← Chapters

ဒါကို ခေါင်းဖြုတ်ပြီးရင် စားလို့ရလား

Vol. 37 Ch. 555

ဒါကို ခေါင်းဖြုတ်ပြီးရင် စားလို့ရလား

Vol. 37 Ch. 555

"ကျွန်မတို့ နိဗ္ဗာန်ကျွန်းကို တကယ်သွားကြမှာလား"

ကျန်းချီယွမ်က ကျန်းမုန့်လောင်တို့တစ်သိုက်ကို တည်ကြည်လေးနက်‌သော အမူအရာဖြင့် ကြည့်၍ အတည်ပြုလိုက်ပြန်သည်။

"မင်းရဲ့မိဘတွေက ကံမကောင်းတဲ့ ဒီကောင့်ကြောင့် ကျွန်းပေါ်မှာ ပိတ်လှောင်ခံထားရတယ်လေ။ ငါတို့ သူတို့ကိုသေသွားတာကို အသာထိုင်ကြည့်နေလို့မရဘူးမလား"

"ဒါဆို ကျွန်မလည်းလိုက်ခဲ့မယ်"

ကျန်းချီယွမ်က ပြတ်ပြတ်သားသားပြောလိုက်၏။

"အာ.. ဒီလိုအသေးအဖွဲကိစ္စလေးကို ငါတို့ဘာသာ ဖြေရှင်းနိုင်ပါတယ်။ မင်းက ရီရီနဲ့အတူ ဈေးဝယ်ထွက်နေလိုက်လေ။ ငါ့ကတ်ကိုသုံးလိုက်"

ကျန်းချီယွမ်ခမျာ ဆွံ့အသွားရလေသည်။ သူ(မ)၏မိဘများက နိဗ္ဗာန်ကျွန်းပေါ်တွင် ရှိနေဆဲပင်။ သူ(မ)က ဘယ်လိုလုပ်ပြီး ဈေးဝယ်ထွက်နေနိုင်မည်နည်း။ ထို့ပြင် နိဗ္ဗာန်ကျွန်းက အလွန်အန္တရာယ်များသော နေရာတစ်ခုပင်။ သူ(မ)အတွက်နှင့် သူတို့၏အသက်ကို စွန့်စားခွင့်မပြုနိုင်ပေ။

"မုန့်လောင်… ငါလည်း အဲဒီနေရာကို လိုက်ကြည့်ချင်တယ်"

ထိုအချိန်မှာပင် လုရီယောင်က ကျန်းမုန့်လောင်၏အင်္ကျီလက်အနားစကို ဆွဲထားသည်။

"အဲဒီလိုမှော်ဆန်တဲ့နေရာမျိုးကို ငါ တစ်ခါမှမရောက်ဖူးဘူး"

"မဖြစ်ဘူး။ လုံးဝမဖြစ်ဘူး"

ကျန်းချီယွမ်က ချက်ချင်းကန့်ကွက်လိုက်သည်။ ကျန်းမုန့်လောင်နှင့် ဝမ်လင်တို့နှစ်ယောက်က အလွန်အင်အားကြီးသဖြင့် သုန်းဝေ့ကဲ့သို့သော လူတစ်ယောက်ကိုပင် ဖြေရှင်းနိုင်သည်။

သို့သော် လုရီယောင်ကတော့ သာမန်လူတစ်ယောက်ဖြစ်၏။ အန္တရာယ်များနှင့် ပြည့်နှက်နေသော နိဗ္ဗာန်ကျွန်းပေါ်တွင် မဟာသခင်အဆင့်ခွန်အားမျိုးသာ မရှိပါက ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်စွမ်း ရှိမည်မဟုတ်ပေ။

နိဗ္ဗာန်ကျွန်းမှာ ကြီးမားလှသော ရှေးဟောင်းတောအုပ်ကြီးတစ်ခုနှင့် အလားသဏ္ဍာန်တူပေသည်။ တောအုပ်အလယ်တွင် သူတို့ ပုံမှန်လေ့ကျင့်နေကျ နေရာရှိသည်. ထိုနေရာမှာ သဘာဝအတားအဆီးများဖြင့် ကာကွယ်ထားသောကြောင့် လုံခြုံဘေးကင်းသည်။ ထို့ကြောင့် နိဗ္ဗာန်ကျွန်းပေါ်ရှိ လူများမှာ ထိုနေရာတွင် ငြိမ်းငြိမ်းချမ်းချမ်းကျင့်ကြံနိုင်ကြခြင်းပင်။

ကျန်းချီယွမ် ထိုကျွန်းပေါ်သို့ ရောက်ခါစတုန်းက ကျွန်းသခင်က သူ(မ)ကို တိုက်ရိုက်ခေါ်လာပေးခဲ့သော်ငြား လွတ်လွတ်လပ်လပ်သွားလာနိုင်ရန်အတွက်မူ တောနက်ထဲကို ကိုယ့်အစွမ်းအစနှင့်ကိုယ် ဖြတ်သန်းနိုင်ဖို့လိုပေသည်။

နှစ်ပေါင်းတစ်ရာကြာ စူးစမ်းလေ့လာပြီးနောက် နိဗ္ဗာန်ကျွန်းပေါ်ရှိ လူများမှာ အန္တရာယ်များသောနယ်မြေများကို အမှတ်အသားပြုပြီး မြေပုံတစ်ခု ဆွဲထားကြသည်။

ကျွန်းပိုင်ရှင်များပင် အန္တရာယ်အများဆုံးနေရာများကို ဖြတ်သန်းရသည့်အခါ သေရေးရှင်ရေးအခြေအနေနှင့် ကြုံတွေ့ရတတ်သည်။ ထိုနေရာတွင် ကောင်းကင်ဘုံဖျားအဆင့်ကို ကျော်လွန်သော သတ္တဝါများစွာရှိလေသည်။

ထို့ပြင် မြေပုံပေါ်ရှိ ဘေးအကင်းဆုံးလမ်းကြောင်းကို အသုံးပြုပြီး ကျွန်းပေါ်မှ ထွက်ခွာရန်အတွက်လည်း ကိုယ့်ကိုယ်ကိုယ်ခုခံကာကွယ်နိုင်ဖို့ မဟာသခင်အဆင့်စွမ်းရည်ကို လိုအပ်သေးသည်။ ဤသည်မှာ နိဗ္ဗာန်ကျွန်းမှ ထွက်ခွာနိုင်ရန်အတွက် ကျွန်းသူကျွန်းသားများ၏ အခြေခံလိုအပ်ချက်ပင်။ မဟုတ်ပါက ထိုနေရာတွင် သေသည်အထိ ကျင့်ကြံနေရမည်ဖြစ်၏။

ဤဘေးကင်းလုံခြုံမှုမှာ နှိုင်းယှဉ်ချက်သက်သက်သာ ဖြစ်၏။ ထိုလမ်းကြောင်းများပေါ်မှာပင် အင်အားကြီးမားလှသော သတ္တဝါများ ရံဖန်ရံခါပေါ်လာတတ်သည်။ ကံဆိုးလျှင် ကျန်းမုန့်လောင်တို့တစ်သိုက် ကိုယ့်ကိုယ်ကိုယ်ပင် ကာကွယ်နိုင်မည်မဟုတ်။ လုရီယောင်ကို ကာကွယ်ပေးဖို့ဆိုလျှင် ဝေးစွ။

ဤသည်မှာ စွန့်စားရေးခရီးစဉ်တစ်ခုဖြစ်၏။ အပန်းဖြေခရီးတစ်ခု မဟုတ်ချေ။ လုရီယောင်က အတူလိုက်ချင်သည်ဟု ဆိုနေခြင်းမှာ ဟာသလုပ်နေသလိုပင်။

"မင်း တကယ်လိုက်ချင်တာလား"

ကျန်းမုန့်လောင်က အတည်ပြုသလိုမေးလိုက်၏။

"အင်း"

လုရီယောင်ကလည်း ပြန်ဖြေလိုက်သည်။ သူ(မ)မှာ ထူးရှယ်နတ်ဘုရားကျောင်းတော်၏ တည်ရှိမှုကို သိထားခါစဖြစ်သောကြောင့် ပုံမှန်အသိဉာဏ်ထက် ကျော်လွန်သော အရာများကို စိတ်ဝင်စားနေမိသည်။

"အရမ်းအန္တရာယ်များမှာလား"

"ရပါတယ်။ မင်းလိုက်ချင်တယ်ဆိုရင် ခေါ်သွားပေးမယ်။ ငါရှိနေရင် မင်းအတွက် ဘာအန္တရာယ်မှမရှိပါဘူး"

"ကျန်းမုန့်လောင် ဒါက ဟာသလုပ်စရာမဟုတ်ဘူးနော်။ နိဗ္ဗာန်ကျွန်းက ဘယ်လောက်အန္တရာယ်များလဲဆိုတာ ရှင်မသိဘူးနော်"

ကျန်းချီယွမ်မှာ ရူးသွပ်မတတ်ပင်။ ကျန်းမုန့်လောင်က အရူးတစ်ယောက်ပင်။

"ဒါကို အပန်းဖြေခရီးထွက်နေတယ်များ ထင်နေတာလား။ ကမ္ဘာပေါ်က ရှေးဟောင်းသစ်တောတွေမှာတောင် အဆိပ်ရှိတဲ့ အင်းဆက်တွေနဲ့ တောရိုင်းတိရစ္ဆာန်တွေရှိတယ်။ ရှင်တို့က ကိုယ့်အသက်ကိုယ် လောင်းကြေးထပ်နေတာပဲ"

"စိတ်မပူပါနဲ့။ နိဗ္ဗာန်ကျွန်းက ဘယ်လောက်အန္တရာယ်များများ ငါတို့ ဘာမှဖြစ်မှာမဟုတ်ပါဘူး"

ကျန်းမုန့်လောင်က သူ(မ)၏သတိပေးချက်ကို လုံးဝဂရုမစိုက်ပေ။

"ငါတို့ ကောင်းကောင်းပြင်ဆင်ထားမှဖြစ်မယ်။ မုန့်ထုပ်တို့ ရေတို့..အကင်စက်လည်း ယူလာခဲ့ရမလား"

"ရှင်.."

ကျန်းချီယွမ်ခမျာ စိတ်ပျက်မွန်းကျပ်မှုကြောင့် ရယ်မောလိုက်ချေသည်။ သူတို့က တကယ်ပဲ ပျော်ပွဲစားထွက်ကြမှာလား?

"ထားလိုက်တော့။ ရှင်တို့စိတ်ကြိုက်သာ လုပ်ကြ"

ကျန်းချီယွမ်မှာ စိတ်ထဲတွင် တိတ်တိတ်လေးဆုံးဖြတ်ချက်ချလိုက်သည်။ အကယ်၍ သူတို့ အန္တရာယ်တစ်စုံတစ်ရာ ကြုံတွေ့ရလျှင် သူ(မ)၏အသက်ကို ပေးဆပ်ရလျှင်ပင် သူတို့ကို အသက်ပေးပြီး ကာကွယ်ပေးမည်ဟုပင်။ မည်သို့ပင်ဖြစ်စေ ယခုလိုဖြစ်ရသည်မှာ သူ(မ)ကြောင့်သာ။

...

ထိုညနေခင်းမှာ သူတို့အားလုံး ကျန်းမုန့်လောင်၏အိမ်တွင် နေခဲ့ကြသည်။ နောက်တစ်နေ့၌ ရဟတ်ယာဉ်အသံကို ကြားလိုက်ရချိန်မှာ ဗီလာထိပ်ရှိ ရဟတ်ယာဉ်ဆင်းသက်ရာနေရာတွင် စုဝေးလိုက်ကြသည်။ ကြီးမားလှသော စစ်ရဟတ်ယာဉ်ကြီးတစ်စင်းက သူတို့အား စောင့်ကြိုနေချေသည်။

ကျန်းမုန့်လောင်၊ ဝမ်လင်နှင့် လုရီယောင်တို့အားလုံးမှာ တောနက်စူးစမ်းရေးအတွက် ပြောက်ကျားဝတ်စုံများကို ဝတ်ဆင်ထားကြပြီး ကျောဘက်တွင်လည်း စာလုံးနှစ်လုံးရေးထားသေးသည်။ "ရီထျန်း"ဟုပင်။

ကျန်းချီယွမ်ခမျာ ဤမြင်ကွင်းကို မြင်လိုက်ရချိန်မှာ ရယ်ရအခက် ငိုရအခက်ဖြစ်သွားလေသည်။ သူတို့က တောတွင်းစွန့်စားခန်းခရီးကို အမှန်တကယ်ထွက်ကြရပေတော့မည်။

ထိုရှေးဟောင်းသတ္တဝါကြီးများနှင့် ရင်ဆိုင်ရာတွင် သံချပ်ကာများက အသုံးဝင်မည်မဟုတ်ပေ။ ယခုအချိန်မှာတော့ သူတို့ အန္တရာယ်များသော သတ္တဝါများနှင့် မကြုံပါဘဲ ဘေးကင်းကင်းနှင့် ဖြတ်သန်းသွားနိုင်ဖို့သာ ဆုတောင်းရတော့သည်။

"ရီထျန်းဆိုတာ ဘာကြီးလဲ"

ဝမ်လင်က မေးလိုက်လေသည်။

"ငါတို့ ထူးရှယ်နတ်ဘုရားကျောင်းတော်က ပြင်ပလူတွေနဲ့ ဆက်ဆံတဲ့အခါ ရီထျန်းဂိုဏ်းဆိုတဲ့ နာမည်ကိုပဲ သုံးတယ်။ အခု ငါတို့က ဒုတိယကမ္ဘာက လူတွေနဲ့ သွားတွေ့ရမှာဆိုတော့ ငါတို့ဂိုဏ်းကို ကြေညာရမှာပေါ့"

ကျန်းမုန့်လောင်က ပြောလိုက်၏။

"မင်းကိုယ်မင်း ရီထျန်းဂိုဏ်းရဲ့အကြီးအကဲတစ်ယောက်လို့ သဘောထားလို့ရတယ်"

"မဆိုးဘူး။ ဒါပေမဲ့ ဒီကောင်ကတော့ တစ်ပိုင်းသေနေသလိုပဲ။ လမ်းတစ်ဝက်မှာတင် သေသွားမှာတော့မဟုတ်ဘူးမလား"

ဝမ်လင်က မြေပြင်ပေါ်ရှိ သုန်းဝေ့ကို တစ်ချက်ကန်လိုက်သည်။

"ရှင်တို့ သူ့ကိုပါ ခေါ်လာတာလား"

ကျန်းချီယွမ်ခမျာ လုံးဝကြက်သေသေသွားလေသည်။ သေခါနီးဆဲဆဲ လူတစ်ယောက်ကိုပါ နိဗ္ဗာန်ကျွန်းပေါ်သို့ ခေါ်လာခဲ့ခြင်းမှာ သက်သက်ဒုက္ခရှာခြင်းသာ။ အန္တရာယ်နှင့် ကြုံပါက ထွက်ပြေးရန် မဖြစ်နိုင်ချေ။

"ဒါပေါ့။ သူ့ကို အပေးအယူလုပ်ဖို့အတွက် ခေါ်လာခဲ့ရမယ်လေ။ ဟုတ်တယ်မလား ဝမ်ချိုင်"

"ဝုတ် ဝုတ် ဝုတ်"

ဝမ်ချိုင်က ကျန်းမုန့်လောင်၏ခြေထောက်နားတွင် အမြီးတယမ်းယမ်းလုပ်နေလေသည်။

"ခွေးကိုပါ ခေါ်လာတယ်ပေါ့"

ကျန်းချီယွမ်မှာ ကျန်းမုန့်လောင်၏ခေါင်းထဲတွင် ဘာတွေရှိနေလို့များ ဤမျှအထိ ရူးမိုက်ရသလဲဆိုသည်ကို သိချင်လွန်းသဖြင့် ထိုခေါင်းကို ဖွင့်ကြည့်ချင်မိသည်။

"ဝုတ် ဝုတ် ဝုတ်"

ဝမ်ချိုင်ကလည်း မကျေနပ်လေဟန်ဖြင့် ချက်ချင်းထဟောင်လေတော့သည်။

"ဝမ်ချိုင်က သူ့ကို ခွေးလို့ခေါ်ရင် မကြိုက်ဘူး။ သူက အခု ရီထျန်းဂိုဏ်းရဲ့နတ်သားရဲတစ်ကောင်ဖြစ်နေပြီ။ သူ့ကို နည်းနည်းပါးပါးလေးစားပေးလိုက်ပါ"

"နတ်သားရဲ…"

ဤစကားလုံးများကို ကြားသောအခါ ဝမ်ချိုင်က ခေါင်းမော့ရင်ကော့၍ ဟန်ထုတ်နေချေသည်။

"သူက လူစကားကိုလည်း နားလည်တယ်။ ဒီ…ဒီကမ္ဘာကြီး..ရူးသွားပြီပဲ"

ကျန်းချီယွမ်မှာ နိဗ္ဗာန်ကျွန်း၏ တည်ရှိမှုအကြောင်း ရှာဖွေတွေ့ရှိခဲ့ခြင်းမှာ သူ(မ)ဘဝ၏ အဆန်းကြယ်ဆုံးဖြစ်ရပ်တစ်ခုဟု ထင်ထားခဲ့မိသည်။ သို့သော် ယနေ့မှာတော့ ထိုစဉ်တုန်းက ထိတ်လန့်အံ့ဩမှုများမှာ ကျန်းမုန့်လောင်ရှေ့မှာတော့ ယှဉ်၍ပင်မရကြောင်း သဘောပေါက်လိုက်လေပြီ။

"သွားကြစို့"

သူတို့တစ်သိုက်လည်း လေယာဉ်ပေါ်သို့ တက်လိုက်ပြီးနောက် လေပြင်းတိုက်ခတ်သံနှင့်အတူ ရဟတ်ယာဉ်က ကောင်းကင်ထံသို့ ပျံသန်းပျောက်ကွယ်သွားလေတော့သည်

...

ပစိဖိတ်သမုဒ္ဒရာထဲရှိ နိုင်ငံတကာရေပိုင်နက်၏ လူသူကင်းမဲ့သောနေရာတစ်ခုတွင် လင်းပိုင်များက လှိုင်းလုံးများနောက်ကို လိုက်နေခဲ့ကြသည်။

ကြီးမားလှသော အရိပ်ကြီးတစ်ခု ဆင်းသက်လာသောအခါတွင်မူ ထိုလင်းပိုင်များအားလုံး အုပ်စုကွဲသွားကြသည်။

"ဒီနေရာလား"

ကျန်းမုန့်လောင်က သူ့သုန်းချီဖြင့် ဤနေရာတစ်ဝိုက်ကို စူစမ်းစစ်ဆေးလိုက်သည်။

အမှန်ပင်။ ပင်လယ်မျက်နှာပြင်ပေါ်တွင် ထူးခြားနေရာတစ်ခု ရှိနေပေသည်။ သူ့သုန်းချီက ထိုအရာထဲကို အဆုံးမရှိသည့် တွင်းနက်ကြီးတစ်ခုထဲကို ဝင်သွားသည့်အလား ထိုးဖောက်လိုက်သည်။

"ဟုတ်တယ်"

ကျန်းချီယွမ်က ဆို၏။

"နိဗ္ဗာန်ကျွန်းထဲကို ဝင်တဲ့အခါ ရှင်တို့ခန္ဓာကိုယ်ကို အတွင်းအားနဲ့ လွှမ်းခြုံထားဖို့လိုတယ်။ မဟုတ်ရင် အဲဒီနေရာလွတ်ကြောင့် သတိလစ်သွားလိမ့်မယ်"

"နားလည်ပြီ။ အားလုံး အဆင်သင့်ဖြစ်ပြီလား"

ဝမ်လင်နှင့် လုရီယောင်တို့က ရေငုပ်မျက်မှန်များကို ဝတ်ထားလိုက်ကြသည်။

"အဆင်သင့်ပဲ"

"ဝုတ်"

"အဆင်..အဆင်သင့်ပဲ"

သုန်းဝေ့က အားမရှိသောလေသံဖြင့် ပြောလိုက်လေသည်။

"ငါ တစ်ခုခုစားလို့ရမလား။ နှစ်ရက်လုံးလုံး ငါ ဘာမှမစားရသေးဘူး"

"ပါးစပ်ပိတ်ထား။ ငါ မင်းကိုမမေးမိဘူး"

"ခုန်တော့"

ကျန်းမုန့်လောင်က လုရီယောင်ကို ပွေ့ဖက်ထားပြီး ကျန်းချီယွမ်က ဝမ်လင့်ကို ပွေ့ဖက်ထားလိုက်သည်။ ဝမ်ချိုင်ကတော့ သုန်းဝေ့ကို ပါးစပ်ထဲတွင် ကိုက်ထားပြီးနောက် လူနှင့်ခွေးသုံးဖွဲ့စလုံးက ကောင်းကင်ပေါ်မှ ထိုးဆင်းလာခဲ့ကြသည်။ ပင်လယ်ရေမျက်နှာပြင်အထက် နှစ်မီတာအကွာမှာ လူတိုင်း ရုတ်တရက်ကြီးပျောက်ကွယ်သွားသည်။ အခြားအာကာသ-အချိန်နယ်မြေတစ်ခုဆီသို့ ကျရောက်သွားသည့်အလားပင်။

"ဒုန်း"

လူတိုင်း မြေပြင်ထက်သို့ ဆင်းသက်လာခဲ့ကြသည်။ စွတ်စိုသော မြေကြီးအနံ့က သူတို့၏နှာဖျားသို့ ချက်ချင်းဝင်ရောက်လာသည်။ သွေးနံ့သဲ့သဲ့ပင် ကပ်ပါနေသေးသည်။

"ဒါက နိဗ္ဗာန်ကျွန်းလား"

ကျန်းမုန့်လောင်က ပတ်ပတ်လည်ကို ဝေ့ကြည့်လိုက်၏။ ပတ်ဝန်းကျင်တစ်ခုလုံးကား ရှေးဟောင်းတောအုပ်ကြီးတစ်ခုဖြစ်ပြီး ကောင်းကင်ထက်တွင်မူ ခပ်ဖျော့ဖျော့အလင်းရောင်တစ်ခု ထွန်းလင်းနေသည်။ သို့သော် ကျန်အရာအားလုံးကတော့ မှောင်မိုက်နေပေသည်။

"မိုက်လိုက်တာ"

လုရီယောင်က ပတ်ပတ်လည်ကိုကြည့်ရင်း စိတ်လှုပ်ရှားပြီး သိချင်စိတ်လည်း ပြင်းပြနေသည်။

"ငါတို့ ဒီနေရာမှာအိမ်ဆောက်ပြီး ဘာမှလုပ်စရာမရှိတဲ့အချိန်ကျရင် အပန်းဖြေခရီးထွက်ကြမလား"

"ရတယ်လေ"

"သတိထား"

ရုတ်ခြည်းပင် အလွန်လျင်မြန်လှသော အသံတစ်သံက လုရီယောင်ထံသို့ ဦးတည်လာနေသဖြင့် ကျန်းချီယွမ်မှာ အလန့်တကြားအော်ဟစ်လိုက်မိသည်။

သို့သော် ကျန်းမုန့်လောင်က ပိုမြန်ပေသည်။ လက်ဆန့်ထုတ်ပြီး အနားသို့ချဉ်းကပ်လာသည့် အကောင်ကို ဖမ်းလိုက်၏။

ထိုအကောင်ကား ပျားနကျယ်ပုံသဏ္ဍာန်ရှိပြီး အကောင်ပိုရှည်ပြီး လက်ဖဝါးအရွယ်ခန့် ကြီးမားလေသည်။

ဤအကောင်ငယ်လေးမှာပင် စွမ်းအင်အဆင့်သုံးမှလေးအထိ ရှိ၏။

"ဒါက မြှားပျားကောင်ပဲ"

ကျန်းချီယွမ်က ပြောလိုက်၏။

"အဆိပ်မရှိဘူးဆိုပေမဲ့ အရမ်းမြန်တယ်။ မဟာသခင်အဆင့်သိုင်းပညာရှင်တစ်ယောက်တောင်မှ ပေါ့ဆမိရင် အကိုက်ခံရနိုင်တယ်"

"ဟမ်"

ကျန်းမုန့်လောင်၏လက်ဝါးထဲတွင် မီးတောက်တစ်ခု တောက်လောင်လာပြီး ထိုအင်းဆက်ပိုးကောင်ကို ဘာမှမကျန်တော့သည်အထိ မီးရှို့သတ်ပစ်ရန် ကြံရွယ်လိုက်သည်။

သို့သော် သိပ်မကြာခင်မှာပင် ဖော်ပြရခက်သော အရသာရှိလှသည့် အနံ့တစ်ခုက သူ့လက်ထဲမှ ထွက်ပေါ်လာလေသည်။ အရသာမျိုးစုံကို မြည်းစမ်းကြည့်ဖူးသော်ငြား ကျန်းမုန့်လောင်၏စားချင်စိတ်က အကြီးအကျယ်မြင့်တက်လာခဲ့သည်။

"နေဦး"

ရုတ်ခြည်းဆိုသလို ရဲရင့်လှသော အတွေးတစ်ခုက သူ့ခေါင်းထဲရောက်လာသည်။

"ဒီကောင့်ကို ခေါင်းနဲ့အမြီးဖြုတ်လိုက်ရင် စားလို့ရနိုင်လား"

******************

All Chapters