← Chapters

ဒါက ကျွန်တော်စဉ်းစားရမှာမဟုတ်ဘူး

Vol. 37 Ch. 543

ဒါက ကျွန်တော်စဉ်းစားရမှာမဟုတ်ဘူး

Vol. 37 Ch. 543

တစ်ညတည်းနှင့် ကမ္ဘာ့ရုပ်ရှင်လောကတစ်ခုလုံး ပြိုလဲလုနီးပါးဖြစ်သွားလေသည်။

Avengersရုပ်ရှင်စီးရီးတွင် ပရိသတ်ပေါင်းများစွာရှိပြီး တစ်ကားထွက်တိုင်း ရုံတင်ငွေ အနည်းဆုံးအမေရိကန်ဒေါ်လာတစ်ဘီလီယံလောက် ဝင်သည်။ ကမ္ဘာ့ရုပ်ရှင်လောကကြီးတစ်ခုလုံးက ဤဝင်ငွေကို အားကိုးနေရခြင်းဖြစ်လေရာ ယခုတော့ ထိုအရာကား ပူဖောင်းများနှယ် ပျောက်ကွယ်သွားရလေပြီ။

သို့သော် လှိုင်းလုံးတစ်လုံးငြိမ်သက်သွားချိန်မှာ နောက်ထပ်လှိုင်းလုံးတစ်ခုက ထပ်တက်လာပြန်လေသည်။ Fast & Furiousနှင့် ဂေါ်ဇီလာနှင့်အယ်လ်ထရာမန်းကဲ့သို့သော လူကြိုက်များလှသည့် ရုပ်ရှင်များ၏ စာရေးဆရာများကလည်း သူတို့၏မူပိုင်ခွင့်ကို ပြန်လည်ရုပ်သိမ်းမည်ဟု ကြေညာခဲ့ကြသည်။

မီဒီယာကုမ္ပဏီများမှာ တစ်ခုပြီးတစ်ခု ဝေဖန်ရှုတ်ချခံခဲ့ရသော်ငြား သူတို့လည်း ဘာမှမတတ်သာပေ။ သူတို့အနေနှင့် လျော်ကြေးငွေအတော်များများကို ရရှိခဲ့သော်လည်း ၎င်းမှာ သူတို့၏ဘရန်းကို အလွန်အကျွံအသုံးချလိုက်သည်နှင့် တူလှချေသည်။

ဥပမာအားဖြင့် ဒစ်စနေကိုပင် ကြည့်ပါ။ မနှစ်တုန်းက သူတို့၏နှစ်စဉ်ဝင်ငွေက အကြမ်းဖျင်းအားဖြင့် အမေရိကန်ဒေါ်လာခြောက်ဆယ်ဘီလီယံကျော်ရှိပြီး ဤလျော်ကြေငွေတစ်ဆယ်ဘီလီယံက အသားတင်အမြတ်ငွေစစ်စစ်ပင်။

သို့သော် ဤကိစ္စ ပေါ်ပေါက်လာသည်နှင့်တစ်ပြိုင်နက် ကမ္ဘာတစ်ဝှမ်းရှိ Avengersကုန်ပစ္စည်းအားလုံးကို စင်ပေါ်မှ ဖယ်ရှားခဲ့ရပြီး နောက်တစ်နေ့မှာပင် ဒစ်စနေပန်းခြံသို့ လာရောက်သောလူဦးရေမှာ တစ်ဝက်နီးပါး ကျဆင်းသွားလေသည်။ မူပိုင်ခွင့်ဆုံးရှုံးလိုက်ရခြင်း၏ သက်ရောက်မှုကား စင်စစ်ကြီးမားလှ၏။

ဤအများပြည်သူဆက်ဆံရေးဆိုင်ရာ ပြဿနာကိုသာ မဖြေရှင်းနိုင်ပါက ယနေ့ကစပြီး သူတို့လည်း အခြေအနေဆုတ်ယုတ်သွားနိုင်သည်။

လူချမ်းသာများကတော့ ရုပ်ရှင်ကြည့်ရန်အတွက် ဟွာရှားနိုင်ငံသို့ လေယာဉ်စီးလာကြပြီဖြစ်သော်ငြား သာမန်လူထုအဖို့ သူတို့၏ခံစားချက်များအတွက် ထွက်ပေါက်ရှာရန် အရေးတကြီးလိုအပ်နေပေသည်။

နိုင်ငံခြားတွင် လူ့အခွင့်အရေးနှင့် လွတ်လပ်ခွင့်ဟုခေါ်သော အရာများကြောင့် စိတ်အားထက်သန်နေကြသော ထိုပရိသတ်များမှာ ရူးသွပ်သွားကြပြီး ရုပ်ရှင်ရုံတော်တော်များများလည်း တိုက်ခိုက်ခံခဲ့ရသည့်အတွက် ဆုံးရှုံးမှုများမှာ ဒေါ်လာသန်းပေါင်းများစွာအထိ ရှိလာခဲ့သည်။

တချို့ဆိုလျှင် သူတို့ဘက်ကသာ မူပိုင်ခွင့်ကို ပြန်မယူနိုင်ပါက တစ်ရက်ကို ရုပ်ရှင်ရုံတစ်ခုနှုန်းဖြင့် ဖျက်ဆီးပစ်မည်ဟုပင် ကြေညာထားသည်။

ဤကဲ့သို့သော မြင်ကွင်းမျိုးမှာ နိုင်ငံတစ်နိုင်ငံတည်းမှာပင် ဖြစ်ပျက်နေခြင်းမဟုတ်ဘဲ ဟွာရှားကလွဲပြီး တစ်ကမ္ဘာလုံးတွင် ဖြစ်ပွားနေခြင်းပင်။

ထိုအချိန်မှာ ဤအဖြစ်အပျက်ကို လှုံ့ဆော်သွေးထိုးခဲ့သူကတော့ ခေတ်မီလှသော အထပ်မြင့်ကော်ဖီဆိုင်တစ်ဆိုင်တွင် ထိုင်၍ နေ့လယ်ပိုင်းလက်ဖက်ရည်ကို သာသာယာယာသောက်နေချေသည်။

"ပိုက်ဆံအများကြီးကုန်မယ်လို့ ထင်ထားတာ။ ဒါပေမဲ့ လျော်ကြေးငွေဒေါ်လာနှစ်ရာဘီလီယံလောက်ပဲ ကုန်သွားတယ်"

ကျန်းမုန့်လောင်က လက်ဖက်ရည်တစ်ငုံသောက်ရင်း ပြုံးပြုံးလေးပြောလိုက်သည်။

"မစ္စတာကျန်းက ဒီပိုက်ဆံကို သိပ်မများဘူးလို့ထင်ရင်လည်း ကျွန်တော့်ကိုပေးလိုက်ပါတော့လား"

ဝမ်လင်က မချိတင်ကဲပြောလာလေသည်။ ပိုက်ဆံကို ကျန်းမုန့်လောင်က ထောက်ပံ့ပေးထားသည်ဆိုသော်ငြား ဝမ်လင်ကတစ်ဆင့် သုံးလိုက်ခြင်းဖြစ်၏။

ဝမ်လင့်အမြင်မှာတော့ ဤပိုက်ဆံကို သုံးလိုက်ခြင်းမှာ ငွေကိုမီးရှို့ပစ်လိုက်ခြင်းနှင့် မခြားပေ။ တစ်ခုတည်းသော ကွာခြားချက်မှာ သာမန်လူတွေသာ ပိုက်ဆံကို မီးရှို့လျှင် ဥပဒေချိုးဖောက်ရာကျသော်ငြား ကျန်းမုန့်လောင်ကတော့ ထိုသို့မဖြစ်ပေ။

"မင်းကိုကြည့်စမ်းပါဦး။ အဲဒီဒေါ်လာနှစ်ရာဘီလီယံနဲ့ နည်းနည်းပါးပါးလောက် ပျော်လိုက်ရရင် ပိုမကောင်းဘူးလား"

"ကိစ္စမရှိဘူး"

ကျန်းမုန့်လောင်က လက်ယမ်းပြလိုက်သည်။

"ငါ မနက်ဖြန်ကျရင် ဟုန်းရီကို ရေနံဆီဈေးတွေ ညှိခိုင်းလိုက်မယ်။ ဒီလိုဆိုရင် ရက်ပိုင်းအတွင်း အဲဒီပိုက်ဆံတွေအကုန်လုံးကို ပြန်ရလိမ့်မယ်ဆိုတာ သေချာတယ်"

"မင်းကတော့ အရမ်းရက်စက်တာပဲ"

ဝမ်လင့်ခမျာ လက်မထောင်ပြလိုက်မိတော့သည်။ မည်သို့ပင်ဖြစ်စေ အရှေ့အလယ်ပိုင်းရှိ ရေနံတွင်းအားလုံးကို သူ့မိသားစုက ပိုင်သည်မဟုတ်လား။

"ယဉ်ကျေးမှုလွှမ်းမိုးမှုက ဒီလောက်အထိ ကြောက်ဖို့ကောင်းမယ်လို့ မထင်ခဲ့ဘူး"

ကျန်းမုန့်လောင်မှာ အံ့ဩမှုကြောင့် စုတ်မသပ်ဘဲ မနေနိုင်ချေ။

"ဟွာရှားနိုင်ငံထဲက တစ်ဖက်ပိတ်ပရိသတ်တွေနဲ့ ဦးနှောက်မရှိတဲ့ပရိသတ်တွေတောင် ဒီလောက်အထိ အစွန်းမရောက်ဘူး"

"သူတို့သာ ဒီလောက်အထိအစွန်းမရောက်ဘူးဆိုရင် ငါတို့အစီအစဉ်ကို ဆက်လုပ်လို့ရမှာမဟုတ်ဘူးလေ"

ဝမ်လင်က ရယ်မောလိုက်သည်။

"အခု ဒီရုပ်ရှင်တွေကို ဟွာရှားနိုင်ငံတစ်နိုင်ငံတည်းမှာပဲ ကြည့်လို့ရတာလေ။ အဲဒီရုပ်ရှင်ရုံတွေမှာ မူရင်းဖလင်တွေရှိပေမဲ့ ပြရဲကြမှာမဟုတ်ဘူး။ သူတို့ ဘယ်လောက်ဒေါသထွက်နေလောက်မလဲ"

"မင်းအငြင်းခံခဲ့ရတုန်းက ဝမ်းနည်းဖို့ကောင်းတဲ့ အမှတ်တရကို ပြန်တွေးကြည့်လိုက်လေ"

ကျန်းမုန့်လောင်က စနောက်လိုက်သည်။

"အမှန်ပဲ"

ဝမ်လင်က ဆို၏။

"သုံးကိုယ်ပွားရုပ်ရှင်ရဲ့ ပြသခွင့်အတွက် ငါ ညှိနှိုင်းတုန်းက အလကားနီးပါး ပေးမလို့တောင် လုပ်ခဲ့သေးတာကို သူက ငါတို့ရုပ်ရှင်ကို အမှိုက်လို့သမုတ်ပြီး လက်မခံခဲ့ဘူးလေ။ အဲဒါက ဘယ်လောက်စိတ်တိုဖို့ကောင်းလဲဆိုတာ မင်းသိလား"

"တကယ့်ကိုဝမ်းနည်းဖို့ကောင်းတာပဲ"

ကျန်းမုန့်လောင်က ပြောလိုက်၏။

"အခုဆိုရင် ကောင်းတာကို ကောင်းမှန်းသိတဲ့လူတွေက နည်းသထက်နည်းလာပြီ။ လျိုစစ်ရှင်းက အဲဒီတုန်းက သုံးကိုယ်ပွားရုပ်ရှင်ကို ဘယ်လောက်နဲ့ရောင်းခဲ့လဲသိလား။ တစ်သိန်းတည်းနော်။ အခု သန်းဂဏန်း ဒါမှမဟုတ် ဘီလီယံဂဏန်းလောက်မှမဟုတ်ရင် ဘယ်သူက စဉ်းစားရဲမှာတဲ့လဲ"

"ဟားဟားဟား.. ဒါပေမဲ့ အခု ငါတို့က သူတို့ကို တောင်းပန်ခယနေရတာမဟုတ်ဘူးနော်"

ဝမ်လင်က လှောင်ပြုံးပြုံးလျက် ပြောလိုက်လေသည်။

"အဲဒီရုပ်ရှင်တွေအတွက် ပြသခွင့်လိုချင်တာလား။ ငါ့ကို အရင်လာတောင်းပန်လေ။ ငါကျေနပ်မှ ဈေးနှုန်းကို စဉ်းစားပေးမှာ"

"တွေ့လား။ အခုတောင် ဖုန်းဝင်လာပြီ"

ကျန်းမုန့်လောင်က ဝမ်လင်၏ဖုန်းကိုလက်ညှိုးထိုးပြရင်း ရယ်ကာမောကာဖြင့် ပြောလိုက်လေသည်။

"စပီကာဖွင့်လိုက်။ ငါလည်း ပျော်ချင်သေးတယ်"

"ဗီးနပ်မီဒီယာရဲ့ ဟွာရှားနိုင်ငံထဲက တာဝန်ခံပါ"

ဝမ်လင်က ပြုံးစစဖြင့်ပြော၍ ဖုန်းကိုင်လိုက်ပြီးနောက် စပီကာဖွင့်လိုက်သည်။

"ဟယ်လို ဝမ်လင်ပြောနေပါတယ်"

"မစ္စတာဝမ်.. မင်္ဂလာနေ့လယ်ခင်းပါ။ အခုပြောနေတာ အာရီရက်ပါ။ ကျွန်တော်တို့ လွန်ခဲ့တဲ့ရက်ပိုင်းလောက်တုန်းက စကားပြောခဲ့သေးတယ်လေ။ ခင်ဗျားမှတ်မိလား"

ဖုန်းတစ်ဖက်မှ မဝံ့မရဲလေသံတစ်ခု ထွက်ပေါ်လာသည်။

"အိုး..ခင်ဗျားက ကျွန်တော်တို့ဟွာရှားနိုင်ငံရဲ့ ရုပ်ရှင်တွေကို အမှိုက်တွေလို့ပြောပြီး ကျွန်တော်တို့ရဲ့နမူနာရုပ်ရှင်ခွေကိုတောင် ကြမ်းပြင်ပေါ် လွှင့်ပစ်ခဲ့တဲ့လူလား"

ဝမ်လင်က လှောင်ပြောင်ထေ့ငေါ့ဟန်ဖြင့် ပြောလိုက်လေသည်။

ယခုတော့ သူ ဘာကိုမှမကြောက်တော့ပေ။

ဗီးနပ်မီဒီယာက အမေရိကန်တွင် အကြီးဆုံးမီဒီယာကုမ္ပဏီတစ်ခုဖြစ်ပြီး အမေရိကတိုက်တစ်ခုလုံးတွင် ရုပ်ရှင်ရုံ၇၀ရာခိုင်နှုန်းကျော်ကို စုစည်းထားသည်။ သူတို့လက်ထဲသို့ ရုပ်ရှင်တစ်ကားရောက်သွားခြင်းမှာ အမေရိကတစ်တိုက်လုံးရှိ အိမ်ထောင်စုပေါင်းများစွာထံသို့ ရောက်သွားခြင်းနှင့် အတူတူပင်။

သူတို့၏ရုပ်ရှင်ရုံများနှင့် ပူးပေါင်းချင်သော လုပ်ငန်းရှင်များကလည်း မနည်းမနောပင်။ ရုပ်ရှင်ပြသမှုနည်းပါးနေသည့်အချိန်မျိုးတွင် သုံးကိုယ်ပွားရုပ်ရှင်ကို ပြသရန်အတွက် စဉ်းစားပေးနိုင်သော်ငြား ယခုအချိန်က ရုပ်ရှင်ထွက်ရှိမှု၏အထွတ်အထိပ်ရာသီတစ်ခုဖြစ်ပြီး ဝက်ဝက်ကွဲအောင်မြင်သည့် ရုပ်ရှင်များကလည်း တစ်ကားပြီးတစ်ကားထွက်ပေါ်နေသည်ဖြစ်ရာ ရုပ်ရှင်လောကတစ်ခုလုံးမှာ နတ်ဘုရားများ စစ်တိုက်နေသည့်အလားပင်။

ဗီးနပ်မီဒီယာ၏ ရုပ်ရှင်ရုံများအတွက် အောင်မြင်လှသော ထိုရုပ်ရှင်များကို ပြသဖို့အတွက်ပင် ခက်ခဲနေချိန်မျိုးမှာ ပြင်းထန်လှသော ယဉ်ကျေးမှုလွှမ်းမိုးနိုင်စွမ်းရှိပြီး နိုင်ငံတော်တော်များများက တားမြစ်ထားသော ထိုရုပ်ရှင်ကို သူတို့က မည်သို့ထုတ်လွှင့်ပြသနိုင်မည်နည်း။

ထို့ကြောင့် ဝမ်လင်က သူတို့နှင့်စကားသွားပြောစဉ်က သူလည်း နှစ်ခါပြန်မစဉ်းစားဘဲ ငြင်းလိုက်ခြင်းပင်။ ထို့ပြင် သူ့နမူနာရုပ်ရှင်ဓာတ်ပြားကိုပင် ကြမ်းပြင်ပေါ်သို့ လွှင့်ပစ်ခဲ့သေးသည်။

သို့သော် ရက်အနည်းငယ်အတွင်းမှာပင် အဓိကရုပ်ရှင်သုံးခု၏ မူပိုင်ခွင့်များကို ဆုံးရှုံးလိုက်ရသဖြင့် ဆုံးရှုံးနစ်နာမှုများစွာ ဖြစ်ပေါ်လာခဲ့ပြီး ရုပ်ရှင်ရုံ၁၃ခုကပါ ဖျကဆီးခံခဲ့ရသည်ဖြစ်ရာ စတော့ဈေးနှုန်းများလည်း ထိုးကျသွားခဲ့သည်။

ရုပ်ရှင်မူပိုင်ခွင့်များမှာ ဟွာရှားနိုင်ငံရှိ ပါရာမောင့်ထုတ်လုပ်ရေး၏ လက်ထဲသို့ ရောက်သွားပြီဖြစ်ကြောင်း အာရီရက်သိလိုက်ရချိန်မှာ လုံးဝပြိုလဲသွားရသည်။ သူက သူတို့ကို အပြစ်ပြုမိခဲ့ပြီဖြစ်ရာ ယခုတော့ သူတို့ကို တောင်းပန်ခယရပေတော့မည်။ ဤသည်မှာ လူမှုရေးဆိုင်ရာအိပ်မက်ဆိုးတစ်ခုပင် မဟုတ်ပါလား။

သို့သော် သူ့တွင် ရွေးချယ်စရာမရှိပေ။ အထက်က ဖိအားများ တိုးလာသည်နှင့်အမျှ မူပိုင်ခွင့်များကိုသာ အရမယူနိုင်ပါက သူ့လုပ်ငန်းက အန္တရာယ်များလာမည့်အပြင် သူတို့၏ကုမ္ပဏီလည်း ကြီးမားလှသော အခက်အခဲကြီးတစ်ခုနှင့် ရင်ဆိုင်ရပေလိမ့်မည်။ သူ့ခမျာ နှစ်နာရီတိတိ စိတ်ပိုင်းဆိုင်ရာပြင်ဆင်ပြီးမှ သတ္တိမွေး၍ ဝမ်လင့်ကို ဖုန်းခေါ်လိုက်သည်။

"မစ္စတာဝမ်.. အရင်တုန်းက ကျွန်တော်တို့ကြားမှာ နားလည်မှုလွဲတာလေးတွေ ရှိကောင်းရှိခဲ့နိုင်ပါတယ်။ အဲဒီတုန်းက ကျွန်တော့်ရဲ့ရိုင်းပျမှုအတွက် ရှင်းပြပါရစေ"

"ခင်ဗျားက ကျုပ်ကို အရူးလို့ထင်နေတာလား"

အမြဲတမ်းပွင့်ပွင်လင်းလင်းနှင့် ထိပ်တိုက်တွေ့တတ်သော ဝမ်လင်က ထိုစကားကြောင့် စော်ကားခံလိုက်ရသလို ခံစားရ၏။

"မစ္စတာဝမ်.. ခင်ဗျားက ခင်ဗျားအဖေပေးခဲ့တဲ့ သန်းငါးရာတည်းနဲ့ အဆပေါင်းများစွာပိုများတဲ့ ဝင်ငွေကို ရအောင်လုပ်နိုင်ခဲ့တဲ့လူလေ။ ကျွန်တော်က ခင်ဗျားကို ဘယ်လိုလုပ်ပြီးလှည့်စားနိုင်မှာလဲ"

"သေစမ်း။ ချီးကျူးခံရတာ သိပ်ခံစားလို့ကောင်းတာပဲ"

ဝမ်လင်က ကျန်းမုန့်လောင်ကို ခပ်တိုးတိုးကပ်ပြောလိုက်သည်။

"မစ္စတာဝမ်.. ကျွန်တော်တို့ဘက်က မူလဈေးနှုန်းထက် ၁၀ရာခိုင်နှုန်းပိုမြှင့်ပေးမယ်ဆိုရင်ရော"

"ဆယ်ရာခိုင်နှုန်းလား။ အဲဒီလောက်ပိုက်ဆံနည်းနည်းလေးကို ကျုပ်တို့က ဂရုစိုက်လိမ့်မယ်များ ထင်နေတာလား"

ဝမ်လင်က လှောင်ပြုံးပြုံး၍ ပြောလိုက်လေသည်။

"အဲဒီမူပိုင်ခွင့်တွေအကုန်လုံးကို ဝယ်ဖို့အတွက် ကျုပ်တို့ ဘယ်လောက်သုံးခဲ့ရလဲဆိုတာ ခင်ဗျားသိလား။ အမေရိကန်ဒေါ်လာနှစ်ရာဘီလီယံနော်။ ခင်ဗျားရဲ့ဆယ်ရာခိုင်နှုန်းလေးကို ဂရုစိုက်မှာတဲ့လား"

ဤပမာဏကြောင့် အာရီရက်၏မျက်နှာမှာ မစင်စားလိုက်ရသည့်အလား ပျက်ယွင်းသွားချေသည်။

ရူးနေတာလား? ဒီရုပ်ရှင်တွေရဲ့ ရုံတင်ငွေတွေအားလုံးပေါင်းရင်တောင် တစ်ရာဘီလီယံကျော်ပဲရှိမှာလေ…

တစ်ရာဘီလီယံရဖို့အတွက်နဲ့ ဒေါ်လာနှစ်ရာဘီလီယံကို သုံးပစ်လိုက်တာကြီးက လူသားတွေလုပ်နိုင်တဲ့ကိစ္စမျိုးလား?

အာရီရက်က ဤရာထူးအထိ တက်လာနိုင်သူဖြစ်လေရာ ငတုံးတစ်ယောက်မဟုတ်ချေ။ ဝမ်လင်၏ပန်းတိုင်က 'သုံးကိုယ်ပွား'ရုပ်ရှင်ဖြစ်ကြောင်း သူ ကောင်းကောင်းသိသည်။

"မစ္စတာဝမ်.. ခင်ဗျားရဲ့သတ်မှတ်ချက်တွေကိုသာ ပြောလိုက်ပါ။ 'သုံးကိုယ်ပွား'ရုပ်ရှင်ကိုပါ တစ်ခါတည်းပြစေချင်တာလား"

ဗီးနပ်က အံတင်းတင်းကြိတ်၍ ပြောလိုက်လေသည်။

"အမှန်အတိုင်းပြောရရင် ကျွန်တော်တို့ရဲ့ယဉ်ကျေးမှုဌာနက 'သုံးကိုယ်ပွား'ကို အမေရိကန်မှာ ထုတ်လွှင့်ပြသခွင့်မပြုဖို့ တားမြစ်ထားတယ်။ အဲဒါကြောင့် ကျွန်တော်တို့လည်း ဘာမှမတတ်နိုင်ဘူးဗျ"

"အိုး"

သူပြန်ရလိုက်သည်မှာ "ဪ"ဟူသော အေးတိအေးစက်အသံတစ်သံသာ။

"ဪတဲ့လား"

အာရီရက်ခမျာ ထိုအခိုက်အတန့်ဝယ် ဘာပြောရမှန်းမသိတော့ပေ။ ထို"ဪ"သည်မှာ ဘာအဓိပ္ပာယ်လေလဲ။ ရောင်းမည်ဟု ပြောခြင်းလေလား။ မရောင်းဘူးဟု ဆိုလိုခြင်းလေလား။

ဝမ်လင်က လှောင်ပြောလိုက်လေသည်။

"မစ္စတာအာရီရက်.. ခင်ဗျားတို့ရဲ့ယဉ်ကျေးမှုဌာနက ဒီရုပ်ရှင်ကို ဘယ်လိုလက်ခံလာအောင် လုပ်ရမလဲဆိုတာက ကျုပ်တို့စဉ်းစားရမဲ့ ပြဿနာမဟုတ်ဘူးလို့ ထင်တာပဲ။ အမေရိကန်ဒေါ်လာနှစ်ရာဘီလီယံဆိုတာ ကျွန်တော်တို့အတွက် မပြောပလောက်ဘူး။ တကယ်လို့ ရုပ်ရှင်တစ်ခုလုံးကို သုံးစားလို့မရဘူးဆိုရင်တောင် ကျုပ်တို့ကတော့ ဂရုစိုက်မှာမဟုတ်ဘူး"

******************

All Chapters