ကျုပ်က ဒီကမ္ဘာမြေရဲ့အုပ်စိုးသူဆိုတာ ခင်ဗျားမသိဘူးလား
Vol. 37 Ch. 553
"မုန့်လောင်.. မင်းတို့အိမ်က အဒေါ်က..."
ဝမ်လင်မှာ ကျန်းမုန့်လောင်၏အိမ်သို့ တစ်ခါမက ရောက်ဖူးသည်။ ဤအဒေါ်ကိုလည်း ခဏခဏတွေ့ဖူးသည်။ သူ(မ)၏မျိုးရိုးနာမည်က "ကု"ဖြစ်ပြီး သန့်ရှင်းရေးနှင့် စျေးဝယ်ထွက်ရေးကိစ္စများကို အဓိကတာဝန်ယူထားရသည်။
အန်တီကုက ပုံမှန်ဆိုလျှင် လူတိုင်းအပေါ် အလွန်ယဉ်ကျေးပြီး မျက်နှာကလည်း ခပ်ပြုံးပြုံးသာ။ ဝမ်လင့်ကိုလည်း နွေးထွေးပျူငှာစွာ ဆက်ဆံသည်။ သို့သော် ယခုမူ ထိုပုံစံမှာ အပြင်ပန်းသက်သက်သာ ဖြစ်ဟန်တူသည်။
လုရီယောင်လည်း အံ့ဩသွားရသည်။ ကျန်းနန်မြို့တွင် ကျန်းမုန့်လောင်အပြင် သူ(မ)နှင့် ပတ်သက်ဆက်ဆံမှုအများဆုံးလူက အန်တီကုပင်။ ဤအမျိုးသမီးက သူ(မ)ကို မိခင်အရင်းတစ်ယောက်နှယ် ဂရုစိုက်ပေးခဲ့သည်။ သို့သော် သူ(မ)အကြောင်း လုံးဝမသိသလို ခံစားရသည်။
"ငါမပြောဘူးလား။ ငါ့အိမ်မှာ တွေ့ရာလူတိုင်း အလုပ်လုပ်လို့ရတာမဟုတ်ဘူး"
ကျန်းမုန့်လောင်က ပြောလိုက်၏။
"အန်တီကုက ငယ်ငယ်တုန်းက ငါ့အမေရဲ့သက်တော်စောင့် လုပ်ခဲ့တာလေ။ ယဲ့ရင်တောင်မှ သူ့ကိုအနိုင်ယူနိုင်မှာမဟုတ်ဘူး"
"မင်းတို့မိသားစုထဲက လူတိုင်းက မကောင်းဆိုးဝါးတွေမဟုတ်လား"
ဝမ်လင်၏နှုတ်ခမ်းမှာ မဲ့ရွဲ့သွားရလေသည်။
"ပြီးတော့ မြို့လယ်ခေါင်က လူနေအိမ်အဆောက်အအုံတွေမှာရှိတဲ့ လုံခြုံရေးတွေက အရင်တုန်းက ငါ့အဖေရဲ့သက်တော်စောင့်တွေပဲ။ သူတို့က အငြိမ်းစားယူသွားပြီမို့လို့ ဘာမှလုပ်စရာမရှိတော့တာနဲ့ သူတို့ကိုယ်သူတို့ အလုပ်ပေးထားတာ"
"မင်းတို့ ယုံချင်မှယုံလိမ့်မယ်။ ခုနတုန်းက ဆောက်လုပ်ရေးအလုပ်သမားတွေက သာမန်အလုပ်သမားတွေလို့ ထင်နေတာလား"
ကျန်းမုန့်လောင်က ပြိုကျနေသောနံရံများကို သန့်ရှင်းရေးလုပ်နေသည့် အလုပ်သမားများကို လက်ညှိုးထိုးပြလိုက်သည်။
"သူတို့ကလည်း ပညာရှင်တွေပါလို့ ပြောမလို့တော့မဟုတ်ဘူးမလား"
"ဒါတွေက ငါတို့ဝန်ထမ်းတွေမှာ ရှိသင့်ရှိထိုက်တဲ့အခြေခံစွမ်းရည်တွေပဲ"
ကျန်းမုန့်လောင်က ပြောလိုက်လေသည်။
"သူတို့က ယဲ့ရင် အန်တီကုနဲ့ ဝမ်ပေါင်အန်းတို့လောက်တော့ အစွမ်းထက်ချင်မှထက်လိမ့်မယ်။ ဒါပေမဲ့ သူတို့ထဲက ဘယ်သူမဆို နိဗ္ဗာန်ကျွန်းကို အပြတ်ရှင်းပစ်နိုင်တယ်"
"ငါတော့ တစ်နှစ်စာလောက်လန့်သွားပြီ"
သူတွေ့ဖူးထားသည့် သာမန်လူများမှာ ပုန်းအောင်းနေသောအထူးစွမ်းရည်ပိုင်ရှင်များ ဖြစ်နေလိမ့်မည်ဟု ဝမ်လင် ထင်မထားချေ။ ကြည့်ရပုံထောက်သော် ကမ္ဘာကြီး၏ မျိုးနွယ်စုအကြီးအကဲ၏ မိသားစုထဲတွင် ယခုလိုပုံစံမျိုးက သာမန်ပင် ဖြစ်လေဟန်တူသည်။
"ရှင်တို့တွေက မနက်စောစောစီးစီး ဒီကိုလာပြီး သောင်းကျန်းရဲတယ်ပေါ့။ ဒီဗီလာထဲမှာ ကလေးတွေရှိတယ်ဆိုတာ မသိဘူးလား။ ငါတို့အိမ်နီးချင်းတွေက ရဲကိုတောင် ခေါ်ကြတော့မယ်"
အန်တီကုက ထိုအကြီးအကဲ၏လက်မောင်းကို ဆုပ်ကိုင်၍ အရှေ့သို့ တစ်လှမ်းချင်းစီတိုးလိုက်၏။
ထိုအကြီးအကဲခမျာ တုတ်တုတ်မျှ မလှုပ်ရဲပေ။ နည်းနည်းလောက်လှုပ်လိုက်လျှင်ပင် မုန့်ကြိုးလိမ်အလား ကျိုးသွားမည်ကို စိုးရိမ်နေချေသည်။
"ရှေးဟောင်းသိုင်းပညာရှင်ဖြစ်နေတာနဲ့ပဲ သိပ်ထူးခြားပြီလို့ ထင်နေတာလား။ နိဗ္ဗာန်ကျွန်းဆိုတာကို ကြားတောင်မကြားဖူးဘူး။ ရှင်တို့ဘာသာ အပြင်မှာ ဘာလုပ်လုပ် ဂရုမစိုက်ဘူး။ ဒါပေမဲ့ ကျွန်မအလုပ်ကို ထပ်နှောင့်ယှက်လို့ကတော့ ရှင်တို့ရဲ့နိဗ္ဗာန်ကျွန်းကို ဒီညတွင်းချင်း ဖြိုချပစ်မယ်"
"သေစမ်း! အန်တီကုက အရမ်းကြမ်းတာပဲ"
ဝမ်လင်က တီးတိုးပြောလိုက်လေသည်။
"အန်တီကုစိတ်တိုတာကို ငါလည်း ပထမဆုံးအကြိမ်မြင်ဖူးတာပဲ"
ကျန်းမုန့်လောင်ကလည်း တိုးတိုးလေးပြန်ပြောလိုက်သည်။ ပုံမှန်ဆိုလျှင် သဘောကောင်းပြီး ကြင်နာတတ်သော အဒေါ်က ယနေ့မှာတော့ ထင်မှတ်မထားဘဲ ဒေါသထွက်နေချေသည်။
"ထားလိုက်တော့ အန်တီကု.. ဒီကိစ္စကို ကျွန်တော်ကိုယ်တိုင်ရှင်းလိုက်တော့မယ်"
ကျန်းမုန့်လောင်က ဆိုလေသည်။
"ကောင်းပြီလေ။ ဒါဆို အန်တီ မင်းအတွက် နေ့လယ်စာသွားပြင်လိုက်မယ်"
အန်တီကုက ထိုအကြီးအကဲကို စူးစူးရဲရဲစိုက်ကြည့်ပြီးနောက် အဆုံးမှာတော့ သူ့လက်မောင်းကို လွှတ်ပေးလိုက်သည်။
"နံရံကို ထပ်ဖျက်ဆီးရဲလို့ကတော့ ရှင့်ကို တစ်စစီခြေမွှပစ်မယ်"
လျှပ်တစ်ပြက်အတွင်းမှာပင် ထိုအကြီးအကဲလည်း လက်မောင်းကို ပွတ်သပ်ရင်း နာနာကျင်ကျင်ညည်းညူနေချေသည်။ ထိုအမျိုးသမီး၏ ခွန်အားမှာ ကြောက်မက်ဖွယ်ရာပင်။ သူ(မ)က ကျွန်းအရှင်ကိုပင် အနိုင်ယူနိုင်လောက်သည်။ ဤသည်မှာ ဘယ်လိုမိသားစုမျိုးလေလဲ။ အိမ်တော်ထိန်းအဒေါ်ကြီးကတောင် ဤမျှအထိ အစွမ်းထက်နေပေသည်။
အစစ်အမှန်တိုက်ပွဲတစ်ခု မဖြစ်ခဲ့သော်ငြား သူသာ ထိုအန်တီကုနှင့် တိုက်ခိုက်ပါက သုန်းဝေ့လို အဖြစ်မျိုးနှင့် ကြုံရလိမ့်မည်ဖြစ်ကြောင်း ကောင်းကောင်းသိသည်။
"တခြားကိစ္စရှိသေးလား။ မရှိတော့ဘူးဆိုရင် ပြန်လို့ရပြီ"
ကျန်းမုန့်လောင်က လက်ယမ်းပြလိုက်သည်။ ဤအကြီးအကဲက ဝင့်ကြွားပြချင်နေသောကြောင့် ဘာလျော်ကြေးငွေမှ ပြင်မထားလောက်ပေ။
သုန်းဝေ့က ယခုတစ်ခေါက်မှာတော့ မကောင်းဆိုးဝါးတစ်ကောင်ကို ရန်စမိခဲ့လေပြီ။ သူ့စွမ်းရည်ဖြင့် သုန်းဝေ့ကိုကယ်ဖို့ မဆိုထားနှင့်။ သူ့ကိုယ်သူတောင် မကယ်နိုင်ချေ။
"သခင်လေး.. ကျွန်တော်က နိဗ္ဗာန်ကျွန်းရဲ့ ဒုတိယအကြီးအကဲပါ။ သုန်းဝေ့က ခင်ဗျားတို့ကို မတော်တဆအပြစ်ပြုမိခဲ့တဲ့အတွက် သူ့ကိုယ်စား တောင်းပန်ဖို့အတွက် ကျုပ်ရောက်လာတာပါ။ သုန်းဝေ့က ကျုပ်တို့ကျွန်းအရှင်ရဲ့ တပည့်အရင်းကြီးပါ။ သူ့ကို ခေါ်သွားခွင့်ပေးဖို့ တောင်းဆိုချင်ပါတယ်။ နောက်နောင်များ နိဗ္ဗာန်ကျွန်းကို အလည်လာဖြစ်ခဲ့ရင် ကျွန်တော် ခင်ဗျားတို့ကို ကောင်းကောင်းပြုစုပါ့မယ်"
ဒုတိယအကြီးအကဲက နာနာခံခံဖြင့် ပြောလိုက်လေသည်။
"မရဘူး"
ဝမ်လင်က အရင်ကန့်ကွက်လိုက်သည်။
"သူက ကျွန်တော်တို့အိမ်တွေနဲ့ ကားတွေကို ဖျက်ဆီးခဲ့တာ။ ပြီးတော့ ကျွန်တော့်ကို မနေ့တုန်းက ချန်းထန်မြစ်ထဲကိုတောင် ပစ်ချခဲ့သေးတယ်။ တောင်းပန်ရုံနဲ့ ပြီးသွားမယ်လို့ ထင်နေတာလား"
"ဒီကတ်ထဲမှာ အမေရိကန်ဒေါ်လာဆယ်သန်းရှိပါတယ်။ ခင်ဗျားတို့ရဲ့ ဆုံးရှုံးနစ်နာမှုတွေအတွက် ဒီလောက်ဆိုရင် လုံလောက်မှာပါ"
ဒုတိယအကြီးအကဲက နိုင်ငံတကာဘဏ်တစ်ခုမှ ဘဏ်ကတ်တစ်ခုကို ထုတ်လိုက်သည်။ နိဗ္ဗာန်ကျွန်း၏အာဏာက ကမ္ဘာအနှံ့ ဖြန့်ကြက်ထားသည်ဖြစ်ရာ အမေရိကန်ဒေါ်လာသန်းဂဏန်းလောက်ကိုတော့ အသာလေးထုတ်နိုင်သည်။
"ခင်ဗျားက ကျုပ်ကို သူတောင်းစားလို့ အောက်မေ့နေတာလား"
ဝမ်လင်က Koenigseggပြိုင်ကားကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။
"ဒီကားတစ်စီးတည်းနဲ့တင် အမေရိကန်ဒေါ်လာသန်းရာဂဏန်းလောက် ပေးရတယ်။ လာနောက်နေတာလား"
"ဒီလိုဆိုရင်ရော.. ခင်ဗျားတို့ရဲ့ ဆုံးရှုံးနစ်နာမှုတွေကို တွက်ချက်ပြီး လျော်ရမဲ့ပမာဏတစ်ခုကို ပြောပေါ့"
ဒုတိယအကြီးအကဲက ဤလူများနှင့် ထိပ်တိုက်တွေ့ရမည့်အရေးကို ရှောင်ရှားလိုသည့်အတွက် ညှိနှိုင်းလိုက်သည်။
"သူ ခင်ဗျားကို မပြောထားဘူးလား"
ဝမ်လင်က သုန်းဝေ့ကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။
"သူ ကျုပ်တို့ကို အမေရိကန်ဒေါ်လာ၁၆၀ဘီလီယံ အကြွေးတင်နေတာလေ"
"နေဦး။ ကျုပ် စိတ်မကြည်တော့ဘူးနော်။ ကျုပ်နဲ့ ကျုပ်ကောင်မလေးရဲ့ စိတ်ပိုင်းဆိုင်ရာနစ်နာကြေးအတွက် လျော်ကြေးငွေကို နှစ်ဆတိုးဖို့ ဆုံးဖြတ်လိုက်ပြီ။ ဒီလိုဆိုရင် စုစုပေါင်းအမေရိကန်ဒေါ်လာ ၂၀၀ဘီလီယံဖြစ်သွားပြီနော်"
ဤစကားကိုကြားသောအခါ ဒုတိယအကြီးအကဲခမျာ သွေးအန်မိမတတ်ပင်။ မင်းပုံစံက ဓားပြတိုက်နေတာနဲ့ မကွာတော့ဘူးကွ!
အမေရိကန်ဒေါ်လာသန်းတစ်ရာလောက်က နိဗ္ဗာန်ကျွန်းအတွက် ဘာမှပြဿနာမရှိသော်ငြား အမေရိကန်ဒေါ်လာ၂၀၀ဘီလီယံဆိုသည်မှာမူ မည်သူ့အတွက်မဆို များလွန်းလှသော ပမာဏတစ်ခုပင်။
"ပိုက်ဆံမရှိဘူးဆိုရင် လစ်လိုက်တော့"
ဝမ်လင်က ခက်ထန်သည်ထက် ခက်ထန်နေလေပြီ။
"ခင်ဗျား ပိုက်ဆံစုပြီးမှ ဒီအရူးကောင်ကို ပြန်လာရွေးချေ"
"မင်းတို့က နိဗ္ဗာန်ကျွန်းကို ဆန့်ကျင်ဖို့ ရွေးချယ်လိုက်ပြီလား"
ထိုအခိုက်ဝယ် ဒုတိယအကြီးအကဲ၏ အမူအရာမှာ ပျက်ယွင်းသွားရလေတော့သည်။
"မင်းက တကယ်အစွမ်းထက်တာ ဟုတ်ချင်ဟုတ်မှာပါ။ ဒါပေမဲ့ နိဗ္ဗာန်ကျွန်းရဲ့ဂုဏ်သတင်းကလည်း လူတိုင်းစော်ကားလို့ရတဲ့ အရာတစ်ခုမဟုတ်ဘူး"
ဒုတိယအကြီးအကဲက ဆိုလာလေသည်။
"နိဗ္ဗာန်ကျွန်းရဲ့ အဖွဲ့သားတွေက ကမ္ဘာအနှံ့မှာ လုပ်ငန်းတွေအများကြီး ပိုင်ဆိုင်ထားတာ။ ငါ့ဆီက စကားတစ်ခွန်းထွက်လိုက်တာနဲ့ ကမ္ဘာ့စီးပွားရေးကို မတည်မငြိမ်ဖြစ်အောင် လုပ်နိုင်တယ်။ မင်းက မကြောက်ဘူးဆိုရင်တောင် မင်းတို့နိုင်ငံကရော မကြောက်တော့ဘူးတဲ့လား"
"ဟားဟားဟား..မုန့်လောင် သူက မင်းရှေ့မှာ စည်းစိမ်ဥစ္စာတွေအကြောင်း လာကြွားနေတာပဲ"
ဝမ်လင်ခမျာ အရယ်ရဆုံးဟာသတစ်ပုဒ်ကို ကြားလိုက်ရသည့်အလား ရယ်မောလေတော့သည်။ ဤစကားက ကျန်းမုန့်လောင်၏စကားပင် ဖြစ်သင့်သည်။
"ဟုန်းရီ ဒီကိုလာဦး"
ဟုန်းရီက ဧည့်ခန်းထဲသို့ လျှောက်လာပြီးနောက် ကြမ်းပြင်ပေါ်တွင် လဲကျနေသော သုန်းဝေ့နှင့် စည်းစိမ်ဥစ္စာကို ကြွားလုံးထုတ်နေသော ဒုတိယအကြီးအကဲတို့ကို တည်ငြိမ်အေးဆေးစွာ ကြည့်လိုက်လေသည်။
"ဘာလိုအပ်ပါသလဲ မစ္စတာကျန်း"
"နိဗ္ဗာန်ကျွန်းရဲ့ပိုင်ဆိုင်မှုအတိအကျကို စုံစမ်းပေး"
"မစ္စတာကျန်း.. နိဗ္ဗာန်ကျွန်းအကြောင်း စုံစမ်းတုန်းက ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ သူတို့ရဲ့ငွေသားပိုင်ဆိုင်မှုနဲ့ လုပ်ငန်းပိုင်ဆိုင်မှုတွေက ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ၁၀.၇ထရီလီယံလောက်ရှိတယ်လို့ သိထားပါတယ်"
သူ(မ)က ဆို၏။
ဒုတိယအကြီးအကဲမှာ အံ့အားသင့်သွားလေသည်။ နိဗ္ဗာန်ကျွန်း၏ပိုင်ဆိုင်မှုများမှာ ထရီလီယံဂဏန်းလောက် ရှိမည်ဟု သူ သိထားပြီးဖြစ်သော်ငြား ပမာဏအတိအကျတော့ မသိပေ။ ဤအမျိုးသမီးက တိတိကျကျစုံစမ်းထားနိုင်သဖြင့် သူကိုယ်တိုင်ပင် လန့်မိသည်။
"နည်းနည်းနောနောတော့ မဟုတ်ဘူးပဲ"
ကျန်းမုန့်လောင်က မှတ်ချက်ပြုလိုက်ချေသည်။ ဤမျှများပြားလှသော ပိုင်ဆိုင်မှုများမှာ ကမ္ဘာ့စီးပွားရေးကို အမှန်တကယ်ပင် မတည်မငြိမ်ဖြစ်အောင် လုပ်နိုင်လေသည်။
"ဒီပိုင်ဆိုင်မှုတွေကို သိမ်းယူဖို့ အချိန်ဘယ်လောက်ယူရမလဲ"
"အမြန်ဆုံးဆိုရင် ၁၇ရက်ပါ"
"ကောင်းတယ်။ ငါ မင်းကို ရက်၂၀အချိန်ပေးမယ်။ အဲဒီနိဗ္ဗာန်ကျွန်းသားတွေကို ဆင်းရဲလွန်းလို့ ဘောင်းဘီတောင် ဝတ်စရာမရှိတော့တဲ့ အခြေအနေအထိရောက်အောင် လုပ်ချင်တယ်"
"နားလည်ပါပြီ မစ္စတာကျန်း.. ကျွန်မ အခုချက်ချင်းစီစဉ်လိုက်ပါ့မယ်"
"၁၇ရက်တည်းနဲ့ နိဗ္ဗာန်ကျွန်းရဲ့ပိုင်ဆိုင်မှုတွေအားလုံးကို သိမ်းယူနိုင်တယ်တဲ့လား"
ဒုတိယအကြီးအကဲကတော့ ဟာသလုပ်နေသည်ဟုသာ ထင်လိုက်မိသည်။ ထိုကဲ့သို့သော ကိစ္စမျိုးကို မည်သူကများ လုပ်နိုင်မည်နည်း။ လူတစ်ယောက်၏စုစုပေါင်းပိုင်ဆိုင်မှုက ဆယ်ဆ၊ အဆတစ်ရာ သို့မဟုတ် အမေရိကန်ဒေါ်လာ၁၀ထရီလီယံကျော် ပိုမများသရွေ့တော့ မဖြစ်နိုင်ချေ။
သို့သော် ဤမျှကြောက်မက်ဖွယ်ကောင်းသော ပိုင်ဆိုင်မှုများကို မည်သူကများ ပိုင်ဆိုင်ထားနိုင်မည်နည်း။ ကျန်းမုန့်လောင်က ကမ္ဘာ့အချမ်းသာဆုံးလူဖြစ်နေလျှင်ပင် ထိုသို့လုပ်ဖို့ မဖြစ်နိုင်ပေ။ ထို့ပြင် Forbesစာရင်းအရ ကျန်းမုန့်လောင်၏ပိုင်ဆိုင်မှုက အမေရိကန်ဒေါ်လာတစ်ဆယ်ထရီလီယံအောက်မှာပင် ရှိသည်မဟုတ်လား။
"ဒီကမ္ဘာမြေကို ဘယ်သူက အုပ်စိုးထားလဲဆိုတာ ခင်ဗျားသိလား"
ကျန်းမုန့်လောင်က သရော်လိုက်ချေသည်။
"ခုနတုန်းက ခင်ဗျားရဲ့ခြိမ်းခြောက်စကားကို ပြန်ကြည့်မယ်ဆိုရင် ဒီလျော်ကြေးကို နှစ်ဆပိုတက်ဖို့ လိုမယ်ထင်တယ်။ ကျုပ် ခင်ဗျားကို ပိုက်ဆံစုဖို့ အချိန်သုံးရက်ပေးမယ်။ မပေးနိုင်လို့ကတော့ ခင်ဗျားရဲ့မြေး အသက်မဆက်နိုင်ရုံတင်မကဘူးနော်။ ကျုပ်ကိုယ်တိုင် အဲဒီပိုက်ဆံကို လာသိမ်းမှာ"
*******************