← Chapters

အခန်း (၅၅၁)

Vol. 37 Ch. 551

အခန်း (၅၅၁)

Vol. 37 Ch. 551

"ဒါက မင်း ငါ့ကိုထိုးခဲ့တဲ့ လက်သီးနှစ်ချက်စာအတွက်ပဲ"

ဝမ်လင်က ထိုလူငယ်၏မျက်နှာကို နှစ်ချက်တိတိ ထိုးချလိုက်သည်။ သူ့ဦးခေါင်းခွံကွဲမသွားအောင် အားသိပ်မထည့်မိဖို့ ထိန်းထားရသေးသည်။

သို့တိုင် ပြင်းထန်လှသော ဦးနှောက်ထိခိုက်မှုကိုတော့ မရှောင်နိုင်ခဲ့ပေ။ ဤသည်မှာ မနေ့တုန်းက ဝမ်လင်ခံခဲ့ရသည့်အဖြစ်ထက် အများကြီးပိုဆိုးဝါးသည်။

"ပြီးတော့ မင်း ငါ့ကို မနေ့တုန်းက ချန်းထန်မြစ်ထဲကို ပစ်ချခဲ့တာမလား"

ဝမ်လင်က သူ့ကို ကြက်ပေါက်လေးတစ်ကောင်အလား ကောက်မပြီး ကျန်းမုန့်လောင်၏ရေကူးကန်ထဲသို့ ပစ်ချလိုက်လေရာ ရေကူးကန်တစ်ခုလုံးမှာ သွေးချင်းချင်းနီသွားလေတော့သည်။

ထိုအခိုက်ဝယ် ဝမ်ချိုင်က အေးအေးလူလူရေကူးနေသည်။ သို့သော် သွေးစွန်းနေသည့် ကျူးကျော်သူတစ်ယောက်က သူ့နယ်မြေထဲတွင် ရုတ်တရက်ပေါ်လာသောကြောင့် ဒေါသထွက်သွားလေသည်။ ထို့နောက် ထိုလူငယ်ကို အကြိမ်ပေါင်းများစွာ ဒေါသတကြီးကိုက်ပါလေတော့သည်။

"ဆင်ပိန်လျှင် ကျွဲလောက်တော့ ကျန်သေးသည်"ဟူသော စကားအတိုင်းပင်။ သာမန်ခွေးတစ်ကောင်သာဆိုလျှင် ထိုလူငယ်၏ရိုက်ချက်တစ်ချက်မျှဖြင့် သေသွားမည်သာ။ သို့သော် ထူးရှယ်နတ်ဘုရားကျောင်းတော်တွင် လေ့ကျင့်သင်ကြားထားသည့် ဝမ်ချိုင်ကဲ့သို့ ခွေးတစ်ကောင်ကတော့ နိဗ္ဗာန်ကျွန်းအရှင်ကိုပင် ကြောက်သွားစေနိုင်သည်။

"တော်ပြီလား။ ကျေနပ်ပြီလား"

ကျန်းမုန့်လောင်က ဝမ်လင်၏ ဧကရာဇ်ချပ်ဝတ်ကို ချက်ချင်းရုပ်သိမ်းလိုက်သည်။

ဝမ်လင်ကတော့ ကျေနပ်ဖို့ အဝေးကြီးလိုသေးသည်။ သူ့ချပ်ဝတ်ပျောက်သွားသည်ကို မြင်သောအခါ ကျန်းမုန့်လောင်ကို မကျေမနပ်ကြည့်လိုက်သည်။

"မင်း ငါ အသွင်ပြောင်းတာကို ဘာလို့ရပ်လိုက်တာလဲ"

"အဲဒီခွန်အားအမှတ်တွေကို စုရတာခက်တယ်ကွ။ ဒီလိုလုပ်နေရင် အကုန်ကုန်သွားလိမ့်မယ်"

ကျန်းမုန့်လောင်က စိတ်တိုတိုနှင့်ပြောလိုက်၏။ အကယ်၍ သူသာ ဝမ်လင်နှင့် ဆက်ဆံရေးမကောင်းဘူးဆိုပါက သူ့ခွန်အားအမှတ်များကို ယခုလို အလဟဿအဖြစ်မခံနိုင်ပေ။

"ထားလိုက်တော့။ ငါ သူ့ကိုထပ်ထိုးနေရင် သူသေသွားလိမ့်မယ်"

ဝမ်လင်ကလည်း ဆိုဖာပေါ်တွင် ပြန်ထိုင်ချလိုက်ပြီးနောက် အိမ်တော်ထိန်းအဒေါ်ပြင်ပေးထားသော ကော်ဖီလတ်လတ်ဆတ်ဆတ်လေးကို သောက်လိုက်သည်။

"ဝမ်ချိုင်.. ငါ့ကိုကူဦး။ သူ့ကို ဆွဲခေါ်လာခဲ့"

"ဝုတ် ဝုတ်"

ဝမ်ချိုင်က ရေကူးကန်ထဲမှ ခုန်ထွက်လာပြီးနောက် သတိလစ်မတတ်ဖြစ်နေသော လူငယ်လေးကို ခြေထောက်က ကိုက်ဆွဲကာ ကျန်းမုန့်လောင်နှင် အခြားလူများရှေ့သို့ ချထားလိုက်သည်။

"လိမ္မာလိုက်တဲ့ကောင်လေး"

ကျန်းမုန့်လောင်က ဝမ်ချိုင်၏ပါးစပ်ထဲသို့ ပြဒါးရှင်လုံးလက်တစ်ဆုပ်စာကို ထိုးထည့်ပေးလိုက်သည်။ ဝမ်ချိုင်ကလည်း ကျေနပ်အားရစွာဖြင့် ပြန်အိပ်နေလေတော့သည်။

"မုန့်လောင်.. ဒီလူက ဘယ်သူလဲ"

လုရီယောင်က စိတ်ထိန်းထားရသည်မှာ ကြာလှလေပြီ။ အဆုံးမှာတော့ မမေးဘဲ မနေနိုင်တော့ချေ။

"ဝမ်လင်ရဲ့အချစ်ပြိုင်ဘက်တစ်ယောက်ပေါ့။ နိဗ္ဗာန်ကျွန်းလို့ခေါ်တဲ့ ရှေးဟောင်းသိုင်းပညာမိသားစုတွေနဲ့ ခပ်ဆင်ဆင်အင်အားစုတစ်ခုပါပဲ။ မနေ့တုန်းက ဝမ်လင့်ကို ချီထန်မြစ်ထဲ ပစ်ချခဲ့တာ သူပေါ့"

ကျန်းမုန့်လောင်က ရှင်းပြလိုက်၏။ မနေ့ညတုန်းက လုရီယောင်ကိုလည်း ဝိညာဉ်ဖောက်ထွင်းရေးဆေးကို သောက်ခိုင်းထားသည်ဖြစ်ရာ ယခု သူ(မ)မှာ ကျန်းမုန့်လောင်၏နောက်ခံအင်အားကြောင်း လုံးဝနားလည်သွားပြီဖြစ်၏။ မနေ့ညတုန်းကဆိုလျှင် သူ(မ) အတော်ကြာသည်အထိ ထိတ်လန့်တုန်လှုပ်ခဲ့ရသည်။

"ဝမ်လင်..ခုနတုန်းက ဘာတွေဖြစ်သွားတာလဲ"

သူတို့လေးယောက်ထဲတွင် ကျန်းချီယွမ်က အအံ့ဩဆုံးလူပင်။

ဝမ်လင်က သာမန်လူချမ်းသာမိသားစုတစ်ခုမှ ဆင်းသက်လာကြောင်း သူ(မ) ကောင်းကောင်းသိထားသည်။ ဤလူငယ်ကမူ နိဗ္ဗာန်ကျွန်း၏ နောက်တက်မည့် အရှင်သခင်ဖြစ်၏။ ထိုကျွန်းပေါ်တွင် လက်ရှိကျွန်းအရှင်ကလွဲလျှင် သူ့အမိန့်ကို မနာခံရဲသူမှာ အလွန်နည်းပါးလှသည်။

သူ့ခွန်အားမှာ ကျွန်းပေါ်ရှိ အရွယ်တူမျိုးဆက်များအကြား အကောင်းဆုံးဟု တစ်ညီတစ်ညွတ်တည်း အသိအမှတ်ပြုထားကြသည်။ သူ့ကို လက်နှင့်ရွယ်ရဲသူဟူ၍လည်း မရှိပေ။ မျိုးဆက်ဟောင်းများကသာ သူ့ထက် သာနိုင်ပေသည်။

ယခုမူ သူသည် ခွေးသေတစ်ကောင်အလား မြေကြီးပေါ်တွင် လဲနေချေသည်။ အဓိပ္ပာယ်မရှိဆုံးအပိုင်းမှာ ဝမ်လင်၏လက်ချက်ဖြစ်နေခြင်းပင်။

"ပြောသားပဲ။ ကိုယ့်ခွန်အားက မင်းထင်ထားတာထက် အများကြီးပိုသာတယ်လို့။ ဒီတော့ နောက်နောင် ကိုယ့်ကို ဘာမှလျှို့ဝှက်မထားနဲ့တော့"

ဝမ်လင်၏စကားများမှာ အနည်းငယ်အပေါစားဆန်နေသော်ငြား လွှမ်းမိုးချုပ်ကိုင်နိုင်သော စီအီးအိုးတစ်ယောက်၏ အရှိန်အဝါလည်း ယှက်သန်းနေဆဲသာ။

ဤစကားတစ်ခွန်းကြောင့် ကျန်းချီယွမ်ခမျာ ဘာမှမပြန်မပြောနိုင်ခဲ့ပေ။ ယခု ဝမ်လင်ပြသခဲ့သော စွမ်းအားက ထိုလူငယ်လေးကို မြေကြီးပေါ်သို့ အသာလေးလှဲသိပ်နိုင်ခဲ့ပေသည်။ သူ့ခွန်အားကို အနိမ့်ဆုံးခန့်မှန်းမည်ဆိုလျှင်ပင် ကောင်းကင်ဘုံဖျားအဆင့်ထက် သာလွန်နေချေသည်။

ရှေးဟောင်းသိုင်းပညာရှင်မိသားစုများထဲတွင် ထိုကဲ့သို့သော စွမ်းအားမျိုးသာရှိလျှင် သိုင်းလောကကြီးတစ်ခုလုံးကိုပင် သုတ်သင်နိုင်သည်။

နိဗ္ဗာန်ကျွန်းမှာပင် သူ့ကို ခုခံနိုင်သူဟူ၍ လက်တစ်ဆုပ်စာပင် ပြည့်မည်မဟုတ်ချေ။

"ဒီကောင့်ကို ဘာလုပ်ကြမလဲ"

ဤလူ့ကို ရိုက်နှက်ပြီးနောက် ဝမ်လင့်ဒေါသများလည်း အတော်ပြေလျော့သွားပြီဖြစ်၏။ သူ့အနေနှင့် လူသတ်ဖို့ စိတ်ကူးမရှိပေ။

"သူ့ကို အရင်ဆုံး လျော်ကြေးပေးခိုင်းကြတာပေါ့"

ကျန်းမုန့်လောင်က အတန်ငယ်ရှုပ်ပွနေသော ခြံဝင်း၊ ပြိုကျနေသော နံရံများနှင့် သွေးစွန်းနေသော ရေကူးကန်တို့ကို ကြည့်လိုက်သည်။

"သောက်ကျိုးနည်း။ မနက်စောစောစီးစီး အရူးကောင်နဲ့ လာတိုးနေတာပဲ"

ကျန်းမုန့်လောင်က လက်ထဲရှိ သောက်လက်စကာပူချီနိုခွက်ကိုယူ၍ ထိုလူငယ်လေး၏မျက်နှာပေါ်သို့ လောင်းချလိုက်သည်။

ထိုလူငယ်လေးမျာ ဆတ်ခနဲတုန်သွားပြီး သတိပြန်ရလာ၏။ သို့သော် ယခုမူ ဒဏ်ရာအပြင်းအထန်ရထားလေသည်။ ဒဏ္ဍာရီလာအဆင့်အတွင်းအားကြောင့်သာ မဟုတ်ပါက ယခုလောက်ဆိုလျှင် အကြိမ်ပေါင်းများစွာ အသက်ထွက်နေလောက်ပြီဖြစ်၏။

ခန္ဓာကိုယ်တစ်ခုလုံးတွင် ပြင်းထန်လှသော နာကျင်မှုတစ်ခုကိုသာ ခံစားနေရသည်။ သူ့ခြေထောက်ဒဏ်ရာကြောင့် ဘာကိုမှမခံစားမိသလောက် ဖြစ်နေချေသည်။

"မင်း… မင်းတို့တွေကို..နိဗ္ဗာန်ကျွန်းက အလွတ်ပေးမှာမဟုတ်ဘူး"

ငယ်စဉ်ကတည်းက ကြီးကျယ်မြင့်မြတ်မှုဖြင့်သာ အသားကျနေခဲ့သဖြင့် ထိုလူငယ်လေးထံမှ ပထမဆုံးထွက်လာသည့် စကားမှာ ခြိမ်းခြောက်စကားဖြစ်နေပေသည်။

"မင်း ရူးနေတာလား"

ဝမ်လင်က သူ့ခေါင်းကို ထပ်ကန်လိုက်သည်။

"မင်းက အခု ငါတို့ခြေထောက်အောက်မှာ ဝပ်တွားနေရတာနော်။ ဒါတောင် မောက်မာပြရဲသေးတယ်"

"ဝမ်ချိုင်.. သူ့ဖင်ကို ကိုက်ပစ်လိုက်စမ်း"

"ဝုတ် ဝုတ် ဝုတ်"

မလှမ်းမကမ်းရှိ ဝမ်ချိုင်ကတော့ ခေါင်းခါပြနေသည်။

ဒီလိုညစ်ပတ်နေတဲ့ဟာကြီးကို ပါးစပ်ထဲ ထည့်မထားချင်ပါဘူး…

"ထားလိုက်တော့။ သူ့ကို သတ်သာသတ်ပစ်လိုက်"

ကျန်းမုန့်လောင်က ဝင်ပေါက်နားသို့ လျှောက်သွားပြီးနောက် ခမ်းနားလှသော ရွှေရောင်ဓားတစ်ချောင်းကို ကောက်ယူလိုက်သည်။

ကျင့်ကြံသူတစ်ယောက်အနေနှင့် ထိုလူငယ်လေးမှာ မမြင်ဖူးသော ဂမ္ဘီရလက်နက်ဟူ၍ မရှိချေ။

အံ့အားသင့်စရာကောင်းသော အချက်မှာ ဘေးအန္တရာယ်များကို ကာကွယ်ရန်အတွက် အိမ်အဝင်ဝတွင် သာမန်ကာလျှံကာ နေရာချထားသော အလှဆင်ပစ္စည်းက တတိယအဆင့်လက်နက်တစ်ခု ဖြစ်နေခြင်းပင်။

တတိယအဆင့်လက်နက်တစ်ခုဆိုသည်မှာ နိဗ္ဗာန်ကျွန်းပေါ်မှာတောင် သူ့ဆရာသခင် ကျွန်းအရှင်တစ်ယောက်တည်းသာ ပိုင်ဆိုင်ထားသော အရာပင်။

ဒီလူက ဘယ်သူလဲ?

သူ့အိမ်မှာ အလွန်အထင်ကြီးဖို့ကောင်းသော အိမ်တော်ထိန်းတစ်ယောက် ရှိနေရုံသာမက သူတို့ခွေးကလည်း အနည်းဆုံး ဒဏ္ဍာရီလာအဆင့်ခုနစ် သို့မဟုတ် ရှစ်ဆင့်အထိ ရှိ၏။ သို့သော် ကြုံရာကျပန်းအလှဆင်ထားသော ပစ္စည်းလေးတစ်ခုကတောင် ရှားပါးရတနာတစ်မျိုး ဖြစ်နေလေသည်။ ဤသည်မှာ မည်သို့သော မိသားစုနောက်ခံမျိုးလေလဲ။

ဝမ်လင်က ဤမျှကြောက်မက်ဖွယ်ကောင်းသော ချပ်ဝတ်တန်ဆာမျိုးကို ဆင့်ခေါ်နိုင်ဖို့အတွက် မည်မျှအထိ ကောင်းမွန်လှသော ကံကြမ္မာမျိုးနှင့် ကြုံခဲ့ရလေသလဲ။ ထို့ပြင် ဤသည်မှာ ကမ္ဘာ့အချမ်းသာဆုံးလူ ကျန်းမုန့်လောင်နှင့်များ ပတ်သက်နေလေမလား။

သူတို့က ကျွန်းပေါ်မှာ အနေများပြီး ကမ္ဘာကြီးနှင့် အဆက်အသွယ်ပြတ်နေသောကြောင့် ကမ္ဘာပေါ်ရှိ လောကီနည်းပညာများက ကောင်းကင်ဘုံဖျားအဆင့်ကိုပင် ယှဉ်ပြိုင်နိုင်လောက်သည်အထိ တိုးတက်လာခြင်းကို မသိလိုက်တာများလား။

တစ်ယောက်ယောက် ရှင်းပြကြပါဦး!

"မလုပ်ပါနဲ့။ မလုပ်ပါနဲ့။ ကျေးဇူးပြုပြီး ကျွန်တော့်ကို မသတ်ပါနဲ့"

လူကြီးတစ်ယောက်၏ စိတ်ပိုင်းဆိုင်ရာပြိုလဲမှုက တဒင်္ဂအတွင်း ဖြစ်ပျက်တတ်သည်။

"ခုနတုန်းကသာ အခုလိုနာခံတတ်ရင် ဒီလောက်အထိ ဒုက္ခများမှာမဟုတ်ဘူး"

ကျန်းမုန့်လောင်က ရွှမ်းယွမ်ဓားကို အဝင်ဝတွင် ပြန်ထားလိုက်သည်။

"ပြောစမ်း။ မင်းနာမည်က ဘာလဲ။ ဘယ်ကလာတာလဲ။ ဝမ်လင့်ကို ဘာလို့သတ်ချင်တာလဲ"

"ကျွန်တော့်နာမည်က သုန်းဝေ့ပါ။ နိဗ္ဗာန်ကျွန်းက လာခဲ့တာပါ။ ပြီးတော့ သူ့ကိုသတ်ချင်တာကတော့ ကျန်းချီယွမ်ကြောင့်ပါ"

ဖြစ်ချင်တော့ လွန်ခဲ့သည့်နှစ်ပေါင်းများစွာတုန်းက ကျန်းချီယွမ်က နိဗ္ဗာန်ကျွန်းပေါ်တွင် အလွန်အင်အားကြီးလှသော ကျင့်ကြံရေးအရည်အသွေးများကို ထုတ်ဖော်ပြသခဲ့သည်။ ဤသည်မှာ ကျွန်းအရှင်၏တပည့်အရင်းဖြစ်သော သုန်းဝေ့၏အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့လေသည်။

သို့သော် ကျန်းချီယွမ်က နှစ်ပေါင်းများစွာကြာအောင် ကျင့်ကြံရေးတွင်သာ စိတ်နှစ်ထားပြီး သူ့ကို လုံးဝအရေးမလုပ်ခဲ့ချေ။ သူ(မ)တွင် ပန်းတိုင်တစ်ခုတည်းသာရှိ၏။ ဒဏ္ဍာရီလာအဆင့်ကို မြန်မြန်ရောက်အောင် ကျင့်ကြံပြီး နိဗ္ဗာန်ကျွန်းမှ ထွက်ခွာပြီး ဝမ်လင့်ကိုရှာနိုင်မည့် အာဏာမျိုးရယူရန်ပင်။

နိဗ္ဗာန်ကျွန်းမှ ထွက်လာခဲ့ပြီးနောက် သုန်းဝေ့က သူ(မ)နောက်သို့ လိုက်လာပြီး သူ(မ) ဘယ်သူ့ကို အလောတကြီးတွေ့ချင်နေရသလဲဆိုသည်ကို လိုက်လံစုံစမ်းခဲ့သည်။ သူတို့နှစ်ယောက်ကြားရှိ ရင်းနှီးမှုကို မြင်သောုအခါ သုန်းဝေ့လည်း သတ်ချင်စိတ်များ တဖွားဖွားပေါ်ပေါက်လာခဲ့သည်။

သို့သော် သူ ကံမကောင်းခဲ့ပေ။ အခြားလူတစ်ယောက်သာဆိုပါက အောင်မြင်ကောင်း အောင်မြင်နိုင်သည်။ ကံဆိုးချင်တော့ ဝမ်လင်က ကျန်းမုန့်လောင်၏သူငယ်ချင်းဖြစ်နေခဲ့သည်။

"ဒီလိုလုပ်ကြတာပေါ့။ ငါ မင်းကို ခြိမ်းခြောက်ပြီးငွေညှစ်တာမျိုး လုပ်မှာမဟုတ်ဘူး"

ဝမ်လင်က ပြောလိုက်၏။

"မင်း ငါ့ကားတစ်စီးကို မနေ့တုန်းက ဖျက်ဆီးခဲ့တယ်မလား။ အဲဒါကို ဒေါ်လာ၂၀ဘီလီယံပဲထားလိုက်။ ပြီးတော့ မင်း ငါ့ကိုဒဏ်ရာရအောင်လုပ်ခဲ့တယ်။ ဆေးကုသစရိတ်၊ အာဟာရဖြည့်စွက်စာ၊ ဆုံးရှုံးသွားတဲ့လုပ်အားခတွေနဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်နစ်နာစေမှုတွေအတွက် အကုန်ပေါင်းပြီး ဒေါ်လာ၂၀ဘီလီယံပဲ ထားလိုက်။ မင်းကြောင့် ငါ့ကောင်မလေး လန့်သွားခဲ့ရသေးတယ်နော်။ ဒီတော့ နောက်ထပ်နှစ်ဆယ်ဘီလီယံ ထပ်ဖြည့်လိုက်မယ်။ သိပ်မများဘူးမလား"

"သူက နင့်ဆီက တော်တော်သင်ယူထားတာပဲ"

လုရီယောင်က ကျန်းမုန့်လောင်ကို တိုးတိုးလေးကပ်ပြောလိုက်သည်။

"ပြီးတော့ မင်း ခုနတုန်းကလည်း မုန့်လောင်ဆီမှာ ဒေါ်လာ၆၀ဘီလီယံ အကြွေးတင်ထားသေးတယ်။ စုစုပေါင်း ၁၂၀ဘီလီယံဖြစ်သွားပြီ။ ပိုက်ဆံပေးပြီးရင် နောက်နောင် ချီယွမ်နဲ့ဝေးဝေးနေ။ ပြီးရင် လစ်လို့ရပြီ"

"ဘာကို ၆၀ဘီလီယံလဲ"

ကျန်းမုန့်လောင်ကတော့ မကျေနပ်ပေ။

"ခုနကပဲ သူ့ကြောင့် ငါ့ရေကူးကန် ညစ်ပတ်သွားတယ်လေ။ သန့်ရှင်းရေးကြေးအနေနဲ့ နောက်ထပ်၂၀ဘီလီယံ ထပ်တောင်းရမှာပေါ့။ ပြီးတော့ သူ့ကြောင့် ငါ့ခွေးလေး လန့်သွားရရှာတာ။ နောက်ထပ်နှစ်ဆယ်ဘီလီယံထပ်ပေါင်းလိုက်"

"ဒါဆို ၁၆၀ဘီလီယံဖြစ်သွားပြီနော်။ ငွေသားနဲ့ရှင်းမှာလား။ ကတ်နဲ့ရှင်းမှာလား"

သုန်းဝေ့ခမျာ အရှက်မရှိတာကို မြင်ဖူးသော်ငြား ဤမျှအထိ အရှက်မရှိတာကိုတော့ လုံးဝမမြင်ဖူးချေ။ ဤဗီလာကို ဖြိုချပစ်လိုက်လျှင်ပင် ဒေါ်လာနှစ်ဆယ်ဘီလီယံတော့ တန်မည်မဟုတ်ပေ။

ဝမ်လင်၏အက်စတွန်မာတင်ကားက သန်းဂဏန်းမျှသာ ပေးရကြောင်း သူသိသည်။ သို့တိုင် သူတို့က အမေရိကန်ဒေါ်လာနှစ်ဆယ်ဘီလီယံတောင် တောင်းရဲသတဲ့လား။

"ဘာဖြစ်လို့လဲ။ ပိုက်ဆံမရှိဘူးလား"

ဝမ်လင်က တဟားဟားရယ်လိုက်လေသည်။

"မင်းမှာ ပိုက်ဆံမရှိဘူးဆိုရင် ပြန်ဖို့ စိတ်ကူးမနေနဲ့တော့"

*******************

All Chapters