← Chapters

အခန်း (၁၁-၁၅)

Vol. 1 Ch. 11-15

အခန်း (၁၁-၁၅)

Vol. 1 Ch. 11-15

Chapter 11 အရှုံးသမားတစ်ယောက်အဖြစ် အယောင်ဆောင်ခြင်း

"ဆရာရီ...မင်းရဲ့ဟင်းလျာတွေက အရမ်းအရသာရှိတယ်"

ချင်ရှန်းဘိုးဘေးက ပြောဆိုကာ သူ၏အသားအရေ နီမြန်းနေပေ၏။ သူသည် ရီဖုန်းကဲ့သို့စီနီယာတစ်ယောက်နှင့် အတူချက်ပြုတ်ခဲ့ရရုံသာမက စားပွဲ၌အတူတူနိုင်ကာ ရီဖုန်းချက်ပြုတ်ထားသော ဟင်းလျာများကို စားသောက်ရမည်ဟု သူ မျှော်လင့်မထားမိချေ။

ဤအချိန်အခိုက်အတန့်တွင် သူ ပြောမပြတက်အောင်ပင် အလွန်အမင်း စိတ်ကျေနပ်နေသည်။

ဤအဆင့်ရှိသော စီနီယာတစ်ယောက်နှင့် သူ ရင်းနှီးစွာ ပြောဆိုဆက်ဆံနိုင်ခဲ့သည်။ အကယ်၍ ဤအကြောင်းအရာကို ထုတ်ဖော်ပြောဆိုရပါက သူ၏သားသမီးမြေးမြစ်များကို ဘဝတသက်စာလုံး ဂုဏ်ယူဝံ့ကြားစွာဖြင့်ကြွားဝါရန် လုံလောက်ပေမည်။

"ငါ မင်းနဲ့ တစ်ခွက်လောက် အတူသောက်ပါရစေ"

ချင်ရှန်းဂိုဏ်းချုပ်သည် မတ်တတ်ထရပ်ကာ ရီဖုန်းအတွက် ရိုသေလေးစားစွာဖြင့် ဝိုင်အရက်ငှဲ့ပေးပြီးနောက် သူက ဦးဆောင်၍ တစ်ကျိုက်တည်းမော့ချလိုက်၏။

"စီနီယာ...အရင်ကိစ္စက ရွှယ်အာရဲ့အပြစ်ပါ...စီနီယာရဲ့သဘောထားကြီးမှုအတွက် ရွှယ်အာက အရမ်းကျေးဇူးတင်မိတယ်...ဒီတစ်ခွက်က စီနယာအတွက်ပါ"

လော့လန်ရွှယ်သည် နောက်တွင်မကျန်ရစ်လိုသဖြင့် သူမ၏ဝိုင်ခွက်ကို ရိုသေလေးစားသောအမူအယာဖြင့်မြှောက်ကာ ရီဖုန်းနှင့်ခွက်ချင်းတိုက်လိုက်သည်။

"ဟား...ဟား....တအားကြီးယဥ်ကျေးနေစရာ မလိုပါဘူး"

ရီဖုန်းက သူတို့၏အရက်ခွက်တိုက်ခြင်းကို ပွင့်ပွင့်လင်းလင်း လက်ခံခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ သူတို့၏အကြားတွင် ယခင်က နားလည်မှုလွဲမှားခြင်းတချို့ရှိခဲ့သည်။

"အဲ့ဒီလူအိုကြီးရဲ့နယ်ပယ်က...."

ချင်ရှန်းဂိုဏ်းချုပ်ကိုကြည့်ပြီး အောင်းချင်၏နဖူးရှိ နေပုံသဏ္ဍာန်အမှတ်အသား အနည်းငယ်တောက်ပသွားပြီးနောက် သူက ဗလုံးဗထွေး ရေရွတ်လိုက်သည်။

"အဲ့ဒီလူအိုကြီးက ကောင်းကောင်းကြီးဖုံးကွယ်ထားပေမယ့် ငါ့ရဲ့ကောင်းကင်ဝါးမျိုနတ်ဆိုးဝံပုလွေမျက်လုံးအောက်ကနေ မလွတ်မြောက်နိုင်ဘူး....သူက သိုင်းဘုရင်နယ်ပယ်ကျင့်ကြံသူတစ်ယောက်ဖြစ်နေမယ်လို့ ငါ မျှော်လင့်မထားမိဘူး"

"သိုင်းဘုရင်နယ်ပယ်က ငါတို့နတ်ဆိုးမျိုးနွယ်တွေရဲ့နတ်ဆိုးဘုရင်အဆင့်နဲ့ အတူတူပဲ"

အောင်းချင်၏စကားလုံးများအတွင်းတွင် ထိတ်လန့်တုန်လှုပ်မှုများ ပါဝင်နေသည်။

နတ်ဆိုးမျိုးနွယ်များအကြားတွင် နတ်ဆိုးဘုရင်များသည် နယ်မြေတစ်ခု၏အရှင်သခင်များပင်။ သူတို့၏ကောင်းကင်ဝါးမျိုနတ်ဆိုးဝံပုလွေမျိုးနွယ်အတွင်း၌ပင် သူတို့သည် တိုက်ခိုက်မှုစွမ်းအားကောင်းမွန်သော အကြီးအကဲများအဖြစ် ရပ်တည်နိုင်သူများဖြစ်သည်။

"ပြီးတော့ အဲ့ဒီကောင်မလေး....သူက ငါတို့နတ်ဆိုးမျိုးနွယ်တွေနဲ့နှိုင်းယှဥ်ရင် မဟာနတ်ဆိုးသခင်နယ်ပယ်လောက်မှာပဲ ရှိပေမယ့် သူ့ရဲ့ပါရမီအရည်အချင်းက အရမ်းကောင်းတယ်...သူ့ကိုသာ အချိန်ပေးလိုက်ရင် အဆင့်မြင့်တည်ရှိမှုကြီးတစ်ခုအဖြစ် ကြီးထွားလာလိမ့်မယ်"

အောင်းချင်၏နဖူးပေါ်ရှိ နေပုံသဏ္ဍာန်အမှတ်အသားသည် လော့လန်ရွှယ်ဘက်သို့ တိမ်းစောင်းသွားပြီးနောက် သူက အံ့အားတသင့်ရေရွတ်လိုက်သည်။

"အရမ်းပါရမီကောင်းပြီးတော့ မဟာနတ်ဆိုးသခင်လိုအဆင့်ရှိတဲ့ ပါရမီရှင်တစ်ယောက်နဲ့ နတ်ဆိုးမျိုးနွယ်ရဲ့အကြီးအကဲတွေနဲ့ နှိုင်းယှဥ်ပြနိုင်တဲ့ သိုင်းဘုရင်တစ်ယောက်က အဲ့ဒီသေမျိုးကို လေးလေးစားစား ဆက်ဆံနေကြပြီးတော့ ဆရာလို့တောင် ခေါ်ဆိုသုံးနှုန်းနေကြတာလား"

"အဲ့ဒီလူနှစ်ယောက်ရဲ့ ခေါင်းတွေမှာ ပြဿနာရှိနေတာများလား"

အောင်းချင်က စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းကုတ်လိုက်၏။ သူသည် ဤသေမျိုးကို မည်ကဲ့သို့သတ်ရမည်အား တွေဝေတုံ့ဆိုင်းနေချိန်တွင် ရုတ်တရက် သူက တစ်စုံတစ်ခုကိုတွေးတောမိသွားကာ သူ၏အကြည့်က ရီဖုန်းထံသို့ ပြောင်းရွှေ့သွားသည်။

ဟူး....

သူသည် ပြူးကျယ်နေသော မျက်လုံးတစ်စုံဖြင့် စူးစိုက်ကြည့်ပြီးနောက် ရုတ်တရက် ပင့်သက်ရှိုက်လိုက်မိသည်။

ဖြစ်နိုင်သည်မှာ ဤသေမျိုးသည်....

ဤသေမျိုးသည်....

အောင်းချင်၏အတွေးများကို သက်သေပြနေသည့်အလား ခန်းမအတွင်း၌ ရီဖုန်းသည် ချင်ရှန်းဂိုဏ်းချုပ်နှင့်လော့လန်ရွှယ်တို့ကို ကြိုဆိုသည့်အနေဖြင့် အရက်ခွက်ခြင်းတိုက်ကာ ယဥ်ကျေးသိမ်မွေ့စွာပြောဆိုသည်။

"မင်းတို့နှစ်ယောက်က အရမ်းယဥ်ကျေးနေဖို့ မလိုပါဘူး...ပြောရရင် ငါ့ရဲ့အိမ်စုတ်လေးကို မင်းတို့နှစ်ယောက် လာလည်တာကိုက ငါ့အတွက် ဂုဏ်ယူစရာပါပဲ...ကံဆိုးချင်တော့ မင်းတို့ကိုဧည့်ခံဖို့အတွက် ငါ့မှာအများကြီးမရှိဘူး"

သောက်ချေးပဲ...

ထိုစကားကိုကြားချိန်တွင် အောင်းချင်၏ခန္ဓာကိုယ် တုန်ရီသွားသည်။

ဤသည်က သူ၏စိတ်အတွင်း၌ မိုးကြိုးတစ်စင်းပစ်ချလိုက်သည့်အလားပင်။

ယခုချိန်တွင် နောက်ဆုံး၌ သူ နားလည်သဘောပေါက်သွားလေပြီ။ သူရှေ့ရှိသေမျိုးသည် မည်သည့်နည်းနှင့်မျှ သေမျိုးမဖြစ်နိုင်ဘဲ ဤအိမ်၏အရှင်သခင်ဖြစ်နေသည်။

အနောက်ဘက်ခန်းမတွင် အပုံလိုက်ရှိနေသော စိတ်ဝိညာဥ်အဆင့်မှော်လက်နက်များ အရှေ့ဘက်ခန်းမအတွင်းရှိ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော ပန်းချီကားတစ်ဆယ့်ရှစ်ချပ် ဤအရာများအားလုံးကို သူ၏လက်ဖြင့် ပြုလုပ်ခဲ့ခြင်းပင်။

ထိုသို့မဟုတ်ပါက သူ၏နတ်ဆိုးမျိုးနွယ်မှ အကြီးအကဲများနှင့် တန်းတူအဆင့်ရှိသော သိုင်းဘုရင်တစ်ယောက်နှင့် လှပချောမောသော ပါရမီရှင်မိန်းကလေးတစ်ယောက်သည် မည်သည်ကြောင့် ထိုသေမျိုးကို အလွန်ရိုသေလေးစားစွာ ဆက်ဆံနေမည်နည်း....

အံ့အားသင့်စရာ မရှိတော့ဘူး...ဘာမှ အံ့အားသင့်စရာ မရှိတော့ဘူး...

ဤှသေမျိုး၏တိုက်ခိုက်ခြင်းကိုခံရချိန်တွင် သူ၏နတ်ဆိုးစွမ်းအားများကို အသုံးပြု၍ ပိတ်ဆို့ဟန့်တားခဲ့သည်။ သို့ရာတွင် သူသည် ထိုသေမျိုး၏တိုက်ခိုက်မှုကို ဟန့်တားနိုင်ခြင်းမရှိဘဲ သူ၏စွမ်းအားများ လွယ်လင့်တကူပျက်ပြယ်သွားခဲ့သည်မှာ အံ့အားသင့်စရာမရှိတော့ချေ။ ကြည့်ရသည်မှာ ထိုသေမျိုးသည် သူ၏စွမ်းရည်များကို ဖုံးကွယ်ထားသော ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်ဖြစ်ပေမည်။

"ဒီလိုပဲ ဖြစ်နိုင်တယ်...လူသားအစွမ်းထက်ကျင့်ကြံသူတွေထဲမှာ ဦးနှောက်မှာပြဿနာရှိနေတဲ့လူတွေရှိနေတယ်လို့ အဖေ အရင်က ငါ့ကိုပြောဖူးတယ်...သူတို့ဆီမှာ အထွတ်အထိပ်ကျင့်ကြံဆင့်တွေ ရှိနေပေမယ့် လူလောကကြီးကိုလှည့်စားဖို့အတွက် သူတို့ကိုယ်သူတို့ အသုံးမဝင်တဲ့လူယောင်ဆောင်ပြီးတော့ တခြားသူတွေ သတိမထားမိအောင် နေနေကြတယ်...ဒီလူသားကလည်း အဲ့ဒီလိုပဲ ဖြစ်မယ်"

အောင်းချင်သည် သူ၏အတွေးများအပေါ် လုံးလုံးလျားလျား ယုံကြည်သွားလေပြီ။

ထိုအကြောင်းကိုတွေးတောမိချိန်တွင် အောင်းချင်၏မျက်နှာပေါ်၌ စိုးရိမ်ထိတ်လန့်မှုအရိပ်အယောင်များ ပြည့်နှက်သွားသည်။

ဤအိမ်အတွင်းရှိ လက်မှုပစ္စည်းများကို အကယ်၍ သူ၏ဖခင် ကောင်းကင်ဝါးမျိုနတ်ဆိုးဧကရာဇ် ပြုလုပ်လျှင်ပင် အောင်မြင်ပြီးမြောက်နိုင်ရန် လွန်စွာခက်ခဲပေမည်။ ဤသည်က သေမျိုးယောင်ဆောင်ထားသော အစွမ်းထက်ကျင့်ကြံသူသည် အနည်းဆုံးအနေဖြင့် သူ၏ဖခင် ကောင်းကင်ဝါးမျိုနတ်ဆိုးဧကရာဇ်နှင့် အဆင့်တူတွင်ရှိနေကြောင်း သက်သေပြရန်လုံလောက်သည်။

ဤကဲ့သို့စီနီယာတစ်ယောက်သည် သူ မော့ကြည့်ရုံသာတတ်နိုင်သော တစ်စုံတစ်ယောက်ပင်။

သူသည် ယခင်က လက်စားချေချင်ခဲ့သည်မှာ ရယ်စရာကောင်းပေ၏။ ဤသည်က ကြက်ဥဖြင့် ကျောက်တောင်ကိုပစ်ပေါက်ရန် ကြံစည်ခြင်းပင်။

"ဒါပေမယ့် ဒီလိုအစွမ်းထက်ကျင့်ကြံသူတစ်ယောက်က ငါ့ကို ဘာလို့ဖမ်းလာတာလဲ"

အောင်းချင်သည် အလွန်စိတ်သောကရောက်နေသည်။

သူသည် ထိုစီနီယာနှင့် ရန်ငြိုးလည်းမရှိ ပတ်သတ်မှုလည်းမရှိဘဲ သူ အကြောင်းအရင်းမရှိ ဖမ်းဆီးခံရခြင်းပင်။

သူ့ကို ဖမ်းဆီးပြီးနောက် ပထမဆုံးအနေဖြင့် သူ့အား နာကျင်အောင်ပြုလုပ်ခြင်း ဒုတိယအနေဖြင့် သူ့ကိုသတ်ဖြတ်ခြင်းမရှိချေ။

သို့ရာတွင် တစ်ခါတစ်ရံ၌ ဤကဲ့သို့ခန့်မှန်း၍မရသော ကိစ္စမျိုးသည် ထိတ်လန့်ကြောက်ရွံဖွယ်အကောင်းဆုံးပင်။ ထို့ပြင် ဤှအဆင့်သို့ရောက်နေသော စီနီယာတစ်ယောက်၏အတွေးမျိုးကို မည်သည့်နည်းဖြင့် သူ ပေါ့ပေါ့တန်တန် ခန့်မှန်းနိုင်မည်နည်း....

ဝိုင်အရက်နှစ်ခွက်ခန့် ထပ်မံ၍သောက်ပြီးနောက် ရီဖုန်းက ထိုအဖိုးအိုသည် မိတ်ဆွေဖွဲ့ရန်ထိုက်တန်သည်ဟု ပို၍ပို၍ ခံစားမိလေ၏။ သူသည် ချက်ချင်းဆိုသလိုပင် ထိုအဖိုးအိုကို ဖိတ်ခေါ်လိုက်သည်။

"ဒီတစ်ကြိမ်မှာ မင်းတို့နှစ်ယောက်က ဆိုင်းမဆင့်ဗုံမဆင့်ရောက်လာကြတယ်...တကယ်လို့ နောင်တစ်ချိန်မှာ မင်းတို့အားလပ်ရင် ငါ့ရဲ့အိမ်စုတ်လေးဆီ ထပ်ပြီးလာလည်ကြပါအုံး...မင်းတို့ နောက်တစ်ကြိမ်လာလည်တဲ့အချိန်ကျရင် ငါက အဲ့ဒီခွေးကိုသတ်ပြီးတော့ မင်းတို့စားဖို့အတွက် ခွေးသားစွပ်ပြုတ်လုပ်ပေးမယ်"

"ဆရာရီက အရမ်းသဘောကောင်းတာပဲ"

ရီဖုန်းသည် သူတို့အား နောက်ထပ်တစ်ကြိမ်လာလည်ရန် ဖိတ်ခေါ်သည်ကိုကြည့်ပြီး ချင်ရှန်းဂိုဏ်းချုပ်သည် အလွန်အမင်းစိတ်လှုပ်ရှားသွားပေ၏။ သို့ရာတွင် သူသည် ကောင်းကင်ဝါးမျိုနတ်ဆိုးဝံပုလွေကို စားရမည်အား တွေးတောမိချိန်၌ သူ စိုးရိမ်ပူပန်စပြုလာသည်။

သို့ရာတွင် သူ ထိုအကြောင်းကို ပြန်လည်၍တွေးတောလိုက်သည်။ ဤစီနီယာသည် သူ့အား ထပ်ခါတလဲလဲဖိတ်ခေါ်နေသဖြင့် သူ စိုးရိမ်ပူပန်မနေသင့်ချေ။

အကယ်၍ ကောင်းကင်ဝါးမျိုနတ်ဆိုးဝံပုလွေမျိုးနွယ်မှ စုံစမ်းစစ်ဆေးလျှင်ပင် သူ မည်သူနှင့်အတူ စားသောက်ခဲ့သည်ကို ဂရုတစိုက်ချိန်ဆရပေမည်။

မည်သို့ပင်ဆိုစေကာမူ သူသည် စီနီယာနှင့်အတူ ချက်ပြုတ်စားသောက်ခဲ့ခြင်းပင်။

ထိုအကြောင်းကို တွေးတောရင်း ချင်ရှန်းဂိုဏ်းချုပ်သည် အကြောက်အလန့်ကင်းမဲ့စွာဖြင့် သူ၏လက်နှစ်ဖက်ကို ပူးဆုပ်လိုက်သည်။

"ဆရာရီရဲ့ဖိတ်ခေါ်တာကိုခံရတာ ငါ့အတွက် ဂုဏ်ယူစရာပါပဲ...နောက်တစ်ကြိမ်ကျရင် ငါ အားတာနဲ့ ဝိုင်အရက်ကောင်းတွေယူလာပြီးတော့ မင်းကို လာနှောက်ယှက်မယ်"

"ကောင်းတယ်...ကောင်းတယ်"

ရီဖုန်းက ခပ်ဖျော့ဖျော့အပြုံးနှင့်ပြောဆိုကာ သူ၏တူဖြင့် ဟင်းလျာများကို ကောက်ကိုင်လိုက်၏။

ဂတ်....ဂတ်...ဂတ်....

သူတို့နှစ်ယောက်အကြားရှိ စကားပြောဆိုနေခြင်းကို တံခါးအနီးတွင်ရှိနေသော အောင်းချင်သည် အပြည့်အစုံကြားလိုက်ရပြီး သူ၏ခန္ဓာကိုယ်တုန်ရီသွားသည်။

ထိုသို့ဆိုပါက ဤအစွမ်းထက်ကျင့်ကြံသူသည် သူ့အားဖမ်းဆီးလာသည်မှာ သူ့ကိုစွပ်ပြုတ်လုပ်ရန်အတွက်ပင်။

သောက်ချေးပဲ....

ထိုအကြောင်းကိုကြားချိန်တွင် အောင်းချင်သည် စိတ်ဓာတ်ကျသွားလေ၏။ သူသည် ရှေ့သို့ဝပ်ကာ သူ၏ခန္ဓာကိုယ်တုန်ရီနေသဖြင့် မြေပြင်ပေါ်၌ ကွေးကောက်နေသည်။

"ကောင်းကင်ဘုံ...."

"ငါ ဘာလုပ်သင့်လဲ"

လက်ရှိအခြေအနေအရ သူသည် ထိုအစွမ်းထက်ကျင့်ကြံသူကို မရိုက်နှက်နိုင်သည့်အပြင် ထွက်ပြေးနိုင်မည်လည်းမဟုတ်ချေ။

"မဟုတ်ဘူး...ငါ သေလို့မဖြစ်ဘူး"

"ငါကအမြဲတမ်း ငါ့အဖေရဲ့အထင်သေးတာကို ခံနေရတယ်...ဒီတစ်ကြိမ် ငါ ထွက်လာတာက ငါ့ကိုယ်ငါ သက်သေပြဖို့အတွက်ပဲ...အခုတော့ ငါက ငါ့ကိုယ်ငါ သက်သေမပြနိုင်ရုံတင်မကဘူး...ခွေးသားစွပ်ပြုတ်တောင် လုပ်ခံရတော့မယ်"

ထိုအကြောင်းကိုတွေးတောမိချိန်တွင် အောင်းချင်၏မျက်လုံးအတွင်း၌ အလင်းရောင်များ တဖန်ပြန်၍တောက်ပလာသည်။

ထို့နောက် ထိုအစွမ်းထက်ကျင့်ကြံသူ၏ရှေ့တွင် သနားစဖွယ်ဖြစ်အောင် ကောင်းကောင်းလုပ်ဆောင်မည်ဟု သူ စိတ်ပိုင်းဖြတ်လိုက်သည်။ ဖြစ်နိုင်သည်မှာ သူ့ကိုသနားပြီး သူ၏လွတ်လပ်မှုကို ပြန်ရသွားနိုင်သည်။

Chapter 12 ဒီနေရာမှနေပြီးတော့ တံခါးစောင့်လုပ်ရမယ်

အချိန်နာရီဝက်ခန့်ကြာပြီးနောက် ရီဖုန်းတို့လူစု စားသောက်၍ပြီးစီးသွားလေပြီ။

"ဆရာရီရဲ့ ဖော်ဖော်ရွေရွေ ဧည့်ဝတ်ပြုမှုအတွက် ကျေးဇူးတင်ပါတယ်...ငါက အခု ပြန်ပါတော့မယ်"

သင့်လျော်သောအချိန်ကိုရောက်ချိန်တွင် ချင်ရှန်းဂိုဏ်းချုပ်က လိမ္မာပါးနပ်စွာဖြင့် နှုတ်ဆက်စကားပြောဆိုသည်။

"ကောင်းပြီလေ...တပည့် ငါတို့ရဲ့ဧည့်သည်တွေကို လိုက်ပို့လိုက်အုံး"

ရီဖုန်းက လေချဥ်တစ်ချက်တက်ကာ သူ၏လက်ကိုဝှေ့ယမ်းပြပြီး ကျုံးချင်ကို ညွှန်ကြားလိုက်၏။

"ဟုတ်ကဲ့ပါ ဆရာ"

ကျုံးချင်က ရိုသေလေးစားစွာ ခေါင်းညိတ်ပြကာ ချင်ရှန်းဂိုဏ်းချုပ်နှင့်လော့လန်ရွှယ်တို့ကို သိုင်းပညာခန်းမ၏ဝင်ပေါက်သို့ ပို့ဆောင်ပေးလေသည်။

"ငါတို့ကို လိုက်ပို့ပေးတဲ့အတွက် သခင်လေးကို ကျေးဇူးတင်ပါတယ်"

ပြင်ပသို့ရောက်ချိန်တွင် ချင်ရှန်းဂိုဏ်းချုပ်က သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ကာ ယဥ်ကျေးသိမ်မွေ့စွာပြောဆိုသည်။

"အဖိုးက အရမ်းကြင်နာတတ်တာပဲ...အဖိုးတို့ အချိန်မရွေးလာလည်လို့ရတယ်လို့ ဆရာသခင်က ပြောခိုင်းလိုက်တယ်"

ကျုံးချင်က ခေါင်းညိတ်ပြကာ တုံ့ပြန်ပြောဆိုလေ၏။

"လာလည်မှာပေါ့...ငါတို့ သေချာပေါက် ထပ်လာခဲ့မယ်"

ချင်ရှန်းဂိုဏ်းချုပ်က ကျေးဇူးတင်စွာဖြင့် ခေါင်းညိတ်ပြလေသည်။ ကျုံးချင်သည် စကားအနည်းငယ်ခန့်ပြောဆိုပြီးနောက် သူက သိုင်းပညာခန်းမထံသို့ ပြန်သွားတော့သည်။

လမ်းခွဲနှုတ်ဆက်ပြီးနောက် ချင်ရှန်းဂိုဏ်းချုပ်သည် လမ်းဆုံတစ်ခု၌ မတ်တတ်ရပ်နေကာ သူ၏မျက်နှာပေါ်၌ နှစ်ထောင်းအားရဖြစ်နေသောအပြုံးမျိုး ထွက်ပေါ်လာသည်။ သူသည် အစောပိုင်းက သိုင်းဘုရင်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့သော်လည်း သူ၏ကျင့်ကြံခြင်းသည် တည်ငြိမ်ခြင်းမရှိသေးချေ။ သို့ရာတွင် ယခုလက်ရှိချိန်၌ ထိုအရာသည် မယုံကြည်နိုင်ဖွယ်ကောင်းအောင် ကျစ်လစ်သိပ်သည်းသွားပြီဟု သူ ခံစားမိသည်။

အမှန်အားဖြင့် ထိုကျစ်လစ်သိပ်သည်းမှုအဆင့်သည် ဆယ်စုနှစ်ပေါင်းများစွာကျင့်ကြံခဲ့သော သိုင်းဘုရင်တစ်ယောက်နှင့် နှိုင်းယှဥ်နိုင်သည်။

"ဒီနေ့ခရီးစဥ်က ငါ့ရဲ့ဘဝတစ်ခုလုံးစာအတွက် ထိုက်တန်သွားပြီ"

ချင်ရှန်းဂိုဏ်းချုပ်က စိတ်ခံစားချက်နှင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

ရွှမ်းဝူဂိုဏ်းချုပ်ကြောင့် တစ်ချိန်က စိတ်ဓာတ်ကျခဲ့သောသူသည် ယခုချိန်၌ အခြေအနေပြောင်းပြန်လှန်လိုက်သကဲ့သို့ ပြောင်းလဲသွားလေပြီ။

အမှန်အားဖြင့် သူ၏အမြင်အရ အကြီးမားဆုံးအကျိုးကျေးဇူးမှာ သူ၏ကျင့်ကြံဆင့်နယ်ပယ်ချိုးဖျက်နိုင်ခြင်းမဟုတ်ချေ။

ထိုအစား သူ၏စိတ်အခြေအနေ တိုးတက်လာမှုဖြစ်သည်။

တစ်စုံတစ်ယောက်၏ စိတ်အခြေအနေတိုးတက်လာခြင်းသည် လွန်စွာရှားပါးအဖိုးတန်ပေ၏။ ဤသည်က ကိုယ်တိုင်လေ့လာဆင်ခြင်ခြင်းဖြင့်သာ နားလည်သဘောပေါက်နိုင်သောအရာပင်။ ဆရာရီဖုန်း၏ရိုးရှင်းခြင်း နှိမ့်ချတတ်ခြင်းတို့သည် သူ၏အလွန်အမင်းစစ်မှန်ပြီး တည်ငြိမ်သော စိတ်အခြေအနေတို့နှင့် အတူယှဥ်တွဲနေသည်ကိုကြည့်ပြီး ချင်ရှန်းဂိုဏ်းချုပ်သည် နက်နဲသိမ်မွေ့သော ထိုးထွင်းသိမြင်မှုများကို ရရှိခဲ့သည်။

သူ၏နံဘေးရှိ လော့လန်ရွှယ်၏မျက်နှာပေါ်တွင်လည်း စိတ်သက်သာရာရသွားသောအရိပ်အယောင်များ ထင်ဟပ်နေသည်။

အစောပိုင်းက ဆရာရီကို အပြစ်ပြုမိခြင်းသည် သူမ၏စိတ်နှလုံးသားအတွင်း၌ ကြီးမားသောကျောက်တုံးကြီးရှိနေသကဲ့သို့ လေးလံနေခဲ့သည်။ သို့ရာတွင် ယခုလက်ရှိချိန်၌ သူမ၏စိတ်လေးလံမှုများအားလုံး ပျက်ပြယ်သွားလေပြီ။

ဤကဲ့သို့အစွမ်းထက်တည်ရှိမှုကြီးတစ်ခုသည် သူမ၏ယခင် အပြစ်ပြုခဲ့မိခြင်းအတွက် အပြစ်မတင်ခဲ့ရုံသာမက သူမ ထင်မှတ်မထားသော နေ့လည်စာတစ်နပ်ကိုပင် ကျွေးမွေးခဲ့သည်။ ဤသည်က လော့လန်ရွှယ်ကို ရီဖုန်းအား အလွန်ကြည်ညိုလေးစားသွားစေသည်။

ထိုစီနီယာနှင့်နှိုင်းယှဥ်ပါက ဂိုဏ်းကြီးများမှ ပါရမီရှင်ဟုခေါ်ဆိုခံရသူများသည် လောကကြီးတစ်ခွင်လုံးတမျှ ကွဲပြားခြားနားပေ၏။

"ဒါပေမယ့် အဲ့ဒီလူငယ်အကြောင်းကို ငါ မဖော်ထုတ်နိုင်သေးဘူး"

ဝေးကွာသွားသောကျုံးချင်၏ပုံရိပ်ကိုကြည့်ပြီး ချင်ရှန်းဂိုဏ်းချုပ်က သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။ ကျုံးချင်နှင့်ပတ်သတ်၍ မည်သည့်ထူးခြားချက်ကိုမျှ သူ ရှာဖွေတွေ့ရှိခြင်းမရှိချေ။

သို့ရာတွင် ကျုံးချင်နှင့်ပတ်သတ်၍ မည်သည့်ထူးခြားချက်မျှ ရှိမနေပါက ဆရာရီကဲ့သို့ အစွမ်းထက်ပုဂ္ဂိုလ်မျိုးကို သူ မည်သည့်နည်းဖြင့် ရရှိနိုင်မည်နည်း....

"ရွှယ်အာ...ငါတို့ ချင်ရှန်းဂိုဏ်းကို ပြန်ရောက်တဲ့အချိန်ကျရင် ငါ့ကိုကူညီပြီးတော့ သမိုင်းမှတ်တမ်းတွေထဲမှာ သေချာရှာဖွေပေးစမ်း....စီနီယာရဲ့တပည့်ဖြစ်လာတဲ့ ဒီလူငယ်မှာ ဘယ်လိုအရည်အချင်းမျိုးရှိတယ်ဆိုတာ ငါ တွေ့အောင်ရှာရမယ်"

ချင်ရှန်းဂိုဏ်းချုပ်က ညွှန်ကြားလိုက်၏။

"ဟုတ်ကဲ့"

လော့လန်ရွှယ်သည်လည်း ထိုအကြောင်းကို အလွန်သိချင်စိတ်ပြင်းပြနေသည်။ သူတို့နှစ်ယောက်သည် စိတ်ကျေနပ်သည်အထိ တိုင်ပင်ဆွေးနွေးပြီးနောက် အလင်းတန်းနှစ်တန်းအဖြစ်သို့ပြောင်းလဲကာ ချင်ရှန်းဂိုဏ်းထံသို့ ပြန်သွားကြတော့သည်။

ကျုံးချင်သည် ပြန်ရောက်လာပြီးနောက် ပန်းကန်များနှင့်တူများကို ချက်ချင်းဆေးကြောသန့်စင်လိုက်သည်။

ရီဖုန်းသည် ကျုံးချင်ကိုကြည့်ပြီး စိတ်ကျေနပ်သွားကာ ခေါင်းညိတ်လိုက်၏။ ယခုချိန်တွင် သူ ကျွေးမွေးရန်အတွက် ပါးစပ်တစ်ပေါက်ပိုလာသော်လည်း ကျုံးချင်ကဲ့သို့ လိမ္မာရေးခြားရှိသောကလေးကို တပည့်အဖြစ် သူ ရရှိထားသည်မှာထိုက်တန်သည်။

အနောက်ဘက်ခြံဝန်းအတွင်းသို့ ဝင်ရောက်ပြီးနောက် သူ နောက်မှီကုလားထိုင်ပေါ်၌အိပ်စက်ရန် ဟန်ပြင်လိုက်စဥ်မှာပင် ရုတ်တရက် ခွေးတစ်ကောင်က သူ့အား စူးစိုက်ကြည့်နေသည်ကို သူ သတိပြုမိသွားသည်။

အမ်...

ရီဖုန်း ကြက်သေသေသွားသည်။ ဤသည်က သူ တရွတ်တိုက်ဆွဲလာသောခွေး မဟုတ်လော....

ထိုခွေးသည် လမ်းပေါ်တွင် လူအများ၏ရိုက်နှက်ခြင်းကို ခံရရုံသာမက သူသည်လည်း ခြေထောက်ဖြင့်တစ်ချက်ကန်ခဲ့သည်။ ထို့ကြောင့် ထိုခွေးသည် အသက်ရှင်နေဆဲဖြစ်မည်ဟု သူ မျှော်လင့်မထားမိချေ။ သူသည် ထိုခွေးကိုဖျက်ပြီး စွပ်ပြုတ်လုပ်ရန်ပင် ကြံရွယ်နေခဲ့သည်။

ဤခွေးသည် အမှန်တကယ်ကို ခံနိုင်ရည်ရှိပေ၏။

ခွေး၏မျက်လုံးတစ်စုံသည် သူ့ကို တန်းတန်းမတ်မတ် စူးစိုက်ကြည့်နေကာ တောင်းပန်တိုးလျှိုးနေပုံရသည်။

"ဒီခွေးက ဘာကိုလိုချင်တာလဲ"

ရီဖုန်းက အံ့အားသင့်သွားသည်။

ဤအကြောင်းကို သူ ဇဝေဇဝါဖြစ်နေစဥ်မှာပင် ရုတ်တရက် ခွေးသည် သူ၏ရှေ့ခြေနှစ်ဖက်ကိုကွေးညွှတ်ကာ သူ့ရှေ့၌ ဒူးထောက်လိုက်သည်။ ထို့နောက် ခွေးသည် သူ့ခေါင်းနှင့်မြေပြင်ကိုဆောင့်ကာ အရိုအသေပြုနေလေ၏။

လူသားတစ်ယောက်၏ရှေ့တွင် ဒူးထောက်ခြင်းသည် အောင်းချင်ကဲ့သို့ ကောင်းကင်ဝါးမျိုနတ်ဆိုးဧကရာဇ်၏သားတော်တစ်ပါးအတွက် အရှက်ရစရာကိစ္စပင်။ သို့ရာတွင် ထိုလူသား မည်မျှထိအစွမ်းထက်သည်ကို တွေးတောကြည့်ပါက သူ ကူကယ်ရာမဲ့ဖြစ်နေသဖြင့် သူ ဤကိစ္စကို သည်းခံရပေမည်။

"မင်းက ငါ့ကို သနားညှာတာပေးဖို့ တောင်းဆိုနေတာလား"

ရီဖုန်းက အလွန်အမင်း အံ့အားသင့်သွားသည်။ ထိုခွေးသည် အလွန်ဥာဏ်ကောင်းမည်ဟု သူ မျှော်လင့်မထားမိချေ။

ရီဖုန်း၏စကားကိုကြားချိန်တွင် ခွေးကခေါင်းညိတ်ပြလေသည်။

ထိုအခြင်းအရာကိုကြည့်ပြီး ရီဖုန်းက သဘောကျသွားကာ သက်ပြင်းတစ်ချက်ချလိုက်သည်။ ဤသည်က သူ အတိတ်ဘဝတွင် မွေးမြူခဲ့သော စွတ်ဖားခွေးကို သတိရသွားစေသည်။ ထို့နောက် သူ၏လက်ကိုဝှေ့ယမ်းကာ ပြောဆိုသည်။

"ထားလိုက်တော့....ထားလိုက်တော့....မင်းလည်း သက်ရှိတစ်ကောင်ပဲ....ငါ မင်းကို ထပ်ပြီးနာကျင်အောင်မလုပ်တော့ဘူး....ဟုတ်ပြီလား"

ထိုစကားကိုကြားချိန်တွင် အောင်းချင်က အလွန်ပျော်ရွှင်သွားသည်။

သူသည် အသနားခံတောင်းပန်ရန် ဆုံးဖြတ်ချက်ချခဲ့သော သူ့ကိုယ်သူ အလွန်အမင်း ကျေးဇူးတင်သွားသည်။ လူသားတစ်ယောက်ကို အရိုအသေပြုခြင်းသည် သူ့အတွက် အရှက်ရစရာဖြစ်သော်လည်း ဤထူးခြားသောလူသည် သဘောထားကြီးပုံရပေ၏။

အောင်းချင်က ခေါင်းငုံကာ သူ၏ကျေးဇူးတင်မှုကို ထပ်ခါတလဲလဲ ဖော်ပြလိုက်သည်။

"ဘယ်လိုတောင် ကောင်းတဲ့ခွေးလေးလဲ..."

ရီဖုန်းသည် သူ၏နောက်မှီကုလားထိုင်ပေါ်၌ လဲလျောင်းကာ သူ၏ခြေထောက်ဖြင့် ခွေး၏မေးစေ့ကိုမြှောက်၍ ချီးမွမ်းလေသည်။

အောင်းချင်၏မျက်ခုံးများ တွန့်ကွေးသွားသည်။ သူသည် မည်သည့်အဆင့်အတန်းမျိုးဖြစ်သနည်း။ သူသည် ဖခင်ဖြစ်သူ၏မျက်နှာသာပေးခြင်းကို မခံရသော်လည်း သူသည် ကောင်းကင်ဝါးမျိုနတ်ဆိုးဝံပုလွေများ၏သခင်လေးပင်။ သူ၏မေးစေ့ကို ခြေထောက်တစ်ဖက်ဖြင့် မြှောက်တင်ခံထားရသော အရှက်ခွဲခံရမှုမျိုးကို သူ မည်သည့်နည်းဖြင့် သည်းခံနိုင်မည်နည်း။ ဒေါသများက သူ၏စိတ်နှလုံးသားအတွင်း၌ ချက်ချင်းမြင့်တက်လာသည်။

မင်း ဘယ်လောက်ပဲ အစွမ်းထက်ထက် တခြားသူတွေကို မင်း ဒီလိုမျိုး နှိမ့်ချပြီးဆက်ဆံလို့မရဘူး.....

သို့ရာတွင် သူ ထိုကိစ္စကို သည်းခံရပေမည်။ မည်သို့ပင်ဆိုစေကာမူ သူ၏အသက်နှင့်လွတ်လပ်မှုသည် ပို၍အရေးကြီးပေ၏။ သူ ဤနေရာမှ လွတ်မြောက်နိုင်သရွေ့ လောကကြီးတစ်ခွင်လုံးတွင် သူ လွတ်လွတ်လပ်လပ် သွားလာနိုင်လေပြီ။

"မင်းက အရမ်းဥာဏ်ကောင်းမှတော့ ငါ့ဆီမှာ တံခါးစောင့်မရှိဘူး...မင်း ဒီနေရာမှာပဲ ဆက်နေပါလား"

ရီဖုန်းသည် ဤမျှထိဥာဏ်ကောင်းသောခွေးကို လက်မလွှတ်လိုသဖြင့် သူက ဆက်လက်၍ ပြောဆိုလိုက်သည်။

ထိုစကားကိုကြားချိန်တွင် အောင်းချင်၏အမွှေးများ အဆုံးထိထောင်မတ်သွားသည်။

သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ စိတ်ပျက်အားငယ်စွာဖြင့် အော်ဟစ်ညည်းတွားမိလေ၏။

ဤလူသည် သူ့အားအလွတ်ပေးရန် ရည်ရွယ်ချက်မရှိမည်ဟု သူ မျှော်လင့်မထားမိချေ။

"ဘာမှားနေလို့လဲ...မင်းက ဆန္ဒမရှိဘူးလား"

ရီဖုန်းက ခွေးသည် သူ၏စကားကို နားလည်မည် နားမလည်မည်ကို အာရုံစိုက်ပုံမရချေ။ သူသည် ခါးကိုင်းကာ ခွေး၏ခေါင်းကို ပုတ်လိုက်သည်။

ဤလူထူးလူဆန်း၏အနီးတွင်နေထိုင်ရန် မည်သူက ဆန္ဒရှိမည်နည်း....

အောင်းချင်၏မျက်လုံးအတွင်းမှ မျက်ရည်များယိုစီးကျလုမတတ်ပင်။

သူသည် သူ့ကိုယ်သူ သက်သေမပြရသေးချေ။ ဤနေရာ၌ သူ ဆက်၍နေနေပါက သူ၏လွတ်လပ်ခွင့်ကို တားဆီးကန့်သတ်ခံရသကဲ့သို့ ဖြစ်သွားပေမည်။ အကယ်၍ နောင်တစ်ချိန်တွင် ဧည့်သည်များထပ်ရောက်လာပါက ထိုလူထူးလူဆန်းသည် သူ့အား ခွေးသားစွပ်ပြုတ်အဖြစ် ပြောင်းပစ်ရန် ဆုံးဖြတ်မည်ဟုတ်မဟုတ်ကို မည်သူက သိရှိနိုင်မည်နည်း....

သို့ရာတွင် သူ၏အတွင်းစိတ်မှအတွေးများကို အပြင်ပန်းအမူအယာဖြင့် ထုတ်မပြနိုင်ချေ။ အထူးသဖြင့် အစောပိုင်းက ရီဖုန်း၏မေးခွန်းကို သုံးသပ်ကြည့်ပါက သူ့အား သွယ်ဝိုက်၍ခြိမ်းခြောက်နေပုံရသည်။

သူသည် ခွေးတစ်ကောင် မဟုတ်သေး ဝံပုလွေတစ်ကောင်ကဲ့သို့ ခြံစောင့်ကာ သေခြင်းမှလွတ်မြောက်ရန် ဆန္ဒမရှိပါက စွပ်ပြုတ်အဖြစ်သာ သူ၏ဘဝအဆုံးသတ်ရပေမည်။

ထို့ကြောင့် သူ၏ကြေကွဲဝမ်းနည်းခြင်းများနှင့် မခံမရပ်နိုင်ဖြစ်ခြင်းတို့ကို မျိုသိပ်ပြီး ခေါင်းညိတ်လိုက်၏။

"ကောင်းတယ်...ဒါဆိုရင် ငါ မင်းကို နာမည်တစ်ခုပေးမယ်"

ရီဖုန်းက စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်ကာ သူက စဥ်းစားတွေးတောနေပုံဖြင့် မျက်မှောင်ကြုတ်ထားလေသည်။

"အခု ဒီနေရာမှာ ကျုံးချင်နဲ့မင်း ရှိနေပြီ...အသုံးစရိတ်တွေ နည်းနည်းတော့ကျပ်သွားနိုင်တယ်...ဒါကြောင့် ငါ မင်းကို ဝမ်ချိုင်လို့ခေါ်မယ်...ငါတို့သိုင်းပညာခန်းမရဲ့လုပ်ငန်းတွေ ပိုပြီးအောင်မြင်လာအောင် မင်းတို့က ကူညီပေးရမယ်"

"ဝမ်...ချိုင်တဲ့လား"

အောင်းချင်သည် စိတ်အတွင်းမှနေ၍ ငိုကြေးမြည်တမ်းမိသည်။

အနည်းဆုံးတော့ မင်း ငါ့ကို ပိုပြီးကြီးကျယ်ခမ်းနားတဲ့နာမည်မျိုး ပေးသင့်တယ်လေ....

ဟူး...ဤသည်က ပြဿနာမရှိချေ။

ယခုလက်ရှိချိန်တွင် အသက်ရှင်သန်နိုင်ခြင်းကပင် သူ့အတွက် လုံလောက်နေလေပြီ။

သို့ရာတွင် သူ ယခင်က အလွန်သဘောထားကြီးသည်ဟု တွေးတောခဲ့သော ဤသောက်ချီးလူသားသည် ပြောင်းလဲသွားခဲ့သည်မှာ...

လူသားများသည် အမှန်တကယ် ယုံကြည်၍မရချေ။

အမှန်အားဖြင့် ရီဖုန်းသည် ခွေး ဤမျှထိအလွန်အကျွံတွေးတောနေသည်ကို မသိရှိချေ။ သူသည် ဤခွေးကို မျိုးမသန့်သောလေလွင့်ခွေးတစ်ကောင်ဟုသာ ယူဆထားသည်။ ခွေးသည် ဗိုက်ဆာနေလောက်သည်ဟု သူ တွေးတောမိချိန်တွင် သူက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

"တပည့်...စားကြွင်းစားကျန်တွေကို လွှင့်မပစ်နဲ့...ဒီနေရာဆီ ယူလာခဲ့စမ်း"

Chapter 13 ဒါ ဒီလူသားရဲ့လက်ထဲက လွတ်မြောက်နိုင်ရမယ်

အောင်းချင်သည် ဤအချိန်အခိုက်အတန့်တွင် ကြက်သေသေသွားလေ၏။

ထို့နောက် ကျုံးချင်သည် သူ အစောပိုင်းက ဆေးကြောသန့်စင်ထားသော စားကြွင်းစားကျန်များနှင့်ထမင်းများကို ယူဆောင်လာသည်။

"ငါ့ရဲ့တပည့်လေး...ဒီခွေး သေမသွားတာက တကယ်ကိုအံ့အားသင့်စရာပဲ...ဒါကြောင့် ငါ ခုချိန်ကနေစပြီးတော့ ဒီခွေးကိုမွေးဖို့ဆုံးဖြတ်လိုက်ပြီ...စားကြွင်းစားကျန်တွေကို လွှင့်မပစ်နဲ့တော့"

ရီဖုန်းက ကျုံးချင်ကို အမိန့်ပေးလိုက်သည်။

"ဆရာက အရမ်းကြင်နာတက်တာပဲ"

ကျုံးချင်က ခေါင်းညိတ်ပြကာ ပြောဆိုသည်။

"ကျွန်တော် ခုချိန်ကနေစပြီးတော့ စားကြွင်းစားကျန်တွေအားလုံးကို သူ့အတွက် သိမ်းထားလိုက်မယ်"

"တပည့်ကောင်းလေးပဲ"

ရီဖုန်းက အသိအမှတ်ပြုသည့်အနေဖြင့် ပြုံးလိုက်၏။

ဆရာနှင့်တပည့်တို့ အတိုင်အဖောက်ညီနေသည်ကိုကြားချိန်တွင် အောင်းချင်၏မျက်နှာ အလွန်အမင်း သုန်မှုန်သွားသည်။

သူတို့သည် သူ့အား စားကြွင်းစားကျန်များကျွေးရန် ကြံစည်နေကြသလော....

ဘယ်လိုမှ မရဘူး...

ငါက နတ်ဆိုးဧကရာဇ်အောင်းဟွမ်ရဲ့သားတော် မြင့်မြတ်တဲ့အောင်းချင်...ဘယ်လိုလုပ်ပြီးတော့ ငါက စားကြွင်းစားကျန်တွေကို စားနိုင်မှာလဲ...

ဒါက အရှက်ရစရာပဲ...ငါ့အတွက် ကြီးမားတဲ့အရှက်ရစရာပဲ....

လူသားတွေ...

သောက်ချေးလူသားတွေ....

မင်းတို့ကို ငါ ဝါးစားမယ်....

အောင်းချင်သည် ခြံဝန်းအတွင်း၌ ပတ်ပြေးနေလေ၏။ သူသည် အသက်ရှင်သန်နိုင်ရန်အတွက် အစောပိုင်းက ထိုလူသားကို အရိုအသေပြုခဲ့ရသည်။ သို့ရာတွင် ဤကဲ့သို့ အရှက်ခွဲခံရမှုမျိုးကို သူ မည်သည့်နည်းနှင့်မျှ လက်မခံနိုင်ချေ။

သူ လက်သင့်မခံနိုင်...မည်သို့မျှ သူ လက်မခံနိုင်ပေ။

သူသည် အံ့တင်းတင်းကြိတ်ကာ အကယ်၍ သူ့အား သတ်လိုက်လျှင်ပင် ထိုစားကြွင်းစားကျန်များကို ဘယ်တော့မှမစားဟု သူ တိတ်တဆိတ်ကျိန်ဆိုလိုက်သည်။

"ဆရာ...ခွေးက မစားဘူး"

ကျုံးချင်က ရီဖုန်းကိုကြည့်၍ ပြောဆိုသည်။

"အော်...သူ အခုမဆာသေးလို့နေမယ်"

ရီဖုန်းက သူ၏မေးစေ့ကိုပွတ်သပ်ကာ ပြောဆိုလေ၏။

"ကျွန်တော် ဘာဆက်လုပ်ရမလဲ"

ကျုံးချင်က မေးမြန်းသည်။

"အဲ့ဒီအစားအစာတွေကို ကျောက်ပြားပေါ်မှာတင်ထားလိုက်...သူ ဗိုက်ဆာလာရင် လာစားလိမ့်မယ်...မင်း သေသေချာချာလေးသာ တင်ပေးထားလိုက်တော့"

ရီဖုန်းက အမိန့်ပေးလေသည်။

ရိုင်းလိုက်တာ....

အရမ်းရိုင်းတာပဲ....

အောင်းချင်သည် သူ၏ခွေးနှုတ်သီးကို တရှုံရှုံလုပ်ကာ ရီဖုန်းကို မုန်းတီးစွာကြည့်လိုက်သည်။ အစပထမ၌ သူ၏အသက်ကိုချမ်းသာပေးခဲ့သဖြင့် သူ ရီဖုန်းကို အလွန်ကျေးဇူးတင်ခဲ့မိသည်။

သို့ရာတွင် ယခုချိန်၌ သူ့ကို အရှက်ခွဲခဲ့သဖြင့် ရီဖုန်းကို မုန်းတီးခြင်းကိုသာ သူ ခံစားမိတော့သည်။

"ဒီခွေးရဲ့စိတ်ဆိုးနေတဲ့အကြည့်က အရင်ဘဝက ငါရဲ့စွတ်ဖားခွေးနဲ့တူလိုက်တာ"

အောင်းချင်၏အမူအရာကိုမြင်ချိန်၌ ရီဖုန်းက ခွေး၏ခေါင်းကို တဖန်ထပ်၍ ပွတ်သပ်လိုက်၏။

သို့ရာတွင် အောင်းချင်အတွက်မူ ဤသည်က နောက်ထပ်ဗြောင်ကျကျအရှက်ခွဲခံရခြင်းပင်။

ရီဖုန်းသည် အောင်းချင်ကို ထပ်မံ၍မနှောက်ယှက်တော့ချေ။ သူ၏အစာအိမ် ပြည့်တင်းသည်အထိ စားသောက်ပြီးဖြစ်သဖြင့် ယခုချိန်သည် သူ နေ့လည့်ခင်းတစ်ရေးတစ်မောအိပ်ရန်အတွက် အကောင်းဆုံးအချိန်ပင်။ သူသည် နောက်မှီကုလားထိုင်ပေါ်၌ သက်တောင့်သက်သာလှဲ၍ သူ၏လက်အတွင်းမှယပ်တောင်ကို တစ်ခါတစ်ရံဝှေ့ရမ်းကာ မကြာမီမှာပင် သူ့ထံမှ ဟောက်သံများ ထွက်ပေါ်လာသည်။

အိပ်ပျော်နေသော ရီဖုန်းကိုကြည့်ပြီး အောင်းချင်၏မျက်နှာပေါ်တွင် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ပြည့်နှက်နေသည်။

သူသည် ဤအခြေအနေကိုအခွင့်ကောင်းယူ၍ သောက်ချေးလူသားကို တိုက်ခိုက်သင့် မသင့် သူ တွေးတောနေမိသည်။ သို့ရာတွင် အဆုံးသတ်၌ သူ စိတ်လျှော့လိုက်၏။

အကယ်၍ သူ မျက်စိနောက်စရာတစ်ခုခုကို ကြိုးစားမိပါက သူ သေဆုံးရမည်မှာ သေချာပေါက်ပင်။

"မဟုတ်သေးဘူး...ဒီလူသားရဲ့လက်ခုပ်ထဲကနေ ငါ ထွက်ပြေးရမယ်...ငါ လွတ်လပ်မှုကိုလိုချင်တယ်"

အောင်းချင်သည် တစ်နေ့ခင်းလုံး ဤဆိုးရွားသောနေရာမှ ထွက်ပြေးနိုင်ရန် တွေးတောနေသော်လည်း ကိစ္စများသည် သူ ဆန္ဒရှိသည့်အတိုင်း ဖြစ်မလာချေ။ ပြင်ပသို့ထွက်နိုင်ရန်အတွက် သူသည် အရှေ့ခန်းမကို ဖြတ်ကျော်ရပေမည်။

သူသည် အရှေ့ခန်းမသို့ အကြိမ်ပေါင်းများစွာ ခြေချခဲ့သော်လည်း ပန်းချီကားဆယ့်ရှစ်ချပ်၏တားမြစ်ဟန့်တားခံရခြင်းကြောင့် သူ ရှေ့သို့မတိုးဝံ့ချေ။

နောက်ဆုံး၌ သူ ထွက်ပြေးရန်အတွက် လက်လျော့လိုက်ပြီးကာ ပင်ပန်းနွမ်းနယ်ခြင်းကြောင့် မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။

"ဒါပေမယ့် ငါ ဗိုက်ဆာနေပြီ"

မြေပြင်ပေါ်၌လဲလျောင်းနေရင်း သူ၏အစာအိမ်မှ တဂွီဂွီအသံများ ကျယ်လောင်စွာထွက်ပေါ်လာသည်။ ရီဖုန်း၏နံဘေးရှိ ဤနေရာမှလွဲ၍ သူသည် တခြားနေရာများသို့သွားကာ ထွက်ပြေးရန်လမ်းစကို အချိန်အကြာကြီးရှာဖွေနေသဖြင့် သူ၏အစာအိမ်နာကျင်သည်အထိ ဆာလောင်မွတ်သိပ်နေလေပြီ။

သူ၏မျက်လုံးအကြည့်သည် ကျောက်ပြားပေါ်ရှိ စားကြွင်းစားကျန်များထံသို့ မလွှဲသာမရှောင်သာ ကျရောက်သွားလေ၏။

"မရဘူး..."

"ငါ အောင်းချင်က ကောင်းကင်ဝါးမျိုနတ်ဆိုးဝံပုလွေမျိုးနွယ်ရဲ့သခင်လေးတစ်ယောက်...ဘယ်လိုလုပ်ပြီး ငါက လူတွေရဲ့စားကြွင်းစားကျန်ကို စားနိုင်မှာလဲ"

"ဘယ်တော့မှ မစားဘူး"

အောင်းချင်၏မျက်လုံးများ အေးစက်တင်းမာနေသည်။

မိုးကောင်းကင်ကြီး တစတစ မှောင်မည်းလာကာ ရီဖုန်းက ဟင်းပွဲငယ်နှစ်ခုကို ကြော်လှော်ချက်ပြုတ်လိုက်သည်။ ညစာစားပြီးနောက် သူသည် ဝမ်ချိုင်ကို သတိရသွားသဖြင့် မေးမြန်းလိုက်၏။

"ငါ့တပည့်...ဝမ်ချိုင်က ခုထိ အစာမစားသေးဘူးလား"

"မစားသေးဘူး ဆရာ"

ကျုံးချင်က စိုးရိမ်ပူပန်တကြီး ပြောဆိုသည်။

"ဝမ်ချိုင်က ငတ်သေသွားနိုင်လား"

"ဒါက အဆင်ပြေပါတယ်"

ရီဖုန်းက ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောဆိုလေသည်။

"သူက ကျင့်သားမရသေးလို့နေမယ်...စားကြွင်းစားကျန်တွေ ထပ်ချပေးလိုက်ပါ"

"ဟုတ်ကဲ့ပါ ဆရာ"

ကျုံးချင်က ရိုသေလေးစားစွာ ခေါင်းညိတ်ပြလေ၏။

မကြာမီမှာပင် နောက်ထပ်ညစာတစ်နပ်ကို နောက်ဖေးခြံဝန်းအတွင်းသို့ ယူဆောင်လာသည်။

"သောက်ချေးလူသားတွေ....မင်းတို့ ငါ့ကို ဘယ်လောက်ကြာကြာ အရှက်ခွဲနိုင်မှာလဲ"

အောင်းချင်သည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် အလွန်ဒေါသထွက်သွားကာ သူ၏ခေါင်းမှ အခိုးအငွေ့များ တလူလူထွက်ပေါ်လာသည်။

"ကောင်းကင်ဝါးမျိုနတ်ဆိုးဝံပုလွေရဲ့ မြင့်မြတ်တဲ့ ငါ အောင်းချင်က မင်းတို့လူသားတွေကို ဘာလို့အညံခံနိုင်မှာလဲ"

"တကယ်လို့ ဒီနေ့ ငါ ငတ်သေသွားရင်တောင်...မင်းတို့လို တန်ဖိုးမရှိတဲ့လူသားတွေကျွေးတဲ့အစာကို တစိတောင်မစားဘူး"

ဂွီ....

သူ၏စကား အဆုံးသတ်သွားချိန်မှာပင် သူ၏ဗိုက်မှနေ၍ ကျယ်လောင်သောတဂွီဂွီအသံကြီး ထွက်ပေါ်လာသည်။ သူ၏ပြားကပ်နေသောဝမ်းဗိုက်ကိုကြည့်ပြီး သူ၏မျက်လုံးအကြည့်သည် အငွေ့တထောင်းထောင်းထနေသော စားကြွင်းစားကျန်များထံသို့ မတော်တဆကျရောက်သွားသည်။

"စိမ်းလန်းတဲ့တောအုပ်တွေ ကျန်နေသေးသရွေ့ ထင်းတွေအမြဲရှိနေမှာပဲ"

သူက အံ့တင်းတင်းကြိတ်ကာ တွေးတောလိုက်၏။

"ဒီတစ်ကြိမ်ပဲ...."

"ဒီတစ်ကြိမ်လေးပဲ...."

ရီဖုန်းနှင့်ကျုံးချင်တို့ အနီးပတ်ဝန်းကျင်၌မရှိသည်ကို မြင်တွေ့ချိန်တွင် အောင်းချင်သည် ရိပ်ခနဲအပြေးသွားကာ ကျောက်ပြားပေါ်ရှိ စားကြွင်းစားကျန်များကို စားလိုက်သည်။

"အရသာရှိလိုက်တာ"

"ငါ ပြောရမယ်ဆိုရင်...ဒီလူသားစုတ် ဟင်းချက်တာတော့ တော်တော်လေးအရသာရှိတယ်"

အစားအစာများ သူ၏ပါးစပ်အတွင်းသို့ဝင်သွားပြီးနောက် အောင်းချင်သည် အလွန်အမင်း စိတ်ကျေနပ်သွားကာ မအောင့်အည်းနိုင်တော့ဘဲ ချီးမွမ်းလိုက်၏။

ထိုအစားအစာများကို အကုန်မျိုချပြီးသည့်တိုင် အောင်းချင်သည် အနည်းငယ်မတင်းတိမ်သေးသကဲ့သို့ ခံစားနေရဆဲပင်။

ထိုအချိန်မှာပင် ရီဖုန်းက အနောက်ဘက်ခြံဝန်းအတွင်းသို့ ဝင်ရောက်လာသည်။

"ခွေးတွေက တကယ်ကိုအရှက်မဲ့တာပဲ...အစကတော့ သူက အစာစားဖို့ ငြင်းဆန်နေတယ်....ခုကျတော့ ပန်းကန်ပါပြောင်အောင်လျက်လိုက်ပြီ"

ရီဖုန်းသည် ပြောင်ရှင်းနေသောကျောက်ပြားကို မြင်တွေ့ချိန်တွင် သရော်တော်တော်ပြုံးလိုက်သည်။

ဂါး...

ထိုစကားကိုကြားချိန်တွင် အောင်းချင်က သူ၏သွားများကို ချက်ချင်းဖြဲပြကာ ဒေါသကြောင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံးတုန်ရီနေသည်။

ဤလူသားသည် သူ့အား ကစားစရာတစ်ခုအဖြစ် ဆက်ဆံနေကာ သူ့အား စားကြွင်းစားကျန်များကျွေး၍ အရှက်ခွဲရုံသာမက သူ့အား ဤကဲ့သို့စော်ကားနေသည်ကိုလည်း သူ သေချာစွာ နားလည်သဘောပေါက်သွားလေပြီ။

သို့ရာတွင် သူသည် ထိုလူသားအပေါ်သို့ သူ၏ လက်ဝါးတစ်ဖက်ကိုပင် မတင်ဝံ့ချေ။

ညအချိန်၌ အောင်းချင်သည် ထိုအကြောင်းနှင့်ပတ်သက်၍ ပိုပြီးတွေးမိလေလေ သူ ရီဖုန်းကို ပိုပြီးမုန်းတီးလာလေလေပင်။

နောက်တစ်နေ့တွင် ရီဖုန်းသည် အနောက်ဘက်ခြံဝန်းသို့ရောက်လာချိန်၌ အောင်းချင်က သူ၏အစွယ်များကိုဖြဲဟ၍ မာန်ဖီလိုက်သည်။

ရီဖုန်းသည် သူ့ကိုတစ်ချက်စိုက်ကြည့်သော်လည်း လုံးလုံးလျားလျား လျစ်လျှူရှုကာ အနောက်ဘက်ခန်းမအတွင်းသို့ လျှောက်လှမ်းသွားလေသည်။

သူ အားလပ်နေသဖြင့် သူ၏မီးဖိုချောင်သုံးဓား အလုပ်မဖြစ်တော့သည်ကို တွေးတောမိကာ အသစ်တစ်ခု ထုလုပ်ရန် ဆုံးဖြတ်လိုက်သည်။

ပန်းပဲထုခြင်းသည် ပင်ပန်းသောအလုပ်တစ်ခုပင်။

မှန်ကန်သောအပူချိန် ဖိအားနှင့်ပုံသဏ္ဍာန်တို့ကို ထိန်းသိမ်းထားရန် မရှိမဖြစ်လိုအပ်သည်။

ထို့ကြောင့် သူ၏စွမ်းရည်ကို အောင်မြင်ပြီးမြောက်သည်အထိ လေ့ကျင့်ပြီးနောက် သူ ပန်းပဲထုခြင်းကို အမြောက်အများမလုပ်ဖြစ်တော့ချေ။

"အို..."

မူလက သူသည် အင်အားစိုက်ထုတ်ခြင်းကို မပြုလိုသော်လည်း ရုတ်တရက် သူ တစ်စုံတစ်ခုကို သတိရသွားသည်။ သူ၏မျက်လုံးအကြည့်သည် နံဘေးရှိအောင်းချင်ထံသို့ စူးစိုက်၍ကျရောက်သွားလေ၏။

သူ၏မျက်နှာပေါ်တွင် ပီတိဖြစ်နေသောအပြုံးမျိုး ထင်ဟပ်လာသည်။

သို့ရာတွင် အောင်းချင်အတွက်မူ ဤအပြုံးသည် သူ့အား ကြက်သီးမွေးညင်းထစေပြီး တုန်လှုပ်ချောက်ချားဖွယ်ရာပင်။

ဤမုန်းတီးဖွယ်လူသားသည် မည်သည့်စက်ဆုပ်ဖွယ်လှည့်ကွက်များကိုအသုံးပြု၍ သူ့အား ထပ်မံ၍အရှက်ခွဲအုံးမည်ကို သူ မသိရှိချေ။

"ဟီး ဟီး...ဒီနားကိုလာခဲ့စမ်း"

ရီဖုန်းက အောင်းချင်ကို ပန်းပဲမီးဖို၏အနီးသို့ ဆွဲခေါ်သွားသည်။ ထိုမီးဖိုတွင် ဖားဖိုများပါရှိနေကာ ထိုအရာများကိုနင်းလိုက်သည်နှင့် မီးတောက်များ မြင့်တက်သွားသည်။

ရီဖုန်းသည် ထိုဖားမိုများကို အနည်းငယ်ပြုပြင်မွမ်းမံရမည်ဟု တွေးတောထားသည်။ သူသည် ချိတ်များကိုအသုံးပြု၍ အောင်းချင်ကို မြည်းဖြင့်ကြိတ်ခွဲစက်တစ်ခုအလား အသုံးပြုကာ နင်းစေပါက သူ၏အင်အားစိုက်ထုတ်မှုကို ချွေတာနိုင်ပေမည်။

သူ ပြောဆိုပြီး မကြာမီမှာပင် ပြုလုပ်လိုက်၏။

ဖားဖိုများကို ရီဖုန်းက အလျှင်အမြန်ပြုပြင်မွမ်းမံခဲ့သည်။ ထို့နောက် သူသည် မြည်း၏ရှေ့တွင် မုန်လာဥနီတစ်လုံးကို တွဲလောင်းချိတ်ဆွဲသည့်အလား အောင်းချင်ကို ကြိုးချည်ပြီး ပါးစပ်ရှေ့တွင် အရိုးတစ်ချောင်းကို တွဲလောင်းချလိုက်သည်။

ထို့နောက် အရိုးတစ်ချောင်း၏စွမ်းအားဖြင့် လည်ပတ်နိုင်သောစက်ယန္တရားတစ်ခုကို ရီဖုန်းက ဖန်တီးပြီးလေပြီ။

"ငါက တကယ့်ကို ပါရမီရှင်တစ်ယောက်ပဲ"

ရီဖုန်းက ဝမ်းသာအားရရယ်မောကာ အောင်းချင်၏တင်ပါးကို တစ်ချက်ကန်ပြီး အော်ဟစ်လိုက်သည်။

"သွားတော့..."

လူသားတွေ...

ငါ မင်းတို့ခိုင်းတာကို ဘယ်တော့မှမလုပ်ဘူး....

အောင်းချင်က သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ နာကျည်းမုန်းတီးစွာ အော်ဟစ်မြည်တမ်းလိုက်၏။

မင်း ငါ့ကို ဘာလို့ဒီလိုမျိုး အရှက်ခွဲနေတာလဲ...တကယ်လို့ ဒီအတိုင်းဆက်လုပ်နေမယ်ဆိုရင် ငါ မင်းကို သတ်မိလိမ့်မယ်.....

သို့ရာတွင် သေခြင်းတရားနှင့် ရင်ဆိုင်ရချိန်တွင် သူ့ထံ၌ တွန်းလှန်နိုင်သော သတ္တိမရှိချေ။ ရီဖုန်း၏အကျပ်ကိုင်မှုအောက်တွင် သူသည် ကြေကွဲဝမ်းနည်းစွာဖြင့် ဖားဖိုများကိုစတင်၍နင်းလိုက်သည်။

သို့ရာတွင် သူ၏စိတ်နှလုံးသားအတွင်းရှိ မုန်းတီးမှုများကမူ ပို၍အားကောင်းလာခဲ့သည်။

အောင်းချင်၏နင်းလျှောက်မှုအောက်တွင် ဖားဖိုများမှတဆင့် မီးများထတောက်သွားသည်။ ရီဖုန်းသည် လက်တစ်ဖက်တွင် မီးညှပ်ကိုကိုင်ကာ တခြားတစ်ဖက်ဖြင့် တူကြီးတစ်လက်ကိုကိုင်၍ အနီရောင်တောက်ပနေသောသံများကို စတင်ပုံဖော်လိုက်သည်။

ဘန်း...

တူတစ်ချက် ထုနှက်လိုက်ချိန်တွင် လွန်ခဲ့သောအချိန်အခိုက်အတန့်၌ နာကျည်းမုန်းတီးမှုများဖြင့် ပြည့်နှက်နေသော အောင်းချင်၏မျက်လုံးများ ပြူးကျယ်သွားသည်။

သူ၏မျက်နှာပေါ်တွင် ယုံကြည်ရခက်သောအရိပ်အယောင်များဖြင့် ပြည့်နှက်သွားပေ၏။

"ဒါက...."

Chapter 14 ငါက ဒီလိုစီနီယာမျိုးနဲ့ ကျင့်ကြံရမှာလား

အောင်းချင်၏မျက်နှာပေါ်၌ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။

အစောပိုင်းက ရီဖုန်း တူတစ်ချက်ထုနှက်လိုက်ချိန်တွင် ဖျော့တော့တော့မီးပွားများ ဖြာထွက်လာသည်။ ထိုမီးပွားများသည် သူ၏မျက်လုံးအတွင်း၌ အလင်းရောင်အစက်အပျောက်များအဖြစ် ပြောင်းလဲသွားကာ နေရာအနှံ့အပြားသို့ ပြန့်ကျဲသွားလေ၏။

ဝှူး...

ဤသည် မည်သည့်မီးပွားမျိုးဖြစ်သနည်း....

ရိုးရှင်းစွာပြောရလျှင် ဤအရာများသည် သိုင်းပညာ၏အနှစ်သာရပင်။

သူသည် နတ်ဆိုးမျိုးနွယ်ဝင်ဖြစ်ကာ သူ၏ကျင့်ကြံနည်းစနစ်များသည် လူသားများနှင့် ကွဲပြားခြားနားသော်လည်း ဤကဲ့သို့သာလွန်ထူးကဲသောအရာမျိုးသည် သူ့အတွက် အလွန်ကြီးမားသောအကျိုးကျေးဇူးများ ရရှိစေသည်။

အထူးသဖြင့် ထိုအလင်းစက်များ သူ၏ခန္ဓာကိုယ်ပေါ်သို့ ဖြာကျလာစဥ်၌ သူသည် သိုင်းပညာရပ်များ၏ကောင်းချီးပေးခြင်းကို ခံနေရသကဲ့သို့ပင်။

ဤအချိန်အခိုက်အတန့်တွင် အချိန်တစ်နှစ်ခွဲကြာသည့်တိုင် ပျောက်ကင်းခြင်းမရှိခဲ့သော သူ၏ဒဏ်ရာများ နှစ်ဆယ်ရာခိုင်နှုန်းခန့် ချက်ချင်းပြန်ကောင်းသွားသည်။

ဘုန်း..

နောက်ထပ် တူတစ်ချက် ထုနှက်လိုက်လေပြီ။

မီးပွားများ ထပ်မံ၍ဖြာထွက်လာပြီး အောင်းချင်၏ခန္ဓာကိုယ်ပေါ်သို့ ကွက်တိကွက်ကျားကျရောက်လာလေရာ သူ၏ခန္ဓာကိုယ်တစ်ခုလုံး သက်တောင့်သက်သာရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။

ယခုချိန်တွင် သူ၏ဒဏ်ရာများ တစ်ဝက်နီးပါး သက်သာပျောက်ကင်းသွားလေပြီ။

သူသည် နံဘေးရှိ ရီဖုန်းကိုကြည့်လိုက်၏။ ရီဖုန်းကိုကြည့်ရသည်မှာ သာမာန်ဖြစ်သော်လည်း အကြောင်းအရင်းတချို့ကြောင့် ထိုပုံရိပ်သည် အောင်းချင်၏မျက်လုံးအတွင်း၌ အလွန့်အလွန် ကြီးမားနေသည်။ သူ၏ခန္ဓာကိုယ်မှနေ၍ ရွှေရောင်အလင်းတန်းများ ဖြာထွက်နေကာ တောက်ပနေသော နေငယ်လေးတစ်စင်းအလားပင်။

"ငါ သိပြီ...ငါ အခု သိသွားပြီ...."

အောင်းချင်သည် စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်ကာ ရီဖုန်းကို ကြည့်လိုက်သည်။ သူ၏မျက်လုံးအကြည့်တွင် ယခင်က နာကျည်းမုန်းတီးမှုများ ပျက်ပြယ်သွားရုံသာမက မျက်ရည်များပင် စိုစွတ်နေသည်။

"ဒါဆိုရင် ဒီလူသားစီနီယာ ငါ့ကိုဖမ်းဆီးတဲ့ရည်ရွယ်ချက်က ငါ့ကို လေ့ကျင့်ပျိုးထောင်ပေးဖို့ပဲ...အရင်က ငါ့ကိုအရှက်ခွဲခဲ့တာတွေက ငါ့ရဲ့စိတ်အခြေအနေကို ထိန်းညှိပေးဖို့ပဲဖြစ်မယ်"

"ဘယ်လိုပဲဖြစ်ဖြစ် အဖေကလည်း ငါ့ကို မာနကြီးပြီး မောက်မာထောင်လွှားနေတယ် ဖန်လုံအိမ်ထဲက ပန်းတစ်ပွင့်က ဘယ်တော့မှထိန်းညှိတာမျိုးဖြစ်လာမှာမဟုတ်ဘူးလို့ ငါ့ကိုတစ်ကြိမ်ထက်မက ပြောခဲ့ဖူးတယ်..ဒါကြောင့် သူက ငါ့ကို အမြဲတမ်း အထင်သေးနေခဲ့တယ်"

"ဒါက အမှန်ပဲ...အဲ့ဒီလိုပဲ ဖြစ်ရမယ်"

"မဟုတ်ရင် သူက ငါ့ကို အရှက်ခွဲခဲ့ပြီးတော့ တစ်ချိန်တည်းမှာပဲ ငါ့ရဲ့ဒဏ်ရာတွေကို ဘာလို့ပြန်ကောင်းအောင် လုပ်ပေးနေမှာလဲ"

ထိုအကြောင်းကို တွေးတောမိချိန်တွင် အောင်းချင်သည် နောင်တများရရှိကာ ရှက်ရွံသွားလေ၏။

ဤစီနီယာသည် သူ့အား ကယ်တင်ခဲ့ပြီးနောက် ဒုက္ခသုက္ခခံ၍ သူ၏စိတ်အခြေအနေကို ထိန်းညှိပေးခဲ့ရုံသာမက သူ၏ဒဏ်ရာများကိုလည်း ကုသပေးခဲ့သည်။ သို့ရာတွင် သူ မည်သည့်အရာအား ပြုလုပ်ခဲ့သနည်း။

သူသည် စီနီယာအပေါ် နာကျည်းမုန်းတီးမှုများဖြင့်သာ ပြည့်နှက်နေခဲ့သည်။

သူသည် အမှန်တကယ် စက်ဆုပ်ရွံရှာဖွယ်ကောင်းပြီး ကျေးဇူးကန်းသူတစ်ယောက်ပင်။

သူ၏စိတ်နှလုံးသားအတွင်းရှိ နောင်တများကြောင့် သူ့ကိုယ်သူ အကြိမ်ပေါင်းများစွာ ပြင်းပြင်းထန်ထန်ပါးဖြတ်ရိုက်ချင်မိသည်။

"ငါက ငါ့ရဲ့စီနီယာကို စိတ်ပျက်စေလို့မဖြစ်ဘူး"

"နောင်တရနေတာက အသုံးမဝင်ဘူး....ငါ စီနီယာအတွက် အကျိုးဆောင်ပေးတာကပဲ ငါ့ကို အများကြီးစိတ်သက်သာရာရစေမယ်"

ဆုံးဖြတ်ချက်အခိုင်အမာချလိုက်သော အရိပ်အယောင်များက အောင်းချင်၏မျက်လုံးအတွင်း၌ ပြည့်နှက်သွားသည်။ သူ၏ခြေလက်များကို ပို၍လျှင်မြန်စွာ ရွေ့လျားလိုက်ခြင်းနှင့်အတူ လေများပို၍ပြင်းထန်လာသည်။

"ခွေးကောင်းလေးပဲ...တော်တယ်"

မီးပြင်းဖိုအတွင်းရှိ တဟုန်းဟုန်းတောက်လောင်နေသော မီးတောက်များကိုကြည့်ပြီး ရီဖုန်းကအောင်းချင်ကို အသိအမှတ်ပြုသည့်အနေဖြင့် ချီးမွမ်းလိုက်၏။

သူ ကြိုးစားရပေမည်။

စီနီယာ၏မျှော်လင့်ချက်များကို သူ ပျက်စီးအောင်မလုပ်ခြင်းကသာ အကောင်းဆုံးပြန်ပေးဆပ်ခြင်းဖြစ်ပေလိမ့်မည်။

ရီဖုန်း၏ချီးမွမ်းစကားကိုကြားချိန်၌ အောင်းချင် အလွန်အမင်း စိတ်လှုပ်ရှားသွားသည်။ သူ၏စီနီယာသည် သူ ကောင်းကျိုးရရန်အတွက် ဒုက္ခများစွာခံစားခဲ့ရသည်ကို တွေးတောမိချိန်တွင် ရီဖုန်းကိုကူညီရခြင်းသည် သူ့အတွက် အရှက်ရစရာဟု မခံစားရတော့ချေ။

ဤသို့သော စီနီယာတစ်ယောက်ထံမှ လမ်းညွှန်မှုကိုရရှိခြင်းသည် သူ့အတွက် ဂုဏ်ယူစရာပင်။

မကြာမီမှာပင် ရီဖုန်းပြုလုပ်နေသော မီးဖိုချောင်သုံးဓားအသစ် ပြီးစီးသွားလေပြီ။ အောင်းချင်၏မျက်နှာတပြင်လုံး ချွေးများရွှဲနစ်နေသော်လည်း သူ၏ပင်ပန်းနွမ်းနယ်မှုကို ဂရုမစိုက်တော့ချေ။ သူ၏မျက်လုံးအကြည့်က တောက်ပနေသော မီးဖိုချောင်သုံးဓားပေါ်တွင်သာ အခိုင်အမာ ကျရောက်နေသည်။

"ဒီဓားက...."

အောင်းချင် စကားပြောဆိုတော့မည့်အချိန်မှာပင် ရီဖုန်းသည် ထိုဓားကို စိတ်ကျေနပ်စွာဖြင့်ကြည့်ကာ ရေအတွင်းသို့နှစ်လိုက်၏။ သူ ထိုဓားကို ပြန်ထုတ်လိုက်ချိန်တွင် အောင်းချင်က ပင့်သက်ရှိုက်လိုက်သည်။

"ဒါက ဧကရာဇ်အဆင့်....မဟုတ်ဘူး....မဟုတ်ဘူး..."

အဆုံးသတ်၌ အောင်းချင်သည် သူ၏အသိပညာဗဟုသုတထက် ကျော်လွန်နေသောကြောင့် ထိုမီးဖိုချောင်ဓား၏အဆင့်ကို ခွဲခြားသတ်မှတ်နိုင်စွမ်းမရှိတော့ချေ။

သူ သိရှိသည်မှာ ဤသည်က သူ မြင့်တွေ့ဖူးသမျှတွင် အရည်အသွေးအမြင့်မားဆုံး နတ်ဘုရားလက်နက်ပင်။

ဝိုး....

ဤကဲ့သို့ နတ်ဘုရားလက်နက်တစ်ခု မွေးဖွားလာခြင်းကို သူ မျက်မြင်တွေ့ခဲ့ရသည့်အပြင် ထိုအရာဖန်တီးစဥ်တွင် ကူညီပံ့ပိုးခဲ့ရသည်မှာ မည်ကဲ့သို့ကံကောင်းမှုမျိုးဖြစ်သနည်း။

"ဟား ဟား ဟား....."

"အဖေ....တစ်ရက်ကျရင် အဖေ့ရဲ့ဒီသားက တခြားသားတွေထက် သာတယ်ဆိုတာ အဖေ သိစေရမယ်"

"တကယ်လို့ ဒီလိုနတ်ဘုရားလက်နက်ကို စီနီယာထုလုပ်တဲ့နေရာမှာ ကျွန်တော်က ကူညီပေးခဲ့တယ်ဆိုတာသာ အဖေသိသွားရင်...အဖေ ကျွန်တော်ကို ထပ်ပြီးအထင်သေးဝံ့တော့မှာ မဟုတ်ဘူး"

ထိုအကြောင်းကို တွေးတောရင်း အောင်းချင်က ကျေးဇူးတင်စွာဖြင့် ရီဖုန်းကိုကြည့်လိုက်၏။

မြင့်မြတ်သော စီနီယာ....

ကံကြမ္မာစက်ဝန်းသည် အောင်းချင်ထံသို့ လှည့်လာလေပြီ။ အကယ်၍ သူသည် ဤစီနီယာ၏နံဘေးတွင် အချိန်အတိုင်းအတာတစ်ခုထိ နေခွင့်ရပါက....ဟီး ဟီး....

ခွေးသည် ခွေးရူးပြန်နေသည့်အလား ပြုမူနေသည်ကို မြင်တွေ့ချိန်တွင် ရီဖုန်း၏မျက်လုံး ကလယ်ကလယ်ဖြစ်သွားသည်။

သူသည် ဤခွေး၏မျိုးရိုးကို မသိရှိသော်လည်း စွတ်ဖားခွေးတစ်ကောင်နှင့် အမှန်တကယ် တူညီနေသည်။

ဖြစ်နိုင်သည်မှာ ခွေးသည် ဤကမ္ဘာလောက၏စွတ်ဖားခွေးပုံစံပင်။

"ဆရာ...ဧည့်သည်တစ်ယောက်ရောက်နေတယ်"

ကျုံးချင်က ပြင်ပမှပြေးဝင်လာကာ ရိုသေလေးစားစွာပြောဆိုသည်။

"အင်း...ငါ လာခဲ့မယ်"

ရီဖုန်းက ခေါင်းတစ်ချက်ဆတ်ပြကာ အသစ်ထုလုပ်လိုက်သော မီးဖိုချောင်သုံးဓားအသစ်ကို စစ်ဆေးလိုက်သည်။ ထို့နောက် သူက အရှေ့ခန်းမသို့ ထွက်လာခဲ့လေ၏။

တံခါးဝ၌ အသက်ဆယ့်ခုနစ်နှစ် ဆယ့်ရှစ်နှစ်ခန့်ရှိသည့် မိန်းကလေးတစ်ယောက် မတ်တတ်ရပ်နေသည်။

ထိုမိန်းကလေးသည် ချောမောလှပပြီး ကျက်သရေရှိကာ နူးညံသိမ်မွေ့သော ပုံပန်းသွင်ပြင်ရှိသည်။ သူမ၏အဝတ်အစားများသည် သာမာန်ဖြစ်သော်လည်း သူမသည် အလွန်အမင်း ချောမောလှပနေဆဲပင်။

Chapter 15 ငါ ကျင့်ကြံဖို့အတွက် ချင်ရှန်းဂိုဏ်းကိုဝင်နိုင်ဖို့က ငါ့ရဲ့အိမ်မက်ပဲ

"ဖန်းယင်လား"

ရီဖုန်းသည် ထိုမိန်းကလေးကိုမြင်တွေ့ချိန်တွင် သူ၏မျက်လုံးများ တောက်ပသွားသည်။ သူ့ရှေ့ရှိ မိန်းကလေးငယ်သည် သူ၏ငယ်ချစ်ဦးဖန်းယင်မှတပါး တခြားသူမဟုတ်ချေ။ သူတို့ နောက်ဆုံးအကြိမ် တွေ့ခဲ့သည်မှာ လပေါင်းများစွာ ကြာမြင့်နေလေပြီ။

"အင်း...."

ဖန်းယင်က ခေါင်းညိတ်လိုက်သည်။

"လာလေ...အထဲမှာ ဝင်ထိုင်ကြစို့"

ရီဖုန်းက အပြုံးနှင့်ပြောဆိုကာ သူမ၏ကျောက်စိမ်းကဲ့သို့ ချောမွတ်နေသောလက်လေးကို ကိုင်လိုက်၏။

"ထားလိုက်တော့"

ဖန်းယင်က ရီဖုန်း၏လက်ကို ခါချလိုက်သည်။ သူမသည် တစ်စုံတစ်ခုကို ပြောဆိုလိုဟန်ရှိသော်လည်း အချိန်အတော်ကြာ ချီတုံချတုံဖြစ်နေသည်။ နောက်ဆုံး၌ သူမက ပြောဆိုသည်။

"ငါ မထိုင်တော့ဘူး...ငါက နင့်ကိုလာတွေ့ရုံသက်သက်ပဲ...ပြီးတော့ ငါ နင့်ကို သတင်းကောင်းတစ်ခု ပြောစရာရှိတယ်...ငါ ချင်ရှန်းဂိုဏ်းရဲ့ အပြင်စည်းတပည့်တစ်ယောက်ဖြစ်သွားပြီ"

"အော်...မင်းအတွက် ငါ ဂုဏ်ယူပါတယ်"

ရီဖုန်းက ပြောဆိုသည်။

သို့ရာတွင် သူ၏စိတ်နှလုံးသားအတွင်း၌ အနည်းငယ် စိတ်ရှုပ်ထွေးနေသည်။

တစ်ဖက်၌ သူသည် ဖန်းယင်အတွက် ပျော်ရွှင်ဝမ်းမြောက်မိသည်။

တခြားတစ်ဖက်တွင်မူ သူသည် တစ်ကိုယ်ကောင်းဆန်ကာ ဖန်းယင်ကို မကျင့်ကြံစေလိုချေ။ အကြောင်းအရင်းမှာ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် အချိန်အတော်ကြာ တွေ့နိုင်တော့မည် မဟုတ်သောကြောင့်ပင်။

"နင် ငါ့ကို မကျင့်ကြံစေချင်ဘူးဆိုတာ ငါ သိတယ်"

ဖန်းယင်က ကြင်နာသနားသောလေသံဖြင့် ပြောဆိုသည်။

"ဒါပေမယ့် ချင်ရှန်းဂိုဏ်းကိုဝင်နိုင်ဖို့က ငါ့ရဲ့အိမ်မက်ပဲ...ငါ ချင်ရှန်းဂိုဏ်းကို အဆင်ပြေပြေဝင်နိုင်ခဲ့တဲ့အတွက် နင် ဝမ်းသာပေးသင့်တယ်"

ရီဖုန်းက အတင်းအကြပ်အားယူ၍ ပြုံးလိုက်၏။

သူက သက်ပြင်းရှိုက်လိုက်သည်။

သို့ရာတွင် သူမ ပြောသည်မှာ အမှန်ပင်။ သူတို့နှစ်ယောက်ထံတွင် လမ်းကြောင်းကိုယ်စီရှိနေသဖြင့် သူသည် သူမ၏အိမ်မက်အတွက် ထောက်ပံပေးရပေမည်။

"မင်း အဆင်ပြေနေသရွေ့ပေါ့...."

သူက အနည်းငယ်တွေးတောပြီးနောက် ပြောဆိုသည်။

"ငါ့အထင်တော့ ဒါက ငါတို့တွေထပ်မတွေ့ရတော့ဘူးလို့ ဆိုလိုတာပဲ"

ထိုသို့ပြောဆိုပြီးနောက် ဖန်းယင်က တံခါး၏ပြင်ပထံသို့ဦးတည်၍ လျှောက်လှမ်းသွားတော့သည်။

ရီဖုန်းသည် တစ်စုံတစ်ခုကို ပြောဆိုလိုသော်လည်း မည်သည့်အရာကိုမှန်း သူ မသိတော့ချေ။ သို့ရာတွင် ဖန်းယင် မည်သည့်အရာအား ဆိုလိုသည်ကို သူ နားလည်သဘောပေါက်သည်။ ယခုချိန်တွင် သူမသည် ကျင့်ကြံတော့မည်ဖြစ်သဖြင့် သူတို့နှစ်ယောက်သည် ရှေ့ဆက်၍ တူညီသောလမ်းကြောင်းပေါ်၌ မရှိတော့ပေ။

ဤဘဝတွင် ရီဖုန်းသည် အရာအားလုံးကိုစွန့်လွှတ်ရန် အဆင်သင့်ဖြစ်နေလေပြီ။ မည်သို့ပင်ဆိုစေကာမူ သူတို့ထံတွင် သူတို့၏ကိုယ်ပိုင်လမ်းကြောင်းများရှိနေသည်။

ဤအခြင်းအရာကို တွေးတောမိပြီးနောက် ရီဖုန်းက ဖန်းယင်၏နောက်သို့ပြေးလိုက်ကာ အော်ဟစ်လိုက်၏။

"ငါ မင်း အဆင်ပြေပါစေလို့ ဆုတောင်းပေးနေမယ်...ငါ ဦးလေးနဲ့အဒေါ်ကိုပဲ....."

"နင် ဘာမှမစိုးရိမ်ပါနဲ့...ငါ သူတို့ကို စောင့်ရှောက်လိုက်မယ်"

ဖန်းယင်က အချိန်တခဏကြာ တွေးတောပြီးနောက် နူးညံညင်သာစွာ ပြောဆိုသည်။

ရီဖုန်းက ခေါင်းညိတ်ပြလိုက်သည်။ သူသည် ငယ်စဥ်ကတည်းက မိဘနှစ်ပါးလုံး ကွယ်လွန်သွားခဲ့ရာ ဖန်းယင်၏မိဘနှစ်ပါးသည် သူ့အား အလွန်အမင်းကောင်းမွန်စွာ ဆက်ဆံခဲ့သည်။

ထိုအကြောင်းကို တွေးတောပြီး သူ၏လက်အတွင်းရှိ မီးဖိုချောင်သုံးဓားကိုမြှောက်ကာ

"ငါ့မှာ မင်းကိုပေးစရာ အများကြီးမရှိဘူး...ဒေါ်လေးက ငါ အချိန်ရရင် သူ့အတွက် ဓားတစ်လက်လုပ်ပေးဖို့ပြောထားတာကို ငါ မှတ်မိသေးတယ်...ငါ့ကိုကူညီပြီးတော့ ဒီဓားကို သူ့ဆီယူသွားပေးပါလား"

ရီဖုန်း၏လက်အတွင်းရှိ မီးဖိုချောင်သုံးဓားကိုကြည့်ပြီး ဖန်းယင်က မျက်မှောင်ကြုတ်ကာ မဖော်ပြတက်သောအမူအယာမျိုး သူမ၏မျက်နှာပေါ်၌ ရှိနေသည်။

"ယင်အာ...မင်း အလုပ်တွေပြီးပြီလား...ငါတို့ ဂိုဏ်းကို ပြန်ကြရအောင်"

ဓားရှည်တစ်လက်ကိုလွယ်ထားပြီး အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသည့် လူငယ်တစ်ယောက် လျှောက်လှမ်းလာကာ ညင်သာသောအသံဖြင့် ဖန်းယင်ကို မေးမြန်းလေ၏။

"အကိုဝူကျီး...ကျွန်မကို အချိန်ခဏလောက်ပေးပါအုံး...ကျွန်မ ခဏနေကျရင် လာခဲ့မယ်...သူက ကျွန်မရဲ့မိတ်ဆွေရီဖုန်းပါ"

ဖန်းယင်က နူးညံသိမ်မွေ့စွာ ပြောဆိုသည်။

"ကောင်းပြီလေ...မြန်မြန်လာခဲ့နော်"

လူငယ်က ပြောဆိုသည်။ သူသည် ရီဖုန်းကို စောင်းငဲ့ကြည့်ခြင်းပင်မပြုချေ။ မည်သို့ပင်ဆိုစေကာမူ သာမာန်သေမျိုးတစ်ယောက်သည် သူ၏နှုတ်ဆက်မှုကိုရရှိရန် မထိုက်တန်ပေ။

"သူက ဘယ်သူလဲ"

ရီဖုန်းက မျက်မှောင်ကြုတ်၍ မေးမြန်းသည်။

ဖန်းယင်ထံတွင် စိတ်ရှုပ်ထွေးနေသော မျက်နှာအမူအယာမျိုးရှိနေသည်။ သူမက သက်ပြင်းတစ်ချက်ရှိုက်ကာ ပြောဆိုလေ၏။

"ကျေးဇူးပြုပြီးတော့ ငါ့ကိုအပြစ်မတင်ပါနဲ့...ငါ့ရဲ့အရည်အချင်းက သာမာန်ပဲရှိတယ်ဆိုတာ နင် သိပြီးသားပဲ...သူ့ရဲ့အကူအညီနဲ့ ငါ ချင်းရှန်ဂိုဏ်းကိုဝင်နိုင်ခဲ့တာကြောင့် ငါ သူ့ကို ကျေးဇူးတင်ရမယ်...ငါ သူ့ကို လက်လွတ်ခံလို့မရဘူး"

"ဒီဓားကတော့ နင့်ဟာနင်ပဲ သိမ်းထားလိုက်ပါ"

ထိုသို့ပြောဆိုပြီးနောက် ဖန်းယင်သည် အဖြူရောင်ဝတ်စုံဝတ်လူငယ်၏နောက်သို့ အပြေးလိုက်သွားကာ ရီဖုန်း၏အမြင်အာရုံအောက်မှ ပျောက်ကွယ်သွားတော့သည်။

ဖန်းယင်၏စကားလုံးများသည် ရီဖုန်း၏နားအတွင်း၌ ပဲ့တင်ထပ်နေသည်။

သူမသည် ထိုလူငယ်ကို လက်လွတ်မခံနိုင်ဟု ပြောဆိုသွားလေရာ ရီဖုန်းသည် မည်သို့ဖြစ်သွားသနည်း။ သူသည် မည်မျှထိ အရေးမပါသောကောင် ဖြစ်သွားသနည်း။

ရှက်ဖို့ကောင်းလိုက်တာ...

"သောက်ချေးပဲ"

ရီဖုန်းက ဆဲရေးတိုင်းထွာလိုက်သည်။

"အရမ်းကြီး မောက်မာမနေကြစမ်းနဲ့"

ရီဖုန်းသည် မီးဖိုချောင်သုံးဓားကို ပြန်လည်သိမ်းဆည်းကာ မီးဖိုချောင်အတွင်းသို့ ပြန်ဝင်ခဲ့လေ၏။

"တပည့်...ဆိုင်ကိုကြည့်ထားစမ်း"

သူသည် နောက်မှီကုလားထိုင်ပေါ်၌ မလဲလျောင်းမီ ကျုံးချင်ကို ညွှန်ကြားလိုက်သည်။ ဝိုင်အရက်နှစ်ခွက်ခန့်သောက်ပြီးနောက် သူ နှစ်ခြိုက်စွာ အိပ်ပျော်သွားတော့သည်။

ချင်ရှန်းဂိုဏ်း၏မဟာခန်းမ၌...

ချင်ရှန်းဂိုဏ်းချုပ်သည် တည်ကြည်လေးနက်သော မျက်နှာအမူအယာနှင့် အဓိကထိုင်ခုံ၌ ထိုင်နေသည်။ သူ၏အောက်တွင် လော့လန်ရွှယ်နှင့်တခြားသူများအပြင် ချင်ရှန်းဂိုဏ်းမှအကြီးအကဲများရှိနေသည်။ ထိုအကြီးအကဲများ၏တပည့်များသည်လည်း သူတို့၏နောက်တွင် မတ်တတ်ရပ်နေကြ၏။

ချင်ရှန်းဂိုဏ်းတစ်ဂိုဏ်းလုံး၏ ထိပ်သီးအကြီးအကဲများအားလုံး ယခုကဲ့သို့ စုဝေးနေခြင်းမှာ လွန်စွာရှားပါးသည်။

လေးလံသောအငွေ့အသက်များက မဟာခန်းမတစ်ခုလုံးကို လွှမ်းခြုံနေသည်။

ချင်ရှန်းဂိုဏ်းချုပ်နှင့်ရွှမ်းဝူဂိုဏ်းချုပ်တို့၏တိုက်ပွဲသည် ချင်ရှန်းဂိုဏ်းချုပ် ကျင့်ကြံဆင့်ချိုးဖျက်နိုင်ခဲ့သော်လည်း ဆက်လက်၍ဖြစ်ပွားပေလိမ့်မည်။

ချင်ရှန်းဘိုးဘေးသည် သိုင်းဘုရင်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ပြီးနောက် ထိုတိုက်ပွဲသည် မသေချာတော့ဟု သူတို့အားလုံး ယူဆခဲ့ကြ၏။ သို့ရာတွင် ရွှမ်းဝူဂိုဏ်းချုပ်သည် လွန်ခဲ့သောဆယ်နှစ်ကတည်းက သိုင်းဘုရင်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ပြီးဖြစ်ကြောင်း သူတို့ သတင်းအတိအကျရရှိခဲ့သည်။

ဤသတင်းသည် ချင်ရှန်းဂိုဏ်းမှလူများအတွက် တလိမ့်တုံးစီးနေရသည့်အလားပင်။

တစ်ယောက်သည် ယခုလတ်တလောမှ သိုင်းဘုရင်နယ်ပယ်သို့ ခြေချနိုင်ကာ ကျန်တစ်ယောက်သည် ထိုကျင့်ကြံဆင့်နယ်ပယ်၌ အချိန်ဆယ်နှစ်ကျော် ကြာမြင့်နေလေပြီ။ သူတို့နှစ်ယောက် ခွန်အားခြင်းယှဥ်ပြိုင်ပါက မည်သူက ပို၍အားကောင်းမည်မှာ သိသာထင်ရှားလှ၏။

"အားလုံးပဲ...ကျေးဇူးပြုပြီးတော့ ဒီကိစ္စကို ငါတို့ဘယ်လိုကျော်ဖြတ်ကြမလဲဆိုတာ အကြံဥာဏ်ပေးကြပါအုံး"

ချင်ရှန်းဂိုဏ်းချုပ်၏လက်အောက်ရှိ အကြီးအကဲကျူးယွမ်က တည်ကြည်လေးနက်စွာ ပြောဆိုသည်။

တိတ်ဆိတ်ငြိမ်သက်ခြင်းကသာ မဟာခန်းမအတွင်း၌ လွှမ်းခြုံနေသည်။

အကြွင်းမဲ့စွမ်းအားနှင့် ရင်ဆိုင်ရမည့်အချိန်တွင် မည်သည့်အကြံအစည်မဆို အချည်းနှီးပင်။

ချင်ရှန်းဂိုဏ်းသည် အမှန်တကယ်ကိုပင်အဆုံးသတ်နှင့် ကြုံတွေ့ရတော့မည်လော....

ထိုအချိန်မှာပင် အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသော လူငယ်တစ်ယောက်က ရှေ့သို့ထွက်လာသည်။

သူသည် အကြီးအကဲတစ်ယောက်၏လက်ရင်းတပည့်ပင်။

အကယ်၍ ရီဖုန်းသာ ဤနေရာတွင်ရှိနေပါက ထိုလူငယ်သည် အစောပိုင်းက ဖန်းယင်နှင့်အတူရှိနေသူဖြစ်ကြောင်း သိရှိပေမည်။

All Chapters