← Chapters

တစ်ယောက်ယောက်က ငါ့ရဲ့ဗိုက်ကို ပုတ်ပေးနေသလိုပဲ

Vol. 5 Ch. 61

တစ်ယောက်ယောက်က ငါ့ရဲ့ဗိုက်ကို ပုတ်ပေးနေသလိုပဲ

Vol. 5 Ch. 61

ချင်ကွမ်းသားရဲနှင့်လင်းယွမ်သားရဲတို့၏ သွေးအနှစ်သာရများသည် အလွန်အဖိုးတန်ကာ ရောင်းချချိန်၌ မပိုမလျော့စေရန် တစ်စက်ခြင်းရေတွက်၍ တင်းတင်းကြပ်ကြပ်ရောင်းချသည်။သို့ရာတွင် လော့ကျစ်ငှက်နှင့်ဟန်ပေလိပ်သွေးတို့သည် အလွန်အဖိုးနည်းပြီး ဝယ်ယူသူမှာလည်း မရှိသလောက်နီးပါးပင်။အကယ်၍ ထိုအရာများကို ဝယ်သူတစ်ယောက် ထွက်ပေါ်လာပါက လျှော့စျေးပေးခြင်းနှင့်ရောင်းအားတိုးအောင်လုပ်ထားခြင်းတို့ကြောင့် တစ်မျိုးဝယ်လျှင် တစ်မျိုးလက်ဆောင် သို့မဟုတ် တစ်မျိုးဝယ်လျှင် လက်ဆောင်နှစ်မျိုးကိုပင် ရရှိနိုင်သည်။

လျှူမင်ယွဲ့နှင့်ယုရှောင်ယွီတို့၏ ကျောက်စိမ်းပုလင်းများအတွင်း၌ သွေးအနှစ်သာရတစ်စက်စီသာရှိသည်ဟု ဆိုသော်လည်း လက်တွေ့ဖြစ်ရပ်မှန်မှာ အနည်းဆုံး သွေးစက်နှစ်စက် ပါရှိသည်။

ကျန်းရွှမ်သည် မိန်းကလေးနှစ်ယောက်အား မီးပြင်းဖိုထွန်းညှိပေးရန် အာရုံစိုက်နေသဖြင့် ထိုကျောက်စိမ်းပုလင်းများကို ဂရုတစိုက်မကြည့်ဘဲ သွေးတစ်စက်စီကို ထုတ်ယူပြီးနောက် နံဘေးသို့ သာမာန်ကာလျှံကာ ချထားခဲ့သည်။တခြားလူများသည် ဤအကြွင်းအကျန်များကို ယူသွားမည်ဟု သူ မျှော်လင့်မထားမိချေ။

"သွေးစက်နှစ်စက် ကျန်သေးတာလား...."

"ဒါက ချင်ကွမ်းသားရဲနဲ့လင်းယွမ်သားရဲတို့ရဲ့ သွေးအနှစ်သာရတွေ မဟုတ်လား...."

"မိန်းကလေးယုနဲ့ မိန်းကလေးလျှူတို့နှစ်ယောက်လုံးက ဒီသွေးအနှစ်သာရတွေနဲ့ အထွတ်အထိပ်အဆင့် ဆေးမီးဖိုကို ထွန်းညှိနိုင်ခဲ့တယ်...ဘယ်လိုလုပ်ပြီးတော့ အတုဖြစ်နိုင်မှာလဲ...."

လူအုပ်အကြားတွင် စိတ်လှုပ်ရှားစွာအော်ဟစ်နေသံများ တဖန်ပြန်၍ မြင့်တက်လာသည်။

သွေးတစ်စက်ကို အသုံးပြုပြီးနောက် ဤကဲ့သို့ အဖိုးတန်ရှားပါးသော သွေးစက်တစ်စက်ကို လွှင့်ပစ်လိုက်ခြင်းမှတဆင့် ထိပ်သီးမိသားစုကြီးများ၏ ချမ်းသာကြွယ်ဝမှုကို ပြသရန် လုံလောက်သည်။

"ဘာလဲ...ဘယ်သူမှ ဆန္ဒမရှိကြဘူးလား...မင်းတို့အားလုံး စိတ်အေးအေးထားကြပါ...ငါ ချန်းဟောင်က ကျောင်းတော်ကိုတက်ခဲ့တာ သုံးနှစ်ကြာခဲ့ပြီးတော့ ရုပ်ခန္ဓာကိုယ်နယ်ပယ်ရဲ့ အထွတ်အထိပ်ဖြစ်တဲ့ ရင်းမြစ်ရေအိုင်နယ်ပယ် စတုတ္ထအဆင့်ကို ရောက်နေပြီ....ငါ အရင်ကလည်း ဂျူနီယာကျောင်းသားတွေအတွက် မီးပြင်းဖိုတွေ ထွန်းညှိတဲ့နေရာမှာ ဆရာတွေကို ကူညီပေးခဲ့တယ်...ဒါကြောင့် ငါ့မှာ အတွေ့အကြုံရှိပြီးသားပါ... "

သူ့ကိုယ်သူ မိတ်ဆက်ပေးပြီးနောက် ချန်းဟောင်က လူအုပ်ကြီးကို တဖန်ပြန်၍ ဝေ့ဝိုက်ကြည့်လိုက်သည်။ဤတစ်ကြိမ်တွင် လူငယ်အမြောက်အများ ရှေ့သို့ပြေးထွက်လာပေ၏။

"ငါ ကြိုးစားကြည့်ချင်တယ်...."

"ငါလည်း ကြိုးစားကြည့်ချင်တယ်...."

ဤလူငယ်များသည် အသင့်အတင့်နောက်ခံသာရှိသော မိသားစုများမှ ဖြစ်သောကြောင့် သူတို့၏ဘဝတွက် အလယ်အလတ်ဆင့်မီးပြင်းဖိုကို ထွန်းညှိနိုင်လျှင်ပင် ကြီးမားသောအောင်မြင်မှုကြီး ဖြစ်နေလေပြီ။ယခုအချိန်၌ အထွတ်အထိပ်အဆင့် မီးပြင်းဖိုကို ထွန်းညှိနိုင်မည့် အခွင့်အရေး ရှိနေသောကြောင့် သူတို့ လက်မလွှတ်လိုကြချေ။

"ကောင်းပြီလေ...ဒါဆိုရင် မင်းတို့နှစ်ယောက် ရှေ့ကိုထွက်လာခဲ့ပါ..."

ချန်းဟောင်သည် လူရည်လည်ပုံရသော ကျောင်းသားနှစ်ယောက်ကို ရွေးချယ်ပြီးနောက် လုမင်ရုန်ဘက်သို့လှည့်၍ သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ပြီး ပြောဆိုသည်။

"ကျောင်းအုပ်ကြီး....ငါက သူတို့ရဲ့မီးပြင်းဖိုတွေ ထွန်းညှိဖို့အတွက် ကူညီပေးနိုင်တယ်...ငါ လုပ်လို့ရလား..."

"ဒါက...."

ကျန်းရွှမ်ကိုစိန်ခေါ်လိုသော ဤလူ၏ရည်ရွယ်ချက်ကို နားလည်သဖြင့် လုမင်ရုန်က မျက်မှောင်ကြုတ်ပြီး ထိုလူငယ်ထံသိူ့စောင်းငဲ့ကြည့်လိုက်သည်။ကျန်းရွှမ်ထံတွင် ပေါ့ပေါ့ပါးပါးအမူအယာရှိပြီး မကျေမနပ်ဖြစ်နေမှုမျိုး မရှိသည်ကို မြင်တွေ့ချိန်၌ လုမင်ရုန်က ခေါင်းညိတ်လိုက်သည်။

"ကျောင်းသားတွေဘက်က ကြိုးစားကြည့်ဖို့ ဆန္ဒရှိတယ်ဆိုရင် ငါ ခွင့်ပြုပေးနိုင်တယ်...ဒါပေမယ့် တကယ်လို့ မင်း မအောင်မြင်နိုင်ဘူးဆိုရင် သွေးအနှစ်သာရတွေ ဆုံးရှုံးသွားတာကနေ ကာကွယ်ပေးဖို့အတွက် ငါကိုယ်တိုင် ကြားဝင်စွက်ဖက်ရလိမ့်မယ်"

သူသည် ဆုံးရှုံးမှုမှကာကွယ်ရန်ဟု ပြောဆိုခဲ့သော်လည်း အမှန်အားဖြင့် တစ်ဖက်လူသည် မီးပြင်းဖိုကို အောင်မြင်စွာ ထွန်းညှိပေးနိုင်ပြီး ကျန်းရွှမ် ဒေါသထွက်သွားမည်ကို သူ စိုးရိမ်နေခြင်းပင်။အကယ်၍ ဤကဲ့သို့ အခြေအနေတစ်ခု ရှိလာပါက သူ ဝင်ရောက်ဟန့်တန်းကာ သူ၏အကျိုးဆောင်မှုအဖြစ် လွှဲပြောင်းယူရပေမည်။

ဤနည်းလမ်းဖြင့် ကျန်းရွှမ်၏တံခါးဖွင့်သင်ခန်းစာသည် ကိုးရိုးကားယားဖြစ်သွားတော့မည် မဟုတ်ချေ။

"ဟုတ်ကဲ့...."

စိတ်သက်သာရာရသွားသော ချန်းဟောင်သည် စိတ်အားထက်သန်စွာဖြင့် ခေါင်းညိတ်လိုက်သည်။သူ၏မျက်လုံးတစ်စုံသည် စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေပေ၏။

လျှူမင်ယွဲ့ကို လေးစားထောက်ခံသူတစ်ယောက်ဖြစ်သော သူ့အနေဖြင့် ယခင်က သူမ အရှက်ခွဲခံခဲ့ရမှုအတွက် သူသည် ထိုလက်ထောက်ဆရာအပေါ် ရန်ငြိုးထားခဲ့သည်။

ယနေ့၏တံခါးဖွင့်သင်ခန်းစာကို အခွင့်ကောင်းယူ၍ သူသည် ကျန်းရွှမ်ကို အရှက်ရအောင် လုပ်နိုင်မည်ဟု သူ တွေးထင်ခဲ့သည်။သို့ရာတွင် ယခုချိန်၌ အလှည့်အပြောင်းတစ်ခုဖြစ်ရန် အလားအလားရှိနေသောကြောင့် သူ မဆိုင်းမတွချဥ်းကပ်ခဲ့သည်။

ဤအချိန်တွင် သူ ကောင်းကောင်းမွန်မွန် လုပ်ဆောင်နိုင်ပါက လျှူမင်ယွဲ့သည် သူ့အား အထင်ကြီးသွားမည်မှာ သေချာပေါက်ပင်။

ဤအတွေးကြောင့် သူသည် လျှူမင်ယွဲ့ကို စောင်းငဲ့ကြည့်လိုက်ကာ သူမ၏ဖူးယောင်နေသောမျက်နှာသည် စိတ်လှုပ်ရှားမှုကြောင့် ရှုံမဲ့နေပြီး အတွေးများအတွင်း၌ နစ်မြောနေသည်ကို သူ မြင်တွေ့မိသည်။

"ငါ့အတွက် မစိုးရိမ်နဲ့"

နှာမှုတ်သံတစ်သံနှင့်အတူ ချန်းဟောင်က ကျောင်းသားသစ်နှစ်ယောက်ထံသို့ ချဥ်းကပ်သွားပြီး သူ ပြင်ဆင်ထားသော ဝင်္ကပါအလံများကို ထုတ်ယူကာ ဝင်္ကပါကို စတင်ခင်းကျင်းလိုက်သည်။အချိန်ဆယ်မိနစ်ကျော်ကြာပြီးနောက် သူသည် မီးပြင်းဖိုများ ထွန်းညှိရန်အတွက် ပုံစံထုတ်ထားသည့် လီဟော်မီးပြင်းဖိုဝင်္ကပါဟု လူသိများသည့် အသေးစားဝင်္ကပါတစ်ခုကို ခင်းကျင်းနိုင်ခဲ့လေ၏။

"ချန်းရှောင်ရဲ့မျိုးဆက်က ဒီဝင်္ကပါကို တော်တော်လေး စံသတ်မှတ်ချက်မီအောင် ခင်းကျင်းနိုင်ခဲ့မယ်လို့ ငါ မျှော်လင့်မထားမိဘူး"

လုမင်ရုန်က အသိအမှတ်ပြုသည့်အနေဖြင့် မသိမသာ ခေါင်းညိတ်လိုက်သည်။

ချန်းမိသားစုဘိုးဘေး ချန်းရှောင်သည် အခွင့်အာဏာကြီးမားပေ၏။ချန်းဟောင်သည် ဆရာတစ်ယောက်ကို ပွင့်ပွင့်လင်းလင်းစိန်ခေါ်ပြီး တခြားလူများ၏မီးပြင်းဖိုများကို ထွန်းညှိနိုင်ရန် ကူညီပေးနေခြင်းမှတဆင့် ချန်းမိသားစုဘိုးဘေး၏အဆင့်အတန်းအား ထင်ဟပ်စေသည်။

ဤလူငယ်ခင်းကျင်းသော ဝင်္ကပါသည် မီးပြင်းဖိုများထွန်းညှိရန်အတွက် စံသတ်မှတ်ချက်နည်းလမ်းဖြစ်ပြီး လီဟော်ဝင်္ကပါသည် မီးထွန်းညှိမှုကို ပို၍လွယ်ကူစွာ ထွန်းညှိပေးနိုင်ရန် အလားအလာရှိပေ၏။

ဤသည်မှာ ယခင်က မိုယန်ရွှယ်ကို သူ ကူညီ၍ မီးထွန်းညှိပေးခဲ့သော နည်းလမ်းနှင့် တူညီသည်။

ဤသည်မှာ ကျောင်းသားတစ်ယောက်၏ အပျော်သဘောစိန်ခေါ်ခြင်းဟု သူ တွေးထင်ခဲ့သည်။သို့ရာတွင် စိန်ခေါ်သူသည် အမှန်တကယ် အရည်အချင်းရှိကာ ခြေလှမ်းတိုင်း အပြစ်အနာအဆာကင်းမဲ့စွာ လုပ်ဆောင်နိုင်သဖြင့် သူ အံ့အားသင့်သွားပေ၏။

"ဒီနေရာကို အရင်ဆုံး လာခဲ့ကြပါ"

ချန်းဟောင်က ကျောင်းသားသစ်များအနက်မှ တစ်ယောက်ကို ခေါ်လိုက်သည်။ထိုကျောင်းသားသစ်သည် ဝင်္ကပါ၏နံဘေး၌ထိုင်ကာ သူ၏မျက်လုံးကို စုံမှိတ်လိုက်စဥ်တွင် ချန်းဟောင်သည် သူ၏လက်ဖြင့် ညင်သာစွာထိတွေ့ပြီး အနီတောက်တောက်မီးပွားများ တောက်လောက်လာခြင်းနှင့်အတူ ဝင်္ကပါကို အသက်သွင်းလိုက်၏။

"ဒီလင်းယွမ်သားရဲသွေးအနှစ်သာရကို အသုံးပြုကြစို့...သာမာန်အရဆိုရင် မင်းရဲ့အဆင့်အတန်းနဲ့ ဒီလိုအရာမျိုးကို အသုံးပြုဖို့ နေနေသာသာ ကြားတောင်ကြားဖူးမှာ မဟုတ်ဘူး...မင်း ကံကောင်းတယ်လို့ ယူဆပါ"

ကြည်လင်ပြတ်သားသော အော်သံတစ်သံနှင့်အတူ ချန်းဟောင်သည် အစောပိုင်းက လျှူမင်ယွဲ့ပြင်ဆင်ထားသော ကျောက်စိမ်းပုလင်းကို ဖွင့်လိုက်သည်။ရုတ်ချည်းဆိုသလိုပင် သွေးအနှစ်သာရတစ်စက်သည် ဝင်္ကပါ၏ဗဟိုချက်နေရာ၌ ထွက်ပေါ်လာပေ၏။

ဟူး....

ဝင်္ကပါ၏လွှမ်းခြုံခြင်းကို ခံရပြီးနောက် သွေးအနှစ်သာရမှ အစိမ်းရောင်အလင်းတန်းတစ်တန်း ဖြာထွက်လာကာ သေးငယ်သောမီးတောက်တစ်ခုအသွင် ပြောင်းလဲပြီး လေထုအလယ်၌ မျောလွင့်နေသည်။

ဤသည်မှာ မီးပြင်းဖိုထွန်းညှိခြင်း၏ အခြေခံနည်းလမ်းဖြစ်သော 'လီဟော် သွေးမီးတောက် လောင်ကျွမ်းခြင်း' ဖြစ်စဥ်ပင်။

"အထင်ကြီးစရာပဲ...."

"သခင်လေးချန်းလို့ခေါ်ဖို့ ထိုက်တန်တယ်..."

လူအုပ်အကြားမှနေ၍ အံ့အားတသင့်ရေရွတ်သံများ မြင့်တက်လာသည်။

တချို့ဆရာများပင်လျှင် ဤမျှလောက်ထိ ချောမွေ့စွာ လုပ်ဆောင်နိုင်မည်မဟုတ်သော်လည်း ကျောင်းသားတစ်ယောက်သည် အောင်မြင်ခဲ့ရုံသာမက စံသတ်မှတ်ချက်နှင့်လည်းညီသည်။ဤသည်မှာ လူတိုင်းတွေးထင်ထားသည်ထက် များစွာပို၍ ကျော်လွန်နေပေ၏။ချန်းဟောင်သည် ရှေ့ထွက်ပြီး ပြောင်ပြောင်တင်းတင်း စိန်ခေါ်ဝံ့သည်မှာ အံ့အားသင့်ဖွယ်မရှိတော့ချေ။

ချန်းဟောင်သည်လည်း စိတ်သက်သာရာရသွားကာ သက်ပြင်းရှိုက်လိုက်သည်။

သူသည် ဤနည်းလမ်းကို သင်ယူထားသော်လည်း အကြိမ်တိုင်း အောင်မြင်ခြင်းမရှိချေ။ဤကဲ့သို့ သူ တစ်ကြိမ်တည်းဖြင့် အောင်မြင်ခဲ့သည်မှာ ကံကောင်းသောကိစ္စပင်။

"အဆင်သင့်ပြင်ထားတော့...ငါက မီးထွန်းညှိဖို့အတွက် မီးတောက်ကို မင်းရဲ့ရင်းမြစ်ရေအိုင်ထဲ အခုပို့လိုက်မယ်... "

ကြည်လင်ပြတ်သားသော အော်သံတစ်သံနှင့်အတူ ချန်းဟောင်သည် လေထုအတွင်းသို့ လက်ဆန့်တန်းလိုက်သည်။ထို့နောက် သူ၏လက်ဖြင့် မီးတောက်ငယ်လေးကို ဖမ်းဆုပ်ကာ ကျောင်းသားသစ်၏ပခုံးရှိ ကျန်းကျင်းဟုခေါ်သော အပ်စိုက်မှတ်နေရာအတွင်းသို့ ထည့်သွင်းလိုက်၏။

လောင်ကျွမ်းနေသော လီဟော်သွေးမီးတောက်သည် ရင်းမြစ်ရေအိုင်၏ဝါးမြိုခြင်းကိုခံရသည့်အလား သူ၏ခန္ဓာကိုယ်ရှိ မရီဒါန်းများတလျှောက် ကြယ်ရောင်အလင်းတန်းများ အစုလိုက်အပြုံလိုက် ထွက်ပေါ်လာသည်။

ဤဖြစ်စဥ်သည် အရေအတွက်မှ အရည်အချင်းသို့ ပြောင်းလဲခြင်းဖြစ်ကြောင်း သိရှိသဖြင့် ချန်းဟောင်သည် အလျင်လိုခြင်းမရှိချေ။သူသည် မီးတောက်များအားလုံးကို ဝင်္ကပါမှတဆင့် ကျောင်းသားသစ်၏ခန္ဓာကိုယ်အတွင်းသို့ ပြောင်းရွှေ့ပေးခြင်းမပြုမီ တစ်နာရီခန့်ကြာအောင် မီးတောက်ကိုဆက်လက်ဆုပ်ကိုင်ထားပြီး တဖြည်းဖြည်းပျံ့နှံ့သွားစေသည်။

ဤအချိန်အခိုက်အတန့်တွင် အကယ်၍ တစ်စုံတစ်ယောက်သည် ကျောင်းသားသစ်၏ခန္ဓာကိုယ်ကို ထွင်းဖောက်မြင်နိုင်ပါက သူ၏ရင်းမြစ်ရေအိုင်အတွင်းတွင် မိုးကောင်းကင်ယံအတွင်းရှိ ကြယ်များအလား တောက်ပနေသည့် သေးငယ်သောမီးတောက်များကို မြင်တွေ့နိုင်ပေမည်။

"နောက်ဆုံးတစ်ဆင့်ပဲ ကျန်တော့တယ်..."

ချန်းဟောင်က သူ၏နဖူးပြင်မှ ချွေးများကို သုတ်လိုက်သည်။ထို့နောက် သူသည် အသက်ပြင်းပြင်းတချက်ရှိုက်ကာ သူ၏လက်ညှိုးနှင့်လက်ခလယ်လက်ချောင်းကိုပူး၍ ကျောင်းသားသစ်၏ ရင်းမြစ်ရေအိုင်တည်ရှိရာနေရာသို့ ချိန်ရွယ်ပြီး တို့ထိလိုက်သည်။

ရုတ်ချည်းဆိုသလိုပင် သူ၏လက်ချောင်းထိပ်မှ ကျန်းချီစွမ်းအားလှိုင်းတစ်လှိုင်း ပွင့်အံ့ထွက်လာကာ ကျောင်းသားသစ်၏ဝမ်းဗိုက်အောက်ပိုင်းသို့ ဦးတည်၍ တိုးဝင်သွားလေ၏။

မီးပွားတစ်ခုသည် ရင်းမြစ်ရေအိုင်အတွင်း၌ မီးပြင်းဖိုကို စတင်၍ထွန်းညှိနိုင်သည်။

သာမန်အားဖြင့် ထိုကျန်းချီစွမ်းအားများ ဝင်ရောက်သွားသည်နှင့် ကြယ်ရောင်မီးပွားများအားလုံးကို အသက်သွင်းပြီး ရင်းမြစ်ရေအိုင်အတွင်း၌ မီးပြင်းဖိုတစ်ခုအဖြစ် ဖွဲ့စည်းသွားပေမည်။သို့ရာတွင် အကြောင်းအရင်းတစ်ခုခုကြောင့် ယနေ့ရလဒ်သည် အလွန်စိတ်ပျက်ဖွယ်ကောင်းပေ၏။သူ အဆက်မပြတ်တို့ထိနေသော်လည်း ကျောင်းသားသစ်သည် မျက်လုံးစုံမှိတ်ထားကာ သူ၏မျက်နှာပေါ်တွင် ဝေခွဲရခက်သော အမူအယာတစ်ရပ်ရှိနေပြီး မည်သည့်တုံ့ပြန်မှုမျှ မရှိချေ။

ချန်းဟောင်သည် ခွန်အားကုန်အသုံးပြုသည့်တိုင် မည်သည့်တုံ့ပြန်မှုမျှ မရှိသည်ကို မြင်တွေ့ချိန်၌ စိုးရိမ်ပူပန်စပြုလာသည်။

ထိုလက်ထောက်ဆရာသည် လျှူမင်ယွဲ့ကို သွေးအနှစ်သာရအား သာမန်ကာလျှံကာ တိုက်ကျွေးခဲ့ရုံဖြင့် အောင်မြင်မှုရရှိခဲ့သည်။မည်သည်ကြောင့် သူသည် အလွန်ကိုးယိုးကားယား ဖြစ်နေသနည်း။သူ၏စွမ်းအားများအားလုံးကို ကျောင်းသားသစ်၏ ရင်းမြစ်ရေအိုင်အတွင်းသို့ ထည့်သွင်းလိုက်သည့်တိုင် မည်သည့်အရာမျှ ဖြစ်မလာချေ။

ချန်းဟောင်သည် အားမလိုအားမရဖြစ်နေကာ သူ့၏လက်ချောင်းများဖြင့် ကျောင်းသားသစ်၏ဝမ်းဗိုက်အောက်ပိုင်းအား အဆက်မပြတ် တို့ထိလိုက်သည်။

တစ်ချက်... နှစ်ချက်.... သုံးချက်

မျက်တောင်တစ်ခတ်စွာအချိန်အတွင်းမှာပင် သူသည် အကြိမ်သုံးဆယ်ကျော် တို့ထိကာ ကျန်းချီလှိုင်းသုံးဆယ်ကျော် ကူးပြောင်းပေးခဲ့သည်။သို့ရာတွင် သူ့ရှေ့ရှိ ကျောင်းသားသစ်သည် အလောင်းတလောင်းအလား ငြိမ်သက်နေကာ မည်သည့်တုံ့ပြန်မှုမျှ မရှိချေ။

သူ၏ဦးရေပြားပေါ်၌ ဇောချွေးများ ပွင့်အံ့ထွက်လာသည်။

ယေဘူယျကျကျ ပြောဆိုရလျှင် ယခုအချိန်၌ မီးပြင်းဖိုကို ထွန်းညှိပြီးဖြစ်သင့်သည်။မည်သည်ကြောင့် ဤအရာသည် အလုပ်မဖြစ်သနည်း။

ဤသည်မှာ သူ ယခင်က အသုံးပြုခဲ့ဖူးသော မီးစာများထက် များစွာပို၍အစွမ်းထက်သည့် လင်းယွမ်သွေးအနှစ်သာရပင်။

သူသည် နောက်ထပ်အကြိမ်ပေါင်းများစွာ တို့ထိပြီးနောက် သူ့၏ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများ ခမ်းခြောက်လုနီးပါး ဖြစ်နေသည်ကို ခံစားမိသည်။သို့ရာတွင် တစ်ဖက်လူထံ၌ မည်သည့်ပြောင်းလဲမှုမျိုးမျှ ရှိမနေဆဲပင်။ထို့ကြောင့် ချန်းဟောင်သည် ထပ်မံ၍ တောင့်မခံနိုင်တော့ချေ။

"မင်း ဘာကိုမှ မခံစားရဘူးလား"

"ငါ လား..."

ကျောင်းသားသစ်သည် သူ၏မျက်လုံးကို စုံမှိတ်ထားဆဲဖြစ်ကာ သူ၏အစစ်အမှန်ခံစားချက်ကို ပြောပြလေ၏။

"ငါ ခံစားရတာကတော့...တစ်ယောက်ယောက်က ငါ့ရဲ့ဗိုက်ကို ပုတ်ပေးနေသလိုပဲ"

All Chapters