ဒီနေရာမှာ တခြားမြင်းရိုင်းတွေ ရှိသေးလား(၂)
Vol. 5 Ch. 71
"ဒါက အဆင်ပြေသွားပြီ..."
ကြီးကြပ်ရေးမှူးလျူသည် တခြားနည်းလမ်းများဖြင့် အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ပြီးနောက် ကြက်သွေးနီသည် အမှန်တကယ်ကိုလိုလိုလားလား အညံ့ခံသွားသည်ကို ရှာဖွေတွေ့ရှိသဖြင့် ကျန်းရွှမ်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။
"မင်း...မင်း ဘယ်လိုလုပ်လိုက်တာလဲ"
မြင်းများအပေါ် အရိုင်းဆန်သောခွန်အားကို အသုံးပြုခြင်းအား သူ နားလည်နိုင်သည်။ သို့ရာတွင် ပါးရိုက်ချက်တစ်ချက်တည်းဖြင့် မြင်းကို လုံးလုံးလျားလျား အညံ့ခံစေခဲ့သလော။
"ဒါက ငါရဲ့ မြင်းယဥ်ပါးစေခြင်း နည်းစနစ်ပဲ...ခုချိန်မှာ ငါ ဒါကို မပြောပြနိုင်သေးဘူး"
ကျန်းရွှမ်က သူ၏ခေါင်းကို ခါယမ်းလိုက်သည်။
သားရဲညှင်းပန်း ယဥ်ပါးစေခြင်းနည်းစနစ်ကို အကယ်၍ သူ ရှင်းပြလိုလျှင်ပင် သူ ရှင်းမပြနိုင်ချေ။ ထို့ကြောင့် သူ ဤကိစ္စအပေါ် ဖော့ပြောရုံသာ တတ်နိုင်သည်။
"ကောင်းပြီလေ...."
သူ အဆင်အခြင်မဲ့သွားသည်ဟု သူ့ကိုယ်သူ အပြစ်တင်ပြီးနောက် ကြီးကြပ်ရေးမှူးလျှူသည် ထပ်မံ၍ အပိုစကားမပြောတော့ဘဲ ငွေလက်မှတ်တချို့ကို လက်ကမ်းပေးလိုက်သည်။
"ဒါက အခု သားရဲကို ယဥ်ပါးစေတဲ့အတွက် ဆုကြေးငွေ ရင်းမြစ်ဒင်္ဂါး တစ်သောင်းပါ..."
"ကျေးဇူးတင်ပါတယ်..."
ကျန်းရွှမ်က ထိုငွေလက်မှတ်များကို ပေါ့ပေါ့ပါးပါးယူကာ အစစ်အမှန်ဖြစ်သည်ကို စစ်ဆေးပြီးနောက် သူ စိတ်သက်သာရာရသွားကာ သက်ပြင်းရှိုက်လိုက်သည်။
သူသည် မြင်းတကောင်ကို ယဥ်ပါးအောင် လုပ်ခဲ့ရုံမျှဖြင့် ဤမျှထိ များပြားသော ငွေများကို ရှာနိုင်ခဲ့သည်။ ဤသည်မှာ တခြားလူများနှင့်အလောင်းအစားလုပ်သည်ထက်ပင် ပို၍လျင်မြန်သည် မဟုတ်လော။
ရင်းမြစ်ဒင်္ဂါးတစ်သောင်းသည် သောက်လီ၏ မြင်းစာတစ်လစာအတွက် လုံလောက်သည့်အပြင် အနည်းငယ်ပင် ကြွင်းကျန်ပေမည်။
သို့ရာတွင် သူ မြင်းစာဖိုးပေးပြီးနောက် သူ့ထံ၌ များများစားစား ကျန်ရှိတော့မည် မဟုတ်ချေ။ သူသည် ကျင့်ကြံခြင်းကို ရပ်တန့်ပြီး ဤနေရာသို့ မကြာခဏလာ၍ မြင်းများကို ယဥ်ပါးစေရန်မှာလည်း မဖြစ်နိုင်ချေ။
ထိုအတွေးနှင့်အတူ ကျန်းရွှမ်က မေးမြန်းလိုက်သည်။
"ကြီးကြပ်ရေးမှူးလျှူ...ကြက်သွေးနီအပြင် ဒီနေရာမှာ ယဥ်ပါးအောင် လုပ်ဖို့လိုတဲ့ တခြားမြင်းရိုင်းတွေ ရှိသေးလား...ငါက မြင်းရိုင်းတချို့ကို ယဥ်ပါးအောင် ထပ်ပြီးလုပ်ချင်တယ်"
…
ပိုင်ယန်မြို့အတွင်း၌ ချန်းမိသားစု၏အိမ်တော်ရှိကာ ဧကတစ်ရာကျော် ကျယ်ဝန်းပြီး အတွင်းအပြင်၌ ခြံဝန်းငယ်ခုနစ်ခုရှိကာ ကြီးကျယ်ခမ်းနားပြီး ထည်ဝါသည်။
အိမ်တော်၏ အနောက်ဖက်ခြံဝန်းအတွင်း၌ ကြီးမားသော ရေအိုင်ကြီးတစ်အိုင် ရှိသည်။ ကျောက်စိမ်းများဖြင့် ထွင်းထုထားသော ခန်းမဆောင်တစ်ခု၏အောက်တွင် လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်သည် ခြှေဗလာဖြင့် ငါးမျှားနေပေ၏။ သူ့၏လက်အတွင်း၌ ကျောက်စိမ်းငါးမျှားတံကို ကိုင်ထားကာ ပက်လက်ကုလားထိုင်ပေါ်၌ သက်သောင့်သက်သာ လဲလျောင်းပြီး တိတ်ဆိတ်ငြိမ်သက်စွာ ငါးမျှားနေသည်။
ရေမျက်နှာပြင်၏အထက်တွင် ငါးမျှားတံသည် ညင်သာစွာ လှုပ်ယမ်းနေပေ၏။ ငါးကြင်းတစ်ကောင်သည် ငါးစာ၏နံဘေးပတ်လည်၌ လှည့်ပတ်ကူးခတ်နေကာ အချိန်မရွေး ငါးစာဟပ်တော့မည်အလားပင်။
ရှပ်...ရှပ်...ရှပ်....
ထိုအချိန်မှာပင် အဝေးတစ်နေရာမှနေ၍ ချဉ်းကပ်လာသော ပျာပျာသလဲခြေလှမ်းသံများကို ကြားလိုက်ရပြီးနောက် အညိုရောင်ဝတ်စုံဝတ် လက်အောက်ငယ်သားတစ်ယောက်က အလျင်စလို ပြေးလာသည်။
"မိသားစုခေါင်းဆောင်... "
ထိုအသံ ထွက်ပေါ်လာသည်နှင့် လှည့်ပတ်ကူးခတ်နေသော ငါးကြင်းသည် အမြှီးကိုလှုပ်ယမ်းပြီး ရေအတွင်းသို့ငုပ်ရှိုးကာ ပျောက်ကွယ်သွားတော့သည်။
လူလတ်ပိုင်းကြီး၏မျက်နှာ ချက်ချင်းသုန်မှုန်သွားပြီး သူ၏နှလုံးသွေးများ ယိုစီးသွားသည့်အလားပင်။
"ငါ ငါးမျှားနေတဲ့အချိန်မှာ ငါ့ကို မနှောက်ယှက်ဖို့ ပြောထားတယ် မဟုတ်လား..မင်းကိုယ်မင်း အချက်နှစ်ဆယ် ပါးဖြတ်ရိုက်စမ်း"
အညိုရောင်ဝတ်စုံဝတ်လက်အောက်ငယ်သား၏မျက်နှာ ဖြူရော်သွားသည်။
"ဟုတ်ကဲ့..."
ဖြောင်း...ဖြောင်း...ဖြောင်း...
သူ၏မျက်နှာ နီမြန်းပြီး သူ၏နားများ ပူနွေးလာကာ နာကျင်မှုကြောင့် ပူစပ်စပ်ဖြစ်လာသည်အထိ သူကိုယ်သူ ပါးဖြတ်ရိုက်ပြီးမှသာ အညိုရောင်ဝတ်စုံဝတ် လက်အောက်ငယ်သားက ရပ်တန့်လိုက်သည်။
"ဘာကိစ္စလဲ...."
ငါးမျှားချိတ်တွင် ငါးစာကို ထပ်မံတပ်ကာ ငါးမျှားတံကို ရေအတွင်းသို့ ပြန်ပစ်ချပြီးနောက် လူလတ်ပိုင်းကြီးက အရေးမစိုက်သောလေသံဖြင့် မေးမြန်းသည်။
အညိုရောင်ဝတ်စုံဝတ် လက်အောက်ငယ်သားက ဦးညွှတ်အရိုအသေပြုပြီး ပြောဆိုသည်။
"မိသားစုခေါင်းဆောင်ကို သတင်းပို့ပါတယ်....မြင်းထိန်းကွင်းမှာ မတော်တဆကိစ္စတစ်ခု ဖြစ်သွားခဲ့တယ်"
"အဲ့ဒီကိစ္စကို အကြီးအကဲချန်းယွင် တာဝန်ယူထားတာ မဟုတ်လား...မင်း ငါ့ကိုလာရှာဖို့ လိုလို့လား"
လူလတ်ပိုင်းကြီးက မည်သည့်စိုးရိမ်သောကမျှ မရှိသောလေသံဖြင့် ပြောဆိုသည်။
သူသည် ချန်းမိသားစု၏ ယခုလက်ရှိ မိသားစုခေါင်းဆောင်ဖြစ်ကာ ချန်းဟောင်၏ဖခင် ချန်းရှောင်ပင်။
သူ ပြောဆိုလိုက်သော အကြီးအကဲချန်းယွင်သည် ပထမအကြီးအကဲဖြစ်ပြီး မြင်းခြံနှင့်ပတ်သက်သည့် ကိစ္စအဝဝကို တာဝန်ယူထားသည်။
အညိုရောင်ဝတ်စုံဝတ် လက်အောက်ငယ်သားက ပြောဆိုသည်။
"ဒါက တကယ်တော့ မြင်းထိန်းကွင်းထဲကို တစ်ယောက်ယောက် ရောက်လာပြီးတော့ မြင်းတွေကို ယဥ်ပါးအောင် လုပ်ခဲ့တယ်...သူက မြင်းရိုင်းကြက်သွေးနီကို အညံ့ခံစေခဲ့တယ်"
ဤသည်မှာ အလေးအနက်ထားရမည့်ကိစ္စ ဖြစ်နေသည်ကို ကြားချိန်၌ ချန်းရှောင်၏ဒေါသများ အနည်းငယ်ပြေလျော့သွားသည်။
"ဒါက တကယ့်ကို သတင်းပို့သင့်တယ် ....ကြက်သွေးနီမှာ မူလဘူတသွေးမျိုးဆက် ရှိပြီးတော့ အခုလတ်တလောနှစ်တွေထဲမှာ ယဥ်ပါးအောင်လုပ်ဖို့ အခက်ခဲဆုံး မြင်းတစ်ကောင်ပဲ....မြင်းယဥ်ပါးစေသူတွေ အများကြီးက သူ့ကို ထိန်းချုပ်တဲ့နေရာမှာ ကျရှုံးခဲ့တယ်...အခုက ဘယ်သူ အောင်မြင်သွားတာလဲ...ကျိုးချွမ်လား ဝမ်ယွမ်ကျိုးလား ဒါမှမဟုတ် ရှန်းစီပင်းလား"
သူ ပြောဆိုလိုက်သော သုံးယောက်အနက်မှ တစ်ယောက်ချင်းစီသည် ပိုင်ယန်မြို့အတွင်း၌ နာမည်ကျော်ကြားသော မြင်းယဥ်ပါးစေသူများဖြစ်သည်။ သူတို့သည် လီတစ်ထောင်မြင်းများကို ယဉ်ပါးအောင်လုပ်ရာ၌ အတွေ့အကြုံကြွယ်ဝကာ အောင်မြင်မှုများလည်း ရရှိထားကြသည်။
"သူတို့ထဲက မဟုတ်ဘူး...."
အညိုရောင်ဝတ်စုံဝတ် လက်အောက်ငယ်သားက ပြောဆိုသည်။
"ဒါက လူသစ်လေးတစ်ယောက်ပဲ... သူက တော်တော်ငယ်သေးတယ်...အသက် နှစ်ဆယ့်လေး နှစ်ဆယ့်ငါးလောက်ပဲ ရှိအုံးမယ်"
"လူငယ်တွေက တကယ့်ကို ကြောက်ဖို့ ကောင်းလာတာပါလား"
ချန်းရှောင်၏မျက်လုံးများ တောက်ပသွားကာ လေးစားမှုဖြင့် အံ့အားတသင့်ရေရွတ်ပြီး ခေါင်းညိတ်ပြလိုက်သည်။
"လူငယ်တွေက ခွန်အားကောင်းပြီးတော့ ခံနိုင်ရည် မြင့်မားတယ်....ဒါကြောင့် သူတို့က ကြက်သွေးနီကို ယဉ်ပါးအောင် လုပ်တဲ့နေရာမှာ တကယ်ကို အသာစီးရနိုင်တယ်....ငါ ခန့်မှန်းကြည့်မယ်.... သူ အဲ့ဒီမြင်းကို ယဥ်ပါးအောင်လုပ်ခဲ့တာက အနည်းဆုံး သုံးနာရီလောက်တော့ ကြာတယ် မဟုတ်လား"
ကြက်သွေးနီကဲ့သို့ မြင်းရိုင်းတစ်ကောင်ကို ခွန်အားကုန်ခမ်းကာ ပင်ပန်းနွမ်းနယ်မှု မရှိမချင်း လူသားတစ်ယောက်မှ အနိုင်ယူနိုင်ရန်မှာ မဖြစ်နိုင်သလောက်နီးပါးပင်။
အညိုရောင်ဝတ်စုံဝတ် လက်အောက်ငယ်သားက ခေါင်းကုတ်ပြီး တုံပြန်အဖြေပေးသည်။
"ဒါက လက်ဖက်ရည်တစ်ခွက် ဖျော်စပ်စာ အချိန်လောက်တောင် မကြာဘူး"
ချန်းရှောင်သည် ကြက်သေသေသွားလေ၏။
လက်ဖက်ရည်တစ်ခွက် ဖျော်စပ်စာအချိန်သည် ဆယ်မိနစ်ပင်။ လက်ဖက်ရည်တစ်ခွက်ဖျော်စပ်စာအချိန်ထက် လျော့နည်းသည်ဆိုပါက အချိန်ငါးမိနစ်ခန့်သာ ရှိပေမည်။ ဤကဲ့သို့ အချိန်တိုအတွင်း၌ ကြက်သွေးနီကဲ့သို့ မြင်းရိုင်းတစ်ကောင်ကို ယဥ်ပါးအောင် လုပ်နိုင်ခဲ့သလော။
မည်သည်ကြောင့် ဤကိစ္စသည် မဖြစ်နိုင်ဟု သူ ခံစားနေရသနည်း။
"ဒါက အမှန်ပါပဲ"
မိသားစုခေါင်းဆောင်၏ မယုံကြည်နိုင်မှုကိုကြည့်ပြီး အညိုရောင်ဝတ်စုံဝတ် လက်အောက်ငယ်သားက ဆက်လက်၍ ပြောဆိုသည်။
"မြင်းတစ်ကောင်က ကြက်သွေးနီကို အနိုင်ယူခဲ့တယ်..ဒါ့ပြင် အဲဒီလူငယ်က ကြက်သွေးနီကိုပါးဖြတ်ရိုက်လိုက်ပြီးတော့ မြင်းက ယဥ်ပါးသွားတာပဲ"
"မြင်းတစ်ကောင်က တခြားမြင်းတကောင်ကို အနိုင်ယူတာလား...ပါးရိုက်တာလား...."
ချန်းရှောင် ဆွံ့အသွားသည်။
ဤစကားလုံးများအနက်မှ တစ်ခုစီကို သူ နားလည်သဘောပေါက်သော်လည်း ထိုအရာများကို ပေါင်းစပ်လိုက်ချိန်၌ အဓိပ္ပါယ်ရှိတော့ပုံ မရချေ။
အညိုရောင်ဝတ်စုံဝတ် လက်အောက်ငယ်သားက ပြောဆိုလိုက်၏။
ဒါတင် မကဘူး...ကြက်သွေးနီကို ယဥ်ပါးအောင်လုပ်ပြီးတဲ့နောက်မှာ အဲဒီ့လူသစ်လေးက စိတ်မကျေနပ်သေးဘူး...သူက တခြားမြင်းတွေကိုလည်း ယဥ်ပါးအောင် လုပ်ခဲ့တယ်...မြင်းထိန်းကွင်းရဲ့လက်ကျန် မြင်းရိုင်းနှစ်ဆယ့်ခုနစ်ကောင်ကို နာရီပိုင်းအတွင်းမှာ သူက ယဥ်ပါးအောင် လုပ်နိုင်ခဲ့တယ်"
ချန်းရှောင်၏မျက်ခွံများ တစ်ဆတ်ဆတ် တုန်ရီသွားသည်။
ထိုမြင်းရိုင်းများသည် ကြက်သွေးနီထက် နိမ့်ကျသော်လည်း တစ်စုံတစ်ယောက်သည် ဤမြင်းများအားလုံးကို အချိန်တိုအတွင်း ယဥ်ပါးစေခဲ့ သည်။သူသည် ဤစကားများကို ပို၍ကြားလေလေ ထူးဆန်းနေသည်ဟု ပို၍ခံစားမိလေလေပင်။
"ဒါက မဟုတ်သေးဘူး"
ချန်းရှောင်က ဇဝေဇဝါဖြင့် ပြောဆိုသည်။
"အဲ့ဒီမြင်းရိုင်းတွေကို အချိန်တိုအတွင်းမှာ ယဥ်ပါးအောင် လုပ်နိုင်တာကြောင့် လူသစ်လေးရဲ့ မြင်းယဥ်ပါးစေခြင်းစွမ်းရည်က ဆရာကျိုးချွမ်ထက် သာနိုင်တယ်...ဒါပေမဲ့ မြင်းထိန်းကွင်းမှာ ဆုကြေးတွေ ထုတ်ပြီးသား မဟုတ်လား..သူ့ကို ဆုကြေးငွေတွေ ပေးလိုက်ရင် ပြီးပြီလေ... တကယ်လို့ ဒီကိစ္စက ထိတ်လန့်ဖို့ ကောင်းတယ်ဆိုရင်တောင် အကြီးအကဲချန်းယွင်က ဒါကို ကိုင်တွယ်ဖြေရှင်းနိုင်တယ်...မင်းကိုယ်တိုင် ငါဆီ လာပြောဖို့ လိုလို့လား"
မိသားစုခေါင်းဆောင်တစ်ယောက်ဖြစ်သော သူ့အနေဖြင့် မိသားစု၏ အဓိကအရေးကိစ္စများနှင့် ဗျူဟာကျသောခဆုံးဖြတ်ချက်များကိုသာ စီမံခန့်ခွဲသည်။ အကယ်၍ ရှုပ်ထွေးသော အရေးကိစ္စတစ်ခု ဖြစ်နေလျှင်ပင် သူ ပါဝင်ပတ်သက်ရန် မလိုအပ်ချေ။ အထူးသဖြင့် သူ့အား ဤကဲ့သို့ အလျင်စလို လာရောက်ပြောဆိုရန် မလိုပေ။
"ဒါက...""
အညိုရောင်ဝတ်စုံဝတ် လက်အောက်ငယ်သားက ခါးသည်းသောအပြုံးဖြင့် ဆက်လက်ပြောဆိုသည်။
"ပထမအကြီးအကဲက ဆုကြီးငွေတွေကို ပေးပြီးပါပြီ...ဒါပေမယ့် ဘယ်သူက သိနိုင်မှာလဲ...အဲ့ဒီမြင်းရိုင်းတွေက သာမန်ယဥ်ပါးသွားတာမျိုး မဟုတ်ဘဲနဲ့ အပြည့်အဝ အညံ့ခံလိုက်တာပဲ...အခုက ကြက်သွေးနီအပါအဝင် လီတစ်ထောင်မြင်း နှစ်ဆယ့်ရှစ်ကောင်လုံးက မြင်းထိန်းကွင်းမှာ မနေချင်ကြတော့ဘူး...သူ့နောက်ကို လိုက်သွားချင်နေကြတယ်"
“....”
ချန်းရှောင်သည် ထိတ်လန့်တုန်လှုပ်သွားကာ သူ့၏လက်အတွင်းရှိ ငါးမျှားတံသည် အမှုမဲ့အမှတ်မဲ့ဖြင့် မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေ၏။
အစောပိုင်းက သူ အဓိပ္ပါယ်မရှိသဖြင့် မဖြစ်နိုင်ဟု ထင်ခဲ့သော ကိစ္စများသည် ယခုအချိန်၌ အလွန်အဓိပ္ပါယ် ရှိလာလေပြီ။
'ငါရဲ့ လီတစ်ထောင်မြင်း နှစ်ဆယ့်ရှစ်ကောင်ကို အပြည့်အဝ ယဥ်ပါးအောင်လုပ်ပြီးတော့ အဲ့ဒီမြင်းတွေက မင်းနဲ့အတူ လိုက်သွားဖို့ တောင်းဆိုနေကြတယ်...ဒါက မြင်းတွေကို ယဥ်ပါးစေဖို့ ကူညီတာ မဟုတ်ဘူး....ဒါက ပြဿနာ လာရှာတာပဲ'
ချန်းရှောင်သည် ရုတ်တရက် မတ်တတ်ထရပ်ပြီးနောက် စူးစူးဝါးဝါး မျက်လုံးအကြည့်ဖြင့် လက်အောက်ငယ်သားကို ကြည့်လိုက်သည်။
"အကြီးအကဲချန်းယွင်က ဒီကိစ္စကို ဘယ်လို ဖြေရှင်းထားလဲ"
မြင်းထိန်းကွင်းတွင် မြင်းကောင်းအမြောက်အများ ရှိနေသော်လည်း တန်ဖိုးအရှိဆုံးမှာ လီတစ်ထောင်မြင်းများပင်။ ဤမြင်းနှစ်ဆယ့်ရှစ်ကောင်ကို ရောင်းချပါက သူတို့၏မြင်းခြံအတွက် နှစ်ဝက်စာ အမြတ်ငွေ ရရှိနိုင်သောကြောင့် ဤဘေးဒုက္ခကို မဖြစ်မနေ ကာကွယ်ရပေမည်။
"ပထမအကြီးအကဲက အဲ့ဒီ လီတစ်ထောင်မြင်းတွေအားလုံးကို မြင်းထိန်းကွင်းထဲမှာ လှောင်ပိတ်ထားခဲ့တယ်...အဲ့ဒါ ပြီးတော့... ပြီးတော့..."
ဤစကားကိုပြောဆိုရင်း အညိုရောင်ဝတ်စုံဝတ် လက်အောက်ငယ်သား၏ မျက်လုံးများအတွင်း၌ ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်သွားသည်။ သူသည် မယုံကြည်နိုင်ဖွယ်ကောင်းသော အရာတစ်ခုကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသည့်အလားပင်။
"ပြီးတော့...ဘာဆက်ဖြစ်တာလဲ..."
လက်အောက်ငယ်သား၏ တုံ့ဆိုင်းနေမှုကို ကြည့်ပြီး ချန်းဟောင်က မျက်မှောင်ကြုတ်၍ အော်ငေါက်လိုက်သည်။
"မြန်မြန်ပြောစမ်း"
အညိုရောင်ဝတ်စုံဝတ် လက်အောက်ငယ်သားက ငိုချတော့မည်အလား မျက်နှာအမူအယာဖြင့် ပြောဆိုသည်။
"ပြီးတော့ အဲ့ဒီမြင်းတွေက တခြားမြင်းတွေအားလုံးကို တိုက်ခိုက်ခဲ့ကြတယ်....မြင်းထိန်းကွင်းမှာ အခုလက်ရှိ ရှိနေတဲ့ မြင်းသုံးထောင်ကျော်လုံးက လူသစ်လေးကို အညံ့ခံလိုက်ကြပြီ... အဲ့ဒီမြင်းတွေအားလုံးက မြင်းခြံရဲ့ခြံစည်းရိုးကို ဖျက်ဆီးပြီးတော့ သူ့နောက်ကို လိုက်ချင်နေကြတယ်...မြင်းခြံတစ်ခြံလုံး အခု အရမ်းဖရိုဖရဲ ဖြစ်နေပြီ"
“....”
ချန်းရှောင်၏အမြင်အာရုံ မှောင်မည်းသွားကာ သူ သတိလစ်မေ့မျောသွားတော့လုမတက်တ်။
သူသည် တစ်ချိန်လုံး ဤအခြေအနေ၏ အတိမ်အနက်ကို လျှော့ထွက်ထားကာ ပြဿနာငယ်လေးတစ်ခုဟုသာ တွေးထင်ထားခဲ့သည်။ ယခုကြည့်ကြည့်တော့မှ ဤသည်မှာ တရားလွန်သော လုယက်ခြင်း ဖြစ်နေပေ၏။
'ငါက မြင်းထိန်းကွင်းကို တည်ထောင်ထားတာလေ...ငါ့ရဲ့မြင်းတွေအားလုံးကို မင်းက အပြည့်အဝ အညံ့ခံအောင် လုပ်လိုက်မှတော့ အဲ့ဒီမြင်းထိန်းကွင်းက မင်းရဲ့အပိုင်လား ဒါမှမဟုတ် ငါ့ရဲ့အပိုင်လား...ငါက ငါ့ရဲ့လုပ်ငန်းကို ဘယ်လိုဆက်ပြီး လည်ပတ်ရတော့မှာလဲ'
ချန်းမိသားစု၏မြင်းခြံသည် ဤမြင်းများအပေါ်တွင် မှီခိုနေသည်။ မြင်းများအားလုံးသည် လူတစ်ယောက်၏နောက်သို့ လိုက်၍ ထွက်ပြေးသွားပါက သူ မည်သို့ ဆက်လုပ်ရမည်နည်း။ သူဒေဝလီခံပြီဟု ထုတ်ပြန်ကြော်ညာရုံသာ တတ်နိုင်ပေမည်။
"ဒီလောက် ကြီးမားတဲ့ ပြဿနာကြီးကို မင်း ငါ့ကို ဘာလို့:စောစောက မပြောတာလဲ"
ချန်းရှောင်သည် စိတ်မထိန်းနိုင်တော့ဘဲ ပေါက်ကွဲလုဆဲဆဲ ဖြစ်နေလေပြီ။
ဤကဲ့သို့ အချိန်နှောင့်နှေးသွားသောကြောင့် မြင်းထိန်းကွင်းတွင် မည်သည့်ကိစ္စများ ဖြစ်ပျက်သွားပြီကို မည်သူ သိနိုင်မည်နည်း။
အညိုရောင်ဝတ်စုံဝတ် လက်အောက်ငယ်သားက ပြောဆိုသည်။
"မိသားစုခေါင်းဆောင်က ငါးမျှားနေတာ မဟုတ်လား...."
"ခုကိစ္စနဲ့ နှိုင်းယှဉ်ရင် အဲ့ဒီငါးတွေ ရေထဲမှာ ပုတ်ပုတ် သေသေ အနံ့ပဲထွက်နေနေ ပြဿနာမရှိဘူး"
ချန်းရှောင်သည် အော်ငေါက်လိုက်ပြီးနောက် ခြေတစ်ချက်ဆောင့်နင်းကာ အနောက်ဖက်ခြံဝန်းအတွင်းမှ ပြေးထွက်လိုက်သည်။
"အိမ်တော်ထိန်း....မြင်းတစ်ကောင် ချက်ချင်းပြင်ဆင်ထားစမ်း ...ငါက မြင်းထိန်းကွင်းကို သွားမယ်"
ရုတ်ချည်းဆိုသလိုပင် သူ၏ ခိုင်မာပြတ်သားသောအသံက ချန်းအိမ်တော်တစ်ခုလုံးအနှံ့ ပဲ့တင်ထပ်သွားသည်။
ထိုအချိန်ကျမှသာ အညိုရောင်ဝတ်စုံဝတ် လက်အောက်ငယ်သားက အောက်သို့ငုံ့ကြည့်ပြီး အလျင်စလို အော်ဟစ်လိုက်၏။
"မိသားစုခေါင်းဆောင်...မင်းရဲ့ဖိနပ်တွေ...."
အစောပိုင်းက မိသားစုခေါင်းဆောင်သည် ငါးမျှားနေစဉ်၌ သူ၏ဖိနပ်များကို ချွတ်ထားခဲ့သည်။ သူသည် အလျင်စလိုထွက်ခွာသွားခဲ့သောကြောင့် ဖိနပ်ပြန်စီးရန်အတွက် အချိန်မရှိခဲ့ချေ။