← Chapters

သူတို့က သူတောင်းစားသာသာ ဆက်ဆံနေတာ

Vol. 37 Ch. 542

သူတို့က သူတောင်းစားသာသာ ဆက်ဆံနေတာ

Vol. 37 Ch. 542

"အခု ကျွန်မအဖေရဲ့ဖန်တီးမှုနဲ့သက်ဆိုင်တဲ့ ရုပ်ရှင်ရဲ့ရုပ်မြင်သံကြားဆိုင်ရာ မူပိုင်ခွင့်တွေအကုန်လုံးက ဒစ်စနေမှာပဲ ရှိတာ။ ရှင်တို့ မူပိုင်ခွင့်ဝယ်ချင်တယ်ဆိုရင်တောင် ဒစ်စနေနဲ့ပဲ သွားဆွေးနွေးရမှာလေ။ ကျွန်မဆီကို ဘာလို့လာတာလဲ"

ဂျက်ဆီက ရယ်မောလျက် ပြောလိုက်လေသည်။

"မိန်းကလေးဂျက်ဆီ.. ဒီနေ့ ခင်ဗျား ကျွန်တော်တို့ဆီကို ရောက်လာပြီဆိုမှတော့ ကျွန်တော်တို့ကလည်း စုံစမ်းစရာရှိတာ စုံစမ်းထားပြီးပြီဆိုတဲ့သဘောပဲလေ"

ဝမ်လင်က ပြောလိုက်သည်။

"ခင်ဗျားအဖေရဲ့ဖန်တီးမှုတွေက လောလောဆယ်တော့ ဒစ်စနေမှာရှိတယ်ဆိုပေမဲ့ အဲဒါက လိုင်စင်သဘောတူစာချုပ်ကို အခြေခံထားတာလေ"

ဂျက်ဆီ၏မျက်နှာအရောင်ကား ပြောင်းလဲသွားလေသည်။ ဤသည်မှာ မိသားစုလျှို့ဝှက်ချက်တစ်ခုပင်။ ဝမ်လင်နှင့်ကျန်းမုန့်လောင်က ဤအကြောင်းကို မည်သို့သိသွားရလေသလဲ။

ဤမူပိုင်ခွင့်မှာ ရွှေတောင်တန်းနှင့် ငွေတောင်တန်းများအလားပင်။ မူပိုင်ခွင့်ကို ကုမ္ပဏီတစ်ခုက ပိုင်ဆိုင်ထားခြင်းမဟုတ်ဘဲ လူတစ်ဦးတစ်ယောက်တည်းက ပိုင်ဆိုင်ထားကြောင်း ပေါက်ကြားသွားပါက သူတို့မိသားစုအတွက် ကပ်ဘေးတစ်ခု ကျရောက်လာပေလိမ့်မည်။

ထိုသို့ဆိုလျှင် သူတို့လက်ထဲရှိ မူပိုင်ခွင့်များကို အရယူချင်သူများလည်း များပြားလာမည်ဖြစ်ပြီး အစွန်းရောက်ကိစ္စတချို့ပင် ဖြစ်လာနိုင်သည်။ ဤအကြောင်းပြချက်ကြောင့် သက်ဆိုင်ရာကုမ္ပဏီများက လျှို့ဝှက်ထားရှိရေး သဘောတူစာချုပ် ချုပ်ဆိုထားခြင်းဖြစ်၏။

"မိန်းကလေးဂျက်ဆီ.. စိတ်လှုပ်ရှားဖို့မလိုပါဘူး"

ကျန်းမုန့်လောင်က ပြောလိုက်၏။

"ဒီကမ္ဘာပေါ်မှာ ကျွန်တော်မသိတဲ့ကိစ္စရယ်လို့ မရှိပါဘူး။ သေချာတာကတော့ ဒီကိစ္စကို သက်ဆိုင်သူတွေအပြင် ကျွန်တော်တို့နှစ်ယောက်တည်းပဲ သိထားတာပါ။ ကျွန်တော်တို့က ဒီအချက်အလက်ကို မိန်းကလေးဂျက်ဆီကို ခြိမ်းခြောက်ဖို့အတွက် အသုံးချမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်က မူပိုင်ခွင့်ဖြစ်နေလို့ပါ"

"ဒါပေမဲ့ ကျွန်မက ရှင်တို့ကို ဘာလို့ရောင်းပေးရမှာလဲ"

ဂျက်ဆီက ပြောလိုက်သည်။

"ဒီမူပိုင်ခွင့်တွေနဲ့ ကျွန်မ နှစ်တိုင်း မူပိုင်ခတွေအများကြီး ရနိုင်တယ်လေ"

"ကျွန်တော်သိရသလောက်တော့ ခင်ဗျားအဖေလက်မှတ်ထိုးထားတဲ့ စာချုပ်ထဲမှာ မူပိုင်ခွင့်တွေကို ဒစ်စနေဘက်က စီမံခန့်ခွဲခွင့်ပြုထားပြီး အဲဒီထဲမှာ ရုပ်ရှင်နဲ့ရုပ်မြင်သံကြားမူပိုင်ခွင့်တွေ၊ ကုန်ပစ္စည်းမူပိုင်ခွင့်တွေရော ပါတယ်တဲ့။ ဒါပေမဲ့ ခင်ဗျားကတော့ မူပိုင်ခအနေနဲ့ တစ်နှစ်ကို အမေရိကန်ဒေါ်လာသန်းတစ်ရာပဲ ရတယ်ဆို။ ဒါက သိပ်မများဘူးမလား"

"တစ်နှစ်အတွင်း မာဘယ်ရဲ့ကုန်ပစ္စည်းရောင်းချမှုကတင် ကုမ္ပဏီအတွက် အမေရိကန်ဒေါ်လာနှစ်ဘီလီယံဝင်နေတာပါ"

"ရှင် ဘာပြောချင်တာလဲ"

"တစ်နှစ်ကို မူပိုင်ခသန်းတစ်ရာတည်းပေးတာဆိုတော့ သူတို့က ခင်ဗျားကို သူတောင်းစားသာသာ သဘောထားနေတာမဟုတ်ဘူးလား"

ဝမ်လင်က လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။

"မိန်းကလေးဂျက်ဆီကသာ ကျွန်တော်တို့ကို မူပိုင်ခွင့်လွှဲပေးမယ်ဆိုရင် ကျွန်တော်တို့က အဲဒီပမာဏရဲ့ငါးဆကို ကမ်းလှမ်းနိုင်ပါတယ်"

"အမေရိကန်ဒေါ်လာသန်းငါးရာလား"

ဂျက်ဆီခမျာ အသက်ရှူမြန်ဆန်သွားရသည်။ သူတို့က စစချင်းမှာကတည်းက ပွဲကြမ်းပြလိုက်ပြီး သူ(မ)ကို ငွေသားနှင့် အနိုင်ယူဖို့ ကြိုးစားနေကြသည်။

သူ(မ) ယခင်ကလည်း ဈေးပြိုင်ပေးခြင်းမျိုးကို မြင်ဖူးပြီးသားပင်။ သို့သော် ပမာဏကို နှစ်ဆမြှင့်ပြီး ဈေးပြိုင်ပေးခြင်းကပင် အံ့အားသင့်စရာကောင်းနေလေပြီ။ အဖွင့်ဈေးကို ငါးဆပိုပေးတာမျိုး ဘယ်သူကများ မြင်ဖူးမည်နည်း။ ဈေးနှုန်းက တဖြည်းဖြည်းတက်လာသင့်သည်မဟုတ်ပါလော။ လေလံပွဲတစ်ခုသာဆိုပါက ယခုလောက်ဆိုရင် လူတချို့က ဆဲနေလောက်ပြီဖြစ်၏။

ထို့ပြင် အခွန်ဆောင်ပြီးနောက် အသားတင်နှစ်စဉ်ဝင်ငွေ သန်းတစ်ရာဖြင့် ဘာမှမလုပ်ဘဲ အေးအေးလူလူနေထိုင်နိုင်ပေသည်။ ဤသည်ကို သူတောင်းစားသာသာ သဘောထားသည်ဟု ပြောရအောင် ယခုလိုချမ်းသာပြီး ပူပင်ကြောင့်ကြကင်းသော သူတောင်းစားမျိုးကို မြင်ဖူးလေသလား။

"ဒီကမ်းလှမ်းချက်ကို ကျွန်မ သဘောကျတယ်ဆိုတာတော့ ဝန်ခံပါတယ်"

ဂျက်ဆီက ပြောလိုက်သည်။

"ဒါပေမဲ့ မူပိုင်ခွင့်တွေကို စိတ်တိုင်းကျပြန်ရုပ်သိမ်းလို့မရဘူးဆိုတာတော့ ရှင်တို့ သဘောပေါက်မှာပါ။ ကျွန်မတို့စာချုပ်ထဲမှာ စာချုပ်ဖောက်ဖျက်မှုအတွက် ဒဏ်ကြေးအများကြီးပေးဆောင်ရမယ်လို့ ထည့်သွင်းထားတယ်"

"ကျွန်တော်သိပါတယ်"

ဝမ်လင်က ပြောလိုက်၏။

"စာချုပ်ထဲမှာပါတဲ့ လျော်ကြေးငွေက အမေရိကန်ဒေါ်လာတစ်ဆယ်ဘီလီယံနော်။ ဟုတ်တယ်မလား လောင်ကျန်း"

"ဟုတ်တယ်"

ကျန်းမုန့်လောင်က သူ့ဖုန်းကို ချထားလိုက်သည်။

"မိန်းကလေးဂျက်ဆီ.. ခင်ဗျားရဲ့နိုင်ငံခြားငွေအကောင့်ထဲက လက်ကျန်ငွေကို စစ်ဆေးကြည့်သင့်တယ်နော်"

ဂျက်ဆီမှာ ရုတ်ခြည်းပင် တစ်စုံတစ်ခုကို သဘောပေါက်သွားပြီးနောက် လက်ကျန်ငွေစစ်ဆေးရန်အတွက် သူ(မ)၏အကောင့်ထဲသို့ အလျင်အမြန်ဝင်ရောက်လိုက်သည်။ ထို့နောက် သုညအတန်းလိုက်ကြီးကြောင့် သူ(မ) အံ့အားသင့်သွားရသည်။

"ဒီလောက်ဆိုရင် မိန်းကလေးဂျက်ဆီလည်း စိတ်အေးလောက်ပြီထင်ပါတယ်"

"လူကြီးမင်းရဲ့ကမ်းလှမ်းချက်က တကယ့်ကို…"

ဂျက်ဆီခမျာ သင့်တော်သော နာမဝိသေသနကို ရှာဖွေကြည့်လိုက်သည်။

"ကျွန်မမှာ ငြင်းဆန်ရမဲ့အကြောင်းပြချက် မရှိတော့ဘူးထင်ပါရဲ့။ ဒါပေမဲ့ ကျွန်မ သိချင်တာလေးရှိသေးတယ်။ ရှင်တို့နှစ်ယောက်က ကျွန်မဆီက ဒီမူပိုင်ခွင့်တွေကိုဝယ်ဖို့ ဘာလို့ ဒီလောက်အထိလုပ်ရတာလဲ။ ရှင်တို့ ရုပ်ရှင်ရိုက်ချင်လို့ဆိုရင်တောင် ဒီပမာဏကို ပြန်ရဖို့ဆိုရင် နှစ်တွေအများကြီးကြာသွားမှာမဟုတ်လား"

"ကျွန်တော်တို့က ရုပ်ရှင်လောကကို နည်းနည်းလောက်စုစည်းချင်လို့ပါ"

ဝမ်လင်က ပေါက်ကရလျှောက်ပြောလေတော့သည်။ သူတို့က မာဘယ်၏ရုပ်ရှင်အသစ်ထုတ်လုပ်မှုကို ရပ်တန့်ထားရန် ရည်ရွယ်ထားကြောင်းကိုမူ ဂျက်ဆီကို ပြောပြ၍မဖြစ်နိုင်ချေ။ ဂျက်ဆီက အလွန်ငွေမက်သောကြောင့် သူ့အဖေ၏ ဂုဏ်ယူဖွယ်ကောင်းသော လက်ရာများအား ထိုသို့ဆက်ဆံနေသည်ကို အသာကြည့်နေနိုင်လျှင်လည်း တစ်မျိုးပင်။

"အဲဒီအကြောင်းပြချက်ကြောင့်ပဲလား"

"ဟုတ်ပါတယ်။ ဒီတော့ မိန်းကလေးဂျက်ဆီကို တခြားစာရေးသူတွေနဲ့ ဆက်သွယ်ပေးဖို့ အကူအညီတောင်းချင်ပါတယ်"

ဝမ်လင်က စာရင်းတစ်ခုကို ထုတ်ပြလိုက်သည်။ ထိုစာရင်းထဲတွင် မကြာသေးခင်ကမှ ထုတ်လုပ်ရန် စီစဉ်ထားသော လက်ရာများနှင့်ပတ်သက်ပြီး မူပိုင်ခွင့်များကို ကိုင်ဆောင်ထားသူများ၏ အမည်များဖြင့် ပြည့်နှက်နေသည်။

သူတို့၏ရည်ရွယ်ချက်အစစ်အမှန်ကို ဖုံးကွယ်ရန်အတွက် စာရင်းထဲတွင် အခြားနာမည်တချို့ကိုလည်း ထည့်သွင်းထားသေးသည်။

ထိုစာရင်းကိုမြင်သောအခါ ဂျက်ဆီ၏သံသယများမှာ ပျောက်ကွယ်သွားလေသည်။

ပုံမှန်အတိုင်း တွေးခေါ်နိုင်သူတစ်ယောက်က ယခုလိုနည်းလမ်းမျိုးဖြင့် နိုင်ငံတကာရုပ်ရှင်နှင့် မီဒီယာထုတ်ဝေမှုများကို ထိန်းချုပ်ဖို့ ကြိုးစားနေလိမ့်မည်ဟု ထင်ကြလိမ့်မည်မဟုတ်ချေ။

ယခုမူ ကျန်းမုန့်လောင်နှင့် ဝမ်လင်တို့က ရုပ်ရှင်လောကတစ်ခုလုံးကို ပေါင်းစည်းရန် ကြံစည်နေကြောင်း ဂျက်ဆီ ယုံကြည်သွားလေပြီ။

သို့သော် ဤသည်မှာ သူနှင့် ဘာဆိုင်လေသလဲ။ သူ(မ)အဖေ၏လက်ရာများသာ ဈေးကွက်ထဲတွင် အောင်မြင်နေသရွေ့ အခြားလူများ၏ ကံကြမ္မာကို ဘာကြောင့်ဂရုစိုက်နေရမည်နည်း။ သူ(မ)အတွက် အရေးအကြီးဆုံးမှာ ငွေရှာရန်ပင်။

မူပိုင်ခွင့်ကို မည်သူကိုင်ဆောင်ထားကြောင်းမှာမူ အရေးမပါပေ။ သူ(မ)၏နှစ်စဉ်ဝင်ငွေကလည်း ငါးဆအထိ တိုးလာနိုင်သည်။ ငွေဝင်နေသူမှာ ဟွာရှားနိုင်ငံပင်ဖြစ်စေ အမေရိကန်နိုင်ငံပင်ဖြစ်စေ သူ(မ)အတွက် ဘာမှမကွာချေ။ ငွေကသာ အစစ်အမှန်ဖြစ်၏။

"ဒီလူတွေထဲက အများစုကို ကျွန်မသိတယ်။ ရှင်တို့အတွက် ကျွန်မ သူတို့ကို ဆက်သွယ်ပေးနိုင်တယ်။ ဒါပေမဲ့ ကျွန်မအတွက် ဘာရမှာလဲ"

ဂျက်ဆီက ဆက်မေးလိုက်၏။

"မိန်းကလေးဂျက်ဆီကသာ ဒီစာချုပ်တွေကို လက်မှတ်ထိုးနိုင်ဖို့ ကူညီပေးမယ်ဆိုရင် စာချုပ်တစ်ခုအတွက် အမေရိကန်ဒေါ်လာသန်းတစ်ရာ ဆုချနိုင်ပါတယ်"

ဂျက်ဆီ၏နှုတ်ခမ်းအစုံမှာ ဆတ်ခနဲတွန့်သွားရသည်။ ဒုတိယမျိုးဆက်လူချမ်းသာများဖြစ်ကြသော ဤဟွာရှားလူမျိုးနှစ်ယောက်က ငွေသုံးနည်းကို သိကြပေသည်။

"ဒီလိုဆိုရင်တော့ ကျွန်မတို့ရဲ့နှစ်ဦးနှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုက အဆင်ပြေပါစေလို့ ဆုတောင်းပါတယ်။ ရှင်တို့ရဲ့ငွေကြေးအင်အားနဲ့ အရင်းအမြစ်တွေကြောင့် ကျွန်မအဖေရဲ့ဖန်တီးမှုတွေမှာ ပိုကောင်းတဲ့တိုးတက်မှုတွေကို မြင်ရမယ်ဆိုတာ သေချာပါတယ်"

အမှန်တရားကို လူတိုင်းသိထားကြသည့်တိုင် သူ(မ)၏စကားထဲတွင် ဂုဏ်သိက္ခာအပြည့်ပင်။

မာဘယ်၏ခေါင်းကိုင်ဖခင်ကြီး စတန်လီတွင် အဆက်အသွယ် အလွန်ပေါများလှသည်။ ရက်အနည်းငယ်အတွင်းမှာပင် ဂျက်ဆီက သူတို့အတွက် စာချုပ်ရှစ်စောင်ကို လက်မှတ်ရေးထိုးနိုင်ရန် ကူညီပေးခဲ့သည်။ အံ့ဩဖို့ကောင်းသည်မှာ မူလသတင်းစာရှင်းလင်းပွဲမှာ သူ(မ)က မူပိုင်ခွင့်များကို ပြန်သိမ်းမည်ဟုပင် လူသိရှင်ကြားကြေညာခဲ့ပြီး မူပိုင်ခွင့်ပိုင်ရှင်အသစ်၏ ခွင့်ပြုချက်မရပါဘဲ မာဘယ်နှင့်သက်ဆိုင်သောအရာများကို ဘယ်မီဒီယာကိုမှ အသုံးမပြုဖို့ တားမြစ်ထားသည်။

ဒစ်စနေဘက်ကလည်း ထိုညမှာပင် ဒေါသူပုန်ထသွားလေသည်။ သူတိုက ရုပ်ရှင်အသစ်ထုတ်လုပ်ရေးအတွက် ကြေညာနေသည်မဟုတ်ပါလား။ ယခုလိုအရှုပ်တော်ပုံမျိုးက မည်သို့ဖြစ်လာရသလဲ။

ဒစ်စနေမှာ စာချုပ်ကို တင်းတင်းဆုပ်ထားပြီး ဂျက်ဆီထံသို့ တန်းတန်းမတ်မတ်သွားကာ သူ(မ)၏စကားကို ချက်ချင်းပြန်ရုပ်သိမ်းပေးရန် ခြိမ်းခြောက်ပါတော့သည်။

သို့သော် ဂျက်ဆီက လျော်ကြေးငွေဒေါ်လာတစ်ဆယ်ဘီလီယံဖြင့် ဒစ်စနေ၏မျက်နှာကို ပစ်ပေါက်လိုက်သောအခါ သူတို့လည်း ကြောင်အကုန်ကြသည်။

ဤဖြစ်ရပ်ကြောင့် တစ်ကမ္ဘာလုံးကလည်း Avengers 6ကို အချိန်မီထုတ်လုပ်နိုင်ပါ့မလားဟု စိတ်ပူနေကြသည်။ ကြေညာထားသည့် ထုတ်လွှင့်ရက်တွင် ဟွာရှားနိုင်ငံ၏ ပါရာမောင့်ထုတ်လုပ်ရေးက Avengers 6ကို စီစဉ်ထားသည့်အတိုင်း ထုတ်လွှင့်ပြသမည်ဟု ကြေညာခဲ့သည်။ သို့‌သော် ဟွာရှားနိုင်ငံအတွင်းမှာသာ ပြသမည်ဖြစ်၏။ အခြားနိုင်ငံများကသာ ထုတ်ဝေပြသချင်ပါက ပါရာမောင့်ထုတ်လုပ်ရေးနှင့် မူပိုင်ခွင့်ကိစ္စအကြောင်း ဆွေးနွေးလိုသည်ဟု ဆိုထားလေသည်။

ဝမ်လင်က သူ့မိုက်ခရိုဘလော့ခ်တွင် စာတစ်စောင်တင်ခဲ့သည်။ ထိုစဉ်တုန်းက သူ့ရုပ်ရှင်ကို ငြင်းပယ်ခဲ့ကြသည့် ကုမ္ပဏီများကို လှောင်ပြောင်ထားသည့် အီမိုဂျီတစ်ခုကိုပါ ထည့်သွင်းထားသေးသည်။

"သေစမ်း! မိုက်တယ်ဟေ့။ မာဘယ်ရဲ့မူပိုင်ခွင့်တွေကို ဘယ်သူကများ အပိုင်သိမ်းသွားတာလဲလို့ တွေးနေတာ။ တကယ်တော့ ငါတို့ရဲ့သူဌေးဝမ်ဖြစ်နေတာကိုး"

"မင်းတို့တွေ ဒီအချိန်ဇယားကို မြင်ကြလား။ 'သုံးကိုယ်ပွား'နဲ့ 'Avengers 6'နှစ်ကားစလုံးက တစ်ပြိုင်တည်းပြမှာ။ ပြီးတော့ 'သုံးကိုယ်ပွား'ရုပ်ရှင်က ပြသချိန်အများကြီးရထားတယ်"

"သေစမ်း! Avengers 6ရုပ်ရှင်က ဘာလို့ ပြသချိန်နည်းနည်းလေးပဲ ရထားတာလဲ။ ငါ အကြိုလက်မှတ်တောင် ဝယ်လို့မရဘူး။ ဝမ်လင် မင်းက ခွေးလား။ အဲဒီခပ်တုံးတုံး'သုံးကိုယ်ပွား'ရုပ်ရှင်ကို ဘယ်သူက ကြည့်ချင်မှာလဲ"

"ထကိုက်မဲ့ခွေးတွေ ပေါ်လာလိမ့်မယ်ဆိုတာ ငါသိသားပဲ။ ငါတို့ဟွာရှားရုပ်ရှင်တွေက သူများထက် ဆိုးဝါးနေလို့လား။ ငါကတော့ 'သုံးကိုယ်ပွားရုပ်ရှင်'ကို ကြည့်ချင်တယ်"

"ငါလည်း သုံးကိုယ်ပွားကို ထောက်ခံတယ်။ ဒီတစ်ခေါက်တော့ ငါ ဥက္ကဋ္ဌဝမ်ကို အခိုင်အမာထောက်ခံတယ်"

"တော်တယ်"

...

ဤသတင်းက ဟွာရှားနိုင်ငံတွင် ပေါက်ကွဲသွားသည့်အခါ နိုင်ငံခြားတွင်လည်း အုတ်အော်သောင်းတင်းဖြစ်သွားသည်။

ဤသည်မှာ လူပေါင်းများစွာ တစ်နှစ်ကျော်လောက် စောင့်ဆိုင်းခဲ့ရသော လက်ရာတစ်ခုဖြစ်သော်ငြား ယခုမူ ထုတ်လုပ်ပြသခြင်းမရှိဘူးတဲ့လား။

ထိုနေ့မှာပင် ဒစ်စနေခမျာ ကြောက်မက်ဖွယ်ကောင်းသော ကန့်ကွက်မှုများဖြင့် ရင်ဆိုင်ခဲ့ရသည်။ သို့သော် သူတို့လည်း ဘာမှမတတ်နိုင်ပေ။ မူရင်းမူပိုင်ခွင့်က သူတို့ဆီမှာ မရှိချေ။ လျော်ကြေးငွေလည်း ပေးထားပြီးဖြစ်လေရာ သူတို့က ဘာများလုပ်နိုင်မည်နည်း။

"ဟွာရှားနိုင်ငံမှာ မူပိုင်ခွင့် မြန်မြန်သွားဝယ်လိုက်လေ"

"တစ်ပတ်အတွင်း ရုပ်ရှင်မကြည့်ရဘူးဆိုရင် မင်းတို့အားလုံး ဒေဝါလီခံရဖို့သာ ပြင်ထားကြ"

"ဒါက ဘယ်လိုအမှိုက်ကုမ္ပဏီမျိုးလဲ။ ဒီလောက်အရေးကြီးတဲ့ မူပိုင်ခွင့်တွေကိုတောင် လက်လွှတ်ခံရတယ်လို့"

...

ရုပ်ရှင်လောကထဲ၌ ပရမ်းပတာဖြစ်နေတာကိုကြည့်ရင်း ကျန်းမုန့်လောင်နှင့် ဝမ်လင်တို့ကတော့ ပြုံးလိုက်မိကြသည်။ ဤသည်မှာ သူတို့လိုချင်သည့် ရလဒ်ပင်တည်း။

******************

All Chapters