← Chapters

အခန်း (၁၈၂၁+၁၈၂၂)

Vol. 123 Ch. 1821+1822

အခန်း (၁၈၂၁+၁၈၂၂)

Vol. 123 Ch. 1821+1822

အခန်း(၁၈၂၁)

ကုန်းစွန်းယန်က အေးစက်စက် ရေရွတ်လိုက်သည်။

သူက ဟန်ယွဲ့နန်းတော်၏ ပါရမီရှင် ပိုင်ရှင်းကျန့်ကိုပင် မျက်နှာသာ မပေးခဲ့ပေ။

တကယ်တမ်းတွင် သူတို့ အဂ္ဂိရတ်ခန်းမ၏ ဟန်ယွဲ့နန်းတော်ရှိ အဆင့်အတန်းသည် ထူးခြားပြီး ပိုင်ရှင်းကျန့်၏ ကိုယ်ပိုင် လက္ခဏာရပ်ဖြင့်ပင် အဂ္ဂိရတ်ခန်းမ၏ ဆုံးဖြတ်ချက်ကို အလွယ်တကူ လွှမ်းမိုး၍ မရနိုင်ချေ။

ဟန်ယွဲ့နန်းတော်တွင် ယခင်က နယ်မြေနတ်ဘုရား ၃ပါး ရှိခဲ့သည်။

လွန်ခဲ့သည့် ၅နှစ်ခန့်က ဟန်ယွဲ့နန်းတော်၏ အကြီးအကဲချုပ် ဖြစ်သည့် နယ်မြေနတ်ဘုရား ကွယ်လွန်ပြီးနောက်တွင် ယခုအခါ၌ နယ်မြေနတ်ဘုရား ၂ပါးသာလျှင် ကျန်ရှိတော့၏။

ထိုနယ်မြေနတ်ဘုရား၂ပါးထဲတွင် ၁ပါးမှာ ပိုင်ရှင်းကျန့်၏ ဆရာဖြစ်သည့် ဟန်ယွဲ့နန်းတော်သခင် ဟောင်ယွဲ့ ဖြစ်ပြီး နောက်၁ပါးမှာ သူတို့ အဂ္ဂိရတ်ခန်းမ၏ ခန်းမသခင် ဖြစ်သည့် နယ်မြေနတ်ဘုရား ရွှယ်သောင်း ဖြစ်သည်။

ရွှယ်သောင်းသည် ဝါရင့် နယ်မြေ နတ်ဘုရားတစ်ပါး ဖြစ်ရုံသာမက ဟန်ယွဲ့နန်းတော်၏ တစ်ဦးတည်းသော နဝမအဆင့် အဂ္ဂိရတ်သခင်လည်း ဖြစ်သောကြောင့် ဟန်ယွဲ့နန်းတော်တွင် ရွှယ်သောင်း၏ အဆင့်အတန်းသည် ဟန်ယွဲ့နန်းတော်သခင်ထက် မနိမ့်ကျပေ။

ကျန်းချန်သာ အကဲဖြတ်စစ်ဆေးမှုကို အောင်မြင်သည့် သာမန်ဧည့်အရာရှိ တစ်ဦးသာဆိုလျှင် ကုန်းစွန်းယန်သည် တစ်မျိုးတစ်မည် စဥ်းစားကောင်း စဥ်းစားနိုင်၏။

သို့သော်လည်း ကျန်းချန်၏ အဂ္ဂိရတ်ပါရမီသည် ပြိုင်ဘက်ကင်းပြီး သူ၏ ဘဝတွင် ထိုကဲ့သို့ ပါရမီရှင်မျိုးကို ကျန်းချန်တစ်ယောက်တည်းသာ မြင်တွေ့ဖူးခဲ့သည်။

အဂ္ဂိရတ်ခန်းမ၏သခင် ဖြစ်သည့် နယ်မြေနတ်ဘုရားရွှယ်သောင်းပင်လျှင် ကျန်းချန်၏ အဂ္ဂိရတ်ပါရမီကို အံ့အားသင့်ကာ တပည့်အဖြစ် လက်ခံလိမ့်မည်ဟု ကုန်းစွန်းယန် ယုံကြည်မှု ရှိ၏။

ထိုကဲ့သို့သော အဂ္ဂိရတ် ပါရမီရှင်ကို ပိုင်ရှင်းကျန့်၏ စကားတစ်ခွန်းလောက်ဖြင့် မည်ကဲ့သို့ တားဆီး၍ ရနိုင်ပါအံ့နည်း။

ကုန်းစွန်းယန်က သူ့ကို မျက်နှာသာမပေးသည်အား မြင်လျှင် ပိုင်ရှင်းကျန့်၏ မျက်နှာအမူအရာသည် အကျည်းတန်သွားခဲ့သည်။

အဂ္ဂိရတ်ခန်းမသည် ဟန်ယွဲ့နန်းတော်တွင် ထူးခြားသော အဆင့်အတန်း ရှိစေကာမူ သူက ဟန်ယွဲ့နန်းတော်သခင်၏ တပည့် ဖြစ်သောကြောင့် ကုန်းစွန်းယန်သည် သူ့ကို မျက်နှာသာ အနည်းငယ်ပေးသင့်သည် မဟုတ်ပါလား။

ကုန်းစွန်းယန်၏ အမြင်တွင် အသစ် ရောက်ရှိလာသည့် ဧည့်အရာရှိ ကျန်းချန်သည် သူ့လို ဂိုဏ်း၏ အထွတ်အထိပ်ပါရမီရှင်ထက်ပင် ပို၍ အရေးကြီးနေပါသလော။

ပိုင်ရှင်းကျန့်၏ မျက်ဝန်းများတွင် ဒေါသအရိပ်အယောင်များ ယှက်သန်းသွားခဲ့သည်။

“အကြီးအကဲကုန်းစွန်း..”

သို့သော်လည်း ပိုင်ရှင်းကျန့် စကားစပြောလိုက်သည်နှင့် ကုန်းစွန်းယန်က လက်ကာပြလိုက်ကာ သူ၏ စကားကို အရေးမစိုက်ဟန်ဖြင့် ဖြတ်ပြောလိုက်သည်။

“ဘာမှ ဆက်ပြောနေဖို့မလိုတော့ဘူး.. မင်းရဲ့ဆရာ ကိုယ်တိုင် ဒီနေ့ ဒီနေရာမှာ ရှိနေရင်တောင် အဂ္ဂိရတ်ခန်းမရဲ့ ဧည့်အရာရှိ ကျန်းချန် ဖြစ်လာမှာကို တားဆီးနိုင်မှာမဟုတ်ဘူး”

ကုန်းစွန်းယန်၏ ပြတ်သားသော စကားကိုကြားလျှင် ပိုင်ရှင်းကျန့်၏ မျက်ဝန်းများတွင် အေးစက်သော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။

သို့သော်လည်း ကုန်းစွန်းယန်သည် အဂ္ဂိရတ်ခန်းမ၏ အကြီးအကဲတစ်ဦး ဖြစ်သည့်အပြင် အကဲဖြတ်စစ်ဆေးမှု၏ တာဝန်ခံပုဂ္ဂိုလ် ဖြစ်ကြောင်း ပိုင်ရှင်းကျန့် ကောင်းစွာ သိရှိထားခဲ့၏။

ထိုပုဂ္ဂိုလ်က ကျန်းချန်ကို ကာကွယ်ရန် ဆုံးဖြတ်ထားလျှင် သူ့အနေဖြင့် ကျန်းချန်ကို ဆက်လက် ပြဿနာရှာနေလျှင်လည်း အဓိပ္ပါယ်ရှိတော့မည် မဟုတ်ချေ။

ကျန်းချန်ကို ဟန်ယွဲ့နန်းတော်ထဲ ဝင်ရောက်ခြင်းမှ တားဆီး၍ မရသောကြောင့် ဟန်ယွဲ့နန်းတော်ထဲ ကျန်းချန် ဝင်ရောက်သည့်အချိန်အထိ စောင့်ဆိုင်းရတော့မည် ဖြစ်သည်။

ဟန်ယွဲ့နန်းတော်ထဲသို့ ကျန်းချန် ဝင်ရောက်သည်နှင့် ကျန်းချန်က ကုန်းစွန်းယန်၏ အထောက်အပံ့ကို ရရှိနေစေကာမူ သူ့တွင် ကျန်းချန်ကို ဒုက္ခပေးရန် နည်းလမ်းများစွာ ရှိနေဆဲပင်။

“အကြီးအကဲကုန်းစွန်းက သူ့ကို ဟန်ယွဲ့နန်းတော်ထဲ ဝင်ခွင့်ပြုဖို့ ထောက်ခံနေမှတော့ ဒီဂျူနီယာက ဘာမှ ပြောနေစရာမလိုတော့ဘူး”

ပိုင်ရှင်းကျန့်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ချက်ချင်းဆိုသလိုပင် ကျန်းချန်ကို လှောင်ပြုံးဖြင့် ကြည့်လိုက်သည်။

“ကျန်းချန် ဒီနေ့တော့ မင်းကံကောင်းသွားတယ်.. ဒါပေမဲ့ ငါတို့နှစ်ယောက်ကြားက ကိစ္စတွေက မပြီးဆုံးသေးဘူး.. ငါမင်းကို ဟန်ယွဲ့နန်းတော်ထဲမှာ စောင့်နေမယ်”

ထိုစကားကို ပြောပြီးနောက်တွင် ပိုင်ရှင်းကျန့်သည် ညစာစားပွဲတွင် ဆက်လက် ရှိနေရန် ရည်ရွယ်ချက် မရှိတော့ဘဲ ခန်းမထဲကနေ ထွက်ခွာသွားခဲ့သည်။

ပိုင်ရှင်းကျန့် ထွက်ခွာသွားပြီးနောက်တွင် ဝူထျန်းကျီသည် ကျန်းချန်ကို တရင်းတနှီး တောင်းပန် ပြောဆိုလိုက်၏။

“ညီနောင်ကျန်းချန် ဒီကောင်လေးက အဲဒီလိုပဲ ရန်လိုတတ်တယ်.. မင်းအတွက် အနှောင့်အယှက်ဖြစ်သွားခဲ့ရင် ငါပဲ သူ့ကိုယ်စား မင်းကို တောင်းပန်ပါတယ်”

သာမန်လူများ၏ မျက်လုံးထဲတွင် ဧည့်အရာရှိအသစ် ဖြစ်သည့် ကျန်းချန်သည် ပိုင်ရှင်းကျန့်နှင့် မယှဥ်နိုင်ပေ။

သို့သော်လည်း ဝူထျန်းကျီသည် ကျန်းချန်၏ အဂ္ဂိရတ်ပါရမီက အဂ္ဂိရတ်ခန်းမ၏ နံပါတ်(၁) အဂ္ဂိရတ်ပါရမီရှင် ဖြစ်သည့် ရှချင်းမင်ထက်ပင် ပိုမို အားကောင်းကြောင်း သိရှိထားခဲ့သည်။

ကျန်းချန်က အဂ္ဂိရတ်ခန်းမ၏ ခန်းမသခင် ဖြစ်သည့် နယ်မြေ နတ်ဘုရား ရွှယ်သောင်း၏ တပည့် ဖြစ်လာခဲ့လျှင် အနာဂတ်၌ ဟန်ယွဲ့နန်းတော်ရှိ ကျန်းချန်၏ အဆင့်အတန်းသည် ပိုင်ရှင်းကျန့်၏ အောက်တွင် လုံးဝရှိတော့မည် မဟုတ်ချေ။

“မြို့စားဝူကို ဂါဝရပြုပါတယ်”

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

“အစောပိုင်းက သခင်လေးဝူဟန်ကို ကျွန်တော် စော်ကားမိခဲ့တယ်.. မြို့စားဝူ စိတ်မဆိုးဖို့ မျှော်လင့်ပါတယ်”

“ဒီသားမိုက်က ဟန်ယွဲ့နန်းတော်ကို ဝင်ရောက်ပြီးကတည်းက ပိုပိုပြီး မောက်မာလာတယ်.. ညီငယ်လေး ကျန်းချန်က ငါ့ကိုယ်စား သူ့ကို သင်ခန်းစာပေးတဲ့ အတွက် ငါကတောင် ညီငယ်လေး ကျန်းချန်ကို ကျေးဇူးတင်ရမှာပါ”

ဝူထျန်းကျီက လက်ကာပြ၍ ပြောလိုက်သည်။

“ညီငယ်လေး ကျန်းချန်က အဂ္ဂိရတ်လမ်းစဥ်မှာ ပြိုင်ဘက်ကင်းတဲ့အတွက် ဟန်ယွဲ့နန်းတော်ထဲကို ရောက်ရင် ဝူဟန်ကို လမ်းညွှန်ပြသပေးဖို့ မျှော်လင့်ပါတယ်”

နှစ်ယောက်သားက တရင်းတနှီး စကားပြောဆိုပြီးနောက်တွင် ညစာစားပွဲသည် ပိုမို၍ အသက်ဝင်လာခဲ့သည်။

သို့သော်လည်း အစောပိုင်းတွင် ပြဿနာများ ဖြစ်ပွားခဲ့သောကြောင့် မြို့စားအိမ်တော်တွင် ကျင်းပသော ညစာစားပွဲသည် ထူးဆန်းသော အငွေ့အသက်များဖြင့် ပြီးဆုံးသွားခဲ့သည်။

နောက်တစ်နေ့လမနက်စောစောတွင် ကျန်းချန်နှင့် အခြားဧည့်အရာရှိသစ် ၇ဦးသည် ကုန်းစွန်းယန်နှင့် တခြား အကြီးအကဲများ၏ ဦးဆောင်မှုအောက်တွင် မြို့စားအိမ်တော်ရှိ အစီအရင်မှလတစ်ဆင့် ဟန်ယွဲနန်းတော် ဆီသို့ တိုက်ရိုက်ပင် တည်နေရာ ရွှေ့ပြောင်းခဲ့ကြသည်။

အလွန်လျင်မြန်စွာပင် ကျန်းချန်တို့လူစုသည် အစီအရင်မှတစ်ဆင့် ဟန်ယွဲ့နန်းတော် ဆီသို့ ရောက်ရှိလာခဲ့ကြ၏။

သူက အဝေးကနေ လှမ်းကြည့်လိုက်ရာ စိမ်းလန်းသော တောင်တန်းပေါ်တွင် တည်‌ဆောက်ထားသည့် ရဲတိုက်နှင့် ခန်းမ များစွာကို တွေ့လိုက်ရသည်။

ပတ်ဝန်းကျင်က အလွန်တရာပင် တိတ်ဆိတ်ပြီး ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားများကလည်း အလွန်တရာပင် ကြွယ်ဝနေခဲ့၏။

“မဟာမြေရိုင်းနယ်မြေရဲ့ နာမည်ကျော် နယ်မြေနတ်ဘုရားအင်အားစု ဖြစ်ဖို့ ထိုက်တန်ပါပေတယ်.. ဒီနေရာရဲ့ ကောင်းကင်နဲ့မြေကြီး စွမ်းအင်သိပ်သည်းမှုက အပြင်လောကထက် အနည်းဆုံး ၃ဆ ပိုမိုကြွယ်ဝနေတာပဲ”

ကျန်းချန်က အံ့အားသင့်နေခဲ့သည်။

အခြားတစ်နည်း ဆိုရလျှင် ဟန်ယွဲ့နန်းတော်တွင် ကျင့်ကြံခြင်းသည် အပြင်ဘက်တွင် ကျင့်ကြံခြင်းထက် အနည်းဆုံး ၃ဆ ပိုမို မြန်ဆန်၏။

မဟာမြေရိုင်းနယ်မြေမှ ကျင့်ကြံသူများသည် နယ်မြေနတ်ဘုရား အင်အားစုများကို ဝင်ရောက်လာကြသည်မှာ အံ့သြစရာ မရှိတော့ပေ။

ကြွယ်ဝသော ကောင်းကင်နှင့်မြေကြီး၏ စွမ်းအင်နှင့် အရင်းအမြစ်များသည် ကျင့်ကြံသူကို များစွာ အထောက်အပံ့ပေးနိုင်မည်မှာ သံသယဖြစ်ဖွယ်ရာ မရှိချေ။

ဟန်ယွဲ့နန်းတော်ထဲကို ဝင်ရောက်ပြီးနောက်တွင် ကျန်းချန်အပါအဝင် အဂ္ဂိရတ်စစ်ဆေးမှုကို အောင်မြင်ခဲ့သော ဧည့်အရာရှိ ၃ဦးသည် ကုန်းစွန်းယန်၏ ဦးဆောင်မှုအောက်တွင် ဟန်ယွဲ့နန်းတော်၏ အဂ္ဂိရတ်ခန်းမသို့ တိုက်ရိုက်ပင် သွားရောက်ခဲ့ကြသည်။

သူတို့အတွက် ဝတ်စုံနှင့် ကိုယ်ပိုင် အမှတ်တံဆိပ်ပြားများကို လက်ခံ ရယူပြီးနောက်တွင် ကုန်းစွန်းယန်သည် ကျန်းချန်တို့ ၃ဦးကို ဧည့်အရာရှိများ နေထိုင်သည့် နေရာသို့ ခေါ်ဆောင်သွားခဲ့၏။

“ကျန်းချန်.. ပိုင်ရှင်းကျန့်ရဲ့အကြောင်းကို ငါနားလည်ထားပုံအရဆိုရင် အဲဒီကောင်လေးက မင်းကို အလွယ်တကူ အလွှတ်ပေးမှာ မဟုတ်လောက်ဘူး.. မင်းက အဂ္ဂိရတ်ခန်းမရဲ့ အဆင့်မြင့် ဧည့်အရာရှိ ဖြစ်နေတဲ့အတွက် ပိုင်ရှင်းကျန့်က မင်းကို တိုက်ရိုက် တိုက်ခိုက်မှာတော့ မဟုတ်ဘူး.. ငါမင်းကို သတိပေးချင်တာက ပွင့်ပွင့်လင်းလင်း တိုက်ခိုက်တာကို တားဆီးရလွယ်ပေမဲ့ လျှို့ဝှက် တိုက်ခိုက်တာတွေကိုတော့ တားဆီးရခက်တယ် ဆိုတာပဲ.. ဒါကြောင့် မင်းအနေနဲ့ သတိထားမှ တော်ကာကြမယ်.. မင်းဘယ်လိုကိစ္စပဲ ကြုံတွေ့ပါစေ စိတ်လက်မာန်ပါ မလုပ်ဘဲ ငါ့ကို အချိန်မီ အကြောင်းကြားဖို့မမေ့ပါနဲ့”

ကုန်းစွန်းယန်က လမ်းပြရင်း ကျန်းချန်အား သွန်သင်ဆုံးမနေခဲ့သည်။

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်၏။

“အကြီးအကဲကုန်းစွန်း စိတ်ချပါ.. ကျွန်တော် ပိုင်ရှင်းကျန့်ကို သတိထားပါ့မယ်”

အမှန်စင်စစ် ကျန်းချန်သည် ပိုင်ရှင်းကျန့်ကို သိပ်အရေးမစိုက်ခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် အကြွင်းမဲ့အင်အား၏ ရှေ့တွင် လျှို့ဝှက်ကြံစည်မှုများနှင့် လှည့်စားမှုအားလုံးသည် ပျောက်ကွယ်သွားလိမ့်မည် ဖြစ်သောကြောင့်ပင်။

ပိုင်ရှင်းကျန့်၏ ဆရာဖြစ်သည့် ဟန်ယွဲ့နန်းတော်သခင် ဟောင်ယွဲ့ ကိုယ်တိုင် လှုပ်ရှားခြင်း မရှိသရွေ့ ကျန်းချန်၏ လက်ရှိအင်အားဖြင့် ဆိုလျှင် မည်သူ့ကို ကြောက်ရပါမည်နည်း။

“ဒီကာလအတွင်း သိုသိုသိပ်သိပ်နေဖို့ ငါအကြံပေးချင်တယ်”

ကုန်းစွန်းယန်က အလေးအနက် ပြောလိုက်သည်။

“ငါတို့ အဂ္ဂိရတ်ခန်းမရဲ့ ခန်းမသခင် ဖြစ်တဲ့ နယ်မြေနတ်ဘုရားရွှယ်သောင်းက ၁နှစ်ပတ်လည်း တံခါးပိတ် ကျင့်ကြံနေလေ့ရှိပြီး ၁လ ၁ကြိမ်လောက်ပဲ ကျင့်ကြံရာကနေ ထွက်လာတတ်တယ်.. ဒီတစ်ကြိမ် ခန်းမသခင် ရွှယ်သောင်းတံခါးပိတ် ကျင့်ကြံရာကနေ ထွက်လာခဲ့ရင် ငါမင်းကို သူ့ဆီ ခေါ်သွားပေးမယ်.. မင်းသာ ခန်းမသခင်ရွှယ်သောင်းရဲ့ တပည့် ဖြစ်လာမယ်ဆိုရင် ပိုင်ရှင်းကျန့်ကို လုံးဝ စိုးရိမ်စရာ မလိုတော့ဘူး”

ထိုစကားကိုကြားလျှင် ကျန်းချန်၏ မျက်လုံးများတွင် အလင်းရောင်တစ်ခု လင်းလက်သွားခဲ့သည်။

သူက ခန်းမသခင်ရွှယ်သောင်း၏ တပည့်ဖြစ်လာရန် စိတ်ဝင်စားမှုမရှိပေ။

သူ့တွင် အဆ ၁၀၀ စနစ်ရှိ၍ ကိုယ်ခံပညာရပ်ဖြစ်‌စေ၊ဆေးဝါးပညာရပ်ဖြစ်စေ မည်သူ တစ်ဦးတစ်ယောက်၏ လမ်းညွှန်မှုကိုမှ မလိုအပ်ချေ။

ဆိုရလျှင် သူ့တွင် ဆရာရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အရေးမကြီးပေ။

သို့သော်လည်း ခန်းမသခင်ရွှယ်သောင်းသည် ဟန်ယွဲ့နန်းတော်၏ လက်ရှိ နယ်မြေနတ်ဘုရား၂ပါးထဲမှ ၁ပါး ဖြစ်ပြီး လွန်ခဲ့သော ၅နှစ်က ကိစ္စကိုကိုင်တွယ်ခဲ့သူ ဖြစ်သည်။

သူသာ ခန်းမသခင် ရွှယ်သောင်း၏တပည့် ဖြစ်လာခဲ့လျှင် လွန်ခဲ့သော ၅နှစ်က ဖြစ်ပျက်ခဲ့သည့် ကိစ္စသည် သူ၏ အမေကျီဝူရွှယ်နှင့် ဆက်စပ်မှု ရှိမရှိ သိရှိနိုင်လိမ့်မည် မဟုတ်ပါလော။

အခန်း(၁၈၂၂)

ဟန်ယွဲ့ဂိုဏ်း၏ ဧည့်အရာရှိနေအိမ်ကို ဧည့်အရာရှိ၏ အဆင့်အတန်း အလိုက် ခွဲခြားသတ်မှတ်ထားသည်။

အဆင့်မြင့် ဧည့်အရာရှိ၏ နေအိမ်သည် အလယ်အလတ် ဧည့်အရာရှိနှင့် အဆင့်နိမ့် ဧည့်အရာရှိ၏ နေအိမ်များထက် သိသိသာသာပင် ပိုမို ကောင်းမွန်သည်။

ကျန်းချန်က အဆင့်မြင့် ဧည့်အရာရှိများ နေထိုင်သည့် နေရာမှ လူမနေသည့် နေအိမ်တစ်လုံးကို ရွေးချယ်ကာ နေထိုင်ခဲ့သည်။

ထို့နောက် သူက အဂ္ဂိရတ်ခန်းမ၏ အဆင့်မြင့် ဧည့်အရာရှိဝတ်စုံကို ပြောင်းလဲဝတ်ဆင်ကာ ပတ်ဝန်းကျင်နှင့် အနည်းငယ် ရင်းနှီးကျွမ်းဝင်စေရန် လှည့်လည် သွားလာခဲ့သည်။

အဂ္ဂိရတ်ခန်းမ၏ ပတ်ဝန်းကျင်တွင် အနည်းငယ် ရင်းနှီးကျွမ်းဝင်ပြီးနောက်တွင် ကျန်းချန်သည် ဟန်ယွဲ့နန်းတော်ရှိ အခြားနေရာများသို့ မသွားတော့ဘဲ သူ၏ နေအိမ်သို့ ပြန်လာခဲ့၏။

ဟန်ယွဲ့နန်းတော်၏ အဂ္ဂိရတ်ခန်းမနှင့် သက်ဆိုင်သော ဧရိယာသည် ဟန်ယွဲ့မြို့တော် တစ်ဝက်စာခန့် ရှိသည်။

ဆိုရလျှင် ဟန်ယွဲ့နန်းတော်သည် အလွန်တရာပင် ကြီးမား၍ သူ၏ မိခင်ကို ရှာဖွေရန်သည် ပင်လယ်ထဲတွင် အပ်ရှာသကဲ့သို့ ဖြစ်နေခဲ့၏။

ပြောနေစရာ မလိုလောက်အောင်ပင် ကျန်းချန်သည် ဟန်ယွဲ့နန်းတော်နှင့် ပတ်သက်၍ သိပ်နားမလည်သေးသည့် အပြင် သူ့ကို အမြဲတစေ ပြဿနာရှာရန် ကြိုးစားနေသည့် ပိုင်ရှင်းကျန့် ရှိနေခြင်းကလည်း ဟန်ယွဲ့နန်းတော်တွင် လှုပ်ရှားရန် အတွက် သူ့ကို အခက်အခဲများစွာ ရှိစေခဲ့သည်။

ကျန်းချန်က ပိုင်ရှင်းကျန့်ကို မကြောက်ရွံ့သော်လည်း မလိုလားအပ်သည့် ပြဿနာများကို ဖြစ်ပွားလိုခြင်း မရှိပေ။

ထို့ကြောင့် သူက ကုန်းစွန်းယန်၏ ညွှန်ကြားချက် အတိုင်းပင် ဟန်ယွဲ့နန်းတော်တွင် သိုသိုသိပ်သိပ် နေထိုင်ရန် ဆုံးဖြတ်ခဲ့ပြီး အဂ္ဂိရတ်ခန်းမသခင် ရွှယ်‌သောင်း တံခါးပိတ် ကျင့်ကြံရာကနေ ထွက်လာသောအခါ တွေ့ဆုံရန် ဆုံးဖြတ်ခဲ့၏။

သို့သော်လည်း ကျန်းချန်၏ တံခါးပိတ် ကျင့်ကြံသည့် အစီအစဥ်သည် ၂ရက်သာလျှင် ကြာမြင့်ခဲ့ပြီး ပျက်စီးသွားခဲ့သည်။

အကြောင်းရင်းမှာ ၃ရက်မြောက်နေ့တွင် အဂ္ဂိရတ်ခန်းမရှိ အဆင့်မြင့် ဧည့်အရာရှိအားလုံးက အစည်းအဝေးတက်ရောက်ရမည် ဟူသော သတင်းကို လက်ခံရရှိခဲ့သောကြောင့်ပင်။

ထို့ကြောင့် ကျန်းချန်က အစည်းအဝေးကျင်းပမည့် နေရာသို့ အချိန်မီ ရောက်ရှိလာခဲ့သည်။

သူ၏ အသွင်အပြင်ကို မြင်လျှင် အဂ္ဂိရတ်ခန်းမ၏ အဆင့်မြင့်ဧည့်အရာရှိများ အကြားတွင် ဆွေးနွေးမှုများစွာ ဖြစ်ပေါ်လာခဲ့သည်။

“ဒီကောင်လေးက အဂ္ဂိရတ်ခန်းမကို အသစ်ရောက်ရှိလာတဲ့ အဆင့်မြင့် ဧည့်အရာရှိလား"

"သူက အရမ်းကို ငယ်ရွယ်လွန်းတာပဲ.. အဂ္ဂိရတ်ခန်းမရဲ့ အဆင့်မြင့်ဧည့်အရာရှိ အကဲဖြတ်စစ်ဆေးမှုက ဒီလောက်ထိတောင် လွယ်ကူနေပြီလား”

“............”

အဂ္ဂိရတ်ခန်းမ၏ ၁၀ဦးထက် မနည်းသော အဆင့်မြင့်ဧည့်အရာရှိများသည် ဧည့်အရာရှိအသစ် ဖြစ်သည့် ကျန်းချန်ကို အထင်သေးနေခဲ့ကြသည်။

ဟန်ယွဲ့နန်းတော်သည် ရှည်လျားသော သမိုင်းကြောင်းရှိသည့် နယ်မြေနတ်ဘုရား အင်အားစုဖြစ်ပြီး အရင်းအမြစ် ကြွယ်ဝသည့်တိုင် ဌာနတိုင်းကို ခွဲဝေပေးသည့် အရင်းအမြစ်များသည် အကန့်အသတ်များ ရှိနေဆဲပင်။

ဥပမာအားဖြင့် အဂ္ဂိရတ်ခန်းမ၏ အဆင့်မြင့် ဧည့်အရာရှိများ အတွက် လစဥ်ရရှိသည့် အရင်းအမြစ်များသည် ပုံသေဖြစ်သည်။

ယခု ကျန်းချန်ကဲ့သို့ အဆင့်မြင့် ဧည့်အရာရှိတစ်ဦး တိုးလာခြင်းသည် အရင်းအမြစ်များကို ခွဲဝေယူမည့်သူ တစ်ဦး တိုးလာသည်ဟု ဆိုလိုပြီး သူတို့ရရှိမည့် လစဥ် အရင်းအမြစ်များသည် နည်းပါးသွားလိမ့်မည် ဖြစ်၏။

ထို့အပြင် အသစ်ရောက်ရှိလာသော အဆင့်မြင့်ဧည့်အရာရှိက မလောက်လေး မလောက်စား ကောင်လေးတစ်ယောက် ဖြစ်နေသည်ကို မြင်လျှင် သူတို့လူစုက သဘာဝကျစွာပင် ဒေါသထွက်လာခဲ့ကြသည်။

“အားလုံးပဲ တိတ်တိတ်နေကြပါ”

ထိုအချိန်မှာပင် အဓိကထိုင်ခုံတွင် ထိုင်နေသော အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုတစ်ဦးက မတ်တတ်ထရပ်ကာ ပြောလိုက်သည်။

ထိုအနက်ရောင်ဝတ်စုံဝတ် အဘိုးအိုသည် အဆင့်မြင့်ဧည့်အရာရှိများထဲတွင် အရှိန်အဝါ ကြီးမားသည့် ကျိုချိုးမင် ဖြစ်ပြီး အဂ္ဂိရတ်ခန်းမ၏ အဆင့်မြင့် ဧည့်အရာရှိ ကိစ္စများကို စီမံခန့်ခွဲရန် တာဝန်ယူထားသောသူ ဆိုလည်းမမှားပေ။

“ဒီနေ့ အစည်းအဝေး ခေါ်လိုက်ရတဲ့ အကြောင်းအရင်းက ငါတို့ အဂ္ဂိရတ်ခန်းမကို အဆင့်မြင့်ဧည့်အရာရှိအသစ် တစ်ဦး ရောက်ရှိလာလို့ပဲ.. ဒီက ဆရာကျန်းချန်က အဂ္ဂိရတ် အကဲဖြတ် စစ်‌ဆေးမှုကို အောင်မြင်ခဲ့တဲ့ အဆင့်မြင့် ဧည့်အရာရှိအသစ်ပဲ”

ကျိုချိုးမင်က လူတိုင်းကို ဝေ့ကြည့်လိုက်ပြီး တည်ငြိမ်သောလေသံဖြင့် ပြောလိုက်သည်။

“အဖွဲ့ဝင်အသစ် ထပ်ရောက်လာတဲ့အတွက် ငါတို့ အဆင့်မြင့်ဧည့်အရာရှိတွေရဲ့ လစဥ်ပြုလုပ်ရမဲ့ မစ်ရှင်အတွက် ပြန်လည်ညှိနှိုင်းမှုတွေလုပ်ဖို့ လိုအပ်လာခဲ့ပြီ”

ကျိုချိုးမင်က အပိုစကားများကို မပြောတော့ဘဲ အဆင့်မြင့်ဧည့်အရာရှိများ၏ မစ်ရှင်တာဝန်များကို ချက်ချင်းဆိုသလို စတင် ညှိနှိုင်းခဲ့သည်။

ဧည့်အရာရှိများသည် ဟန်ယွဲ့နန်းတော်ကနေ အရင်းအမြစ်များနှင့် ပံ့ပိုးမှုများကို ရရှိသော်လည်း အခြေခံ မစ်ရှင်များကိုမူ ပြီးမြောက်အောင် လုပ်ဆောင်ရ၏။

ဧည့်အရာရှိများ၏ အဆင့်အတန်းကို လိုက်၍ လစဥ် လုပ်ဆောင်ရမည့် မစ်ရှင်များသည် ကွဲပြားမှုရှိသည်။

ဥပမာအားဖြင့် အဂ္ဂိရတ်ခန်းမ၏ အဆင့်မြင့်ဧည့်အရာရှိ ဌာနတွင် ၁လ လျှင် မစ်ရှင်၂ခု ရှိသည်။

ထိုအထဲမှ တစ်ခုမှာ ပဉ္စမအဆင့် ကောင်းကင်နတ်ဘုရားဆေးလုံး ၃၀၀ကို သန့်စင်ရခြင်း ဖြစ်၏။

နောက်တစ်ခုကမူ ၁လတွင် ၁ကြိမ် အဆင့်မြင့်ဧည့်အရာရှိတစ်ဦးကို အဂ္ဂိရတ်ခန်းမသို့ စေလွှတ်ကာ အဂ္ဂိရတ်ခန်းမ၏ တပည့်များအား သင်ပြရခြင်း ဖြစ်သည်။

ယခုအခါတွင် အဂ္ဂိရတ်ခန်းမ၏ အဆင့်မြင့် ဧည့်အရာရှိများတွင် ကျန်းချန်ကိုပါ ထပ်ပေါင်းလိုက်လျှင် ၁၅ဦး ရှိသွားခဲ့ပြီဖြစ်ရာ ပထမမစ်ရှင် ဖြစ်သည့် ပဉ္စမအဆင့် ကောင်းကင်နတ်ဘုရားဆေးလုံး ၃၀၀ကို တစ်ဦးလျှင် အလုံး ၂၀ခန့် တာဝန်ယူကာ သန့်စင်ရမည် ဖြစ်၏။

မှန်ပါသည်။ ဤမစ်ရှင်တွင် ပဉ္စမအဆင့် ကောင်းကင်နတ်ဘုရားဆေးလုံး၂၀ကို သန့်စင်ရန်အစား စတုတ္ထအဆင့် ကောင်းကင်နတ်ဘုရား ဆေးလုံးကိုလည်း သန့်စင်ရန် ရွေးချယ်နိုင်ပေသည်။

စတုတ္ထအဆင့် ကောင်းကင်နတ်ဘုရားဆေးလုံးကို ရွေးချယ်လျှင်မူ ပဉ္စမအဆင့် ကောင်းကင်နတ်ဘုရားဆေးလုံး၏ အရေအတွက် ၃ဆကို သန့်စင်ပေးရမည် ဖြစ်၏။

ကျန်းချန်က အဆင့်မြင့် ဧည့်အရာရှိများ၏ မစ်ရှင်များကို သိပ်အာရုံမစိုက်ခဲ့ပေ။

အကြောင်းရင်းမှာ ၁လလျှင် ပဉ္စမအဆင့် ကောင်းကင်နတ်ဘုရားဆေးလုံး အလုံး ၂၀ သို့မဟုတ် စတုတ္ထအဆင့် ကောင်းကင်နတ်ဘုရား ဆေးလုံး အလုံး ၆၀သည် ကျန်းချန်အတွက် အများဆုံး ၂ရက် သို့မဟုတ် ၃ရက်သာလျှင် ကြာမြင့်မည် ဖြစ်သောကြောင့်ပင်။

နောက်ထပ်မစ်ရှင် ဖြစ်သည့် အဂ္ဂိရတ်ခန်းမ၏ တပည့်များကို ညွှန်ကြား ပြသပေးရသည့် မစ်ရှင်မှာ ၁နှစ်ကျော်မှသာ အလှည့်တစ်ကြိမ် ကျရောက်မည် ဖြစ်သောကြောင့် သူ့အတွက် စိတ်အနှောင့်အယှက် ဖြစ်စရာမရှိပေ။

“ဆရာကျန်း.. မင်းက ဒီကို ပထမဆုံးအကြိမ်‌ ရောက်လာတာဆိုတော့ အဂ္ဂိရတ်ခန်းမက တပည့်တွေနဲ့ မရင်းနှီးသေးဘူး.. ဒါကြောင့် ဒီလအတွက် သင်ကြား ပြသပေးရမဲ့ တာဝန်ကို မင်းဆီလွှဲပေးချင်တယ်.. ငါတို့က တစ်လစီ နောက်ဆုတ်လိုက်မယ်.. မင်းဘယ်လိုသဘောရလဲ”

ကျိုချိုးမင်က အဂ္ဂိရတ်မစ်ရှင်များကို ပြန်လည် ညှိနှိုင်းပြီးနောက်တွင် ရုတ်တရက် ကျန်းချန်ကို ပြောလိုက်သည်။

ကျိုချိုးမင်၏ စကားကိုကြားလျှင် အဂ္ဂိရတ်ခန်းမထဲရှိ အဆင့်မြင့် ဧည့်အရာရှိများသည် အံ့အားသင့်သွားကြသည်။

မကြာခင်မှာပင် ကျန်းချန်ကို ကြည့်နေကြသော သူတို့၏ အကြည့်တွင် ထူးဆန်းသော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။

ပုံမှန် လုပ်ထုံးလုပ်နည်းများအရ ဆိုလျှင် အသစ် ရောက်ရှိလာသော အဆင့်မြင့်ဧည့်အရာရှိသည် အဂ္ဂိရတ်ခန်းမမှ တပည့်များကို ချက်ချင်းဆိုသလို လမ်းညွှန်ပြသရခြင်း မရှိပေ။

အဂ္ဂိရတ်ခန်းမမှ တပည့်များ၏ အခြေအနေနှင့် ရင်းနှီးကျွမ်းဝင်ပြီးမှသာလျှင် လမ်းညွှန်ပြသပေးရမည် ဖြစ်၏။

ဆိုရလျှင် ဟန်ယွဲ့နန်းတော်၏ အဂ္ဂိရတ်ခန်းမကို ဝင်ရောက်နိုင်သည့် တပည့်များသည် ထူးကဲသော ပါရမီရှင်များ ဖြစ်ကြသည်။

ထိုကဲ့သို့သော ပါရမီရှင်တပည့်များကို လမ်းညွှန်ပြသရန်မှာ လွယ်ကူသော အလုပ်တစ်ခု မဟုတ်ပေ။

အသစ်ရောက်ရှိလာသည့် အဆင့်မြင့်ဧည့်အရာရှိကို ထိုတာဝန်အား ထမ်းဆောင်ရန် တာဝန်ပေးခဲ့လျှင် အမှားအယွင်းများ ရှိခဲ့ပါက ဧည့်အရာရှိများ၏ ဂုဏ်သတင်းကို ထိခိုက်နိုင်ပေမည်။

သို့သော်လည်း ဤတစ်ကြိမ်တွင် ကျိုချိုးမင်သည် ထိုတာဝန်ကို ကျန်းချန်အား ပေးခဲ့၍ ကျန်းချန်ကို အရှက်ကွဲစေလိုသည်မှာ ထင်ရှားနေခဲ့၏။

ဧည့်အရာရှိအသစ် ဖြစ်သည့် ထိုကောင်လေးသည် ကျိုချိုးမင်ကို စော်ကားမိခဲ့ပါသလော။

ကျန်းချန်က ခေါင်းညိတ်၍ ပြန်ဖြေလိုက်သည်။

“အဆင်ပြေပါတယ်”

သူ့ပတ်ဝန်းကျင်ရှိ အဆင့်မြင့် ဧည့်အရာရှိများ၏ အကြည့်များမှတစ်ဆင့် ကျိုချိုးမင်၏ အစီအစဥ်က ပုံမှန်မဟုတ်ကြောင်း သူခပ်ရေးရေး ခံစားမိသော်လည်း အရေးမစိုက်ခဲ့ပေ။

သူ့အတွက် မစ်ရှင်ကို စောစော ထမ်းဆောင်ခြင်းနှင့် နောက်ကျမှ ထမ်းဆောင်ခြင်းသည် သိပ်မကွာခြားချေ။

“အားလုံးပဲ သဘောထား ကွဲလွဲမှုမရှိတော့ဘူး ဆိုရင် အစည်းအဝေးကို ဒီမှာပဲ အဆုံးသတ်လိုက်မယ်.. အားလုံးပြန်လို့ရပါပြီ”

ထိုစကားကို ပြောပြီးနောက်တွင် ကျိုချိုးမင်သည် ကျန်းချန်အား သတိပေးစကား ပြောလိုက်သည်။

“အဆင့်မြင့်ဧည့်အရာရှိတွေက လစဥ်လတိုင်း ၁၅ရက်နေ့ မတိုင်ခင်မှာ အဂ္ဂိရတ်ခန်းမက တပည့်တွေကို သင်ကြားပေးရတယ်.. အခု ၃ရက်ပဲလိုတော့တယ်.. ဆရာကျန်းချန် မမေ့ပါနဲ့”

“စိတ်မပူပါနဲ့.. နောက် ၃ရက်နေရင် အဂ္ဂိရတ်ခန်းမက တပည့်တွေကို သင်ကြားဖို့အတွက် အချိန်မီ အရောက်လာခဲ့ပါမယ်”

ကျန်းချန်က တည်ငြိမ်စွာ ပြောလိုက်ပြီး မတ်တတ်ထရပ်ကာ အစည်းအဝေး ခန်းမကနေ ထွက်လာခဲ့သည်။

ထွက်ခွာသွားသော ကျန်းချန်၏ ကျောပြင်ကို ငေးကြည့်ကာ ကျိုချိုးမင်၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။

လွန်ခဲ့သော၂ရက်က ဟန်ယွဲ့နန်းတော်သခင်၏ တပည့်ဖြစ်သည့် ပါရမီရှင် ပိုင်ရှင်းကျန့်သည် သူ့ကို လာရောက် တွေ့ဆုံခဲ့ပြီး အဆင့်မြင့်ဧည့်အရာရှိအသစ် ဖြစ်သည့် ကျန်းချန်ကို ဒုက္ခပေးရန် တောင်းဆိုခဲ့သည်။

ကိစ္စများ ပြီးပြတ်သွားခဲ့လျှင် ပိုင်ရှင်းကျန့်သည် သူ့ကို ဟန်ယွဲ့နန်းတော်၏ အကြီးအကဲတစ်ဦး ဖြစ်လာအောင် ကူညီပေးမည်ဟု ကတိပေးခဲ့သည်။

ယင်းကဲ့သို့ ကောင်းမွန်သော ကမ်းလှမ်းချက်ကို ကျိုချိုးမင်သည် အဘယ်ကဲ့သို့ ငြင်းပယ်နိုင်ပါအံ့နည်း။

ထိုအကြောင်းကြောင့်ပင် သူက ကျန်းချန်အား သင်ကြားမှုတာဝန်ကို ချက်ချင်းဆိုသလို ထမ်းဆောင်ခိုင်းခဲ့ခြင်းပင်။

အချိန်တန်လျှင် အဂ္ဂိရတ်ခန်းမမှ တပည့်တချို့ကို လျှို့ဝှက်စွာ လှုံ့ဆော်ကာ ကျန်းချန် သင်ကြားပြသနေစဥ်အတွင်း ပြဿနာရှာခိုင်းလိုက်ရုံသာ ဖြစ်သည်။

ယင်းနောက်တွင်မူ ကျန်းချန်သည် အရှက်တကွဲဖြစ်ကာ ဟန်ယွဲ့နန်းတော်ကနေ ထွက်ခွာရပေလိမ့်မည်။

“ကောင်လေး မင်းငါ့ကို အပြစ်မတင်ပါနဲ့.. မစော်ကားသင့်တဲ့သူကို စော်ကားမိတဲ့ မင်းကိုယ်မင်းပဲ အပြစ်တင်ရမယ်”

ကျိုချိုးမင်က စိတ်ထဲကနေ အေးစက်စက် ပြုံးလိုက်သည်။

ပိုင်ရှင်းကျန့် ကဲ့သို့ ဟန်ယွဲ့နန်းတော်၏ အထွတ်အထိပ်ပါရမီရှင်ကို စော်ကားပြီး ဟန်ယွဲ့နန်းတော်၏ ဧည့်အရာရှိ ဖြစ်လာရန် စိတ်ကူးယဥ်နေခြင်းသည် အိပ်မက်မက်နေခြင်းသာ ဖြစ်သည်။

နောက်၃ရက် အကြာတွင် အဂ္ဂိရတ်ခန်းမမှ တပည့်များကို သင်ကြားပြသရမည့်နေ့သည် ကျန်းချန်က ဟန်ယွဲ့နန်းတော်ကနေ ထွက်ခွာရမည့်နေ့ ဖြစ်ပေလိမ့်မည်။

All Chapters