လျော်ကြေးလား
Vol. 5 Ch. 72
ချန်းအိမ်တော်၏ပြင်ပရှိ တံခါးဝသို့ လူငယ်ကျောင်းသားတစ်ယောက် ရောက်ရှိလာသောအချိန်တွင် သူသည် ပြင်းထန်သော မြင်းခွာသံများကို ကြားလိုက်ရသဖြင့် အလျင်အမြန် ရှောင်တိမ်းလိုက်သည်။ ထို့နောက် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်သည် ခြံဝန်းအတွင်းမှ ပြေးထွက်လာပြီး မြင်းကို အရူးအမူး ဒုန်းစိုင်းစီးသွားလေ၏။
မြင်းခွာများကြောင့် တထောင်းထောင်းထလာသော ဖုန်မှုန့်များကို သူ၏အဝတ်အစားများပေါ်ခါချရင်း လူငယ်က မျက်မှောင်တင်းတင်းကြုတ်ကာ သူ၏အင်္ကျီလက်ကို ခါယမ်းလိုက်သည်။
"ဘယ်လောက်တောင် ဆိုးရွားတဲ့ အပြုအမူလဲ"
ဤသည်မှာ ထိပ်သီးမိသားစုကြီးသုံးစုအနက်မှ တစ်စုဖြစ်သော ချန်းမိသားစုဖြစ်သဖြင့် ဤကဲ့သို့ ယဉ်ကျေးမှုမဲ့သူများ ရှိနေခြင်းမှာ ဂုဏ်သိက္ခာပျက်စေသောကိစ္စပင်။
လူငယ်သည် သူ၏ခေါင်းကို ခါယမ်းပြီး ခြံစောင့်အနီးသို့ ချဉ်းကပ်သွားကာ သူ၏လက်နှစ်ဖက်ကို ပူးဆုပ်ပြီး ဦးညွှတ်အရိုအသေပြုလိုက်၏။
"တဆိတ်လောက်...ကျေးဇူးပြုပြီးတော့ ပိုင်ယန်ကျောင်းတော်က ကျောင်းသားကျိုးချင်းခိုင်ပါ...ငါက သခင်လေးချမ်းဟောင်ရဲ့ တာဝန်ပေးမှုအရ မိသားစုခေါင်းဆောင်ချန်းရှောင်နဲ့ လာတွေ့တာပါ"
ခြံစောင့်က အဝေးသို့ လက်ညှိုးညွှန်လိုက်သည်။
"မိသားစုခေါင်းဆောင်က ခုဏလေးကတင် ပြေးထွက်သွားတာလေ"
“....”
ထိုလူ လက်ညှိုးညွှန်ရာဘက်သို့ သူ၏ခေါင်းကို လှည့်ပြီးနောက် ကဆုန်စိုင်းပြေးသွားသော မြင်းကို မြင်တွေ့ချိန်တွင် ကျိုးချင်းခိုင်၏မျက်နှာ ဖြူဖတ်ဖြူရော် ဖြစ်သွားသည်။
"ငါ ခုဏက ပြောလိုက်တဲ့ စကားတွေကို ချန်းမိသားစုခေါင်းဆောင် မကြားလောက်ဘူး မဟုတ်လား...မဟုတ်ဘူး...ငါ သေချာစစ်ဆေးပြီးတော့ ကိစ္စတွေကို ကောင်းကောင်းကြီး ရှင်းပြရမယ်"
ထိုအတွေးနှင့်အတူ သူသည် ဤနေရာ၌ ဆက်မနေတော့ဘဲ နောက်သို့ချာခနဲလှည့်ကာ မြင်း ပျောက်ကွယ်သွားသောနေရာသို့ ဦးတည်၍ အလျင်စလို ပြေးသွားသည်။
…
ပိုင်ယန်မြင်းခြံသို့ ရောက်ရှိချိန်မှသာ ချန်းရှောင်သည် နောက်ဆုံး၌ ဖိနပ်တစ်ရံကို ရှာဖွေနိုင်ခဲ့သည်။ ထိုဖိနပ်သည် သူနှင့် အနည်းငယ်ကြပ်နေသော်လည်း သူ ခြေဖလာဖြင့် သွားလာနေရသည့် အရှက်ရဖွယ် အခြေအနေမှ ကင်းဝေးသွားစေသည်။
သူ အလျင်စလို ရှေ့သို့ အပြေးသွားသော်လည်း မြက်ခင်းပြင်ထံသို့ မရောက်မီမှာပင် ပထမအကြီးအကဲချန်းယွင်သည် ကူကယ်ရာမဲ့သော အမူအယာဖြင့် ခြံစည်းရိုးတစ်ခု၏ရှေ့၌ မတ်တတ်ရပ်နေသည်ကို မြင်တွေ့လိုက်ရသည်။ သူနှင့် မလှမ်းမကမ်းအကွာ၌ အသက် နှစ်ဆယ့်လေး နှစ်ဆယ့်ငါးအရွယ်ရှိသည့် လူငယ်တစ်ယောက်သည် ကြက်သွေးနီနှင့် တခြားလီတစ်ထောင်မြင်းနှစ်ဆယ်ကျော်ကို လက်ညှိုးငေါက်ငေါက်ထိုး၍ ဆူပူကြိမ်းမောင်းနေသည်။ ဤသည်မှာ မြင်းများကြောင့် သူ အလွန်အမင်း ဒေါသထွက်နေသည့်အလားပင်။
"မင်းတို့ကို ဒီထက် နည်းနည်းလောက်ပိုပြီး အားကိုးလို့ မရဘူးလား...ငါက မင်းတို့ကို ယဥ်ပါးအောင် လုပ်ခဲ့တာလေ...ငါ ဒီနေရာကို လာတာက ဆုကြေးငွေတချို့ကို လိုချင်လို့ပဲ... အခု မင်းတို့က ပြဿနာ ရှာလိုက်ကြတယ်...အခု ဘာဆက်လုပ်ကြမလဲဆိုတာ ငါ့ကို ပြောကြစမ်း"
ကျန်းရွှမ်သည် စကားပြောဆိုရင်း ပို၍ဒေါသထွက်လာပေ၏။
အမှန်တရားကို ဝန်ခံရလျှင် သူ အမှန်တကယ်ကို အလွန်ဒေါသထွက်နေသည်။
သူ ဤနေရာသို့လာရန်မှာ မလွယ်ကူသဖြင့် မြင်းတချို့ကို ထပ်မံ၍ယဉ်ပါးအောင် ပြုလုပ်နိုင်ပါက အပိုဆုကြေးငွေများရရှိမည်ဟု သူ တွေးထင်ခဲ့သည်။ ထိုသို့ဖြစ်လာပါက သူသည် မြင်းစာများကို ပို၍ဝယ်နိုင်ကာ အသွားအပြန်ဒုက္ခများတော့မည် မဟုတ်ချေ။ ဤသားရဲညှင်းပန်း ယဥ်ပါးစေခြင်းနည်းစနစ်သည် အလွန်အကျိုးသက်ရောက်မှု ရှိနေမည်ဟု သူ အိပ်မက်ပင်မမက်ခဲ့ဖူးချေ။ မြင်းရိုင်းနှစ်ဆယ့်ရှစ်ကောင်လုံး အချိန်တိုအတွင်း ယဥ်ပါးသွားခဲ့သည်။
အမှန်အားဖြင့် မြင်းများကို ယဥ်ပါးစေခြင်းသည် ပြဿနာကြီးတစ်ရပ် မဟုတ်ချေ။ သူ၏နည်းစနစ်သည် မြင်းများကို ယဥ်ပါးစေရုံသာမက အိမ်မွေးတိရစ္ဆာန်များကဲ့သို့ အပြည့်အဝ အညံ့ခံစေခဲ့သည်။ ထို့ကြောင့် သူတို့၏သခင်နောက်သို့ မလိုက်သော အိပ်မွေးတိရစ္ဆာန်ဟူ၍ မည်သည့်နေရာတွင် ရှိနိုင်မည်နည်း။
ထိုကြောင့် သူ ထွက်ခွာသွားရန် ဆုံးဖြတ်လိုက်ချိန်၌ ထိုလီတစ်ထောင်မြင်းများအားလုံး သူ၏နောက်သို့ လိုက်လိုကြသည်။ ဤသည်မှတဆင့် အညိုရောင်ဝတ်စုံဝတ် လက်အောက်ငယ်သားမှ ချန်းမိသားစုခေါင်းဆောင်ထံသို့ သတင်းပို့သော မြင်ကွင်းမျိုး ဖြစ်လာပေ၏။
သူ မငြင်းဆန်နိုင်တော့သဖြင့် ဤမြင်းများအားလုံးကို လှောင်ပိတ်ထားခဲ့သည်။ သူ မသိလိုက်သည့်အချက်မှာ ထိုမြင်းများအားလုံးသည် သောက်လီထံမှ သင်ယူခဲ့ပြီး တခြားမြင်းများကို တပြိုင်နက်တည်း တိုက်ခိုက်ခဲ့ခြင်းပင်။
လီတစ်ထောင်မြင်းရိုင်းများ၏စိတ်ဓာတ်သည် အလွန်သန်မာပေ၏။ အကယ်၍ ဤမြင်းများသည် ရိုက်နှက်ခံရခြင်းကြောင့် အညံ့ခံလျှင်ပင် အပေါ်ယံ၌သာနာခံပြီး အတွင်းစိတ်၌မူ မကျေမနပ် ဖြစ်နေကြသည်။ သာမန်မြင်းရိုင်းများသည် ကွဲပြားခြားနားပြီး ဘွင်းဘွင်းရှင်းရှင်း တွေးတောကာ ခေါင်းဆောင်မြင်း၏နောက်သို့ လိုက်ကြသည်။
ထိုကြောင့် သူ ဤနေရာသို့ လာခြင်းမှာ ငွေအလျင်အမြန်ရှာရန် ဖြစ်သော်လည်း အဆုံးသတ်၌ သူသည် မြင်းခြံတစ်ခြံလုံးကို အမြှစ်လှန်လိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။
မည်သူတစ်ဦးတစ်ယောက်မဆို သူ၏နေရာ၌ ရှိနေပါက အလွန်ဒေါသထွက်နေပေမည်။
ဟီး...ဟီး ...ဟီး...
ကြက်သွေးနီသည် လျှာထုတ်၍ ဟီလိုက်ပြီး ကျန်းရွှမ်အား နှစ်သိမ့်ပေးရန် ကြိုးစားလိုက်၏။
"ပါးစပ်ပိတ်ထားစမ်း..."
ကျန်းရွှမ်သည် မြင်း၏နှာခေါင်းကို လက်ညှိုးညွှန်လိုက်ပြီး အော်ငေါက်လိုက်ရာ သူ၏တံတွေးများသည် မြင်း၏မျက်နှာပေါ်သို့ စင်သွားလုနီးပါးပင်။
"မင်းက အခုထိ လျှာထုတ်ရဲသေးတာလား...ဒီအခြေအနေအတွက် မင်းမှာ အပြစ်အရှိဆုံးပဲ"
ယခင်က ဤမြင်းသည် ခေါင်းမာမှုတချို့ကို ပြသခဲ့သည်။ သို့ရာတွင် ယခုအချိန်၌ မြင်းသည် ခယဝပ်တွားနေကာ ခြံအတွင်း၌ ခုန်ပေါက်ပြီး အပျော်ရွှင်ဆုံး ဖြစ်နေသည်။ ထိုသို့မဟုတ်ပါက ဤမြင်းသည် တခြားမြင်းသုံးထောင်ကျော်ကို ဦးဆောင်၍ အချိန်တိုအတွင်းတွင် မြင်းခြံ၏ခြံစည်းရိုးများကို ဖျက်ဆီးနိုင်မည် မဟုတ်ချေ။
ဟီး...ဟီး...ဟီး...
ကြက်သွေးနီက ခေါင်းကို နံဘေးသို့ တိမ်းစောင်းလိုက်ကာ သူ၏မျက်နှာပေါ်တွင် ရှက်ရွံသောအမူအယာတစ်ရပ် ထင်ဟပ်နေသည်။
"အခုက လက်ညှိုးထိုးနေရမယ့် အချိန်မဟုတ်ဘူး...ငါတို့ နောက်ထပ် ဆက်လုပ်မလဲဆိုတာ စဉ်းစားကြရအောင်"
ထိုမြင်ကွင်းကိုကြည့်ပြီး အကြီးအကဲချန်းယွင်က သူ၏နဖူးကိုအုပ်ကိုင်ပြီး ပြောဆိုလိုက်သည်။
သူသည် အားကောင်းသော သားရဲယဥ်ပါးစေသူများကို မြင်တွေ့ဖူးသော်လည်း ဤကဲ့သို့အစွမ်းထက်သောတစ်ယောက်ကို တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ဖူးချေ။ အချိန်နှစ်နာရီမပြည့်မီမှာပင် မြင်းဇောင်းတွင်ရှိသော မြင်းများအားလုံး ယဥ်ပါးသွားသည့်ကိစ္စမှာ ယခင်က မကြားဖူးသည့်ကိစ္စပင်။
ဤကိစ္စကို သူ၏ကိုယ်ပိုင်မျက်လုံးများဖြင့် မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသည့်တိုင် ယုံကြည်နိုင်ရန် အလွန်ခက်ခဲနေသည်။
အကယ်၍ ထိုလူငယ်၏ရှေ့တွင် မတ်တတ်ရပ်နေကာ ကလေးငယ်များအလား အော်ငေါက်ခံနေပြီး မလှုပ်ရှားဝံ့သည် မြင်းများကြောင့်သာ မဟုတ်ပါက သူ မြင်တွေ့နေရသမျှ အရာအားလုံးသည် အိပ်မက်တစ်ခုဟု သူ တွေးထင်မိပေမည်။
"ဒီမြင်းတွေက မင်းတို့ရဲ့အပိုင်ပါ...ငါက သူတို့ကို ခေါ်မသွားပါဘူး...ဘာမှမစိုးရိမ်ပါနဲ့...ငါက သူတို့တွေအားလုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ မြင်းဇောင်းဆီ ပြန်သွားအောင် သေချာလုပ်ပေးပါ့မယ်....မင်းတို့ရဲ့အကျိုးစီးပွားကို မထိခိုက်စေရပါဘူး"
ကျန်းရွှမ်က ရှက်ကိုးရှက်ကန်းဖြင့် ပြောဆိုသည်။
အကြီးအကဲချန်းယွင်က အေးစက်စက် အော်ငေါက်လိုက်သည်။
"အခု ဒီမြင်းတွေအားလုံးက မင်းရဲ့အမိန့်ကိုပဲ နာခံကြတယ်လေ...သူတို့က မင်းဆီကနေ အမိန့်တစ်ခုရတာနဲ့ တိုက်ပွဲဝင်တော့မယ့် ကောင်တွေလိုပဲ...မြင်းဇောင်းထဲကို ပြန်လာဖို့ဆိုတာ ဝေးသေးတယ်....ငါက ဘယ်လိုလုပ်ပြီး စိတ်ချလက်ချ နေနိုင်မှာလဲ"
"ပထမအကြီးအကဲပြောတာ အမှန်ပဲ....ဒီပြဿနာကို သေချာဖြေရှင်းရမယ်...မဟုတ်ရင် တကယ်လို့ လူတိုင်းက ငါတို့ရဲ့မြင်းတွေအားလုံးကို အညံ့ခံအောင်လုပ်ပြီးတော့ ယူသွားကြရင် ငါတို့မြင်းခြံက ဆက်ဖွင့်နေဖို့တောင် မလိုတော့ဘူး"
ကြီးကြပ်ရေးမှူးလျှူက ဝင်ရောက်ပြောဆိုသည်။
"ဒါက ငါ မရည်ရွယ်ပါဘူး...."
ကျန်းရွှမ်၏မျက်နှာပေါ်တွင် ကြေကွဲဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေကာ သူ့အား သွားဖြဲပြနေသော သောက်လီကိုကြည့်ပြီး မြင်း၏ခေါင်းကို တစ်ချက်ရိုက်လိုက်သည်။
"ဒါတွေအားလုံးက မင်းရဲ့အပြစ်ပဲ...တကယ်လို့ မင်းကသာ ကြက်သွေးနီကို ယဥ်ပါးအောင်လုပ်နိုင်ခဲ့ရင် ငါ ဝင်ပြီးစွက်ဖက်ဖို့ လိုအုံးမှာလား"
ဟီး...ဟီး...
သောက်လီကို ကြည့်ရသည်မှာလည်း ရှက်ကိုးရှက်ကန်း ဖြစ်နေပုံပင်။
"ဒါဆိုရင် ငါ့ကို အချိန်နည်းနည်းလောက် ထပ်ပေးပါ....ငါက ဒီမြင်းတွေကို သေချာပြောပြီးတော့ ငါ့ကို အညံ့ခံထားတာကနေ ရပ်အောင် လုပ်လိုက်မယ်"
သောက်လီကို ဆူပူကြိမ်းမောင်းပြီးနောက် ကျန်းရွှမ်သည် မြင်းခြံရှိလူများကို ကြည့်ပြီး ထပ်မံ၍ တောင်းပန်လိုက်၏။
ပါမောက္ခကုန်းမြေအတွင်းတွင် သူ ရှိနေစဉ်အချိန်၌ သူသည် သားရဲများကို ယဥ်ပါးအောင် မည်ကဲ့သို့ ပြုလုပ်ရမည်ကိုသာ သိရှိခဲ့သည်။
ယခုအချိန်၌ ဤကိစ္စကို ပြန်လည်ပယ်ဖျက်ရန်မှာမူ သူ့အတွက် ခေါင်းခဲ့စေသောကိစ္စပင်။
အကြီးအကဲချန်းယွင်က သူ၏ခေါင်းကို ခါယမ်းလိုက်သည်။
"ဒီမြင်းတွေက အညံ့ခံပြီးရင် မင်း ရပ်လိုက်လို့ပြောတာနဲ့ သူတို့ ရပ်သွားဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ဘူး"
ကျန်းရွှမ် ထိတ်လန့်တုန်လှုပ်သွားသည်။
"ဒါဆိုရင် ငါတို့ ဘာလုပ်သင့်လဲ"
"ဒီလိုဆိုရင်ရော...."
အကြီးအကဲချန်းယွင်သည် အချိန်နခဏကြာခန့် တွေဝေနေပြီးနောက် ပြောဆိုလိုက်၏။
"ဒီမြင်းတွေက မင်းဆီမှာ အပြည့်အဝ အညံ့ခံထားမှတော့ မင်းက သူတို့အားလုံးကို ဝယ်ဖို့ ကြိုးစားသင့်တယ်...ငါ အကြမ်းဖျင်း တွက်ချက်ကြည့်ရသလောက်တော့ ရင်းမြစ်ဒင်္ဂါးသန်းနှစ်ဆယ်လောက် ကျသင့်မယ်"
"ငါ မတတ်နိုင်ဘူး"
ကျန်းရွှမ် ငိုချင်စိတ်ပေါက်လာသည်။
သူ ဤနေရာသို့ လာခြင်းမှာ ငွေပြတ်လပ်သဖြင့် အပိုငွေကြေးတချို့ရှာရန် မျှော်လင့်ခဲ့သောကြောင့်ပင်။
သို့ရာတွင် ငွေရှာနိုင်မည့်အစား ယခုအချိန်၌ သူ ရင်းမြစ်ဒင်္ဂါးသန်းနှစ်ဆယ်ကျော် အကြွေးတင်သွားလေပြီ။ ထို့ပြင် သူသည် မြင်းသုံးထောင်ကျော်၏ပါးစပ်ပေါက်များကို ကျွေးမွေးရမည့်ကိစ္စအား ထည့်သွင်းဖော်ပြရန် မလိုတော့ချေ။
ဤသည်မှာ မည်ကဲ့သို့ ကျီစယ်မှုမျိုး ဖြစ်သနည်း။ ထိုအစား သူ့ကို သတ်လိုက်သည်က ပို၍ကောင်းမွန်ပေမည်။
"ဒါဆိုရင် ငါတို့ ဘယ်လိုလုပ်ကြမလဲ.... ဒီမြင်းတွေအားလုံးကို မင်းက အညံ့ခံအောင် လုပ်ခဲ့မှတော့ ငါတို့က တခြားလူတွေကို ဘယ်လိုရောင်းရမှာလဲ"
အကြီးအကဲချန်းယွင်က ဆက်လက်၍ စကားပြောဆိုရန် ဟန်ပြင်လိုက်စဉ်မှာပင် တင်းမာခက်ထန်စွာ အော်ငေါက်လိုက်သော အသံတစ်သံကို ကြားလိုက်ရသည်။
"တော်သင့်ပြီ....ဒီကိစ္စကို ဒီမှာပဲ အဆုံးသတ်လိုက်တော့....ငါတို့က ဒီလူငယ်လေးကို အပြစ်တင်လို့ မရရုံတင် မကဘူး...သူ့ရဲ့ ဖြောင့်မတ်မှန်ကန်ကန်မှုအတွက် ငါတို့က သူ့ကို ကျေးဇူးတင်သင့်တယ်"