← Chapters

အခန်း (၁၈၂၅+၁၈၂၆)

Vol. 123 Ch. 1825+1826

အခန်း (၁၈၂၅+၁၈၂၆)

Vol. 123 Ch. 1825+1826

အခန်း(၁၈၂၅)

“ဒီကောင်က တကယ်ပဲ ဝူဟန်ကို ညွှန်ပြနေတာလား"

"ချီး.. ဒီကောင် ဟိတ်ဟန်ထုတ်နေတာပဲဖြစ်ရမယ်.. သူ့ရဲ့နည်းလမ်းအတိုင်း လုပ်ဆောင်ရင် အစင်း၃ကြောင်းပါ မိုးကြိုးစိတ်ဝိညာဥ်ဆေးလုံးကို သန့်စင်နိုင်မယ်လို့ ငါမယုံဘူး.. ခဏကြာလို့ ဝူဟန်က အစင်း၃ကြောင်းပါမိုးကြိုးစိတ်ဝိညာဥ်ဆေးလုံးသန့်စင်ရာမှာ ကျရှုံးခဲ့ရင် သူဘယ်လိုမျိုး အဆုံးသတ်မလဲဆိုတာ ငါတို့တွေ မြင်ရတော့မယ်”

“..........”

ကျန်းချန်၏ ညွှန်ကြားချက်ကို ကြားပြီးနောက်တွင် အဂ္ဂိရတ်ခန်းမမှ တပည့်များစွာသည် မလှောင်ပြောင်ဘဲ မနေနိုင်ခဲ့ကြပေ။

ကျန်းချန်၏ ညွှန်ကြားချက်သည် ဝူဟန်၏ ယခင် ဆေးဝါးအစီအစဥ်နှင့် အပူထိန်းချုပ်မှုတို့ကိုသာ အနည်းငယ် ပြောင်းလဲခဲ့ခြင်း ဖြစ်၏။

ထိုသို့ အနည်းငယ်သာ ပြောင်းလဲမှုသည် စစ်မှန်သောအစင်း၃ကြောင်းပါ မိုးကြိုးစိတ်ဝိညာဥ်ဆေးလုံးကို သန့်စင်နိုင်လိမ့်မည်ဟု သူတို့ အမှန်တကယ် မယုံကြည်ခဲ့ကြပေ။

“ကောင်းပါပြီ.. ဒီတစ်ခေါက် ဧည့်အရာရှိကျန်းချန် လမ်းညွှန်ပေးတဲ့ နည်းလမ်းအတိုင်း တစ်ကြိမ်ထပ်ပြီး သန့်စင်ပါ့မယ်”

ခဏမျှ မှင်တက်နေခဲ့သောဝူဟန်သည် ဒုတိယမြောက် ဆေးဝါးပစ္စည်းများကို ထုတ်ယူကာ အစင်း၃ကြောင်းပါမိုးကြိုးစိတ်ဝိညာဥ် ဆေးလုံးကို ထပ်မံ သန့်စင်ရန် စတင်ခဲ့သည်။

ရှေ့ဆုံးတန်းတွင် ထိုင်နေသော ရှချင်းမင်နှင့် ယဲ့မင်ချန် တို့သည် ခေါင်းငုံ့ကာ စဥ်းစားခန်း ဝင်နေခဲ့ကြသည်။

သူတို့က ကျန်းချန်၏ ညွှန်ကြားချက် ဖြစ်နိုင်ခြေကို တွက်ချက်နေသည်မှာ ထင်ရှား၏။

“ဒီကောင်လေးရဲ့ အဂ္ဂိရတ်လုပ်ငန်းစဥ်ကို ခွဲခြမ်းသုံးသပ်နိုင်တဲ့စွမ်းရည်က အရင်ကလိုပဲ ထက်မြက်နေတုန်းပါပဲလား”

ကျန်းချန်က ဝူဟန်ကို ချက်ချင်းဆိုသလို ညွှန်ကြားလိုက်သည်ကို မြင်လျှင် ကုန်းစွန်းယန်၏ မသာမယာ ဖြစ်နေသော မျက်နှာထက်၌ အဆုံးသတ်တွင် အပြုံးတစ်ခု ရှားရှားပါးပါး ဖြစ်ပေါ်လာခဲ့သည်။

ကျန်းချန်၏ နည်းလမ်းအတိုင်းသာ ပြုလုပ်ခဲ့လျှင် ဝူဟန်က စစ်မှန်သော အစင်း၃ကြောင်းပါ မိုးကြိုးစိတ်ဝိညာဥ်ဆေးလုံးကို ၁၀၀ရာခိုင်နှုန်း ပြုလုပ်နိုင်မည်ဟု သူ မသေချာသော်လည်း သူ၏ မြင်နိုင်စွမ်းအရ ကျန်းချန်၏ ညွှန်ကြားမှုသည် ဝူဟန်၏ ယခင် သန့်စင်သော နည်းလမ်းထက် များစွာပို၍ ကောင်းမွန်သည်ကို မြင်နိုင်ရန် မခက်ခဲပေ။

သင်ကြားရေးခန်းမရှိ လူတိုင်း၏ အကြည့်အောက်မှာပင် ဝူဟန်သည် အစင်း၃ကြောင်းပါ မိုးကြိုးစိတ်ဝိညာဥ် ဆေးလုံးကို နောက်တစ်ကြိမ် ပြန်လည်သန့်စင်ရန် စတင်ခဲ့သည်။

ဆိုရလျှင် အဂ္ဂိရတ်ခန်းမ၏ အထွတ်အထိပ် ပါရမီရှင် ၃ဦးထဲမှ တစ်ဦး အနေဖြင့် ဝူဟန်၏ အဂ္ဂိရတ် အခြေခံစွမ်းရည်သည် အမှန်တကယ်ပင် ခိုင်မာမှုရှိသည်။

အဂ္ဂိရတ် လုပ်ငန်းစဥ်တွင် ဝူဟန်သည် အတားအဆီးတစ်စုံတစ်ရာ မရှိဘဲ ရေအလျင်ကဲ့သို့ ချောမွေ့စွာ လုပ်ဆောင်နိုင်ခဲ့၏။

ကျန်းချန်၏ လမ်းညွှန်ချက်အတိုင်း ပြုလုပ်ပြီးနောက်တွင် ဝူဟန်သည် ဆေးဝါးပစ္စည်းများကို သန့်စင်သည့်အချိန် လျော့နည်းသွားသည်ကို ရှင်းရှင်းလင်းလင်း ခံစားမိရုံသာမက ဆေးမီးဖိုထဲရှိ ဆေးစွမ်းအားသည်လည်း ပိုမို၍ သန့်စင်လာခဲ့သည်ကို ခံစားမိကာ အလွန်တရာ အံ့အားသင့်သွားခဲ့သည်။

ဖြစ်ကောင်းဖြစ်နိုင်သည်မှာ ဤတစ်ကြိမ်တွင် ကျန်းချန်၏ လမ်းညွှန်မှုဖြင့် သူက စစ်မှန်သော အစင်း၃ကြောင်းပါ မိုးကြိုးစိတ်ဝိညာဥ်ဆေးလုံးကို အမှန်တကယ်ပင် သန့်စင်နိုင်ဖွယ်ရှိ၏။

လူတိုင်း၏ စိတ်ဝင်တစား အကြည့်အောက်မှာပင် အချိန်များသည် တရွေ့ရွေ့ ကုန်လွန်သွားခဲ့သည်။

သိပ်မကြာခင်မှာပင် ဝူဟန်၏ အဂ္ဂိရတ်လုပ်ငန်းစဥ်သည် ပြီးဆုံးလု နီးပါး အခြေအနေသို့ ရောက်ရှိလာခဲ့သည်။

ဝူဟန်က ဆေးလုံးသိပ်သည်းရန်အတွက် လက်ဟန်များကို ကျွမ်းကျင်စွာ ပြုလုပ်လိုက်ပြီးနောက်တွင် သင်းပျံ့သော ဆေးရနံ့သည် ခန်းမထဲတွင် ပြည့်နှက်သွားခဲ့သည်။

ခဏအကြာတွင် ဝူဟန်သည် ကြက်ဥ အရွယ်အစားခန့် ခရမ်းရောင် ဆေးလုံးတစ်လုံးကို ဆေးမီးဖိုထဲကနေ ထုတ်ယူလိုက်၏။

ထိုဆေးလုံးပေါ်တွင် မိုးကြိုးလျှပ်စီး အရှိန်အဝါများကို ထုတ်လွှတ်နေသော အစင်းကြောင်း၃ကြောင်း ပါဝင်နေသည်ကို အားလုံးက မြင်တွေ့ခဲ့ရသည်။

တစ်ခဏအတွင်းမှာပင် သင်ကြားရေးခန်းမသည် ချက်ချင်းဆိုသလို တိတ်ဆိတ် ငြိမ်သက်သွားခဲ့၏။

ကျန်းချန်ကို ကြည့်နေသော အဂ္ဂိရတ်ခန်းမရှိ တပည့်အားလုံး၏ အကြည့်များတွင် အံ့သြထိတ်လန့်သော အမူအရာများသည် ဖုံးဖိမရစွာ ဖြစ်ပေါ်နေခဲ့သည်။

ဝူဟန် ဤတစ်ကြိမ် သန့်စင်ထားသော ဆေးလုံးတွင် အစင်း၃ကြောင်း ပါဝင်နေ၍ စစ်မှန်သော အစင်း၃ကြောင်းပါ မိုးကြိုးစိတ်ဝိညာဥ်ဆေးလုံး ဖြစ်သည်မှာ သံသယဝင်စရာမရှိပေ။

ကျန်းချန်က စကားအနည်းငယ်သာ ထောက်ပြရုံမျှဖြင့် ဝူဟန်ကို စစ်မှန်သော အစင်း၃ကြောင်းပါ မိုးကြိုးစိတ်ဝိညာဥ်ဆေးလုံးအား သန့်စင်စေနိုင်လိမ့်မည်ဟု သူတို့ ဘယ်လိုမှ မထင်ထားခဲ့ပေ။

“သူ့ရဲ့ အဂ္ဂိရတ်လမ်းစဥ် အောင်မြင်မှုတွေက ဒီလောက်တောင် အစွမ်းထက်တဲ့အဆင့်ထိ ရောက်နေတယ်လား.. သူ ဟန်ယွဲ့နန်းတော်ရဲ့ အဆင့်မြင့် ဧည့်အရာရှိ ဖြစ်လာတာ အံ့သြစရာ မရှိတော့ဘူး”

ဝူဟန်က သူ၏ လက်ထဲမှ အစင်း၃ကြောင်းပါ မိုးကြိုးစိတ်ဝိညာဥ် ဆေးလုံးကို ကြည့်ကာ စိတ်နှလုံးထဲကနေ အလွန်အမင်းတုန်လှုပ်နေခဲ့သည်။

သူက အစင်း၃ကြောင်းပါ မိုးကြိုးစိတ်ဝိညာဥ် ဆေးလုံးကို သန့်စင်ရန်အတွက် အချိန်အတော်ကြာ‌ လေ့လာခဲ့ရသည်။

သို့သော်လည်း သူအစွမ်းကုန် ကြိုးစားခဲ့သည့်တိုင် အစင်း၁ကြောင်းတည်းသာ ပါဝင်သော ချို့ယွင်းချက် ရှိသည့် မိုးကြိုးစိတ်ဝိညာဥ် ဆေးလုံးကိုသာ သန့်စင်နိုင်ခဲ့သည်။

ကျန်းချန်ကမူ သူ၏ အဂ္ဂိရတ်လုပ်ငန်းစဥ်ကို တစ်ကြိမ်သာ ကြည့်ရှုခဲ့ပြီးနောက်တွင် အားနည်းချက်ကို ချက်ချင်းဆိုသလို ထောက်ပြခဲ့ကာ စစ်မှန်သော အစင်း၃ကြောင်းပါ မိုးကြိုးစိတ်ဝိညာဥ် ဆေးလုံးအား အောင်မြင်စွာ သန့်စင်နိုင်ရန် ညွှန်ပြပေးခဲ့သည်။

ဤအချက်တစ်ခုတည်းဖြင့်ပင် အဂ္ဂိရတ်ပညာရပ်တွင် သူနှင့်ကျန်းချန်သည် အလွန်ပင် အလှမ်းကွာဝေးနေမှန်း သိသာနေခဲ့၏။

နောက်ဆုံးအကြိမ်က ပိုင်ရှင်းကျန့်၏ လှုံ့ဆော်မှုဖြင့် ကျန်းချန်ကို ပြဿနာရှာခဲ့မိသည်အား တွေးမိလျှင် ဝူဟန်သည် မချိပြုံး မပြုံးဘဲ မနေနိုင်တော့ပေ။

ကျန်းချန်သာ ထိုနေ့က သူနှင့် အဂ္ဂိရတ်ပညာရပ်ချင်း အမှန်တကယ် ယှဥ်ပြိုင်ခဲ့လျှင် သူက ဆိုးဆိုးရွားရွားပင် ရှုံးနိမ့်သွားနိုင်ဖွယ် ရှိသည်။

“ဆရာကျန်းချန်က တကယ်ကို အရည်အချင်း ပြည့်မီပါတယ်.. ဝူဟန် တလေးတစား ဂါဝရပြုပါတယ်”

မှင်တက်ရာကနေ အသိပြန်ဝင်လာပြီးနောက်တွင် ဝူဟန်သည် ကျန်းချန်ကို တလေးတစားဖြင့် ဦးညွှတ် အရိုအသေ ပေးလိုက်သည်။

စင်စစ် ဝူဟန်သည် ရိုးသားပွင့်လင်းသော လူတစ်ယောက် ဖြစ်သည်။

ပိုင်ရှင်းကျန့်၏ လှုံ့ဆော်မှုဖြင့် နောက်ဆုံးတစ်ကြိမ်က ကျန်းချန်ကို ပြဿနာရှာရသည့် အကြောင်းအရင်းမှာ ကျန်းချန်က ငယ်ငယ်ရွယ်ရွယ်နှင့် ဧည့်အရာရှိ ရာထူးကို ရရှိခဲ့သောကြောင့် ပင်။

ယခု ကျန်းချန်က မည်မျှ အစွမ်းထက်သည်ကို တွေ့ကြုံနေရပြီဖြစ်ရာ ဝူဟန်သည် စိတ်နှလုံးထဲက‌နေ ကျန်းချန်ကို စိတ်ရင်းမှန်ဖြင့် လေးစားနေခဲ့ချေပြီ။

“မေးစရာမရှိတော့ဘူးဆိုရင် ဆင်းသွားလို့ရပါပြီ”

ကျန်းချန်က သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး ချက်ချင်းဆိုသလိုပင် သင်ကြားရေးခန်းမထဲမှ တပည့်များကို ဝေ့ကြည့်ကာ တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။

“ငါ့ရဲ့စွမ်းရည်ကို မယုံကြည်သေးတဲ့သူတွေ ရှိသေးလား.. ရှိသေးရင် မတ်တတ်ထရပ်ပါ”

ကျန်းချန်၏ စကားကို ကြားသည်နှင့် ပိန်ပါးပါး တပည့်တစ်ဦးသည် မတ်တတ်ထရပ်လိုက်သည်။

သူက စင်ပေါ်မှ ကျန်းချန်ကို မော့ကြည့်ကာ ပြောလိုက်သည်။

“အစ်ကိုဝူက ဧည့်အရာရှိ ကျန်းချန်ရဲ့ လမ်းညွှန်မှုအောက်မှာ အစင်း၃ကြောင်းပါ မိုးကြိုးစိတ်ဝိညာဥ်ဆေးလုံးကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့ပေမဲ့ ဒါက တိုက်ဆိုင်မှုတစ်ခု ဟုတ်မဟုတ် ဘယ်သူသိနိုင်မှာလဲ. ဒါကြောင့် တိုက်ဆိုင်မှု ဟုတ်မဟုတ် သိရဖို့အတွက် ကျွန်တော့်ကို ညွှန်ကြားပြသပေးဖို့ တောင်းဆိုပါတယ်”

“ဒီနေ့ ငါ သင်ကြားရေးခန်းမထဲကို ရောက်လာတာက မင်းတို့ကို လမ်းညွှန်ပြသပေးဖို့ အတွက်ပဲ.. မင်းတို့အနေနဲ့ ငါ့ရဲ့ညွှန်ကြားချက်ကို လက်ခံဖို့ ဆန္ဒရှိသရွေ့ စင်ပေါ်ကို တက်လာခဲ့ပါ”

ကျန်းချန်က အေးဆေးတည်ငြိမ်စွာပင် ပြောလိုက်သည်။

ပိန်ပါးပါးလူငယ်က စင်ပေါ်သို့ တက်လာပြီးနောက်တွင် ဆေးလုံးကို စတင် သန့်စင်ခဲ့သည်။

ပိန်းပါးပါးလူငယ်သည် တတိယအဆင့် နတ်အဂ္ဂိရတ်သခင်တစ်ဦးသာ ဖြစ်ပြီး သူသန့်စင်သည့် ဆေးလုံးသည် တတိယအဆင့် ကောင်းကင်နတ်ဘုရားဆေးလုံးသာ ဖြစ်၏။

ပိန်ပါးပါးလူငယ်က ဆေးလုံးကို သန့်စင်ရင်း လုပ်ငန်းစဥ်တစ်ဝက်ခန့်တွင် အမှားအနည်းငယ် ဖြစ်ပေါ်လာခဲ့သည်။

ကျန်းချန်က ချက်ချင်းဆိုသလိုပင် ညွှန်ကြားခဲ့ပြီး ပိန်ပါးပါးလူငယ်၏ အမှားကို ပြင်ဆင်ပေးခဲ့သည်။

ပိန်ပါးပါးလူငယ်က ဆေးလုံးသန့်စင်ရာတွင် ကျရှုံးတော့မည့်အချိန်သို့ ရောက်တိုင်း ကျန်းချန်သည် ပိန်ပါးပါး လူငယ်ကို ညွှန်ကြားပြသပေးခဲ့သည်။

အဆုံးသတ်တွင်မူ ပိန်ပါးပါးလူငယ်သည် ကျန်းချန်ကို ယုံကြည်သွားခဲ့ပြီး သူ၏ ထိုင်ခုံပေါ်သို့ ပြန်သွားခဲ့သည်။

ထို့နောက်တွင် အဂ္ဂိရတ်ခန်းမမှ တပည့် အနည်းငယ်သည် ဆက်တိုက်ဆိုသလို စင်ပေါ်သို့ တက်လာခဲ့ကြသည်။

ကျန်းချန်က ထိုတပည့်များ၏ အဂ္ဂိရတ်ပညာရပ် အမှားအယွင်းများနှင့် ချို့ယွင်းချက်များကို အသေးစိတ် တိကျစွာ ထောက်ပြခဲ့ပြီး ၎င်းတို့ကို ပါးစပ်အဟောင်းသား ဖြစ်စေခဲ့သည်။

အဆုံးသတ်တွင် သင်ကြားရေးခန်းမ တစ်ခုလုံးရှိ တပည့်အားလုံးသည် ကျန်းချန်ကို ယုံကြည်သွားခဲ့ကြသည်။

ရှေ့ဆုံးတန်းရှိ ထိုင်ခုံတွင် လှုပ်ရှားမှုမရှိဘဲ တည်ငြိမ်စွာ ထိုင်နေသော ရှချင်းမင်၏ မျက်ဝန်းထဲမှာပင် လေးစားကြည်ညိုသည့် အမူအရာများ ဖြစ်ပေါ်နေခဲ့၏။

ရှချင်းမင်နှင့် ယဲ့မင်ချန် တို့သည် အထွတ်အထိပ် ပါရမီရှင်များ ဖြစ်ကြ၍ သူတို့၏ အမြင်များသည် မဆိုးလှပေ။

ကျန်းချန်က အဂ္ဂိရတ်ခန်းမရှိ တပည့်များစွာကို ချက်ချင်းဆိုသလို လမ်းညွှန်ပြသပေးနိုင်သည့် အချက်တစ်ခုတည်းကပင် သူတို့သည် ကျန်းချန်နှင့် အတော်လေး အလှမ်းကွာဝေးနေမှန်း နားလည်သွားခဲ့ကြသည်။

ကျန်းချန်၏ အဂ္ဂိရတ်လမ်းစဥ်တွင် အောင်မြင်မှုများသည် အဆင့်မြင့် ဧည့်အရာရှိများကို မပြောနှင့်၊ အဂ္ဂိရတ်ခန်းမ၏ ဝါရင့် အကြီးအကဲများနှင့် နှိုင်းယှဥ်လျှင်ပင် အနည်းငယ်မျှ မနိမ့်ကျနိုင်ပေ။

“ဒီကောင်လေးက ဒဏ္ဍာရီလာ သဘာဝဆေးလုံး ခန္ဓာကိုယ်ပိုင်ရှင် ဖြစ်ထိုက်ပါပေတယ်”

ကျန်းချန်က တိကျသော လမ်းညွှန်ပြသမှုများဖြင့် အဂ္ဂိရတ်ခန်းမရှိ တပည့်များအား စည်းရုံးနိုင်ခဲ့သည်ကို မြင်လျှင် ကုန်းစွန်းယန်သည်ပင် အံ့အားသင့်သွားခဲ့သည်။

အဂ္ဂိရတ်ခန်းမ၏ တပည့်များသည် အလွန်တရာပင် မာနကြီးကြပြီး သာမန်အဂ္ဂိရတ်သခင်များကို လေးစားယုံကြည်ကြသူများ မဟုတ်ပေ။

ယနေ့တွင် ကျန်းချန်သည် သင်ကြားရေးခန်းမ ထဲတွင် အဂ္ဂိရတ်ခန်းမ၏ တပည့်များထံမှ အခက်အခဲများစွာကို ကြုံတွေ့ရမည်ဟု သူ မူလက ထင်မြင်ထားခဲ့သည်။

ထို့ကြောင့်လည်း သူက ကျန်းချန်ကို အထောက်အပံ့ပေးရန်အတွက် သင်ကြားရေးခန်းမသို့ ရောက်လာခဲ့ခြင်းပင်။

ယခုအခါတွင်မူ ကုန်းစွန်းယန်သည် သူက အလဟဿ စိုးရိမ် ပူပန်မိခဲ့ကြောင်း သဘောပေါက်သွားခဲ့သည်။

အခန်း(၁၈၂၆)

ကျန်းချန်က အဂ္ဂိရတ်ပညာရပ်ဖြင့် အဂ္ဂိရတ်ခန်းမရှိ တပည့်များကို အောင်နိုင်ခဲ့ပြီးနောက်တွင် ကျန်းချန်၏ သင်ကြားမှုသည် လျင်မြန်ချောမွေ့စွာပင် ပြီးဆုံးသွားခဲ့သည်။

ကျန်းချန်က အချိန်ကြာကြာမနေခဲ့ဘဲ လူတိုင်း၏ အကြည့်အောက်မှာပင် ကုန်းစွန်းယန်နှင့် အတူ သင်ကြားရေးခန်းမကနေ ထွက်ခွာလာခဲ့၏။

“ကျန်းချန် မင်းကို ငါအမြင်မမှားခဲ့ဘူးပဲ.. ပထမဆုံးအကြိမ်မှာတင် မင်းက မာနကြီးတဲ့ အဂ္ဂိရတ်ခန်းမရဲ့တပည့်တွေကို ယုံကြည်လာအောင် လုပ်နိုင်ခဲ့တယ်”

ကုန်းစွန်းယန်က ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။

ကုန်းစွန်းယန်သည် အဂ္ဂိရတ်ခန်းမ၏ ပါရမီရှင် တပည့်များအကြောင်းကို ကောင်းစွာ သိရှိထားခဲ့သည်။

သူတို့ကဲ့သို့ ဝါရင့်အကြီးအကဲများပင် တစ်ကြိမ်တည်းဖြင့် လူတိုင်းကို ယုံကြည်အောင် လုပ်ဆောင်နိုင်မည် မဟုတ်ချေ။

ထို့ကြောင့် ကျန်းချန်၏ ယနေ့ စွမ်းဆောင်ရည်သည် အံ့မခန်းဟုပင် ဖော်ပြနိုင်၏။

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

“အကြီးအကဲကုန်းစွန်းက မြှောက်နေပြန်ပါပြီ.. နည်းနည်းပါးပါးတိုက်ဆိုင်သွားရုံပါပဲ”

“ဟားဟား ကျန်းချန်.. မင်းဒီလောက်အထိ နှိမ့်ချနေစရာမလိုပါဘူး.. မင်းက ငါမြင်ဖူးသမျှ အဂ္ဂိရတ်ပါရမီရှင်တွေ ထဲမှာ အစွမ်းထက်ဆုံး ပုဂ္ဂိုလ်ပဲ”

ကုန်းစွန်းယန်က စိတ်ရင်းဖြင့် ပြုံးကာ ပြောလိုက်သည်။

သတ္တမအဆင့် နတ်အဂ္ဂိရတ်သခင်တစ်ဦး အနေဖြင့် ကုန်းစွန်းယန်သည် ကျန်းချန်၏ ညွှန်ကြားပြသမှုများက မည်မျှအထိ အဆင့်မြင့်သည်ကို ကောင်းစွာ သိရှိထားခဲ့သည်။

သူ့အမြင်တွင် ကျန်းချန်သည် အဂ္ဂိရတ်ပညာရပ်နှင့် ပတ်သက်သည့် ဗဟုသုတပိုင်းတွင်ဖြစ်စေ၊ အောင်မြင်မှုနှုန်းအရဖြစ်စေ၊ အရှိန်အဟုန်တွင်ဖြစ်စေ မည်သည့် အဂ္ဂိရတ်ပညာရှင်ထက်မဆို ပိုမိုမြင့်မားသည်။

ယနေ့မတိုင်မီကဆိုလျှင် ကုန်းစွန်းယန်သည် ကျန်းချန်က အဂ္ဂိရတ်ခန်းမသခင် ရွှယ်သောင်း၏ တပည့်ဖြစ်လာနိုင်ခြေနှင့်ပတ်သက်၍ အကြွင်းမဲ့သေချာမှု မရှိခဲ့ပေ။

သို့သော်လည်း ယခုအခါတွင် ကုန်းစွန်းယန်သည် သံသယများ လုံးဝ မရှိတော့ချေ။

ကျန်းချန်၏ ပါရမီသည် ခန်းမသခင် ရွှယ်သောင်းကိုပင် အံ့အားသင့်သွားစေမည်မှာ သေချာသလောက်ပင်။

ကျန်းချန်သာ ရွှယ်သောင်း၏ တပည့် ဖြစ်လာသရွေ့ ရွှယ်သောင်းကဲ့သို့ နယ်မြေနတ်ဘုရားတစ်ပါး၏ လမ်းညွှန်မှုအောက်တွင် ကျန်းချန်၏ အနာဂတ် အောင်မြင်မှုသည် စိတ်ကူးပင် မယဥ်နိုင်သည့် အဆင့်သို့ သေချာပေါက် ရောက်ရှိသွားလိမ့်မည်သာ။

ထိုသို့ တွေးမိသည်နှင့် ကုန်းစွန်းယန်သည် အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ ကျန်းချန်ကို အလေးအနက် ပြောလိုက်သည်။

“ကျန်းချန်.. ဒီနေ့ကိစ္စဖြစ်ပျက်ပြီးတဲ့နောက်မှာ အဂ္ဂိရတ်ခန်းမက တပည့်တွေကို ပိုင်ရှင်းကျန့်အနေနဲ့ လှုံ့ဆော်ဖို့ မဖြစ်နိုင်တော့ဘူး.. မင်းအနေနဲ့ ခန်းမသခင်ရွှယ်သောင်း ထွက်လာတဲ့အချိန်အထိ မင်းရဲ့ နေအိမ်မှာပဲ တံခါးပိတ်ကျင့်ကြံနေဖို့ ငါအကြံပေးချင်တယ်”

“ကောင်းပါပြီ”

ကျန်းချန်က ခေါင်းညိတ်ကာ ပြောလိုက်သည်။

တကယ်တမ်းတွင် ကျန်းချန်သည်လည်း နေအိမ်သို့ ပြန်ရောက်လျှင် တံခါးပိတ် ကျင့်ကြံရန် စဥ်းစားထားခဲ့သည်။

ဟန်ယွဲ့နန်းတော်တွင် သိုသိုသိပ်သိပ် မနေထိုင်ဘဲ ယခုကဲ့သို့ လုပ်ဆောင်နေခြင်းသည် တကယ်တမ်းတွင် အဓိပ္ပါယ်မရှိပေ။

ထိုထက်စာလျှင် တံခါးပိတ်ကျင့်ကြံ၍ သူ၏ခွန်အားကို မြှင့်တင်ခြင်းက ပို၍ ကောင်းမွန်သည် မဟုတ်ပါလော။

ခန်းမသခင် ရွှယ်သောင်းနှင့် တွေ့ဆုံခွင့်ရလျှင် ဟန်ယွဲ့နန်းတော်တွင် လွန်ခဲ့သည့် ၅နှစ်အကြာက ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများအား မေးမြန်းမည်ဟု သူတွေးထားခဲ့သည်။

အကယ်၍ ၅နှစ်အကြာက ကိစ္စသည် သူ၏ မိခင်နှင့်သာ မသက်ဆိုင်ခဲ့လျှင် သူက သူ၏ မိခင်ကို ရှာဖွေရန် တခြားနည်းလမ်းများကို ရှာဖွေရပေလိမ့်မည်။

ဟန်ယွဲ့နန်းတော်တွင် သူ့မိခင်၏ သဲလွန်စကိုသာ ရှာမတွေ့ခဲ့လျှင် ထျန်းကျီမျှော်စင်က သူ့ကို ပေးခဲ့သည့် သတင်းသည် မှားယွင်းနေသည်ဟုပင် ဆိုရတော့မည် မဟုတ်ပါလား။

-----------------

ကျန်းချန်က သင်ကြားရေး ခန်းမထဲကနေ ထွက်ခွာလာပြီးနောက်တွင် သူ၏ နေအိမ်သို့ ပြန်ခဲ့ပြီး တံခါးပိတ်ကျင့်ကြံနေသော အချိန်မှာပင် အဂ္ဂိရတ်ခန်းမရှိ အခန်းတစ်ခုထဲတွင် အဆင့်မြင့်ဧည့်အရာရှိ တစ်ဦးသည် ကျိုချိုးမင်ကို ကျန်းချန်၏ သင်ကြားရေးလုပ်ငန်းစဥ်နှင့် ပတ်သက်၍ အစီအရင်ခံနေခဲ့သည်။

အစီအရင် တင်ပြချက်ကို နားထောင်ရင်း ကျိုချိုးမင်၏ မျက်နှာအမူအရာသည် အနည်းငယ် သုန်မှုန်လာခဲ့၏။

ဤတစ်ကြိမ်တွင် သူသည် ကျန်းချန်ကို အဂ္ဂိရတ်ခန်းမ၏ တပည့်များအား သင်ကြားပေးရန် စီစဥ်ခဲ့ပြီး အဂ္ဂိရတ်ခန်းမရှိတပည့်များ ဒေါသထွက်စေရန်အတွက် သတင်းအချို့ကိုပါ ဖြန့်ဝေခဲ့သည်။

ထို့ကြောင့်လည်း ပုံမှန်အားဖြင့် ဧည့်အရာရှိများ၏ သင်ကြားပြသမှုကို နားမထောင်သော ပါရမီရှင် တချို့ပင် ကျန်းချန်၏ သင်ကြားရေးခန်းမတွင် စုဝေးနေခဲ့ကြသည်။

မူလက သူသည် အဂ္ဂိရတ်ခန်းမ၏ ပါရမီရှင် တပည့်များကို အသုံးပြု၍ ကျန်းချန်အား အရှက်ခွဲကာ မျက်နှာပျက်စေလိုခဲ့သည်။

အချိန်တန်လျှင် သူက ထိုအဖြစ်အပျက်ကို ဆင်ခြေအဖြစ် အသုံးပြုကာ ပိုင်ရှင်းကျန့် အတွက် ကျန်းချန်ကို ဟန်ယွဲ့နန်းတော်ကနေ မောင်းထုတ်မည် ဖြစ်၏။

သို့သော်လည်း ကျိုချိုးမင် မျှော်လင့်မထားသည်မှာ ကျန်းချန်သည် ရှချင်းမင်တို့ အထွတ်အထိပ် ပါရမီရှင်၃ဦး ရှိနေချိန်မှာပင် အဂ္ဂိရတ်ခန်းမရှိ တပည့်အားလုံးကို သူ၏ အဂ္ဂိရတ်ပညာရပ်အား ယုံကြည်အောင် လုပ်ဆောင်နိုင်ခဲ့သည်။

ယခု သူ၏ အဂ္ဂိရတ်ခန်းမ တပည့်များ အကူအညီဖြင့် ကျန်းချန်ကို ပစ်မှတ်ထားသော အစီအစဥ်သည် မအောင်မြင်ခဲ့ပေ။

ထိုသို့ မအောင်မြင်ခဲ့၍ သူနှင့် ပိုင်ရှင်းကျန့်တို့ အကြားမှ သဘောတူညီချက်သည် ပျက်ကွက်သွားတော့မည် မဟုတ်ပါလော။

“ဆရာကျို.. အဂ္ဂိရတ်ခန်းမရဲ့ သင်ကြားရေးကို အသုံးချပြီး ကျန်းချန်ကို ဒုက္ခပေးဖို့ မဖြစ်နိုင်တော့ဘူး.. ဒါကြောင့် သူ့ကို မစ်ရှင်နဲ့ ပတ်သက်ပြီးပဲ ဒုက္ခပေးဖို့ နည်းလမ်းရှာရတော့မယ်”

ကျိုချိုးမင် စိတ်ဓာတ်ကျနေသော အချိန်မှာပင် အဆင့်မြင့်ဧည့်အရာရှိ၏ စကားသံသည် ကျိုချိုးမင်၏ နားထဲကို ရုတ်တရက် ဝင်ရောက်လာခဲ့သည်။

ထိုစကားကိုကြားလျှင် ကျိုချိုးမင်က မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။

“ဒီကောင်လေးက အဂ္ဂိရတ်ခန်းမရဲ့ တပည့်တွေကိုတောင် ယုံကြည်အောင် လုပ်ဆောင်နိုင်တယ် ဆိုတော့ လစဥ်ဆောင်ရွက်ရမဲ့ မစ်ရှင်လောက်က သူ့အတွက် ခက်ခဲမယ်လို့ မထင်ဘူး”

ကျိုချိုးမင်၏ စကားကိုကြားလျှင် အဆင့်မြင့် ဧည့်အရာရှိက ကောက်ကျစ်စွာ ပြုံး၍ ပြောလိုက်သည်။

“ဆရာကျို ကျွန်တော့်မှာ အစီအစဥ်တစ်ခုရှိတယ်.. ဒီအစီအစဥ်အတိုင်း လုပ်မယ်ဆိုရင် ကျန်းချန်က မစ်ရှင်ကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်မှာ မဟုတ်ဘူး”

ကျိုချိုးမင်က ဝမ်းသာအားရ ဖြစ်သွားခဲ့ပြီး ခပ်သွက်သွက် မေးလိုက်သည်။

“မင်းမှာ ဘယ်လိုအစီအစဥ်ရှိလဲ ငါ့ကို မြန်မြန်ပြောပြစမ်းပါ”

“ဒါက အရမ်းရိုးရှင်းပါတယ် ဆရာကျို”

အဆင့်မြင့်ဧည့်အရာရှိက ကောက်ကျစ်သော အမူအရာဖြင့် ပြောလိုက်သည်။

“မစ်ရှင် ဆောင်ရွက်ရမဲ့ ဆေးဝါးပစ္စည်းတွေရဲ့ အရည်အသွေးတွေက အမျိုးမျိုးရှိတယ်.. ကျွန်တော်တို့ အနေနဲ့ အရည်အသွေးနိမ့်တဲ့ ဆေးဝါးပစ္စည်းတွေကို ကျန်းချန်ဆီ ပေးလိုက်တာနဲ့ သူ့အတွက် ဆေးလုံးသန့်စင်ဖို့ ခက်ခဲသွားလိမ့်မယ်”

ထိုစကားကိုကြားလျှင် ကျိုချိုးမင်၏ မျက်ဝန်းများသည် အနည်းငယ် လင်းလက်လာခဲ့သည်။

အဆင့်မြင့်ဧည့်အရာရှိများ အတွက် လစဥ် ခွဲဝေပေးသည့် ဆေးဝါးပစ္စည်းများသည် အမှန်တကယ်ပင် အရည်အသွေးများ မတူညီကြပေ။

ယခင်က သူတို့သည် အရည်အသွေးနိမ့်သည့် ပစ္စည်းတချို့ကို ညီတူညီမျှ ခွဲဝေခဲ့ကြသည်။

ယခုအခါတွင် အရည်အသွေးနိမ့်သည့် ပစ္စည်းအားလုံးကို ကျန်းချန်အား ပေးရန် ဆုံးဖြတ်လိုက်၏။

ထိုလုပ်ရပ်သည် ကျန်းချန်ကို ဒုက္ခပေးနိုင်မည့် အပြင် အရည်အသွေး ကောင်းမွန်သော ဆေးဝါးပစ္စည်းများကိုလည်း ပိုမို၍ ခွဲဝေနိုင်လိမ့်မည် ဖြစ်သည်။

ယင်းက ခဲတစ်လုံးတည်းဖြင့် ငှက်နှစ်ကောင်ကို ပစ်ခတ်သောကိစ္စမျိုး ဖြစ်ရာ သူက အဘယ်ကြောင့် မလုပ်ဆောင်ဘဲ နေရပါမည်နည်း။

“ကောင်းပြီ.. ဒါဆို မင်းကို ဒီကိစ္စ လွှဲပေးလိုက်မယ်.. ဒီလရရှိတဲ့ အရည်အသွေးနိမ့် ပစ္စည်းအားလုံးကို ကျန်းချန်ဆီ ခွဲဝေပေးလိုက်ပါ”

ကျိုချိုးမင်၏ မျက်ဝန်းများတွင် အေးစက်သော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့၏။

သူက အဆင့်မြင့် ဧည့်အရာရှိ၏ ပခုံးကို ပုတ်ကာ ပြောလိုက်၏။

“ဒီကိစ္စကို အောင်မြင်အောင် လုပ်ဆောင်နိုင်သရွေ့ ငါအဂ္ဂိရတ်ခန်းမရဲ့ ဝါရင့်အကြီးအကဲ ဖြစ်လာတဲ့အခါကျရင် မင်းကို ကောင်းကောင်းကြီး မြှောက်စားမယ်”

ထိုစကားကိုကြားလျှင် အဆင့်မြင့် ဧည့်အရာရှိက ချက်ချင်းပင် ရင်ဘတ်ကို လက်ဖြင့်ပုတ်ကာ ရဲရဲကြီး အာမခံလိုက်သည်။

“စိတ်မပူပါနဲ့.. ကျွန်တော်ဒီကိစ္စကို အကောင်းဆုံး လုပ်ဆောင်လိုက်ပါ့မယ်”

-------------------

ကျိုချိုးမင်က အစီအစဥ်တစ်ခု ပျက်ကွက်သွားသောအခါ အခြား အစီအစဥ်တစ်ခုကို လုပ်ဆောင်ရန် အသင့်ပြင်ခဲ့သည်။

ကျန်းချန်ကမူ နေအိမ်သို့ ပြန်ရောက်သွားပြီးနောက်တွင် တံခါးပိတ်ကျင့်ကြံသည့် အခြေအနေသို့ ဝင်ရောက်သွားခဲ့သည်။

သူက နေရာလွတ်လမ်းစဥ် ဥပဒေသ၏ မူလစွမ်းအားကို မြှင့်တင်ပေးနိုင်သည့် ဆေးလုံးအား သန့်စင်ရန် စဥ်းစားခဲ့သည်။

ယခုအခါတွင် သူ၏ အသက်လမ်းစဥ် ဥပဒေသ မူလစွမ်းအားသည် ပြီးပြည့်စုံလုနီးပါး အခြေအနေသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

ကျန်းချန်၏ ခန့်မှန်းချက်အရ အကြာဆုံး ၁နှစ် အတိုဆုံး ၆လအတွင်း သူ၏ အသက်စွမ်းအင်ဥပဒေသသည် ပြီးပြည့်စုံသော အခြေအနေသို့ ရောက်ရှိပေလိမ့်မည်။

ဤအချိန်အတွင်း သူက နေရာလွတ်လမ်းစဥ် ဥပေဒသ၏ မူလစွမ်းအားကို ပြီးပြည့်စုံသော အခြေအနေအထိ မြှင့်တင်ရန်အတွက် ဆေးလုံးများကိုသာ အလုံအလောက် သန့်စင်နိုင်ခဲ့လျှင် ကမ္ဘာ့စွမ်းအား ၇မျိုးကို ပိုင်ဆိုင်ထားသည့် မဟာကောင်းကင် နတ်ဘုရား ဖြစ်လာနိုင်ပြီး နယ်မြေနတ်ဘုရားများနှင့်ပင် ယှဥ်ပြိုင်နိုင်သည့် စွမ်းရည်ကို ပိုင်ဆိုင်လာလိမ့်မည်ဖြစ်၏။

လမ်းစဥ်၇ခုကို ပြီးပြည့်စုံသော အခြေအနေအထိ စုစည်းနိုင်လျှင် မဟာကောင်းကင် နတ်ဘုရားဟု ခေါ်ဆိုကြသည်။

လမ်းစဥ်၈ခုကို ပြီးပြည့်စုံသော အခြေအနေအထိ စုစည်းနိုင်သူများကိုမူ အထွတ်အထိပ် ကောင်းကင်နတ်ဘုရားဟု ခေါ်ဆိုကြ၏။

လမ်းစဥ်၉ခု သို့မဟုတ် ထိုထက်ပို၍ စုစည်းနိုင်သူများကိုမူ သူတော်စင် ကောင်းကင်နတ်ဘုရားဟု ခေါ်ဆိုကြသည်။

“င့ါမှာ နေရာလွတ်လမ်းစဥ် ဥပဒေသကို မြှင့်တင်နိုင်တဲ့ဆေးလုံးကို သန့်စင်ဖို့ အတွက် ဆေးဝါးပစ္စည်းတွေ သိပ်မရှိတော့ဘူး.. နေရာလွတ်လမ်းစဥ် ဥပဒေသကို ပြီးပြည့်စုံတဲ့အခြေအနေအထိ မြှင့်တင်ဖို့ဆိုရင် ဟန်ယွဲ့နန်းတော်ရဲ့ အရင်းအမြစ်တွေကို အသုံးပြုရလိမ့်မယ် ထင်တယ်”

ကျန်းချန်က တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။

ထို့နောက် သူက သိုလှောင်လက်စွပ်ထဲမှ နေရာလွတ်လမ်းစဥ် ဥပဒေသကို မြှင့်တင်ပေးနိုင်သည့် ဆေးလုံးကို သန့်စင်ရန်အတွက် လိုအပ်သည့်ဆေးဝါး ပစ္စည်းများစွာကို ထုတ်ယူကာ ဆေးလုံးကို စတင်သန့်စင်ရန် ပြင်ဆင်ခဲ့သည်။

ဤပစ္စည်းများဖြင့်ဆိုလျှင် သူ့အတွက် လဝက်ကြာ သန့်စင်ရန်အတွက် လုံလောက်မည် ဖြစ်၏။

သူက ခန်းမသခင်ရွှယ်သောင်း တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာမည့်အချိန်ကို ဆေးလုံးများအား သန့်စင်ရင်း သူ၏ ခွန်အားကို မြှင့်တင်ကာ စောင့်ဆိုင်းရန် ဆုံးဖြတ်ခဲ့သည်။

ခန်းမသခင် ရွှယ်သောင်း၏ မျက်နှာသာပေးမှုကိုသာ ရရှိခဲ့လျှင် ဟန်ယွဲ့နန်းတော်တွင် သူ၏ အဆင့်အတန်းသည် အဆင့်သစ် တစ်ခုသို့ သေချာပေါက် မြှင့်တင်ခံရလိမ့်မည် ဖြစ်၏။

ထိုအချိန်သို့ရောက်လျှင် နေရာလွတ်လမ်းစဥ် ဥပဒေသ၏ မူလစွမ်းအားကို မြှင့်တင်ပေးနိုင်သည့် အရင်းအမြစ်များအား ဟန်ယွဲ့နန်းတော်ကနေ ရရှိရန် လွယ်ကူသွားလိမ့်မည် မဟုတ်ပါလား။

All Chapters