← Chapters

ကျန်းရွှမ်၏ ယဉ်ပါးစေခြင်းနည်းစနစ်

Vol. 5 Ch. 69

ကျန်းရွှမ်၏ ယဉ်ပါးစေခြင်းနည်းစနစ်

Vol. 5 Ch. 69

"သခင်လေး....မင်းက ရယ်စရာ ပြောနေတာလား... မြင်းတစ်ကောင်ကနေ တခြားမြင်းတစ်ကောင်ကို ဘယ်လိုထိန်းချုပ်နိုင်မှာလဲ"

အစေခံ၏ နှုတ်ခမ်းများ တုန်ရီနေကာ သူ နားလည်မှုလွဲမည်ကို ကြောက်ရွံ့နေမိသည်။

ဤသခင်လေးသည် အထင်ကြီးလောက်အောင် စကားပြောတတ်သူ ဖြစ်သောကြောင့် မြင်းယဉ်ပါးစေခြင်း နည်းစနစ်တစ်ခုခုကို ပြောလိမ့်မည်ဟု သူ မျှော်လင့်ထားခဲ့ပေ၏။ သို့ရာတွင် သူသည် သူ၏မြင်းဖြင့် တခြားမြင်းတစ်ကောင်ကို ယဉ်ပါးစေမည်ဟု ပြောဆိုသည်။

သောက်လီသည် ပြိုင်ဘက်ကို အနိုင်ရနိုင်မရနိုင်ဟူသည့် အချက်ကို ဘေးဖယ်ထားလျှင်ပင် အကယ်၍ သောက်လီ အနိုင်ရခဲ့လျှင် အနိုင်သည် မြင်း၏ အနိုင်သာ ဖြစ်ပေလိမ့်မည်။ ကြက်သွေးနီသည် သခင်လေးထံ၌ မည်သည်ကြောင့် လက်အောက်ခံမည်နည်း။

မြင်းယဉ်ပါးစေခြင်းဟူသည်မှာ မြင်း၏ စိတ်ပိုင်းဆိုင်ရာကို ယဉ်ပါးစေခြင်းပင်။ အမဲလိုက်လင်းယုန်ကဲ့သို့ သားရဲအိမ်မွေးတိရစ္ဆာန်အဖြစ် အပြည့်အဝ လက်အောက်ခံစေခြင်း မဟုတ်ဘဲ သားရဲ၏ ရိုင်းစိုင်းမှုကို လျှော့ချ၍ လူသားများ၏ အမိန့်များကို နာခံလာစေရန် ပြုလုပ်ခြင်း ဖြစ်ပေ၏။

ထို့ကြောင့် ကျိုးချွမ်နှင့် တခြားသူများမှ ကြက်သွေးနီနှင့် တိုက်ခိုက်ခြင်းသည် သူ့ကို အပြည့်အဝ အမိန့်နာခံစေရန် မဟုတ်ချေ။ မြင်း၏စိတ်အတွင်းတွင် ပြိုင်ဘက်ကင်းပုံရိပ်တစ်ခုကို ထူထောင်ပြီး ရောင်းချပြီးသည်နှင့် လူသားများ၏အမိန့်ကို နာခံစေရန်သာ ဖြစ်သည်။

အမဲလိုက်လင်းယုန်ကို အပြည့်အဝ ယဉ်ပါးသည်ဟု သတ်မှတ်မည်ဆိုလျှင် ဤသည်မှာ တစ်ဝက်တစ်ပျက် ယဉ်ပါးစေခြင်း ဖြစ်ပေလိမ့်မည်။

ယခုမူ သခင်လေးသည် သူကိုယ်တိုင်မသွားဘဲ သူ၏"မြင်း" ကို စေလွှတ်မည်ဟု ဆိုသလော။

ဤသည်မှာ မည်သည့် ပြက်လုံးမျိုး ဖြစ်သနည်း။

"သူက မင်းကို အထင်သေးနေတယ်"

အစေခံ၏ သံသယများကို အဖြေမပေးဘဲ ကျန်းရွှမ်က သောက်လီဘက်သို့ လှည့်၍ တည်ကြည်လေးနက်သော မျက်နှာအမူအယာဖြင့် ပြောဆိုလိုက်သည်။

"မင်းလို လီတစ်ထောင်မြင်းတစ်ကောင်အနေနဲ့ တစ်ယောက်ယောက်က မင်းရဲ့အရည်အချင်းကို မေးခွန်းထုတ်ရင် မင်း ဘယ်လိုပြုမူသင့်လဲဆိုတာ ငါ့ထက် မင်းက ပိုသိပါလိမ့်မယ်...."

ဟီး...ဟီး...ဟီး...

သောက်လီသည် ဒေါသများပြည့်နေသော မျက်နှာဖြင့် အစေခံအား အေးစက်စက် ကြည့်လိုက်၏။ ထို့နောက် သူ၏ခြေလေးချောင်းကို ရုတ်တရက် ခြံစည်းရိုးပေါ်မှ ခုန်ကျော်ကာ မြက်ခင်းပြင်ထဲသို့ တန်းတန်းမတ်မတ် တိုးဝင်သွားသည်။

"...."

အစေခံ ကြောင်အသွားသည်။

လက်ရှိနေရာတွင် ရှိနေသူတိုင်း အနည်းငယ် စိတ်မတည်မငြိမ် ဖြစ်ကုန်ကြ၏။ ကြီးကြပ်ရေးမှူးလျူသည် သူ၏ပါးသိုင်းမွှေးများကို အလွန်တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကာ သူ၏ ပါးမွှေးများ ပြတ်ထွက်သွားသည်ကိုပင် သတိမထားမိချေ။

ဤလူငယ်သည် သူ ပြောဆိုခဲ့သည့် စကားများကို နားလည်ပါသလော...

ထို့ထက်ပို၍ အရေးကြီးသည်က ဤသည်မှာ လီတစ်ထောင်မြင်းတစ်ကောင်မှ ကျွမ်းကျင်သည့်အရာ ဟုတ်ပါသလော...

"မင်း... မင်း... တကယ်ပြောနေတာလား"

ကျိုးချွမ်သည်လည်း ထပ်တူထပ်မျှ မျက်လုံးအပြူးသား ဖြစ်နေသည်။ အရပ်နှစ်မီတာကျော်ရှိသော လူထွားကြီးတစ်ယောက်၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်သော အမူအယာတစ်ရပ် ပေါ်လွင်နေသည်။

သူသည် မြင်းယဉ်ပါးစေခြင်း၌ ကျွမ်းကျင်သူဖြစ်ပြီး ဆရာကျိုးဟု ဂုဏ်ပြုခံရသူပင်။ သို့ရာတွင် သူသည် ဆရာတစ်ယောက်သာ ဖြစ်ပြီး နတ်ဘုရားတစ်ပါးဟမဟုတ်ပေ။

သူ၏ နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့သော အတွေ့အကြုံများအရ တစ်စုံတစ်ယောက်သည် ကိုယ်ပိုင်မြင်းကို အသုံးပြု၍ တခြားမြင်းရိုင်းတစ်ကောင်ကို ယဉ်ပါးအောင် ကူညီပေးသည်အား တစ်ကြိမ်တစ်ခါမျှ မကြားဖူးပေ။

"လျှို့ဝှက်ဆန်းကြယ်ချင်ယောင် ဆောင်နေတယ်....မြင်းယဉ်ပါးစေခြင်းဆိုတာက မြင်းရိုင်းတစ်ကောင်ကို လူတွေရဲ့ခွန်အားကို ခံစားမိသွားအောင် လုပ်တာပဲ...တကယ်လို့ တခြားမြင်းတစ်ကောင်ရဲ့ ခွန်အားအထောက်အပံနဲ့ အောင်မြင်သွားတယ်ဆိုရင်တောင် လူတိုင်းက သူတို့ရဲ့အိမ်မွေးသားရဲတွေကို ဒီကိစ္စအတွက် အသုံးပြုနေမှာ မဟုတ်လား...ဘာလို့ ငါတို့လို မြင်းယဥ်ပါးစေသူတွေကို လိုအပ်တော့မှာလဲ"

ကျိုးချွမ်သည် အချိန်တခဏကြာခန့် ထိတ်လန့်တုန်လှုပ်နေပြီးနောက် အထင်အမြင်သေးစွာဖြင့် ငေါ့တော့တော့ပြောဆိုသည်။

"ဆရာကျိုးပြောတာ အမှန်ပဲ....မြင်းယဥ်ပါးစေခြင်းက တကယ်တော့ လူသားတွေရဲ့စွမ်းအားကို မြင်းတွေကို ပြတာပဲ...မင်းက သောက်လီကို ဒီကိစ္စ လုပ်ခိုင်းမှတော့ အောင်မြင်သွားတယ်ဆိုရင်တောင် ဒါက မင်းနဲ့ ဘာဆိုင်လို့လဲ"

"မင်းတို့အားလုံးက ယဥ်ပါးအောင်လုပ်တဲ့နေရာမှာ အောင်မြင်မယ်လို့ပဲ ပြောနေကြတယ်....ဒါပေမယ့် ငါ့အထင်တော့ သောက်လီက ကြက်သွေးနီကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး"

"ကြက်သွေးနီမှာ မူလဘူတသားရဲတကောင်ရဲ့ သွေးမျိုးဆက် ရှိနေတယ်...သူ့ရဲ့ခွန်အားနဲ့ခံနိုင်ရည်က သာမန်လီတစ်ထောင်မြင်းတစ်ကောင်ထက် အများကြီး သာလွန်တယ်..သောက်လီက အားမနည်းဘူးဆိုပေမယ့် ကြက်သွေးနီနဲ့ယှဉ်ရင် နည်းနည်းတော့ လိုသေးတယ်"

…

မြင်းထိန်းများအားလုံးသည် အထင်အမြင်သေးသောအကြည့်ဖြင့် ကျန်းရွှမ်ကို ကြည့်လိုက်ကြ၏။

သူတို့အားလုံးသည် ခွန်အားကိုပြသခြင်းမှတဆင့် မြင်ရိုင်းများ၏လေးစားမှုကို ရရှိခဲ့ကြသည်။ ဤလူငယ်သည် သူ၏ကိုယ်ပိုင်မြင်းကို စေလွှတ်လိုက်သည်မှာ မည်သည့် ဟာသပြက်လုံးမျိုး ဖြစ်သနည်း။

သူတို့သည် သူ့အား စွန်းစားတတ်သော လူချမ်းသာသခင်လေးတစ်ယောက်ဟု တွေးထင်ခဲ့သော်လည်း ယခုကြည့်ကြည့်တော့မှ သူသည် စိတ်ကူးယဉ်ဆန်သော လူပေါ်ကြော့တစ်ယောက်သာ ဖြစ်နေသည်။

တခြားလူများ တိုင်ပင်ဆွေးနွေးနေစဉ်တွင် သောက်လီသည် ကြက်သွေးနီ၏ရှေ့သို့ ရောက်ရှိသွားလေပြီ။ မြင်းကောင်းနှစ်ကောင်သည် အလုံးအထည်တူညီကာ ရှည်လျားပြီးအစွမ်းထက်သောခြေထောက်များတွင် ပေါက်ကွဲအားအပြည့်ရှိသည်။

ဟီး....

သောက်လီထံမှ တိုးညှင်းသော အသံတစ်သံထွက်ပေါ်လာကာ ကြည့်ရသည်မှာ ကြက်သွေးနီနှင့် ဆက်သွယ်လိုသည့် အလားပင်။

ထိုဟီသံကိုကြားချိန်တွင် ကြက်သွေးနီ၏ မျက်နှာပေါ်တွင် ဒေါသထွက်သွားသော အမူအယာတစ်ရပ် ထင်ဟပ်လာကာ ရှေ့ခွာကိုမြှောက်ပြီး သောက်လီထံသို့ တိုးဝင်လိုက်၏။

ဤခွာချက်သည် အစွမ်းထက်ကာကြီးမားသောခွန်အားကို သယ်ဆောင်လာခဲ့သည်။ ဤခွာချက်ထိသွားပါက သာမန်မြင်းတကောင်သည်အူပေါက်သွားမည်ဖြစ်ကာ ဝက်ဝံညိုတစ်ကောင်ပင်လျင် ခေါင်းကွဲပြီး သွေးအမြောက်အမြားထွက်လာပေမည်။ သို့ရာတွင် သောက်လီသည် ရှောင်တိမ်းခြင်း မရှိချေ။ ထိုအစား နောက်သို့ချာခနဲလှည့်ပြီး သူ၏နောက်ခြေဖြင့် ကန်လိုက်၏။

ကြက်သွေးနီ၏လှုပ်ရှားမှုသည် လျင်မြန်သော်လည်း သောက်လီ၏လှုပ်ရှားမှုက ပို၍လျင်မြန်နေသည်။ သူ၏ခွာတွင် အလွန်ကြီးမားပြီး အစွမ်းထက်သော အားလှိုင်းတစ်ရပ်ပါဝင်ကာ ဓားအိမ်မှချွတ်လိုက်သော ဓားတစ်လက်အလား ကြက်သွေးနီ၏ခုခံကာကွယ်မှုကို တိုက်ရိုက်ထွင်းဖောက်သွားသည်။

ကြက်သွေးနီသည် မတုံ့ပြန်နိုင်သေးမီမှာပင် သူ၏ရင်ဘတ်ကို သောက်လီ၏ခွာဖြင့် ကန်မိသွားသဖြင့် သူ၏ကြီးမားသောခန္ဓာကိုယ်သည် အလျားလိုက် လွင့်ထွက်သွားပေ၏။ သူသည် မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ပြုတ်ကျလာပြီးနောက် မယုံကြည်နိုင်မှုကြောင့် သူ၏မျက်လုံးများ ပြူးကျယ်နေသည်။

သူသည် မူလဘူတသားရဲသွေးပါသော မြင်းရိုင်းတစ်ကောင်ဖြစ်သဖြင့် အစဉ်အမြဲ မောက်မာထောင်လွှားနေခဲ့သည်။ ဤမြင်းအုပ်စုအကြားတွင် သူသည် မင်းမူနေခဲ့ပြီး တခြားမြင်းများနှင့် တိုက်ခိုက်ချိန်တွင် မရှုံးနိမ့်ခဲ့ဖူးချေ။ သူ၏အဆိုးရွားဆုံး အိပ်မက်များအတွင်း၌ပင် တခြားမြင်းတစ်ကောင်၏ခွာဖြင့် သူ အကန်ခံရမည်ဟု တွေးထင်မထားခဲ့ချေ။

ကြက်သွေးနီ၏ ထိတ်လန့်တုန်လုံးနေမှုနှင့် မတူညီဘဲ ကြီးကြပ်ရေးမှူးလျှူနှင့် တခြားမြင်းထိန်းများသည် အံ့အားသင့်သွားကာ အကြည့်ချင်း ဖလှယ်လိုက်ကြ၏။

"ဒါက ရင်းမြစ်စစ်သည်တော်တစ်ယောက်ရဲ့ ခွန်အားပဲ"

"ဖြစ်နိုင်တာတော့ သောက်လီက မူလဘူတသားရဲတစ်ကောင်လား..."

မြင်းထိန်းများဖြစ်သဖြင့် သူတို့၏ခွန်အားသည် နက်နဲသိမ်မွေ့ကာ သူတို့၏လေ့ကျင့်မှုများကြောင့် သာမန်လူများထက် သာလွန်သောခွန်အားကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် သူတို့သည် ကတ်တီတစ်ထောင်ခန့်ခွန်အားကို ပိုင်ဆိုင်ထားသည့် မြင်းရိုင်းများကို သူတို့၏ရုပ်ခန္ဓာကိုယ် ခွန်အားသက်သက်ဖြင့် ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

သူတို့သည် ရင်းမြစ်ချီကို စုပ်ယူနိုင်သောကြောင့် သောက်လီ အသုံးပြုနေသော ခွန်အားသည် သာမန်ခွန်အားမဟုတ်ဘဲ ကျန်းချီဖြစ်ကြောင်း သူတို့ နားလည်သဘောပေါက်သည်။ ဤသည်မှာ ရင်းမြစ်စစ်သည်တော်တစ်ယောက်သာ ပိုင်ဆိုင်နိုင်သည့် စွမ်းအားတစ်ရပ်ပင်။

ဤကဲ့သို့ ခွန်အားမျိုးသည် ရုပ်ခန္ဓာကိုယ်အကန့်အသတ်ထက် ကျော်လွန်သော ကြီးမားသည့်ပေါက်ကွဲအားကို ရရှိစေသည်။ ထိုသို့မဟုတ်ပါက သောက်လီသည် ကြက်သွေးနီ၏ လေးလံသောခန္ဓာကိုယ်ကို ဆယ်မီတာကျော် လွင့်ထွက်သွားသည်အထိ ကန်နိုင်မည်နည်း။

မြင်းများသည် မူလဘူတသားရဲများ မဟုတ်ချေ။ မြင်းများအနက် အားအကောင်းဆုံးမြင်းဖြစ်သည့် ကြက်သွေးနီထံတွင် မူလဘူတသားရဲတစ်ကောင်၏ သွေးအနှစ်သာရ တစ်စိတ်တစ်ပိုင်းသာ ပါဝင်သည်။ သောက်လီကမူ အမှန်တကယ်ကို ကျင့်ကြံထားနိုင်ကာ ကျန်းချီကို ပိုင်ဆိုင်ထားသည်။

သူတို့ အမြင်များ မှားသလော...

ဟီး...ဟီး...ဟီး...

ကြက်သေသေနေရာမှ အသိဝင်လာသော ကြက်သွေးနီသည် ထပ်မံ၍ဟီပြီး သောက်လီထံသို့ အလွန်လျှင်မြန်စွာ တိုးဝင်လိုက်သည်။ သူ အခြေအနေကို ဖမ်းဆုပ်နိုင်ခြင်း မရှိသေးမီမှာပင် သောက်လီ၏ခွာဖြင့် ထပ်မံ၍အကန်ခံလိုက်ရသည်။

တစ်ချိန်က ရဲရင့်ပြီး ပြိုင်ဘက်ကင်းမြင်းရိုင်းတစ်ကောင်ဖြစ်ခဲ့ကာ မြင်းထိန်းအမြောက်အများ၏ ယဥ်ပါးအောင်လုပ်မှုကို ခုခံနိုင်ခဲ့သော ကြက်သွေးနီသည် ယခုအချိန်၌ သောက်လီ၏ရှေ့တွင် သုံးနှစ်အရွယ် ကလေးတစ်ယောက်အလား ကိုင်တွယ်ရန် အလွန်လွယ်ကူနေပုံရသည်။

ခွာဖြင့် အကြိမ်ပေါင်းများစွာ အကန်ခံရပြီးနောက် ကြက်သွေးနီသည် ကြောက်ရွံစ ပြုလာလေပြီ။သူ ထပ်မံ၍ မတိုက်ခိုက်ဝံ့တော့သဖြင့် နောက်သို့ချာခနဲလှည့်ပြီး ထွက်ပြေးလိုက်တော့သည်။ သို့ရာတွင် သူ၏အရှိန်နှုန်းသည် လျင်မြန်သော်လည်း သောက်လီ၏အရှိန်နှုန်းသည် ပို၍လျင်မြန်ပေ၏။ မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် သောက်လီသည် သူ့အားဖမ်းမိသွားကာ ထပ်မံ၍ အကန်ခံရတော့သည်။

ဆယ်မိနစ်ကျော်ကြာပြီးနောက် ယခင်က ရဲရင့်မှုရက်စက်ကြမ်းကြုတ်မှုတို့နှင့် ပြည့်နှက်နေသော ကြက်သွေးနီသည် ယခုအချိန်၌ ရွှံပုံတစ်ပုံအလား မြေပြင်ပေါ်၌ လဲလျောင်းနေသည်။

ထို့နောက် သောက်လီသည် ကြက်သွေးနီကို ကျန်းရွှမ်ထံသို့ တရွတ်တိုက် ဆွဲခေါ်လာခဲ့သည်။သောက်လီသည် နှာမှုတ်နေကာ သူ၏မျက်နှာပေါ်တွင် မာနကြီးသော အမူအယာတစ်ရပ် ထင်ဟပ်နေသည်။

ဟီးး..ဟီး...ဟီး...

"မင်း ကောင်းကောင်း လုပ်နိုင်ခဲ့သားပဲ"

ကျန်းရွှမ်က စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်ပြပြီး ကြက်သွေးနီကို ကြည့်လိုက်သည်။

"မင်းက အညံ့ခံဖို့ ဆန္ဒရှိပြီလား...အခုအချိန်ကနေစပြီးတော့ မင်းက မြင်းဇောင်းရဲ့ အဖွဲ့ဝင်တစ်ယောက်အနေနဲ့ အမိန့်တွေကို နာခံမှာလား"

ကြက်သွေးနီသည် ထိုစကားလုံးများကို နားမလည်သော်လည်း အဓိပ္ပာယ်ကို မှန်းဆနိုင်သည်။ သူသည် စိတ်ဆိုးမာန်ဆိုးဖြင့် နှာတစ်ချက်မှုတ်ပြီး အလွန်အမင်း ဒေါသထွက်နေသည်။

"ဒီနည်းလမ်းနဲ့ မြင်းကို ယဥ်ပါးအောင်လုပ်တာက အသုံးမဝင်ဘူးလို့ ငါ ပြောခဲ့သားပဲ"

"ဒါက လှည့်စားတာနဲ့ အတူတူပဲ... ပြင်ပအကူအညီတွေကို မှီခိုတာက မြင်းရဲ့အသိအမှတ်ပြုမှုကို ရနိုင်မှာ မဟုတ်ဘူး"

ကြက်သွေးနီ၏အမူအယာကို ကြည့်ပြီး မြင်းထိန်းများသည် သက်ပြင်းရှိုက်လိုက်ကြ၏။

သူတို့ရှေ့ရှိ မြင်းရိုင်းတွင် မူလဘူတသားရဲသွေးပါကာ လျင်မြန်ဖျတ်လတ်ပြီး သန်မာအားကောင်းသည့်တိုင် သူ့အား အနိုင်ယူနိုင်သော ကျင့်ကြံသူအမြောက်အများ ရှိနေဆဲပင်။ ထိုကျင့်ကြံသူများဖြင့် မြင်းကို ယဥ်ပါးအောင် မလုပ်နိုင်ခြင်းမှာ အရိုင်းဆန်သော ခွန်အားသက်သက်သည် မြင်းကို ယဥ်ပါးအောင်လုပ်ရာ၌ အသုံးမဝင်သောကြောင့်ပင်။

အကယ်၍ ဤကိစ္စသည် ယခုလောက်ထိ ရိုးရှင်းနေပါက သူတို့ကဲ့သို့ မြင်းယဥ်ပါးစေသူများကို မည်သည်ကြောင့် လိုအပ်တော့မည်နည်း။

"မင်းက အညံ့မခံချင်တာလား"

မြင်း၏အမူအယာမှတဆင့် တစ်စုံတစ်ခု လွဲချော်နေသည်ကို အာရုံခံမိသဖြင့် ကျန်းရွှမ်က သောက်လီဘက်သို့ လှည့်ကြည့်လိုက်သည်။

"ဒီလိုဆိုမှတော့ ငါ မင်းကို ဒီမြင်း ဆုချမယ်..မင်း ဆန္ဒရှိသလို လုပ်လို့ရတယ်"

ဟီး...

သောက်လီ၏မျက်လုံးများ တောက်ပသွားကာ စိတ်လှုပ်ရှားစွာဖြင့် ဟီလိုက်ပြီး ရုတ်တရက် ခုန်ပေါက်လိုက်သည်။ သူ့၏ရှေ့ခွာသည် ကြက်သွေးနီ၏ကျောပေါ်သို့ ကျရောက်သွားပေ၏။

"...."

ကြက်သွေးနီ လုံးလုံးလျားလျား ကြက်သေသေသွားသည်။

နောက်ထပ်အချိန်အခိုက်အတန့်တွင် ကြက်သွေးနီသည် အသိပြန်ဝင်လာကာ ကျန်းရွှမ်ဘက်သို့ အလျင်အမြန်လှည်ပြီး အသည်းအသန် ခေါင်းညိတ်ပြလိုက်သည်။ သူ၏ကြီးမားသောမျက်လုံးဝိုင်းတစ်စုံသည် အရည်လဲ့နေကာ မျက်ရည်များ အချိန်မရွေး ယိုစီးကျလာတော့မည့် အလားပင်။

"အညံ့ခံတာ...ဒါက အညံ့ခံတာနဲ့ တူနေတယ် မဟုတ်လား"

ကြက်သွေးနီ၏ အမူအရာနှင့်လုပ်ရပ်များကို မြင်တွေ့ချိန်၌ လက်ရှိနေရာတွင် ရှိနေသူများအားလုံး တဖန်ပြန်၍ တိတ်ဆိတ်ငြိမ်သက်သွားသည်။

All Chapters