲ့ အခွင့်အရေးကို မင်းအတွက် ချန်ထားပေးမယ်"
ကျန်းမုန့်လောင်က တံခါးကန်ဖွင့်ခံလိုက်ရသောကြောင့် လန့်နိုးလာပြီး ထိတ်လန့်နေသော လုရီယောင်ကို အိမ်ထဲသို့ပြန်ခေါ်သွားလိုက်သည်။ ထို့နောက် ဆိုဖာပေါ်တွင် ထိုင်ခိုင်းလိုက်ပြီးနောက် တည်ငြိမ်နေဆဲဖြစ်သော အိမ်တော်ထိန်းကို ကော်ဖီဖျော်ခိုင်းလိုက်၏။
ကျန်းမုန့်လောင်၏လုပ်ရပ်များမှာ ကျွန်းအရှင်ဟုခေါ်သော ထိုလူ၏မှန်းချက်နှင့် မကိုက်ချေ။
ဘာတွေဖြစ်နေတာလဲ? ခုနတုန်းက ကီလိုမီတာရာပေါင်းများစွာလေးတဲ့ တံခါးတစ်ချပ်ကို သူ ကန်ထုတ်ပစ်လိုက်တာမဟုတ်လား။ အဲဒါတောင် အဲဒီလူက သူ့ခွန်အားကို ဘာလို့မကြောက်ရတာလဲ?
ဤသည်မှာ သာမန်လူများရှေ့တွင် ပထမဆုံးအကြိမ် ကြွားဝါခြင်းမဟုတ်ပေ။ ယခင်ကဆိုလျှင် လူတိုင်းက ကြောက်ဒူးတုန်၍ သူ့ရှေ့တွင် ပြားပြားဝပ်နေခဲ့သည်။ သို့သော် ကျန်းမုန့်လောင်ကတော့ သူကို ဘာမှအရေးမပါသည့်လူတစ်ယောက်နှယ် ဆက်ဆံနေသည်။ သူ့အိမ်တော်ထိန်းကပင် တစ်ချက်မလန့်ပေ။
ကျန်းမုန့်လောင်၏ အိမ်တော်ထိန်းတစ်ယောက်ဖြစ်သည်နှင့်အညီ မည်သို့သောအရေးပေါ်ကိစ္စမျိုးကိုများ မမြင်ဖူးဘဲရှိမည်နည်း။ တံခါးတစ်ချပ်စာလောက်က ဘာမှမပြောပလောက်ပေ။ ဤအိမ်တော်ထိန်းကို သူက သာမန်လူတစ်ယောက်ဟု ထင်နေလေသလား။
ကျန်းမိသားစု၏ အငြိမ်းစားလုံခြုံရေးဝန်ထမ်းအများစုက အသက်အရွယ်ကြီးရင့်လာသည့်နောက်တွင် ကျန်းမိသားစုအတွက် အိမ်မှုကိစ္စများကိုသာ လုပ်ဆောင်ပေးကြတော့သည်။ အကယ်၍ သူတို့သာ အိမ်တော်ထိန်းကို ဖိအားပေးမည်ဆိုပါက အကျိုးဆက်များမှာ ပြင်းထန်လာပေလိမ့်မည်။
"မင်း အသက်မရှင်ချင်တော့ဘူးလား"
ဝမ်လင် အနားကပ်လာသည်ကို မြင်သောအခါ ထိုလူငယ်က အေးစက်စက်ပြုံးလိုက်သည်။
"ဒီနေ့ ချီယွမ်ကိုယ်တိုင် တောင်းပန်ရင်တောင် မင်း မနက်ဖြန် နေထွက်တာကို မမြင်နိုင်စေရဘူး။ ဒါပေမဲ့ မင်းကို အခွင့်အရေးမပေးခဲ့ဘူးလို့တော့ မပြောနဲ့နော်။ ငါ မင်းကို စကားတစ်ခွန်းစာပြောဖို့ အခွင့်အရေးပေးမယ်။ မင်းဘာသာ အကူအညီပဲတောင်းတောင်း ဘာပဲလုပ်လုပ်"
ဝမ်လင်ကား ပြုံးလိုက်ချေသည်။
"မင်း ငါ့ကို စကားတစ်ခွန်းပြောဖို့ အခွင့်အရေးပေးမှာ သေချာလား"
ဝမ်လင်၏အပြုံးကြောင့် ထိုလူငယ်မှာ စိတ်ရှုပ်ထွေးသွားရသည်။
အဲဒါက ဘာအပြုံးလဲ။ လှောင်ပြုံးလား။ အထင်သေးတဲ့အပြုံးလား။ စိတ်သက်သာရာရတဲ့အပြုံးလား။
"ဒါဆို နောင်တမရနဲ့နော်"
ဝမ်လင်က အလွန်အပေါစားဆန်သော ကိုယ်နေဟန်ထားတစ်ခုကို အသွင်ယူလိုက်လေရာ ကျနးချီယွမ်မှာ အတန်ငယ်ရှက်သွားရသည်။
"ငါက နောင်တရမဲ့ကိစ္စမျိုး ဘယ်တုန်းကမှ မလုပ်ဖူးဘူး"
ထိုလူငယ်လေးကမူ ဝမ်လင့်ကို ရူးနေပြီဟု ထင်နေချေသည်။
"ဒီတစ်ခေါက်တော့ မင်း နောင်တရလိမ့်မယ်"
ဝမ်လင်က သူ့ရင်ဘတ်ရှေ့တွင် လက်သီးဆုပ်နှစ်ဖက်ကို ယှက်တင်ပြီးနောက် သူ့ခါးထက်သို့ အားပြင်းပြင်းဆွဲချလိုက်သည်။
"ဧကရာဇ်ချပ်ဝတ် ဖန်ဆင်းစေ!
******************