ဒီနေရာမှာ တခြားမြင်းရိုင်းတွေ ရှိသေးလား
Vol. 5 Ch. 70
ဤကောင်လေးသည် မည်သည့်နည်းလမ်းကို အသုံးပြုခဲ့သည်ဖြစ်စေ သူသည် လူတိုင်းကိုအခက်တွေ့စေခဲ့သည့် မြင်းရိုင်းတစ်ကောင်ကို အညံ့ခံအောင် လုပ်နိုင်ခဲ့လေပြီ။
မြင်းများကို ဤကဲ့သို့နည်းဖြင့် ယဥ်ပါးအောင် လုပ်နိုင်သလော...
"မဟုတ်သေးဘူး..."
ကျိုးချွမ်သည် တစ်စုံတစ်ခုကို နားလည်သွားသဖြင့် မျက်မှောင်တင်းတင်းကြပ်ကြပ်ကြုတ်ပြီး ရုတ်တရက် ပြောဆိုလိုက်၏။
"ဒီအညံ့ခံမှုက စိတ်ရင်းနဲ့ မဟုတ်ဘူး အတုအယောင်ပဲ...မင်းရဲ့အကြမ်းဖက်မှုကြောင့် မြင်းက အညံ့ခံလိုက်တာပဲ...ဒါက စစ်မှန်တဲ့ အညံ့ခံမှုနဲ့ မတူဘူး... မမြင်နိုင်တဲ့ အန္တရာယ်တစ်ခုကို မြှုပ်နှံထားတာနဲ့ တူတယ်...ဒီမြင်းကို ရောင်းလိုက်တာနဲ့ ပိုင်ရှင်ကို ပြန်ပြီး အန္တရာယ်ပြုနိုင်ချေရှိတယ်"
"အမှန်ပဲ...ဒါက အပေါ်ယံမှာ သဟဇာတဖြစ်နေပေမယ့် အတွင်းပိုင်းမှာ ကွဲလွဲနေတယ်... ဒါက မြင်းကို ယဥ်ပါးအောင်လုပ်တဲ့နေရာမှာ တားမြစ်ချက်တစ်ခုပဲ"
တခြားမြင်းထိန်းတစ်ယောက်က ထောက်ခံလိုက်သည်။
မြင်းများသည် တခြားသားရဲများနှင့် ကွဲပြားခြားနားပြီး တစ်ကြိမ် ယဉ်ပါးအောင်လုပ်ပြီးသည်နှင့် လူသားများ၏ အနီးစပ်ဆုံး သယ်ယူပို့ဆောင်ရေး အဖော်များ ဖြစ်လာကြပေမည်။ အကယ်၍ သူတို့သည် စိတ်အတွင်းတွင် နာကျည်းမုန်းတီးမှုများဖြင့် လက်အောက်ခံနေပြီး စိတ်ရင်းအတိုင်းမဟုတ်ပါက ဤသည်မှာ အချိန်မရွေး ပေါက်ကွဲနိုင်သည့် ယမ်းဘီလူးကို မြှုပ်နှံ့ထားသည်နှင့် တူညီပြီး ပိုင်ရှင်ကို ပြန်လည်၍ ရန်မူနိုင်ချေရှိသည်။
အကယ်၍ မည်သည့်ကိစ္စမျှ ဖြစ်မလာခဲ့လျှင် ကိစ္စမရှိပေ။ သို့ရာတွင် တစ်စုံတစ်ခု ဖြစ်ပွားသွားပါက ပိုင်ယန်မြင်းခြံအတွက် ဆိုးရွားသော အကျိုးဆက်များ ဖြစ်ပေါ်စေနိုင်သည်။ အကောင်းဆုံးအနေဖြင့် သူတို့၏ နာမည်ဂုဏ်သတင်း ကျဆင်းသွားမည်ဖြစ်ပြီး အဆိုးဆုံးမှာမူ သူတို့၏မြင်းများကို မည်သူကမျှ ဝယ်ယူတော့မည် မဟုတ်ချေ။
ကျန်းရွှမ်က ဇဝေဇဝါဖြင့် မေးမြန်းသည်။
"ဒါက စိတ်ရင်းအတိုင်း အညံ့ခံတာမျိုး မဟုတ်တာလား"
"အမှန်ပဲ...မြင်းကို ယဥ်ပါးစေတဲ့နေရာမှာ အစစ်အမှန်လက်ခံခြင်း ဟန်ဆောင်လက်ခံခြင်း အတင်းအကြပ်လက်ခံခြင်း စတဲ့အရာတွေ ရှိနေ တယ်....အဲ့ဒီအရာတွေကြားမှာ နောက်နှစ်ခုက အရမ်းအန္တရာယ်များတာကြောင့် ငါတို့လို မြင်းရယဥ်ပါးစေသူတွေက အသုံးမပြုကြဘူး"
အစောပိုင်းက စကားပြောဆိုလိုက်သော မြင်းထိန်းက တုံ့ပြန်အဖြေပေးသည်။
"ဒါက..."
ကျန်းရွှမ် မျက်မှောင်ကြုတ်ပြီး တိတ်ဆိတ်ငြိမ်သက်နေသည်။ သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်၌ သူသည် ခြံစည်ရိုးပေါ်မှ ခုန်ကျော်ပြီး ခြေလှမ်းအနည်းငယ်ခန့်လှမ်းကာ ကြက်သွေးနီထံသို့ လျှောက်လှမ်းသွားပြီး ငုံကြည့်လိုက်၏။
"သူတို့ပြောတာ အမှန်ပဲလား...မင်း အညံ့ခံတာက အစစ်အမှန် မဟုတ်တာလား"
ဟီး...
သူ ချဉ်းကပ်လာသောအချိန်၌ မြေပြင်ပေါ်တွင် လဲကျနေသော ကြက်သွေးနီက မော့ကြည့်ပြီး ဒေါသတကြီးဟီလိုက်သည်။
ကျန်းရွှမ် ပြောဆိုသောစကားသည် အမှန်ဖြစ်ကြောင်း သိသာထင်ရှားသည်။ ဤမြင်းသည် အကြမ်းဖက်ခံရသဖြင့် အညံ့ခံခြင်းသာဖြစ်ပြီး သူ၏စိတ်အတွင်း၌ လူသားများကို လက်သင့်မခံချေ။ မြင်းထံတွင် မြင့်မားသောဉာဏ်ရည် မရှိသဖြင့် ဟန်ဆောင်နိုင်ခြင်းမရှိလေရာ မြင်း၏မျက်နှာပေါ်တွင် အစစ်အမှန်ခံစားချက်များ ပေါ်လွင်နေသည်။
"ကြီးကြပ်ရေးမှူးလျှူ...ဒီကောင်လေးက မြင်းကို အကြမ်းဖက်ပြီး အညံ့ခံစေခဲ့တယ်...ဒါက စည်းမျဉ်းတွေကို ချိုးဖောက်နေတာပဲ...သူ့ကို ဆုကြေးငွေ မပေးရုံတင် မကဘူး စံမမူနာပြတဲ့အနေနဲ့ သူ့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးသင့်တယ်"
"တကယ်လို့ ငါတို့တွေ သူ့ကို အပြစ်မပေးဘူးဆိုရင်...လူတိုင်းက ဒီလိုနည်းလမ်းအတိုင်း လုပ်ပြီးတော့ မြင်းရိုင်းတွေကို ရိုက်နှက်ကြလိမ့်မယ်...မြင်းတွေကို ယဥ်ပါးအောင်လုပ်တဲ့ ပညာရပ်တွေကို ဘယ်သူက အားတက်သရော သင်ယူတော့မှာလဲ...ဒီပညာရပ်တွေ ပျောက်ကွယ်သွားရင် ငါတို့ရဲ့မြင်းတွေမှာ ပုန်းကွယ်နေတဲ့ ပြဿနာတွေ ရှိပြီးတော့ ဘယ်တော့မှ ထပ်ပြီး မရောင်းချနိုင်တော့မှာကို ငါ စိုးရိမ်မိတယ်"
"ဒါက ကိစ္စငယ်လေး မဟုတ်ဘူး...ဒါကို အလေးအနက် ထားရမယ်"
တစ်စုံတစ်ယောက် စကားပြောဆိုလိုက်ပြီးနောက် မြင်းထိန်းများအားလုံးသည် သဘောတူညီသည့်အနေဖြင့် ထောက်ခံလိုက်ကြသည်။ သူတို့အားလုံး၏မျက်နှာများပေါ်တွင် ဒေါသများ ဖြောင့်မတ်မှန်ကန်မှုများဖြင့် ပြည့်နှက်နေပေ၏။
သူတို့သည် မြင်းယဥ်ပါးစေခြင်းနည်းစနစ်များကို လုံ့လဝီရိယစိုက်၍ သင်ယူခဲ့ကြသည်။ အကယ်၍ အရိုင်းဆန်သောခွန်အားကို အသုံးပြုသည့် နည်းလမ်းသည် တခြားနည်းလမ်းများနေရာတွင် အစားထိုးသွားပါက သူတို့၏အသက်မွေးဝမ်းကြောင်း အဆုံးသတ်သွားပေမည်။
"ဒါက....မင်းတို့အားလုံး မလောကြနဲ့အုံး...ငါ ဆုံးဖြတ်ချက်မချခင် ငါ့ကိုသေချာကြည့်ခွင့်ပြုပါဦး
ကြီးကြပ်ရေးမှူးလျှူက သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး ချက်ချင်း ဆုံးဖြတ်ချက်မချသေးပေ။ သူသည်လည်း ခြံစည်းရိုးပေါ်မှ ခုန်ကျော်၍ ကြက်သွေးနီထံသို့ ရောက်ရှိသွားကာ သူ့၏လက်ကို ဖြည်းဖြည်းချင်းဆန့်တန်းပြီး မြင်း၏အမွှေးကိုကိုင်ရန် ကြိုးစားလိုက်သည်။
ကြက်သွေးနီ၏ခေါင်း နောက်သို့ အလျင်အမြန်ဆုတ်သွားကာ နံဘေးတစ်ဖက်သို့ စောင်းပြီး ထိုထိတွေ့မှုကို ရှောင်တိမ်းလိုက်၏။ ဤသည်မှာထိတွေ့မှုကို လက်မခံလိုခြင်းဖြစ်ကြောင်း သိသာထင်ရှားသည်။
ကြီးကြပ်ရေးမှူးလျှူ၏ စိတ်နှလုံးသား လေးလံသွားပေ၏။
သာမန်အားဖြင့် ယဥ်ပါးသောမြင်းများသည် လူသားများကို ထိတ်လန့်ကြောက်ရွံသည့် အမူအယာ မပြသဘဲ ချစ်ခင်မြတ်နိုးခြင်းကိုသာ ပြသလေ့ရှိသည်။ သို့ရာတွင် ဤကြက်သွေးနီကို ထိတွေ့လိုက်ချိန်တွင် ကြောက်ရွံသည့်အရိပ်အယောင်ပြပြီး အလိုအလျောက် ရှောင်တိမ်းလိုက်လေရာ....မည်သည့်နည်းဖြင့် ဤမြင်းကို စီးနင်းနိုင်မည်နည်း။
မည်သည့်နည်းဖြင့် နီးစပ်သည့် ဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်မည်နည်း။
ကြည့်ရသည်မှာ ဆရာကျိုးတို့လူစု ပြောသည့်စကားများ အမှန်ဖြစ်ပုံပင်။ ကြီးကြပ်ရေးမှူးလျှူသည် မလှမ်းမကမ်းအကွာရှိ လူငယ်ကို အေးစက်စက်အကြည့်ဖြင့် ကြည့်လိုက်သည်။
"ကျန်းရွှမ်...မင်းက ကြက်သွေးနီကို အစစ်အမှန် ယဥ်ပါးအောင် မလုပ်နိုင်ခဲ့ဘူး...မင်းက အရိုင်းဆန်တဲ့ခွန်အားကို သုံးပြီးတော့ သူ့ကို မခုခံရဲအောင် လုပ်ခဲ့တယ်...ဒါကြောင့် ဒီတစ်ကြိမ်မှာ မြင်းကို ယဥ်ပါးအောင်လုပ်တဲ့ မင်းရဲ့ကြိုးစားမှု ကျရှုံးသွားတယ်လို့ ငါ ကြော်ငြာ..."
သူ၏စကား အဆုံးမသတ်သေးမီမှာပင် ကျန်းရွှမ်၏စိတ်အတွင်း၌ မကျေမနပ်မှုများဖြင့် ပြည့်နှက်သွားသည်။ သူသည် ကြက်သွေးနီ၏ရှေ့သို့သွားပြီး သူ၏လက်မောင်းကို လွှဲယမ်းကာ မြင်း၏မျက်နှာရှည်ကြီးကို ဖြတ်ရိုက်လိုက်၏။
"မင်းက ခုထိ စိတ်ရင်းနဲ့ အညံ့မခံတာလား...ဟမ် ...မင်း တော်တော်သတ္တိကောင်းနေပါလား"
ဟီး...ဟီး...ဟီး...
ကြက်သွေးနီသည် ဤကဲ့သို့ ကိုယ်ထိလက်ရောက် ရိုက်နှက်မှုမျိုး ခံရမည်ဟု မျှော်လင့်မထားသဖြင့် မြင်း၏မျက်လုံးအတွင်းတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားသည်။
"မင်း ဘာလုပ်တာလဲ"
မြင်း၏မျက်နှာအမူအယာသာမက ကြီးကြပ်ရေးမှူးလျှူသည်လည်း လုံးလုံးလျားလျား တုန်လှုပ်သွားသည်။
စစ်မှန်သော ယဥ်ပါးခြင်းမဟုတ်ဟု ပြောဆိုလိုက်ရုံဖြင့် ဤလူငယ်သည် မြင်းကို ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့သလော။ ဤလူငယ်သည် ရိုင်းပြသည်ကို သိသော်လည်း ဤမျှအထိ အလွန်ရိုင်းပြမည်ဟု သူ မျှော်လင့်မထားမိချေ။
"လာကြစမ်း...ဒီကောင်ကို ဖမ်းလိုက်..."
သူသည် ဤပြဿနာရှာသော သခင်လေးကို သင့်တော်သော အပြစ်ပေးရန် ဟန်ပြင်လိုက်စဉ်မှာပင် ပါးဖြတ်ရိုက်ခံရသော ကြက်သွေးနီ၏အပြောင်းအလဲကို သူ မြင်တွေ့မိလေ၏။ မြင်းသည် သူ၏ကြီးမားသောခေါင်းကို ရုတ်တရက် အောက်သို့ငုံပြီး ကျန်းရွှမ်၏ခြေထောက်ကို အဆက်မပြတ်ပွတ်သပ်ကာ နာခံမှုရှိသော အမူအယာကို ပြသနေသည်။
ဤသည်မှာ ခွေးတစ်ကောင်မှနေ၍ သခင်ဖြစ်သူကို စိတ်လှုပ်ရှားစွာ ဆီးကြိုနှုတ်ဆက်သည့်အလားပင်။
"ဒါက အပြည့်အဝ အညံ့ခံလိုက်တာ မဟုတ်လား"
ကြီးကြပ်ရေးမှူးလျှူ၏ ပါးစပ်မှ ထွက်တော့မည် ဆူပူကြိမ်းမောင်းသံများ လည်မျိုမှာပင် တစ်သွားသည်။ သူသည် နေရာမှာပင် မတ်တတ်ရပ်ကာ ကြက်သေသေနေလေ၏။
မြင်းတကောင်မှ ဤကဲ့သို့ အမူအယာမျိုး ပြသခြင်းမှာ ယဥ်ပါးခြင်းမဟုတ်ပဲ အိမ်မွေးသားရဲအဖြစ် အပြည့်အဝအညံ့ခံခြင်းပင်။
အစောပိုင်းက မြင်း၏မျက်နှာပေါ်တွင် ဒေါသများ ထင်ဟပ်နေကာ အပြန်အလှန် တိုက်ခိုက်ကြတော့မည့် အလားပင်။ သို့ရာတွင် မည်သည်ကြောင့် ရုတ်တရက်ဆန်စွာ ဤကဲ့သို့ ပြောင်းလဲသွားသနည်း။
ကြီးကြပ်ရေးမှူးလျှူသာမက ကျိုးချွမ်နှင့်တခြားမြင်းထိန်များသည်လည်း အကြည့်ချင်းဖလှယ်လိုက်ကြကာ သူတို့ ဉာဏ်ရည်မမှီနိုင်တော့ဟု ခံစားမိသည်။
သူတို့သည် ယဥ်ပါးစေခြင်းနည်းစနစ်များကို စတင်သင်ယူခဲ့သည့် အချိန်ကတည်းက ဤကဲ့သို့ အခြေအနေမျိုးကို တစ်ကြိမ်တခါမျှ ကြုံတွေ့ဖူးခြင်း မရှိချေ။
ဖြစ်နိုင်သည်မှာ ကြက်သွေးနီသည် အကြမ်းဖက်ခြင်းကို ကြိုက်နှစ်သက်သဖြင့် ရိုက်နှက်ခံရခြင်းကြောင့် အညံ့ခံခဲ့သလော။ မြင်းအား ပြင်းပြင်းထန်ထန် ရိုက်နှက်လေလေ အညံ့ခံမှုကိုပို၍အားကောင်းလေလေ ဖြစ်သလော။
ကြီးကြပ်ရေးမှူးလျူသည် အချိန်တစ်ခဏကြာခန့် တွေဝေနေပြီးနောက် သူ၏လက်ကိုထပ်မံ၍ ဆန့်တန်းကာ မြင်း၏အမွှေးများကို ထိတွေ့လိုက်သည်။
ဤတကြိမ်တွင် ကြက်သွေးနီသည် ရှောင်တိမ်းခြင်း မပြုရုံသာမက ပျော်ရွှင်နေပုံရသည်။ မြင်းသည် ကြီးကြပ်ရေးမှူး၏ခြေထောက်ကို ပွတ်သပ်နေကာ သူ၏မျက်လုံးများအတွင်း၌ ယခင်ကဲ့သို့ ဒေါသများမရှိတော့ဘဲ ရင်းနှီးချစ်ခင်မှုများသာ ရှိနေသည်။
အချိန်တစ်မိနစ်အတွင်းတွင် မတူကွဲပြားသောအပြုအမူနှစ်ခုရှိနေကာ ဤအရာများအားလုံးသည် ပြင်းထန်သော ပါးရိုက်ခံရခြင်းကြောင့်ပင်။
"အခုရော...ဒီမြင်းက အပြည့်အဝ အညံ့ခံသွားပြီလား"
ကျန်းရွှမ်က သူ၏လက်ကို ပြန်ရုတ်သိမ်းပြီးနောက် ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ပြီး မေးမြန်းလိုက်သည်။
အစပထမတွင် သူသည် သိုသိုသိပ်သိပ်နေရန် ရွေးချယ်ခဲ့ကာ သူကိုယ်တိုင် လှုပ်ရှားမှု မလုပ်လိုခဲ့ချေ။ သို့ရာတွင် သောက်လီသည် အားကိုး၍မရဘဲ ကြက်သွေးနီအား ပြင်းပြင်းထန်ထန်ရိုက်နှက်သည့်တိုင် အတုအယောင် အညံ့ခံသော ရလဒ်ကိုသာ ရရှိခဲ့သည်။ သူ့ထံ၌ ရွေးချယ်စရာ မရှိတော့သဖြင့် သူကိုယ်တိုင် ကြားဝင်စွက်ဖက်ပြီး သူ၏အထူးကျွမ်းကျင်မှုဖြစ်သော 'သားရဲနှိပ်စက် ယဥ်ပါးစေခြင်းနည်းစနစ်'ကို အသုံးပြုခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် ကမ္ဘာသစ်၏နယ်မြေတစ်ခုကို လောင်ကျွမ်းစေသရွေ့ ဤနည်းလမ်းကို အသုံးပြု၍ ရနိုင်သည်။ ကံကောင်းထောက်မစွာဖြင့် ယနေ့အခြေအနေမှ သူ့ကိုယ်သူ ကယ်တင်နိုင်ခဲ့သော်လည်း သူ၏နည်းလမ်းတွင် အားနည်းချက်တစ်ခု ရှိနေသည်။ ဤသည်မှာ တခြားလူများသည် ယဥ်ပါးစေရုံသာဖြစ်ပြီး သူကမူ အပြည့်အဝ အညံ့ခံစေခြင်းပင်။