လျော်ကြေးလား(၂)
Vol. 5 Ch. 73
လူများအားလုံး လှည့်ကြည့်လိုက်ကြရာ ချန်းမိသားစုခေါင်းဆောင် ချန်းရှောင်သည် ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းလာသည်ကို မြင်တွေ့လိုက်ရသည်။
"မိသားစုခေါင်းဆောင်....မင်းက ခုထိ အခြေအနေကို သေချာ နားမလည်သေးဘူး..."
မမျှော်လင့်ဘဲ မိသားစုခေါင်းဆောင် ရောက်ရှိလာသဖြင့် အကြီးအကဲချန်းယွင်က ရှင်းပြရန်အတွက် ရှေ့သို့ အလျင်အမြန် ပြေးသွားသည်။
"ပါးစပ်ပိတ်ထားစမ်း"
ချန်းရှောင်က အော်ငေါက်လိုက်ပြီးနောက် ကျန်းရွှမ်၏အနီးသို့ ချဉ်းကပ်သွားပြီး ပြုံးပြုံးရွှင်ရွှင် ပြောဆိုသည်။
"မိတ်ဆွေလေး....ငါက ချန်းမိသားစုခေါင်းဆောင် ချန်းရှောင်ပါ...ဒီမြင်းထိန်းကွင်းနဲ့ပတ်သက်တဲ့ အရာအားလုံးမှာ ငါက နောက်ဆုံးပြောရေးဆိုခွင့်ရှိသူပဲ"
ဤအချိန်တွင် သူသည် မည်သည့်ကိစ္စများ ဖြစ်ပျက်သွားသည်ကို အပြည့်အဝ နားလည်သဘောပေါက်သွားလေပြီ။ သူသည် ဒေါသထွက်ရမည့်အစား သူ့၏မျက်လုံးများအတွင်း၌ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။
ယခင်က မြင်းဇောင်းရှိ မြင်းများအားလုံးကို လှည့်စားပြီး ခေါ်ဆောင်သွားမည်အား သူ စိုးရိမ်သဖြင့် ထိုမြင်းယဥ်ပါးစေသူကို သင်ခန်းစာပေးမည်ဟု သူ ဆုံးဖြတ်ချက်ချခဲ့သည်။ ယခုအချိန်၌ သူ၏အတွေးများ လုံးလုံးလျားလျား ပြောင်းလဲသွားလေပြီ။
မြင်းဇောင်းအတွင်းရှိ မြင်းများအားလုံးကို အချိန်နှစ်နာရီမပြည့်မီမှာပင် အညံ့ခံစေသည်မှာ မည်ကဲ့သို့ အရည်အချင်းမျိုး ဖြစ်သနည်း။
ပိုင်ယန်မြို့ မဆိုထားနှင့် တိုင်းပြည်တစ်ပြည်လုံးအတွင်း၌ပင် ဤကဲ့သို့ ပြုလုပ်နိုင်သူဟူ၍ တစ်ဦးတစ်ယောက်မျှ မရှိနိုင်ချေ။ ဤကဲ့သို့လူငယ်တစ်ယောက်နှင့် ရန်သူဖြစ်လာမည်ထက် ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်နိုင်ရန် ကြိုးစားသည်က ပို၍ကောင်းမွန်ပေမည်။
ထို့ကြောင့် အကြီးအကဲချန်းယွင်သည် ပြဿနာရှာနေကာ တစ်ဖက်လူထံမှ လျော်ကြေးတောင်းနေသည်ကို သူ မြင်တွေ့ချိန်၌ စိုးရိမ်ထိတ်လန့်သွားကာ ဤနေရာသို့ အပြေးရောက်လာခြင်းပင်။
"ငါက ကျန်းရွှမ်ပါ...မိသားစုခေါင်းဆောင်ချန်းကို အရိုအသေပြုပါတယ်"
ချန်းရှောင်၏ရည်ရွယ်ချက်များကို နားမလည်သဖြင့် ကျန်းရွှမ်က ဇဝေဇဝါဖြင့် ပြောဆိုသည်။
"မင်း ခုဏက ပြောလိုက်တဲ့ ဖြောင့်မတ်မှန်ကန်တယ် ဆိုတာက ဘာကို ဆိုလိုတာလဲ"
'ငါက မင်းရဲ့မြင်းတွေအားလုံးကို ယဥ်ပါးအောင် လုပ်လိုက်တာလေ....ဒါက အပြစ်တစ်ခုကျူးလွန်တာ မဟုတ်ဘဲနဲ့ ကောင်းတဲ့ကိစ္စတစ်ခု ဖြစ်သွားတာလား...ငါ ခုနောက်ပိုင်းမှာ တွေ့တဲ့လူတွေအားလုံးက ဘာလို့ အရမ်းထူးဆန်းနေတာလဲ'
"ဒါက အဲ့ဒီစကားရဲ့အဓိပ္ပာယ်နဲ့ တထပ်တည်းကျတယ်"
ချန်းရှောင်က အပြုံးနှင့် ပြောဆိုသည်။
"တကယ်လို့ ဒီမြင်းတွေကို ယဥ်ပါးစေခဲ့တာက တခြားတစ်ယောက် ဖြစ်နေတယ်ဆိုရင် ပြန်ပေးဖို့ ငြင်းဆန်ပြီးတော့ ငါတို့ကို ခြိမ်းခြောက်မယ်ဆိုရင် ငါတို့တွေက ဘာမှမတတ်နိုင်ဘဲနဲ့ ကူကယ်ရာမဲ့ဖြစ်သွားမှာ မဟုတ်လား"
အကြီးအကဲချန်းယွင်၏ မျက်နှာအမူအယာ ပြောင်းလဲသွားသည်။
"ဒါက အမှန်ပဲ..."
မိသားစုခေါင်းဆောင် ပြောဆိုသည်မှာ အမှန်ပင်။ သူတို့၏မြင်းများ အားလုံးကို အညံ့ခံစေခြင်းသည် ချန်းမိသားစု၏ အသက်သွေးကြောကို ဆုပ်ကိုင်ထားသည့်အလားပင်။ အကယ်၍ တစ်စုံတစ်ယောက်သည် ဤကိစ္စကို အသုံးချပြီး ခြိမ်းခြောက်ပါက အနည်းဆုံး ငွေတစ်သန်းခန့်ကို တောင်းခံနိုင်ပေမည်။
သို့ရာတွင် ဤလူငယ်လေးထံတွင် ထိုအတွေးမျိုးမရှိဘဲ အလွန်ယဉ်ကျေးသိမ်မွေ့စွာဖြင့် တောင်းပန်နေခဲ့သည်။ သူသည်သူ၏အမှားအတွက် ရိုးသားဖြူစင်စွာ ဝန်ခံခဲ့ပေ၏။ ဤကိစ္စတစ်ခုတည်းသက်သက်ဖြင့် သူသည် လူကောင်းတစ်ယောက်ဖြစ်ကြောင်း သက်သေပြနေသည်။
"ဒါက အစကတည်းက ငါ့ရဲ့အပိုင် မဟုတ်ဘူး....ဒါတွေကို အတင်းအကြပ် ယူတာက ခြိမ်းခြောက်ငွေညှစ်တာနဲ့ အတူတူပဲ"
ဤအကြောင်းကို စဉ်းစားတွေးတောပြီးနောက် ကျန်းရွှမ်က သူ၏ခေါင်းကို ခါယမ်းလိုက်သည်။
ယခုအချိန်၌ သူ အလွန်ဆင်းရဲနေသော်လည်း ရင်းမြစ်ဒင်္ဂါးတစ်သန်းသည် အရေးမပါလှချေ။ အကယ်၍ သူ အမှန်တကယ်ရှာဖွေလိုပါက ဤသည်မှာ ရိုးရှင်းသောကိစ္စတစ်ရပ်ပင်။ ဤကဲ့သို့မရိုးသားသော ကိစ္စတစ်ရပ်ကို သူ ပြုလုပ်ရန် မလိုအပ်ချေ။
"ပြောတာကောင်းတယ်..."
ချန်းရှောင်၏မျက်လုံးအတွင်း၌ လေးစားကြည်ညိုမှုများဖြင့် ပြည့်နှက်နေသည်။
"အသာစီးရနေပေမယ့် နာခံဖို့ ဆန္ဒရှိတယ်... အရည်အချင်းရှိပေမယ့် နှိမ့်ချပြီး ယဉ်ကျေးသိမ်မွေ့တယ်....ဒါကြောင့် ကျန်းရွှမ် ငါက မင်းကို မင်းမှာ ဖြောင့်မတ်မှန်ကန်မှုရှိတယ်လို့ ပြောခဲ့တာပဲ"
ကျန်းရွှမ်၏ နက်နဲသိမ်မွေ့သော မြင်းယဥ်ပါးစေခြင်းနည်းစနစ်များကို ထည့်မပြောဘဲ နေကြပါစို့။ ကျိုးချွမ်၏အဆင့်၌ ရှိနေသော လူများပင်လျှင် မာန်မာနထောင်လွှားပြီး သူကဲ့သို့ မိသားစုခေါင်းဆောင်များ၏ အမိန့်များကိုပင် လျစ်လျူရှုလေ့ရှိသည်။ မြင်းရိုင်းတစ်ကောင်ကို ယဥ်ပါးအောင်လုပ်ရန် လိုအပ်ပါက ထိုလူတို့အား ဖိတ်ခေါ်နိုင်ရန်အတွက် အချိန်များစွာ ကြာမြင့်သည်။
ကျန်းရွှမ်သည် ပြိုင်ဘက်ကင်း မြင်းယဥ်ပါးစေခြင်း နည်းစနစ်များကို ပိုင်ဆိုင်ထားသော်လည်း ယဉ်ကျေးသိမ်မွေ့ကာ သိုသိုသိပ်သိပ်နေခဲ့သည်။ ဤကိစ္စအတွက်ကြောင့် သူသည် လေးစားခံရရန် ထိုက်တန်ပေ၏။
"ဒါက ငါ့ရဲ့အရည်အချင်းတွေ အရမ်းကောင်းတာကြောင့် မဟုတ်ပါဘူး...ဒီမြင်းတွေက တော်တော်လေး လိမ္မာတာကြောင့် ယဥ်ပါးအောင်လုပ်ဖို့ လွယ်တာကြောင့်ပါ"
ပြဿနာရှာခံရမည့်အစား ချီးမွမ်းခံနေရသဖြင့် ကျန်းရွှမ် အနည်းငယ် ရှက်ရွံသွားသည်။
'တော်တော်လေး လိမ္မာတာလား'
'ယဥ်ပါးအောင်လုပ်ဖို့ လွယ်တာလား'
ကျိုးချွမ်နှင့်တခြားမြင်းထိန်းများသည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ငိုချင်စိတ်များ ပေါက်လာသည်။
'မင်း လူစကားပြောနေတာရော ဟုတ်ရဲ့လား'
'ကျေးဇူးပြုပြီးတော့ ငါတို့ရဲ့အတွင်းဒဏ်တွေနဲ့ ငါတို့ရဲ့ခန္ဓာကိုယ်တွေက ဒဏ်ရာဒဏ်ချက်တွေကို ကြည့်ပြီးတော့မှ အဲ့ဒီစကားတွေကို မင်းရဲ့ရင်ဘတ်ပေါ် လက်တင်ပြီး ပြောပါလား'
"မင်းက တကယ့်ကို အရမ်းယဉ်ကျေးတာပဲ"
ချန်းရှောင်သည် လေးစားကြည်ညိုမှုအပြည့်ဖြင့် ပြောလိုက်ပြီးနောက် တောက်ပနေသောမျက်လုံးတစ်စုံဖြင့် ကျန်းရွှမ်ကို ကြည့်လိုက်သည်။
"မင်းက ငါတို့ရဲ့ ချန်းမိသားစုမှာ ဂုဏ်ထူးဆောင်ဧည့်အကြီးအကဲတစ်ယောက် ဖြစ်ဖို့ စိတ်ဝင်စားလားဆိုတာ ငါ သိပါရစေ"
ကျန်းရွှမ်သည် ဇဝေဇဝါ ဖြစ်သွားလေ၏။
"ဒါက ဘာပြောတာလဲ..."
ချန်းရှောင်က ပြောဆိုသည်။
"ဂုဏ်ထူးဆောင် ဧည့်အကြီးအကဲတစ်ယောက်ဆိုတာက... ငါတို့ချန်းမိသားစုကနေ အထူးဖိတ်ခေါ်ထားတဲ့ အကြီးအကဲတစ်ယောက်ပဲ....သူတို့မှာ မြင့်မားတဲ့အဆင့်အတန်း ရှိပြီးတော့ မိသားစုခေါင်းဆောင်နဲ့ ညီမျှတယ်.... မင်းရဲ့ တာဝန်ဝတ္တရားတွေအတွက်ကတော့ တခြားဘယ်သူမှမကိုင်တွယ်နိုင်တဲ့ မြင်းရိုင်းတွေကို ယဉ်ပါးအောင်လုပ်ဖို့ပါ"
"အဲ့ဒါပဲလား..."
ကျန်းရွှမ်ကို ကြည့်ရသည်မှာ သံသယဝင်နေပုံပင်။
"အမှန်ပါပဲ..."
ချန်းရှောင်သည် ခေါင်းညိတ်လိုက်ပြီးနောက် ကျန်းရွှမ်သည် ဒုက္ခများမည့်အရေးကို စိုးရိမ်နေမည်အား တွေးတောမိသဖြင့် ဆက်လက်၍ ရှင်းပြလိုက်၏။
"မိတ်ဆွေလေး စိတ်အေးအေးထားပါ...ငါတို့က တခြားလူတွေ ယဥ်ပါးအောင်လုပ်နိုင်တဲ့ မြင်းရိုင်းတွေအတွက် မင်းကို ကိုင်တွယ်ပေးဖို့ တောင်းဆိုမှာ မဟုတ်ပါဘူး... ကြက်သွေးနီအဆင့်မျိုးကို ရောက်နေတဲ့ မြင်းရိုင်းတွေကျမှပဲ မင်းကို ခေါ်ဖို့ စဉ်းစားမှာပါ"
အချိန်တခဏကြာခန့် တိတ်ဆိတ်နေပြီးနောက် ကျန်းရွှမ်က သူ၏ခေါင်းကို ခါယမ်းလိုက်သည်။
"အဲ့ဒီကိစ္စကို ထားလိုက်ပါတော့..."
သူသည် တဖက်လူ၏အစစ်အမှန် ရည်ရွယ်ချက်ကို အပြည့်အဝ နားမလည်ချေ။ ထို့ပြင် သိုသိုသိပ်သိပ်အနေအထားကို ထိန်းသိမ်းရာ၌ ထူးချွန်သူတစ်ယောက်ဖြစ်သော သူ့အနေဖြင့် ဘေးကင်းလုံခြုံမှုကို အလေးပေးသည်က အကောင်းဆုံးပင်။ မည်သို့ပင်ဆိုစေကာမူ သူသည် ပိုင်ယန်ကျောင်းတော်၏ လက်ထောက်ဆရာတစ်ယောက်သာ ဖြစ်ကာ အဆင့်အတန်းလည်း မရှိစွမ်းအားလည်း မရှိချေ။ ထို့ပြင် သူ့အား ကူညီထောက်ပံ့ပေးမည့် မိသားစုနောက်ခံလည်း မရှိပေ။
"ဒါက တကယ့်ကို စိတ်မကောင်းစရာပဲ"
ကျန်းရွှမ်၏ငြင်းပယ်မှုကို ကြားပြီးနောက် ချန်းရှောင်က မလှမ်းမကမ်းအကွာရှိ အကြီးအကဲချန်းယွင်ကို ခါးသည်းသောအပြုံးနှင့်ကြည့်ပြီး သက်ပြင်းရှိုက်လိုက်သည်။
"နောက်ဆုံးတစ်ကြိမ် အကြီးအကဲအစည်းအဝေးမှာ လစာရင်းမြစ်ဒင်္ဂါးတစ်သိန်းက အစစ်အမှန်အရည်အချင်းရှိတဲ့ ကျွမ်းကျင်သူတွေကို ဆွဲဆောင်ဖို့ မလုံလောက်ဘူးလို့ ငါ ပြောခဲ့သားပဲ"
သူ၏စကားမဆုံးသေးမီမှာပင် အစောပိုင်းက သူ့အား ငြင်းဆန်ခဲ့သော လူငယ်လေးသည် တောက်ပသော မျက်လုံးတစ်စုံဖြင့် သူ့ကို ကြည့်နေလေ၏။
"မင်း ဘာပြောလိုက်တာလဲ...ရင်းမြစ်ဒင်္ဂါးတစ်သိန်းလား...."
ချန်းရှောင်က ခေါင်းညိတ်ပြလိုက်သည်။
"ချန်းမိသားစုရဲ့ ဂုဏ်ထူးဆောင် ဧည့်အကြီးအကဲတစ်ယောက် ဖြစ်လာပြီဆိုရင် မင်းက လစာရင်းမြစ်ဒင်္ဂါးတစ်သိန်း ရရုံတင်မကဘူး...."
"ဘာမှ ထပ်ပြောဖို့ မလိုတော့ဘူး..."
ကျန်းရွှမ်က သူ၏လက်ကို ပြတ်ပြတ်သားသား ဝှေ့ယမ်းလိုက်သည်။
"ငါ လက်ခံတယ်"
'ရင်းမြစ်ဒင်္ဂါးတစ်သိန်းနဲ့ မင်းက ကုန်းမြေတစ်ခုရဲ့အရှင်သခင်ကို မင်းမိသားစုရဲ့ ဂုဏ်ထူးဆောင် ဧည့်အကြီးအကဲဖြစ်လာအောင် ဆွဲဆောင်နိုင်ခဲ့တယ်...ငါ ပြောရမယ်ဆိုရင် မိသားစုခေါင်းဆောင်ချန်း မင်းက တကယ့်ကို အမြင်ကောင်းရှိတယ်'
"အမ် .. "
ချန်းရှောင်သည် ကြက်သေသေသွားလေ၏။သူ ဆက်ပြောရန် ရည်ရွယ်ထားသော အရာများမှာ 'ဂုဏ်ထူးဆောင် ဧည့်အကြီးအကဲတစ်ယောက်ဖြစ်လာရင် မင်းက ချန်းမိသားစု အကြီးအကဲတစ်ယောက်ရတဲ့ အရင်းအမြစ်တွေအတိုင်း ခံစားခွင့်ရလိမ့်မယ်'
သို့ရာတွင် ယခုလက်ရှိအချိန်၌ သူ၏စကားပြောဆိုနေခြင်းကို ရိုးရိုးရှင်းရှင်း ရပ်တန့်လိုက်သည်။
"မိတ်ဆွေလေးက သဘောတူမှတော့...ပထမအကြီးအကဲ ကျေးဇူးပြုပြီးတော့ ဂုဏ်ထူးဆောင်အကြီးအကဲတံဆိပ်ပြားကို တစ်ယောက်ယောက်ကို ယူလာခိုင်းလိုက်ပါ"
"ဟုတ်ကဲ့...."
အကြီးအကဲချန်းယွင်သည် ကြီးကြပ်ရေးမှူးလျူကို အမိန့်ပေးကာ ကျန်းရွှမ်၏နာမည်ကို စာရင်းသွင်းပြီးနောက် သူ့ရှေ့ရှိ ယောက်ယတ်ခတ်နေသော မြင်းအုပ်စုကို ကြည့်လိုက်သည်။သူ၏မျက်နှာပေါ်တွင် အခက်တွေ့နေသော အမူအယာတစ်ရပ် ထင်ဟပ်နေပေ၏။
"မိသားစုခေါင်းဆောင် ဒီမြင်းတွေက အကြီးအကဲကျန်းရဲ့နောက်ကိုပဲ လိုက်ချင်နေကြတယ်....ငါတို့ ဘာလုပ်သင့်လဲ"
"ဒါက...."
ချန်းရှောင်သည်လည်း ခေါင်းခဲမှုကို ခံစားလိုက်ရသည်။ သို့ရာတွင် ချန်းမိသားစုခေါင်းဆောင်ဖြစ်သော သူသည် ဤပြဿနာကို ဖြေရှင်းနိုင်ခြင်း မရှိပါက လုပ်ငန်းလည်ပတ်ရာ၌ ဒုက္ခများမည်မှာ သေချာသဖြင့် သူ့ကိုယ်သူ အားတင်ပြီး ပြောဆိုလိုက်၏။
"ငါ တစ်ချက် ကြိုးစားကြည့်မယ်"
ထိုသို့ပြောဆိုပြီးနောက် သူသည် ခြေတစ်လှမ်းရှေ့တက်ပြီး ကျိုးချွမ်နှင့် တခြားမြင်ထိန်းများကို ကြည့်လိုက်သည်။
"မင်းတို့အားလုံးက အရည်အချင်းရှိတဲ့ မြင်းယဥ်ပါးစေသူတွေပဲ... မင်းတို့က ဒီလီတထောင်မြင်း နှစ်ဆယ့်ရှစ်ကောင်ကို ပြန်ခေါ်ပေးနိုင်မယ်လို့ ငါ မျှော်လင့်မိတယ်....မင်းတို့က သူတို့ကို တည်ငြိမ်အောင် လုပ်ပေးနိုင်သရွေ့ငါတို့ချန်းမိသားစုက မင်းတို့ကို ကျေးဇူးတင်နေမှာပါ"
ဤမြင်းကောင်းသုံးထောင်လုံး ပုန်ကန်နေသော အဓိကအကြောင်းအရင်းမှာ ထိုလီတစ်ထောင်မြင်း နှစ်ဆယ့်ရှစ်ကောင်သည် ကျန်းရွှမ်၏လက်အောက်၌ လုံးလုံးလျားလျား အညံ့ခံလိုက်သောကြောင့်ပင်။
ခေါင်းဆောင်များကို အရင်ဆုံး ဖမ်းဆီးပါက ကြွင်းကျန်သောမြင်းများကို ထိန်းချုပ်ရန် ခက်ခဲတော့မည် မဟုတ်ချေ။
"ကောင်းပြီလေ...."
ကျိုးချွမ်နှင့် တခြားမြင်းထိန်းများသည် ခေါင်းညိတ်လိုက်ပြီးနောက် သူတို့သည် တည်ကြည်လင်းနက်သော မျက်နှာအမူအယာဖြင့် ကြက်သွေးနီတို့ထံသို့ ချဉ်းကပ်သွားသည်။
"ငါတို့တွေက မြင်းတစ်ကောင်စီကို တာဝန်ယူကြရအောင်"
မြင်းထိန်းဆယ်ယောက်ကျော်သည် လီတစ်ထောင်မြင်းတစ်ကောင်စီ၏အနီးသို့ သတိကြီးစွာထား၍ ချဉ်းကပ်လိုက်ကြ၏။ သူတို့သည်မြင်းများ၏အနီးသို့ မရောက်သေးမီမှာပင် မြင်းများက ခွာများကို တပြိုင်နက်တည်း မြှောက်လိုက်ကြသည်။
နောက်ထပ်အချိန်အခိုက်အတန့်တွင် မြင်းထိန်းများအားလုံး လွင့်ထွက်သွားကာ မြေပြင်ပေါ်သို့ ပုံလျက်သား ပြုတ်ကျလာသည်။ သူတို့၏မျက်နှာများသည် ရှုံးနိမ့်ခဲ့သည့် ခါးသည်းမှုများကြောင့် ရှုံမဲ့နေကာ တချို့ဆိုလျှင် ငိုချင်စိတ်ပေါက်နေကြ၏။
မြင်းယဥ်ပါးစေသူများ ဖြစ်သဖြင့် အကယ်၍ သူတို့သည် မြင်းများကို ယဉ်ပါးအောင် မလုပ်နိုင်ခြင်းကြောင့် တိုက်ခိုက်ခံရသည်မှာ လက်သင့်ခံနိုင်သော ကိစ္စပင်။ သို့ရာတွင် ယခုအချိန်၌ သူတို့သည် မြင်းများ၏အနီးသို့ မချဉ်းကပ်နိုင်သေးမီမှာပင် အကန်ခံရပြီး လွင့်ထွက်သွားပေ၏။ ဤသည်မှာ သောက်ရန်ခက်သော ဆေးခါးကြီးတစ်ခွက် အလားပင်။
အဓိကသော့ချက်မှာ အမြဲတစေ ထိန်းချုပ်ရန်ခက်ခဲသော ဤမြင်းများသည် သူတို့အား ကန်ပြီးနောက် အကြီးအကဲကျန်း၏နံဘေးသို့ အမြန်ပြေးသွားကာ နာခံရိုကျိုးသော ခွေးလေးများအလား ပြုမှုနေခြင်းပင်။
"ငါ ဘာဆက်လုပ်ရမယ်ဆိုတာကို တကယ်မသိတော့ဘူး"
ချန်းရှောင်သည် ဤမြင်းများကို ထိန်းချုပ်ရန် ကြိုးစားရုံမျှဖြင့် ဤကဲ့သို့ တုံ့ပြန်မှုမျိုး ရရှိလာမည်ဟု မမျှော်လင့်ထားမှာ သိသာထင်ရှားသည်။ ထိုကြောင့် သူသည် ကူကယ်ရာမဲ့သောအကြည့်ဖြင့် ကျန်းရွှမ်ကို ကြည့်လိုက်၏။
"အကြီးအကဲကျန်း...ဒီမြင်းတွေက မင်းရဲ့စကားကိုပဲ နာခံတယ်....ဒါကြောင့် မင်းပဲ ဒီကိစ္စကို ဖြေရှင်းနိုင်လိမ့်မယ်... တကယ်တော့ မင်းက အခုအချိန်မှာ ငါတို့ချန်းမိသားစုရဲ့ ဂုဏ်ထူးဆောင်ဧည့်အကြီးအကဲ ဖြစ်နေပြီ...ဒီမြင်းတွေက မြင်းဇောင်းမှာ လိမ်လိမ်မာမာ နေမယ်ဆိုရင်တောင် သူတို့က မင်းရဲ့အိမ်မွေးသားရဲတွေလို မင်းနဲ့အတူ ရှိနေတုန်းလို့ သတ်မှတ်နိုင်တယ်လေ"
ခွပ်...ခွပ်...ခွပ်...
သူ၏စကား အဆုံးမသတ်သေးမီမှာပင် လူများအားလုံးသည် မြင်းခွာသံများကို ကြားလိုက်ရာ ချန်းရှောင်သည်လည်း အလျင်စလို မော့ကြည့်လိုက်သည်။ ထို့နောက် ကျန်းရွှမ်၏နောက်သို့လိုက်ရန် အခိုင်အမာဆုံးဖြတ်ထားသော မြင်းများအားလုံးသည် ယခုအချိန်၌ စိတ်အေးသွားပုံဖြင့် မြက်ခင်းပြင်ထံသို့ စိတ်လှုပ်ရှားစွာ ခုန်ပေါက်ပြေးသွားသည်ကို သူ မြင်တွေ့မိလေ၏။
"မြင်းတွေက ဘာလို့ ရုတ်တရက်ကြီး ပြန်သွားကြတာလဲ"
အကြီးအကဲချန်းယွင် အံ့အားသင့်သွားသည်။
အစောပိုင်းက သူတို့ မည်မျှထိ တောင်းပန်တိုးလျှိုးနေပါစေ ဤမြင်းများသည် နားထောင်ခြင်းမရှိဘဲ ကျိုးချွမ်တို့လူစုကိုပင် လွင့်ထွက်သည်အထိ ကန်ကျောက်ခဲ့သည်။ မည်သည်ကြောင့် ဤမြင်းများသည် ယခုအချိန်၌ ရုတ်တရက် ထွက်ခွာသွားသနည်း။
"ဒါက...."
ချန်းရှောင်သည် မည်သည့်ကိစ္စများ ဖြစ်ပျက်သွားသည်ကို နားလည်သွားသဖြင့် သူ၏မျက်လုံးများ ပြူးကျယ်သွားကာ တုန်ရီနေသောအသံဖြင့် ပြောဆိုသည်။
"ဖြစ်နိုင်တာတော့....အကြီးအကဲကျန်းက ငါတို့ရဲ့ဂုဏ်ထူးဆောင်ဧည့်အကြီးအကဲ ဖြစ်သွားတာကြောင့် မြင်းဇောင်းမှာ ဆက်နေတာက သူနဲ့အတူနေတာနဲ့ အတူတူပဲလို့ သတ်မှတ်နိုင်တယ်လို့ ငါ ပြောလိုက်မိလို့များလား..."
"ကြည့်ရတာတော့ အဲ့ဒီအကြောင်းပြချက်က တကယ်ဖြစ်နေပုံပဲ...."
လူများအားလုံး၏အကြည့်များသည် မလှမ်းမကမ်းအကွာရှိ လူငယ်လေးထံသို့ ကျရောက်သွားကာ လုံးလုံးလျားလျား ဆွံ့အနေကြသည်။
အထူးသဖြင့် ကျိုးချွမ်တို့မြင်းထိန်းတစ်စုသည် အထိန်းအကွပ်မဲ့စွာ မျက်ရည်များဝဲလာသည်။
'ငါတို့က မင်းတို့ကို မြင်းဇောင်းဆီပဲ ခေါ်သွားချင်တာလေ...ဒါတောင် မင်းတို့က ငါတို့ကို ပြင်းပြင်းထန်ထန် ကန်လွှတ်လိုက်တယ်...အခုကျတော့ မြင်းဇောင်းမှာ ဆက်နေတာက ကျန်းရွှမ်နဲ့ နေတာနဲ့ အတူတူပဲလို့ ကြားရုံနဲ့ မင်းတို့က နှစ်ခါပြန်မတွေးဘဲ ပြန်သွားကြတာလား'
'ငါတို့အားလုံးက မြင်းယဥ်ပါးစေသူတွေပဲလေ ....ဘယ်လိုလုပ်ပြီးတော့ ဒီလောက်ထိကြီးမားတဲ့ ကွာဟချက်ကြီး ရှိနေတာလဲ'