← Chapters

မင်းအဒေါ်က စွမ်းတုန်းပါပဲ

Vol. 37 Ch. 552

မင်းအဒေါ်က စွမ်းတုန်းပါပဲ

Vol. 37 Ch. 552

"ဒုန်း"

"ဝါးသုံးချောင်း"

"အစက်နှစ်ချောင်း"

"ဟားဟားဟား…ကိုယ်တိုင်ဆွဲထားတဲ့ကတ်တွေနဲ့ နိုင်ပြီဟေ့"

...

လူလေးယောက်အဖွဲ့က မာကျောက်ကစားရန်အတွက် လုံလောက်ပေသည်။ ဤသို့ဖြင့် သူတို့လည်း ဧည့်ခန်းထဲတွင်ထိုင်ကာ နိုင်ငံတော်၏စံပြကစားနည်းတစ်ခုကို ကစားကြလေတော့သည်။

ထိုအချိန်တွင် ကျန်းမုန့်လောင်ခေါ်ထားသော ဆောက်လုပ်ရေးအဖွဲ့က အိမ်ထဲရှိ အပျက်အစီးများကို စတင်ပြင်ဆင်နေကြပြီဖြစ်၏။

သုန်းဝေ့ကတော့ ဗီလာထောင့်တစ်နေရာတွင် ကြောက်ဒူးတုန်လျက် ခွေခေါက်နေချေသည်။ သူ့မျက်ဝန်းထဲတွင် ကူကယ်ရာမဲ့နေလေဟန် အငွေ့အသက်များဖြင့် ပြည့်နှက်နေ၏။ ဤလူများက ဘာကြောင့်များ သူ့ကို မမြင်သလိုပြုမူနေရသလဲဆိုသည်ကို နားမလည်နိုင်ချေ။

ဤအလုပ်သမားများက အခန်းထဲတွင် သွေးစွန်းနေသော လူတစ်ယောက် လဲနေတာကို မမြင်ကြဘူးလား။ သာမန်လူများသာဆိုလျှင် ရဲမခေါ်လျှင်ပင် အနည်းဆုံးတော့ အထူးတဆန်းအမူအရာမျိုးဖြင့် ကြည့်သင့်သည်မဟုတ်လား။

သို့သော် ဤဆောက်လုပ်ရေးသမားများကတော့ ဗီလာကိုရောက်လာပြီးကတည်းက သူ့ကို တစ်ချက်လှမ်းကြည့်လိုက်တာကလွဲလျှင် သူ့ကို မရှိသလိုသာ သဘောထားကြသည်။

သူမသိသည့်အချက်မှာ ဤလူများက ဆောက်လုပ်ရေးသမားများနှင့် တူသော်ငြား တကယ်တမ်းတွင် ကျန်းမုန့်လောင်၏လူများပင်။ သူတို့က သူတို့သခင်လေးကို မည်သို့နှယ် သစ္စာဖောက်ဝံ့မည်နည်း။

"ဒီလိုဆက်သွားရင် ငါ တကယ်သေလိမ့်မယ်"

သုန်းဝေ့က အရည်အချင်းရှိပါသော်ငြား ဤတစ်ခေါက်ရလိုက်သော ဒဏ်ရာများကတော့ အလွန်ပြင်းထန်လှသည်။ သူ့အသက်ဓာတ်များ တဖြည်းဖြည်းလျော့ပါးလာသည်ကို ခံစားနေရပြီး မျက်ခွံများကလည်း တဖြည်းဖြည်းလေးလံကာ ခန္ဓာကိုယ်ကလည်း ထုံကျဉ်လာသည်။

"ဒီတစ်ခေါက်တော့ အကြီးအကဲတွေဆီက အကူအညီတောင်းမှဖြစ်တော့မယ်"

အမှန်တကယ်တွင် သုန်းဝေ့က ခိုးထွက်လာခဲ့ခြင်းပင်။ နိဗ္ဗာန်ကျွန်းရှိ လူများမှာ ဘာမှမသိကြပေ။ သူ့ဆရာနှင့် ကျွန်းပေါ်ရှိ ထိပ်တန်းပုဂ္ဂိုလ်များကလည်း သူ ကျင့်ကြံရေးအတွက် တောထွက်နေသည်ဟုသာ ထင်နေကြဆဲပင်။

မိန်းမတစ်ယောက်အတွက်နှင့် နိဗ္ဗာန်ကျွန်းမှ သူ ခိုးထွက်သွားကြောင်းကိုသာ သိသွားပါက သူ့အရိုးများကို ရိုက်ချိုးကြပေလိမ့်မည်။

သို့သော် ယခုမူ သူ့တွင် အခြားရွေးချယ်စရာမရှိပေ။ ယခုလိုဆက်ဖြစ်နေပါက နိဗ္ဗာန်ကျွန်းရှိ လူများ သိသွားလျှင်ပင် အများဆုံးရှိလှ ပြစ်ဒဏ်နည်းနည်းလောက်သာ အပေးခံရမည်ဖြစ်၏။

နိဗ္ဗာန်ကျွန်း၏ အထူးဆက်သွယ်ရေးနည်းလမ်းကိုသုံး၍ သူ ဒဏ်ရာရထားကြောင်း နိဗ္ဗာန်ကျွန်းထံသို့ သတင်းပို့လိုက်လေသည်။

ပစိဖိတ်သမုဒ္ဒရာ၏ အနက်ရှိုင်းဆုံးနေရာတွင် အချိန်နှင့်အာကာသ မူမမှန်ဖြစ်နေသော နေရာတစ်ခုရှိ၏။ ထိုနေရာကား ထာဝရကောင်းချီးပေးခံထားရသော နတ်ဘုံနတ်နန်းတစ်ခုအလားပင်။

ကြမ်းကြုတ်လှသော သတ်ဖြတ်လိုစိတ်အရှိန်အဝါများကို ထုတ်လွှတ်နေသည့် ဥရောပသားတစ်ယောက်၏ အသွင်အပြင်ရှိသော အကြီးအကဲတစ်ယောက်က ရုတ်တရက် မျက်လုံးဖွင့်လိုက်လေသည်။

"ဒီကလေးက တကယ်ထွက်ပြေးသွားတာပဲ"

ထိုအကြီးအကဲ၏မျက်လုံးထဲတွင် သတ်ဖြတ်လိုသောအရိပ်အယောင်တစ်ခု ပေါ်ထွက်လာသည်။

"ဒီတော့ ငါ့နိဗ္ဗာန်ကျွန်းကလူကို ထိပါးရဲတဲ့လူတစ်ယောက် ရှိတယ်ပေါ့။ ဒီကျွန်းကနေ နှစ်ပေါင်းများစွာ မထွက်ဘဲနေနေခဲ့တာဆိုတော့ ပြင်ပကမ္ဘာကြီးက နိဗ္ဗာကျွန်းရဲ့တည်ရှိမှုကို မေ့သွားပြီထင်ပါရဲ့"

အကြီးအကဲက သူ့တပည့်များကို ပြောလိုက်၏။

"ငါ အပြင်ခဏသွားမလို့။ ကျွန်းအရှင်ကို အကြောင်းကြားလိုက်"

...

"ခုန်း"

"အဖြူရောင်ချပ်"

"ငှက်တစ်ချပ်"

"ဟားဟားဟား ကျန်းမုန့်လောင်.. မင်း ဘာလို့ ဗုံးထပ်မိရတာလဲ။ မင်းကို တော်တယ်လို့ထင်နေတာ။ မင်းမလုပ်နိုင်တဲ့ကိစ္စလည်း ရှိသေးတာပဲ"

ဝမ်လင်က ရယ်သွမ်းသွေးလိုက်သည်။

"သေစမ်း။ ငါ ဒီရက်ပိုင်းအတွင်း စာကလေးနတ်ဘုရားဆီက မာကျောက်ကစားနည်း သွားသင်ပြီးရင် မင်းကို ဖျက်ဆီးပြမယ်"

"စည်းဖောက်တော့မယ်ပေါ့လေ"

ကျန်းမုန့်လောင်က ဒေါသတကြီးပြောလိုက်လေသည်။

"ငါ မင်းကို ဘယ်လောက်ပေးရမှာလဲ"

"၂.၅၂သန်း"

ဝမ်လင်က ပြုံးစစဖြင့် ပြောလိုက်လေသည်။

"ရက်ရောမှုအတွက် ကျေးဇူးပါပဲ ဘော့စ်ကျန်းရေ"

"သေလိုက်လေ"

ကျန်းမုန့်လောင်က ချက်ချင်းပိုက်ဆံလွှဲပေးလိုက်သည်။

"နင်တို့တွေ ကြေးအမြင့်ကြီးနဲ့ ကစားနေတာနော်။ လောင်းကစားမှုနဲ့ အဖမ်းခံရမှာမကြောက်ဘူးလား"

"ဟင့်အင်း။ သူတို့တွေက ငွေအလုံးအရင်းနဲ့ ကစားတာကိုပဲ ဖမ်းတာ။ ဒါက အကြွေအဆင့်ပဲရှိတာလေ"

ကျန်းမုန့်လောင်က ဂရုမစိုက်ဟန်ဖြင့်‌ ပြောလိုက်သည်။

"အာ.."

ကျန်းချီယွမ်မှာ ဆွံ့အသွားရလေသည်။ မာကျောက်ကစားပြီး နှစ်သန်းကျော်ရှုံးသွားတာတောင် အကြွေလောက်ပဲရှိသေးတာလို့ လာပြောနေတာလား။ ဒီလောက်နဲ့တင် ထောင်ကျဖို့ လုံလောက်နေပြီ။

"ကိစ္စမရှိပါဘူး။ အဆင်မပြေဘူးဆိုရင် နောက်တစ်ခါ ရွှေတွေကို အရည်ဖျော်လိုက်ပြီး ရွှေကို ချစ်ပ်ပြားအနေနဲ့ သုံးလို့ရတယ်"

"မင်းကတော့ အမြဲထက်မြက်နေတော့တာပဲ"

သူတို့က မာကျောက်များကိုထပ်မွှေလိုက်ကြသည်။

"ဝမ်လင်.. မင်း အွန်လိုင်းပေါ်က ကိစ္စတွေကို ဘယ်လိုဖြေရှင်းဖို့ စီစဉ်ထားလဲ။ မင်းကို ဖော်လံဖားများရဲ့ဘိုးဘေးကြီးတို့၊ 'အပေါစားဘုရင်ကြီး'တို့ဆိုပြီး ခေါ်နေကြပြီ။ အဲဒီအင်တာနက်ဆယ်လီက မနေ့တုန်းကပဲ တိုက်ရိုက်ထုတ်လွှင့်မှုထဲမှာ မင်းကို ဝေဖန်ထားသေးတယ်"

"ဪ ဟုတ်သားပဲ။ မင်းမပြောရင် ငါတောင် မေ့တော့မလို့"

ဝမ်လင်က မတ်တတ်ထရပ်လိုက်ပြီးနောက် သုန်းဝေ့ဆီသို့ လျှောက်သွားကာ တင်ပါးကို ဆောင့်ကန်ပစ်လိုက်သည်။

"ငါ့ကိုတိုက်ခိုက်တဲ့လူက မင်းရဲ့အမိန့်ကြောင့်လုပ်တာမလား"

သုန်းဝေ့က ဘာမှမပြောပေ။ နိဗ္ဗာန်ကျွန်းမှ သူ့အကြီးအကဲ ရောက်လာသည်နှင့် သူတို့ ယခုလိုမောက်မာနိုင်ဦးမလားဟုသာ တွေးနေချေသည်။

"မပြောဘူးပေါ့လေ"

ဝမ်လင်က ဒေါသမထွက်ချေ။

"ရတယ်လေ။ သူတို့ ဘယ်လိုနည်းလမ်းပဲသုံးသုံး ခြေရာလက်ရာတော့ ကျန်ခဲ့မှာပဲ"

အချိန်ကျလာလျှင် ဝမ်လင်အနေနှင့် တိုနီစတာ့ခ်ကို ဉာဏ်ရည်တုပရိုဂရမ်တစ်ခု ဖန်တီးခိုင်းပြီး မသင်္ကာစရာကောင်းသော ငွေလွှဲမှတ်တမ်းများကို ရှာဖွေ၍ သူ့နာမည်ဂုဏ်သတင်းကို ရှင်းလင်းရန်အတွက် အွန်လိုင်းပေါ်သို့ တင်လိုက်ရုံပင်။

"ဘန်း!"

ဝမ်လင်က သူကို ထပ်ကန်ပစ်လိုက်သည်။

"ကျက်သရေမရှိတဲ့ကောင်"

"မင်းတို့သေမျိုးတွေရဲ့ ရိုက်ချက်လေးလောက်နဲ့ ငါတို့နိဗ္ဗာန်ကျွန်းက လူတွေက ဖြုံလိမ့်မယ်များထင်နေတာလား"

ဝမ်လင်၏ကန်ချက်အဆုံးတွင် ဗုဒ္ဓတရားစာရွတ်ဆိုနေသည့်အလား ထည်ဝါလှသောအသံတစ်သံက ဗီလာထဲ၌ ထွက်ပေါ်လာသည်။

"အကြီးအကဲ! အကြီးအကဲ! ကျွန်တော် ဒီမှာပါ။ ကျွန်တော့်ကို ကယ်ပါဦး"

ထိုအသံကိုကြားသောအခါ သုန်းဝေ့မှာ လှိုဏ်ဂူထဲတွင် အလင်းရောင်တစ်စကို မြင်လိုက်ရသည့်အလား အော်ဟစ်လေတော့သည်။

"ဟားဟားဟား မင်းတို့တွေအကုန် သေပြီသာမှတ်။ နိဗ္ဗာန်ကျွန်းကအကြီးအကဲ ရောက်နေပြီကွ။ မင်းတို့တွေအားလုံး သွား‌သေလိုက်ကြတော့"

သုန်းဝေ့၏အမူအရာမှာ အဆိပ်များဖြင့် ပြည်နှက်နေသည်။ သူ့ပုံစံကား ဝမ်လင်တို့တစ်သိုက်ကို အပိုင်းပိုင်းအစစ ဆုတ်ဖြဲပစ်ချင်‌နေသည့်အလားပင်။

အနောက်တိုင်းသား အကြီးအကဲက ဗီလာဝင်ပေါက်တွင် မတ်တတ်ရပ်နေ‌လေသည်။ သူသည် အနက်ရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး မျက်လုံးထဲတွင်လည်း ဒေါသလှိုင်းထန်နေသည်။

သုန်းဝေ့တစ်ယောက် ဤမျှဆိုးဆိုးဝါးဝါး ရိုက်နှက်ခံထားရလိမ့်မည်ဟု သူ လုံးဝထင်မထားပေ။

"သူ့ပုံစံက နည်းနည်းထူးဆန်းမနေဘူးလား။ နိုင်ငံခြားသားအဘိုးကြီးတစ်ယောက်က အနက်ရောင် ဟွာရှားရှေးဟောင်းဝတ်ရုံအရှည်ကြီးကို ဝတ်ထားတာလား"

"ဟားဟားဟား cosplayလုပ်နေတာပဲဖြစ်ရမယ်"

"ခုနတုန်းက မင်းကြားလိုက်လား။ သုန်းဝေ့က သူ့ကို အကြီးအကဲလို့ ခေါ်လိုက်သလားလို့။ နိဗ္ဗာန်ကျွန်းသားတွေကို အာရှသားတွေလို့ ငါကထင်နေတာ။ သူတို့ဆီမှာ ဥရောပသားတွေလည်း ရှိနေတာကိုး"

လူတချို့က တီးတိုးပြောနေကြပြီး ယခုလေးတင်ရောက်လာသော အဘိုးကြီးကို လုံးဝလျစ်လျူရှုထားသည်။

"အသုံးမကျလိုက်တာ။ လူသားနည်းနည်းလောက်ကိုတောင် နိုင်အောင်မတိုက်နိုင်ဘူး"

ထိုအကြီးအကဲက စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။

"အကြီးအကဲ.. သူတို့က သာမန်လူတွေမဟုတ်ပါဘူး"

မတရားဘူးဟု ခံစားလိုက်ရသဖြင့် သုန်းဝေ့မှာ သံကုန်ဟစ်လျက် အော်ပါလေတော့သည်။

"သူက ချပ်ဝတ်စစ်သည်တွေရဲ့ ချပ်ဝတ်တန်ဆာဆင့်ခေါ်နည်းကိုတောင် သိတယ်။ အဲဒါဘာလဲဆိုတာတောင် သိရဲ့လား"

"ပေါက်ကရတွေ!"

ထိုအကြီးအကဲက ချပ်ဝတ်စစ်သည်များအကြောင်း မသိသလို သုန်းဝေ့ ဘာတွေပြောနေသလဲဆိုတာကိုလည်း မသိပေ။ သုန်းဝေ့တစ်ယောက် သူ့ညံ့ဖျင်းမှုအတွက်သက်သက်ဆင်‌ခြေပေးနေသည်ဟုသာ ထင်နေသည်။

"ဟေး အဘိုးကြီး.. ခင်ဗျားက သူ့ရဲ့အကြီးအကဲမဟုတ်လား"

ကျန်းမုန့်လောင်က မေးလိုက်လေသည်။

"ပိုက်ဆံပါခဲ့လား။ သူ ကျုပ်တို့ဆီမှာ အမေရိကန်ဒေါ်လာ၁၆၀ဘီလီယံ အကြွေးတင်နေတယ်။ ပိုက်ဆံပေးပြီးရင် သူ့ကိုခေါ်သွားလို့ရပြီ"

"ဘာ?"

ထိုအကြီးအကဲ၏နှုတ်ခမ်းများမှာ တွန့်သွား‌လေသည်။

ယနေ့ခေတ်လူငယ်များက ဒီလောက်အထိ အကြောက်အလန့်မရှိတော့တာလား။

သူလည်း သုန်းဝေ့ကို လှမ်းကြည့်လိုက်ပြန်သည်။

"မင်းကြောင့် နိဗ္ဗာန်ကျွန်းရဲ့ဂုဏ်သိက္ခာတွေ ကျကုန်ပြီ"

"ခင်ဗျား ပိုက်ဆံယူမလာဘူးဆိုရင် ပြန်သွားလိုက်တော့"

ကျန်းမုန့်လောင်က ဆိုး၏။

"ပိုက်ဆံစုပြီးမှ သူ့ကိုလာကယ်လှည့်"

"သေချင်နေတာလား"

ထိုအကြီးအကဲ၏ မျက်လုံးထဲမှ ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။

"တစ်ဆိတ်လောက်! လမ်းဖယ်ပေးပါ"

ထိုအကြီးအကဲခမျာ ဘာမှမလှုပ်ရှားနိုင်သေးခင်မှာပင် အိမ်တော်ထိန်းက တံမြက်စည်းတစ်ချောင်းနှင့် ရောက်ချလာသည်။

"ကျွန်မ အခုလေးတင်မှ သန့်ရှင်းရေးလုပ်ထားတာ။ ရှင်ရူးနေတာလား။ သူများလုပ်ထားတာကို မလေးစားပေးနိုင်ဘူးလား"

"မစ္စတာကျန်း.. သူက ရှင့်ဧည့်သည်လား"

အိမ်တော်ထိန်းက ကျန်းမုန့်လောင်ဘက်သို့လှည့်၍ မေးလိုက်သည်။

"သူ့ကို သိတောင်မသိဘူး"

ကျန်းမုန့်လောင်ကလည်း ခေါင်းခါပြလိုက်သည်။

"သူက မစ္စတာကျန်းရဲ့ ဧည့်သည်မဟုတ်ဘူးဆိုရင် လမ်းဖယ်ပေးပါ"

အိမ်တော်ထိန်းက ထိုအဘိုးကြီးကို တံမြက်စည်းဖြင့် မောင်းထုတ်နေချေသည်။

"သွားလေ။ ပြန်လိုက်တော့။ မစ္စတာကျန်းရဲ့အိမ်က လူတကာ ဝင်ထွက်သွားလာလို့ရတဲ့နေရာလား"

"ဒီမိန်းမကတော့"

ထိုအကြီးအကဲသည် ဘယ်တုန်းကမှ ယခုလိုအဆက်အဆံမခံရဖူးပေ။

သာမန်အိမ်တော်ထိန်းတစ်ယောက်ကများ သူ့ကို တံမြက်စည်းနှင့် နှင်ထုတ်ရဲသတဲ့လား။

"မုန့်လောင်"

ဝမ်လင်က စိတ်ပူသွားချေသည်။

ဤအဘိုးကြီးက သုန်းဝေ့ပြောသည့် အကြီးအကဲဖြစ်ကြောင် သူသိသည်။ သို့ဖြစ်လေရာ သူသည် သုန်းဝေ့ထက် ပိုအစွမ်းထက်ရပေမည်။ ကျန်းမိသားစု၏အိမ်တော်ထိန်းကမူ သာမန်လူတစ်ယောက်သာ ဖြစ်၏။ သူ(မ)သာ ဒဏ်ရာရသွားလျှင် ခံနိုင်ရည်ရှိမည်မဟုတ်ချေ။

"အာ..စိတ်မပူပါနဲ့"

ကျန်းမုန့်လောင်က နှစ်သိမ့်လိုက်လေသည်။

"ငါ့အိမ်မှာ တွေ့ကရာလူတိုင်းက အိမ်တော်ထိန်းအနေနဲ့ အလုပ်လာလုပ်လို့ရမယ်များ ထင်နေတာလား"

"ဟင်"

ထိုအခိုက်မှာပင် အကြီးအကဲက အိမ်တော်ထိန်း၏လည်ပင်းကို ဆုပ်ကိုင်ရန် ကြိုးစားလိုက်သည်။ ထိုအချိန်မှာပင် ပိန်ပါးပါးလက်တစ်ဖက်က သူ့လက်မောင်းကို ဖမ်းဆုပ်ထားလိုက်၏။

"မင်း!"

ထိုအကြီးအကဲမှာ ထိတ်လန့်သွားပုံပင်။ အိမ်တော်ထိန်း၏ခွန်အားမှာ သူ့ကို မလှုပ်ရှားနိုင်လောက်အောင် စွမ်းဆောင်နိုင်သည်။

"အဘိုးကြီး..ရှင်ကများ မစ္စတာကျန်းရဲ့အိမ်ထဲမှာ ပြဿနာလာရှာရဲတယ်ပေါ့"

အိမ်တော်ထိန်းက ထိုအဘိုးကြီး၏လက်မောင်းကို ကိုင်ထားသည့်လက်အား တင်းကျပ်လိုက်လေရာ ဂျွတ်ခနဲမြည်သံတစ်သံ ထွက်ပေါ်လာပြီး လျှပ်တစ်ပြက်အတွင်းမှာပင် ထိုအကြီးအကဲ၏ မျက်နှာထက်၌ နာကျင်သွားလေဟန်အမူအရာတစ်ခု ပေါ်လာသည်။

ဒီနေရာက ဘယ်လိုနေရာမျိုးလဲ? အိမ်တော်ထိန်းတစ်ယောက်က ဘာလို့ ဒီလောက်တောင် ကြောက်ဖို့ကောင်းနေရတာလဲ? သူက ကောင်းကင်ဘုံဖျားအဆင့်ရှိတဲ့ ဆရာသခင်တစ်ယောက်လေ!

"ဘယ်လိုလဲ"

ကျန်းမုန့်လောင်က ပြုံးလိုက်၏။

"မင်းအဒေါ်က စွမ်းတုန်းပဲမလား"

********************

All Chapters