ကျိုးချွမ်
Vol. 5 Ch. 67
မြင်းများကို ယဥ်ပါးအောင် လုပ်သည့်နေရာသည် အခန်းနံပါတ်တစ်နှင့် သိပ်မဝေးသော မြက်ခင်းပြင်တွင် ဖြစ်သည်။ ဤနေရာတွင် လံကြိုးတပ်မထားသော မြင်းရိုင်းများသည် လမ်းဘေးခွေးများအလား လှည့်လည်သွားလာနေပေ၏။ ထိုမြင်းရိုင်းများသည် မြင်းမတစ်ကောင်ကို မြင်တွေ့သည်နှင့် စိတ်လှုပ်ရှားစွာ အပြေးသွားပြီး ပွတ်သီးပွတ်သပ်လုပ်နေကြသည်။
သူရဲကောင်းများသည် မိန်းမလှလေးများကို သိမ်းပိုက်နိုင်ရန် ရုန်းကန်ရလေ့ရှိရာ လီတစ်ထောင်မြင်းများသည်လည်း ချွင်းချက်မရှိဘဲ မြင်းမများအတွက် ရုန်းကန်နေကြသည်။
"မြင်းရိုင်းအမျိုးအစားတွေ အမျိုးမျိုးရှိပြီးတော့ ယဥ်ပါးအောင်လုပ်ဖို့ ခက်ခဲတဲ့အပေါ် မူတည်ပြီး တစ် နှစ် သုံး လေးဆိုတဲ့ အဆင့်လေးဆင့် ခွဲထားတယ်.... အဆင့်လေးမှာရှိတဲ့ ကောင်တွေက ယဥ်ပါးအောင်လုပ်ဖို့ အလွယ်ဆုံးဖြစ်ပြီးတော့ ဆုကြေးအနည်းဆုံးပဲ....အဲ့ဒီမြင်ရိုင်းတွေကို ယဥ်ပါးအောင် လုပ်တဲ့နေရာမှာ အောင်မြင်သွားရင် ရင်းမြစ်ဒင်္ဂါးတစ်ထောင်လောက် ရနိုင်တယ်... အဆင့်တစ်နေရာမှာရှိတဲ့ ကောင်တွေကတော့ အခက်ဆုံးဖြစ်ပြီးတော့ ဆုပြေးအနေနဲ့ ရင်းမြစ်ဒင်္ဂါးတစ်သောင်းလောက် ရနိုင်တယ်..သခင်လေး မင်းက ဘယ်နေရာကို သွားချင်လဲ"
ခန်းမအတွင်းမှ ထွက်လာပြီးနောက် အစေခံက ရှင်းပြသည်။
ကျန်းရွှမ်က ခေါင်းညိတ်ပြပြီး ပြောဆိုသည်။
"အဆင့်တစ်နေရာကို တိုက်ရိုက်သွားကြစို့"
ရင်းမြစ်ဒင်္ဂါးတစ်ထောင်သာ ဆုကြေးရမည့် မြင်းများကို ယဥ်ပါးအောင် လုပ်နိုင်လျှင်ပင် သူ၏ပြဿနာများကို ဖြေရှင်းနိုင်မည် မဟုတ်ချေ။ ထို့ကြောင့် ဆုကြေးအများဆုံးနေရာသို့ တိုက်ရိုက်သွားသည်က ပို၍ကောင်းမွန်ပေမည်။
"ဒါက...သခင်လေးမှာ အရင်က မြင်းတွေကို ယဥ်ပါးအောင်လုပ်တဲ့ အတွေ့အကြုံ ရှိခဲ့ဖူးလား"
အစေခံက အနည်းငယ် စိုးရိမ်ပူပန်နေသောလေသံဖြင့် မေးမြန်းသည်။
"ငါ အရင်က မြင်းရိုင်းတွေကို ယဥ်ပါးအောင် တစ်ခါမှ မလုပ်ခဲ့ဖူးဘူး...ဒါပေမယ့် အဲ့ဒါက ပြဿနာကြီးတစ်ခုတော့ မဟုတ်နိုင်ဘူး"
ကျန်းရွှမ်က ပြောဆိုသည်။
သူသည် ယခင်က နဂါးများနှင့်ဖီးနစ်များကို ယဥ်ပါးအောင် လုပ်ခဲ့သော်လည်း မြင်းရိုင်းများကိုမူ တကြိမ်တစ်ခါမျှ ကြိုးစားကြည့်ခဲ့ဖူးခြင်း မရှိချေ။
"ဒါဆိုရင်... သခင်လေး ကျေးဇူးပြုပြီးတော့ ဂရုစိုက်ပါ"
အစေခံသည် ဟန့်တား၍ မရနိုင်သည်ကို သိရှိသဖြင့် ထပ်မံဖြောင့်ဖျခြင်း မပြုတော့ဘဲ ဆက်လက်၍ လမ်းပြခေါ်ဆောင်လိုက်သည်။ အချိန်တခဏကြာပြီးနောက် ရှည်သွယ်သွယ်ခန်းမတစ်ခုသည် သူတို့၏အမြင်အာရုံအတွင်း၌ ထွက်ပေါ်လာပေ၏။
ထိုခန်းမအတွင်းတွင် အင်္ကျီလက်တိုဝတ်ဆင်ထားသော မြင်းထိန်းဆယ်ယောက်ကျော် ထိုင်နေသည်။ သူတို့တစ်ယောက်ချင်းစီထံတွင် သန်မာထွားကျိုင်းသော ကြွက်သားများနှင့် တောက်ပသောမျက်လုံးများရှိကာ သူတို့သည်မြင်းထိန်းရာ၌ ကျွမ်းကျင်သူများ ဖြစ်သည်မှာ သိသာထင်ရှားပေ၏။
"ကြီးကြပ်ရေးမှူးလျှူ...ငါ လာတာ နောက်မကျသေးဘူး မဟုတ်လား"
ထိုအချိန်မှာပင် နှစ်မီတာခန့် အရပ်မြင့်သော လူထွားကြီးတယောက်က ခန်းမအတွင်းသို့ ဝင်ရောက်လာပြီး ပြောဆိုသည်။
"နောက်မကျဘူး...နည်းနည်းလေးတောင် နောက်မကျပါဘူး...ဆရာကျိုးက အချိန်မီ ရောက်လာခဲ့တာပါ...အဲ့ဒီကြက်သွေးနီကလည်း ခုဏလေးကမှ ရောက်လာတာပါ"
ကြီးကြပ်ရေးမှူးလျှူသည် အသက်လေးဆယ်အရွယ်ခန့်ရှိကာ သူ၏နှုတ်ခမ်းမွှေးများ ကွေးညွတ်သည်အထိ အားပါးတရ စကားပြောဆိုနေပြီး သူ၏အကြည့်တွင် နွေးထွေးမှုများဖြင့် ပြည့်နှက်နေသည်။
"စိတ်အေးအေးထားပါ...အခု ငါ ဒီနေရာကို ရောက်လာမှတော့ အဲ့ဒီမြင်း ထပ်ပြီးထွက်ပြေးသွားမှာကို စိုးရိမ်ဖို့ မလိုတော့ဘူး"
လူထွားကြီးက ခေါင်းညိတ်ပြပြီး အပြုံးနှင့် ပြောဆိုသည်။
"သေချာတာပေါ့...ငါက ဆရာကျိုးရဲ့ အရည်အချင်းကို ယုံကြည်တယ်"
ကြီးကြပ်ရေးမှူးလျှူက ထပ်ခါတလဲလဲ ခေါင်းညိတ်ပြသည်။
"အဲ့ဒီကျိုးချွမ်က ပိုင်ယန်မြို့အတွင်းမှာ နာမည်ကြီးတဲ့ မဟာမြင်းထိန်းဆရာတစ်ယောက်ပဲ...ယဥ်ပါးအောင်လုပ်ဖို့ ခက်ခဲတဲ့ မြင်းရိုင်းတွေကို သူက အများဆုံး ကိုင်တွယ်ဖြေရှင်းပေးနိုင်ခဲ့တယ်"
အစေခံက တီးတိုးပြောဆိုသည်။
"ဒီနေ့ရောက်လာတဲ့ မြင်းရိုင်းတစ်ကောင်ရဲ့နာမည်က ကြက်သွေးနီ...အဲ့ဒီမြင်းကို ယဥ်ပါးအောင်လုပ်နိုင်ရင် ဆုလာဘ်အနေနဲ့ ရင်းမြစ်ဒင်္ဂါးတစ်သောင်း ရလိမ့်မယ်"
အစေခံ ညွှန်ပြသည့်နေရာသို့ ကြည့်လိုက်ရာ ကျန်းရွှမ်သည် ကြက်သွေးနီမြင်းကို မြင်တွေ့မိလေ၏။ ထိုမြင်းသည် မြင်းမတစ်စုအကြား၌ ရောနှောနေကာ တုတ်ခိုင်သန်မာပြီး ခမ်းနားထည်ဝါ၍ ကြမ်းတမ်းသော အသွင်အပြင် ရှိသည်။
ကြက်သွေးနီ၏အသွင်အပြင်အရ အကဲဖြတ်ကြည့်ပါက လီတစ်ထောင်မြင်းတကောင် ဖြစ်ပြီး ဆုရှင်းထက် မနိမ့်ကျသည်မှာ သိသာထင်ရှားသည်။
"ဆရာကျိုးရဲ့ခွန်အားက တကယ့်ကို နက်နဲသိမ်မွေ့တယ်...ဒါပေမဲ့ မြင်းတကောင်ကို ယဥ်ပါးအောင်လုပ်တာက ခွန်အားတင်မကဘူး ဆက်နွယ်မှုပေါ်မှာလည်း မူတည်တယ်... ဒီကြက်သွေးနီနဲ့ ငါနဲ့ကြားမှာ အရမ်းအားကောင်းတဲ့ ဆက်နွယ်မှုတစ်ခု ရှိနေတယ်လို့ ခံစားမိတယ်.. ငါက ဒီမြင်းကို ယဥ်ပါးအောင်လုပ်နိုင်မှာ သံသယဖြစ်ဖို့ မလိုဘူး"
ထိုအချိန်မှာပင် မြင်းထိန်းအုပ်စုအကြားမှနေ၍ ရယ်ရယ်မောမော ပြောဆိုသံတချို့ ထွက်ပေါ်လာသည်။
"မင်းကလား...ဟာသတွေ မပြောစမ်းနဲ့...အရင်တစ်ကြိမ်တုန်းက မင်းရွှမ်ရုန်ကို ယဥ်ပါးအောင်လုပ်တဲ့နေရာမှာ မအောင်မြင်ခဲ့ရုံတင် မကဘူး....မြင်းကန်ခံရလို့ နံရိုးတွေ အများကြီး ကျိုးသွားခဲ့တယ်...ဒါကြောင့် မင်း အိမ်မှာ တစ်လကျော် လှဲနေခဲ့ရတာ မဟုတ်လား.. ကြက်သွေးနီက အဲ့ဒီမြင်းထက် အများကြီးပိုပြီး ကြမ်းတမ်းတယ်... ဒါက ငါတစ်ယောက်တည်းပဲ ကိုင်တွယ်နိုင်တဲ့ကိစ္စဖြစ်မှာ သေချာတယ်"
တခြားလူတစ်ယောက်က အော်ငေါက်လေသည်။
"အဓိပ္ပါယ်မရှိတာတွေ...အဲ့ဒီအချိန်တုန်းက ငါ သတိလက်လွတ် နေမိတာကြောင့် မရှောင်မိလိုက်လို့ပါ...."
ခန်းမအတွင်း၌ ငြင်းခုံသံများ မြင့်တက်လာသည်။ ကြည့်ရသည်မှာ ဤမြင်းထိန်းဆယ်ယောက်ကျော်သည် အချင်းချင်း ကောင်းစွာသိကျွမ်းပုံရကာ သူတို့၏ဆက်ဆံရေးများသည်လည်း ကောင်းမွန်ပုံရသည်။ ထိုသို့မဟုတ်ပါက သူတို့သည် ဤကဲ့သို့ ကျီစယ်စနောက်နေကြမည် မဟုတ်ချေ။
ဆူညံနေသော စကားပြောဆိုသံများအကြားတွင် အစေခံက ကျန်းရွှမ်ကို ထိုနေရာသို့ ခေါ်ဆောင်သွားခဲ့သည်။
"ကြီးကြပ်ရေးမှူးလျှူ...ဒီသခင်လေးကလည်း မြင်းတကောင်ကို ယဥ်ပါးအောင်လုပ်တဲ့ တာဝန်ကို ထမ်းဆောင်ချင်နေတယ်...မင်း တစ်ခုခု စီစဉ်ပေးနိုင်မလား"
ထိုစကားကိုကြားချိန်တွင် ကြီးကြပ်ရေးမှူးလျှူသာမက ယခုလက်ရှိနေရာတွင် ရှိနေသော မြင်းထိန်းများအားလုံး ကျန်းရွှမ်ကို အာရုံစူးစိုက်လိုက်ကြ၏။
"ဒါက တကယ်ပြောနေတာလား...ဒီနေရာကို ဘယ်သူမဆို လာရဲနေပြီလား...သူ့ရဲ့ ပိန်လှီနေတဲ့ လက်တွေခြေထောက်တွေနဲ့ မြင်းတစ်ကောင်ကို ယဥ်ပါးအောင် လုပ်ချင်သေးတာလား"
"မင်း နောက်နေတာ မဟုတ်လား...မြင်းတွေကို ထိန်းချုပ်တဲ့လူတွေက သန်မာထွားကျိုင်းပြီးတော့ ခွန်အားကောင်းရမယ်...မင်းရဲ့ပိန်ပါးတဲ့ ခန္ဓာကိုယ်နဲ့ဆိုရင် မြင်းကန်ခံရတာနဲ့ နေရာမှာတင် သေသွားနိုင်တယ်"
"အဲ့ဒီမြင်းရိုင်းတွေက အပြေးအရမ်းမြန်တယ်...သူက လိုက်ဖမ်းနိုင်မှာ မလို့လား"
မြင်းထိန်းများစွာ စတင်၍ လှောင်ပြောင်သရော်လိုက်ကြသည်။ ကျိုးချွမ်ပင်လျှင် အထင်အမြင်သေးသောအကြည့်ဖြင့် ကျန်းရွှမ်ကိုကြည့်ကာ အေးစက်စက် နှာတစ်ချက်မှုတ်လိုက်သည်။
မြင်းများကို ယဥ်ပါးအောင်လုပ်ရန်အတွက် မြင်းတကောင်ကို ထိန်းချုပ်နိုင်သော ခွန်အားရှိရန် လိုအပ်သည်။ သူတို့၏ရှေ့ရှိ လူငယ်လေးသည် ဖြူဖွေးနူးညံ့သော အသားအရည်နှင့် ချောမောခန့်ညားသော ပုံပန်းသွင်ပြင်ရှိသည်။ သူ့ကိုကြည့်ရသည်မှာ နူးညံ့သိမ်မွေ့ပြီး အခက်အခဲများကိုတစ်ကြိမ်တခါမျှ ခံစားဖူးခြင်းမရှိသော အထက်တန်းလွှာမိသားစုမှ လာခြင်း ဖြစ်ပုံရသည်။ မြင်းကို ယဥ်ပါးအောင်လုပ်မည်ဟု ဆိုသော်လည်း သူ့ကိုကြည့်ရသည်မှာ မြင်းများမှနေ၍ သူ့ကို ယဥ်ပါးအောင် လုပ်သွားမည့်ပုံပင်။
"သခင်လေး..."
လူများအားလုံး၏ စကားပြောဆိုနေမှုများကို လျစ်လျူရှုကာ ကြီးကြပ်ရေးမှူးလျှူက မျက်မှောင်ကြုတ်ပြီး ကျန်းရွှမ်ကို ကြည့်လိုက်သည်။
"မြင်းရိုင်းတစ်ကောင်က အိမ်မွေးမြင်းတွေနဲ့ မတူဘူး... ဒါက တောရိုင်းသားရဲတစ်ကောင်နဲ့ ဘာကွဲပြားခြားနားမှုမှ မရှိဘူး...အရမ်းအန္တရာယ်များတယ် ..မင်း ကြိုးစားကြည့်ချင်တာ သေချာလား"
"သေချာတယ်..."
ကျန်းရွှမ်က ခေါင်းညိတ်ပြသည်။
"ဒါဆိုရင်လည်း ကောင်းပြီလေ"
ကြီးကြပ်ရေးမှူးသည် ကျန်းရွှမ်ကို ဟန့်တား၍မရသည်ကို သိရှိသဖြင့် ထပ်မံ၍ ဖြောင့်ဖျခြင်းမပြုတော့ဘဲ စာရွက်တစ်ရွက်ကို လက်ကမ်းပေးသည်။
"ဒါက သက်သေခံစာချုပ်ပဲ...မြင်းတွေကို ယဥ်ပါးအောင်လုပ်တာက မင်းရဲ့ရွေးချယ်မှုပဲ...တကယ်လို့ တစ်ခုခုဖြစ်လာရင် ငါတို့ မြင်းဇောင်းနဲ့ ဘာမှ မဆိုင်ဘူး"
သက်သေခံစာချုပ်ကို ဂရုတစိုက်ဖတ်ကာ မည်သည့်ပြဿနာမျှ မရှိသည်ကို မြင်တွေ့ပြီးနောက် ကျန်းရွှမ်သည် စုတ်တံကိုကောက်ယူပြီး သူ၏နာမည်ကို လက်မှတ်ရေးထိုးလိုက်၏။
သူ လက်မှတ်ရေးထိုးပြီးနောက် ကြီးကြပ်ရေးမှူးလျှူသည် အချိန်ကျရောက်လာသည်ကို သိရှိသဖြင့် ပြောဆိုလိုက်၏။
"မြင်းတွေကို ယဥ်ပါးအောင်လုပ်ဖို့က အခု စတင်တော့မယ်... မင်းတို့အားလုံးက မင်းတို့ရဲ့ခွန်အားတွေကို စုစည်းထားကြပါ... တကယ်လို့ မင်းတို့ဆက်ပြီး တောင့်မခံနိုင်တော့ဘူးဆိုရင် မြန်မြန်ပြန်လာခဲ့ကြပါ...အဲ့ဒီလိုမဟုတ်ဘဲ တကယ်လို့ မင်းတို့ ကွင်းပြင်ထဲမှာ သေသွားရင် ဘယ်သူ့ကိုမှ အပြစ်တင်လို့ရမှာ မဟုတ်ဘူး"
"ငါတို့ နားလည်ပါပြီ"
လူများအားလုံး တညီတညွတ်တည်း ခေါင်းညိတ်လိုက်ကြသည်။
"ဘယ်သူ အရင်ဆုံး သွားမှာလဲ"
သူ ပြောဆိုရန် လိုအပ်သော အရာများအားလုံးကို ပြောဆိုပြီးနောက် ကြီးကြပ်ရေးမှူးလျူက မြင်းထိန်းများကို ဝေ့ဝိုက်၍ ကြည့်လိုက်သည်။
"အရင်ဆုံးသွားတဲ့လူက တက်ကြွဖျတ်လတ်မှုတွေ ပြည့်နေတဲ့ မြင်းတစ်ကောင်နဲ့ ရင်ဆိုင်ရမှာကြောင့် ပိုပြီးအန္တရာယ်များတယ်...ဒါပေမယ့် အဲ့ဒီလူအောင်မြင်သွားရင် နောက်မှာရှိတဲ့လူတွေအတွက် အခွင့်အရေး မရနိုင်တော့ဘူး"
"ငါ အရင်ဆုံး သွားမယ်"
လူအုပ်အကြားမှနေ၍ လူထွားကြီးတစ်ယောက် ရှေ့ထွက်လာကာ ခြေလှမ်းကျဲကြီးများဖြင့် မြက်ခင်းပြင်ထံသို့ ဦးတည်၍ လျှောက်လှမ်းသွားသည်။ မကြာမီမှာပင် သူသည် ကြက်သွေးနီနှင့် မီတာနှစ်ဆယ်ခန့်အကွာအဝေးသို့ ရောက်ရှိသွားပေ၏။
ထိုလူသည် သူ၏ပုခုံးပေါ်ရှိ ကြိုးကွင်းကိုဖြုတ်ပြီး ကြက်သွေးနီထံသို့ ပစ်လိုက်သည်။ ထိုကြိုးသည် ကြက်သွေးနီ၏လည်ပင်းကို စွပ်မိသွားသည်။
ဟီးး...
မြင်းမတစ်ကောင်နှင့် ကျီစယ်စနောက်နေသော ကြက်သွေးနီသည် သူ့၏လည်ပင်းအား ကြိုးကွင်းတစ်ကွင်း စွပ်လာချိန်၌ ဒေါသထွက်သွားသည်။ ထို့နောက် သူသည် အလျင်အမြန်ပြေးလွှားကာ သူ၏ခွာဖြင့် မြေပြင်ကို ပြင်းပြင်းထန်ထန် ပေါက်လိုက်၏။
လူထွားကြီးသည် ကြိုးကို ပြင်းပြင်းထန်ထန်ဆွဲထားကာ လူနှင့်မြင်းသည် အားပြိုင်နေပေ၏။
ကျန်းရွှမ်သည် အချိန်တခဏကြာခန့် စောင့်ကြည့်ပြီးနောက် ပါးစပ်အဟောင်းသား ဖြစ်သွားကာ အနည်းငယ်ဆွံ့သွားသကဲ့သို့ ခံစားမိသည်။
ကြည့်ရသည်မှာ ဤရင်းမြစ်ကမ္ဘာအတွင်းရှိ သားရဲယဥ်ပါးစေခြင်း နည်းစနစ်များသည် အလွန်ရှေးကျပုံပင်။ ဤသည်မှာ အရိုင်းဆန်သော ခွန်အားအပေါ်တွင်သာ မှီခိုနေပြီး မည်သည့်နည်းစနစ်မျှ မရှိချေ။
ဘန်း...
သူ စဉ်းစားခန်းဝင်နေစဉ်မှာပင် လူထွားကြီးသည် ကြက်သွေးနီ၏ကန်ခြင်းကို ခံရသဖြင့် နောက်သို့ ဆယ်မီတာကျော်ခန့် လွင့်ထွက်သွားသည်။ ထိုလူ၏အရိုး မည်မျှထိများများ ကျိုးသွားသည်ကို မည်သူ သိနိုင်မည်နည်း။ သူသည် ကြိုးကိုပင် ပြန်မဖြုတ်နိုင်တော့ဘဲ အလျင်အမြန် ပြန်လည်ထွက်ပြေးခဲ့ရသည်။
အကယ်၍ သူ ထွက်မပြေးနိုင်ခဲ့ပါက သူ၏အသက် ဆုံးရှုံးသွားပေမည်။
"မြင်းတွေကို ယဥ်ပါးအောင်လုပ်တာက ဒီလိုပဲ...သူက ကံကောင်းပြီးတော့ အသက်ရှင်ခဲ့တယ် ... တချို့လူတွေကတော့ မြင်းကန်ခံရပြီး နေရာမှာတင် သေသွားကြတယ်"
ကျန်းရွှမ်၏ အဆက်မပြတ် စောင့်ကြည့်နေမှုကိုကြည့်ပြီး ကြီးကြပ်ရေးမှူးလျှူက သူ့ထံလျှောက်လှမ်းလာကာ ပြောဆိုသည်။
"တကယ်လို့ မင်းက ဒီကိစ္စကို အရမ်းခက်ခဲပြီးတော့ မလုပ်နိုင်တော့ဘူးလို့ ထင်ရင် အခု မင်း ရပ်လိုက်ဖို့အတွက် အရမ်းနောက်မကျသေးဘူး"
"မလိုဘူး..."
ကျန်းရွှမ်က သူ၏ခေါင်းကို ခါယမ်းလိုက်သည်။
"ငါ သွားမယ်..."
ပထမဆုံးထွက်သွားသော မြင်းထိန်း ဒဏ်ရာရရှိသွားသော်လည်း တခြားလူများကို ဟန့်တားနိုင်ခြင်း မရှိချေ။ နောက်ထပ်မြင်းထိန်းတစ်ယောက်သည် ရှေ့သို့ တိုးသွားကာ အချိန်အနည်းငယ်ခန့် တောင့်ခံနိုင်ပြီးနောက် သူသည်လည်း အလားတူစွာ ဒဏ်ရာအပြင်းအထန်ရရှိပြီး ပြန်ရောက်လာခဲ့သည်။
လူငါးယောက်သည် တစ်ယောက်ပြီးတစ်ယောက် ဆက်တိုက်သွားခဲ့သော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ အချိန်တစ်မိနစ်ထက်ပင် ပို၍တောင့်မခံနိုင်ခဲ့ချေ။
"ကြက်သွေးနီက အရမ်းကြမ်းတမ်းတယ်...ဆရာကျိုး ငါတို့ ဒီလို ဆက်လုပ်နေလို့ မရတော့ဘူး...အခုက မင်းအပေါ်မှာ မူတည်သွားပြီ"
ငါးကြိမ်ဆက်တိုက် ရှုံးနိမ့်ခဲ့ပြီးနောက် ကြွင်းကျန်သော မြင်းထိန်းများထံတွင် ယခင်စိတ်အားထက်သန်မှုမျိုး မရှိတော့ချေ။ သူတို့၏မျက်လုံးများအတွင်းတွင် ထိတ်လန့်တုန်လှုပ်ခြင်းများဖြင့် ပြည့်နှက်နေကာ သူတို့၏မျက်လုံးအကြည့်များသည် နောက်ဆုံးရောက်ရှိလာသော ကျိုးချွမ်ထံသို့ စူးစိုက်၍ ကျရောက်သွားပေ၏။
"မြင်းရိုင်းလေးတစ်ကောင်က ဘာတက်နိုင်မှာ မလို့လဲ... ငါ သွားမယ်...မင်းတို့ ငါ ပြန်လာတာကို စောင့်ကြည့်နေကြစမ်း"
ကျိုးချွမ်သည် ပေါ့ပေါ့ပါးပါးပြုံးပြီး ရုတ်တရက် မတ်တတ်ထရပ်လိုက်၏။ သူသည် ခြေနှစ်လှမ်းခန့် လှမ်းပြီးသောအချိန်တွင် နောက်သို့ပြန်လှည့်ကာ မလှမ်းမကမ်းအကွာတွင်ရှိနေသော ကျန်းရွှမ်ကို ကြည့်လိုက်သည်။
"ကောင်လေး...သားရဲတွေကို ယဥ်ပါးအောင်လုပ်တာက ပန်းထိုးတာ မဟုတ်သလို လက်ဖက်ရည်သောက်တာလည်း မဟုတ်ဘူး... ဒါက မင်းတို့လို လူမျိုးတွေ လာပြီး လက်တည့်စမ်းလို့ရတဲ့ ကိစ္စမျိုး မဟုတ်ဘူး...မင်းမှာ ကြီးမားတဲ့ခွန်အားမရှိရင် ဒီကြိုးစားမှုက မင်းကိုယ်မင်း အထင်ကြီးနေရုံတင် မကဘူး...ဂုဏ်သိက္ခာမဲ့တာမျိုးလည်း ဖြစ်နေတယ်"
သူသည် နေရာ၌ထိုင်နေရင်း အလကားသက်သက် အထင်သေးခံရမည်ဟု ကျန်းရွှမ် မျှော်လင့်မထားမိချေ။ ထို့ကြောင့် သူ အံ့အားသင့်သွားပေ၏။
"မင်းက မင်းမှာ ကြီးမားတဲ့ခွန်အားတွေ ရှိတယ်လို့ ပြောချင်တာလား"
ကျိုးချွမ်က သူ၏လက်နှစ်ဖက်ကို နောက်ပစ်၍ မတ်တတ်ရပ်ပြီး သူ၏အကြည့်သည် အဝေးတစ်နေရာသို့ ကျရောက်သွားကာ သူ၏ပုံပန်းသွင်ပြင်သည် အလွန်ကြီးကျယ်ခမ်းနားပေ၏။
"အမှန်ပဲ....ပိုင်ရန်မြို့မှာ ငါက မြင်းထိန်းတဲ့နေရာမှာ ဒုတိယလို့ ပြောရင် ဘယ်သူကမှ ပထမနေရာကို ယူရဲမှာ မဟုတ်ဘူး...ဒါကြောင့် ငါ ပြောတာက လုံးဝမှန်ကန်တယ်"
ထိုသို့ပြောဆိုပြီးနောက် သူသည့် ကျန်းရွှမ်၏တုံ့ပြန်မှုကို မစောင့်ဆိုင်းတော့ဘဲ မြက်ခင်းပြင်ထံသို့ ဦးတည်၍ စိတ်အားထက်သန်စွာနှင့်ရဲတင်းစွာ လျှောက်လှမ်းသွားသည်။