အခန်း (၁-၅)
Vol. 1 Ch. 1-5
Chapter 1:မဟာဆရာသခင်တစ်ယောက် ဖြစ်လာရန်
ခြေလှမ်းချချိန်မှာ ခုနစ်စင်ကြယ်ပေါ်...ခြေလှမ်းပြန်ရုတ်ချိန်မှာ ကျားတစ်ကောင်လို...ခေါင်းထက်က ကြာပန်းပွင့်တွေနဲ့ နှစ်ဆင့်ရိုက်ချက်ကိုသုံးပြီးတော့ ဗာဂျရာတောင်ဝှေးနဲ့ရိုက်နှက်မယ်...
ထိုက်ကျိလှုပ်ရှားမှု ဖြစ်စဥ်တစ်ခုလုံးသည် ရေစီးဆင်းသကဲ့သို့ ချောမွေ့နေပြီးနောက် ရီဖုန်းက သူ၏မီးခိုးရောင်ဝတ်စုံကိုခါကာ မတ်တတ်ထရပ်လိုက်သည်။
ဟူး....
"စီးဆင်းမှုက တိမ်တွေနဲ့ရေတွေလို ချောမွေ့နေတယ်...အထင်ကြီးစရာပဲ"
အစောပိုင်းက ထိုက်ကျိလှုပ်ရှားမှုများကို ပြန်လည်တွေးတောမိချိန်တွင် ရီဖုန်းက သူ့ကိုယ်သူ စိတ်ကျေနပ်သွားကာ ချီးမွမ်းပြောဆိုလေသည်။ သိုင်းပညာရပ်များအပေါ် ယခုလက်ရှိ နားလည်သဘောပေါက်မှုနှင့်ထိုးထွင်းသိမြင်နိုင်မှုအရ အကယ်၍ သူသည် ခေတ်သစ်ကမ္ဘာမြေပေါ်တွင်ရှိနေပါက မဟာဆရာသခင်တစ်ယောက်ဖြစ်လာမည်မှာ သေချာပေါက်ပင်။
သို့ရာတွင် ယခုလက်ရှိချိန်၌...
ဤသည်က လုံးလုံးလျားလျား အသုံးမဝင်ချေ။
ရီဖုန်းသည် ကူကယ်ရာမဲ့စွာဖြင့် သူ၏ခေါင်းကိုခါယမ်းကာ သူ၏ခန္ဓာကိုယ်ပေါ်ရှိဖုန်မှုန့်များကို ဖယ်ရှားပြီးနောက် ကြွေရေနွေးခရားကိုကောက်ယူကာ နောက်မှီကုလားထိုင်ပေါ်တွင် လှဲလျောင်းလိုက်၏။
သူသည် ဤကမ္ဘာလောကအတွင်းသို့ ကူးပြောင်းလာခဲ့သည်မှာ နှစ်နှစ်ဆယ်ကျော်နေလေပြီ။ ဤနေရာသည် သူ၏အတိတ်ဘဝနှင့် လွန်စွာကွဲပြားခြားနားသည်။ ဤကမ္ဘာလောကသည် လက်တစ်ဖက်ဝှေ့ယမ်းရုံဖြင့် မြို့များကိုဖျက်ဆီးနိုင်ပြီး တောင်များကိုရွှေ့ပြောင်းနိုင်ကာ မည်သည့်ပြဿနာမျှမရှိဘဲ လက်ဗလာသက်သက်ဖြင့် ကြယ်များကိုခူးဆွတ်နိုင်သည့် အစွမ်းထက်ကျင့်ကြံသူများရှိနေသောနေရာ ဖြစ်ပေ၏။
အတိတ်ဘဝတွင် ရီဖုန်းသည် ကြက်ကြော်ဆိုင်တစ်ဆိုင်ဖွင့်ထားကာ ဘဝကို ပေါ့ပေါ့ပါးပါးနေထိုင်ခဲ့သည်။ သူ ကူးပြောင်းလာစဥ်တွင် အစပထမ၌ သူ့ထံတွင် စိတ်အားထက်သန်မှုများဖြင့် ပြည့်နှက်နေကာ ကြီးကျယ်ခမ်းနားသောအရာများကို အောင်မြင်အောင်လုပ်ဆောင်လိုခဲ့ပြီး နာမည်ကြီးအနုပညာရှင်များထက် ပို၍လှပချောမောသော အမျိုးသမီးကျင့်ကြံသူတချို့ကို သိမ်းပိုက်နိုင်ကာ ဘဝကို လွတ်လပ်စွာ ရှင်သန်နေထိုင်လိုခဲ့သည်။
သူ မမျှော်လင့်ထားခဲ့မိသည်မှာ သူသည် မရီးဒါန်းများပိတ်ဆို့၍ မွေးဖွားလာသူဖြစ်ပြီး ကျင့်ကြံရန်အတွက် မသင့်လျော်ခြင်းပင်။
"ဒင်...ပထမဆုံးနည်းစနစ် ပြီးပြည့်စုံပြီးတော့ နတ်ဘုရားတွေနဲ့ ယှဥ်ပြိုင်နိုင်တဲ့အဆင့်ကိုရောက်သွားပါပြီ"
စနစ်၏အချက်ပေးသံကိုကြားချိန်တွင် ရီဖုန်းသည် အနည်းငယ်မျှပင် စိတ်လှုပ်ရှားသွားခြင်းမရှိဘဲ သူ့အား ဆူပူကြိမ်းမောင်းနေသကဲ့သို့ပင် ခံစားမိသည်။
လက်ခံသူ...ရီဖုန်း
အသက်....နှစ်ဆယ်
ကျင့်ကြံဆင့်နယ်ပယ်...သေမျိုး
အောင်မြင်မှုများ...
လက်သီးနည်းစနစ်....နတ်ဘုရားများနှင့်ယှဥ်ပြိုင်နိုင်သောအဆင့်
ဓားနည်းစနစ်...နတ်ဘုရားများနှင့်ယှဥ်ပြိုင်နိုင်သောအဆင့်
တုတ်သိုင်းနည်းစနစ်...နတ်ဘုရားများနှင့်ယှဥ်ပြိုင်နိုင်သောအဆင့်
ဓားမြှောင်နည်းစနစ်...နတ်ဘုရားများနှင့်ယှဥ်ပြိုင်နိုင်သောအဆင့်
လက်ဝါးနည်းစနစ်....နတ်ဘုရားများနှင့်ယှဥ်ပြိုင်နိုင်သောအဆင့်
လက်နက်သွန်းလုပ်ခြင်း...နတ်ဘုရားများနှင့်ယှဥ်ပြိုင်နိုင်သောအဆင့်
လက်ရေးလှစာလုံးနှင့်ပန်းချီပညာရပ်...နတ်ဘုရားများနှင့်ယှဥ်ပြိုင်နိုင်သောအဆင့်
ကုသခြင်း...နတ်ဘုရားများနှင့်ယှဥ်ပြိုင်နိုင်သောအဆင့်
...
ဤသည်က အမှန်ပင်။ ရီဖုန်းသည် ကူးပြောင်းလာစဥ်၌ သူနှင့်အတူ ပိုင်ဆိုင်မှုအနေဖြင့် စနစ်တစ်ခုကို ရရှိခဲ့သည်။
သို့ရာတွင် ထိုစနစ်သည် သူ့ကို ကျင့်ကြံခြင်းနှင့်ဆက်စပ်၍ မည်သည့်အရာကိုမျှမပေးချေ။ ထိုအရာ လုပ်ဆောင်ခဲ့သမျှ အရာအားလုံးသည် သူ့အား သိုင်းပညာရပ်ခန်းမတစ်ခု ပေးခဲ့ခြင်းသာဖြစ်ပြီး သူ တိုးတက်လာခဲ့သမျှသည်လည်း ထိုသိုင်းပညာခန်းမနှင့်သာ ဆက်စပ်နေသည်။
နှစ်ပေါင်းများစွာကြာအောင် ပြင်းပြင်းထန်ထန် ကြိုးစားပြီးနောက် စနစ်၏အကူအညီဖြင့် ရီဖုန်းသည် ထိုပညာရပ်များအားလုံးကို အမြင့်မားဆုံးအဆင့်ဖြစ်သော 'နတ်ဘုရားများနှင့်ယှဥ်ပြိုင်နိုင်သောအဆင့်'ထိ ကျင့်ကြံနိုင်ခဲ့သည်။
နတ်ဘုရားနှင့်ယှဥ်ပြိုင်နိုင်သည်ဟုဆိုသဖြင့် အကယ်၍ သူ၏အတိတ်ဘဝတွင်သာဆိုပါက နာမည်ကြီးတစ်ယောက်ဖြစ်လာပြီး ရုပ်မြင်သံကြားအတွင်း၌ ပါဝင်လာပေမည်။
သို့ရာတွင် ဤနေရာ၌ ထိုအရာများကို မည်သို့အသုံးချရမည်နည်း....
အစွမ်းထက်ကျင့်ကြံသူများကို မေ့ထားကြစို့...အဆင့်နိမ့်ကျင့်ကြံသူတစ်ယောက်ကပင် သူ့အား လက်သီးတစ်ချက်ထိုးရုံဖြင့် ထိခိုက်နာကျင်အောင် ပြုလုပ်နိုင်ပေမည်။
ရုန်းကန်ရင်း ညည်းတွားရင်း ကျိန်ဆဲရင်းနှင့် ရီဖုန်းသည် နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီးနောက် ထိုအရာကို လက်လျှော့အရှုံးပေးလိုက်တော့သည်။ အကယ်၍ သူ ကျင့်ကြံလို့မရလျှင်လည်း ရှိပါစေတော့။ သူသည် မြေကွက်ငယ်လေးတစ်ခုတွင် ငါးတစ်ကောင်...အဟွတ်...မဟာဆရာသခင်တစ်ယောက်အဖြစ်နှင့် ငြိမ်းချမ်းစွာ နေထိုင်နိုင်ပေမည်။ ဤသည်မှာလည်း အလွန်မဆိုးလှချေ။
မည်သို့ပင်ဆိုစေကာမူ သူသည် အကြောင်းအရင်းတစ်ခုကို အစဥ်အမြဲတွေးတောနေမိသည်။ အကယ်၍ သူသည် စတင်၍ကျင့်ကြံပါက သူ ခံနိုင်ရည်ရှိမရှိ ပြောဆိုနိုင်ရန် လွန်စွာခက်ခဲပေမည်။ သူသည် မှော်ဆန်သောနယ်မြေများကို စူးစမ်းလေ့လာကာ တခြားဂိုဏ်းများနှင့်တိုက်ခိုက်ရပြီး မတော်တဆ သူ၏အသက် အချိန်မရွေး တိမ်းပါးသွားနိုင်သည်။
ပြင်ပတွင် တောက်ပနေသော နေရောင်ခြည်ကိုကြည့်ပြီး ရီဖုန်းက ပျင်းရိငြီးငွေ့စွာဖြင့် အကြောဆန့်ကာ သူ၏ဆိုင်တံခါးကိုဖွင့်လိုက်၏။
ထို့နောက် သူသည် သူရေးသာထားသော သိုင်းပညာလမ်းညွှန်စာအုပ်တစ်ထပ်ကိုထုတ်ယူကာ ပြင်ပ၌ ခင်းကျင်းလိုက်သည်။
အမှန်အားဖြင့် ဤသည်က သူ၏အကြီးမားဆုံးဝင်ငွေလမ်းကြောင်းပင်။ အကြောင်းအရင်းမှာ သူ့ထံသို့ သိုင်းပညာသင်ယူရန်အတွက် လာရောက်သောလူများမှာ အလွန်နည်းပါးသည်။ သာမာန်လူများသည် စိတ်ဝိညာဥ်စွမ်းအားများကို အနည်းငယ်သာစုပ်ယူနိုင်သော်လည်း အချိန်များကျော်လွန်လာသည်နှင့်အမျှ သူတို့၏အင်အားစိုက်ထုတ်မှုများမှတဆင့် တချို့လူများသည် သူ့ထက်ပင် ပို၍သန်မာအားကောင်းနေနိုင်သည်။
ထို့ကြောင့် သူသည် ဤ'သိုင်းပညာလမ်းညွှန်များ'ကို ရောင်းချခြင်းဖြင့်သာ အဆုံးသတ်ခဲ့ရသည်။
သူ၏စီးပွားရေးသည် မကောင်းသော်လည်း မဆိုးလှဘဲ သူ ရပ်တည်နိုင်ပေ၏။
အမှန်အားဖြင့် ဝယ်သူအများစုသည် သူတို့၏ကလေးများအတွက် ရုပ်ပုံစာအုပ်များနှင့်ပုံပြင်များကိုသာ ဝယ်ယူကြသည်။
"ခုလတ်တလောအချိန်မှာ ကျင့်ကြံသူတွေအများကြီး ဒီနေရာကို ရောက်နေပုံပဲ"
မိုးကုပ်စက်ဝိုင်းကိုဖြတ်သန်း၍ စီးဆင်းနေသော အလင်းတန်းများကိုကြည့်ပြီး ရီဖုန်းက သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
သူသည် ကျင့်ကြံခြင်းမပြုနိုင်သော်လည်း ကျင့်ကြံသူများနှင့် နီးစပ်နေဆဲပင်။ ပင်ကျင်းမြို့နှင့်မနီးမဝေးအကွာတွင် အဓိကဂိုဏ်းကြီးနှစ်ဂိုဏ်းရှိသဖြင့် တပည့်များသည် အထောက်အပံ့ပစ္စည်းများဝယ်ယူရန် မြို့တွင်းသို့လာကြရသည်။
"ချင်ရှန်းဂိုဏ်းနဲ့ရွှမ်းဝူဂိုဏ်းရဲ့ ဂိုဏ်းချုပ်တွေက သုံးရက်အတွင်းမှာ သေခြင်းရှင်ခြင်းတိုက်ပွဲကို ဆင်နွှဲမယ်လို့ ငါ ကြားထားတယ်...ဒါကြောင့် နန်ရှားက ကျင့်ကြံသူတွေအများကြီး တိုက်ပွဲကိုကြည့်ဖို့ ဒီနေရာကိုလာကြမှာပဲ"
ဆိုင်နီးချင်းတစ်ယောက်ဖြစ်ပြီး ရီဖုန်းနှင့်ရင်းနှီးသော ခေါင်းရွက်ဗျပ်ထိုးစျေးသည်တစ်ယောက်က ပြောဆိုသည်။
"အင်း...."
ရီဖုန်းက ခေါင်းညိတ်ပြကာ ထပ်မံ၍အာရုံစိုက်ခြင်းမရှိတော့ချေ။ မည်သို့ပင်ဆိုစေကာမူ ဤကိစ္စသည် သူနှင့် တစိုးတစိမျှပင် မသက်ဆိုင်ချေ။
"စီနီယာအစ်မ..အဲ့ဒီစာအုပ်တွေကိုကြည့်ရတာ တော်တော်လေးထူးဆန်းတယ်...ကျွန်မ ဒီလိုစာအုပ်မျိုးတွေကို အရင်က ဘယ်တုန်းကမှမမြင်ဖူးဘူး"
ထိုအချိန်မှာပင် သူ၏ဆိုင်ရှေ့၌ လူနှစ်ယောက်ထွက်ပေါ်လာကာ တစ်ယောက်သည် အရပ်ရှည်ပြီး တစ်ယောက်သည်အရပ်ပုပေ၏။
အရပ်ပုသောတစ်ယောက်က ဆံပင်ကို ဖွတ်ဆံမြီးကျစ်ထားသည်။ သူမသည် ယခုထိတိုင် အပြည့်အဝဖွံ့ဖြိုးခြင်းမရှိသေးသော်လည်း သူမကြီးထွားချိန်တွင် တိုင်းပြည်တစ်ပြည်ကိုပြိုလဲစေနိုင်သော အလှပိုင်ရှင်တစ်ယောက်ဖြစ်မည်မှာ သေချာပေါက်ပင်။ သူမသည် သူမ၏တောက်ပရွှန်းလဲ့သော မျက်လုံးတစ်စုံကို ပုတ်ခတ်ပုတ်ခတ်လုပ်၍ ရီဖုန်း၏ဆိုင်တွင် ခင်းကျင်းထားသော သိုင်းပညာလမ်းညွှန်စာအုပ်များကို သိချင်စိတ်ပြင်းပြစွာ စူးစိုက်ကြည့်နေသည်။
တခြားမိန်းကလေးကမူ သူမနှင့် လုံးလုံးလျားလျား ကွဲပြားခြားနားသည်။
အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော သူမထံတွင် ပြိုင်ဘက်ကင်းအလှအပမျိုးရှိနေပြီး ထိုနေရာတွင် မတ်တတ်ရပ်နိုင်သောသူမထံမှနေ၍ လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါမျိုး ထွက်ပေါ်နေသည်။ သို့ရာတွင် သူမထံမှနေ၍ ရေခဲတမျှအေးစက်သော အေးစိမ့်စိမ့်ခံစားချက်မျိုးကို ထုတ်လွှတ်နေကာ လူတိုင်းကို သူမနှင့်မိုင်ထောင်ပေါင်းများစွာကွာဝေးသောအရပ်၌ ပိုင်းခြားထားသကဲ့သို့ပင်။
"ကျင့်ကြံသူတွေလား"
ရီဖုန်းသည် ထိုမိန်းကလေးနှစ်ယောက်ကိုမော့ကြည့်ကာ အနည်းငယ်အံ့အားသင့်သွားသည်။
ထိုမိန်းကလေးနှစ်ယောက်သည် ရုပ်ရည်ချောမောလှပသူများ ဖြစ်နေရုံသာမက သူမတို့သည် ကျင့်ကြံသူများလည်းဖြစ်နေမည်ဟု သူ မျှော်လင့်မထားမိချေ။ ဤကဲ့သို့ကိစ္စမျိုးကို သူ မြင်တွေ့ဖူးသည်မှာ ပထမဆုံးအကြိမ်ပင်။
အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသော လော့လန်ရွှယ်က ရီဖုန်းကို လှည့်ကြည့်လိုက်၏။
သူသည် စိမ်ပြေနပြေထိုင်နေကာ သူ၏မီးခိုးရောင်ဝတ်စုံပေါ်၌ အစွန်းအထင်းမရှိချေ။ သူ၏နူးညံသိမ်မွေ့သောမျက်နှာပေါ်တွင် အစဥ်အမြဲ ခပ်ဖျော့ဖျော့အပြုံးတစ်ခုရှိနေကာ သာမာန်လောကီလောကနှင့်ကင်းကွာသော ခံစားချက်မျိုးကို ပေးစွမ်းနိုင်သည်။
အတိုချုပ်ပြောရလျှင် သူ့ကိုကြည့်ရသည်မှာ အလွန်သက်တောင့်သက်သာရှိသည်။
"ဘယ်လောက်တောင် စိတ်ပျက်ဖို့ကောင်းလိုက်လဲ...သူက သာမာန်သေမျိုးတစ်ယောက်ပဲ"
လော့လန်ရွှယ်သည် မကြာမီမှာပင် သူမ၏အကြည့်ကို ပြန်ရုတ်သိမ်းကာ သူမ၏မျက်နှာပေါ်၌ အထင်အမြင်သေးသောအရိပ်အယောင်များရှိနေသည်။ သာမာန်သေမျိုးတစ်ယောက်သည် မည်မျှပင်ထူးချွန်ထက်မြက်နေပါစေ သူတို့သည် ပုရွက်ဆိတ်များသက်သက်ပင်။
"စီနီယာအစ်မ...ကျွန်မ တစ်အုပ်လောက် ဝယ်လို့ရလား"
ကလေးမလေးယင်လော့လီသည် များစွာစဥ်းစားတွေးတောခြင်းမရှိချေ။ သူမက မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာ တောင်းပန်တိုးလျှိုးလေ၏။
လော့လန်ရွှယ်က မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။
သူမ၏ဆရာသခင်နှင့် ရွှမ်းဝူဂိုဏ်းချုပ်တို့သည် သုံးရက်အတွင်း၌ တစ်ဦးချင်းယှဥ်ပြိုင်တိုက်ခိုက်ကြလိမ့်မည်။ ကောလဟာလများအရ သူတို့သည် အဆင့်တူပြိုင်ဘက်များဖြစ်သော်လည်း သူမသည် ဆရာသခင်၏တိုက်ရိုက်တပည့်ဖြစ်သဖြင် သူမ၏ဆရာ အနိုင်ရနိုင်ခြေသည် နှစ်ဆယ်ရာခိုင်နှုန်းထက်နည်းသည်ကို သူမ သိရှိသည်။
ယခုလက်ရှိချိန်၌ ချင်းရှန်ဂိုဏ်းသည် အလွန်ဆိုးရွားသော အန္တရာယ်အတွင်းသို့ ကျရောက်နေလေပြီ။ သို့ရာတွင် သူမ၏ဂျူနီယာညီမလေးသည် ထိုအရာများကို သဘောကျနှစ်ခြိုက်ရန် အချိန်အားလပ်နေဆဲပင်။ သူမသည် ကူကယ်ရာမဲ့စွာဖြင့် ဒေါသထွက်သွားလေ၏။
"လော့လီ...သွားကြစို့"
လော့လန်ရွှယ်က အပြစ်တင်လိုသောလေသံဖြင့် ပြောဆိုသည်။
"စီနီယာအစ်မ...ကျွန်မ အဲ့ဒါကိုလိုချင်တယ်"
ယင်လော့လီသည် နှုတ်ခမ်းစူကာပြောဆိုပြီး သူမကိုကြည့်ရသည်မှာ အလွန်ကြေကွဲဝမ်းနည်းနေပုံရသည်။
"လော့လီ...ငါတို့ အလုပ်ရှုပ်နေတယ်...အချိန်မဖြုန်းစမ်းနဲ့....နင် စဥ်းစားကြည့်စမ်း...ကျင့်ကြံသူတွေအတွက် ပစ္စည်းကောင်းတွေက သေမျိုးတစ်ယောက်ဆီမှာ ဘယ်လိုလုပ်ပြီးတော့ ရှိနိုင်မှာလဲ"
လော့လန်ရွှယ်က ဒေါသတကြီး ပြောဆိုသည်။
ရီဖုန်း၏မျက်နှာ သုန်မှုန်သွားလေ၏။
ဤအသံသည် အမှန်တကယ်ကိုပင် နားထောင်မကောင်းလှချေ။
ယင်လော့လီသည် ခေါင်းငုံ၍ နှုတ်ခမ်းစူထားကာ သူမ၏လှပသောမျက်လုံးအတွင်း၌ မျက်ရည်များစိုစွတ်နေကာ သူမသည် ရီဖုန်း၏ဆိုင်ရှေ့တွင် ပေကပ်ကပ်နှင့်နေနေကာ ထွက်ခွာသွားရန်အတွက် ငြင်းဆန်နေသည်။
လော့လန်ရွှယ်၏မျက်နှာ ရေခဲတမျှ အေးစက်နေသည်။ သူမသည် ယင်လော့ရွှယ်ကို ထိန်းသိမ်းနိုင်ရန် မည်ကဲ့သို့ပြောဆိုရမည်ကို မသိတော့ချေ။
သူမ၏လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်မှုနှင့်အတူ ရွှေပြားတစ်ပြားက ရီဖုန်းထံ ပျံဝဲသွားသည်။ ထို့နောက် သိုင်းပညာလမ်းညွှန်စာအုပ်တစ်အုပ်ကိုဆွဲယူကာ ယင်လော့လီနှင့်အတူ ထွက်ခွာခဲ့တော့သည်။
"ဟေး...ရွှေတစ်ပြားက မလောက်ဘူးလေ"
သူ၏လက်အတွင်းရှိ ရွှေပြားတစ်ပြားကိုကြည့်ပြီး ရီဖုန်းက ပျာပျာသလဲ အော်ဟစ်လိုက်၏။
သို့ရာတွင် သူ ပြန်လည်ရရှိလိုက်သည်မှာ လော့လန်ရွှယ်ထံမှ အေးစက်စက်အကြည့်တစ်ချက်ဖြစ်သဖြင့် သူ နောက်ထပ်ပြောဆိုမည့်စကားများကို အတင်းအကြပ်ပြန်မြိုချလိုက်သည်။ သူ ကမောက်ကဖြင့် ပြောဆိုလိုက်သည်မှာ "ထားလိုက်တော့....အဲ့ဒီကလေးမလေးက တော်တော်လေးချစ်ဖို့ကောင်းတယ်...ငါ သူ့အတွက် လက်ဆောင်ပေးလိုက်တယ်လို့ပဲ သဘောထားလိုက်ပါ့မယ်"
သူမတို့ထွက်ခွာသွားပြီးနောက် ပျောက်ကွယ်သွားသော ပုံရိပ်များကိုကြည့်ပြီး ရီဖုန်းက ရိုင်းပျသောလက်ဟန်တစ်ခုကို ပြုလုပ်လေသည်။
အကယ်၍ သူသည် အလွန်အားနည်းခြင်းသာမရှိပါက သူ သူမတို့ကို သေချာပေါက် သင်ခန်းစာပေးမိပေလိမ့်မည်။
သိုင်းပညာလမ်းညွှန်စာအုပ်ကို ရရှိပြီးနောက် ယင်လော့လီသည် အလွန်ပျော်ရွှင်သွားကာ အရာရာတိုင်းကို သူမ၏စိတ်အတွင်းမှထုတ်လိုက်သည်။ သူမသည် စိတ်အားထက်သန်စွာဖြင့် ထိုစာအုပ်ကို လှန်ကြည့်လေ၏။
"ဝိုး...စီနီယာအမ....ဒီစာအုပ်က တော်တော်လေး စိတ်ဝင်စားစရာကောင်းတယ်"
ယင်လော့လီက အံ့အားတသင့် ရေရွတ်လေသည်။
လော့လန်ရွှယ်သည် သူမကို လျစ်လျှူရှုထားသည်။ ထိုအရာသည် သေမျိုးတစ်ယောက်၏ရုပ်ပြစာအုပ်တစ်အုပ်သာဖြစ်ရာ မည်သည့် စိတ်ဝင်စားစရာမျိုး ရှိနေနိုင်မည်နည်း။
"စီနီယာအစ်မ...စီနီယာအစ်မလို့...တစ်ချက်လောက်ကြည့်ပါအုံး"
ယင်လော့လီသည် လော့လန်ရွှယ်၏ကျောက်စိမ်းကဲ့သို့ချောမွတ်နေသောလက်ကိုဆွဲကိုင်ကာ ချစ်စဖွယ်အမူအယာဖြင့် ပြောဆိုသည်။
"ဒါက တကယ်ကောင်းတယ်...ကြည့်ကြည့်ပါအုံး"
လော့လန်ရွှယ်၏မျက်နှာသည် ဒေါသကြောင့် တင်းမာခက်ထန်ထားပေ၏။
ချင်းထန်ဂိုဏ်းအတွက် မရေရာသောအနာဂတ်ရှိနေချိန်တွင် သူမထံ၌ ဤကဲ့သို့အရာမျိုးကို အပျင်းပြေဖတ်ရှုရန် မည်ကဲ့သို့အချိန်ရှိမည်နည်း။ သူမသည် သတိပေးရန်ဆုံးဖြတ်၍ ယင်လော့လီဘက်သို့ လှည့်ကြည့်လိုက်စဥ်မှာပင် ရုတ်တရက် သူမ၏အကြည့်က သိုင်းပညာလမ်းညွှန်စာအုပ်၏ထောင့်တစ်နေရာသို့ မတော်တဆကျရောက်သွားသည်။
ရုတ်ချည်းဆိုသလိုပင် သူမ၏သွယ်လျသောခန္ဓာကိုယ် တုန်ရီသွားသည်။
သူမထံသို့ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော တစ်စုံတစ်ခု တိုးဝင်လာသကဲ့သို့ ခံစားလိုက်ရပြီး သူမ၏လှပသောမျက်နှာလေး ဖြူရော်သွားကာ သူမ၏ပါးစပ်မှ သွေးတစ်လုတ် အန်ထုတ်လိုက်ရသည်။
Chapter 2 : သေမျိုးတစ်ယောက်ဟု အထင်သေးခံရသော ဆရာကြီး
"ဒါက...."
ခြေလှမ်းတော်တော်များများ နောက်ဆုတ်ပြီးနောက် လော့လန်ရွှယ်သည် သူမ၏ဆွဲဆောင်မှုရှိသောခန္ဓာကိုယ်ကို တည်ငြိမ်အောင် ပြန်လည်ထိန်းသိမ်းနိုင်ခဲ့သည်။ သူမ ဒဏ်ရာရရှိခဲ့သည်ကိုပင် ဂရုမစိုက်အားဘဲ သူမက ထိတ်လန့်တုန်လှုပ်စွာဖြင့် ယင်လော့လီ၏လက်အတွင်းရှိ သိုင်းပညာလက်စွဲစာအုပ်ကိုကြည့်လိုက်၏။
"ဒါက သိုင်းပညာစိတ်ဆန္ဒပဲ"
ထိုအကြောင်းကိုတွေးတောရင်း လော့လန်ရွှယ်၏စိတ်နှလုံးသားအတွင်း၌ ကြီးမားသောလှိုင်းများ လှုပ်ခတ်သွားသည်။
ဤနေရာတွင် မည်သည့်ကိစ္စများ ဖြစ်ပျက်နေသနည်း။ သူမသည် သာမာန်သေမျိုးတစ်ယောက်၏ရုပ်ပြစာအုပ်အတွင်း၌ သိုင်းပညာစိတ်ဆန္ဒကို အမှန်တကယ်မြင်တွေ့ခဲ့ရသည်။ အကယ်၍ သူမ၏ဒဏ်ရာများကသာ သူမကို အဆက်မပြတ်သတိပေးမနေပါက သူမ အိမ်မက်မက်နေသည်ဟု ထင်ကောင်းထင်နေမိပေမည်။
သိုင်းပညာစိတ်ဆန္ဒ...
ဤသည်က ဒဏ္ဍာရီလာ အရာတစ်ခုပင်။
သူမကို မဆိုထားနှင့် သိုင်းဝိညာဥ်အဆင့် အစွမ်းထက်ကျင့်ကြံသူဖြစ်သော သူမ၏ဆရာသခင်ပင်လျှင် သိုင်းပညာစိတ်ဆန္ဒကို နားလည်နိုင်ခြင်းမရှိချေ။ သိုင်းအင်မော်တယ်အဆင့်တွင်ရှိနေသော တည်ရှိမှုကြီးများကသာ သိုင်းပညာစိတ်ဆန္ဒ၏အစပျိုးအဆင့်ကို သိရှိနိုင်သည်ဟု ဆိုကြလေ၏။
ဤသည်ကို သိုင်းပညာစိတ်ဆန္ဒဟု သူမ သိရှိနေရခြင်းမှာ သူမ၏ဆရာသခင်ဖြစ်သော ချင်ရှန်းဂိုဏ်းချုပ်သည် ဂိုဏ်း၏အမွေအနှစ်ကို ဆက်ခံနေစဥ်အတောအတွင်း၌ သိုင်းပညာစိတ်ဆန္ဒ၏အရိပ်အယောင်များကို သူမအား ခံစားခွင့်ပြုခဲ့သောကြောင့်ပင်။ သို့ရာတွင် ထိုသိုင်းပညစိတ်ဆန္ဒအရိပ်အယောင်သည် ဤစာအုပ်နှင့်နှိုင်းယှဥ်ပါက ပိုးစုန်းကြူးတစ်ကောင်၏တောက်ပမှုနှင့် တူညီပြီး ထည့်သွင်းဖော်ပြရန်ပင် မထိုက်တန်ချေ။
"စီနီယာအမ...ဘာဖြစ်နေတာလဲ"
ယင်လော့လီသည် သွေးအန်နေသော လော့လန်ရွှယ်ကိုကြည့်ပြီး စိုးရိမ်ပူပန်တကြီး မေးမြန်းသည်။
"ငါ အဆင်ပြေပါတယ်...နင့်လက်ထဲကစာအုပ်ကို ငါ တစ်ချက်လောက် ကြည့်လို့ရလား"
ဤအချိန်တွင် လော့လန်ရွှယ်သည် ပျာပျာသလဲပြောဆိုကာ သူမ၏မျက်လုံးအကြည့်သည် စာအုပ်ပေါ်တွင်သာ အခိုင်အမာ ကျရောက်နေပေ၏။
"ရတယ်လေ...ဒီစာအုပ်က တော်တော်လေးကောင်းတယ်"
ယင်လော့လီသည် သူမ၏လက်သေးသေးလေးကို ဆန့်တန်းကာ ပြောဆိုသည်။
လော့လန်ရွှယ်သည် တည်ကြည်လေးနက်စွာဖြင့် သိုင်းပညာလမ်းညွှန်စာအုပ်ကိုယူလိုက်သော်လည်း သူမည် ရုတ်တရက် တစ်စုံတစ်ခုကို တွေ့မြင်မိသည်။ သူမသည် ချက်ချင်းဆိုသလိုဖြင့် ထိတ်လန့်တုန်လှုပ်စွာဖြင့် ယင်လော့လီကိုကြည့်လိုက်သည်။
"လော့လီ...နင်...နင်...နင်...."
ဤအချိန်အခိုက်အတန့်တွင် လော့လန်ရွှယ်၏မျက်စိသူငယ်အိမ် ပြူးကျယ်နေကာ သူမ၏နှလုံးခုန်နှုန်းများ မြန်နေပြီး သူမ၏ခန္ဓာကိုယ် အနည်းငယ်တုန်ရီနေသည်။ သူမသည် ယုံကြည်နိုင်ရန်အလွန်ခက်ခဲသောတစ်စုံတစ်ခုကို မြင်တွေ့လိုက်ရသကဲ့သို့ပင်။
"စီနီယာအမ...ကျွန်မဆီမှာ ဘာမှားနေလို့လဲ"
ယင်လော့လီက သူမ၏မျက်လုံးဝိုင်းကြီးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ မေးမြန်းသည်။
"နင်ရဲ့ကျင့်ကြံဆင့်က..."
လော့လန်ရွှယ်က တုန်လှုပ်ချောက်ချားစွာဖြင့် ပြောဆိုသည်မှာ"ဘယ်လိုလုပ်ပြီးတော့ နင့်ရဲ့ကျင့်ကြံဆင့်က ခုလောက်ထိအများကြီး တိုးတက်သွားတာလဲ"
သူမတို့ တောင်အောက်သို့ဆင်းလာစဥ်တွင် ယင်လော့လီသည် သိုင်းပညာရှင်နယ်ပယ် ပထမအဆင့်တွင်သာဖြစ်နေကြောင်း သူမ အသေအချာစစ်ဆေးပြီးဖြစ်သည်။
သို့ရာတွင် ယခုလက်ရှိချိန်၌...
သူမသည် သိုင်းပညာရှင်နယ်ပယ် ပဉ္စမအဆင့်သို့ ရောက်ရှိနေလေပြီ။
ဟင်...
ထိုစကားကိုကြားချိန်တွင် ယင်လော့လီသည် သူမ၏ကိုယ်ပိုင်ကျင့်ကြံဆင့်နယ်ပယ်ကို အလျှင်အမြန် ပြန်လည်စစ်ဆေးလိုက်၏။
"ဒါက တကယ်ကြီးဖြစ်နေတာပဲ...ကျွန်မက ကောင်းကင်ဘုံရဲ့ကောင်းချီးပေးခံရတဲ့ ပါရမီရှင်တစ်ယောက်ပဲဖြစ်မယ်...ဟီး ဟီး...."
ယင်လော့လီသည် သူမ၏ကျင့်ကြံဆင့် အမှန်တကယ်ကို တိုးတက်သွားသည်ကို မြင်တွေ့ချိန်တွင် သူမက ဝမ်းမြောက်ဝမ်းသာ ကြွားဝါလေသည်။
သို့ရာတွင် လော့လန်ရွှယ်ကမူ အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်သည်။
ယင်လော့လီသည် အရည်အချင်းရှိသူဖြစ်သည်မှာ အမှန်ဖြစ်သော်လည်း ဤကဲ့သို့အချိန်တိုအတွင်းတွင် အဆင့်ငါးဆင့်ကို ဆက်တိုက်ချိုးဖျက်နိုင်ရန်မှာ အကြွင်းမဲ့မဖြစ်နိုင်ချေ။
ဖြစ်နိုင်ချေရှိသည့် တစ်ခုတည်းသော အကြောင်းအရင်းမှာ....
သူမသည် သူမ၏လက်အတွင်းရှိ သိုင်းပညာလမ်းညွှန်စာအုပ်ကို ကြည့်လိုက်၏။
ဤအချိန်အခိုက်အတန့်တွင် သူမ စိတ်မသက်မသာ ခံစားနေရသည်။
သူမသည် တုန်ရီနေသော သူမ၏သွယ်လျလျလက်ချောင်းများကို တည်ငြိမ်အောင်လုပ်ကာ အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် သိုင်းပညာလမ်းညွှန်စာအုပ်ကို ဖွင့်ကြည့်လိုက်သည်။
ထိုက်ကျိ..
သူမ၏မျက်လုံးအတွင်းသို့ဝင်ရောက်လာသည်မှာ ထိုစာလုံးကြီးနှစ်လုံးပင်။
လက်ရေးလက်သားသည် ဖြစ်ကတတ်ဆန်းဆန်ကာ ကွေးကောက်နေသော်လည်း အနီးကပ်စစ်ဆေးကြည့်သည့်အခါတွင် အားမာန်ပါပြီး စွမ်းအားပြည့်ဝသည်။
ဤစာလုံးကြီးနှစ်လုံးအတွင်းသို့ လော့လန်ရွှယ်သည် နက်ရှိုင်းစွာ နစ်မြောသွားပေ၏။ သူမ၏မျက်လုံးအတွင်း၌ ကွဲပြားခြားနားသော ကမ္ဘာလောကတစ်ခု ထွက်ပေါ်လာသကဲ့သို့ပင်။
ထူးဆန်းသောထိုက်ကျိကားချပ်တစ်ခု၏အလယ်ဗဟို၌ သူမ မတ်တတ်ရပ်နေသည်။ သူမ အထက်သို့မော့ကြည့်လိုက်စဥ်တွင် ကျယ်ပြန့်သောကြယ်တာရာကောင်းကင်ယံအတွင်း၌ ကြယ်များကို ထူးဆန်းသောပုံစံနှင့် နေရာချထားသည်အား တွေ့မြင်မိသည်။
သူမသညိ မသိစိတ်မှနေ၍ နောက်ထပ်စာတစ်မျက်နှာသို့ လှန်လိုက်သည်။
သူမ၏ ပြူးကျယ်နေသော မျက်စိသူငယ်အိမ်များအတွင်း၌ လူပုံရိပ်ငယ်တစ်ခုကို ကွက်ကွက်ကွင်းကွင်း ပေါ်ထွက်လာကာ ကြီးမားသောလက်ဝါးပုံရိပ်ယောင်ကြီးကို အထက်သို့ ညင်သာစွာတွန်းတင်နေပုံပင်။
သူမ၏အသက်ရှုခြင်း ရုတ်တရက် လျှင်မြန်စပြုလာကာ ပုတီးစေ့ကဲ့သို့ချွေးသီးချွေးပေါက်များက သူမ၏နဖူးပြင်ပေါ်မှ ချက်ချင်းလျှောကျလာသည်။
ဤအချိန်အခိုက်အတန့်တွင် သူမသည် လေမုန်တိုင်းအကြားမှ လှေငယ်လေးတစ်စင်းအလား ကျယ်ပြန့်သောဤကမ္ဘာလောကအတွင်းတွင် သူမ အချိန်မရွေးပြိုကွဲသွားနိုင်သည်ဟု ခံစားမိသည်။ ထို့ကြောင့် သူမသည် သိုင်းပညာလမ်းညွှန်စာအုပ်ကို အလျင်စလိုပိတ်ကာ ပင်ပန်းမောဟိုက်စွာဖြင့် နေရာမှာပင် မတ်တတ်ရပ်လိုက်၏။
"စီနီယာအမ...ဘာဖြစ်နေတာလဲ"
ယင်လော့လီက လော့လန်ရွှယ်၏လက်မောင်းကိုဆုပ်ကိုင်ကာ စိုးရိမ်ပူပန်တကြီးမေးမြန်းသည်။
လော့လန်ရွှယ်သည် ပြန်လည်ကောင်းမွန်လာရန် အချိန်အတော်ကြာကြာ ယူလိုက်ရသည်။ နောက်ဆုံး၌ သူမ၏စိတ် ပြန်လည်တည်ငြိမ်သွားပြီးနောက် သူမ စကားပြောဆိုရန် ဟန်ပြင်လိုက်စဥ်မှာပင် သူမ၏ကျင့်ကြံဆင့်သည် သိုင်းပညာရှင်နယ်ပယ် နဝမအဆင့်မှနေ၍ မဟာသိုင်းပညာရှင်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့ပြီဖြစ်ကြောင်း ထိတ်လန့်တုန်လှုပ်ဖွယ် ရှာဖွေတွေ့ရှိခဲ့သည်။
လော့လန်ရွှယ်သည် ကြက်သေသေသွားလေ၏။
သိုင်းပညာရှင်နယ်ပယ်မှ မဟာသိုင်းပညာရှင်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ခြင်းသည် ကျင့်ကြံသူများအတွက် အဓိကအတားအဆီးကြီးတစ်ခုဖြစ်ပြီး အများစုသည် ချိုးဖျက်နိုင်ခြင်းမရှိဘဲ နဝမအဆင့်တွင် တစ်ဆို့နေသည်။ သူမသည် သူမ၏ပါရမီအရည်အချင်းအပေါ် ယုံကြည်ချက်ရှိသော်လည်း အဆင့်ချိုးဖျက်နိုင်ရန် အနည်းဆုံးအချိန်တစ်နှစ်ခန့်ယူရမည်ဟု သူမ တွေးထင်ခဲ့သည်။
သို့ရာတွင် ယခုချိန်၌ လဖက်ရည်တစ်ခွက်ဖျော်စာ အချိန်မပြည့်သေးမီမှာပင် သူမသည် ကျင့်ကြံဆင့် ချိုးဖျက်နိုင်ခဲ့သလော....
ပြောရမည်ဆိုလျှင် အကယ်၍ ယနေ့တွင် သူမတို့ ကျင့်ကြံဆင့်ချိုးဖျက်နိုင်ခဲ့သော သတင်းသာပျံ့နှံ့သွားပါက နန်ရှားနယ်မြေတခွင်လုံး ပွက်လောရိုက်သွားပေမည်။
သူမသည် နဖူးပေါ်ရှိ ချွေးများကိုသုတ်ကာ သူမ၏လက်အတွင်းရှိ သိုင်းပညာလမ်းညွှန်စာအုပ်ကို အဖိုးတန်ရတနာတစ်ပါးအလား တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်၏။
"စီနီယာအစ်မ...တကယ့်ကိုပဲ ဘာတွေဖြစ်နေတာလဲ"
လော့လန်ရွှယ် ပုံမှန်မဟုတ်သည်ကိုကြည့်ပြီး ယင်လော့လီ၏စိုးရိမ်ပူပန်မှုများ ကြီးမားလာသည်။
သူမ၏စီနီယာအမသည် သူမကိုယ်သူမ အလွန်စည်းကမ်းတင်းကြပ်ကာ အစဥ်အမြဲ ကျင့်ကြံခြင်းကိုသာ ပြုလုပ်နေခဲ့သည်။ ဖြစ်နိုင်သည်မှာ သူမ အလွန်စိတ်လှုပ်ရှားပြီး ဒေါသထွက်နေသဖြင့် အတွင်းစိတ်နတ်ဆိုးများ ထွက်ပေါ်လာခဲ့သလော။
"လော့လီ..."
နောက်ဆုံး၌ လော့လန်ရွှယ် အသိပြန်ဝင်လာခဲ့သည်။ သူမသည် ယင်လော့လီ၏လက်မောင်းကိုဆုပ်ကိုင်ကာ တည်ကြည်လေးနက်သောအသံဖြင့် ပြောဆိုလေသည်။
"ဒီစာအုပ်နဲ့ပတ်သက်ပြီးတော့ စကားလုံးတစ်လုံးကိုတောင် တခြားသူတွေကို ထုတ်မပြောပါဘူးလို့ နင် ငါ့ကို ကတိပေးပါ"
"ဘာလို့လဲ"
ယင်လော့လီက မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ဇဝေဇဝါဖြင့် ပြောဆိုလေ၏။
"နင် အများကြီးပြန်မေးနေဖို့မလိုဘူး....နင်အခုသိထားရမှာက ဒီစာအုပ်က......"
လော့လန်ရွှယ်က အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ အလေးအနက်ထားသောလေသံဖြင့်
"ဒီစာအုပ်က နင့်ရဲ့ဘဝအတွက် အကြီးမားဆုံး အခွင့်အရေးကြီး ဖြစ်နေနိုင်သလို....ငါတို့ချင်းထန်ဂိုဏ်းရဲ့သေရေးရှင်ရေးကို ဆုံးဖြတ်ပေးနိုင်တဲ့ အရာလည်းဖြစ်နိုင်တယ်"
ဟင်...
ယင်လော့လီသည် ထိုအကြောင်းကိုကြားချိန်တွင် အနည်းငယ်အံ့အားသင့်သွားသည်။
"ပြီးတော့...ငါတို့က ဒီစာအုပ်ကို ဆရာသခင်ဆီကို အမြန်ဆုံးယူသွားပေးဖို့လိုတယ်"
လော့လန်ရွှယ်က ဆက်လက်ပြောဆိုသည်။
"ဟုတ်ကဲ့"
ယင်လော့လီက သူမ၏ခေါင်းကိုကုတ်လိုက်သည်။ သူမသည် ထိုစာအုပ်ကို အဆုံးထိတိုင်မဖတ်ရသေးသဖြင့် အနည်းငယ်နောင်တရနေသော်လည်း စီနီယာအမ၏မျက်နှာအမူအယာမှာ အလွန်တည်ကြည်လေးနက်နေသည်။
ထို့ပြင် မည်သည်ကြောင့် ဤစာအုပ်သည် သူမဘဝ၏အကြီးမားဆုံးအခွင့်အရေးကြီး ဖြစ်လာနိုင်သည့်အပြင် ချင်ထန်ဂိုဏ်း၏သေခြင်းရှင်ခြင်းကို ဆုံးဖြတ်ပေးနိုင်သောအရာ ဖြစ်နေနိုင်သည်ကို သူမ တွေးတောကြည့်၍မရချေ။
လော့လန်ရွှယ်သည် ယင်လော့လီ၏လက်ကိုဆွဲကာ ဂိုဏ်းထံသို့ အလျှင်အမြန်ပြန်သွားလေ၏။
သူမ ပြန်လည်တွေးတောကြည့်ချိန်တွင်....
နောက်မှီကုလားထိုင်ပေါ်၌ ပေါ့ပေါ့ပါးပါးထိုင်နေသောလူငယ်သည် သာမာန်သေမျိုးတစ်ယောက် မဟုတ်နိုင်ချေ။
သူသည် သူမ၏စိတ်ကူးယဥ်တွေးတောနိုင်စွမ်းထက် ကျော်လွန်နေသော ပြိုင်ဘက်ကင်းအစွမ်းထက်ကျင့်ကြံသူတစ်ယောက်ဖြစ်ပေမည်။ သူ၏ကျင့်ကြံဆင့်နယ်ပယ်သည် ရိုးရှင်းမှုသို့ပြန်လည်ရောက်ရှိသောအဆင့်တွင် ရှိနေနိုင်ကာ လောကကြီးနှင့်ကစားနေခြင်းသာဖြစ်ပေလိမ့်မည်။
Chapter 3: ဆရာသခင်ရဲ့လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်
ဆောင်းဦးရာသီသို့ ရောက်ရှိလာသဖြင့် သစ်ရွက်များ ကြွေကျနေလေပြီ။
ဤသိုင်းပညာခန်းမငယ်လေးကို စောင့်ရှောက်ခဲ့ရသည်မှာ နွေဦးနှင့်ဆောင်းဦးရာသီများ ရောက်ရှိလိုက် ကုန်ဆုံးလိုက်နှင့် မည်မျှထိ အချိန်ကြာညောင်းခဲ့ပြီဖြစ်ကြောင်းကို မည်သူမျှမသိနိုင်ချေ။
ဆိုင်တံခါးရှေ့တွင် လူအမြောက်အများ သွားလာလှုပ်ရှားနေကာ ဆူညံပွက်လောရိုက်နေသည်။ ရီဖုန်းသည် ဤကွဲပြားခြားနားသောကမ္ဘာလောက၏ ဓလေ့ထုံးတမ်းများနှင့် ရင်းနှီးကျွမ်းဝင်ပြီးဖြစ်သည်။
"အင်း....ထမင်းစားချိန်တောင် ရောက်နေပြီ...ငါ စားဖို့ တစ်ခုခုမှာမှရမယ်"
ရီဖုန်းသည် မတ်တတ်ထရပ်ကာ သူ့ရှေ့ရှိ အမဲသားခေါက်ဆွဲဆိုင်ထံဦးတည်၍ လက်ဝှေ့ယမ်းပြလိုက်သည်။ လမ်းတစ်ဖက်တွင်ရှိနေသော ဆိုင်တာဝန်ခံက သူ၏လက်ချောင်းများကိုထောင်ပြကာ ပြောဆိုလေ၏။
"ဆရာရီ...ခဏလောက်စောင့်အုံး...မင်းမှာထားတာ ရတော့မယ်"
ရီဖုန်းက အပြုံးနှင့်ခေါင်းညိတ်ပြကာ သူ၏နောက်မှီကုလားထိုင်ပေါ်တွင် ပြန်၍လှဲလျောင်းလိုက်သည်။
"ဟူး....နေ့တိုင်း မှာစားနေရတယ်...ငါက မိန်းမတစ်ယောက်ယူရမှာကိုတောင် မေ့နေတာပဲ"
နေရောင်ခြည်က စူးရှရှတောက်ပနေသည်။ ရီဖုန်းသည် သူ၏မျက်လုံးကိုမှေးကာ လမ်းတစ်ဖက်ရှိ မျက်နှာချေဆိုင်တွင်ရှိနေသော ငယ်ရွယ်သည့်မိန်းကလေးများကိုကြည့်လိုက်၏။ ထို့နောက် သူက ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းတစ်ချက်ရှိုက်ကာ "ခုလတ်တလောမှာ ဖန်းယင်က ငါ့ကို လာတွေ့နိုင်အုံးမှာမဟုတ်ဘူး...သူက ကျင့်ကြံဖို့အတွက် ဂိုဏ်းတစ်ဂိုဏ်းထဲကိုဝင်ဖို့ပဲ အမြဲစဥ်းစားနေတာ....ဒါပေမယ့် သူ့မှာ ပါရမီအရည်အချင်းမရှိဘူး...တကယ်လို့ သူ့ကသာ ငါ့နောက်ကိုလိုက်ပြီး မဟာဆရာသခင်တစ်ယောက်ရဲ့ဇနီးဖြစ်လာရင် ဘယ်လောက်ထိကောင်းလိုက်မလဲ..တစ်နေ့ကျ ငါ့ရဲ့ကံကြမ္မာ အလှည့်ပေးလာတဲ့ချိန်ကျရင် ငါက တပည့်နှစ်ယောက်လောက် ခေါ်ယူရမယ်...သူ့ကိုလည်း ဆရာကတော်လို့တောင် အခေါ်ခံရနိုင်တယ်"
အချိန်တခဏကြာပြီးနောက် ဆိုင်တာဝန်ခံသည် အမဲသားခေါက်ဆွဲပန်းကန်လုံးကိုကိုင်၍ လမ်းဖြတ်ကူးလာခဲ့သည်။
ဤဆိုင်တာဝန်ခံသည် အမြဲတစေ စေတနာရက်ရောသူတစ်ယောက်ပင်။
"ဒီမှာ...ငွေယူသွားအုံး"
ရီဖုန်းက အကြွေစေ့တချို့ကို ပေးလိုက်သည်။
"ဆရာရီ....ဒါက အမဲသားခေါက်ဆွဲတစ်ပန်းကန်လေးပဲကို...ငါက ဘာလို့ မင်းရဲ့ငွေကိုယူရမှာလဲ"
ဆိုင်တာဝန်ခံသည် အကြွေစေ့များကိုပြန်ပေးကာ အပြုံးနှင့် ဆက်လက်ပြောဆိုသည်။
"အရင်တစ်ခါ ငါ့ရဲ့အဘွား အမြင့်ကနေပြုတ်ကျပြီး ဒဏ်ရာရတုန်းက သူ့ကိုကုသဖို့ မင်းကိုပဲ အားကိုးခဲ့ရတယ်"
"ကောင်းပြီလေ...ငါ ဒီခေါက်ဆွဲတစ်ပန်းကန်ကို အလကားစားလိုက်မယ်"
ရီဖုန်းသည် ကိန်းကြီးခမ်းကြီး မနေချေ။ သူသည် လမ်းကြားအတွင်းရှိ သာမာန်လူတန်းစားများနှင့် ရင်းနှီးကျွမ်းဝင်သည်။ ထိုလူများ၏မိသားစုဝင်တစ်ယောက်ယောက် ထိခိုက်ဒဏ်ရာရသည်ဖြစ်စေ အဆစ်အမြစ်လွဲသည်ဖြစ်စေ သူ ကုသပေးခဲ့သည်။ သူသည် ပတ်ဝန်းကျင်၌ လှည့်လည်သွားလာနေသော သူတောင်းစားများကိုပင် မကြာခဏ ပေးကမ်းစွန့်ကြဲခဲ့လေ၏။
ထို့ကြောင့် ဤနေရာတဝိုက်တွင် သူ၏နာမည်ဂုဏ်သတင်း အနည်းငယ်ကျော်ကြားသည်။ သူသည် တပည့်တစ်ယောက်ကိုတရားဝင်မခေါ်ဖူးသော်လည်း သူ့အား ဆရာရီဟု ခေါ်ဆိုခြင်းခံရသည်။
"ကောင်စုတ်လေး...ဒီနေရာကနေထွက်သွားစမ်း"
ထိုအချိန်မှာပင် မလှမ်းမကမ်းရှိ အဖြစ်အပျက်တစ်ခုက သူတို့၏စိတ်အာရုံကို ဖမ်းစားသွားသည်။ စုတ်တီးစုတ်ပြတ်အဝတ်အစားများကို ဝတ်ဆင်ထားသော ကောင်လေးတစ်ယောက်သည် ချင်ရှန်းဂိုဏ်း၏တံခါးဝမှနေ၍ ကန်ထုတ်ခြင်း ခံနေရလေ၏။
"မဟုတ်ဘူး....ကျွန်တော် ကျင့်ကြံချင်တယ်....ကျေးဇူးပြုပြီးတော့ ကျွန်တော်ကို ချင်ရှန်းဂိုဏ်းထဲ ဝင်ခွင့်ပြုပါ"
ကောင်လေးသည် အသက်ဆယ့်လေးနှစ် ဆယ့်ငါးနှစ်ခန့်သာ ရှိသေးသော်လည်း သူ့ထံတွင် သူမတူထူးကဲသော ပြတ်သားမှုများရှိနေသည်။ သူ၏မျက်နှာပေါ်ရှိ ခြစ်ရာများကို လျစ်လျှူရှုကာ တံခါးတွင်မတ်တတ်ရပ်နေသော အကြီးအကဲရှေ့တွင်ဒူးထောက်ကာ ခိုင်မာပြတ်သားစွာ အော်ဟစ်လိုက်သည်။
"ကျေးဇူးပြုပြီးတော့ ကျွန်တော်ကို ချင်ရှန်းဂိုဏ်းထဲ ဝင်ခွင်ပြုပါ"
"မင်းရဲ့အရည်အချင်းကို မင်း ပြန်ကြည့်အုံး...အခုထိ မင်းက ငါတို့ချင်ရှန်းဂိုဏ်းကို ဝင်ချင်သေးတာလား...ထွက်သွားစမ်း"
ထိုအကြီးအကဲသည် ကောင်လေး၏ရင်ဘတ်ကိုကန်ကာ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
"သောက်ကလေး....ဒါက မင်းကို နောက်ဆုံးသတိပေးတာပဲ...တကယ်လို့ မင်း ထပ်ပြီးလာဝံ့ရင် ငါက မင်းကို ခွေးတွေကြားထဲ လွှင့်ပစ်လိုက်မယ်"
"ဘာတွေဖြစ်နေတာလဲ"
ရီဖုန်းက မျက်မှောင်ကြုတ်လိုက်သည်။
"ဟူး....ဒီကလေးက သနားစရာကောင်းတယ်"
ဆိုင်တာဝန်ခံက သက်ပြင်းတစ်ချက်ရှိုက်ကာ ပြောဆိုသည်။
"သူ ဘယ်နေရာကရောက်လာတယ်ဆိုတာ ဘယ်သူမှမသိဘူး...သူက ဒီရက်အနည်းငယ်အတွင်းမှာ ချင်ရှန်းဂိုဏ်းနား ဝေ့လည်ဝေ့လည်လုပ်နေတာ...သူ့မှာ အရည်အချင်းမရှိတာတော့ အမှန်ပဲ"
ရီဖုန်းသည် ရှင်းမပြနိုင်ဘဲ အနည်းငယ်ခေါင်းကိုက်လာသကဲ့သို့ ခံစားမိလေ၏။
ကျင့်ကြံခြင်းသည် ဤမျှထိရက်စက်သည်။ ပါရမီအရည်အချင်းမရှိပါက တစ်စုံတစ်ယောက်သည် အရေးမပါလှချေ။
သူသည် သူ၏နံဘေးပတ်ဝန်းကျင်တွင် ဆရာကြီးတစ်ယောက်အဖြစ် အကောင်းဆုံးဖြစ်နေဆဲပင်။ သူ့ထံတွင် ရည်မှန်းချက်ကြီးကြီးမားမား မရှိသော်လည်း သူ ကောင်းကောင်းမွန်မွန် ရှင်သန်နေထိုင်နိုင်သည်။
ကောင်လေး၏ပါးစပ်ထောင့်မှ သွေးများယိုစီးကျနေကာ သူ၏ရင်ဘတ်ကို သူ့လက်ဖြင့်ဆုပ်ကိုင်ပြီး ပြင်းပြင်းထန်ထန် ချောင်းဆိုးလိုက်၏။ သူ၏အကြည့်သည် တင်းတင်းကျပ်ကျပ်ပိတ်သွားသော တံခါးထံတွင်သာ အခိုင်အမာကျရောက်နေပြီး သူ၏မျက်နှာပေါ်တွင် လက်မခံလိုသောအရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။
အချိန်အတော်ကြာပြီးနောက် သူသည် လေးလံသောခြေလှမ်းများနှင့်အတူ တရွတ်တိုက်ဆွဲကာ စိတ်ပျက်လက်ပျက်အမူအယာဖြင့် ထွက်ခွာသွားတော့သည်။
သူသည် ယဲ့ဖုန်းနှင့်ဆိုင်တာဝန်ခံတို့ သူ့ကို အာရုံစူးစိုက်နေသည်အား သတိပြုမိပုံပင်။ ထို့ကြောင့် သူသည် တံခါးရှေ့မှဖြတ်သန်းသွားစဥ်တွင် သူ၏ခေါင်းကိုမော့၍ သူတို့နှစ်ယောက်ကို ကြည့်လေသည်။ ရီဖုန်း၏လက်အတွင်းရှိ အမဲသားခေါက်ဆွဲပန်းကန်ကိုကြည့်ပြီး သူ၏တံတွေးကို ခက်ခက်ခဲခဲမြိုချကာ အဝေးသို့မျှော်ကြည့်ပြီး ဆက်၍ထွက်ခွာသွားတော့သည်။
သို့ရာတွင် ခြေလှမ်းနှစ်လှမ်းခန့်လျှောက်လှမ်းပြီးနောက် သူသည် ခဏရပ်တန့်သွားကာ အောက်သို့ငုံ၍ မြေပြင်ပေါ်မှတစ်စုံတစ်ခုကို ကောက်ယူလိုက်၏။
သူသည် ပတ်ဝန်းကျင်ကိုဝေ့ဝိုက်ကြည့်ပြီးနောက် လမ်းတစ်ဖက်ရှိ အမဲသားခေါက်ဆွဲဆိုင်ထံတွင် သူ၏အကြည့်က ရစ်ဝဲနေသည်။ ထို့နောက် သူက အံ့တင်းတင်းကြိတ်ကာ ရီဖုန်းကို တဖန်ပြန်၍ကြည့်လေသည်။
"ဆိုင်ရှင်...မင်းရဲ့တံခါးရှေ့ကနေ ကျွန်တော် ရွှေပြားတစ်ပြားကောက်ရတယ်...ဒါက မင်းရဲ့ဟာလား"
ထိုကောင်လေးသည် ရီဖုန်းတို့ထံလျှောက်လှမ်းလာကာ သူ၏ညစ်ပတ်ပေရေနေသော လက်သေးသေးလေးအတွင်း၌ ရွှေပြားတစ်ပြားကို ဆုပ်ကိုင်ထားသည်။
ရီဖုန်းနှင့်ဆိုင်တာဝန်ခံတို့ အကြည့်ခြင်း ဖလှယ်လိုက်ကြသည်။
သူတို့သည် တစ်ယောက်၏မျက်လုံးအတွင်းမှ မယုံကြည်နိုင်မှုကို တခြားတစ်ယောက်က တွေ့မြင်နေမိသည်။
ဤသည်က ရီဖုန်းကို အရှက်ရသွားစေခဲ့သည်။ လောကကြီးသည် ဤကဲ့သို့ပုံစံအတိုင်းဖြစ်နေသဖြင့် သူသည် ကောင်လေးကို စာနာသနားမိသော်လည်း သူ ကူညီပေးနိုင်ရန်အတွက် အစွမ်းအစကင်းမဲ့နေသည်။ သို့ရာတွင် ဤကောင်လေး၏အကျင့်စာရိတ္တသည် သူ၏စိတ်ကို လှုပ်ရှားသွားစေခဲ့သည်။
ဤကောင်လေးသည် ငတ်မွတ်နေသော်လည်း သူ၏အကျင့်စာရိတ္တကို ထိန်းသိမ်းထားနိုင်ဆဲပင်။
"ဒါက အမှန်ပဲ...အဲ့ဒီရွှေပြားက ငါ့ရဲ့ဟာ"
ရီဖုန်းက ခေါင်းညိတ်ပြလိုက်၏။ အကယ်၍ သူ၏ခန့်မှန်းချက်သာ အမှန်ဖြစ်ပါက ထိုရွှေပြားသည် ခံစားချက်မဲ့သောမျက်နှာနှင့်မိန်းကလေးမှ သူ့အား ပေးခဲ့သောအရာပင်။
ထိုကောင်လေးက သူ၏လက်သေးသေးလေးကို ဆန့်တန်းပေးလေသည်။
သို့ရာတွင် ရီဖုန်းက ထိုအရာကိုယူဆောင်ခြင်းမရှိချေ။ ထိုအစား သူက ခပ်ဖျော့ဖျော့အပြုံးနှင့် ကောင်လေးကိုကြည့်ကာ ပြောဆိုသည်။
"ဒါက အခု မင်းရဲ့ဟာဖြစ်သွားပြီ"
ကောင်လေးသည် အံ့အားသင့်သွားကာ ရီဖုန်းကို ကျေးဇူးတင်စွာဖြင့် ဦးညွှတ်အရိုအသေပြုပြီး လမ်းကိုဖြတ်ကူး၍ အမဲသားခေါက်ဆွဲဆိုင်ထံသို့ အလျှင်အမြန်ပြေးသွားတော့သည်။
"မင်း ဧည့်သည်တစ်ယောက်ရပြီ"
ရီဖုန်းက သူ၏နံဘေးရှိဆိုင်တာဝန်ခံကိုကြည့်ကာ အပြုံးနှင့်ပြောဆိုသည်။
"ဆရာရီရဲ့ကုသိုလ်ကောင်းမှုတွေကတော့ အကန့်အသတ်ကိုမရှိဘူး"
ဆိုင်တာဝန်ခံသည် ရီဖုန်းကို လက်မထောင်ပြကာ လမ်းကိုဖြတ်ကူးသွားတော့သည်။
"မှတ်ထားဦး...သူ့ကို ပိုပိုသာသာထည့်ပေးလိုက်...တကယ်လို့ ပိုက်ဆံမလောက်ဘူးဆိုရင် ငါ့ရဲ့စာရင်းထဲမှာ မှတ်ထားလိုက်ပါ"
ကောင်လေးသည် စားစရာများကို အငမ်းမရမျိုချနေလေ၏။ အမဲသားခေါက်ဆွဲတစ်ပန်းကန် ကုန်သွားသည့်တိုင် သူသည် တင်းတမ်သေးပုံမရဘဲ သူ၏နှုတ်ခမ်းကိုလျှာဖြင့်သပ်နေကာ ထပ်မံ၍ စားချင်သေးပုံပင်။ သို့ရာတွင် သူ့ထံ၌ ရွှေပြားတစ်ပြားသာရှိသည်ကိုကြည့်ပြီး သူသည် ဝမ်းနည်းစွာဖြင့် သူ့ကိုယ်သူ ပြန်လည်ထိန်းချုပ်လိုက်၏။
ဤနေရာရှိ အစားအစာများသည် စျေးပေါခြင်းမရှိချေ။ ရွှေပြားတစ်ပြားသည် အမဲသားခေါက်ဆွဲတစ်ပွဲအတွက် လုံလောက်ရုံမျှသာရှိသည်။
သူ မတ်တတ်ထရပ်၍ ထွက်ခွာသွားရန် ဟန်ပြင်လိုက်စဥ်မှာပင် ဆိုင်တာဝန်ခံသည် သူ့အတွက် နောက်ထပ် အမဲသားခေါက်ဆွဲတစ်ပန်းကန် လာပေးလေသည်။
"ဆိုင်ရှင်...ဒါကဘာလဲ"
ကောင်လေးက အံ့အားတသင့် မေးမြန်းလိုက်သည်။
ဆိုင်တာဝန်ခံက ရယ်ပြုံးကာ ရီဖုန်းရှိနေသောနေရာသို့ စောင်းငဲ့၍ကြည့်လေသည်။ ကောင်လေး၏အကြည့်သည်လည်း ဆိုင်တာဝန်ခံ၏အကြည့်နောက်သို့ လိုက်ပါသွားကာ သူ၏မျက်လုံးအတွင်း၌ အလင်းရောင်များ တဖျတ်ဖျတ်တောက်ပလာသည်။
သူသည် တိတ်တဆိတ်ဖြင့် အမဲသားခေါက်ဆွဲကို ဆက်လက်၍ အငမ်းမရစားသောက်လိုက်သည်။
ထိုမြင်ကွင်းကိုကြည့်ပြီး ရီဖုန်းက ပြုံးလိုက်၏။ သူသည် သူ၏မျက်နှာပေါ်သို့ကျနေသော စူးရှရှနေရောင်ခြည်ကိုခံနိုင်ရန် ယပ်တောင်တစ်ချောင်းကိုမြှောက်၍ကာထားပြီး နောက်မှီကုလားထိုင်ပေါ်တွင် လဲလျောင်းနေသည်။
"ကျေးဇူးရှင်...ကျွန်တော် ကျုံးချင်က ကျေးဇူးရှင်ကို အရိုအသေပြုပါတယ်...ကျေးဇူးပြုပြီးတော့ ကျွန်တော်ကို တပည့်အဖြစ် လက်ခံပေးပါ"
ရုတ်တရက် ကောင်လေး၏အသံက သူ၏နံဘေးမှ ထွက်ပေါ်လာသည်။ ရီဖုန်းသည် လှည့်ကြည့်လိုက်ရာ ကောင်လေးသည် မြေပြင်ပေါ်၌ ဒူးထောက်နေပြီး သူ့အား ယတိပြတ်ဆုံးဖြတ်ထားပုံဖြင့် ကျေးဇူးတင်စွာကြည့်နေသည်ကို တွေ့မြင်မိလေ၏။
"မင်းက ငါ့ရဲ့တပည့် ဖြစ်ချင်နေတာလား"
ရီဖုန်းက အံ့အားတသင့် မေးမြန်းလိုက်သည်။
"ဟုတ်တယ်...ကျွန်တော်မှာ အရည်အချင်းမရှိတာကြောင့် ချင်ရှန်းဂိုဏ်းထဲကို မဝင်နိုင်ဘူးဆိုတာ အခု ကျွန်တော် နားလည်သွားပြီ...ဒါပေမယ့် ကျေးဇူးရှင်က ကျွန်တော်ပေါ်မှာ ကြင်နာမှုပြသခဲ့ရုံတင်မကဘူး....ကျေးဇူးရှင်ဆီမှာ သိုင်းပညာခန်းမတစ်ခုလည်းရှိနေတယ်...ကျေးဇူးပြုပြီးတော့ ကျွန်တော်ကို အခွင့်အရေးပေးပါ"
ကျုံးချင်သည် စကားပြောဆိုနေရင်း သူ၏ခေါင်းကို မြေပြင်နှင့်ပြင်းပြင်းထန်ထန်ဆောင့်ကာ ထပ်မံ၍အရိုအသေပြုလေသည်။
"ဆရာသခင်က ကျွန်တော်ကိုလက်ခံတာနဲ့....ကျွန်တော်ကျုံးချင်က သစ္စာရှိရှိနဲ့ ဆရာသခင်ကို လုပ်ကျွေးပြုစုပါ့မယ်"
ရီဖုန်းက သူ၏လျှာကို အနည်းငယ်ကိုက်လိုက်သည်။
ဤကဲ့သို့အခြေအနေမျိုးအောက်တွင် သူ၏တပည့်ဖြစ်လာရန် တောင်းဆိုမည့် ပထမဆုံးလူရှိလာမည်ဟု သူ အမှန်တကယ် မျှော်လင့်မထားမိချေ။
အင်း....ကောင်းပြီလေ...
ယခုလက်ရှိ ဤကလေး၏အကျင့်စာရိတ္တကို ဘေးဖယ်ထားလျှင်ပင် သူ၏စိတ်အားထက်သန်မှုသက်သက်ကပင် ရီဖုန်းကို ငြင်းဆန်ရန်အခက်တွေ့စေသည်။
"ကောင်းပြီလေ....ငါ မင်းကို လက်ခံမယ်"
ရီဖုန်းက ခေါင်းညိတ်ပြလေ၏။
"ကျွန်တော်ကိုလက်ခံပေးတဲ့အတွက် ဆရာ့ကို ကျေးဇူးတင်ပါတယ်"
ကျုံးချင်သည် အလျှင်အမြန်ဒူးထောက်ကာ ကျေးဇူးတင်ကြောင်း ပြောဆိုသည်။ တခြားစကားတစ်ခွန်းမျှ ထပ်မဆိုတော့ဘဲ သူသည် ရီဖုန်း စားပြီးသွားသော ခေါက်ဆွဲပန်းကန်အလွတ်ကို ကောက်ယူကာ ခေါက်ဆွဲဆိုင်ထံသို့ ပြန်သွားပေးလေသည်။
"ဒီကလေးက တကယ့်ကို သိတတ်တာပဲ"
ရီဖုန်း၏မျက်နှာပေါ်တွင် အဒေါ်ကြီးတစ်ယောက်ပြုံးလိုက်သကဲ့သို့ အပြုံးမျိုးရှိနေသည်။ ဤသည်က သူ၏ပထမဆုံးတပည့်ဖြစ်သဖြင့် သူ ထိုကောင်လေးကိုလျစ်လျှူရှုမထားနိုင်ချေ။ ကျုံးချင်ပြန်လာချိန်တွင် ရီဖုန်းသည် သူ့ကို အတွင်းခန်းထဲသို့ ခေါ်သွားခဲ့သည်။
"မင်း ဆေဘာကိုအသုံးပြုတယ်...ဟုတ်တယ်မလား"
ရီဖုန်းက ကျုံးချင်ကိုကြည့်ကာ မေးမြန်းလိုက်သည်။
"ဟုတ်ကဲ့"
ကျုံးချင်က ခေါင်းငုံလိုက်၏။ သူ၏ခါးတွင်ချိတ်ဆွဲထားသော ဆေဘာဓားကြီးသည် သူ ဂရုမစိုက်သည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်သဖြင့် သံချေးများဖြင့် ဖုံးလွှမ်းနေလေပြီ။
"ငါ့မှာ မင်းကိုပေးစရာအများကြီးမရှိဘူး....ဒီဆေဘာဓားက ငါ့ရဲ့လက်ဆောင်ပဲ"
ရီဖုန်းသည် ဆေဘာဓားရှည်တစ်လက်ကိုကောက်ယူကာ ကျုံးချင်ထံ လက်ကမ်းပေးလေသည်။
ထိုဆေဘာဓားရှည် ထွက်ပေါ်လာသည်နှင့် ဓားကိုယ်ထည်တွင် အလင်းတန်းများစီးဆင်းနေကာ လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါမျိုး ထွက်ပေါ်နေသည်။
ရီဖုန်းသည် သူသွန်းလုပ်ခဲ့သမျှ လက်နက်များအကြားတွင် ဤဆေဘာဓားကို စိတ်ကျေနပ်မှုအရှိဆုံးပင်။ သူကိုယ်တိုင်အတွက် ထိုအရာကို မလိုအပ်သဖြင့် သူ၏တပည့်ကို ပေးလိုက်သည်မှာ အံ့ဝင်ခွင်ကျဖြစ်ပေ၏။
"ဒီလက်ဆောင်အတွက် ဆရာသခင်ကို ကျေးဇူးတင်ပါတယ်"
ကျုံးချင်သည် ထိုဆေဘာဓားကို နှစ်ခြိုက်မြတ်နိုးစွာကြည့်ကာ အလျှင်အမြန်အရိုအသေပြု၍ ကျေးဇူးတင်ကြောင်း ပြောဆိုလေသည်။
Chapter 4: ဒီစာအုပ်ကို လမ်းဘေးကနေ ဝယ်ခဲ့တာလား
ကောလဟာလများအရ လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာအကြာက ပင်ကျင်းမြို့၏နောက်တွင် အစိမ်းရောင်တောင်ကြီးတစ်လုံးရှိခဲ့သည်။
ထိုအစိမ်းရောင်တောင်ကြီးသည် တိမ်စိုင်များအကြားထိ မြင့်မားကာ မိုးကောင်းကင်ယံကို ထောက်မထားသော ထောက်တိုင်တစ်ခုအလားပင်။
နောက်ပိုင်းတွင် ပြိုင်ဘက်ကင်းဆရာသခင်တစ်ယောက်သည် ဓားချက်တစ်ချက်ဖြင့် ဖြတ်ပိုင်းလိုက်မှုကြောင့် အစိမ်းရောင်တောင်ကြီး ခါးလယ်မှနေ၍ ပြတ်တောက်သွားခဲ့သည်။ ထိုနေရာ၌ သူသည် ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ခဲ့လေ၏။
ထို့ကြောင့် ချင်ရှန်းဂိုဏ်းဟု နာမည်တွင်လာခြင်းပင်။
မျိုးဆက်အဆင့်ဆင့်ဖြတ်သန်းလာပြီးနောက် မျိုးဆက်တစ်ဆက်စီသည် ယခင်မျိုးဆက်ထက် နိမ့်ပါးလာသော်လည်း ချင်ရှန်းဂိုဏ်းသည် လူအများ၏စိတ်နှလုံးသားများအတွင်းတွင် မြင့်မြတ်သောကျင့်ကြံခြင်းနေရာတစ်နေရာအဖြစ် ရှိနေဆဲဖြစ်သည်။
ခမ်းနားထည်ဝါသော ခန်းမတစ်ခုရှေ့သို့ လော့လန်ရွှယ်က အမောတကော ပြေးသွားသည်။
"ဆရာသခင်...ဒီတပည့်က တွေ့ခွင့်တောင်းပါတယ်"
လော့လန်ရွှယ်သည် တံခါးရှေ့၌ဒူးထောက်ကာ ရိုသေလေးစားစွာဖြင့် အော်ဟစ်လိုက်၏။
"လန်ရွှယ်...ဘာလို့ နင် ဒီလောက်ထိ မဆင်မခြင်လုပ်နေတာလဲ...မင်းရဲ့ဆရာ တံခါးပိတ်ကျင့်ကြံနေတာကို အနှောက်အယှက် ပေးနေတာလား"
နောက်ဆုံး၌ ကြီးကျယ်ခမ်းနားသောအသံတစ်သံ ခန်းမအတွင်း၌ မြည်ဟီးလာကာ ထိုအသံတွင် ဒေါသနှင့်ပင်ပန်းနွမ်းနယ်မှုများ ရောယှက်နေသည်။
ထိုအသံကိုကြားချိန်တွင် လော့လန်ရွှယ်သည် စိတ်မသက်မသာဖြစ်သွားလေ၏။
သုံးရက်အတွင်းတွင် ဆရာသခင်သည် သူ့ထက် အဆများစွာ အစွမ်းထက်သော ရွှမ်းဝူဂိုဏ်းချုပ်နှင့် တစ်ဦးချင်းယှဥ်ပြိုင်ရပေမည်။ ထို့ပြင် ရွှမ်းဝူဂိုဏ်းချုပ်သည် ကောက်ကျစ်ယုတ်မာပြီး ရက်စက်ကြမ်းကြုတ်ကာ အညှာအတာကင်းမဲ့သည်။ ဤကဲ့သို့အချိန်မျိုးတွင် ဆရာသခင် တံခါးပိတ်ကျင့်ကြံနေသည်မှာ အံ့အားသင့်စရာမရှိချေ။
သို့ရာတွင် ထိုအကြောင်းကို တွေးတောမိချိန်၌ လော့လန်ရွှယ်သည် ပို၍ပင်စိတ်မရှည်စပြုလာသည်။
"ဆရာသခင်...တပည့်ဆီမှာ ဆရာနဲ့ဆွေးနွေးစရာ အရေးကြီးတဲ့ကိစ္စတစ်ခုရှိနေတယ်...ဒါက ရွှမ်းဝူဂိုဏ်းချုပ်ကို ဆရာ အနိုင်ယူနိုင်မယ့် သော့ချက်လည်းဖြစ်နိုင်တယ်"
"ရွှမ်းဝူဂိုဏ်းချုပ်ကို အနိုင်ယူနိုင်မယ့် သော့ချက်လား"
ချင်ရှန်းဂိုဏ်းချုပ်သည် အစပထမ၌ အံ့အားသင့်နေသော်လည်း သူ၏အသံသည် ဒေါသထွက်နေသောအသံအဖြစ်သို့ ပြောင်းလဲသွားလေ၏။
"ငါ မင်းကို ဘယ်လိုတွေ သင်ကြားပေးခဲ့မိလို့ မင်း ဒီလောက်ထိ မောက်မာတဲ့စကားမျိုးကို ပြောဝံ့တာလဲ...ငါနဲ့ရွှမ်းဝူဂိုဏ်းချုပ်ရဲ့ကြားမှာရှိတဲ့ တိုက်ပွဲက မင်းတို့လိုဂျူနီယာတွေ ဝင်ပြီးစွက်ဖက်လို့ရတဲ့ကိစ္စမျိုးမဟုတ်ဘူး"
"ပြန်သွားစမ်း"
"ငါ့ကို ထပ်ပြီးမနှောက်ယှက်နဲ့"
"ဆရာသခင်...တပည့်က မောက်မာတဲ့စကားမျိုးကို မပြောဝံ့ပါဘူး"
လော့လန်ရွှယ်က သူမ၏ခေါင်းကို အလျှင်အမြန်အောက်ငုံကာ စိုးရိမ်ပူပန်တကြီး ပြောဆိုသည်။
"တပည့်ကို တွေ့ခွင့်ပေးဖို့ ဆရာသခင်ကို တောင်းပန်ပါတယ်"
ခန်းမကြီးတစ်ခုလုံး အချိန်တခဏကြာခန့် တိတ်ဆိတ်သွားကာ ကြီးကျယ်ခမ်းနားသောအသံက တဖန်ပြန်၍ ထွက်ပေါ်လာသည်။
"မင်းက ငါ့ရဲ့တံခါးပိတ်ကျင့်ကြံမှုကို နှောက်ယှက်ခဲ့တာကြောင့် တကယ်လို့ ဒီကိစ္စက မင်း ပြောသလိုမဟုတ်ဘူးဆိုရင် ငါ သနားညှာတာမှုမရှိဘူးလို့ ငါ့ကို အပြစ်မတင်နဲ့"
ထိုအသံပျက်ပြယ်သွားချိန်တွင် ခန်းမတံခါးကြီး တုန်ခါသွားကာ ပွင့်သွားလေ၏။
လော့လန်ရွှယ်သည် စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းတစ်ချက်ရှိုက်ကာ သိုင်းပညာလမ်းညွှန်စာအုပ်ကို တရိုတသေကိုင်၍ ခန်းမအတွင်းသို့ ဝင်လိုက်သည်။
သူမသည် နောက်ဆုံး၌ ချင်ရှန်းဂိုဏ်းချုပ်နှင့် တွေ့ခွင့်ရလေပြီ။
ချင်ရှန်းဂိုဏ်းချုပ်သည် ကောက်ရိုးမြက်ဖျာပေါ်၌ ပလ္လင်ခွေထိုင်နေကာ သူ၏မျက်နှာပေါ်၌ ဒေါသအရိပ်အယောင်များ ရှိနေဆဲပင်။ သူသည် လော့လန်ရွှယ်ပြောပြသော အကြောင်းအရာများကိုနားထောင်ပြီး သူ၏မျက်နှာပေါ်၌ သံသယအရိပ်အယောင်များ ထင်ဟပ်လာသည်။
"မင်းက သာမာန်သေမျိုးတစ်ယောက်လို့ ပြောလိုက်တာလား"
ချင်ရှန်းဂိုဏ်းချုပ်က မေးမြန်းသည်။
"ဟုတ်ပါတယ် ဆရာသခင်...အတိအကျပြောရရင် သူက အယောင်ဆောင်ပြီးတော့ သေမျိုးနယ်မြေထဲကို ဆင်းသက်လာတဲ့ ပြိုင်ဘက်ကင်းကျင့်ကြံသူတစ်ယောက်ပဲ"
လော့လန်ရွှယ်က ဖြည့်စွက်ပြောဆိုသည်။
"အဓိပ္ပါယ်မရှိတာတွေ"
ချင်ရှန်းဂိုဏ်းချုပ်က ဒေါသတကြီး အော်ငေါက်လိုက်၏။
"တကယ်လို့ ပင်ကျင်းမြို့ထဲမှာ ခုလိုမျိုး ပြိုင်ဘက်ကင်းကျင့်ကြံသူတစ်ယောက်သာရှိနေရင် မြင့်မြတ်တဲ့ချင်ရှန်းဂိုဏ်းချုပ်ဖြစ်တဲ့ငါက သူ့ကို မသိဘဲနေမလား...ဒါက ဘယ်လိုဟာသမျိုးလဲ"
"ဆရာသခင်...ကျေးဇူးပြုပြီးတော့ ကျွန်မကို ယုံကြည်ပေးပါ...ဒီစာအုပ်ကို အဲ့ဒီစီနီယာဆီကနေ ရခဲ့တာပါ....ဆရာတစ်ချက်ကြည့်ပြီးတာနဲ့ သိသွားပါလိမ့်မယ်"
လော့လန်ရွှယ်က အလျှင်အမြန် ပြောဆိုသည်။
ဟမ့်...
ချင်ရှန်းဂိုဏ်းချုပ်က အေးစက်စက် နှာတစ်ချက်မှုတ်လိုက်သည်။ သူ၏လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ သိုင်းပညာလမ်းညွှန်စာအုပ်က သူ၏လက်အတွင်းသို့ ရောက်ရှိသွားသည်။
အကြည့်တစ်ချက်ဖြင့်ပင် သူ၏မျက်နှာပေါ်တွင် အထင်အမြင်သေးသော အရိပ်အယောင်များ ထင်ဟပ်လာသည်။
စာအုပ်တစ်အုပ်လုံးသည် သာမာန်ဖြစ်ပြီး အကြမ်းဆန်ကာ ထူးခြားသော အရည်အသွေးနှင့်အရှိန်အဝါလည်း ရှိမနေချေ။
အကယ်၍ လော့လန်ရွှယ်သည် သူ တန်ဖိုးအထားရဆုံးတပည့်များအနက်မှ တစ်ယောက်သာမဟုတ်ပါက ဤကဲ့သို့ ပေစုတ်စုတ်အရာတစ်ခုနှင့် အချိန်ဖြုန်းနေမည့်အစား သူ စာအုပ်ကို ဒေါသတကြီး ဖျက်ဆီးမိပေမည်။
"ကျေးဇူးပြုပြီးတော့ အထဲကိုတစ်ချက်ကြည့်ပါအုံး ဆရာသခင်"
လော့လန်ရွှယ်သည် တစ်စုံတစ်ခုကို အမှတ်ရသွားသည့်အလား အလျှင်အမြန် ဖြည့်စွက်ပြောဆိုလေသည်။ သူမက သတိပေးမှုတစ်ခုကိုပင် ပြုလုပ်ခဲ့သည်။
"ဆရာသခင်....ဆရာ့ရဲ့စိတ်အခြေအနေကို ထိန်းညှိပြီးတော့ တန်ပြန်ဒဏ်မခံရအောင် သတိထားပါ"
ထိုစကားကိုကြားချိန်တွင် စိတ်မရှည်သောအရိပ်အယောင်များက ချင်ရှန်းဂိုဏ်းချုပ်၏မျက်နှာပေါ်၌ ထင်ဟပ်လာသည်။ သူသည် သိုင်းပညာလမ်းညွှန်စာအုပ်ကို သာမာန်ကာလျှံကာ လှန်လိုက်၏။
ရုတ်ချည်းဆိုသလိုပင် သူ၏သာမာန်ကာလျှံကာဆန်ပြီး စိတ်မရှည်သော မျက်နှာအမူအယာ ကြောက်ခမမ်းလိလိ ပြောင်းလဲသွားသည်။
သူသည် ထိုင်နေရာမှ ဝုန်းခနဲ မတ်တတ်ထရပ်လိုက်သည်။
သူ ရည်ရွယ်မထားဘဲ သူ၏ခန္ဓာကိုယ်တုန်ခါစပြုလာသည်။
ထိတ်လန့်ခြင်း အံ့အားသင့်ခြင်း မယုံကြည်နိုင်ခြင်း တုန်လှုပ်ခြင်း....အမူအယာများက ဆက်တိုက်ဆိုသလို သူ၏မျက်နှာပေါ်၌ ဖြတ်ပြေးသွားသည်။ သို့ရာတွင် ထိုသို့ဆိုသည့်တိုင် ယခုလက်ရှိ သူ၏စိတ်အခြေအနေကို ဖော်ပြနိုင်စွမ်း မရှိသေးချေ။
ဤသည်က တည်ငြိမ်စေရန် မစွမ်းဆောင်နိုင်သော ဧရာမလှိုင်းလုံးကြီးတစ်လုံးကဲ့သို့ပင်။
လော့လန်ရွှယ်၏စကားများ အမှန်ဖြစ်နေမည်ဟု သူ မျှော်လင့်မထားမိပေ။ သူ အထင်သေးခဲ့သော ဤမထင်မရှားစာအုပ်သည် ဖွင့်လိုက်သည်နှင့် အတွင်း၌ အကန့်အသတ်မရှိသော သိုင်းပညာစိတ်ဆန္ဒများ ပါဝင်နေသည်။
သူ စာအုပ်ကိုဖွင့်လိုက်သော အချိန်အခိုက်အတန့်တွင် တခြားကမ္ဘာလောကတစ်ခုသို့ ရောက်ရှိသွားသကဲ့သို့ပင်။ အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ဖြစ်သာ ချင်ရှန်းဘိုးဘေးသည် ဤစာအုပ်အတွင်း၌ပါဝင်သော စွမ်းအားများအကြားတွင် သူ့ကိုယ်သူ သိမ်ငယ်သွားသကဲ့သို့ ခံစားမိသည်။
မည်ကဲ့သို့လူစားမျိုးသည် ဤကဲ့သို့သာလွန်ထူးကဲသောစာအုပ်ကို ဖန်တီးခဲ့သနည်း။
ထို့ထက်ပို၍ ယုံကြည်ရန်အခက်ခဲဆုံးအချက်မှာ သိမ်မွေ့နက်နဲသော စုတ်ချက်များပင်။ ထိုပုဂ္ဂိုလ်သည် အင်အားစိုက်ထုတ်မှုမရှိဘဲ ဖြစ်ကတတ်ဆန်း ရေးဆွဲထားသည်မှာ သိသာထင်ရှားလှ၏။ သို့ရာတွင် သူ၏ သာမာန်ကာလျှံကာလုပ်ဆောင်မှုအတွင်း၌ မယုံကြည်နိုင်ဖွယ်သိုင်းပညာစိတ်ဆန္ဒများ ပါဝင်နေသည်။ ထိုပုဂ္ဂိုလ်၏ကျင့်ကြံဆင့်သည် မည်မျှထိ နက်ရှိုင်းနေသနည်း။
လော့လန်ရွှယ်သည် ချင်ရှန်းဘိုးဘေးကိုကြည့်ပြီး ခါးသည်းစွာပြုံးလိုက်သည်။
သူမသည်လည်း ဤစာအုပ်ကို ပထမဆုံးမြင်တွေ့ချိန်တွင် တူညီသောနည်းလမ်းနှင့် တုံ့ပြန်နိုင်ခဲ့ရသည်မဟုတ်လော....
ဤသည်က နောက်မှီကုလားထိုင်ပေါ်တွင် စိမ်ပြေနပြေလဲလျောင်းကာ သူ့ကိုယ်သူယပ်တဖျတ်ဖျတ်ခတ်နေသော လူငယ်သည် ရိုးရှင်းမှုသို့ပြန်လည်ရောက်ရှိနေသောအဆင့် အစွမ်းထက်ကျင့်ကြံသူဟူသော သူမ၏ယုံကြည်မှုကို ပို၍ခိုင်မာသွားစေသည်။
သို့ရာတွင် ထိုသို့ဖြစ်လေလေ သူမ၏စိတ်နှလုံးသားအတွင်း၌ စိတ်မအေးချမ်းမှုကို ပို၍ခံစားရလေလေပင်။
တစ်ဖက်တွင် သူမသည် ချင်ရှန်းဂိုဏ်း၏အကျပ်အတည်းကို ဖြတ်ကျော်နိုင်မည့် အခွင့်အရေးကြီးကို ရရှိခဲ့သည့်အတွက် စိတ်လှုပ်ရှားနေမိသည်။ တခြားတစ်ဖက်တွင် သူမ၏စိတ်နှလုံးသား မသက်မသာခံစားနေရကာ စိတ်လှုပ်ရှားမှု စိုးရိမ်ပူပန်မှုများနှင့် ထိတ်လန့်ကြောက်ရွံခြင်းတို့က သူမ၏မျက်လုံးအတွင်း၌ ထင်ဟပ်နေသည်။
"ဟား ဟား ဟား ဟား...."
ထိုအချိန်မှာပင် အူလှိုက်သည်းလှိုက်ရယ်မောလိုက်သံကြီးက ချင်ရှန်းဂိုဏ်းချုပ်၏ပါးစပ်မှ ထွက်ပေါ်လာသည်။ သူ့ထံမှနေ၍ မောက်မာဝံ့ကြွားသောအရှိန်အဝါတစ်ရပ် ပွင့်အံ့ထွက်လာကာ သူ၏ဆံပင်များ အထက်သို့ဝဲသွားသည်။
သူသည် ရုတ်တရက် ကောက်ရိုးမြက်ဖျာပေါ်မှခုန်ထကာ တဟုန်ထိုးထောင်တက်သွားကာ ခေါင်မိုးကိုဖောက်ထွက်၍ လေထုအတွင်းသို့ ရောက်ရှိသွားသည်။
ဤအချိန်အခိုက်အတန့်တွင် ချင်ရှန်းဂိုဏ်း၏အထက်ကောင်းကင်ယံအတွင်းရှိ တိမ်တိုက်များသည် မုန်တိုင်းတိုက်ခတ်လာသကဲ့သို့ တလိမ့်လိမ့်လူးလွန့်သွားသည်။
မကြာမီမှာပင် မိုးသည်းထန်စွာရွာသွန်းလာခြင်းနှင့်အတူ မြောက်မြားစွာသော စိတ်ဝိညာဥ်စွမ်းအားများ တဟုန်ထိုးစီးကျလာကာ ချင်ရှန်းဂိုဏ်းချုပ်ထံသို့ ရောက်ရှိလာသည်။ သူသည် လေထု၏အလယ်၌ တောက်ပသောနေမင်းငယ်တစ်စင်းအလား မျောလွင့်နေကာ မိုးရေများအကြား၌ သူ၏နံဘေးပတ်လည်တွင် အလင်းတန်းများ ဖြာထွက်နေသည်။
"ဘာလဲ"
"ဆရာသခင် အဆင့်ချိုးဖျက်နေတာလား"
လော့လန်ရွှယ်သည် အံ့အားသင့်စွာဖြင့် သူမ၏နှုတ်ခမ်းကို လက်ဖြင့်ဖုံးအုပ်လိုက်သည်။ သူမရှေ့ရှိမြင်ကွင်းကြောင့် သူမ အံ့အားသင့်တုန်လှုပ်သွားပြီးနောက် အလွန်ပျော်ရွှင်သွားလေ၏။
ချင်ရှန်းဂိုဏ်းတစ်ဂိုဏ်းလုံး အကြီးအကျယ် ရုန်းရင်းဆန်ခတ်ဖြစ်သွားတော့သည်။
...
"တောက်....အပြင်မှာ ဘယ်ကောင်က ထပ်ပြီးပြဿနာရှာပြန်ပြီလဲ...ငါ အဝတ်လှန်းထားတာတွေ ခြောက်တော့မယ့်ဟာကို..."
ရီဖုန်းသည် နောက်မှီကုလားထိုင်ပေါ်တွင် လဲလျောင်းနေရင်းမှ စိတ်မကျေမနပ်ဖြင့် မြည်တွန်တောက်တီးလိုက်သည်။ သူ၏အဝတ်အစားများသည် ယခုထိ မခြောက်သေးချေ။
သူသည် ဝက်သားစားခြင်းမရှိသော်လည်း ဝက်များပြေးလွှားသည်ကို မြင်တွေ့ဖူးသည်။
သူသည် ဤကဲ့သို့ ကြီးမားသောရုန်းရင်းဆန်ခတ်မှုကြီးကို ယခင်က မမြင်တွေ့ဖူးသော်လည်း ရီဖုန်းသည် တစ်ချက်ကြည့်ရုံဖြင့် ဤသည်က ကျင့်ကြံသူများကြောင့်ဖြစ်ကြောင်း သိရှိသည်။
"ကျုံးချင်...မင်း မြင်းထိုင်ထိုင်နေတာ ဘယ်လိုအခြေအနေရှိလဲ"
အဝတ်များကိုရုတ်ပြီးနောက် ရီဖုန်းသည် စတင်၍လေ့ကျင့်နေသော ကျုံးချင်ထံ ကြည့်လိုက်၏။
ဤအချိန်အခိုက်အတန့်တွင် ကျုံးချင် မြင်းထိုင်ထိုင်နေသည်မှာ အချိန်မည်မျှကြာခဲ့ပြီဖြစ်ကြောင်း ရီဖုန်း ရှင်းရှင်းလင်းလင်း မသိတော့ချေ။ သူ၏ပိန်လှီသောခန္ဓာကိုယ် တုန်ရီနေကာ သူ၏နဖူးမှ ချွေးသီးချွေးပေါက်များ စီးကျနေသော်လည်း သူသည် တောင့်ခံထားဆဲပင်။
"ကောင်းလိုက်တဲ့ မျိုးစေ့လေးပဲ...ကံဆိုးချင်တော့ ဒါက ကျင့်ကြံခြင်းကမ္ဘာလောကဖြစ်နေတယ်...မဟုတ်ရင် ငါ့ရဲ့အတိတ်ဘဝမှာဆို ငါ မင်းကို နောက်ထပ်ဘရုစ်လီတစ်ယောက်ဖြစ်လာအောင် လုပ်ပေးလို့ရတယ်"
ထိုအကြောင်းကိုတွေးမီချိန်တွင် ရီဖုန်းက ကူကယ်ရာမဲ့စွာ ကျိန်ဆဲလိုက်သည်။
ဤသောက်ချေးကျင့်ကြံခြင်းလောက၌ သူ့ထံတွင် သိုင်းပညာနည်းစနစ်များသာရှိနေခဲ့သည်။ ဤသည်က အလွန်ကြီးမားသော ပြဿနာပင်။
"ကျုံးချင်...အနားယူတော့...လမ်းတစ်ဖက်က ခေါက်ဆွဲဆိုင်ကိုသွားပြီး အမဲသားခေါက်ဆွဲနှစ်ပွဲ သွားဝယ်စမ်း"
ရီဖုန်းက အချိန်ကိုကြည့်၍ ပြောဆိုသည်။ လေ့ကျင့်ခြင်းသည် အရေးကြီးသော်လည်း အနားယူခြင်းသည်လည်း ထပ်တူထပ်မျှပင်။
"ဟုတ်ကဲ့ ဆရာသခင်"
ကျုံးချင်သည် သူ၏နဖူးမှချွေးများကိုသုတ်ကာ မိုးသည်းထန်စွာရွာသွန်းနေသည်ကိုဖြတ်သန်း၍ လမ်းတစ်ဖက်ရှိ အမဲသားခေါက်ဆွဲဆိုင်သို့ အပြေးသွားလေသည်။
သူ မှာထားသောခေါက်ဆွဲကို စောင့်ဆိုင်းနေရင်း ကျုံးချင်၏အကြည့်သည် အဝေးရှိမိုးကောင်းကင်ယံထံသို့ ရောက်ရှိနေလေ၏။ ဆိုင်တာဝန်ခံသည် သူ့ကို အကြိမ်ပေါင်းများစွာခေါ်မှသာ နောက်ဆုံး၌ သူ အသိပြန်ဝင်လာသည်။
"ဟူး...ဒီကောင်လေးကတော့..."
ရီဖုန်းက သူ၏ခေါင်းကို ခါယမ်းလိုက်သည်။
ကျုံးချင်သည် ကျင့်ကြံရန်အတွက် ပြင်းပြသောစိတ်ဆန္ဒကို ဆုပ်ကိုင်ထားဆဲဖြစ်ကြောင်း သူ အတပ်ပြောနိုင်သည်။ ဤနေရာတွင် နေနေသည်က သူ၏သနားကြင်နာမှုကို ပြန်ပေးဆပ်ရုံသက်သက်ဖြစ်ပေလိမ့်မည်။
ကံအကြောင်းမလှစွာဖြင့် ကျုံးချင်ထံတွင် ပါရမီအရည်အချင်းမရှိချေ။ ထိုအချက်ကြောင့် သူသည် ချင်ရှန်းဂိုဏ်းအတွင်းသို့ ဘယ်သောအခါမျှ ဝင်ရောက်နိုင်မည်မဟုတ်ချေ။
"တကယ်လို့ ဆရာကသာ ချင်ရှန်းဂိုဏ်းက လူတချို့နဲ့သိနေရင် မင်းကို နောက်ဖေးပေါက်ကနေ ဝင်ခွင့်ရအောင် ဆရာ လုပ်ပေးကောင်း လုပ်ပေးနိုင်လိမ့်မယ်"
"ဒါပေမယ့် ဟူး....ဆရာက သာမာန်လူတစ်ယောက်သက်သက်ပဲလေ"
Chapter 5: သူက ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်ဖြစ်မယ်လို့ ငါထင်တယ်
တစ်ရက်တင်းတင်း ကြာမြင့်ပြီးနောက် ချင်ရှန်းဂိုဏ်းချုပ်သည် သိုင်းဝိညာဥ်နယ်ပယ်မှနေ၍ သိုင်းဘုရင်နယ်ပယ်သို့ ခြေချနိုင်ခဲ့သည်။ ဤအဆင့်သည် နဂါးတံခါးကို ကျော်လွှားနိုင်ခဲ့သော ငါးကြင်းတစ်ကောင်ကဲ့သို့ပင်။ နန်ရှားကျင့်ကြံခြင်းနယ်မြေတစ်ခွင်လုံးတွင် သူသည် ထိပ်တန်းတည်ရှိမှုကြီးများအနက်မှ တစ်ယောက်အဖြစ် ရပ်တည်နိုင်ပေမည်။
"ဟား ဟား ဟား....ရွှမ်းဝူ...မင်းက အသေအရှင်တိုက်ပွဲလုပ်ဖို့ ငါ့ကို ဖိအားပေးခဲ့တယ်...ဒါပေမယ့် မင်း သိလား...ငါက အခု သိုင်းဘုရင်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်နိုင်ခဲ့ပြီ...မင်းရဲ့အမူအယာ ဘယ်လိုဖြစ်သွားမလဲဆိုတာ ငါ သိချင်တယ်"
ချင်ရှန်းဂိုဏ်းချုပ်၏မျက်နှာသည် ဝင်းလက်တောက်ပနေကာ သူ၏ယခင် ယိုယွင်းပျက်စီးနေသော မျက်နှာအမူအယာ ရှင်းလင်းသွားလေပြီ။
"သိုင်းဘုရင်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်နိုင်ခဲ့တဲ့အတွက် ဆရာသခင့်ကို ဂုဏ်ပြုပါတယ်"
လော့လန်ရွှယ်က ရိုသေလေးစားစွာ မြေပြင်ပေါ်တွင် ဒူးထောက်လိုက်သည်။
ချင်ရှန်းဂိုဏ်းချုပ်၏ပုံရိပ် ရုတ်တရက်ဝေဝါးသွားကာ လော့လန်ရွှယ်၏နံဘေးသို့ရောက်လာပြီး သူ၏လက်နှစ်ဖက်ဖြင့် သူမကိုထူမ၍ အပြုံးနှင့်ပြောဆိုသည်။
"လန်ရွှယ်....မြန်မြန်ထပါ...အရင်က ငါ မင်းကို မှားယွင်းပြီး အပြစ်တင်ခဲ့မိတယ်...လန်ရွှယ် မင်းက ငါတို့ချင်ရှန်းဂိုဏ်းရဲ့ အကြီးမားဆုံးအကျိုးဆောင်သူပဲ...ဒါကို ငါတို့ချင်ရှန်းဂိုဏ်းရဲ့သမိုင်းမှတ်တမ်းမှာ ငါ မှတ်တမ်းတင်ထားမယ်"
"ဆရာက ကျွန်မကို ချီးမွမ်းလွန်းရာကျနေပြီ...ဒါက ကျွန်မလုပ်သင့်တဲ့ကိစ္စတစ်ခုပါ"
လော့လန်ရွှယ်က ပြောဆိုလေ၏။
"ဟုတ်သားပဲ ...ငါ ခုဏက အဆင့်ချိုးဖျက်ဖို့ အလုပ်ရှုပ်နေတာနဲ့ မင်းကို မမေးမိဘူး...အဲ့ဒီသေမျိုး....မဟုတ်ဘူး စီနီယာရဲ့အကြောင်းကို ပြောပြပါအုံး"
ချင်ရှန်းဂိုဏ်းချုပ်သည် သူ၏လက်အတွင်းရှိ သိုင်းပညာလမ်းညွှန်စာအုပ်ကို ညင်သာစွာပွတ်သပ်ကာ သူက စိတ်အားထက်သန်စွာဖြင့် လော့လန်ရွှယ်ကို မေးလိုက်သည်။
"သူ့ကိုကြည့်ရတာ အရမ်းအသက်ငယ်ပြီးတော့ ချောမောခန့်ညားတယ်...ထူးခြားတဲ့ စိတ်နေသဘောထားမျိုး ရှိတဲ့ပုံပဲ..."
လော့လန်ရွှယ်သည် သူမမြင်တွေ့ဖူးသောပုံရိပ်ကို သူမ၏စိတ်အတွင်း၌တွေးတောကာ ဆက်လက်၍'အဲ့ဒီအချိန်တုန်းက ကျွန်မ အများကြီး မစဥ်းစားခဲ့မိဘူး...ဒါပေမယ့် အခုပြန်တွေးကြည့်တော့ သူ့ရဲ့အမူအယာတွေနဲ့အပြုအမူတွေမှာ ဒဏ္ဍာရီလာဆရာကြီးတစ်ယောက်ရဲ့ခံစားချက်မျိုး ရောယှက်နေတယ်...."
ချင်ရှန်းဂိုဏ်းချုပ်၏မျက်လုံးများ ကျဥ်းမြောင်းသွားကာ လော့လန်ရွှယ်၏စကားကို ဂရုတစိုက် စဥ်းစားတွေးတောလိုက်သည်။
"ဆက်ပြောပါအုံး"
"သူက သိုင်းပညာခန်းမတစ်ခု ဖွင့်ထားတယ်...ပြီးတော့ သိုင်းပညာလမ်းညွှန်စာအုပ်တွေကို ရောင်းတယ်..."
လော့လန်ရွှယ်က ဖြည့်စွက်၍ပြောဆိုသည်။
"သိုင်းပညာလမ်းညွှန်စာအုပ်တွေ အများကြီးရှိနေတာလား"
ချင်ရှန်းဂိုဏ်းချုပ် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
လော့လန်ရွှယ်က တည်ကြည်လေးနက်သောအမူအယာဖြင့် ခေါင်းညိတ်ပြလေ၏။
"လန်ရွှယ်...သူ့ကိုကြည့်ရတာ အသက်ငယ်ပုံပေါက်နေတာက ကိစ္စမရှိဘူး...မင်း ပြောတဲ့စကားတွေကိုအခြေခံပြီးတော့ ငါ ခန့်မှန်းကြည့်တာတော့ သူက ထူးခြားတဲ့မွန်းစတားအိုကြီးတစ်ယောက်ပဲ"
ချင်ရှန်းဂိုဏ်းချုပ်က အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
"ပြီးတော့ ငါရဲ့ကြိုတင်တွက်ဆမှုအရဆိုရင် သူ့ရဲ့ကျင့်ကြံဆင့်က သိုင်းဧကရာဇ်နယ်ပယ်မှာ ရှိနေနိုင်တယ်"
"သိုင်းဧကရာဇ်....."
ထိုစကားကိုကြားချိန်တွင် လော့လန်ရွှယ် အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားသည်။
ဤသည်ကို သူမကိုယ်တိုင် ခန့်မှန်းပြီးဖြစ်သော်လည်း ချင်ရှန်းဂိုဏ်းချုပ်ထံမှ အတည်ပြုချက်ကိုကြားချိန်တွင် သူမ တုန်လှုပ်ချောက်ချားမှုကို ခံစားနေရလေ၏။
အတိတ်တွင် ချင်ရှန်းဂိုဏ်းကို တည်ထောင်ခဲ့သော ချင်ရှန်းဘိုးဘေးပင် သိုင်းဧကရာဇ်နယ်ပယ်တွင်သာရှိသည်။
"ဒါပေမယ့် ဒါက ငါရဲ့ကြိုတင်ခန့်မှန်းမှုသက်သက်ပဲ ရှိသေးတယ်...ငါတို့က သေချာသိရဖို့အတွက် အဲ့ဒီစီနီယာဆီကိုသွားပြီး ဂါရဝပြုရမယ်"
ချင်ရှန်းဂိုဏ်းချုပ်က လေးလေးနက်နက်တွေးတော၍ ပြောဆိုသည်မှာ"ဒါဆိုရင် လော့ရွှယ်...တောင်အောက်ကိုဆင်းပြီးတော့ အဲ့ဒီစီနီယာကို ဂါရဝသွားပြုရအောင်လို့ မင်း ငါနဲ့အတူ လိုက်ခဲ့အုံး"
ထိုစကားကိုကြားချိန်တွင် လော့လန်ရွှယ်၏နူးညံသေးသွယ်သောခန္ဓာကိုယ်တုန်ရီသွားကာ သူမက အထစ်ထစ်အငေါ့ငေါ့ ပြောဆိုသည်။
"ဆရာ...ကျွန်မ...ကျွန်မ...."
"ဘာပြဿနာရှိလို့လဲ"
ချင်ရှန်းဂိုဏ်းချုပ်က မျက်မှောင်ကြုတ်လိုက်၏။
"ကျွန်မက အဲ့ဒီစီနီယာကို အပြစ်ပြုမိသလို ဖြစ်သွားခဲ့မှာကို ကျွန်မ ကြောက်လို့ပါ"
လော့လန်ရွှယ်၏မျက်လုံးအတွင်းရှိ စိုးရိမ်ပူပန်မှုများ နောက်ဆုံး၌ လုံးလုံးလျားလျား ပွင့်အံ့ထွက်လာကာ သူမ၏မျက်နှာပေါ်တွင် နောင်တကြီးစွာရနေသောအရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။ သူမသည် နောင်တကြီးစွာရနေပေ၏။
ဤနှစ်ရက်အတွင်းတွင် သူမ၏စိတ်နှလုံးသား မွန်းကြပ်ပြီး ရှုပ်ထွေးနေသည်မှာ ပြောမပြတတ်အောင်ပင်။
ဤသည်က သူမကို အသက်ရှုရပ်မတတ် မွန်းကြပ်နေစေသည်။ ချင်ရှန်းဘိုးဘေး၏ကျင့်ကြံဆင့်ချိုးဖျက်မှုသည် ဂိုဏ်း၏အကျပ်အတည်းကို ဖြေရှင်းနိုင်ပေမည်။ သို့ရာတွင် ထိုနေ့တုန်းက ဆိုင်ရှေ့၌ သူမ မလေးမစားပြုခဲ့မိသည်ကို တွေးတောမိချိန်တွင် သူမ၏နှလုံးသား ပဲ့ကြွေလုမတတ်ပင်။
ချင်ရှန်းဂိုဏ်းချုပ်၏တိုက်တွန်းမှုအောက်တွင် လော့လန်ရွှယ်သည် သူမ ဖြစ်ပွားခဲ့သောကိစ္စကို မဝံ့မရဲ ပြန်လည်ပြောဆိုခဲ့သည်။
ထိုအကြောင်းကိုကြားချိန်တွင် ချင်ရှန်းဂိုဏ်းချုပ်၏မျက်နှာအမူအယာ ပျက်ယွင်းသွားပေ၏။
"ဆရာ...ကျွန်မ မှားသွားပြီ"
ထိုအခြင်းအရာကိုကြည့်ပြီး လော့လန်ရွှယ်က လေးလေးနက်နက် အရိုအသေပြုကာ သူမ၏မျက်လုံးအတွင်းမှ မျက်ရည်များ အဆက်မပြတ်ယိုစီးကျနေသည်။
"အဲ့ဒီအချိန်တုန်းက သူက သေမျိုးတစ်ယောက်ပဲဖြစ်မယ်လို့ ကျွန်မ တကယ်တွေးထင်ခဲ့မိတယ်...သူက လောကီထင်ပေါ်ကျော်ကြားမှုတွေနဲ့ ကင်းကွာအောင်နေနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်နေမယ်လို့ ကျွန်မ စဥ်းတောင်မစဥ်းခဲ့မိဘူး"
ဟမ့်...
ချင်ရှန်းဂိုဏ်းချုပ်၏မျက်နှာ ညိုမဲသွားကာ လော့လန်ရွှယ်ကို ဆူပူကြိမ်းမောင်းလေသည်။
"မင်း....တကယ်လို့ သူက သေမျိုးတစ်ယောက်ဖြစ်နေရင်တောင် မင်း သူ့ကို ရွှေပြားတစ်ပြားပဲ မပေးခဲ့သင့်ဘူး"
"ဒါပေမယ့်...အဲ့ဒီအချိန်တုန်းက ကျွန်မဆီမှာ ရွှေပြားတစ်ပြားပဲရှိတယ်"
လော့လန်ရွှယ်က ပျာပျာသလဲရှင်းပြကာ..
"ကျွန်မက စာအုပ်တစ်အုပ်ကို ရွှေပြားတစ်ပြားနဲ့ သေချာပေါက်လုံလောက်မယ်လို့ တွေးခဲ့မိတယ်...ပြီးတော့ အဲ့ဒီအချိန်တုန်းက ကျွန်မ စဥ်းစားနေတာက ဆရာနဲ့ရွှမ်းဝူဂိုဏ်းချုပ်ရဲ့တိုက်ပွဲအကြောင်းကိုပဲ...ဒါကြောင့် ကျွန်မက အဲ့ဒီအချိန်ခဏလေးအတွင်းမှာ သေသင့်တဲ့အမှားကြီးတစ်ခုကို ကျူးလွန်ခဲ့မိတယ်"
ချင်ရှန်းဘိုးဘေး ငြိမ်အတိကျသွားသည်။
ဤှသည်က ချင်ရှန်းဂိုဏ်းအတွက် ကြီးမားသောကောင်းချီးတစ်ခုဟု သူ တွေးထင်ခဲ့သည်။ သို့ရာတွင် ဤခြေတစ်လှမ်းမှားခဲ့သော မတော်တဆကိစ္စကြောင့် ချင်ရှန်းဂိုဏ်းပျက်စီးမည့်လမ်းကြောင်းကို ဦးတည်သွားနိုင်သည်။
"မင်း အသက်ရှင်ရက် ပြန်ရောက်လာတာ တကယ်ကံကောင်းတာပဲ"
ချင်ရှန်းဂိုဏ်းချုပ်က ကြေကွဲဝမ်းနည်းစွာ ပြောဆိုသည်။
လော့လန်ရွှယ်၏မျက်လုံးများ မျက်ရည်များဖြင့်စိုစွတ်နေကာ သူမ၏စိတ်နှလုံးသားအတွင်း၌ ခါးသည်းမှုများဖြင့် ပြည့်နှက်နေသည်။
ထိုသို့မဟုတ်ပါက မည်ကဲ့သို့ဖြစ်လာမည်ကို မည်သူသိရှိမည်နည်း....
ပြန်တွေးကြည့်ပါက သူမသည် ငရဲတံခါးကို ရိုးရှင်းစွာ ဖြတ်ကျော်ခဲ့ခြင်းဖြစ်ပြီး ထိုအကြောင်းအရင်းကြောင့် ချင်ရှန်းဂိုဏ်းတစ်ဂိုဏ်းလုံးပင် ငြိစွန်းလာနိုင်သည်။
"ကံကောင်းပြီးတော့ ဂျူနီယာညီမလေး အဲ့ဒီနေရာမှာ ရှိနေခဲ့လို့သာပဲ"
လော့လန်ရွှယ်က ကျေးဇူးတင်စွာ ပြောဆိုသည်။
"ကျွန်မက အဲ့ဒီစီနီယာကို ရွှေပြားတစ်ပြားပဲပေးခဲ့ပေမယ့် သူက အဲ့ဒီကိစ္စကို အရေးမစိုက်ခဲ့ဘူး...သူက ဒီစာအုပ်ကို ဂျူနီယာညီမလေးအတွက် လက်ဆောင်ပေးတယ်လို့ သဘောထားလိုက်မယ်လို့ ပြောခဲ့တယ်...သူက ဂျူနီယာညီမလေး ချစ်ဖို့ကောင်းတာကိုကြည့်ပြီးတော့ ကျွန်မကို ခွင့်လွှတ်ခဲ့တာပဲဖြစ်မယ်"
"ဒါကြောင့် စီနီယာကိုသွားတွေ့မယ်ဆိုရင် ဆရာသခင်တစ်ယောက်တည်းသွားတာ ပိုကောင်းလိမ့်မယ်"
လော့လန်ရွှယ်က စိတ်ပျက်ညှိုးငယ်စွာ ပြောဆိုသည်။
ချင်ရှန်းဂိုဏ်းချုပ်သည် အချိန်တခဏကြာစဥ်းစားတွေးတောပြီးနောက် တည်ကြည်လေးနက်သောအမူအယာဖြင့် သူ၏ခေါင်းကို ခါယမ်းလိုက်သည်။
"မင်း သွားဖို့ကိုရှောင်လွှဲလို့မရဘူး....မင်း မဖြစ်မနေသွားရမယ်"
လော့လန်ရွှယ်၏အနီရောင်နှုတ်ခမ်းများ ပွင့်ဟသွားသည်။
"ဒါပေမယ့် ဆရာ....တကယ်လို့ ကျွန်မ သွားပြီးတော့ အဲ့ဒီစီနီယာရဲ့ဒေါသကို ဆွပေးသလိုဖြစ်သွားရင်....ချင်ရှန်းဂိုဏ်းအတွက် ပိုပြီးအခြေအနေဆိုးသွားနိုင်တယ်....ဒါကြောင့် ကျွန်မထင်တာတော့ ကျွန်မက ဒီကိစ္စကနေ ဘေးထွက်နေတာ ပိုကောင်းလိမ့်မယ်"
လော့လန်ရွှယ်က တောင်းပန်စကားပြောဆိုသည်။
"ဟမ့်....မင်းဘာသိလို့လဲ"
ချင်ရှန်းဂိုဏ်းချုပ်က အပြစ်တင်လိုသောလေသံဖြင့်"တကယ်လို့ မင်း လိုက်မလာရင်တောင်...စီနီယာရဲ့ထိုးထွင်းသိမြင်နိုင်စွမ်းနဲ့ မင်းက ငါ ချင်ရှန်းဂိုဏ်းချုပ်ရဲ့တပည့်ဖြစ်ပြီးတော့ ချင်ရှန်းဂိုဏ်းကလူဆိုတာကို သူ မသိဘဲနေမယ်လို့ မင်း ထင်နေတာလား"
ထိုစကားကိုကြားချိန်တွင် လော့လန်ရွှယ်၏နူးညံသေးသွယ်သောခန္ဓာကိုယ်လေး တုန်ရီသွားသည်။
"စီနီယာက အဲ့ဒီအချိန်ကတည်းက မင်းအပေါ်မှာ လှုပ်ရှားမှုမလုပ်ခဲ့ကတည်းက သူက ဒီလိုအသေးအဖွဲကိစ္စတွေကို သူ့ရဲ့စိတ်ထဲမထားဘူးဆိုတာ ပြသနေတယ်"
ချင်ရှန်းဘိုးဘေးက သူ၏မုတ်ဆိတ်မွှေးကိုပွတ်သပ်ပြီး ဆက်လက်၍ပြောဆိုသည်။
"သူ့ရဲ့အဆင့်အတန်းနဲ့...တကယ်လို့ မင်းက ငါနဲ့အတူလိုက်ခဲ့ပြီးတော့ သေချာတောင်းပန်မယ်ဆိုရင်...သူက မင်းလိုဂျူနီယာလေးတစ်ယောက်နဲ့ ကတ်တီးကတ်ဖဲ့လုပ်နေမှာမဟုတ်ဘူး"
"ဆန့်ကျင်ဘက်အနေနဲ့ တကယ်လို့ ငါတို့က ဒီကိစ္စကို ဖုံးကွယ်ထားပြီးတော့...သူ့ရဲ့နောက်ကွယ်မှာ လူပြက်တွေခုန်ပေါက်နေသလိုမျိုး လှုပ်ရှားမယ်ဆိုရင်...ဒါက စီနီယာရဲ့ဒေါသကို ပိုပြီးကြီးမားသွားစေလိမ့်မယ်"
"ဆရာရဲ့ဆုံးမစကားတွေက အဓိပ္ပါယ်ရှိတယ်...ဒီတပည့်က အပြစ်ကိုခံယူပြီးတော့...စီနီယာ ဆန္ဒရှိသလို လုပ်ဆောင်စေပါ့မယ်"
လော့လန်ရွှယ်က အံ့တင်းတင်းကြိတ်ကာ ခေါင်းညိတ်ပြလိုက်၏။
ထို့နောက် ချင်ရှန်းဂိုဏ်းချုပ်သည် လော့လန်ရွှယ်ကိုဆုပ်ကိုင်ကာ အလင်းတန်းနှစ်တန်းအဖြစ်နှင့် ပင်ကျင်းမြို့သို့ဦးတည်၍ ပျံသန်းခဲ့တော့သည်။