အခန်း (၁၈၂၃+၁၈၂၄)
Vol. 123 Ch. 1823+1824
အခန်း(၁၈၂၃)
အဂ္ဂိရတ်ခန်းမ၏ ဧည့်အရာရှိများ အစည်းအဝေးအပြီးတွင် အသစ် ရောက်ရှိလာသည့် အဆင့်မြင့် ဧည့်အရာရှိ ကျန်းချန်သည် ၃ရက်အတွင်း အဂ္ဂိရတ်ခန်းမ တပည့်များကို သင်ကြားပေးမည် ဟူသော သတင်းသည် အဂ္ဂိရတ်ခန်းမတွင် ပျံ့နှံ့သွားခဲ့သည်။
ထိုသတင်းကို ရရှိခဲ့ပြီးနောက်တွင် ကုန်းစွန်းယန်သည် ကျန်းချန်ကို ချက်ချင်းပင် လာရောက် တွေ့ဆုံခဲ့သည်။
“ကျန်းချန်.. ကျိုချိုးမင်းက မင်းကို ၃ရက်အတွင်း အဂ္ဂိရတ်ခန်းမက တပည့်တွေကို သင်ကြားပေးဖို့ စီစဥ်ထားတယ် ဆိုတာ တကယ်ပဲလား”
ကုန်းစွန်းယန်က ကျန်းချန်ကို ကြည့်ကာ မေးလိုက်သည်။
သူ၏ မျက်နှာအမူအရာက အနည်းငယ် မသာမယာ ဖြစ်နေခဲ့၏။
“ဟုတ်တယ် အကြီးအကဲကုန်းစွန်း.. သိပ်မကြာခင်က ကျင်းပခဲ့တဲ့ အစည်းအဝေးမှာ ကျိုချိုးမင်က ကျွန်တော့်ကို ၃ရက်အတွင်း အဂ္ဂိရတ်ခန်းမက တပည့်တွေကို သင်ကြားပေးဖို့ တောင်းဆိုခဲ့တယ်”
ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး စူးစမ်းသော အမူအရာဖြင့်မေးလိုက်သည်။
“ဘာပြဿနာများရှိလို့လဲ အကြီးအကဲ ကုန်းစွန်း”
“ပုံမှန်ဆိုရင် အသစ် ရောက်ရှိလာတဲ့ အဆင့်မြင့် ဧည့်အရာရှိက အနည်းဆုံး ၃လအကြာမှပဲ ဒီမစ်ရှင်ကို လက်ခံရတယ်”
ကုန်းစွန်းယန်က လေးနက်သောလေသံဖြင့် ပြောလိုက်သည်။
“ပိုင်ရှင်းကျန့်ဆိုတဲ့ ကောင်ရဲ့ လှုပ်ရှားမှုတွေက ငါထင်ထားတာထက် ပိုသွက်နေတာပဲ.. ကျိုချိုးမင်က မင်းကို ပစ်မှတ်ထားနေတာ ပိုင်ရှင်းကျန့်ရဲ့ လက်ချက်ပဲ ဖြစ်ရမယ်”
“လက်စသတ်တော့ ဒီလိုကိုး”
ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
ကျိုချိုးမင်က သူ့ကို အဂ္ဂိရတ်ခန်းမမှ တပည့်များအား သင်ကြားပေးရန် ပြောဆိုသောအခါတွင် အခြားသော အဆင့်မြင့် ဧည့်အရာရှိများက သူ့ကို ထူးဆန်းသော အမူအရာများဖြင့် ကြည့်နေကြသည်မှာ အံ့သြစရာ မရှိတော့ပေ။
“ကျန်းချန်.. ကျိုချိုးမင်က မင်းကို ၃ရက်အတွင်း သင်ကြားဖို့ စီစဥ်တာကို အဂ္ဂိရတ်ခန်းမက လူတိုင်း သိနေပြီဆိုတော့ ငါတားလို့ မရတော့ဘူး.. ငါ့ရဲ့ခန့်မှန်းချက်သာ မမှားဘူးဆိုရင် မင်းရဲ့ သင်ကြားမှုက လုံးဝ လွယ်ကူမှာမဟုတ်ဘူး.. ဒါကြောင့် သတိထားဖို့ ငါအကြံပေးချင်တယ်.. အရမ်းကြီးတော့ စိတ်မပူပါနဲ့.. အခြေအနေကို ထိန်းသိမ်းဖို့အတွက် ငါကိုယ်တိုင် အဲဒီကို လာခဲ့မယ်”
ကုန်းစွန်းယန်က လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
သူက အဂ္ဂိရတ်ခန်းမ၏ ဝါရင့် အကြီးအကဲတစ်ဦး ဖြစ်၍ ကျိုချိုးမင်၏ ဆုံးဖြတ်ချက်ကို အတင်းအကျပ် ဟန့်တားနိုင်သည့်အခွင့်အာဏာ ရှိသည်။
သို့သော်လည်း ကျိုချိုးမင်သည် ထိုအကွက်ကို ကြိုတင်ခန့်မှန်းမိပုံရပြီး အဂ္ဂိရတ်ခန်းမတွင် သတင်းကို ဖြန့်လိုက်သည်။
အကယ်၍ ကျန်းချန်က အဂ္ဂိရတ်ခန်းမမှ တပည့်များကို သင်ကြားရာတွင် မတော်တဆ ချွတ်ချော်မှုများ ရှိခဲ့လျှင် အဂ္ဂိရတ်ခန်းမသခင် ရွှယ်သောင်း၏ ကျန်းချန်အပေါ် အမြင်ကို ထိခိုက်စေနိုင်ပြီး ယင်းသည် ကျန်းချန်၏ တိုးတက်မှုကို ဆိုးဆိုးရွားရွား ထိခိုက်စေလိမ့်မည် ဖြစ်၏။
ကျန်းချန်က ယုံကြည်မှုအပြည့်ဖြင့် ပြုံးကာ ပြောလိုက်သည်။
“အကြီးအကဲကုန်းစွန်း သတိပေးတာ ကျေးဇူးတင်ပါတယ်.. ကျွန်တော် သတိထားပါမယ်”
ကျိုချိုးမင်က သူ့ကို အဂ္ဂိရတ်ခန်းမမှ တပည့်များအား သင်ကြားရန် စီစဥ်ပြီး ထိုတပည့်များ၏ အကူအညီဖြင့် သူ့ကို အရှက်ခွဲရန် ကြံစည်နေသည်မှာ ဟန်ယွဲ့နန်းတော်တွင် မနေနိုင်စေရန် အတွက်သာ ဖြစ်ရပေမည်။
သို့ရာတွင် သူ၏ အဂ္ဂိရတ်သခင် အဆင့်က မမြင့်မားသော်လည်း သူ့တွင် အဆ ၁၀၀ စနစ် ရှိနေခဲ့၏။
အဂ္ဂိရတ်ခန်းမမှ တပည့်များသာ သူ့ကို အဂ္ဂိရတ်ပညာရပ်နှင့် ပတ်သက်၍ အရှက်ကွဲစေလိုသည် ဆိုလျှင် ၎င်းတို့သည် နုနေသေးသည်ဟုပင် ဆိုရပေမည်။
ကျန်းချန်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိနေသည်ကိုမြင်လျှင် ကုန်းစွန်းယန်သည် ကျန်းချန်၏ ချင်းရှန့်အပေါ် လမ်းညွှန်ပြသမှုအား ပြန်လည် တွေးတောမိပြီး အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။
ကျန်းချန်၏ ကြောက်မက်ဖွယ်ရာကောင်းသော လမ်းညွှန်ပြသမှုများသည် သူ့ထက်ပင် မနိမ့်ကျသည့် အတွက် အဂ္ဂိရတ်ခန်းမမှ တပည့်များကို အမှန်တကယ် စည်းရုံးနိုင်လောက်ပေသည်။
ဤသို့ဖြင့် ၃ရက်ဟူသော အချိန်ကာလသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ကုန်ဆုံးသွားခဲ့ပြီး များမကြာမီမှာပင် ကျန်းချန်သင်ကြား ပြသရမည့်နေ့သို့ ရောက်ရှိလာခဲ့သည်။
ယနေ့တွင် အဂ္ဂိရတ်ခန်းမ၏ သင်ကြားရေးခန်းမသို့ အဂ္ဂိရတ်ခန်းမ၏ တပည့်၁၀၀ နီးပါးသည် စောစောစီးစီး ရောက်နေခဲ့ကြသည်။
ထိုအထဲတွင် ရှချင်းမင်နှင့် ဝူဟန်တို့ ကဲ့သို့ နာမည်ကျော် အဂ္ဂိရတ် ပါရမီရှင်များ ပါဝင်ပြီး ၎င်းတို့သည် ရှေ့ဆုံး အတန်းတွင် ထိုင်နေကြသည်။
ပုံမှန်အားဖြင့် ရှချင်းမင်ကဲ့သို့ ထိပ်တန်း ပါရမီရှင်များသည် အဂ္ဂိရတ်ခန်းမ၏ အကြီးအကဲများကို ဆရာအဖြစ် တင်မြှောက်ထားကြသည်။
ထိုအကြီးအကဲများ၏ လမ်းညွှန်ပြသမှုဖြင့် သူတို့သည် အဆင့်မြင့် အရာရှိများ၏ ဟောပြောပို့ချမှုများကို နားထောင်ရန် မလိုအပ်ပေ။
ယေဘုယျအားဖြင့် အဆင့်မြင့်ဧည့်အရာရှိများ၏ ဟောပြောပို့ချမှုသည် အဂ္ဂိရတ်ခန်းမမှ သာမန် တပည့်တချို့ကိုသာ ရည်ရွယ်ပြီး အဂ္ဂိရတ်ခန်းမ၏ တပည့်တစ်ဝက်အောက်သာလျှင် အတန်းတက်ရန် ရောက်ရှိလာလေ့ ရှိသည်။
ဤတစ်ကြိမ်တွင်မူ ကျိုချိုးမင်၏ တမင်တကာ သတင်းဖြန့်မှုကြောင့် အဂ္ဂိရတ်ခန်းမ၏ တပည့်အားလုံးသည် သင်ကြားရေးခန်းမသို့ ရောက်ရှိလာခဲ့ကြသည်။
ကျိုချိုးမင်က အသစ်ရောက်ရှိလာသည့် အဆင့်မြင့်ဧည့်အရာရှိသည် အလွန်ငယ်ရွယ်ပြီး အဂ္ဂိရတ်လမ်းစဥ်တွင် အောင်မြင်မှုသည် အဂ္ဂိရတ်ခန်းမမှ တပည့်များထက် များစွာသာလွန်ကြောင်း သတင်းဖြန့်ထားခဲ့သည်။
ဆိုရလျှင် အဂ္ဂိရတ်ခန်းမ၏ တပည့်အားလုံးသည် မာနကြီးသော အဂ္ဂိရတ်ပါရမီရှင်များ ဖြစ်ကြ၏။
ယခုအခါတွင် သူတို့နှင့် သက်တူရွယ်တူ လူငယ်တစ်ဦးက အဂ္ဂိရတ်ခန်းမ၏ အဆင့်မြင့်ဧည့်အရာရှိ ဖြစ်လာခဲ့ပြီး သူတို့ကို သင်ကြားပြသပေးရန် ရောက်ရှိလာခဲ့သည်။
သို့ဖြစ်ရာ အသစ် ရောက်ရှိလာသော အဆင့်မြင့်ဧည့်အရာရှိသည် သူတို့ကို သင်ပြရန် အရည်အချင်းရှိမရှိ သဘာဝကျစွာပင် သိလိုခဲ့ကြ၏။
ထို့ကြောင့် သင်ကြားရေးခန်းမထဲတွင် မအားလပ်သည့် တပည့်အချို့မှလွဲ၍ အဂ္ဂိရတ်ခန်းမ၏ တပည့်အများစုသည် ရောက်ရှိလာခဲ့ကြသည်။
ကုန်းစွန်းယန်သည်လည်း အခြေအနေကို ထိန်းသိမ်းရန်အတွက် သင်ကြားရေးခန်းမသို့ ရောက်ရှိလာခဲ့သည်။
ခန်းမထဲတွင် တပည့်အများအပြား စုဝေးနေသည်ကိုမြင်လျှင် ကုန်းစွန်းယန်သည် ခေါင်းကိုက်သလိုပင် ခံစားလိုက်ရ၏။
အဂ္ဂိရတ်ခန်းမ၏ အထွတ်အထိပ် တပည့်များပင် ရောက်ရှိလာခဲ့ကြပြီး ခန်းမသခင် ရွှယ်သောင်း၏ အမည်ခံတပည့် ရှချင်းမင် ပင်လျှင် သင်ကြားရေးခန်းမတွင် ပေါ်လာခဲ့၏။
ဤကဲ့သို့သော သူများ စုဝေးနေလျှင် ဝါရင့်အကြီးအကဲဖြစ်သည့် သူပင် ထိန်းချုပ်နိုင်မည် မဟုတ်ပေ။
ကျန်းချန်၏ အဂ္ဂိရတ်လမ်းစဥ် အောင်မြင်မှုများက အလွန်တရာ ထူးခြားသော်လည်း ကုန်းစွန်းယန်သည် ကျန်းချန်အတွက် စိုးရိမ်နေဆဲပင်။
ကုန်းစွန်းယန် ပေါ်လာသည်နှင့် တစ်ပြိုင်နက် ခန်းမကို ရောက်ရှိနေသည့် တပည့်၁၀၀ နီးပါးသည် ချက်ချင်းဆိုသလိုပင် တီးတိုး ဆွေးနွေးနေခဲ့ကြသည်။
“ဒါက ဝါရင့်အကြီးအကဲ ကုန်းစွန်းယန် မဟုတ်လား.. အကြီးအကဲ ကုန်းစွန်းယန်က သင်ကြားရေးခန်းမဆီရောက်လာလိမ့်မယ်လို့ တကယ် မထင်ထားမိဘူး"
"အသစ်ရောက်ရှိလာတဲ့ ဧည့်အရာရှိကို အကြီးအကဲ ကုန်းစွန်းက အကဲဖြတ်ပေးခဲ့တယ်လို့ ငါကြားခဲ့ရတယ်.. ကြည့်ရတာ အကြီးအကဲကုန်းစွန်းက အသစ်ရောက်ရှိလာတဲ့ ဧည့်အရာရှိ ကျန်းချန်အတွက် အထူးတလည် ရောက်ရှိလာတဲ့ပုံပဲ”
“...........”
ခန်းမထဲမှ တပည့်များစွာ၏ ဆွေးနွေးမှုများကို နားထောင်ရင်း ရှေ့ဆုံးတန်းတွင် ထိုင်နေသော အပြာရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးသည် သူ၏နံဘေးမှ ဝူဟန်ကို ကြည့်ကာ မေးလိုက်သည်။
“ဝူဟန်.. မင်းက အပြင်ကနေ အခုမှ ပြန်ရောက်လာတာဆိုတော့ ဒီအဆင့်မြင့်ဧည့်အရာရှိနဲ့ ပတ်သက်ပြီး တစ်ခုခုတော့ သိထားမယ် ထင်တယ်”
ထိုစကားကို ပြောလိုက်သူမှာ ယဲ့မင်ချန် ဖြစ်ပြီး နာမည်ကျော်အဂ္ဂိရတ်ပါရမီရှင် တစ်ဦးလည်း ဖြစ်သည်။
သူတို့နှစ်ဦး၏ဘေးတွင် မာနကြီးသော အမူအရာဖြင့် လူငယ်တစ်ဦး ထိုင်နေခဲ့သည်။
ထိုလူငယ်၏ အဂ္ဂိရတ်ခန်းမ၏ နံပါတ်(၁)ပါရမီရှင် ဖြစ်သည့် ရှချင်းမင် ဖြစ်၏။
သင်ကြားရေးခန်းမ၏ ရှေ့ဆုံးတန်းတွင် နေရာယူထားသည့် ထိုသုံးဦးသည် အဂ္ဂိရတ်ခန်းမ၏ အထူးချွန်ဆုံး အဂ္ဂိရတ်ပါရမီရှင်သုံးဦး ဖြစ်ကြပြီး ၎င်းတို့အားလုံးသည် စတုတ္ထအဆင့် နတ်အဂ္ဂိရတ်သခင်များလည်း ဖြစ်ကြသည်။
“ဒီကောင်က မောက်မာတဲ့ အရူးတစ်ယောက်ပဲ”
ဝူဟန်က အေးစက်စက်ပြုံးကာ ပြောလိုက်သည်။
“သူ ဒီနေ့ အဂ္ဂိရတ်ပညာရပ်နဲ့ ငါ့ကို ယုံကြည်အောင်လုပ်နိုင်မယ်လို့ မျှော်လင့်တယ်.. မဟုတ်ရင်တော့ ငါသူ့ကို ချမ်းသာပေးမှာ မဟုတ်ဘူး”
ထိုနေ့က ညစာစားပွဲအပြီးတွင် သူ့အဖေသည် ကျန်းချန်နှင့် ဆက်ဆံရေး တည်ဆောက်ရန်အတွက် သူ့ကို ထပ်ခါတလဲလဲ တိုက်တွန်းခဲ့သည်။
သို့သော်လည်း ထိုနေ့က ဖြစ်ပျက်ခဲ့သည့် ကိစ္စကို သူက အခဲမကျေသေးချေ။
ကျန်းချန်သာ အဂ္ဂိရတ်ပညာရပ်တွင် သူ့ကို ယုံကြည်အောင် လုပ်ဆောင်နိုင်လျှင် သူ့ဖခင်၏ ဆန္ဒအတိုင်း သဘာဝကျစွာပင် လုပ်ဆောင်လိမ့်မည် ဖြစ်၏။
ထိုသို့မဟုတ်လျှင် ယနေ့တွင် သူသည် ထိုနေ့က အရှက်ကွဲခဲ့ရသမျှကို ၁၀ဆမက ပြန်လည် ရယူရပေလိမ့်မည်။
ဝူဟန်၏ စကားကိုကြားလျှင် ယဲ့မင်ချန်၏ မျက်ဝန်းများတွင် စိတ်ဝင်စားသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
ဟန်ယွဲ့မြို့တော်၏ သခင်လေးသည် အသစ် ရောက်ရှိလာသည့် အဆင့်မြင့်ဧည့်အရာရှိ၏ လက်ထဲတွင် အကြီးအကျယ်ရှုံးနိမ့်ခဲ့ပုံ ရ၏။
အဂ္ဂိရတ်ခန်းမမှ တပည့်များက သင်ကြားရေးခန်းမထဲတွင် စကား ပြောဆိုနေကြစဥ်မှာပင် ကျန်းချန်သည် အဆုံးသတ်၌ သင်ကြားရေးခန်းမ ထဲသို့ ဝင်ရောက်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် အဂ္ဂိရတ်ခန်းမမှ တပည့်များစွာ၏ အကြည့်များသည် ကျန်းချန်၏ ကိုယ်ပေါ်သို့ ကျရောက်သွားခဲ့၏။
သူတို့က ကျန်းချန်ကို မသိကြသော်လည်း ကျန်းချန် ဝတ်ဆင်ထားသည့် အဂ္ဂိရတ်ခန်းမ၏ အဆင့်မြင့်ဧည့်အရာရှိ ဝတ်စုံကို ရင်းနှီးကြသည်။
ထို့ကြောင့် သူတို့သည် သူတို့ရှေ့မှ လူငယ်က အဂ္ဂိရတ်ခန်းမကို အသစ်ရောက်ရှိလာသည့် ဧည့်အရာရှိကျန်းချန် ဖြစ်ကာ သူတို့ကို သင်ကြားပေးရန် ရောက်ရှိလာသူမှန်း စဥ်းစားနေစရာပင် မလိုဘဲ သိရှိခဲ့ကြ၏။
အခန်း(၁၈၂၄)
“သူက အဂ္ဂိရတ်ခန်းမကို အသစ်ရောက်ရှိလာတဲ့ အဆင့်မြင့်ဧည့်အရာရှိ ကျန်းချန်လား.. အတော်လေး ငယ်ရွယ်သေးတာပဲ”
သင်ကြားရေးခန်းမထဲသို့ လျှောက်ဝင်လာသည့် ကျန်းချန်ကို မြင်လျှင် အဂ္ဂိရတ်ခန်းမမှ တပည့်များစွာ၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
အသစ်ရောက်ရှိလာသူ ဧည့်အရာရှိက အလွန်ငယ်ရွယ်မှန်း သူတို့ ကြားဖူးထားသော်လည်း ဤမျှလောက်အထိ ငယ်ရွယ်မည်ဟု မထင်ထားခဲ့ကြပေ။
ထိုကောင်လေး၏ အသက်သည် အဂ္ဂိရတ်ခန်းမမှ တပည့်အများစုထက်ပင် များစွာ ငယ်ရွယ်နေပုံရ၏။
ထိုကဲ့သို့သော ကောင်လေးက အဂ္ဂိရတ်ခန်းမ၏ အဆင့်မြင့်ဧည့်အရာရှိ ဖြစ်လာပြီး သူတို့ကို အဂ္ဂိရတ်ပညာရပ် သင်ကြားပေးနိုင်ခြင်းသည် ထိုကောင်လေး၏ အဂ္ဂိရတ်ပါရမီက ရှချင်းမင် ကဲ့သို့ အဂ္ဂိရတ်ပါရမီရှင်များထက်ပင် ပိုမို၍ ကောင်းမွန်သည်ဟု ဆိုလိုရာရောက်နေသည် မဟုတ်ပါလော။
အဂ္ဂိရတ်ခန်းမမှ ပါရမီရှင် တပည့်များစွာ၏ မယုံကြည်နိုင်သော အကြည့်များအောက်မှာပင် ကျန်းချန်သည် သင်ကြားရေးခန်းမ၏ ရှေ့တွင် ရှိသော စင်မြင့်ပေါ်သို့ တက်သွားခဲ့သည်။
သူက စင်မြင့်ထက်တွင် လက်ပိုက်ကာ ရပ်နေခဲ့ပြီး လူတိုင်းကို အေးဆေး တည်ငြိမ်သော အမူအရာဖြင့် ဝေ့ကြည့်လိုက်၏။
သိပ်မကြာခင်မှာပင် သင်ကြားရေးခန်းမရှိ အသံများသည် တိတ်ဆိတ်သွားခဲ့ပြီး အဂ္ဂိရတ်ခန်းမ၏ တပည့်များအားလုံး အာရုံစိုက်မှုသည် ကျန်းချန်၏ ကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။
“ငါက အဂ္ဂိရတ်ခန်းမရဲ့ အဆင့်မြင့် ဧည့်အရာရှိအသစ် ကျန်းချန်ပဲ.. ဒီလအတွက် မင်းတို့ကို သင်ကြားပေးမဲ့သူလည်း ဖြစ်တယ်”
ကျန်းချန်၏ တည်ငြိမ်စွာ ရေရွတ်လိုက်သော အသံသည် အဂ္ဂိရတ်ခန်းမမှ တပည့်များ၏ နားထဲသို့ ဝင်ရောက်လာခဲ့သည်။
ကျန်းချန်၏ စကားကိုကြားလျှင် ခန်းမ၏ အခြေအနေသည် ချက်ချင်းဆိုသလိုပင် ပေါက်ကွဲသွားခဲ့သည်။
“ကောင်လေး.. မင်းက ဒီလအတွက် ငါတို့ကို သင်ကြားပေးမဲ့သူလား”
“ကျွတ်ကျွတ်.. ငါတို့ အဂ္ဂိရတ်ခန်းမရဲ့သင်ကြားရေးခန်းမကို ခွေးတွေကြောင်တွေက အစ လာလို့ရနေပြီလား.. မင်းမှာ အရည်အချင်းမရှိရင် အမြန်ဆုံး ထွက်သွားလိုက်ဖို့ အကြံပေးချင်တယ်...ဒီနေရာမှာ အရှက်မကွဲချင်ရင်ပေါ့”
“...............”
အဂ္ဂိရတ်ခန်းမ၏ တပည့်များစွာထံမှ ကျန်းချန်ကို မထီမဲ့မြင် လှောင်ပြောင် ရေရွတ်သံများအား ကြားလိုက်ရလျှင် ကုန်းစွန်းယန်သည် ရုတ်တရက် မတ်တတ် ထရပ်လိုက်သည်။
ထို့နောက်တွင် သူ၏ အေးစက်စက်အသံသည် သင်ကြားရေးခန်းမတွင် ပဲ့တင်ထပ်သွားခဲ့၏။
“အားလုံးတိတ်ကြစမ်း.. ဒါက အဂ္ဂိရတ်ခန်းမရဲ့ သင်ကြားရေးခန်းမပဲ.. မင်းတို့တွေ ဒီလိုမျိုး ဆူညံနေတာ ဘယ်လောက်တောင် ရိုင်းပြလိုက်တဲ့ အပြုအမူလဲ.. ကျန်းချန်က ငါကိုယ်တိုင် အကဲဖြတ်စစ်ဆေးထားတဲ့ အဆင့်မြင့် ဧည့်အရာရှိပဲ.. သူက မင်းတို့ကို သင်ကြားပေးဖို့ အပြည့်အဝ အရည်အချင်းရှိတယ်.. မင်းတို့ထဲက ဘယ်သူမဆို သူ့ရဲ့သင်ကြားမှုကို လက်မခံချင်ရင် ချက်ချင်းပဲ ထွက်သွားလိုက်ကြ”
အဂ္ဂိရတ်ခန်းမ၏ ဝါရင့်အကြီးအကဲ ဖြစ်သည့် ကုန်းစွန်းယန်ဒေါသထွက်နေသည်ကို မြင်လျှင် အဂ္ဂိရတ်ခန်းမမှ တပည့်များသည် ချက်ချင်းဆိုသလိုပင် တိတ်ဆိတ်သွားခဲ့သည်။
သို့သော်လည်း အဂ္ဂိရတ်ခန်းမရှိ တပည့်အားလုံးသည် မာနကြီးသော ပါရမီရှင်များ ဖြစ်ကြ၍ ကုန်းစွန်းယန်နှင့် ထိပ်တိုက် ရင်ဆိုင်ရလျှင်ပင် အလွယ်တကူ အလျှော့မပေးလိုကြပေ။
“အကြီးအကဲကုန်းစွန်း.. သူ့မှာ ကျွန်တော်တို့ကို သင်ကြားပြသပေးဖို့ အရည်အချင်းရှိကြောင်း သက်သေမပြနိုင်သရွေ့ ကျွန်တော်တို့ သူ့ကို ဆရာအဖြစ် အသိအမှတ်မပြုနိုင်ဘူး”
“ဟုတ်တယ် ငါတို့ရဲ့ဆရာ ဖြစ်ချင်ရင် သူ့မှာ အရည်အချင်း ရှိမရှိ အရင်ကြည့်ရမယ်”
“..............”
ကုန်းစွန်းယန်က အဂ္ဂိရတ်ခန်းမမှ တပည့်များ၏ တစ်ယောက်တစ်ပေါက် လေသံများကို ကြားလျှင် ခေါင်းကိုက်သလိုပင် ခံစားလိုက်ရသည်။
ဤတစ်ကြိမ် ကျန်းချန်၏ သင်ကြားရေးအခြေအနေသည် ထူးခြားမှု ရှိနေခဲ့ပြီး တပည့်များစွာသည် အဂ္ဂိရတ်ခန်းမမှ အကြီးအကဲများ ကျောထောက်နောက်ခံ ရှိကြသောကြောင့် သူက ထိုတပည့်များနှင့် ပတ်သက်၍ သိပ်မလွှမ်းမိုးနိုင်ခဲ့ပေ။
ကုန်းစွန်းယန်က စိတ်ပျက်လက်ပျက်ဖြင့် စင်မြင့်ပေါ်ရှိ ကျန်းချန်ကို ကြည့်ရုံသာ တတ်နိုင်ခဲ့သည်။
ကျန်းချန်က ကုန်းစွန်းယန် စိတ်သက်သာရာ ရစေရန်အတွက် ခပ်ယဲ့ယဲ့ ပြုံးပြလိုက်ပြီး အဂ္ဂိရတ်ခန်းမ၏ တပည့်များ ဆီသို့ ကြည့်ကာ တည်ငြိမ်စွာ မေးလိုက်သည်။
“ကောင်းပြီ မင်းတို့ငါ့ကို ဘယ်လို သက်သေပြစေချင်လဲ”
ထိုစကားကိုကြားလျှင် အဂ္ဂိရတ်ခန်းမမှ တပည့်များစွာသည် တစ်ခဏမျှ တီးတိုးဆွေးနွေးနေခဲ့ကြသည်။
“ဧည့်အရာရှိကျန်းချန် အကဲဖြတ်စစ်ဆေးမှုမှာ ပါဝင်ခဲ့စဥ်က တစ်စုံတစ်ဦးကို ညွှန်ကြားပြသပေးပြီး စစ်ဆေးမှုအောင်မြင်အောင် ကူညီပေးခဲ့တယ်လို့ ကြားထားတယ်.. ကျွန်တော် သိပ်မကြာခင်က အစင်း၃ကြောင်းပါ မိုးကြိုးစိတ်ဝိညာဥ်ဆေးလုံးကို သန့်စင်ဖို့ ကြိုးစားခဲ့ပေမဲ့ ပြဿနာတချို့နဲ့ ကြုံတွေ့ခဲ့ရတယ်.. ဒီအတွက် အကြံဥာဏ်ပေးဖို့ အတွက် ဧည့်အရာရှိ ကျန်းချန်ကို ကျေးဇူးပြုပြီး တောင်းဆိုပါတယ်”
ထိုအချိန်မှာပင် ပထမတန်းရှိ ထိုင်ခုံတွင် ထိုင်နေသော ဝူဟန်က မတ်တတ်ထရပ်ကာ ပြောလိုက်သည်။
ကျန်းချန်ကို ပထမဆုံး တိုက်ခိုက်သည့်သူက ဝူဟန် ဖြစ်နေသည်ကိုမြင်လျှင် အဂ္ဂိရတ်ခန်းမမှ တပည့်များစွာ၏ မျက်နှာထက်တွင် ဝမ်းသာအားရ အမူအရာများ ဖြစ်ပေါ်လာကြသည်။
အစင်း၃ကြောင်းပါ မိုးကြိုးစိတ်ဝိညာဥ် ဆေးလုံးသည် စတုတ္ထအဆင့် ကောင်းကင်နတ်ဘုရား အထွတ်အထိပ်ဆေးလုံး ဖြစ်ပြီး ထိုဆေးလုံးကို သန့်စင်ရန် အခက်အခဲသည် ပဉ္စမအဆင့် ကောင်းကင်နတ်ဘုရားဆေးလုံး တချို့နှင့်ပင် နှိုင်းယှဥ်၍ ရသည်။
ဝူဟန်သည် အဂ္ဂိရတ်ခန်းမ၏ အထွတ်အထိပ် ပါရမီရှင် ၃ဦးထဲမှ တစ်ဦး ဖြစ်၏။
ကျန်းချန်သာ ဝူဟန်ကို အစင်း၃ကြောင်းပါ မိုးကြိုးစိတ်ဝိညာဥ်ဆေးလုံးအား သန့်စင်ရန်အတွက် လမ်းညွှန်ပေးနိုင်သည့် အရည်အချင်း အမှန်တကယ် ရှိနေခဲ့လျှင် ကျန်းချန်၏ အဂ္ဂိရတ်စွမ်းရည်ကို သက်သေပြနိုင်ပေလိမ့်မည်။
“ကောင်းပြီ”
ကျန်းချန်က တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။
“စင်မြင့်ပေါ်တက်လာပြီး အစင်း၃ကြောင်းပါ မိုးကြိုးစိတ်ဝိညာဥ်ဆေးလုံးကို သန့်စင်ပြပေးပါ”
ဝူဟန်က အပိုစကားများ မပြောတော့ဘဲ မတ်တတ်ထရပ်လိုက်ကာ စင်မြင့်ပေါ်သို့ လျှောက်သွားခဲ့သည်။
သူက ဆေးမီးဖိုနှင့် သူပြင်ဆင်ထားသော ဆေးဝါးပစ္စည်းများကို သိုလှောင်လက်စွပ်ထဲကနေ အလျင်အမြန် ထုတ်ယူကာ အစင်း၃ကြောင်းပါ မိုးကြိုးစိတ်ဝိညာဥ် ဆေးလုံးကို စတင်သန့်စင်လိုက်၏။
အဂ္ဂိရတ်ခန်းမ၏ အထွတ်အထိပ်ပါရမီရှင် ၃ဦးထဲမှ တစ်ဦးဖြစ်၍ ဝူဟန်၏ အဂ္ဂိရတ်လမ်းစဥ်ပေါ်တွင် အောင်မြင်မှုသည် အမှန်တကယ်ပင် ထူးခြားမှု ရှိနေခဲ့သည်။
အစင်း၃ကြောင်းပါ မိုးကြိုးစိတ်ဝိညာဥ်ဆေးလုံး ကဲ့သို့ သန့်စင်ရန် ခက်ခဲသော ဆေးလုံးကို သန့်စင်ရာတွင်ပင် ဝူဟန်သည် ရေအလျင်ကဲ့သို့ ချောမွေ့စွာ လှုပ်ရှားနိုင်ခဲ့သည်။
မီးကိုထိန်းချုပ်ခြင်း၊ ဆေးဝါးပစ္စည်းများ သန့်စင်ခြင်းနှင့် ဆေးလုံးသိပ်သည်းခြင်းများကို အမှားအယွင်းမရှိဘဲ ပြုလုပ်နိုင်ခဲ့ကာ ၁နာရီခန့် အချိန်ယူခဲ့ပြီးနောက်တွင် ဝူဟန်သည် အစင်း၃ကြောင်းပါ မိုးကြိုးစိတ်ဝိညာဥ် ဆေးလုံးကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့သည်။
“အကိုဝူဟန်က ငါတို့ အဂ္ဂိရတ်ခန်းမရဲ့ အထွတ်အထိပ်ပါရမီရှင် ၃ယောက်ထဲက တစ်ယောက် ဖြစ်ထိုက်တန်ပါပေတယ်.. သူက မိုးကြိုးစိတ်ဝိညာဥ်ဆေးလုံးလို သန့်စင်ဖို့ ခက်ခဲတဲ့ဆေးလုံးကိုတောင် ဒီလောက်အထိ အလွယ်တကူ သန့်စင်နိုင်တယ်"
"အမှန်ပဲ.. အကိုဝူဟန်ရဲ့ စွမ်းရည်က တကယ်ကို လက်ဖျားခါလောက်စရာပဲ.. ကြည့်ရတာ အကိုဝူဟန်က ပဉ္စမအဆင့် နတ်အဂ္ဂိရတ်သခင် အဆင့်ကို ထိုးဖောက်ဖို့ သိပ်မလိုတော့ဘူး ထင်တယ်”
ထိုမြင်ကွင်းကိုမြင်လျှင် အဂ္ဂိရတ်ခန်းမမှ တပည့်များစွာသည် တအံ့တသြ မရေရွတ်ဘဲ မနေနိုင်တော့ပေ။
မှန်ပါသည်။ ဤအချိန်တွင် သူတို့၏ ကျန်းချန်ကို ကြည့်နေသော အကြည့်တွင် ကရုဏာသက်သော အမူအရာများ ဖြစ်ပေါ်နေခဲ့၏။
ဝူဟန်က အစင်း၃ကြောင်းပါ မိုးကြိုးစိတ်ဝိညာဥ် ဆေးလုံးကို သန့်စင်သည့် လုပ်ငန်းစဥ်တစ်ခုလုံးသည် ရေအလျင်ကဲ့သို့ ချောမွေ့နေခဲ့ပြီး ပြဿနာ တစ်စုံတစ်ရာလည်း မရှိခဲ့ပေ။
ဝူဟန်၏ အဂ္ဂိရတ်လုပ်ငန်းစဥ် တစ်ခုလုံးတွင် အပြစ်ရှာရန်မလွယ်ကူသောကြောင့် ကျန်းချန်သည် မည်ကဲ့သို့ အကြံဥာဏ်ပေးနိုင်ပါအံ့နည်း။
ဝူဟန်က အစင်း၃ကြောင်းပါ မိုးကြိုးစိတ်ဝိညာဥ် ဆေးလုံးကို သန့်စင်ပြီးနောက်တွင် ကျန်းချန်ကို ဝင့်ကြွားစွာ ကြည့်လိုက်ပြီး လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။
“အဆင့်မြင့်ဧည့်အရာရှိ ကျန်းချန်.. ကျေးဇူးပြုပြီး အကြံဥာဏ်လေးပေးပါဦး”
“မင်းရဲ့ အဂ္ဂိရတ်စွမ်းရည်က မဆိုးပါဘူး.. ဒါပေမဲ့ အစင်း၃ကြောင်းပါ မိုးကြိုးစိတ်ဝိညာဥ် ဆေးလုံးကို သန့်စင်တဲ့လုပ်ငန်းစဥ်မှာတော့ ပြဿနာအများကြီး ရှိနေဆဲပဲ”
ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် ပြတ်ပြတ်သားသားပင် ပြောဆိုလိုက်သည်။
“မင်းက အဆုံးသတ်မှာ ဆေးလုံးကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့ပေမဲ့ မင်းသန့်စင်ထားတဲ့ ဆေးလုံးမှာ အစင်းကြောင်း၁ခုပဲ ပါဝင်တဲ့အတွက် စစ်မှန်တဲ့ အစင်း၃ကြောင်းပါ မိုးကြိုးစိတ်ဝိညာဥ်ဆေးလုံးလို့ ခေါ်ဆိုလို့မရဘူး”
စစ်မှန်သော အစင်း၃ကြောင်းပါ မိုးကြိုးစိတ်ဝိညာဥ်ဆေးလုံး၏ မျက်နှာပြင်တွင် အစင်းကြောင်း ၃ခု ရှိရလိမ့်မည်ဖြစ်၏။
ယခု ဝူဟန် သန့်စင်ထားသော ဆေးလုံးတွင် အစင်းကြောင်း ၁ခုသာ ပါရှိနေသည်ဖြစ်ရာ ထိုဆေးလုံးကို ချို့ယွင်းချက် ရှိနေသော အစင်း၃ကြောင်းပါ မိုးကြိုးစိတ်ဝိညာဥ်ဆေးလုံး အဖြစ်သာ သတ်မှတ်နိုင်မည် မဟုတ်ပါလား။
“ဟမ့် ဒီဧည့်အရာရှိအသစ် ကျန်းချန်က အစ်ကိုဝူကိုတောင် ဝေဖန်ရဲတယ်.. အစ်ကိုဝူက စစ်မှန်တဲ့ အစင်း၃ကြောင်းပါမိုးကြိုးစိတ်ဝိညာဥ် ဆေးလုံးကို သန့်စင်နိုင်စွမ်း မရှိပေမဲ့လည်း အစွမ်းထက်နေဆဲပဲ"
"သူက အလကားနေရင်း အာချောင်နေတာပဲ ဖြစ်ရမယ်.. သူက အစ်ကိုဝူကို စစ်မှန်တဲ့ အစင်း၃ကြောင်းပါ မိုးကြိုးစိတ်ဝိညာဥ်ဆေးလုံးကို သန့်စင်နိုင်ဖို့အတွက် လမ်းညွှန်နိုင်မှာမို့လို့လား”
“..............”
အဂ္ဂိရတ်ခန်းမမှ တပည့်များစွာသည် မထီမဲ့မြင် ပြုံးလိုက်ကြသည်။
ရှေ့ဆုံးတန်းတွင် ထိုင်နေသည့် ရှချင်းမင်နှင့် ယဲ့မင်ချန်တို့၏ မျက်ဝန်းများတွင်လည်း ထူးဆန်းသော အမူအရာများ ရှိနေခဲ့၏။
ကျန်းချန်ကမူ အဂ္ဂိရတ်ခန်းမမှ တပည့်များစွာ၏ လှောင်ပြောင် ရေရွတ်သံများအား လျစ်လျူရှုထားလိုက်ပြီး ဝူဟန်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
“ငါ မင်းကို စစ်မှန်တဲ့ အစင်း၃ကြောင်းပါ မိုးကြိုးစိတ်ဝိညာဥ်ဆေးလုံးသန့်စင်နိုင်အောင် ညွှန်ပြပေးမယ်.. မင်း ဆေးမီးဖိုထဲ ထည့်လိုက်တဲ့ ဆဋ္ဌမမြောက် ဆေးဝါးပစ္စည်းကို နဝမမြောက်မှာ ထည့်ပြီး နဝမမြောက်ဆေးဝါးပစ္စည်းကို ဆဋ္ဌမမြောက်မှာ ထည့်လိုက်ပါ. ပြီးရင် ပဉ္စမကနေ နောက်ဆုံးထည့်တဲ့ ဆေးဝါးပစ္စည်းအထိ အပူချိန် မျှင်းမျှင်းလောက်ပဲ ထားပြီး သန့်စင်ပါ.. ကဲ ငါ ညွှန်ပြသလို ထပ်လုပ်ကြည့်လိုက်ပါဦး”