← Chapters

ချန်းဟောင်၏ တန်ပြန်တိုက်ခိုက်မှု

Vol. 5 Ch. 65

ချန်းဟောင်၏ တန်ပြန်တိုက်ခိုက်မှု

Vol. 5 Ch. 65

ယုရှောင်ယွဲ့နှင့်လျှူမင်ယွဲ့တို့၏ ထိတ်လန့်တုန်လှုပ်မှုသည် လုမင်ရုန်တို့တစ်သိုက်ထက် လျော့ပါးခြင်းမရှိချေ။

"ကောင်းကင်ကံကြမ္မာ မူလဘူတသားရဲတွေရဲ့ သွေးအနှစ်သာရတွေကို အသုံးပြုခဲ့တာကြောင့် အထွတ်အထိပ်အဆင့် မီးပြင်းဖိုတွေကို အောင်အောင်မြင်မြင် ထွန်းညှိနိုင်ခဲ့တာလို့ လူတွေအားလုံး တွေးထင်ခဲ့ကြတယ်...ဒါပေမယ့် အခု မင်းတို့ ငါ့ကို ပြောကြစမ်း...ဒါက ဘယ်လိုဖြစ်သွားတာလဲ..."

"ငါက အကြောင်းတစ်ခုကြောင့် လိမ်ခဲ့တာပဲ...နင်ကရော ဘာလို့လဲ..."

မိန်းကလေးနှစ်ယောက်သည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြ၏။ သူမတို့နှစ်ယောက်လုံး၏ မျက်လုံးများအတွင်းတွင် တစ်ဖက်လူ၏အကြောင်းပြချက်ကို သိရှိနိုင်ရန် မျှော်လင့်နေသော အရိပ်အယောင်များ ထင်ဟပ်နေသည်။

"မင်းတို့နှစ်ယောက်က မသိကြဘူးလား..."

မိန်းကလေးနှစ်ယောက်၏ မျက်နှာအမူအယာကို မြင်တွေ့ချိန်တွင် အခန်းအတွင်းရှိ အကြီးအကဲများအားလုံးသည် သူတို့၏ဆံပင်များကို သူတို့ ပြန်ဆွဲနှုတ်လိုစိတ်များ ပေါက်လာကြသည်။

သူတို့၏စဉ်းစားတွေးခေါ်မှုများသည် လုံလောက်ခြင်းမရှိဟု သူတို့ မည်သည့်ကြောင့် ခံစားနေရသနည်း။

ဤဇဝေဇဝါဖြစ်နေခြင်းများသည် အချိန်ကြာရှည်ခြင်း မရှိချေ။ ကျောင်းအုပ်ကြီးလုသည် ထပ်မံ၍ သည်းမခံနိုင်တော့သဖြင့် တိုက်ရိုက်မေးမြန်းလိုက်၏။

"ဘာတွေ ဖြစ်ခဲ့တာလဲ...ငါ့ကို အတိအကျပြောစမ်း...ယုရှောင်ယွီ မင်း အရင်ပြော...မင်းက ချင်ကွမ်းသားရဲရဲ့ သွေးအနှစ်သာရကို အသုံးပြုခဲ့တယ်လို့ ဘာလို့ လူသူအများရှေ့မှာ ထုတ်ပြောခဲ့တာလည်း...ဒါပေမဲ့ တကယ်တော့ မင်းက လော့ကျစ်ငှက်သွေးကို အသုံးပြုခဲ့တယ် မဟုတ်လား... မင်း နားလည်သင့်တာက သာမန်အသိအမြင်နဲ့ဆိုရင် အဲ့ဒီပစ္စည်းက မီးပြင်းဖိုတစ်လုံးကို ထွန်းညှိဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး"

"ငါ...."

သူမသည် ဖြေရှင်းချက်ကောင်းကောင်း မပေးဘဲ ဤအခြေအနေမှ ရုံးထွက်နိုင်မည် မဟုတ်သည်ကို သိရှိသဖြင့် ယုရှောင်ယွီက အံ့တင်းတင်းကြိတ်ပြီး အမှန်အတိုင်း ပြောဆိုလိုက်၏။

"ဒါက...ငါ့ရဲ့အဖေက ငါ့ကို ဒီလိုလုပ်ဖို့ ပြောထားလို့ပါ..."

ထိုရှင်းပြချက်ကို ကြားချိန်တွင် လုမင်ရုန်ထံမှ ခြောက်ကပ်ကပ် ရယ်မောသံတစ်သံ ထွက်ပေါ်လာသည်။

သူ နောက်ဆုံး၌ နားလည်သဘောပေါက်သွားလေပြီ။

ကြည့်ရသည်မှာ မြို့အရှင်ယုနှင့် သူ့ထံတွင် တူညီသောအတွေးမျိုး ရှိနေသည့်ပုံပင်။ မြို့အရှင်ယုသည် မီးပြင်းဖိုအား ထွန်းညှိရာ၌ အခက်အခဲရှိပြီး သူ့သမီး၏ကျင့်ကြံမှု နှောင့်နှေးမည်ကို စိုးရိမ်ပူပန်နေခဲ့သည်။ ထိုကြောင့် သူသည် ဤလှည့်စားမှုကို အသုံးပြုခဲ့ခြင်း ဖြစ်ပေမည်။ ဤမီးထွန်းညှိခြင်းဖြစ်စဉ် အတောအတွင်းတွင် ယုရှောင်ယွီသည် မသပ်ရပ်သော အယောင်ဆောင်မှုကို ပြုလုပ်ခဲ့သည်မှာ အံ့အားသင့်ဖွယ် မရှိတော့ချေ။ သူမသည် တစိချိန်လုံး သူမဖခင်၏အစီအစဉ်အတိုင်း လိုက်နာနေခြင်းပင်။

"ဒါဆိုရင် လျှူမင်ယွဲ့...မင်းကရော ဘယ်လိုလဲ"

လုမင်ရုန်က လျှူမင်ယွဲ့ဘက်သို့ လှည့်ကြည့်လိုက်သည်။

"ငါ....ငါက သူ့ကို အရူးတစ်ယောက်လို ဖြစ်စေချင်တာပါ...."

လျှူမင်ယွဲ့က ဗလုံးဗထွေးလေသံဖြင့် သူမ၏အတွေးများနှင့် ရည်ရွယ်ချက်များကို ဖွင့်ဟပြောဆိုသည်။

ဤမိန်းကလေးနှစ်ယောက်၏ 'ဝန်ခံချက်များ'ကို ကြားပြီးနောက် ယန်ချင်းရှုနှင့် တခြားအကြီးအကဲများ၏မျက်နှာများ ရှုံမဲ့သွားကာ အနည်းငယ် တုန်ရီနေကြသည်။

လော့ကျစ်ငှက်နှင့်ဟန်ပေလိပ်...ဤသည်မှာ မည်သည့်အဆင့်တွင် ရှိနေသော သတ္တဝါများဖြစ်သနည်း...

သူတို့၏လက်များအတွင်းတွင် ထိုအရာများကို အသုံးပြု၍ အဆင့်နိမ့်မီးပြင်းဖိုကိုပင် အောင်မြင်စွာ ထွန်းညှိနိုင်ခဲ့ခြင်း မရှိချေ။ သို့ရာတွင် တစ်ဖက်လူ၏လက်အတွင်း၌ အထွတ်အထိပ်အဆင့်မီးပြင်းဖိုကို အောင်မြင်စွာ ထွန်းညှိနိုင်ခဲ့ပေ၏။

"ဖြစ်နိုင်တာတော့ ဆရာကျန်းက အမြင်ကောင်းအောင် လုပ်တဲ့အနေနဲ့ အဲ့ဒီ သွေးအနှစ်သာရတွေကို အသုံးပြုရမယ့်အစား ပိုပြီးအဆင့်မြင့်တဲ့ မီးစာတစ်မျိုးကို ရွေးချယ်ခဲ့တာများလား"

အကြီးအကဲဟယ်ချင်က ခန့်မှန်းသည်။

"ဟုန်ရီရဲ့မီးပြင်းဖိုက ကျောင်းအုပ်ကြီး အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့တာတောင် မထွန်းညှိနိုင်ခဲ့ဘူး....ဒါပေမဲ့ ကျန်းရွှမ်ရဲ့ရှေ့ကို ရောက်သွားတဲ့အချိန်မှာ အသက်သုံးရှိုက်စွာမပြည့်ခင်မှာပဲ အောင်မြင်သွားခဲ့တယ်"

ဝူလျှူယွင်က ခါးသည်းသောအပြုံးနှင့် ပြောဆိုသည်။

ကျောင်းအုပ်ကြီးသည် ကျောက်စိမ်းပုလင်းအတွင်းသို့ ကြည့်ပြီးနောက် မည်သည်ကြောင့် ကျန်းရွှမ်ကို စမ်းသပ်ခွင့် ပြုခဲ့သနည်း။ သူသည်ဤကိစ္စကို မှန်းဆပြီးဖြစ်သော်လည်း မယုံကြည်ရဲသောကြောင့် ထပ်မံ၍ စမ်းသပ်လိုခြင်း ဖြစ်ပေမည်။ သို့ရာတွင် သူ့မစမ်းသပ်ခဲ့ပါက ပို၍ကောင်းမွန်ပေမည်။ ထိုစမ်းသပ်ချက်ကိုပြုလုပ်ခဲ့ပြီးနောက် သူ၏မျက်နှာအမူအယာ ရှုံ့မဲ့သွားသည်။ သူသည် အင်အားများစွာ စိုက်ထုတ်ခဲ့သည့်တိုင် အောင်မြင်ခဲ့ခြင်းမရှိသည့် ကိစ္စအား တစ်ဖက်လူသည် ကြွက်သားတစ်ခုကိုပင် လှုပ်ရှားခြင်းမပြုဘဲ သုံးအထိရေတွက်ရုံဖြင့် အောင်မြင်သွားခဲ့သည်။ ဤသည်ကြောင့် မည်သူတစ်ဦးတစ်ယောက်မဆို စိတ်ထိခိုက်မှုကို ခံစားရပေမည်။

"ဒါက...."

အကြီးအကဲဟယ်ချင်သည် ပြောဆိုရန် စကားလုံး ရှာမတွေ့တော့ချေ။

ကျောင်းအုပ်ကြီးကိုယ်တိုင် ရှေ့ထွက်ဖြေရှင်းလိုက်ခြင်းနှင့်အတူ သံသယများအားလုံး လွင့်ပြယ်သွားလေပြီ။

"မင်းတို့ နားလည်ကြလား...မင်းတို့ရဲ့ရူးသွပ်မိုက်မဲတဲ့ ဆုံးဖြတ်ချက်တွေကြောင့် မင်းတို့တွေက အရမ်းကြီးမားတဲ့ အခွင့်အရေးတစ်ခုကို လက်လွှတ်လိုက်ရပြီ"

လူများအားလုံး၏ အတွေးများကို လျစ်လျူရှုပြီး လုမင်ရုန်က ယုရှောင်ယွီနှင့်လျှူမင်ယွဲ့တို့ကိုကြည့်ကာ သူ၏ခေါင်းကို ပြင်းပြင်းထန်ထန် ခါယမ်းလိုက်သည်။

"ငါ...."

ယုရှောင်ယွီသည် ဆွံ့အသွားပေ၏။

သူမသည် အထွတ်အထိပ်အဆင့် မီးပြင်းဖိုကို ထွန်းညှိနိုင်ခဲ့ကာ သူမ၏သူငယ်ချင်းကောင်းထက်ပင် ပို၍ကောင်းမွန်သော်လည်း သူမသည် ပျော်ရွှင်မှုကို အနည်းငယ်မျှ မခံစားရချေ။

"ငါကတော့ သူက ကံကောင်းသွားရုံ သက်သက်လို့ ထင်နေတုန်းပဲ"

လျှူမင်ယွဲ့က အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

"ကောင်းပြီလေ....မင်းတို့နှစ်ယောက် သွားလို့ရပြီ"

လုမင်ရုန်ထံတွင် ဆက်လက်၍ရှင်းပြလိုသော စိတ်အခြေအနေ ရှိမနေသဖြင့် သူ၏လက်ကိုဝှေ့ယမ်းပြီး အမိန့်ပေးလိုက်သည်။

"မင်းတို့နှစ်ယောက်က မီးစာတွေ လဲလည်ခဲ့တဲ့ကိစ္စကို လျှို့ဝှက်ချက်တစ်ခုအနေနဲ့ ထိန်းသိမ်းထားရမယ်....ဘယ်သူ့ကိုမှ ဒီကိစ္စကို ထုတ်ပြောလို့ မရဘူး....မဟုတ်ရင် မင်းတို့က အဖြူရောင်ကျောက်တုံးကျောင်းတော်တစ်ခုလုံးရဲ့ ဒေါသနဲ့ ရင်ဆိုင်ရလိမ့်မယ်"

"ဟုတ်ကဲ့...."

ကျောင်းအုပ်ကြီး၏ အလေးအနက်ထားသောလေသံကြောင့် ယူရှောင်ယွီနှင့်လျှူမင်ယွဲ့တို့သည် ငြင်းခုံခြင်း မပြုဝံ့တော့ဘဲ သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်လိုက်၏။

အမှန်အားဖြင့် ဤကဲ့သို့ ရှက်ရွံ့ဖွယ်ကောင်းသော ကိစ္စတစ်ရပ်ကို သူမတို့သည် ထုတ်ပြောရန် နေနေသာသာ လျှို့ဝှက်ချက်တစ်ခုအနေဖြင့် အကောင်းဆုံး ထိန်းသိမ်းထားပေမည်။

မိန်းကလေးနှစ်ယောက် ထွက်ခွာသွားပြီးနောက် ကျန်းရွှမ်၏ ထူးချွန်ပြောင်မြောက်သော စွမ်းရည်များနှင့် ပတ်သက်ပြီး တွေးတောကာ လုမင်ရုန်၏မျက်နှာပေါ်တွင် ခါးသည်းသောအပြုံးတစ်ခု ထင်ဟပ်လာသည်။

"သူ့ရဲ့ကျင့်ကြံခြင်းပါရမီကပဲ အထင်ကြီးဖို့ကောင်းတယ်လို့ ငါ ထင်ခဲ့တာ....ဒါပေမဲ့ တခြားလူတွေကို မီးပြင်းဖို ထွန်းညှိပေးတဲ့ သူ့ရဲ့နည်းလမ်းကလည်း အရမ်းနက်နဲသိမ်မွေ့မယ်လို့ ဘယ်သူက သိနိုင်မှာလဲ...ပါရမီရှင်တွေကို သာမာန်စံသတ်မှတ်ချက်တွေနဲ့ တကယ့်ကို တိုင်းတာလို့ မရဘူး....ကောင်းပြီလေ ငါတို့က ဒီကိစ္စကို သူအတွက် လျှို့ဝှက်ချက်တစ်ခုအနေနဲ့ ထိန်းသိမ်းထားရမယ်"

"ကျောင်းအုပ်ကြီး....ဘာမှ မစိုးရိမ်ပါနဲ့"

အကြီးအကဲများအားလုံး ခေါင်းညိတ်လိုက်ကြသည်။

ကျန်းရွှမ်၏ မြင့်မားသော ပါရမီအရည်အချင်း တစ်ခုတည်းသက်သက်ဖြင့် သူ့အား မိတ်ဆွေဖွဲ့ရန် ထိုက်တန်သဖြင့် သူတို့သည် သူ စိတ်မကျေမနပ်ဖြစ်အောင် လုပ်မိမည်ကို စိုးရိမ်နေခဲ့သည်။ ယခုအချိန်၌ ဤကဲ့သို့ အဆင့်နိမ့်မီးစာများဖြင့် အထွတ်အထိပ်အဆင့် မီးပြင်းဖိုကို ထွန်းညှိနိုင်ခဲ့သော ကျန်းရွှင်၏အရည်အချင်းဖြင့် မရေမတွက်နိုင်သော အင်အားကြီးမျိုးနွယ်စုများမှသူ့အား စိတ်ဝင်စားလာရန် လုံလောက်သည်။

အကြောင်းအရင်းမှာ ဤကဲ့သို့ စွမ်းရည်မျိုး ရှိနေပါက အင်အားစုတစ်စုသည် တန်ကြေးအနည်းငယ်သာ ပေးဆပ်၍ ကြီးမားသော အောင်မြင်မှုများရရှိကာ အစွမ်းထက်သော ကျင့်ကြံသူအမြောက်အများကို ပို၍မွေးထုတ်နိုင်ပေမည်။

"ဒါပေမဲ့ ဒီနေ့ တံခါးဖွင့်သင်ခန်းစာ အတောအတွင်းမှာ ဒီကိစ္စကို လူတွေအများကြီး မြင်သွားခဲ့တယ်"

စတုတ္ထအကြီးအကဲ ချန်ကျင်းလင်က စိုးရိမ်ပူပန်သော လေသံဖြင့် ပြောဆိုသည်။

လုမင်ရုန်က သူ၏ခေါင်းကို ခါယမ်းလိုက်သည်။

"ငါတို့က သူတို့သုံးယောက် အသုံးပြုခဲ့တဲ့ မီးစာတွေက ကောင်းကင်ကံကြမ္မာ မူလဘူတသားရဲတွေရဲ့ သွေးအနှစ်သာရတွေလို့ အခိုင်အမာငြင်းဆန်နေသရွေ့...ဒါက နည်းနည်းလောက် သတင်းတွေ ပြန့်သွားတယ် ဆိုရင်တောင် အလွန်အကျူးတော့ ဖြစ်လာမှာ မဟုတ်ဘူး"

လူများအားလုံး ခေါင်းညိတ်လိုက်ကြ၏။

အမှန်တကယ်ကိုပင်...

ချင်ကွမ်းသားရဲနှင့် လင်းယွမ်သားရဲတို့၏ သွေးအနှစ်သာရကဲ့သို့ မီးစာများကိုအသုံးပြု၍ အထွတ်အထိပ်အဆင့် မီးပြင်းဖိုများကို ထွန်းညှိပေးနိုင်ခြင်းသည် ချီးကျူးကောင်းသော်လည်း လူအများ နားလည်သဘောပေါက်နိုင်သည့် နယ်ပယ်အတွင်း၌ ရှိနေဆဲပင်။ အကယ်၍ ကျန်းရွှမ်သည် လော့ကျစ်ငှက်သွေးနှင့် ဟန်ပေလိပ်သွေးတို့ကို အသုံးပြုခဲ့သည့်အချက်အား ဖော်ထုတ်လိုက်ပါက လောကကြီးတခွင်လုံးအုတ်အော်သောင်းနင်း ဖြစ်သွားပေမည်။

ထိုကြောင့် ဤလျို့ဝှက်ချက်ကို ထိန်းသိမ်းထားခြင်းသည် ကျန်းရွှမ်နှင့် အဖြူရောင်ကျောက်တုံးကျောင်းတော်တို့အတွက် အလုံခြုံဆုံးနည်းလမ်းပင်။

…

ကျောင်းသားအိပ်ဆောင်၏ သီးသန့်ခန်းတစ်ခန်းအတွင်း၌...

"သောက်ချေးပဲ...သောက်ရေးကိုမပါဘူး....ဘယ်လိုလုပ်ပြီးတော့ ချန်းမိသားစုရဲ့သခင်လေးဖြစ်တဲ့ ငါက သူ့ရှေ့မှာ ဒူးထောက်ခဲ့ရတာလဲ"

ချမ်းဟောင်က ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်သည်။

သူသည် ကျောင်းတော်အတွင်းသို့ ဝင်ရောက်ခဲ့ပြီးနောက် ယနေ့ကဲ့သို့ အရှက်ရမှုမျိုး တစ်ကြိမ်တစ်ခါမျှ ခံစားခဲ့ရဖူးခြင်း မရှိချေ။ အထူးသဖြင့် ဤသည်မှာ သူ၏နတ်ဘုရားမလေး လျှူမင်ယွဲ့၏ရှေ့၌ ဖြစ်နေပေ၏။

"ဒါပေမဲ့ အဲ့ဒီလက်ထောက်ဆရာက အထွတ်အထိပ်အဆင့် မီးပြင်းဖိုကို တကယ်ကြီး ထွန်းညှိနိုင်ခဲ့တယ်....သခင်လေချန်းက တကယ် ရှုံးသွားခဲ့တာပါ...."

နံဘေးတွင်ရှိနေသော ကပ်မြှောင်တစ်ယောက်က ပြောဆိုသည်။

"သူက မီးပြင်းဖိုတွေကို ထွန်းညှိနိုင်ခဲ့တာလို့ မင်း တကယ်ကြီး ထင်နေတာလား....ငါ ဒါကို သံသယဝင်နေမိတယ်"

နောက်ထပ်ကပ်မြှောင်တစ်ယောက်က အော်ငေါက်လေသည်။

ထိုစကားကိုကြားချိန်တွင် ချန်းဟောင်သည် ထိုလူကိုကြည့်ပြီး သူ၏မျက်လုံးအတွင်း၌ အလင်းတန်းများ တောက်ပလာသည်။

"ကျိုးချင်းခိုင်...မင်း တစ်ခုခုကို ရှာတွေ့ခဲ့တာလား"

ကျိုးချင်းခိုင်က တုံ့ပြန်အဖြေပေးသည်။

"ဒီနေ့ တံခါးဖွင့်သင်ခန်းစာ လုပ်ခဲ့တဲ့နေရာမှာ ငါလည်း ရှိနေတယ်...သခင်လေးချန်း ငါ မင်းကို မေးပါရစေ...အဲ့ဒီဆရာကျန်းက သူ့ရဲ့ကျန်းချီတွေကို ဟုန်ရီရဲ့ရင်းမြစ်ရေအိုင်ထဲ ထည့်သွင်းပေးခဲ့လား"

ချမ်းဟောင်သည် ဂရုတစိုက် ပြန်လည်စဉ်းစားတွေးတောပြီးနောက် သူ၏ခေါင်းကို ခါယမ်းလိုက်သည်။

"မလုပ်ခဲ့ဘူး..."

ကျိုးချင်းခိုင်က ဆက်လက်၍ ပြောဆိုသည်။

"ကျောင်းအုပ်ကြီးတောင်မှ မီးပြင်းဖိုတစ်လုံးကို ထွန်းညှိပေးဖို့အတွက် သူ့ရဲ့ကျန်းချီတွေကို တစ်ဖက်လူရဲ့ ရင်းမြစ်ရေအိုင်ထဲ ထည့်သွင်းပေးဖို့ လိုအပ်တယ်...ဘယ်လိုလုပ်ပြီးတော့ ကျန်းရွှမ်က ဘာတစ်ခုကိုမှ မလုပ်ဘဲနဲ့ အောင်မြင်နိုင်မှာလဲ"

ချန်းဟောင်သည် ကြက်သေသေသွားပေ၏။

"အမှန်ပဲ..."

"ဒါကြောင့် အမှန်တရားက သူ့ကို ကျောင်းအုပ်ကြီးလုက ကူညီပေးနေတာပဲ ဖြစ်မယ်"

ကျိုးချင်းခိုင်က သူ၏ခန့်မှန်းချက်ကို မျှဝေလိုက်သည်။

"တကယ်လို့ ငါ ခန့်မှန်းတာ မှန်မယ်ဆိုရင် အဲ့ဒီမီးပြင်းဖိုကို ထွန်းညှိခဲ့တဲ့လူက ကျောင်းအုပ်ကြီးလုပဲ ဖြစ်မယ်...ဒါပေမယ့် သူက ဒီကိစ္စကို ဝန်မခံဘဲနဲ့ ဆရာကျန်းကို တမင်သက်သက် ဂုဏ်တက်သွားစေခဲ့တယ်...ဘယ်လိုပဲဖြစ်ဖြစ် ဆရာကျန်းက ကျောင်းအုပ်ကြီးကိုယ်တိုင် ခေါ်ထားတဲ့ ဆရာတစ်ယောက် ဖြစ်နေတယ်...ဒါကြောင့် ကျောင်းသားတစ်ယောက်ရဲ့ရှေ့မှာ အရှက်ရစရာ ဖြစ်သွားမယ်ဆိုရင် ကျောင်းအုပ်ကြီးကို မျက်နှာပျက်စေတာနဲ့ အတူတူပဲ မဟုတ်လား... မဟုတ်ရင် သူက ဘယ်လိုလုပ်ပြီးတော့ ဘာတစ်ခုကိုမှ မလုပ်ဘဲနဲ့ အချိန်ခဏလေး မတ်တတ်ရပ်နေရုံနဲ့ ဘယ်လိုလုပ် အောင်မြင်သွားပြီးတော့ ဟုန်ရီရဲ့မီးပြင်းဖိုကို အဆင်ပြေပြေ ထွန်းညှိနိုင်ခဲ့မှာလဲ...ဒါ့ပြင် ဒါက အထွတ်အထိပ်အဆင့် မီးပြင်းဖိုတောင် ဖြစ်နေတယ်"

"အမှန်ပဲ..."

တစ်ဖက်လူ၏ခွဲခြမ်းစိတ်ဖြာမှုသည် သူ၏စိတ်အတွင်းသို့ ဝင်ရောက်လာကာ မည်သည့်အမှားမျှ မရှိသည်ကို အတည်ပြုပြီးနောက် ချန်းဟောင်က နားလည်သဘောပေါက်သွားသည်။

"ဒါက အဲ့ဒီလိုပဲ ဖြစ်ရမယ်...သူက အောင်မြင်ကျော်ကြားမှုကို ခိုးယူသွားခဲ့တဲ့ ငကြောက်တစ်ကောင်ပဲ...သူက ဒီလိုဂုဏ်သတင်းမျိုးကို လိုချင်ခဲ့တယ်....အရှက်ကိုမရှိဘူး...မဟုတ်ဘူး...ငါတို့တွေက သူ့ကို အလွယ်တကူ လွှတ်ပေးလို့ မဖြစ်ဘူး... ဝမ်ယုရှင်း...."

ဝမ်ယုရှင်းက အလျင်အမြန် မော့ကြည့်လေသည်။

"သခင်လေးချန်း...."

ချန်းဟောင်က အမိန့်ပေးသည်။

"မနက်ဖြန်ကျရင် အဲ့ဒီကောင်ရဲ့အတန်း ရှိတယ်မဟုတ်လား...ငါတို့က နည်းလမ်းတစ်ခုကို ရှာပြီးတော့ လျှူမင်ယွဲ့က လက်ထောက်ဆရာတစ်ယောက်ရဲ့ သင်ပြမှုအောက်မှာ ရောက်နေတယ်ဆိုတဲ့သတင်းကို လျှူမိသားစုဆီရောက်အောင် သတင်းပို့ရမယ်... ဒါကို တတ်နိုင်သမျှ သနားဖို့အကောင်းဆုံးဖြစ်အောင် ပြောပြီးတော့ ဘိုးဘေးလျှူကိုယ်တိုင် ရောက်လာအောင် လုပ်ရလိမ့်မယ်"

ဝမ်ယုရှင်းက ခေါင်းညိတ်ပြသည်။

"ငါ နားလည်ပြီ..."

ချန်းဟောင်က ပြောဆိုသည်။

"ကျိုးချင်းခိုင်...မင်းရဲ့အဖေက မြင်းတွေကို ထိန်းကျောင်းတဲ့နေရာမှာ ထူးချွန်ပြီးတော့ သူက ချန်းအိမ်တော်ကို အရင်က တစ်ကြိမ် လာခဲ့ဖူးတယ်...သူ့ကို ငါ့ရဲ့အိမ်တော်ဆီ နောက်တစ်ကြိမ်သွားလည်ခိုင်းပြီးတော့ ငါက လက်ထောက်ဆရာတစ်ယောက်ရဲ့ အရှက်ခွဲတာကို ခံခဲ့ရတယ်လို့ ငါ့ရဲ့အဖေကို ပြောခိုင်းလိုက်စမ်း...မနက်ဖြန်ကျရင် ငါ့အတွက် လက်စားချေဖို့ သူ ရောက်လာအောင် သေချာလုပ်ခဲ့ပါ"

ကျိုးချင်ခိုင်က သူ၏လက်နှစ်ဖက်ကို ပူးဆုပ်ပြီး ပြောဆိုသည်။

"သခင်လေးချန်း...စိတ်အေးအေးထားပါ"

"ဟူး...""

ချန်းဟောင်သည် ညွှန်ကြားပြီးနောက် စိတ်သက်သာရာရသွားကာ သက်ပြင်းရှိုက်ပြီး ယနေ့၏အရှက်ရခဲ့မှုကို ဆေးကြောနိုင်ပြီဟု သူ ခံစားမိသည်။

"ဘိုးဘေးလျှူနဲ့ငါ့အဖေ အတူရှိနေရင်...အဖြူရောင်ကျောက်တုံးမြို့ရဲ့ ထိပ်သီးမိသားစုကြီးနှစ်စုကိုယ်တိုင် မေးခွန်းလာထုတ်မှတော့ ကျောင်းအုပ်ကြီးတောင် တားဆီးရဲမှာ မဟုတ်ဘူး...ဒါဆိုရင် ငါ လက်စားချေဖို့အတွက် အချိန်ကျပြီ"

All Chapters