အခန်း (၆-၁၀)
Vol. 1 Ch. 6-10
Chapter 6 :တောခွေးဖြစ်သွားသော ကောင်းကင်ဝါးမျိုဝံပုလွေ
"တပည့်...မင်း သိုင်းပညာကို ဆက်ပြီးတော့သေချာလေ့ကျင့်ထားစမ်း...ငါ ဝိုင်နည်းနည်းလောက် သွားဝယ်အုံးမယ်"
ရီဖုန်း၏လက်အတွင်း၌ ဝိုင်အရက်ထည့်သော ဘူးသီးခြောက်အလွတ်တစ်ခုကိုကိုင်ကာ အပြင်သို့ထွက်မသွားမီ ဆိုင်တံခါးအနီးတွင်မတ်တတ်ရပ်၍ ကျုံးချင်ကို ပြောဆိုသည်။
"ဆရာကြီးရီ...."
"ဆရာကြီးရီ..."
လမ်းတလျှောက်တွင် ရီဖုန်းကိုမြင်တွေ့သည်နှင့် လူအမြောက်အများက နှုတ်ဆက်ကြသည်။
"ဟား ဟား...မတွေ့ရတာတောင်ကြာပြီပဲ"
ရီဖုန်းသည် အပြုံးနှင့် လူတစ်ယောက်ချင်းစီကို ပြန်လည်ဂါရဝပြု နှုတ်ဆက်လေ၏။
"ဆရာကြီးရီ...အချိန်အားရင် လာခဲ့ပါလား"
လှပချောမောပြီး နူးညံသိမ်မွေ့သော မိန်းကလေးများက ရီဖုန်းကိုမြင်တွေ့စဥ်တွင် အိမ်အပေါ်ထပ်မှနေ၍ သူမတို့၏လက်ကိုင်ပဝါများကို ဝှေ့ယမ်းပြလိုက်ရာ မျက်နှာချေနံ့များနှင့်ရေမွှေးနံ့များ ပျံ့လွင့်လာသည်။
"အဟမ်း...နောက်တစ်ခေါက်ကျရင် ငါ လာခဲ့မယ်"
ရီဖုန်းက ရှက်ရွံစွာဖြင့် ငြင်းဆန်လေသည်။
"ဆရာကြီးရီကလည်း လာခဲ့ပါ...ဆရာကြီးရီရဲ့ချောမောခန့်ညားတဲ့ရုပ်ရည်နဲ့ အိမ်အပေါ်ထပ်ကိုထပ်လာပြီးတော့ ကျွန်မတို့နဲ့အတူ အရက်နည်းနည်းသောက်ကြရအောင်"
မိန်းကလေးများက ခိုးခိုးခစ်ခစ်ရယ်မောကာ ဖိတ်ခေါ်သည်။
"မင်းတို့ ငါ့ကိုအခွင့်ကောင်းယူခွင့်မပြုတာ ပိုကောင်းလိမ့်မယ်"
ရီဖုန်းက ရယ်မောက မျက်လုံးစွေ၍ သူမတို့ကို ကြည့်လိုက်၏။ သူသည် သူမတို့ကို ကောင်းစွာမသိရှိသော်လည်း သူမတို့၏မျက်နှာများကိုမူ ရင်းနှီးသည်။
ထိုအချိန်မှာပင် တောက်တိုမည်ရလုပ်ဆောင်သော ကောင်လေးများနှင့်စျေးသည်များ ပြေးလွှားလာသဖြင့် လမ်းပေါ်၌ ရုတ်ရုတ်သဲသဲဖြစ်သွားသည်။
"ဆရာကြီးရီ...တစ်ချက်ကြည့်ပါဦး...တောခွေးတစ်ကောင် ဘယ်နေရာကနေ ထွက်လာမှန်းမသိမှန်းမသိဘဲ ရောက်လာတယ်လို့ ကျွန်တော် ကြားထားတယ်...ခွေးသားက အရမ်းအရသာရှိပြီးတော့ ဝိုင်နဲ့အရမ်းလိုက်ဖက်တယ်"
စျေးသည်တစ်ယောက်က ရီဖုန်းကို အော်ဟစ်ပြောဆိုသည်။
"ခွေးသားက တကယ်အရသာရှိတယ်...တကယ်လို့ မင်းဖမ်းမိရင် ငါ့အတွက် တစ်ဝက်ချန်ထားဖို့ သတိရအုံး"
ရီဖုန်းက ပြန်၍အော်ဟစ်လိုက်သည်။
ခွေးသားသည် ကောင်းမွန်သော်လည်း လူအမြောက်အများရှိနေသဖြင့် သူ့ထံသို့ ရောက်ရှိလာမည်မဟုတ်ချေ။
သူ ဝိုင်အရက်ဆိုင်သို့ ဆက်သွားတော့မည့်အချိန်မှာပင် သူသွားမည့်လမ်းကြောင်းတွင် ပို၍ရုန်းရင်းဆန်ခတ်ဖြစ်လာသည်။ လူအမြောက်အများသည် ဝါးလုံးများနှင့်သစ်သားတုတ်များကို ဝှေ့ယမ်း၍ ခွေးရူးအားလိုက်လံဖမ်းဆီးနေသည်ကို သူ မြင်တွေ့မိလေ၏။
မကြာမီမှာပင် လူအများဝိုင်း၍ ပြင်းပြင်းထန်ထန် ရိုက်နှက်ကြသဖြင့် တောခွေးသည် တကိန်ကိန်အော်ကာ ပတ်ဝန်းကျင်၌ အသည်းအသန် လှည့်ပတ်ပြေးလွှားနေသည်။
ထိုခွေးသည် အလွန်နာကျင်နေလေပြီ။
'ဒီသောက်ချေး သေမျိုးလူသားတွေကတော့ ငါ့ကိုတောင် ဟန့်တားဝံ့တယ်...သူတို့က ငါ့ကို တားဆီးနိုင်မယ်လို့ တကယ်ကြီး ထင်နေကြတာလား...ငါက ကောင်းကင်ဝါးမျိုနတ်ဆိုးဝံပုလွေလေ....ဒီသေမျိုးတွေရဲ့ပါးစပ်ထဲရောက်မှ ငါက တောခွေးတစ်ကောင် ဖြစ်သွားတာလား"
သောက်ချေးပဲ...
သူသည် ထွက်ပြေးလွတ်မြောက်ရန်အတွက် အရူးအမူးလမ်းရှာနေရင်း ရုတ်တရက် သူ၏မျက်လုံး တောက်ပသွားသည်။
ဝိုင်ဘူးသီးခြောက်တစ်ခုကို ကိုင်ဆောင်ထားပြီး စိမ်ပြေနပြေ လမ်းလျှောက်နေသော ချောမောခန့်ညားသည့် လူငယ်တစ်ယောက်ရှိနေသောနေရာမှလွဲ၍ တခြားလမ်းကြောင်းများအားလုံး ပိတ်ဆို့ဟန့်တားခံထားရသည်။
ဤသည်က သူ၏အခွင့်အရေးပင်။
သူသည် ဤသေမျိုးလူသားကို ဖြတ်ကျော်သွားနိုင်ပါက ဤအကျပ်အတည်းမှ လွတ်မြောက်သွားပေမည်။
ဝံပုလွေသည် သူ့ထံတွင်ရှိသော ကောင်းကင်ဝါးမျိုနတ်ဆိုးဝံပုလွေ၏နောက်ဆုံးလက်ကျန် နတ်ဆိုးစွမ်းအားကိုစုစည်းလိုက်ပါက သေမျိုးတစ်ယောက်၏ဟန့်တားမှုကို ဖြတ်ကျော်နိုင်မည်ဟူသော ယုံကြည်ချက်များဖြင့် ပြည့်ဝနေသည်။
မည်သူမျှ သတိမပြုမိခင်မှာပင် ဝံပုလွေ၏နဖူး၌ ပုန်းကွယ်နေသော နေပုံစံအမှတ်အသားမှ အလင်းတန်းများ အနည်းငယ်တောက်ပသွားသည်။ ကြည်လင်သောစွမ်းအားများသည် စက်ဝိုင်းသဏ္ဍာန်လှိုင်းထသွားကာ ရီဖုန်းထံဦးတည်၍ တိုးဝင်သွားလေ၏။
"ရှောင်လင် ခြေထောက်"
တစ်ချိန်တည်းမှာပင် ရီဖုန်းက ကန်ကျောက်လိုက်သည်။
ဘန်း...
ထိုဖီလာဆန့်ကျင်တိုက်မိမှုသည် နားအူလုမတက်ပင်။
"ဘာလဲဟ..."
ဝံပုလွေ၏ရူးကြောင်ကြောင်အမူအယာ ချက်ချင်း တောင့်တင်းသွားသည်။ ရီဖုန်း၏ခြေကန်ချက်သည် သူ့အား ကျည်ပွေ့နှင့်ထုနှက်လိုက်သည့်အလားပင်။ သူ မူးဝေသွားကာ ကြယ်များကိုမြင်တွေ့လိုက်ရသည်။ သူ မယုံကြည်နိုင်ဆုံးအချက်မှာ သူ၏နောက်ဆုံးလက်ကျန် နတ်ဆိုးစွမ်းအားအနည်းငယ်သည် ရီဖုန်း၏ခြေထောက်နှင့် ထိတွေ့မိချိန်၌ ပျက်ပြယ်သွားခြင်းပင်။
"ဘာလို့လဲ..."
ဝံပုလွေ၏ခန္ဓာကိုယ် တုန်ရီကာ လူးလိမ့်နေပြီး သူသည် အသက်ငင်နေသည့်အလား ပါးစပ်ဟစိဟစိဖြစ်နေသည်။
"ဆရာကြီးရီကတော့ မျှော်လင့်ထားတဲ့အတိုင်းပဲ"
ရီဖုန်းသည် ခွေးကို ခြေထောက်ဖြင့်တစ်ချက်သာကန်ပြီး လွင့်ထွက်သွားစေသည်ကိုကြည့်ပြီး လူအုပ်ကြီးက ဝိုင်းဝန်း၍ချီးမွမ်းလိုက်ကြ၏။
"ဒါက ကံကောင်းသွားရုံလေးပါ"
ရီဖုန်းက သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ကာ အပြုံးနှင့်ပြောဆိုသည်။
"ဒါဆိုရင် ဒီခွေးက ငါ့ရဲ့ဟာဖြစ်သွားပြီလား"
"ဟုတ်တာပေါ့...ဒါက ဆရာကြီးရီရဲ့ဟာပဲ"
လူအုပ်ကြီးက အတည်ပြုလိုက်ကြသည်။
အကယ်၍ တခြားတစ်ယောက်ဆိုပါက သူတို့သည် အတိုက်အခံလုပ်ကောင်းလုပ်မိပေမည်။ သို့ရာတွင် လူတိုင်းသည် ရီဖုန်း၏အကျင့်စရိုက်ကို သိထားကြ၏။ မည်သို့ပင်ဆိုစေကာမူ တောခွေးတစ်ကောင်လေးသာဖြစ်သဖြင့် မည်သူတစ်ဦးတစ်ယောက်မျှ ကန့်ကွက်ခြင်းမပြုချေ။
"မင်းတို့ကို ကျေးဇူးတင်ပါတယ်...ဒါဆိုရင်လည်း ငါက ဒီခွေးကို ပျော်ပျော်ကြီးလက်ခံလိုက်မယ်"
ရီဖုန်းသည် အပြုံးနှင့် ကျေးဇူးတင်ကြောင်း ပြောဆိုလေသည်။ ထို့နောက် သူသည် ခွေးကိုနောက်ခြေထောက်မှဆွဲကာ ဝိုင်အရက်ဝယ်ရန်အတွက် ဆက်လက်၍လျှောက်လှမ်းခဲ့တော့သည်။
အချိန်တခဏကြာပြီးနောက်...
ချင်ရှန်းဂိုဏ်းချုပ်နှင့်လော့လန်ရွှယ်တို့သည် နောက်ဆုံး၌ သိုင်းပညာခန်းမ၏တံခါးရှေ့သို့ ရောက်ရှိလာခဲ့သည်။
"ဆရာ...ဒီနေရာပဲ"
လော့လန်ရွှယ်က တည်ကြည်လေးနက်စွာ ပြောဆိုသည်။
ထိုစကားကိုကြားချိန်တွင် ချင်ရှန်းဂိုဏ်းချုပ်သည် သူ့ရှေ့ရှိ သိုင်းပညာခန်းမကို အလျှင်အမြန် မော့ကြည့်လိုက်၏။
သိုင်းပညာခန်းမ၏ဝင်ပေါက်သည် မည်သည့်ထူးခြားချက်မျိုးမျှမရှိဘဲ သာမာန်ဆန်သောနေရာတစ်ခုပင်။ အထက်တွင်ချိတ်ဆွဲထားသော ဆိုင်းဘုတ်ပေါ်တွင် 'ဝူ'အက္ခရာစာလုံးကို သေသပ်ကျနစွာ ရေးထွင်းထားသည်။
ချင်ရှန်းဂိုဏ်း၏အကြည့်သည် ထို'ဝူ'အက္ခရာစာလုံးပေါ်သို့ ကျရောက်သွားချိန်တွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားသည်။ ထိုစာလုံးသည် ကြီးမားသောလက်သီးတစ်ခုအဖြစ်သို့ အသွင်ပြောင်းကာ သူ့အား လာရောက်ထိုးနှက်လေ၏။
ရှပ်...ရှပ်...ရှပ်....
သတိလက်လွတ်ဖြစ်ကာ မပြင်ဆင်ရသေးသဖြင့် ချင်ရှန်းဘိုးဘေးက ခြေလှမ်းတော်တော်များများ နောက်ဆုတ်လိုက်ရသည်။
သူ နောက်တစ်ဖန်မော့ကြည့်မိစဥ်တွင် 'ဝူ'အက္ခရာစာလုံး ပုံမှန်ပြန်ဖြစ်သွားသည်ကို သူမြင်တွေ့မိသည်။
"ဆရာ...ဘာပြဿနာရှိလို့လဲ"
လော့လန်ရွှယ်က ပျာပျာသလဲ မေးမြန်းသည်။
"ဘာမှမဟုတ်ပါဘူး"
ချင်ရှန်းဂိုဏ်းချုပ်သည် ထိုသို့ပြောဆိုလိုက်သော်လည်း သူ၏အသားအရေ ဖြူရော်နေကာ သူ၏နောက်ကျောတပြင်လုံး ချွေးအေးများဖြင့် ရွှဲနစ်နေသည်။
သူ၏စိတ်ကို အချိန်အနည်းငယ်ယူ၍ တည်ငြိမ်အောင်ပြုလုပ်ပြီးနောက် သူက လော့လန်ရွှယ်ကိုကြည့်ကာ ပြောဆိုသည်။
"ငါ့တပည့်...မင်း ဆိုင်းဘုတ်ပေါ်မှာရှိတဲ့ 'ဝူ'အက္ခရာစာလုံးကို မြင်လား"
လော့လန်ရွှယ်က ခေါင်းညိတ်ပြလိုက်၏။
"အဲ့ဒီအက္ခရာစာလုံးမှာ ကြီးမားတဲ့သိုင်းပညာစွမ်းအားတွေ ပါဝင်နေတယ်....အရင်တုန်းကတော့ ဒီစီနီယာက သိုင်းဧကရာဇ်နယ်ပယ်မှာရှိနေမယ်လို့ ငါ ထင်တားခဲ့တာ...အခုကြည့်ရသလောက်တော့ ငါ့သူကို လျှော့တွက်မိပုံပဲ"
"ဘယ်လို...ဆရာသခင်က ဘာကိုဆိုလိုတာလဲ"
လော့လန်ရွှယ်၏နီမြန်းသောနှုတ်ခမ်းများ အနည်းငယ်ပွင့်ဟသွားသည်။
Chapter 7 :အရှိန်အဝါက နည်းနည်းလေးတောင် စိမ့်ထွက်မနေဘူး...ဒီအဆင့်က....
"သူက သိုင်းဧကရာဇ်ရဲ့နောက်တစ်ဆင့်ဖြစ်တဲ့ သိုင်းဘိုးဘေးနယ်ပယ်မှာ ရှိနေတယ်လို့ ငါ သံသယဝင်မိတယ်"
ချင်ရှန်းဂိုဏ်းချုပ်က သက်ပြင်းတစ်ချက်ရှိုက်ကာ တည်ကြည်လေးနက်သောအသံဖြင့် "အက္ခရာစာလုံးတစ်ခုကတောင် ငါ့ကို အရှက်ရစေတယ်....ဒါက သိုင်းဧကရာဇ်တွေ လုပ်ဆောင်နိုင်တဲ့အရာမျိုး လုံးဝမဖြစ်နိုင်ဘူး...ဘယ်လိုပဲဖြစ်ဖြစ် အခုချိန်မှာ ငါကလည်း သိုင်းဘုရင်တစ်ယောက်ပဲ"
လော့လန်ရွှယ်၏စိတ်နှလုံးသား တည်ငြိမ်ခြင်းမရှိတော့ချေ။
ချင်ရှန်းဂိုဏ်း၏တည်ထောင်သူဘိုးဘေးဖြစ်သော သိုင်းဧကရာဇ်သည် ဓားတစ်ချက်ဖြင့် တောင်ကြီးတစ်လုံးကို ပြတ်တောက်စေနိုင်စွမ်းရှိသည်။ ထို့ကြောင့် သိုင်းဧကရာဇ်၏နောက်တစ်ဆင့်ဖြစ်သော သိုင်းဘိုးဘေးသည် မည်ကဲ့သို့တည်ရှိမှုကြီးဖြစ်သနည်း...
သူမ စိတ်ကူးယဥ်တွေးတောကြည့်ရန်ပင် မဝံ့ရဲချေ။
အကယ်၍ ထိုစီနီယာသည် ယခင်ကကိစ္စများကို အမှတ်ထားနေပါက....
ထိုကဲ့သို့ထိုးနှက်ချက်ကို သူမကဲ့သို့ ချင်ရှန်းဂိုဏ်းမှတပည့်ငယ်လေးတစ်ယောက်သည် မည်သည့်နည်းဖြင့် တောင့်ခံနိုင်မည်နည်း...
"ငါ့တပည့် စိတ်အေးအေးထားစမ်း"
ချင်ရှန်းဂိုဏ်းချုပ်သည် လော့လန်ရွှယ်၏စိုးရိမ်သောကများကို တွေ့မြင်ပုံဖြင့် သူမ၏ပခုံးကိုပုတ်လိုက်သည်။
"သေခြင်းနဲ့ရှင်ခြင်းဆိုတာ ကြိုတင်သတ်မှတ်ပြီးသားပဲ...အဲ့ဒီစီနီယာက မင်းလိုဂျူနီယာတစ်ယောက်ကို သူ့ရဲ့စိတ်ထဲတေးမှတ်ထားမှာမဟုတ်ဘူး...အဆိုးတွေရောက်လာတော့လည်းအဆိုးပဲပေါ့...."
လော့လန်ရွှယ်က ချင်ရှန်းဂိုဏ်းချုပ်ကို မော့ကြည့်လိုက်သည်။
"တကယ်လို့ သူက တကယ်ကြီးအပြစ်တင်မယ်ဆိုရင် မင်းရဲ့စိုးရိမ်ပူပန်မှုက အသုံးဝင်မှာမဟုတ်ဘူး...မင်းက သေခြင်းတရားကို လိမ်လိမ်မာမာနဲ့ စောင့်ဆိုင်းနေရုံပဲရှိတယ်...."
ချင်ရှန်းဂိုဏ်းချုပ်က ဆက်လက်၍ပြောဆိုသည်။
လော့လန်ရွှယ်၏နှုတ်ခမ်း အလိုအလျောက်မဲ့သွားသည်။ ချင်ရှန်းဂိုဏ်းချုပ်၏စကားများသည် ကြားရသည်မှာ စိတ်သက်သာဖွယ်မရှိသော်လည်း အမှန်တရားများဖြစ်ပေ၏။
ထိုအကြောင်းကိုတွေးတောရင်း သူမက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ ချင်ရှန်းဂိုဏ်းချုပ်နှင့်အတူ သိုင်းပညာခန်းမထံသို့ စိတ်လှုပ်ရှားစွာလျှောက်လှမ်းလိုက်သည်။
သိုင်းပညာခန်းမ၏အရှေ့ခန်းမသည် ဗလာဟင်းလင်းဖြစ်နေသည်။
"ကြည့်ရတာတော့ အထဲမှာ ဘယ်သူမှမရှိပုံပဲ"
ချင်ရှန်းဂိုဏ်းချုပ်က ပြောဆိုသည်။
"အင်း...."
လော့လန်ရွှယ်က ခေါင်းညိတ်ပြကာ မေးမြန်းလေ၏။
"ဒါဆိုရင် အခု ကျွန်မတို့ဘာလုပ်သင့်လဲ"
"မကြောက်နဲ့"
ချင်ရှန်းဘိုးဘေးက သူ၏တင်ပါးကိုပွတ်သပ်ပြီး လှေကားထစ်များပေါ်၌ထိုင်ချကာ "ငါတို့က အလျင်လိုပြီးတော့ မဆင်မခြင်မလုပ်သင့်ဘူး...စီနီယာ ပြန်လာမယ့်အချိန်ကိုစောင့်တာ ပိုကောင်းလိမ့်မယ်" ဟု ပြောဆိုသည်။
"ဒါပေမယ့် ဆရာသခင်...."
လော့လန်ရွှယ်သည် လှေကားထစ်ပေါ်၌ ဖြစ်ကတက်ဆန်းထိုင်နေသော ချင်ရှန်းဘိုးဘေးကို ကြည့်လိုက်သည်။ ထိုကိစ္စသည် အနည်းငယ်မသင့်လျော်ဟု သူမ ခံစားမိသည်။ သူမဆရာ၏အဆင့်အတန်းဖြင့် သာမာန်လူတစ်ယောက်ကဲ့သို့ ပြုမူနေသည်မှာ အံ့ဝင်ခွင်ကျမဖြစ်ချေ။ အကယ်၍ တစ်စုံတစ်ယောက်သာ တွေ့မြင်သွားပါက....
"လန်ရွှယ်...မင်းက အမြဲတမ်း ဥာဏ်ကောင်းတဲ့ကလေးတစ်ယောက်ပါ...ဘာလို့ ခုအချိန်ကျမှ တုံးအနေတာလဲ"
ချင်ရှန်းဂိုဏ်းချုပ်က သင်ပြပေးသည်မှာ"မင်း ပြောတဲ့ပုံအရဆိုရင် အဲ့ဒီစီနီယာက ဒီလောကထဲမှာ သူလိုငါလို သာမာန်လူတစ်ယောက်အတိုင်း နေထိုင်နေတယ်...ဒါကြောင့် သူ့ကို ကျင့်ကြံသူတွေ လာနှောက်ယှက်တာကို လက်ခံမှာမဟုတ်ဘူး....ဒါကြောင့် ကျင့်ကြံသူတွေက ဒီနေရာကိုရောက်လာရင် သာမာန်လူတွေနဲ့လိုက်လျောညီထွေဖြစ်နေတဲ့ပုံစံမျိုး ပြုမူရမယ်...စီနီယာက တစ်ချက်ကြည့်ရုံနဲ့ ငါတို့က ကျင့်ကြံသူတွေဆိုတာကို သိနိုင်ပေမယ့် ကျင့်ဝတ်တွေကို ငါတို့က စောင့်ထိန်းရမယ်"
"ဆရာပြောတာက အဓိပ္ပါယ်ရှိတယ်"
လော့လန်ရွှယ်က အလျင်စလို ခေါင်းညိတ်ပြလိုက်၏။ သူမ၏ နှင်းကဲ့သို့ဖြူဆွတ်နေသောဝတ်စုံ ပေကျံသွားမည်ကို ဂရုမစိုက်တော့ဘဲ သိုင်းပညာခန်းမရှေ့ရှိ လှေကားထစ်ပေါ်တွင် ချင်ရှန်းဘိုးဘေးနှင့်အတူ ဆောင့်ကြောင့်ထိုင်လိုက်သည်။
မကြာမီမှာပင် ရီဖုန်းသည် လက်တစ်ဖက်က ဝိုင်ဘူးသီးခြောက်ကိုကိုင်၍ တခြားလက်တစ်ဖက်ဖြင့် တောခွေးကိုဆွဲကာ အေးအေးလူလူလမ်းလျှောက်၍ ပြန်လာသည်။
ထိုမြင်ကွင်းကိုကြည့်ပြီး လော့လန်ရွှယ်၏ခန္ဓာကိုယ်တုန်ရီသွားကာ သူမက တိုးညှင်းသောအသံဖြင့် ပြောဆိုသည်။
"ဆရာသခင်..."
ချင်ရှန်းဂိုဏ်းချုပ်သည် ချက်ချင်းအသိဝင်လာကာ သူ၏အကြည့်က ရီဖုန်းပေါ်သို့ ကျရောက်သွားသည်။
တိကျသေချာစွာပင် ထိုစီနီယာသည် လူငယ်တစ်ယောက်ပင်။
ထို့ထက်ပို၍အရေးကြီးသောအချက်မှာ ချင်ရှန်းဂိုဏ်းချုပ်သည် ရီဖုန်းထံမှနေ၍ ကျင့်ကြံသူတစ်ယောက်၏အရိပ်အယောင်မျိုး စုံစမ်းထောက်လှမ်းမိခြင်းမရှိချေ။
"စွမ်းအင်တစိုးတစိတောင် ယိုစိမ့်ထွက်မနေဘူး....ဒီလိုအောင်မြင်မှုမျိုးက....."
ဟူး.....
ချင်ရှန်းဂိုဏ်းချုပ်က တိတ်တဆိတ် ထိတ်လန့်တုန်လှုပ်သွားသည်။
ရီဖုန်းသည်လည်း ထိုလူနှစ်ယောက်ကို မြင်တွေ့ပေ၏။ သူသည် အဖိုးကြီးကို လုံးလုံးလျားလျား လျစ်လျှူရှုထားကာ သူ၏အကြည့်သည် လော့လန်ရွှယ်ထံသို့ကျရောက်သွားချိန်တွင် သူ၏မျက်နှာအမူအယာ ချက်ချင်းမှုန်တေတေဖြစ်သွားသည်။
ဒီမိန်းမက ဘာလို့ထပ်ရောက်လာတာလဲ....
သူ စကားမပြောရသေးမီမှာပင် လော့လန်ရွှယ်သည် ရှေ့သို့လျှောက်လှမ်းလာကာ သူမ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ အပြစ်မကင်းသောမျက်နှာနှင့် ပြောဆိုသည်။
"စီနီယာ...ကျွန်မက အရင်ကိစ္စနဲ့ပတ်သတ်ပြီးတော့ မှားသွားပါတယ်....ကျေးဇူးပြုပြီးတော့ ကျွန်မကို ခွင့်လွက်ပေးပါ"
ချင်ရှန်းဂိုဏ်းချုပ်က ရှေ့သို့အလျှင်အမြန်လျှောက်လှမ်းလာကာ အပြုံးနှင့်ပြောဆိုလေ၏။
"ဆိုင်ရှင်ကို နှုတ်ဆက်ပါတယ်....ငါ့ရဲ့တူမလေးက မင်းဆီကနေ သိုင်းပညာလမ်းညွှန်စာအုပ်တစ်အုပ်ကို ဝယ်ပြီးတော့ ကျသင့်ငွေကိုအလုံအလောက် မပေးခဲ့ဘူးလို့ ငါ ကြားထားတယ်...ဒါကြောင့် ငါက သူ တောင်းပန်ရအောင် ဒီနေရာဆီခေါ်လာခဲ့တာ...ကျေးဇူးပြုပြီးတော့ ဆိုင်ရှင်က သဘောထားကြီးပေးပါ"
ထိုစကားကိုကြားချိန်တွင် ရီဖုန်းက အဖိုးအိုကို ခြေဆုံးခေါင်းဆုံးကြည့်လိုက်သည်။
အဖိုးအို၏စကားအသွားအလာအရ အကဲဖြတ်ကြည့်ပါက ထိုမိန်းကလေး၏ဦးလေးဖြစ်ပေမည်။ သူ၏ပုံပန်းသွင်ပြင်သည် ထိုမိန်းကလေးလောက်ပင် လွှမ်းမိုးချုပ်ကိုင်နိုင်ခြင်းရှိပုံမရသဖြင့် သူသည် သာမာန်လူတစ်ယောက်သာဖြစ်နိုင်သည်။
ထိုစကားကိုနားထောင်ပြီးနောက် ရီဖုန်းက အနည်းငယ်အံ့အားသင့်သွားသည်။
ဤအမျိုးသမီးကျင့်ကြံသူ၏မိသားစုဝင်သည် အလွန်ယဥ်ကျေးသိမ်မွေ့နေမည်ဟု သူ မျှော်လင့်မထားမိချေ။
သို့ရာတွင် သူတို့သည် တောင်းပန်ရန်လာရောက်ခြင်းဖြစ်သဖြင့် ရီဖုန်းသည် အခက်တွေ့အောင် မလုပ်ဆောင်လိုချေ။ သူက ရယ်မောပြီး ပြောဆိုလိုက်သည်။
"မေ့လိုက်တော့...ဒါက အသေးအမွှားကိစ္စလေးပဲ...ဒါပေမယ့် အဲ့ဒီစာအုပ်က ရွှေပြားဆယ်ပြားတန်တယ်..ဒါကြောင့် မင်းတို့က ငါ့ကို ရွှေပြားကိုးပြားပေးစရာရှိတယ်"
ထိုစကားကိုကြားချိန်တွင် ချင်ရှန်းဂိုဏ်းချုပ် အံ့အားသင့်တုန်လှုပ်သွားသည်။
"စီနီယာက ရွှေပြားကိုးပြား လိုချင်တာလား"
"တခြားဘာရှိလို့လဲ"
ရီဖုန်းက အဖိုးအိုကို ပေစောင်စောင်တစ်ချက်ကြည့်လိုက်သည်။ ရွှေပြားကိုးပြားသည် သူ အမဲသားခေါက်ဆွဲကိုးပွဲဝယ်ရန်အတွက် လုံလောက်သည်။ ထို့ပြင် ယခုလက်ရှိချိန်၌ လူနှစ်ယောက် စားသောက်နေခြင်းဖြစ်ရာ သူ သေချာပေါက် ထိုငွေကိုပြန်ယူရပေမည်။
အတည်ပြုလိုက်သောစကားကိုရရှိပြီးနောက် ချင်ရှန်းဂိုဏ်းချုပ်နှင့် လော့လန်ရွှယ်တို့ အကြည့်ခြင်းဖလှယ်လိုက်ကြ၏။
သူတို့၏မျက်နှာများပေါ်တွင် အလွန်စိတ်လှုပ်ရှားမှုနှင့် ကျေးဇူးတင်မှုများရှိနေသည်။
ကြည့်ရသည်မှာ ဤနက်နဲသိမ်မွေ့သောစီနီယာသည် လော့လန်ရွှယ်ကဲ့သို့ယင်ကောင်ငယ်လေးကို စိတ်အတွင်း၌ တေးမှတ်မထားပုံပင်။
သို့ရာတွင် ဤစီနီယာ၏လောကီလောကအပေါ် နစ်မြောမှုသည် အလွန်သေချာစေ့စပ်သည်။
အကယ်၍ စီနီယာမှသာ အမှန်တကယ်တောင်းဆိုလာပါက သူတို့ဂိုဏ်း၏ရတနာများကို ထုတ်ပေးရုံမှတစ်ပါး တခြားရွေးချယ်စရာမရှိချေ။ သို့ရာတွင် သူသည် ရွှေပြားကိုးပြားကိုသာ တောင်းခံခဲ့သည်။ ဤသည်က သူတို့ကို ထွက်ပေါက်တစ်ခု ပေးနေသကဲ့သို့ပင်။
သို့ရာတွင် ချင်ရှန်းဂိုဏ်းချုပ်က ဤလျှို့ဝှက်ဆန်းကြယ်သောစီနီယာသည် သူတို့ဂိုဏ်း၏ရတနာများကို အထင်ပင်သေးနေမည်ဟု တွေးတောမိသည်။
"ဆိုင်ရှင်...ဘာမှမစိုးရိမ်ပါနဲ့...ငါတို့က ရွှေပြားကိုးပြားကို ချက်ချင်းပေးပါ့မယ်"
ချင်ရှန်းဂိုဏ်းချုပ်က အပြုံးနှင့် ပျာပျာသလဲပြောဆိုသည်။ ထို့နောက် သူက လော့လန်ရွှယ်ကို လက်ဝှေ့ယမ်းပြလိုက်၏။
လော့လန်ရွှယ်၏မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။ သူမက အချိန်တခဏကြာတွေဝေတုံ့ဆိုင်းသွားကာ အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောဆိုသည်။
"ဆရာ...ကျွန်မ....ကျွန်မမှာ ရွှေပြားတစ်ပြားမှပါမလာဘူး"
ချင်ရှန်းဂိုဏ်းချုပ်၏မျက်နှာအမူအယာ မသိမသာတောင့်တင်းသွားကာ သူ၏အိတ်ကပ်အတွင်းသို့ အလျှင်အမြန်လှန်လှောရှာဖွေလိုက်သည်။ အချိန်အတော်ကြာစမ်းတဝါးဝါးရှာဖွေပြီးနောက် သူ သိုင်းပညာသရုပ်ပြ၍ အသက်မွေးဝမ်းကြောင်းခဲ့စဥ်က ကျန်ခဲ့သော ရွှေပြားသုံးပြားထွက်လာသည်။ ဤကိစ္စသည် သူ့အား အချိန်အတော်ကြာသည်အထိ အရှက်ရစေခဲ့သည်။
ရီဖုန်းသာ်လည်း အနည်းငယ်စိတ်ခံစားနေရလေ၏။ ကြည့်ရသည်မှာ ဤလူနှစ်ယောက်သည် ငွေကြေးအဆင်ပြေပုံမရချေ။ ဤမိန်းကလေးသည် ပါရမီအရည်အချင်း ကြီးကြီးမားမားရှိပုံမရပေ။ ထို့ကြောင့် သူမ၏မိသားစုသည် သူမကျင့်ကြံနိုင်ရန်အတွက် ငွေကြေးများအားလုံးကို အသုံးပြုခဲ့ခြင်းဖြစ်ပေမည်။
"တကယ်လို့ မင်းတို့မှာမရှိဘူးဆိုရင်လည်း နောက်တစ်ခေါက်ကျမှပေးတော့"
ရီဖုန်းက သူ၏လက်ကိုဝှေ့ယမ်း၍ ပြောဆိုသည်။
"ဒါကို ဘယ်လိုလုပ်ပြီး လက်ခံနိုင်မှာလဲ"
ချင်ရှန်းဂိုဏ်းချုပ်၏မျက်နှာပေါ်၌ ရှက်ရွံမှုများဖြင့် ပြည့်နှက်နေသည်။ လော့လန်ရွှယ်သည်လည်း စိတ်လှုပ်ရှားစွာဖြင့် မြေပြင်ပေါ်၌ ခြေဆောင့်နင်းနေလေ၏။ ဂုဏ်သတင်းကြီးမားသော ချင်ရှန်းဂိုဏ်းချုပ်နှင့် မိုးထိလုမတတ်မာနကြီးသောတပည့်မတို့ ခြစ်ကုတ်၍ရှာဖွေခဲ့သည့်တိုင် ရွှေပြားကိုးပြားအတွက် လွန်စွာခက်ခဲနေခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် သူတို့သည် သိုလှောင်အိတ်များအတွင်းသို့ ရှာဖွေပြီးနောက် တစ်ချိန်တုန်းက မေ့မေ့လျော့လျော့ထည့်ထားခဲ့မိသော ရွှေပြားတချို့ကို တွေ့ရှိခဲ့သည်။ ထိုအချိန်မှသာ သူတို့သည် ရွှေပြားများကို ရီဖုန်းထံ လက်လွှဲပေးနိုင်လေ၏။
သူ၏လက်အတွင်းသို့ ရောက်ရှိလာသော ရွှေပြားများကိုချိန်ဆကြည့်ပြီးနောက် ထိုလူနှစ်ယောက်အပေါ် ရီဖုန်း၏သဘောထား အကြီးအကျယ်တိုးတက်လာသည်။
သူတို့သည် အလွန်ဆင်းရဲသည်မှာ သိသာထင်ရှားသော်လည်း သူတို့၏လုပ်ရပ်အတွက် မည်သည့်ကုန်ကျစရိတ်မျိုးကိုမဆို နှမြောတွန့်တိုခြင်းမရှိချေ။ သူတို့၏အကျင့်စာရိတ္တသည် မဆိုးလှပေ။
ထို့ကြောင့် လော့လန်ရွှယ်၏ယခင်အပြုအမူများအတွက် ရီဖုန်းသည် ထပ်မံ၍တေးမှတ်မထားတော့ချေ။ သူက ရယ်မောရင်းပြောဆိုသည်။
"ဒီကိစ္စက ပြီးသွားပြီ...အထဲကိုဝင်ပြီးတော့ ခဏလောက်ထိုင်ကြပါလား...ပြီးရင် ငါတို့ ထမင်းအတူစားကြရအောင်"
ဤလူနှစ်ယောက်သည် သူတို့ထံရှိသမျှ ငွေကြေးအားလုံးကို သူ့အားပေးခဲ့သဖြင့် နေ့လည်စာဝယ်စားနိုင်မည်မဟုတ်ဟု ရီဖုန်းကတွေးတောမိသည်။
တစ်ဖက်လူများသည် ရိုးရိုးသားသား လာရောက်တောင်းပန်ခြင်းဖြစ်သဖြင့် သူ လျစ်လျှုရှုမထားနိုင်ချေ။
"အမ်...အားနာစရာကြီး..."
ချင်ရှန်းဂိုဏ်းချုပ် အလွန်အမင်း စိတ်လှုပ်ရှားသွားသည်။ ဤလျှိူ့ဝှက်ဆန်းကြယ်သောစီနီယာသည် သူတို့အား ထမင်းတစ်နပ်ကျွေးရန်ဖိတ်ခေါ်မည်ဟု သူ မျှော်လင့်မထားမိချေ။
"ငါ တောခွေးတစ်ကောင်ဖမ်းလာတယ်...ခဏနေကျရင် ငါတို့ ဒါကို ဝိုင်အရက်နဲ့မြည်းကြရအောင်"
ရီဖုန်းက သာမာန်ကာလျှံကာလေသံဖြင့် ပြောဆိုသည်။
ထိုစကားကိုကြားချိန်တွင် ချင်ရှန်းဂိုဏ်းချုပ်နှင့်လော့လန်ရွှယ်တို့၏ အကြည့်များသည် တောခွေးပေါ်သို့ တပြိုင်နက်တည်း ကျရောက်သွားပေ၏။ အစပထမတွင် သူတို့သည် မည်သည့်အရာကိုမျှ မခံစားရသော်လည်း နောက်အချိန်အခိုက်အတန့်မှာပင် ချင်ရှန်းဂိုဏ်းချုပ်၏ခန္ဓာကိုယ် တုန်ရီသွားသည်။
Chapter 8:ဒီစီနီယာက ကောင်းကင်ဝါးမျိုဝံပုလွေကို တကယ်ကြီး ဝိုင်အရက်နဲ့မြည်းမလို့လား
ချင်ရှန်းဂိုဏ်းချုပ်က လေအေးတစ်ချက် ရှိုက်သွင်းလိုက်သည်။
သူသည် ပါးစပ်အဟောင်းသားဖြစ်နေကာ အလွန်ထိတ်လန့်တုန်လှုပ်နေပြီး စကားမပြောဆိုနိုင်တော့ချေ။
အကယ်၍ တခြားသူများ မသိရှိလျှင်ပင် သူသည် ထိုသားရဲကို ကောင်းစွာသိရှိပေ၏။ ဤသည်က ဒဏ္ဍာရီလာ ကောင်းကင်ဝါးမျိုနတ်ဆိုးဝံပုလွေပင်။
ကောင်းကင်ဝါးမျိုနတ်ဆိုးဝံပုလွေသည် နတ်ဆိုးမျိုးနွယ်များအကြားတွင် အလွန်ကြီးမားသည့် တည်ရှိမှုကြီးပင်။ ထိုဝံပုလွေသည် ကိုယ်တိုင်အစွမ်းထက်ရုံသာမက အထင်ကြီးလေးစားဖွယ်မျိုးနွယ်များအတွင်းတွင်လည်း ပါဝင်သည်။ သာမာန်လူများသည် ထိုမျိုးနွယ်စုကို မည်သည့်နည်းနှင့်မျှ ရန်စစော်ကားခြင်းမပြုဝံ့ချေ။
သို့ရာတွင် ထိုစီနီယာသည် ဝိုင်အရက်နှင့်မြည်းရန်အတွက် ကောင်းကင်ဝါးမြိုဝံပုလွေကို ယူဆောင်လာခဲ့သလော....
'ဒါက အရမ်းရူးသွပ်မိုက်မဲတဲ့ ကိစ္စပဲ'
လော့လန်ရွှယ် ဇဝေဇဝါဖြစ်နေသည်ကို မြင်တွေ့ချိန်တွင် ချင်ရှန်းဂိုဏ်းချုပ်က ရှင်းပြလိုက်၏။ လော့လန်ရွှယ်သည် သူမ၏အနီရောင်နှုတ်ခမ်းကို သူမလက်ဖြင့်ဖုံးအုပ်ကာ ထပ်တူထပ်မျှ ထိတ်လန့်တုန်လှုပ်သွားသည်။
ရီဖုန်းသည် ကောင်းကင်ဝါးမျိုဝံပုလွေကို လုပ်ရိုးလုပ်စဥ်တစ်ခုကဲ့သို့ ဆွဲယူသွားသည်ကိုကြည့်ပြီး သူတို့နှစ်ယောက်သည် အကြည့်ခြင်းဖလှယ်လိုက်ကြကာ သူတို့၏စိတ်များမတည်ငြိမ်တော့ချေ။ ဤကဲ့သို့ စီနီယာမျိုးကသာ ဝိုင်အရက်နှင့်မြည်းရန်အတွက် ကောင်းကင်ဝါးမျိုဝံပုလွေကို ဆွဲယူလာသည်အထိ လုံလုံလောက်လောက် သတ္တိရှိပေမည်။
နောက်ဆုံး၌ သူတို့သည် ရီဖုန်း၏နောက်သို့လိုက်ကာ သိုင်းပညာခန်းမအတွင်းသို့ ဝင်လိုက်ကြ၏။
သူတို့နှစ်ယောက်သည် ခန်းမအတွင်း၌ မည်သည့်အရာများရှိနေပြီး မည်ကဲ့သို့ပုံစံဖြစ်သည်ကို အလွန်သိချင်စိတ်ပြင်းပြနေသည်။
မြင့်မားသောကျောက်တံခါးဘောင်ကို အစိမ်းရောင်ကျောက်ဖြင့် ပြုလုပ်ထားသည်။
တံခါးဝကိုဖြတ်သန်းခြင်းသည် ကမ္ဘာလောကတစ်ခုမှနေ၍ တခြားကမ္ဘာလောကတစ်ခုသို့ ဝင်ရောက်သည့်အလား အလွန်ဝေးသောအကွာအဝေးကို ဖြတ်ကျော်ရသည့်အလားပင်။
သိုင်းပညာခန်းမ၏ဘေးတစ်ဖက်တစ်ချက်တွင် မတူညီသောသိုင်းပညာရပ်များနှင့်လက်နက်များကို ပုံဖော်ရေးဆွဲထားသော ပန်းချီကားတစ်ဆယ့်ရှစ်ချပ်ရှိနေသည်။ ပထမတစ်ချပ်သည် ဓား ဒုတိယတစ်ချပ်သည် လှံ တတိယတစ်ချပ်သည် ဓားမြှောင်....လက်နက်တစ်ဆယ့်ရှစ်မျိုးကို တောက်ပခမ်းနားစွာ ရှုမြင်နိုင်သည်။
အကြည့်တစ်ချက်ဖြင့်ပင်...
ချင်ရှန်းဂိုဏ်းချုပ်နှင့်လော့လန်ရွှယ်တို့သည် သိုင်းပညာရပ်များ၏ကြီးမားကျယ်ပြန့်သောပင်လယ်သမုဒ္ဒရာအတွင်းတွင် နစ်မြုပ်သွားပေ၏။
ဤသည်မှာ ခန်းမကြီးတစ်ခုလုံးသည် ဓားများလှံများ ဥဒဟိုပျံဝဲနေသည့် အကန့်အသတ်မရှိသောစစ်မြေပြင်ကြီးတစ်ခု ဖြစ်လာသကဲ့သို့ပင်။
ထို့ပြင် သိုင်းပညာရှင်တစ်ဆယ့်ရှစ်ယောက်သည် သူတို့၏ပညာရပ်များနှင့်လှုပ်ရှားမှုများကို ယှဥ်ပြိုင်တိုက်ခိုက်နေကြသည်နှင့် တူညီနေသည်။ သူတို့နှစ်ယောက်၏မျက်လုံးအတွင်း၌ ဤလှုပ်ရှားမှုများသည် အရှိန်အဝါကင်းမဲ့ပြီး ဟာကွက်များပြည့်နှက်ကာ ထူးခြားချက်မရှိသော်လည်း သူတို့ ထပ်မံ၍ စူးစမ်းလေ့လာကြည့်ချိန်တွင် လှုပ်ရှားမှုတစ်ခုစီနောက်တွင် ပုန်းကွယ်နေသောအဓိပ္ပါယ်များနှင့် နားလည်ရန်ခက်ခဲသော နက်နဲသိမ်မွေ့မှုများရှိနေသည်။
"မင်းတို့ ဘာတွေငေးနေကြတာလဲ...ဒီနေရာမှာ လာထိုင်ကြလေ"
ရီဖုန်း၏အသံ ထွက်ပေါ်လာသည်။ ချင်ရှန်းဂိုဏ်းချုပ်နှင့်လော့လန်ရွှယ်တို့သည် ရုတ်တရက် လန့်နိုးလာကြပြီး သူတို့၏နဖူးပြင်များပေါ်၌ အေးစက်စက်ချွေးသီးချွေးပေါက်များရှိနေသည်။
သူတို့နှစ်ယောက် အသိပြန်ဝင်လာချိန်တွင် သူတို့၏မျက်နှာများပေါ်၌ ထိတ်လန့်ကြောက်ရွံမှုများဖြင့် ပြည့်နှက်နေသည်။
နံရံပေါ်ရှိ ပန်းချီကားများတွင် အကန့်အသတ်မရှိသော သိုင်းစိတ်ဆန္ဒများနှင့် သူတို့ အပြည့်အဝဖမ်းဆုပ်နိုင်ခြင်းမရှိသော အဓိပ္ပါယ်များပါဝင်သည်။ ဤအရာများသည် မည်သူ့ကိုမဆို ဥာဏ်အလင်းပွင့်စေနိုင်သော်လည်း ကြည့်ရှုသူများထံတွင် ထိုအရာများကိုချေဖျက်နိုင်သည့် အစွမ်းအစမျိုးရှိရန်လိုအပ်သည်။ ထိုသို့မဟုတ်ပါက ထိုအရာများသည် သူတို့၏စွမ်းအားများကို စားသုံးသော နတ်ဆိုးများဖြစ်သွားပေမည်။
အစောပိုင်းက ချင်ရှန်းဂိုဏ်းချုပ်နှင့်လော့လန်ရွှယ်တို့သည် ကျယ်ပြန့်သောပင်လယ်သမုဒ္ဒရာတစ်စင်းအတွင်းသို့ ကျရောက်သွားသော ဖုန်မှုန့်များအလားပင်။ သူတို့သည် ပို၍နက်ရှိုင်းစွာနစ်မြုပ်လေလေ သူတို့အတွက် အန္တရာယ်ပိုများလေလေပင်။
"တကယ့်ကိုပဲ ပန်းချီကားရဲ့တစ်လက်မစီတိုင်းမှာ ကမ္ဘာလောကတွေရှိနေတယ်"
"ဒီလို သာမာန်ညောင်ညပင်ကျင်းမြို့လေးရဲ့ ဆိုင်ငယ်လေးတစ်ခုထဲမှာ ဒီလိုကမ္ဘာလောကတစ်ခုရှိနေမယ်လို့ ဘယ်သူက တွေးထင်မိမှာလဲ"
"စီနီယာက ငါတို့ကို အချိန်မီခေါ်လိုက်တာ ကျေးဇူးတင်ရမယ်...မဟုတ်ရင် ငါတို့က ဒီထဲမှာ နစ်မြောသွားလိမ့်မယ်"
ချင်ရှန်းဘိုးဘေးနှင့်လော့လန်ရွှယ်တို့သည် ရီဖုန်းကို အလွန်ကျေးဇူးတင်စွာ ကြည့်လိုက်ကြ၏။ အကယ်၍ သူသာ အချိန်မီ စကားပြောဆိုခဲ့ခြင်းမရှိပါက အကျိုးဆက်များသည် သူတို့ စိတ်ကူးယဥ်တွေးတောကြည့်ခဲ့ဖူးပင်မရှိသော အရာများဖြစ်ပေမည်။
ထိုအကြောင်းကိုတွေးတောမိချိန်တွင် သူတို့သည် ဤနေရာသို့ ပထမဆုံးပြေးဝင်လာချိန်တွင် ရီဖုန်း ရှိမနေသည့်အတွက် စိတ်သက်သာရာတချို့ ရရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။
ထိုသို့မဟုတ်ပါက...
"ငါ့ရဲ့အညတရနေရာလေးကို ဧည့်သည်တွေလာတာ အရမ်းရှားတယ်...ဒါကြောင့် သင့်တော်တဲ့ခွေးခြေခုံက နည်းနည်းပဲရှိတယ်...ကျေးဇူးပြုပြီးတော့ မင်းတို့ကြိုက်တဲ့နေရာမှာထိုင်ကြပါ"
ရီဖုန်းက အပြုံးနှင့်ပြောဆိုသည်။ သူသည် အနီးရှိခရားအိုးအတွင်းမှ လဖက်ရည်နှစ်ခွက်ကိုငှဲ့ကာ သူတို့ထံ လက်ကမ်းပေးလိုက်၏။
ချင်ရှန်းဂိုဏ်းချုပ်နှင့်လော့လန်ရွှယ်တို့သည် အလျှင်အမြန် မတ်တတ်ထရပ်ကာ ခွက်များကို သူတို့၏လက်နှစ်ဖက်ဖြင့် ယူဆောင်လိုက်ကြပြီး သူတို့၏မျက်နှာများသည် ပျော်ရွှင်မှုကြောင့် လင်းလက်တောက်ပနေသည်။
ရီဖုန်း၏ဖော်ရွေသောအပြုအမူကြောင့် သူတို့နှစ်ယောက်လုံး ပို၍စိတ်သက်သာရာရသွားသည်။ ကြည့်ရသည်မှာ ဤပြိုင်ဘက်ကင်းစီနီယာသည် စိတ်သဘောထားကြီးမားရုံသာမက အလွန်လက်တွေ့ဆန်ပုံရသည်။
"ဆိုင်ရှင်ရဲ့မျိုးရိုးနာမည်က ဘာလဲဆိုတာ ငါ သိခွင့်ရှိမလား"
ချင်ရှန်းဂိုဏ်းချုပ်က မေးမြန်းလိုက်၏။
"ထုံးတမ်းစဥ်လာတွေ လုပ်နေဖို့ မလိုပါဘူး...ငါက ရီဖုန်းပါ"
ရီဖုန်းက ရယ်မောပြီးပြောဆိုကာ သူ၏လက်ကိုဝှေ့ယမ်းပြလေသည်။
"ဆရာရီ...."
ချင်ရှန်းဂိုဏ်းချုပ်က သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ အလျှင်အမြန်ဂါရဝပြုလိုက်သည်။
"ငါက ဆရာတစ်ယောက် မဟုတ်ပါဘူး...အပြင်လောကနဲ့ အဆက်ပြတ်နေတဲ့နေရာမှာ သိုင်းပညာခန်းမလေးတစ်ခုဖွင့်ပြီးတော့ ရုန်းကန်နေရုံသက်သက်ပဲ"
ရီဖုန်းက သူ၏ခေါင်းကိုခါယမ်းပြလေ၏။
"ရိုးရှင်းတဲ့စားစရာ နေစရာလေးထက်ပိုပြီး ငါ ဘာကိုမှ ထပ်ပြီးမတောင်းဆိုဝံ့ဘူး"
"ဆရာရီရဲ့စိတ်နေစိတ်ထားက ငါ့ကို တကယ်ပဲ အရှက်ရစေတယ်"
ချင်းရှန်ဂိုဏ်းချုပ်က သူ၏ခေါင်းကိုခါယမ်းကာ သူ၏မျက်နှာပေါ်၌ ရှက်ရွံမှုအရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။ ရီဖုန်း၏အရည်အချင်းသည် မိုးထိအောင်မြင့်မားနေသော်လည်း သူ့ထံတွင် မောက်မာခြင်း မာနထောင်လွှားခြင်းတို့မရှိဘဲ အဆုံးစွန်ဆုံးအဆင့်ထိစွန့်ပစ်ထားကာ လောကကြီးနှင့်အဆက်ပြတ်နေသောစိတ်ကို ထိန်းသိမ်းထားသည်။
သူသည် သိုင်းဘုရင်နယ်ပယ်သို့ ခြေချနိုင်ခဲ့သည်မှာ မကြာသေးသော်လည်း ချင်ရှန်းဂိုဏ်း၏အရှင်သခင် ဖြစ်ရုံသာမက နန်ရှားနယ်မြေတခွင်လုံးကို အုပ်စိုးသွားနိုင်သကဲ့သို့ သူ့ကိုယ်သူ မြင့်မြင့်မားမား တွေးတောနေမိသည်။
သို့ရာတွင် ရီဖုန်း၏ရှေ့အရောက်တွင် သူ၏နိမ့်ပါးသောစွမ်းရည်သည် မည်သည့်တန်ဖိုးရှိမည်နည်း....
သူတို့၏စိတ်နေစိတ်ထားများသည် တိမ်နှင့်ရွှံကဲ့သို့ ကွဲပြားခြားနားသည်။
ရီဖုန်းက သက်ပြင်းတစ်ချက် ရှိုက်လိုက်၏။ အကယ်၍ သူတို့သည် သူ့ထက်နိမ့်ပါးသူများဖြစ်ပါက သူနှင့်တူညီသော စိတ်နေစိတ်ထားမျိုး ရှိနေပေမည်။
သူ ကူးပြောင်းခဲ့ပြီးနောက် ဤစနစ်နှင့်ပေါင်းစပ်နိုင်ရန်မှာ လွန်စွာခက်ခဲခဲ့သည်။ သူသည် နောက်ဆုံး၌ ကျင့်ကြံခြင်း၏ပျော်ရွှင်မှုကို ကြုံတွေ့ရကာ သူ၏လက်တစ်ဖက်၌ဓားတစ်ဖက်ကို ဆွဲကိုင်ပြီး လေထုအတွင်း၌ပျံသန်းကာ မောက်မာဝံ့ကြွားစွာဖြင့် လွတ်လွတ်လပ်လပ်နေထိုင်နိုင်မည်ဟု သူ တွေးထင်ခဲ့လေ၏။
မည်သို့ပင်ဆိုစေကာမူ သူသည် ဝတ္ထုများအတွင်းရှိ အဓိကဇာတ်ကောင်များနှင့် တူညီသည်မဟုတ်လော...
ဤသည်က ယခုကဲ့သို့ အသုံးမကျသောစနစ်ဖြစ်နေမည်ဟု မည်သူက သိရှိမည်နည်း.....
ပထမနှစ်အနည်းငယ်အတွင်းတွင် ရီဖုန်းသည် စနစ်၌ ယခုထိတိုင်အသက်မဝင်သေးသော တစ်စုံတစ်ခုရှိနေမည်ဟု တွေးထင်ခဲ့မိသည်။ အကယ်၍ သူသည် ဤလက်သီးနှင့်သိုင်းပညာနည်းစနစ်များကို အမြင့်မားဆုံးအဆင့်ထိ လေ့ကျင့်နိုင်ပါက နောက်ထပ်ပညာရပ်နယ်ပယ်တစ်ခု ပွင့်လာနိုင်သည်။ သို့ရာတွင် လက်တွေ့ဖြစ်ရပ်မှန်သည် သူ အတွေးလွန်သွားခဲ့ကြောင်း သူ့ကို ပြောဆိုနေပေ၏။
အကျဥ်းချုပ်ပြောဆိုရလျှင် ဤနှစ်များအတွင်းတွင် သူသည် အရာအားလုံးကို ထွင်းဖောက်၍ တွေ့မြင်ပြီးလေပြီ။
သူ လက်လျှော့လိုက်ခြင်းအပြင် တခြားမည်သည့်ရွေးချယ်စရာ ကျန်ရှိသနည်း...
သူသည် နယ်မြေတစ်ခု၏သေးငယ်သောထောင့်တစ်နေရာတွင် နေနေရုံသာရှိပြီး အဆုံးသတ်၌ သူ ဆုံတွေ့ရမည်မှာ......
"မင်းတို့နှစ်ယောက် ထိုင်ကြအုံး...ငါက တောခွေးကို သွားပြင်ဆင်ချက်ပြုတ်ပြီးတော့ ဝိုင်နဲ့မြည်းကြရအောင်"
ရီဖုန်းက အပြုံးနှင့်ပြောဆိုသည်။ ထိုအဖိုးအိုအပေါ် သူ၏ကဏဦးအမြင်သည် မဆိုးလှချေ။ ထိုအဖိုးအိုသည် ဆင်းရဲသော်လည်း မိတ်ဆွေများ ပို၍ပေါများလာခြင်းသည် လမ်းကြောင်းများပို၍ရှိလာခြင်းဟု ဆိုလိုခြင်းပင်။ နောင်တစ်ချိန်တွင် အဖိုးအိုသည် သူ့အား ပြန်၍ကူညီနိုင်မည် ဟုတ်မဟုတ်ကို မည်သူကသိနိုင်မည်နည်း။
"မလိုဘူး...မလိုတော့ပါဘူး"
ထိုစကားကိုကြားချိန်တွင် ချင်ရှန်းဂိုဏ်းချုပ်က ပျာပျာသလဲ မတ်တတ်ထရပ်လိုက်သည်။
"ဆရာရီ...ကျေးဇူးပြုပြီးတော့ အရမ်းကြီးဧည့်ဝတ်မပြုပါနဲ့...မင်းရဲ့အိမ်မှာ အဆင်သင့်ရှိနေတဲ့ စားစရာတချို့ကို စားရရင်ပဲ ငါတို့ ကျေနပ်နေပါပြီ....ကောင်းကင်ဝါးမျို....တောခွေးထိ မလိုပါဘူး"
"ကောင်းပြီလေ...ဒါဆိုရင်လည်း ငါတို့ ရိုးရှင်းတဲ့တစ်ခုခုကို စားကြတာပေါ့"
ရီဖုန်းက ခေါင်းညိတ်ပြသည်။ ဤအချိန်တွင် နောက်ကျနေပြီဖြစ်သဖြင့် ယခုချိန်မှ တောခွေးကိုပြင်ဆင်ချက်ပြုတ်ပါက ညစာစားချိန်သို့ ရောက်ရှိသွားပေမည်။
"မင်းတို့နှစ်ယောက် အရင်ဆုံး ထိုင်နေကြအုံး...ငါ ဒီခွေးကို တစ်နေရာရာဆီ ပို့လိုက်အုံးမယ်"
ရီဖုန်းက ပြောရင်းဆိုရင်း ခွေးကို အနောက်ဘက်ခြံဝန်းအတွင်းသို့ တရွတ်တိုက်ဆွဲသွားလိုက်သည်။
အနောက်ဘက်ခြံဝန်းသည် ရီဖုန်း ပန်းပဲထုသည့်နေရာပင်။
အတိတ်တွင် သူသည် စနစ်၏ပန်းပဲစွမ်းရည်ကို အဆင့်မြှင့်တင်နိုင်ရန်အတွက် ပြင်းပြင်းထန်ထန် ပန်းပဲထုလုပ်ခဲ့ရသည်။ သူ၏ပန်းပဲစွမ်းရည်သည် နတ်ဘုရားများနှင့်ယှဥ်ပြိုင်နိုင်သောအဆင့်သို့ ရောက်ရှိခဲ့သော်လည်း ထို့နောက်တွင် သူ ပန်းပဲထုသည်မှာ လွန်စွာရှားပါးပေ၏။ ရံဖန်ရံခါ အိမ်နီးချင်းတစ်ယောက် ဝက်သတ်ခြင်း သို့မဟုတ် လယ်လုပ်ခြင်းတို့ပြုလုပ်ရန်အတွက် ဓားများ ပေါက်ပြားများ ထုလုပ်ပေးရန် အကူအညီတောင်းခံမှသာ သူ ငွေတချို့ရရန် ပန်းပဲထုသည်။
ရီဖုန်းသည် သူတို့အား ခွေးသားစားရန် အတင်းမတိုက်တွန်းတော့သည်ကိုကြည့်ပြီး ချင်ရှန်းဂိုဏ်းချုပ်သည် သူ၏နဖူးမှချွေးများကို တိတ်တဆိတ်သုတ်လိုက်သည်။
ကောင်းကင်ဝါးမျိုဝံပုလွေကို စားသောက်ခြင်းသည် ရီဖုန်းအတွက် စိတ်ပိုင်းဆိုင်ရာဝန်ထုပ်ဝန်ပိုးတစ်ခု မဖြစ်နိုင်သော်လည်း သူလိုချင်ရှန်းဂိုဏ်းချုပ်အတွက်မူ မတူညီချေ။ ကောင်းကင်ဝါးမျိုဝံပုလွေမျိုးနွယ်ကို ချင်ရှန်းဂိုဏ်းတစ်ဂိုဏ်းမဆိုထားနှင့် ချင်ရှန်းဂိုဏ်းဆယ်ဂိုဏ်းပေါင်းလျှင်ပင် ရန်စစော်ကားနိုင်မည်မဟုတ်ချေ။
အကယ်၍ သူသာ အမှန်တကယ်စားလိုက်ပါက ကောင်းကင်ဝါးမျိုဝံပုလွေမျိုးနွယ်သည် ရီဖုန်းကို တုံ့ပြန်နိုင်မည်မဟုတ်ဘဲ သူတို့၏ဒေါသများကို သူ၏ချင်ရှန်းဂိုဏ်းအပေါ် ပုံချရန် ဝန်လေးနေမည်မဟုတ်ချေ။
"ဆရာသခင်...ကျွန်တော် လေ့ကျင့်တာပြီးသွားပြီ"
ချင်ရှန်းဂိုဏ်းချုပ်နှင့်လော့လန်ရွှယ်တို့သည် ရီဖုန်းကို စောင့်ဆိုင်းနေစဥ်မှာပင် အသက်ဆယ့်သုံးနှစ် ဆယ့်လေးနှစ်ခန့်ရှိသော ကောင်လေးတစ်ယောက်က ခန်းမနံဘေးမှထွက်လာသည်။
"စီနီယာမှာ တပည့်တစ်ယောက် ရှိနေတာလား"
ထိုစကားကိုကြားချိန်တွင် သူတို့နှစ်ယောက်လုံး ထိတ်လန့်တုန်လှုပ်သွားသည်။
ဤစီနီယာ၏တပည့်သည် အလွန်ထူးခြားသော ပါရမီရှင်တစ်ယောက်ဖြစ်ပေမည်။
သူတို့၏စိတ်အားထက်သန်သောအကြည့်များက ကျုံးချင်ပေါ်သို့ ကျရောက်သွားသည်။
Chapter 9 ဘယ်လောက်တောင် ကြောက်ဖို့ကောင်းတဲ့ မီးဖိုချောင်သုံးဓားလဲ
ချင်ရှန်းဂိုဏ်းချုပ်နှင့်လော့လန်ရွှယ်တို့၏ မျက်လုံးအကြည့်များသည် စူးရှနေကာ ကျုံးချင်ကို ထွင်းဖောက်၍ မြင်ချင်နေသည့်အလားပင်။
ဤအကြည့်ကို အာရုံခံမိချိန်တွင် ကျုံးချင်သည် အနည်းငယ်စိတ်မသက်မသာ ခံစားရသော်လည်း အပြုံးနှင့်ပြောဆိုသည်။
"ဧည့်သည်တွေရောက်နေတာလား...မင်္ဂလာပါ"
"မင်္ဂလာပါ..."
သူတို့နှစ်ယောက်သည် အချိန်တစ်ခုကြာသည်အထိ ကြည့်ခဲ့သည့်တိုင် ကျုံးချင်နှင့်ပတ်သတ်၍ မည်သည့်ထူးခြားချက်မျိုးကိုမျှ မတွေ့မိချေ။ သို့ရာတွင် ဤကောင်လေးသည် စီနီယာ၏ချစ်လှစွာသောတပည့်ဖြစ်နေသဖြင့် သူတို့ ပေါ့ပေါ့တန်တန် မဆက်ဆံဝံ့သော တစ်စုံတစ်ယောက်ပင်။ သူတို့နှစ်ယောက်သည် အလျှင်အမြန်မတ်တတ်ထရပ်၍ သူတို့၏လက်နှစ်ဖက်ကိုပူးဆုပ်ကာ ဂါရဝပြုနှုတ်ဆက်လိုက်ကြသည်။
"ဒါဆိုရင် မင်းတို့နှစ်ယောက် အရင်ထိုင်နေကြအုံး...ကျွန်တော်က ဆရာသခင်ဆီသွားပြီး ကူညီပေးလိုက်အုံးမယ်"
ကျုံးချင်က ခေါင်းညိတ်ပြပြီးနောက် သူ၏ခေါင်းကိုငုံကာ အနောက်ဘက်ခန်းမဆီသို့ လျှောက်လှမ်းသွားလေသည်။
ကျုံးချင် ထွက်ခွာသွားပြီးနောက် ချင်ရှန်းဂိုဏ်းချုပ်နှင့်လော့လန်ရွှယ်တို့က တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြ၏။
"ဆရာသခင်....ဒီကောင်လေးနဲ့ပတ်သတ်ပြီးတော့ တစ်ခုခုကို ဆရာတွေ့လား...ဘာလို့ ကျွန်မ ဘာတစ်ခုမှ မမြင်တာလဲ"
လော့လန့်ရွှယ်က လေသံတိုးတိုးဖြင့် ချင်ရှန်းဂိုဏ်းချုပ်ကို ပြောဆိုသည်။
ချင်ရှန်းဂိုဏ်းချုပ်က မျက်မှောင်ကြုတ်ပြီး သူ၏ခေါင်းကိုခါယမ်းကာ ပြောဆိုလေသည်။
"ငါက အသုံးမကျဘူး ..ဒီကောင်လေးနဲ့ပတ်သတ်ပြီးတော့ ဘာထူးခြားချက်ကိုမှ ငါ ရှာမတွေ့ဘူး...သူ့ဆီမှာ ထူးခြားချက်မျိုးမရှိရုံတင်မကဘူး သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ မရီးဒါန်းတွေ ပိတ်ဆို့နေတာကို ငါမြင်တယ်...ရှင်းရှင်းပြောရရင် သူ့မှာ နည်းနည်းလေးတောင် ပါရမီမရှိဘူး"
"ဒါဆိုရင် ဘာလို့လဲ"
လော့လန်ရွှယ်က ဝေခွဲရခက်စွာဖြင့် မေးမြန်းသည်မှာ "ဘာလို့ စီနီယာက အဲ့ဒီလိုလူမျိုးကို တပည့်အဖြစ်လက်ခံထားတာလဲ"
ရှူး....
ချင်ရှန်းဂိုဏ်းချုပ်က လော့လန်ရွှယ်ကို စူးစိုက်ကြည့်ကာ ပြောဆိုသည်။
"စကားကို မဆင်မခြင်မပြောစမ်းနဲ့"
"ဆရာ ဆုံးမတာမှန်ပါတယ်"
လော့လန်ရွှယ်က သူမ၏ပါးစပ်ကို အလျှင်အမြန်ပိတ်ကာ သူမစကားပြောမှားသွားပြီကိုလည်း သိရှိသွားသဖြင့် သူမ၏ခေါင်းကိုငုံကာ ပြောဆိုလေ၏။
"ကျေးဇူးပြုပြီး ဆရာကပဲ ကျွန်မဝေခွဲရခက်နေတဲ့ကိစ္စကို ရှင်းပြပေးပါ"
"ဘယ်လိုလုပ်ပြီး ငါက မင်း ဝေခွဲရခက်နေတာကို ဖြေရှင်းနိုင်မှာလဲ"
ချင်ရှန်းဂိုဏ်းချုပ်က သူ၏ခေါင်းကိုခါယမ်းကာ ခါးသည်းသောအမူအယာနှင့် ပြောဆိုသည်။
"ဒါပေမယ့် အဲ့ဒီကောင်လေးနဲ့ပတ်သတ်ပြီးတော့ ငါတို့ထွင်းဖောက်မမြင်နိုင်တဲ့ တစ်စုံတစ်ခုရှိနေမယ်လို့ ငါ အတပ်ပြောနိုင်တယ်....ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုစီနီယာမျိုးရဲ့တပည့်တစ်ယောက်က ပါရမီနိမ့်ပါးနေမှာလဲ....ငါတို့ မြင်အောင်မကြည့်နိုင်တာကိုပဲ အပြစ်တင်ရမယ်"
"မင်းတို့နှစ်ယောက်ကို အချိန်အကြာကြီး စောင့်ခိုင်းမိတယ်"
ထိုအချိန်မှာပင် ရီဖုန်းကအပြုံးနှင့်ထွက်လာကာ တောင်းပန်လေသည်။
"မင်းတို့နှစ်ယောက်ကို ခဏလောက်တော့ ထပ်ပြီးထိုင်စောင့်ခိုင်းရမှာကို ငါ အားနာမိတယ်...ငါ မင်းတို့စားဖို့အတွက် အရင်ပြင်ပေးမယ်"
ထိုသို့ပြောဆိုပြီးနောက် ရီဖုန်းသည် သိုင်းပညာခန်းမမှထွက်သွားကာ အနီးရှိဟင်းရွက်ဆိုင်မှ အိမ်ချက်ဟင်းလျာတချို့အတွက် ဝယ်ယူပြီး မီးဖိုချောင်အတွင်းသို့ ဝင်သွားသည်။
"တပည့်...ငါတို့ ဒီနေရာမှာ အေးအေးဆေးဆေးထိုင်နေတာက အဖြေတစ်ခုမဟုတ်ဘူး...ငါတို့က စီနီယာတစ်ယောက်တည်း အလုပ်တွေအားလုံးကို လုပ်ခိုင်းလို့မဖြစ်ဘူး...သွားပြီးကူညီကြစို့"
အချိန်တခဏကြာထိုင်နေပြီးနောက် ချင်ရှန်းဂိုဏ်းချုပ်က မတ်တတ်ထရပ်ကာ ပြောဆိုသည်။
လော့လန်ရွှယ်က ခေါင်းညိတ်ပြကာ ချင်ရှန်းဂိုဏ်းချုပ်၏နောက်သို့လိုက်၍ အတွင်းသို့ဝင်လိုက်သည်။
အရှေ့ခန်းမ၏နောက်တွင် ခြံဝန်းငယ်လေးတစ်ခုရှိကာ ရီဖုန်းစိုက်ပျိုးထားသော သစ်ပင်ပန်းမန်များနှင့် ပြည့်နှက်နေသည်။ သစ်ပင်ပန်းမန်များအပြင် ထိုနေရာတွင် လေ့ကျင့်ရေးလုပ်သော သစ်သားတိုင်တချို့ကိုလည်း စိုက်ထူထားသည်။
ငှက်ကလေးများ၏တကျီကျီတကျာကျာ အော်မြည်သံများ ပန်းရနံ့များဖြင့် သာယာသောရှုမျှော်ခင်းတစ်ခုပင်။
"စိတ်အေးချမ်းလိုက်တာ...."
ခြံဝန်းအတွင်း၌ မတ်တတ်ရပ်နေရင်း ချင်ရှန်းဂိုဏ်းချုပ်က စိတ်ခံစားချက်အပြည့်နှင့် ပြောဆိုသည်မှာ"တပည့်...ငါတို့ချင်ရှန်းဂိုဏ်းရဲ့အနောက်ဘက်တောင်မှာ အင်မော်တယ်မြူခိုးတွေ လွှမ်းခြုံထားပုံရပြီးတော့ မြင့်မြတ်တဲ့နေရာတစ်ခုနဲ့တူတယ်...ဒါပေမယ့် စီနီယာရဲ့နေရာနဲ့ယှဥ်ရင် အနှစ်သာရကင်းမဲ့နေသလိုမျိုး ငါ ခံစားရတယ်"
စိတ်ခံစားချက်အတိုင်း အချိန်တခဏကြာခံစားပြီးနောက် သူတို့နှစ်ယောက်သည် မီးဖိုချောင်ထံသို့ လျှောက်လှမ်းလိုက်၏။
မီးဖိုချောင်သည် ကြီးခြင်းလည်းမရှိ သေးငယ်ခြင်းလည်းမရှိသော်လည်း အလွန်သန့်ရှင်းသည်။ အတွင်းသို့ဝင်ပြီးနောက် ရီဖုန်းသည် ခွေးခြေခုံငယ်တစ်ခုပေါ်၌ထိုင်ကာ အစိမ်းရောင်ပဲတောင့်ရှည်များကို အခွံခွာနေသည်အား သူတို့နှစ်ယောက် တွေ့မြင်မိသည်။
"တပည့်..ငါတို့က စီနီယာရဲ့စိတ်နေစိတ်ထားကိုသင်ယူဖို့လိုအပ်တယ်"
ချင်ရှန်းဂိုဏ်းချုပ်က စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုသည်မှာ"စီနီယာရဲ့အပြုအမူအရကြည့်ရင် အရာရာတိုင်းကို သူ့ရဲ့လက်နဲ့ သူကိုယ်တိုင်လုပ်ပုံရတယ်...တကယ်လို့ ငါတို့ရဲ့စိတ်တွေကို တည်ငြိမ်အောင်ထိန်းသိမ်းပြီးတော့ ဒီအရာတွေကနေ ဆယ်ပုံတစ်ပုံ ဒါမှမဟုတ် ဆယ်ပုံနှစ်ပုံလောက်ကို သင်ယူနိုင်မယ်ဆိုရင် ငါတို့ရဲ့ကျင့်ကြံမှုမှာ တစ်ဆို့မှုတွေ အများကြီးလျော့နည်းသွားလိမ့်မယ်"
လော့လန်ရွှယ်သည် ခေါင်းညိတ်ပြကာ သူမဆရာ၏စကားလုံးများအတွင်းမှ အဓိပ္ပါယ်ကိုတွေးတောရင်း သူ၏ခေါင်းကိုငုံ၍ပဲတောင့်ရှည်များကို အခွံခွာနေသော ရီဖုန်းကိုကြည့်လိုက်သည်။ ကြည့်ရသည်မှာ ဤအချိန်အခိုက်အတန့်တွင် သူမသည် တစ်စုံတစ်ခုကို လေ့လာဆင်ခြင်နိုင်ပုံရကာ သူမ၏စိတ်အခြေအနေ အနည်းငယ်တိုးတက်လာသကဲ့သို့ပင်။
"ဆရာရီ...ကျေးဇူးပြုပြီးတော့ ငါတို့ မင်းကိုကူညီပေးပါရစေ"
ချင်ရှန်းဂိုဏ်းချုပ်က အပြုံးနှင့်ပြောဆိုသည်။
"ဘယ်လိုလုပ်ပြီးတော့ မင်းတို့ကို ငါက လုပ်ခိုင်းနိုင်မှာလဲ"
ရီဖုန်းကလည်း အပြုံးနှင့် ပြောဆိုလေ၏။
"အားနာနေစရာ မလိုပါဘူး"
ချင်ရှန်းဂိုဏ်းချုပ်က လော့လန်ရွှယ်ကို အလျှင်အမြန် လက်ဝှေ့ယမ်းပြလိုက်သည်။
ထိုအခြင်းအရာကိုမြင်တွေ့ချိန်တွင် လော့လန်ရွှယ်သည် မီးဖိုအတွင်းရှိ ငရုတ်သီးတောင့်များကို အလျင်စလိုကောက်ယူကာ ရေဖြင့်ဆေးကြောလေသည်။
လော့လန်ရွှယ် အလုပ်ရှုပ်နေသည်ကိုမြင်ချိန်တွင် ချင်ရှန်းဂိုဏ်းချုပ်က သူ၏ဝတ်စုံကို သူ့လက်ဖြင့် တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်၏။ သူ မည်သည့်အရာကို ပြုလုပ်သင့်သနည်း။ ဂုဏ်အဆင့်အတန်းမြင့်မားသော ချင်ရှန်းဂိုဏ်းချုပ်သည် ယခင်က မီးဖိုချောင်အလုပ်များကို တစ်ကြိမ်တစ်ခါမျှ မလုပ်ကိုင်ဘူးချေ။ သို့ရာတွင် သူ ဤနေရာ၌ မျက်လုံးကလယ်ကလယ်ဖြင့် မတ်တတ်ရပ်နေပါက လွန်စွာရှက်ရွံဖွယ်ကောင်းပေမည်။ အချိန်အတော်ကြာ စဥ်းစားတွေးတောပြီးချိန်တွင် နောက်ဆုံး၌ သူလုပ်စရာ တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိသွားပြီးပြောဆိုသည်။
"စီနီယာ...ငါ ဟင်းရွက်တွေကိုကူပြီးဖြတ်ပေးမယ်"
"ဒါဆိုရင်လည်း ကောင်းပြီလေ"
ရီဖုန်းသည် အစကတည်းက အလုပ်လုပ်ကိုင်ရာတွင် ခွဲခြားကန့်သတ်မှုရှိသူမျိုးမဟုတ်ချေ။ ဆန့်ကျင့်ဘက်အနေဖြင့် သူသည် အလုပ်အတူတူလုပ်ဆောင်ရသောခံစားချက်မျိုးကို နှစ်သက်သူဖြစ်သဖြင့် သူက ရယ်မောပြီးပြောဆိုသည်။
"မီးဖိုချောင်သုံးဓားက ဗီရိုနားမှာရှိတယ်...ဒါဆိုရင်လည်း ငါ မင်းကို အခက်တွေ့စေမိပြီ"
"ကောင်းပြီလေ"
ချင်ရှန်းဂိုဏ်းချုပ်သည် ပြုံးရွှင်သောအမူအယာဖြင့် ဗီရိုထံသို့လျှောက်လှမ်းသွားကာ မီးဖိုချောင်သုံးဓားကို ရှာဖွေလိုက်၏။
ရုတ်တရက် သူ၏ခန္ဓာကိုယ် တောင့်တင်းသွားသည်။
ဟူး...
ဤအချိန်အခိုက်အတန့်တွင် နေရာတွင်မတ်တတ်ရပ်နေသော ချင်ရှန်းဂိုဏ်းချုပ်၏ခန္ဓာကိုယ်တုန်ရီသွားကာ သူ၏သွားများကြားမှတဆင့် လေအေးများကို စုပ်ယူလိုက်မိသည်။
ထို့နောက် သူ၏မျက်လုံးအကြည့်သည် ဗီရိုတွင်ချိတ်ဆွဲထားသော မီးဖိုချောင်သုံးဓားထံသို့ အခိုင်အမာကျရောက်သွားသည်။
ထိုမီးဖိုချောင်သုံးဓားကို ကြည့်ရသည်မှာ သာမာန်ဆန်သော်လည်း တစ်စုံတစ်ယောက်မှ အနီးကပ်ကြည့်ရှုပါက ထိုအရာပေါ်တွင် အလင်းတန်းတစ်တန်း ဖြတ်သန်းစီးဆင်းနေသည်ကို တွေ့ရှိနိုင်သည်။ အကယ်၍ တစ်စုံတစ်ယောက်သည် ထိုအရာကို အချိန်ကြာကြာစိုက်ကြည့်ပါက သူ၏အာရုံများပင် ပျောက်ကွယ်သွားနိုင်ပေ၏။
ထို့ထက်ပို၍ တုန်လှုပ်ချောက်ချားဖွယ်အကောင်းဆုံးအချက်မှာ ထိုအလင်းတန်းတွင် မိုးကောင်းကင်တာအို၏စွမ်းအားအမျှင်တန်း ပါဝင်နေခြင်းပင်။ ယခင်ကဆိုလျှင် သူ ထိုအရာကို စုံစမ်းထောက်လှမ်းနိုင်မည်မဟုတ်ချေ။ သို့ရာတွင် သူသည် သိုင်းဘုရင်နယ်ပယ်သို့ တက်လှမ်းပြီးနောက် ထိုစွမ်းအား၏တစွန်းတစကို ဖမ်းဆုပ်နိုင်သော အရည်အချင်းမျိုးရှိလာသည်။
မိုးကောင်းကင်တာအို၏စွမ်းအား ပါဝင်နေသော တစ်စုံတစ်ခုတွင် မည်သည့်အဆင့်အရည်အသွေးမျိုးရှိနေသနည်း...
သူတော်စင်အဆင့် ဖြစ်သလော....
ထိုသို့မဟုတ်ပါက ဒဏ္ဍာရီလာ ဧကရာဇ်အဆင့် လက်နက်တစ်ခုဖြစ်သလော....
ချင်ရှန်းဂိုဏ်းချုပ်သည် ဆက်လက်၍ပင် မတွေးတောဝံ့တော့ဘဲ သူ ရူးသွပ်သွားသည့်အလား ခံစားလိုက်ရသည်။
သူ အံ့အားသင့်ဆုံးအချက်မှာ ဤကဲ့သို့အရည်အသွေးမျိုးရှိသော ပစ္စည်းတစ်ခုသည် ရီဖုန်း၏မီးဖိုချောင်၌ သာမာန်မီးဖိုချောင်သုံးဓားတစ်လက် ဖြစ်နေခြင်းပင်။
"ဟုတ်တယ်...မင်းရှေ့က ဓားပဲ...ကျေးဇူးတင်ပါတယ်"
တွေဝေမိန်းမောနေသော ချင်ရှန်းဂိုဏ်းချုပ်ကိုကြည့်ပြီး ရီဖုန်းက ထိုအဖိုးအိုသည် ဤဓားကိုသုံးမည်အား မသိခြင်းကြောင့်ဖြစ်မည်ဟုတွေးကာ သတိပေးလိုက်၏။
"အမ်...ကောင်းပြီလေ"
ချင်ရှန်းဂိုဏ်းချုပ်သည် ကြက်အစာကောက်သည့်အလား ခေါင်းတဆတ်ဆတ်ညိတ်ပြကာ သူ၏တုန်ရီနေသောလက်ကိုဆန့်တန်း၍ နောက်ဆုံး၌ မီးဖိုချောင်သုံးဓားကို ဆုပ်ကိုင်လိုက်သည်။
ထိုဓားကိုကြည့်ရသည်မှာ သာမာန်ဆန်သော်လည်း သူ၏လက်အတွင်း၌ ပေါင်တစ်ထောင်ကျော်လေးလံသကဲ့သို့ ခံစားမိသည်။
သူ ဤမီးဖိုချောင်သုံးဓားကို ကိုင်ဆောင်ထားချိန်တွင် သူသည် သိုင်းဘုရင်နယ်ပယ်သို့ ဝင်ရောက်ခဲ့သည်မှာ မကြာသေးသော်လည်း သိုင်းဧကရာဇ်နယ်ပယ်သို့ ခြေလှမ်းတစ်ဝက်ချထားသော တစ်စုံတစ်ယောက်ကိုပင် ယှဥ်ပြိုင်တိုက်ခိုက်နိုင်မည်ဟု ခံစားမိလေ၏။
Chapter 10 စီနီယာအတွက် ဒီမီးဖိုချောင်သုံးဓားကတောင် အသုံးမဝင်တော့ဘူးလား
ရီဖုန်း ဆေးကြောပြီးအခွံခွာထားသော ပဲတောင့်ရှည်များကိုကောက်ယူ၍ ချင်ရှန်းဂိုဏ်းချုပ်သည် တုန်ရီနေသောလက်များဖြင့် ထိုအရာများကိုလှီးဖြတ်ရန် ပြင်ဆင်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ဤသည်က သူ ထိုအဆင့်ပစ္စည်းတစ်ခုနှင့် ပထမဆုံးအကြိမ်ထိတွေ့ခြင်းပင်။ ထို့ကြောင့် သူ အလွန်စိတ်လှုပ်ရှားနေသဖြင့် အမွှေးတိုင်တစ်ဝက်စာလောင်ကျွမ်းပြီးချိန်ခန့်ကြာသည့်တိုင် သူသည် ပဲ့တောင်ရှည်များကို လှီးဖြတ်နိုင်ခြင်းမရှိချေ။
"ဒီမီးဖိုချောင်သုံးဓားကို ထပ်ပြီးသုံးဖို့ မလွယ်တော့ဘူး...ကြည့်ရတာတော့ ဒီဓားကိုလဲဖို့ အချိန်ကျနေပြီ"
ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် ရီဖုန်းက တောင်းပန်စကားပြောဆိုသည်။ သူ တွေးတောနေသည်မှာ ဤမီးဖိုချောင်သုံးဓားသည် သူ ပန်းပဲစတင်ထုစဥ်က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထိုဓားသည် ထက်ရှသော်လည်း ကိုင်တွယ်ရန်မလွယ်ကူဟု သူ ခံစားမိသည်။
ထိုစကားကိုကြားချိန်တွင် ချင်ရှန်းဂိုဏ်းချုပ်၏ခန္ဓာကိုယ် တုန်ရီသွားသည်။
ဤစီနီယာသည် သူ မျှော်လင့်ထားသကဲ့သို့ပင် ဟင်းရွက်များကိုလှီးရန်အတွက် အသုံးပြုသော ဓား၏သတ်မှတ်ချက်စံနှုန်းပင်လျှင် လွန်စွာမြင့်မားပေ၏။
'အသုံးပြုရန်မလွယ်ကူ'ဟု သူ ပြောဆိုသော မီးဖိုချောင်သုံးဓားသည် ချင်ရှန်းဂိုဏ်းချုပ် အသည်းအသန်လိုချင်နေလျှင်ပင် ရရှိနိုင်သော တစ်စုံတစ်ခုမဟုတ်ချေ။ စီနီယာ၏မျက်လုံးအတွင်းတွင်မူ ထိုဓားသည် ဟင်းသီးဟင်းရွက်များလှီးရန်အတွက်ပင် လုံလုံလောက်လောက် မကောင်းတော့ပေ။
"စီနီယာက အရမ်းနှိမ့်ချလွန်းနေပြီ...ငါက ဘယ်လိုလုပ်ပြီးတော့ ဒီဓားကို လွယ်လွယ်အသုံးပြုနိုင်မှာလဲ"
ချင်ရှန်းဂိုဏ်းချုပ်က ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းတစ်ချက်ရှိုက်ကာ "တကယ်လို့ ငါ့မှာသာ ဒီလိုမျိုးဓားတစ်လက်ရှိရင်..."
ထိုစကားကိုကြားချိန်တွင် ရီဖုန်းက သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
ကြည့်ရသည်မှာ ဤအဖိုးအို၏မိသားစုသည် အလွန်ဆင်းရဲသဖြင့် အိမ်တွင် သင့်လျော်သောမီးဖိုချောင်သုံးဓားတစ်လက်ပင် ရှိပုံမရချေ။
အချက်အပြုတ်စွမ်းရည် အလွန်ကျွမ်းကျင်မှုမရှိသော်လည်း ရီဖုန်း၏လက်ရာအနေဖြင့် ဟင်းပွဲသုံးပွဲနှင့်စွပ်ပြုတ်တစ်ပွဲတို့ ချက်ပြုတ်ပြီးစီးသွားကာ သူက စားပွဲပေါ်သို့တင်လိုက်၏။
သူတို့၏ပါးစပ်အတွင်းသို့ တစ်လုတ်ဝင်သွားသည်နှင့် ချင်ရှန်းဂိုဏ်းချုပ်နှင့်လော့လန်ရွှယ်တို့၏မျက်လုံးများ တောက်ပသွားသည်။
သူတို့နှစ်ယောက်၏ ဘဝသက်တမ်းတလျှောက်တွင် ဤကဲ့သို့အရသာရှိသည့်ဟင်းလျာများကို တစ်ကြိမ်တစ်ခါမျှ မစားဖူးဟု သူတို့ ကျိန်ပြောဝံ့သည်။
ရီဖုန်းသည် လူပျင်းတစ်ယောက်ဖြစ်သော်လည်း ကူရာကယ်ရာမဲ့နေခဲ့လေ၏။ ဤကမ္ဘာလောကအတွင်းရှိ အစားအသောက်များ၏အရသာသည် အမှန်တကယ်ကို မကောင်းလှချေ။ သူ မကြာခဏ စားသောက်သော လမ်းတစ်ဖက်ရှိအမဲသားခေါက်ဆွဲမှလွဲ၍ ရီဖုန်းသည် သူ၏အစားအသောက်များကို သူကိုယ်တိုင်သာ တိုးတက်အောင် ပြုလုပ်ခဲ့ရသည်။
အမှန်အားဖြင့် လမ်းတစ်ဖက်ရှိဆိုင်မှ အမဲသားခေါက်ဆွဲပင်လျှင် ရီဖုန်းသည် ပိုင်ရှင်အား တစ်ခုနှစ်ခု သင်ကြားပေးထားခြင်းဖြစ်သည်။
ရီဖုန်းနှင့်တခြားလူများသည် သူတို့၏အစာအိမ်ပြည့်တင်းသည်အထိ စားသောက်နေကြချိန်တွင်....
အနောက်ဘက်ခန်းမအတွင်း၌...
ရီဖုန်း၏ကန်ချက်ကြောင့် သတိလစ်မေ့မျောသွားသော တောခွေးသည် တဖြည်းဖြည်း သတိပြန်ရလာလေ၏။
"အူး....နာလိုက်တာ"
"သောက်ချေးသေမျိုး...ငါ ပြန်ကောင်းလာတဲ့အချိန်ထိ မင်း စောင့်နေစမ်း...ငါ မင်းကို အလွတ်မပေးဘူး"
ခွေးသည် ရီဖုန်းကို အလွန်မုန်းတီးနေသဖြင့် အတွင်းကျိတ်၍ မာန်ဖီလိုက်သည်။ သူသည် ကောင်းကင်ဝါးမျိုဝံပုလွေမျိုးနွယ်ဝင် ဖြစ်ရုံသာမက ကောင်းကင်ဝါးမျိုနတ်ဆိုးဧကရာဇ်၏သားလည်းဖြစ်သည်။ သို့ရာတွင် သူသည် သေမျိုးတစ်ယောက်ကို ရှုံးနိမ့်ခဲ့ရသည်။ ဤသည်မှာ သူ့အတွက် အစွမ်းကုန်အရှက်ရစေသောကိစ္စပင်။
မုန်းလိုက်တာ...အရမ်း မုန်းဖို့ကောင်းတာပဲ...
"တကယ်လို့ ငါ အောင်းချင် မျိုးနွယ်ထဲကနေထွက်ပြေးလာတုန်းက ယုတ်မာတဲ့ကောင်တွေကြောင့် အပြင်းအထန်ဒဏ်ရာရပြီးတော့ ငါ့ရဲ့ခွန်အား ဆယ်ပုံတစ်ပုံပဲကျန်တော့တာကြောင့်သာမဟုတ်ရင်...ဒီလိုကိစ္စတွေ ဘယ်လိုလုပ်ပြီး ဖြစ်လာနိုင်မှာလဲ"
"ငါ မင်းကို ထပ်လာရှာတဲ့အချိန်ထိ မင်း စောင့်နေစမ်း...ငါ မင်းကို ရှစ်စိတ်လောက် ဆုတ်ဖြဲပစ်မယ်"
အောင်းချင်က မာန်ဖီလိုက်ကာ နောက်ဆုံး၌ သူ၏မျက်ခွံများ ပွင့်လာသည်။
ဝှစ်...ဝှစ်...ဝှစ်...
ရုတ်ချည်းဆိုသလိုပင် တောက်ပသောအလင်းတန်းအမြောက်အများ သူ့ထံတိုးဝင်လာသည်။ အလင်းရောင်များ စူးရှစွာတောက်ပနေသဖြင့် သူ၏မျက်လုံးကိုပင် မဖွင့်နိုင်ချေ။ ဤသည်က သူ ဓားပင်လယ်ကြီး၏အလယ်သို့ ရောက်ရှိသွားသကဲ့သို့ပင်။
သူ၏မျက်လုံးကို အတင်းအကြပ်အားယူ၍ ဖွင့်ကြည့်လိုက်ချိန်တွင် သူ၏နံဘေးပတ်ဝန်းတွင် လက်နက်အမြောက်အများရှိနေသည်ကို မြင်တွေ့မိလေ၏။
"ဒီလက်နက်တွေက...."
အောင်းချင်သည် ထိတ်လန့်တုန်လှုပ်သွားကာ သူ၏ငေါထွက်နေသောပါးစပ် ကျယ်လောင်စွာပွင့်ဟသွားသည်။ ဤနေရာရှိလက်နက်များသည် အနိမ့်ဆုံးအနေဖြင့် စိတ်ဝိညာဥ်အဆင့်၌ရှိနေသည်။
သူ ကောင်းကင်ဘုံသို့ ရောက်ရှိနေသလော...
အောင်းချင်သည် သူ့ကိုယ်သူ သံသယဝင်စပြုလာသည်။
ကောင်းကင်ဝါးမျိုနတ်ဆိုးဧကရာဇ်၏သားဖြစ်သည့်တိုင် သူသည် ဤမျှထိများပြားသော စိတ်ဝိညာဥ်အဆင့်နှင့် ထိုထက်ပို၍အဆင့်မြင့်သောလက်နက်များကို မမြင်တွေ့ဖူးချေ။
အရမ်းများတာပဲ...
သူ မဆိုထားနှင့် သူ၏နောက်ရှိမွန်းစတားအိုကြီးပင် ဤမျှများပြားသောမှော်လက်နက်များကို တစ်ကြိမ်တစ်ခါမျှ မြင်တွေ့ဖူးမည်မဟုတ်ချေ။
ထိုထက်ပို၍ ထူးထူးခြားခြား မယုံကြည်နိုင်ဖွယ်အချက်မှာ ထိုလက်နက်များသည် ဤနေရာတွင် အမှိုက်သရိုက်များကဲ့သို့ ပြန့်ကြဲနေခြင်းပင်။ ဤမျှထိ အလွန်အကျွံချမ်းသာကြွယ်ဝသူမှာ မည်သူဖြစ်သနည်း...
"မဟုတ်ဘူး...ဒါက မဟုတ်သေးဘူး"
အောင်းချင်သည် တခြားတစ်ခုကို သတိပြုမိသွားပုံရသည်။ မြေပြင်ပေါ်၌ ပြန့်ကျဲနေသော လက်နက်များသည် အမှန်တကယ်ကို ချွတ်ယွင်းနေသောထုတ်ကုန်များဖြစ်သည်။
အို...ဘုရားရေ...
အောင်းချင်သည် ပို၍ပင်ထိတ်လန့်တုန်လှုပ်သွားကာ အချိန်အတော်ကြာသည်အထိ စိတ်တည်ငြိမ်ခြင်းမရှိတော့ချေ။
ချွတ်ယွင်းနေသောထုတ်ကုန်များပင်လျှင် စိတ်ဝိညာဥ်အဆင့်သို့ ရောက်ရှိနေလေပြီ။ ထိုသို့ဆိုပါက ပြီးပြည့်စုံသောလက်နက်များသည် မည်သည့်အဆင့်သို့ ရောက်ရှိနေသနည်း။
တစ်ခုသိထားရမည်မှာ အချောထည်ပစ္စည်းများကို စိတ်ဝိညာဥ်အဆင့်သို့ရောက်အောင် ထုလုပ်နိုင်သော ပန်းပဲဆရာတစ်ယောက်နှင့် ချို့ယွင်းချက်ရှိသောပစ္စည်းများကို စိတ်ဝိညာဥ်အဆင့်သို့ရောက်အောင် ထုလုပ်နိုင်သူသည် အဆင့်လွန်စွာကွာခြားပေ၏။ ဒုတိယပန်းပဲဆရာသည် မည်ကဲ့သို့မွန်းစတားမျိုးဖြစ်သည်ကို မိုးကောင်းကင်ကသာ သိရှိပေမည်။
ရိုးရှင်းစွာပြောရပါက အလွန်တုန်လှုပ်ချောက်ချားဖွယ်ရာပင်။
"ဒါက ဘယ်သူဖြစ်နိုင်လဲ"
"ဒီနေရာက ဘယ်လိုနေရာမျိုးလဲ"
သူ၏စွမ်းအားအနည်းငယ် ပြန်လည်ရရှိလာသည်ကို အခွင့်ကောင်းယူ၍ အောင်းချင်သည် ရုန်းကန်၍မတ်တတ်ထရပ်ကာ စူးစမ်းလေ့လာရန်အတွက် ပြင်ပသို့ဂရုတစိုက်ထွက်လိုက်သည်။
သို့ရာတွင် သူသည် အရှေ့ခန်းမအတွင်းသို့ မတော်တဆ ခြေချမိလေ၏။
အရှေ့ခန်းမအတွင်းသို့ သူ ဝင်ရောက်မိသည်နှင့် မိုးကောင်းကင်ယံကြီးချာချာလည်သွားကာ ပြင်းထန်သောဖိအားအရှိန်အဝါတစ်ရပ်က သူ့ထံဆင်းသက်လာသကဲ့သို့ သူ ခံစားမိသည်။ ထို့နောက် နံရံနှစ်ဘက်လုံးပေါ်ရှိ ပန်းချီကားများ လင်းလက်တောက်ပလာပြီး လက်နက်တစ်ဆယ့်ရှစ်ခု၏ပုံရိပ်များက အသက်ဝင်လာသည့်အလား သူ့ထံသို့ တိုးဝင်လာသည်။
အူဝူး....
အောင်းချင်သည် နာကျင်စွာအူလိုက်ကာ သူ၏ခြေထောက်များ ပျော့ခွေသွားပေ၏။ တခြားမည်သည့်အရာကိုမျှ မစဥ်းစားတော့ဘဲ သူသည် နောက်သို့ချာခနဲလှည့်ကာ ထွက်ပြေးခဲ့တော့သည်။
ဤခန်းမအတွင်းတွင် မည်သည့်တုန်လှုပ်ချောက်ချားဖွယ်ကောင်းသောအရာကြီး ပုန်းအောင်းနေသနည်း.....
အစောပိုင်းက သူ ဆီးများထွက်ကျလုနီးပါး ထိတ်လန့်ကြောက်ရွံခဲ့ရသည်။ ဤသည်က မည်ကဲ့သို့နေရာမျိုး ဖြစ်သနည်း....
သူသည် သွေးရူးသွေးတန်းဖြင့် တခြားဦးတည်ဘက်တစ်ခုသို့ပြေးကာ အတွင်းသို့ ဂရုတစိုက်ခြေချလိုက်၏။
ဟူး....
သူသည် စိတ်သက်သာရာရသွားကာ သက်ပြင်းရှိုက်လိုက်သည်။ ကံကောင်းထောက်မစွာဖြင့် ဤနေရာတွင် မည်သည့်တုန်လှုပ်ချောက်ချားဖွယ်ကောင်းသောအရာမျှ ရှိမနေချေ။
သို့ရာတွင် ဤနေရာ၌ လူသားများရှိနေသည်။
ထို့ပြင် ထိုသေမျိုးသည်လည်း ဤနေရာတွင် ရှိနေလေ၏။
အောင်းချင်၏မျက်လုံးအတွင်း၌ မုန်းတီးမှုများဖြင့် ချက်ချင်းပြည့်နှက်သွားသည်။ သူသည် အောက်သို့ဝပ်ကာ ထိုမုန်းစရာကောင်းသောသေမျိုးကို ဆုတ်ဖြဲရန်အတွက် ခုန်အုပ်ရန်ဟန်ပြင်လိုက်သည်။
မဟုတ်သေးဘူး....ခဏနေဦး....
အရေးကြီးအချိန်အခိုက်အတန့်တွင် အောင်းချင်က ရပ်တန့်လိုက်၏။ ထိုသေမျိုးနှင့်အတူ စားသောက်နေသည်မှာ.....