← Chapters

အခန်း (၁၈၂၉+၁၈၃၀)

Vol. 123 Ch. 1829+1830

အခန်း (၁၈၂၉+၁၈၃၀)

Vol. 123 Ch. 1829+1830

အခန်း(၁၈၂၉)

ကျိုးချိုးမင်သည် ထိုက်ရှစိတ်ဝိညာဥ်ဆေးလုံး အလုံး၂၀ကို စစ်ဆေးကာ လက်ခံလိုက်ပြီးနောက်တွင် မျက်နှာအနည်းငယ် မသာမယာ ဖြစ်နေခဲ့သည်။

ဤကောင်လေး၏ အဂ္ဂိရတ်ပါရမီသည် အလွန်ပင် ကြောက်မက်ဖွယ်ရာကောင်းသော အဆင့်သို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။

ထို့ကြောင့် ဆေးဝါးမစ်ရှင်ဖြင့် ကျန်းချန်ကို ပစ်မှတ်ထားရန်မှာ မဖြစ်နိုင်တော့ပေ။

သူက အစည်းအဝေး ပြီးဆုံးကြောင်း ကြေညာတော့မည့်အချိန်မှာပင် အဂ္ဂိရတ်ခန်းမ၏ ဝါရင့်အကြီးအကဲ ကုန်းစွန်းယန်သည် ခန်းမထဲသို့ ရုတ်တရက် ဝင်ရောက်လာခဲ့သည်။

ကုန်းစွန်းယန်ကို မြင်လျှင် ကျိုးချိုးမင်သည် အံ့အားသင့်သွားခဲ့ပြီး နှုတ်ဆက်လိုက်သည်။

ကုန်းစွန်းယန်သည် သတ္တမအဆင့် နတ်အဂ္ဂိရတ်သခင် တစ်ဦး ဖြစ်ပြီး အဂ္ဂိရတ်ခန်းမ၏ ဝါရင့်အကြီးအကဲ ၅ဦးထဲမှ တစ်ဦးဖြစ်ကာ အလွန်အဆင့်အတန်း မြင့်မားသူ ဖြစ်၏။

သူက ကျန်းချန်ကို ကုန်းစွန်းယန်က ဟန်ယွဲ့နန်းတော်သို့‌ ခေါ်ဆောင်လာခဲ့သည်ကို သိရှိခဲ့ပြီး ကုန်းစွန်းယန်က ကျန်းချန်အပေါ်တွင် သဘောထား ကောင်းမွန်ကြောင်း သိရှိထားခဲ့သော်လည်း ဤမျှအထိ ကျန်းချန်ကို တန်ဖိုးထားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

နောက်ဆုံးအကြိမ်က အဂ္ဂိရတ်ခန်းမ၏ တပည့်များကို ကျန်းချန်က သင်ကြားပြသရန်တွင်လည်း ကုန်းစွန်းယန်သည် သင်ကြားရေးခန်းမသို့ သွားရောက်ခဲ့သည်။

ဤတစ်ကြိမ်တွင်လည်း အဆင့်မြင့် အရာရှိများ၏ အစည်းအဝေးခန်းမသို့ ရုတ်တရက် ရောက်ရှိလာခြင်းသည် ကျန်းချန် အတွက်သာ ဖြစ်နိုင်ခြေများ၏။

ကုန်းစွန်းယန်က ခေါင်းညိတ်လိုက်ပြီး ပြုံးရွှင်စွာ ပြောလိုက်သည်။

“ဆရာကျိုး စိတ်မကောင်းပါဘူး.. ငါအရေးကြီးကိစ္စ တစ်ခုနဲ့ ကျန်းချန်ကို ခေါ်သွားဖို့ လိုအပ်တယ်.. အစည်းအဝေးကို အနှောင့်အယှက်ပေးမိတဲ့ အတွက် တောင်းပန်ပါတယ်”

ကျိုးချိုးမင်က အလျင်အမြန်ပင် ပြန်ပြောလိုက်၏။

“အကြီးအကဲကုန်းစွန်းက အားနာလွန်းနေပါပြီ.. ကျွန်တော်တို့ရဲ့ အစည်းအဝေးကလည်း အခုပဲ ပြီးဆုံးတော့မှာပါ”

“ဒါဆိုလည်း ကောင်းပြီ”

ထိုစကားကို ပြောပြီးနောက်တွင် ကုန်းစွန်းယန်သည် ကျန်းချန်ကို ကြည့်ကာ ပြောလိုက်သည်။

“ကျန်းချန်.. ခန်းမသခင်ရွှယ်သောင်း.. တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာခဲ့ပြီ သူ့ကို သွားတွေ့ဖို့ ငါနဲ့ လိုက်လာခဲ့ပါ”

ကုန်းစွန်းယန်၏ စကားကိုကြားလျှင် ကျိုချိုးမင် အပါအဝင် လူတိုင်းသည် အသက်ရှူရပ်မတတ်ပင် အံ့အားသင့်သွားခဲ့ကြသည်။

ခန်းမသခင် ရွှယ်သောင်းသည် ဟန်ယွဲ့နန်းတော်၏ နယ်မြေနတ်ဘုရား နှစ်ပါးထဲမှ တစ်ပါး ဖြစ်ပြီး အဂ္ဂိရတ်ခန်းမ၏ တစ်ဦးတည်းသော နဝမအဆင့် နတ်အဂ္ဂိရတ်သခင်လည်း ဖြစ်သည်။

တစ်နည်းအားဖြင့် ပြောရလျှင် ဟန်ယွဲ့နန်းတော် တစ်ခုလုံးတွင် ဟန်ယွဲ့နန်းတော်သခင် ဟောင်ယွဲ့မှ လွဲ၍ ခန်းမသခင်ရွှယ်သောင်းကို ယှဥ်နိုင်မည့်သူ မရှိပေ။

ခန်းမသခင် ရွှယ်သောင်းသည် ၁နှစ်ပတ်လုံး တံခါးပိတ်ကျင့်ကြံနေလေ့ ရှိပြီး အဂ္ဂိရတ်ခန်းမရှိ ဝါရင့် အကြီးအကဲ တချို့သာလျှင် ခန်းမသခင် ရွှယ်သောင်းကို ၁လလျှင် တစ်ကြိမ် တွေ့ဆုံရန် အခွင့်အရေး ရရှိကြသည်။

ကျိုချိုးမင်သည် ဟန်ယွဲ့နန်းတော်၏ အဂ္ဂိရတ်ခန်းမတွင် ဧည့်အရာရှိအဖြစ် နှစ်ပေါင်းထောင်ချီ နေထိုင်ခဲ့သော်လည်း ခန်းမသခင် ရွှယ်သောင်းကို တစ်ကြိမ်သာလျှင် တွေ့ဆုံဖူးခဲ့၏။

ကုန်းစွန်းယန်က ကျန်းချန်ကို ခန်းမသခင် ရွှယ်သောင်းနှင့် တွေ့ဆုံပေးရန် အတွက် ခေါ်ဆောင်သွားလိမ့်မည်ဟု ကျိုးချိုးမင် လုံးဝ မတွေးမိခဲ့ပေ။

ကုန်းစွန်းယန်က ကျန်းချန်ကို ခန်းမသခင် ရွှယ်သောင်း ဆီသို့ ခေါ်ဆောင်သွားခြင်းသည် ကျန်းချန်၏ အရည်အချင်းကို မည်မျှ ယုံကြည်မှုရှိမှန်း သက်သေပြနေခဲ့၏။

ဤတစ်ကြိမ်တွင် ကျန်းချန်သာ ခန်းမသခင် ရွှယ်သောင်းနှင့် တွေ့ဆုံခဲ့ပြီး ခန်းမသခင်ရွှယ်သောင်း၏ မျက်နှာသာပေးမှုကို ရရှိကာ ခန်းမသခင်ရွှယ်သောင်း၏ တပည့် ဖြစ်လာခဲ့လျှင် ယင်းမှာ သူ့အတွက် သတင်းကောင်း ဖြစ်မည်မဟုတ်ပေ။

ထိုသို့ တွေးမိလိုက်လျှင် ကျိုးချိုးမင်သည် နောင်တတရားကို ခံစားလိုက်ရသည်။

သူက ကျန်းချန်၏ အသေးစိတ် အချက်အလက်များကို မသိရှိသေးခင်မှာပင် ပိုင်ရှင်းကျန့်၏ ကျန်းချန်အပေါ် ဒုက္ခပေးရန်ကြံစည်မှုအား သဘောတူခဲ့မိသည်ကို အနည်းငယ် နောင်တရနေခဲ့၏။

နန်းတော်သခင်‌ဟောင်ယွဲ့၏ တပည့်တစ်ဦးအနေဖြင့် ပိုင်ရှင်းကျန့်သည် ဟန်ယွဲ့နန်းတော်တွင် အမှန်တကယ်ပင် ထူးခြားသော အဆင့်အတန်း ရှိသည်။

သို့သော်လည်း ကျန်းချန်သာ ခန်းမသခင် ရွှယ်သောင်း၏ မျက်နှာသာပေးမှုကို ရရှိပြီး တိုက်ရိုက် တပည့် ဖြစ်လာခဲ့လျှင် ကျန်းချန်၏ အခြေအနေသည် ပိုင်ရှင်းကျန့်ထက် နိမ့်ကျတော့မည် မဟုတ်ချေ။

အထူးသဖြင့် ထိုအတိုင်းသာ ဖြစ်လာခဲ့လျှင် အဂ္ဂိရတ်ခန်းမရှိ ဝါရင့်အကြီးအကဲများပင် ကျန်းချန်ကို ယဥ်ကျေးစွာ ဆက်ဆံရလိမ့်မည် ဖြစ်ပြီး သူ့အတွက်မူ အခြေအနေ ကောင်းနိုင်မည် မဟုတ်ပေ။

“နောက်ဆုံးတော့ ခန်းမသခင်ရွှယ်သောင်းက တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာခဲ့ပြီပေါ့”

ကုန်းစွန်းယန်၏ စကားကိုကြားလျှင် ကျန်းချန်သည် ဝမ်းသာသွားခဲ့သည်။

ခန်းမသခင် ရွှယ်သောင်းနှင့် တွေ့ဆုံခဲ့လျှင် လွန်ခဲ့သော ၅နှစ်က ဟန်ယွဲ့နန်းတော်တွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို မေးမြန်းကာ သူ့မိခင်နှင့် သက်ဆိုင်ခြင်းရှိမရှိ သိရှိနိုင်လိမ့်မည် မဟုတ်ပါလား။

ကျိုးချိုးမင်နှင့် အဆင့်မြင့် ဧည့်အရာရှိများ၏ မနာလိုအားကျသော အကြည့်များအောက်မှာပင် ကျန်းချန်သည် ကုန်းစွန်းယန်၏ နောက်သို့ လိုက်ပါသွားခဲ့ပြီး ခန်းမထဲကနေ လျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။

ခဏအကြာတွင် ကုန်းစွန်းယန်၏ ဦးဆောင်မှုအောက်တွင် ကျန်းချန်သည် လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါများကို ထုတ်လွှတ်နေသည့် ခန်းမ‌ဆောင်တစ်ခု ဆီသို့ ရောက်ရှိလာခဲ့သည်။

ခန်းမ၏ တံခါးပေါက်သို့ ရောက်လျှင် ကုန်းစွန်းယန်က ခြေလှမ်းကို ရပ်တန့်လိုက်ပြီး တလေးတစားဖြင့် ပြောလိုက်သည်။

“ကုန်းစွန်းယန်က ခန်းမသခင်ကို လာရောက် တွေ့ဆုံပါတယ်”

“အထဲကို ဝင်ခဲ့ပါ”

ခန်းမဆောင်ထဲကနေ အိုမင်းသော အသံတစ်သံသည် ထွက်ပေါ်လာခဲ့၏။

ကုန်းစွန်းယန်က ကျန်းချန်ကို ခန်းမဆောင်ထဲသို့ လျင်မြန်စွာပင် ခေါ်ဆောင်သွားခဲ့ပြီး မကြာမီမှာပင် ခန်းမဆောင်၏ အခန်းတစ်ခန်း ဆီသို့ ရောက်ရှိလာခဲ့သည်။

အခန်းထဲသို့‌ရောက်လျှင် ကျန်းချန်သည် အခန်းအလယ်တွင် ထိုင်နေသော အဘိုးအိုတစ်ဦးကို မြင်လိုက်ရသည်။

အဘိုးအိုသည် အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။

ထို့အပြင် အဘိုးအို၏ ငွေရောင်ဆံပင်ရှည်သည် ပခုံးပေါ်တွင်ဝဲကျနေခဲ့သည်။

ခန္ဓာကိုယ် တစ်ခုလုံးမှလည်း နက်နဲသော အရှိန်အဝါကို ထုတ်လွှတ်နေခဲ့၏။

အဘိုးအိုက အိုမင်းနေပြီ ဖြစ်သော်လည်း ခန့်ညားသောအရှိန်အဝါကို ပေးစွမ်းနိုင်ဆဲပင်။

စဥ်းစားစရာ မလိုလောက်အောင်ပင် သူ၏ ရှေ့မှ ပုဂ္ဂိုလ်သည် ဟန်ယွဲ့နန်းတော်၏ နယ်မြေနတ်ဘုရား၂ပါးထဲမှ တစ်ပါး ဖြစ်သည့် အဂ္ဂိရတ် ခန်းမသခင် ရွှယ်သောင်းမှန်း ကျန်းချန် ချက်ချင်းဆိုသလို သိလိုက်သည်။

ဤပုဂ္ဂိုလ်သည် မဟာမြေရိုင်းနယ်မြေသို့ ကျန်းချန် ရောက်ရှိလာပြီးနောက်တွင် ပထမဆုံး တွေ့မြင်ရသော နယ်မြေနတ်ဘုရားလည်း ဖြစ်၏။

ခန်းမသခင် ရွှယ်သောင်း၏ ခွန်အားက မည်မျှ နက်ရှိုင်းသည်ကို သူ မသိသော်လည်း အလွန်တရာ အားကောင်းမှန်း ခံစားနိုင်ခဲ့သည်။

အနည်းဆုံးတော့ ရှေးဟောင်းနဂါးကုန်းမြေမှ အရှင်ကုလုံကဲ့သို့ နယ်မြေနတ်ဘုရားများသည် ခန်းမသခင် ရွှယ်သောင်းနှင့် အဆင့်တူများ မဟုတ်ကြပေ။

“ကုန်းစွန်းယန်က ခန်းမသခင်ကို ဂါဝရပြုပါတယ်”

ကုန်းစွန်းယန်က အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော အဘိုးအိုကို ခါးကိုင်း၍ ဦးညွှတ် အရိုအသေပြုလိုက်ပြီးနောက်တွင် သူ၏ နောက်မှ ကျန်းချန်ကို ပြောလိုက်သည်။

“ကျန်းချန် ဒါက ငါတို့ အဂ္ဂိရတ်ခန်းမရဲ့ ခန်းမသခင်ရွှယ်သောင်းပဲ.. ခန်းမသခင်ကို ဂါဝရပြု နှုတ်ဆက်လိုက်ပါဦး”

ကျန်းချန်က ရှေ့သို့ တက်လာခဲ့ပြီး မောက်မာသော အမူအရာ တစိုးတစိမျှ မရှိဘဲ ခန်းမသခင် ရွှယ်သောင်းကို တရိုတသေ ဂါဝရပြုလိုက်သည်။

“ကျန်းချန်က ခန်းမသခင်ကို ဂါဝရပြုပါတယ်”

“မင်းက ကုန်းစွန်ယန် နှုတ်ဖျားကနေ တဖွဖွ ချီးကျူးနေတဲ့ အဂ္ဂိရတ်ပါရမီရှင် ကျန်းချန်လား.. မဆိုးဘူး.. မင်းက တကယ်ကို ပါရမီ ထူးကဲတဲ့ ကလေးပဲ”

ခန်းမသခင်ရွှယ်သောင်း၏ နက်ရှိုင်းသော အကြည့်သည် ကျန်းချန်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲသည်။

ထို့နောက်တွင် ခန်းမသခင် ရွှယ်သောင်းထံမှ ချီးကျူးလိုက်သော စကားသံသည် အခန်းထဲတွင် ထွက်ပေါ်လာခဲ့သည်။

သူ တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာသောအချိန်တွင် ကုန်းစွန်းယန်သည် ဟန်ယွဲ့နန်းတော်၏ အဂ္ဂိရတ်ခန်းမတွင် အဂ္ဂိရတ်ပါရမီရှင်တစ်ဦး ရောက်ရှိနေပြီး ၎င်း၏ ပါရမီသည် ရှချင်းမင်ထက်ပင် ပိုမို၍ မြင့်မားကြောင်း လာရောက် ပြောဆိုခဲ့သည်။

ကုန်းစွန်းယန်၏ အမြင်နှင့် ပတ်သက်၍ ခန်းမသခင်ရွှယ်သောင်းသည် ယုံကြည်မှု ရှိခဲ့သည်။

ထို့ကြောင့်လည်း ခန်းမသခင် ရွှယ်သောင်းသည် တုံ့ဆိုင်းမနေဘဲ ကုန်းစွန်းယန်ကို ထိုပါရမီရှင်အား သူ့ဆီ ခေါ်ဆောင်လာရန် အမိန့်ပေးခဲ့၏။

သို့သော်လည်း ခန်းမသခင် ရွှယ်သောင်းသည် ကုန်းစွန်းယန် ခေါ်လာခဲ့သော ကောင်လေးကို မြင်သောအခါတွင် ထိုကောင်လေး၏ ပါရမီသည် သူစိတ်ကူးထားသည်ထက်ပင် အနည်းငယ် ကျော်လွန်နေမည်ဟု မမျှော်လင့်မိပေ။

နယ်မြေနတ်ဘုရားတစ်ပါး ဖြစ်သည့် ရွှယ်သောင်းသည် ကျန်းချန်၏ ကျင့်ကြံခြင်း အဆင့်က ပဉ္စမအဆင့် ကောင်းကင်နတ်ဘုရား အဆင့်သို့ပင် ရောက်ရှိနေမှန်း ချက်ချင်းဆိုသလို မြင်နိုင်ခဲ့သည်။

ဤကောင်လေး၏ ကိုယ်ခံပညာ ပါရမီသည် ဟန်ယွဲ့နန်းတော်၏ မည်သည့် အထွတ်အထိပ်ပါရမီရှင်ထက်မှ မညံ့ပေ။

အကယ်၍သာ အဂ္ဂိရတ်ပါရမီတွင် ရှချင်းမင်ထက် သာလွန်ခဲ့လျှင် ထို‌ကောင်လေး၏ အဂ္ဂိရတ်ပညာရပ် ပါရမီနှင့် ကိုယ်ခံပညာရပ် ပါရမီတို့သည် အလွန်တရာ ကြောက်မက်ဖွယ်ရာကောင်းသော အဆင့်သို့ ရောက်ရှိနေသည်ဟု ဆိုလိုရာရောက်နေသည် မဟုတ်ပါလော။

ရွှယ်သောင်းက ကျန်းချန်ကို ပထမဆုံးအကြိမ် မြင်တွေ့ရသော အခိုက်မှာပင် ချီးကျူးစကား ပြောဆိုလိုက်သည်ကို ကြားလျှင် ကုန်းစွန်းယန်သည် ဝမ်းသာသွားခဲ့သည်။

ရွှယ်သောင်းက ဤကဲ့သို့ တစ်ခုတ်တရ ချီးမွမ်းသည်ကို သူတစ်ခါမှ မမြင်ဖူးခဲ့ပေ။

ရွှယ်သောင်းသည် ရှချင်းမင်ကို အမည်ခံတပည့် အဖြစ် လက်ခံစဥ်ကပင် လုံးဝ ချီးကျူးစကား မပြောဆိုခဲ့ချေ။

အကြောင်းရင်းမှာ ရှချင်းမင်၏ ပါရမီသည် သူ့ကို အပြည့်အဝ မျက်စိကျရန် မလုံလောက်ခဲ့သောကြောင့်ပင်။

ယခုအခါတွင် ခန်းမသခင် ရွှယ်သောင်းသည် ကျန်းချန်ကို တစ်ခုတ်တရ ချီးမွမ်းနေသည်ဖြစ်ရာ ကျန်းချန်သည် ခန်းမသခင်ရွှယ်သောင်း၏ တိုက်ရိုက် တပည့်ဖြစ်လာရန် အမှန်တကယ် အခွင့်အရေး ရရှိနိုင်သည် မဟုတ်ပါလား။

ကုန်းစွန်းယန်က စိတ်နှလုံးထဲတွင် ခန့်မှန်း တွေးတောနေစဥ်မှာပင် ခန်းမသခင်ရွှယ်သောင်း၏ စကားသံသည် အခန်းထဲတွင် ထွက်ပေါ်လာခဲ့သည်။

“ကျန်းချန် မင်းက အဂ္ဂိရတ်ပညာရပ်နဲ့ ကိုယ်ခံပညာရပ် နှစ်မျိုးလုံးကို တစ်ပြိုင်နက် ကျင့်ကြံထားပြီး ဒီနှစ်မျိုးလုံးမှာ မင်းရဲ့ပါရမီက ပြိုင်ဘက်ကင်းအဆင့်မှာ ရှိတယ်.. ဒါက ငါ့ရဲ့စံနှုန်းနဲ့ လုံးဝအံကိုက်ပဲ.. မင်း ငါ့ရဲ့တိုက်ရိုက်တပည့် အဖြစ် ခံယူဖို့ ဆန္ဒရှိမရှိ ငါသိချင်တယ်”

အခန်း(၁၈၃၀)

ရွှယ်‌သောင်း၏ ချီးကျူးစကားကိုကြားလျှင် ကုန်းစွန်းယန်၏ အိုမင်းသော မျက်နှာထက်တွင် ဝမ်းသာသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

ခန်းမသခင် ရွှယ်‌သောင်း၏အမြင်သည် အလွန်ပင် အရေးပါလှ၏။

ကျန်းချန်၏ ပါရမီက ထူးခြားမှု ရှိသော်လည်း ခန်းမသခင် ရွှယ်သောင်းက တပည့်အဖြစ် လက်ခံလိမ့်မည်ဟု ကုန်းစွန်းယန်မသေချာခဲ့ပေ။

ယခု ခန်းမသခင် ရွှယ်သောင်း၏ စကားကို ကြားမှသာလျှင် ကုန်းစွန်းယန်၏ တင်းကျပ်နေသော နှလုံးသားသည် အနည်းငယ် ပြေလျော့သွားခဲ့သည်။

ကျန်းချန်၏ ပါရမီဖြင့်သာ ဆိုလျှင် ခန်းမသခင် ရွှယ်သောင်း၏ တပည့် ဖြစ်လာသည်နှင့် ကောင်းကင်သို့ အမှန်တကယ် ပျံသန်းနိုင်တော့မည် ဖြစ်၏။

အနာဂတ်တွင် ကျန်းချန်သည် ခန်းမသခင်ရွှယ်သောင်း၏ နေရာကိုပင် ဆက်ခံနိုင်ပြီး အဂ္ဂိရတ်ခန်းမ၏ စစ်မှန်သောသခင်တစ်ပါး ဖြစ်လာနိုင်ပေသည်။

ထိုသို့ဖြစ်လာခဲ့လျှင် ကျန်းချန်ကို ဟန်ယွဲ့နန်းတော်သို့ ပို့ဆောင်ပေးခဲ့ပြီး သူနှင့်ကျန်းချန် ကြားရှိ ဆက်ဆံရေးကြောင့် အဂ္ဂိရတ်ခန်းမတွင် သူ၏ ရာထူးသည် သံသယဖြစ်ဖွယ်ရာမရှိ ပိုမို၍ တည်ငြိမ်လာမည် မဟုတ်ပါလား။

“ကျန်းချန်.. ခန်းမသခင်က မင်းကို တိုက်ရိုက်တပည့်အဖြစ် လက်ခံနေပြီလေ.. ခန်းမသခင်ရဲ့ တပည့်အဖြစ် မခံယူဘဲ မင်းဘာလုပ်နေတာလဲ”

ကုန်းစွန်းယန်က မှင်တက်ရာကနေ သတိပြန်ဝင်လာပြီးနောက်တွင် မလှုပ်မယှက်ရပ်နေဆဲ ဖြစ်သည့် ကျန်းချန်ကို ချက်ချင်းဆိုသလို သတိပေးလိုက်သည်။

ထိုအချိန်တွင် ကျန်းချန်သည် ခန်းမသခင် ရွှယ်သောင်းကို လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

“ခန်းမသခင်က ကျန်းချန်ကို တန်ဖိုးထားတာ ကျန်းချန် အတွက် ဂုဏ်ယူစရာပါပဲ.. ဒါပေမဲ့ ဒီမတိုင်ခင်မှာ ကျွန်တော့်ရဲ့မေးခွန်းတစ်ခုကို ဖြေကြားပေးမယ်လို့ မျှော်လင့်ပါတယ်”

ကျန်းချန်က ချက်ချင်း သဘောမတူလိုက်သည်ကို မြင်လျှင် ကုန်းစွန်းယန်သည် ရုတ်တရက် စိုးရိမ်လာခဲ့သည်။

ဤကဲ့သို့သော အချိန်တွင် ကျန်းချန်သည် ထိုစကားမျိုးကို‌ ပြောဆိုလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။

သိထားရမည့်အချက်မှာ ဤကဲ့သို့အခွင့်အရေးသည် နောက်တစ်ကြိမ် ရရှိရန် မလွယ်ကူပေ။

ကျန်းချန်သာ ခန်းမသခင်ရွှယ်သောင်းကို အမှန်တကယ်ဒေါသထွက်စေခဲ့လျှင် ခန်းမသခင်ရွှယ်သောင်း၏ တပည့် ဖြစ်မလာရုံသာမက ဟန်ယွဲ့နန်းတော် တစ်ခုလုံးမှာပင် ကျန်းချန်အတွက် နေရာမရှိတော့မည်ကို သူစိုးရိမ်ခဲ့သည်။

“ကောင်းပြီ မင်းမေးစရာရှိတာကို ပွင့်ပွင့်လင်းလင်းသာ မေးပါ”

ရွှယ်သောင်းက ခဏမျှ မှင်တက်သွားသော်လည်း ကျန်းချန်ကို ပိုမို၍ပင် လေးစားချီးကျူးလာခဲ့၏။

ဟန်ယွဲ့နန်းတော်၏ နယ်မြေနတ်ဘုရားတစ်ပါး ဖြစ်သည့် သူ၏ အဆင့်အတန်းဖြင့် တပည့်လက်ခံရန် ကြေညာလိုက်လျှင် အမည်ခံတပည့် ဖြစ်ရန် အတွက်ပင် မရေမတွက်နိုင်သောပါရမီရှင်များသည် တန်းစီရပေလိမ့်မည်။

သို့သော်လည်း သူက ယခုအခါတွင် ကျန်းချန်ကို တိုက်ရိုက်တပည့်အဖြစ် ကမ်းလှမ်းခဲ့သည့်တိုင် ကျန်းချန်သည် အသိစိတ်ကို ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်၏။

ဤတစ်ခုတည်းဖြင့်ပင် ကျန်းချန်သည် လောကရှိ ပါရမီရှင် အများစုထက် သာလွန်နေပေသည်။

“ကျွန်တော် ဟန်ယွဲ့နန်းတော်ကို ရောက်လာရတဲ့ အဓိကအကြောင်းအရင်းက လူတစ်ယောက်ကို ရှာဖွေချင်လို့ပါ”

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ခန်းမသခင် ရွှယ်သောင်းကို လေးနက်စွာ ကြည့်၍ ပြောလိုက်သည်။

“ကျွန်တော် ရှာဖွေနေတဲ့သူက လွန်ခဲ့တဲ့ ၅နှစ်က ဟန်ယွဲ့နန်းတော်မှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စနဲ့ သက်ဆိုင်နေနိုင်ပါတယ်

.. ဒါကြောင့် လွန်ခဲ့တဲ့ ၅နှစ်က ဘာကိစ္စတွေ ဖြစ်ပျက်ခဲ့သလဲဆိုတာ ကျွန်တော့်ကို ပြောပြပေးလို့ရမလား”

ကျန်းချန်က အလေးအနက် စဥ်းစားပြီးမှ ထိုစကားကို ပြောဆိုခဲ့ခြင်း ဖြစ်သည်။

သူ့တွင် အဆ ၁၀၀ စနစ်ရှိ၍ သူ့ကို လမ်းညွှန်ပြသပေးမည့် ဆရာ မရှိလျှင်ပင် ပြဿနာမရှိပေ။

သို့ရာတွင် ရွှယ်သောင်းကို ဆရာအဖြစ် တင်မြှောက်ခဲ့လျှင် သူ့ကို ပြဿနာများစွာမှ ကယ်တင်နိုင်မည်ဖြစ်ပြီး ဟန်ယွဲ့နန်းတော်တွင် ကျင့်ကြံရာတွင်လည်း ပိုမိုချောမွေ့လာမည်ဖြစ်သည်။

သို့‌သော်လည်း ရွှယ်သောင်းကို ဆရာအဖြစ် အသိအမှတ်ပြုလိုက်သည်နှင့် ရွှယ်သောင်းနှင့် သူ့ကြားတွင် ဆရာတပည့် ဆက်ဆံရေး ရှိလာပေလိမ့်မည်။

သူက သူ့အမေ၏ အခြေအနေကို မသိရသေးသ၍ ဟန်ယွဲ့နန်းတော်က အနာဂတ်တွင် သူ၏ ရန်သူ သို့မဟုတ် မိတ်ဆွေ ဖြစ်လာမည်မှန်း ကွဲကွဲပြားပြား မသိရသေးပေ။

အချိန်တန်၍ သူ့အမေကို ရှာတွေ့ပြီး ဟန်ယွဲ့နန်းတော်က သူ၏ရန်သူ ဖြစ်လာခဲ့လျှင် ရွှယ်သောင်းနှင့် သူ၏ ဆရာတပည့် ဆက်ဆံရေးသည် တစ်ဦးကို တစ်ဦး စိတ်မသက်မသာ ဖြစ်စေလိမ့်မည် မဟုတ်ပါလား။

အဆုံးသတ်တွင် ကျန်းချန်သည် ဆရာတပည့် ဆက်ဆံရေးကို အလွန်ပင် တန်ဖိုးထားသူတစ်ယောက် ဖြစ်သည်။

သူက ကျင့်ကြံခြင်းလမ်းစဥ် တစ်လျှောက်လုံးတွင် ရှန်းဝူကုန်းမြေတိုက်ရှိ ရှောင်တုလီကိုသာ ဆရာအဖြစ် တင်မြှောက်ခဲ့ဖူးသည်။

“ဒီကောင်လေးက လွန်ခဲ့တဲ့ ၅နှစ်က အကြောင်းကို သိချင်နေတာလား”

ကျန်းချန်၏ မေးခွန်းကိုကြားလျှင် ကုန်းစွန်းယန်၏ မျက်နှာအမူအရာသည် အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။

လွန်ခဲ့သော ၅နှစ်က ဖြစ်ပျက်ခဲ့သော ကိစ္စသည် ဟန်ယွဲ့နန်းတော်၏ တားမြစ်ကိစ္စ ဖြစ်ပြီး မည်သူမှ ထုတ်ဖော်မပြောဝံ့ကြပေ။

ထိုကိစ္စကို ခန်းမသခင် ရွှယ်သောင်းနှင့် နန်းတော်သခင်ဟောင်ယွဲ့တို့က ဝင်ရောက် ဖြေရှင်းပေးခဲ့ရသည်။

သူက အဂ္ဂိရတ်ခန်းမ၏ ဝါရင့်အကြီးအကဲ ဖြစ်သည့်တိုင် ဤကိစ္စ၏ နောက်ဆုံးရလဒ်ကို မသိရှိခဲ့ပေ။

ကုန်းစွန်းယန်သည် ကျန်းချန်က ထိုအကြောင်းကို မေးလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ပေ။

ဤကိစ္စက ဟန်ယွဲ့နန်းတော်၏ လျှို့ဝှက်ချက် ဖြစ်နေသည်ကို တွေးမိလိုက်လျှင် ကုန်းစွန်းယန်သည် ကျန်းချန်ကို သတိပေးရန် ပြင်လိုက်သည်။

“ကျန်းချန်..”

သို့သော်လည်း ကုန်းစွန်းယန် စကားမဆုံးမီမှာပင် ခန်းမသခင်ရွှယ်သောင်းသည် လက်ကာပြကာ ဟန့်တားလိုက်ပြီး ကျန်းချန်ကို ပြုံးရွှင်စွာ ကြည့်၍ ပြောလိုက်သည်။

“မင်းရှာနေတဲ့သူက ပြင်ပကနေ ဟန်ယွဲ့နန်းတော်ရဲ့ အကြီးအကဲချုပ် ခေါ်ဆောင်လာခဲ့တဲ့ တိုက်ရိုက်တပည့် မဟုတ်လား”

“တကယ်တမ်းပြောရရင် အဲဒီသူက ကျွန်တော် ရှာဖွေနေတဲ့လူ ဟုတ်မဟုတ် ကျွန်တော်လည်း အသေအချာမသိဘူး”

ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး ခန်းမသခင် ရွှယ်သောင်းကို ကြည့်ကာ မေးလိုက်သည်။

“ခန်းမသခင်.. အကြီးအကဲချုပ် အပြင်ကနေ ခေါ်ဆောင်လာခဲ့တဲ့ တိုက်ရိုက်တပည့်ရဲ့ နာမည်ကို ပြောပြပေးလို့ရမလား”

“သူမရဲ့နာမည်က ကျီဝူရွှယ်လို့ ခေါ်တယ်”

ရွှယ်သောင်းက ပြုံးရွှင်စွာ ပြောလိုက်သည်။

“လွန်ခဲ့တဲ့ ၅နှစ်က အကြောင်းကို မင်းမေးလိုက်ကတည်းက မင်းနဲ့ ကျီဝူရွှယ်တို့က အနည်းငယ် ရုပ်ရည်ဆင်တူနေတာကို ငါသတိထားမိတယ်.. သူမက မင်းရဲ့ဆွေမျိုးပဲ ဖြစ်ရမယ် ဟုတ်တယ် မဟုတ်လား”

[တကယ်ပဲ အမေဖြစ်နေတာကိုး]

ရွှယ်သောင်း၏ စကားကိုကြားလျှင် ကျန်းချန်၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှားသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

ကျန်းချန်က စိတ်လှုပ်ရှားသော လေသံဖြင့် ပြောလိုက်၏။

“သူမက ကျွန်တော့်ရဲ့ အမေအရင်းပါ.. အခု ကျွန်တော့်ရဲ့အမေ ဘယ်နေရာမှာ ရှိနေလဲဆိုတာကို ခန်းမသခင် ပြောပြပေးလို့ရမလား”

“စိတ်အေးအေးထားပါ ကောင်လေး.. သူမ အခုဘေးကင်းပါတယ်.. ဒါပေမဲ့ မင်းအနေနဲ့ တွေ့ခွင့်ရမှာတော့ မဟုတ်သေးဘူး”

ရွှယ်သောင်းက ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

“မင်းအနေနဲ့ မင်းရဲ့ အမေကို တွေ့ချင်တယ်ဆိုရင် ငါ့ကို ဆရာအဖြစ် တင်မြှောက်ပါ.. ပြီးရင် ဟန်ယွဲ့နန်းတော်မှာ စိတ်အေးချမ်းသာစွာ ကျင့်ကြံပါ.. အချိန်တန်ရင် မင်းအမေကို တွေ့ရပါလိမ့်မယ်”

ရွှယ်သောင်း၏ စကားကိုကြားလျှင် ကျန်းချန်သည် မျက်မှောင်ခပ်တင်းတင်း ကြုတ်သွားခဲ့သည်။

“မစိုးရိမ်ပါနဲ့.. လွန်ခဲ့တဲ့ ၅နှစ်ကတည်းက မင်းအမေဘက်မှာ ငါအမြဲတမ်း ရပ်တည်ခဲ့ပါတယ်.. မင်းအမေက လတ်တလော အန္တရာယ် မရှိသေးပေမဲ့ အနာဂတ် အခြေအနေတော့ မကောင်းနိုင်ဘူး.. မင်အမေကို တကယ်ပဲ ကူညီချင်တယ်ဆိုရင် ဟန်ယွဲ့နန်းတော်မှာ ပြင်းပြင်းထန်ထန် လေ့ကျင့်ပါ.. နတ်ဘုရားနယ်မြေမှာ ခွန်အားနဲ့ပဲ အရာအားလုံးကို ပြောဆိုလို့ရတယ်.. မင်းမှာ ခွန်အား အလုံအလောက် ရှိသရွေ့ ပြဿနာအားလုံးကို ဖြေရှင်းနိုင်တယ်”

ရွှယ်သောင်းက ကျန်းချန်၏ စိတ်သဘောထားကို ခန့်မှန်းမိခဲ့ပြီး ပြုံးရွှင်စွာ ပြောလိုက်သည်။

ဤအချိန်တွင်မူ ကျန်းချန်သည် နောက်ထပ် တုံ့ဆိုင်းမနေတော့ဘဲ ရွှယ်သောင်းကို ဆရာအဖြစ် ချက်ချင်းဆိုသလို ဦးညွှတ်ဂါဝရ ပြုလိုက်၏။

“တပည့်ကျန်းချန်က ဆရာ့ကို ဂါဝရပြုပါတယ်”

ရွှယ်သောင်းက သူ၏ လက်ဖဝါးကို လှုပ်ရှားလိုက်ရာ ဆန်းကြယ်သော အင်အားတစ်ခုသည် ကျန်းချန်ကို ထူမတ်ပေးလိုက်သည်။

“အိမ်း.. ဒီနေ့က စပြီး မင်းက ငါ့ရဲ့တိုက်ရိုက်တပည့် ဖြစ်သွားခဲ့ပြီ.. ဆရာ့မှာ မင်းကို ပေးစရာ ဘာလက်ဆောင်မှ မရှိဘူး.. ဒီတော့ နယ်မြေနတ်ဘုရား အမိန့်ပြန်တမ်းကိုပဲ မင်းကို ပေးရတော့မှာပေါ့”

ရွှယ်သောင်းက သူ၏ မုတ်ဆိတ်ကို ပွတ်သပ်ကာ ရယ်မော၍ ပြောလိုက်သည်။

ထို့နောက်တွင် ချက်ချင်းဆိုသလို သူ၏ လက်ဖဝါးကို လှုပ်ရှားလိုက်ရာ နယ်မြေနတ်ဘုရား စွမ်းအားကို ထုတ်လွှတ်နေသော စာလိပ်တစ်လိပ်သည် ကျန်းချန်၏ အရှေ့သို့ ပျံဝဲကာ ရောက်ရှိလာခဲ့သည်။

ရွှယ်သောင်းက သူ၏ရှေ့မှ ကျန်းချန်ကိုကြည့်ကာ စိတ်လှုပ်ရှားနေခဲ့၏။

ကျန်းချန်၏ ပါရမီဖြင့်ဆိုလျှင် ပြင်းပြင်းထန်ထန် ကျင့်ကြံလိုက်ပါက အနာဂတ် အောင်မြင်မှုများသည် သူ၏အောက်တွင် လုံးဝ ရှိမည် မဟုတ်ချေ။

All Chapters